မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၅) ပါရမီတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၅) ပါရမီတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်

၁၁၉

(၅) ပါရမီတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်

ဤအခဏ်း၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏သဘောကို ရှေးဦးစွာ ဖော်ပြပြီးလျှင်၊ ပါရမီတို့၏ တရားကိုယ် အရကောက်နှင့်တကွ ထိုလက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဋ္ဌာန်တို့ကို ပေါင်း၍၎င်း တပါးစီ၎င်း ဖော်ပြပေအံ့..၊

     ပရမတ္ထ သဘာဝဖြစ်သော နာမ်ရုပ်တရား နှစ်ပါးတို့၌ တရားတမျိုးတမျိုးအတွက် လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် လေးချက်တိုဖြင့် သိမ်းဆည်းဆင်ခြင် သိမြင်နိုင်မှ ဒိဋ္ဌိဝိသုဒ္ဓိခေါ်သည့် အတ္တဒိဋ္ဌိမှစင်ကြယ်သော အသိဉာဏ် ဖြစ်နိုင်သည်။ ထို့အတူ ဤပါရမီအရာ၌လည်း ပါရမီဆယ်ပါးလုံး ပေါင်း၍၎င်း တပါးစီ တပါးစီ ခွဲ၍၎င်း လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် ဤလေးချက်တို့ဖြင့် သိမ်းဆည်းဆင်ခြင် သိမြင်မှ ပါရမီအရာ၌ အသိဉာဏ်စင်ကြယ်မည် ဖြစ်သောကြောင့် ထိုလေးချက်ကို ကျမ်းဂန်တို့၌ ပြဆိုခြင်းဖြစ်သည်။ ထိုတွင်-

     လက္ခဏဟူသည်ကား.. (သာမညံ ဝါ သဘာဝေါ ဝါ၊ ဓမ္မာနံ လက္ခဏံ မတံ။ ။ ဓမ္မာနံ၊ ပရမတ္ထတရားတို့၏။ သာမညံ ဝါ ၊ အများနှင့်သက်ဆိုင်သော အမှတ်အသားကို၎င်း။ သဘာဝေါ ဝါ၊ အများနှင့်မဆိုင် ကိုယ်ပိုင်သီးခြား အမှတ်အသားကို၎င်း။ လက္ခဏံ၊ လက္ခဏာဟူ၍။ မတံ၊ သိအပ်၏။ ဟူသော အဋ္ဌကထာလာ ဂါထာအတိုင်း) တရားအများနှင့် ဆက်ဆံ သက်ဆိုင်သည့် သာမညအမှတ်အသားကို၎င်း၊ တရားအများနှင့် မဆက်ဆံ မသက်ဆိုင်ပဲ တရားတပါးတပါး၏သာ ဥစ္စာဖြစ်သည့် ဝိသေသ အမှတ်အသားကို၎င်း လက္ခဏာဟူ၍ ခေါ်သည်။ ။(ဥပမာ၊ ပထဝီဓာတ်တည်းဟူသော ရုပ်တရား၌ ဖောက်ပြန်ခြင်းတည်းဟူသော အမှတ်အသား မမြဲခြင်း ဆင်းရဲခြင်း မစိုးပိုင်ခြင်းတည်းဟူသော အမှတ်အသားများသည် အများနှင့် ဆက်ဆံသက်ဆိုင်သည့် အမှတ်အသားဖြစ်၍၊



၁၂၀

ခက်မာမှုသဘောကား အများနှင့် မဆက်ဆံ မသတ်ဆိုင် ပထဝီဓာတ် တပါး၏သာ ကိုယ်ပိုင်ဥစ္စာဖြစ်သည့် ဝိသေသအမှတ်အသား ဖြစ်သည်။)

မဆက်ဆံက၊ သဘာဝမှန်၊ သာမန်ဇာတ်ယူ၊ ဤနှစ်ဆူ၊ ၊လက္ခဏဟု ယူ။

     ရသဟူသည်ကား.. (ကိစ္စံ ဝါ တဿ သမ္ပတ္တိ၊ ရသောတိ ပရိဒီပယေ။ ။တဿ၊ ထိုပရမတ္ထတရား၏။ ကိစ္စံဝါ၊ ပြုလုပ်ရမည့် အလုပ်ကိစ္စကို၎င်း။ သမ္ပတ္တိဝါ၊ အကြောင်းကုံလုံ ပြည့်စုံစွာဖြစ်ခြင်းကို၎င်း။ ရသောတိ၊ ရသဟူ၍။ ပရိဒီပယေ၊ ပြရာ၏။ ဟူသော အဋ္ဌကထာအတိုင်း) ထိုထို ပရမတ္ထတရားတို့၏ ထင်ရှားသော အလုပ်ကိစ္စ၊ အကြောင်းကုံလုံ ပြည့်စုံစွာဖြစ်ခြင်းဟူသော သမ္ပတ္တိ ဤနှစ်ပါးကို ရသဟူ၍ ခေါ်သည်။

