မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၁၀) ပါရမီတို့၏ ဖြည့်ကျင့်ပုံ

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁၀) ပါရမီတို့၏ ဖြည့်ကျင့်ပုံ

၁၈၅

(၁၀) ပါရမီတို့ကို ဖြည့်ကျင့်ပုံ

“ပါရမီတို့ကို ဖြည့်ကျင့်ပုံကား အဘယ်နည်း၊ အလောင်းတော်များသည် ပါရမီတို့ကို မည်သို့မည်ပုံ ဖြည့်ကျင့်ကုန်သနည်း”ဟု မေးခဲ့သော်-

အဖြေကား..

     (၁) ဒါနပါရမီ၌ အလောင်းတော်သည် သူ့ချမ်းသာကို ရွက်ဆောင်ခြင်း၊ ကိုယ်နှင့် အသက်ကို ရက်ရက်စွန့်လှူခြင်း၊ သတ္တဝါတို့အပေါ် ကျရောက်လာမည့်ဘေးကို ပယ်ရှားခြင်း၊ သတ္တဝါတို့အား တရားလမ်းမှန်ကို ညွှန်ပြဟောကြားခြင်း ဤသို့စသည် များစွာသောအခြင်းအရာဖြင့် သတ္တဝါတို့အား ချီးမြှောက်ပြုစုသောအားဖြင့် ဒါနပါရမီကို ဖြည့်ကျင့်တော်မူသည်။

     အကျယ်အားဖြင့် ပြဆိုဦးအံ့.. ဒါနသည် (က) အာမိသဒါန (ခ) အဘယဒါန (ဂ) ဓမ္မဒါနဟူ၍ လှူဖွယ်ဝတ္ထု ၏အစွမ်းဖြင့် သုံးပါးအပြားရှိ၏။ ထိုသုံးပါးတို့တွင်-

     (က) အာမိသဒါနဆိုင်ရာ ဘုရားအလောင်းတော်၏ လှူဖွယ်ဝတ္ထုသည် (၁) ကိုယ်တွင်း အဇ္ဈတ္တိကဝတ္ထု၊ (၂) ကိုယ်ပ ဗာဟိရဝတ္ထုဟူ၍ နှစ်ပါးပြားပြန်လေသည်။ ထိုနှစ်ပါးတို့တွင်-

     (၂)အမျိုးအစားဖြစ်သည့် မိမိကိုယ်မှ ပြင်ပဖြစ်သော ဗာဟိရဒါနဝတ္ထုသည် ထမင်း၊ အဖျော်၊ အဝတ်၊ ယာဉ်၊ ပန်း၊ နံ့သာ၊ နံ့သာပျောင်း၊ အိပ်ရာနေရာ၊ ကျောင်း အိမ်၊ ဆီမီးညှိထွန်းရန် ဆီ မီးစာ မီးခွက်-ဟူ၍ (သုတ္တန်ဒေသနာတော်နည်းအရ) ဆယ်မျိုးရှိ၍၊ ထိုဆယ်မျိုးတို့တွင် ထမင်းအစရှိသော လှူဖွယ်ဝတ္ထု တမျိုး တမျိုးလျှင် ခဲဘွယ်ဘောဇဉ် အစရှိသောအားဖြင့် များသောအပြားရှိပေ၏။

     ထို့အတူ အဆင်းလှူဖွယ်ဝတ္ထု၊ အသံလှူဖွယ်ဝတ္ထု အစရှိသည်ဖြင့် အာရုံခြောက်ပါး အပြားအတိုင်း (အဘိဓမ္မာ ဒေသနာတော်နည်းအရ) ခြောက်မျိုးရှိ၍၊ ထိုခြောက်မျိုးတို့တွင်



၁၈၆

အဆင်းလှူဖွယ်စသည် တမျိုးတမျိုးအတွက်ပင် အညို အရွှေ စသည်အားဖြင့် များသောအပြားရှိပေ၏။

     ထို့အတူ ပတ္တမြား ရွှေ ငွေ ပုလဲ သန္တာ- အစရှိသော ရတနာမျိုး၊ လယ်မြေ ယာမြေ အရာမ်ဥယျာဉ်စသည့် သက်မဲ့လှူဖွယ်ပစ္စည်းမျိုး၊ ကျွန်မိန်းမ ကျွန်ယောက်ျား ကျွဲနွားစသည့် သက်ရှိလှူဖွယ်ပစ္စည်းမျိုး အစရှိသောအားဖြင့် များသောအပြားရှိပြန်၏။

ဗာဟိရဒါန ပြုတော်မူပုံ

     ထိုလှူဖွယ်ပစ္စည်း အမျိုးမျိုးတို့တွင် ဘုရားအလောင်းတော်သည် အလှူခံပုဂ္ဂိုလ် အလိုရှိရာ လှူဖွယ်ပစ္စည်းကို ပေးလှူတော်မူ၏။ အလှူခံပုဂ္ဂိုလ်က အလိုရှိနေသည်ကို သိတော်မူလျှင် မတောင်းပဲသော်မှလည်း အလိုကိုသိကာ ပေးလှူတော်မူ၏။ တောင်းပါမူကား ဆိုရာမရှိတော့ပေ။ ဧကန် ပေးလှူတော့သည်သာ။ ပေးလှူသောအခါ၌လည်း ကျွတ်ကျွတ်လွတ်လွတ် (အချုတ်အချယ်မရှိ) ပေးလှူတော်မူ၏။

     လှူဖွယ်ဝတ္ထု အပြည့်အစုံ အလုံအလောက်ရှိလျှင် အလှူခံပုဂ္ဂိုလ်တို့အား အပြည့်အစုံ အလုံအလောက်ပင် လှူတော်မူသည်။ မလုံလောက်လျှင် ခွဲဝေသင့်သောအရာကို ခွဲဝေ၍ လှူတော်မူ၏။

     အထူးအားဖြင့်- ပေးလှူတော်မူသည် ဆိုသော်လည်း လက်နက်မျိုး အဆိပ်မျိုး သေရည်မျိုး အစရှိသည့် သူတပါးတို့အား နှိပ်စက်မည့်ပစ္စည်းမျိုးကို၎င်း၊ အကျိုးမရ မေ့လျော့ပေါ့တန်ခြင်း ပမာဒကိုဖြစ်စေမည့် ကစားဖွယ်ရာ ပစ္စည်းမျိုးကို၎င်း ပေးလှူတော်မမူ။

     မကျန်းမာသည့် အလှူခံဂ္ဂိုလ်အား ထိုသူနှင့် မလျော်မသင့်သော စားသောက်ဖွယ်မျိုးကို၎င်း၊ သင့်လျော်စေကာမူ ပမာဏထက် ပိုလွန်၍၎င်း ပေးလှူတော်မမူပဲ ထိုသူနှင့် သင့်လျော်သည့် စားသောက်ဖွယ်မျိုးကိုသာ အချိန်အဆ ပမာဏနှင့် သင့်တင့်ရုံ ပေးလှူတော်မူသည်။



၁၈၇

     ထို့အတူ တောင်းခံအပ်သည်ရှိသော် လူတို့အား လူနှင့်သင့်လျော်သော လှူဖွယ်ဝတ္ထု၊ ရဟန်းတို့အား ရဟန်းနှင့်သင့်လျော်သော လှူဖွယ်ဝတ္ထုကိုသာ ပေးလှူတော်မူ၏။ (လူအား ရဟန်း၏အသုံးအဆောင်ကို မလှူ၊ ရဟန်းအား လူ၏အသုံးအဆောင်ကို မလှူ။) လှူသောအခါ၌လည်း အမိ အဘ ဆွေမျိုးသားချင်း မိတ်သင်္ဂဟ သားမယား ကျေးကျွန် အလုပ်သမား အစရှိသော မိမိနှင့်စပ်သွယ်သူ တစုံတယောက်ကိုမျှ ညှဉ်းပန်းမှုကို မဖြစ်စေပဲ လှူတော်မူသည်။

     အကောင်းအမွန်ကို ပေးမည်ဟု ဝန်ခံပြီး အယုတ်အညံ့ကို ပေးလေ့မရှိ။ လာဘ် ပူဇော်သက္ကာ အရှိန်အဝါ) အကျော်အစောကိုသော်၎င်း၊ ကျေးဇူးတုံ့ပြန်မှုကိုသော်၎င်း မြော်ခေါ်တောင့်တ၍ မပေး။ သမ္မာသမ္ဗောဓိခေါ်သည့် သဗ္ဗညုတဉာဏ်မှ တပါးသော ဘဝသမ္ပတ္တိ ဘောဂသမ္ပတ္တိအကျိုးကို မျှော်ကိုးတောင့်တ၍လည်း လှူတော်မမူ။ သဗ္ဗညုတဉာဏ်တခုကိုသာ ရည်သန်တောင့်တ၍ လှူတော်မူသည်။

     အလှူခံ ပုဂ္ဂိုလ်တို့ကိုသော်၎င်း လှူဖွယ် ဝတ္ထုကိုသော်၎င်း စက်ဆုပ်ရွံရှာ၍မလှူပေ။ ကိုယ်နှုတ်နှလုံး မစောင့်စည်းကြသည့် အလှူခံပုဂ္ဂိုလ်များ ကိုယ်တော်မြတ်ကို ဆဲရေးချုတ်ချယ်တတ်သည့် အလှူခံပုဂ္ဂိုလ်များအားသော်မှလည်း (အမှိုက်သရိုက်ကို စွန့်ပစ်သည့်သဘောမျိုးကဲ့သို့) မရိုမသေ စိတ်ညစ်၍ပေးသောအနေ လုံးဝမရှိပဲ အလွန်ကြည်လင်သော စိတ်ထားဖြင့် သနားကြင်နာ ကရုဏာရှေ့ထား၍ ရိုသေစွာသာ ပေးလှူတော်မူသည်။ အုတ်အုတ်ကျက်ကျက် ကြွက်စီကြွက်စီဖြစ်မှုကို မင်္ဂလာဟု အယူရှိ၍ပေးလှူခြင်း အလျဉ်းမရှိပဲ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းသဒ္ဓါတရား ထက်သန်စွာထားရှိ၍သာ ပေးလှူတော်မူသည်။

     အလှူခံပုဂ္ဂိုလ်များကို မိမိထံပါး ခစားဆည်းကပ် ပျပ်ဝပ်စေခြင်း စသည်ဖြင့် ပင်ပန်းစေ၍ ပေးလှူခြင်းမျိုး အလျဉ်းမရှိပဲ မပင်ပန်းစေမူ၍သာ ပေးလှူတော်မူသည်။ သူတပါးတို့အား လှည့်ဖြားလိုခြင်း ကွဲပြားစေလိုခြင်း အလျဉ်းမရှိပဲ အလွန်သန့်ရှင်းသော



၁၈၈

စိတ်ရှိ၍သာ လှူတော်မူသည်။ ကြမ်းကြုတ်ရုန့်ရင်းသော စကားကို ပြောဆိုကာ မျက်မှောင်တကြုတ်ကြုတ် နှုတ်ခမ်းတစူစူနှင့် ပေးလှူခြင်းမျိုးကို အလျဉ်းပြုတော်မမူပဲ ပိယဝါစာ ချိုသာသောစကားကို ပြောကြားလျက် မျက်နှာရွှင်ပျ အေးမြသောစိတ်ရှိ၍သာ လှူတော်မူသည်။

     လှူဖွယ်ဝတ္ထုက အလွန်ကောင်းမွန်နေသောကြောင့် ဖြစ်စေ၊ ကြာမြင့်စွာ လေ့လာသုံးစွဲခဲ့ရသောကြောင့် ဖြစ်စေ၊ လောဘ၏ ပင်ကိုယ်သဘာဝက ကောင်းသောဝတ္ထု၌ တပ်မက်တတ်သော သဘောရှိသောကြောင့် ဖြစ်စေ လှူဖွယ်ဝတ္ထုအပေါ်၌ အလွန်အကဲ လောဘတပ်စွဲနေသည်ကို သိရှိတော်မူလျှင် အလောင်းတော်သည် ထိုလောဘကို အလျင်အမြန် ပယ်ဖျောက်ပြီး အလှူခံပုဂ္ဂိုလ်ကို မရမနေ ရှာဖွေ၍သော်လည်း ပေးလှူတော်မူသည်။

     (က) လှူဖွယ်ဝတ္ထုကလည်း တယောက်စာမျှ နည်းပါးလှ၍ (ခ) မိမိလည်း စားသုံးတော့မည့်ဆဲဆဲအချိန် (ဂ) အလှူခံပုဂ္ဂိုလ်ကလည်း ရှေ့ရှုမျက်မှောက် ဆိုက်ရောက်၍လာမှု- ဤအဖြစ်မျိုးကို ကြုံတွေ့ခဲ့သော် အလောင်းတော်သည် ထွေထွေလာလာစဉ်းစား အကြံများမနေပဲ မိမိမစားမသုံး အပင်ပန်းခံတော်မူပြီးလျှင် အလောင်းတော် အကိတ္တိပညာရှိကဲ့သို့ အလှူခံပုဂ္ဂိုလ်အားသာ မြတ်နိုးကော်ရော် ပူဇော် လှူဒါန်းတော်မူလေသည်။

     အလောင်းတော်သည် မိမိ၏ သားမယား ကျေးကျွန် အစရှိသောသူတို့ကို အလှူခံပုဂ္ဂိုလ်တို့က တောင်းခံလာလျှင် ထိုသားမယား ကျေးကျွန် အစရှိသောသူတို့ကို နားလည်အောင်ပြောကြား ကျေနပ်နှစ်သက်စေပြီးမှ ဝမ်းမြောက်ဝမ်းသာရှိသော ထိုသားမယား စသည်တို့ကို အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူတော်မူသည်၊ ထိုသို့ ပေးလှူရာမှာလည်း ဘီလူးရက္ခိုသ် အစရှိသည်တို့အား သိတော်မူလျှင် ပေးတော်မမူ။

     မင်းအဖြစ် (ပြည်စည်းစိမ်)ကို စွန့်လှူရာမှာလည်း လူအပေါင်း၏ အစီးအပွါးမဲ့ရန် ဆင်းရဲဒုက္ခများရန် အကျိုးမဲ့ဖြစ်ရန် ကျင့်ကြံမည့်သူတို့အား



၁၈၉

န့်လှူတော်မမူပဲ တရားသဖြင့် လူအပေါင်းကိုစောင့်ရှောက်မည့် အလှူခံများအားသာ ပေးလှူတော်မူသည်။

ဤသို့ ဗာဟိရဝတ္ထုကို ပေးလှူရာ၌ ဖြည့်ကျင့်တော်မူပုံကို သိရာ၏။

အဇ္ဈတ္တိကဒါန ပြုတော်မူပုံ

     အလောင်းတော်သူမြတ် အဇ္ဈတ္တိကဒါနပြုပုံ နှစ်မျိုးရှိသည်။ နှစ်မျိုးမှာ..

     (၁) လောက၌ တစုံတယောက်သော ယောက်ျားသည် အဝတ်အစားဟူသော အကြောင်းကြောင့် မိမိကိုယ်ကို သူတပါးအား စွန့်လွှတ်ပုံအပ်၍ ထိုသူခိုင်းသမျှ စီမံသမျှ နာခံပြုကျင့်ကာ ကျွန်အဖြစ်ကို ခံသကဲ့သို့၊ အလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရတော်မူလိုသောကြောင့် ဝတ္ထုကာမ ဘဝချမ်းသာတို့ကို ရလိုစိတ် အလျဉ်းမရှိပဲ သတ္တဝါတို့အတွက် အလွန်မြတ်သော စီးပွါးချမ်းသာကိုသာ အလိုတော်ရှိလျက် ကိုယ်တော်၏ ဒါနပါရမီကိုသာ အထွတ်အထိပ်ရောက် ဖြည့်ကျင့်လိုသော ကုသိုလ်ဆန္ဒဖြင့် မိမိ၏ တကိုယ်လုံးကို သူတပါးအား စွန့်လှူတော်မူကာ ထိုသူစီမံသမျှ မငြင်းမဆန် နာခံပြုကျင့်တော်မူသည်။ (တကိုယ်လုံးကို လှူခြင်းတမျိုး။)

     (၂) လက် ခြေ မျက်စိစသော အင်္ဂါကြီးငယ်ကို ထိုထိုအင်္ဂါဖြင့် အလိုရှိသူတို့အား မတုန်မလှုပ် မဆုတ်မနစ် စွန့်လှူတော်မူသည်။ ထိုအင်္ဂါကြီးငယ်အပေါ်၌ ဗာဟိရဝတ္ထုမှာကဲ့သို့ပင် ငြိကပ်ခြင်း တွယ်တာခြင်း တွန့်ဆုတ်ခြင်း အလျဉ်းပင် ရှိတော်မမူ။ (အစိတ်အင်္ဂါကို လှူခြင်းတမျိုး။)

ရည်ရွယ်ချက်နှစ်မျိုး

     ဘုရားအလောင်းတော်သည် အလှူခံပုဂ္ဂိုလ်တို့၏ စိတ်နှလုံးအလိုကို ပြည့်စေလျက် ထိုသူတို့အလိုရှိတိုင်း ချမ်းသာစွာ သုံးဆောင်ရန်အလို့ငှါ၎င်း..၊ အလှူဝတ္ထုပေါ်၌ တွယ်တာတပ်မက်ခြင်း လုံးဝမရှိပဲ



၁၉၀

လွတ်လွတ် စွန့်လှူတော်မူသည်ဖြစ်၍ ကိုယ်တော်မြတ်အတွက်တာ ပါရမီကောင်းမှုတို့၌ ဝသီဘာဝဂုဏ် ပြည့်စုံရန် (လေ့လာနိုင်နင်းရန်) အလို့ငှါ၎င်း.. ဤကဲ့သို့ စွန့်လှူခြင်းဖြင့် ငါသည် သဗ္ဗညုတဉာဏ်ကို ဧကန်ရလိမ့်မည်ဟု ယုံကြည် သိရှိတော်မူကာ ဗာဟိရဝတ္ထုကို စွန့်လှူသကဲ့သို့ပင် အဇ္ဈတ္တိကဖြစ်သည့် တကိုယ်လုံးကိုသော်၎င်း အင်္ဂါကြီးငယ် အစိတ်အပိုင်းကိုသော်၎င်း စွန့်လှူတော်မူလေသည်။

