ဝေဿန္တရာဇာတ်တော်ကြီး/နိဂုံး ပိုဒ်စုံရတု

From Wikisource
Jump to navigation Jump to search
322855ဝေဿန္တရာဇာတ်တော်ကြီး — နိဂုံး ပိုဒ်စုံရတုမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

တိုင်းကားဦးသျှောင်။    ။မြန်ရန်အောင်တွင်၊ ဘုန်းခေါင်မှန်ကူ၊ ချတော်မူသား၊ နှစ်ဆူပါဒ၊ စေတိယဟု၊ တစ်ရာ့ရှစ်စုံ၊ စက်တော်စုံကို၊ အမ္ဗုံဓရာ၊ မန်းသီတာဖြင့်၊ လက်ယာရစ်ဆိုက်၊ သုံးကြိမ်ခိုက်၍၊ ခွေဝိုက်လည်ကာ၊ ရှေ့မျက်နှာသို့၊ လယ်ယာမြေကောင်း၊ ရေရှင်လောင်းလျက်၊ ဆည်မြောင်းကန်တည်။ လုပ်စိမ့်ရည်သို့၊ မြရည်လန်းလန်း၊ ရစ်ခွေသန်းသား၊ မန်းမြစ်ဂင်္ဂါ၊ ရေသီတာနှင့်၊ ဧရာမြစ်ဆုံ၊ သန်လျက်ခုံတွင်၊ လုံးစုံကျေးဇူး၊ သာပျံ့ပျူးလျက်၊ မင်းပူးမည်သာ၊ ဂုဏ်ထူးရွာ၌၊ ဂုဏာဓာရ၊ လောကသမ္မုတိ၊ ရထိုက်ဘိသား။ ဘူရိပညာ၊ ထိုဆရာလျှင်၊ လေးဖြာသီလ၊ ဖြူစင်ပလျက်၊ ပန္နရသီ၊ တိထီပြည့်၍၊ ဖြစ်မည်နေ့တွင်၊ ဘုန်းဟေ့ထွတ်စံ၊ ကြယ်ပေါင်းရံလျက်၊ ရောင်လျှံပထွန်း၊ လပြည့်ဝန်းနှင့်၊ နှုန်းတန်းပုံသွယ်၊ သံဃာလယ်၌၊ ပြန့်ကြွယ်နည်းနာ၊ အဖြာဖြာနှင့်၊ ဋီကာကစ္စည်း၊ ဉာသ်နည်းနေတ္တိ၊ ပါဠိအဋ္ဌကထာ၊ ညဝါလက်သုံး၊ ကျမ်းရိုးထုံးကို၊ ပန်းကုံးအသွင်၊ လှကြောင်းဆင်၍၊ စာသင်ဝန်းလျား၊ တပည့်များအား၊ တရားနက်လေး၊ နည်းနာကျွေး၏၊ ရှည်ဝေးနောင်လာ၊ သာသနာ၌၊ ပညာမှေးယှက်၊ အသိခက်၍၊ အနက်မရဲ၊ ဆိုဝံ့ခဲလည်း၊ တံကဲမလိမ့်၊ မှီရစ်စိမ့်ဟု၊ နှစ်သိမ့်စေမှု၊ ကျမ်းဂန်ပြုရှင့်၊ သုတဗုဒ္ဓိ၊ ကျေးဇူးသိသား၊ ပရိ,ပဋိ၊ ပဋိအစဉ်၊ ပတ်ရစ်ယှဉ်လျက်၊ နှစ်စဉ်တရား၊ ဖြည့်သောအားဖြင့်၊ အများတကာ၊ ဝေးနီးလာ၍၊ ပဒေသာပင်၊ မှတ်ကြထင်သည်။    ။စာသင်အောင်ပွဲ ခံမစဲ။

