ရာဓဇာတ် -၁

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၄၅။ ရာဓဇာတ်

ဧကကနိပါတ်-ကကဏ္ဋကဝဂ်

၅။ ရာဓဇာတ်

မိန်းမတို့အားစောင့်ရှောက်ခြင်းငှာ မတတ်နိုင်သောအကြောင်း*

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်ဘုရားသည်န တွံ ရာဓ ဝိဇာနာသိ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤရာဓဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် ဣန္ဒြိယဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့၊ အထူးကား မြတ်စွာဘုရားသည် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း မာတုဂါမမည်သည် စောင့်ရှောက်ခြင်းငှာ မတတ်နိုင်၊ အစောင့်အရှောက်ကိုထား၍ စောင့်ရှောက်ကုန်သော်လည်း စောင့်ရှောက်အံ့သောငှါ မတတ်နိုင်ကုန်၊ သင်သည်လည်း ရှေး၌ ထိုမိန်းမကို အစောင့်အရှောက်ထား၍ စောင့်ရှောက်အံ့သောငှါ မတတ်နိုင်၊ ယခုအခါ၌ အသို့စောင့်ရှောက်လတ္တံ့နည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ကျေးအမျိုး ၌ဖြစ်၏။ ကာသိတိုင်း၌ တယောက်သောပုဏ္ဏားသည် ဘုရားလောင်းကို၎င်း, ဘုရားလောင်း၏ညီကို၎င်း သားအရာ၌ထား၍ မွေးမြု၏။ ထိုနှစ်ခုကုန်သောကျေးတို့တွင် ဘုရားလောင်းအား ပေါဋ္ဌပါဒဟူသော အမည်သည်ဖြစ်၏။ ညီငယ်အား ရာဓဟူသော အမည်သည် ဖြစ်၏။ ထိုပုဏ္ဏား၏ မယားသည်ကား လွန်ကျူးသော အကျင့်ရှိ၏။ သီလမရှိ၊ ထိုပုဏ္ဏားသည် ကုန်သွယ်အံ့သောငှါ သွားသည်ရှိသော် နှစ်ခုကုန်သော ကျေးသားညီနောင်တို့ကိုလည်း အမောင်တို့ သင်တို့၏အမိဖြစ်သော ပုဏ္ဏေးမသည် လွန်ကျူးသောအကျင့်ကို အကယ်၍ကျင့်အံ့၊ ထိုပုဏ္ဏေးမကို မြစ်ရစ်ကြကုန်လော့ဟု ဆို၏။ ဘုရားလောင်းသည် ဘခင် ကောင်းပြီ၊ မြစ်ခြင်းငှါ တတ်နိုင်သည်ရှိသော် မြစ်ကုန်အံ့၊ မတတ်နိုင်သည်ရှိသော် ဆိတ်ဆိတ်နေကုန်သည် ဖြစ်ကုန်အံ့ဟု ဆို၏။ ဤသို့ ပုဏ္ဏားသည် ပုဏ္ဏေးမကို ကျေးသားတို့အား အပ်နှင်း၍ ကုန်သွယ်အံ့သောငှါ သွား၏။

ထိုပုဏ္ဏား၏ သွားသောနေ့မှစ၍ လွန်ကျူးသောအကျင့်ကို ကျင့်အံ့သောငှါ အားထုတ်၏။ ဝင်ကုန်သောသူတို့၏၎င်း, ထွက်ကုန်သောသူတို့၏၎င်း အဆုံးသည်မရှိ၊ ထိုပုဏ္ဏေးမ၏ အမူ အရာကိုမြင်၍ ရာဓသည် ဘုရားလောင်းကို အစ်ကိုကြီး ငါတို့၏အဘသည် သင်တို့၏အမိသည် လွန်ကျူးသောအကျင့်ကို အကယ်၍ ကျင့်အံ့၊ တားမြစ်ရစ်ကုန်လော့ဟုဆို၍ သွား၏။ ယခု ပုဏ္ဏေးမသည် လွန်ကျူးသောအကျင့်ကို ကျင့်၏။ ထိုပုဏ္ဏေးမကို မြစ်ကုန်အံ့ဟုဆို၏။ ဘုရားလောင်းသည် ညီထွေး သင်သည် မလိမ်မာသည် ၏အဖြစ်ကြောင့် မိုက်သည်၏အဖြစ်ဖြင့်သာလျှင် ဆို၏။ မာတုဂါမမည်သည်ကို ချီ၍, ရွက်၍သွားကုန်သော သူတို့သည်လည်း စောင့်ရှောက်အံ့သောငှါ မတတ်နိုင်၊ အကြင်အမှုကို ပြုအံ့သောငှါ မတတ်နိုင်၊ ထိုအမှုကိုပြုခြင်းသည် မသင့်ဟုဆိုလို၍-