ထိုသို့ စွန့်လှူရာ၌ အလှူခံပုဂ္ဂိုလ်အား ဧကန်အကျိုးရှိမည့် အဇ္ဈတ္တိကဝတ္ထုကိုသာ စွန့်လှူတော်မူသည်။ အထူးအားဖြင့် ကိုယ်တော့်အပေါ် ညှဉ်းပန်းနှိပ်စက်လိုကြသည့် မာရ်နတ်အား၎င်း၊ ထိုမာရ်နတ်၏ အပင်းအသင်း နတ်များအား၎င်း သိတော်မူလျှင် “ထိုသူတို့အဖို့ရာ အကျိုးမဲ့ မဖြစ်ပါစေလင့်”ဟု ဆင်ခြင်တော်မူကာ ကိုယ်တော်၏ အတ္တဘောနှင့် အင်္ဂါကြီးငယ်တို့ကို ပေးလှူတော်မမူ။ ထို့အတူ မာရ်နတ်နှင့် ထိုမာရ်နတ်၏ အပင်းအသင်းဖြစ်သော မိစ္ဆာနတ်တို့ ပူးဝင်နေသူတို့အား၎င်း ရူးသွပ်သော သူတို့အား၎င်း ပေးလှူတော်မမူ။ အခြားသူတို့အားကား ထိုကဲ့သို့သော တောင်းခံခြင်းမျိုးကို ရခဲလှသောကြောင့်၎င်း ထိုကဲ့သို့သော အဇ္ဈတ္တိကအလှူမျိုးကို လှူရခဲသောကြောင့်၎င်း တောင်းလျှင်တောင်းခြင်း အချိန်မဆိုင်းပဲ ပေးလှူတော်မူသည်။

(ခ) အဘယဒါန

     ဘုရားအလောင်းတော်သည် သတ္တဝါတို့အား မင်းဘေး ခိုးသူဘေး မီးဘေး ရေဘေး ရန်သူဘေး ခြင်္သေ့သစ်ကျားစသော သားရဲတိရစ္ဆာန်ဘေး နဂါး ဘီလူး ရက္ခိုသ်စသော ဘေးများသင့်ရောက်လျှင် ထိုဘေးတို့မှ လွတ်မြောက်အောင် ကိုယ်တော်၏အသက်ကို မရေမတွက် စွန့်လွှတ်၍ စောင့်ရှောက် ကယ်တင်တော်မူခြင်းဖြင့် ဘေးမဲ့အလှူကို လှူတော်မူသည်။



၁၉၁

(ဂ) ဓမ္မဒါန

     ဓမ္မဒါနဟူသည်မှာ.. လောဘ ဒေါသ စသည်တို့ဖြင့် ညစ်နွမ်းသောစိတ် အလျဉ်းမရှိပဲ မဖောက်မပြန် မှန်ကန်သောတရား ဟောကြားမှုကို ခေါ်သည်။

     သာဝကဗောဓိဉာဏ်၌ စိတ်သန်ဆုညွတ်သော သာဝကဗောဓိလောင်း ပစ္စေကဗောဓိဉာဏ်၌ စိတ်သန်ဆုညွတ်သော ပစ္စေကဗောဓိလောင်း သဗ္ဗညုတဉာဏ်၌ စိတ်သန်ဆုညွတ်သော သမ္မာသမ္ဗောဓိလောင်းဟူ၍ အလောင်းအလျာသုံးမျိုး ရှိကြသည့်အနက် သာဝကဗောမိလောင်းတို့အား ဘုရားအလောင်းတော်သည် သရဏဂုံ၊ သီလ၊ ဣန္ဒြေတို့ကို စောင့်ထိန်းမှု၊ ဘောဇဉ်၌ အတိုင်းအရှည်ကိုသိမှု၊ နိုးချပ်ခြင်းကို အားထုတ်မှု၊ သူတော်ကောင်းတရား ခုနစ်ပါး၊ သမထဝိပဿနာ ဘာဝနာတို့ကို အားထုတ်ပုံ၊ ဝိသုဒ္ဓိခုနစ်ပါး အကျင့်တရားများ၊ မဂ်လေးပါးကို ရယူပုံ၊ ဝိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါး၊ ပဋိသမ္ဘိဒါဉာဏ်လေးပါး၊ သာဝကဗောဓိဉာဏ်= သာဝကတို့ရရှိသည့် မဂ်ဉာဏ်လေးပါး ဤတရားစုတို့၏ ဂုဏ်ကျေးဇူးတို့ကို ချီးကျူးဟောပြကာ ထိုက်သည်အားလျော်စွာ ထိုထိုသရဏဂုံ သီလစသည်တို့၌ မတည်သေးသူတို့အား တည်စေခြင်း၊ တည်ပြီးသူတို့အား ဖြူစင်စွာ ကျင့်ကြံစေခြင်းဖြင့် ဓမ္မအလှူကို ပေးလှူတော်မူသည်။

     ထို့အတူ ပစ္စေကဗောဓိလောင်း သမ္မာသမ္ဗောဓိလောင်းတို့အား ဒါနစသော ပါရမီတို့၏ လက္ခဏ ရသ အစရှိသည်တို့ကို ထင်ရှားစွာ ဟောပြ၍၎င်း၊ ထိုအလောင်းတော်တို့၏ အလောင်းအလျာဖြစ်၍ ပါရမီတို့ကို ဖြည့်ကျင့်ခိုက် ဘုရားဖြစ်ခိုက် ဗုဒ္ဓကိစ္စတို့ကို ရွက်ဆောင်တော်မူခိုက် တည်းဟူသော အခိုက်အတန့်သုံးပါး၊ အချိန်ပိုင်းကြီး သုံးပိုင်းလုံး၌ပင် အာနုဘော်ကြီးမြတ်ပုံကို ထင်ရှားစွာ ဟောပြ၍၎င်း ပစ္စေကဗောဓိကျင့်စဉ် သမ္မာသမ္ဗောဓိကျင့်စဉ်တို့၌ တည်စေတော်မူခြင်း၊ တည်ပြီးသူတို့အားလည်း ဖြူစင်စွာ ကျင့်ကြံစေခြင်းဖြင့် ဓမ္မအလှူကို ပေးလှူတော်မူလေသည်။



၁၉၂

သုတ္တန်နည်း အလှူဆယ်ပါး

     ထို့အတူ ဘုရားအလောင်းတော်သည် သတ္တဝါတို့အား အာမိသအလှူကို ပေးလှူသည်ရှိသော် “ငါသည် ဤအာမိသဒါနဖြင့် သတ္တဝါတို့၏ အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာကြီးခြင်း ခွန်အားကြီးခြင်း ပညာကြီးခြင်း အစရှိသော သမ္ပတ္တိအမျိုးမျိုးတို့နှင့်တကွ အရဟတ္တဖိုလ်တည်းဟူသော အမြတ်ဆုံး သမ္ပတ္တိအကျိုးကို သည်ပိုးရွက်ဆောင် ပြီးစေနိုင်ရလို၏”ဟု စိတ်သန်ဆုညွတ်၍ ထမင်းအလှူကို ပေးလှူတော်မူသည်။

     ထို့အတူ သတ္တဝါတို့၏ ကာမကိလေသာ ဆာလောင်မွတ်သိပ်ခြင်းဘေးကို ငြိမ်းအေးစေနိုင်ရန်အတွက် အဖျော်အလှူကို ပေးလှူတော်မူသည်။

     ရွှေရောင်အဆင်း ဝါဝင်းသော ကိုယ်ရေရှိခြင်း ဟိရိဩတ္တပ္ပတည်းဟူသော ဓမ္မအဆင်တန်းဆာတို့ကို ရရှိခြင်းအကျိုးတို့ ပြီးစီးကုံလုံ ပြည့်စုံစေရန် အဝတ်အလှူကို လှူတော်မူသည်။

     တန်းခိုးအစီအရင်အမျိုးမျိုးနှင့် နိဗ္ဗာန်ချမ်းသာအကျိုးကို ပြီးစီးကုံလုံ ပြည့်စုံစေရန် ယာဉ်အလှူကို လှူတော်မူသည်။

     အတုမရှိသော သီလဂုဏ် ရနံ့ကောင်းထုံစေရန် နံ့သာအလှူကို လှူတော်မူသည်။

     ဘုရားဂုဏ်တို့ဖြင့် တင့်တယ်ခြင်းအကျိုး ပြည့်ဖြိုးစေရန် ပန်းအလှူ နံ့သာပျောင်းအလှူကို လှူတော်မူသည်။

     ဗောဓိမဏ္ဍိုင် အပရာဇိတပလ္လင်တော်နေရာကို ရရှိခြင်းအကျိုး ပြည့်ဖြိုးစေရန် နေရာထိုင်အလှူကို လှူတော်မူသည်။

“လက်ဝဲ ကာမ၊ သီဟ လက်ျာ၊ ပက်လက်မှာ၊ ပြိတ္တာ အိပ်ခြင်းမျိုး။

ဈာန်စတုတ္ထ၊ ဝင်စံမျှ၊ ဘုရာ့အိပ်ခြင်းမျိုး”-

ဟူသောအတိုင်း စတုတ္ထဈာန်ကို ၀င်စားခြင်းတည်းဟူသော တထာဂတသေယျာ (ဘုရာ့အိပ်ခြင်း)အကျိုးကို ရရှိရန် အိပ်ရာအလှူကို လှူတော်မူသည်။



၁၉၃

     လောကသုံးပါး၏ ကိုးစားမှီခိုရာ ဖြစ်ဖို့ရန် စရပ် တန်ဆောင်း ကျောင်း စသည်ကို လှူတော်မူသည်။

     စက္ခုငါးမျိုး အကျိုးရရန် ဆီမီးအဆောက်အဦ လှူတော်မူသည်။

အဘိဓမ္မာနည်း အလှူခြောက်ပါး

     “လကွယ်, မိုးမှောင်, သန်းခေါင်, တောလယ်”ဟူ၍ အင်္ဂါလေးပါးရှိသော အမိုက်မှောင်၌လည်း အတောင်ရှစ်ဆယ်အရပ်ကို အခါခပ်သိမ်းထွန်းပသော ကိုယ်တော်ရောင်ကိုရရှိရန် ရူပဒါန အဆင်းအလှူကို လှူတော်မူသည်။

     ဗြဟ္မာမင်း၏ အသံကဲ့သို့သော အသံတော်ရှိခြင်းအကျိုးရရန် သဒ္ဒဒါန အသံအလှူကို ပေးလှူတော်မူသည်။

     အလုံးစုံသော သတ္တဝါတို့ ချစ်ခင်မြတ်နိုးအပ်သည့် ပုဂ္ဂိုလ်သူမြတ်၏ အဖြစ်တည်းဟူသော အကျိုးရရန် ရသဒါန အရသာအလှူကို လှူတော်မူသည်။

     ဘုရား၏ သိမ်မွေ့နူးညံ့ခြင်း (ဗုဒ္ဓသုခုမာလတာ) အကျိုးရရန် ဖောဋ္ဌဗ္ဗဒါန အတွေ့အလှူကို လှူတော်မူသည်။

     မအိုရာ မသေရာ နိဗ္ဗာန်အကျိုး ရဖို့ရန် ဆေးအလှူကို လှူတော်မူသည်။

     ကိလေသာ၏ ကျွန်အဖြစ်မှ လွတ်မြောက်ဖို့ရန် ကျေးကျွန်တို့အား ကျွန်စာရင်းမှ ပယ်ဖျက်ခြင်းအမှု ပြုတော်မူသည်။

     သူတော်ကောင်းတရား၌ မွေ့လျော်နိုင်ရန် အပြစ်မရှိသည့် ပျော်ရွှင်မြူးတူးကြောင်းအလှူကို လှူတော်မူသည်။

          ခပ်သိမ်းသော သတ္တဝါတို့ အရိယာဇာတ်ဖြင့် ကိုယ်တော်မြတ်၏ သားသမီးများဖြစ်ကြစေရန် သားသမီးအလှူကို စွန့်လှူတော်မူသည်။



၁၉၄

     လောကကြီးတခုလုံး၏ အရှင်သခင်အဖြစ်သို့ ရောက်ရှိရန် မဒ္ဒီမိဖုရားတို့ကဲ့သို့သော ဇနီးအလှူကို လှူတော်မူသည်။

     တင့်တယ်လှစွာသော မဟာပုရိသ လက္ခဏာတော်ကြီးများနှင့် ပြည့်စုံရန် ရတနာဆယ်ပါးကို လှူတော်မူသည်။

     လက္ခဏာတော်ငယ် ရှစ်ဆယ်တို့နှင့် ပြည့်စုံရန် အထူးထူးသော အဆင်တန်းဆာအလှူကို လှူတော်မူသည်။

     သူတော်ကောင်းတရား တည်းဟူသော ဓမ္မရတနာ ဘဏ္ဍာတိုက်ကြီးကို ရရှိရန် ဥစ္စာဘဏ်တိုက်ကို လှူတော်မူသည်။

     တရားမင်း ဓမ္မရာဇ်ဖြစ်ရန် မင်းအဖြစ်ကို စွန့်လှူတော်မူသည်။

     ဈာန်, ဝိမောက္ခ, သမာဓိ, သမာပတ်, မဂ်, ဖိုလ်ဟူသော ဥတ္တရိမနုဿဓမ္မ တရားတို့နှင့် ပြည့်စုံရန် အရာမ် ဥယျာဉ် ရေကန် တောအလှူကို လှူတော်မူသည်။

     စက်လက္ခဏာဝန်းရုံ ခြေတော်စုံဖြင့် မဟာဗောဓိမဏ္ဍိုင်သို့ ကပ်ရောက်နိုင်ရန် အလိုရှိသူ အလှူခံပုဂ္ဂိုလ်အား ကိုယ်တော်၏ခြေကို လှူတော်မူသည်။

     ဩဃလေးခဏ်း ရေပြင်ကြမ်းမှ ကူးသန်းနိုင်စေရန် သတ္တဝါတို့အား သူတော်ကောင်းတရား တည်းဟူသော လက်ကို ပေးကမ်းတော်မူလိုသည့်အတွက် လက်တော်ကို လှူတော်မူသည်။

     သဒ္ဓိန္ဒြေ အစရှိသည်တို့ကို ရရှိရန် နား နှာစသော အလှူကို ပေးလှူတော်မူသည်။

     သမန္တစက္ခု သဗ္ဗညုတဉာဏ်ကို ရရှိဖို့ရန် မျက်စိအလှူကို လှူတော်မူသည်။

     “ငါ၏ တကိုယ်လုံးသည် ကြည့်ရှုသောအခါ နားထောင်သောအခါ အောက်မေ့သောအခါ ပြုစုလုပ်ကျွေးသောအခါ အစရှိသည့် ခပ်သိမ်းသောအခါ၌ပင် သတ္တဝါတို့၏ စီးပွါးချမ်းသာကို ရွက်ဆောင်နိုင်စေသောဝ်၊ အလုံးစုံသော



၁၉၅

လောကကြီး၏ မှီခို အသက်မွေးရသူ ဖြစ်စေသောဝ်”ဟု စိတ်သန်ဆုညွတ်၍ အသားအသွေးစသော အလှူကို လှူတော်မူသည်။

     လောကကြီးတခုလုံးထက် အမြတ်ဆုံး ပုဂ္ဂိုလ်သူမြတ်ကြီး ဖြစ်ဖို့ရန် အမြတ်ဆုံးကိုယ်အင်္ဂါဖြစ်သည့် ဦးခေါင်းအလှူကို လှူတော်မူသည်။

ထိုသို့ လှူတော်မူရာမှာလည်း မတရားရှာမှီး၍လည်း မလှူ၊ သူတပါးကို ညှဉ်းပန်းနှိပ်စက်၍လည်း မလှူ၊ ကြောက်၍ ရှက်၍လည်း မလှူ၊ အလှူခံပုဂ္ဂိုလ်ကို ချုတ်ချယ်၍လည်း မလှူ၊ အကောင်းအမြတ်ရှိလျက် အယုတ်အညံ့ကိုလည်း မလှူ၊ ကိုယ့်ကိုမြှောက်ပင့်၍ သူ့ကိုနှိမ့်ချ၍လည်း မလှူ၊ ဘုရားအဖြစ်မှတပါးသော အကျိုးကို မျှော်ကိုး၍လည်း မလှူ၊ အလှူခံပုဂ္ဂိုလ်ကို စက်ဆုပ် ရွံရှာ ကဲ့ရဲ့ မထေမဲ့မြင်မှု အထင်သေးမှုပြု၍လည်း မလှူ၊ စင်စစ်သော်ကား.. လှူဖွယ်ဝတ္ထုကို တရိုတသေပြု၍ လှူတော်မူ၏။ မိမိလက်ဖြင့် လှူတော်မူ၏။ အခါကိုသိ၍ လှူတော်မူ၏။ အလှူခံပုဂ္ဂိုလ်ကို အရိုအသေပြု၍ လှူတော်မူ၏။ အယုတ်အမြတ် မခွဲခြားပဲ လှူတော်မူ၏။ မလှူမီ လှူဆဲ လှူပြီး ကာလသုံးပါးလုံး၌ပင် ဝမ်းမြောက်ခြင်းရှိ၍ လှူတော်မူ၏။ ထို့ကြောင့်ပင် လှူပြီးသည့်နောက်ကာလ၌ နောင်တတဖန် ပူပန်ခြင်း ရှိတော်မမူ။ အလှူခံပုဂ္ဂိုလ်ကိုနှင့်စပ်၍ မာန်ထောင်လွှားမှု မထေမဲ့မြင်မှု ပြုတော်မမူ။ အလှူခံပုဂ္ဂိုလ်တို့အား ပိယဝါစာ ချိုသာစကား ပြောကြားတော်မူလျက် ထိုသူတို့စကားကို နားလည်သိရှိတော်မူပြီးခါ အလှူခံပုဂ္ဂိုလ်တို့ တောင်းခံရန် သင့်လျော်သူ (တောင်းအပ်ဝံ့သူ)ဖြစ်လျက် အလှူဒါနမှု တခုတခု ပြုတော်မူလျှင် အခြံအရံ လှူဖွယ်များနှင့်တကွ လှူဒါန်းတော်မူလေ့ရှိပေ၏။ ရှိပုံမှာ..