ပိုင်းခြားထုတ်ဆောင်။    ။ကျေးဇူးရောင်ဖြင့်၊ မြန်အောင်ကြေညာ၊ ထင်ရှားစွာသား၊ ဆရာထေရ်ကျော်၊ တို့ထိပ်ပေါ်လျှင်၊ မွေ့လျော်ဌာန၊ ဤဂါမ၌၊ ကာလအရှည်၊ ကောင်းကျိုးစည်သော်၊ ပြည်ကြီးထိပ်ချာ၊ ဧကရာက၊ ငါလည်းညွတ်ခိုက်၊ ကိုးကွယ်ထိုက်ဟု၊ ဦးထိုက်ရှိဝန်၊ လျှောက်တောင်းပန်၍၊ ဝေယန်ဘုံသွင်၊ သိကြားဆင်သို့၊ ရွှေစင်ပြည့်မွမ်း၊ ကျောင်းသင်္ခမ်းကို၊ ချမ်းမြေ့ရွှင်လန်း၊ ရေစက်သွန်း၍၊ ရဟန်းသံဃာ၊ တစ်ထောင်မှာလည်း၊ များစွာကုံလုံ၊ လှူဝတ်စုံနှင့်၊ စိတ်ယုံကြည်ဖြူ၊ လှူတော်မူ၏၊ ဇမ္ဗူထိပ်ပန်း၊ ရွှေပြည်နန်း၏၊ တောင်သန်းခတ်ဆိုင်း၊ မြောက်ရပ်ခိုင်းသား၊ စစ်ကိုင်းမြို့ဝယ်၊ ဘုန်းသစ်ကြွယ်လျက်၊ အံ့ဖွယ်ထွေပြား၊ ကျေးဇူးအားဖြင့်၊ ဘုရားတစ်ဆူ၊ မှတ်ကြမူရှင့်၊ ရှင်လူတကာ၊ သဒ္ဓါဆပွား၊ ထိုဘုရား၏၊ တရားရင်နို့၊ စို့ကြကုန်ရှောင်း၊ တပည့်ပေါင်းတွင်၊ ကောင်းရာငင်ငင်၊ ရွေးစုဝင်သား၊ မျက်ရှင်ဆန်ကျိုး၊ ငယ်လှနိုးလည်း၊ အဖိုးဖြတ်သော်၊ ဂုဏ်ညွန့်ပေါ်သို့၊ တစ်,ခေါ်စလောက်၊ ရမြောက်နည်းနာ၊ အမည်မှာမူ၊ ဉာဏ်ဝါဒိပ္ပတိ၊ ဖွားဖွယ်ရှိလျက်၊ ဣတိကာရဏ၊ ဟိတ်ဖြင့်ပြသော်၊ သရ ရှစ်လုံး၊ အဆုံးကိုလျှင်၊ အစတင်၍၊ ဘ-တွင် အာနှင့်၊ သ-နောက်ဆင့်၍၊ နံသင့်မိတ်ပါ၊ အက္ခရာနှင့်၊ ဆရာမြတ်လှ၊ ဘွဲ့မည်ရ၍၊ ဝဏ္ဏရွယ်လောက်၊ ရောက်သားဤခါ၊ ပညဝါလျှင်၊ ဤစာဝေဿန်၊ ဇာတ်တော်မှန်ကို၊ ဉာဏ်မြင်အနု၊ သူတို့ရှုအောင်၊ ဝတ္ထုသက်သေ၊ စကားပြေဖြင့်၊ အနေကျစွာ၊ ရေးစီပါဟု၊ မေတ္တာကျွမ်းဟောင်း၊ ငယ်ကပေါင်းသား၊ မျိုးကောင်းမင်းရောက်၊ ဂုဏ်ရည်သောက်လျက်၊ မောင်ထောက်မည်ရ၊ ထိုသူကတည့်၊ ညွတ်ခ၍လျှင်၊ ရေးစီရင်သည်။    ။နာတင်ဆောင်စွဲ ကြံမခဲ။

ဂိုဏ်းထားပုဒ်နောင်။    ။သဒ္ဒါဆောင်၍၊ ၅-ထောင်သာသနာ၊ တည်စိမ့်ငှာဟု၊ ဤစာထုတ်လှစ်၊ ပြီးသည်နှစ်ကား၊ ကြွင်းရစ်သာသနာ၊ ဒွါရာတြိ၊ ဒွိနှင့်သတ္တ၊ ရေသော်ရ၏၊ ဒီဃသက္ကရာ၊ နှစ်ကောဇာမူ၊ ထောင်ရာပယ်ထား၊ ၄၅-တည့်၊ လ,ကား တပေါင်း၊ ရွက်ရင့်ပြောင်း၍၊ ဆောင်းကျန်ရတု၊ နွေသို့လုသား၊ ရွက်နုဖူးဆင်၊ ပန်းသစ်ပင်နှင့်၊ မင်းလွင်မှုန်ကာ၊ လေဝန်းလာလျက်၊ သာနုမန္တ၊ သူရဇ္ဇလျှင်၊ ကုမ္ဘရာသီ၊ ယှဉ်သွားမှီ၍၊ တိထီမပျက်၊ ဆန်း ၉-ရက်တွင်၊ လဂ်ကား မိဿ၊ စန္ဒရဗြိဿေ၊ အနေကောင်းမြတ်၊ သင့်ရာမှတ်သို့၊ ဓာတ်လက် စန်းအုပ်၊ သိဒ္ဓိစုတ်လည်း၊ ကောင်းဟုတ်မင်္ဂလာ၊ ထိုအခါ၌၊ ဤဇာတကံ၊ နိဋ္ဌိတံတိုင်၊ အပြီးပိုင်၏။ ဂုဏ်လှိုင်ဉာဏ်ဝါ၊ သူတော်စွာတို့၊ ဤစာအလို၊ ကျွန်ုပ်ဆိုအံ့၊ အသိုအထား၊ စကားဝါကျ၊ ဒေါသခြောက်စု၊ ရှစ်ခုအပြစ်၊ မြင်သည်ဖြစ်မူ၊ ကျစ်လျစ်စေကြောင်း၊ သာ၍ကောင်းအောင်၊ လောင်းနုတ်စီရင်၊ ဆင်ခြင်မိမိ၊ ရှေ့နောက်ညှိလျက်၊ ကျိုးရှိစိမ့်ငှာ၊ ပြင်လိုက်ပါလော့၊ နည်းနာစုံစေ့၊ မလောက်လွေ့၍၊ ရှေ့နောက်မမိ၊ ယုံမှားရှိမူ၊ တတ်သိယောင်သွင်၊ မပြင်ဆင်ရာ၊ တောင်းပန်ပါ၏၊ ၁၀-ဖြာသဒ္ဒ၊ ဆိုမကျ၍ ၊ အတ္ထပြတ်ပြတ်၊ မယူတတ်သော်၊ ဥပဒ်တစ်ခု၊ ရန်သူပြုလျက်၊ ဂုဏဂိဒ္ဓိ၊ ရှိသွားလက္ခဏာ၊ ဒုဇ္ဇနာ၏၊ အရာရောက်ဖွယ်၊ ကဲ့ရဲ့လွယ်နှင့်၊ မျိုးနွယ်ဆွေဝါး၊ သူမြတ်များတို့၊ ဘုရားအလောင်း၊ ကျင့်ဟောင်းထုံးရှု၊ ကောင်းရာတု၍ ၊ ကောင်းမှုမညှိုး၊ ကောင်းစွာပျိုးက၊ ကောင်းမျိုးရအင်၊ ရန်နုတ်ထွင်သည်။    ။မာတင်ပြောင်ရဲ စံမလွဲ။

