ရောမကဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၇၇။ ရောမကဇာတ် (၃-၃-၇)


တိကနိပါတ်-ဥဒပါနဝဂ်

၇။ ရောမကဇာတ်

ခို နှင့် ရသေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဝဿာနိ ပညာသ သမာဓိကာနိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤရောမကဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားအား သတ်အံ့သောငှါ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် ထင်ရှားသလျှင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ် မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခိုမျိုး၌ဖြစ်၍ များစွာသောခိုတို့ဖြင့် ခြံရံလျက် တောအရပ်ဝယ် တောင်လိုဏ်၌နေ၏။ မထင်ရှားသော သီလရှိသောရသေ့သည် ထိုခိုတို့၏နေရာအရပ်မှ မနီးမဝေးသောအရပ်၌ တခုသော ပစ္စန္တရစ်ရွာကိုမှီ၍ ကျောင်းဆောက်၍ တောင်လိုဏ်၌ နေ၏။ ဘုရားလောင်းသည် ရံခါရံခါ ရသေ့၏ အထံသို့သွား၍ တရားနာ၏။ ရသေ့သည် ထိုအရပ်၌ ကြာမြင့်စွာနေ၍ ဖဲ၏။ ထိုအခါ တပါးသော ကောက်ကျစ်သော ရသေ့သည် လာလတ်၍ ထိုလိုဏ်၌နေ၏ ဘုရားလောင်းသည် ခိုအပေါင်းခြံရံလျက် ထိုရသေ့ကိုဆည်းကပ်၍ ပဋိသန္ထာရ ပြု၍ ကျောင်း၌ကျက်စား၍ တောင်မြောင်ချောက်ကြား၏အနီး၌ အစာယူ၍ ညအခါ မိမိနေရာသို့ သွား၏။ ကောက်ကျစ်သော ရသေ့သည် ထိုအရပ်၌ အနှစ်ငါးဆယ်ကျော် နေ၏။

ထိုအခါ တနေ့သ၌ ပစ္စန္တရစ်ရွာသားတို့သည် ခိုသားကို ကောင်းစွာစီရင်၍ လှူကုန်၏။ ရသေ့သည် ခိုသား၌ ရသတဏှာဖြင့်တပ်စွန်း၍ အဘယ်မည်သော အသားနည်းဟု မေး၍ ခိုသားတည်းဟု ကြား၍ ငါ၏ ကျောင်း၌ များစွာကုန်သော ခိုတို့သည် ကျက်စားလာကုန်၏။ ထိုခိုတို့ကိုသတ်၍ အသားကိုစားခြင်းငှါ သင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုရသေ့သည် ဆန့် ထောပတ် နို့ဓမ်းနို့ရည် ငြုတ်အစရှိသည်တို့ကိုဆောင်၍ လျောက်ပတ်သောအရပ်၌ထား၍ ဆောက်ပုတ်ကို သင်္ကန်းစွန်းဖြင့်ဖုံး၍ ခိုတို့၏လာခြင်းကို မျှော်လျက် ကျောင်းတံခါး၌ နေ၏။ ဘုရားလောင်းသည် ခိုအပေါင်း ခြံရံလျှက် လာ၍ ထိုရသေ့ကောက်၏ ပျက်သောအမူအရာကို မြင်၍ ဤရသေ့ပျက်သည် တပါးသောအခြင်းအရာဖြင့် နေ၏။ ငါတို့၏ ဆွေမျိုးတို့၏အသားကို စားလိုသလော၊ ထိုရသေ့ကို စုံစမ်းအံ့ဟု လေကြေ၌ရပ်၍ ရသေ့၏ ကိုယ်မှ ခိုသားနံ့နံ၍ ဤရသေ့သည် ငါတို့ကိုသတ်၍ အသားကို စားလို၏။ ထိုရသေ့၏အထံသို့ သွားခြင်းငှာမသင့်ဟု ခိုအပေါင်းတို့ကိုခေါ်၍ ဖဲ၏။ ရသေ့သည် ထိုခိုမလာသည်ကို မြင်၍ ခိုတို့နှင့်တကွ သာယာသောစကားကိုဆို၍ အကျွမ်းဝင်သဖြင့် ကပ်လာကုန်သော ခိုတို့ကိုသတ်၍ အသားကို စားခြင်းငှါ သင့်၏ဟု ကြံ၍-

၇၉။ ဝဿာနိ ပညာသ သမာဓိကာနိ၊
ဝသိမှ သေလဿ ဂုဟာယ ရောမက။
အသင်္ခမာနာ အဘိနိဗ္ဗုတတ္တာ၊
ဟတ္ထတ္တမာယန္တိ မမဏ္ဍဇာ ပုရေ။

၈၀။ တေ ဒါနိ ဝက္ကင်္ဂ ကိမတ္ထမုဿုကာ၊
ဘဇန္တိ အညံ ဂိရိကန္ဒရံ ဒိဖာ။
န နူန မညန္တိ မမံ ယထာ ပုရေ။
စိရပ္ပဝုတ္ထာ အထ ဝါ န တေ ဣမေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၇၉။ ရောမက၊ ကောင်းစွာသွေးအပ်သော သန္တာအဆင်းနှင့် တူသော မျက်စိရှိသော ခို။ မယံ၊ ငါတို့သည်။ ပညာသ သမာဓိကာနိ၊ ငါးဆယ် အလွန်ရှိကုန်သော။ ဝဿာနိ၊ နှစ်တို့ပတ်လုံး။ သေလဿ၊ တောင်၏။ ဂုဟာယ၊ လိုဏ်၌။ ဝသိမှ၊ နေကုန်ပြီ။ ပုရ၊ ရှေး၌။ အဏ္ဍဇာ၊ ခိုတို့သည်။ အသင်္ကမာနာ၊ ရွံရှာခြင်း ကင်းကုန်သည်ဖြစ်၍။ အဘိနိဗ္ဗုတတ္တာ၊ ငြိမ်းသောစိတ် ရှိကုန်သည်ဖြစ်၍။ မမ၊ ငါ၏။ ဟတ္ထတ္တံ၊ လက်ဖြင့်မှီသော အရပ်သို့။ အာယန္တိ၊ လာကုန်၏။

