ရွှေကျင်ဆရာတော်ဘုရားကြီး၏ ပထမဩဝါဒကထာ

From Wikisource
Jump to navigation Jump to search
ပထမဩဝါဒကထာ  (၁၂၅ဝ-ပြည့်နှစ်။ ပြာသိုလပြည့်ကျော်-၁၀-ရက်။)  by ရွှေကျင်ဆရာတော်ဘုရားကြီး
ပထမဩဝါဒကထာ

၁။ သုံးပါးရတနာ၊ စောမြတ်စွာ၊ သုံးခါဦးနှိမ်-ဘေးရန်ရှဲ။

၂။ ဩဝါဒကထာ၊ မိုဃ်းကြီးရွာ၊ နောင်လာသူတို့ ရေချမ်းပွဲ။

၃။ သူ့ထက်ငါသာ ချိုးသုံးပါ၊ သံသာ ပစ္စုပ် ဘေးရန် ရှဲလိမ့်သောဝ်။

၄။ (၁) မာလာနွယ်ရုံ၊ အိမ်ကိုခြုံး လေဟုန်တိုက်၍ - ဘုန်းဘုန်းလဲ။

၅။ ပစ္စည်းပစ္စယံ၊ ဘုန်းတောက်ပြန်၊ လောဒေါရန်ကြောင့် ကိုယ်ကျိုးနဲ။

၆။ (၂) ခြပုန်းပိုးရွ၊ တောင်ပို့ထ၊ ပလူဖြစ်က- သေလွယ်သည်။

၇။ သော့သွမ်းတတ်လှ၊ လူဗာလ၊ ရာထူးရက-ကျေလွယ်သည်။

၈။ (၃) ပြာပုံခဲကျ၊ ဖြစ်တုံက၊ ထောင်းထောင်းထ၍ ဖျက်ဖျက်ကြဲ။

၉။ ပေါ့လွန်းတတ်လှ၊ လူဗာသ၊ လာဘ်ကြီးရက- သွက်သွက်လဲ။

၁၀။ (၄) နတ်ရူးဘုံပြ၊ ဖြစ်တုံက၊ ကုစားမရ၊ ကိုယ်ကျိုးနဲ။

၁၁။ ကြော့ကြမ်းတတ်လှ၊ လူဗာလ၊ မင်းမြှောက်ချီချ ပျက်စီးမြဲ။

၁၂။ (၅) ဘုံဖျားစွင့်စွင့်၊ ဍရင်မြင့်၊ လေဟုန်လွှင့်၍တိုက်ချမြဲ။

၁၃။ ဟော့ရမ်းတတ်လှ၊ လူဗာလ၊ စည်းစိမ်ကြီးက ပါယ်ငရဲ။

၁၄။ (၆) နံနက်မှန်ကင်း၊ ညချမ်းထင်း၊ ကျွန်းသား စိတ်နေ မမြင့်သာ။

၁၅။ မင်းမြှောက်စားလင့်၊ ရာထူးမြင့်၊ ကြော့ကြော့ ကြော့ကြော့ မဝင့်ရာ။

၁၆။ (၇) ရှေ့နားဍောင်းရောင်၊ ပါးကိုပြောင်၊ ပါးရောင်မှတ်လို့ ဝင့်တတ်သည်။

၁၇။ မိဘကုံလုံ၊ သူပြည့်စုံ၊ သားတမြုံက ဖင့်တက်သည်။

၁၈။ (၈) ပုန်းရည်ချဉ်လို့ - သူချဉ်ရ၊ ကန်ဇွန်းရွက်က မယောင်နှင့်။

၁၉။ ဆရာသခင်၊ ကျေးဇူးရှင်ကြောင့်၊ အူမ-တောင့်၊ တပည့် ရှင်တို့-မထောင်နှင့်။

၂၀။ (၉) ငါးသိုင်းချိုလို့ ဟင်းရည်ချို၊ မှိုနတိုက မယောင်နှင့်။

၂၁။ ဘုရားဂုဏ်တော် - ကျေးဇူးပေါ်၊ ကိုယ့်ဂုဏ်ကျော်သည် မထောင်နှင့်။

၂၂။ (၁၀)ဆွမ်း သင်ပုတ်တွင်၊ စားပေးလျှင်၊ ဆွမ်းတော်တင်ကို-မဟောင်နှင့်။

၂၃။ ဘုရားဒါယကာ၊ လူများစွာ၊ မေတ္တာပြယ်လို့ မပြောင်နှင့်။

၂၄။ (၁၁) ဘုရားလိုဏ်ခေါင်း၊ အောင်း၍မာန်သွေး၊ ဟောင်သည့်ခွေး၊ ခေါင်းသွေးဖြဖြ ထွက်တတ်သည်။