(နိဂုံး ၃-ပိုဒ် လင်္ကာဆိုလိုက်သည်။)

ဤဇာတက။    ။ထုတ်စီရသား၊ ပုညဆင့်လောင်း၊ ဆုပန်တောင်းအံ့၊ ကောင်းမြတ်သီတင်း၊ သိဉ္စည်းမင်းလျှင်၊ ရင်တွင်းသည်းချာ၊ ဘုန်းဖြင့်လာသား၊ ရတနာမျက်မှန်၊ မင်းဝေဿန်အား၊ မျက်မာန်မငြို၊ မထားသိုဘဲ၊ မလိုပြည်သူ၊ ကြွက်ကြွက်ဆူကြောင့်၊ ပူဆာနှလုံး၊ မရွှင်ပြုံးနှင့်၊ ချစ်ထုံးပြတ်ယောင်၊ ဝင်္ကတောင်သို့၊ ရှောင်စေပြီးနောက်၊ မြေးတော်ရောက်သော်၊ ဝမ်းမြောက်သောအား၊ ကိုယ်တိုင်သွား၍၊ တရားဓမ္မရာဇ်၊ ဖြစ်စိမ့်သောကြောင်း၊ ခွင့်လမ်းတောင်းလျက်၊ သွန်းလောင်းဘိသိက်၊ နိမိတ်ဆောင်ခြင်း၊ ထီးနန်းတွင်းသို့၊ ခပင်းလူတွင်၊ မွေးဖခင်တို့၊ သားတွင်မှုသစ်၊ ရကာလစ်၍၊ အပြစ်တစိ၊ မျက်ဝင်မိသည်၊ နောက်ပြီးတစ်ဖန်၊ ဆုံးမသွန်လျက်၊ အလွန်ချစ်ခြင်း၊ ဘ,ရာနှင်း၍။    ။အရင်းပေးကြပါစေသောဝ်။

သီတာမက။    ။ချမ်းကြည်လှသား၊ ဝင်္ကတောင်မှာ၊ ဘုရားလျာလျှင်၊ မြင်ခါမျက်လို၊ ပုဏ္ဏားအိုအား၊ ကုသိုလ်မင်္ဂလာ၊ ပြုသောအခါ၌၊ ကဏှာ, ဇာလီ၊ ရှုအီနုထွား၊ မင်း ၂-ပါးလျှင်၊ ပုဏ္ဏားအမိုက်၊ ဒေါသရိုက်အား၊ ထိုက်ပါဘဲပင်၊ ရင်သွေးစင်ကို၊ ဖခင်ဘုရား၊ လှူဖြစ်အားဟု၊ စိတ်ထားမကွက်၊ မနှောင့်ယှက်သည်၊ ကိုယ်သက်မမှတ်၊ သားကျင့်ဝတ်နှင့်၊ မလွတ်ရအောင်၊ ကျေးဇူးဆောင်သို့၊ လူ့ဘောင်မျိုးနွယ်၊ မိဘဝယ်လည်း၊ ထိုနှယ်လုံးမှီး၊ လိမ္မာပြီးသား၊ သမီးသားကောင်း၊ သူအပေါင်းတို့၊ ညွတ်ပျောင်းကျိုးနွံ၊ လက်အောက်ခံ၍၊ နှုတ်လှံမထိုး၊ ချစ်မြတ်နိုးလျက်၊ ကျင့်ရိုးဝတ်ကုန်၊ အင်ငါးစုံနှင့်၊ ကြည်ယုံဆပွား၊ မိဘအားကို၊ ခံ့ညားမလပ်၊ ကျေးဇူးဆပ်၍၊ စောင့်ကြပ်မယွင်း၊ လုပ်ကျွေးခြင်းဖြင့်။    ။အတွင်း အေးကြပါစေသောဝ်။

