ဝလာဟကဿဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၉၆။ ဝလာဟကဿဇာတ် (၂-၅-၆)

ဒုကနိပါတ်-ရုဟကဝဂ်

၆။ ဝလာဟကဇာတ်

မိန်းမဘီလူး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယေန ကာဟန္တိ ဩဝါဒံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာ ဆင်အပ်သော ဤ ဝလာဟကဿဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့၏ဟူ၍ ကြားရသည်ကား မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူသည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၍ အဘယ်ကြောင့် ငြီးငွေ့သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား တယောက်သောမိန်းမသည် တန်ဆာဆင်အပ်သည်ကိုမြင်၍ ကိလေသာ၏ အစွမ်းအားဖြင့် ငြီးငွေ့သည် ဖြစ်၏ဟု နားတော် လျှောက်လေ၏။ ထိုအခါထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း မိန်းမတို့မည်သည်ကား မိမိ၏ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်၎င်း မိန်းမတို့၏ အမူအရာဟန်ပန်တို့ဖြင့်၎င်း တင့်တယ်စမ္ပယ်ခြင်းတို့ဖြင့်၎င်း ယောက်ျားတို့ကိုဖြားယောင်းကုန်၍ မိမိအလိုသို့ လိုက်သည်၏အဖြစ်ကိုသိကုန်၍ သီလ၏ ပျက်စီးခြင်းသို့၎င်း ဥစ္စာ၏ပျက်စီးခြင်းသို့၎င်း ရောက်စေတတ်သော သဘောကြောင့် ဘီလူးမတို့ မည်ကုန်၏ဟူ၍ ဆိုအပ်ကုန်၏။ ထိုစကားသည် မှန်၏။ ရှေး၌လည်း ဘီလူးမတို့သည် မိန်းမတို့၏ အမူအရာဖြင့် တယောက်သော ယောက်ျားဖြစ်သော လှည်းကုန်သည်သို့ကပ်ကုန်၍ ကုန်သည်တို့ကို ဖြားယောင်း၍ မိမိ၏အလိုသို့ လိုက်သည်တို့ကို ပြုကုန်ပြီး၍ တဖန် တပါးကုန်သော ယောက်ျားတို့ကိုမြင်ကုန်၍ ထိုခပ်သိမ်းကုန်သော သူတို့ကိုလည်း အသက်ကုန်ခြင်းသို့ ရောက်စေကုန်၍ မေးပါးစောင်နှစ်ဘက်တို့မှ သွေးကိုယိုစီးစေသဖြင့် ခံတွင်းကို ပြည့်စေကုန်လျက် စားဘူးကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ သိန်းဃိုဠ်ကျွန်း၌ သိရီသဝတ္ထု အမည်ရှိသော ဘီလူးမတို့၏မြို့သည် ရှိ၏။ ထိုသိရီသဝတ္ထုအမည်ရှိသော မြို့၌ ဘီလူးမတို့သည် နေကုန်၏။ ထိုဘီလူးမတို့သည် သင်္ဘော ပျက်ကုန်သောကုန်သည်တို့ ရောက်လာသောကာလ၌ တန်ဆာဆင်ခြင်းနှင့် စပ်ကုန်သည်ဖြစ်၍ ခဲဘွယ်ဘောဇဉ်ကို ယူခဲ့စေကုန်၍ ကျွန်မအပေါင်း ခြံရံကုန်လျှက် သူငယ်တို့ကို ရင်ခွင်ဖြင့်ချီကုန်၍ ကုန်သည်တို့သို့ ကပ်ကုန်၏။ ထိုကုန်သည်တို့အား လူတို့၏နေရာအရပ်သို့ ရောက်ကုန်၏ဟု သိစိမ့်သောငှါ ထိုထိုအရပ်၌ လယ်ထွန်ခြင်း နွားကျောင်းခြင်း အစရှိသည်တို့ကို ပြုကုန်သောလူတို့ကို၎င်း နွားချေး အစရှိသည်တို့ကို၎င်း ပြကုန်လျက် ကုန်သည်တို့၏ အထံသို့သွား၍ ဤယာဂုကို သောက်ကြကုန်လော့၊ ဤထမင်းကို စားကြကုန်လော့၊ ဤခဲဘွယ်ကို ခဲကြကုန်လော့ဟု ဆိုကုန်၏။ ကုန်သည်တို့သည် မသိကြကုန်သည်ဖြစ်၍ ဘီလူးမတို့သည် ပေးအပ်သော ခဲဘွယ် ဘောဇဉ်ကို သုံးဆောင်ကုန်၏။

