မာတုပေါသကဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၅၅။ မာတုပေါသကဇာတ် (၁)


ဧကာဒသကနိပါတ်

၁။ မာတုပေါသကဇာတ်

တိရစ္ဆာန်ဖြစ်သော်လည်း မိဘကိုလုပ်ကျွေးခြင်း

ဟောတော်မူရာဌာန... နတ်လူတို့၏ ဆရာဖြစ်တော်မူသော သဗ္ဗညူဘုရားသခင်သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တဿ နာဂဿ ဝိပ္ပဝါသေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမာတုပေါသကဇာတ်ကို မိဘလုပ်ကျွေးသော မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုသည် သုဝဏ္ဏသာမဇာတ်၌ ပစ္စုပ္ပန်ဝတ္ထုနှင့် တူသည်သာလျှင်တည်း။

အထူးကား- ဘုရားသခင်သည် ရဟန်းတို့ကို ခေါ်တော်မူ၍ "ရဟန်းတို့ ဤရဟန်းကို မကဲ့ရဲကြကုန်လင့်၊ ရှေးပညာရှိတို့သည် တိရစ္ဆာန်အမျိုး၌ ဖြစ်ကုန်သော်လည်း အမိနှင့်ကင်းကုန်၍ ခုနစ်ရက်ပတ်လုံး အစာကင်းသည်၏ အဖြစ်ကြောင့် ခြောက်ကပ်ကုန်သည်ဖြစ်၍ မင်းအားထိုက်သော အစာကိုရသော်လည်း အမိနှင့်ကင်း၍ မစားကုန်၊ အမိကို မြင်ရမှသာလျှင် အစာကို ယူကုန်၏ ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏ သီပြည်ဝယ် ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် သင်တို့ဆရာ ဘုရား၏ အလောင်းတော်သည် ဟိမဝန္တာဝယ် ဆင်အမျိုး၌ ဖြစ်၍ ကိုယ်လုံးဖြူ၏။ အလွန် အဆင်းလှ၏။ ကြည်ညိုဖွယ်ရှိ၏။ စိတ်နှလုံး ပွားခြင်းကို ပြုတတ်၏။ ရှစ်သောင်းသော ဆင်အခြံအရံရှိ၏။

အမိကို လုပ်ကျွေး

ဘုရားလောင်း၏ မယ်တော်သည်ကား မျက်စိအလင်းကို မရ၊ ထိုဘုရားလောင်းသည် ချိုနိုးရာရာကုန်သော သစ်သီးတို့ကို ဆင်တို့အား ပေး၍ အမိထံသို့ ပို့စေ၏။ ဆင်တို့သည် ထိုဘုရားလောင်းအမိကို မပေးမူ၍ မိမိတို့သာလျှင် စားကုန်၏။ ထိုဘုရားလောင်းသည် စုံစမ်းသည် ရှိသော် ထိုအကြောင်းကိုသိ၍ ဆင်အပေါင်းကိုစွန့်၍ အမိကိုသာလျှင် ငါမွေးအံ့ ဟု ကြံ၍ ညဉ့်အဖို့၌ တစ်ပါးကုန်သောဆင်တို့၏ မသိကုန်စဉ် အမိကိုခေါ်ယူ၍ စဏ္ဍောရဏတောင်ခြေရင်းသို့ သွား၍ တစ်ခုသော ပဒုမာကြာတောကို မှီ၍ တည်သော တောင်ဝှမ်း၌ အမိကိုထား၍ လုပ်ကျွေး မွေးမြူ၏။ ထိုအခါ ဗာရာဏသီပြည်၌ နေသော မုဆိုးသည် ခရီးသွား၍ အရပ်မျက်နှာကို မှတ်မိခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ သည်းစွာသော အသံဖြင့် ငိုကြွေး၏။

