ဝေဿန္တရာဇာတ်တော်ကြီး/အခန်း-၁၂

From Wikisource
Jump to navigation Jump to search
322851ဝေဿန္တရာဇာတ်တော်ကြီး — ၁၂။ ဆခတ္တိယခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

သိဉ္စည်းမင်းကြီးသည် များစွာသော စစ်သည်ဗိုလ်ပါနှင့်တကွ မုစလိန္ဒာအိုင်နားသို့ ရောက်လေသော် ဇာလီမင်းသားသည် ထိုအိုင်အနီး၌ သစ်တပ်စခန်းချ၍ ၁-သောင်း ၄-ထောင်ကုန်သော ရထားတို့ကို လာခဲ့သောခရီးလမ်းမသို့ ရှေးရှုထား၏။ သစ်, ကျား, ခြင်္သေ့စသော သားရဲတို့သွားလေသည့် ခရီးလမ်းဆုံ စသည်တို့၌လည်း ဆင်, မြင်းအစရှိသော စစ်အင်္ဂါတို့ကို အစောင့်အရှောက်ထား၏။ ထိုအလုံးစုံသော ၁၂-ခေါဘိဏီရှိသော စစ်သည်ဗိုလ်ပါ, ဆင်, မြင်း, ရထားတို့၏အသံသည် ဟိမဝန္တာတောင်အလုံး ပဲ့တင်ထပ်မျှ အုတ်အုတ်ကျက်ကျက် ဖြစ်၏။

ထိုအခါ ဘုရားလောင်းဝေဿန္တရာသည် ထိုအသံကိုကြားလေသော် “အကြောင်းအသို့နည်း။ ငါ၏ရန်သူတို့သည် ခမည်းတော်သိဉ္စည်းမင်းကြီးကို သတ်ပြီးလျှင် ယခု ငါ့ကိုသတ်အံ့သောငှာ လာလေသည်မသိ” ဟု သေအံ့သောဘေးမှ ကြောက်သည်ဖြစ်၍ မဒ္ဒီဒေဝီကိုခေါ်ပြီးလျှင် တောင်ထက်သို့ ပြေးတက်ကြ၍၊ တောင်ထိပ်သို့ရောက်သောအခါ စစ်သည်အပေါင်းတို့ကို မျှော်ကြည့်လျက် မဒ္ဒီဒေဝီအား ဤသို့ညွှန်ပြ၏။

“မဒ္ဒီဒေဝီ။ သင် ကြည့်ပါလော့။ ဤတောအုပ်၌ ဆင်သံ, မြင်းသံ အစရှိသောအသံတို့သည် အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်၏။ တံခွန်, အောင်လံများတို့သည်လည်း တလျှပ်လျှပ်လွင့်လျက် ထင်ကုန်၏။ အဘယ်မဒ္ဒီ၊ သမင်သား, ငါးတို့ကို မုဆိုးတံငါတို့သည် ပိုက်ကွန်ဖြင့်ဝန်းရံလျက် တွင်း, ချောက်, ထုံးအိုင်တို့၌ချပြီးလျှင် ဆူနိုးရာရာကိုရွေး၍ ထက်လှစွာသောလှံမဖြင့် ထိုးသတ်ဘိသကဲ့သို့ ငါတို့ကိုလည်း ဤစစ်သည်တို့သည် သတ်ယောင်တကား။ အဘယ်မဒ္ဒီ။ ကိုယ့်စစ်သည်ဖြစ်မည်, သူ့စစ်သည်ဖြစ်မည်ကို သင် ရှုပါလော့။ မင်းစည်းစိမ်ကိုရှုတ်ချ၍ ပြည်မှနှင်ထုတ်သဖြင့် ဆင်းရဲစွာသောအရပ်၌နေရသော ငါတို့ကို အဘယ့်ကြောင့် သတ်ညှဉ်းဆဲလိုဘိသနည်း”ဟု သေအံ့သောဘေးမှ ကြောက်သည်ဖြစ်၍ ငိုကြွေး၏။

