ဝါနရိန္ဒဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၇။ ဝါနရိန္ဒဇာတ်

ဧကကနိပါတ်-အာသီသဝဂ်

၇။ ဝါနရိန္ဒဇာတ်

ရန်သူအောင်မှု ကြောင်းလေးခု အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယဿေတေ စတုရော ဓမ္မာအစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဝါနရိန္ဒ ဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ သတ်အံ့သောငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုအခါ မြတ်စွာဘုရားသည် ဒေဝဒတ်သည် သတ်အံ့သောငှါလုံ့လပြု၏ဟူသော စကားကိုကြားတော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် ငါ့ကို သတ်အံ့သောငှာ လုံ့လပြုသည်မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုဘူးသည်သာလျှင်တည်း၊ ထိုသို့လုံ့လပြုငြားသော်လည်း ထိတ်လန့်ခြင်းကိုမျှ ပြုခြင်းငှါမတတ်နိုင်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မျောက်အမျိုး၌ ဖြစ်၍ ကြီးခြင်းကိုစွဲ၍ မြင်းငယ်ပမာဏရှိသော အားအစွမ်းနှင့်ပြည့်စုံသော တကောင်တည်းသာလျှင် ကျက်စားသောမျောက်ဖြစ်၍ မြစ်ကမ်းနား၌နေ၏။ ထိုမြစ်၏ အလယ်၌ တခုသောကျွန်းသည် အထူးထူးအပြားပြားရှိကုန်သော သရက် ပိန္နဲ အစရှိကုန်သော သစ်ပင်တို့နှင့်ပြည့်စုံ၏။ ဘုရားလောင်းသည် ဆင်ပြောင်နှင့်တူသော ဗလရှိ၏။ အစွမ်းနှင့် ပြည့်စုံ၏။ မြစ်၏ ဤမှာဘက်ကမ်းမှခုန်၍ ကျွန်းငယ်၏ ဤမှာဘက်ကမ်းမှ မြစ်လယ်၌ တခုသောကျောက်ဖျာသည်ရှိ၏။ ထိုကျောက်ဖျာ၌ ကျ၏။ ထိုကျောက်ဖျာမှခုန်၍ ထိုကျွန်းငယ်၌ကျ၏။ ထိုကျွန်းငယ်၌ အထူးထူးအပြားပြားရှိကုန်သော သစ်သီးတို့ကိုစား၍ ညချမ်းအခါ၌ ထိုနည်းဖြင့်လျှင် တဖန်ပြန်လာ၍ မိမိ၏ နေရာအရပ်၌နေ၍ နက်ဖြန်နေ့၌လည်း ထိုရှေးအတူသာလျှင် ပြု၏။ ဤနည်းဖြင့် ထိုအရပ်၌ နေခြင်းကိုပြု၏။