ထမင်းအလှူကို လှူလိုသည်ရှိသော် “ထိုထမင်းအလှူကို အခြံအရံနှင့်တကွ ငါလှူမည်”ဟု ကြံစည်တော်မူပြီးလျှင် အဖျော် အဝတ် စသည်တို့နှင့်တကွ လှူတော်မူသည်။



၁၉၆

ထို့အတူ အဝတ်အလှူကို လှူလိုသည်ရှိသော် “ထို အဝတ်အလှူကို အခြံအရံနှင့်တကွ ငါလှူမည်”ဟု ကြံစည်တော်မူပြီးလျှင် ထမင်း စသည်တို့နှင့်တကွ လှူတော်မူသည်။ ယာဉ်အလှူ စသည်တို့၌လည်း ဤနည်းအတူပင်တည်း။

ထို့အတူ ရူပါရုံ= (အဆင်း)အလှူကို လှူဒါန်းလိုသည်ရှိသော် သဒ္ဒါရုံ= (အသံ) စသည်တို့ကိုလည်း ထိုရူပဒါန၏ အခြံအရံပြု၍ လှူတော်မူသည်။ သဒ္ဒဒါန စသည်တို့၌လည်း ဤနည်းအတူပင်တည်း။

ဤအရာ၌ သုတ္တန်နည်းလာ ထမင်း အဖျော် အစရှိသော အလှူဒါနဆယ်မျိုးတို့မှာ ထိုထမင်း အဖျော် စသည်တို့က ပညတ်မျိုးဖြစ်သဖြင့် သိသာထင်ရှားသော်လည်း အဘိဓမ္မာနည်းလာ အာရုံခြောက်ပါးသို့လိုက်၍ပြားသော ရူပဒါန သဒ္ဒဒါန စသည်တို့အရ “အဘယ်ကဲ့သို့လှူလျှင် ရူပဒါန ဖြစ်သည်၊ ရူပဒါနဖြစ်အောင် အဘယ်ကဲ့သို့ နှလုံးသွင်း၍ လှူရသည်” အစရှိသည်ဖြင့် မသိသာ မထင်ရှားသောကြောင့် ထိုရူပဒါနစသည် လှူပုံကို ထင်ရှားစွာ ပြဆိုဦးအံ့..၊

ရူပဒါန

     ထိုအဘိဓမ္မာနည်းလာ ဒါနခြောက်ပါးတို့တွင် ရူပဒါနမည်သည်ကား အညို အရွှေ အနီ အဖြူ စသည်အဆင်းရှိကြသော ပန်းမျိုး အထည်အဝတ်မျိုး ဓာတ်သတ္တုမျိုး စသည်တို့တွင် တပါးပါးကိုရရှိ၍ အဆင်းအနေဖြင့် နှလုံးသွင်းပြီးလျှင် “အဆင်းအလှူကို ငါ လှူပေအံ့၊ ဤကား ငါ၏ အဆင်းအလှူပင်တည်း”ဟု အောက်မေ့၍ အလှူခံပုဂ္ဂိုလ်အား ထိုအဆင်း၏တည်ရာ ပန်း အထည် အဝတ် ဓာတ်သတ္တုများကို ပေးလှူခြင်းမျိုးသည် ရူပဒါန= (အဆင်းအလှူ)မည်၏။

     ဆိုလိုရင်းကား.. အဆင်းအလှူကို ပေးလိုသောသူသည် အဆင်းချည်းသက်သက် ခွဲထုတ်၍လှူခြင်းငှာ မတတ်နိုင်ရကား ထိုအဆင်း၏ တည်ရာဝတ္ထုဖြစ်သော ပန်း အထည် အဝတ် ဓာတ်သတ္တုစသည်



၁၉၇

တခုခုကိုပင် “အဆင်းအလှူကို ငါလှူအံ့၊ ငါ၏ အဆင်းအလှူပင်တည်း”ဟူ၍ အဆင်းကိုသာ အောက်မေ့ ဆင်ခြင်ပြီးလျှင် အလှူခံပုဂ္ဂိုလ်အား လှူရာ၏။ ထိုကဲ့သို့သော အလှူမျိုးသည် ရူပဒါန= (အဆင်းအလှူ) မည်၏ဟု ဆိုလိုသည်။ (သဒ္ဒဒါန= (အသံအလှူ) စသည်တို့၌လည်း ဤနည်းအတူပင်တည်း။)

သဒ္ဒဒါန

     သဒ္ဒဒါန= (အသံအလှူ)ကို စည်သံစသည်၏ အစွမ်းဖြင့် သိရာ၏။ ထိုသဒ္ဒဒါနအရာ၌ အသံ သဒ္ဒရုပ်ချည်းသက်သက်ကို ကြာစွယ်ကြာရင်းကဲ့သို့ နုတ်၍ဖြစ်စေ၊ ကြာပန်းခိုင်စသည်ကဲ့သို့ လက်ထဲ၌ ထည့်၍ဖြစ်စေ ပေးလှူခြင်းငှာ မတတ်နိုင်ပေ။ စင်စစ်ကား.. ထိုအသံ သဒ္ဒရုပ်၏ တည်ရာဖြစ်သော စည်ကြီး ခေါင်းလောင်း အစရှိသည့်ဝတ္ထုကို ပေးလှူခြင်းဖြင့် သဒ္ဒဒါန= (အသံအလှူ)ကို ပေးလှူသည်မည်ရကား “ငါသည် သဒ္ဒဒါန= (အသံအလှူ)ကို ပေးလှူအံ့”ဟု အောက်မေ့ပြီးလျှင် စည်ကြီး မုရိုးစည် စသည်တို့တွင် တပါးပါးသော တူရိယာမျိုးဖြင့် ရတနာသုံးပါးအား တီးမှုတ် ပူဇော်မှု ကိုယ်တိုင်ပြုသော်၎င်း သူ့ကို ပြုစေသော်၎င်း၊ “ငါ၏ အသံအလှူတည်း”ဟု အောက်မေ့ဆင်ခြင်၍ စေတီယင်ပြင် စသည်တို့၌ ခေါင်းလောင်း ကြေးစည် အစရှိသည်ကို ကိုယ်တိုင် တည်ထားသော်၎င်း၊ သူ့ကို တည်ထားစေသော်၎င်း၊ တရားဟောပုဂ္ဂိုလ်တို့အား အသံထွက်စေသော ဆေး ပျား တင်လဲ စသည်ကို ပေးလှူသော်၎င်း၊ တရားနာရန် ကြွေးကြော် ဖိတ်ခေါ်သော်၎င်း၊ တရားဟောသော်၎င်း၊ အနီးထံပါး ဆည်းကပ် ရောက်လာသူတို့အား ဧည့်ခံတရားစကား ပြောကြားသော်၎င်း၊ ကျောင်းအလှူပွဲ ဆွမ်းအလှူပွဲ စသည်တို့၌ သင့်လျော်ရာရာ အနုမောဒနာတရား ကိုယ်တိုင်ဟောကြားသော်၎င်း၊ သူ့ကို ဟောကြားစေသော်၎င်း၊ သဒ္ဒဒါန= (အသံအလှူ)ကို ပေးလှူသည်မည်၏။

ဂန္ဓဒါန

     ထို့အတူ အမြစ်မျိုးနံ့သာ ပင်စည်မျိုးနံ့သာ အစရှိသည်တို့တွင် နှစ်သက်ဖွယ်ကောင်းသည့် အနံ့ရှိသောဝတ္ထု တခုခုကိုဖြစ်စေ



၁၉၈

ကြိတ်ပြီးသော နံ့သာမှုန့်ကိုဖြစ်စေ ရရှိလျှင်(ဝတ္ထုအနေဖြင့် နှလုံးမသွင်းပဲ) အနံ့အနေဖြင့်သာ နှလုံးသွင်းပြီး “အနံ့အလှူကို ငါလှူပေအံ့၊ ငါ၏ အနံ့အလှူပေတည်း”ဟု အောက်မေ့၍ ရတနာသုံးပါးအား ပူဇော်မှု ပြုသော်၎င်း၊ အနံ့ဖြင့် ပူဇော်ဖို့ရန် အကျော်တုံး ကရမက်တုံး နံ့သာဖြူတုံး စန္ဒကူးတုံး အစရှိသည်ကို စွန့်လှူသော်၎င်း ဂန္ဓဒါန= (အနံ့အလှူ)ကို ပေးလှူသည်မည်၏။

ရသဒါန

     ထို့အတူ အရသာရှိသော သစ်မြစ် သစ်ဥ သစ်ဖု သစ်သီး အစရှိသည့် နှစ်သက်စဖွယ် ရသဝတ္ထု တခုခုကို ရရှိလျှင် (ဝတ္ထုအနေဖြင့် နှလုံးမသွင်းပဲ) အရသာအနေဖြင့်သာ နှလုံးသွင်းပြီး “အရသာအလှူကို ငါလှူပေအံ့၊ ငါ၏ အရသာအလှူပေတည်း”ဟု အောက်မေ့၍ အလှူခံပုဂ္ဂိုလ်တို့အား ပေးလှူသော်၎င်း၊ ရသဝတ္ထု ဖြစ်သည့် စပါး ပြောင်း ပဲ နွားနို့ စသည်ကို ပေးလှူသော်၎င်း ရသဒါန= (အရသာအလှူ)ကို ပေးလှူသည်မည်၏။

ဖောဋ္ဌဗ္ဗဒါန

     ထို့အတူ ဖောဋ္ဌဗ္ဗ ဒါနအလှူကို အတွေ့အထိ ကောင်းသည့် ညောင်စောင်း အင်းပျဉ် ခဋင် ကုလားထိုင်စသည် အခင်းအနှီး အဝတ်အခြုံအရုံ စသည်တို့၏အစွမ်းဖြင့် သိရာ၏။ ထိုဖောဋ္ဌဗ္ဗဒါနအရာ၌ ညောင်စောင်း အင်းပျဉ် ခဋင် ကုလားထိုင်စသည် အခင်းအနှီး အဝတ်အခြုံအရုံစသည် အတွေ့အထိချမ်းသာသော ဖောဋ္ဌဗ္ဗဝတ္ထု တခုခုကို ရရှိလျှင် (ဝတ္ထုအနေဖြင့် နှလုံးမသွင်းပဲ) ချမ်းသာသော အတွေ့အထိသက်သက်ကိုသာ နှလုံးသွင်း စဉ်းစားပြီးလျှင် “အတွေ့အထိအလှူကို ငါလှူပေအံ့၊ ငါ၏ အတွေ့အထိအလှူပေတည်း”ဟု အောက်မေ့၍ ဆိုခဲ့ပြီးသည့် ဖောဋ္ဌဗ္ဗဝတ္ထု တခုခုကို လှူဒါန်း ပေးကမ်း စွန့်ကြဲလျှင် ဖောဋ္ဌဗ္ဗဒါနကို ပေးလှူသည်မည်၏။



၁၉၉

ဓမ္မဒါန

     ဤဓမ္မဒါနအရ (အာရုံခြောက်ပါးတွင် ပါရှိသော) ဓမ္မာရုံအလှူကို ဆိုလိုသောကြောင့်-

     “ဩဇ ပါန၊ ဇီဝိတ၊ ဓမ္မဒါနယူ” ဟူသောအတိုင်း ဩဇာဓာတ်ဆီများသော ထောပတ် ဆီဦးစသည် အဖျော်ရှစ်မျိုး အသက်ရှည်ကြောင်းဝတ္ထုတို့၏အစွမ်းဖြင့် သိရာ၏။

     ချဲ့ဦးအံ့.. ဩဇာဓာတ်ဆီအားကောင်းသာ ထောပတ် ဆီဦး အစရှိသည်တို့တွင် တပါးပါးကို ရရှိလျှင် (ဝတ္ထုအနေဖြင့် နှလုံးမသွင်းပဲ) ဩဇာဓာတ်ဆီတည်းဟူသော ဓမ္မာရုံကိုသာ နှလုံးသွင်းပြီးလျှင် “ဓမ္မာရုံအလှူကို ငါလှူပေအံ့၊ ငါ၏ ဓမ္မာရုံအလှူပေတည်း”ဟု အောက်မေ့၍ ထောပတ် ဆီဦး စသည်ကို လှူသော်၎င်း၊

“သပြေ သရက်၊ မုဒရက်၊ ဖက်သက် သစ်မည်စည်။

ငှက်ပျောနှစ်မျိုး၊ ကြာစွယ်တိုး၊ ရှစ်မျိုး အဖျော်ရည်”—

ဟူသော အဖျော်ရှစ်မျိုးကို လှူသော်၎င်း၊

     ဇီဝိတဒါနတည်းဟု နှလုံးသွင်း၍ အသက်ရှည်ကြောင်းဖြစ်သည့် စာရေးတံဆွမ်း စသည်ကို လှူသော်၎င်း၊ အနာရောဂါ ကပ်ရောက်သူတို့အား ဆေးသမားတို့ကို ပြုစု ကုသစေသော်၎င်း၊ ပိုက်ကွန် မြှုံး လှောင်အိမ် ကျော့ကွင်း စသည်တို့ကို ဖျက်ဆီးစေသော်၎င်း၊ အနှောင်အဖွဲ့ခံနေရသူတို့ကို လွှတ်စေသော်၎င်း၊ “သတ္တဝါတို့ကို မသတ်ဖြတ်ရ၊ သားငါး မပေါ်ရ”ဟူ၍ မြို့ရွာ၌ အမိန့်ထုတ်ပြန် မောင်းခတ် စည်လည်စေသော်၎င်း၊ ထိုမှတပါး သတ္တဝါတို့၏အသက်ကို စောင့်ရှောက်ကြောင်းဖြစ်သည့် အမှုတို့ကို ကိုယ်တိုင်ပြုသော်၎င်း၊ သူ့ကို ပြုစေသော်၎င်း ဓမ္မဒါနအလှူကို ပေးလှူသည်မည်၏။

     မြတ်စွာဘုရားအလောင်းတော်သည် ဆိုအပ်ပြီးသည့် အလုံးစုံသော ဒါနကောင်းမှု အစုစုတို့အတွက် အလုံးစုံသော သတ္တလောက၏ နိဗ္ဗာန်တိုင်အောင်သော စီးပွါးချမ်းသာကို ရွက်ဆောင်နိုင်ရပါလိုသောဝ် ဟူ၍၎င်း၊ ကိုယ်တော်မြတ်၏အဖို့ရာ



၂၀၀

သဗ္ဗညုတ ရွှေဉာဏ်တော် မကုန်မခန်း မယုတ်လျော့နိုင်သည့် ဆန္ဒတော် ဝီရိယတော် သမာဓိတော် ပညာတော် အရဟတ္တဖိုလ်ဝိမုတ္တိတော်တို့၏ အထောက်အပံ့ပစ္စည်း ဖြစ်စေသောဝ် ဟူ၍၎င်း ဆုညွတ် စိတ်သန်တော်မူလေသည်။

     ဤဒါနပါရမီကို ဖြည့်ကျင့်တော်မူသော ဘုရားအလောင်းတော်သည် မိမိ၏အသက်၌ မမြဲသည်၏အဖြစ်ကို ဆင်ခြင်သိမြင်သော အနိစ္စသညာကို ဖြစ်စေတော်မူသည်၊ စည်းစိမ်ဥစ္စာတို့၌လည်း အနိစ္စသညာကို ဖြစ်စေတော်မူသည်၊ ထိုစည်းစိမ်ဥစ္စာတို့၏ များစွာသောသူတို့နှင့် ဆက်ဆံ သက်ဆိုင်နေပုံကိုလည်း နှလုံးသွင်းတော်မူသည်၊ သတ္တဝါတို့အပေါ်၌လည်း ကြီးစွာသော ကရုဏာကို အခါမပြတ် ဖြစ်ပွါးစေတော်မူသည်၊ ထိုသို့ ဖြစ်ပွါးစေခြင်းဖြင့် စည်းစိမ်ဥစ္စာ၌ ယူသင့်ယူထိုက်သည့် ကုသိုလ်အနှစ်ကို ယူတော်မူလျက် “မီးလောင်နေသောအိမ်မှ မိမိကိုယ်နှင့်တကွ ဥစ္စာအနှစ်ကို မီးဘေးလွတ်အောင် အပြင်သို့ ထုတ်ဆောင်သောသူကဲ့သို့” ရာဂအစရှိသော မီးဆယ့်တပါးတို့ တညီးညီး တပြောင်ပြောင် တောက်လောင်၍နေသော ဘုံသုံးပါးတည်းဟူသော အိမ်ကြီးမှ မိမိကိုယ်နှင့်တကွ စည်းစိမ်ဥစ္စာအနှစ်တို့ကို မီးဘေးလွတ်အောင် အပြင်သို့ ထုတ်ဆောင်သည့်အလား အကျန်အကြွင်းမထားပဲ ရဲရဲရက်ရက် စွန့်လှူတော်မူနိုင်လေသည်။ ဤမျှကို စား, ဤမျှကို ထား၍ ဤမျှကိုကား လှူမည်ဟု ခွဲခြမ်းမှုမပြုတော့ပဲ မငဲ့မကွက် ရက်ရက်ကြည်ပြု စွန့်လှူတော်မူနိုင်လေသည်။

(ဤကား ဒါနပါရမီကိုဖြည့်ကျင့်ပုံ စကားအစဉ်တည်း။)

(၂) သီလပါရမီကို ဖြည့်ကျင့်ပုံ အစဉ်ကား..