လူကိုကယ်ခြင်း

ဘုရားလောင်းသည် ထိုမုဆိုး၏ အသံကိုကြား၍ ဤလူကား ကိုးကွယ်ရာမရှိ၊ ငါသည် ထင်ရှားရှိစဉ် ဤသူသည် ဤအရပ်၌ အကျိုးမဲ့ ပျက်စီးခြင်းသည် မလျောက်ပတ် ဟု အကြံရှိ၍ ထိုမုဆိုး၏အနီးသို့ သွား၍ ကြောက်သဖြင့် ပြေးသော ထိုမုဆိုးကို မြင်၍ အိုယောကျ်ား ငါ့ကိုမှီ၍ ဘေးသည် သင့်အား မရှိ၊ သင် မပြေးလင့်၊ အဘယ့်ကြောင့် သင်သည် ငိုလျက်သွားသနည်းဟု မေးတော်မူ၏။ သခင် အကျွန်ုပ်သည် ခရီးမှား၍ အကျွန်ုပ်အား ယနေ့ ခုနစ်ရက်ရှိပြီ ဟု ဆိုပေသော် အိုယောကျ်ား... သင် မကြောက်လင့်၊ ငါသည် သင့်ကို လူ့ပြည်ခရီး၌ ထားအံ့ ဟု မိန့်တော်မူ၍ ထိုလူကို ဘုရားလောင်း၏ ကျောက်ကုန်း၌ နေစေ၍ တောမှ ထုတ်ပြီးလျှင် ပြန်၏။ ထိုလူသည်လည်း ယုတ်မာ၏။ မြို့သို့ရောက်လျှင် မင်းအား ကြားအံ့ဟု ကြံ၍ သစ်ပင်အမှတ် တောင်အမှတ်ကို ပြုလျက်လျှင် တောမှထွက်၍ ဗာရာဏသီပြည်သို့ ရောက်၏။

ဆင်မင်းအဖမ်းခံရ

ထိုအခါ၌ မင်း၏ မင်္ဂလာဆင်တော်သည် သေ၏။ မင်းသည် အကယ်၍ တစ်စုံ တစ်ယောက်သောသူသည် တစ်စုံတစ်ခုသော အရပ်၌ မင်္ဂလာဆင်တော်ပြုခြင်းငှာ သင့်လျော်သော သဘောရှိသောဆင်ကို မြင်သည်ဖြစ်အံ့၊ ထိုသူသည် ကြားစေသတည်း ဟု စည်လည် မောင်း ခတ်စေ၏။ ထိုသူသည် မင်းသို့ချဉ်းကပ်၍ အရှင်မင်းကြီး အကျွန်ုပ်သည် အရှင်မင်းကြီး၏ မင်္ဂလာဆင်တော်သည် ဖြစ်ခြင်းငှာ လျောက်ပတ်သော သဘောရှိသော ကိုယ်လုံးဖြူသော သီလရှိသော ဆင်ကို မြင်ပါ၏။ အကျွန်ုပ်သည် ခရီးကိုညွှန်ပါအံ့၊ အကျွန်ုပ်နှင့်တကွ ဆင်ဆရာတို့ကိုစေ၍ ထိုဆင်ဖြူရတနာကို ယူတော်မူပါ ဟု လျှောက်၏။ မင်းသည် ကောင်းပြီ၊ ဤသူကို ခရီးညွှန်ပြု၍ ဤသူသည် ဆိုအပ်သော ဆင်ကို ဆောင်ခဲ့ ဟုဆို၍ ထိုမုဆိုးနှင့်အတူတကွ များစွာသော အခြံအရံဖြင့် ဆင်ဆရာကို စေ၏။ ထိုဆင်ဆရာသည် ထိုမုဆိုးနှင့် အတူတကွသွား၍ ပဒုမာကြတောသို့ဝင်၍ အစာကိုယူသော ဘုရားလောင်းကိုမြင်၏။ ဘုရားလောင်းသည်လည်း ဆင်ဆရာကို မြင်၍ ဤဘေးသည် တစ်ပါးသောသူမှ မဖြစ်၊ ထိုယောက်ျား၏ အထံမှ ဖြစ်လတ္တံ့ဟု သိတော်မူ၏။ စင်စစ်သော်ကား ငါသည် ကြီးသော အားရှိ၏။ ဆင်တစ်ထောင်ကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်၏။ အမျက်ထွက်၍ တိုင်းနိုင်ငံနှင့်တကွ စစ်သည်ဗိုလ်ပါ ဆင်မြင်းကို ဖျက်ဆီးခြင်းငှာ စွမ်းနိုင်၏။ ထိုသို့ စွမ်းနိုင်သော်လည်း အကယ်၍ ငါအမျက်ထွက်ချေက ငါ၏သီလသည် ပျက်လတ္တံ့၊ ထို့ကြောင့် ဦးခေါင်းကို လှံမတို့ဖြင့် ထိုးသော်လည်း ငါ အမျက်မထွက်အံ့ဟုဓိဋ္ဌာန်တော်မူ၍ ဦးခေါင်းကို ညွတ်တော်မူ၍ မတုန်မလှုပ် ရပ်တည်တော်မူ၏။ ဆင်ဆရာသည် ပဒုမာကြာအိုင်သို့ သက်ဆင်း၍ ထိုဘုရားလောင်း၏ ကြန်အင်လက္ခဏာနှင့် ပြည့်စုံခြင်းကို မြင်၍ ချစ်သား၊ လာလှည့် ဟု ငွေပန်းဆိုင်းနှင့်တူသော နှာမောင်း၌ကိုင်၍ ယူဆောင်လေ၏။ ခုနစ်ရက်မြောက်သောနေ့၌ ဗာရာဏသီပြည်သို့ ရောက်လေ၏။

