လောသကဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၁။ လောသကဇာတ်

ဧကကနိပါတ်- အတ္ထကာမဝဂ်

၁။ လောသကဇာတ်

အစာအာဟာရ၌ ဝန်တိုခဲ့ဘူးသောကြောင့် နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် အာဟာရကိုဝလင်စွာ မသုံးဆောင်ရသောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယော အတ္ထကာမဿ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤလောသကဇာတ်ကို ဇေတဝန် ကျောင်းတော်၌နေတော်မူစဉ် လောသကတိဿမည်သော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဤ လောသကတိဿ မည်သော မထေရ်သည် အဘယ်သူနည်း ဟူမူကား... ကောသလတိုင်း၌ တယောက်သော မိမိအမျိုးကိုဖျက်ဆီးတတ်သော တံငါမျိုး၌ဖြစ်သော နည်းသောလာဘ်ရှိသော ရဟန်းတို့၌ ရဟန်းပြုသောသူတည်း၊ ထိုလောသကတိဿ မထေရ်သည် ဖြစ်ရာအရပ်မှစုတေ၍ ကောသလတိုင်း တခုသော အမျိုးတထောင်တို့၏ နေရာဖြစ်သော တံငါရွာ၌ တယောက်သော တံငါမ၏ ဝမ်း၌ ပဋိသန္ဓေကို ယူသတတ်။ ထိုလောသကတိဿ၏ ပဋိသန္ဓေယူသောနေ့၌ ထိုအမျိုးတထောင်သည် ကွန်လက်စွဲလျက် မြစ်၌၎င်း တဘက်ဆည်ကန် အစရှိသည်တို့၌၎င်း ငါးတို့ကိုရှာသည်ရှိသော် တခုသော ငယ်သောငါးကိုမျှလည်း မရ၊ ထိုအခါမှစ၍ ထိုတံငါတို့သည် ယုတ်ကုန်သည်သာလျှင်တည်း။

ထိုစကားသည် မှန်၏။ လောသကတိဿသည် ပဋိသန္ဓေနေသည်ရှိသော်သာလျှင် ထိုတံငါ၏ရွာကို ခုနစ်ကြိမ် မီးလောင်၏။ ခုနစ်ကြိမ် မင်းဒဏ်သင့်၏။ ဤသို့ အစဉ်သဖြင့်ဆင်းရဲကုန်သည်ဖြစ်၍ ထိုသူတို့သည် ရှေး၌ငါတို့အား ဤသို့သဘောရှိသော ဆုတ်ယုတ်ခြင်းသည် မရှိ၊ ယခုအခါ၌ကား ငါတို့သည် ဆုတ်ယုတ်ကုန်၏။ ငါတို့၏အတွင်း၌ တယောက်သော သူယုတ်ရှိသည်ဖြစ်ရာ၏။ ငါတို့ နှစ်စုခွဲဝေအံ့ဟု ကြံကုန်၏။ ကြံကုန်ပြီး၍ ငါးရာ ငါးရာကုန်သော အမျိုးတို့သည် တပေါင်းတည်း ဖြစ်ကုန်၏။ ထိုအခါမှစ၍ အကြင်အစု၌ ထိုလောသကတိဿ၏ မိဘတို့သည်ရှိကုန်၏။ ထိုအစုသည် ဆုတ်ယုတ်၏။ တပါးသောအစုသည် ပွား၏။ ထိုသူတို့သည်လည်း ထိုအစုကိုလည်း နှစ်စုခွဲဝေကုန်၏။ ဤသို့အကြင်ရွေ့လောက် တခုတည်းသော ထိုအမျိုးသည်သာလျှင် ဖြစ်၏။ ထိုရွေ့လောက်ခွဲဝေ၍ ထိုသူတို့၏ သူယုတ်၏ အဖြစ်ကိုသိ၍ ပုတ်ခတ်ကုန်၍ နှင်ထုတ်ကုန်၏။

ထိုအခါ လောသကတိဿ၏အမိသည် ငြိုငြင်သဖြင့် အသက်မွေးလျက် ကိုယ်ဝန်ရင့်သည်ရှိသော် တခုသောအရပ်၌ ဖွား၏။ ပစ္ဆိမဘဝိကဖြစ်သောသတ္တဝါကို ဖျက်ဆီးအံ့သောငှါ မတတ်ကောင်း၊ လောသကတိဿ၏ နှလုံး၌ အိုးတွင်း၌ဆီမီးကဲ့သို့ အရဟတ္တဖိုလ်၏ ဥပနိဿယသည် ထွန်းပ၏။ ထိုလောသကတိဿ၏အမိသည် သူငယ်ကိုလုပ်ကျွေး၍ ရှေးရှုပြေး၍၎င်း ထက်ဝန်းကျင်ပြေး၍၎င်း သွားတတ်သောကာလ၌ တိဿအား တခုသောခွက်ကို လက်၌ ပေး၍ ချစ်သား တခုသောအိမ်သို့ ဝင်လေလောဟု စေလွှတ်၍ ပြေး၏။ လောသကတိဿသည် ထိုနေ့မှစ၍ တယောက်ထည်းဖြစ်၍လျှင် ထိုထိုအရပ်၌ ထမင်းကိုရှာ၍လျင် တခုသေအရပ်၌ အိပ်၏။ ရေလည်းမချိုး ကိုယ်ကိုလည်း မသုတ်သင်။ မြေဘုတ်ဘီလူးကဲ့သို့ ငြိုငြင်သဖြင့် အသက်ကိုမွေး၏။ လောကတိဿသည် အစဉ်သဖြင့် ခုနစ်နှစ်ရှိသည်ဖြစ်၍ တခုသောအိမ်တံခါး၌ ထမင်းအိုးဆေးရေကို သွန်ရာအရပ်၌ ကျီးကဲ့သို့ တလုံး တလုံးစီသော ထမင်းလုံးကိုရွေး၍ စား၏။ ထိုအခါ လောသကတိဿကို အရှင်သာရိပုတ္တရာမထေရ်သည် သာဝတ္ထိပြည်၌ ဆွမ်းခံသွားသည်ရှိသော် မြင်၍ ဤသတ္တဝါသည် အလွန်သနားဘွယ် ရှိသည်၏ အဖြစ်သို့ ရောက်၏။ အဘယ်ရွာသားနည်းဟု ထိုလောသကတိဿ၌ မေတ္တာစိတ်ကိုဖြစ်စေ၍ အချင်း လာလောဟု မိန့်တော်မူ၏။ လောသကတိဿသည်လာ၍ မထေရ်ကို ရှိခိုး၍ရပ်၏။ ထိုအခါ လောသကတိဿကို အရှင်သာရိပုတ္တရာသည် သင်သည် အဘယ်ရွာသားနည်း၊ သင်၏မိဘတို့သည် အဘယ်မှာ ရှိကုန်သနည်းဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် အထောက်အပံ့ မရှိ၊ အကျွန်ုပ်၏မိဘတို့သည် အကျွန်ုပ်ကိုမှီ၍ ပင်ပန်းကုန်၏ဟု အကျွန်ုပ်ကိုစှန့ျ၍ ပြေးကုန်၏ဟု လျှောက်၏။ သင်သည် ရဟန်းပြုလတ္တံ့လောဟု မေးတော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် ရဟန်းပြုလိုပါ၏။ အကျွန်ုပ်နှင့်တူသော အထီးကျန်သူကို အဘယ်သူ ရဟန်းပြုလတ္တံ့နည်းဟု လျှောက်၏။ ငါသည် သင့်ကို ရဟန်းပြုအံ့ဟု ဆို၏ အရှင်ဘုရား ကောင်းပြီ၊ ရဟန်း ပြုပါကုန်လောဟုလျှောက်၏။

