မဟာဗုဒ္ဓဝင်/အခန်း- ၄၂

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
အခန်း- ၄၂

၅၅၃

ဓမ္မရတနာ

အခဏ်း-၄၂

     ဤဓမ္မရတနာ (တရားရတနာ)အခဏ်း၌ မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်- တည်းဟူသော လောကုတ္တရာတရားကိုးပါး ပရိယတ္တိတရား ထိုပရိယတ်ဖြင့် ထင်ရှားဖော်ပြအပ်သည့် ပဋိပတ်တရား ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးများ ဤသို့စသည် များစွာသော တရားတို့အနက် ရှေးဦးစွာ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးအပေါင်း တည်းဟူသော ဓမ္မရတနာအကြောင်းကို မကျဉ်းမကျယ် မှတ်သိလွယ်ရုံ ဖော်ပြပါအံ့-

ဘုရားဂုဏ်တော်ကိုးပါး

     မြတ်စွာဘုရားရှင်၌ ထင်ရှားရှိသော ဂုဏ်ကျေးဇူးတော်များမှာ အသင်္ချေယျ အပ္ပမေယျပင် ဖြစ်ပေ၏။ ထိုအသင်္ချေယျ အပ္ပမေယျ ဂုဏ်တော်တို့အနက်မှ လူ, နတ်, ဗြဟ္မာ သတ္တဝါတို့ အလွယ်တကူ မှတ်ယူကြည်ညိုနိုင်စေရန် ဥပလက္ခဏနည်းပြအားဖြင့် ထိုထိုသုတ္တန်ပေါင်း များစွာတို့၌ အရဟံ-အစရှိသော ဂုဏ်တော်ကိုးပါးကို မြတ်စွာဘုရား ဟောကြားတော်မူအပ်ခဲ့လေသည်။ (တရားဂုဏ်တော် ခြောက်ပါး, သံဃဂုဏ်တော် ကိုးပါး ဟောကြားတော်မူရာ၌လည်း ဤနည်းအတူပင်တည်း)။

ဘုရားဂုဏ်တော်ကိုးပါး ပါဠိ

ဣတိပိ သော ဘဂဝါ အရဟံ, သမ္မာသမ္ဗုဒ္ဓေါ, ဝိဇ္ဇာစရဏသမ္ပန္နော, သုဂတော, လောကဝိဒူ, အနုတ္တရောပုရိသဒမ္မသာရထိ, သတ္ထာဒေဝမနုဿာနံ, ဗုဒ္ဓေါ, ဘဂဝါ။

ဘုရားဂုဏ်တော်ကိုးပါး ဘာသာပြန်

(ဤ ဘုရားဂုဏ်တော်ကိုးပါး, တရားဂုဏ်တော်ခြောက်ပါး, သံဃဂုဏ်တော်ကိုးပါးဆိုင်ရာ မြန်မာပြန် အနက်နိဿယတို့မှာ ထင်ရှားသော



၅၅၄

ဆရာတော် တပါး တပါးလျှင် တမူ တမူကျစီ နိဿယ ပြန်ဆိုတော်မူခဲ့ကြပါသည်။ ထိုနိသယမူပေါင်း များစွာတို့အနက်မှ အနှစ်သာရ ပြည့်နှက်ပါလျက် စာဖတ်ပရိသတ်တို့၏ မျက်မှောက်သို့ မရောက်သေးသော (တနည်း– အရောက်အပေါက် နည်းပါးသေးသော) မြင်းခြံမြို့ ၉-ဆောင်တိုက် အဂ္ဂမဟာပဏ္ဍိတ ဝေဇယန္တာအုတ်ကျောင်း ဆရာတော် အရှင်ဝေပုလ္လာဘိဓဇမထေရ် နိဿယ မြန်မာပြန်ဆိုချက်ကို ဤကျမ်း၌ ဦးတည်ဖော်ပြပါမည်)-