၂၅။ သာသနာညစ်ကြေး၊ ရှန်အလှေး၊ ခင်ကြီးအရေး ပျက်တတ်သည်။

၂၆။ (၁၂) နှုတ်သီးထိုရော်၊ မလှီးသော်၊ ထိုငှက်ကြမ်းချော် - တစ်တယ်တူး၊ မခံနိုင်အောင် နားကိုစူး။

၂၇။ နှုတ်သီးတဖန်၊ လှီးတုံပြန်၊ ကြွက်ကြွက် ညံအောင် စွစ်စွယ်စူး။

၂၈။ ခေါင်းမဆုံးခင်၊ တို့မောင်ရှင်၊ သင့်လျော်ရုံမျှ-မာနမူး၊

၂၉။ ခေါင်းတုံး ပြီးနောက်၊ မာန်ပိုမောက်၊ ဆေးမလောက်အောင် တက်တက်ရူး။

၃၀။ သို့မဖြစ်အောင်၊ သတိဆောင်၊ အားလုံးခေါင်က ကျူးစေသော်ဝ်။

၃၁။ (၁၃) စာမတတ်မူ၊ အခေါက်ထူ၊ လူထဲရှင်ထဲ သုံးမကျ၊

၃၂။ စာတတ်ပြန်လျှင်၊ စိတ်ကြီးဝင်၊ လူမြင်တိုင်းက အော့ချင်ကြ။

၃၃။ သို့မဖြစ်အောင်၊သတိဆောင်၊ အမောင်-ခဲပါမှ။

၃၄။ (၁၄) တံခွန်ဖြူစပါး၊ အဆန်ရှား၊ အားလုံးထိပ်က – တစွင့်စွင့်။

၃၅။ သဒ္ဓါသီလ၊ သုတရှားပါး၊ လူငနွား၊ လူများခေါင်းက တဝင့်ဝင့်၊ လူမြင်တိုင်းက နှလုံးနင့်။

၃၆။ (၁၅)အဆန်ပြည့်စွာ၊ ပြောင်းဖူးမှာ၊ အဆစ်အောက်မှာ ပုန်း၍ဖူး။ လူမြင်တိုင်းက လာ၍ခူး။