ကိစ္စဗျတ္တိ၊ သမ္ပတ္တိမှာ၊ မယုတ်ရာ၊ ၊နှစ်ဖြာ ရသယူ။

     ပစ္စုပဋ္ဌာန်ဟူသည်ကား.. ( ဖလံ ဝါ ပစ္စုပဋ္ဌာန-မုပဋ္ဌာနာကာရောပိ ဝါ။ ။ ဖလံဝါ၊ ထိုထို ပရမတ္ထတရားတို့၏ အကျိုးကို၎င်း။ ဥပဋ္ဌာနာကာရောပိ ဝါ၊ ယောဂီတို့ဉာဏ်၌ ထင်လာသော အခြင်းအရာကို၎င်း။ ပစ္စုပဋ္ဌာနံ၊ ပစ္စုပဋ္ဌာန်ဟူ၍။ မတံ၊ သိအပ်၏။ ဟူသော အဋ္ဌကထာအတိုင်း) ပရမတ္ထတရားတို့ကို ယောဂီပုဂ္ဂိုလ်တို့ ဉာဏ်ဖြင့်သက်ဝင် နက်နက်နဲနဲ ဆင်ခြင်သောအခါ ထိုထိုပရမတ္ထတရား၏ သဘောဖြစ်စေ၊ ကိစ္စဖြစ်စေ၊ အကြောင်းဖြစ်စေ၊ အကျိုးဖြစ်စေ ထင်လာတတ်သည်၊ ထိုသို့ ယောဂီတို့၏ဉာဏ်၌ ထင်မြင်လာသော သဘော ကိစ္စ အကြောင်း အကျိုး ဤလေးမျိုးတွင် တမျိုးမျိုးကို ပစ္စုပန်ဟူ၍ ခေါ်သည်။

သဘောကိစ္စ၊ အကြောင်းမျှသာ၊ ထင်လာသုံးမျိုး၊ အကျိုးတခု၊ ထင်လာမှု၊ ၊ပစ္စုပဋ္ဌာန်ယူ။

     ပဒဋ္ဌာန်ဟူသည်ကား.. (အာသန္နကာရဏံ ယံ တု၊ ပဒဋ္ဌာနန္တိ တံ မတံ။ ။ယံ အာသန္နကာရဏံ၊ အကြင် နီးစွာသော အကြောင်းသည်။ အတ္ထိ၊ ရှိ၏။ တံ တု၊ ထိုနီးစွာသော အကြောင်းကိုကား။



၁၂၁

ပဒဋ္ဌာနန္တိ၊ ပဒဋ္ဌာန်ဟူ၍၊ မတံ၊ သိအပ်၏။ ဟူသောအတိုင်း) ထိုထို ပရမတ္ထတရားတို့၏ နီးသောအကြောင်း ဝေးသောအကြောင်း နှစ်မျိုးရှိရာဝယ် နီးသောအကြောင်းကို ပဒဋ္ဌာန်ဟူ၍ ခေါ်သည်။

အကျိုး၏သာ၊ ဗလဝါသန္န၊ ကာရဏ၊ ၊ပဒဋ္ဌာနယူ။

ဤအရာ၌ “ပါရမီဆယ်ပါးတို့၏ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား အဘယ်တရားတို့ ဖြစ်ပါသနည်း”ဟု မေးသင့်၏။

     (အဖြေကား..) ပါရမီဆယ်ပါးလုံးနှင့် သက်ဆိုင်သော လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကား (၁) ပါရမီဆယ်ပါးလုံးပင် သူတပါးတို့ကို ချီးမြှောက်ခြင်းအမှတ်အသား လက္ခဏာ ရှိကုန်၏။ (၂) သူတပါးတို့အား ကျေးဇူးပြုခြင်း ကိစ္စ ရသ ရှိကုန်၏။ (တနည်း) မတုန်လှုပ်ခြင်း သမ္ပတ္တိ ရသ ရှိကုန်၏။ (၃) သတ္တဝါတို့၏ အစီးအပွါးကို လိုလားသော သဘောများပေဟု ယောဂီတို့၏ဉာဏ်၌ ထင်မြင်ခြင်း (သဘာဝ) ပစ္စုပဋ္ဌာန် ရှိကုန်၏။ (တနည်း) ဘုရားဖြစ်ခြင်းဟူသော (အကျိုး) ပစ္စုပဋ္ဌာန် ရှိကုန်၏။ (၄) မဟာကရုဏာ (တနည်း) ရှေးကဆိုခဲ့ပြီးသည့် မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် နှစ်ပါးတို့လျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန် ရှိကုန်၏။