သော ဘဂဝါ = အကြင် ဘုန်းတော်နေဝန်း ထွန်းလင်းတောက်ပတော်မူသော အစိန္တေယျ မြတ်စွာဘုရားသည်။ သမတိံသပါရမိယော = ဤကား အစ ဤမျှ အဆုံး ဂဏန်းကျုံးလည်း တောင်လုံးမြေစုဏ့် အမှုန့်မလောက် ကြားသော်ကြောက်အံ့သော ဆောက်ဦသမ္ဘာရ အမျှသုံးဆယ်သော ပါရမီတော်တို့ကို။ ပူရေတွာ = လောကဓာတ်တရိုး ဆွေတော်မျိုးနှင့် ကိုယ်ကျိုးစင်စစ် ဖြစ်စေအံ့ဟူ ဖြည့်ကျင့်တော်မူပြီး၍။ သဗ္ဗကိလေသေ = ဗျည်းသတ္တရိ မှတ်သိချက်မှန် နိ, လက်, နာမ်ကို ကိ, သန်မြှောက်ကိန်း ထောင့်ငါးရာ မှတ်ထိမ်းသော ခပ်သိမ်းသော ကိလေသာတို့ကို။ ဘဉ္ဇိတွာ = ၀ဇီရိန်စက်မျိုး မဂ်တန်ခိုးဖြင့် ဖျက်ချိုးတော်မူပြီး၍။ အနုတ္တရံ = ဗြဟ္မာ,နတ်,လူ သုံးဘုံသူတို့တွင် အတူမရှိသော။ သမ္မာသမ္ဗောဓိံ = ရွှေကြာပဒုံ နေအရုဏ်နှင့် ဆုံမိသဖြင့် ကောင်းစွာပွင့်သကဲ့သို့ လေးဆင့်မြောက်မဂ် ဉာဏ်ရောင်စက်နှင့် ပေါင်းဖက်ရကား တရားလုံးစုံ ဆုံးကုန်မြင်မှု စပ်ယှဉ်၍မတုနိုင်သော သဗ္ဗညုတ ရွှေဉာဏ်တော်ကို။ အဘိသမ္ဗုဒ္ဓေါ = ပစ္စဝေက္ခဏာဇော စောကာလွယ်ကူ ရတော်မူပြီ။ (ဝိသုဒ္ဓိမဂ် မဟာဋီကာ ပဌမအုပ် စာမျက်နှာ ၂၁၉- နှင့်အညီ ထည့်အပ်သော အနိယတ်ဝါကျဖြစ်သည်)။

(၁) သော ဘဂဝါ = ထိုဘုန်းတော်နေရှိန် ထိန်တဝင်းဝင်း ထွန်းလင်းတောက်ပတော်မူသော အစိန္တေယျ မြတ်စွာဘုရားသည်။ ဣတိပိ = ဤသို့ အတိတေက



၅၅၅

ငြိပေလှသော ကိလေသမာရ် ကိုယ်တွင်းရန်ကို ဉာဏ်ဝဇီရိန် လက်နက်တော် ချိန်ပြီးလျှင် တချိန်တည်းပစ်ခတ် အဆုံးတိုင်သတ်တော်မူခြင်း.. (က)၊ ထက်ကြပ်မကွာ ဝါသနာဘာဂီ လာဝသီနှင့်တကွ ပါရမီလက်ရှိန် စက်ဝဇီရိန်ဖြင့် တချိန်တည်းပစ်ခတ်၍ သတ်အပ်သော ကိလေသာရန်ဘေး ဝေးသည်ထက် ဝေးတော်မူခြင်း.. (ခ)၊ ပညာရှိယောင် သူတော်ယောင်သို့ ဆောင်ကုန်သသူ တပါးလူတို့သည် သူတပါးတို့ မနှစ်မြို့၍ ပြစ်ဖို့ကြမည် ကဲ့ရဲ့မည်ကို ကြံစည်စိုးရိမ်သဖြင့် အချိန်ကာလ ဌာနနီးဝေး ရွေးကာချယ်ကာ ဆိတ်ကွယ်ရာ၌ ယုတ်မာညစ်ကျု မကောင်းပြုသကဲ့သို့ ဒုစရိုက်ကို ပြုထိုက်ရာသော ရဟောဌာန မောဟအဝိဇ္ဇာ မပိတ်ကာသဖြင့် ဆိတ်ကွယ်ရာ ကင်းတော်မူခြင်း.. (ဂ)၊ အဝိဇ္ဇာတည်းဟူသော ပုံတောင်းအချက် ဇရာ,မရဏ တည်းဟူသော အကွပ်နှင့်စပ်လျက် စဉ်ဆက်မကွာ တည်လစ်ပါသော သင်္ခါရာဒိဆယ်တန့် သံသရာစက်အကန့်တို့ကို အရဟတ္တမဂ်ဉာဏ်ပုဆိန်ဖြင့် တချိန်တည်းရိုက်ချိုး သွန်သွန်ကျိုးစေတော်မူခြင်း.. (ဃ)၊ အာဏာ,ဇာတိ, ခေတ်ဝိသယ အနန္တလောကဓာတ် နတ်နှင့်တကွသော လူသုံးဦးတို့ အဖူးအမြော် အပူဇော်ကို ခံတော်မူထိုက်ခြင်း.. (င)၊ ယင်းသို့ အရီနံ ဟတ, အာရကနှင့် ရဟအဘာဝါ, အရာဟတ, ပစ္စယအရဟာဟူသော သဒ္ဒါအဘိဓာန် မဟာတံဆိပ် ခံတော်မူသောကြောင့်လည်း။ အရဟံ = အရဟ- ဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။