၃၇။ မပြည့်အဆန်၊ ထိုပြောင်းနှံ၊ ပျံတော့မလို ထိပ်ကဖူး။ ဘယ်သူတယောက် မဆွတ်ခူး။

၃၈။ ယင်းသည့်ပုံကို၊ နှလုံးသို၊ မိမိဂုဏ်ကို ဝှက်လေလော။

၃၉။ (၁၆) အဆန်ပြည့်လေ၊ မှည့်လေလေ၊ ညွတ်ခွေငိုက်၍လဲ။ သလေးစပါး သူဖြစ်နဲ။

၄၀။ ထက်ရောက်လေလေ၊ ကျမ်းတတ်လေ၊ နှိမ့်ချသေခွေ - သူ့အောက်လှဲ၊ ပညာရှိတို့ ကျင့်စမြဲ။

၄၁။ ယင်းသို့ ဖြစ်အောင်၊ သတိဆောင်၊ မိမိဉာဏ်ရောင် ကဲလိမ့်သောဝ်။

၄၂။ မဆောင်သတိ၊ ဖြစ်တုံဘိ၊ မိမိဉာဏ်ရောင် နဲလိမ့်သောဝ်။

၄၃။ (၁၃) လေကာထဲတွင်၊ မီးထွန်းလျှင်၊ လေဝင်တိုက်ဖျက် သေရမြဲ။

၄၄။ မှန်အိမ်ထဲတွင်၊ တောက်ရလျှင်၊ ဘယ်လေမဝင် တရဲရဲ။

၄၅။ ယင်းသည့်ပုံထဲ၊ နှလုံးစွဲ၊ သူတော်ကောင်းနှင့် အမြဲ ပေါင်းလေလော။

၄၆။ (၁၈)ဝက်သား ကြက်သား၊ ငါးကြင်းသား၊ ရေနံများနှင့် ကြော်မည်လော။

၄၇။ သီတင်းဖြူဆွ၊ သုသီလ၊ ဒုဇ္ဇနနှင့်- တော်မည်လော။

၄၈။ (၁၉) ကျန်းဂန်တတ်သူ၊ ဖြစ်စေမူ၊ သီလမဖြူ-ကြောက်လေလော။

၄၉။ လည်ရွဲတန်ဆာ၊ ဝင်းဝင်းဝါ၊ နဂါး-ကြီးလာ မပေါက်လော။

၅၀။ (၂၀) ဓူတင်ကျင့်သူ ဖြစ်စေမူ၊ သီလဖြူမှ တင့်တယ်မည်။

၅၁။ ဘယက်တန်ဆာ၊ ဆင်စေကာ၊ ခါးဝတ်မပါ - ဘယ့်နှယ်နည်း။

၅၂။ (၂၁) သီလဖြူစွာ ဖြစ်စေကာ၊ ဓူတင်ဝေးကွာ မပွင့်လန်း။

၅၃။ အဆင်းလှစွာ နံ့မပါ၊ ပမာ−ပေါက်ပွင့်ပန်း။

၅၄။ (၂၂) သီလပညာ ရှိစေကာ၊ ခန္တီပါမှ လူခိုမည်။

၅၅။ တုပ်တတ်ခါချဉ်၊ အင်ကြင်းပင်၊ ဘယ်သူဝင်၍ ခိုသနည်း။

၅၆။ (၂၃) ကျမ်းဂန်ကိုသာ တစာစာ၊ အံရှာလေသည့်— မောင်ပဉ္စင်း။

၅၇။ စာ၏ဆိုပုံ၊ ကိုယ်ကျင့်ပုံ၊ နှစ်စုံပွဲတွင်ကျင်း။

၅၈။ (၂၄) ကျမ်းဂန်စာပေ၊ များတထွေ၊ ပို့ချနေသည့် မောင်ကျမ်းတတ်။

၅၉။ ကိုယ်မကျင့်ကြံ၊ ဖြစ်တုံ့ပြန်၊ မီးရှူးထမ်းဟန်- သူကန်းမှတ်။

၆၀။ (၂၅) နေ့ရော ညဉ့်ပါ၊ တစာစာ၊ သူများကိုသာ အတွင်ဟော။

၆၁။ ကိုယ်မကျင့်လို၊ ပဉ္စင်းပျို၊ ပုံဆိုပါလော၊ ကိုယ့်ဖြစ်ပျက်။

၆၂။ စောင်းသမားနားထိုင်း၊ ပုံနှင့်နှိုင်း၊ ရိုင်းလိုက်လေခြင်း မဆိုနှင့်။

၆၃။ (၂၆) အစာမခင်၊ ဖြစ်တုံလျှင်၊ ကောင်းကင်ဝေဟာ တဝဲဝဲ၊ ထိုငှက်လင်းတ− ဘေးကင်းမြဲ။

၆၄။ ခွေးကောင်ပုပ်တွင်၊ မက်မောလျှင်၊ မြေသို့သက်ဝင်− ကျော့ကွင်းထဲ။ ထိုငှက် လင်းတ ဘေးထိမြဲ။

