သင်္ခပါလဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၂၄။ သင်္ခပါလဇာတ် (၄)


စတ္တာလီသနိပါတ်

၄။ သင်္ခပါလဇာတ်

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အရိယာဝကာသောသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ သင်္ခပါလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဥပုသ်ဆောက်တည်သော အမှုကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားကို ချဲ့ဦးအံ့။ ထိုအခါ သဗ္ဗညူ မြတ်စွာဘုရားသည် ဥပုသ်ဆောက်တည်ကုန်သော ဒါယကာတို့ကို ရွှင်စေ၍ ရှေးပညာရှိတို့သည် ကြီးစွာသော နဂါးမင်းစည်းစိမ်ကို စွန့်၍ ဥပုသ်သုံးခြင်းကို သုံးဖူးကုန်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ ထိုဒါယကာတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတတ်ကို ဆောင်တော်၏။

အတိတ်ဝတ္ထု... ဒါယကာတို့ လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်၌ မဂဓမင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် ထိုမဂဓမင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်းအား ဒုယျောဓနဟူသော အမည်ကို မှည့်ကုန်၏။ အရွယ် ရောက်လတ်သော် ထိုဘုရားလောင်းသည် တက္ကသိုလ်ပြည်၌ အလုံးစုံသောအတတ်တို့ကို သင်ပြီးလျှင် လာလတ်၍ ခမည်းတော်ကို ဖူးမြင်၏။ ထိုအခါ ဘုရားလောင်းကို ခမည်းတော် မဂဓမင်းသည် မင်းအဖြစ်၌ အဘိသိက်သွန်းပြီးလျှင် ရသေ့ရဟန်းပြု၍ ဥယျာဉ်တော်၌ နေ၏။

မဂဓမင်း ရသေ့ကြီး

ဘုရားလောင်းသည် တစ်နေ့တစ်နေ့၌ သုံးကြိမ် ခမည်းတော်အထံသို့ သွား၏။ များစွာသော လာဘ်ပူဇော်သက္ကာရသည် ထင်ရှားဖြစ်၏။ ရသေ့သည် ထိုပလိဗောဓကြောင့် ကသိုဏ်းပရိကံကိုလည်း ပြုခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ကြံ၏။ ငါအား လာဘ်ပူဇော်သက္ကာရသည် များ၏။ ဤဥယျာဉ်၌ နေသောငါသည် ဤအနှောင်အဖွဲ့ကို ဖြတ်ခြင်းငှာ မတတ်နိုင်၊ သားအား မကြားမူ၍လျှင် တစ်ပါးသောအရပ်သို့ သွားအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုရသေ့သည် တစ်စုံတစ်ယောက်သောသူကို မသိစေမူ၍ ဥယျာဉ်တော်မှ ထွက်ခဲ့ပြီးလျှင် မဂဓတိုင်းကိုလွန်၍ မဟိံသကတိုင်းဝယ် သင်္ခပါလ အမည်ရှိသော ရေအိုင်မှထွက်သော ကဏ္ဏဝေဏ္ဏ အမည်ရှိသောမြစ်၏ အကွေ့၌ စန္ဒကတောင်ကို အမှီပြု၍ သစ်ရွက်မိုးသော ကျောင်းကိုပြု၍ ထိုကျောင်း၌ နေလျက် ကသိုဏ်းပရိကံကိုပြု၍ ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ ဆွမ်းခံဝတ်ဖြင့် မျှ၏။

နဂါးမင်း တရားနာလာခြင်း

ထိုအရှင်ရသေ့ကို သင်္ခပါလအမည်ရှိသော နဂါးမင်းသည် များစွာသောအခြံအရံဖြင့် ကဏ္ဏဝေဏ္ဏမြစ်မှထွက်၍ ကြိုကြား ကြိုကြား ဆည်းကပ်ခစား၏။ ရှင်ရသေ့သည် ထိုသင်္ခပါလနဂါးမင်းအား တရားဟော၏။ ထိုအခါ ရှင်ရသေ့၏ သားတော်မင်းသည် ခမည်းတော် ရှင်ရသေ့ကို ဖူးမြင်လို၍ ကြွသွားရာအရပ်ကို မသိရကား စုံစမ်းရှာဖွေ၍ ဤအမည်ရှိသောအရပ်၌ နေ၏ဟု သိ၍ ထိုခမည်းတော် ရှင်ရသေ့အား ဖူးမြင်အံ့သောငှာ များစွာသာအခြံအရံဖြင့် ထိုအရပ်သို့ သွားလေ၍ တင့်အပ်သောအရပ်၌ သစ်တပ်ကိုပြုပြီးလျှင် သစ်တပ်၌ ပရိသတ်ကိုနေစေ၍ နှစ်ယောက်သုံးယောက်သော အမတ်နှင့်တကွ ခမည်းတော် ရသေ့ကျောင်းသို့ ရှေးရှုသွားလေ၏။ ထိုခဏ၌ သင်္ခပါလနဂါးမင်းသည် များစွာသော အခြံအရံနှင့်တကွ တရားနာလျက်နေ၏။ ထိုသင်္ခပါလ နဂါးမင်းသည် မဂဓမင်းလာသည်ကိုမြင်လျှင် ရှင်ရသေ့ကိုရှိခိုး၍ နေရာမှထ၍ သွားလေ၏။

မဂဓမင်းသားဘုရင် နဂါးဖြစ်ခြင်း

မဂဓမင်းသည်လည်း ခမည်းတော် ရှင်ရသေ့ကို ရှိခိုး၍ ပျူငှာသော လောကဝတ်ကိုပြုလျက် နေ၍ အရှင်ဘုရားတို့၏ အထံတော်သို့လာသော ဤမင်းသည် အဘယ်မည်သော မင်းပါနည်းဟု မေး၏။ ချစ်သား ဤမင်းသည် သင်္ခပါလနဂါးမင်းတည်းဟု ပြောဆိုလတ်သော် ထိုမဂဓမင်းသည် ထိုသင်္ခပါလ နဂါးမင်းစည်းစိမ်ကိုမှီ၍ နဂါးပြည်၌ တပ်စွမ်းခြင်းကိုပြု၍ နှစ်ရက်သုံးရက် နေပြီးလျှင် ခမည်းတော်ရှင်ရသေ့အား ဆွမ်းအာဟာရကို မပြတ်လှူစေ၍ မိမိမြို့သို့သွားပြီးလျှင် တံခါးလေးမျက်နှာတို့၌ အလှူတင်းကုပ်တို့ကို ဆောက်စေ၍ ဇမ္ဗူဒိပ်ကျွန်းအလုံးကို ချောက်ချားစေလျက် အလှူပေးခြင်း သီလဆောက်တည်ခြင်း, ဥပုသ်သုံးခြင်း အမှုတို့ကိုပြုသဖြင့် နဂါးပြည်ကို ဆုယူ၍ အသက်၏ အဆုံးဝယ် နဂါးပြည်၌ဖြစ်၍ သင်္ခပါလနဂါးမင်းဖြစ်၏။ ထိုသင်္ခပါလနဂါးမင်းသည် ကာလလွန်သည်ရှိသော် ထိုနဂါးမင်း၏စည်းစိမ်ချမ်းသာဖြင့် နှလုံးမသာမရွှင်ဖြစ်၍ ထိုအခါမှစ၍ လူအဖြစ်ကို ဆုတောင်းဆုယူပြုလျက် ဥပုသ်သုံးခြင်းကို သုံး၏။ ထိုအခါ နဂါးပြည်၌နေသော သင်္ခပါလနဂါးမင်းအား ဥပုသ်သုံးခြင်းသည် မပြည့်စုံ၊ သီလ၏ပျက်စီးခြင်းသို့ ရောက်၏။ ထိုသင်္ခပါလနဂါးမင်းသည် ထိုနေ့မှစ၍ နဂါးပြည်မှထွက်ခဲ့ပြီးလျှင် ကဏ္ဏဝေဏ္ဏအမည်ရှိသော မြစ်၏အနီး၌ ခရီးလမ်းမ၏ လည်းကောင်း, တစ်ဖဝါးလှမ်းလောက်ရုံသော လမ်းခရီး၏ လည်းကောင်း, အကြား၌ တစ်ခုသောတောင်ပို့ကို ရစ်ပတ်၍ ဥပုသ်ကို အဓိဋ္ဌာန်လျက် ဆောက်တည်အပ်သော သီလရှိသည်ဖြစ်၍ ငါ၏ အရေအသား အစရှိသည်တို့ဖြင့် အလိုရှိကုန်သောသူတို့သည် အရေအသား အစရှိသည်တို့ကို ဆောင်စေကုန်သတည်း ဟု ကိုယ်ကို အလှူဝ၌စွန့်၍ တောင်ပို့ထိပ်၌ လျောင်းလျက် ရဟန်းတရားကို ပြုသည်ဖြစ်၍ တစ်ဆယ့်လေးရက်တို့ ပြည့်ကြောင်းဖြစ်သောနေ့၌ လည်းကောင်း၊ တစ်ဆယ့်ငါးရက်တို့ ပြည့်ကြောင်းဖြစ်သောနေ့၌ လည်းကောင်း နေ၍ အထွက်တစ်ရက်နေ့၌ နဂါးပြည်သို့သွား၏။

ထိုသင်္ခပါလနဂါးမင်းသည် တစ်နေ့သ၌ ဤသို့ သီလကို ဆောက်တည်၍ နေသည်ရှိသော် ပစ္စန္တရစ်ဝ၌ နေကုန်သော တစ်ကျိပ်ခြောက်ယောက်ကုန်သော မုဆိုးတို့သည် အသားကို ဆောင်ကုန်အံ့ ဟု လက်နက်စွဲကုန်လျက် တော၌ လှည့်လည်ကုန်သည်ရှိသော် တစ်စုံတစ်ခုကို မရ၍ ထွက်ခဲ့ကုန်လတ်သော် တောင်ပိုထိပ်၌ ကျောင်းလျက်နေသော ထိုသင်္ခပါလ နဂါးမင်းကိုမြင်၍ ငါတို့သည် ယခု ဖွတ်ငယ် တစ်ခုကိုမျှလည်း မရကုန်၊ ဤနဂါးကိုသတ်၍ စားကုန်အံ့ ဟု ကြံ၍ ဤနဂါးမင်းသည် ကြီးသလျှင်ကတည်း၊ ဖမ်းယူသည်ရှိသော် ပြေးလေရာ၏။ ထို့ကြောင့် လျောင်းမြဲတိုင်းသာလျှင် ထိုနဂါးမင်းကို အခွေတို့၌ တံကျင်တို့ဖြင့် ထိုး၍ အားနည်းသည်ကိုပြု၍ ဖမ်းယူကုန်အံ့ ဟု တံကျင်တို့ကို ယူ၍ ချဉ်းကပ်ကုန်၏။ ဘုရားလောင်း၏ ကိုယ်သည်လည်းကြီး၏။ တစ်ခုတည်းသော စကျင်းရှိသော လှေပိန်းကော အတိုင်းအရှည်ရှိ၏။ ခွေ၍ထားအပ်သော မြတ်လေးပန်းဆိုင်းနှင့် တူ၏။ ချင်ရွေးသီးအဆင်းနှင့် တူကုန်သော မျက်စိတို့နှင့်လည်းကောင်း၊ လယ်ခေါင်ရမ်းပန်း အဆင်းနှင့်တူသော ဦးခေါင်းနှင့် လည်းကောင်း ပြည့်စုံသည်ဖြစ်၍ အလွန်လျှင် တင့်တယ်၏။ ထိုဘုရားလောင်းသည် တစ်ကျိပ် ခြောက်ယောက်ကုန်သော ထိုမုဆိုးတို့၏ ခြေသံကြောင့် အခွေကြားမှ ဦးခေါင်းကိုထုတ်၍ နီသော မျက်လုံးတို့ကိုဖွင့်၍ တံကျင်လက်စွဲကုန်လျက် လာကုန်သော မုဆိုးတို့ကိုမြင်၍ ယနေ့ ငါ၏ နှလုံးအလိုသည် အပြီးသို့ ရောက်လတ္တံ့၊ ငါသည် ကိုယ်ကို အလှူဝ၌ ဆောင်နှင်း၍ သီလကို အဓိဋ္ဌာန်လျက် လျောင်းအံ့၊ ငါ၏ကိုယ်ကို လှံတို့ဖြင့်ထိုး၍ အပေါက်ကြီး အပေါက်ငယ်ကို ပြုကုန်သည်ရှိသော် ဤသူတို့ကို အမျက်၏အစွမ်းအားဖြင့် မျက်စိတို့ကိုဖွင့်၍ မကြည့်အံ့ ဟု ကြံ၏။ ကြံပြီးလျှင် မိမိ သီလပျက်အံ့သည်မှ ကြောက်သောကြောင့် မြဲမြံစွာအဓိဋ္ဌာန်လျက် ဦးခေါင်းကို အခွေကြား၌ သွင်း၍လျှင် လျောင်း၏။

မုဆိုးတို့ အနှိပ်စက်ခံရပုံ

ထိုအခါ သင်္ခပါလ နဂါးမင်းအထံသို့ မုဆိုးတို့သည် ကပ်ကုန်ပြီးလျှင် မြီးထူး၌ကိုင်ကုန်လျက် ငင်၍ မြေ၌ ရိုက်ပုတ်ပြီးလျှင် ထက်စွာကုန်သော တံကျင်တို့ဖြင့် ရှစ်ဌာနတို့၌ ထိုး၍ အဆူးရှိကုန်သော နက်သောအဆင်းရှိကုန်သော ကြိမ်လုံးတို့ကို တံကျင်ထိုးရာ အပေါက်တို့ဖြင့်သွင်း၍ ရှစ်ဌာနတို့၌ ထမ်းပိုးဖြင့်ထမ်းယူ၍ ခရီးမသို့ သွားကြကုန်၏။ ဘုရားလောင်းသည် လှံထိုးရာအရပ်မှစ၍ တစ်ခုသော အရပ်၌လည်း အမျက်၏အစွမ်းအားဖြင့် မျက်စိတို့ကို ဖွင့်၍ ထိုမုဆိုးတို့ကို မကြည့်။ ထမ်းပိုးရှစ်စင်းတို့ဖြင့် ထမ်း၍ ဆောင်ယူအပ်သော ထိုသင်္ခပါလ နဂါးမင်း၏ ဦးခေါင်းသည် တွဲလျားကျ၍ မြေ၌ခတ်မိ၏။ ထိုအခါ နဂါးမင်း၏ ဦးခေါင်းသည် တွဲလျားကျ၏ ဟု ထိုသင်္ခပါလ နဂါးမင်းကို ခရီးမ၌အိပ်စေ၍ သေးသွယ်သော တံကျင်ဖြင့် နှာခေါင်းဖု၌ ဖောက်ပြီးလျှင် ကြိုးငယ်ကိုသွင်း၍ ဦးခေါင်းကိုမြှောက်လျက် ထမ်းပိုး၌ဆွဲ၍ တစ်ဖန်ထမ်း၍ ခရီးမသို့ သွားကြကုန်၏။