ထို့နောင်မှ ထိုကုန်သည်တို့၏ ခဲကုန် စားကုန် သောက်ကုန်၍ အပင်အပန်းပြေသောကာလ၌ အမောင်တို့ သင်တို့သည် အဘယ်အရပ်၌ နေကုန်သောသူတို့နည်း၊ အဘယ်အရပ်မှ လာကြကုန်သနည်း၊ အဘယ်အရပ်သို့ သွားကြကုန်အံ့နည်း၊ အဘယ်အမှုကြောင့် ဤအရပ်သို့ လာကြကုန်သနည်းဟု မေးမြန်းကုန်လျက် ပျူငှာလောကဝတ်ကို ပြုကုန်၏။ လှေပျက်ကုန်သည်ဖြစ်၍ ဤအရပ်သို့ ရောက်လာကြကုန်၏ ဟု ဆိုသည်ရှိသော် အမောင်တို့ ကောင်းပြီ၊ သင်္ဘောစီး၍ သွားလေကုန်သော ငါတို့၏ လင်တို့အားလည်း သုံးနှစ်တို့သည်လွန်ကုန်ပြီ၊ ငါတို့၏ လင်တို့သည် သေသည်ဖြစ်ကုန်လတ္တံ့၊ သင်တို့သည်လည်း ကုန်သည်တို့ပင်လျှင်တည်း၊ ငါတို့သည် သင်တို့၏ခြေရင်း၌ အလုပ်အကျွေးတို့သည် ဖြစ်ပါကုန်အံ့ဟု ဆိုကုန်၍ ထိုကုန်သည်တို့ကို မိန်းမ၏ အသွင် အပြင် မိန်းမ၏အဖြစ်ဖြင့် တင့်တယ်စမ္ပယ်ခြင်းတို့ဖြင့် ဖြားယောင်းကုန်၍ ဘီလူးတို့၏မြို့သို့ ဆောင်ကုန်ပြီးလျှင် ရှေးဦးစွာ ယူအပ်ကုန်သော လူတို့သည် အကယ်၍ ရှိကုန်အံ့၊ ထိုရှေးဦးစွာ ယူအပ်ကုန်သော လူတို့ကို နတ်တို့၏ သံခြေချင်းဖြင့် ဖွဲ့ကုန်၍ နှောင်အိမ်၌ သွင်းကုန်၏။ မိမိ၏ နေရာအရပ်၌ သင်္ဘောပျက်ကုန်သောလူတို့ကို မရကုန်မူကား ထိုမှာဘက်မှကလျာဏီမြစ်တိုင်အောင် ဤမှာဘက်မှ နာဂဒီပတိုင်အောင် ဤသို့ သမုဒ္ဒရာကမ်းကို လှည့်လည်ကုန်၏။ ဤသည်ကား ထိုဘီလူးမတို့၏ သဘောတည်း။

