ဝိပဿီဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၁၉- ဝိပဿီဗုဒ္ဓဝင်

၄၇၅

၁၉-ဝိပဿီဗုဒ္ဓဝင်

     ဖုဿမြတ်စွာဘုရား ပွင့်တော်မူရာ ကပ်ကမ္ဘာ ကုန်ဆုံးပြီးသည့်နောက် ဤကမ္ဘာမှပြန်၍ ရေတွက်သည်ရှိသော် (၉၁) ကိုးဆယ့်တခုမြောက်ဖြစ်သော ကမ္ဘာ၌ ဝိပဿီမြတ်စွာဘုရား ပွင့်တော်မူ၏။ ထိုဝိပဿီမြတ်စွာဘုရား၏ အကြောင်းအရာသော်ကား..

     ထိုကိုးဆယ့်တခုမြောက် ကပ်ကမ္ဘာဝယ် လူတို့အသက်တမ်း အသင်္ချေတမ်းမှ ဆုတ်ယုတ်ခဲ့၍ အနှစ် (၈၀၀၀၀) ရှစ်သောင်းတမ်းသို့ ရောက်သောအခါ ဝိပဿီမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်ဖြစ်၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ ဗန္ဓုမတီ မင်းနေပြည်တော် ဗန္ဓုမအမည်ရှိသော မင်းကြီး၏ ဗန္ဓုမတီအမည်ရှိသော မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ သားသမင်တို့အား ဘေးမဲ့ပေးရာဖြစ်၍ ခေမဟူ၍ အမည်ရှိသော သမင်ပေါသဖြင့် သမင်တောဟု ခေါ်ဆိုထိုက်သည့် မိဂဒါဝုန် ဥယျာဉ်တော်အတွင်း၌ ဖွားမြင်တော်မူ၏။

(အလောင်းတော်မင်းသား ပဋိသန္ဓေ နေသောအခါ ဖွားမြင်သောအခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှား ဖြစ်ပေါ်ကုန်၏။)

ထူးခြားချက်ကြီး

     အလောင်းတော်မင်းသား ဖွားမြင်သောအခါ နေ့ရော ညဉ့်ပါ အလောင်းတော်မင်းသား သွားလေရာ နေလေရာ အရပ်တိုင်း အချမ်း အပူ မြက် မြူ နှင်းပေါက်တို့ မကျရောက် မနှိပ်စက်နိုင်ရန် နတ်၌ဖြစ်သော ထီးဖြူကြီး အမြဲတမ်း ဆောင်းလျက် မိုးလျက် တည်ရှိလေသည်။ လူသူအပေါင်းတို့က အမြဲ ချစ်ခင်



၄၇၆

နှစ်သက်အပ်သူ ဖြစ်လေသည်။ မြေသို့ ခြေမကျရပဲ တရင်ခွင်မှ တရင်ခွင်သို့ ကူးပြောင်းပွေ့ချီကြကာ ကြီးပွါးစေခဲ့ကြလေသည်။

ဝိပဿီဟူသောအမည်

     အလောင်းတော်မင်းသား ဖွားလျှင်ဖွားခြင်း နတ်မျက်စိကဲ့သို့ မြင်စွမ်းနိုင်သော အာနုဘော်ရှိသည့် ကမ္မဝိပါကဇ= (ကုသိုလ်ကံ၏ အကျိုးဝိပါက်ကြောင့်ဖြစ်သည့် မျက်စိတော်များ ထင်ရှား ဖြစ်လေသည်။ ယင်းမျက်စိတော်များဖြင့် အလောင်းတော်သည် နေ့၌ဖြစ်စေ ညဉ့်၌ဖြစ်စေ ထက်ဝန်းကျင် တယူဇနာတိုင်တိုင် အပိတ်အပင်မရှိ မြင်နိုင်လေသည်။ တာဝတိံသာ နတ်ပြည်၌နေသော နတ်တို့သည် အမြဲတမ်း မမှိတ်သော မျက်စိတို့ဖြင့်သာ ကြည့်ကြသကဲ့သို့ အလောင်းတော် မင်းသားသည်လည်း ဖွားတော်မူသည်ကစ၍ မည်သည့်အခါမှာမှ မျက်စိကို မှိတ်သည်မရှိ အမြဲဖွင့်သော မျက်စိတို့ဖြင့်သာ ကြည့်ရှုတတ်သည်ကို အစွဲပြု၍ “ဝိပဿီမင်းသား ဝိပဿီမင်းသား”ဟူ၍ အမည်တော် ထင်ရှားဖြစ်ခဲ့လေသည်။

     ထို့ပြင်လည်း တနေ့သောအခါ ခမည်းတော် ဗန္ဓုမမင်းကြီး တရားလွှတ်ရုံး၌ တရားဆုံးဖြတ်နေစဉ် သားတော်မင်းသားကို တန်းဆာဆင်၍ ခမည်းတော်မင်းကြီးလက်သို့ ဆက်သကြသည်တွင် ခမည်းတော် ဗန္ဓုမမင်းကြီးသည် သားတော်ကို ရင်ခွင်ထက်ထား၍ ပိုက်ဖျားယုယနေစဉ် အမတ်တို့သည် ဥစ္စာရှင်ကို ဥစ္စာရှင်မဟုတ်သောအနေဖြင့် မတရား ဆုံးဖြတ်ကြကုန်၏။ ဘုရားအလောင်း မင်းသားသည် မနှစ်သက် မကျေချမ်းနိုင်သော အသံကို ထုတ်ဖော်ဟစ်အော် ငိုကြွေးသည်တွင် ခမည်းတော်မင်းကြီးက “သားတော် ဤသို့ဖြစ်ရခြင်းမှာ အကြောင်း မည်သို့နည်း၊ စူးစမ်းကြကုန်”ဟူ၍ မိန့်သည်ရှိသော် အကြောင်းကို စူးစမ်းပါသော်လည်း အခြားတပါးသော အကြောင်းကို မမြင်ကြပဲ “တရားဆုံးဖြတ် လွှတ်ရုံးအမတ်တို့ မတရား ဆုံးဖြတ်အပ်သောကြောင့် ဤကဲ့သို့ပြုအပ်သည် ဖြစ်လိမ့်မည်”ဟု ဆင်ခြင်မိကြ၍ တဖန် ဥစ္စာရှင်ကိုပင် ဥစ္စာရှင်ပြုကာ တရားသဖြင့်