မဒ္ဒီဒေဝီသည် ဘုရားလောင်း၏စကားကိုကြားလျှင် “သူ့စစ်သည်လော, ငါတို့စစ်သည်လော”ဟု မျှော်ရှုလတ်သော်၊ “ငါတို့စစ်သည်ပင် ဖြစ်ရာသည်”ဟု ဆင်ခြင်၍၊ မင်းကြီးအား ဤသို့ နှစ်သိမ့်စေ၏။

“အရှင်မင်းကြီး၊ မြက်မှိုက်စသည်ဖြင့် ညှိအပ်သောမီးသည် အပြောကျယ်စွာသော မဟာသမုဒ္ဒရာကို ပူလောင်စိမ့်သောငှာ မတတ်နိုင်သကဲ့သို့ အရှင်မင်းကြီးကိုလည်း ရန်သူတို့သည် နှိပ်စက်ခြင်းငှာမတတ်နိုင်ရာ။ အကြောင်းသော်တစ်မူကား အရှင်မင်းကြီးအား သိကြားပေးခဲ့သော ဆု၈-ပါးကို ဆင်ခြင်တော်မူလော့။ သိကြားမင်းသည် “အရှင်မင်းကြီးအား ခမည်းတော်သိဉ္စည်းမင်းကြီးသည် မကြာမြင့်မီပင်လျှင် သင်မင်းကြီးကို မင်းစည်းစိမ်ဖြင့်နှင်း၍ ပြည်သို့ဆောင်ယူလာလတ္တံ့”ဟု ဆိုအပ်သည် မဟုတ်လော။ ထိုသိကြားမင်း၏ စကားနှင့်ညီလျှင် ဤစစ်သည် အပေါင်းတို့ကြောင့် ယခု အကျွန်ုပ်တို့ ချမ်းသာက်ရလတ္တံ့”ဟု နှစ်သိမ့်စေ၏။

ထိုစကားကိုကြားလျှင် ဝေဿန္တရာမင်းကြီးသည် အတန်ငယ် သက်သာရာရ၍ မဒ္ဒီဒေဝီနှင့်အတူပင်လျှင် တောင်မှဆင်းသက်ခဲ့သဖြင့် ကျောင်းသင်္ခမ်းတံခါးဝတွင် ခင်းအပ်သောကျောက်ဖျာအပြင်၌ ရွှေဆင်းတုကဲ့သို့ ငြိမ်သက်စွာလျှင် “ငါတို့ ရသေ့ရဟန်းမည်သည်ကို အဘယ်သို့ သူတစ်ပါး ပြစ်မှားအံ့နည်း”ဟု သတိဝီရိယကိုဖြစ်စေ၍ နေတော်မူ၏။ မဒ္ဒီဒေဝီသည်လည်း မိမိအိပ်ရာတိုက်တံခါးဝ၌ ငြိမ်သက်စွာနေ၏။

ထိုခဏ၌ သိဉ္စည်းမင်းကြီးသည် ဖုဿတီဒေဝီမိဖုရားကြီးကို ခေါ်တော်မူ၍၊ “အဘယ်ဖုဿတီ။ ငါတို့သည် တစ်ပြိုင်နက်သွားကြသည်ရှိသော် ငါတို့ကြောင့် ကြောက်လန့်စိုးရိမ်ခြင်း ဖြစ်ရာ၏။ ထို့ကြောင့် ငါသည် ရှေးဦးစွာ သားတော်အထံသို့သွားဦး၍ သားတော်အား ဝမ်းမြောက်ခြင်းကို ဖြစ်စေအံ့။ သင်သည် အတန်ငယ်ကြာမှ အခြွေအရံနှင့်တကွ လာခဲ့လော့။ ထို့နောက် အတန်ငယ်ကြာမှ မြေးတော်ဇာလီကို , ထို့နောက် အတန်ငယ်ကြာမှ မြေးတော်ကဏှာဇိန်ကို ဤသို့ တစ်ယောက်စီ အစဉ်အတိုင်း မိမိတို့အခြွေအရံနှင့် လာလတ်ကုန်လော့”ဟု ဆိုပြီးလျှင်၊ တစ်ပေါင်းတည်း သွားအံ့ဟု ပြင်ဆင်ပြီးသောအစီအရင်ကိုဖျက်၍ ရထားကို တစ်ဖန် သစ်တပ်တွင်းသို့ ပြန်စေသဖြင့် ဆင်, မြင်း, ဗိုလ်ပါ, များစွာသော စစ်သည်တို့ကိုလည်း အန္တရာယ်ကိုတားမြစ်စိမ့်သောငှာ အသီးသီး သင့်ရာတော်ရာ ထက်ဝန်းကျင်တို့၌ အစောင့်အရှောက်ထားခဲ့ပြီးမှ သိဉ္စည်းမင်းကြီးသည် ဘုရားလောင်း၏ဖွားဖက်တော် အမတ် ၆-သောင်း ခြံရံလျက် ဆင်ဖြူတော်ပစ္စယကိုစီး၍၊ သားတော်ဘုရားလောင်းအထံသို့ သွားတော်မူလေ၏။