ထိုအခါ တနေ့သ၌ ငါးရာကုန်သော သင်္ဘောပျက်ကုန်သော ကုန်သည်တို့သည် ထိုဘီလူးမတို့၏ မြို့အနီးသို့ ကူးကြကုန်၏။ ထိုဘီလူးမတို့သည် ထိုငါးရာကုန်သော ကုန်သည်တို့၏အထံသို့ သွားကုန်၍ ဖျားယောင်းကုန်၍ ဘီလူးမတို့၏ မြို့သို့ ဆောင်ကုန်၍ ရှေးဦးစွာ ယူအပ်ကုန်သော လူတို့ကို နတ်တို့၏ သံခြေချင်းတို့ဖြင့် နှောင်ဖွဲ့ကုန်၍ နှောင်အိမ်၌ သွင်းကုန်၏။ ဘီလူးမအကြီးသည် ကုန်သည်အကြီးကို ကြွင်းကုန်သော ဘီလူးမတို့သည် ကြွင်းကုန်သော ကုန်သည်တို့ကို ဤသို့ ငါးရာကုန်သော ဘီလူးမတို့သည် ငါးရာကုန်သာကုန်သည်တို့ကို မိမိတို့၏လင် ပြုကုန်၏။ ထိုအခါ၌ ထိုဘီလူးမအကြီးသည် ညဉ့်အဘို့၌ ကုန်သည်တို့ညအိမ်ပျော်ခြင်းသို့ ရောက်သည်ရှိသော် ထ၍သွားပြီးလျှင် နှောင်အိမ်၌ လူတို့ကိုသတ်၍ အသားကိုစား၍ လာ၏။ ကြွင်းကုန်သော ဘီလူးမတို့သည်လည်း ထိုဘီလူးမအကြီး အတူသာလျှင် ပြုကုန်၏။ ဘီလူးမကြီးသည် လူသားကို စား၍ လာသောကာလ၌ ကိုယ်သည်အေး၏။ ကုန်သည်ကြီးသည် စုံစမ်းသည်ရှိသော် ထိုဘီလူးမကြီး၏ ဘီလူးမ၏အဖြစ်ကိုသိ၍ ငါးရာကုန်သော မိန်းမတို့သည် ဘီလူးမတို့သာလျှင် ဖြစ်ကုန်လတ္တံ့၊ ငါတို့သည် ပြေးအံ့သောငှါ သင့်၏ဟု မိုးသောက်သောနေ့၌ စောစောကသာလျှင် မျက်နှာ သစ်အံ့သောငှါ သွားလေ၏။ ကြွင်းကုန်သောကုန်သည်တို့အား အချင်းတို့ ဤမိန်းမတို့သည် ဘီလူးမတို့တည်း။ လူမိန်းမတို့ မဟုတ်ကုန်၊ တပါးကုန်သော သင်္ဘောပျက်ကုန်သော ကုန်သည်တို့၏ လာသောကာလ၌ လင်တို့ကို ပြုကုန်၍ ငါတို့ကို စားကုန်လတ္တံ့၊ ငါတို့သည် ဤအရပ်မှ ပြေးကြကုန်အံ့ဟု ဆိုသည်ရှိသော် ထိုငါးရာကုန်သော ကုန်သည်တို့တွင် နှစ်ရာ့ငါးကျိပ်ကုန်သော ကုန်သည်တို့သည် ငါတို့သည် ဤမိန်းမတို့ကို စွန့်အံ့သောငှါ မတတ်နိုင်ကုန်၊ သင်တို့သည်သာ သွားကြကုန်လော့၊ ငါတို့သည် မပြေးကြကုန်အံ့ဟု ဆိုကုန်၏။ ကုန်သည်ကြီးသည် မိမိ၏စကားကို လိုက်နာကုန်သော ကုန်သည်တို့ကိုယူ၍ ထိုဘီလူးမတို့မှ ကြောက်သည်ဖြစ်၍ ပြေးလေ၏။