ထိုကာလ၌ကား တခုသောမိကျောင်းသည် မယားနှင့်တကွ ထိုမြစ်နား၌နေ၏။ မိကျောင်း၏ မယားသည် ထိုမှဤမှသွားသော ဘုရားလောင်းကိုမြင်၍ ဘုရားလောင်း၏ နှလုံးသား၌ ချင်ခြင်းကို ဖြစ်စေ၍ မိကျောင်းဖိုကို အရှင်ဤမျောက်မင်း၏ နှလုံးသား၌ ချင်ခြင်းသည် ဖြစ်၏ဟုဆို၏။ မိကျောင်းဖိုသည် ရှင်မ ကောင်းပြီ ရလတ္တံ့ဟုဆို၍ ယနေ့ညချမ်းအခါ၌ ကျွန်းငယ်မှ လာသည်သာလျှင်ဖြစ်သော မျောက်မင်းကိုဖမ်းအံ့ဟုသွား၍ ကျောက်ဖျာ၌ ဝပ်၏ ဘုရားလောင်းသည် တနေ့ပတ်လုံးကျက်စား၍ ညချမ်းအခါ ကျွန်းငယ်၌ရပ်လျက်လျှင် ကျောက်ဖျာကိုကြည့်၍ ဤကျောက်ဖျာသည် ယခုအခါ၌ မြင့်သည်ဖြစ်၍ ထင်၏။ အကြောင်းကား အသို့နည်းဟု ကြံ၏။ ဘုရားလောင်းသည် ရေပမာဏကို၎င်း၊ ကျောက်ဖျာပမာဏကို၎င်း ကောင်းစွာ မှတ်အပ်သည်သာ ဖြစ်၏။ ထို့ကြောင့် ဘုရားလောင်းအား ယနေ့ဤမြစ်၌။ ရေသည် လျော့လည်းမလျော့၊ တိုးလည်းမတိုး၊ ထိုသို့ဖြစ်လျက်လည်း ဤကျောက်ဖျာသည် ကြီးသကဲ့သို့ဖြစ်၍ ထင်၏။ အသို့တုံနည်း ဤကျောက်ဖျာ၌ ငါ့ကိုဖမ်းအံ့သောငှါ မိကျောင်းသည်ဝပ်၍နေသလော ဤသို့သောအကြံသည်ဖြစ်၏။

ဘုရားလောင်းသည် ထိုကျောက်ဖျာကို ရှေးဦးစွာစုံစမ်းအံ့ဟု ထိုကျွန်းငယ်၌ပင်လျှင် ရပ်လျက် ကျောက်ဖျာနှင့် စကားပြောသကဲ့သို့ဖြစ်၍ အို ကျောက်ဖျာဟု ခေါ်သည်ရှိသော် စကားတုံ့ကိုမရ၍ သုံးကြိမ်မြောက်အောင် အို ကျောက်ဖျာ အိုကျောက်ဖျာဟု ဆို၏။ ကျောက်ဖျာသည် အသို့စကားတုံ့ကို ပေးလတ္တံ့နည်း၊ တဖန်လည်း ထိုကျောက်ဖျာကို မျောက်မင်းသည် အိုကျောက်ဖျာ အဘယ့်ကြောင့် ယနေ့ ငါ့ကို စကားတုံ့မပေးသနည်းဟု ဆို၏။ မိကျောင်းသည် မျောက်မင်းစကားကိုကြား၍ မချွတ်လျှင် တပါးသောနေ့တို့၌ ကျောက်ဖျာသည် မျောက်မင်းအား စကားတုံ့ပေး၏။ ယခုအခါ မျောက်မင်းအား စကားတုံးကိုပေးအံ့ဟုကြံ၍ အိုမျောက်မင်း အသို့နည်းဟု ဆို၏။ အဆွေ သင်ကား အသူဖြစ်သနည်းဟု ဆိုသည်ရှိသော် ငါကားမိကျောင်းဟု ဆို၏။ အဘယ်အကျိုးငှါ ဤကျောက်ဖျာ၌ ဝပ်သနည်းဟု ဆိုသည်ရှိသော် သင်၏ နှလုံးသားကိုတောင့်တသည် ဖြစ်၍ နေသည်ဟု ဆို၏။ ဘုရားလောင်းသည် ငါ့အား သွားရာခရီးသည် မရှိ၊ ယနေ့ ငါသည် ဤမိကျောင်းကို လှည့်စားအပ်၏ဟုကြ၏။ ကြံပြီး၍ ထိုအခါ မိကျောင်းကို အဆွေ မိကျောင်း ငါသည် ကိုယ်ကို သင့်အားစွန့်အံ့၊ သင်သည် ခံတွင်းကိုဖွင့်၍ ငါ့ကို သင့်အထံသို့ လာသောကာလ၌ဖမ်းလောဟု ဆို၏။ ထိုစကားသည် မှန်၏။ မိကျောင်းတို့အား ခံတွင်းကိုဖွင့်သည်ရှိသော် မျက်စိတို့သည် မှိတ်ကုန်၏။ မိကျောင်းသည်။ ထိုအကြောင်းကို မမှတ်မူ၍ ခံတွင်းကို ဖွင့်၏။ မျက်စိတို့သည် မှိတ်ကုန်၏။ မိကျောင်းသည် ခံတွင်းကိုဖွင့်၍ မျက်စိတို့ကိုမှိတ်၍ ဝပ်၏။ ဘုရားလောင်းသည် ထိုသို့ မျက်စိမှိတ်သောအဖြစ်ကိုသိ၍ ကျွန်းငယ်မှခုန်လျက်သွား၍ မိကျောင်း၏ ထိပ်၌နင်း၍ မိကျောင်းထိပ်မှခုန်၍ လျှပ်စစ်နွယ်ကဲ့သို့ ထွန်းပလျက် ထိုမှာဘက်ကမ်း၌ တည်၏။ မိကျောင်းသည်အံ့ဘွယ်သရဲကိုမြင်၍ ဤမျောက်မင်းသည် အလွန်သောအံ့ဘွယ်ကို ပြုအပ်၏ဟုကြံ၍ အိုမျောက်မင်း ဤလောက၌ လေးပါးကုန်သော ကျေးဇူးတို့နှင့် ပြည့်စုံသောသူသည် ရန်သူတို့ကို လွှမ်းမိုးနိုင်၏။ ထို အလုံးစုံသောကျေးဇူးတို့သည်လည်း သင်၏ ကိုယ်တွင်း၌ ရှိယောင်တကားဟု ဆိုလို၍-

