ဝေဿဘူဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၂၁- ဝေဿဘူဗုဒ္ဓဝင်

၂၁-ဝေဿဘူဗုဒ္ဓဝင်

     သိခီမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် ဘုရားနှစ်ဆူ ပွင့်တော်မူရာ ထိုမဏ္ဍကပ်ကမ္ဘာမှာပင် လူတို့၏ အသက်တမ်း အနှစ် (၇၀၀၀၀) ခုနစ်သောင်းမှ တဖြည်းဖြည်း



၄၉၉

ဆုတ်ယုတ်ကာ (၁၀) ဆယ်နှစ်တမ်းသို့ရောက်၍ တဖန် တိုးတက်ပြန်ကာ အသင်္ချေတမ်းသို့ ရောက်ပြီးလျှင် နောက်ထပ် ဆုတ်ယုတ် ပြန်၍ လူတို့အသက် အနှစ် (၆၀၀၀၀) ခြောက်သောင်းတမ်းသို့ ရောက်သောအခါ ဝေဿဘူမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်ဖြစ်၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ အနောမနေပြည်တော် သုပ္ပတီတမင်းကြီး၏ ယသဝတီ အမည်ရှိသော မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မှု၍ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ အနုပမအမည်ရှိသော ဥယျာဉ်တော်အတွင်း၌ ဖွားမြင်တော်မူလေသည်။

(အလောင်းတော် ပဋိသန္ဓေ နေသောအခါ ဖွားမြင်သောအခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှား ဖြစ်ပေါ်ကုန်၏။)

အလောင်းမင်းသား ဖွားမြင်သောအခါ၌ လူအများတို့ကို နှစ်သက်စေလျက် မြတ်သောအသံကို ပြုတော်မူခြင်းကြောင့် မင်းသား၏အမည်ကို မှည့်သည့်နေ့တွင် နိမိတ်ဖတ် ပညာရှိတို့နှင့် ဆွေမျိုးအပေါင်းတို့က ဝေဿဘူမင်းသားဟူ၍ အမည်မှည့်ကြလေသည်။ (မြတ်သောအသံ ဟူသည်မှာ “အဂ္ဂေါဟမသ္မိ လောကဿ” အစရှိသော စကားကြီးသုံးခွန်းကိုပင် ဆိုလိုသည်။)

ထီးနန်းစိုးစံတော်မူခြင်း

     အလောင်းတော် ဝေဿဘူမင်းသားသည် အရွယ်သို့ရောက်သောအခါ (၁) ရုစိရွှေနန်းဆောင်၊ (၂) သုရုစိရွှေနန်းဆောင်၊ (၃) ရတိဝဍ္ဎနရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ သုစိတ္တာဒေဝီ မိဖုရားကြီး အမှူးရှိသော မောင်းမအပေါင်း (၃၀၀၀၀) သုံးသောင်းတို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း (၆၀၀၀) ခြောက်ထောင်တို့ ကာလပတ်လုံး



၅၀၀

နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။

တောထွက်တော်မူခြင်း

     အလောင်းတော် ဝေဿဘူမင်းသားသည် ထီးနန်းစိုးစံတော်မူစဉ် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီး၍ သုစိတ္တာဒေဝီ မိဖုရားကြီးမှ သုပ္ပဗုဒ္ဓအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ ရွှေထမ်းစင်စီးကာ ဥယျာဉ်တော်သို့ ထွက်တော်မူ၍ ဗြဟ္မာလှူဒါန်းသော သင်္ကန်းတို့ကို ခံယူ၍ ရဟန်းပြုတော်မူသည်။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို အတုလိုက် (အားကျ)ကာ (၃၇၀၀၀) သုံးသောင်းခုနစ်ထောင်သော ယောက်ျားတို့ ရဟန်းပြုကြလေသည်။

ဘုရားဖြစ်တော်မူခြင်း

     ဝေဿဘူမြတ်စွာဘုရား အလောင်းတော်သည် ထိုသုံးသောင်း ခုနစ်ထောင်သော ရဟန်းတို့နှင့် အတူတကွ ဒုက္ကရစရိယာ ခြောက်လကြာ ကျင့်တော်မူပြီးလျှင် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌ သုစိတ္တနိဂုံးသူ သိရိဝဍ္ဎနာအမည်ရှိသော အမျိုးသမီး လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတော၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်တွင် မဟာဗောဓိမဏ္ဍိုင်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ နရိန္ဒအမည်ရှိသော နဂါးမင်း လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ (အင်ကြင်း)ပင်အရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် အတောင် (၄၀) လေးဆယ် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာ၏။