     ပါရမီ တပါးစီ တပါးစီအတွက်သော်ကား-

     (၁) မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိသည့် မိမိကိုယ်ပိုင်ပစ္စည်းများကို သူတပါးအား စွန့်ကြဲပေးကမ်း လှူဒါန်းကြောင်းဖြစ်သော စေတနာသည် ဒါနပါရမီမည်၏။ ထိုဒါနပါရမီသည် (က) စွန့်လှူခြင်းအမှတ်အသား လက္ခဏာရှိ၏။ (ခ) လှူဖွယ်ဝတ္ထုတို့၌ တပ်မက်ငြိကပ်သော လောဘကို ဖျက်ဆီးခြင်း ကိစ္စရသရှိ၏။ (ဂ) ထိုလှူဖွယ်ဝတ္ထုတို့၌ မငြိကပ် မတွယ်တာခြင်းသဘောပင် ဖြစ်သည်ဟု ယောဂီ တို့၏ဉာဏ်၌ ထင်မြင်ခြင်း (သဘာ၀) ပစ္စုပဋ္ဌာန်ရှိ၏။ (တနည်း) ဘဝ၏ပြည့်စုံခြင်း စည်းစိမ်ဥစ္စာ၏ ပြည့်စုံခြင်း တည်းဟူသော



၁၂၂

အကျိုးကိုဖြစ်စေမှု (ဖလ) ပစ္စုပဋ္ဌာန်ရှိ၏။ (ဃ) လှူဖွယ်ဝတ္ထုရှိမှ ဒါနဖြစ်နိုင်သောကြောင့် ထိုဒါနပရမီသည် လှူဖွယ်ဝတ္ထုလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန်ရှိ၏။

လူတယောက် (သို့မဟုတ်) ပစ္စည်းဝတ္ထု တခုခု၏ အကြောင်းအရာကို လေ့လာသိရှိလိုလျှင် ထိုလူ ထိုဝတ္ထု၏ (က) အများနှင့်သက်ဆိုင်သော အမှတ်အသား၊ အများမဆိုင် တဦးတည်းပိုင် သီးခြားအမှတ်အသား တည်းဟူသော လက္ခဏာ၊ (ခ) ထိုလူ ထိုဝတ္ထု၏ အလုပ်ကိစ္စ (သို့မဟုတ်) အကြောင်းစေ့စုံ ဖြစ်ပုံတည်းဟူသော ရသ၊ (ဂ)ထိုလူ ထိုဝတ္ထု၏ အကျိုး (သို့မဟုတ်) စိတ်ထဲ၌ စွဲမှတ်လောက်သည့် အခြင်းအရာတည်းဟူသော ပစ္စုပဋ္ဌာန်၊ (ဃ) ထိုလူ ထိုဝတ္ထု၏ အနီးကပ်ဆုံးသောအကြောင်း ပဒဋ္ဌာန်- ဤလေးချက် ပိုင်ပိုင်နိုင်နိုင် လေ့လာသိရှိမှသာ အပြည့်အစုံ လေ့လာသိရှိသည် မည်သကဲ့သို့၊ ဒါနပါရမီအရာ၌လည်း-.. ဒါနဟူသည်မှာ စွန့်လှူခြင်းလက္ခဏာ အမှတ်အသားရှိသည့် တရားဖြစ်သည်၊ လှူဖွယ်ဝတ္ထုတို့၌ တပ်မက်သော လောဘကို ဖျက်ဆီးမှုအလုပ်ကို ပြုလုပ်တတ်သော တရားဖြစ်သည်။ ယောဂီပုဂ္ဂိုလ်တို့ စေ့စေ့ငုငု ဆင်ခြင်ကြည့်ရှုလျှင် လှူဖွယ်ဝတ္ထုတို့၌ မငြိကပ် မတွယ်တာသော သဘောပင်ဖြစ်သည်ဟု ဉာဏ်၌ ထင်လာ၏၊ (တနည်း) ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိ အကျိုးကို ဖြစ်စေတတ်သော တရားဖြစ်သည်ဟု ဉာဏ်၌ ထင်လာ၏။ လှူဖွယ်ဝတ္ထုတည်းဟူသော အကြောင်းရှိမှ ဖြစ်နိုင်သောတရား ဖြစ်သည်ဟု အချက်ကြီး လေးချက်ဖြင့် လေးဖက်လက်တန် လေ့လာသိရှိမှ ဒါနပါရမီအတွက် အပြည့်အစုံ အစင်အကြယ် သိရှိသည်မည်၏။ (သီလပါရမီ အစရှိသည်တို့၌လည်း ဤနည်းအတူပင်တည်း။)

     (၂) မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိသည့် ကာယသုစရိုက် ဝစီသုစရိုက်တရားများ (တရားကိုယ်အားဖြင့်