အရှင်သာရိပုတ္တရာမထေရ်သည် လောသကတိဿအား ခဲဘွယ်ဘောဇဉ်ကိုပေး၍ လောသကတိဿအား ကျောင်းသို့ဆောင်၍ မိမိလက်ဖြင့်လျှင်ရေချိုး၍ ရှင်ပြု၍ အနှစ်နှစ်ဆယ်ပြည့်လေသော် ပဉ္စင်းခံ၏။ ထိုမထေရ်သည် ကြီးသောကာလ၌ လောသကတိဿ မထေရ်ဟူ၍ ထင်ရှား၏။ ဘုန်းမရှိ၊ နည်းသောလာဘ်ရှိ၏။ ထို့ကြောင့် အသဒိသအလှူပေးသော ကာလ၌လည်း ဝမ်းပြည့်အောင်အာဟာရကို မစားရစဘူး၊ အသက်ရှင်ရုံမျှသော အာဟာရကိုသာလျှင် ရသဘတ်၊ ထိုစကားသည်မှန်၏။ ထိုလောသကတိဿ၏ သပိတ်၌ တဟင်းချိုသောယာဂုကို လောင်းသည်ရှိသော် သပိတ်သည် အနားရေးနှင့်မျှသကဲ့သို့ ထင်၏။ ထိုအခါ လူတို့သည် ဤရဟန်း၏သပိတ်သည် ပြည့်၏ဟု အောက်၌သာ ယာဂုကို လှူကုန်၏။ ထိုလောသကတိဿရဟန်း၏ သပိတ်၌ ယာဂုကိုလောင်းသောကာလ လူတို့၏ခွက်၌ ယာဂုသည်ကွယ်၏ ဟူ၍လည်း ဆိုကုန်၏။ ခဲဘွယ်အစရှိသည်တို့၌လည်း ဤသို့ သဘောရှိသလျှင်ကတည်း၊ ထိုလောသကတိဿမထေရ်သည် နောက်အခါ၌ ဝိပဿနာကိုပွားစေ၍ မြတ်သောဖိုလ်ဟုဆိုအပ်သော အရဟတ္တဖိုလ်၌တည်ငြားသော်လည်း နည်းသောလာဘ်ရှိသည်သာလျှင် ဖြစ်၏။ ထိုအခါ ထိုလောသကတိဿမထေရ်၏ အစဉ်သဖြင့် အာယုသင်္ခါရတို့သည် ယုတ်ကုန်သည်ရှိသော် ပရိနိဗ္ဗာန်ပြုသောနေ့သည် ရောက်၏။