(အင်ကြင်းပင်ဗောဓိ၏ ပမာဏ တင့်တယ်ပုံ စသည်တို့ကို ဝိပဿီမြတ်စွာဘုရား၏ သခွတ်ပင်ဗောဓိ၌ ဆိုအပ်ပြီးသည့် နည်းအတိုင်း သိအပ်၏။)

၅၀၁

     အလောင်းတော်သည် ထိုအပရာဇိတပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေးဆိုအပ်ပြီးသောနည်းအတိုင်း ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

တရားပွဲကြီး သုံးကြိမ်

     ဝေဿဘူမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (အင်ကြင်း)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု စဉ်းစားဆင်ခြင်တော် မူလတ်သော် ကိုယ်တော်မြတ်နှင့် ဖတူမိကွဲဖြစ်ကြသည့် အဂ္ဂသာဝကအလျာ သောဏမင်းသားနှင့် ဥတ္တရမင်းသား ညီတော်နှစ်ပါးတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်တို့ကို မြင်တော်မူ၍ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူပြီးလျှင် အနုပမမြို့၏အနီး အရုဏအမည်ရှိသော ဥယျာဉ်ကြီး၌ သက်ဆင်းတော်မူ၍ ဥယျာဉ်မှူးကို စေလွှတ်ကာ ညီတော်မင်းသား နှစ်ပါးတို့ကို ခေါ်စေ၍ အခြံအရံပရိသတ်နှင့် တကွသော ထိုမင်းသားတို့၏ အလယ်၌ ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သည့် ဓမ္မစကြာဒေသနာကို ဟောတော်မူသောအခါ များစွာသော နတ်ဗြဟ္မာတို့လည်း ရိုသေစွာ လာရောက် နာကြားကြကုန်၏။ ထိုတရားပွဲကြီး၌ ကုဋေရှစ်သောင်းသော နတ်လူတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ရှေးဦးစွာသော ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါး၌ ဝေဿဘူမြတ်စွာဘုရားသည် နိုင်ငံတော်အတွင်းရှိ ဇနပုဒ်ဟုခေါ်သော မြို့ကြီးများသို့ ခရီးဒေသစာရီ ကြွချီတော်မူလျက် ထိုထိုအရပ်တို့၌ တရားဟောတော်မူရာ နတ်လူပရိသတ်ပေါင်း ကုဋေခုနစ်သောင်းတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ဒုတိယာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)



၅၀၂

     ထို့နောက် အခါတပါး၌ ဝေဿဘူမြတ်စွာဘုရားသည် အနုပမမြို့တော်မှာပင် ကွန်ရက်ကဲ့သို့ ရှုပ်ထွေးကာ များစွာမှားယွင်းသော မိစ္ဆာအယူကို ပယ်ဖျောက်၍ တိတ္ထိတို့၏ မာန်တံခွန်ကို နှိပ်ချလျက် မြတ်သေ တရားတည်းဟူသော တံခွန်ကို စိုက်ထူတော်မူပြီးလျှင် ကိုးယူဇနာကျယ်ဝန်းသော အရပ်၌ စုဝေးမိကြသော လူ ပရိသတ်နှင့် အတိုင်းအရှည်မရှိအောင် များပြားလှသော နတ်ဗြဟ္မာပရိသတ်တို့၏ အစည်းအဝေးကြီးတွင် ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကို ပြတော်မူကာ နတ်လူတို့၏ သဒ္ဓါတရား တိုးပွါးစေတော်မူလျက် ကုဋေခြောက်ဆယ်သော နတ်လူတို့ကို တရားတည်းဟူသော အမြိုက်ဆေးဖြင့် တိုက်ကျွေး နှစ်သိမ့်စေတော်မူသည်။ (ကုဋေ ခြောက်ဆယ်သော နတ်လူတို့ အကျွတ်တရား ရကြကုန်၏ဟု ဆိုလိုသည်။)

(ဤကား တတိယာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********

သာဝကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     ဝေဿဘူမြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာအစည်းအဝေးကြီးတို့မှာ သုံးကြိမ်ရှိရာ ပဌမအကြိမ်၌ အဂ္ဂသာဝကအလျာ သောဏမထေရ်နှင့် ဥတ္တရမထေရ်တို့၏ အစည်းအဝေး၌ ရဟန်းပြုကြသော ရဟန္တာပေါင်း ကုဋေရှစ်သောင်းတို့၏ အလယ်၌ တပို့တွဲလပြည့်နေ့တွင် ဝေဿဘူမြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ပဌမ သာဝကအစည်းအဝေးကြီးတည်း။)