၁၂၃

မပြုသင့်သော ဒုစရိုက်မှုတို့မှ ရှောင်ကြဉ်သည့် ဝိရတီစေတသိက်များ ပြုသင့်သည့် ဝတ်ကြီးဝတ်ငယ်စသည်ကို ပြုလုပ်ကြောင်းဖြစ်သည့် စေတနာအစရှိသော တရားများ)သည် သီလပါရမီမည်၏။ ထိုသီလပါရမီသည် (က) ကိုယ်မှု နှုတ်မှုတို့ကို ဒုစရိုက်အနေဖြင့် ဖြစ်ခွင့်မပေးပဲ သုစရိုက်အနေ ဖြစ်စေသောအားဖြင့် ကောင်းစွာထားခြင်း လက္ခဏာ၊ ကုသိုလ်တရားတို့၏ မူလအကြောင်းရင်းဖြစ်ခြင်း လက္ခဏာရှိ၏။ (ခ) ကာယဒုစရိုက်သုံးပါး ဝစီဒုစရိုက်လေးပါး တည်းဟူသော ဒုဿီလျ= (သီလပျက်စီးခြင်း)တရားကို ပယ်ရှား ဖျက်ဆီးခြင်း ကိစ္စရသရှိ၏။ (တနည်း) အပြစ်ကင်းသောတရား မကဲ့ရဲ့ မစက်ဆုပ်အပ်သော တရားအနေဖြင့် ဂုဏ်ထူးလောက်လုံ အပြည့်အစုံဖြစ်ခြင်း သမ္ပတ္တိ ရသရှိ၏။ (ဂ) ကာယကံမှု ၀စီကံမှုတို့၏ စင်ကြယ်သော သဘောပင်ဟု ယောဂီတို့၏ဉာဏ်၌ ထင်မြင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။ (ဃ) ဟိရိဩတ္တပ္ပ တရားနှစ်ပါးလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန်ရှိ၏။

     (၃) မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိ၍ ဝတ္ထုကာမ ကိလေသကာမ ထိုထိုဘဝတို့၌ အပြစ်ကိုမြင်သောဉာဏ် ရှေ့သွားရှိလျက် ထိုကာမဘဝမှ လွတ်မြောက်လိုသော စိတ်စေတသိက်တရားစုသည် နေက္ခမ္မပါရမီမည်၏။ ထိုနေက္ခမ္မပါရမီသည် (က) ကာမဘဝတို့မှ ထွက်မြောက်ခြင်း လက္ခဏာရှိ၏။ (ခ) ထိုကာမဘဝတို့၏ အပြစ်ကို ထင်စွာဖော်ပြခြင်း ကိစ္စရသရှိ၏။ (ဂ) ထိုကာမဘဝတို့မှ မျက်နှာလွှဲ သကဲ့သို့ဖြစ်သော သဘော (ကာမဘဝတို့ကို ကျောခိုင်းတတ်သော သဘော)ဟု ယောဂီတို့၏ဉာဏ်၌ ထင်မြင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။ (ဃ) သံဝေဂဉာဏ်လျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန်ရှိ၏။

     (၄) မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိလျက် ထိုထိုတရားတို့၏ သာမညလက္ခဏာ ဝိသေသလက္ခဏာတို့ကို ထိုးထိုးထွင်းထွင်း သိတတ်သော ပညာစေတသိက်သည် ပညာပါရမီမည်၏။ ထိုပညာပါရမီသည် (က) ဟုတ်မှန်သောသဘောကို ထိုးထွင်းသိမြင်ခြင်း လက္ခဏာရှိ၏၊ (တနည်း) လိမ္မာလှသော



၁၂၄

မြားသမား ပစ်လွှင့်လိုက်သောမြား၏ ရည်မှန်းရင်းစက်ခွက်ကို မချွတ်မယွင်း ဖောက်ထွင်းထိမှန်ခြင်းကဲ့သို့ အာရုံ၏ သာမညလက္ခဏာ ဝိသေသလက္ခဏာတို့ကို မချော်မချွတ် ဖောက်ထွင်းသိမြင်ခြင်း လက္ခဏာရှိ၏။ (ခ) ဆီမီးကဲ့သို့ အာရုံကို လင်းလင်းဖော်ပြခြင်း (အာရုံ၏သဘောကို ဖုံးကွယ်တတ်သည့် မောဟအမိုက်မှောင်ကို ဖျက်ဆီးပစ်ခြင်း) ကိစ္စရသရှိ၏။ (ဂ) တောအုပ်အလယ်၌ မျက်စိလယ်လမ်းမှား ဒုက္ခများနေသူကို လမ်းမှန်ကိုညွှန်ပြသော ယောက်ျားကဲ့သို့ အာရုံ၌ မတွေဝေသောသဘောပင် ဖြစ်သည်ဟု ယောဂီတို့၏ဉာဏ်၌ ထင်မြင်ခြင်း (သဘာဝ) ပစ္စုပဋ္ဌာန်ရှိ၏။ (တနည်း) အာရုံ၌ တွေဝေမှုမောဟ၏ ကင်းရှင်းခြင်းအကျိုးကို ဖြစ်စေတတ်သည့် (ဖလ) ပစ္စုပဋ္ဌာန်ရှိ၏။ (ဃ) သမာဓိလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန်ရှိ၏။ (တနည်း) သစ္စာလေးပါးလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန်ရှိ၏။