၅၇။ ယဿေတေ စတုရော ဓမ္မာ၊ ဝါနရိန္ဒ ယထာ တဝ။
သစ္စံ ဓမ္မော ဓိတိ စာဂေါ၊ ဒိဋ္ဌံ သော အတိဝတ္တတိ။

ဟူသော ဤဂါထာကို ဆို၏။

၅၇။ ဝါနရိန္ဒ၊ မျောက်မင်း။ တဝ၊ သင်၏။ အဗ္ဗန္တရေ၊ ကိုယ်တွင်း၌။ သစ္စံ၊ သစ္စာ။ ဓမ္မော၊ ပညာ။ ဓိတိ၊ လုံ့လ။ စာဂေါ၊ စွန့်ခြင်း။ ဣတိ၊ ဤသို့။ စတုရော၊ လေးပါးကုန်သော။ ဧတေ ဓမ္မာ၊ ထိုကျေးဇူးတို့သည်။ သန္တိ ယထာ၊ ရှိကုန်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ယဿ၊ အကြင်သူ၏။ အဗ္ဘန္တရေ၊ ကိုယ်တွင်း၌။ စတုရော၊ လေးပါးကုန်သော။ ဧတေ ဓမ္မာ၊ ထိုကျေးဇူးတို့သည်။ သန္တိ၊ ရှိကုန်၏။ သော၊ ထိုသူသည်။ ဒိဋ္ဌံ၊ ရန်သူကို။ အတိဝတ္တတိ၊ လွန်နိုင်၏။

ဤသို့ မိကျောင်းသည် ဘုရားလောင်းကိုချီးမွမ်း၍ မိမိနေရာ အရပ်သို့သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဒေဝဒတ်သည် ငါ့ကိုသတ်အံ့သော လုံ့လပြုသည်မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုဘူးသည်သာလျှင်ကတည်းဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မိကျောင်းဖြစ်ဘူးပြီ၊ ယခုအခါ စိဉ္စမာနသည် ထိုအခါ မိကျောင်း၏ မယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မျောက်မင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

သစ္စာ, ပညာ၊ စာဂါ, လုံ့လ၊ ပြည့်စုံက၊ ဒိဋ္ဌရန်သူ လွတ်၏ဟူ

ခုနစ်ခု၏ပြည့်ကြောင်းဖြစ်သော ဝါနရိန္ဒဇာတ်သည် ပြီး၏။

*****