၄၇၇

ဆုံးဖြတ်ကြပြန်သည်၊ ထိုအခါ သားတော် အလောင်းမင်းသား ကျေနပ်နှစ်သိမ့်၍ အငိုတိတ်သောအခါ “မင်းသားသည် တကယ်စင်စစ် သိ၍ပင် ဤသို့ ပြုလေသလော”ဟု စူးစမ်းလိုကြပြန်သဖြင့် တဖန် မတရား ပြန်၍ဆုံးဖြတ်ကြသည်ရှိသော် အလောင်းမင်းသားသည် ရှေးနည်းအတူ မနှစ်သက် မကျေချမ်းနိုင်သော အသံကို ထုတ်ဖော်ဟစ်အော် ငိုကြွေးပြန်လေသည်။ ထိုအခါ ခမည်းတော် မင်းကြီးသည် “အလောင်းမင်းသားသည် တကယ်ပင် တရားသည် မတရားသည်ကို သိပေ၏”ဟု ဆုံးဆုံးဖြတ်ဖြတ် ယုံကြည်ပြီးလျှင် ထိုအခါမှစ၍ မမေ့မလျော့ တရားသဖြင့် စိုးအုပ် မင်းပြုတော်မူသည်။

     ထိုအခါမှစ၍ “တရားသည် မတရားသည်ကို စိစစ်စိစစ်ပြီးလျှင် ခွဲခြားသိမြင်တတ်သည်ကို” အစွဲပြု၍ အလောင်းတော်၏ ဝိပဿီမင်းသားဟူသော အမည်သည် တိုးတက်ထင်ရှား ဖြစ်ပွါးလေတော့သည်။

ထီးနန်းစိုးစံတော်မူခြင်း

     အလောင်းတော် ဝိပဿီမင်းသားသည် အရွယ်သို့ ရောက်သောအခါ (၁) နန္ဒ ရွှေနန်းဆောင်၊ (၂) သုနန္ဒ ရွှေနန်းဆောင်၊ (၃) သိရိမာရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ သုဒဿနာဒေဝီ မိဖုရားကြီး (တနည်း သုတနုမိဖုရားကြီး) အမှူးရှိသော မောင်းမအပေါင်း (၁၂၀၀၀၀) တသိန်းနှစ်သောင်းတို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း (၈၀၀၀) ရှစ်ထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။

နိမိတ်ကြီးလေးပါး ထင်ပုံ

     အလောင်းတော် ဝိပဿီမင်းသားသည် တနေ့သ၌ ရထားထိန်းကို ခေါ်ပြီးလျှင် “ငါသည် ဥယျာဉ်မြေပြင်အရပ်ကို ရှုစားလိုသည်၊ ဥယျာဉ်သို့ ထွက်တော်မူမည်”ဟု အမိန့်ပေးကာ ရထားစီးနင်း၍ ဥယျာဉ်သို့ ထွက်တော်မူလာသည်တွင် လမ်းခရီး၌



၄၇၈

နတ်တို့ ဖန်ဆင်းပြအပ်သော သူအိုကိုမြင်သဖြင့် (သူအိုကို တကြိမ်တခါမျှ မမြင်ဘူးသော အလောင်းမင်းသားအဖို့ အထူးတဆန်းကြီးဖြစ်ကာ) “အချင်းရထားထိန်း.. ဤယောက်ျားကား အဘယ်အမှု ပြုနေသနည်း၊ သူ၏ဆံပင် သူ၏ကိုယ်တို့သည် တပါးသူတို့၏ ဆံပင် ကိုယ်တို့နှင့် လားလားမျှ မတူပါတကား”ဟု မေးမြန်းသည်တွင် ရထားထိန်းက “အရှင်မင်းကြီး.. ဤသူကား သူအိုမည်ပါသည်ဘုရား”ဟု လျှောက်ထားလေ၏။ ထိုအခါ အလောင်းတော်က “အချင်းရထားထိန်း.. သူအိုဆိုသည်မှာ ဘယ်လိုဟာမျိုးတုန်း”ဟု (တကယ်ပင် သူအို၏အဖြစ်ကို မသိ၍) မေးတော်မူသောအခါ ရထားထိန်းက “အရှင်မင်းကြီး.. ဤသူသည် အမှန်ပင် သူအိုမည်ပါသည်။ ထိုသူသည် ယခုအခါ အသက်ရှည်စွာ နေရတော့မည် မဟုတ်ပါ”ဟူ၍ လျှောက်ထားလေသော် အလောင်းတော်မင်းသားက “အချင်းရထားထိန်း.. ငါသည်လည်း အိုခြင်းသဘော ရှိပါသလော၊ အိုခြင်းသဘောကို မလွန်မြောက်နိုင်သူ ဖြစ်ပေသလော”ဟု မေးမြန်းသောအခါ ရထားထိန်းက “အရှင်မင်းကြီး.. အရှင်မင်းကြီးနှင့်တကွ ကျွန်ုပ်တို့ပါ ခပ်သိမ်းသောသူတို့သည် အိုခြင်းသဘော ရှိကြပါသည်၊ အိုခြင်းသဘောကို မလွန်မြောက်နိုင်ကုန်ပါ”ဟူ၍ ပြန်ကြား လျှောက်ထားလေသည်။