အာဠာရကုန်သည် ကယ်မခြင်း

ထိုခဏ၌ ဝိဒေဟတိုင်းဝယ် မိထိလာမြို့၌နေသော အာဠာရမည်သော သူကြွယ်သည် လှည်းငါးရာတို့ကိုယူ၍ ညင်သာသောလှည်း၌ စီး၍လာသည်ရှိသော် ထိုမုဆိုးသားတို့သည် ဘုရားလောင်းကို ထိုအခြင်းအရာဖြင့် ဖမ်းယူ၍ လာကုန်သည်တို့ကို မြင်လျှင် တစ်ကျိပ် ခြောက်ယောက်ကုန်သော ထိုမုဆိုးတို့အား တစ်ဆယ့်ခြောက်ခုကုန်သော လှည်းတိုက် နွားတို့နှင့်တကွ တလက်ဆွမ်းစီ တလက်ဆွမ်းစီ ရွှေပဲတို့ကို လည်းကောင်း, ခပ်သိမ်းကုန်သော မုဆိုးတို့အား အဝတ်အာရုံတို့ကို လည်းကောင်း, ထိုမုဆိုးတို့၏ မယားတို့အားလည်း အဝတ်တန်ဆာတို့ကို လည်းကောင်း ပေး၍ လွှတ်စေ၏။

အာဠာရ ရသေ့ပြုပြီ

ထိုသင်္ခပါလ နဂါးမင်းသည် နဂါးပြည်သို့သွား၍ ထိုနဂါးပြည်၌ ကြာမြင့်ခြင်းကို မပြုမူ၍ များစွာသော အခြံအရံနှင့်တကွ ထွက်ခဲ့ပြီးလျှင် အာဠာရ ကုန်သည်အထံသို့ ချဉ်းကပ်၍ နဂါးပြည်၏ ဂုဏ်ကျေးဇူးကို ပြောဆိုပြီးလျှင် ထိုအာဠာရ ကုန်သည်ကိုယူ၍ နဂါးပြည်သို့သွား၍ သုံးရာကုန်သော နဂါးကညာတို့နှင့်တကွ များစွာသော စည်းစိမ်ကို ထိုအာဠာရ ကုန်သည်အား ပေး၍ နတ်ပြည်၌ ဖြစ်ကုန်သော ကာမဂုဏ်တို့ဖြင့် ရောင့်ရဲစေ၏။ အာဠာရ ကုန်သည်သည် နဂါးပြည်၌ တစ်နှစ်ပတ်လုံးနေ၍ နတ်၌ ဖြစ်ကုန်သော ကာမဂုဏ်တို့ကို ခံစား၍ အဆွေ နဂါးမင်း ငါသည် ရဟန်းပြုခြင်းငှာ အလိုရှိ၏ ဟု နဂါးမင်းအား ပြောဆိုပြီးလျှင် ရသေ့ရဟန်းတို့၏ ရိက္ခရာတို့ကိုယူ၍ နဂါးပြည်မှ ဟိမဝန္တာအရပ်သို့ သွား၍ ရဟန်းပြုသဖြင့် ထိုဟိမဝန္တာ၌ ကြာမြင့်စွာနေပြီးလျှင် နောက်အဖို့၌ ဒေသစာရီ သွားသည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ဥယျာဉ်၌ နေသဖြင့် မိုးသောက်သောနေ့၌ ဆွမ်းအလို့ငှာ မြို့သို့ဝင်၍ မင်းအိမ်တံခါးသို့ သွားလေ၏။

အာဠာရ ရသေ့နှင့် ဗာရာဏသီမင်း

ထိုအခါ ထိုအာဠာရရသေ့ကို ဗာရာဏသီမင်းသည် မြင်လျှင် ဣရိယာပုထ်၌ ကြည်ညိုသဖြင့် ခေါ်စေ၍ ခင်းအပ်သော နေရာ၌ နေစေပြီးလျှင် အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်ကိုကျွေး၍ တစ်ခုသော နိမ့်သောနေရာ၌ နေလျက် ရှိခိုး၍ အာဠာရ ရသေ့နှင့်တကွ စကားဆွေးနွေး မေးမြန်းလိုရကား-

၁၄၃။ အရိယာဝကာသောသိ ပသန္နနေတ္တော၊
မညေ ဘဝံ ပဗ္ဗဇိတော ကုလမှာ။
ကထံ နု ဝိတ္တာနိ ပဟာယ ဘောဂေ၊
ပဗ္ဗဇိ နိက္ခမ္မ ဃရာ သပည။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၄၃။ ဘန္တေ၊ အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ အရိယာဝကာသော၊ အပြစ်ကင်းသော ကောင်းသော ကိုယ်ရောင်ကိုယ်ဝါရှိသည်။ ဝါ၊ လှပတင့်တယ်သည်။ အသိ၊ ဖြစ်၏။ ပသန္နနေတ္တော၊ ကြည်လင်သော မျက်စိရှိသည်။ အသိ၊ ဖြစ်၏။ ဘဝံ၊ အရှင်သည်။ ကုလမှာ၊ မြတ်သော အမျိုးမှ။ ပဗ္ဗဇိတော မညေ၊ ရဟန်းပြုသည် ထင်၏။ ကထံနု-ကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။ ဝိတ္တာနိ၊ ဥစ္စာတို့ကိုလည်းကောင်း။ ဘောဂေ စ၊ အသုံးအဆောင်တို့ကိုလည်းကောင်း။ ပဟာယ၊ စွန့်၍။ သပညာ၊ ပညာနှင့် ပြည့်စုံသော။ တွံ၊ အရှင်ဘုရားသည်။ ဃရာ၊ အိမ်မှ။ နိက္ခမ္မ၊ တောထွက်၍။ ပဗ္ဗဇိ၊ ရဟန်းပြုသနည်း။

အာဠာရ ရသေ့သည် ထိုဗာရာဏသီမင်း၏ အမေးကို ဖြေလိုရကား-

၁၄၄။ သယံ ဝိမာနံ နရဒေဝ ဒိသွာ၊
မဟာနုဘာဝဿ မဟောရဂဿ။
ဒိသွာန ပုညာနံ မဟာဝိပါကံ၊
သဒ္ဓါယဟံ ပဗ္ဗဇိတောမှိ ရာဇ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၄။ နရဒေဝ၊ လူတို့အထွတ် လောကနတ်ဖြစ်တော်မူသော။ ရာဇ၊ မင်းမြတ်။ အဟံ၊ ငါသည်။ မဟာနုဘာဝဿ၊ ကြီးသောအာနုဘော်ရှိသော။ မဟောရဂဿ၊ သင်္ခပါလ နဂါးမင်း၏။ ဝိမာနံ၊ အရာမကသော ကချေသည် စည်းစိမ်ချမ်းသာတို့ဖြင့် ပြည့်စုံသာ ရွှေဗိမာန်ကို။ သယံ၊ ကိုယ်တိုင်။ ဒိသွာန စ၊ မြင်၍လည်းကောင်း။ ပုညာနံ၊ ကောင်းမှုတို့၏။ မဟာဝိပါကံ၊ ကြီးမြတ်သောအကျိုးကို။ ဒိသွာ စ၊ မြင်၍လည်းကောင်း။ သဒ္ဓါယ၊ ကံ ကံ၏အကျိုး တမလွန်ဘဝကို ယုံကြည်သောကြောင့်။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ အမှိ၊ ဖြစ်၏။

ထိုစကားကိုကြား၍ ဗာရာဏသီမင်းသည် ရှင်ရသေ့အား ရဟန်း၏အကျိုးကို မေးလိုရကား-

၁၄၅။ န ကာမကာမာ န ဘယာ န ဒေါသာ၊
ဝါစံ မုသာ ပဗ္ဗဇိတာ ဘဏန္တိ။
အက္ခာဟိ မေ ပုစ္ဆိတော ဧတမတ္ထံ၊
သုတွာန မေ ဇာယိဟိတိပ္ပသာဒေါ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၅။ ဘန္တေ၊ အရှင်ဘုရား။ ပဗ္ဗဇိတာ၊ ရဟန်းတို့သည်။ ကာမကာမာ၊ ဝတ္ထုကာမတို့၌ တပ်စွန်းသောအားဖြင့်။ မုသာဝါစံ၊ ချွတ်ယွင်းသာ စကားကို။ န ဘဏန္တိ၊ မဆိုကုန်။ ဘယာ-ဘယေန၊ ကြောက်သောအားဖြင့်။ မုသာဝါစံ၊ ချွတ်ယွင်းသော စကားကို။ န ဘဏန္တိ၊ မဆိုကုန်။ ဒေါသာ- ဒေါသေန၊ အမျက်အားဖြင့်။ မုသာဝါစံ၊ ချွတ်ယွင်းသော စကားကို။ န ဘဏန္တိ၊ မဆိုကုန်။ ပုစ္ဆိတော၊ မေးအပ်သော။ တွံ၊ အရှင်ဘုရားသည်။ မေ၊ အကျွန်ုပ်အား။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ဖြေတော်မူလော့။ သုတွာန၊ ကြားနာရ၍။ မေ၊ အကျွန်ုပ်အား။ ပသာဒေါ၊ ကြည်ညိုခြင်းသည်။ ဇာယိဟိတိ၊ ဖြစ်လတ္တံ့။

ဤသို့ မေးလျှောက်သည်ရှိသော် အာဠာရ ရသေ့သည် ထိုမင်းအား အလုံးစုံသောအကြောင်းကို ကြားလိုရကား-

၁၄၆။ ဝါဏိဇ္ဇ ရဋ္ဌာဓိပ ဂစ္ဆမာနော၊
ပထေ အဒ္ဒသာသိမှိ ဘောဇပုတ္တေ။
ပဝဍ္ဎကာယံ ဥရဂံ မဟန္တံ၊
အာဒါယ ဂစ္ဆန္တေ ပမာဒမာနေ။
၁၄၇။ သောဟံ သမာဂမ္မ ဇနိန္ဒ တေဟိ၊
ပဟဋ္ဌလောမော အဝစမှိ ဘီတော။
ကုဟိံ အယံ နီယတိ ဘီမကာယော
နာဂေန ကိံ ကာဟထ ဘောဇပုတ္တာ။
၁၄၈။ နာဂေါ အယံ နီယတိ ဘောဇနတ္ထာ၊
ပဝဍ္ဎကာယော ဥရဂေါ မဟန္တော။
သာဒုံစ ထူလဉ္စ မုဒုဉ္စ မံသံ၊
န တွံ ရသညာသိ ဝိဒေဟပုတ္တ။
၁၄၉။ ဣတော မယံ ဂန္တွာ သကံ နိကေတံ၊
အာဒါယ သတ္ထာနိ ဝိကောပယိတွာ။
မံသာနိ ဘောက္ခာမ ပမောဒမာနာ၊
မယံ ဟိ ဝေ သတ္တဝေါ ပန္နဂါနံ။
၁၅၀။ သစေ အယံ နီယတိ ဘောဇနတ္ထော၊
ပဝဍ္ဎကာယော ဥရဂေါ မဟန္တော။
ဒဒါမိ ဝေါ ဗလိဗဒ္ဓါနိ သောဠသ၊
နာဂံ ဣမံ မုဉ္စထ ဗန္ဓနသ္မာ။
၁၅၁။ အဒ္ဓါ ဟိ နော ဘက္ခော အယံ မနာပေါ။
ဗဟူ စ နော ဥရဂါ ဘုတ္တပုဗ္ဗာ။
ကရောမ တေ တံ ဝစနံ အာဠာရ၊
မိတ္တဉ္စ နော ဟောဟိ ဝိဒေဟပုတ္တ။
၁၅၂။ တဒါဿု တေ ဗန္ဓနာ မောစယိံသု၊
ယံ နတ္ထုဘော ပဋိမောက္ကဿ ပါသေ။
မုတ္တော စ သော ဗန္ဓနာ နာဂရာဇာ၊
ပက္ကာမိ ပါစီနမှခေါ မုဟုတ္တံ။
၁၅၃။ ဟန္တွာန ပါစီနမုခေါ မုဟုတ္တံ၊
ပုဏ္ဏေဟိ နေတ္တေဟိ ပလောကယီ မံ။
တဒါဿဟံ ပိဋ္ဌိတော အနွဂစ္ဆိံ၊
ဒသင်္ဂုလိံ အဉ္ဇလိံ ပဂ္ဂဟေတွာ။
၁၅၄။ ဂစ္ဆေဝ ခေါ တွံ တရမာရူပေါ။
မာ တံ အမိတ္တာ ပုနရဂ္ဂဟေသုံ။
ဒုက္ခော ဟိ လုဒ္ဒေဟိ ပုန သမာဂမော။
အဒဿနံ ဘောဇပုတ္တာန ဂစ္ဆ။
၁၅၅။ အဂမာသိ သော ရဟဒံ ဝိပ္ပသန္နံ၊
နီလောဘာသံ ရမဏီယံ သုတိတ္တံ။
သမောတတံ ဇမ္ဗုဟိ ဝေတသာဟိ၊
ပါဝေက္ခိ နိတ္တိဏ္ဏဘယော ပတီတော။
၁၅၆။ သော တံ ပဝိဿ န စိရဿ နာဂေါ၊
ဒိဗ္ဗေန မေ ပါတုရဟု ဇနိန္ဒ။
ဥပဋ္ဌဟိ မံ ပိတရံဝ ပုတ္တော၊
ဟဒယင်္ဂမံ ကဏ္ဏသုခံ ဘဏန္တော။
၁၅၇။ တွံ မေသိ မာတာစ ပိတာ အဠာရ၊
အဗ္ဘန္တရော ပါဏဒဒေါ သဟာယော။
သကဉ္စ ဣဒ္ဓိံ ပဋိလာဘကောသ္မိ၊
အဠာရ ပဿ မေ နိဝေသနာနိ။
ပဟူတဘက်ခံ ဗဟုအန္နပါနံ၊
မသက္ကသာရံ ဝိယ ဝါသဝဿ။