အနီးသို့ရောက်လျှင် ဆင်ပေါ်မှဆင်း၍ မိမိအပေါ်ရုံအင်္ကျီကို လက်ကန်တော့စံပယ်တင်လျက် လက်အုပ်ချီ၍၊ အမတ် ၆-သောင်း အခြံအရံနှင့် သားတော်ဝေဿန္တရာမင်းကြီးကို အဘိသိက်သွန်းအံ့သောငှာ ကျောင်းသင်္ခမ်းသို့ ရှေးရှုသွားတော်မူလေသော်၊ မွေ့လျော်သောစိတ်, တည်ကြည်သောစိတ်နှလုံးဖြင့် ကျောက်ဖျာအပြင်၌ ငြိမ်သက်စွာသော ဝေဿန္တရာမင်းကြီးကို ရှုမြင်လေ၏။

ဝေဿန္တရာမင်းကြီးနှင့် မဒ္ဒီဒေဝီတို့သည်လည်း သား၏ချစ်ခြင်းဖြင့်လာလတ်သော ခမည်းတော်ကိုမြင်လျှင် နေရာမှထ၍ ခရီးဦးကြိုဆိုကြလျက် ရှိခိုးဖူးမြော်ကြကုန်၏။ မဒ္ဒီဒေဝီသည် ယောက္ခမဖြစ်သော သိဉ္စည်းမင်းကြီး၏ခြေတော်ကို ဦးဖြင့်တိုက်လျက် “အရှင်မင်းကြီး။ အကျွန်ုပ်ကား အရှင်မင်းကြီး၏ချွေးမဖြစ်သော မဒ္ဒီတည်း။ အရှင်မင်းကြီး၏ ခြေတော်အစုံကို ရှိခိုးပါ၏”ဟု ဆို၍ ရှိခိုး၏။

ထိုအခါ သိဉ္စည်းမင်းကြီးသည် သားတော်ဝေဿန္တရာကိုလည်းကောင်း၊ ချွေးမတော်မဒီကိုလည်းကောင်း၊ ဤ၂-ယောက်သော သားတော်, ချွေးမတော်တို့ကိုဖက်၍ ရင်ခွင်ပေါ်၌အိပ်စေပြီးသော် နဖူး,ဦးခေါင်းတို့ကို နမ်း၍၊ နူးညံ့လှစွာသောမင်းကြီးလက်ဖြင့် သားတော်, ချွေးမတော်တို့၏ကျောကို သုံးသပ်လျက် ၃-ယောက်သော မင်းတို့သည် ငိုကြွေးကြကုန်၏။

ပူပန်ခြင်းငြိမ်းပြီးသော် သိဉ္စည်းမင်းကြီးသည် သား,ချွေးမတို့နှင့် ပဋိသန္ဓာရစကားကို ဤသို့ ပြောဟော၏။

“ချစ်သားချစ်သမီးတို့။ အသို့နည်း။ အနာမရှိ ကျန်းမာပါ၏လော။ အစာရှာမှီးခြင်း၌ မငြိုငြင်သဖြင့် မျှလောက်ပါ၏လော။ သစ်သီး,သစ်မြစ် ပေါများပါ၏လော။ ခြင်,မှက်,ကင်း,သန်း နည်းပါ၏လော။ သားရဲဖြင့်ပြွမ်းသော ဤတောအရပ်၌ စိုးရိမ်ခြင်း ငြိမ်းပါ၏လော”ဟု မေးမြန်းပြောဆို၏။