၁၄၅။ န တွံ ရာဓ ဝိဇာနာသိ၊ အဍ္ဎရတ္တေ အနာဂတေ။
အဗျယတံ ဝိလပသိ၊ ဝိရတ္တေ ကောသိယာယနေ။

ဟူသော ဤဂါထာကို ဆို၏။

၁၄၅။ ရာဓ၊ ရာဓ။ တွံ၊ သင်သည်။ န ဝိဇာနာသိ၊ မသိ။ အဍ္ဎရတ္တေ၊ သန်းခေါင်အခါသည်။ အနာဂတေ၊ မရောက်မီ။ ဧတ္တကာ၊ ဤမျှအတိုင်းအရှည်ရှိကုန်သော။ ဇနာ၊ လူသည်။ အာဂတာ၊ လာကုန်၏။ ကောသိယာယနေ၊ ကောသိယအနွယ်ဖြစ်သောပုဏ္ဏေးမသည်။ ဝိရတ္တေ-ဝိရတ္တာ၊ လင်ပုဏ္ဏား၌ တပ်ခြင်းကင်း၏။ တွံ၊ သင်သည်။ အဗျယတံ၊ မလိမ်မာသော စကားကို။ ဝိလပသိ၊ ပြောဆို၏။

ဤသို့ပြပြီး၍ကား ပုဏ္ဏေးမနှင့်တကွ ရာဓအား စကားဆိုခြင်းငှါ ခွင့်မပေး၊ ထိုပုဏ္ဏေးမသည်လည်း အကြင်မျှလောက် ပုဏ္ဏား၏ မလာခြင်းသည် ရှိ၏။ ထိုမျှလောက် အလိုရှိတိုင်း ကျင့်၏။ ပုဏ္ဏားသည် လာလတ်၍ ပေါဋ္ဌပါဒကို အမောင် သင်၏အမိသည် အသဘောရှိသနည်းဟု မေး၏။ ဘုရားလောင်းသည် ပုဏ္ဏားအား အလုံးစုံကို အဟုတ်အမှန်အားဖြင့်ဆို၍ ဘခင် သင့်အား ဤသို့ သဘောရှိသော သီလမရှိသော ပုဏ္ဏေးမဖြင့် အဘယ်ပြုအံ့နည်းဟု ဆို၍ ဘခင် ငါတို့သည် အမိ၏အပြစ်ကိုဆိုသော ကာလမှစ၍ ဤအိမ်၌နေခြင်းငှါ မသင့်ဟု ဆို၍ ပုဏ္ဏား၏ခြေတို့ကို ရှိခိုး၍ ရာဓနှင့်တကွပျံ၍ တောသို့သွား၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ လေးပါးကုန်သော သစ္စာတို့ကို ပြတော်မူ၏။ သစ္စာကိုပြတော်မူသည်၏အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... ယခုအခါ ထိုနှစ်ယောက်ကုန်သော လင်မယားတို့သည် ထိုအခါ ပုဏ္ဏားသည်၎င်း ပုဏ္ဏေးမသည်၎င်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ရာဓ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပေါဋ္ဌပါဒ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မာတုဂါမ၊ ဟူတုံက၊ စောင့်ရခဲယဉ်းပေ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ရာဓဇာတ်သည် ပြီး၏။

*****