ဒုတိယသန္နိပါတ

     ထို့နောက် အခါတပါး၌ ဝေဿဘူမြတ်စွာဘုရား အလောင်းတော် တောထွက်တော်မူစဉ်က အတုလိုက် (အားကျ)ကာ ရဟန်းပြုကြသည့် သုံးသောင်း ခုနစ်ထောင်သော ရဟန်းတို့သည်



၅၀၃

ဘုရားအလောင်းတော် မိမိနောက်ပါ အစုအပေါင်းကို စွန့်ခွာ၍ တပါးတည်း ကြွတော်မူသောအခါ ကြွင်းကျန်ရစ်ကြ၍ သင့်လျော်ရာသို့ ဖဲခွါသွားကြပြီးလျှင် ဝေဿဘူမြတ်စွာဘုရား ဓမ္မစကြာတရား ဟောကြားတော်မူကြောင်း သတင်းကြားကြ၍ သောရေယျမြို့သို့ လာရောက်ကြပြီးလျှင် မြတ်စွာဘုရားကို ဖူးမြော်ကြကုန်၏။ ထိုရဟန်း သုံးသောင်း ခုနစ်ထောင်တို့အား ဝေဿဘူ မြတ်စွာဘုရားသည် တရားဟောတော်မူပြီးလျှင် ဧဟိဘိက္ခုရဟန်းချည်း ဖြစ်စေတော်မူ၍ အင်္ဂါလေးပါးနှင့်ပြည့်စုံသော ပရိသတ်၌ ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)

တတိယသန္နိပါတ

     ထို့နောက် အခါတပါး၌ နာရိဝါဟနအမည်ရှိသောမြို့မှာ ဥပသန္တအမည်ရှိသော မင်းသားသည် ထီးနန်းစိုးအုပ် မင်းပြုလုပ်နေစဉ် ထိုမင်းကို သနားစောင့်ရှောက်တော်မူလိုသဖြင့် ဝေဿဘူမြတ်စွာဘုရားသည် ထိုနာရိဝါဟနမြို့သို့ ကြွရောက်တော်မူ၏။ ထိုဥပသန္တမင်းသည် မြတ်စွာဘုရား ကြွတော်မူလာကြောင်း သတင်းကြားလျှင်ကြားခြင်း မိမိ၏ အခြွေအရံပရိသတ်နှင့်တကွ မြတ်စွာဘုရားအား ခရီးဦးကြိုဆိုမှု ပြုပြီးလျှင် ရိုသေစွာ ပင့်ဖိတ်၍ အလှူကြီးပေးလျက် တရားတော်ကို နာရသောအခါ လွန်စွာ ကြည်ညိုသောစိတ် ရှိရကား ဝေဿဘူမြတ်စွာဘုရား အထံတော်၌ ရဟန်းပြုလေသည်။ ထိုဥပသန္တမင်း ရဟန်းပြုသည်ကို အတုလိုက် (အားကျ)၍ မင်းယောက်ျားပေါင်း ခြောက်သောင်း ရဟန်းပြုကြလေသည်။ ထိုခြောက်သောင်းသော ရဟန်းတို့သည် ရဟန်းပြုသော ဥပသန္တမင်းနှင့် အတူတကွပင် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ ဝေဿဘူ မြတ်ဘုရားသည် ထိုရဟန်းအပေါင်း ခြံရံလျက် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)

**********



၅၀၄

ဂေါတမမြတ်စွာဘုရားအလောင်း သုဒဿနမင်း ရဟန်းပြု၍ ဗျာဒိတ်ခံယူခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် သရဘဝတီ အမည်ရှိသောမြို့၌ ကြည့်ချင်စဖွယ် တင့်တယ်သော ရုပ်အဆင်းရှိသည့် သုဒဿနအမည်ရှိသော မင်းဖြစ်၍ လောကသုံးပါး၏ ရှေ့သွားနာယက ဖြစ်တော်မူသော ဝေဿဘူမြတ်စွာဘုရား သရဘဝတီမြို့သို့ ကြွရောက်တော်မူလာသောအခါ မြတ်စွာဘုရား၏ တရားတော်ကို နာကြားရ၍ အလွန်ကြည်ညိုသော စိတ်နှလုံးရှိလျက် ဦးခေါင်းထက်ဝယ် လက်အုပ်ချီမိုး ရှိခိုးပြီးလျှင် ဘုရားအမှူးရှိသော သံဃာတော်အား သင်္ကန်းနှင့်တကွ ကြီးစွာသော အလှူဒါနကို ပေးလှူ၍ ထိုသရဘဝတီမြို့မှာပင် မြတ်စွာဘုရား သီတင်းသုံးတော်မူရန် ဂန္ဓကုဋိခေါ် ကျောင်းတော်ကြီးကို တည်ဆောက်၍ ထိုဂန္ဓကုဋိကျောင်းတော်ကို ဝန်းရံလျက် ရဟန်းတော်များ သီတင်းသုံးနေထိုင်ရန် ကျောင်းပေါင်းတထောင် တည်ဆောက်လှူဒါန်းလေသည်။