ထိုကာလ၌ကား ဘုရားလောင်းသည် မြင်းမျိုး၌ ဖြစ်၏။ ကိုယ်အလုံးဖြု၏။ ညိုသောဦးခေါင်းရှိ၏။ ဖြူဆံမြက်ကဲ့သိုသော လည်ဆံရှိ၏။ တန်ခိုးနှင့် ပြည့်စုံ၏။ ကောင်းကင်သို့ ပျံသွားနိုင်၏။ ထိုဝလာဟကမြင်းမင်းသည် ဟိမဝန္တာမှ ကောင်းကင်သို့ပျံ၍ သိန်းဃိုဠ်ကျွန်းသို့ရောက်၍ သိန်းဃိုဠ် ကျန်းအိုင်ဝယ် ညွန်ပျောင်း၌ အလိုလိုသာလျှင်ရောက်သော သလေးစပါးကို စား၍သွား၏။ ဤသို့သွားသည်ရှိသော် ထိုဝလာဟက မြင်းမင်းသည် ဇမ္ဗူဒိပ်ဇနပုဒ်သို့ သွားလိုသောသူသည် ရှိသလောဟု သုံးကြိမ် ကရုဏာသည် ထုံမွှမ်းအပ်သော လူတို့၏စကားကို ဆို၏။ ထိုနှစ်ရာ့ငါးကျိပ်ကုန်သောကုန်သည်တို့သည် ဘုရားလောင်း စကားကို ကြားကုန်လျှင် ဘုရားလောင်းသို့ ကပ်ကုန်၍ လက်အုပ်ချီကုန်လျက် အရှင်အကျွန်ုပ်တို့သည် ဇမ္ဗူဒိပ်ဇနပုဒ်သို့ သွားပါကုန်အံ့ဟု ဆိုကုန်၏။ ထိုသို့တပြီးကား ငါ၏ ကျောက်ကုန်းသို့ တက်ကြကုန်လော့ဟု ဆို၏။ အချို့သောသူတို့သည် တက်ကုန်၏။ ထိုသူတို့တွင် အချို့ကုန်သော သူတို့သည် အမြီးကို ဆွဲကုန်၏။ အချို့ကုန်သော သူတို့သည် လက်အုပ်ချီကုန်၍ တည်ကုန်သလျှင် ကတည်း၊ ဘုရားလောင်းသည် အယုတ်သဖြင့် လက်အုပ်ချီကုန်၍ တည်ကုန်သော အလုံးစုံလည်းဖြစ်ကုန်သော နှစ်ရာ့ငါးကျိပ်ကုန်သော ထိုကုန်သည်တို့ကို မိမိ၏ အာနုဘော်ဖြင့် ဇမ္ဗူဒိပ်ဇနပုဒ်သို့ ဆောင်ပြီးလျှင် မိမိတို့၏ နေရာအရပ်တို့၌ တည်စေ၍ မိမိ၏ နေရာအရပ်သို့ သွားလေ၏။ ထိုဘီလူးမတို့သည်လည်း တပါးကုန်သော ကုန်သည်တို့၏ လာသောကာလ၌ ထိုဘီလူးတို့၏မြို့၌ ကျန်ရစ်ကုန်သော နှစ်ရာ့ငါးကျိပ်ကုန်သော လူတို့ကိုသတ်၍ စားကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ကိုခေါ်တော်မူ၍ ရဟန်းတို့ ဘီလူးမတို့၏ အလိုသို့လိုက်ကုန်သော ထိုနှစ်ရာ့ငါးကျိပ်ကုန်သော ကုန်သည်တို့သည် အသက်ကုန်ခြင်းသို့ ရောက်သကဲ့သို့ ဝလာဟကမြင်းမြတ်၏ စကားကို လိုက်နာကုန်သော ကုန်သည်တို့သည် မိမိတို့၏ တည်ရာအရပ်တို့၌ တည်ကုန်သကဲ့သို့ ထို့အတူသာလျှင် မြတ်စွာဘုရားတို့၏ အဆုံးအမကို မနာယူကုန်သော ရဟန်းယောက်ျားတို့သည်၎င်း ရဟန်းမိန်းမတို့သည်၎င်း ဒါယကာယောက်ျားတို့သည်၎င်း ဒါယိကာမိန်းမတို့သည်၎င်း ငါးပါးအပြားရှိသော နှောင်ဖွဲ့ခြင်း ကာမဂုဏ်ပြုရာအရပ် အစရှိကုန်သော လေးပါးကုန်သောအပါယ်တို့၌ ကြီးစွာသောဆင်းရဲသို့ ရောက်ကုန်၏။ မြတ်စွာဘုရား ဆုံးမတိုင်းကျင့်ကုန်သောသူတို့သည်ကား သုံးပါးကုန်သော ဂဟပတိ မဟာသာလဗြာဟ္မဏ မဟာသာလခတ္တိယ မဟာသာလဟု ဆိုအပ်ကုန်သော သူကြွယ်မျိုးတို့သို့၎င်း ကာမာဝစရနတ်ပြည် ခြောက်ထပ်တို့သို့၎င်း ဗြဟ္မာပြည်နှစ်ဆယ်တို့သို့၎င်း ဤအရပ်တို့သို့ ရောက်ကုန်၍ သေခြင်းကင်းရာ မဟာနိဗ္ဗာန်ကို မျက်မှောက်ပြုကုန်၍ ကြီးစွာသောချမ်းသာကို ခံစားရကုန်၏ဟု မိန့်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၉၁။ ယေ န ကာဟန္တိ ဩဝါဒံ၊ နရာ ဗုဒ္ဓေန ဒေသိတံ။
ဗျသနံ တေ ဂမိဿန္တိ၊ ရက္ခသီဟိဝ ဝါဏိဇာ။