     ထိုအခါ အလောင်းမင်းသားက “အချင်းရထားထိန်း.. သို့တပြီးကား ဥယျာဉ်တော်ကို မကြည့်လိုတော့ပြီ၊ ဤအရပ်မှပင် နန်းတော်သို့ ပြန်နစ်လော့”ဟု မိန့်ကြား၍ ပြန်လာရာ နန်းတော်သို့ ရောက်သောအခါ အလောင်းတော်မင်းသားသည် “အို.. ဇာတိတရားကား စက်ဆုပ် ငြီးငွေ့ဖွယ်ပါတကား၊ ဇာတိတရား ထင်ရှားရှိသော် ဇရာတရားကား မြေလက်ခတ်မလွဲ ထင်ရှား ဖြစ်ပေလိမ့်မည်တကား”ဟု စဉ်းစားကြံမှိုင်၍ မပျော်ပိုက်နိုင်အောင်ပင် ရှိ၍နေ၏။

     ထိုအခါ ခမည်းတော် မင်းတရားကြီးသည် ရထားထိန်းကို ခေါ်ယူမေးမြန်း၍ အကြောင်းကို သိလေသော် အလောင်းတော်မင်းသား



၄၇၉

တောမထွက်ဖြစ်ရန် ရည်သန်၍ ရှေးကထက်တိုးကာ သုံးဆောင်ဖွယ်ရာ အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ထားရှိပေးလေသည်။

     ထို့နောက် နှစ်ပေါင်း ထောင်ပေါင်းများစွာ လွန်သောအခါ ဒုတိယအကြိမ် ဥယျာဉ်သို့ ထွက်ရာမှာလည်း ဤအတူပင် လမ်းခရီး၌ သူနာကိုမြင်၍ ရှေးနည်းအတူ ဥယျာဉ်သို့ အရောက်မသွားတော့ပဲ နန်းတော်သို့ပင် ပြန်လာကာ ရှေးနည်းအတူ မပျော်ပိုက်နိုင် ကြံမှိုင်၍နေသည်ကို ခမည်းတော်မင်းကြီး ကြားသိသောအခါ တိုး၍ပင် အာရုံငါးပါး ကာမဂုဏ်တရားတို့ကို ထားရှိပေးလေသည်။

     ထို့နောက် နှစ်ပေါင်း ထောင်ပေါင်းများစွာ လွန်သောအခါ တတိယအကြိမ် ဥယျာဉ်သို့ ထွက်ရာမှာလည်း လမ်းခရီးတွင် သူသေကိုမြင်၍ ရှေးနည်းအတူ နန်းတော်သို့ပင် ပြန်လာတော်မူ၏။

     ထို့နောက် နှစ်ပေါင်း ထောင်ပေါင်းများစွာ လွန်သောအခါ စတုတ္ထအကြိမ် ဥယျာဉ်သို့ ထွက်တော်မူရာ လမ်းခရီးတွင် ရဟန်းကိုမြင်၍ ရထားထိန်းကို ရဟန်း၏အကြောင်း မေးမြန်း၍ ရထားထိန်း ပြောကြားချက်အရ ရဟန်းအကြောင်းကို သိရသောအခါ လွန်စွာအားရ နှစ်သက်တော်မူ၍ ရဟန်းရှိရာသို့ ရထားကို နှင်စေလေသည်။

     ရဟန်းထံသို့ ရောက်သောအခါ အကြောင်းအကျိုး မေးမြန်း၍ ရဟန်းအဖြစ်ကို အလွန် နှစ်သက်တော်မူကာ ရထားထိန်းကိုခေါ်၍ “အချင်းရထားထိန်း.. ဤရထားကို ယူဆောင်၍ နန်းတော်အတွင်းမှာ ပြန်လည်အပ်နှံပါလေ၊ ငါတမူကား ဤအရပ်၌ပင် ရဟန်းပြုတော့အံ့”ဟု မိန့်ကြား၍ ရထားထိန်းကို ပြန်လွှတ်လိုက်လေသည်။ ထိုနေ့ကား သုဒဿနာဒေဝီ မိဖုရားကြီးမှ သမဝတ္တက္ခန္ဒ အမည်ရှိသော သားတော်ကို ဖွားမြင်သောနေ့ ဖြစ်ပေသည်။



၄၈၀

     အလောင်းတော် ဝိပဿီမင်းသားသည် ရထားထိန်းကို ပြန်လွှတ်လိုက်ပြီးနောက် ထိုအရပ်မှာပင် ဆံမုတ်ဆိတ်တို့ကိုပယ်ကာ ဖန်ရည်တပ်စွန်းသော သင်္ကန်းတို့ကိုဝတ်၍ ရဟန်းပြုတော်မူ၏။ (ဤ၌ သပိတ်သင်္ကန်းကို မည်သည့်နည်းဖြင့် ရသည်ဟူ၍ ဟောကြားချက် မရှိသော်လည်း အလောင်းတော်တို၏ ဓမ္မတာအတိုင်း သုဒ္ဓါဝါသဗြဟ္မာကြီးများ ဆင်းသက် ကပ်လှူလာ၏ဟူ၍ မှတ်ယူသင့်ပေသည်။)

     ထိုအခါ ဗန္ဓုမတီပြည်သားပေါင်း (၈၄၀၀၀) ရှစ်သောင်း လေးထောင်တို့သည်လည်း အလောင်းတော် ဝိပဿီမင်းသား ရဟန်းပြုတော်မူကြောင်း သတင်းကြားကြ၍ အတုလိုက် (အားကျ)ကာ ရဟန်းပြုကြလေကုန်သည်။