     သူတပါးတို့အား စီးပွါးဥစ္စာဖြင့် ပြုစုချီးမြှောက် စောင့်ရှောက်လိုလျှင် ထိုသို့ ချီးမြှောက် စောင့်ရှောက်နိုင်ရန် ရှေးဦးစွာ ကိုယ်တိုင်က စီးပွါးဥစ္စာရှိသူဖြစ်အောင် အားထုတ်ရသကဲ့သို့၊ ဝေနေယျသတ္တဝါတို့ကို သီလတည်းဟူသော အဆင်တန်းဆာဖြင့်



၂၀၁

ဆင်ယင်ပေးလိုသော ဘုရားအလောင်းတော်သည် ရှေးဦးစွာ ကိုယ်တော်၏သီလကို စင်ကြယ်အောင် အားထုတ်ရပေသည်။

     ထိုသို့ သီလစင်ကြယ်အောင် အားထုတ်ရာ၌-

(၁) အလိုအာသယဓာတ်ခံ စင်ကြယ်ခြင်း၊

(၂) သူတပါးတို့ထံ သိက္ခာပုဒ်တို့ကို ဆောက်တည်ခြင်း၊

(၃) မလွန်ကျူးခြင်း၊

(၄) လွန်ကျူးမိသော် ပကတိစင်ကြယ်အောင် ပြုလုပ်ခြင်း-

ဟူ၍ အကြောင်းလေးပါးရှိသည်။ ထိုတွင်-

     (၁) အလိုအာသယဓာတ်ခံ စင်ကြယ်ခြင်းကြောင့်လည်း အချို့သောပုဂ္ဂိုလ်သည် မိမိကိုယ်ကို အလေးပြုကာ မကောင်းမှုကို စက်ဆုပ်ခြင်းသဘောရှိလျက် ဟိရိတရား အရင်းခံထားပြီးလျှင် အလွန်စင်ကြယ်သော သီလရှိသူ ဖြစ်နိုင်သည်။

     (၂) ထို့အတူ သူတပါးတို့ထံ သိက္ခာပုဒ်တို့ကို ဆောက်တည်ခြင်းရှိလျှင်လည်း “ငါသည် ဤမည်သောဆရာ့ထံ သိက္ခာပုဒ်တို့ကို ဆောက်တည်ထားပါတကား”ဟု ပြင်ပလောကကို အလေးဂရုပြုကာ မကောင်းမှုမှ ထိတ်လန့်သော ဩတ္တပ္ပတရားကို ဖြစ်ပွါးစေလျက် အလွန်စင်ကြယ်သော သီလရှိသူ ဖြစ်နိုင်သည်။

     (၃) ဆိုခဲ့ပြီးသည့် ဟိရိဩတ္တပ္ပတရားနှစ်ပါး လက်ရှိထားသူမှ သိက္ခာပုဒ်တို့ကို မလွန်ကျူးမှု ဖြစ်နိုင်သည်၊ ထိုသို့ သိက္ခာပုဒ်တို့ကို မလွန်ကျူးခြင်းဖြင့် သီလစင်ကြယ်သူ သီလ၌ ကြံ့ကြံ့တည်နိုင်သူ ဖြစ်ရလေသည်။

     (၄) တရံတခါ သတိမေ့ပျောက်၍ သိက္ခာပုဒ် တခုနှစ်ခုစသည် ကျိုးပေါက်သော်လည်း ဆိုခဲ့ပြီးသည့် ဟိရိဩတ္တပ္ပတရားနှစ်ပါးနှင့် ပြည့်စုံခြင်းကြောင့် လျင်မြန်စွာပင် ထိုကျိုးပေါက်သည့် သိက္ခာပုဒ်များကို ဒေသနာကြားခြင်း ပရိဝါသ် မာနတ် ဆောက်တည်ခြင်း စသည်ဖြင့် မူလပကတိဖြစ်အောင် ပြုလုပ်၍လည်း သီလစင်ကြယ်သူ ဖြစ်နိုင်လေသည်။ (သိက္ခာပုဒ်ကျိုးပေါက်ရာ၌ ရဟန်းဖြစ်လျှင်



၂၀၂

ပရိဝါသ် မာနတ် ဆောက်တည်ခြင်း၊ လူ သာမဏေဖြစ်လျှင် တဖန် သိက္ခာပုဒ်တို့ကို အသစ်ဆောက်တည်ခံယူခြင်းဖြင့် ပကတိဖြစ်အောင် ပြုလုပ်ရသည်။)

ဝါရိတ္တသီလနှင့် စာရိတ္တသီလ

     ထိုဆိုအပ်ပြီးသော အကြောင်းလေးပါးတို့ကြောင့် စင်ကြယ်သောသီလသည် (၁) ဝါရိတ္တသီလ (၂) စာရိတ္တသီလဟူ၍ နှစ်ပါးရှိ၏။ ထိုနှစ်ပါးတို့တွင်-

     (၁) ဘုရားအစရှိသော အရိယာသူတော်သူမြတ်တို့က “အပြစ်ရှိသည်၊ မပြုမလုပ်ကောင်း၊ ရှောင်ကြဉ်ရမည်”ဟူ၍ တားမြစ်အပ်သော ပါဏာတိပါတ= သူ့အသက်သတ်ခြင်း အစရှိသည့် ဒုစရိုက်ဆယ်ပါးတို့မှ ရှောင်ကြဉ်ခြင်း (ထိုဒုစရိုက်တို့ကို မပြုမိအောင် စောင့်ရှောက်ခြင်း)သည် ဝါရိတ္တသီလမည်၏။

     (၂) ဆရာမိဘ ကလျာဏမိတ်ကောင်းစသည့် ပုဂ္ဂိုလ်မြတ်တို့အား အရိုအသေပြုခြင်း အစရှိသည့် အပြစ်ကင်းစင် အကျိုးထင်သော အမှုတို့ကို ပြုကျင့်ခြင်းသည် စာရိတ္တသီလမည်၏။

အလောင်းတော်ကြီးများ ဝါရိတ္တသီလကို ဖြည့်ကျင့်တော်မူကြပုံ

     က။ ဘုရားအလောင်းတော်ကြီးများသည် အိပ်မက်၌သော်မှလည်း သတ္တဝါတို့အပေါ် အမျက်ဒေါသ မဖြစ်ပွါးရအောင် ကြီးစွာသော ကရုဏာတရား ထားရှိတော်မူကြသည်၊ သို့ရကား သူ့အသက်သတ်မှုကို ပြုတော်မမူချေ။

     ခ။ သူတပါးအား ကျေးဇူးပြုမှု၌သာ အမြဲမွေ့လျော်တော်မူသဖြင့် သူတပါး၏ဥစ္စာကို အဆိပ်ထန်သော မြွေပမာ ခိုးလိုသောစိတ်ဓာတ်ဖြင့် သုံးသပ်ကိုင်တွယ်ရုံအမှုမျှ ပြုတော်မမူ။

     ဂ။ ရသေ့ရဟန်းဖြစ်သော ဘဝများ၌ မမြတ်သော မေထုန်အကျင့်မှ ဝေးစွာ ကြဉ်ရှောင်တော်မူသည်။ အစုံအစုံ သွားလာခြင်း တည်းဟူသော ရုန့်ရင်းကြမ်းထန်းသည့် မေထုန်မှုမှတပါး-



၂၀၃

(၁) မာတုဂါမက ကိုယ်ထိလက်ရောက် ပြုစုသည့် နှိပ်နယ်ပေးခြင်းစသည်ကို သာယာမှု၊

(၂) မာတုဂါမနှင့် အတူတကွ ရယ်မောစကား တဟားဟားပြောဆိုနေရသည်ကို သာယာမှု၊

(၃) မာတုဂါမနှင့် မျက်စိချင်းဆိုင်၍ တစိမ်းစိမ်းကြည့်ရှုရသည်ကို သာယာမှု၊

(၄) နံရံတံတိုင်းတဖက်မှနေ၍ မာတုဂါမ၏ ရယ်မောသံ ပြောဆိုသံ သီချင်းသံ ငိုယိုသံတို့ကို နားထောင်သာယာမှု၊

(၅) ရှေးအခါက မာတုဂါမနှင့် အတူတကွ ရယ်မောပြောဆို ကစားခဲ့ရသည်ကို အောက်မေ့သာယာမှု၊

(၆) ဝတ္ထုကာမနှင့်ပြည့်စုံသူ လူတဦးဦးကို မြင်ပြီးလျှင် ထိုသူ၏အဖြစ်မျိုးကို အားကျတောင့်တ သာယာမှု၊

(၇) တစုံတခုသော နတ်ဘဝကို တောင့်တသာယာ၍ မြတ်သောအကျင့်ကို ကျင့်သုံးမှု-

ဟူသော (အံ ၂-၄၃၈-၄၃၉-လာ) မေထုနသံယောဂ ခုနစ်မျိုးမှသော်လည်း ရှောင်ကြဉ်တော်မူသည်။ သူ့ သားမယားကို ဖောက်ပြားသွားလာမှုမှကား ဆိုဖွယ်မရှိ၊ အစောကြီးကပင် ရှောင်ကြဉ်တော်မူပြီး ဖြစ်သည်။

     လူဝတ်ကြောင်ဖြစ်ရသော ဘဝများ၌ကား အလောင်းတော်သည် သူတပါးတို့၏ သားမယားတို့၌ စိတ်မျှဖြင့်လည်း ဖောက်ပြားမှားယွင်းခြင်း ရှိတော်မမူ။

     ဃ-င-စ-ဆ။ ပြောဆိုတော်မူလျှင်လည်း ဝစီဒုစရိုက်လေးပါးတို့ကို ရှောင်ရှား၍ မှန်သောစကား, ချစ်သူနှစ်ဦးကို မြဲမြံစေရန် စေစပ်ပေးသည့်စကား, ချစ်ဖွယ်စကားနှင့် နှိုင်းနှိုင်းရှည်ရှည် တရားနှင့်ယှဉ်သော စကားတို့ကိုသာ ပြောကြားတော်မူသည်။



၂၀၄

     ဇ-ဈ-ဉ။ သူတပါးစည်းစိမ်ကို တပ်မက်လိုချင် အကြံဝင်သည့် လောဘမျိုး ရှိတော်မမူ၊ သူတပါးကို ပျက်စီးစေလိုသည့် ဗျာပါဒဒေါသ ရှိတော်မမူ၊ မဖောက်မပြန် မှန်ကန်သော သမ္မာဒိဋ္ဌိအယူ ရှိတော်မူ၍ ကမ္မဿကတာ ဉာဏ်ပညာနှင့်လည်း ပြည့်စုံတော်မူသည့်ပြင် ကောင်းစွာကျင့်ကြံသော သူတော်သူမြတ်တို့၌ သဒ္ဓါသက်ဝင် မေတ္တာနှင့် ယှဉ်တော်မူလေ့ရှိပေသည်။

ဤသို့ အပါယ်လေးဘုံ၏ လမ်းကြောင်းဖြစ်သော အကုသိုလ်မှုတို့မှ ရှောင်ကြဉ်၍ နတ်ရွာနိဗ္ဗာန်၏ လမ်းကြောင်းဖြစ်သော ကုသိုလ်ကမ္မပထတရားတို့၌ တည်တော်မူသောကြောင့် အလောင်းတော်မြတ်၏ စင်ကြယ်သော အလိုအာသယ စင်ကြယ်သော ကာယပယောဂ, ဝစီပယောဂ ရှိတော်မူသောကြောင့် တောင့်တတော်မူတိုင်းသော သတ္တဝါတို့၏ စီးပွါးချမ်းသာမှုနှင့် စပ်လျဉ်းသမျှ စိတ်နှလုံးအလိုတော်တို့သည် လျင်လျင်မြန်မြန် ပြီးစီး ပြည့်စုံကုန်၏။ ပါရမီတော်တို့သည်လည်း ပြည့်ဝကုန်၏။

ဒုစရိုက်မှ ရှောင်ကြဉ်၍ အကျိုးရပုံ

     ဘုရားအလောင်းတော်သည် ပါဏာတိပါတ ဒုစရိုက်မှ ရှောင်ကြဉ်တော်မူခြင်းကြောင့် ခပ်သိမ်းသော သတ္တဝါတို့အား ဘေးမဲ့အလှူကို ပေးတော်မူသဖြင့် လွယ်ကူစွာပင် မေတ္တာဘာဝနာကို ပြည့်စုံစေနိုင်၍ မေတ္တာ၏အကျိုးတရား (၁၁)ပါးကို ရတော်မူ၏။ အနာရောဂါကင်းခြင်း အသက်ရှည်ခြင်း ချမ်းသာများခြင်း အကျိုးများနှင့်တကွ လက်ချောင်းတော် ခြေချောင်းတော် ရှည်လျားသွယ်ဖြောင့်ခြင်းစသော မဟာပုရိသ လက္ခဏာတော်ကြီးများကို ရရှိ၍ ဒေါသအထုံဝါသနာကို ဖြတ်တောက်တော်မူနိုင်၏။

     အဒိန္နာဒါန်ဒုစရိုက်မှ ရှောင်ကြဉ်ခြင်းကြောင့် အလောင်းတော်သည် ရန်သူမျိုးတို့နှင့် မဆက်ဆံသည့် (ရန်သူမျိုးငါးပါးတို့ မဖျက်ဆီးနိုင်သည့်) စည်းစိမ်တို့ကို ရတော်မူသည့်ပြင် သူတပါးတို့ အထင်မှားမခံရပဲ ချစ်ခင်မြတ်နိုး အားကိုးယုံကြည်အပ်သူဖြစ်လျက်



၂၀၅

စည်းစိမ်ဥစ္စာတို့၌ မငြိတွယ်သောစိတ်ရှိသူ စွန့်ကြဲလေ့ရှိသောသူ လောဘအထုံဝါသနာကို ဖြတ်တောက်နိုင်သူ ဖြစ်တော်မူ၏။

     အဗြဟ္မစရိယမှ ရှောင်ကြဉ်ခြင်းကြောင့် အလောင်းတော်သည် မလျှပ်ပေါ်သူ ငြိမ်းချမ်းသော ကိုယ်စိတ်ရှိသူ သတ္တဝါခပ်သိမ်းတို့က ချစ်အပ်သူ မြတ်နိုးအပ်သူ မရွံ့ရှားအပ်သူ ဖြစ်တော်မူ၍ ကောင်းသောသတင်း ကျော်စောခြင်းအကျိုး ရတော်မူသည့်ပြင် မာတုဂါမတို့၌ မငြိကပ်သောစိတ်ရှိသူ မတပ်မက်သော အလိုအဇ္ဈာသယရှိသူ ဖြစ်တော်မူ၏။ နေက္ခမ္မဇ္ဈာသယဓာတ်ခံ ထက်သန်တော်မူပြီးလျှင် လောဘအထုံဝါသနာကို ဖြတ်တောက်တော်မူနိုင်၏။

     မုသာဝါဒမှ ရှောင်ကြဉ်ခြင်းကြောင့် အလောင်းတော်သည် သတ္တဝါတို့ ယုံကြည်ကိုးစား ပမာဏထား၍ အလေးဂရုပြုအပ်သူ ဖြစ်ပြီးလျှင် ကိုယ်တော့်စကားကို အများလိုက်နာ ဩဇာရှိသူ ဖြစ်တော်မူရ၏။ နတ်တို့ချစ်အပ် မြတ်နိုးအပ်သူ၊ ခံတွင်းမှ ရနံ့ကောင်း ကြိုင်လှိုင်သူ ဖြစ်တော်မူပြီးလျှင် ကောင်းစွာစောင့်ထိန်းအပ်သည့် ကိုယ်အကျင့် နှုတ်အကျင့်ရှိသူ ဖြစ်တော်မူရ၏။ မွေးညင်းတွင်းတခုတခု၌ မွေးညင်းတော် တပင်စီတပင်စီသာ ပေါက်ရောက်ခြင်းစသော မဟာပုရိသ လက္ခဏာတော်ကြီးများကို ရရှိတော်မူပြီးလျှင် ကိလေသာအထုံဝါသနာကိုလည်း ဖြတ်တောက်တော်မူနိုင်၏။

     ဂုံးတိုက်စကား ပြောကြားမှုဟူသော ပိသုဏဝါစာမှ ရှောင်ကြဉ်ခြင်းကြောင့် အလောင်းတော်သည် သူတပါး၏ လုံ့လပယောဂဖြင့် မကွဲမပျက်နိုင်သည့် ရူပကာယ ရှိတော်မူခြင်း မကွဲမပျက်သော ပရိသတ်အခြံအရံ ရှိတော်မူခြင်း သူတော်ကောင်းတရား၌ မပျက်စီးသော သဒ္ဓါတရား ရှိတော်မူခြင်း ခိုင်မြဲသော မိတ်ဆွေရှိခြင်း သတ္တဝါခပ်သိမ်းတို့က ချစ်ခင်အပ်သူဖြစ်ခြင်း ကိလေသာခေါင်းပါးသူ ဖြစ်ခြင်းဟူသော အကျိုးကို ရရှိတော်မူသည်။



၂၀၆

     ဆဲရေးစကား ပြောကြားမှု (ဖရုသဝါစာ)မှ ရှောင်ကြဉ်ခြင်းကြောင့် ဘုရားအလောင်းတော်သည် သတ္တဝါတို့ ချစ်မြတ်နိုးအပ်သူ ဖြစ်ခြင်း၊ ချမ်းကြည်အေးမြသော အလေ့ရှိသူဖြစ်ခြင်း၊ ချိုမြိန်သော စကားရှိသူဖြစ်ခြင်း၊ သူခပ်သိမ်းတို့က ချီးမွမ်းအပ်သူဖြစ်ခြင်း၊ အင်္ဂါရှစ်ဖော် အသံတော်နှင့် ပြည့်စုံခြင်းဟူသော အကျိုးတို့ကို ရရှိတော်မူသည်။