ထိုစကားကို ကြားလျှင် ဝေဿန္တရာမင်းကြီးသည် ဤသို့ ဆို၏။

“ခမည်းတော် မင်းကြီး။ အကျွန်ုပ်တို့ အသက်မွေးရခြင်းသည် တော်တော်ငြားငြား ရသမျှသော တောသစ်သီး, တော့သစ်မြစ်တို့ဖြင့် အသက်မွေးရခြင်းကြောင့် ယုတ်မာညစ်နွမ်း ဆင်းရဲငြိုငြင်စွာဖြစ်၏။ သားရဲတို့ဖြင့်ပြွမ်းသော ဤတောအရပ်၌ သစ်, ကျား, ခြင်္သေ့, ဝံ, အောင်း, ကြံ့, ဆင် အစရှိသော သားရဲဘေးအန္တရာယ်ကြောင့် စိတ်နှလုံးမငြိမ် စိုးရိမ်မလပ် မပြတ်သောလုံ့လဖြင့် နေရ၏။ ခမည်းတော်မင်းကြီး။ ဤသို့ ရသမျှသော သစ်သီး,သစ်မြစ်တို့ဖြင့် ငြိုငြင်စွာ အသက်မွေးရသော်လည်း အဝတ်အစားမပြည့်စုံ မကုံလုံသော သူဆင်းရဲသည် မိမိကိုယ်ကို ဆုံးမသကဲ့သို့လည်းကောင်း၊ ရထားထိန်းသည် မြင်းကို ဆုံးမသကဲ့သို့လည်းကောင်း၊ အဝတ်အစား၌ တောင့်တခြင်းမရှိ ရသမျှဖြင့်သာရောင့်ရဲလျက် ကိုယ်,စိတ်ကို ကောင်းစွာဆုံးမသဖြင့် သည်းခံရ၏။”

“သားရဲဘေးကြောင့် နေ့ညဉ့်မပြတ် စိုးရိမ်ခြင်းဖြင့်နှိပ်စက်အပ်သော အကျွန်ုပ်တို့အား မိခင်ဖခင်တို့နှင့် ကွေကွင်းရခြင်းဆင်းရဲသည် နေ့ညဉ့်မပြတ် ထပ်လောင်းအပ်သည်ဖြစ်၍ ကြံလှီဖျော့တော့ လျော့ပါးသောကိုယ်လက် ရှိ၏။ တောကြီးထဲ၌ ဆင်းရဲစွာနေရသော အကျွန်ုပ်တို့အား အဘယ်မှာလျှင် ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းကို ရပါအံ့နည်း”ဟုဆိုပြီးလျှင် ဝေဿန္တရာမင်းကြီးသည် မိမိသားတော်သမီးတော်တို့၏ အကြောင်းကို ဤသို့မေးမြန်း၏။

“ခမည်းတော်မင်းကြီး။ ခမည်းတော်၏အမွေအနှစ် သိဝိရာဇ်ပြည်စည်းစိမ်ကို ဆက်ခံခြင်းငှာထိုက်သော ဇာလီ,ကဏှာဇိန် မောင်နှမ ၂-ယောက်တို့ကို အလွန်ကြမ်းကြုတ်စွာသော ပုဏ္ဏားအား လှူလိုက်သဖြင့် မိဘတို့အား ရိုသေမြတ်နိုး အကျိုးစီးပွားကိုဆောင်တတ်သော ထိုဇာလီ,ကဏှာဇိန်တို့သည် ကြမ်းကြုတ်စွာသော ပုဏ္ဏား၏အလိုသို့ လိုက်ရလေ၏။ ထိုပုဏ္ဏားသည် နွားကိုကဲ့သို့ ရိုက်ပုတ်ညှဉ်းဆဲလျက် ဆောင်ယူသွားလေ၏။ ဇာလီ, ကဏှာဇိန်တို့သည် ငယ်နုသောကိုယ်,စိတ် ရှိသည်ဖြစ်၍ မလိမ္မာသေးကုန်။”