     အလောင်းတော်၏စိတ်၌ ဝေဿဘူမြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားတော်များကို လေးလေးနက်နက် နှစ်သက်ကြည်ညိုလှရကား ရဟန်းပြုရန် ထက်သန်သော စိတ်ဆန္ဒရှိပြီးလျှင် အလုံးစုံသော မိမိ၏ မင်းစည်းစိမ်ချမ်းသာ တည်းဟူသော လှူဖွယ်ဝတ္ထုများစွာတို့ကို မြတ်စွာဘုရား သာသနာတော်၌ သဒ္ဓါရဲရဲ စွန့်ကြဲလှူဒါန်းပြီးလျှင် နေ့ရောညဉ့်ပါ မည်သည့်အခါမျှ ပျင်းရိခြင်းမရှိသဖြင့် ဂုဏ်ကျေးဇူးနှင့်ပြည့်စုံသော ရဟန်းအဖြစ်ကို ရယူဖို့ရန် မြတ်စွာဘုရားအထံ၌ ရဟန်းပြုလေသည်။ ရဟန်းပြုပြီးလျှင် အကျင့်ဂုဏ်ကျေးဇူးနှင့် ပြည့်စုံလျက် ဓုတင် တဆယ့်သုံးပါးလုံးကို ဆောင်တော်မူကာ ပါရမီကောင်းမှုတို့ကို ဆည်းစုလေ့ကျက် ရှာမှီးခြင်း၌ နှစ်ခြိုက်မွေ့လျော်ကာ သာသနာတော်၌ နေတော်မူလေသည်။



၅၀၅

     အလောင်းတော် ရဟန်းမြတ်သည် ကြည်ညိုခြင်း သဒ္ဓါတရား နှစ်သက်ခြင်း ပီတိတရားသို့ ကပ်ရောက်တော်မူသည်ဖြစ်၍ ဝေဿဘူမြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးတော်မူလေသည်။ ထိုအခါ အလောင်းတော်၏ စိတ်သန္တာန်၌ သဗ္ဗညုတဉာဏ်ကို ရဖို့ရန်အတွက် အလွန်နှစ်သက်ခြင်း ဖြစ်လေသည်။ အလောင်းတော် ရဟန်းမြတ်ကို မဆုတ်နစ်သော ဝီရိယရှိသည်ကို သိမြင်တော်မူ၍ ဝေဿဘူမြတ်စွာဘုရားသည် “ဤကမ္ဘာမှနောက် သုံးဆယ့်တကမ္ဘာမြောက်ဖြစ်သော ဘဒ္ဒကမ္ဘာ၌ ဤသုဒဿန ရဟန်းမြတ်သည် ဂေါတမအမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူလေသည်။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံ ဖြစ်သည်။)

     ဝေဿဘူ မြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားရလျှင် အလောင်းတော် သုဒဿန ရဟန်းမြတ်သည် အလွန်ကြည်လင်သော စိတ်ရှိလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။

မြို့တော်စသည်ကို ပြဆိုချက်

     ဝေဿဘူမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ အနောမမြို့တော်ဖြစ်၍ ခမည်းတော်မှာ သုပ္ပတီတမင်းကြီး, မယ်တော်မှာ ယသဝတီ မိဖုရားကြီးတို့ ဖြစ်ကုန်၏။

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၆၀၀၀) ခြောက်ထောင်ဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ ရုစိရွှေနန်းဆောင်, သုရုစိရွှေနန်းဆောင်, ရတိဝဍ္ဎန ရွှေနန်းဆောင်တို့ ဖြစ်ကုန်၏။

     အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ မောင်းမပေါင်း (၃၀၀၀၀) သုံးသောင်း အခြံအရံရှိသည့် သုစိတ္တာဒေဝီ မိဖုရားကြီးဖြစ်၍ သားတော်မှာ သုပ္ပဗုဒ္ဓမင်းသား ဖြစ်လေသည်။



၅၀၆

     နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ တောထွက်တော်မူသော ယာဉ်မှာ ရွှေထမ်းစင် ဖြစ်ပြီးလျှင် ခြောက်လကြာ ဒုက္ကရစရိယာကို ကျင့်တော်မူရသည်။

     အဂ္ဂသာဝကအစုံတို့မှာ သောဏမထေရ်နှင့် ဥတ္တရမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဥပသန္တမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာ အစုံတို့မှာ ရာမာထေရီမနှင့် သမာလာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိမှာ အင်ကြင်းပင်ဗောဓိ ဖြစ်လေသည်။

     မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ သောတ္တိကသူဌေးနှင့် ရမ္ဘသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ ဂေါတမီဥပါသိကာမနှင့် သိရိမာဥပါသိကာမတို့ ဖြစ်ကြသည်။

     ဝေဿဘူမြတ်စွာဘုရား၏ ကိုယ်အရပ်တော်မှာ အတောင် (၆၀) ခြောက်ဆယ်မြင့်လျက် ရွှေတိုင်ကြီးပမာ တင့်တယ်လှပေ၏။ ကိုယ်တော်မှထွက်သော ရောင်ခြည်တော်သည်လည်း ညဉ့်အခါ၌ တောက်ပသော တောင်ထိပ်မီးကဲ့သို့ ထိုမှဤမှ ထွက်လည်ကွန့်မြူး၍ အထူးပင် တင့်တယ်လှပေ၏။

     ဝေဿဘူမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၆ဝဝဝဝ) ခြောက်သောင်းတမ်းဖြစ်၍ ထိုမျှအတိုင်းရှည် ရှိသော (အသက်တမ်း၏ ငါးပုံ့ လေးပုံ) ကာလတို့ပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာတည်းဟူသော ရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။

     များစွာသော လူအပေါင်းကို ထိုသူတို့၏ စရိုက်နှင့် တိုက်ဆိုက်ညီညွတ်စေရန် ဝေဖန်ခွဲခြားကာ တရားတော်ကို အကျယ်တဝင့် ဖွင့်ပြဟောကြားတော်မူ၍ နောက်လာဝေနေယျတို့ အကျိုးများကြစေရန် တရားတည်းဟူသော လှေသင်္ဘောကြီးကို အထင်အရှား



၅၀၇

ကောင်းစွာ ထားတော်မူခဲ့၍ ထိုဝေဿဘူ မြတ်စွာဘုရားသည် တပည့်များစွာ ရဟန္တာတို့နှင့်တကွ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူလေပြီ။

သံဝေဂ

ဗြဟ္မာနတ်လူအပေါင်းကို ညွတ်ညောင်းပူဇော် ဖူးမြော်ထိုက်သည့် ဘုရားရဟန္တာတည်းဟူသော အလုံးစုံသော ပုဂ္ဂိုလ်မြတ်ကြီးများသည်၎င်း, ဣရိယာပထ မျှတတော်မူရာ ကျောင်းတော် အဆောင်ဆောင်သည်၎င်း ထိုအလုံးစုံသည် ချုပ်ဆုံး ကွယ်ပျောက်ခဲ့လေပြီ..၊ အလုံးစုံသော သင်္ခါရတရားတို့သည် မြဲခိုင်သော အနှစ်သာရမရှိ၊ အချည်းနှီးသာ ဖြစ်ကုန်စွာ့တကား..။

စေတီတော်

     ဤသို့လျှင် မာရ်ငါးပါးကို အောင်တော်မူ၍ လူနတ်တို့၏ဆရာ ဖြစ်တော်မူသော ဝေဿဘူ မြတ်စွာဘုရားသည် ဥသဘဝတီမြို့၏အနီး ခေမအမည်ရှိသော ဥယျာဉ်ကြီးအတွင်း၌ ပရိနိဗ္ဗာန် စံတော်မူ၏၊ ဓာတ်တော်များမှာ ရှေး၌ ဆိုအပ်ပြီးသည့်နည်းအတူ အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ် အမြွာမြွာ ကွဲပြားပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းတခွင်၌ အနှံ့အပြားတည်ရှိကြ၍ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို ခံယူတော်မူကြလေကုန်သတည်း။

ဝေဿဘူဗုဒ္ဓဝင် ပြီး၏။

**********