     အဖျင်းအသော ပြောကြားမှု (သမ္ဖပ္ပလာပ)မှ ရှောင်ကြဉ်ခြင်းကြောင့် အလောင်းတော်သည် သတ္တဝါခပ်သိမ်းတို့က ချစ်ခင်အပ် မြတ်နိုးအပ် အလေးပြုအပ်သူ ဖြစ်ခြင်း၊ မိမိစကားကို သူခပ်သိမ်းတို့ လိုက်နာခြင်း၊ နှိုင်းနှိုင်းရှည်ရှည် ပြောကြားတော်မူလေ့ရှိခြင်း၊ တန်းခိုးအာနုဘော်ကြီးခြင်း၊ တခဏခြင်း ထိုးထွင်းသော အသိဉာဏ်ဖြင့် ပြဿနာတို့ကို လျင်မြန်စွာ ဖြေကြားနိုင်ခြင်း၊ ဘုရားဖြစ်တော်မူသောအခါ၌ မာဂမီဘာသာ အရိယဝါစာတခွန်းတည်းဖြင့် ဘာသာစကား အမျိုးမျိုးရှိကြသော သတ္တဝါတို့၏ ပြဿနာများကို ဖြေကြားနိုင်ခြင်း (မာဂမီဘာသာဖြင့် တခွန်းတည်း ဖြေဆိုလိုက်လျှင်ပင် လူမျိုးတရာ့တပါးတို့ မိမိတို့၏ ကိုယ်စီကိုယ်င ကိုယ့်ဘာသာဖြင့် အဖြေစကား ကြားသိနားလည်ကြခြင်း) အကျိုးတို့ကို ရတော်မူသည်။

     အဘိဇ္ဈာတရားကို ပယ်ရှားတော်မူခြင်းကြောင့် အလောင်းတော်သည် အလိုရှိအပ်သမျှကို အလွယ်နှင့်ရရှိခြင်း၊ မွန်မြတ်သော စည်းစိမ်တို့၌ သုံးဆောင်လိုမှု ရရှိခြင်း သုံးဆောင်ရခြင်း၊ ဥစ္စာပေါများသော မင်း ပုဏ္ဏား သူကြွယ်တို့က မြတ်သောသူအဖြစ် အသိအမှတ်ပြုခံရခြင်း၊ ရန်သူတို့၏ အနှိပ်စက်မခံရခြင်း၊ မျက်စိ နား နှာ အစရှိသည့် ဣန္ဒြေချို့တဲ့သူ မဖြစ်ခြင်း၊ ပြိုင်ဖက်ကင်းသော ပုဂ္ဂိုလ်ဖြစ်ခြင်းဟူသော အကျိုးတို့ကို ရတော်မူသည်။

     ဗျာပါဒတရားကို ပယ်ရှားတော်မူခြင်းကြောင့် အလောင်းတော်သည် မြင်မြင်သမျှ သတ္တဝါခပ်သိမ်းတို့က ချစ်ခင်သောမျက်စိဖြင့် အကြည့်အရှုခံရခြင်း၊ ချီးမွမ်းအပ်သူဖြစ်ခြင်း၊ သတ္တဝါတို့ကို အလွယ်ဖြင့်ပင် ကြည်ညိုစေနိုင်ခြင်း၊ မခေါင်းပါးသော



၂၀၇

(မချောက်ကပ်သော) သဘောရှိခြင်း၊ မေတ္တာဖြင့်သာ နေတော်မူလေ့ရှိခြင်း၊ တန်းခိုးအာနုဘော်ကြီးခြင်း အကျိုးတို့ကို ရတော်မူသည်။

     မိစ္ဆာဒိဋ္ဌိကိုရှောင်ရှား သမ္မာဒိဋ္ဌိကို ပွါးခဲ့ခြင်းကြောင့် ဘုရားအလောင်းတော်သည် ကလျာဏမိတ်ဆွေတို့ကို ပေါင်းသင်းမိခြင်း၊ ဦးခေါင်းကိုပင် အဖြတ်ခံရစေကာမှု မကောင်းမှုကို မပြုခြင်း၊ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိမှုကို သိမြင်သောကြောင့် ဒိဋ္ဌသုတမင်္ဂလာအယူ မရှိခြင်း၊ သူတော်ကောင်းတရား၌ သဒ္ဓါတရား ခိုင်မြဲစွာ တည်ရှိခြင်း၊ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို မမှိတ်မသုန် ယုံကြည်ခြင်း၊ မစင်ဘင်ပုပ် ထူပြောရာအရပ်၌ ရွှေဟင်္သာမင်း မမွေ့လျော်သကဲ့သို့ သမ္မာဒိဋ္ဌိမှတပါးသော မိစ္ဆာအယူများ၌ မမွေ့လျော်ခြင်း၊ အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာသုံးပါးကို ပိုင်းခြားသိမြင် ကျွမ်းကျင်လိမ္မာခြင်း၊ နောက်ဆုံး ဘုရားဖြစ်သောဘ၀၌ အနာဝရဏဉာဏ်= (ဉေယျဓံတရားတို့ကို အဆီးအတား အပိတ်အပင်မရှိ သိတတ်သောဉာဏ်)ကို ရတော်မူခြင်း၊ ဘုရားမဖြစ်မီ ဘဝတိုင်း၌ အကြီးအကဲသာ ဖြစ်တော်မူခြင်း၊ မြတ်သော စည်းစိမ်တို့ကို ရရှိခြင်း ဤအကျိုးများကို ရတော်မူသည်။

ဤသို့လျှင် ဤသီလတရားသည် ခပ်သိမ်းသော စည်းစိမ်တို့၏ အကြောင်းရင်းဖြစ်၏၊ ခပ်သိမ်းသော ဘုရားကျေးဇူးတို့၏ စ၍ဖြစ်ရာ အမွန်အစ ပဘဝဖြစ်ပေ၏။ ခပ်သိမ်းသော ပါရမီတို့၏ အဦးအစဖြစ်၏ဟု ဆင်ခြင်ကာ များစွာမြတ်နိုးပြီးလျှင် ကိုယ်နှုတ်ကို စောင့်စည်းခြင်း၊ ဣန္ဒြေကို ထိန်းစောင့်ခြင်း၊ အသက်မွေးမှု စင်ကြယ်ခြင်း၊ ပစ္စည်းလေးဖြာကို သုံးစွဲခြင်း ဤလေးဌာနတို့၌ သတိသမ္ပဇညခွန်အားဖြင့် မမေ့မလျော့ပဲ လာဘ် ပူဇော်သက္ကာရ အရှိန်အဝါ အကျော်အစောများကို မိတ်ဆွေလိုမျက်နှာထားကြသည့် ရန်သူကြီးများကဲ့သို့ မှတ်ယူပြီးခါ ရိုသေစွာ သီလကို ပြည့်စုံစေရာ၏။

(ဤကား ဝါရိတ္တသီလ၌ ကျင့်စဉ်တည်း။)



၂၀၈

အလောင်းတော် ကြီးများ စာရိတ္တသီလကို ဖြည့်ကျင့်တော်မူကြပုံ

     ဘုရားအလောင်းတော်သည် ကလျာဏမိတ်စစ် ဖြစ်ကြသူတို့အား အခါမလပ် ရှိခိုးမှု ခရီးဦးကြိုဆိုမှု လက်အုပ်ချီမှု အရိုအသေပြုမှု ဆည်းကပ်မှုတို့ကို ပြုတော်မူပေ၏။ မမာမကျန်းသူတို့အား ကိုယ်တိုင်ကြပ်မ၍ ဝေယျာဝစ္စအမှု ပြုတော်မူပေ၏။ တရားစကားကို ကြားနာရလျှင် သာဓုကောင်းချီး ပေးတော်မူ၏။ ဂုဏ်ကျေးဇူးရှိသူတို့၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းပြောဆိုလေ့ရှိတော်မူ၏၊ သူတပါးတို့၏ ပြစ်မှားချက်ကို သည်းခံတော်မူ၍ ကျေးဇူးပြုချက်ကိုသာ အဖန်ဖန် အောက်မေ့တော်မူ၏၊ သူတပါးတို့၏ ကုသိုလ်များကို ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြု၍ ကိုယ်တော်၏ ကောင်းမှုများကို သဗ္ဗညုတဉာဏ်သို့ ဆုညွတ်တော် မူလေ့ရှိ၏၊ အခါခပ်သိမ်း ကုသိုလ်တရားတို့၌ မမေ့မလျော့ နေလေ့ရှိတော်မူ၏။ မိမိ၌ အပြစ်ရှိလျှင် ထိုအပြစ်ကို (ဖုံးဖိ၍မထား) အပြစ်အနေဖြင့် ရှုတော်မူပြီးလျှင် သီတင်းသုံးဖော်တို့၏အထံ၌ အမှန်အတိုင်း ထင်စွာပြုတော်မူ၏၊ ကောင်းမြတ်သော အကျင့်ပဋိပတ်ကို အထက်အထက် တိုးတက်၍ တိုးတက်၍ ဖြည့်ကျင့်တော်မူ၏။

     ထို့အတူပင် ကိုယ်တော်မြတ်နှင့် သင့်လျောက်ပတ်ရာ သတ္တဝါတို့၏ အကျိုးဖြစ်ထွန်းနိုင်မည့် ထိုထိုအမှုကိစ္စတို့၌ လိမ္မာကျွမ်းကျင် လုံ့လနှင့်ယှဉ်ပြီးလျှင် ကူညီရွက်ဆောင်တော်မူ၏။ သတ္တဝါတို့အား အနာရောဂါ အစရှိသော ဆင်းရဲဒုက္ခများ ဖြစ်ပွါးပေါ်ပေါက်လာလျှင် ထိုက်သည့်အလျောက် ထိုဒုက္ခမှ လွတ်မြောက်ရန် စီမံပေးတော်မူ၏၊ သတ္တဝါတို့အား ဉာတိဗျသန ဘောဂဗျသန ရောဂဗျသန သီလဗျသန ဒိဋ္ဌိဗျသန (ဉာ၊ ဘော၊ ရောဂါ၊ သီလာ၊ ဒိဋ္ဌိ)ဟူသော ဗျသနတရားတို့ ဖြစ်ပွါးကျရောက်လာသောအခါ၌လည်း စိုးရိမ်သောကကို ပယ်ဖျောက်ပေးတော်မူ၏။ နှိပ်ကွပ်သင့်သောသူတို့အား အကုသိုလ်မှ လွတ်မြောက်၍ ကုသိုလ်၌တည်ရန် ရည်သန်တော်မူကာ



၂၀၉

ကယ်တင်သောသဘော၌သာ တည်တော်မူပြီးလျှင် တရားသဖြင့် နှိပ်ကွပ်၍ ချီးမြှောက်သင့်သူတို့အား တရားသဖြင့် ချီးမြှောက်တော်မူ၏။

     ရှေးရှေးသော ဘုရားအလောင်းတော်ကြီးများ၏ ပါရမီ စာဂ စရိယတရားတို့ ရင့်ကျက်ကြောင်းဖြစ်သော အလွန်လည်းမွန်မြတ် အလွန်လည်းပြုနိုင်ခဲ မကြံစည်နိုင်သော အာနုဘော်နှင့်လည်း ပြည့်စုံ၍ သတ္တဝါတို့၏ ဧကန်မုချ စီးပွါးချမ်းသာကို ရွက်ဆောင်နိုင်သည့် အကျင့်တရားကြီးများကို ကြားသိတော်မူလျှင် ထိတ်လန့်ကြောက်ရွံ့ခြင်း အလျဉ်းပင်မရှိပဲ-

“ထို ရှေးရှေးသော ဘုရားအလောင်းတော်ကြီးများလည်း ငါကဲ့သို့ပင် လူသားစင်စစ်ဖြစ်ကြလျက် အစဉ်သဖြင့် သီလ သမာဓိ ပညာ ကျင့်ဖွယ်ရာတရားများကို အပြည့်အစုံ ဖြည့်ကျင့်တော်မူကြသဖြင့် သဗ္ဗညုတရွှေဉာဏ်ရောက် အောင်မြောက်တော်မူကြသည်၊ သို့ရကား ငါသည်လည်း ထိုရှေးရှေး အလောင်းတော်ကြီးများနည်းတူ သီလ သမာဓိ ပညာ ကျင့်ဖွယ်ရာတရားတို့၌ ကောင်းစွာကျင့်ပေအံ့၊ ယင်းပဋိပတ် အကျင့်မြတ်ဖြင့် ငါသည်လည်း အစဉ်သဖြင့် သိက္ခာသုံးပါးအကျင့်များ ပြည့်စုံပြီးလျှင် ဧကန်ပင် သဗ္ဗညုတဉာဏ်သို့ ရောက်လိမ့်မည်”–

ဟု ယုံကြည်ခြင်းသဒ္ဓါတရား ရှေ့သွားရှိသော ဝီရိယကိုမလျှော့ပဲ ကောင်းမွန်ပြည့်စုံစွာ သီလတရားတို့ကို ဖြည့်ကျင့်တော်မူလေသည်။

     ထို့အတူ ဘုရားအလောင်းတော်သည် ကိုယ်တော်ပြုသည့် ကောင်းမှုကုသိုလ်များကို လူသူလေးပါးတို့အား ကျော်ကြားစေရန်အတွက် ထင်ရှားပြတော်မမူပဲ ကိုယ်တော်၌ အပြစ်ရှိလျှင်သာ ထိုအပြစ်ကို ဖုံးဖိ၍မထား ထင်ရှားစွာ ပြတော်မူလေသည်၊ အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း ကိလေသာတို့မှ ဆိတ်ကင်းခြင်း လူသူအများနှင့် ကိလေသာအစွမ်းဖြင့် မရောနှောခြင်း ဒုက္ခကို သည်းခံခြင်း ထိုထိုအာရုံတို့ကို လောဘဖြင့် မတောင့်တခြင်း



၂၁၀

ဥဒ္ဓစ္စအစွမ်းဖြင့် မတုန်လှုပ်ခြင်း မာန်မာန မထောင်လွှားခြင်း မလျှပ်ပေါ် မလော်လီခြင်း နှုတ်မကြမ်းခြင်း စကားကို ဖရိုဖရဲ မပြောကြားခြင်း ငြိမ်သက်သော ဣန္ဒြေရှိခြင်း ငြိမ်းအေးသော စိတ်နှလုံးရှိခြင်း သူတပါးတို့ အံ့ဩသွားအောင် ဟန်ပန်ဆောင်မှု အစရှိသော မိစ္ဆာဇီဝမျိုးမှ ကင်းရှင်းခြင်း ဂုဏ်တို့နှင့် ပြည့်စုံတော်မူသည့်ပြင် သန့်ရှင်းစင်ကြယ်သော ကိုယ်အကျင့် နှုတ်အကျင့် ကမ္မဋ္ဌာန်းအာရုံတို့နှင့် ပြည့်စုံတော်မူလျက် သေးငယ်သော အပြစ်များကိုပင် ဘေးကြီးအနေဖြင့် ဆင်ခြင်ကြည့်ရှုတော်မူ၍ သိက္ခာပုဒ်တို့ကို ကောင်းစွာ ဆောက်တည် ကျင့်သုံးတော်မူလေသည်။ ကိုယ်နှင့် အသက်တို့၌ ငဲ့ကွက်တွယ်တာသည့် တဏှာလောဘမရှိပဲ သဗ္ဗညုတဉာဏ်နှင့် နိဗ္ဗာန်သို့သာ ပို့လွှတ်အပ်သော စိတ်တော်ရှိလျက် ကုသိုလ်တရားတို့ကို မနေမနား အားထုတ်တော်မူသည်။ ကိုယ်နှင့်အသက်ကို ငဲ့ကွက်တွယ်တာသည့် တဏှာလောဘ အနည်းငယ်မျှ ကိုသော်လည်း လက်မခံပဲ စွန့်ပယ်တော်မူ၏။ သီလပျက်ကြောင်းဖြစ်သည့် အမျက်ထွက်ခြင်း ရန်ငြိုးဖွဲ့ခြင်း အစရှိသော ဥပက္ကိလေသတရားတို့ကို စွန့်ပယ်တော်မူ၏။ အနည်းငယ်မျှ တရားထူးရရုံဖြင့် အားရရောင့်ရဲ့ ရပ်တည်ခြင်းမရှိပဲ အထက်အထက် တရားထူးရရန် အားထုတ်တော်မူ၏။ ယင်းသို့ အားထုတ်ခြင်းဖြင့် အလောင်းတော်ရရှိသော ဈာန်စသည့် တရားထူးများမှာ ယုတ်လျော့သွားခြင်း ရပ်တည်နေခြင်း အလျဉ်းမရှိပဲ အထက် အထက် တိုးတက်၍ တိုးတက်၍သာ ပွါးစီးလေသည်။

     ထို့အတူ ဘုရားအလောင်းတော်သည် မျက်မမြင် သူကဏ်းတို့အား လိုရာရောက်အောင် ပို့ဆောင်ပေးတော်မူသည်။ သို့မဟုတ် လမ်းညွှန် ပြသတော်မူလေသည်။ နားမကြားသောသူ အ-သောသူတို့အား လက်ဆုပ်ဖြင့် အမှတ်ပေးတော်မူသည်။ (လက်ဟန် ခြေဟန်ပြ၍ ထိုသူတို့လိုအပ်သော အကျိုးကို ရယူစေတော်မူသည်။) ဆွံ့သောသူ (ခြေ လက်မသန်သူ)တို့အား အင်းပျဉ် ယာဉ်တို့ကို ပေးလှူတော်မူသည်။ သို့မဟုတ် ထိုသူတို့ လိုရာရောက်အောင် ကိုယ်တော်တိုင် ထမ်းဆောင်