၉၂။ ယေ စ ကာဟန္တိ ဩဝါဒံ၊ နရာ ဗုဒ္ဓေန ဒေသိတံ။
သောတ္ထိ ပါရံ ဂမိဿန္တိ၊ ဝလာဟေနေဝ ဝါဏိဇာ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၉၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ယေ နရာ၊ အကြင်လူတို့သည်။ ဗုဒ္ဓန၊ မြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်မူအပ်သော။ ဩဝါဒံ၊ အဆုံးအမကို။ န ကာဟန္တိ၊ မပြုကုန်လတ္တံ့။ တေ နရာ၊ ထိုသူတို့သည်။ ရက္ခသီဟိ၊ ဘီလူးမတို့သည်။ ပလောဘိတာ၊ ဖျားယောင်းအပ်ကုန်သော။ ဝါဏိဇာ၊ ကုန်သည်တို့သည်။ မဟာဝိနာသံ၊ ကြီးစွာသော ပျက်စီးခြင်းသို့။ ဂမိံသု ဣဝ၊ ရောက်ကုန် သကဲ့သို့။ တထာ၊ ထို့အတူ။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ဂမိဿန္တိ၊ ရောက်ကုန်လတ္တံ့။

၉၂။ ယေ နရာ စ၊ အကြင်သူတို့သည်ကား။ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်မူအပ်သော။ ဩဝါဒံ၊ အဆုံးအမကို။ ကာဟန္တိ၊ ပြုကုန်လတ္တံ့။ တေ နရာ၊ ထိုသူတို့သည်။ ဝလာဟေန၊ ဝလာဟကမြင်းမြတ်သည်။ အာဂစ္ဆထ၊ လာကြကုန်လော့။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။ တဿ၊ ထိုဝလာဟကမြင်းမြတ်၏။ ဝစနကရာ၊ စကားကို လိုက်နာကုန်သော။ ဝါဏိဇာ ဣဝ၊ ကုန်သည်တို့ကဲ့သို့။ သောတ္ထိ၊ ချမ်းသာစွာ။ ပါရံ၊ သံသရာ၏ ကမ်းတဘက်ဖြစ်သော နိဗ္ဗာန်သို့။ ဂမိဿန္တိ၊ ရောက်ရကုန်လတ္တံ့။

ဇာတ်ပေါင်း... ဤသို့ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ တပါးကုန်သော များစွာကုန်သော ရဟန်းတို့သည်လည်း သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်သို့ ရောက်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ဝလာဟကမြင်းမင်း၏ စကားကို လိုက်နာကုန်သော နှစ်ရာ့ငါးကျိပ်ကုန်သော ကုန်သည်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဝလာဟကမြင်းမင်း ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကာမဂုဏ်တိုက်၊ အာရုံမိုက်၌၊ ပျော်ပိုက်လေ့လေ့၊ သေဘေးတွေ့၏

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဝလာဟကဿဇာတ်သည် ပြီး၏။ ။

*****