ဝိဂတိစ္ဆဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၄၄။ ဝိဂတိစ္ဆဇာတ် (၂-၁၀-၄)

ဒုကနိပါတ်-သိင်္ဂါလဝဂ်

၄။ ဝိဂတိစ္ဆဇာတ်

ပရိဗိုဇ်ပြေး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယံ ပဿတိ တံ န ဣစ္ဆတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤဝိဂတိစ္ဆဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ပြေးသော ပရိဗိုဇ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုပရိဗိုဇ်သည် ဇမ္ဗူကျွန်းအလုံး၌ ပြောဆိုဘက်ကိုမရ၍ သာဝတ္ထိပြည်သို့ လာပြီးသော် ငါနှင့်တကွ ပြောဆိုခြင်းကို ပြုအံ့သောငှါ အဘယ်သူသည် စွမ်းနိုင်အံ့နည်းဟုမေး၍ ဘုရားရှိ၏ဟုကြား၍ လူအများ ခြံရံလျက် ဇေတဝန် ကျောင်းတော်သို့ သွား၍ မြတ်စွာဘုရားကို ပရိသတ်လေးပါးအလယ်၌ တရားကိုဟောစဉ် ပြဿနာကို မေးသတတ်၊ ထိုအခါ မြတ်စွာဘုရားသည် ထိုပရိဗိုဇ်၏ ပြဿနာကို ဖြေတော်မူ၍ တခုမည်သည်ကား အဘယ်နည်းဟု ပြဿနာကို မေး၏။ ထိုပရိဗိုဇ်သည် ပြဿနာကို ဖြေအံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ထ၍ ပြေးလေ၏။ စည်းဝေးကုန်သော ပရိသတ်တို့သည် အရှင်ဘုရား အရှင်ဘုရားသည် တပုဒ်တည်းဖြင့်သာလျှင် ပရိဗိုဇ်ကို နှိပ်မိ၏ဟု လျောက်ကုန်၏။ မြတ်စွာဘုရားသည် ဒါယကာတို့ ငါသည် ယခုအခါ၌ သာလျှင် ထိုပရိဗိုဇ်ကို တပုဒ်တည်းဖြင့်သာလျှင် နှိပ်မိသည် မဟုတ်သေး၊ ရှေး၌လည်း နှိပ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ဝတ္ထုကာမ ကိလေသာကာမတို့ကို စွန့်၍ ရသေ့ရဟန်းအဖြစ်သို့ ကပ်၍ ရှည်စွာသော ကာလပတ်လုံး ဟိမဝန္တာ၌ နေ၏။ ထိုဘုရားလောင်းသည် တောင်မှသက်၍ တခုသောနိဂုံးရွာကို အမှီပြု၍ မြစ်ကွေ့၌ သစ်ရွက်မိုးသောသင်္ခမ်း၌ နေ၏။ ထိုအခါ တယောက်သောပရိဗိုဇ်သည် အလုံးစုံသော ဇမ္ဗူဒိပ်၌ ပြောဆိုဘက်ကိုမရ၍ ထိုနိဂုံးသို့ရောက်၍ ငါနှင့်တကွ ပြောဆိုခြင်းငှါ စွမ်းနိုင်သော တစုံတယောက်သောသူသည် ရှိသလောဟုမေး၍ ရှိ၏ဟု ဘုရားလောင်း၏ အာနုဘော်ကို ကြား၍ လူများခြံရံလျက် ထိုဘုရားလောင်း၏ နေရာအရပ်သို့သွား၍ ပဋိသန္ထာရကိုပြု၍ နေ၏။ ထိုအခါ ထိုပရိဗိုဇ်ကို ဘုရားလောင်းသည် အဆင်းအနံ့တို့နှင့် ပြည့်စုံသောပန်းတို့ကို ထုံအပ်သော ဂင်္ဂါရေကို သောက်လတ္တံ့ လောဟု မေး၏။ ပရိဗိုဇ်သည် ဝါဒဖြင့်လွှမ်းမိုး၍ ဂင်္ဂါသဲသည်ကား အဘယ်နည်း၊ ဂင်္ဂါ၏ ဤမှာဘက်ကမ်းကား အဘယ်နည်း၊ ဂင်္ဂါ၏ ထိုမှာဘက်ကမ်းကား အဘယ်နည်းဟု မေး၏။ ဘုရားလောင်းသည်ကား ပရိဗိုဇ် သင်သည် ရေကို၎င်း သဲကို၎င်း ဤမှာဘက်ကမ်းကို၎င်း ထိုမှာဘက်ကမ်းကို၎င်းထား၍ ဂင်္ဂါကို အဘယ်မှာ ရလတ္တံ့နည်း ဟုဆို၏။ ပရိဗိုဇ်သည် ဆိုဘွယ်မဲ့လျှဉ်း ပညာကင်းသည်ဖြစ်၍ ထ၍ ပြေး၏။

ထိုပရိဗိုဇ်သည် ပြေးသည်ရှိသော် ဘုရားလောင်းသည် စည်းဝေးသော ပရိသတ်အား တရားဟောလိုသည်ဖြစ်၍-