၂၁၁

ပို့ပေးတော်မူသည်။ သဒ္ဓါတရား ခေါင်းပါးသူတို့အား သဒ္ဓါတရားဖြစ်ပွါးလာအောင် ပျင်းရိသူတို့အား ဝီရိယဖြစ်လာအောင် မေ့လျော့ ပေါ့တန်သူတို့အား သတိရှိအောင် မရပ်မတည် ဥဒ္ဓစ္စဖြင့် လည်နေသူတို့အား သမာဓိနှင့်ပြည့်စုံလာအောင် ပညာမရှိသူတို့အား ပညာရအောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်တော်မူပေသည်။ နီဝရဏငါးမျိုး လွှမ်းမိုးနှိပ်စက် ခံနေရသူတို့အား ထိုနီဝရဏတရားတို့ကို ပယ်ရှားနိုင်အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်တော်မူသည်။ ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိံသာဝိတက်တို့ နှိပ်စက်ခံနေရသူတို့အား ထိုမိစ္ဆာဝိတက်များကို ပယ်ရှားဘို့ရန် အားထုတ်တော်မူသည်။ မိမိအပေါ် အလျင်လက်ဦး ကျေးဇူးပြုဘူးသူတို့အား သူ့ကျေးဇူးကို သိတော်မူကာ ရှေးဦးစွာ နှုတ်ဆက်စကား ချစ်ဖွယ်စကား ပြောကြား ချီးမြှောက်တော်မူ၍ ထိုသူပြုဘူးသည်နှင့် အလားတူ ကျေးဇူးတုံ့ပြန်မှုဖြင့်သော်၎င်း သာလွန်သည့် ကျေးဇူးတုံ့ပြန်မှုဖြင့်သော်၎င်း မြတ်နိုးကော်ရော် ပူဇော်လေ့ရှိပေသည်။ ဘေးရန်ရှိသော အခါတို့၌ ကလျာဏအဖော်သဟဲအမှုကို ပြုတော်မူလေသည်။

     ထိုထိုသတ္တဝါတို့၏ ပကတိ စိတ်နေသဘောကို သိရှိတော်မူပြီးလျှင် ထိုသူတို့ကို အကုသိုလ်မှ ထစေ (လွတ်မြောက်စေ)၍ ကုသိုလ်၌တည်စေလျက် ထိုသူတို့အကြိုက် အလိုက်သင့် ပေါင်းသင်းဆက်ဆံ ကျင့်ကြံတော်မူသည်။ ။(ပေးကမ်းမှ ကြိုက်သူကို ဒါနသင်္ဂဟတရားဖြင့် ချီးမြှောက်၍၎င်း၊ ချစ်ဖွယ်စကားပြောကြားမှ ကြိုက်သူကို ပိယဝါစာ သင်္ဂဟတရားဖြင့် ချီးမြှောက်၍၎င်း၊ အကျိုးရှိအောင်ကျင့်မှ ကြိုက်သူကို အတ္ထစရိယာ သင်္ဂဟတရားဖြင့် ချီးမြှောက်၍၎င်း၊ ကိုယ်တူကျင့်မှ ကြိုက်သူကို သမာနတ္တတာ သင်္ဂဟတရားဖြင့် ချီးမြှောက်၍၎င်း ထိုသူတို့ကို အကုသိုလ်မှ ထစေ (လွတ်မြောက်စေ)၍ ကုသိုလ်၌ တည်စေလျက် ပေါင်းသင်းဆက်ဆံ ကျင့်ကြံတော်မူသည်ဟု ဆိုလိုသည်။)

     ထို့အတူ အလောင်းတော်သည် အကျိုးစီးပွါးလိုလားသော ဆန္ဒဖြင့်သော်မှလည်း သူတပါးကို ညှဉ်းဆဲတော်မမူ၊ ခိုက်ရန်မှု



၂၁၂

ပြုတော်မမူ၊ သူတဖက်သား မျက်နှာမသာမယာဖြစ်အောင် ပြုတော်မမူ၊ သူတဖက်သားအား နောင်တပူပန်မှုကို ဖြစ်စေတော်မမူ၊ သူတဖက်သားကို နှိပ်အပ်သောအရာ၌ ထား၍လည်း အပြစ်တင်စကား ပြောကြားတော်မမူ။ ကိုယ်တော့်အပေါ်၌ မာန်မာနမထားပဲ နှိမ့်နှိမ့်ချချ ကျင့်ကြံသူအား ကိုယ်တော်ကို အထက်တန်းစားထား၍ မပေါင်းသင်းချေ။ သူတပါးတို့၌ အပေါင်းအသင်း လုံးဝမပြုခြင်း၊ အလွန်အကျူး ပေါင်းသင်းခြင်း၊ အခါမဟုတ် ပေါင်းသင်းခြင်းများကို အလျဉ်းပင် ပြုတော်မမူပဲ ပေါင်းသင်းထိုက်သော သူတို့ကိုသာ အရပ်ဒေသ အခါကာလအားလျော်စွာ ပေါင်းသင်း ဆက်ဆံတော်မူသည်။ သူတပါးတို့၏ မျက်မှောက်၌ ထိုသူတို့ချစ်အပ်သောသူများကို ကဲ့ရဲ့မှု ပြုတော်မမူ၊ ထိုသူတို့မုန်းအပ်သူများကိုလည်း ချီးမွမ်းမှု ပြုတော်မမူ။ အကျွမ်းမဝင်သင့်သူကို အကျွမ်းဝင်တော်မမူ။

     သူတပါးတို့က တရားသဖြင့် ပင့်ဖိတ်သည်ကိုလည်း ပယ်တော်မမူ။ အတောင်းအယမ်း ထူခြင်းအမှုကို ပြုတော်မမူ။ လှူသောအခါလည်း အပိုအလျှံ ခံတော်မမူ။ သဒ္ဓါတရားနှင့် ပြည့်စုံသူတို့ကို သဒ္ဓါ၏ အကျိုးအာနိသင်နှင့်စပ်သော တရားစကားဖြင့် ရွှင်လန်း အားတက်စေတော်မူသည်။ ထို့အတူ သီလ၊ သုတ၊ စာဂ၊ ပညာနှင့် ပြည့်စုံသူတို့ကို ပညာ၏ အကျိုးအာနိသင်နှင့်စပ်သော တရားစကားဖြင့် ရွှင်လန်း အားတက်စေ တော်မူသည်။

     ဘုရားအလောင်းတော်သည် အကယ်၍ အဘိညာဉ် ဈာန်ရပုဂ္ဂိုလ်ဘဝ၌ ဖြစ်ခဲ့သော် မေ့လျော့နေသော သတ္တဝါတို့ကို အဘိညာဉ်အစွမ်းဖြင့် ထိုက်သည့်အလျောက် ငရဲဘေးစသည်ကိုပြလျက် ထိတ်လန့်စေပြီးလျှင် သဒ္ဓါတရားစသည် မရှိသူတို့ကို သဒ္ဓါတရားစသည်၌ တည်စေတော်မူသည်၊ သာသနာ၌ သက်ဝင်ယုံကြည်စေတော်မူသည်။ သဒ္ဓါစသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူတို့ကို ရင့်သန်စေတော်မူသည်။

ဤသို့လျှင် ဘုရားအလောင်းတော်၏ စာရိတ္တသီလဖြစ်သော မနှိုင်းရှည်အပ်သည့် ဤကုသိုလ်ကောင်းမှု



၂၁၃

ရေအယဉ်သည် တဘဝထက် တဘဝ အဆင့်ဆင့် တိုးတက်ပွါးစီး၍ လာလေတော့သည်။

(ဤကား သီလပါရမီကို ဖြည့်ကျင့်ပုံ အစဉ်တည်။)

(၃) နေက္ခမ္မပါရမီကို ဖြည့်ကျင့်ပုံ အစဉ်ကား..

     နေက္ခမ္မပါရမီဟူသည် ရှေး၌ ဆိုခဲ့ပြီးသော မဟာကရုဏာနှင့် ဥပဒါယကောသလ္လဉာဏ် အခြေခံပါရှိ၍ ကာမတရား ဘဝတရားတို့၌ အပြစ်ကိုမြင်သော အာဒီန၀ဉာဏ် ရှေ့သွားရှိသည့် ထိုကာမဘဝတို့မှ ထွက်မြောက် ကျွတ်လွတ်လိုသော အခြင်းအရာဖြင့်ဖြစ်သည့် ကုသိုလ်စိတ် စေတသိက် တရားစုကို ခေါ်ဆိုသည်။ သို့ရကား အလောင်းတော်သည် ရှေးဦးစွာ ထိုကာမတရား ဘဝတရားတို့၌ အာဒီနဝဉာဏ်ဖြင့် အမှန်အတိုင်း အပြစ်ကို ရှုမြင်တော်မူသည်။ ရှုမြင်တော်မူပုံကား..

     အိမ်ရာတည်ထောင် လူ့ဘောင်၌ နေရခြင်း (လူ့ဘဝ)သည် အလုံးစုံသော သံကိလေသတရားတို့၏ နေရာဌာန ဖြစ်သောကြောင့်၎င်း၊ သားမယားအစရှိသော ပလိဗောဓတို့ဖြင့် ကုသိုလ်တရား ဖြစ်ပွါးနိုင်ဖို့ရန် အလွန်ကြပ်တည်း ကျဉ်းမြောင်းခြင်းကြောင့်၎င်း၊ ကုန်သွယ်ခြင်း လယ်လုပ်ခြင်း အစရှိသည့် အထူးထူးသော အလုပ်ကိစ္စတို့ဖြင့် ရောပြွမ်း ရှုပ်ထွေးလှသောကြောင့်၎င်း၊ နေက္ခမ္မချမ်းသာစသည်ကို ရယူနိုင်သော နေရာဌာန မဟုတ်ချေဟူ၍ ရှုမြင်တော်မူလေသည်။

     လူတို့သုံးစွဲရရှိသော ကာမချမ်းသာများမှာလည်း သန်လျက်ဖျား ဓားသွားတို့၌ ငြိကပ်နေသော ပျားရည်စက်ကို လျက်ရသည့်ပမာ သာယာဖွယ်နည်းပါး အကျိုးယုတ်သည်ကသာ များကုန်၏ဟူ၍၎င်း..၊ လျှပ်စစ်တချက်တချက်လက်မှ တကြိမ်တကြိမ်မြင်ရသည့် ပွဲလမ်းအကသဘင်ပမာ သုံးဆောင်ရသည့် အခါကာလ နည်းပါးလှကုန်၏ဟူ၍၎င်း..၊ သူရူး၏ တန်ဆာဆင်ခြင်းမျိုးကဲ့သို့ ဖောက်ပြန်သော သညာဖြင့်သာ ခံစားသုံးဆောင်အပ်သော အရာတို့ ဖြစ်ကုန်၏ဟူ၍၎င်း..၊ မစင်ကျင်ကြီးကို



၂၁၄

ဖုံးလွှမ်းကြောင်းဖြစ်သော ဝတ္ထုကဲ့သို့ အတုအပ အယောင်ဆောင်မျှသာ ဖြစ်ကြကုန်၏ဟူ၍၎င်း..၊ ရေစွတ်သောလက်ချောင်း၌ ကပ်ငြိနေသည့် အနည်းငယ်သောရေကို လျက်ရခြင်းကဲ့သို မရောင့်ရဲမှုကို ပြုတတ်ကုန်၏ဟူ၍၎င်း..၊ ဆာလောင်မွတ်သိပ်ခြင်း ပြင်းပြလှသူ၏ အစာအာဟာရကို စားခြင်းကဲ့သို့ အနာရောဂါနှင့်တကွ ဖြစ်ကုန်၏ဟူ၍၎င်း..၊ ငါးမျှားချိတ်၌ အစာကဲ့သို့ အပျက်အစီးတို့၏ အစုအဝေးအကြောင်း ဖြစ်ကုန်၏ဟူ၍၎င်း..၊ မီးပူကဲ့သို့ ကာလသုံးပါး၌ပင် ဆင်းရဲဒုက္ခဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်၏ ဟူ၍၎င်း..၊ မျောက်နှဲစေးကဲ့သို့ ဖွဲ့နှောင်မိခြင်း၏ အကြောင်းဖြစ်ကုန်၏ ဟူ၍၎င်း..၊ သူသတ်ယောက်ျားကို ဖုံးလွှမ်း၍ထားသော ဝတ္ထုများကဲ့သို့ အကျိုးမဲ့ကို ဖုံးလွှမ်းထားသော အရာများသာ ဖြစ်ကုန်၏ဟူ၍၎င်း.. ဤသို့ အစရှိသောနည်းဖြင့် ကာမတရား ဘဝတရားတို့၌ အပြစ်ကိုရှုမြင် ဆင်ခြင်တော်မူပြီးလျှင် ထိုကာမတရား ဘဝတရားတို့မှ ထွက်မြောက် ကျွတ်လွတ်ခြင်းဟူသော နေက္ခမ္မ၌ အကျိုးအာနိသင်ကို ရှုဆင်ခြင်တော်မူ၍ နေက္ခမ္မပါရမီကို ဖြည့်ကျင့်တော်မူလေသည်။

     ထိုသို့ ဖြည့်ကျင့်ရာ၌ ရဟန်းအဖြစ်သည် နေက္ခမ္မပါရမီပြည့်ဝရန် အခြေခံမူလ အကြောင်းရင်းဖြစ်သောကြောင့် နေက္ခမ္မပါရမီကို အပြည့်အ၀ ဖြည့်ကျင့်ရန်အတွက် ဘုရားအလောင်းတော်သည် သာသနာပအခါ၌ ကုသိုလ် အကုသိုလ်ကံ (ကောင်းမှု မကောင်းမှု)တို့နှင့် ထိုကံတို့၏ အကျိုးတရားကား ထင်ရှားရှိ၏ဟု ယူသော ကမ္မဝါဒီ ကိရိယဝါဒီ ရသေ့ပရိဗိုဇ်တို့၏ ရသေ့ရဟန်းအဖြစ် ပရိဗိုဇ်ရဟန်းအဖြစ်ကို ရှေးဦးစွာ ခံယူတော်မူသည်။ သာသနာတွင်းအခါဖြစ်မူ သာသနာတွင်းသား ရဟန်းအဖြစ်ကို ခံယူတော်မူသည် (ရဟန်းပြုတော်မူသည်)။

     ရဟန်းပြုပြီးလျှင် ရှေး၌ ဆိုအပ်ပြီးသော ဝါရိတ္တသီလ စာရိတ္တ သီလနှစ်ပါး၌ တည်တော်မူ၍ ထိုသီလပါရမီ ဖြူစင်သန့်ရှင်းစေရန် ဓုတင်အကျင့်များကို ဆောက်တည် ကျင့်သုံးတော်မူသည်။



၂၁၅

     ယင်းသို့ ကျင့်ဝတ်ဓုတင် အမွှန်းတင်၍ သီလတည်းဟူသော ရေစင်ဖြင့် ကိလေသာအညစ်အကြေးတို့ကို ဆေးကြောသုဓ်သင် စင်စေတော်မူသဖြင့် အပြစ်မရှိ အလွန်စင်ကြယ်သည့် ကိုယ်အကျင့် နှုတ်အကျင့် ရှိတော်မူသော အလောင်းတော်သည် ရတတ်သမျှသော သင်္ကန်းဖြင့် မျှတရောင့်ရဲခြင်း ရတတ်သမျှသော ဆွမ်းဖြင့် မျှဘရောင့်ရဲခြင်း ရတတ်သမျှသော ကျောင်းဖြင့် မျှတရောင့်ရဲခြင်း တည်းဟူသော အရိယဝံသတရား ရှေ့သုံးပါး၌ တည်တော်မူပြီးဖြစ်ရကား လေးခုမြောက်ဖြစ်သည့် ဘာဝနာရာမ= (ဘာဝနာတရား၌ မွေ့လျော်ခြင်း) တည်းဟူသော အရိယဝံသတရားကို ရယူတော်မူဘို့ရန် သမထကမ္မဋ္ဌာန်း လေးဆယ်တို့၌ ထိုက်သည်အားလျော်စွာ ဘာဝနာတရား ပွါးများအားထုတ်တော်မူ၍ ဥပစာရဈာန် အပ္ပနာဈာန်သို့ ရောက်ရှိတော်မူသည်။ ယင်းသို့ အပ္ပနာဈာန်ပေါက် ရောက်တော်မူသည်ရှိသော် အလောင်းတော်အား နေက္ခမ္မပါရမီကို ကောင်းစွာ ဖြည့်ကျင့်အပ်သည် မည်လေတော့သတည်း။

(ကမ္မဋ္ဌာန်းလေးဆယ်နှင့်စပ်သော အကြောင်းအရာအကျယ်ကို ဝိသုဒ္ဓိမဂ်ကျမ်းမှ မှတ်ယူရာ၏။)

(ဤကား နေက္ခမ္မပါရမီကို ဖြည့်ကျင့်ပုံ စကားအစဉ်တည်း။)

(၄) ပညာပါရမီကို ဖြည့်ကျင့်ပုံ အစဉ်ကား..