ဟူသော ဤတစ်ဆယ့်နှစ်ဂါထာတို့ကို ဆို၏။

၁၄၆။ ရဋ္ဌာဓိပ၊ တိုင်းသူ့သခင် ပြည့်ရှင်မင်းမြတ် လောကနတ်။ အဟံ၊ ငါသည်။ ဝါဏိဇ္ဇံ၊ ကုန်သွယ်ခြင်းအမှုကို။ ကရိဿာမီတိ၊ ပြုအံ့ဟူ၍။ ဂစ္ဆမာနော၊ သွားသည်ရှိသော်။ ပထေ၊ ခရီးမ၌။ ပဝဍ္ဎကာယံ၊ ကြီးပွားသော ကိုယ်ရှိသော။ မဟန္တံ၊ မြတ်သော။ ဥရဂံ၊ သင်္ခပါလ နဂါးမင်းကို။ အာဒါယ၊ ဖမ်းယူ၍။ ပမောဒမာနော၊ ဝမ်းမြောက်ဝမ်းသာ။ အာဂစ္ဆန္တေ၊ လာကြကုန်သော။ ဘောဇပုတ္တေ၊ မုဆိုးတို့ကို။ အဒ္ဒသံ၊ မြင်သည်။ အသိမှိ၊ ဖြစ်၏။

၁၄၇။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ သော အဟံ၊ ထိုငါသည်။ သမာဂမ္မ၊ မုဆိုးတို့သို့ ချဉ်းကပ်၍။ တေဟိ၊ ထိုနဂါးမင်းကို ဖမ်း၍လာကုန်သော မုဆိုးတို့ကြောင့်။ ပဟဋ္ဌလောမော၊ ကြက်သီးမွေးညင်းထလျက်။ ဘီတော၊ ကြောက်သည်ဖြစ်၍။ အဝစမှိ၊ မေး၏။ ဘောဇပုတ္တာ၊ မုဆိုးသားတို့။ ဘီမကာယော၊ ကြောက်မက်ဖွယ်သော ကိုယ်ရှိသော။ အယံ နာဂေါ၊ ဤနဂါးကို။ ကုဟိံ၊ အဘယ်အရပ်သို့။ နီယတိ၊ ဆောင်အပ်သနည်း။ နာဂေန၊ နဂါးဖြင့်။ ကိံ ကာဟထ၊ အဘယ်ပြုကြကုန်မည်နည်း။ ဣတိ၊ ဤသို့။ အဝစမှိ၊ မေး၏။

၁၄၈။ ဝိဒေဟပုတ္တ၊ ဝိဒေဟတိုင်းသား။ ပဝဍ္ဎကာယော၊ ကြီးပွားသောကိုယ်ရှိသော။ မဟန္တော၊ မြတ်သော။ ဥရဂေါ၊ ရင်ဖြင့်သွားတတ်သော။ အယံနာဂေါ၊ ဤနဂါးကို။ ဘောဇနတ္ထာ-ဘောဇနတ္ထာယ၊ စားအံ့သောငှာ။ နီယတိ၊ ဆောင်အပ်၏။ အဿ၊ ထိုနဂါး၏။ မံသံ၊ အသားသည်။ သာဒုဉ္စ၊ ချိုမြိန်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ထူလဉ္စ၊ ဆူသည်လည်း။ ဟောတိ၊ ဖြစ်၏။ မုဒုဉ္စ၊ နူးညံ့သည်လည်း။ ဟောတိ၊ ဖြစ်၏။ တွံ၊ သင်သည်။ ရသံ၊ နဂါးသားအရသာကို။ န အညာသိ၊ မသိလေယောင်တကား။

၁၄၉။ မယံ၊ ငါတို့သည်။ ဣတော၊ ဤအရပ်မှ။ အာဒါယ၊ ထမ်းပိုးရွက်ဆောင်၍။ သကံ နိကေတံ၊ မိမိအိမ်သို့။ ဂန္တွာ၊ သွား၍။ သတ္ထာနံ-သတ္ထေဟိ၊ ဓားတို့ဖြင့်။ ဝိကောပယိတွာ၊ လှီးဖြတ်၍။ မံသာနိ၊ အသားတို့ကို။ ပမောဒမာနာ၊ ဝမ်းမြောက်ဝမ်းသာဖြစ်၍။ ဘောက္ခာမ၊ စားကြကုန်အံ့။ ဟိ-သစ္စံ၊ မှန်၏။ မယံ၊ ငါတို့သည်။ ဝေ၊ စင်စစ်။ ပန္နဂါနံ၊ နဂါးတို့၏။ သတ္တဝေါ၊ ရန်သူတို့သည်။ ဣတိ၊ ဤသို့။ အာဟံသု၊ ဆိုကြကုန်၏။

၁၅၀။ ဘောဇပုတ္တာ၊ မုဆိုးသားတို့။ ပဝဍ္ဎကာယော၊ ကြီးပွားသော ကိုယ်ရှိသော။ မဟန္တော၊ မြတ်သော။ အယံ ဥရဂေါ၊ ဤနဂါးကို။ ဘောဇနတ္ထာ- ဘောဇနတ္ထာယ၊ စားအံ့သောငှာ။ သစေ နီယတိ၊ အကယ်၍ ဆောင်အပ်သည်ဖြစ်အံ့။ ဝေါ၊ သင်တို့အား။ သောဠသဗလိဗဒ္ဒါနီ၊ လှည်းတိုက်နွားလား တစ်ဆယ့်ခြောက်ကောင်တို့ကို။ ဒဒါမိ၊ ပေးအံ့။ ဣမံ နာဂံ၊ ဤနဂါးကို။ ဗန္ဓနသ္မာ၊ အနှောင်အဖွဲ့မှ။ မုဉ္စထ၊ လွှတ်ကြကုန်လော့။ ဣတိ၊ ဤသို့။ အဝစ၊ ဆို၏။

၁၅၁။ ဝိဒေဟပုတ္တ၊ ဝိဒေဟတိုင်းသားဖြစ်သော။ အဠာရ၊ အဠာရ။ မနာပေါ၊ နှစ်လိုဖွယ်ရှိသော။ အယံ နာဂေါ၊ ဤနဂါးသည်။ နော အမှာကံ၊ ငါတို့၏။ အဒ္ဓါ ဟိ-အဒ္ဓါ ဧဝ၊ စင်စစ်လျှင်။ ဘက္ခော၊ အစာတည်း။ ဥရဂေါ၊ နဂါးကို။ နော၊ ငါတို့သည်။ ဗဟူ စ၊ များစွာလည်း။ ဘုတ္တပုဗ္ဗာ၊ စားဖူးကုန်ပြီ။ တေ၊ သင်၏။ တံ ဝစနံ၊ ထိုစကားကို။ ကရောမ၊ လိုက်နာကုန်အံ့။ တွံ၊ သင်သည်။ နော၊ ငါတို့၏။ မိတ္တဉ္စ၊ အဆွေခင်ပွန်းသည်လည်း။ ဟောဟိ၊ ဖြစ်လော့။ ဣတိ၊ ဤသို့။ အာဟံသု၊ ဆိုကြကုန်၏။

၁၅၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တဒါ၊ ထိုအခါ၌။ တေ၊ ထိုမုဆိုးသည်။ တဿ၊ ထိုနဂါးမင်း။ ဗန္ဓနာ၊ အနှောင်အဖွဲ့မှ။ မောစယိံသု၊ လွတ်စေကုန်၏။ အဿ၊ ထို နဂါးမင်း၏။ နတ္ထုတော၊ နှာခေါင်းပေါက်မှ။ ပဝေသေတွာ၊ သွင်း၍။ ပါသေ၊ ကျော့ကွင်း၌။ ယံပဋိမောက္ကံ၊ အကြင် စွပ်အပ်သော အနှောင်အဖွဲ့သည်။ အတ္ထိ၊ ရှိ၏။ တသ္မာ ဗန္ဓနာ စ၊ ထို အနှောင်အဖွဲ့မှလည်း။ ဥရဂံ၊ နဂါးမင်းကို။ မောစယိံသု၊ လွှတ်စေကုန်၏။ သော နာဂရာဇာ၊ ထိုသင်္ခပါလ နဂါးမင်းသည်။ ဗန္ဓနာ၊ အနှောင်အဖွဲ့မှ။ မုတ္တော စ၊ လွှတ်စေသည်ဖြစ်၍လည်း။ မုဟုတ္တံ၊ တစ်ခဏမျှ။ ပါစီနမုခေါ၊ အရှေ့မျက်နှာသို့ ရှေးရှု။ ပက္ကာမိ၊ သွား၏။

၁၅၃။ မုဟုတ္တံ၊ တစ်ခဏမျှ။ ပါစီနမုခေါ၊ အရှေ့မျက်နှာသို့ရှေးရှု။ ဂန္တွာန၊ သွားပြီး၍။ ပုဏ္ဏေဟိ၊ မျက်ရည်တို့ဖြင့် ပြည့်ကုန်သော။ နေတ္တေဟိ၊ မျက်စိတို့ဖြင့်။ မံ၊ ငါ့ကို။ ပလောကယိ၊ ကြည့်၏။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ အဿ၊ ထိုနဂါးမင်း၏။ ပိဋ္ဌိတာ၊ နောက်မှ။ ဒသင်္ဂုလိံ၊ လက်ဆယ်ချောင်းကို ပေါင်း၍ယှက်သော။ အဉ္ဇလိံ၊ လက်အုပ်ကို။ ပဂ္ဂဟေတွာ၊ ချီ၍။ အနွဂစ္ဆိံ၊ လိုက်၏။

၁၅၄။ နာဂရာဇ၊ နဂါးမင်း။ တွံ၊ သင်သည်။ တရမာနရူပေါ၊ ရှောင်တခင်။ ဂစ္ဆေဝ၊ ကြွတော်မူလေလော့။ တံ၊ အရှင်နဂါးမင်းကို။ အမိတ္တာ၊ ရန်သူတို့သည်။ ပုန၊ တစ်ဖန်။ မာ အဂ္ဂဟေသုံ၊ မဖမ်းစေလင့်။ လုဒ္ဒေဟိ၊ ရုန့်ရင်းကြမ်းကြုတ်ကုန်သော သူတို့နှင့်။ ပုန၊ တစ်ဖန်။ သမာဂမော၊ ပေါင်းဖော်ရခြင်းသည်။ ဟိ-ဧကန္တေန၊ စင်စစ်သဖြင့်။ ဒုက္ခော၊ ဆင်းရဲ၏။ နာဂရာဇ၊ နဂါးမင်းသည်။ တွံ၊ သင်သည်။ ဘောဇပုတ္တာနံ၊ မုဆိုးသားတို့၏။ အဒဿနံ၊ မမြင်ရာသို့။ ဂစ္ဆ၊ ကြွတော်မူလေလော့။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။

၁၅၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သော နာဂရာဇာ၊ ထိုနဂါးမင်းသည်။ ဝိပ္ပသန္နံ၊ ကြည်သောရေ ရှိထသော။ နီလောဘာသံ၊ ညိုသော အရောင်ရှိထသော။ ရမဏီယံ၊ နှလုံးမွေ့လျော်ဖွယ် ရှိထသော။ သုတိတ္ထံ၊ ကောင်းသောဆိပ် ရှိထသော။ ဇမ္ဗူဟိစ၊ သပြေပင်တို့ဖြင့်လည်းကောင်း။ ဝေတသာဟိစ၊ ရင်းရဲပင်တို့ဖြင့် လည်းကောင်း။ သမောတတံ၊ ကမ်းနှစ်ဖက်တို့၌ ထိုမှဤမှ ထက်ဝန်းကျင် ညွတ်လုဘနန်း ပြည့်ထသော။ ရဟဒံ၊ ကဏ္ဏဝေဏ္ဏမြစ်သို့။ အဂမာသိ၊ သွားလေ၏။ နိတ္တိဏ္ဏဘယော၊ ကင်းသောဘေးရှိသည်ဖြစ်၍။ ပတီတော၊ ဝမ်းမြောက် ဝမ်းသာ။ ပါဝေက္ခိ၊ ဝင်လေ၏။

၁၅၆။ ဇနိန္ဒ၊ လူတို့သခင်ပြည်ရှင်မင်းမြတ်။ သော နာဂေါ၊ ထိုသင်္ခပါလ နဂါးမင်းသည်။ တံ၊ ထိုကဏ္ဏဝေဏ္ဏမြစ်သို့။ ပဝိဿ၊ ဝင်လေ၍။ နစိရဿံ၊ မကြာမြင့်မီ။ ဒိဗ္ဗေန၊ နတ်၌ဖြစ်သော အခြံအရံဖြင့်။ ပရိဝါရိတော၊ ခြံရံလျက်။ မေ၊ ငါ၍။ ပုရာ၊ ရှေ့မှ။ ပါတုရဟု၊ ထင်ရှားဖြစ်လာ၏။ ပုတ္တော၊ သားသည်။ ပိတရံ၊ အဖကို။ ဥပဋ္ဌဟိ ဣဝ၊ ဆည်းကပ်ခစား သကဲ့သို့။ တထာ၊ ထို့အတူ။ သော နာဂရာဇာ၊ ထိုနဂါးမင်းသည်။ ဟဒယင်္ဂမံ၊ နှလုံးသို့ဝင်သော။ ကဏ္ဏသုခံ၊ နား၌ချမ်းသာသော စကားကို။ ဘဏန္တော၊ ဆိုလျက်။ မံ၊ ငါ့ကို။ ဥပဋ္ဌဟိ၊ ဆည်းကပ်၏။