ညီညာတမျှ။    ။ရွှေနှင့်မြသို့၊ သိင်္ဂမဒ္ဒီ၊ မဟေသီဟု၊ ဒေဝီထွတ်တင်၊ နန်းမရှင်လျှင်၊ ကြင်နာဆွတ်ဆွတ်၊ မင်းများနတ်ကို၊ ရိုညွတ်ချစ်ကြည်၊ ဤလူ့ပြည်တွင်၊ ဤသည်မင်းဖျား၊ ဤတစ်ပါးသာ၊ ယောက်ျားဤပြင်၊ မရှိထင်လျက်၊ အရှင်ကောင်းထံ၊ ကျွန်ကောင်းနွံသို့၊ နှုတ်လှံမစိုက်၊ စရိုက်အခွင့်၊ သိလိုကျင့်၏၊ ထိုနှင့်ပုံတူ၊ မျိုးအိမ်သူတို့၊ လူ၌ထင်ရှား၊ မယားမျိုးကို၊ ထုတ်၍ဆိုသော်၊ လင်ကိုလျက်ပင်၊ ကျွန်လျှင်မှတ်တတ်၊ သူသတ်နှင့်တူ၊ ခိုးသူအလား၊ ဤသုံးပါးကား၊ မယားယုတ်ဆိုး၊ ဘီလူးမျိုးတည့်၊ မြတ်နိုးစွာဘိ၊ သွန်သင်ချိမှု၊ အမိတမျှ၊ ရှက်ကြောက်ရမူ၊ နှမအသွင်၊ ချစ်ခင်မှန်းမှန်း၊ ပြုဟန်သွန်းမူ၊ ခင်ပွန်းပမာ၊ ကြင်နာသဖြင့်၊ သိလိုကျင့်မူ၊ ကျွန်နှင့်အလား၊ ဤလေးပါးလျှင်၊ မယားကောင်းတို့၊ ကျင့်ရာမြို့ရှင့်၊ ထိုသို့ဖြင့်အား၊ ခုနစ်ပါးတွင်၊ ယောကျာ်းတစ်ဦး၊ ပြင်တွင်မြူးလည်း၊ အထူးမပြောင်း၊ စိတ်တစ်ချောင်းတည်း၊ ကောင်းစွာလင်ကို၊ ရိုသေသဖြင့်၊ ကျွန်သို့ကျင့်၍၊ ရေနှင့်ကြာတူ၊ ကြည်ဖြူကြင်နာ၊ ရွှင်လန်းစွာလျှင်၊ တစ်ရာသက်တွင်း၊ မေတ္တာနှင်း၍။    ။သတင်း မွှေးကြပါစေသောဝ်။

ဝေဿန်မင်းခေါင်။    ။မင်းများနောင်လျှင်၊ တောင်ညာဒေဝီ၊ မယ်မဒ္ဒီအား၊ မထီမဲ့မြင်၊ မကြင်သောယောင်၊ ခွာရှောင်လွန်ကြူး၊ မကျင့်ဘူးဘဲ၊ အထူးသဖြင့်၊ ကိုယ်တူကျင့်၍၊ ဘုန်းပွင့်သည်းရင်း၊ နန်းလုံနှင်းသို့၊ ခပင်းလူများ၊ အမျိုးသားကို၊ မယားကောင်းဝယ်၊ ဝတ်ငါးသွယ်ဖြင့်၊ ချစ်ဖွယ်လေးမြတ်၊ ကိုယ်တူမှတ်လျက်၊ ညွတ်ညွတ်ကြည်ကြည်၊ ချစ်ကြိုးချည်၏။ မည်မည်ဝါးဝါး၊ မပြုငြားဘဲ၊ ခမ်းနားအိမ်ထောင်၊ နှင်းအပ်လှောင်လျက်၊ စောင်စောင်မမ၊ ဩဝါဒဖြင့်၊ နေ့ညသွန်သင်၊ သက်လုံးကြင်ရှင့်၊ လင်နှင့်မယား၊ ဤနှစ်ပါးတွင်၊ လင်ကားမေဃ၊ ဒါရလယ်မြေ၊ ပုံနှုန်းချေ၏။ မိုးမြေနှစ်ပါး၊ ကောင်းတုံငြားမှ၊ စပါးနှံသီး၊ သြဇာဖြီးသို့၊ ထုံးနှီးပုံမှီ၊ နှစ်ဦးညီလျက်၊ ထိုဤလယ်ယာ၊ ဥစ္စာပစ္စည်း၊ ဆည်းပူးတိုင်ပင်၊ သတင်းရွှင်၍။    ။ချစ်ခင်ပေါင်းကြပါစေသောဝ်။

လေပြန်သွင်းဆောင်။    ။မွှေးပျံ့လှောင်လျက်၊ မင်းခေါင်ရင်ဆီ၊ မင်းဇာလီနှင့်၊ သိဂီသဖွယ်၊ နှမငယ်အား၊ အနွယ်မယွင်း၊ အုပ်ချုပ်ခြင်းဖြင့်၊ ဆင်းရဲရန်မီး၊ ကာဟန့်ဆီးသို့၊ မောင်ကြီး အစ်ကို၊ ဆိုသမျှလူ၊ ဤထုံးယူလျက်၊ မိတူဖရင်း၊ ဖော်သားချင်း၌၊ မကင်းနေ့ည၊ ခါနိစ္စလျှင်၊ စောင်မသဖြင့်၊ ထိုနှယ်ကျင့်ရှင့်၊ ထိုနှင့်တမျှ၊ ငယ်သူကလည်း၊ မိဘအလား၊ မြင့်ရာထားလျက်၊ စကားမလှန်၊ နှိပ်ကြံ့ခံ၍၊ ကျိုးနွံမေတ္တာ၊ ရိုသေရာ၏၊ ကဏှာမင်းသမီး၊ လှဇနီးလျှင်၊ မောင်ကြီးမင်းအား၊ ရွံ့ခံ့ညားသို့၊ သားချင်းသွေးရည်၊ မျိုးဟူသည်ကို၊ ကြည်ကြည်ညိုညို၊ အစ်ကိုနှင့် ညီ၊ ပြီပြီကိုဆောင်၊ မောင်နှင့်နှမ၊ ရှက်ရစောင့်စည်း၊ တစ်စုတည်းဖြင့်၊ လူလည်းချစ်ခင်၊ နတ်လည်းကြင်၍။    ။ပြစ်စင် ကောင်းကြပါစေသောဝ်။