     ပညာပါရမီကို ဖြည့်ကျင့်တော်မူသော အလောင်းတော်သည် ပညာတည်းဟူသော အလင်းရောင်သည် မောဟတည်းဟူသော အမိုက်မှောင်နှင့် အတူတကွ မဖြစ်နိုင်ရကား ရှေးဦးစွာ မောဟ၏အကြောင်းဖြစ်သည့် ကုသိုလ်တရားတို့၌ မမွေ့လျော်ခြင်း၊ ပျင်းရိခြင်း၊ ကိုယ်လက် တဆန့်ဆန့်ရှိခြင်း အစရှိသော တရားများကို ရှောင်ကြဉ်တော်မူပြီးလျှင် ပညာပွါးကြောင်းဖြစ်သည့် ဗာဟုသစ္စတရား ဈာန်တရား အစရှိသည်တို့၌ လုံ့လကြိုးကုတ် အားထုတ်တော်မူလေသည်။



၂၁၆

(က) သုတမယပညာ

     အလောင်းတော်သည် ဗာဟုသစ္စခေါ်သော သုတမယပညာ ရင့်သန်စေရန် ခန္ဓာငါးပါး, အာယတန တဆယ့်နှစ်ပါး, ဓာတ်တဆယ့်ရှစ်ပါး, သစ္စာလေးပါး, ဣန္ဒြေနှစ်ဆယ့်နှစ်ပါး, ပဋိစ္စသမုပ္ပါဒ်တရား, သတိပဋ္ဌာန်စသော ဗောဓိပက္ခိယတရားများ, ကုသိုလ် အကုသိုလ်စသော ပရမတ္ထတရား အထူးများနှင့်တကွ အပြစ်ကင်း၍ သတ္တဝါတို့၏ စီးပွါးချမ်းသာကို ရွက်ဆောင်နိုင်သည့် လောကီဝိဇ္ဇာအတတ်မျိုး တည်းဟူသော နှုတ်ဖြင့်လေ့လာအပ် ကြားနာအပ်သည့် သုတမယပညာ၏ အာရုံနယ်ပယ်များကို ဥပါယကောသလ္လဉာဏ် ရှေ့သွားရှိသော သတိ ဝီရိယ ပညာတို့ဖြင့် ရိုသေစွာ သင်ကြားနာယူ အရဆောင် လေ့လာမေးမြန်း စုံစမ်းသောအားဖြင့် ကိုယ်တော်တိုင်က ထိုတရားတို့၌ သက်ဝင်သိမြင်သော ပညာရှိဖြစ်တော်မူပြီးလျှင် သူတပါးတို့အား ထိုတရားတို့၌ တည်စေသောအားဖြင့် သုတမယပညာကို ဖြစ်စေတော်မူသည်။

     ထို့အတူ သတ္တဝါတို့၏ ထိုထိုပြုဘွယ်ကိစ္စ အဝဝတို့၌ ဖြစ်မြောက်အောင်မြင် ကြီးပွါးကြောင်းဖြစ်သည့် အချက်အလက်များ ပျက်စီးဆုံးရှုံးကြောင်းဖြစ်သည့် အချက်အလက်များကို ပိုင်းခြားသိမြင်သော ဥပါယကောသလ္လဉာဏ်ခေါ်သည့် ဌာနုပ္ပတ္တိက ပဋိဘာန် ပညာဉာဏ်ကိုလည်း သတ္တဝါတို့ အကျိုးရဖြစ်စေရန် ထိုထိုကိစ္စတို့၌ ထိုက်သည့်အလျောက် ဖြစ်စေတော်မူသည်။

(ခ) စိန္တာမယပညာ

     ထို့အတူ ခန္ဓာစသော သဘာဝဓမ္မ ပရမတ္ထတရားတို့၏ ဖြစ်ပုံအခြင်းအရာကို စိုက်စိုက်စူးစူး ရှုကြည့်ဆင်ခြင်တော်မူခြင်းဖြင့် စိန္တာမယပညာကို ဖြစ်စေတော်မူသည်။

(ခန္ဓာစသော သဘာဝဓမ္မတို့ကို သင်ကြားနာယူ မှတ်သားလေ့လာမှု ပြုသည်ကား သုတမယပညာ ဖြစ်သည်။ ထိုသင်ကြားနာယူ မှတ်သားလေ့လာပြီးသည့်



၂၁၇

သဘာဝဓမ္မတို့၏ ဖြစ်ပုံအခြင်းအရာကို ကြံစည်ခြင်း အဦးပြု၍ စိုက်စိုက်စူးစူး ရှုကြည့်ဆင်ခြင်သည်ကား စိန္တာမယပညာ ဖြစ်သည်။)

(ဂ) ဘာ၀နာမယပညာ

     ထို့အတူ ခန္ဓာစသော သဘာဝဓမ္မတို့၏ ကိုယ်ပိုင် လက္ခဏာ အမှတ်အသား, အများနှင့်ဆက်ဆံသော လက္ခဏာ အမှတ်အသားတို့ကို သိမ်းဆည်းမှတ်ယူသည်၏ အစွမ်းဖြင့် လောကီပရိညာတို့ကို ဖြစ်စေတော်မူသော အလောင်းတော်သည် ရှေ့ပိုင်း ဘာဝနာပညာဖြစ်သည့် သမ္မသနဉာဏ်အစရှိသော ဝိပဿနာဉာဏ် ကိုးပါးတို့ကိုလည်း ပွါးများ ပြည့်စုံစေတော်မူသည်။

ယင်းသို့ ပွါးများပြည့်စုံစေတော်မူသဖြင့်ပင် အလောင်းတော်သည် အဇ္ဈတ္တဗာဟိရ= (ကိုယ်တွင်းကိုယ်ပ)ဖြစ်သော ဝတ္ထုများကို နာမ်ရုပ်အနေဖြင့် ကောင်းစွာ သိမြင်တော်မူသည့်အတိုင်း “နာမ်ရုပ်မျှသာဖြစ်သော ဤသဘာဝဓမ္မအစုသည် ဆိုင်ရာဆိုင်ရာအကြောင်းတို့ကြောင့် ဖြစ်ကြချုပ်ကြပေ၏၊ ဤနာမ်ရုပ်တရားအစု၌ ပြုတတ်သူ ပြုစေတတ်သူဟူ၍ ပရမတ္ထအားဖြင့် တစိုးတစိ မရှိချေ၊ စင်စစ်ဧကန် အမှန်ရှိသော ရုပ်နာမ်တရား နှစ်ပါးတို့လည်း ဖြစ်ပြီးလျှင် ချုပ်ပျောက်တတ်သောကြောင့် အနိစ္စတို့ပါတကား၊ ဖြစ်ခြင်း ပျက်ခြင်းတို့ဖြင့် အနှိပ်စက်ခံနေရသောကြောင့် ဒုက္ခတို့ပါတကား၊ အလိုသို့ မလိုက်ပါသောကြောင့် အနတ္တတို့ပါတကား”ဟူ၍ ကိုယ်တွင်းကိုယ်ပ တရားနှစ်မျိုးလုံးမှာပင် အထူးအခြား အကွဲအပြားမရှိ တသားတည်း သိတော်မူလေသည်။ ထိုသို့ သိတော်မူပြီးလျှင် ထိုကိုယ်တွင်းကိုယ်ပ တရားအစု၌ ငြိကပ်တွယ်တာမှု လောဘကို ကိုယ်တိုင်လည်း စွန့်ပယ် သူတပါးကိုလည်း စွန့်ပယ်စေလျက် ဘုရားမဖြစ်မီ ဤအတွင်းကာလဝယ် (သဗ္ဗညုတဉာဏ် မပါသေးပဲ) မဟာကရုဏာ၏ အစွမ်းဖြင့်သာ သတ္တဝါတို့ကို ဗောဓိဉာဏ်သုံးပါး



၂၁၈

ရင့်သန်စေကြောင်းဖြစ်သော အကျင့်ပဋိပတ် ယာဉ်သုံးမျိုး၌ မရောက်သေးသူတို့ကို ရောက်စေခြင်း၊ ရောက်ပြီးသူတို့ကို ရင့်ကျက်စေခြင်းတို့ဖြင့် တည်စေတော်မူကာ ကိုယ်တော်မြတ်အတွက်မှာလည်း လောကီ ဈာန်သမာပတ် အဘိညာဉ်အမျိုးမျိုးတို့ကို ပိုင်စိုးနိုင်နင်းခြင်း ဝသီဘော်ငါးမျိုးသို့ ရောက်စေလျက် ထိုလောကီဈာန်သမာပတ် အဘိညာဉ်တို့နှင့်ယှဉ်သော သမာဓိ၏ ဥပကာရကျေးဇူး အထူးပြုချက်ကြောင့် ပညာ၏ အထွတ်အထိပ်မြောက် ရောက်တော်မူလေသည်။

(ဤ၌ လောကီ ဈာန်သမာပတ် အဘိညာဉ်ပွါးပုံ ဝိပဿနာဉာဏ်ဆယ်ပါး ပွါးပုံတို့ကို ဝိသုဒ္ဓိမဂ်ကျမ်းမှ မှတ်ယူရာ၏။ အထူးအားဖြင့်- ဝိသုဒ္ဓိမဂ်ကျမ်း၌ သာဝကဗောဓိလောင်းအတွက် ပညာဘာဝနာပွါးပုံကို မဂ်တိုင်အောင် ဖွင့်ပြထားသည်။ ဤ၌ကား သမ္မာသမ္ဗောဓိ ဘုရားအလောင်းတော်အတွက်ဖြစ်၍ ပွါးများသမျှ ဘာဝနာအလုပ်ကိစ္စတို့၌ ကရုဏာနှင့် ဥပါယကောသလ္လဉာဏ်တို့ ရှေ့သွားရှိခြင်း၊ ဘုရားအလောင်းဖြစ်၍ “ဉာဏဒဿနဝိသုဒ္ဓိ”ခေါ် မဂ်ဉာဏ်သို့မရောက်မီ ခြောက်ဆင့်မြောက်ဖြစ်သည့် “ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ”တွင်ရွေ့သာ ရပ်တန့် ထားရခြင်း ဝိပဿနာဉာဏ် ဆယ်ပါးတို့တွင်လည်း သင်္ခါရုပေက္ခာဉာဏ် ရှေ့ပိုင်းတိုင်အောင်သော အောက်ဝိပဿနာဉာဏ် ကိုးပါးတွင်ရွေ့သာ ပညာဘာဝနာကို ရပ်တန့်ထားရခြင်း ဤမျှသာထူးသည်။)

(ဤကား ပညာပါရမီကို ဖြည့်ကျင့်ပုံ အစဉ်တည်း။)

(၅) ဝီရိယပါရမီ (စသည်)ကို ဖြည့်ကျင့်ပုံ အစဉ်ကား..

     ရန်သူတဖက်ကို အနိုင်တိုက်ဖျက်လိုသော စစ်ဗိုလ်မှူးသည် အချိန်ရှိသမျှ မရပ်မနား အားထုတ်ရသကဲ့သို့ ထို့အတူ ကိလေသာရန်သူတို့ကို ဆရာမကူ ကိုယ်တော်တိုင် အောင်တော်မူပြီးလျှင်



၂၁၉

ဝေနေယျတို့ကိုလည်း ကိုယ်တော့်နည်းတူ အောင်စေတော်မူလိုသော ဘုရားအလောင်းတော်သည် အချိန်ရှိသမျှ ပါရမီတော်များပြည့်ဝရန် လုံ့လကြိုးကုတ် အားထုတ်တော်မူလေသည်။

     ထို့ကြောင့် ဘုရားအလောင်းတော်သည် အခါမလပ် သတိချပ်လျက် “ငါသည် ယနေ့ အဘယ်သို့သော ကုသိုလ်ပညာ အဆောက်အဦများကို ပွါးများအပ်ပြီနည်း၊ ငါသည် ယနေ့ အဘယ်သို့သော သူတပါးအစီးအပွါးကို ပြုအပ်ပြီနည်း”ဟု နေ့တိုင်းနေ့တိုင်း ဆင်ခြင်လျက် သတ္တဝါတို့ အစီးအပွါးဖြစ်ရန် လုံ့လကြိုးကုတ် အားထုတ်မှု ပြုတော်မူလေသည်။

     သတ္တဝါတို့အား ကျေးဇူးရှိဖို့ရန် ကိုယ်ပိုင်ဝတ္ထုပစ္စည်းများကို ကိုယ်နှင့်အသက်ကို မငဲ့ကွက်ပဲ ရက်ရက် စွန့်လှူတော်မူလေသည်။

     ကာယကံမှု ဝစီကံမှု ပြုသမျှ ပြောသမျှဥဿုံ အလုံးစုံကိုလည်း သဗ္ဗညုတဉာဏ်၌ ညွတ်ကိုင်းရှိုင်းသော စိတ်ရှိ၍သာ ပြုတော်မူ ပြောတော်မူသည့်ပြင် ပြုသမျှ ပြောသမျှ ကာယကံကုသိုလ် ၀စီကံကုသိုလ်တို့အတွက်လည်း သဗ္ဗညုတဉာဏ်ကို ရဖို့ရန်သာ စိတ်ညွတ် ဆုသန်တော်မူလေသည်။

     (ယုတ်ညံ့သော ဝတ္ထုကာမ များပြားသော ဝတ္ထုကာမတို့ကို မဆိုထားဘိ) မွန်မြတ်သော ဝတ္ထုကာမ အနည်းငယ်မျှသော ဝတ္ထုကာမတို့မှသော်လည်း ဆုတ်နစ်သောစိတ် ထွက်မြောက်လိုသောစိတ်သာ ရှိတော်မူသည်။

     ပြုဖွယ်ကိစ္စ အဝဝတို့၌လည်း ဥပါယကောသလ္လဉာဏ်ကို ဖြစ်စေ၍သာ ပြုတော်မူသည်။

     သတ္တဝါတို့၏ ထိုထိုအစီးအပွါး၌ အမြဲအားထုတ် လုံ့လပြုတော်မူသည်။

     ဣဋ္ဌ အနိဋ္ဌ တွေ့သမျှကောင်းဆိုး အာရုံအမျိုးမျိုးကိုလည်း သည်းခံတော်မူလေသည်။

     အသက်ဟူသော အကြောင်းကြောင့်သော်မှလည်း ချွတ်ယွင်းမှုကို မဖြစ်စေပဲ အမှန်၌သာ တည်တော်မူသည်။



၂၂၀

     ခပ်သိမ်းသော သတ္တဝါတို့ကို အပိုင်းအခြားမထား မေတ္တာကရုဏာတရား ပွါးများတော်မူသည်။ သားသမီး၏ဒုက္ခကို ကိုယ်ကသာ ခံစားလိုသော ဖခင်ကဲ့သို့ သတ္တဝါတို့အပေါ်၌ ကျရောက်မည့် ဒုက္ခအဝဝကို ကိုယ်တော့်အပေါ်၌သာ ကျရောက်ခံစားရန် အလိုဆန္ဒ ရှိတော်မူသည်။

     ခပ်သိမ်းသော သတ္တဝါတို့၏ ကုသိုလ်ကောင်းမှုကို ဝမ်းမြောက်ဝမ်းသာ သာဓုအနုမောဒနာ ပြုတော်မူသည်။ ဘုရားရှင်တို့၏ ကြီးမြတ်ပုံ အာနုဘော်ကြီးလှပုံကို မပြတ် ဆင်ခြင်တော်မူသည်။ ပြုသမျှ ပြောသမျှ ကာယကံမှု ၀စီကံမှု အစုစုကိုလည်း သဗ္ဗညုတဉာဏ်၌ ညွတ်ကိုင်းရှိုင်းသော စိတ်ရှိ၍သာ ပြုတော်မူ ပြောတော်မူသည်။

     ဤနည်းဖြင့် ဒါနအစရှိသော ကောင်းမှုတို့၌ အမြဲမပြတ် အားထုတ်တော်မူသော အလောင်းတော်သူမြတ်အား မနှိုင်းရှည်နိုင်သော ကုသိုလ်ပညာ အဆောက်အဦများ နေ့တိုင်း နေ့တိုင်း တိုးပွါးလေသည်။

     ထိုမှတပါးလည်း.. ဘုရားအလောင်းတော်သည် သတ္တဝါတို့သုံးဆောင်ရန် သတ္တဝါတို့ကို စောင့်ရှောက်ရန်အတွက် ကိုယ်နှင့်အသက်ကို ရက်ရက်စွန့်တော်မူပြီးလျှင် သတ္တဝါတို့ တွေ့ကြုံနေရသော ဆာလောင်မွတ်သိပ်ခြင်းဒုက္ခ.. အချမ်းအပူ လေနေတို့ နှိပ်စက်ခြင်းဒုက္ခ အစရှိသည်ကို ပယ်ရှားနိုင်ကြောင်း နည်းလမ်းကောင်းကို ရှာမှီး အသုံးပြုတော်မူလေသည်။ ဆိုအပ်ပြီးသည့် ဒုက္ခတို့ကို ပယ်ရှားသဖြင့် ကိုယ်တော်မြတ်ရရှိသော ချမ်းသာသုခ အမျိုးမျိုးကို၎င်း၊ မွေ့လျော်ဖွယ်ကောင်းသည့် အရာမ် ဥယျာဉ် ပြာသာဒ် တဖက်ဆည်ကန် တောကျောင်း စသည်တို့၌ နေရ၍ ကိုယ်တော်မြတ်ရရှိသော ကာယသုခ စိတ္တသုခ အမျိုးမျိုးကို၎င်း၊ ဘုရား ပစ္စေကဗုဒ္ဓါ အရိယာသာဝက ဘုရားအလောင်းတော်ကြီးများသည် တောထွက်တော်မူကြပြီးလျှင် ဤသို့သဘောရှိသော ဈာန်သမာပတ် ချမ်းသာတို့ကို မြိန်ရှက်စွာ သုံးဆောင် ခံစားကြရကုန်သတ်ဟု တဆင့်စကား ကြားသိရသော



၂၂၁

ချမ်းသာသုခ အမျိုးမျိုးကို၎င်း ခပ်သိမ်းသော သတ္တဝါတို့၌ အပိုင်းအခြားမထား သတ္တဝါတိုင်း ရရှိခံစားနိုင်ကြရန် စိတ်သန် ရွက်ဆောင်တော်မူလေသည်။

(ဤကား ဈာန်သမာပတ်ကို မရသေးမီကာလ၌ တည်ရှိသော အလောင်းတော်၏ ရွက်ဆောင် အားထုတ်တော်မူပုံတည်း။)

     ဈာန်သမာပတ်ကို ရရှိပြီးသော အလောင်းတော်သည်ကား ကိုယ်တိုင်ခံစား သုံးဆောင်ရသည့် ဈာန်သမာပတ်ကို ရခြင်းကြောင့်ဖြစ်သော ဝမ်းမြောက်ခြင်း ငြိမ်းအေးခြင်း ချမ်းသာခြင်း တည်ကြည်ခြင်း အမှန်အတိုင်းသိမြင်ခြင်း ဤတရားစုကို သတ္တဝါတို့၌ နှလုံးသွင်းတော်မူလျက် ကိုယ်တော့်ထပ်တူ ရကြပါစေဟူ၍ စိတ်ညွတ် အားထုတ်တော်မူလေသည်။

     ထိုမှတပါး.. ကြီးစွာသော သံသရာဝဋ်ဆင်းရဲ၌၎င်း ထိုသံသရာဝဋ်ဆင်းရဲ၏ အကြောင်းဖြစ်သော ကိလေသာဆင်းရဲ သံသရာ၌ လည်စေတတ်သည့် ဝဋ္ဋဂါမိကံတည်းဟူသော အဘိသင်္ခါရဒုက္ခထဲ၌၎င်း ကယ်ဆယ်မည့်သူမှ ကင်းကွာနစ်မြုပ်နေသော သတ္တဝါတို့ကို မြင်တော်မူလေသည်။ မြင်တော်မူပုံမှာ-