“ထိုပုဏ္ဏားသည် “ဤမည်သောအရပ်သို့ ဆောင်ယူသွားသည်”ဟု ကြားသိတော်မူပါလျှင် အကျွန်ုပ်အား ကြားတော်မူပါလော့။ ခမည်းတော်မင်းကြီး။ ဆေးအတတ်၌ လိမ္မာစွာသောဆေးသမားသည် မြွေခဲသောသူအား ဆေးမန္တရားဖြင့် လျင်စွာ အဆိပ်ကိုကျစေသကဲ့သို့ သူငယ်တို့၏အကြောင်းကို ကြားသိတော်မူပါလျှင် အရှင်မင်းကြီးသည် သားသမီးကြောင့် စိုးရိမ်ပူဆွေးခြင်းနှိပ်စက်အပ်သော အကျွန်ုပ်အား စိတ်နှလုံးငြိမ်းချမ်းအောင် လျင်စွာကုတော်မူပါလော့”ဟု ဆို၏။

သိဉ္စည်းမင်းကြီးသည်လည်း “ချစ်သားဝေဿန္တရာ။ ဇာလီ, ကဏှာဇိန် မောင်နှမ ၂-ယောက်တို့ကို ပုဏ္ဏားအား ဥစ္စာပေး၍ ငါရွေးအပ်ပြီ။ သင်တို့ မစိုးရိမ်ကြလင့်။ သက်သာရာ ရလော့”ဟု ဆို၏။

ထိုစကားကိုကြားလျှင် ဘုရားလောင်းသည် ရအပ်ပြီးသော သက်သာရာရှိသည်ဖြစ်၍ ခမည်းတော်အား ဤသို့ ပဋိသန္ဓာရစကားဖြင့် ပြောဟော၏။

“ခမည်းတော်မင်းကြီး။ အနာမရှိ ကျန်းမာတော်မူပါ၏လော။ အကျွန်ုပ်၏ မိခင်သည် သား၏ချစ်ခြင်းဖြင့်နှိပ်စက်၍ ငိုကြွေးခြင်းကြောင့် မျက်စိကျိန်းစပ်ခြင်း ဖြစ်ရာ၏။ မိခင်အား မျက်စိမကျိန်းမစပ် ပကတိရှိပါ၏လော”ဟု မေးလျှောက်၏။ သိဉ္စည်းမင်းကြီးသည် “ချစ်သားဝေဿန္တရာ။ ငါ့အား အနာဆင်းရဲ မရှိ ကျန်းမာ၏။ သင်၏မိခင်သည်လည်း မျက်စိ မကျိန်းမစပ် ပကတိရှိ၏”ဟုဆို၏။

ဘုရားလောင်းသည် “ခမည်းတော်မင်းကြီး။ ဆင်, မြင်း, ရထား, ခြေသည်သူရဲ, စစ်သည်ဗိုလ်ပါ, မှူးတော် မတ်တော် ပြည်သူပြည်သားတို့သည် အနာဆင်းရဲမရှိ ချမ်းသာပါကုန်၏လော။ ပြည်ရွာတိုင်းကားတို့သည်လည်း မိုးကောင်းသည်ဖြစ်၍ ဝပြောစည်ပင်ပါ၏လော”ဟု မေး၏။ သိဉ္စည်းမင်းကြီးသည် “ချစ်သားဝေဿန္တရာ။ အလုံးစုံသောသူတို့သည်လည်း အနာဆင်းရဲမရှိ ချမ်းသာ၏။ တိုင်းကားပြည်ရွာလည်း မိုးကောင်းသည်ဖြစ်၍ ခိုးသူ,ဓားပြ ရန်မီးရန်စစ်မရှိ ငြိမ်းချမ်းသာယာ စည်ပင်ဝပြော၏”ဟုဆို၏။