ရွှေမှန်ဝင်းပြောင်။    ။မြတ်နန်းဆောင်သို့၊ ကောက်တောင်ကသာ၊ ဇူဇကာသည်၊ ကဏှာ,ဇာလီ၊ ရှင့်ရင်ဆီကို၊ သိင်္ဂီလက်နွဲ့၊ နွယ်ကြိုးဖွဲ့၍၊ ဆောင်ခဲ့ရောက်သော်၊ မြေးနှစ်ဖော်ကို၊ ဘိုးတော်သိဉ္စည်း၊ ဖခမည်းလျှင်၊ အသည်းအအူ၊ လှိုက်ဆူပြတ်ပြတ်၊ ကြွေမတတ်နှင့်၊ မြတ်မြတ်လေးလေး၊ ခြင်းရာမေး၏၊ ရွှေပေးပြီးငြား၊ ရင်ခွင်ထားသို့၊ အများတကာ၊ သူတော်စွာတို့၊ ဆွေညာတကွ၊ ဆင်းရဲရ၍၊ ထိုမှဤသို့၊ ရောက်လာမြို့သော်၊ ငါတို့အပြင်၊ ဤသူတွင်၌၊ ခိုဝင်ရသူ၊ မရှိဟူ၍၊ ကြည်ဖြူသဖြင့်၊ ပေးထောက်ပင့်လျက်၊ ကိုယ်နှင့်နှုတ်ပါ၊ ထိုက်ရာပြုစု၊ သင်္ဂြိုဟ်မှုဖြင့်၊ ကြီးသူ့စကား၊ ငယ်သူ့နား၌ ၊ ပျားရည်အသွင်၊ ချို၍ဝင်သည်။    ။ဖြစ်လျှင် ဖျောင်းဖျပါစေသောဝ်။

စေတုတ္တရာ။    ။နေပြည်သာမှ ၊ ဟေမာဝင်္က၊ တောင်သို့ ကြွသော်၊ စေတတိုင်းမည်၊ ဦးရီးပြည်သို့၊ ရောက်သည့်နေ့ချင်း၊ စေတမင်းတို့၊ ခပင်းရိုသေ၊ မြို့လုံးကြွေမျှ၊ မိတ်ဆွေမှတ်မှတ်၊ ဧည့်သည်ဝတ်ကို၊ မလွတ်ရအောင်၊ ကျေးဇူးဆောင်သို့၊ လူ့ဘောင်ဤ၌၊ ထိုစရိုက်ဖြင့်၊ အလိုက်သိစွာ၊ နှုတ်ဗျူဟာဖြင့်၊ မေတ္တာရည်ဖျန်း၊ ဆွေခင်ပွန်း၌၊ လန်းလန်းရွှင်အောင်၊ ကျေးဇူးဆောင်က၊ နောင်ခွင့်ရောက်သော်၊ အရာပေါ်လိမ့်၊ အော်အော်အမ်းအမ်း၊ ပြုနိုင်စွမ်းလျက်၊ စိတ်ဝမ်းပြည့်စွာ၊ မိတ်သဟာသည်။    ။သစ္စာ လေးကြပါစေသောဝ်။

ခြေသုတ်ပမာ။    ။နန်းတောင်ညာနှင့်၊ ပြည်သာထိုမှ၊ ခွာခဲ့ကြသော်၊ တောဝရောက်ငြား၊ မုဆိုးသားလျှင်၊ ဤကားအရှင်၊ ငါ့ထိပ်တင်ဟု၊ ချစ်ခင်သောအား၊ လမ်းညွှန်ကြားလျက်၊ သားညှင်းကျပ်တင်၊ အကင်အကျက်၊ ပျားရည်ဆက်၍၊ နှစ်သက်လေးမြတ်၊ ကျွန်တို့ဝတ်ကို၊ မလွတ်ရွှင်ဖြိုး၊ လုပ်ကျွေးကျိုးဖြင့်၊ အဖိုးမဆုံး၊ မင်းသုံးတန်ဆာ၊ ရတနာလျှံရွှင်၊ ဦးသျှောင်ကျင်ကို၊ အရှင်ကြည်နူး၊ ပေးလေဖူးသို့၊ အထူးပါပ၊ ဝိပါကကြောင့်၊ ဒါသဒါသီ၊ သူ့အိမ်မှီတို့၊ မထီမလေး၊ အဝေးမျက်ကွယ်၊ ခိုင်းပယ်မပြီး၊ လုပ်သီးမဝင်၊ အိမ်ရှင်မဟူ၊ မဖြူနှလုံး၊ မစွဲသုံးဘဲ၊ ရှေးထုံးအသင့်၊ ရိုသေကျင့်က၊ အရှင့်စိတ်ဝမ်း၊ နှစ်သက်မွမ်းလိမ့်၊ အစွမ်းရှိတိုင်း၊ မရိုင်းမာန်စောင်း၊ ကောင်းစွာကျင့်ငြား၊ ကျွန်တို့အားလည်း၊ သနားချစ်ခင်၊ သားနှယ်ကြင်လျက်၊ အရှင်ပြုရေး၊ ဝတ်စားပေး၍၊ သိမ်မွေ့ပျံ့ပျူး၊ ပျော်ကြောင်းကြူးလော့၊ နှစ်ဦးခွင့်ရာ၊ သိလိမ္မာ၍။    ။ပြစ်ရှာ ဝေးကြပါစေသောဝ်။