ဆင်မယ်တော် ငိုပြီ

ဘုရားလောင်း၏ မယ်တော်သည် သားမလာသည်ရှိသော် သားကို မင်း၏အမတ်ကြီး အစရှိသော သူတို့သည် ဆောင်ယူသည် ဖြစ်လတ္တံ့။ ထို့ကြောင့် ယခုအခါ၌ ငါ့သားနှင့် ကွေကွင်း ရှင်းကွာသဖြင့် ဤတောအုပ်သည် ပွားလတ္တံ့ ဟု ငိုကြွေးမြည်တမ်းလို၍-

။ တဿ နာဂဿ ဝိပ္ပဝါသေန၊
ဝိရူဠှာ သလ္လကီ စ ကုဋဇာစ။
ကုရုဝိန္ဒကရဝီရာ ဘိသသာမာ စ၊
နိဝါတေ ပုပ္ဖိတာ စ ကဏိကာရာ။
။ ကောစိဒေဝ သုဝဏ္ဏကာယုရာ၊
နာဂရာဇံ ဘရန္တိ ပိဏ္ဍေန။
ယတ္ထ ရာဇာ ရာဇကုမာရော ဝါ၊
ကဝစမဘိဟေဿတိ အဆမ္ဘိတော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁။ တဿ နာဂဿ၊ ထိုဆင်မင်းမှ။ ဝိပ္ပဝါသေန၊ ကင်းသဖြင့်။ ဝိရူဠှာ၊ ပေါက်ရောက်ကုန်သော။ သလ္လကီ စ၊ နပဲပင်တို့သည်လည်းကောင်း။ ကုဋဇာ စ၊ လက်ထုပ်ပင်တို့သည်လည်းကောင်း။ ကုရုဝိန္ဒကရဝီရာ စ၊ ကုရုဝိန္ဒမည်သော သစ်ပင်, ကရဝီရမည်သော မြက်ပင်ကြီးတို့သည်လည်းကောင်း။ ဘိသသာမာ စ၊ ကြာစွယ်ကြာရင်း မြက် စပါးတို့သည်လည်းကောင်း။ နိဝါတေ၊ လေငြိမ်ရာ၌။ ပုပ္ဖိတာ၊ ပွင့်ကုန်သော။ ကဏိကာရာ စ၊ မဟာလှေကားပန်းတို့သည်လည်းကောင်း။ ဝဍ္ဎိဿန္တိ၊ ပွားများကုန်လတ္တံ့။

၂။ ကောစိဒေဝ၊ တစ်စုံတစ်ခုသော အရပ်၌ သာလျှင်။ သုဝဏ္ဏကာယုရာ၊ ရွှေတန်ဆာဆင်ကုန်သော မင်း၏ အမတ်တို့သည်။ နာဂရာဇံ၊ ဆင်မင်းကို။ ပိဏ္ဍေန၊ ထမင်းထုပ်ဖြင့်။ ဘရန္တိ၊ ကျေးမွေးကုန်၏။ ယတ္ထ၊ အကြင်ငါ့သားဆင်မင်း၌။ ရာဇာ ဝါ၊ မင်းသည်လည်းကောင်း။ ရာဇကုမာရော ဝါ၊ မင်းသားသည်လည်းကောင်း။ နိသီဒိတွာ၊ နေ၍။ အဆမ္ဘိတော၊ မကြောက်မရွံသည်ဖြစ်၍။ ကဝစံ၊ ရန်သူ၏ ချပ်ဝတ်တန်ဆာ ကို။ အဘိဟေဿတိ၊ ဖျက်လတ္တံ့။

အစာမစား

ဆင်ဆရာသည်လည်း ခရီးအကြား၌ ဖြစ်၍လျှင် မင်းအား သတင်းစကားကို စေ၏။ မင်းသည် မြို့ကို တန်ဆာဆင်စေ၏။ ဆင်ဆရာသည် ဘုရားလောင်းကို နံ့သာဖြင့် ထုံအပ်သော တန်ဆာဆင်ခြင်းနှင့်စပ်သော ဆင်တင်းကုပ်သို့ ဆောင်၍ ဆန်းကြယ်သော တင်းတိမ်ဖြင့်ဝန်းရံစေ၍ မင်းအား လျှောက်စေ၏။ မင်းသည် အထူး ထူးသော အရသာရှိသော ဘောဇဉ်ကို ဆောင်လျက်သွား၍ ဘုရားလောင်းအား ပေးစေ၏။ ဘုရားလောင်းသည် မယ်တော်နှင့်ကင်း၍ အစာကို မယူအံ့ ဟု ကြံ၍ အစာကို ယူတော်မမူ။

စားပါ ဆင်မင်း

ထိုအခါ၌ ဘုရားလမင်းကို တောင်းပန်လို၍ မင်းသည်-

။ ဂဏှာဟိ နာဂ ကဗဠံ၊ မာ နာဂ ကိသကော ဘဝ။
ဗဟူနီ ရာဇကိစ္စာနိ၊ တာနိ နာဂ ကရိဿသိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၃။ နာဂ၊ ဆင်မင်း။ ကဗဠံ၊ အစာကို။ ဂဏှာဟိ၊ ယူလော့။ နာဂ၊ ဆင်မင်း။ ကိသကော၊ ကြုံလှီသည်။ မာ ဘဝ၊ မဖြစ်စေလင့်။ ရာဇကိစ္စာနိ၊ မင်းမှုတို့သည်။ ဗဟူ၊ များစွာကုန်၏။ နာဂ၊ ဆင်မင်း။ တာနိ၊ ထိုအမှုတို့ကို။ တွံ၊ သင်ဆင်မင်းသည်။ ကရိဿသိ၊ ပြုရလတ္တံ့။

ဆင်မအို ဒုက္ခရောက်ပြီ

ထိုစာကို ကြား၍ ဘုရားလောင်းသည်-

။ သာ နူနသာ ကပဏိကာ၊ အန္ဓာ အပရိဏာယိကာ။
ခါဏုံ ပါဒေန ဃဋ္ဋေတိ၊ ဂိရိံ စဏ္ဍောရဏံ ပတိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ကပဏိကာ၊ အထီးကျန်သော။ အန္ဓာ၊ မျက်စိမမြင်သော။ အပရိဏာယိကာ၊ ဆောင်ယူသူ မရှိသော။ သာ၊ ထိုဆင်မအိုသည်။ စဏ္ဍောရဏံ၊ စဏ္ဍောရဏမည်သော။ ဂိရိံ၊ တောင်သို့။ ပတိ၊ ရှေးရှုသည်ဖြစ်၍။ ခါဏုံ၊ သစ်ငုတ်ကို။ ပါဒေန၊ ခြေဖြင့်။ ဃဋ္ဋေတိ နူန၊ ခတ်မိလေအံ့သည်တကား။

ဘယ်လိုတော်စပ်သနည်း

ထိုအခါ၌ ဘုရားလောင်းကို မေးလိုရကား-

။ ကာနု တေသာ မဟာနာဂ၊ အန္ဓာ အပရိဏာယိကာ။
ခါဏုံ ပါဒေန ဃဋ္ဋေတိ၊ ဂိရိံ စဏ္ဍောရဏံ ပတိ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၅။ မဟာနာဂ၊ ဆင်မြတ်။ အန္ဓာ၊ မျက်စိမမြင်သောာ။ အပရိဏာယိကာ၊ ဆောင်ယူသူမရှိသော။ ယာ၊ အကြင်ဆင်အိုသည်။ စဏ္ဍောရဏံ၊ စဏ္ဍောရဏ အမည်ရှိသော။ ဂိရိံ၊ တောင်သို့။ ပတိ၊ ရှေးရှုသည်ဖြစ်၍။ ခါဏုံ၊ သစ်ငုတ်ကို။ ပါဒေန၊ ခြေဖြင့်။ ဃဋ္ဋေတိ၊ ခတ်မိ၏။ သာ၊ ထိုဆင်မအိုသည်။ ကာ နု၊ အဘယ်သို့တော်သနည်း။

မိခင်ဆင်မတည်း

ဘုရားလောင်း သည်-

။ မာတာ မေသာ မာရာဇ၊ အန္ဓာ အပရိဏာယိကာ။
ခါဏုံ ပါဒေန ဃဋ္ဋေတိ၊ ဂိရိံ စဏ္ဍောရဏံ ပတိ။

ဟူသော ခြောက်ခုမြောက်သာ ဤဂါထာကိုဆို၏။

၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အန္ဓာ၊ မျက်စိမမြင်သော။ အပရိဏာယိကာ၊ ဆောင်ယူသူမရှိသော။ ယာ၊ အကြင် ဆင်မအိုသည်။ စဏ္ဍောရဏံ၊ စဏ္ဍောရဏ အမည်ရှိသော။ ဂိရိံ၊ တောင်သို့။ ပတိ၊ ရှေးရှုသည်ဖြစ်၍။ ခါဏုံ၊ သစ်ငုက်ကို။ ပါဒေန၊ ခြေဖြင့်။ ဃဋ္ဋေတိ၊ ခတ်မိ၏။ သာ၊ ထိုဆင်မအိုသည်။ မေ၊ အကျွန်ုပ်၏။ မာတာ၊ အမိတည်း။

ဆင်မင်းကို ပြန်လွှတ်ကြ

မင်းသည် ခြောက်ခုမြောက်သော ဂါထာဖြင့် ထိုအကြောင်းကို ကြားသိရ၍ လွှတ်လိုရကား-

။ မုဉ္စထေတံ မဟာနာဂံ၊ ယောယံ ဘရတိ မာတရံ။
သမေတု မာတရာ နာဂေါ၊ သဟသဗ္ဗေဟိ ဉာတိဘိ။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၇။ ဘောန္တော၊ အိုအမတ်တို့။ ယော အယံ မဟာနာဂေါ၊ အကြင်ဆင်မြတ်သည်။ မာတရံ၊ အမိကို။ ဘရတိ၊ မွေးကျွေး၏။ ဧတံ မဟာနာဂံ၊ ထိုဆင်မြတ်ကို။ မုဉ္စထ၊ လွှတ်ကြပါကုန်။ နာဂေါ၊ ဆင်မင်းသည်။ မာတရာ၊ အမိနှင့်လည်းကောင်း။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတိဘိ၊ အဆွေ အမျိုးတို့နှင့်လည်းကောင်း။ သဟ၊ တကွ။ သမေတု၊ ညီညွတ်ခြင်းသို့ရောက်စေလော့။

။ မုတ္တော စ ဗန္ဓနာ နာဂေါ၊ မုတ္တမာဒါယ ကုဉ္ဇရော။
မုဟုတ္တံ အဿာသယိတွာ၊ အဂမာ ယေန ပဗ္ဗတော။
။ တတော သော နဠိနိံ ဂန္တွာ၊ သီတံ ကိုဉ္ဇရသေဝိတံ။
သောဏ္ဍာယူဒကမာဟိတွာ၊ မာတရံ အဘိသိဉ္စထ။

ဟူသော ရှစ်ခုမြောက် ကိုးခုမြောက်သော ဤဂါထာတို့သည် ဘုရားဖြစ်မှ ဟောတော်မူသော ဂါထာတို့တည်း။

၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ကုဉ္ဇရော၊ ကြိုးကြာသံနှင့်တူသော အသံရှိသော။ နာဂေါ၊ ဆင်မင်းသည်။ ဗန္ဓနာ၊ အနှောင်အဖွဲ့မှ။ မုတ္ဆော စ၊ လွတ်သည်ဖြစ်၍သာလျှင်။ မုတ္တံ၊ လွတ်ဆုကို။ အာဒါယ၊ ယူ၍။ မုဟုတ္တံ၊ တခဏ။ အဿာသယိတွာ၊ နားနေ၍။ ယေန၊ အကြင်အရပ်၌။ ပဗ္ဗတော၊ စ ဏ္ဍောရဏတောင်သည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ အဂမာ၊ သွားတော်မူ၏။