၈၀။ ဝက္ကင်္ဂ၊ ခို။ ဣဒါနိ၊ ယခု။ တေ ဒိဇာ၊ ထိုခိုတို့သည်။ ကိမတ္ထံ၊ အဘယ်အကျိုးငှါ။ ဥဿုကာ၊ လုံ့လပြုကုန်သည်ဖြစ်၍။ အညံ၊ တပါးသော။ ဂိရိကန္ဒရံ၊ တောင်ချောက်သို့။ ဘဇန္တိ၊ ပျံကုန်ဘိသနည်း။ မမံ၊ ငါ့ကို။ ဣမေ၊ ဤခိုတို့သည်။ ပုရေယထာ၊ ရှေး၌ကဲ့သို့။ န မညန္တိ နူန၊ မအောက်မေ့ကုန်သည်ထင်၏။ ဣမေ၊ ဤခိုတို့သည်။ စိရပ္ပတ္ထာ၊ ကြာမြင့်စွာ အရပ်တပါး၌ နေကုန်ပြီး၍။ အစ္စယေန၊ ရှည်စွာသောကာလကို လွန်သဖြင့်။ မံ၊ ကို။ န ဇာနန္တိ နူန၊ မသိကြကုန်ယောင်တကား။ အထ ဝါ၊ ထိုသို့တည်း မဟုတ်မူကား။ ဣမေ၊ ဤခိုတို့သည်။ တေ၊ ထိုကြာမြင့်စွာ နေကုန်သော ခိုတို့သည်။ န ဟောန္တိ နူန၊ မဟုတ်လေကုန်သလော။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် နောက်သို့ဆုတ်၍ တည်ပြီးလျှင်-

၈၁။ ဇာနာမ တံ န မယံ သပ္ပမူဠှာ၊
သောယေဝ တွံ တေ မယမသ္မ နာညေ။
စိတ္တဉ္စ တေ အသ္မိံ ဇနေ ပဒုဋ္ဌံ၊
အာဇီဝိကာ တေန တမုတ္တသာမ။

ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သောဤဂါထာကိုဆို၏။

၈၁။ အာဇီဝိကာ၊ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ရဟန်းပြုသော ရှင်ရသေ့ပျက်။ မယံ၊ ငါတို့သည်။ တံ၊ သင့်ကို။ ဇာနာမ၊ သိကုန်၏။ မယံ၊ ငါတို့သည်။ န သမ္ပမူဠှာ၊ မမိုက်မဲ မတွေဝေကုန်။ တွံ၊ သင်သည်သာလျှင်။ သောယေဝ၊ ထိုရှေးက ရသေ့ပင်တည်း။ မယံ၊ ငါတို့သည်။ တေ၊ ထိုကြာမြင့်စွာနေကုန်သော ခိုတို့သည်သာလျှင်။ အသ္မ၊ ဖြစ်ကုန်၏။ အညေ၊ တပါးကုန်သော ခိုတို့သည်။ န အသ္မ၊ မဖြစ်ကုန်။ အသ္မိံ ဇနေ၊ ဤခိုအပေါင်း၌။ တေ၊ သင်၏။ စိတ္တဉ္စ၊ စိတ်သည်ကား။ ပဒုဋ္ဌံ၊ ပြစ်မှား၏။ တေန၊ ထို့ကြောင့်။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ ဥတ္တသာမ၊ ထိတ်လန့်ကုန်၏။

ကောက်ကျစ်သော ရသေ့သည် ငါ့ကို ဤခိုတို့သည် သိပြီဟု ဆောက်ပုတ်ကိုလွှတ်၍ အချင်းခို သွားလေတော့ ချွတ် ယွင်းလေ၏ဟု ဆို၏။ ထိုအခါ ရသေ့ကို ဘုရားလောင်းသည် ရှေးဦးစွာ ငါ့ကို ချွတ်ယွင်း၏။ အပါယ်လေးပါးတို့ကိုကား မချွတ်ယွင်း၊ အကယ်၍ ဤကျောင်း၌ နေအံ့၊ ရွာသားတို့အား ဤရသေ့သည် ခိုးသူတည်းဟု အကြောင်းကြား၍ သင့်ကို ဖမ်းစေအံ့၊ လျင်စွာ ပြေးလေလော့ဟု ရသေ့ကို ခြိမ်းချောက်၍ ဖဲလေ၏။ ရသေ့ကောက်သည် ထိုကျောင်း၌နေခြင်းငှါ မတတ်နိုင်၍ တပါးသော အရပ်သို့သွား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကောက် ကျစ်သော ရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ရှေး၌နေသော သီလရှိသော ရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခိုတို့၏အကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နဂိုစိတ်ထား၊ ပျက်စိတ်ငြား၊ အခြား သူငါသိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ရောမကဇာတ်သည် ပြီး၏။

*****