ဤသို့ သားတော်,ခမည်းတော် စကားပြောလျက်နေစဉ်ပင်လျှင် ဘုရားလောင်းမယ်တော် ဖုဿတီဒေဝီသည် “ယခု ငါ့သားတော်သည် ခမည်းတော်ကို ဖူးမြင်ရသဖြင့် စိုးရိမ်ခြင်းကင်း၍ ကိုယ်,စိတ် ချမ်းငြိမ်းခြင်း ဖြစ်လောက်ပြီ”ဟု များစွာသော မောင်းမကိုယ်လုပ် အခြွေအရံနှင့်တကွ ဖိနပ်မျှမစီးဘဲ ခြေကျင်သာ ဝေဿန္တရာမင်းအထံသို့ သွားလေ၏။

ဝေဿန္တရာမင်းသည်လည်း များစွာအခြွေအရံနှင့် မယ်တော်ဖုဿတီဒေဝီ ဝင်္ကပါတောင်တံခါးဝသို့ ရောက်လာသည်ကိုမြင်လျှင် နေရာမှထ၍ ခရီးဦးကြိုဆိုခြင်း, နေရာခင်းကျင်းခြင်းကိစ္စကိုပြီးစေသဖြင့် ရှိခိုးလျက်နေ၏။ မဒ္ဒီဒေဝီသည်လည်း ဖုဿတီမိဖုရား၏ခြေရင်း၌ ညွတ်၍ “အရှင်မ၊ အကျွန်ုပ်ကား အရှင်မ၏ချွေးမဖြစ်သော မဒ္ဒီတည်း။ အကျွန်ုပ်မဒ္ဒီသည် အရှင်မခြေတော်အစုံကို ရှိခိုးပါ၏”ဟု ဆို၍ ရှိခိုး၏။

ဤသို့ ဖုဿတီမိဖုရားအား မဒ္ဒီဒေဝီ ရှိခိုးလျက်နေစဉ်ပင်လျှင် ဇာလီမင်းသားသည် မင်းသားမင်းမြေး မှူးသား, မတ်သား များစွာသော သတို့သားလုလင်ပျို အခြံအရံနှင့်တကွ လာလတ်၏။ ထို့နောက် ကဏှာဇိန်သည်လည်း များစွာသော သတို့သမီးငယ်အပေါင်း ခြံရံလျက်လာလတ်၏။

မဒ္ဒီဒေဝီသည်လည်း သားသမီးတို့ လာလတ်သောလမ်းကို မျှော်ကြည့်လျက်နေ၏။ ထိုအခါ ဆင်းရဲမရှိ ချမ်းသာစွာလာသော သားသမီးတို့ကို မဒ္ဒီဒေဝီမြင်လျှင် မိမိကိုယ်အဖြစ်ဖြင့် ဆောက်တည်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ဘီလူးဝင်၍ တုန်လှုပ်သောနတ်ဝင်မကဲ့သို့ ပြင်းစွာတုန်လှုပ်လျက် သားမြတ်အစုံမှ နို့ရည်တို့သည်လည်း ယိုစီးကုန်၏။ ဇာလီ,ကဏှာဇိန်တို့သည်လည်း အမိနှင့်ကင်းသော နွားငယ်သည် အမိကိုမြင်လျှင် အမိထံသို့ မြည်တမ်းလျက်ပြေးသကဲ့သို့ မဒ္ဒီဒေဝီကိုမြင်လျှင် သည်းစွာ ငိုကြွေးမြည်တမ်းလျက် မဒ္ဒီဒေဝီအထံသို့ ပြေးကြကုန်၏။