အရှင်သာရိပုတ္တရာမထေရ်သည် ဆင်ခြင်သည်ရှိသော် လောသကတိဿမထေရ်၏ ပရိနိဗ္ဗာန်ပြုအံ့သော အဖြစ်ကိုသိ၍ ဤလောသကတိဿမထေရ်သည် ယနေ့ ပရိနိဗ္ဗာန်ပြုလတ္တံ့၊ ယနေ့ ငါသည် ထိုလောသကတိဿအား အလိုပြည့်အောင် အာဟာရကို ပေးခြင်းငှါ သင့်၏ဟု ထိုလောသကတိဿကိုခေါ်၍ သာဝတ္ထိမြို့သို့ ဝင်၏။ အရှင်သာရိပုတ္တရာမထေရ်သည် ထိုလောသကတိဿ ရဟန်းကိုမှီ၍ ရှေးဦးစွာ သာဝတ္ထိပြည်၌ များစွာကုန်သောလူတို့၏ လက်ကိုဖြန့်၍ ရှိခိုးခြင်းကိုလည်းမရ၊ ထိုအခါ ထိုလောသကတိဿရဟန်းကို အရှင်သာရိပုတ္တရာမထေရ်သည် ငါ့သျှင် သွားလင့်၊ ဆွမ်းစားစရပ်၌နေဟု လွှတ်လိုက်၍ သွားလေ၏။ ထိုလောသကတိဿမထေရ် သွားကာမျှ၌လျှင် လူတို့သည် အရှင်ကောင်းကြွလာ၏ဟု နေရာ၌နေစေ၍ ဆွမ်းကျွေးကုန်၏။ အရှင်သာရိပုတ္တရာမထေရ်သည်လည်း ဤဆွမ်းကို လောသကတိဿအား ပေးကုန်လောဟု ရအပ်သောအာဟာရကို ပို့စေ၏။ ထိုအာဟာရကို ယူ၍လာကုန်သောသူတို့သည် လောသကတိဿမထေရ်ကို မမြင်ကုန်၍ မိမိတို့သာလျှင်စားကြကုန်၏။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည်ထ၍ ကျောင်းသို့ သွားသောကာလ လောသကတိဿမထေရ်သည်လာ၍ အရှင်သာရိပုတ္တရာကို ရှိခိုး၏။ အရှင်သာရိပုတ္တရာမထေရ်သည် ပြန်၍ ငါ့သျှင် သင်သည် ဆွမ်းကို ရပြီလောဟုမေးတော်မူ၏။ အရှင်ဘုရား မရဟု လျှောက်၏။ အရှင်သာရိပုတ္တရာ မထေရ်သည် သံဝေဂသို့ရောက်သည်ဖြစ်၍ ကာလကို ကြည့်၏။ ကာလသည် လွန်၏။ အရှင်သာရိပုတ္တရာမထေရ်သည် ငါ့သျှင် ထိုသို့မူလည်းဖြစ်စေ ဤအရပ်၌လျှင်နေလင့်လောဟု လောသကတိဿ မထေရ်ကို ဆွမ်းစားစရပ်၌နေစေ၍ ကောသလမင်းကြီးအိမ်သို့ ကြွတော်မူ၏။ မင်းသည် အရှင်သာရိပုတ္တရာမထေရ်၏သပိတ်ကို ယူစေ၍ ဆွမ်း၏အခါမဟုတ်ဟု သပိတ်ကိုပြည့်အောင် စတုမဓုကို လှူစေ၏။ အရှင်သာရိပုတ္တရာ မထေရ်သည် ထိုစတုမဓုကိုယူခဲ့၍ လာလတ်၍ ငါ့သျှင် လာလော၊ သင်သည် ဤစတုမဓုကို ဘုဉ်းပေးလာဟုဆို၍ သပိတ်ကို ကိုင်၍ရပ်၏။ ထိုလောသကတိဿသည် အရှင်သာရိပုတ္တရာမထေရ်၌ ရိုသေသဖြင့် မဘုဉ်းပေး။

ထိုအခါ လောသကတိဿကို အရှင်သာရိပုတ္တရာမထေရ်သည် ငါ့သျှင်လာလော၊ ငါသည် ဤသပိတ်ကို ကိုင်၍လျှင်ရပ်အံ့၊ သင်သည် ထိုင်၍ ဘုဉ်းပေးလာ၊ ငါသည် သပိတ်ကို အကယ်၍ လက်မှလွှတ်အံ့၊ တစုံတခုသောအာဟာရသည် မရှိသည် ဖြစ်ရာ၏ဟု ဆို၏။ ထိုအခါ လောသကတိဿမထေရ်သည် အဂ္ဂသာဝကဖြစ်သော အရှင်သာရိပုတ္တရာမထေရ်သည် သပိတ်ကို ကိုင်၍တည်စဉ် စတုမဓုကို ဘုဉ်းပေး၏။ ထိုစတုမဓုသည် အရှင်သာရိပုတ္တရာမထေရ်၏ မြတ်သောတန်ခိုး၏ အစွမ်းအားဖြင့် ကုန်ခြင်းသို့မရောက်၊ ထိုအခါ ဘလာသကတိဿမထေရ်သည် အလိုရှိတိုင်း ဝမ်းပြည့်သည်ကိုပြု၍စား၏။ ထိုနေ့၌ပင်လျှင် ဝိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ်အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြု၏။ သဗ္ဗညူမြတ်စွာဘုရားသည် လောသကတိဿမထေရ်၏ အလောင်းအနီး၌ ရပ်တော်မူ၍ အလောင်းသင်္ဂြိုဟ်ခြင်းကိုပြုစေ၍ ဓာတ်တော်တို့ကိုယူစေ၍ စေတီတည်စေကုန်၏။ ထိုအခါရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်၍ ငြါသျှင်တို့ လောသကတိဿမထေရ်သည်အံ့ဘွယ်သရဲရှိစွ၊ နည်းသောဘုန်းရှိ၏။ နည်းသောလာဘ်ရှိ၏။ ဤသို့သဘောရှိသော နည်းသောဘုန်းရှိသော နည်းသောလာဘ်ရှိသော ပုဂ္ဂိုလ်စင်လျှက်လည်း အဘယ်မူ၍ အရိယာတို့၏တရားကို ရလေသနည်းဟု ပြောဆိုကုန်လျက် နေကုန်၏။