     (၅) မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိလျက် ကိုယ်ရောစိတ်ပါ သူတပါးတို့ အကျိုးဖြစ်ကြောင်း စီးပွါးကောင်းတို့ကို အားထုတ်ခြင်း ဝီရိယသည် ဝီရိယပါရမီမည်၏။ (အကျိုးဖြစ်ထွန်းစေနိုင်သည့် အကြောင်းကို ပါဠိလို “ဟိတ”၊ မြန်မာလို “အစီးအပွါး”ဟူ၍ ခေါ်သည်) ထိုဝီရိယပါရမီသည် (က) အားထုတ်ခြင်း (အဆင်းရဲခံခြင်း) လက္ခဏာရှိ၏။ (ခ) မိမိနှင့် ဖြစ်ဖော်ဖြစ်ဖက်တရားတို့ကို ကုသိုလ်မှု၌ ရော့ရဲရဲမရှိအောင် ထောက်ပံ့အားပေးခြင်း ကိစ္စရသရှိ၏။ (ဂ) ကုသိုလ်မှုတို့၌ ဆုတ်နစ်တတ်သော ထိနမိဒ္ဓတို့၏ ဆန့်ကျင်ဘက်ဖြစ်၍ မဆုတ်နစ်သော သဘောပင်ဟု ယောဂီတို့၏ဉာဏ်၌ ထင်မြင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။ (ဃ) သံဝေဂဉာဏ် (တနည်း) ဝီရိယာရမ္ဘဝတ္ထု ရှစ်ပါးလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန်ရှိ၏။

(ဇာတိ ဇရာ ဗျာဓိ မရဏ အပါယဘေးတို့ကို တွေးရွံ့ကြောက်လန့်သည့် ဩတ္တပ္ပပြဋ္ဌာန်းသော ဉာဏ်ကို သံဝေဂဉာဏ်ဟူ၍ ခေါ်သည်။)



၁၂၅

ဝီရိယာရမ္ဘဝတ္ထု ရှစ်ပါးဟူသည်ကား..

“ကမ္မ မဂ္ဂ၊ ဂေလည၊ ပိဏ္ဍ လေးနှစ်လီ။

ဝီရာရမ္ဘ၊ ဝတ္ထုပြ၊ အဋ္ဌ မှတ်လေဤ”—

ဟူသော မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး၏ ပရမတ္ထသရူပ (ကမ္မဋ္ဌာန်းပိုင်းလာ) လင်္ကာအတိုင်း.. န၀ကမ္မနှင့်စပ်၍ နှစ်ပါး၊ ခရီးသွားခြင်းနှင့်စပ်၍ နှစ်ပါး၊ မမာမကျန်းမှုနှင့်စပ်၍ နှစ်ပါး၊ ဆွမ်းနှင့်စပ်၍ နှစ်ပါးဟူ၍ ဝီရိယာရမ္ဘဝတ္ထု= (ဝီရိယစိုက်ထုတ်ကြောင်း) ရှစ်ပါးကို သိရာ၏။ ထိုတွင်-

နဝကမ္မနှင့်စပ်၍ နှစ်ပါးဟူသော်ကား.. (၁)ငါသည် သင်္ကန်းချုပ်ခြင်းစသော နဝကမ္မကို ပြုလုပ်ရလိမ့်ဦးမည်။ ထိုသို့ နဝကမ္မ ပြုလုပ်နေသောအခါ မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းနိုင်ဖို့ မလွယ်ကူပေ၊ ယခုကပင် ကြိုတင်၍ ကြိုးစားထားနှင့်အံ့ဟု ဆင်ခြင်ခြင်းတပါး။ (၂) နဝကမ္မကို ပြုလုပ်ပြီးသောအခါ၌လည်း “ငါသည် နဝကမ္မကို ပြုလုပ်ပြီးလေပြီ၊ ထိုသို့ နဝကမ္မကို ပြုလုပ်နေစဉ်တုန်းက မြတ်စွာဘုရားတို့၏ အဆုံးအမကို လုံးဝ နှလုံးမသွင်းနိုင်ခဲ့ပေ။ ယခုမှပင် အတိုးချ၍ ကြိုးစား အားထုတ်ရပေတော့အံ့”ဟု ဆင်ခြင်ခြင်းတပါး၊ ဤနှစ်ပါးတို့ ဖြစ်သည်။

ခရီးသွားမှုနှင့်စပ်၍ နှစ်ပါးဟူသော်ကား.. (၁) ခရီးသွားရမည်ဖြစ်လျှင် “ငါသည် ခရီးသွားရလိမ့်ဦးမည်။ ထိုသို့ ခရီးသွားရသောအခါ မြတ်စွာဘုရားတို့၏ အဆုံးအမကို နှလုံးသွင်းနိုင်ဖို့ မလွယ်ကူပေ၊ ယခုကပင် ကြိုတင်၍ ကြိုးစားထားနှင့်အံ့”ဟူ၍ ဆင်ခြင်ခြင်းတပါး၊ (၂) ခရီးသွားပြီးသောအခါ၌လည်း “ငါသည် ခရီးသွားပြီးခဲ့ပြီ၊ ထိုသို့ ခရီးသွားနေစဉ်တုန်းက မြတ်စွာဘုရားတို့၏ အဆုံးအမကို လုံးဝ နှလုံးမသွင်းနိုင်ခဲ့ပေ။ ယခုမှပင် အတိုးချ၍ ကြိုးစား