မဒ္ဒီဒေဝီသည်လည်း သည်းစွာသောအသံဖြင့် ငိုကြွေးလျက် ပြင်းစွာတုန်လှုပ်သောကိုယ်ဖြင့် မိန်းမော၍ မြေ၌ အလျားလိုက်လဲလေ၏။ ဇာလီ,ကဏှာဇိန် မင်းသားမင်းသမီးတို့သည်လည်း သည်းစွာငိုကြွေးလျက် လာလတ်သဖြင့် မိန်းမောသည်ဖြစ်၍ အမိဖြစ်သောမဒ္ဒီဒေဝီအပေါ်၌ပင်လျှင် လဲလေ၏။ ထိုလဲရာ၌ မဒ္ဒီဒေဝီ၏ သားမြတ်အစုံတို့မှ ထွက်ယိုသောနို့ရည်အလျဉ်သည် မင်းသားမင်းသမီးတို့၏ခံတွင်းသို့သာ ဝင်ကုန်၏။ ဤသို့ အမိနို့ရည်ဝင်သောကြောင့်သာလျှင် နုလှစွာသော မင်းသား, မင်းသမီးတို့ အသက်ရှည်သတည်း။ အမိနို့ရည် မဝင်သည်ရှိသော် မင်းသားမင်းသမီးတို့သည် ထိုမိန်းမောစဉ် နှလုံးခြောက်ကပ်၍ပင် သေရာ၏။

မိဖုရား သားသမီးတို့ မိန်းမော၍ မြေ၌လဲသည်ကိုမြင်လျှင် ဘုရားလောင်းဝေဿန္တရာမင်းသည် ပူဆွေးခြင်းကို ဖြေဆည်အံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ မိန်းမောလျက် ထိုမိမိထိုင်ရာကပင်လျှင် မြေ၌လဲလေ၏။ သိဉ္စည်းမင်းကြီး ဖုဿတီဒေဝီတို့သည်လည်း သား,ချွေးမ,မြေးတို့၏ အမူအရာကိုမြင်လျှင် မိမိတို့ကိုယ်အဖြစ်ဖြင့် တည်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍၊ ထိုမိမိတို့ ထိုင်ရာကပင်လျှင် မြေ၌မိန်းမောလျက် လဲလေကုန်၏။ ဘုရားလောင်းနှင့် ဖွားဖက်တော်ဖြစ်ကုန်သော အမတ် ၆-သောင်းတို့သည်လည်း ထိုမင်း၆-ပါးတို့၏ အမူအရာကိုမြင်လျှင် အလွန်သနားစုံမက်ခြင်းဖြင့် တစ်ယောက်သောသူမျှ ချုပ်တည်းခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ကျောင်းသင်္ခမ်းအလုံး ကမ္ဘာပျက်လေခတ်၍ ညွတ်လဲသော အင်ကြင်းပင်ပျိုတောကဲ့သို့ သောသောရုတ်ရုတ် လက်အုပ်ထိပ်တင် ဆံပင်ကြဲဖြေ မြေ၌လူးလဲလျက် ငိုကြွေးကြကုန်၏။

ထိုအခါ တောင်ကမ်းပါးတို့သည် ပြင်းစွာမြည်ကုန်၏။ မဟာပထဝီမြေကြီးသည်လည်း အိုးထိန်းစက်ကဲ့သို့ ပြင်းစွာတုန်လှုပ်၏။ မဟာသမုဒ္ဒရာသည်လည်း ချောက်ချား၏။ မြင်းမိုရ်တောင်သည်လည်း မီးအုံးသော ကြိမ်ညွန့်ကဲ့သို့ ဝင်္ကပါတောင်သို့ ပျောင်းညွတ်၏။ နတ်ပြည် ၆-ထပ်တိုင်အောင်လည်း တစ်ပြိုင်နက် အုတ်အုတ်ကျက်ကျက်သောအသံ ဖြစ်၏။ (ဤကား ၇-ကြိမ်မြောက်သော မြေလှုပ်ခြင်းတည်း။)

ထိုအခါ သိကြားမင်းသည် “ဤဆွေတော်မျိုးတော် မင်း ၆-ပါးတို့သည် မိန်းမောလျက် မြေ၌လဲကုန်၏။ ထိုမင်း ၆-ပါးတွင် တစ်ယောက်ယောက်သောသူမျှ ထ၍ ရေစင်သွန်းခြင်းငှာ မတတ်နိုင်ရာ။ ယခု ငါသည် ဤမင်း ၆-ပါးတို့အား ကြာတော၌ရွာသောမိုးနှင့် တူစွာ “ပေါက္ခရဝဿ” အမည်ရှိသောမိုးကို ရွာစေအံ့”ဟုကြံ၍ ဆွေတော်မျိုးတော် မင်း၆-ပါးတို့၏ အစည်းအဝေးတွင် ကြာတော၌ရွာသော မိုးနှင့်တူသောကြောင့် ပေါက္ခရဝဿ အမည်ရှိသောမိုးကို သိကြားမင်း ရွာစေ၏။