မြတ်စွာဘုရားသည် တရားသဘင်သို့ ကြွတော်မူ၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၏။ ရဟန်းတို့သည် အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးကြကုန်၏ ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ ဤရဟန်းသည် မိမိ၏ နည်းသောလာဘ်ရှိသည်၏အဖြစ်ကို၎င်း အရိယာတို့၏တရားကို ရသည်၏ အဖြစ်ကို၎င်း မိမိသည်ပင်ပြု၏။ ထိုစကားသည် မှန်၏။ ဤရဟန်းသည် ရှေး၌ သူတပါးတို့၏ လာဘ်အန္တရာယ်ကိုပြု၍ နည်းသော လာဘ်ရှိသည်ဖြစ်၏။ အနိစ္စ, ဒုက္ခ, အနတ္တဟူ၍ ဝိပဿနာရှုခြင်း၌ အလွန်အားထုတ်သော ကုသိုလ်၏ အာနုဘော်အားဖြင့် အရိယာတို့၏တရားကို ရသည်ဖြစ်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကသပမြတ်စွာဘုရား ပွင့်တော်မူသောကာလ၌ တယောက်သောရဟန်းသည် တဦးသောသူကြွယ်ကိုမှီ၍ ရွာငယ်ကျောင်း၌နေ၏။ ထိုရဟန်းသည် ရဟန်းတို့၏ သဘောနှင့်ပြည့်စုံ၏။ သီလရှိ၏။ အနိစ္စ, ဒုက္ခ, အနတ္တဟူ၍ ဝိပဿနာရှုခြင်း၌ အလွန်အားထုတ်၏။ ထိုအခါ တပါးသော ရဟန္တာမထေရ်သည် ညီညွတ်သောနေခြင်းကိုနေလျက် အစဉ်သဖြင့် ထိုရဟန်း၏ အလုပ် အကျွေးဖြစ်သော သူကြွယ်အိမ်သို့ ရောက်လာ၏။ သူကြွယ်သည် ရဟန္တာမထေရ်၏ ဣရိယာပုထ်ကိုကြည်ညို၍ သပိတ်ကိုယူ၍ အိမ်သို့သွင်း၍ ရိုသေစွာဆွမ်းကျွေး၍ အတန်ငယ်တရားနာ၍ မထေရ်ကိုရှိခိုး၍ အရှင်ဘုရား အကျွန်ုပ်တို့၏ ကုသိုလ်ကောင်းမှုပြုရာဖြစ်သော ကျောင်းသို့သာလျှင် အရှင်ဘုရားတို့သည် ကြွလင့်ကုန်လော၊ အကျွန်ုပ်တို့သည် ညချမ်းအခါ၌လာ၍ ချီးမြှင့်ကြကုန်အံ့ဟု ဆို၏။ ရဟန္တာမထေရ်သည် ကျောင်းသို့သွား၍ ကျောင်းနေမထေရ်ကိုရှိခိုး၍ ပန်၍ တင့်အပ်လျောက်ပတ်စွာနေ၏။ ကျောင်းနေမထေရ်သည်လည်း အာဂန္တုကမထေရ်နှင့် စကားပြောဟော၍ ငါ့သျှင် သင်သည် ဆွမ်းအာဟာရကို ရပြီလောဟုမေး၏။ ရပြီဟု ဆို၏။ အဘယ်မှာ ရသနည်းဟု မေး၏။ အရှင်ဘုရားတို့၏ အမှုကိစ္စတို့ကို ဆောင်ရွက်သောရွာ၌ သူကြွယ်အိမ်၌ ရ၏ဟုဆို၏။ ဤသို့ဆို၍ မိမိ၏ကျောင်းကို ပန်ကြား၍ သုတ်သင်၍ သပိတ်သင်္ကန်းကို သိုမှီး၍ ဈာန်ချမ်းသာဖြင့်၎င်း ဖိုလ်ချမ်းသာဖြင့်၎င်း ကာလကိုလွန်စေလျက် နေ၏။

ထိုသူကြွယ်သည်လည်း ညချမ်းအခါ၌ နံ့သာ ပန်းကို၎င်း ဆီမီးထွန်းစရာ ဆီကို၎င်းယူ၍ ကျောင်းသို့သွား၍ ကျောင်းနေမထေရ်ကိုရှိခိုး၍ အရှင်ဘုရား တပါးသော အာဂန္တုကမထေရ်သည် လာသလောဟုမေး၏။ လာ၏ဟု ဆို၏။ ယခု အဘယ်မှာနည်းဟုမေး၏။ ဤမည်သော ကျောင်း၌ နေ၏ဟု ဆို၏။ သူကြွယ်သည် ထိုအာဂန္တုကမထေရ်၏အထံသို့သွား၍ ရှိခိုး၍ တင့်အပ် လျောက်ပတ်စွာ နေ၍ တရားနာ၍ ညချမ်းသောအခါ၌ စေတီကို၎င်း ဗောဓိပင်ကို၎င်း ပူဇော်၍ ဆီမီးထွန်း၍ နှစ်ပါးကုန်သော မထေရ်တို့ကို၎င်း ဘိတ်၍သွားလေ၏။ ကျောင်းနေ မထေရ်သည်လည်း ဤသူကြွယ်သည်ပျက်ပြီ၊ ဤအာဂန္တုကရဟန်းသည် ဤကျောင်း၌ အကယ်၍ နေလတ္တံ့၊ ဤသူကြွယ်သည် ငါ့ကို တစုံတခုသောအရာ၌ မရေတွက်နိုင်လတ္တံ့ဟု နှလုံးသွင်း၍ အာဂန္တုကမထေရ်၌ နှလုံးမသာသည်၏အဖြစ်သို့ရောက်၍ ဤကျောင်း၌ ထိုအာဂန္တုကရဟန်း၏မနေခွင့်ကို ငါပြုခြင်းငှါသင့်၏ဟု ကြံ၍ မထေရ်ကြီးတို့အား ဆည်းကပ်ခစားသောအခါ၌လာသော ထိုအာဂန္တုက မထေရ်နှင့်တကွ တစုံတခုသောစကားကို မဆို၊ ရဟန္တာမထေရ်သည် ကျောင်းနေမထေရ်၏ စိတ်အလိုကိုသိ၍ ဤကျောင်းနေ မထေရ်သည် ငါ၏အလုပ်အကျွေး ဒါယကာ၌၎င်း ဂိုဏ်းအခြွေအရံ၌၎င်း မတပ်စွန်းသည်၏အဖြစ်ကို မသိလေဟု နှလုံးသွင်း၍ မိမိနေရာအရပ်သို့သွား၍ ဈာန်ချမ်းသာဖြင့်၎င်း ဖိုလ်ချမ်းသာဖြင့်၎င်း ကာလကို လွန်စေ၏။