၁၂၆

အားထုတ်ရပေတော့အံ့”ဟူ၍ ဆင်ခြင်ခြင်းတပါး၊ ဤနှစ်ပါးတို့ ဖြစ်သည်။

မမာမကျန်းမှုနှင့်စပ်၍ နှစ်ပါးဟူသော်ကား.. (၁) အနည်းငယ်မျှ မမာမကျန်း ဖြစ်လာသောအခါ “ငါ့မှာ အနာရောဂါအနည်းငယ် ရောက်လာလေပြီ၊ ထိုအနာရောဂါ တိုးပွါးမည်ဆိုလျှင် တိုးပွါးဘို့ရန် အကြောင်းရှိ သည်၊ မတိုးပွါးခင် ယခုကကြိုတင်၍ ကြိုးစားအားထုတ်အံ့”ဟု ဆင်ခြင်ခြင်းတပါး။ (၂) နာလံထစအခါ “ငါသည် နာလံထစ မကြာသေးလှပေ။ ရောဂါဟောင်း ပြန်ပေါ်လာမည်ဆိုက ပေါ်နိုင်သောအကြောင်းရှိသည်၊ အနာဟောင်းမပေါ်လာမီ ယခုကပင် ကြိုးစားအားထုတ်အံ့”ဟု ဆင်ခြင်ခြင်းတပါး၊ ဤနှစ်ပါးတို့တည်း။

ဆွမ်းနှင့်စပ်၍ နှစ်ပါးဟူသော်ကား.. (၁) ဆွမ်းလုံလောက်စွာ မရသောအခါ “ငါသည် ဆွမ်းခံရွာမှ ဆွမ်းလုံလောက်အောင် မရခဲ့ချေ၊ အနည်းငယ်သာ စားသုံးရသဖြင့် ခန္ဓာကိုယ် ပေါ့ပါးကြံ့ခိုင် ထိနမိဒ္ဓ မနှိပ်စက်နိုင်သဖြင့် အလုပ်လုပ်နိုင်စွမ်း ရှိပေသည်၊ ယခုပင် အားထုတ်အံ့”ဟု ဆင်ခြင်ခြင်းတပါး။ (၂) ဆွမ်းလုံလောက်စွာ ရသောအခါ “ငါသည် ဆွမ်းခံရွာမှ ဆွမ်းလုံလောက်စွာ ရခဲ့သည့်အတွက် အားရှိကြံ့ခိုင် အလုပ်လုပ်နိုင်စွမ်းရှိသည်။ ယခုပင် အားထုတ်အံ့”ဟု ဆင်ခြင်ခြင်းတပါး၊ ဤနှစ်ပါးတို့တည်း။

ဤရှစ်ပါးသော (ဝီရိယ အားထုတ်ဖြစ်အောင်) ဆင်ခြင်ခြင်းတို့ကို ဝီရိယာရမ္ဘဝတ္ထု ရှစ်ပါးဟု ခေါ်သည်။

(ဤရှစ်ဌာနမှာပင် နဝကမ္မပြုလုပ်ပြီးစ ခရီးသွားပြီးစ နာလံထစ ဆွမ်းလုံလောက်စွာ မရသောအခါတို့၌ “ပင်ပန်းလှသေးသည်၊ အိပ်ဦးမှပဲဟူ၍၎င်း၊ နဝကမ္မပြုလုပ်ရန် ရှိသောအခါ ခရီးသွားရန် ရှိသောအခါတို့၌ ပင်ပန်းလိမ့်ဦးမည်၊ အိပ်ဦးမှပဲဟူ၍၎င်း၊ အနာရောက်စအခါ



၁၂၇

အားနည်းလှသေးသည်၊ အိပ်ဦးမှပဲဟူ၍၎င်း၊ ဆွမ်းလုံလောက်စွာ ရသောအခါ ဗိုက်လေးလှသေးသည်၊ အိပ်ဦးမှပဲဟူ၍၎င်း အလွဲလွဲအမှားမှား ကုသိုလ်တရားကို အားမထုတ်ဖြစ်အောင် စဉ်းစားခြင်း ရှစ်မျိုးကိုကား “ကုသီတဝတ္ထု”ရှစ်ပါး အပျင်းပွါးကြောင်း ရှစ်ပါးဟူ၍ ခေါ်သည်)။ ။ဤအာရမ္ဘဝတ္ထုရှစ်ပါး၊ ကုသီတဝတ္ထု ရှစ်ပါးတို့ကို ဒီဃနိကာယ်၊ ပါထိကဝဂ်၊ ၁၀-သံဂီတိသုတ်၌ ဟောတော်မူသည်။