ငရဲသား သတ္တဝါတို့ကို ဖြတ်တောက် ခုတ်ထစ် ခွဲစိတ် ကြိတ်ချေမှု အစရှိသည် ငရဲမီးပူ အစရှိသည်တို့ကြောင့် သည်းထန်စွာသော ဒုက္ခဝေဒနာကို အခါမပြတ် ကာလရှည်ကြာစွာ ခံစားနေကြရသည်တို့ကို လင်းလင်းထင်ထင် မြင်တော်မူ၏။

တိရစ္ဆာန်သတ္တဝါတို့ကို အချင်းချင်း အမျက်ထွက်ခြင်း ပူပန်စေခြင်း ညှဉ်းပန်းသတ်ဖြတ်ခြင်း သူတပါးခိုင်းသမျှ စေသမျှ ခံရခြင်း စသည်ကြောင့် ကြီးစွာသော ဆင်းရဲဒုက္ခ ခံစားနေကြရသည်တို့ကို လင်းလင်းထင်ထင် မြင်တော်မူ၏။

ပြိတ္တာသတ္တဝါတို့ကို တကိုယ်လုံး မီးပန်းကြီးများ ဖုံးလွှမ်းလျက် ဆာလောင်မွတ်သိပ်ခြင်း လေ နေပူစသည်တို့ဖြင့်



၂၂၂

လောင်ကျွမ်းခန်းခြောက်ကြ၍ ရမိရရာ အန်ဖတ် တံတွေး အစရှိသော အညစ်အကြေးတို့ကို စားသောက် နေကြပြီးလျှင် လက်ရုံးကို ချီးမြှောက်ကာ ငိုကြွေးကြလျက် ကြီးစွာသော ဆင်းရဲဒုက္ခ ခံစားနေကြရသည်တို့ကို လင်းလင်းထင်ထင် မြင်တော်မူ၏။

လူသတ္တဝါများကိုလည်း အချို့လူများ ဝမ်းရေးအတွက် အကျိုးမဲ့ ပျက်စီးကြပုံ၊ လက်ဖြတ် ခြေဖြတ် အစရှိသော ရာဇဝတ်မှုပြစ်ဒဏ် ခံရခြင်းကြောင့် ရုပ်ပျက်ဆင်းပျက် အမြင်ရခက် ဆင်းရဲတွင်းနက်ခြင်း စသည်ဖြင့် ငရဲသားတို့နှင့်မခြား ဆင်းရဲဒုက္ခ ခံနေကြရပုံ၊ အချို့လူများ ဝမ်းရေး မလုံလောက်သဖြင့် ဆာလောင်မွတ်သိပ်ခြင်းစသော အနာရောဂါ အနှိပ်စက်ခံရ၍ ပြိတ္တာတို့နှင့်မခြား ဆင်းရဲဒုက္ခ ခံနေကြရပုံ၊ အချို့လူများ ပစ္စည်းအား လူအား နည်းပါးသည့်အတွက် အားရှိသူတို့၏ အနှိပ်စက်ခံနေကြရခြင်း ထိုသူတို့၏ အကျိုးကိုသာ သည်ပိုး ရွက်ဆောင်နေရခြင်း မိမိ၏ သေရေးရှင်ရေးကိစ္စတို့၌ ထိုအားရှိသူတို့နှင့်သာ ဆက်စပ်နေခြင်း (ထိုသူတို့ကိုသာ အားထားနေရခြင်း)တို့ဖြင့် တိရစ္ဆာန်နှင့်မခြား ဆင်းရဲဒုက္ခ ခံနေကြရပုံကိုလည်း လင်းလင်းထင်ထင် မြင်တော်မူ၏။

ကာမာဝစရ နတ်ပြည်ခြောက်ထပ်နေ နတ်များကိုလည်း (သာမန်လူတို့က ချမ်းသာမှုသက်သက်ကိုသာ မြင်နေကြသော်လည်း) ဘုရားအလောင်းတော်၏ အမြင်မှာမူ ဝတ္ထုအာရုံ ကာမဂုဏ်အဆိပ်ကို စားမျိုမိခြင်းကြောင့် ပြန့်လွင့်သော စိတ်ရှိကြသဖြင့် ရာဂ ဒေါသ မောဟ တည်းဟူသော ပူပန်ခြင်းတို့ဖြင့် ပူပန်၍ နေကြပြီးလျှင် လေအဟုန်ပင့်သဖြင့် အလျှံတပြောင်ပြောင် တောက်လောင်၍နေသော ထင်းခြောက် မီးပုံကြီး များပမာ အခါခပ်သိမ်း မငြိမ်းအေးနိုင်ကြပဲ ပူပန်စွာဖြင့်ပင် အသက်ရှင်နေကြရ၍ မငြိမ်းအေးနိုင်မှု နှိပ်စက်အပ်သဖြင့် သူတပါးကို



၂၂၃

အားကိုးအားထား ပြုနေကြရသည်တို့ကို လင်းလင်းထင်ထင် မြင်တော်မူ၏။

ရူပါဝစရ အရူပါဝစရဘုံသား ဗြဟ္မာကြီးများကိုလည်း ကြီးစွာသောလုံ့လဖြင့် ဝေးမြင့်သီခေါင် အထက်ကောင်းကင်သို့ ပစ်မြှောက်အပ်သော ငှက်တို့ကဲ့သို့၎င်း၊ အားကောင်းသောယောက်ျား အဝေးသို့ တအားပစ်အပ်သော မြားတို့ကဲ့သို့၎င်း မဟာကပ်ပေါင်း ရှစ်သောင်းလေးထောင် ကြာမြင့်အောင်ပင် အသက်ရှင်နေကြစေကာမူ မမြဲခြင်း အနိစ္စလျှင် အဆုံးရှိကြသောကြောင့် အောက်သို့ကျခြင်းလျှင် အဆုံးရှိကုန်စွာ့တကား..၊ ဇာတိဒုက္ခ ဇရာဒုက္ခ မရဏဒုက္ခကို မလွန်မြောက်နိုင်ကုန်စွာ့တကားဟု လင်းလင်းထင်ထင် မြင်တော်မူ၏။

     ထိုသို့ လင်းလင်းထင်ထင် သိမြင်တော်မူသဖြင့် သံဝေဂကြီးစွာ ဖြစ်ရှိတော်မူပြီးလျှင် မေတ္တာ ကရုဏာ နှစ်ပါးဖြင့် အပိုင်းအခြားမထား သုံးဆယ့်တဘုံသား သတ္တဝါတို့ကို ဖြန့်တော်မူလေသည်။

     ဤသို့ ကိုယ်နှုတ်နှလုံး သုံးပါးတို့ဖြင့် ဗောဓိသမ္ဘာရ ကုသိုလ်များကို အကြားမလပ် ဆည်းပူးတော်မူသော အလောင်းတော်သူမြတ်သည် ပါရမီတော်များ အထွတ်အထိပ်ရောက် ပြည့်မြောက်အောင် ရိုသေစွာ ပွါးများခြင်းဟူသော သက္ကစ္စဘာဝနာ, အခါမပြတ် ပွါးများခြင်းဟူသော သာတစ္စဘာဝနာတို့ဖြင့် မဆုတ်မနစ် အားသစ်တော်မူလေသည်။

     တနည်းလည်း.. မကြံစည်နိုင် မနှိုင်းရှည်နိုင်သော ပြန့်ပြောများမြတ်၍ အညစ်အကြေးမထင် သန့်စင်လှစွာသည့် ဂုဏ်ကျေးဇူးအပေါင်း၏ တည်ရာဖြစ်သော ဘုရားအဖြစ်သို့ရောက်အောင် ပို့ဆောင်နိုင်လျှင်း အကြောင်းရင်းဖြစ်သော ဝီရိယမည်သည် ကြံစည်၍မရအောင်ပင် အာနုဘော်ကြီးလှပေ၏။ ယင်းသည့် အလောင်းတော်၏ဝီရိယကို သာမန်လူများ ကျင့်နိုင်ဘို့ကိုထားဘိ ကြားရုံမျှပင် မကြားဝံ့ကြပေ။



၂၂၄

     ချဲ့ဦးအံ့.. “ဗုဒ္ဓေါ ဗောဓေယျံ၊ မုတ္တော မောစေယျံ၊ တိဏ္ဏော တာရေယျံ” အကြံသုံးပါး အရင်းထား၍ ဘုရားဖြစ်ရန် ဆုပန်တော်မူခြင်း၊ (ရှေး ပါရမီတို့၏ အကြောင်းတရားအခဏ်း၌ ပြခဲ့ပြီးသည့်) ဗုဒ္ဓဘူမိတရားကြီး လေးပါး၊ သင်္ဂဟဝတ္ထုလေးပါး၊ ကရုဏာအလုပ်ကိစ္စ တခုသာရှိခြင်း၊ ဘုရားဂုဏ်ကျေးဇူးတို့၌ မျက်မှောက် ပြုခြင်းဖြင့် ထူးချွန်သော အကြောင်းဖြစ်သည့် တရားသဘောကို စူးစူးစိုက်စိုက် ကြည့်ရှုဆင်ခြင်ခြင်း၊ ခပ်သိမ်းသော တရားတို့၌ တဏှာ မာန ဒိဋ္ဌိတို့ဖြင့် မလိမ်းကျံခြင်း၊ ခပ်သိမ်းသော သတ္တဝါတို့၌ ချစ်လှစွာသော သားသမီးအမှတ် ပြုနိုင် ထားနိုင်ခြင်း၊ ဘုရားဖြစ်ရန် ကျင့်ကြံရ၍ တွေ့သမျှ ကြုံသမျှသော သံသရာဆင်းရဲဒုက္ခတို့၌ ပင်ပန်းသောစိတ် မရှိခြင်း၊ လှူဖွယ်ဝတ္ထု အလုံးစုံကို စွန့်လှူခြင်း၊ ယင်းသို့ စွန့်လှူရသဖြင့် “ငါလိုလှူနိုင်သူ ဇမ္ဗူမှာမရှိ”ဟု မာန်မာန မတက်ကြွခြင်း၊ အဓိသီလ အဓိစိတ္တ အမိပညာ ကျင့်ဖွယ်ရာတရားတို့ကို ဆောက်တည်ခြင်း၊ ထိုတရားတို့ကို ကျင့်ရာ၌ မတုန်မလှုပ် ကြံ့ခိုင်ခြင်း၊ ကုသိုလ်မှုတို့၌ ဝမ်းမြောက် ရွှင်ပျ နှစ်သက်လှခြင်း၊ ဝိဝေကသုံးပါး၌ ညွတ်ကိုင်းသော စိတ်ရှိခြင်း၊ ဈာန်တရားတို့ကို အားထုတ်ခြင်း၊ အပြစ်မရှိသော တရားဖြင့် မရောင့်ရဲခြင်း၊ မိမိကြားနာအပ်ပြီးသော တရားတို့ကို သူတပါးတို့အား အစီးအပွါးကို လိုလားသောစိတ်ဖြင့် ဟောကြားပြသခြင်း၊ ပါရမီကောင်းမှု ကုသိုလ်စုကို အစပျိုးကာ ကြိုးစား အားသစ်တော်မူခြင်း၊ မလျှော့မဆုတ် တိုး၍တိုး၍ ရဲရင့်စွာ အားထုတ်ခြင်း၊ သူတပါးက စွပ်စွဲမှု ကျေးဇူးမဲ့ပြုမှုတို့ကြောင့် ဖောက်ပြန်တုန်လှုပ်ခြင်း အလျဉ်းမရှိခြင်း၊ သစ္စာတရား၌ စွဲမြဲစွာတည်ခြင်း၊ ဈာန်သမာပတ်တို့၌ လေ့လာနိုင်နင်းတော်မူခြင်း၊ အဘိညာဉ်တို့၌ စွမ်းအားသို့ ရောက်ရှိခြင်း၊ လက္ခဏာရေးသုံးပါးကို ကိုယ်စွမ်းဖြင့် ပိုင်းခြား သိမြင်ခြင်း၊ သတိပဋ္ဌာန်အစရှိသော တရားတို့၌ ကမ္မဋ္ဌာန်းအလုပ် ပွါးများအားထုတ်ခြင်းဖြင့် လောကုတ္တရာမဂ်လေးပါး၏ အဆောက်အဦတို့ကို ဆည်းပူးအားထုတ်ခြင်း၊ လောကုတ္တရာတရား ကိုးပါးသို့ ရောက်ဆိုက်ခြင်း၊ ဤသို့ အစရှိသည့် သဗ္ဗညုတဉာဏ်၏ အဆောက်အဦ ကုသိုလ်များကို



၂၂၅

ဆည်းပူးပွါးများ ဖြည့်ကျင့်ခြင်း ဟူသမျှသည် ဝီရိယတော်၏ အာနုဘော်ဖြင့်သာ ပြည့်စုံနိုင်ရကား ဘုရားအလောင်းတော်သည် ဘုရားဆုပန်သည်မှ ဘုရားဖြစ်သည်တိုင်အောင် မဆုတ်မနစ်ပဲ ရိုသေစွာ အခါမပြတ် ဝီရိယတော်မြတ်ကို အထက်အထက် တရားထူးများသို့အရောက် ပို့ဆောင်နိုင်အောင် ကြိုးကုတ် အားထုတ် ပြည့်စုံစေတော်မူသည်။

     ဆိုအပ်ပြီးသည့် ပရက္ကမ= ( အထက်အထက်ရောက်အောင် ပို့ဆောင်တတ်သော) ဝီရိယတော်ပြည့်စုံလျှင် နောက်ဖြစ်သော ခန္တီပါရမီ သစ္စာပါရမီ အစရှိသည့် ပါရမီတော်များ ဒါန သီလအစရှိသော ရှေးပါရမီတော်များလည်း ဝီရိယနှင့်စပ်၍ ဖြစ်ခြင်းကြောင့် ပြည့်စုံကြတော့သည်သာ ဖြစ်ရကား ခန္တီပါရမီ အစရှိသော နောက်နောက် ပါရမီတို့၌လည်း ဤနည်းဖြင့် ကျင့်ပုံအစဉ်ကို သိရာ၏။

     ဤသို့လျှင်-

သတ္တဝါတို့အား ချမ်းသာသုခ၏ အဆောက်အဦဖြစ်သော လှူဖွယ်ဝတ္ထုတို့ကို စွန့်လှူခြင်းဖြင့် အထူးထူးအပြားပြား ချီးမြှောက်ခြင်းသည် ဒါနဖြင့် ဖြည့်ကျင့်ခြင်း ဖြစ်သည်။ သတ္တဝါတို့၏ အသက် ဥစ္စာအနှစ် သား မယားတို့ကို မဖျက်ဆီးခြင်း စောင့်ရှောက်ခြင်း မကွဲပြားစေခြင်း ချစ်ဖွယ်စကား ပြောကြားခြင်း အစီးအပွါးရှိသောစကားကို ပြောကြားခြင်း စသည်သည် သီလဖြင့် ဖြည့်ကျင့်ခြင်းဖြစ်သည်။ ထို့အတူ နေက္ခမ္မဖြင့် သတ္တဝါတို့၏ ပစ္စည်းလေးပါးကိုခံယူခြင်း သတ္တဝါတို့အား တရားအလှူကို ပေးခြင်း စသည်ဖြင့် များစွာသော အစီးအပွါးကို ကျင့်ခြင်း.. ပညာဖြင့် သတ္တဝါတို့၏ စီးပွါးဖြစ်ကြောင်း ဥပါယ်ကောင်း၌ ကျွမ်းကျင်သိမြင် လိမ္မာခြင်း.. ဝီရိယဖြင့် ထိုဥပါယ်ကောင်း၌ အဆင်းရဲခံကာ မဆုတ်မနစ် အားထုတ်တော်မူခြင်း.. ခန္တီဖြင့် သတ္တဝါတို့ပြစ်မှားသမျှ အပြစ်များကို သည်းခံခြင်း.. သစ္စာဖြင့် သတ္တဝါတို့အား



၂၂၆

မလိမ်လည် မလှည့်ဖြားခြင်း သတ္တဝါတို့အား ကျေးဇူးပြုရန် ဆောက်တည်ချက်ကို မချွတ်ယွင်းစေခြင်း.. အဓိဋ္ဌာန်ဖြင့် သတ္တဝါတို့ ကျေးဇူးရှိရန် ရွက်ဆောင်ခြင်းကြောင့် ကိုယ်တော့်အပေါ်၌ အကျိုးမဲ့ရောက်စေကာမူ မတုန်လှုပ်ခြင်း.. မေတ္တာဖြင့် သတ္တဝါတို့၏ စီးပွါးချမ်းသာကို အဖန်ဖန် ကြံစည်ခြင်း.. ဥပေက္ခာဖြင့် သတ္တဝါတို့က ကိုယ်တော့်အပေါ် ကျေးဇူးပြုမှု ကျေးဇူးမဲ့ကို ပြုမှုတို့ကြောင့် ဖောက်ပြန်မှုသို့ မရောက်ခြင်း.. ဤသို့လျှင် အပိုင်းအခြားမရှိသော သတ္တဝါတို့ကို အကြောင်းပြု၍ အလောင်းတော်၏ သူအများနှင့်မဆက်ဆံ (သူမတူတန်)သော မနှိုင်းရှည်နိုင်သည့် ကုသိုလ်ပညာ အဆောက်အဦများကို ဆည်းပူးပွါးများ အားထုတ်ခြင်းနှင့် ရှေး၌ ဆိုအပ်ပြီးသည့် ပါရမီတို့၏ အကြောင်းတရားများကို ရိုသေစွာ ပြည့်စုံစေခြင်း များကို အကျဉ်းချုပ်အားဖြင့် ပါရမီတို့ကို ဖြည့်ကျင့်ခြင်း ပဋိပတ်ဟူ၍ သိမှတ်ရာ၏။

**********