၁၈၈။ ယံ ပဿတိ တံ န ဣစ္ဆတိ၊ ယဉ္စ န ပဿတိ တံ တိရိစ္ဆတိ။
မညာမိ စိရံ စရိဿတိ၊ န ဟိ တံ လစ္ဆတိ ယံ သ ဣစ္ဆတိ။

၁၈၉။ ယံ လဘတိ န တေန တုဿတိ၊ ယံ စ ပတ္ထေတိ လဒ္ဓံ ဟီဠေတိ။
ဣစ္ဆာ ဟိ အနန္တဂေါစရာ၊ ဝိဂတိစ္ဆာန နမော ကရောမသေ။

ဟူသောဤဂါထာတို့ကို ဆို၏။

၁၈၈။ ဘော၊ အချင်းတို့။ ယော ပရိဗ္ဗာဇကော၊ အကြင်ပရိဗိုဇ်သည်။ ယံ၊ အကြင် ရေအစရှိသည်ကို။ ပဿတိ၊ မြင်၏။ တံ၊ ထိုရေအစရှိသည်ကို။ န ဣစ္ဆတိ၊ ဂင်္ဂါဟူ၍ အလိုမရှိ။ ယဉ္စ၊ အကြင်ရေ အစရှိသည်တို့မှ လွတ်သော ဝတ္ထုကိုလည်း။ န ပဿတိ၊ မမြင်။ တံ၊ ထိုရေ အစရှိသည်တို့မှ လွတ်သော ဝတ္ထုကို။ ဣတိ ကိရ၊ ဂင်္ဂါဟူ၍ အလိုရှိသတတ်။ အယံ ပရိဗ္ဗာဇကော၊ ဤပရိဗိုင်သည်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ဂင်္ဂံ၊ ဂင်္ဂါကို။ ပရိယေသန္တော၊ ရှာလျက်။ စိရံ၊ ကြာမြင့်စွာ။ စရိဿတိ မညာမိ၊ သွားရလတ္တံ့ဟု ထင်မိ၏။ အယံ ပရိဗ္ဗာဇကော၊ ဤပရိဗိုင်သည်။ ဥဒကာဒိဝိနိမုတ္တံ၊ ရေအစရှိသည်မှ လွတ်သော။ ဂင်္ဂံ၊ ဂင်္ဂါကို။ ပရိယေသတိ ယထာ၊ ရှာသကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ ရူဂါဒိဝိမုတ္တံ၊ ရုပ်အစရှိသည်မှလွတ်သော။ အတ္တာနံပိ၊ ကိုယ်ကိုလည်း။ ပရိယေသန္တော၊ ရှာလျက်။ သံသာရေ၊ သံသရာ၌။ စိရံ၊ ကြာမြင့်စွာ။ စရိဿတိ မညာမိ၊ ကျင်လည်ရလတ္တံ့ဟုထင်မိ၏။ စိရံ၊ ကြာမြင့်စွာ။ စရန္တောပိ၊ လှည့်ပတ်ကျင်လည်သော်လည်း။ သ-သော၊ ထိုပရိဗိုဇ်သည်။ ယံ၊ အကြင်သို့သဘောရှိသော ဂင်္ဂါအတ္တဘောကို။ ဣစ္ဆတိ၊ အလိုရှိ၏။ တံ၊ ထိုသို့ သဘောရှိသော ဂင်္ဂါအတ္တဘောကို။ နဟိ လစ္ဆတိ၊ မရလတ္တံ့ သလျှင်ကတည်း။

၁၈၉။ ယံ၊ အကြင်သို့ သဘောရှိသော ရေအစရှိသော ဝတ္ထု ရူပါရုံအစရှိသည်ကို။ လဘတိ၊ ရ၏။ တေန၊ ထိုရေအစရှိသောဝတ္ထု ရူပါရုံ အစရှိသည်ဖြင့်။ န တုဿတိ၊ မနှစ်သက်။ ဧဝရူပံ၊ ဤသို့သဘောရှိသော ဝတ္ထုကို။ လဒ္ဓေန၊ ရသဖြင့်။ အတုဿန္တော၊ မနှစ်သက်သောသူသည်။ ယံ၊ အကြင်စည်းစိမ်ကို။ ပတ္ထေတိ၊ တောင့်တ၏။ တံ၊ ထိုစည်းစိမ်ကို။ လဒ္ဓံ၊ ရ၍။ ဧတာယ၊ ထိုစည်းစိမ်ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဣတိ၊ ဤသို့။ ဟီဠေတိ၊ မထေမဲ့မြင် အောက်မေ့၏။ ဣစ္ဆာ၊ တဏှာသည်။ အနန္တဂေါစရာ၊ အဆုံးမရှိသော အာရုံရှိသည်။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဝိဂတိစ္ဆာန-ဝိဂတိစ္ဆာနံ၊ တဏှာကင်းတော်မူကုန်ပြီးသော ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့အား။ မယံ၊ ငါတို့သည်။ နမော၊ ရှိခိုးခြင်းကို။ ကရောမသေ၊ ပြုကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ဒါယကာတို့ ယခုအခါ ပရိဗိုဇ်သည် ထိုအခါ ပရိဗိုဇ်ဖြစ်ဘူးပြီ။ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မတူတဲ့သူ၊ တုခဲ့မူ၊ ထိုသူ အရှက်ကွဲ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဝိဂတိစ္ဆဇာတ်သည် ပြီး၏။

*****