ဘုရားဖြစ်တော်မူခြင်း

     ဝိပဿီမြတ်စွာဘုရား အလောင်းတော်သည် ထိုရှစ်သောင်း လေးထောင်သော ရဟန်းတို့ဖြင့် ခြံရံလျက် ရွာ, နိဂုံး, မြို့ကြီး, ပြည်ကြီးများသို့ ခရီးဒေသစာရီ ကြွချီတော်မူသောအခါ ရောက်လေရာရာအရပ်၌ မဏ္ဍပ်ကြီးများထိုး၍ လူအပေါင်းတို့က ကြီးစွာသော ဆွမ်းအလှူဒါနကို လှူဒါန်းကြသည်ကို ငြီးငွေတော်မူကာ တောထွက် ရဟန်းပြုတော်မူသည်မှ ရှစ်လမြောက်သို့ နက်ဖန်ခါ ရောက်တော့မည်ဟု ဆိုအပ်သော ကဆုန်လဆန်း (၁၄) ရက်နေ့တွင် အလောင်းတော်၏သန္တာန်၌ စိတ်အကြံ ဖြစ်သည်ကား “ငါသည် အခြံအရံတို့နှင့် ရောနှော၍နေခြင်းငှါ မသင့်လျော်ချေ။ ငါသည် ဤပရိသတ်နှင့်ခွဲကာ တဦးတည်းနေရမူ ကောင်းလေစွာ့”ဟု ကြံစည်တော်မူ၍ ပရိတ်သတ်နှင့် ခွဲခွါတော်မူခဲ့ရာ ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့ (နောက်တနေ့)သို့ ရောက်သောအခါ သုဒဿနသူဌေးသမီး လှူဒါန်းအပ်သော ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတော၏ အတွင်းမှာ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်တွင် မဟာဗောဓိမဏ္ဍိုင်သို့ ကြွတော်မူရာ လမ်းခရီးအကြား၌



၄၈၁

သုဇာတအမည်ရှိသော မုယောခင်း (ဂျုံခင်း)စောင့်သူ လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံယူတော်မူခဲ့၍ သခွတ်ပင်ဗောမိရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၅၃) ငါးဆယ့်သုံးတောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာလေ၏။

ထိုသခွတ်ပင်ဗောဓိ၏ ပင်စည်ပင်မသည် အလောင်းတော် ကပ်ရောက်သည့်နေ့၌ အတောင်ငါးဆယ်မြင့်၍ အထက်သို့တက်သော ခက်မသည်လည်း အတောင်ငါးဆယ်ရှိသဖြင့် အတောင်တရာမြင့်၏၊ ထိုနေ့မှာပင်လျှင် သခွတ်ပင်ဗောဓိသည် အလွန်မွှေးကြိုင်သော ရနံ့ရှိသည့် အနားညီအောင် သီ၍ထားအပ်သကဲ့သို့သော ပန်းပွင့်တို့ဖြင့် အရင်းမှစ၍ တပင်လုံးကို ဖုံးအုပ်ထားအပ်သကဲ့သို့ ရှိ၏၊ နတ်၌ဖြစ်သော ရနံ့ကောင်း ဖြင့်လည်း ကြိုင်လှိုင်လျက်ရှိပေ၏။ ထိုနေ့၌ကား ဗောဓိသခွတ်ပင်သာမဟုတ် စကြဝဠာ တိုက်တသောင်းအတွင်း အလုံးစုံသော သစ်ပင်ချုံနွယ်အပေါင်းတို့ပင် ပွင့်ကြကုန်၏။

     ထိုအပရာဇိတပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး ဆိုအပ်ပြီးသောနည်းအတိုင်း ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

တရားပွဲကြီးသုံးကြိမ်

     ဝိပဿီမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (သခွတ်)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏တောင်းပန်ချက်ကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု စဉ်းစား ဆင်ခြင်တော်မူလတ်သော် အဂ္ဂသာဝကအလျာ ဖြစ်ကြသည့် ကိုယ်တော်မြတ်နှင့် ဖတူမိကွဲ ခဏ္ဍမင်းသားနှင့် တိဿအမည်ရှိသော ပုရောဟိတ်သားတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့်



၄၈၂

ပြည့်စုံကြသည်တို့ကို မြင်တော်မူ၍ “ထိုသူတို့အား ရှေးဦးစွာ တရားဟောအံ့”ဟု ကြံစည်တော်မူပြီးလျှင် ဗန္ဓုမတီမြို့တော်အနီး သားသမင်တို့အား ဘေးမဲ့ပေးရာဖြစ်၍ ခေမအမည်ရှိသော မိဂဒါဝုန်ဥယျာဉ်သို့ ကောင်းကင်ခရီးဖြင့် ခဏခြင်း ကြွရောက် သက်ဆင်းတော်မူလျက် ထိုမင်းသားနှင့် ပုရောဟိတ်သားတို့ကို ဥယျာဉ်မှူးကို စေလွှတ်၍ ခေါ်စေပြီးလျှင် ထိုသူနှစ်ဦးတို့ လာရောက်ကြသောအခါ ရဟန်းပြုသင့်ကြောင်း ကောင်းမြတ်သော အဆုံးအမ ဩဝါဒတရားမှ အစပြုကာ ဟောကြားပြီး၍ ထိုခဏ စည်းဝေးရောက်လာကြသည့် နတ်ဗြဟ္မာအပေါင်းတို့နှင့်တကွ ထိုသူနှစ်ဦးတို့အား ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သည့် ဓမ္မစကြာ ဒေသနာကို ဟောကြားတော်မူရာ မင်းသား နှင့် ပုရောဟိတ်သားတို့ကို အစထား၍ မရေတွက်နိုင်သော နတ်ဗြဟ္မာတို့ မဂ်ဖိုလ်တရားထူးကို ရကြလေကုန်သည်။

     အထူးအားဖြင့် အဂ္ဂသာဝကအလျာ ဖြစ်ကြသည့် ခဏ္ဍမင်းသားနှင့် တိဿအမည်ရှိသော ပုရောဟိတ်၏သားတို့သည် မြတ်စွာဘုရားအထံတော်၌ ဧဟိဘိက္ခု ရဟန်းဖြစ်ကြ၍ မကြာမြင့်မီပင် ရဟန္တာဖြစ်ကြကုန်၏။

(ဤကား ရှေးဦးစွာသော ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် ဗန္ဓုမတီပြည်သား ယောက်ျားပေါင်း (၈၄၀၀၀) ရှစ်သောင်း လေးထောင်တို့သည် “ဗန္ဓုမတီပြည်အနီး ခေမမိဂဒါဝုန်ဥယျာဉ်ကြီး၌ ဝိပဿီမြတ်စွာဘုရား ကြွရောက်သီတင်းသုံး နေတော်မူပြီတဲ့၊ ခဏ္ဍမင်းသားနှင့် ပုရောဟိတ်သား တိဿလုင်တို့လည်း ဝိပဿီမြတ်စွာဘုရားထံ၌ ရဟန်းပြုကြပြီတဲ့”ဟူသော သတင်းစကားကို ကြားကြသဖြင့် အတုလိုက် (အားကျ)ကာ ရဟန်းပြုကြကုန်၏။ ထိုသို့ အတုလိုက်၍ ရဟန်းပြုကြသော ရှစ်သောင်း လေးထောင်သော သူတို့အား ဝိပဿီမြတ်စွာဘုရား သည် တရားတည်းဟူသော အမြိုက်ဆေးကို တိုက်ကျွေးတော်မူ၏။

(ဤကား ဒုတိယာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)



၄၈၃

     ဝိပဿီမြတ်စွာဘုရား ဘုရားမဖြစ်မီ မင်းအဖြစ်ဖြင့် နေစဉ်အခါက အလုပ်အကျွေး အခြွေအရံ ဖြစ်ကြသော လူပေါင်း ရှစ်သောင်း လေးထောင်တို့သည် အလောင်းတော် တောထွက်သည့် စတုတ္ထမြောက် ဥယျာဉ်တော်သို့ သွားသောနေ့ နံနက်စောစော အချိန်မှာပင် ဝိပဿီမင်းသားကို ခစားရန် လာရောက်ကြကုန်၍ မင်းသားကို နန်းတော်၌ မတွေ့မြင်ရသဖြင့် နံနက်စာစားရန် ပြန်သွားကြပြီးလျှင် ထမင်းစားကြပြီးနောက် “မင်းသားသည် အဘယ်အရပ်၌ ရှိသနည်း”ဟု မေးမြန်းကြလျက် ဥယျာဉ်တော်သို့ ကြွသွားကြောင်း သတင်းကြားရ၍ “ငါတို့သည် ဥယျာဉ်တော်မှာပင် မင်းသားကို ဖူးမြင်ကြကုန်အံ့”ဟု ထွက်ခဲ့ကြကုန်၏။

     လမ်းခရီးမှာ ဝိပဿီမင်းသားက ပြန်၍လွှတ်လိုက်သော ရထားထိန်းနှင့်တွေ့သဖြင့် ဝိပဿီမင်းသား ရဟန်းပြုကြောင်း သတင်းကြားကြသောအခါ ကြားရသည့်အရပ်မှာပင်လျှင် အလုံးစုံ ဝတ်ဆင်လာခဲ့ကြသော လူဝတ်တန်းဆာတို့ကို စွန့်ပယ်လျက် သက်န်းများကို ဈေးမှဝယ်ယူကာ ဆံမုတ်ဆိတ်များကို ပယ်ရှင်း၍ ရဟန်းပြုကြကုန်၏၊ ရဟန်းပြုကြပြီးလျှင် ထိုရှစ်သောင်း လေးထောင်သော အတုလိုက်ရဟန်းတို့သည် ဝိပဿီမြတ်စွာဘုရား အလောင်းတော်ထံ သွားရောက်ဝန်းရံ နေထိုင်ကြကုန်သည်။ အလောင်းတော်သည် ဒုက္ကရစရိယာ ရှစ်လကြာအောင် ထိုရဟန်းတို့ခြံရံလျက် ကျင့်ကြံ အားထုတ်တော်မူ၍ နက်ဖန် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့သို့ ရောက်အံ့သော ကဆုန်လဆန်း (၁၄)ရက်နေ့ဝယ် “ငါသည် အခြွေအရံများနှင့် ရောနှော၍ နေရ၏၊ မင်းသားအဖြစ်ဖြင့် နေစဉ်ကလည်း ငါသည် ဤရှစ်သောင်း လေးထောင်သော သူတို့ကို အခြွေအရံပြု၍ လှည့်လည်သကဲ့သို့ ယခုလည်း ဤသူတို့ကိုပင် အခြွေအရံပြု၍ နေခြင်းသည် မသင့်လျော်ပေ။ ဤအခြွေအရံ ဂိုဏ်းဂဏဖြင့် ငါ့မှာ အဘယ်အကျိုးရှိအံ့နည်း”ဟု အပေါင်းအသင်းနှင့် မွေ့လျော်နေခြင်း၌ ငြီးငွေ့တော်မူ၍ “ယနေ့ပင် ဤအခြွေအရံ ဂိုဏ်းဂဏကိုစွန့်၍ သွားပေအံ့”ဟု ကြံစည်ပြီးမှ တဖန် “ယနေ့ အချိန်မရှိတော့ပြီ၊ အကယ်၍ ယနေ့သွားခဲ့သော် ဤအလုံးစုံသော ရဟန်းတို့သည်