ထိုပေါက္ခရဝဿ မိုးရွာသောအခါ စွတ်လိုသောသူတို့သည်လည်း စွတ်ကုန်၏။ မစွတ်လိုသောသူ၏ကိုယ်၌ မိုးရေတစ်ပေါက်မျှ မကျ။ မင်း၆-ပါးတို့သည်လည်း သက်သာရာကို ရကုန်၏။

လူများအပေါင်းတို့သည်လည်း ထိုမိုးကိုမြင်လျှင် “အံ့ဖွယ်သရဲ မဖြစ်ဘူးမြဲ ဤဆွေတော်မျိုးတော်တို့ အစည်းအဝေးတွင် ကြာတော၌ရွာသောမိုးကဲ့သို့ အချို့ကားစွတ်, အချို့ကား လွတ်သည်ဖြစ်၍၊ ပေါက္ခရဝဿအမည်ရှိသောမိုးသည် ရွာ၏။ မဟာပထဝီမြေကြီးသည်လည်း ပြင်းစွာတုန်လှုပ်၏။ ကြက်သီးမွေးညင်းထခမန်း အံ့ဖွယ်သရဲ ရှိစွာ့တကား”ဟု အံ့ဩကြကုန်၏။ လက်စုံထိပ်ထား၍ သနားဖွယ်သောအသံဖြင့် ငိုကြွေးခြင်းကိုပြုကြလျက် “အရှင်မင်းကြီး။ သားတော်ဝေဿန္တရာမင်းကို လည်းကောင်း, ချွေးမတော် မဒ္ဒီဒေဝီကိုလည်းကောင်း စေတုတ္တရာပြည်သို့ဆောင်၍ ပြည်စည်းစိမ်နှင့်တကွ ထီးဖြူနှင်းလျက် မင်းပြိုင်ပြတော်မူပါလော့”ဟု လျှောက်ထား တောင်းပန် ကြကုန်၏။

(ပေါက္ခရဝဿ ဟူသည်ကား-ပေါက္ခရဝနေ ပတိတံ ဝဿံ ပေါက္ခရဝဿံဟု မဇ္ဈေလောပ တပ္ပုရိသ်သမာသ် ပြုပြီးလျှင်ပေါက္ခရဝဿေန သဒိသံ ပေါက္ခရဝဿံဟု ဥပမာတဒ္ဓိတ် ပြုအပ်၏။ ဝိဂြိုဟ်အနက်ကား- ပေါက္ခရဝနေ၊ ကြာတော၌။ ပတိတံ၊ ရွာသော။ ဝဿံ၊ မိုးတည်း။ ပေါက္ခရဝဿံ၊ ကြာတော၌ ရွာသောမိုး။ ပေါက္ခရဝဿေန၊ ကြာတော၌ ရွာသောမိုးနှင့်။ သဒိသံ၊ တူသည်တည်း။ ပေါက္ခရဝဿံ၊ ကြာတော၌ ရွာသောမိုးနှင့်တူသောမိုး။ အဘယ်သို့ တူသနည်းဟူမူကား။ ပဒုမပတ္တတော ဥဒကံ ဝိယ နိဝတ္တိတွာ ဂစ္ဆတိဟူသော အဋ္ဌကထာပါဌ်နှင့်အညီ မိုးသည် ကြာတော၌ရွာသည်ရှိသော် ကြာရွက်ပေါ်၌ကျသော မိုးပေါက်သည် ကြာရွက်မှလျှောကျ၍ တစ်ပါးသော အရပ်တို့၌ စွတ်သကဲ့သို့ ဤမင်း ၆-ပါး အစည်းအဝေး၌လည်း မစွတ်လိုသောသူတို့၌ တစ်ယောက်မျှ မကျ,မရွာသောကြောင့် ပေါက္ခရဝဿ-ဟု ဆိုသတည်း။)