ရွှေနှုတ်သမာ။    ။ချိုလှစွာဖြင့်၊ အာဏာကျော်သည်း၊ မင်းသိဉ္စည်းလျှင်၊ ရန်လှည်းနှိပ်နှင်း၊ ငါသည်မင်း၏၊ ရင်တွင်းသည်းဖျား၊ မြေးတော်များကို၊ ပုဏ္ဏားယုတ်ဆိုး၊ ဘယ်ရန်ငြိုးကြောင့်၊ ကြိုး,လွန်တုတ်,ဓား၊ ရိုက်ပုတ်ထားဟု၊ နဂါးတို့မာန်၊ ဆိပ်မြောင်အန်သို၊ ပြင်းထန်အမျက်၊ မထွက်ကုန်ဘဲ၊ မင်းမာန်ရဲ၍၊ ဝမ်းထဲမငြို၊ မထားသိုတည့်၊ ထိုပုဏ္ဏားအား၊ မေတ္တာပွားသို့၊ အများလူဝယ်၊ အင်ကိုးသွယ်ဖြင့်၊ တွယ်တာရန်ငြိုး၊ ဒေါသမျိုးကို၊ မပျိုးညနေ့၊ အောက်မေ့မမူ၊ နှလုံးဖြူလျက်၊ ထိုသူငါ့မှာ၊ ဘယ်သောခါက၊ ကောင်းစွာကျေးဇူး၊ တင်ပေဖူးဟု၊ ညွတ်နူးမြော်တွေး၊ ကောင်းရာရွေးလျက်၊ လေးမြတ်ကြင်နာ၊ ထုံးနည်းစာ၍။    ။မေတ္တာ ရှေးကြပါစေသောဝ်။

တပေါသုတိ။    ။ယောနိဖြင့်အား၊ သုံးသွယ်ပြားသား၊ ပုဏ္ဏားတို့တွင်၊ ဂုဏ်ရည်ရွှင်လျက်၊ ဗေဒင်မတတ်၊ ကျင့်ဝတ်မရှိ၊ ဇာတိဗြဟ္မဏ၊ ဤမျှညီလျက်၊ ကြောင်းတစ်ချက်ဖြင့်၊ ဇာတ်ပျက်ပုဏ္ဏား၊ ထင်မှားမိစ္ဆာ၊ ဇူဇကာသည်။ တဏှာရှေ့သွား၊ မိုက်သောအားဖြင့်၊ မယားမိတ္တာ၊ သွန်သင်ရာကို၊ လိုက်နာမိ၍၊ ဆွေမတွေ့တည့်၊ သေငွေ့မစဲ၊ ဆင်းရဲမကွာ၊ သူ့ပြည်ရွာမှာ၊ ခန္ဓာပြတ်ကြွေ၊ ဆုံးဖူးချေဟု၊ သက်သေပုံယူ၊ ခပ်သိမ်းသူတို့၊ ငယ်မူငယ်ရာ၊ ငယ်ရွယ်ခါက၊ ပညာကျေးဇူး၊ သင်ဆည်းပူးလျက်၊ နှစ်ဦးကြင်ဖော်၊ ရံခါသော်လျှင်၊ တော်မှန်နှလုံး၊ ချစ်ရိုးထုံးဖြင့်၊ စိတ်သုံးအသင့်၊ ကိုယ်ကိုကျင့်၍၊ မြင်းရှေ့ရထား၊ မသွားရဟန်၊ လုံ့လအန်ဖြင့်။    ။လမ်းမှန် ကြိုးကြပါစေသောဝ်။