     (၆) မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိလျက် သတ္တဝါသင်္ခါရတို့၏ အပြစ်များကို သည်းခံခြင်း (တရားကိုယ်အားဖြင့် သည်းခံသော အခြင်းအရာဖြင့်ဖြစ်သည့် အဒေါသရှေ့ဆောင်သော စိတ်စေတသိက်အစု)သည် ခန္တီပါရမီမည်၏။ ထိုခန္တီပါရမီသည် (က) သည်းခံခြင်း လက္ခဏာရှိ၏။ (ခ) အလိုရှိအပ် တောင့်တအပ်သည့် ဣဋ္ဌအာရုံ၊ အလိုမရှိအပ် မတောင့်တအပ်သည့် အနိဋ္ဌအာရုံ နှစ်မျိုးစုံကိုပင် လွှမ်းမိုးနိုင်နင်းခြင်း ကိစ္စရသရှိ၏၊ (ခန္တီတရား လက်ကိုင်မရှိသူသည် ဣဋ္ဌအာရုံနှင့် တွေ့ကြုံသောအခါ လောဘဘက်သို့ ပါသွား၍၊ အနိဋ္ဌအာရုံနှင့် တွေ့ကြုံသောအခါ ဒေါသဘက်သို့ ပါသွားတတ်သည်။ ထိုသူကို ဣဋ္ဌ အနိဋ္ဌ အာရုံတို့က လွှမ်းမိုးနိုင်နင်းအပ်သူ (အနိုင်ခံရသူ)ဟူ၍ ဆိုရလေသည်။ ခန္တီတရား လက်ကိုင်ရှိသူမှာ ဣဋ္ဌအနိဋ္ဌာရုံတို့နှင့် တွေ့ကြုံသောအခါ လောဘ ဒေါသဘက်သို့မပါ ကြံ့ကြံ့ခံနိုင်သည်၊ သို့ရကား ခန္တီတရားက ဣဋ္ဌအနိဋ္ဌအာရုံတို့ကို လွှမ်းမိုးနိုင်နင်းသည်ဟု ဆိုရလေသည်။) (ဂ) ဣဋ္ဌအနိဋ္ဌ အာရုံတို့ကို မိမိအပေါ်သို့ တက်ရောက်နေစေနိုင်သော သဘော (နေခွင့်ပေးနိုင်သောသဘော)ဟူ၍ ယောဂီတို့၏ဉာဏ်၌ ထင်မြင်သောအခြင်းအရာ ပစ္စုပဋ္ဌာန် ရှိ၏။ (တနည်း) မဆန့်ကျင်သော သဘောဟု ယောဂီတို့၏ဉာဏ်၌ ထင်သောအခြင်းအရာရှိ၏။ (ဃ) အမှန်အတိုင်း သိမြင်ခြင်းလျှင် နီးစွာသောအကြောင်း ပဒဋ္ဌာန်ရှိ၏။



၁၂၈

     (၇) မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိသည့် မိမိ၏ ဝန်ခံကြံစည်ချက်ကို မပျက်ကွက် မချွတ်ယွင်းစေခြင်းသဘောသည် သစ္စာပါရမီမည်၏။ (ဤသစ္စာပါရမီအရ ဝိရတီစေတသိက် စေတနာစေတသိက် ပညာစေတသိက်တို့ကို အရာအားလျော်စွာ တရားကိုယ် ကောက်ယူရသည်။) ထိုသစ္စာပါရမီသည် (က) မချွတ်ယွင်းခြင်း လက္ခဏာရှိ၏။ (ခ) ဟုတ်မှန်တိုင်းသော သဘောကို ထင်စွာပြခြင်း ကိစ္စရသရှိ၏။ (ဂ) ချိုမြိန်ကောင်းမြတ် သာယာအပ်သော သဘောဟု ယောဂီတို့၏ဉာဏ်၌ ထင်မြင်ခြင်း ပစ္စုပဋ္ဌာန် ရှိ၏။ (ဃ) ကိုယ်နှုတ်နှလုံး သုံးပါး၏ စင်ကြယ်ခြင်းလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန်ရှိ၏။