၆၅။ ဤသို့ပုံကို၊ နှလုံးသို၊ ကာမဂုဏ်ကို လွတ်အောင် ဖဲ့လေလော။ သာသနာ၌ မြဲစေသောဝ်။

၆၆။ သာသနာတွင်၊ မွေ့လျော်လျှင်၊ တရားတော်ကို မင်ပါမှ။

၆၇။ တရားမမင်၊ ဖြစ်ပါလျှင်၊ ဘုရားရှင်နှင့် - ကဏ္ဍက။

၆၈။ (၂၇) တင်လဲအိုးထဲ၊ တင်လဲခဲ၊ မဲ၍တက်သည့် — ပိုးပရွက်။

၆၉။ အစားမတတ်၊ ဖြစ်တုံလတ်၊ အစာသတ်၍- သေမည်ချက်။

၇ဝ။ ယင်းသည့်ပုံသွင်၊ နှလုံးဝင်၊ မောင်ရှင်သီလ - ထက်လိမ့်သောဝ်။

၇၁။ (၂၈) ရွှေတောင်ကြီးမှာ၊ ရွှေကိုသာ၊ လူတို့ရှာယူ- ဘယ်မစဲ။

၇၂။ တောသားသမင်၊ ဖြစ်တုံလျှင်၊ မြက်ပင်ကိုသာ အတွင်ခဲ။

၇၃။ တောသမင်ထံ၊ နည်းမခံ၊ ပညာလျှံ၍-ကဲစေသောဝ်။ ပစ္စည်းသိုမှီး-နဲစေလော။

၇၄။ (၂၉) ဝေဘူသာခေါင်၊ ပတ္တမြားတောင်၊ အရောင် လျှပ်လျှပ်ကြဲ။

၇၅။ ပတ္တမြားကောက်သူ၊ ထိုသည့်လူ၊ ဘီလူးဖမ်းမူ - ရူးစမြဲ။

၇၆။ ဘီလူးဖမ်းစား၊ ရူးတုံငြား၊ ပတ္တမြားကျောက်နှင့် တက်တက်လွဲ။ မစင် ကျောက်ကိုသာ အတွင်မဲ။

၇၇။ ဘီလူးနိုင်တတ်၊ ဆရာမြတ်၊ ကြပ်ကြပ်မောင်မှီဝဲ။

၇၈။ ဘီလူးမသီ၊ အင်းဆေးနီ၊ ကိုယ်လုံးချီ၍စွဲ။

၇၉။ ယင်းသည့်ပုံထဲ၊ နှလုံးစွဲ၊ သီလလျံကဲ - ဖြစ်လိမ့်သောဝ်။

၈၀။ (၃၀) သာသနာတွင်၊ ပုန်းခိုဝင်၊ ဘုရားရှင်ကို-နောက်ဖယ်ထား။

၈၁။ အတွင်းတော်မှာ၊ ပြင်ကမြဲ၊ ပန်းဘဲမင်းကြီး-လူအလား။

၈၂။ ယင်းသို့ပြုလျှင်၊ တို့မောင်ရှင်၊ ယမမင်းထံ-ဝင်ပေလော။

၈၃။ (၃၁) ဘုရားသခင်၊ ဆရာရှင်နှင့်၊ မိခင်ထံပါး၊ ရောက်တုံငြား၊ ကြောက်လန့် တကြား - တုပ်ကော်ရော်။

