မဟိဠာမုခဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၆။ မဟိဠာမုခဇာတ်

ဧကကနိပါတ်-ကုရုင်္ဂဝဂ်

၆။ မဟိဠာမုခဇာတ်

မြင်တိုင်း မြင်တိုင်းသူတို့ကို ဆည်းကပ်၍ အကျင့်သီလ ပျက်စီးသည်၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူအပေါင်းကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ပုရာဏ စောရာန ဝစော နိသမ္မ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမဟိဠာမုခဇာတ်ကို ဝေဠုဝန်ကျောင်း၌ နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ဒေဝဒတ်သည် အဇာတသတ်မင်းသားကို ကြည်ညိုစေ၍ လာဘ်ပူဇော်သက္ကာကို ဖြစ်စေ၏။ အဇာတသတ် မင်းသားသည် ဒေဝဒတ်အား ဂယာသီသ၌ ကျောင်းဆောက်၍ အထူးထူးသော မြတ်သော အရာတို့ဖြင့် သုံးနှစ်ပတ်လုံး ထုံအပ်သော မွှေးကြိုင်သော သလေးဘောဇဉ်၏ ဆွမ်းအိုးငါးရာတို့ကို နေ့တိုင်း နေ့တိုင်း ပို့စေ၏။ လာဘ်ပူဇော်သက္ကာကိုမှီ၍ ဒေဝဒတ်အား အခြံအရံ များ၏။ ဒေဝဒတ်သည် အခြံအရံနှင့်တကွ ကျောင်း၌သာလျှင်နေ၏။ ထိုအခါရာဇဂြိုဟ်ပြည်၌ နေကုန်သော အဆွေခင်ပွန်း နှစ်ယောက်တို့သည် ရှိကုန်၏။ ထိုနှစ်ယောက်တို့တွင် တယောက်သော အဆွေခင်ပွန်းသည် မြတ်စွာဘုရားအထံ၌ ရဟန်းပြု၏။ တယောက်သော အဆွေခင်ပွန်းသည် ဒေဝဒတ်၏ အထံ၌ ရဟန်းပြု၏။ ထိုနှစ်ယောက်သော ရဟန်းတို့သည် အချင်းချင်း ထိုအရပ်၌လည်း မြင်ကုန်၏။ ကျောင်းသို့ သွာကုန်၍လည်း မြင်ကုန်သလျှင်ကတည်း။

ထိုအခါ တနေ့သ၌ ဒေဝဒတ်၏တပည့်သည် ဘုရားတပည့်ကိုဆို၏။ ငါ့သျှင်သည် နေ့တိုင်းနေ့တိုင်း ချွေးကို ထွက်ယိုစေလျက် ဆွမ်းအလို့ငှါ အဘယ့်ကြောင့် သွားသနည်း၊ ဂယာသီသ၌ နေ၍လျှင် အထူးထူးသော အရသာတို့ဖြင့် ကောင်းသောဘောဇဉ်ကို စားလော၊ ဤသို့သဘောရှိသော ဃနာဆွမ်းသည် မရှိ၊ သင်သည် အယ့်ကြောင့် ဆင်းရဲကို ခံဘိသနည်း၊ သင်သည် စောစောကလျှင် ဂယာသီသသို့ သွား၍ ဟင်းလျာနှင့် တကွသော ယာဂုကို သောက်၍ တဆယ်ရှစ်ပါးအပြားရှိသောညဘောဇဉ်ကိုစား၍ အထူးထူးသောအရသာတို့ဖြင့် ကောင်းသောဘောဇဉ်ကို စားခြင်းငှါ မသင့်လောဟု ဆို၏။ ထိုရဟန်းသည် အဖန်တလဲလဲဆိုလတ်သည်ရှိသော် သွားလိုသည်ဖြစ်၍ ထိုနေ့မှစ၍ ဂယာသီသသို့သွား၍ စားပြီးသော် စောစောကလျှင် ဝေဠုဝန်ကျောင်းသို့လာ၏။ ထိုရဟန်းသည် ခပ်သိမ်းသောကာလ၌ ဖုံးလွှမ်းအံ့သောငှါ မတတ်နိုင်၊ ဂယာသီသသို့သွား၍ ဒေဝဒတ်အားတည်သောဆွမ်းကို စား၏ဟု မကြာမြင့်မီလျှင် ထင်ရှား၏။

ထိုအခါ ထိုရဟန်းကို အဆွေခင်ပွန်းရဟန်းတို့သည် ငါ့သျှင် သင်သည် ဒေဝဒတ်အားတည်ဆွမ်းကို စားသတတ်ဟူသည်မှန်သာဟု မေးကုန်၏။ အဘယ်သူသည် ဤသို့ဆိုသနည်းဟု ဆို၏။ ဤမည်သော သူလည်း ဆို၏။ ဤမည်သောသူလည်း ဆို၏ဟု ဆိုကုန်၏။ ငါ့သျှင်တို့ မှန်ပေ၏။ ငါသည် ဂယာသီသသို့သွား၍ စား၏။ ငါ့အား ဒေဝဒတ်သည် ဆွမ်းကို မပေး၊ တပါးကုန်သော သူတို့သည် ပေးကုန်၏ဟု ဆို၏။ ငါ့သျှင် ဒေဝဒတ်သည် ဘုရား၏ ဆန့်ကျင်ဘက် ဆူးငြောင့်ဖြစ်၏။ သီလမရှိ၊ အဇာတသတ်မင်းကို ကြည်ညိုစေ၍ အဓမ္မဖြင့် မိမိအား လာဘ်ပူဇော်သက္ကာကို ဖြစ်စေ၏။ သင်သည် ဤသို့ သဘောရှိသော ဝဋ်ဆင်းရဲမှထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြု၍ ဒေဝဒတ်၏ အဓမ္မဖြင့်ဖြစ်သော ဘောဇဉ်ကို အဘယ့်ကြောင့် စားဘိသနည်း၊ လောလော သင့်ကို ဘုရားအထံသို့ ဆောင်ကုန်အံ့ဟု ထိုရဟန်းကို ခေါ်၍ တရားသဘင်သို့ သွားကုန်၏။

မြတ်စွာဘုရားသည် မြင်တော်မူ၍လျှင် ရဟန်းတို့အား အဘယ်ကြောင့် အလိုမရှိသည်သာလျှင်ဖြစ်သော ထိုရဟန်းကိုခေါ်၍ လာကြကုန်သနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား ဟုတ်၏။ ဤရဟန်းသည် အရှင်ဘုရားတို့၏ အထံ၌ ရဟန်းပြု၍ ဒေဝဒတ်၏ အဓမ္မဖြင့်ဖြစ်သော ဘောဇဉ်ကို စား၏ဟု လျှောက်ကုန်၏။ ရဟန်း သင်သည် ဒေဝဒတ်၏ အဓမ္မဖြင့်ဖြစ်သောဆွမ်းကို စားသတတ်ဟူသည် မှန်သလောဟု မိန့်တော်မူ၏။ အရှင်ဘုရား ဒေဝဒတ်သည် အကျွန်ုပ်အား မပေး၊ တပါးကုန်သော သူတို့သည် ပေးကုန်၏။ ထိုဆွမ်းကို အကျွန်ုပ်သည် စား၏ဟု လျှောက်၏။ မြတ်စွာဘုရားသည် ရဟန်း သင်သည် ဤဒေဝဒတ်၏ဆွမ်းကို စားရာ၌ ရှောင်လွှဲခြင်းကို မပြုလင့်၊ ဒေဝဒတ်သည် အကျင့်မရှိ၊ သီလမရှိ၊ အသို့မူ၍လျှင် သင်သည် ရဟန်းပြု၍ ငါဘုရား၏ သာသနာတော်သို့ ဝင်လျက်လျှင် ဒေဝဒတ်၏ ဆွမ်းကိုစားဘိသနည်း၊ အခါခပ်သိမ်းလည်း သင်သည် မြင်တိုင်း မြင်တိုင်းလျှင် ဖြစ်ကုန်သောသူတို့သို့ ဆည်းကပ်ဘူး၏ဟု မိန့်တော်မူ၍ လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ အမတ်ဖြစ်၏။ ထိုအခါ မင်းအား မဟိဠာမုခမည်သော မင်္ဂလာဆင်သည် ရှိ၏။ သီလရှိ၏။ အကျင့်နှင့် ပြည့်စုံ၏။ တစုံတယောက်သောသူကို မညှဉ်းဆဲ၊ ထိုအခါ တနေ့သ၌ ထိုဆင်၏ တင်းကုပ်အနီး ညဉ့်အတွင်း၌ ခိုးသူတို့သည် လာကုန်၍ ထိုဆင်၏အနီး၌ နေကုန်လျက် ခိုးသူတို့၏ တိုင်ပင်ခြင်းကို တိုင်ပင်ကြကုန်၏။ ဤသို့ ဥမင်ကို တူးအပ်၏။ ဤသို့ ခြံစပ်ဖြတ်ခြင်းအမှုကို ပြုအပ်၏။ ဥမင်ကို၎င်း ခြံစပ်ဖြတ်ရာကို၎င်း ခရီးနှင့်တူစွာ ရေဆိပ်နှင့်တူစွာ အမှိုက်မရှိ ချူံမရှိသည်ကိုပြု၍ ဥစ္စာကို ခိုးခြင်းငှါ သင့်၏။ ခိုးသောသူသည် သတ်၍သာလျင် ခိုးအပ်၏။ ဤသို့ ခိုးသည်ရှိသော် တားခြင်းငှါ စွမ်းနိုင်သောသူမည်သည် မဖြစ်လတ္တံ့၊ ခိုးသောသူ မည်သည်ကို မသိလတ္တံ့၊ အကျင့်နှင့်ယှဉ်သည် မဖြစ်ရာ၊ ရုန့်ရင်းသည်၎င်း ကြမ်းကြုတ်သည်၎င်း၊ နိုင်ထက်မူတတ်သည်၎င်း ဖြစ်ရာ၏။ ဤသို့ ခိုးသူတို့၏ တိုင်ပင်ခြင်းကို တိုင်ပင်ကုန်၏။ ဤသို့ တိုင်ပင်၍ အချင်းချင်းသင်၍ သွားကြကုန်၏။

ဤသို့သောနည်းဖြင့်လျှင် နက်ဖြန်နေ့၌၎င်း တိုင်ပင်ကုန်၏။ ဤသို့ များသောနေ့တို့၌ ထိုအရပ်သို့လာ၍ တိုင်ပင်ကုန်၏။ ထိုမင်္ဂလာဆင်သည် ထိုခိုးသူတို့၏စကားကိုကြား၍ ငါ့ကို ထိုသူတို့သည် သင်ကုန်၏ ဟူသောအမှတ်ဖြင့် ယခုငါသည် ရုန့်ရင်းကြမ်းကြုတ်စွာ နှိပ်စက်တတ်သည် ဖြစ်ရာ၏။ ဤသို့ နှလုံးသွင်းခြင်းကို ပြု၍ ထိုသို့သဘောရှိသည်ဖြစ်၏။ စောစောကလျှင် လာသော ဆင်ထိန်းကို နှာမောင်းဖြင့်ယူ၍ မြေ၌ပုတ်သတ်၏။ တယောက်သော ဆင်ထိန်းကိုလည်း ထို့အတူ သတ်၏။ ဤသို့ လာတိုင်းလာတိုင်းကုန်သော ဆင်ထိန်းတို့ကို သတ်လေသလျှင်ကတည်း၊ မဟိဠာမုခဆင်သည် ရူးသည်ဖြစ်၏။ မြင်တိုင်းမြင်တိုင်းသောသူကို သတ်၏ဟု မင်းကြီးအား ကြားကုန်၏။ မင်းသည် ဘုရားလောင်းကို ပညာရှိ သွားချေ၊ အဘယ်အကြောင်းကြောင့် ထိုဆင်သည် ပျက်စီးလေသနည်း စုံစမ်းချေလောဟူ၍ စေ၏။ ဘုရားလောင်းသည် သွား၍ ထိုဆင်၏ကိုယ်၌ ရောဂါ မရှိသည်၏အဖြစ်ကိုသိ၍ အဘယ်အကြောင်းကြောင့်လျှင် ဤဆင်သည် ပျက်စီးသနည်းဟု စုံစမ်းသည်ရှိသော် စင်စစ် အနီး၌ တစုံတယောက်သောသူတို့၏ စကားကိုကြား၍ ငါ့ကို ထိုသူတို့သည် သင်ကုန်၏ ဟူသောအမှတ်ဖြင့် ပျက်စီးဘိ၏ဟု ဆုံးဖြတ်ခြင်းကို ပြု၍ ဆင်ထိန်းတို့ကို ဆင်တင်းကုပ်၏အနီး၌ ညဉ့်အဘို့၌ တစုံတယောက်သော သူတို့သည် တစုံတခုသောစကားကို ဆိုဘူးကုန်သလောဟု မေး၏။ အရှင်ဆိုဘူး၏။ ခိုးသူတို့သည် လာကုန်၍ ဆိုကုန်၏ဟု ဆို၏။