     (၈) မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိသည့် မတုန်မလှုပ် ကုသိုလ်မှုတို့ကို ဆောက်တည်ခြင်း (ထိုသို့ ဆောက်တည်သော အခြင်းအရာဖြင့်ဖြစ်သော စိတ်စေတသိက်တရားစု)သည် အဓိဋ္ဌာနပါရမီမည်၏၊ ထိုအဓိဋ္ဌာနပါရမီသည် (က) ဗောဓိသမ္ဘာရမည်သော သဗ္ဗညုတဉာဏ်၏ အဆောက်အဦဖြစ်သည့် ပါရမီ စာဂ စရိယတရားတို့၌ ကြံ့ကြံ့ခိုင်ကျည် တည်ခြင်းလက္ခဏာရှိ၏။ (ခ) ထိုဗောဓိသမ္ဘာရတရားတို့၏ ဆန့်ကျင်ဘက်ဖြစ်သော အကုသိုလ်တရားတို့ကို လွှမ်းမိုးနှိပ်စက်ခြင်း ကိစ္စရသရှိ၏။ (ဂ) ထိုဗောဓိသမ္ဘာရတရားတို့ကို ဖြည့်ကျင့်ရန်ကိစ္စ၌ မတုန်မလှုပ်သော သဘောဟူ၍ ယောဂီတို့၏ဉာဏ်၌ ထင်မြင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။ (ဃ) ဗောဓိသမ္ဘာရတရားများလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန်ရှိ၏။

     (၉) မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိလျက် သတ္တလောက၏ စီးပွါးချမ်းသာကို ရွက်ဆောင်တတ်သော (တရားကိုယ်အားဖြင့်) အဗျာပါဒ အမည်ရသည့် အဒေါသစေတသိက်သည် မေတ္တာပါရမီမည်၏။ ထိုမေတ္တာပါရမီသည် (က) သတ္တဝါတို့၏ အစီးအပွါးကို လိုလားသော အခြင်းအရာဖြင့်ဖြစ်ခြင်း (လိုလားခြင်း) လက္ခဏာရှိ၏။ (ခ) လိုလားသည့်အတိုင်းပင် စီးပွါးကိုရွက်ဆောင်ခြင်း ကိစ္စရသရှိ၏။



၁၂၉

(တနည်း) မျက်ကြုတ်ကိုးပါး ရန်ငြိုးကိုးပါးကို ပယ်ရှားခြင်း ကိစ္စရသရှိ၏။ (ဂ) အေးမြသော သဘောဟူ၍ ယောဂီတို၏ဉာဏ်၌ ထင်မြင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။ (ဃ) သတ္တဝါတို့ကို ချစ်နှစ်သက်ဖွယ်အနေဖြင့် ကြည့်ရှုခြင်းလျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန်ရှိ၏။ (သတ္တဝါတို့ကို မုန်းဖွယ်အနေဖြင့် ကြည့်ရှုလျှင် မေတ္တာတရား မပွါးနိုင်ပေ။)

     (၁၀) မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိ၍ အလိုရှိအပ် မရှိအပ်သည့် သတ္တဝါသင်္ခါရတို့၌ ချစ်ခြင်း မုန်းခြင်းကို ပယ်ဖျောက်လျက် အညီအမျှဖြစ်ခြင်း (ထိုအခြင်းအရာဖြင့်ဖြစ်သော တတြမဇ္ဈတ္တတာ စေတသိက်)သည် ဥပေက္ခာပါရမီမည်၏။ ထိုဥပေက္ခာပါရမီသည် (က) မချစ်မမုန်း အလယ်အလတ် အခြင်းအရာဖြင့်ဖြစ်ခြင်း လက္ခဏာရှိ၏။ (ခ) အညီအမျှကြည့်ရှုခြင်း ကိစ္စရသရှိ၏။ (ဂ) မုန်းခြင်း ချစ်ခြင်းကို ငြိမ်းစေတတ်သော သဘောဟူ၍ ယောဂီတို့၏ဉာဏ်၌ ထင်မြင်ခြင်း ပစ္စုပဋ္ဌာန်ရှိ၏။ (ဃ) ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိမှုကို ဆင်ခြင်ခြင်း (ပစ္စဝေက္ခဏာဉာဏ်)လျှင် နီးကပ်သောအကြောင်း ပဒဋ္ဌာန်ရှိ၏။

ဤပါရမီဆယ်ပါး၏ တရားကိုယ်ကိုဖော်ပြရာ၌ ပါရမီတိုင်းမှာပင် “မဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံပါရှိ”ဟူသော ဝိသေသနစကားကို အဦးပလ္လင်ခံ၍ ရေးသားဖော်ပြခြင်းမှာ ဘုရားအလောင်းတော်ကြီးများ၏ သန္တာန်၌ ထိုမဟာကရုဏာနှင့် ဥပါယကောသလ္လဉာဏ် အခြေခံရှိ၍ ဖြစ်ပွါးသော ဒါနမှု သီလမှု အစရှိသည်တို့သာ ပါရမီအမည်ရသောကြောင့် ဖြစ်ပေသည်။

ပါရမီဆယ်ချက်၊ တရားနက်၏၊ လေးဘက်လေးတန်၊ သဘောမှန်ကို၊ ဖန်ဖန်စေ့ငု၊ ဉာဏ်စက္ခုဖြင့်၊ ကြည့်ရှုဝေဖန်၊ ကိုယ့်သန္တာန်၌၊ မကျန်စေရ၊ ဖြစ်စေမှလျှင်၊ ၊ဒုက္ခငြိမ်းမည် ဧကန်တည်း။