၈၄။ မီးနှင့်မသွေ၊ မြွေနှင့်မခြား၊ လွန်ခန့်ငြား၊ မပြတ်သတိထားလေလော။

၈၅။ (၃၂) ဆရာကောင်းထံ၊ နည်းမခံ၊ ဂုဏ်မာန်တတင်းတင်း။

၈၆။ နည်းယူတဖန်၊ ခံတုံပြန်၊ အတန်ငယ်မျှ- နည်းရလျှင်။

၈၇။ ဒေဝဒတ်သွင်၊ ဆရာရှင်၊ ဘက်ပြိုင်အင်တု - လွတ်အောင် ကွင်း။

၈၈။ ဝိဒေဟသခင်၊ တိုင်းကြီးရှင်၊ ပုတ်သင်ပြိုင်တု - ပြောင်တင်းတင်း။

၈၉။ မိဘသခင်၊ ဆရာရှင်၊ ဂုဏ်ပြိုင်ချင်၍ - တအင်းအင်း။

၉၀။ ယင်းသို့ပြုမှား၊ လူငနွား၊ အားလုံးဝိုင်း၍- နင်းလိမ့်သောဝ်။

၉၁။ (၃၃) ဆရာထိုထို၊ ဆည်းကပ်လို၊ ထိုထိုဆရာတတ်ကို - သိရမည်။

၉၂။ ကမ်းတဘက်ကို၊ ကူးမြောက်လို၊ ဆိပ်ကောင်းရာကို- သိသောနည်း။

၉၃။ (၃၄) ပညာလည်းချွန်၊ သီလဝန်၊ ဆရာမှန်ကို-ကပ်ရမည်။

၉၄။ သားရဲမိကျောင်း၊ မကိန်းအောင်းရာ၊ ဆိပ်ကောင်းမှာ၊ ဆင်းသက်ရာသောနည်း။

၉၅။ (၃၅) ဘုန်းကံကြီးသူ၊ ဖြစ်စေမူ၊ သီလဖြူမှ - ကပ်လေလော။

၉၆။ ဥစ္စာရှိသူ၊ ဖြစ်စေမူ၊ ရူးသည့်သူနှင့် - ပေါင်းမည်လော။

၉၇။ (၃၆) ဆရာကောင်းတွင်၊ ဆည်းကပ်လျှင်၊ ဆရာချစ်ခင် ရှိစေသောဝ်။

၉၈။ ချစ်ခင်စေလို၊ ဆရာကို၊ ထိုထို ဝတ်နှင့် - ဖြားယောင်းလော။

၉၉။ ဆရာ့စကား၊ မိုဃ်းကြိုးသွား၊ မဝံ့မစား-ကြောက်လေလော။

၁၀၀။ ခွန်းတုံ့မပြန်၊ မလှန်ဆန်၊ တသန်ထည်းသာ-လိုက်လေလော။

၁၀၁။ ဆရာလိုရာ၊သူ့ထက်ငါ၊ ညီညာဖြဖြ–ပြုကြလော။

၁၀၂။ အရေးကြီးလျှင်၊ ရှေ့ကတင်၊ ဆရာအရှင် - ခဲလေလော။

၁၀၃။ ဘေးရန်ရောက်ခါ၊ မရှောင်သာ၊ ဆရာတွက်တာ - ရဲစေလော။

၁၀၄။ နာဖျားမကျန်း၊ ကိုယ်ချိနွမ်း၊ ခြေစမ်း လက်စမ်း-မြဲစေသောဝ်။

၁၀၅။ ဆရာပြစ်တင်၊ ပြုပြန်လျှင်၊ မျက်နှာ ရွှင်လန်း- သဲစေသောဝ်၊

၁၁၆။ နောက်ကိုတဖန်၊ ပြစ်ဘင်ရန်၊ မရှိအောင်-ကြံလေလော။

၁၀၇။ ကြိမ်လုံးတပြာ၊ မရွယ်လာခင်၊ ပြေးစိုင်းနှင်၊ သိန္ဓောမြင်းသွင် - ကျင့်လေလော။

၁၀၈။ နှင်ထုတ်တဖန်၊ ဖြစ်တုံပြန်၊ ကျိုးကျိုးနွံနွံ တောင်းပန်လော။

၁၀၉။ သဲညှင်း တဖန်၊ မခံပြန်၊ တန်တန် ဒဏ်ထမ်း - တောင်းပန်လော။

၁၁၀။ တောင်းပန်မရ၊ မရှိရမြဲ၊ ကြိတ်အံခဲ၊ အနဲနဲသာ - တောင်းပန်လော။

၁၁၁။ ယင်းသို့ပြုတတ်၊ တပည့်မြတ်၊ ကြပ်ကြပ်ဆရာ - ခင်လိမ့်သောဝ်။

၁၁၂။ ဆရာကခင်၊ ကိုယ်ကမင်၊ နေ၍ပျော်ရွှင် - ရှိလိမ့်သောဝ်။

၁၁၃။ ပျော်ရွှင်နေရ၊ ရှိတုံမှ၊ ဓမ္မလှလှ - ကျင့်နိုင်သောဝ်။

၁၁၄။ ဓမ္မလှလှ၊ ကျင့်နိုင်မှ၊ နိဗ္ဗူပါရ - ရောက်နိုင်သောဝ်။

၁၁၅။ နိဗ္ဗူပါရ၊ ရောက်တုံမှ၊ သဗ္ဗဘယ - ကင်းငြိမ်းသောဝ်၊

၁၁၆။ ဩဝါဒကထာ၊ မိုဃ်းကြီးရွာ၊ ဤခါ မိုဃ်းရေ - သိမ်းလတ်ပြီ။

၁၁၇။ သောတုဇန၊ မျိုးသိဿာ၊ ငါးဖြာပီတိ - ဟိန်းလတ်ပြီ။

၁၁၈။ သာဓုကာရံ၊ ကောင်းချီးညံ၊ ဘဝဂ်ဘုံယံ - ဟိန်းလတ်ပြီ။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse