မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၇) ပါရမီတို့၏ ညစ်နွမ်းကြောင်းတရားများ

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၇) ပါရမီတို့၏ ညစ်နွမ်းကြောင်းတရားများ

(၇) ပါရမီတို့၏ ညစ်နွမ်းကြောင်းများ

“ပါရမီတို့၏ ညစ်နွမ်းကြောင်း တရားတို့ကား အဘယ်တရားတို့ ဖြစ်ကုန်သနည်း”ဟု မေးခဲ့သော်”–

     အဖြေကား.. တဏှာ မာန ဒိဋ္ဌိ အစရှိသော တရားတို့ဖြင့် ပါရမီတို့ကို ငါ့ဥစ္စာ ငါ့လိပ်ပြာ စသည်ဖြင့် အလွဲလွဲအမှားမှား သုံးသပ်ဆင်ခြင်ခြင်းသည် ပါရမီတို့၏ ညစ်နွမ်းကြောင်းဖြစ်၏ဟု သာမညအားဖြင့် ဖြေဆိုရာ၏။ ဝိသေသအားဖြင့်ကား-

     ၁။ လှူဖွယ်ဝတ္ထု အလှူခံပုဂ္ဂိုလ်တို့၌ ထွေလာစဉ်းစား အကြံများနေခြင်းသည် ဒါနပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။ ။(ဒါနပါရမီကိုဖြည့်ကျင့်သော ဘုရားအလောင်းသည် ကောင်းဆိုးယုတ်မြတ် မိမိ၌ ထင်ရှားရှိနေသော လှူဖွယ်ဝတ္ထုကို ရောက်ဆိုက်လာသူ အလှူခံပုဂ္ဂိုလ်တို့အား ပုဂ္ဂိုလ် အယုတ်အမြတ်မရွေး လှူဒါန်း ရာ၏။ ဤအလှူဝတ္ထုကား ညံ့၍ မလှူချင်၊ အလွန်ကောင်းမြတ်နေ၍ မလှူနိုင်၊ ဤအလှူခံပုဂ္ဂိုလ်ကား ဒုဿီလပုဂ္ဂိုလ်ဖြစ်၍ မလှူနိုင်၊ ဤသို့စသည်ဖြင့် လှူဖွယ်ဝတ္ထုနှင့် အလှူခံပုဂ္ဂိုလ်တို့၌ ထွေလာစဉ်းစား အကြံများနေလျှင် ဒါနပါရမီ ညစ်နွမ်း၏ဟု ဆိုလိုသည်။)

     ၂။ သတ္တဝါနှင့် အချိန်အခါတို့၌ ထွေလာစဉ်းစား အကြံများနေခြင်းသည် သီလပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။ ။(သီလပါရမီကို ဖြည့်ကျင့်လိုလျှင် သတ္တဝါမရွေး အချိန်အခါမရွေး ဖြည့်ကျင့်ရာ၏။ ဤမည်ဤမည်သော သတ္တဝါတို့၌သာ



၁၈၀

ပါဏာတိပါတမှု စသည်မှ ရှောင်ကြဉ်အံ့၊ ဤမည်ဤမည်သော သတ္တဝါတို့၌ကား မရှောင်ကြဉ်အံ့၊ ဤအချိန်အခါ၌သာ သီလကိုစောင့်အံ့၊ ဤအချိန်အခါ၌ကား မစောင့်အံ့-ဟူ၍ သတ္တဝါနှင့် အချိန်အခါတို့၌ ထွေလာစဉ်းစား အကြံများနေလျှင် သီလပါရမီ ညစ်နွမ်း၏ဟု ဆိုလိုသည်။)

     ၃။ ကာမနှစ်ပါး ဘ၀သုံးပါးတို့၌ မွေ့လျော်ဖွယ်အနေဖြင့် ကြံစည်ခြင်း ထိုကာမဘဝတို့၏ ငြိမ်းအေးမှု၌ မမွေ့လျော်ဖွယ်အနေဖြင့် ကြံစည်ခြင်းများသည် နေက္ခမ္မပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

     ၄။ ငါ ငါ့ဥစ္စာဟူ၍ မိစ္ဆာဝိတက်ပြောများ အကြံမှားခြင်းသည် ပညာပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

     ၅။ ထိနမိဒ္ဓနှင့် ဥဒ္ဓစ္စတရားများကို ဖြစ်ပွါးစေတတ်သည့် ဆုတ်နစ်ပြန့်လွင့်ကြောင်း အကြံအစည်များသည် ဝီရိယပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

     ၆။ မိမိ သူတပါး (ကိုယ့်လူသူ့လူ ခွဲခြား) အကြံအစည်များခြင်းသည် ခန္တီပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

     ၇။ မမြင်, မကြား, မရောက်, မသိအပ်သောအရာတို့၌ မြင်, ကြား, ရောက်, သိသောအနေဖြင့်၎င်း၊ မြင်, ကြား, ရောက်, သိအပ်သောအရာတို့၌ မမြင်, မကြား, မရောက်, မသိသောအနေဖြင့်၎င်း ကြံမှားခြင်းများသည် သစ္စာပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

     ၈။ ဗောဓိသမ္ဘာရဖြစ်သည့် ပါရမီ စာဂ စရိယ ကုသိုလ်တရားတို့၌ အပြစ်အနေ ကြံစည်ခြင်း ထိုဗောဓိသမ္ဘာရ ကောင်းမှုတို့၏ ဆန့်ကျင်ဘက်ဖြစ်သော အကုသိုလ်တရားတို့၌ ဂုဏ်ကျေးဇူးကို ကြံစည်ခြင်းများသည် အဓိဋ္ဌာနပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။



၁၈၁

၉။ မိမိအပေါ်၌ အစီးအပွါးကို ရွက်ဆောင်သူ မရွက်ဆောင်သူ (မိမိနှင့် သင့်မြတ်သူ မသင့်မြတ်သူ)ဟူ၍ ထွေလာစဉ်းစား အကြံများခြင်းသည် မေတ္တာပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

၁၀။ ရောက်ဆိုက်တွေ့ကြုံ ထိုထိုအာရုံတို့၌ ဣဋ္ဌ အနိဋ္ဌခွဲခြား အကြံများခြင်းသည် ဥပေက္ခာပါရမီ၏ ညစ်နွမ်းကြောင်းဖြစ်၏။

**********