ကျောင်းနေရဟန်းသည်လည်း နက်ဖြန်နေ့၌ လက်သည်း အပြင်ဖြင့် ကျောက်စည်ကိုခတ်၍ လက်သည်းဖြင့် တံခါးကိုခေါက်၍ သူကြွယ်အိမ်သို့သွား၏။ သူကြွယ်သည် ထိုမထေရ်၏ သပိတ်ကိုယူ၍ ခင်းအပ်သောနေရာ၌ နေစေ၍ အရှင်ဘုရား အာဂန္တုကမထေရ်သည် အဘယ်မှာနေသနည်းဟုမေး၏။ ငါသည် သင့်ဆရာ၏ အကြောင်းကို မသိ၊ ကျောက်စည်ကို ထိုးပါလျှက်လည်း တံခါးကို ခေါက်ပါလျှက်လည်း နိုးစိမ့်သောငှါ မတတ်နိုင်၊ ယမန်နေ့ကပင် ဤအိမ်၌ မွန်မြတ်သော ဘောဇဉ်ကိုစား၍ အစာကြေစိမ့်သောငှါ မတတ်နိုင်ရကား ယခု အိပ်ပျော်သည်သာလျှင် ဖြစ်လတ္တံ့၊ သင်သည် ကြည်ညိုသည်ရှိသော် ဤသို့သဘောရှိသည်သာလျှင် ဖြစ်ကုန်သော အရာတို့၌ ကြည်ညို၏ဟု ဆို၏။ ရဟန္တာမထေရ်သည်လည်း မိမိ၏ဆွမ်းခံအချိန်ကိုမှတ်၍ ကိုယ်ကိုသုတ်သင်၍ သပိတ်သင်္ကန်းကိုယူ၍ ကောင်းကင်သို့ပျံ၍ တပါးအရပ်သို့သွားလေ၏။ ထိုသူကြွယ်သည် ကျောင်းနေမထေရ်ကို ထောပတ် ပျား သကာတို့ဖြင့် စီရင်အပ်သော ဃနာကိုသောက်စေ၍ သပိတ်ကို နို့မှုန့်တို့ဖြင့်ပွတ်၍ တဖန်ပြည့်စေ၍ အရှင်ဘုရား အာဂန္ထကမထေရ်သည် ခရီးပန်းသည်ဖြစ်လတ္တံ့၊ ဤဃနာကို အာဂန္တုကမထေရ်ဘို့ အရှင်ဘုရားတို့သည် ဆောင်ကုန်လောဟု ဆို၍ ပေး၏။

ကျောင်းနေမထေရ်သည် မပယ်မူ၍ သွားသည်ရှိသော် အာဂန္တုကရဟန်းသည် ဤဃနာကို အကယ်၍သောက်ရအံ့၊ လည်ကိုကိုင်၍ နှင်ထုတ်သော်လည်း မသွားလတ္တံ့၊ ဤဃနာကို လူတို့အား အကယ်၍ ပေးအံ့၊ အမှုသည် ထင်ရှားဖြစ်လတ္တံ့၊ ရေ၌ အကယ်၍ လောင်းအံ့၊ ရေအပြင်၌ ထောပတ်သည် ထင်ရှားလတ္တံ့၊ မြေ၌ အကယ်၍ စွန့်အံ့၊ ကျီးကျသဖြင့် ထင်ရှားလတ္တံ့၊ ဤဃနာကို အဘယ်မှာလျင် စွန့်ရအံ့နည်းဟု စုံစမ်းသည်ရှိသော် တခုသော မီးလောင်သောယာကိုမြင်၍ မီးကျီးစု၌ထည့်၍ အထက်၌ မီးကျီးတို့ဖြင့် ဖုံးလွှမ်း၍ ကျောင်းသို့သွားသည်ရှိသော် အာဂန္တုက ရဟန်းကိုမမြင်၍လျှင် မချွတ် ထိုရဟန်းသည် ရဟန္တာဖြစ်လတ္တံ့၊ ငါ့အလိုကိုသိ၍ အရပ်တပါးသို့ သွားသည်ဖြစ်လတ္တံ့၊ အံ့ဘွယ်သရဲရှိစွ၊ ငါသည် ဝမ်းဟူသောအကြောင်းကြောင့် မသင့်သောအရာကို ပြုမိ၏ဟုကြံ၏။ ကြံပြီး၍ ထိုဏေ၌ပင်လျှင် ထိုရဟန်းအား ကြီးစွာသောနှလုံးမသာခြင်းသည် ဖြစ်၏။ ထိုအခါမှစ၍လျှင် ပြင်းစွာစိုးရိမ်ခြင်းဖြစ်၍ မမြင့်မီပင်လျှင်သေ၍ ငရဲ၌ဖြစ်လေ၏။

ထိုလောသကတိဿသည် များစွာကုန်သော နှစ်အသိန်းတို့ပတ်လုံး ငရဲခံရ၍ ဝိပါက်အကြွင်းအားဖြင့် ဘဝငါးရာတို့၌ ဘီလူးဖြစ်၍ တနေ့မျှလည်း ဝမ်းပြည့်အောင် အာဟာရကိုမရစေဘူး၊ တနေ့သ၌ကား ကိုယ်ဝန်အညစ်အကြေးကို ဝမ်းပြည့်အောင် စားရဘူး၏။ တဖန် ဘဝငါးရာပတ်လုံး ခွေးဖြစ်၏။ ထိုခွေးဖြစ်သောအခါ၌လည်း တနေ့သ၌ အန်သောထမင်းကို ဝမ်းပြည့်အောင် စားရဘူး၏။ ကြွင်းသောကာလ၌ကား ထိုလောသကတိဿသည် ဝမ်းပြည့်အောင်သောအာဟာရကို မရစဘူး၊ ခွေးအဖြစ်မှစုတေ၍ ကာသိတိုင်း တခုသော အရပ်၌တည်သော ရွာဝယ် သူဆင်းရဲအမျိုး၌ ဖြစ်၏။ ထိုလောသကတိဿ၏ ဖြစ်သောကာလမှစ၍ ထိုအမျိုးသည် အလွန်ဆင်းရဲသည်ဖြစ်၏။ ချက်မှအထက်၌ ဝမ်းပြည့်အောင် ပအုံးရည်မျှကိုလည်း မရစဘူး၊ ထိုသူငယ်အား မိတ္တဝိန္ဒကဟူသော အမည်သည်ဖြစ်၏။ မိဘတို့သည် ငတ်မွတ်သော ဆင်းရဲကို သည်းခံအံ့သောငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ သူယုတ်သွားလေလောဟု မိတ္တဝိန္ဒကကိုပုတ်ခတ်၍ နှင်ထုတ်ကုန်၏။ မိတ္တဝိန္ဒကသည် ကိုးကွယ်ရာမရသည်ဖြစ်၍ သွားသည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်လေ၏။

ထိုအခါဘုရားလောင်းသည် ဗာရာဏသီပြည်၌ ဒိသာပါမောက္ခဆရာဖြစ်၍ လုလင်ငါးရာတို့ကို အတတ်သင်၏။ ထိုအခါ ဗာရာဏသီပြည်၌နေကုန်သောသူတို့သည် ရိက္ခာပေး၍ အတတ်သင်စေကုန်၏။ မိတ္တဝိန္ဒကသည်လည်း ဘုရားလောင်းအထံ၌ အတတ်သင်၏။ ထိုမိတ္တဝိန္ဒကသည် ကြမ်းကြုတ်၏။ ဆုံးမခြင်းမခံ့၊ ထိုထိုလူတို့ကို ပုတ်ခတ်၍ သွားတတ်၏။ ဘုရားလောင်းသည် ဆုံးမသော်လည်း အဆုံးအမကိုမယူ၊ မိတ္တဝိန္ဒကကိုမှီ၍ မိတ္တဝိန္ဒကဆရာသည်လည်း လာဘ်နည်း၏။ ထိုအခါ မိတ္တဝိန္ဒကသည် လုလင်ငယ်တို့နှင့်တကွ ခိုက်ရန်ဖြစ်၍ အဆုံးအမကို မယူဘဲ ထိုအရပ်မှပြေး၍ လှည့်လည်သည်ရှိသော် တခုသောပစ္စန္တရစ်သို့ရောက်၍ ထိုပစ္စန္တရစ်ရွာ၌ တယောက်သော ဆင်းရဲသောမိန်းမနှင့်တကွ သံဝါသပြု၏။ ထိုဆင်းရဲသောမိန်းမသည် မိတ္တဝိန္ဒကကိုမှီ၍ သားငယ်နှစ်ယောက်တို့ကို ဖွား၏။ ရွာသားတို့သည် ငါတို့အား ကောင်းသောသတင်း မကောင်းသောသတင်းကို ကြားလောဟု မိတ္တဝိန္ဒကကို အခပေး၍ ရွာတံခါး၌ ကုဋိဝယ် နေစေကုန်၏။ ထိုမိတ္တဝိန္ဒကကိုမှီ၍ ပစ္စန္တရစ်ရွာသားတို့သည် ခုနစ်ကြိမ် ရာဇဒဏ်သင့်ကုန်၏။ ခုနစ်ကြိမ် ထိုသူတို့၏ အိမ်တို့ကို မီးလောင်ကုန်၏။ ခုနစ်ကြိမ် တဘက်ဆည်ကန်သည် ပေါက်လေ၏။ ပစ္စန္တရစ် ရွာသားတို့သည် ငါတို့အား မိတ္တဝိန္ဒက၏မလာမီရှေးကာလ၌ ဤသို့သဘောရှိသော ဘေးဘျမ်းသည်မရှိ၊ ယခု မိတ္တဝိန္ဒက၏ လာသောကာလမှစ၍ ငါတို့သည် ဆုတ်ယုတ်၏ ဟု ကြံကုန်၏။ ကြံပြီး၍ ထိုမိတ္တဝိန္ဒကကို ပုတ်ခတ်ကုန်၍ နှင်ထုတ်ကုန်၏။

မိတ္တဝိန္ဒကသည် မိမိသားငယ်တို့ကိုခေါ်၍ အရပ်တပါးသို့ သွားသည်ရှိသော် တခုသောဘီလူးသိမ်းဆည်းသော တောအုပ်သို့ ဝင်လေ၏။ ထိုတောအရပ်၌ ဘီလူးတို့သည် မိတ္တဝိန္ဒက၏ သားငယ်တို့ကို၎င်း မယားကို၎င်း ဖမ်းယူသတ်စားကုန်၏။ မိတ္တဝိန္ဒကသည် ထိုတောအုပ်မှပြေးခဲ့၍ ထိုထိုအရပ်သို့ လှည့်လည်သည်ရှိသော် တခုသော ဂမ္ဘီရမည်သော သင်္ဘောဆိပ်ရွာသို့ သင်္ဘောလွှင့်သော နေ့၌ပင်လျှင် ရောက်၍ အမှုလုပ်ပြု၍ သင်္ဘောကိုစီး၏။ သင်္ဘောသည် သမုဒြာအပြင်သို့ ခုနစ်ရက်ပတ်လုံးသွား၍ ခုနစ်ရက်မြောက်သောနေ့၌ သမုဒြာအလယ်၌ သံမယ်နနှက်၍ ထားဘိသကဲ့သို့ တည်၏။ သင်္ဘောသားတို့သည် သူယုတ်စာရေးတံကို စီရင်ကုန်၏။ ခုနစ်ကြိမ် မိတ္တဝိကအားသာလျှင် ရောက်၏။ သင်္ဘောသားတို့သည် မိတ္တဝိန္ဒကအား တခုသောဝါးစည်းကိုပေး၍ လက်၌ကိုင်စေ၍ သမုဒြာအပြင်၌ ပစ်ကုန်၏။ မိတ္တဝိန္ဒကကို ပစ်တည့်လျှင်ပင် သင်္ဘောသည်သွား၏။ မိတ္တဝိန္ဒကလည်း ဝါးစည်း၌အိပ်၍ သမုအပြင်၌ သွားသည်ရှိသော် ကဿပဘုရားပွင့်သောအခါ၌ စောင့်အပ်သော သီလ၏အကျိုးအားဖြင့် သမုဒြာအပြင်ဝယ် တခုသောဖလ်ဗိမာန်၌ လေးယောက်သော နတ်သ္မီးတို့ကိုရ၍ ထိုနတ်သ္မီးတို့အထံ၌ ချမ်းသာကိုခံစားလျက် ခုနစ်ရက်ပတ်လုံးနေ၏။ ထိုဗိမာန်ရှင်ဖြစ်ကုန်သော ပြိတ္တာနတ်သ္မီးတို့သည်ကား ခုနစ်ရက်ပတ်လုံး ချမ်းသာကို ခံစားရကုန်၏။ ခုနစ်ရက်ပတ်လုံး ဆင်းရဲကိုခံစားရကုန်၏။ ထိုအခါ နတ်သ္မီးတို့သည် ခုနစ်ရက်ပတ်လုံးဆင်းရဲကိုခံစားအံ့သောငှါ သွားကြကုန်သည်ရှိသော် အကြင်ရွေ့လောက် ငါတို့သည် မလာကုန်သေး၊ ထိုရွေ့လောက် ဤဗိမာန်၌ သင်သည် နေရစ်လောဟုဆို၍ သွားကုန်၏။

မိတ္တဝိန္ဒကသည် ထိုနတ်သ္မီးတို့၏သွားကာလ၌ ဝါးစည်း၌ အိပ်၍ ရှေ့သို့သွားသည်ရှိသော် ငွေဗိမာန်၌ ရှစ်ယောက်ကုန်သော နတ်သ္မီးတို့ကိုရ၏။ ထိုအရပ်မှလည်း တပါးအရပ်သို့သွားသည်ရှိသော် ပတ္တမြားဗိမာန်၌ တကျိပ်ခြောက်ယောက်ကုန်သော နတ်သ္မီးတို့ကိုရ၏။ ရွှေဗိမာန်၌ သုံးကျိပ်နှစ်ယောက်ကုန်သော နတ်သ္မီးတို့ကိုရ၏။ ထိုနတ်သ္မီးတို့၏စကားကိုလည်း နားမထောင်မူ၍ ရှေ့သို့သွားသည်ရှိသော် သမုဒြာ၏အလယ်ကျွန်း၌ တခုသောဘီလူးမသည် ဘီလူးတို့၏အာနုဘော်ဖြင့် မြို့ကိုပြု၍နေ၏။ ထိုဘီလူးမြို့၌ တယောက်သောဘီလူးမသည် ဆိတ်မ၏အသွင်ဖြင့် သွား၏။ မိတ္တဝိန္ဒကသည် ဆိတ်မ၏ ဘီလူးမ၏အဖြစ်ကို မသိသည်ဖြစ်၍ ဆိတ်သားကိုစားအံဟု ဆိတ်မကို ခြေ၌ကိုင်၏။ ဘီလူးမသည် ဘီလူးတို့၏အာနုဘော်ဖြင့် မိတ္တဝိန္ဒကကို ချီ၍ပစ်၏။ မိတ္တဝိန္ဓကသည် ဘီလူးမသည် ပစ်အပ်သည်ရှိသော် သမုဒြာအထက်၌ သွား၍ ဗာရာဏသီမြို့ကျူံးအပြင်၌ တခုသော ဆူးရှိသောထက်၌ ကျ၍ လိမ့်လျက် မြေ၌ တည်၏။

ထိုအခါ၌လည်း ထိုကျူံးအပြင်၌ ကျက်စားကုန်သော မင်း၏ဆိတ်မတို့ကို ခိုးသူတို့သည်သတ်ကြကုန်၏။ ထို့ကြောင့် ဆိတ်ကျောင်းသားတို့သည် ခိုးသူတို့ကို ဖမ်းကုန်အံ့ဟု လျောက်ပတ်သောအရပ်၌ ပုန်း၍နေကုန်၏။ မိတ္တဝိန္ဒကသည် လိမ့်၍မြေသို့ ကျသည်ရှိသော် ဆိတ်မတို့ကို မြင်၍ ငါသည် သမုဒြာအလယ် ကျွန်းတခု၌ ဆိတ်မကို ခြေ၌ကိုင်သည်ရှိသော် ထိုဆိတ်မသည် ပစ်အပ်သည်ဖြစ်၍ ဤကျူံးအပြင်၌ ကျလာ၏။ ယခုလည်း ဆိတ်မကိုခြေ၌ အကယ်၍ ကိုင်အံ့၊ ဆိတ်မသည် ငါ့ကို ရှေး၌ သမုဒြာအပြင် ဗိမာန်ရှင်ဖြစ်ကုန်သော နတ်သ္မီးတို့၏အထံသို့ ပစ်လတ္တံ့ဟု ကြံပြီး၍ မိတ္တဝိန္ဒကသည် ဤသို့ မသင့်သောအားဖြင့် နှလုံးသွင်း၍ ဆိတ်မကို ခြေ၌ ကိုင်၏။ ဆိတ်မသည် ကိုင်ကာမျှပင်လျှင် မြည်၏။ ဆိတ်ကျောင်းသားတို့သည် ထိုမှဤမှ လာကုန်၍ မိတ္တဝိန္ဒကကိုဖမ်းကုန်၍ ဤမျှလောက်သော ကာလပတ်လုံး မင်းအိမ်၌ ဆိတ်တို့ကိုစားသော သူခိုးတည်းဟု မိတ္တဝိန္ဒကကို ထောင်းသတ်ချည်နှောင်၍ မင်းအထံသို့ ဆောင်ကုန်၏။