၁၅၇။ အဠာရ၊ အဠာရ။ တွံ၊ သင်သည်။ မေ၊ ငါ၏။ မာတာ စ၊ အမိသည်လည်း။ အသိ၊ ဖြစ်၏။ ပိတာ စ၊ အဖသည်လည်း။ အသိ၊ ၏။ အဗ္ဘန္တရော၊ နှလုံးခွံသားနှင့်တူသော။ ပါဏဒဒေါ၊ အသက်ကို ပေးတတ်သော။ သဟာယော စ၊ ခင်ပွန်းအစစ် အဆွေချစ်သည်လည်း။ အသိ၊ ဖြစ်၏။ အဠာရ၊ အဠာရ။ တေ၊ သင့်အား။ အဟံ၊ ငါသည်။ သက္ကဉ္စ၊ ပူဇော် ချီးမြှောက်ခြင်းကိုလည်း။ ကရိဿာမိ၊ ပြုအံ့။ အဟံ၊ ငါသည်။ ဣဒ္ဓိပဋိလာဘကော၊ တန်ခိုးကို တစ်ဖန်ရပြန်သည်။ အသ္မိ၊ ဖြစ်၏။ အဠာရ၊ အဠာရ။ တွံ၊ သင်သည်။ မေ၊ ငါ၏။ နိဝေသနာနိ စ၊ နေရာ ဗိမာန်တို့ကိုလည်း။ ပဿ၊ လိုက်၍ ရှုကြည့်ပါလော့။ ဝါသဝဿ၊ သိကြားမင်း၏။ မသက္ကသာရံဝိယ၊ တာဝတိံသာ နတ်ပြည်နှင့်တူသော။ ပဟူတဘက်ခံ၊ များသော ဘောဇဉ်ရှိသော။ ဗဟုအန္နပါနံ၊ များသော ထမင်းအဖျော်ရှိသော နဂါးပြည်ကိုလည်း။ ပဿ၊ ရှုကြည့်ပါလော့။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣတိ၊ ဤသို့။ သော၊ ထိုသင်္ခလ နဂါးမင်းသည်။ မံ၊ ငါ့ကို။ အဗြဝိ၊ ဆို၏။

မြတ်သောမင်းကြီး ထိုသင်္ခပါလနဂါးမင်းသည် ဤဂါထာတို့ဖြင့် ကျေးဇူးစကားကို ဆိုပြီး၍ မိမိနဂါးပြည်ကို အလွန်ချီးမွမ်းလိုရကား-

၁၅၈။ တံ ဘူမိဘာဂေဟိ ဥပေတရူပံ၊
အသက္ခရာ စေဝ မုဒူ သုဘာ စ။
နီစတ္တိဏာ အပ္ပရဇာ စ ဘူမိ၊
ပါသာဒိကာ ယတ္ထ ဇဟန္တိ သောကံ။
၁၅၉။ အနာဝကုလာ ဝေဠုရိယူပနီလာ၊
စတုဒ္ဒိသံ အမ္ဗဝနံ သုရမ္မံ။
ပက္ကာ စ ပေသီ စ ဖလာ သုဖုလ္လာ၊
နိစ္စောတုကာ ဓာရယန္တိ ဖလာနိ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၁၅၈။ အဠာရ၊ အာဠာရ။ ယတ္ထ၊ အကြင်နဂါးပြည်အရပ်၌။ ပဝိဋ္ဌမတ္တာဝ၊ ဝင်တည့်ကာမျှပင်လျှင်။ သတ္တာ၊ သတ္တဝါတို့သည်။ သောကံ၊ စိုးရိမ်ကြောင့်ကြ ဗျာပါရကို။ ဇဟန္တိ၊ စွန့်ကုန်၏။ တံ နာဂဘဝနံ၊ ထိုငါတို့နဂါးပြည်အရပ်သည်။ ဘူမိဘာဂေဟိ၊ ညီညွတ်သော မြေအဖို့တို့နှင့်။ ဥပေတရူပံ၊ ပြည့်စုံသော သဘောရှိ၏။ ဘူမိ၊ ငါတို့နဂါးပြည်၌ မြေအပြင်သည်။ အသက္ခရာ စေဝ၊ ကျောက်ခဲ ကျောက်စရစ် ကင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ မုဒုသုဘာစ၊ နူးညံ့သိမ်မွေ့စွာ ရတနာခုနစ်ပါးတို့၏ အရောင်ဖြင့် ပြောင်ပြောင်ထွန်းဝင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ နီစတ္တိဏာစ၊ ပိုးပရန်၏ ကျောက်ကုန်းအဆင်းနှင့်တူသော ခြင်းခြင်းနီသော နိမ့်သောမြက်နှင့် ပြည့်စုံသည်လည်း။ ဟောတိ၊ ဖြစ်၏။ အပ္ပရဇာ စ၊ မြူကင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ ပါသာဒိကာ စ၊ ကြည်ညိုဖွယ်ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။

၁၅၉။ အနာဝကုလာ၊ မယုတ်သော ကမ်းရှိသော။ ဝေဠုရိယူပနီလာ၊ ကျောက်မျက်ရွဲဖြင့်ပြီးသော စိမ်းညိုကြည်လင်သော ရေ၏တည်ရာ ရေကန်ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ စတုဒ္ဒိသံ-စတုဒ္ဒိသာသု၊ ရေကန် လေးမျက်နှာတို့၌။ သုရမ္မံ၊ အလွန် မွေ့လျော်ဖွယ်ရှိသော။ အမ္ဗဝနံ၊ သရက်ဥယျာဉ်သည်။ အတ္ထိ၊ ရှိ၏။ တသ္မိံ၊ ထိုသရက်ဥယျာဉ်၌။ အမ္ဗာ၊ သရက်ပင်တို့သည်။ ပက္ကာ စ၊ မှည့်ကုန်သည်လည်း ဖြစ်ကုန်သော။ ပေသီ စ၊ အစိမ်းအရွမ်းလည်း ဖြစ်ကုန်သော။ ဖလာ၊ အသီးရှိကုန်သည်ဖြစ်၍။ သုဖုလ္လာ၊ အလွန်ပွင့်လင်း စည်ပင်ကုန်၏။ နိစ္စောတုကာ၊ ဥတုခြောက်ပါးတို့နှင့် လျော်သော အပွင့်အသီးနှင့် ပြည့်စုံကုန်၏။ ဖလာနိ၊ အသီးတို့ကို။ ဓာရယန္တိ၊ ဆာင်ကုန်၏။

ဤဂါထာတို့ဖြင့် ပြောဆိုပြီး၍ တစ်ဖန် မင်းအား ကြားပြန်လိုရကား-

၁၆၀။ တေသံ ဝနာနံ နရဒေဝ မဇ္ဈေ၊
နိဝေသနံ ဘဿရသန္နိကာသံ။
ရဇတဂ္ဂဠံ သောဝဏ္ဏမယံ ဥဠာရံ၊
ဩဘာသတိ ဝိဇ္ဇုရိဝန္တလိက္ခေ။
၁၆၁။ မဏိမယာ သောဝဏ္ဏမယာ ဥဠာရာ။
အနေကစိတ္တာ သတတံ သုနိမ္မိတာ။
ပရိပူရာ ကညာဟိ အလင်္ကတာဟိ၊
သုဝဏ္ဏကာယူရဓရာဟိ ရာဇ။
၁၆၂။ သော သင်္ခပါလော တရမာနရူပေါ၊
ပါသာဒမာရုယှ အနောမဝဏ္ဏော။
သဟဿထမ္ဘံ အတုလာနုဘာဝံ၊
ယတ္ထဿ ဘရိယာ မဟေသီ အဟောသိ။
၁၆၃။ ဧကာ စ နာရီ တရမာနရူပါ၊
အာဒါယ ဝေဠုရိယမယံ မဟဂ္ဃံ။
သုဘံ မဏိံ ဇာတိမန္တူပပန္နံ၊
အစောဒိတာ အာသနမဗ္ဘိဟာသိ။
၁၆၄။ တတော မံ ဥရဂေါ ဟတ္ထေ ဂဟေတွာ၊
နိသီဒယိ ပါမုခအာသနသ္မိံ။
ဣဒမာသနံ အတြ ဘဝံ နိသီဒတု၊
ဘဝံ ဟိ မေ အညတရော ဂရူနံ။
၁၆၅။ အညာ စ နာရီ တရမာနရူပါ၊
အာဒါယ ဝါရိံ ဥပသင်္ကမိတွာ။
ပါဒါနိ ပက္ခာလယိ မေ ဇနိန္ဒ၊
ဘရိယာဝ ဘတ္ထု ပတိနော ပိယဿ။
၁၆၆။ အပရာ စ နာရီ တရမာနရူပါ၊
ပဂ္ဂယှ သောဝဏ္ဏမယာယ ပါတိယာ။
အနေကသူပံ ဝိဝိဓံ ဝိယဉ္စနံ၊
ဥပနာမယိ ဘတ္တ မနုညရူပံ။
၁၆၇။ တုရိယေဟိ မံ ဘာရတ ဘုတ္တဝန္တံ၊
ဥပဋ္ဌဟုံ ဘတ္တု မနော ဝိဒိတွာ။
တတုတ္တရိံ မံ နိပတီ မဟန္တံ၊
ဒိဗ္ဗေဟိ ကာမေဟိ အနပ္ပကေဟိ။

ဟူသော ဤရှစ်ဂါထာတို့ကို ဆို၏။

၁၆၀။ နရဒေဝ၊ လူတို့အထွတ် လောကနတ်။ တေသံ ဝနာနံ၊ ထိုသရက်ဥယျာဉ်တော်တို့၏။ မဇ္ဈေ၊ အလယ်၌။ ဘဿရသန္နိကာသံ၊ ပြိုးပြိုးပြက်ထွက်သော အရောင်အဆင်းရှိထသော။ ရဇတဂ္ဂဠံ၊ ငွေဖြင့်ပြီးသော တံခါးရွက်ရှိထသော။ ဥဠာရံ၊ မြတ်သော။ သောဝဏ္ဏမယံ နိဝေသနံ၊ ရွှေပြာသာဒ်သည်။ အန္တလိက္ခေ၊ ကောင်းကင်ပြင်၌။ ဝိဇ္ဇုရိဝ၊ လျှပ်စစ်ကဲ့သို့။ ဩဘာသတိ၊ ထွန်းတောက်ပ၏။

၁၆၁။ ရာဇ၊ မင်းမြတ်။ တတ္ထ၊ ထိုပြာသာဒ်၌။ သုနိမ္မိတာ၊ ကောင်းစွာ ဖန်ဆင်းအပ်ကုန်သော။ အနေကစိတ္တာ၊ တစ်ပါးမက များသော ဆန်းကြယ်ခြင်း ရှိကုန်ထသော။ မဏိမယာ၊ ပတ္တမြားဖြင့် ပြီးသည်လည်း ဖြစ်ကုန်ထသော။ သောဝဏ္ဏမာ၊ ရွှေဖြင့် ပြီးသည်လည်း ဖြစ်ကုန်ထသော။ ဥဠာရာ၊ မွန်မြတ်သော စုလစ်မွန်းချွန်တပ်သော အဆောင်တိုက်ခန်းတို့သည်။ အလင်္ကတာဟိ၊ တန်ဆာဆင်အပ်ကုန်ထသော။ သုဝဏ္ဏကာယူရဓရာဟိ၊ ရွှေခြေကျင်းဝတ်ကုန်သော။ ကညာဟိ၊ သတို့သမီးတို့ဖြင့်။ သတတံ၊ အခါခပ်သိမ်း။ ပရိပူရာ၊ ပြည့်ကုန်၏။

၁၆၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သဟဿထမ္ဘံ၊ အရာမက များစွာသော တိုင်ရှိထသော။ အတုလာနုဘာဝံ၊ အတုမဲ့လျဉ်း ပမာကင်းသော အာနုဘော်ရှိထသော။ တံ ပါသာဒံ၊ ထိုပြာသာဒ်သို့။ အနောမဝဏ္ဏော၊ မယုတ်မမာ မွန်မြတ်စွာသော အဆင်းရှိထသော။ သော သင်္ခပါလော၊ ထိုသင်္ခပါလ နဂါးမင်းသည်။ တရမာနရူပေါ၊ အဆောတလျင်။ မံ၊ ငါ့ကို။ ဟတ္တေ၊ လက်၌။ ဂဟေတွာ၊ ကိုင်၍။ အာရုယှ၊ တက်၍။ ယတ္ထ၊ အကြင်အရပ်၌။ အဿ၊ ထိုသင်္ခပါလ နဂါးမင်း၏။ ဘရိယာ၊ မယားဖြစ်သော။ မဟေသီ၊ မိဖုရားသည်။ အဟောသိ၊ နေ၏။ တံ ဌာနံ၊ ထိုအရပ်သို့။ နေတိ၊ ဆောင်၏။

၁၆၃။ ဧကော၊ တစ်ယောက်သော။ နာရီ စ၊ မိန်းမသည်လည်း။ ဝေဠုရိယမယံ၊ ကျောက်မျက်ရွဲဖြင့်ပြီးသော။ မဟဂ္ဃံ၊ အဖိုးများစွာထိုက်သော။ သုဘံ၊ တင့်တယ်စွာသော။ မဏိဇာတိမန္တူပပန္နံ၊ အမျိုးကောင်းသော ပတ္တမြားတို့နှင့် ပြည့်စုံထသော။ အာသနံ၊ နေရာကို။ တရမာနရူပါ၊ အဆောတလျင်။ အာဒါယ၊ ယူတည့်၍။ အစောဒိတာ၊ မနှိုးဆော် မတိုက်တွန်းဘဲ။ အဗ္ဘိဟာသိ၊ ခင်း၏။

၁၆၄။ တတော၊ ထို့နောင်မှ။ ဥရဂေါ၊ သင်္ခပါလနဂါးမင်းသည်။ မံ၊ ငါ့ကို။ ဟတ္ထ၊ လက်၌။ ဂဟေတွာ၊ ကိုင်၍။ ပါမုခအာသနသ္မိံ၊ မြတ်သော နေရာ၌။ နိသီဒယိ၊ နေစေ၏။ ဟိ- ယသ္မာ၊ အကြင့်ကြောင့်။ ဘဝံ၊ အရှင်သည်။ မေ၊ ငါ၏။ ဂရူနံ၊ အလေးအမြတ် ပြုအပ်ကုန်သော သူတို့တွင်။ အညတရော၊ တစ်ယောက်သော သူပေတည်း။ တသ္မာ၊ ထို့ကြောင့်။ ဣဒံ အာသနံ၊ ဤမြတ်သော နေရာသည်။ ဘဝတော၊ အရှင်၏။ အသနံ၊ နေရာတည်း။ အတြ၊ ဤမြတ်သောနေရာ၌။ ဘဝံ၊ အရှင်သည်။ နိသီဒတု၊ နေတော်မူလော့။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ပါမုခအာသနသ္မိံ၊ မြတ်သောနေရာ၌။ နိသီဒယိ၊ နေစေ၏။