သဘောဒုသိ။    ။တူကြဘိသား၊ အမိတ္တာပ၊ ပုဏ္ဏေးမလျှင်၊ ငယ်ကချစ်ခင်၊ မိမိလင်ကို၊ ကြင်နာဝမ်းထဲ၊ မမုန်းဘဲနှင့်၊ အမြဲကိလိဌ်၊ နိုင်ချင်စိတ်ကြောင့်၊ ကျိုးဟိတ်မမြင်၊ လင်ကိုစင်လျက်၊ ကျွန်သွင်တရှိ၊ ပြုချေမိ၍၊ ဒုန္နိဝိဌ်ဝယ်၊ ပျိုသက်ရွယ်က၊ ငယ်လင်လည်းဆုံး၊ စည်းစိမ်သုံးလျက်၊ ပြုန်းရှုံးပျက်စီး၊ ဆွေမနီးဘဲ၊ အထီးကျန်လေ၊ ဆင်းရဲချေဟု၊ ဥပဒေရ၊ ကြင်မိန်းမတို့၊ ဂဟပတဂ္ဂိ၊ မည်ဘိပုံစံ၊ မီးတောက်လျှံကို၊ နွံစေပြီးသော့၊ သေလေတော့ဟု၊ ပေါ့လျော့နင်းသွား၊ ဝင်ရောက်မှားသော်၊ ပူသားမီးပုံ၊ သက်သေရုံသာ၊ စွမ်းနိုင်ရာ၏၊ ပမာထိုထက်၊ လျှံတက်ရှိန်စော်၊ လင်ကိုသော်ကား၊ ကော်ရော်ရိုသေ၊ မပြုချေမူ၊ သက်သေထိုဟန်၊ ပစ္စုပ္ပန်လည်း၊ ပူပန်ဆင်းရဲ၊ မလွဲဖြစ်တတ်၊ ခန္ဓာပြတ်လည်း၊ ဥပဒ်နှိပ်နင်း၊ ငရဲမင်းကား၊ အတင်းကလူ၊ ဖြတ်သတ်ယူလိမ့်၊ မပူမဆာ၊ ချမ်းသာရကြောင်း၊ မိန်းမကောင်းတို့၊ နောက်နှောင်းသုဂတိ၊ ရကျိုးရှိအောင်၊ မိမိအရှင်၊ ချစ်သည့်လင်ကို၊ ထိပ်တွင်ပန်းဟန်၊ ကိုးကွယ်ပန်၍။    ။ကြမ်းမာန် ချိုးကြပါစေသောဝ်။

မနောစုတိ။    ။သေလုဘိသား၊ ဒုဗ္ဘိမိတ္တာ၊ ဇူဇကာသည်၊ ဝင်္ကတောင်မှာ၊ ဘုရားလျာလျှင်၊ ဒါယကာစစ်၊ ဖြစ်သည်ဧကန်၊ ခင်ပွန်းမှန်လျက်၊ ဒဏ်ကြီးရောက်မှု၊ ကိုယ်ကိုပြုသို့၊ ဇမ္ဗူ့သခင်၊ ရွှေနန်းရှင်၏၊ ရှေ့တွင်မျက်မှောက်၊ သားနှစ်ယောက်ကို၊ ထောက်ထားမတန်၊ ကျွန်နှင့်နှုန်းတမ်း၊ နှုတ်သံကြမ်းဖြင့်၊ အရမ်းဘဲဆီ၊ ဒုဿီရေရွတ်၊ လှင်တံခတ်လျက်၊ နွယ်ပတ်တုပ်နှောင်၊ ယူခဲ့ဆောင်သော်၊ ရှောင်ရှားလွတ်ရာ၊ မိမိရွာသို့၊ သွားပါလိုလျက်၊ ကြမ္မာနှက်၍၊ မျက်စိယွင်းလည်၊ စေတုတ်ပြည်သို့၊ ရောက်သည်ခဏ၊ စည်းစိမ်ရလည်း၊ ခိုင်လှလုံးကြီး၊ ငှက်ပျောဖီးလျှင်၊ ချင်းအပင်ကို၊ သတ်ချင်၏သို့၊ သူမိုက်တို့၌၊ နှစ်လို့မပြည့်၊ ကိုယ်၏စည်းစိမ်၊ ကိုယ်ကိုနှိမ်သော်၊ အိမ်သူမိတ္တာ၊ တူမပါဘဲ၊ ချမ်းသာမမြင်၊ သေဇောဝင်၍၊ ဘဝင်မခြား၊ အပါယ်လား၏။ တရားစဉ်လာ၊ ဤသို့စာ၍၊ သူ့မှာကျေးဇူး၊ အထူးသိတတ်၊ ခင်ပွန်းဝတ်ကို၊ မပြတ်အောက်မေ့၊ ဓလေ့ကောင်းမွန်၊ မြတ်ရာညွှန်၍။    ။ကျမ်းဂန် ကိုးကြပါစေသောဝ်။