ဘုရားလောင်းသည် သွား၍ ရှင်မင်းကြီး ဆင်၏ကိုယ်၌ တစုံတခုသော ဖောက်ပြန်ခြင်းသည် မရှိ၊ ခိုးသူတို့၏စကားကိုကြား၍ ပျက်စီး၏ဟု မင်းအားကြားလျှောက်၏။ ယခု အသို့ပြုအံ့သောငှါ သင့်သနည်းဟု ဆို၏။ သီလရှိသော ရဟန်းပုဏ္ဏားတို့ကို ဆင်တင်းကုပ်၌ နေစေ၍ သီလအကျင့်စကားကို ပြောဆိုခြင်းငှါ သင့်၏ဟု ဆို၏။ အမောင် ဤသို့ပြုလောဟု ဆို၏။ ဘုရားလောင်းသည် သီလရှိသော ရဟန်းပုဏ္ဏားတို့ကို ဆင်တင်းကုပ်၌ နေစေ၍ အရှင်ဘုရားတို့ သီလအကျင့်စကားကို ပြောဆိုကြကုန်လောဟု ဆို၏။ ထိုရဟန်းပုဏ္ဏားတို့သည် ဆင်တင်းကုပ်၏အနီး၌ နေကုန်လျက် တစုံတယောက်သောသူတို့ကို မှားသောအားဖြင့် မသုံးသပ်အပ်၊ သီလအကျင့်နှင့် ပြည့်စုံသည် ခန္တီ မေတ္တာ ကရုဏာနှင့် ယှဉ်သည် ဖြစ်ခြင်းငှါသင့်၏ဟု သီလစကားကို ပြောဆိုကုန်၏။ ထိုမင်္ဂလာဆင်သည် ထိုစကားကိုကြား၍ ငါ့ကို ထိုသူတို့သည် သင်ကုန်၏။ ယနေ့မှစ၍ ငါသည် သီလရှိသည် ဖြစ်ရာ၏ဟု နှလုံးသွင်း၍ သီလရှိသည် ဖြစ်၏။ မင်းသည် ဘုရားလောင်းကို အမောင် ဆင်သည် သီလရှိသည် ဖြစ်ပြီလောဟု မေး၏။ ဘုရားလောင်းသည် ရှင်မင်းကြီး သီလရှိသည် ဖြစ်ပြီ၊ ဤသို့ သဘောရှိသော ပျက်စီးပြီးသော ဆင်သည် ပညာရှိတို့ကို မှီ၍ ရှေးဖြစ်သော အကျင့်တရား၌သာလျှင် တည်၏ဟု ဆိုလို၍-

၂၆။ ပုရာဏစောရာန ဝစော နိသမ္မ၊
မဟိဠာမုခေါ ပေါထယမနွစာရီ၊
သုသညတာနံ ဟိ ဝစော နိသမ္မ၊
ဂဇုတ္တမော သဗ္ဗဂုဏေသု အဋ္ဌာ။

ဟူသော ဤဂါထာကို ဆို၏။

၂၆။ မဟာရာဇ၊ မင်းကြီး။ မဟိဠာမုခေါ၊ ဆင်မ၏မျက်နှာနှင့်တူသော ဆင်သည်။ ပုရာဏံ၊ ရှေးမဆွက။ စောရာနံ၊ ခိုးသူတို့၏။ ဝစော၊ စကားကို။ နိသမ္မ၊ ကြား၍။ ပေါထယံ-ပေါထယန္တော၊ ပုတ်သတ်လျက်။ အနွစာရီ၊ အတုလိုက်၍ ကျင့်၏။ ဂဇုတ္တမော၊ မဟိဠာမုခဆင်မြတ်သည်။ သုသညတာနံ ဟိ၊ ကောင်းစွာ ကိုယ်နှုတ်နှလုံးကို စောင့်ရှောက်ကုန်သော ရဟန်းပုဏ္ဏားတို့၏ သာလျှင်။ ဝစော၊ စကားကို။ နိသမ္မ၊ ကြား၍။ သဗ္ဗဂုဏေသု၊ ခပ်သိမ်းကုန်သော ကျေးဇူးတို့၌။ အဋ္ဌာ၊ တည်၏။

မင်းသည် တိရစ္ဆာန်၏အလိုကိုလည်း သိပေ၏ဟု ဘုရားလောင်းအား ကြီးစွာသောစည်းစိမ်ကို ပေး၏။ ထိုမင်းသည် အသက်ထက်ဆုံး တည်၍ ဘုရားလောင်းနှင့်တကွ ကံအားလျော် လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ရဟန်း ရှေး၌လည်း သင်သည် မြင်တိုင်းမြင်တိုင်းကုန်သော သူတို့ကိုသာလျှင် ဆည်းကပ်တတ်၏။ ခိုးသူတို့၏ စကားကို ကြား၍ ခိုးသူတို့သို့ ဆည်းကပ်၏။ တရားကိုစောင့်ကုန်သောသူတို့၏ စကားကိုကြား၍ တရားစောင့်သောသူတို့သို့ ဆည်းကပ်ဘူး၏ဟု ဤ ဓမ္မဒေသနာကိုဆောင်၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဆန့်ကျင်ဘက် အပေါင်းအဘော်ကို မှီဝဲသောရဟန်းသည် ထိုအခါ မဟိဠာမုခဆင်ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အမတ်ပညာရှိ ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မြင်တွေ့ရာရာ၊ ဆည်းကပ်ပါ၊ မင်္ဂလာ မုခ မဟိဠ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော မဟိဠာမုခဇာတ်သည် ပြီး၏။

*****