၁၆၅။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ ပိယဿ၊ ချစ်အပ်သော။ ဘတ္တု၊ လုပ်ကျွေးတမူ မွေးမြူအပ်သော။ ပတိနော၊ လင်၏။ ပါဒါနိ၊ ခြေတို့ကို။ ဘရိယာ၊ မယားသည်။ ပက္ခာလယိ ဣဝ၊ ဆေးသကဲ့သို့။ အညာ၊ တစ်ယောက်သော။ နာရီ စ၊ မိန်းမသည်လည်း။ တရမာနရူပါ၊ အဆောတလျင်။ ဝါရိံ၊ ရေကို။ အာဒါယ၊ ယူ၍။ ဥပသင်္ကမိတွာ၊ ကပ်လာ၍။ မေ၊ ငါ၏။ ပါဒါနိ၊ ခြေတို့ကို။ ပက္ခာလယိ၊ ဆေး၏။

၁၆၆။ ဇနိန္ဒ၊ မင်းမြတ်။ အပရာ၊ တစ်ယောက်သော။ နာရီ စ၊ မိန်းမသည်လည်း။ သောဝဏ္ဏမယာယ၊ ရွှေဖြင့်ပြီးသော။ ပါတိယာ၊ ခွက်ဖြင့်။ အနေကသူပံ စ၊ များစွာသော ဟင်းကိုလည်းကောင်း။ ဝိဝိဓံ၊ အထူးထူးအပြားပြား များသော။ ဝိယဉ္စနံ စ၊ ဟင်းလျာကိုလည်းကောင်း။ မနုညရူပံ၊ နှစ်သက်ဖွယ်သော သဘောရှိသော။ ဘတ္တံ စ၊ ထမင်းကို လည်းကောင်း။ တရာနုရူပါ၊ အာတလျင်။ ပဂ္ဂယှ၊ ယူတည့်၍။ ဥပနာမယိ၊ တည်ထား ဆည်းကပ်လာ၏။

၁၆၇။ ဘာရတ၊ မင်းမြတ် ဘာရတ။ နာရိယော၊ မိန်းမတို့သည်။ ဘတ္တု၊ မိမိတို့လင်ဖြစ်သော သင်္ခပါလနဂါးမင်း၏။ မနော၊ စိတ်ကို။ ဝိဒိတွာ၊ သိ၍။ ဘုတ္တဝန္တံ၊ စား၍ပြီးသော။ မံ၊ ငါ့ကို။ တူရိယေဟိ၊ တီးမှုတ်မျိုးတို့ဖြင့်။ ဥပဋ္ဌဟုံ၊ လုပ်ကျွေးကြကုန်၏။ တတုတ္တရိံ၊ ထိုထက်အလွန်။ သော၊ ထိုသင်္ခပါလ နဂါးမင်းသည်။ မံ၊ ကို။ နိပတိ၊ တုပ်ဝပ်ဆည်းကပ်၏။ အနပ္ပကေဟိ၊ များစွာကုန်သော။ မဟန္တံ ဒိဗ္ဗေဟိ၊ မြတ်သော နတ်၌ဖြစ်ကုန်သော။ ကာမေဟိ၊ ကာမဂုဏ်တို့ဖြင့်။ ဥပဋ္ဌဟိ၊ လုပ်ကျွေးစေ၏။

သင်္ခပါလနဂါးမင်းသည် ဤသို့ ဆည်းကပ်လုပ်ကျွေးသဖြင့် မိမိအား ကာမဂုဏ်ဖြင့် ဖိတ်သောအကြောင်းကို မင်းအား ကြားပြန်လိုရကား-

၁၆၈။ ဘရိယာ မမေတာ တိသတာ အဠာရ၊
သဗ္ဗတ္တမဇ္ဈာ ပဒုမုတ္တရာဘာ။
အဠာရ ဧတာဿုတေ ကာမံ ကရော၊
ဒဒါမိ တေ တာ ပရိစာရယဿု။

ဟူသော ဤဂါထာကို ဆို၏။

၁၆၈။ အာဠာရ၊ အာဠာရ။ သဗ္ဗတ္ထမဇ္ဈာ၊ အလုံးစုံသော လက်တစ်ဆုပ်မျှ ပမာဏရှိသည်ဖြစ်၍ သွယ်သွယ် သေးသေး ယဉ်ကျေးသော ခါးလည်းရှိကုန်ထသော။ ပဒုမုတ္တရာဘာ၊ ပဒုမ္မာကြာပန်းနှင့်တူသော မွန်မြတ်သော အရောင်အဆင်း ရှိကုန်ထသော။ တိသတာ၊ သုံးရာကုန်သော။ ဧတာ၊ ထိုမိန်းမတို့သည်။ မမ၊ ငါ၏။ ဘရိယာ၊ မယားတို့တည်း။ အဠာရ၊ အာဠာရ။ ဧတာသု၊ ထိုမိန်းမတို့၌။ တွံ၊ သင်သည်။ ကာမံ၊ အလိုကို။ ကရော၊ ပြုလော့။ တေ၊ သင့်အား။ ဒါမိ၊ ပေး၏။ တွံ၊ သင်သည်။ တာ၊ ထိုသုံးရာကုန်သော မိန်းမတို့ကို။ ပရိစာရယဿု၊ အလုပ် အကျွေးပြုစေလော့။

ဤသို့ ပြောဆိုပြီး၍ တစ်နှစ်ပတ်လုံး နဂါးပြည်၌ ကာမဂုဏ်ချမ်းသာကို ခံစားစဉ် သင်္ခပါလနဂါးမင်းအား မိမိ မေးသော အကြောင်းကို ဗာရာဏသီမင်းအား တစ်ဖန် ကြားပြန်လိုရကား-

၂၆၉။ သံဝစ္ဆရံ ဒိဗ္ဗရသာနုဘုတွာ၊
တဒါဿုဟံ ဥတ္တရိမဇ္ဈဘာသိံ။
နာဂဿိဒံ ကိန္တိ ကထဉ္စ လဒ္ဓံ၊
ကထဇ္ဈဂမာသိ ဝိမာနသေဋ္ဌံ။
၁၇၀။ အဓိစ္စ လဒ္ဓံ ပရိဏာမဇံ တေ၊
သယံ ကတံ ဥဒါဟု ဒေဝေဟိ ဒိန္နံ။
ပုစ္ဆာမိ တံ နာဂရာဇေတမတ္ထံ၊
ကထဇ္ဈဂမာသိ ဝိမာနသေဋ္ဌံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၆၉။ မဟာရာဇ၊ မင်းမြတ်။ သော အဟံ၊ ထိုငါသည်။ သံဝစ္ဆရံ၊ တစ်နှစ်ပတ်လုံး။ တံ ဒိဗ္ဗရသံ၊ ထိုနတ်၌ဖြစ်သော ကာမဂုဏ်အရသာကို။ အနုဘုတွာ၊ ခံစား၍။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ ဥတ္တရိ၊ အလွန်။ နာဂဿ၊ သင်္ခပါလနဂါးမင်းအား။ အဇ္ဈဘာသိံ၊ မေးလျှောက်၏။ နာဂဿ၊ သင်္ခပါလနဂါးမင်းအား။ ဣဒံ၊ ဤစည်းစိမ် ချမ်းသာသည်။ ဇာတံ၊ ဖြစ်၏။ ကိန္တိ၊ အဘယ်ကောင်းမှုကို။ ကထဉ္စ၊ အဘယ်သို့သော အကြောင်းကို။ ကတွာ၊ ပြု၍။ ဣဒံ၊ ဤစည်းစိမ်ကို။ တယာ၊ သင်သည်။ လဒ္ဓံ၊ ရအပ်သနည်း။ ကထံ- ကေန ကာရဏေန၊ အဘယ်သို့သော အကြောင်းဖြင့်။ ကတွာ၊ ပြု၍။ တွံ၊ သင်သည်။ ဝိမာနသေဋ္ဌံ၊ မြတ်သော ရွှေဗိမာန်ကို။ အဇ္ဈဂမာသိ၊ ရသနည်း။

၁၇၀။ နာဂရာဇ၊ နဂါးမင်း။ တေ- တယာ၊ သင်သည်။ ဣဒံ ဝိမာနသေဋ္ဌံ၊ ဤမြတ်သော ရွှေဗိမာန်ကို။ အဓိစ္စလဒ္ဓံ၊ အကြောင်းကင်းလျက် အလိုလိုပင် ရသလော။ ဥဒါဟု၊ ထိုသို့မဟုတ်မူကား။ တေ၊ သင်၏။ အတ္ထာယ၊ အကျိုးငှာတည်း။ ကေနစိ၊ တစ်စုံတစ်ယောက်သော သူသည်။ ပရိဏာမဇံ၊ ညွတ်ခြင်းကြောင့် ဖြစ်သလော။ သယံ၊ မိမိအလိုလိုတည်း။ ကတံ၊ ဆောက်လုပ်စေသလော။ ဥဒါဟု၊ ထိုသို့မဟုတ်မူကား။ ဒေဝေဟိ၊ နတ်တို့သည်တည်း။ ဒိန္နံ၊ ပေးသလော။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ တံ၊ အရှင်နဂါးမင်းကို။ ပုစ္ဆာမိ၊ ငါမေး၏။ ဝိမာနသေဋ္ဌံ၊ မြတ်သောရွှေဗိမာန်ကို။ ကထံ၊ အသို့။ ကတွာ၊ ပြု၍။ အဇ္ဈဂမာသိ၊ ရသနည်း။

ဘုရားအလောင်း သင်္ခပါလ နဂါးမင်းသည် ထိုအာဠာရ၏ အမေးကို ဖြေလိုရကား-

၁၇၁။ နာဓိစ္စလဒ္ဓံ န ပရိဏာမဇံ မေ။
န သယံ ကတံ နာပိ ဒေဝေဟိ ဒိန္နံ။
သကေဟိ ကမ္မေဟိ အပါပကေဟိ၊
ပုညေဟိ မေ လဒ္ဓမိဒံ ဝိမာနံ။

ဟူသော ဤဂါထာကို ဆို၏။

၁၇၁။ အဠာရ၊ အာဠာရ။ ဣဒံ ဝိမာနံ၊ ဤမြတ်သော ရွှေဗိမာန်ကို။ မေ-မယာ၊ ငါသည်။ နာဓိစ္စလဒ္ဓံ၊ အကြောင်း ကင်းသဖြင့် မရအပ်။ န ပရိဏာမဇံ၊ ငါ၏အကျိုးငှာ တစ်စုံတစ်ယောက်သော သူသည် ညွတ်ခြင်းကြောင့်လည်း မဖြစ်။ သယံ၊ မိမိ အလိုလို။ န ကတံ၊ မဆောက်လုပ်စေအပ်။ ဒေဝေဟိ၊ နတ်တို့သည်လည်း။ န ဒိန္နံ၊ မပေးအပ်။ အပါပကေဟိ၊ မယုတ်မာကုန်သော။ ပုညေဟိ၊ စိတ်သန္တာန်ကို ဖြူစင်စေတတ်ကုန်သော။ သကေဟိ ကမ္မေဟိ၊ မိမိ ကုသိုက်ကံတို့ကြောင့်။ ဣဒံ ဝိမာနံ၊ ဤရွှေဗိမာန်ကို။ မေ- မယာ၊ ငါသည်။ လဒ္ဓံ၊ ရအပ်၏။

ထိုသို့ ဖြေဆိုသည်ရှိသော် အာဠာရသည် ဘုရားအလောင်း သင်္ခပါလနဂါးမင်းအား စည်းစိမ်ရခြင်း၏ အကြောင်းဖြစ်သော အကျင့်ကို မေးပြန် လိုရကား-

၁၇၂။ ကိံ တေ ဝတံ ကိံ ပန ဗြဟ္မစရိယံ၊
ကိဿ သုစိဏ္ဏဿ အယံ ဝိပါကော။
အက္ခာဟိ မေ နာဂရာဇေတမတ္ထံ၊
ကထံ နု တေ လဒ္ဓမိဒံ ဝိမာနံ။

ဟူသော ဤဂါထာကို ဆို၏။

၁၇၂။ နာဂရာဇ၊ နဂါးမင်း။ တေ-တဝ၊ သင်နဂါးမင်း၏။ ဝတံ၊ မြတ်သောဗိမာန်ကို ရစိမ့်သောငှာ ကောင်းစွာဆောက်တည်အပ်သော ကျင့်ဝတ်သည်။ ကိံ၊ အဘယ်ကျင့်ဝတ်နည်း။ ဗြဟ္မစရိယံ၊ ရွှေဗိမာန်ကို ရခြင်း၏အကြောင်း ကောင်းမြတ်သော အကျင့်သည်။ ကိံ ပန၊ အဘယ်အကျင့်နည်း။ အယံ ဝိပါကော၊ ဤစည်းစိမ်ချမ်းသာကို ရခြင်းတည်းဟူသော အကျိုးသည်။ ကိဿ၊ အဘယ်မည်သာ။ သုစိဏ္ဏဿ၊ ကောင်းမှု၏။ ဝိပါကော၊ အကျိုးနည်း။ ကထံ၊ အသို့မူ၍။ တေ-တယာ၊ သင်နဂါးမင်းသည်။ ဣဒံ ဝိမာနံ၊ ဤဗိမာန်ကို။ လဒ္ဓံနု၊ ရသနည်း။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ မေ၊ ငါ့အား။ အက္ခာဟိ၊ ပြောကြားပါလော့။