နီညိုမစွဲ။    ။ခြောက်ပြစ်ဖဲသား၊ ပုလဲဖြူထွား၊ ပတ္တမြားသို့၊ လေးပါးပဘ၊ သင်္ဂဟနှင့်၊ ဂုဏခြောက်တည်၊ ဆယ်မည်ဓမ္မ၊ စသည်မလွတ်၊ မင်းကျင့်ဝတ်ဖြင့်၊ လွှံ့ပတ်ဇမ္ဗူ၊ ထီးဖြူရာဇင်း၊ အမင်းမင်းကို၊ နှိပ်နင်းအာဏာ၊ ဗောဓိလျာလျှင်၊ ရတနာမိုး၊ မြို့လုံးဖြိုးမျှ၊ နတ်စိုးသက္က၊ ရွာစေရ၍၊ ဒုက္ခဟန့်တား၊ တိုင်းသူများကို၊ သနားမြတ်လေး၊ သားနှယ်မွေးသား၊ ထိုရှေးမင်းကောင်း၊ ဘုရားလောင်းနှင့်၊ အကြောင်းတူစွာ၊ ဤအခါ၌၊ ရာဇာများနတ်၊ ထို့မင်းမြတ်လည်း၊ မလွတ်တရား၊ ကျင့်ဆယ်ပါးနှင့်၊ ပြည်သားပြည်သူ၊ ရှင်လူတကာ၊ ချမ်းသာငြိမ်းအေး၊ သုခကျွေးလျက်၊ ရန်ဘေးပြတ်ကျိုး၊ ဘုန်းတော်ဖြိုး၍၊ မိုးလည်းကောင်းထွေ၊ ရေလည်းခါညီ၊ မြေဆီသြဇာ၊ တက်လာတုံရှောင်း၊ သီးနှံကောင်းလျက်၊ တောင်းဘဲညားညား၊ ပေးသူများ၍၊ တိုင်းကားပြည်ရွာ၊ ဝပြောသာလျှင်၊ မဟာသမယ၊ ဗုဒ္ဓသာသနာ၊ ပွင့်လင်းစွာဖြင့်၊ သဒ္ဓါ,သီလ၊ စသည် ခုနစ်ဖြာ၊ သူတကာအား၊ ရတနာမိုး၊ ရွာသွန်းဖြိုး၍။    ။သောင်းစိုး မြန့်လယ်တင့်စေသောဝ်။

မှီခို့တကဲ။    ။လက်သုံးစွဲ၍၊ အမြဲမှတ်သား၊ မျိုးလေးပါးတို့၊ သားနှင့်မိဘ၊ နှမနှင့်မောင်၊ ညီနောင်မြေးဘိုး၊ ဆွေမျိုးကျွမ်းဝင်၊ ကျေးဇူးရှင်နှင့်၊ ကိုယ်တွင်ခစား၊ ဤသို့အားဖြင့်၊ ခြောက်ပါးမင်းတို့၊ ကျင့်လေမြို့သား၊ မချို့ကမ္ပည်း၊ ရှေးထုံးနည်းကို၊ အသည်းစွဲချင့်၊ မှတ်ယူကျင့်၍၊ ဆွေနှင့်မျိုးစု၊ ချစ်မှုမကွဲ၊ ဆင်းရဲမတွေ့၊ လောက်လွေ့စည်းစိမ်၊ ရိပ်ငြိမ်သာယာ၊ တိုးတက်စွာဖြင့်၊ မဟာအဏ္ဏဝ၊ သံသာရမှ၊ တူကွစုပေါင်း၊ လမ်းရကြောင်းလျှင်၊ ကောင်းသားကုသိုလ်၊ ဆယ်ဖြာကိုသာ၊ လိုအင်မညှိုး၊ နေ့တိုင်းဖြိုး၍။    ။ကောင်းကျိုး ပန်းနှယ်ပွင့်စေသောဝ်။

ဤသို့အမြဲ။    ။မှတ်စွဲကြငှာ၊ ချစ်မေတ္တာဖြင့်၊ ဤစာစီရင်၊ ငါတုံလျှင်လည်း၊ များဖြင့်ထိုသို့၊ ဆိုခဲ့မြို့သား၊ မချို့ဂုဏ်ရည်၊ ပြည့်စုံတည်လျက်၊ ဤသည်ဘဝ၊ ပစ္စက္ခ၌၊ ဆန္ဒရှိလျောက်၊ ကြံတိုင်းမြောက်၍၊ ပေါက်ရောက်သတင်း၊ ကျေးဇူးချင်းလျက်၊ ဘေးကင်းရန်ကွာ၊ မိစ္ဆာမထောင့်၊ ကြောင့်ကြမကြိမ်၊ စိုးရိမ်ကင်းလွတ်၊ ဥပဒ်မတွယ်၊ အန္တရာယ်ငြိမ်း၊ မတိမ်းမစောင်း၊ လူပေါင်းချစ်ခင်၊ မြင်လျှင်နှစ်သက်၊ နှုတ်ထွက်စကား၊ မှားသည်မရှိ၊ ကတိမဖိတ်၊ ကိုယ်စိတ်နှစ်ပါး၊ စီးပွားချမ်းသာ၊ တစ်ရာသက်လုံး၊ ဆုံးအောင်ကုသိုလ်၊ ပြုနိုင်လို၏၊ ထိုမှနောင်ဝယ်၊ ကြီးငယ်ဘဝ၊ ကျင်လည်ရလည်း၊ ဤကပြည့်ဟောင်း၊ ကျေးဇူးပေါင်းနှင့်၊ ထပ်လောင်းအသစ်၊ ဆင့်ကာဖြစ်၍၊ ညစ်ကြေးစင်စွာ၊ ပု-ဒိ-အာ-ကို၊ လွယ်ကာမငြို၊ ရပါလိုဟု၊ ထိုပြည့်ရှင်များ၊ မင်းခြောက်ပါးတို့၊ အားကျအန်ကိုး၊ ဆက်တိုင်းကြိုး၍။    ။လောင်းမျိုး ခန့်ရွယ်ရင့်စေသောဝ်။

နိဂုံး ပိုဒ်စုံရတု ပြီး၏။