ထိုခဏ၌ ဘုရားလောင်းသည် ငါးရာကုန်သော လုလင်တို့ဖြင့် ခြံရံလျက် မြို့မှထွက်၍ ရေချိုးအံ့သောငှါ သွားသည်ရှိသော် မိတ္တဝိန္ဒကကိုမြင်၍ သိ၍ ထိုဆိတ်ကျောင်းသားတို့ကို အမောင်တို့ ဤသူသည် ငါ၏တပည့်တည်း၊ သင်တို့သည် အဘယ့်ကြောင့် ထိုသူကို ဖမ်းကုန်သနည်းဟု ဆို၏။ အရှင်ဤသူသည် ဆိတ်မကို ခြေ၌ ကိုင်၏။ ထို့ကြောင့် အကျွန်ုပ်တို့သည် ဖမ်း၏ဟု ဆိုကုန်၏။ ထိုသို့တပြီးကား မိတ္တဝိန္ဒကကို ငါ့အား ကျွန်ပြု၍ ပေးကုန်လော၊ ငါတို့ကိုမှီ၍ အသက်မွေးလတ္တံ့ဟု ဆို၏။ ဆိတ်ကျောင်းသားတို့သည် အရှင်ကောင်းပြီဟု ဆိုကုန်၍ မိတ္တဝိန္ဒကကိုလွှတ်၍ သွားကုန်၏။ ထိုအခါ မိတ္တဝိန္ဒကကို ဘုရားလောင်းသည် မိတ္တဝိန္ဒက ဤမျှလောက်သောကာလပတ်လုံး အဘယ်သို့ သင် သွားသနည်းဟု မေး၏။ မိတ္တဝိန္ဒကသည် အလုံးစုံသော မိမိပြုအပ်သောအမှုကို ကြား၏။ ဘုရားလောင်းသည် အကျိုးစီးပွားကို အလိုရှိကုန်သောသူတို့၏စကားကို နားမထောင်သောသူသည် ဤသို့သဘောရှိသော ဆင်းရဲသို့ရောက်၏ ဟု ဆိုလို၍-

၄၁။ ယော အတ္ထကာမဿ ဟိတာနုကမ္ပိနော။
ဩဝဇ္ဇမာနော န ကရောတိ သာသနံ။
အဇိယာ ပါဒမောလမ္ဗ၊ မိတ္တကော ဝိယ သောစတိ။

ဟူသော ဤဂါထာကို ဆို၏။

၄၁။ မိတ္တကော၊ မိတ္တဝိန္ဒကသည်။ အဇိယာ၊ ဆိတ်မ၏။ ပါဒံ၊ ခြေကို။ ဩလမ္ဗ၊ ဆွဲ၍။ သောစတိ ဝိယ၊ စိုးရိမ်ရသကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ဩဝဇ္ဇမာနော၊ နူးညံ့သော အစီးအပွားကိုအလိုရှိသော စိတ်ဖြင့် ဆုံးမအပ်လျက်။ ယော၊ အကြင်သူသည်။ အတ္တကာမဿ၊ အကျိုးစီးပွားကို အလိုရှိသော။ ဟိတာနုကမ္ပိနော၊ အကျိုး စီးပွားဖြင့် စောင့်ရှောက်သောသူ၏။ သာသနံ၊ အဆုံးအမကို။ န ကရောတိ၊ နားမထောင်။ သော၊ ထိုသူသည်။ နိစ္စကာလံ၊ အခါခပ်သိမ်း။ သောစတိ၊ စိုးရိမ်ရ၏။

ဤဂါထာဖြင့် ဘုရားလောင်းသည် တရားဟော၏။ ဤသို့ ထိုလောသကတိဿသည် ရဟန္တာမထေရ်၌ ပြစ်မှား၍ ဤမျှလောက်သောကာလ သုံးကြိမ်သောအတ္တဘောတို့၌သာလျင် ဝမ်းပြည့်အောင်သော အာဟာရကိုရဘူး၏။ ဘီလူးဖြစ်၍ တနေ့သ၌ ကိုယ်ဝန် အညစ်အကြေးကို ရဘူး၏။ ခွေးဖြစ်၍ တနေ့သ၌ အန်သောထမင်းကို ရဘူး၏။ ပရိနိဗ္ဗာန်ပြုသောနေ့၌ အရှင်သာရိပုတ္တရာမထေရ်၏အာနုဘော်ဖြင့် စတုမဓုကို ရ၏။ ဤသို့ သူတပါး၏ လာဘ်အန္တရာယ်ကို ပြုခြင်းမည်သည်ကား ကြီးသောအပြစ်ရှိ၏ဟု သိအပ်၏။ ထိုကာလ၌ကား ထိုဆရာသည်၎င်း မိတ္တဝိန္ဒကသည်၎င်း ကံအားလျော်စွာလား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်းတို့ ဤသို့ လောသကတိဿမထေရ်သည် မိမိ၏ လာဘ်မရသည်၏ အဖြစ်ကို၎င်း အရိယာတို့၏တရားကို ရသည်၏အဖြစ်ကို၎င်း မိမိသည်ပင်လျှင် ပြု၏ဟု ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ လောသကတိဿမထေရ်သည် ထိုအခါ မိတ္တဝိန္ဒက ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒိသာပါမောက္ခဆရာ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ပစ္စည်းဝတ္ထု၊ ဝန်တိုမှု၊ ဓမ္မုပဒေသံ ရှုကြရန်

ရှေးဦးစွာသော လောသကဇာတ်သည် ပြီး၏။

*****