၉။ သော၊ ထိုဆင်မင်းသည်။ တတော၊ ထိုပြည်မှ။ သီတံ၊ ချမ်းအေးစွာသော။ ကုဉ္ဇရသေဝိတံ၊ ဆင်အပေါင်းတို့သည် မှီဝဲအပ်သော။ နဠိနိံ၊ ပဒုမကြာတောသို့။ ဂန္တွာ၊ သွား၍။ သောဏ္ဍာယ၊ နှာမောင်းဖြင့်။ ဥဒကံ၊ ရေကို။ အာဟိတွာ၊ ယူ၍။ မာတရံ၊ မယ်တော်ကို။ အဘိသိဉ္စထ၊ ရေသွန်းလောင်းတော်မူ၏။

ထိုဆင်မင်းသည် အနှောင်အဖွဲ့မှလွတ်၍ အတန်ငယ် နားနေ၍ မင်းအား ရာဇဓမ်ဆယ်ပါး တရားစကားဖြင့် တရားဟောတော်မူ၍ မင်းကြီး မမေ့မလျော့ဖြစ်လော့ဟု အဆုံးအမကိုပေး၍ လူများသည် ပန်းနံ့သာစသည်တို့ဖြင့် ပူဇော်လျက် မြို့မှထွက်၍ ထိုနေ့၌ပင်လျှင် ထိုပဒုမာကြာအိုင်သို့ ရောက်၍ ငါ၏မယ်တော်ကို အစာအာဟာရကို ယူစေပြီးမှလျှင် မိမိသည် ယူအံ့ ဟု ကြံ၍ များစွာသော ကြာစွယ်ကြာရင်းကို ယူ၍ နှာမောင်းဖြင့်ပြည့်သော ရေကိုယူ၍ တောင်လိုဏ်ခေါင်းမှ ထွက်၍ လိုဏ်တံခါး၌ နေသာ အမိ၏အထံသို့ သွား၍ ခုနှစ်ရက်ပတ်လုံး အစာကင်းသည်၏အဖြစ်ကြောင့် မယ်တော်ကို ကိုယ်အတွေ့ကို ရစိမ့်သောငှာ အမိ၏ဦးခေါင်းထက်၌ ရေကိုသွန်းလောင်း၏။ ထိုအကြောင်းကို ထင်ရှားစွာ ပြတော်မူလို ဘုရားသခင်သည် ထိုနှစ်ခုသော ဂါထာတို့ကို ဟောတော်မူ၏။

ဘုရားလောင်း၏ မယ်တော်သည်လည်း မိုးရွာ၏ဟူသော အမှတ်ဖြင့် ဆဲရေးလိုရကား-

၁၀။ ကောယံ အနရိယော ဒေဝေါ၊ အကာလေနပိ ဝဿတိ။
ဂတော နေ အတြဇော ပုတ္တော၊ ယော မယှံ ပရိစာရကော။

ဟူသော ဆယ်ခုမြောက်သော ဤဂါထာကိုဆို၏။

၁၀။ မေ၊ ငါ၏။ အတြဇော၊ ရင်မှဖြစ်သော။ မယှံ၊ ငါ့ကို။ စပရိစာရကော၊ လုပ်ကျွေးသော။ ယော ပုတ္တော၊ အကြင်သားကောင်းသည်။ ဂတော၊ အရပ်တစ်ပါးသွားလေ၏။ အနရိယော၊ ယုတ်မာသော။ ယော ဒေဝေါ၊ အကြင်မိုးသည်။ အကာလေနပိ၊ အခါမဟုတ်သဖြင့်လည်း။ ပဝဿတိ၊ ရွာ၏။ အယံ ဒေဝေါ၊ ဤမိုးသည်။ ကော၊ အဘယ်မိုးနည်း။

ထိုအခါ၌ ထိုအမိကို သက်သာရာ ရစေလို၍ ဘုရားလောင်းသည်-

၁၁။ ဥဋ္ဌေဟိ အမ္မ ကိံ သေသိ၊ အာဂတော တျာဟမတြဇော။
မုတ္တောမှိ ကာသိရာဇေန၊ ဝေဒေဟေန ယသဿိနာ။

ဟူသော တစ်ဆယ့်တစ်ခုမြောက်သော ဤဂါထာကို ဆိုတော်မူ၏။

၁၁။ အမ္မ၊ အိုမိခင်။ ဥဋ္ဌေဟိ၊ ထပါလော့။ ကိံ၊ အဘယ့်ကြောင့်။ သေသိ၊ ဤမျှလောက်ပင် အိပ်သနည်း။ တေ၊ သင်မိခင်၏။ အတြဇော၊ သားဖြစ်သော။ အဟံ၊ အကျွန်ုပ်သည်။ အာဂတော၊ လာခဲ့ပြီ။ ဝေဒေဟေန၊ လျင်မြန်သော ဉာဏ်ပညာရှိသော။ ယသဿိနာ၊ များသော အခြံအရံရှိသော။ ကာသိရာဇေန၊ ကာသိကရာဇ်မင်းသည်။ မုတ္တော၊ လွှတ်လိုက်ပေသည်။ အမှိ၊ ဖြစ်၏။