ဘုရားလောင်း သင်္ခပါလနဂါးမင်းသည် ထိုအမေးကို ဖြေလိုရကား-

၁၇၃။ ရာဇာ အဟာသိံ မဂဓာနမိဿရော၊
ဒုယျောဓနော နာမ မဟာနုဘာဝေါ။
သော ဣတ္တရံ ဇီဝိတံ သံဝိဒိတွာ၊
အသဿတံ ဝိပရိဏာမဓမ္မံ။
၁၇၄။ အန္နဉ္စ ပါနဉ္စ ပသန္နစိတ္တော၊
သက္ကစ္စံ ဒါနံ ဝိပုလံ အဒါသိံ။
ဩပါနဘူတံ မေ ဃရံ တဒါသိ၊
သန္တပ္ပိတာ သမဏဗြာဟ္မဏာ စ။
၁၇၅။ မာလဉ္စ ဂန္ဓဉ္စ ဝိလေပနဉ္စ၊
ပဒီပိယံ ယာနမုပဿယဉ္စ။
အစ္ဆာဒနံ သယန မထန္နပါနံ၊
သက္ကစ္စ ဒါနာနိ အဒမှ တတ္ထ။
၁၇၆။ တံ မေ ဝတံ တံ ပန ဗြဟ္မစရိယံ၊
တဿ သုစိဏ္ဏဿ အယံ ဝိပါကော။
တေနေဝ မေ လဒ္ဓမိဒံ ဝိမာနံ၊
ပဟူတဘက်ခံ ဗဟုအန္နပါနံ။
နစ္စေဟိ ဂီတေဟိ စုပေတရူပံ၊
စိရဋ္ဌိတိကံ န စ သဿတာယံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၁၇၃။ အဠာရ၊ အာဠာရ။ မဂဓာနံ၊ မဂဓရာဇ်တိုင်းသူတို့ကို။ ဣသရော၊ အစိုးရသော။ မဟာနုဘာဝေါ၊ ကြီးသော အာနုဘော်ရှိသော။ ဒုယျောဓနော နာမ၊ ဒုယျောဓနမည်သော။ ရာဇာ၊ မင်းမြတ်သည်။ အဟောသိံ၊ ဖြစ်ဖူးပြီ။ သောရာဇာ၊ ထိုဒုယျောဓနမင်းသည်။ ဇီဝိတံ၊ အသက်ကို။ ဣတ္တရံ၊ တိုတောင်း၏ဟူ၍။ အသဿတံ၊ မမြဲချေဟူ၍။ ဝိပရိဏာမဓမ္မံ၊ ဖောက်ပြန်သော သဘောရှိ၏ဟူ၍။ သံဝိဒိတွာ၊ ကောင်းစွာသိ၍။

၁၇၄။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ ဝိပုလံ၊ ပြန့်ပြောစွာသော။ အန္နဉ္စ၊ ဆွမ်းအလှူကို လည်းကောင်း။ ပါနဉ္စ၊ ဟင်း အဖျော် အလှူကိုလည်းကောင်း။ သက္ကစ္စံ၊ ရိုသေစွာ။ အဒါသိံ၊ လှူခဲ့ဖူးပြီ။ တဒါ၊ ထိုအခါ၌။ မေ၊ ငါ၏။ ဃရံ၊ အိမ်သည်။ ဩပါနဘူတံ၊ ခရီးလေးခုတို့၏ အဆုံ၌ တူးအပ်သော ရေကန်သဖွယ်သည်။ အသိ၊ ဖြစ်၏။ သမဏာ စ၊ ရဟန်းတို့သည်လည်းကောင်း။ ဗြာဟ္မဏာ စ၊ ပုဏ္ဏားတို့သည်လည်းကောင်း။ သန္တပ္ပိတာ၊ ပစ္စည်းလေးပါးတို့ဖြင့် ရောင့်ရဲကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

အလှူဝတ္ထု ၁၀-ပါး

၁၇၅။ တတ္ထ၊ ထိုလူ့ပြည်၌။ မာလဉ္စ၊ ပန်းကိုလည်းကောင်း။ ဂန္ဓဉ္စ၊ နံ့သာကိုလည်းကောင်း။ ဝိလေပနဉ္စ၊ နံ့သာပျောင်းကိုလည်းကောင်း။ ပဒီပိယဉ္စ၊ ဆီမီးကိုလည်းကောင်း။ ယာနဉ္စ၊ ယာဉ်ကိုလည်းကောင်း။ ဥပဿယဉ္စ၊ ကျောင်းကိုလည်းကောင်း။ အစ္ဆာဒနဉ္စ၊ အဝတ် သင်္ကန်းကိုလည်းကောင်း။ သယနဉ္စ၊ အိပ်ရာနေရာကို လည်းကောင်း။ အထ၊ ထိုမှတစ်ပါး။ အန္နပါနဉ္စ၊ ထမင်း အဖျော်ကို လည်းကောင်း။ ဣမာနိ ဒါနာနိ၊ ဤဆယ်ပါးကုန်သော ဒါနဝတ္ထုတို့ကို။ သက္ကစ္စံ၊ ရိုသေစွာ။ အဒမှ၊ လှူခဲ့ဖူး၏။

၁၇၆။ အဠာရ၊ အာဠာရ။ တံ ဝတံ၊ ထိုဆယ်ပါးသော ဒါနဝတ္ထုတို့ကို လှူဒါန်းခြင်းတည်းဟူသော ကျင့်ဝတ်သည်။ မေ၊ ငါ၏။ ဝတံ၊ မြတ်သော ရွှေဗိမာန်ကြီးကို ရခြင်း၏ အကြောင်းဖြစ်သော ကျင့်ဝတ်တည်း။ တံ ဗြဟ္မစရိယံ ပန၊ ထိုဆိုအပ်ပြီးသော အကျင့်သည်ကား။ မေ၊ ငါ၏။ ဗြဟ္မစရိယံ၊ ရွှေဗိမာန်ကို ရခြင်း၏အကြောင်း ကောင်းမြတ်သော အကျင့်တည်း။ အယံ ဝိပါကော၊ ဤကောင်းကျိုးသည်။ တဿ တာဒိသဿ၊ ထိုသို့သဘောရှိသော။ သုစိဏ္ဏဿ၊ ကောင်းစွာကျင့်အပ်သော ဒါနကုသိုလ်၏။ ဝိပါကော၊ ကောင်းကျိုးတည်း။ အဠာရ၊ အာဠာရ။ တေနေဝ၊ ထိုသို့သဘောရှိသော လှူဒါန်းပူဇော်သော ကောင်းမှုကြောင့်သာလျှင်။ ဣဒံ ဝိမာနဉ္စ၊ ဤရွှေဗိမာန်ကို လည်းကောင်း။ ပဟူတဘက္ခဉ္စ၊ များသော ဘောဇဉ်ကို လည်းကောင်း။ ဗဟုအန္နပါနဉ္စ၊ များစွာသော ထမင်းအဖျော်ကို လည်းကောင်း။ မယာ၊ ငါသည်။ လဒ္ဓံ၊ ရအပ်၏။ နစ္စေဟိ စ၊ ကချေသည်တို့နှင့် လည်းကောင်း။ ဂီတေဟိ စ၊ သီချင်းသည်တို့နှင့်လည်းကောင်း။ ဥပေတရူပံ၊ ပြည့်စုံသော သဘောရှိထသော။ အယံ ဣမံ ဝိမာနံ၊ ဤငါ၏ ရွှေဗိမာန်သည်။ စိရဋ္ဌိတိကံ၊ အဓွန့်မြင့်ရှည် တည်လင့်ကစား။ န စ သဿတံ၊ မြဲသောသဘော မရှိချေ။

ဤသို့ ဖြေဆိုသည်ရှိသော် နဂါးမင်း ဤကဲ့သို့သော ဘုန်းတန်ခိုးနှင့် ပြည့်စုံပါလျက် အဘယ့်ကြောင့် ဘုန်းကံနည်းသော သူဆင်းရဲမျိုး မုဆိုးတို့၏ အနှိပ်အစက်ကို ခံရဘိသနည်းဟု ဘုရားလောင်းကို မေးမြန်းလိုရကား-

၁၇၇။ အပ္ပါနုဘာဝါ တံ မဟာနုဘာဝံ၊
တေဇဿိနံ ဟန္တိ အတေဇဝန္တော။
ကိမေဝ ဒါဌာဝုဓ ကိံ ပဋိစ္စ၊
ဟတ္ထတ္တ မာဂစ္ဆိ ဝနိဗ္ဗကာနံ။
၁၇၈။ ဘယံ နု တေ အနွဂတံ မဟန္တံ၊
တေဇော နု တေ နာနွဂံ ဒန္တမူလံ။
ကိမေဝ ဒါဌာဝုဓ ကိံ ပဋိစ္စ၊
ကိလေသ မာပဇ္ဇိ ဝနိဗ္ဗကာနံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၇၇။ နာဂရာဇ၊ နဂါးမင်း။ အတေဇဝန္တော၊ အရှိန်အစော် မရှိကုန်ထသော။ အပ္ပါနုဘာဝါ၊ နည်းသော အာနုဘော် ရှိကုန်သော မုဆိုးတို့သည်။ တေဇဿိနံ၊ အရှိန်အစော်နှင့် ပြည့်စုံထသော။ မဟာနုဘာဝေါ၊ ကြီးသော အာနုဘော်ရှိသော။ တံ၊ အရှင်နဂါးမင်းကို။ ကိံ ကာရဏာ၊ အဘယ့်ကြောင့်။ ဟန္တိ၊ ရှစ်ဌာနတို့၌ တံကျင်ဖြင့် ထိုးလျှိုဘိ၍ ညှဉ်းဆဲလေကုန်သနည်း။ ဒါဌာဝုဓ၊ အစွယ်လက်နက်ရှိသော နဂါးမင်း။ ကိံ၊ အဘယ်ကို။ ပဋိစ္စ၊ အစွဲပြု၍။ ကိမေဝ၊ အဘယ့်ကြောင့်သာလျှင်။ တွံ၊ အရှင်နဂါးမင်းသည်။ ဝနိဗ္ဗကာနံ၊ မုဆိုးတို့၏။ ဟတ္ထတ္တံ၊ လက်၌ ပျက်စီးခြင်းသို့။ အာဂစ္ဆိ၊ ရောက်သနည်း။

၁၇၈။ ဒါဌာဝုဓ၊ အစွယ်လက်နက်ရှိသော နဂါးမင်း။ တေ၊ သင် နဂါးမင်း၏။ တေဇော၊ အစွမ်းတော်သည်။ တဒါ၊ ထို မုဆိုးတို့ကို မြင်သောအခါ၌။ မဟန္တံ၊ ကြီးစွာသော။ ဘယံ၊ ကြောက်ခြင်းသို့။ အနွာဂတံ နု၊ ရောက်လေသလော။ ဥဒါဟု၊ ထိုသို့ မဟုတ်မူကား။ တေ၊ သင် နဂါးမင်း၏။ တေဇော၊ အဆိပ်သည်။ ဒန္တမူလံ၊ အစွယ်ရင်းသို့။ နာနွဂံ နု၊ မရောက်လာလေသလော။ ကိံ၊ အဘယ်ကို။ ပဋိစ္စ၊ စွဲ၍။ ကိမေဝ၊ အဘယ်ကြောင့်လျှင်။ ဝနိဗ္ဗကာနံ၊ မုဆိုးတို့၏။ သန္တိကေ၊ အထံ၌။ ကိလေသံ၊ ဆင်းရဲပင်ပန်းခြင်းသို့။ အာပဇ္ဇိ၊ ရောက်တော်မူရလေသနည်း။

ဘုရားအလောင်း သင်္ခပါလ နဂါးမင်းသည် ထိုအာဠာရ အမေးကို ဖြေလိုရကား-

၁၇၉။ န မေ ဘယံ အနွဂတံ မဟန္တံ၊
တေဇော န သက္ကာ မမ တေဟိ ဟန္တုံ။
သတဉ္စ ဓမ္မာနိ သုကိတ္တိတာနိ၊
သမုဒ္ဒဝေလာဝ ဒုရစ္စယာနိ။
၁၈၀။ စတုဒ္ဒသိံ ပဉ္စဒသိံ အဠာရ။
ဥပေါသထံ နိစ္စမုပါဝသာမိ။
အထာဂမုံ သောဠသ ဘောဇပုတ္တာ၊
ရဇ္ဇုံ ဂဟေတွာန ဒဠှဉ္စ ပါသံ။
၁၈၁။ ဘေတွာန နာသံ အတိကဿ ရဇ္ဇုံ၊
နယိံသု မံ သမ္ပရိဂယှ လုဒ္ဒါ။
ဧတာဒိသံ ဒုက္ခမဟံ တိတိက်ခံ၊
ဥပေါသထံ အပ္ပဋိကောပယန္တော။

ဟူသော ဤ သုံးဂါထာတို့ကို ဆို၏။

၁၇၉။ အဠာရ၊ အာဠာရ။ တဒါ၊ ထိုမုဆိုးတို့ကို မြင်သောအခါ၌။ မေ၊ ငါ၏။ တေဇော၊ အစွမ်းသည်။ မဟန္တံ၊ ကြီးစွာသော။ ဘယံ၊ ကြောက်ခြင်းသို့။ နနွဂတံ၊ မရောက်။ မမ၊ ငါ့အား။ တေဟိ၊ ထိုမုဆိုးတို့သည်။ ဟန္တုံ၊ ဖျောက်အံ့သောငှာ။ န သက္ကာ၊ မတတ်နိုင်။ ၊ ထိုသို့ပင် မတတ်နိုင်စေကာမူ။ သမုဒ္ဒဝေလာဝ၊ သမုဒ္ဒရာ ကမ်းကိုကဲ့သို့။ သတံ၊ ဘုရားအစရှိသော သူတော်ကောင်းတို့၏။ သုကိတ္တိတာနိ၊ ကောင်းစွာ ဟောတော်မူအပ်ကုန်သော။ ဒုရစ္စယာနိ၊ ကျူးလွန်ခြင်းငှာ ခဲကုန်သော။ ဓမ္မာနိ၊ သီလ အစရှိကုန်သော တရားတို့သည်။ သန္တိ၊ ရှိကုန်၏။ တသ္မာ၊ ထို့ကြောင့် ဝနိဗ္ဗကာနံ၊ မုဆိုးတို့၏။ သန္တိကေ၊ အထံ၌။ အဟံ၊ ငါသည်။ ကိလေသံ၊ ဆင်းရဲ ပင်ပန်းခြင်းသို့။ အာပဇ္ဇာမိ၊ ရောက်၏။