၄၈၄

သိကြလိမ့်မည်၊ နက်ဖန်မှသာလျှင် သွားအံ့”ဟု ကြံစည်တော်မူလေ၏။

     ထို နက်ဖန်ခါရောက်မည့် နောက်တနေ့အတွက်လည်း ငါတို့ဘုရားလက်ထက် ဥရုဝေလရွာနှင့် အလားသဏ္ဌာန်တူသော တခုသောရွာ၌ ရွာသူရွာသားအပေါင်းတို့သည် အခြံအရံနှင့်တကွ မြတ်စွာဘုရား အလောင်းတော်ကို ပင့်ဖိတ်ကြပြီးလျှင် အလောင်းတော်နှင့်တကွ ရှစ်သောင်း လေးထောင်သော အခြံအရံတို့အား လှူဒါန်းရန် ဃနာနို့ဆွမ်းကို စီမံကြကုန်၏။ ထိုအခါ ဝိပဿီမြတ်စွာဘုရား အလောင်းတော်သည် နောက်တရက် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌ ထိုရွာမှာပင် အခြံအရံ ရဟန်းတို့နှင့်တကွ ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီးလျှင် မိမိနေရင်း တောကျောင်းဌာနသို့ ကြွတော်မူ၏။

     တောကျောင်းသို့ရောက်၍ အတုလိုက်ရဟန်းတို့က အလောင်းတော်အား ပြုသင့်သောဝတ်များကို ပြုကြပြီးလျှင် အသီးအသီး မိမိတို့၏ နေ့သန့်ရာ ညဉ့်သန့်ရာ အရပ်တို့သို့ ဝင်ရောက်ကြမှ အလောင်းတော်သည် မိမိ၏ သစ်ရွက်မိုးသော ကျောင်းကလေးအတွင်း ဝင်ရောက်နေထိုင်လျက် “ဤအချိန်ကား ထွက်သွားရန် အသင့်လျော်ဆုံးသော အချိန်တည်း”ဟု ထွက်ခဲ့၍ သစ်ရွက်မိုးကျောင်းကလေး၏ တံခါးကို ပိတ်ပြီးလျှင် မဟာဗောဓိမဏ္ဍိုင်သို့ ရှေးရှုကြွတော်မူလေသည်။

     ထိုအတုလိုက် ရဟန်းတို့သည်လည်း ညနေချမ်းအခါ ဘုရားအလောင်းတော်ထံ ဆည်းကပ်ရန် သွားကြ၍ သစ်ရွက်မိုးကျောင်းကလေးကို ဝန်းရံလျက် အလောင်းတော်ကို တွေ့နိုးနိုးဖြင့် မြော်ကိုးနေကြရာ အချိန်ကာလကြာမြင့်သောအခါမှ “အချိန်ကြာလှပြီ၊ စူးစမ်းကြကုန်လော့”ဟု ပြောဆို၍ သစ်ရွက်မိုးကျောင်းတံခါးကို ဖွင့်၍ကြည့်သောအခါ အလောင်းတော်ကို မတွေ့မမြင်ကြရသော်လည်း “အလောင်းတော်သည် အဘယ်အရပ်သို့ သွားလေသနည်း”ဟု အောက်မေ့ကာ အလောင်းတော်ကို လိုက်လံရှာဖွေမှု အလျဉ်းပင် မပြုကြပဲ “အလောင်းတော်သည်



၄၈၅

အပေါင်းအသင်း ဂိုဏ်းဂဏနှင့် နေခြင်း၌ ငြီးငွေ့တော်မူသဖြင့် တပါးတည်း သီတင်းသုံးနေတော်မူလိုဟန် ရှိသည်။ အလောင်းတော်ကို ဘုရားဖြစ်သောအခါမှ ငါတို့ ဖူးမြင်ကြကုန်တော့အံ့”ဟု ကြံစည်ကြကာ ဇမ္ဗူဒိပ်ကျွန်းအတွင်းဖက်သို့ ရှေးရှု လှည့်လည် ဖဲသွားကြလေကုန်၏။

     ထို့နောက် ထိုအတုလိုက် ရဟန်းပေါင်း (၈၄၀၀၀) ရှစ်သောင်း လေးထောင်တို့သည် “ဝိပဿီမင်းသား ဘုရားဖြစ်၍ ဓမ္မစကြာတရား ဟောကြားတော်မူပြီတဲ့”ဟု သတင်းစကား ကြားရသဖြင့် အစဉ်အတိုင်း ထို အလုံးစုံသော ရဟန်းတို့သည် ဗန္ဓုမတီ နေပြည်တော်အနီး ခေမမိဂဒါဝုန် ဥယျာဉ်ကြီးအတွင်း၌ လာရောက် စည်းဝေးကြကုန်၏၊ ထိုအခါ ထိုအတုလိုက်ရဟန်းပေါင်း ရှစ်သောင်း လေးထောင်တို့အား ဝိပဿီမြတ်စွာဘုရား တရားဟောတော်မူ၏၊ ထိုအခါ ထိုရှစ်သောင်းလေးထောင်သော အတုလိုက်ရဟန်းတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား တတိယာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********

သာဝကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     ဝိပဿီမြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာအစည်းအဝေးကြီးတို့မှာ သုံးကြိမ်ရှိရာ ပဌမအကြိမ်၌ ခေမမိဂဒါဝုန် ဥယျာဉ်ကြီးအတွင်းမှာ ဝိပဿီမြတ်စွာဘုရား အလောင်းတော်သို့ အတုလိုက် ရဟန်းပြုကြသည့် ရဟန်းပေါင်း ရှစ်သောင်းလေးထောင်၊ အဂ္ဂသာဝကအလျာ ခဏ္ဍမင်းသားနှင့် ပုရောဟိတ်သား တိဿလုင်တို့သို့ အတုလိုက် ရဟန်းပြုကြသည့် ရဟန်းပေါင်း ရှစ်သောင်းလေးထောင် နှစ်ရပ်ပေါင်း (၁၆၈၀၀၀) တသိန်း ခြောက်သောင်း ရှစ်ထောင်သော ရဟန်းတို့၏ အလယ်၌ ဝိပဿီ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ရှေးဦးစွာသော သာဝကအစည်းအဝေးကြီးတည်း။)



၄၈၆

ဒုတိယသန္နိပါတ

     ထို့နောက် အခါတပါး၌ မြတ်စွာဘုရားသည် ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာ ပြတော်မူသည်ကို ဖူးမြင်ကြရ၍ ရဟန်းပြုကြကုန်သော တသိန်းသော ရဟန်းတို့၏ အစည်းအဝေးသည် ဖြစ်၏။

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)

တတိယသန္နိပါတ

     ထို့နောက် အခါတပါး၌ ဝိပဿီမြတ်စွာဘုရား၏ ဖတူမိကွဲ ဖြစ်ကြသော မင်းသားညီနောင် သုံးယောက်တို့သည် နယ်စွန်နယ်ဖျားက ထကြွသောင်းကျန်းကြသည်ကို ငြိမ်းအေး ငြိမ်သက်စေ၍ ပြန်လာကြသည်တွင် ခမည်းတော်မင်းတရားကြီးက သားသုံးပါးကို အားရကျေနပ်တော်မူ၍ လိုအပ်သောဆုကို တောင်းကြလော့ဟု ဆုပေးတော်မူရာ မင်းသားညီနောင်တို့က “ငါတို့မှာ လိုအပ်သောဆုကို တောင်းခွင့်ရပြီ၊ အခြားဆုကို ငါတို့ တောင်းရန်မလို၊ နောင်တော်မြတ်စွာဘုရားကို လုပ်ကျွေးပြုစုရန်အတွက် ဆုကိုသာ ငါတို့လိုသည်”ဟု တောင်းဆိုကာ ခမည်းတော်ထံမှ အခွင့်ရသဖြင့် မြတ်စွာဘုရားကို လုပ်ကျွေးလှူဒါန်း ပူဇော်မှုပြုကြရန် မိမိတို့၏ အပိုင်စား မြို့ရွာဌာနတို့သို့ ပင့်လျှောက်ကြရာ မြတ်စွာဘုရားသည် ကြွသွားတော်မူပြီးလျှင် ထိုညီနောင်သုံးဦးတို့၏ ပူဇော်သက္ကာရကို ခံယူတော်မူလျက် တရားဓမ္မ ဟောပြတော်မူရာ ရှစ်သောင်းသော လူတို့သည် ဧဟိဘိက္ခု ရဟန်းဖြစ်ကြ၍ ရဟန္တာအဖြစ်သို့ ရောက်ကြကုန်၏။

     ဝိပဿီ မြတ်စွာဘုရားသည် ခေမမိဂဒါဝုန် ဥယျာဉ်တော်အတွင်း၌ ထိုရှစ်သောင်းသော ရဟန္တာတို့ ခြံရံလျက် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)



၄၈၇

ဂေါတမမြတ်စွာဘုရားအလောင်း အတုလနဂါးမင်းဖြစ်၍ ဗျာဒိတ်ခံယူခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် တန်းခိုးအာနုဘော် ကြီးမားသော အတုလနဂါးမင်းဖြစ်၍ ကုဋေပေါင်းများစွာသော နဂါးတို့ခြံရံလျက် နတ်၌ဖြစ်သော တူရိယာမျိုးတို့ဖြင့် တီးမှုတ်၍ လောကသုံးပါး၏ အကြီးအမှူးဖြစ်တော်မူသော ဝိပဿီမြတ်စွာဘုရားထံ ချဉ်းကပ်လျက် အခြံအရံ သံဃာတော်များနှင့်တကွ မြတ်စွာဘုရားအား ပူဇော်သက္ကာရမှု ပြုခြင်းငှါ ဘုရားအမှူးရှိသော သံဃာတော်ကို ပင့်ဖိတ်လျက် ရတနာခုနစ်ပါးတို့ဖြင့်ပြီးသည့် လပြည့်ဝန်းကြီးပမာ ကြည့်ချင်ဖွယ်ရာ ရတနာအနှစ်တို့ဖြင့် တန်းဆာဆင်အပ်သော မဏ္ဍပ်တော်ကြီး တည်ဆောက်ပြီးလျှင် ထိုမဏ္ဍပ်အတွင်း၌ ဘုရားအမှူးရှိသော သံဃာတော်မြတ်များကို သီတင်းသုံးစေ၍ ခုနစ်ရက်ပတ်လုံး ကြီးစွာသောအလှူကို ပေးလှူ၏။ ရတနာခုနစ်ပါးတို့ဖြင့် ချယ်စီအပ်၍ မြတ်သောပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်ကာ အလုံးစုံသော အဆင်တန်ဆာတို့ဖြင့် တန်းဆာဆင်အပ်သော ရွှေအင်းပျဉ်ကိုလည်း မြတ်စွာဘုရားအား လှူဒါန်း၏။

     ဝိပဿီ မြတ်စွာဘုရားသည် သံဃာတော်အပေါင်းတို့၏ အလယ်၌ သီတင်းသုံး နေတော်မူ၍ ထိုဒါနအနုမောဒနာတရား ဟောကြားပြီးဆုံးသည်တွင် အလောင်းတော် အတုလနဂါးမင်းကို “ဤကမ္ဘာမှနောက် ကိုးဆယ့်တကမ္ဘာမြောက်၌ ဤအတုလနဂါးမင်းသည် ဂေါတမ အမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူ၏။