ထိုအမိသည် မင်းအား အနုမောဒနာ ပြုလိုရကား-

၁၂။ စိရံ ဇီဝတု သော ရာဇာ၊ ကာသီနံ ရဋ္ဌဝဍ္ဎနော။
ယော မေ ပုတ္တံ ပမောစေသိ၊ သဒါ ဝုဍ္ဎာပစာယိကံ။

ဟူသော ဤဒွါဒသမ ဂါထာကိုဆို၏။

၁၂။ ကာသီနံ၊ ကာသိတိုင်းသူတို့၏။ ရဋ္ဌဝဍ္ဎနော၊ ပြည်တိုင်းကား၏ အကျိုးစီးပွားကိုဆောင်တော်မူတတ်သော။ ယော ရာဇာ၊ အကြင်မင်းကြီးသည်။ သဒါ၊ အခါခပ်သိမ်း။ ဝုဍ္ဎာပစာယိကံ၊ အမိကို အရိုအသေပြုသော။ မေ၊ ငါ၏။ ပုတ္တံ၊ သားကို။ ပမောစေသိ၊ လွှတ်လိုက်ပေ၏။ သော ရာဇာ၊ ထိုမင်းသည်။ သဒါ၊ အခါခပ်သိမ်း။ စိရံ၊ ရှည်မြင့်။ ဇီဝတု၊ သက်တော်ရှည်ပါစေသတည်း။

ဆင်ရုပ်တု ပူဇော်ခြင်း

ထိုအခါ၌ မင်းသည် ဘုရားလောင်း၏ ဂုဏ်ကျေးဇူး၌ ကြည်ညို၍ ပဒုမာကြာတော၏ မနီးမဝေး၌ ရွာတည်၍ ဘုရားလောင်းအားလည်းကောင်း၊ ဘုရားလောင်းမယ်တော်အားလည်းကောင်း နိဗဒ္ဓဝတ်ကို ဖြစ်စေ၏။ အခါတစ်ပါး၌ ဘုရားအလောင်းသည် မယ်တော်သေလေသော် မယ်တော်၏အလောင်းကို သင်္ဂြိုဟ်ခြင်းကို ပြုပြီး၍ ကာရဏ္ဍကမည်သော သင်္ခမ်းသို့ သွားလေ၏။ ထိုအရပ်၌ ဟိမဝန္တာမှသက်၍ ငါးရာသော ရသေ့တို့သည် နေကုန်၏။ ထိုဘုရားလောင်းသည် ဝတ်ကို ထိုရသေ့ငါးရာတို့အား ပေးလှူလေ၏။ မင်းသည် ဘုရားလောင်းနှင့်တူမျှသောသဏ္ဌာန်ရှိသော ကျောက်ဆင်အတုကို ပြုလုပ်၍ ကြီးစွာသော ပူဇော်သက္ကာရကို ဖြစ်စေ၏။ ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သောသူတို့သည် နှစ်တိုင်းနှစ်တိုင်း စုဝေး၍ ဆင်အား ပူဇော်ခြင်းကို ပြုကြကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူလျက် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသောအဆုံး၌ အမိကိုလုပ်ကျွေးသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုအခါ မင်းသည် အာနန္ဒာဖြစ်လာ၏။ ယုတ်မာသော ယောက်ျားသည် ဒေဝဒတ်ဖြစ်လာ၏။ ဆင်ဆရာသည် သာရိပုတ္တရာဖြစ်၏။ မယ်တော် ဆင်မသည် မယ်တော်မာယာ ဖြစ်လာ၏။ အမိကိုလုပ်ကျွေးသော ဆင်မင်းသည်ကား သင်တို့ဆရာ ဘုရားဖြစ်လာ၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးကြီးလှ၊ မိနှင့်ဘ၊ တုပ်ကွလုပ်ကျွေးရာ

ရှေးဦးစွာသော မာတုပေါသကဇာတ်သည်ပြီး၏။

*****