၁၈၀။ အဠာရ၊ အာဠာရ။ အဟံ၊ ငါသည်။ စာတုဒ္ဒသိံ၊ တစ်ဆယ့်လေးရက်တို့၏ ပြည့်ကြောင်းဖြစ်သော နေ့၌ လည်းကောင်း။ ပဉ္စဒသိံ၊ တစ်ဆယ့်ငါးရက်တို့၏ ပြည့်ကြောင်းဖြစ်သော နေ့၌လည်းကောင်း။ နိစ္စံ၊ အမြဲ။ ဥပေါသထံ၊ ဥပုသ်ကို။ ဥပဝသာမိ၊ သုံး၏။ အထ၊ ထိုအခါ၌။ သောဠသ၊ တစ်ကျိပ်ခြောက်ယောက်ကုန်သော။ ဘောဇပုတ္တာ၊ မုဆိုးသားတို့သည်။ ရဇ္ဇုံ စ၊ ကြိုးကိုလည်းကောင်း။ ဒဠှံ၊ မြဲမြံသော။ ပါသဉ္စ၊ ကျော့ကွင်းကိုလည်းကောင်း။ ဂဟေတွာန၊ ယူ၍။ မမ၊ ငါ၏။ သန္တိကံ၊ အထံသို့။ အာဂမုံ၊ လာကြကုန်၏။

၁၈၁။ အဠာရ၊ အာဠာရ။ လုဒ္ဒါ၊ မုဆိုးတို့သည်။ မေ၊ ငါ၏။ သရီရေ၊ ကိုယ်၌။ ဘေတွာန၊ ရှစ်ဌာနတို့၌ဖောက်၍။ နာသံ၊ နှာခေါင်းကို။ ဝိဝဋ္ဋ၊ ဖောက်၍။ ရဇ္ဇုံ၊ နှာခေါင်း၌ သီသောကြိုးကို။ အတိကဿ၊ ထမ်းပိုးစွန်း၌ ဆွဲ၍။ သမ္ပရိဂယှ၊ ထက်ဝန်းကျင်မှ သိမ်းဆည်း၍။ မံ၊ ငါ့ကို။ နယိံသု၊ ဆောင်ကြကုန်၏။ အဟံ၊ သည်။ ဥပေါသထံ၊ ဥပုသ်ကို။ အပ္ပဋိကောပယန္တော၊ မပျက်စီးစေလိုသောကြောင့်။ ဧတာဒိသံ၊ ထိုသို့သဘောရှိသော။ ဒုက္ခံ၊ ဆင်းရဲကို။ တိတိက်ခံ၊ သည်းခံ၏။

ဤသို့ ဆိုသည်ရှိသော် အာဠာရသည် နဂါးမင်း ထိုသို့ စည်းစိမ်ချမ်းသာ ဘုန်းတန်ခိုးနှင့် ပြည့်စုံလျက် အဘယ့်ကြောင့် ကြီးစွာသောဆင်းရဲကို သည်းခံလျက် ဥပုသ်ဆောက်တည်ဘိသနည်းဟု အကြောင်းကို မေးလိုရကား-

၁၈၂။ ဧကာယနေ တံ ပထေ အဒ္ဒသံသု၊
ဗလေန ဝဏ္ဏေန စုပေတရူပံ။
သိရိယာ ပညာယ စ ဘာဝိတောသိ။
ကိံ ပတ္ထယံ နာဂ တပေါ ကရောသိ။

ဟူသော ဤဂါထာကို ဆို၏။

၁၈၂။ နာဂ၊ အဆွေ သင်္ခပါလ နဂါးမင်း။ ဧကာယနေ၊ တစ်ဖဝါးလှမ်းလောက်ရုံမျှသော။ ပထေ၊ ခြေကြောင်းခရီး၌။ ဗလေန၊ ခွန်အားနှင့်လည်းကောင်း။ ဝဏ္ဏေန၊ အဆင်းနှင့်လည်းကောင်း။ ဥပေတရူပံ၊ ပြည့်စုံသော သဘောရှိသော။ တံ၊ အဆွေ နဂါးမင်းကို။ ဘောဇပုတ္တာ၊ မုဆိုးတို့သည်။ အဒ္ဒသံသု၊ မြင်ကြကုန်၏။ တွံ၊ သင် အဆွေနဂါးမင်းသည်။ သိရိယာ စ၊ ဘုန်းကျက်သရေအားဖြင့်လည်းကောင်း။ ပညာယ စ၊ ပညာအားဖြင့် လည်းကောင်း။ ဘာဝိတော၊ ကြီးပွားသောသူသည်။ အသိ၊ ဖြစ်သည်မဟုတ်တုံလော။ ကိံ၊ အဘယ်ကို။ ပတ္ထယံ- ပတ္ထယန္တော၊ တောင့်တလျက်။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်းအကျင့်ကို။ တွံ၊ သင် အဆွေ နဂါးမင်းသည်။ ကရောသိ၊ ပြုတော်မူသနည်း။

သင်္ခပါလနဂါးမင်းသည် ထိုအာဠာရအမေးကို ဖြေလိုရကား-

၁၈၃။ န ပုတ္ထဟေတု န ဓနဿ ဟေတု၊
န အာယုနော စာပိ အဠာရ ဟေတု။
မနုဿယောနိံ အဘိပတ္ထယာနော၊
တသ္မာ ပရက္ကမ တပေ့ ကရောမိ။

ဟူသော ဤဂါထာကို ဆို၏။

လူဘဝ မွန်မြတ်ပုံ

၁၈၃။ အဠာရ၊ အာဠာရ။ ပုတ္တဟေတု၊ သားကို အလိုရှိသောကြောင့်။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်း အကျင့်ကို။ န ကရောမိ၊ ငါမပြု။ ဓနဿ၊ ဥစ္စာ၏။ ဟေတု၊ အကြောင်းကြောင့်။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်း၏ အကျင့်ကို။ န ကရောမိ၊ ငါမပြု။ အာယုနော စာပိ၊ အသက်၏လည်း။ ဟေတု၊ အကြောင်းကြောင့်။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်း အကျင့်ကို။ န ကရောမိ၊ ငါမပြု။ အဟံ၊ ငါသည်။ မနုဿယောနိံ၊ လူ၏အဖြစ်ကို။ အဘိပတ္ထယာနော၊ တောင့်တ၏။ တသ္မာ၊ ထို့ကြောင့်။ ပရက္ကမ၊ အားထုတ်၍။ တပေါ၊ ဥပုသ်ဆောက်တည်ခြင်း အကျင့်ကို။ ကရောမိ၊ ပြု၏။

ဤသို့ ဖြေဆိုသည်ရှိသော် လူ၏အဖြစ်ကို တောင့်တသော အကြောင်းကို မေးမြန်းလိုရကား-

၁၈၄။ တွံ လောဟိတက္ထော ဝိဟတန္တရံသော၊
အလင်္ကတော ကပ္ပိတကေသမဿု။
သုရောသိတော လောဟိတစန္ဒနေန၊
ဂန္ဓဗ္ဗရာဇာဝ ဒိသာ ပဘာသတိ။
၁၈၅။ ဒေဝိဒ္ဓိပတ္တောသိ မဟာနုဘာဝေါ၊
သဗ္ဗေဟိ ကာမေဟိ သမင်္ဂီဘူတော။
ပုစ္ဆာမိ တံ နာဂရာဇေတမတ္ထံ၊
သေယျော ဣတော ကေန မနုဿလောကော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၈၄။ နာဂရာဇ၊ နဂါးမင်း၏။ တွံ၊ သင်နဂါးမင်းသည်။ လောဟိတက္ခော၊ နီသော မျက်လုံးရှိသည်။ အသိ၊ ဖြစ်၏။ ဝိဟတန္တရံသော၊ ပခုံးနှစ်ဖက်တို့၏ အကြား၌ ပြေပြစ်ချောမောသော အသားရှိသည်။ အသိ၊ ဖြစ်၏။ အလင်္ကတော၊ တန်ဆာဆင်အပ်သည်။ အသိ၊ ဖြစ်၏။ ကပ္ပိတကေသမဿု၊ ကောင်းစွာ ပြုပြင်အပ်သော ဆံမုတ်ဆိတ်ရှိသည်။ အသိ၊ ဖြစ်၏။ လောဟိတစန္ဒနေန၊ စန္ဒကူးနီဖြင့်။ သုရောသိတော၊ ကောင်းစွာ လိမ်းကျံအပ်သည်။ အသိ၊ ဖြစ်၏။ ဒိသာ၊ အရပ်မျက်နှာ၌။ တွံ၊ သင် အဆွေနဂါးမင်းသည်။ ဂန္ဓဗ္ဗရာဇာဝ၊ ဂန္ဓဗ္ဗနတ်မင်းကဲ့သို့။ ပဘာသတိ၊ ထွန်းပသည်တကား။

၁၈၅။ နာဂရာဇ၊ နဂါးမင်း။ တွံ၊ သင်နဂါးမင်းသည်။ ဒေဝိဒ္ဓိပတ္တော၊ နတ်တို့၏ တန်ခိုးကိုရသည်။ အသိ၊ ဖြစ်၏။ မဟာနုဘာဝေါ၊ ကြီးသော အာနုဘော်ရှိသည်။ အသိ၊ ဖြစ်၏။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ကာမေဟိ၊ ကာမဂုဏ်တို့နှင့်။ သမင်္ဂီဘူတော၊ ပြည့်စုံစွာဖြစ်သည်။ အသိ၊ ဖြစ်၏။ ဣတော၊ ဤနဂါးပြည်ထက်။ မနုသာလောကော၊ လူ့ပြည်သည်။ ကေန၊ အဘယ်အကြောင်းအရာဖြင့်။ သေယျော၊ သာယာကဲလွန်၍ မြတ်လိမ့်မည်နည်း။ တံ၊ သင် နဂါးမင်းကို။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ ပုစ္ဆာမိ၊ ငါမေး၏။

သင်္ခပါလ နဂါးမင်းသည် အာဠာရ၏အမေးကို ဖြေလိုရကား-

၁၈၆။ အဠာရ နာညတြ မနုဿလောကာ၊
သုဒ္ဓိ ဝါ သံဝိဇ္ဇတိ သံယမော ဝါ။
အဟဉ္စ လဒ္ဓါန မနုဿယောနိ၊
ကာဟာမိ ဇာတိမရဏဿ အန္တံ။

ဟူသော ဤဂါထာကို ဆို၏။

၁၈၆။ အဠာရ၊ အာဠာရ။ မနုဿလောကာ၊ လူ့ပြည်ကို။ အညတြ-ဌပေတွာ၊ ထား၍။ သုဒ္ဓိ ဝါ၊ မဂ်ဖိုလ်နိဗ္ဗာန်ဟု ဆိုအပ်သော စင်ကြယ်ခြင်းသည်လည်းကောင်း။ သံယမော ဝါ၊ သီလကို ဆောက်တည်ရခြင်းသည်လည်းကောင်း။ န သံဝိဇ္ဇတိ၊ မရှိ။ အဟဉ္စ၊ ငါသည်တစ်မူကား။ မနုဿယောနိံ၊ လူ၏အဖြစ်ကို။ လဒ္ဓါန၊ ရ၍။ ဇာတိမရဏသဿ၊ ပဋိသန္ဓေနေခြင်း သေခြင်း၏ အန္တံ၊ အဆုံးကို။ ကာယာမိ၊ ပြုအံ့။

ဤသို့ ဘုရားလောင်း သင်္ခပါလနဂါးမင်း ဖြေဆိုသည်ရှိသော် အာဠာရသည် လူ့ပြည်သို့ ပြန်လိုသော အကြောင်းကို သင်္ခပါလနဂါးမင်းအား ပန်ကြားလိုရကား-

၁၈၇။ သံဝစ္ဆရော မေ ဝသတော တဝန္တိကေ၊
အန္နေန ပါနေန ဥပဋ္ဌိတောသ္မိ။
အာမန္တယိတွာန ပလေမိ နာဂ၊
စိရပ္ပဝုတ္ထောသ္မိ အဟံ ဇနိန္ဒ။

ဟူသော ဤဂါထာကို ဆို၏။

၁၈၇။ နာဂ၊ နဂါးမင်း။ တဝန္တိကေ၊ သင်နဂါးမင်း၏ အထံတော်၌။ ဝသတောထ၊ နေသော။ မေ၊ ငါ့အား။ သံဝစ္ဆရော၊ တစ်နှစ်လည်ပြီ။ အဟံ၊ ငါ့ကို။ တယာ၊ သင် နဂါးမင်းသည်။ အန္နေန၊ ထမင်းဖြင့်လည်းကောင်း။ ပါနေန၊ အဖျော်ဖြင့်လည်းကောင်း။ ဥပဋ္ဌိတော၊ လုပ်ကျွေး ပူဇော်အပ်သည်။ အသ္မိ၊ ဖြစ်၏။ တံ၊ သင်နဂါးမင်းကို။ အာမန္တယိတွာန၊ ပန်ကြား၍။ ပလေမိ၊ သွားတော့အံ့။ ဇနိန္ဒ၊ နဂါးမင်းမြတ်။ အဟံ၊ ငါသည်။ စိရပ္ပဝုတ္ထော၊ လူ့ပြည်မှ ကင်းကွာ၍ ကြာမြင့်သည်။ အသ္မိ၊ ဖြစ်၏။

ဤသို့ ပန်ကြားသည်ရှိသော် သင်္ခပါလ နဂါးမင်းသည် မိမိချစ်မြတ်နိုးသော အကြောင်းအား အာဠာရအား ကြားလိုရကား-

၁၈၈။ ပုတ္တာ စ ဒါရာ စ အနုဇီဝိနော စ၊
နိစ္စာနုသိဋ္ဌာ ဥပတိဋ္ဌထေတံ။
ကစ္စိန္နု တံ နာဘိသပိတ္ထ ကောစိ၊
ပိယံ ဟိ မေ ဒဿနံ တုယှ့ အဠာရ။

ဟူသော ဤဂါထာကို ဆို၏။

၁၈၈။ အဠာရ၊ အာဠာရ။ ပုတ္တာ စ၊ သားသမီးတို့သည်လည်းကောင်း။ ဒါရာ စ၊ မယားတို့သည်လည်းကောင်း။ အနုဇီဝိနော စ၊ မှီ၍ အသက်မွေးကုန်သော သူတို့သည်လည်းကောင်း။ နိစ္စံ၊ အမြဲ။ အနုသိဋ္ဌာ၊ ဆုံးမတိုင်း ခံရကုန်သည်ဖြစ်၍။ တံ၊ သင့်ကို။ ဥပတိဋ္ဌထေ၊ လုပ်ကျွေးကြကုန်၏။ ကောစိ၊ တစ်စုံတစ်ယောက်သော သူသည်။ တေ၊ သင့်အား။ နာဘိသပိတ္ထ ကစ္စိနု၊ မဆဲရေး မမြည်တမ်းသည် မဟုတ်လော။ တုယှံ၊ အင့်အား။ ဒဿနံ၊ မြင်ခြင်းကို။ မေ၊ ငါသည်။ ပီယံ ဟိ- ပိယံ ဧဝ၊ ချစ်ခင် လေးမြတ်သည်သာလျှင်တည်း။

ထိုသို့ သင်္ခပါလနဂါးမင်း ပြောဆိုသည်ရှိသော် အာဠာရသည် နဂါးမင်းထံ၌ ချမ်းသာစွာ နေရခြင်းကို ချီးမွမ်းလိုရကား-

၁၈၉။ ယထာပိ မာတု စ ပိတု အဂါရေ။
ပုတ္တော ပိယော ပဋိဝိဟိတော ဝသေယျံ၊
တတောပိ မယှံ ဣဓမေဝ သေယျော၊
စိတ္တံ ဟိ တေ နာဂ မယိ ပသန္နံ။

ဟူသော ဤဂါထာကို ဆို၏။

၁၈၉။ နာဂ၊ နဂါးမင်း။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ တေ၊ သင် နဂါးမင်း၏။ စိတ္တံ၊ စိတ်တော်သည်။ မယိ၊ ငါ့၌။ ပသန္နံ၊ ကြည်လင်၏။ တသ္မာ၊ ထို့ကြောင့်။ မာတု စ၊ အမိသည်လည်းကောင်း။ ပိတု စ၊ အဖသည်လည်းကောင်း။ ပဋိဝိဟိတော၊ လုပ်ကျွေးအပ်သော။ ပိယော၊ ချစ်စွာသော။ ပုတ္တော၊ သားသည်။ အဂါရေ၊ အိမ်၌။ ဝသေယျ ယထာပိ၊ နေရသကဲ့သို့လည်း။ တထာ၊ ထို့အတူ။ ဝသေယျံ၊ နေရ၏။ တတောပိ၊ ထိုမိဘအိမ်၌ နေရသည်ထက်လည်း။ မယှံ၊ ငါ့အား။ ဣဓမေဝ၊ ဤနဂါးပြည်၌သာလျှင်။ ဝါသော၊ နေရခြင်းသည်။ သေယျော၊ ကောင်းမြတ်ပေ၏။

ဤသို့ ချီးမွမ်းပြောဆိုသည်ရှိသော် သင်္ခပါလနဂါးမင်းသည် ထိုအာဠာရအား ပေးကမ်းဖွယ်ကို ပေးကမ်းမှာထားလိုရကား-

၁၉၀။ မဏိ မမံ ဝိဇ္ဇတိ လောဟိတင်္ဂေါ၊
ဓနာဟရော မဏိရတနံ ဥဠာရံ။
အာဒါယ တွံ ဂစ္ဆ သကံ နိကေတံ၊
လဒ္ဓါ ဓနံ တံ မဏိ မောဿဇ္ဇဿု

ဟူသော ဤဂါထာကို ဆို၏။

၁၉၀။ အဠာရ၊ အာဠာရ။ မမံ၊ ငါ့အား။ လောဟိတင်္ဂေါ၊ နီသောအင်္ဂါရှိသော။ ဓနာဟရော၊ ဥစ္စာကို ဆောင်ယူ၍ ပေးတတ်သော။ မဏိ၊ ပတ္တမြားသည်။ ဝိဇ္ဇတိ၊ ရှိ၏။ ဥဠာရံ၊ မြတ်ဘော။ မဏိရတနံ၊ ပတ္တမြားရတနာကို။ တွံ၊ သင်သည်။ အာဒါယ၊ ယူ၍။ သကံ နိကေတံ၊ မိမိအိမ်သို့။ ဂစ္ဆ၊ သွားလေလော့။ ဓနံ၊ ဥစ္စာကို။ လဒ္ဓါ၊ ရပြီးမှ။ တံ မဏိံ၊ ထိုပတ္တမြားကို။ ဩသဇ္ဇဿု၊ ရေအိုးထဲ၌ ထားလေလော့။

အာဠာရ ရသေ့သည် ဤသို့ ပြန်ကြားပြောဆိုပြီးလျှင် မြတ်သောမင်းကြီး ငါသည် ထိုအခါ သင်္ခပါလနဂါးမင်းကို ဤသို့သော စကားကိုဆို၏။ အဆွေနဂါးမင်း... ငါသည် ဥစ္စာဖြင့် အလိုမရှိ၊ ရဟန်းပြုခြင်းငှာ အလိုရှိ၏ဟု ဆို၍ ရသေ့ရဟန်းတို့၏ ပရိက္ခရာကိုဆောင်ယူခဲ့၍ ထိုနဂါးမင်းနှင့်တကွ နဂါးပြည်မှထွက်ခဲ့၍ ထိုနဂါးမင်းကို ပြန်လည်စေပြီးလျှင် ဟိမဝန္တာသို့ဝင်၍ ရဟန်းပြု၏ဟု ပြောဆို၍ မင်းအား တရား ဟောလိုရကား-

၁၉၁။ ဒိဋ္ဌာ မယာ မာနုသကာပိ ကာမာ၊
အသဿတာ ဝိပရိဏာမဓမ္မာ။
အာဒီနဝံ ကာမဂုဏေသု ဒိသွာ၊
သဒ္ဓါယဟံ ပဗ္ဗဇိတောမှိ ရာဇ။
၁၉၂။ ဒုမပ္ဖလာနိဝ ပတန္တိ မာဏဝါ၊
ဒဟရာ စ ဝုဒ္ဓါ စ သရီရဘေဒါ။
ဧတမ္ပိ ဒိသွာ ပဗ္ဗတောမှိ ရာဇ၊
အပဏ္ဏကံ သာမညမေဝ သေယျော။

ဟူသော ဂါထာနှစ်ခုတို့၏ အပေါင်းကိုဆို၏။

၁၉၁။ ရာဇ၊ မင်းမြတ်။ မာနုသကာ၊ လူ၌ဖြစ်ကုန်သော။ ကာမာပိ၊ ကာမဂုဏ်တို့ကိုလည်း။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ။ ကာမာ၊ ကာမဂုဏ်တို့သည်။ အသဿတာ၊ မမြဲသော သဘောရှိကုန်၏။ ဝိပရိဏာမဓမ္မာ၊ ဖောက်ပြန်သော သဘောရှိကုန်၏။ ကာမဂုဏေသု၊ ကာမဂုဏ်တို့၌၊ အာဒီနဝံ၊ အပြစ်ကို။ ဒိသွာ၊ မြင်၍။ အဟံ၊ ငါသည်။ သဒ္ဓါယ၊ ကံ ကံ၏အကျိုး နိဗ္ဗာန်ကို ယုံကြည်၍။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ အမှိ၊ ဖြစ်၏။

၁၉၂။ ဒုမပ္ဖလာနိ၊ အမှည့် အစိမ်းဖြစ်ကုန်သော သစ်သီးတို့သည်။ ပတန္တိ ဣဝ၊ ကြွေကျကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ ဒဟရာ၊ ပျိုရွယ်နုနယ်ကုန်သော။ မာဏဝါ စ၊ သတ္တဝါတို့သည်လည်းကောင်း။ ဝုဒ္ဓါ၊ ကြီးမားအိုမင်းကုန်ပြီးသော။ မာဏဝါ စ၊ သတ္တဝါတို့သည်လည်းကောင်း။ သရီရဘေဒါ၊ ကိုယ်ခန္ဓာ ပျက်စီးကုန်သည်ဖြစ်၍။ ပတန္တိ၊ ကြွေကျကုန်၏။ ရာဇ၊ မင်းမြတ်။ ဧတမ္ပိ၊ ထိုသေကျေ ပျက်စီးခြင်း သဘောကိုလည်း။ ဒိသွာ၊ မြင်၍။ အပဏ္ဏကံ၊ ပျက်မယွင်း သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော။ သာမညမေဝ၊ ရဟန်းအဖြစ်သည်သာလျှင်။ သေယျော၊ မြတ်၏ဟု နှလုံးပိုက်၍။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ အမှိ၊ ဖြစ်၏။

မင်းသည် ထိုအာဠာရ ရသေ့၏ တရားစကားကို ကြားနာ၍ ဝမ်းမြောက်ရကား...

၁၉၃။ အဒ္ဓါ ဟဝေ သေဝိတဗ္ဗာ သပညာ၊
ဗဟုဿုတာ ယေ ဗဟုဌာနစိန္တိနော။
နဂဉ္စ သုတွာန တဝဉ္စဠာရ၊
ကာဟာမိ ပုညာနိ အနပ္ပကာနိ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

၁၉၃။ အဠာရ၊ အရှင်အာဠာရ။ ယေ သန္တာ၊ အကြင်သူတော်ကောင်းတို့သည်။ သပညာ၊ ပညာရှိကုန်၏။ ဗဟုဿုတာ၊ များသော အကြားအမြင်ရှိကုန်၏။ ဗဟုဌာနစိန္တိနော၊ များသော အကြောင်းအရာတို့ကို သိကုန်၏။ တေ သန္တာ၊ ထိုသူတော်ကောင်းတို့ကို။ ပုညတ္ထိကေဟိ၊ ကုသိုလ်ကောင်းမှုကို အလိုရှိကုန်သော သူတို့သည်။ အဒ္ဓါဟဝေ၊ စင်စစ်ဧကန်။ သေဝိတဗ္ဗာ၊ မှီဝဲဆည်းကပ်အပ်ကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ နာဂဉ္စ၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ နေလေ့ရှိသော နဂါးမင်း၏ ဂုဏ်ကျေးဇူး စကားကိုလည်းကောင်း။ တဝ၊ အရှင်အာဠာရသေ့၏။ ဝစနဉ္စ၊ တရားစကားကိုလည်းကောင်း။ သုတွာန၊ ကြားနာရပေ၍။ အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ကောင်းမှုတို့ကို။ ကာဟာမိ၊ ပြုရပေအံ့။

ထိုစကားကိုကြား၍ အာဠာရ ရသေ့သည် ဗာရာဏသီမင်းအား ကောင်းမှု၌ အားထုတ်ခြင်းကို ဖြစ်စေလိုရကား...

၁၉၄။ အဒ္ဓါ ဟဝေ သေဝိတဗ္ဗာ သပညာ၊
ဗဟုဿုတာ ယေ ဗဟုဋ္ဌာနစိန္တိနော။
နာဂဉ္စ သုတွာန မမဉ္စ ရာဇ။
ကရောဟိ ပုညာနိ အနပ္ပကာနိ။

ဟူသော အဆုံးဂါထာကို ဆို၏။

၁၉၄။ ရာဇ၊ မင်းမြတ်။ ယေ သန္တာ၊ အကြင်သူတော်ကောင်းတို့သည်။ သပညာ၊ ပညာရှိကုန်၏။ ဗဟုဿုတာ၊ များသော အကြားအမြင်ရှိကုန်၏။ ဗဟုဌာနစိန္တိနော၊ များသောအကြောင်းအရာကို သိတတ်ကုန်၏။ တေ သန္တာ၊ ထိုသူတင်ကောင်းတို့ကို။ ပုညတ္ထိကေဟိ၊ ကုသိုလ်ကောင်းမှုကို အလိုရှိကုန်သော သူတို့သည်။ အဒ္ဓါဟဝေ၊ စင်စစ်ကန်။ သေဝိတဗ္ဗာ၊ မှီဝဲဆည်းကပ်အပ်ကုန်၏။ တွံ၊ သင်မင်းမြတ်သည်။ နာဂဉ္စ၊ ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ နေလေ့ရှိသော နဂါးမင်း၏ ဂုဏ်ကျေးဇူး စကားကိုလည်းကောင်း။ မမ၊ ငါ၏။ ဝစနဉ္စ၊ တရားစကားကိုလည်းကောင်း။ သုတွာန၊ ကြားနာရ၍။ အနပ္ပကာနိ၊ များစွာကုန်သော။ ပုညာနိ၊ ကောင်းမှုတို့ကို။ ကရောဟိ၊ ပြုတော်မူလော့။

ထိုအာဠာရ ရသေ့သည် အကြင်အကြင် ဆိုအပ်ပြီးသောနည်းဖြင့် ဗြဟ္မဒတ်မင်းအား တရားဟော၍ ထိုဗာရာဏသီ ပြည်၌သာလျှင် မိုးလေးလတို့ပတ်လုံး နေ၍ တစ်ဖန် ဟိမဝန္တာသို့သွား၍ အသက်ထက်ဆုံး ဗြဟ္မဝိဟာရ တရားလေးပါးကို ပွားစေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

သင်္ခပါလ နဂါးမင်းသည်လည်း အသက်ထက်ဆုံး ဥပုသ် သုံးခြင်းကိုသုံး၍, ဗာရာဏသီမင်းသည်လည်း ဒါနအစရှိသော ကောင်းမှုတို့ကိုပြု၍ ကံအားလျော်စွာ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာတို့... ယခုအခါ ကဿပသည် ထိုအခါ ခမည်းတော်ဖြစ်သော ရသေ့ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ အာဠာရရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သင်္ခပါလနဂါးမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

လူ့ဘုံနတ်ဘုံ၊ ဗြဟ္မာဘုံ၊ လူဘုံမွန်မြတ်သည်

လေးခုမြောက်ဖြစ်သော သင်္ခပါလဇာတ်သည် ပြီး၏။

*****