(ဗျာဒိတ် ကြားတော်မူပုံမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံဖြစ်သည်။)

     ဝိပဿီမြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားရလျှင် အလောင်းတော် အတုလနဂါးမင်းသည် အလွန်ကြည်လင်သော စိတ်ရှိလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။



၄၈၈

မြို့တော်စသည်ကို ပြဆိုချက်

     ဝိပဿီမြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ ဗန္ဓုမတီမြို့တော်ဖြစ်၍ ခမည်းတော်မှာ ဗန္ဓုမမင်းကြီး, မယ်တော်မှာ ဗန္ဓုမတီ မိဖုရားကြီးတို့ ဖြစ်ကုန်၏။

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၈၀၀၀) ရှစ်ထောင်ဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ နန္ဒစံနန်းတော်, သုနန္ဒစံနန်းတော် သိရိမာစံနန်းတော်တို့ ဖြစ်ကုန်၏။

     အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ မောင်းမပေါင်း (၁၂၀၀၀၀) တသိန်းနှစ်သောင်း အခြံအရံရှိသည့် သုဒဿနာဒေဝီ မိဖုရားကြီးဖြစ်၍ သားတော်မှာ သမဝတ္တက္ခန္ဒမင်းသား ဖြစ်လေသည်။

     နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ တောထွက်တော်မူသော ယာဉ်မှာ အာဇာနည်မြင်းကသော ရထားယာဉ်ဖြစ်ပြီး ရှစ်လကြာ ဒုက္ကရစရိယာ ကျင့်တော်မူရသည်။

     အဂ္ဂသာဝကအစုံတို့မှာ ခဏ္ဍမထေရ်နှင့် တိဿမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ အသောကမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာ အစုံတို့မှာ စန္ဒာထေရီမနှင့် စန္ဒမိတ္တာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်မှာ သခွတ်ပင်ဗောဓိ ဖြစ်လေသည်။

     မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ ပုနဗ္ဗသုမိတ္တသူဌေးနှင့် နာဂသူသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ သိရိမာဥပါသိကာမနှင့် ဥတ္တရာဥပါသိကာမတို့ ဖြစ်ကြသည်။

     လောကသုံးပါး၏ ရှေ့သွားနာယက ဖြစ်တော်မူသော ဝိပဿီမြတ်စွာဘုရား၏ အရပ်တော်မှာ အတောင် (၈၀) ရှစ်ဆယ်မြင့်လျက် ရောင်ခြည်တော်သည် ထက်ဝန်းကျင် ခုနစ်ယူဇနာတို့တိုင်တိုင် ထိုမှဤမှ ထွက်ကြွကွန့်မြူးပေ၏။ (ပကတိ ကိုယ်တော်ရောင်ကို ဆိုသည်။)



၄၈၉

     ဝိပဿီမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၈၀၀၀၀) ရှစ်သောင်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ့ လေးပုံ) ကာလတို့ပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာတည်းဟူသော ရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။

     ဝိပဿီ မြတ်စွာဘုရားသည် များစွာသော နတ်လူတို့ကို ကိလေသာတည်းဟူသော အနှောင်အဖွဲ့မှ ကျွတ်လွတ်စေတော်မူ၏၊ အရိယာမှကြွင်းသော ပုထုဇန်ပုဂ္ဂိုလ်တို့အား နိဗ္ဗာန်ရောက်ကြောင်း မဇ္ဈိမပဋိပဒါ လမ်းကြောင်းနှင့် နိဗ္ဗာန်လမ်းကြောင်းမဟုတ်သည့် အယုတ်တရား နှစ်ပါးတို့ကို ထုတ်ဖော်ခွဲခြား ဟောကြားတော်မူပေ၏။

     တရားတည်းဟူသော အရောင်အလင်းကို ပြပြီးလျှင် သေခြင်းကင်းရာ နိဗ္ဗာန်ကို ဟောကြားတော်မူလျက် (ထွန်းလင်းတောက်ပပြီး ငြိမ်းအေးသွားသော မီးပုံကြီးပမာ) ထိုဝိပဿီ မြတ်စွာဘုရားသည် တပည့်များစွာ ရဟန္တာအရှင်မြတ်တို့နှင့်တကွ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူလေပြီ။

သံဝေဂ

ဝိပဿီ မြတ်စွာဘုရား၏ မြတ်သော တန်ခိုးတော်, မြတ်သော ဘုန်းတော်, စက်လက္ခဏာ စသည်တို့ဖြင့် တန်းဆာဆင်ယင်အပ်သည့် မြတ်သော ရူပကာယတော် ထိုအလုံးစုံသည် ချုပ်ဆုံး ကွယ်ပျောက်ခဲ့လေပြီ..၊ ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြဲခိုင်သော အနှစ်သာရမရှိ အချည်းနှီးတို့သာ ဖြစ်ကုန်စွာ့တကား..။

စေတီတော်

     ဤသို့လျှင် မာရ်ငါးပါးကို အောင်မြင်တော်မူသော ဝိပဿီ မြတ်စွာဘုရားသည် သုမိတ္တအမည်ရှိသော အရာမ်ကြီးအတွင်း၌



၄၉၀

ပရိနိဗ္ဗာန် စံတော်မူ၏။ ထိုအရာမ်ကြီးအတွင်းမှာပင် တည်ထားအပ်သည့် ဝိပဿီမြတ်စွာဘုရား၏ စေတီတော်မြတ်ကြီးမှာ ခုနစ်ယူဇနာစွင့်စွင့် အမြင့်ရှိလေသည်။

ဝိပဿီဗုဒ္ဓဝင် ပြီး၏။

**********