(၂) သော ဘဂဝါ = ထိုမြတ်စွာဘုရားသည်။ ဣတိပိ = ဤသို့ လေးသစ္စာကို ဆရာမရှိ ကိုယ်တိုင်ပင် သိသော်လည်း မိမိသယမ္ဘူ သိတော်မူတိုင်း သူတပါးအား ထင်ရှားစေရန် မဝေဘန်နိုင်သောကြောင့် သမ္ဗုဒ္ဓ- ဟူသော အမည်မျှ လှစ်ချွေပြရသော ပစ္စေကဗုဒ္ဓါအရှင်ဘုရား (I)၊ လေးသစ္စာကို ဆရာပြမှ သိသော်လည်း သိကပိုင်းခြား



၅၅၆

သူတပါးကို ထင်ရှားစိမ့်ငှါ ဟောနိုင်စွာသောကြောင့် သမ္မာဗုဒ္ဓနာမံ ရွှေဘွဲ့တော်ခံအပ်သော ရဟန္တာအရှင်မြတ်များ (II) = ဤသို့အားဖြင့် နှစ်ပါးသော သာဝက, ပစ္စေကဗုဒ္ဓါ သမ္မာဗုဒ္ဓ, သမ္ဗုဒ္ဓတို့ထက် ဥက္ကဋ္ဌဂုဏ်ကြီး အစုံပြီးသဖြင့် ချီးမွမ်းအံ့၍ မဆုံးမကုန် အလုံးစုံသော တရားမြတ်တို့ကို ဗုဓဓာတ် သံ,သမ္မာ ခြံရံကာ ပြည့်စုံစွာသောကြောင့်လည်း သမ္မာသမ္ဗုဒ္ဓေါ = သမ္မာသမ္ဗုဒ္ဓ- ဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။

(၃) သော ဘဂဝါ = ထိုမြတ်စွာဘုရားသည်။ ဣတိပိ = ဤသို့ အတီတာနန္တရ ဘဝမှလျှင် စ၍ဟိတ်,ဖိုလ် တိတ်ထိုထိုက ကိုယ်,သူတထူးတို့၏ ဖြစ်ဘူးသော ခန္ဓာအစဉ် အသွင်, မျိုး, ဇာတ်, အာယုကပ်- စသည်တို့ကို တပ်အပ်မျက်မှောက် လိုရာကောက်၍ တလျှောက်တည်း သိတော်မူနိုင်သော ပုဗ္ဗေနိဝါသဉာဏ်တော်.. (က)၊ အနန္တစကြဝဠာ သတ္တဝါအတိုင်းမသိတို့၏ စုတိ,ပဋိသန် စုန်,အဆန်အားဖြင့် ခံစားစံစား ကံအလျောက် လားသည်တို့ကို ပိုင်းခြားထင်ထင် အကြွင်းမဲ့မြင်တော်မူခြင်း.. ကိုယ်ခန္ဓာတွင်း မျက်ကွင်းမျက်မှောင် မျက်တောင်မျက်ခုန်း သားအရေဖုံးအပ်သော နှလုံးသည်းပွတ် အူကရွတ်တို့ကို လွတ်လွတ်တူရူ အနီးကပ်မြင်တော်မူခြင်း.. မြင်းမိုရ်တောင်လုံး ဖုံးအုပ်သော မုံညင်းစေ့ သိမ်မွေ့လှစွာ ပရမာနု မြူတခုကိုပင် လူ့ရပ်နတ်ရွာ ဗြဟ္မာမိုးဖျား စက္ကဝါခြားသော်လည်း ပတ္တမြားလက်တင် အဝေးကပင် မြင်တော်မူခြင်း.. ယင်းသို့ ဝေး,နီး အကြီး,အငယ် ကာကွယ်ဖုံးပိတ် တိမ်ရိပ်မိုးမှောင် ညဉ့်သန်းခေါင်နှင့် တောတောင်နံရံ အခံအတားတို့ကို ထွင်းဖောက်၍ တလျှောက်တည်း မြင်တော်မူသော ဒိဗ္ဗစက္ခုဉာဏ်တော်.. (ခ)၊ ကာမ,ဘ၀- စသည်လုံးစုံ အာသဝေါကုန်တော်မူခြင်း.. အမိတပရမ အသဒိသဖြစ်သော ပစိတပါရမီတော်အဟုန်ကြောင့်



၅၅၇

တစုံတယောက်သော သူနှင့်မျှ မတူမတန် သယမ္ဘူဓမ္မရာဇ် မင်းဆုံးဖြစ်တော်မူခြင်း တည်းဟူသော အာသဝက္ခယဉာဏ်တော်.. (ဂ) ဤသို့ သုံးပါးဝိဇ္ဇာ ပု,ဒိ,အာ- နှင့် ဝိ, မာ, စေ, ဒိ, အာ, ပု, ဣတွင် ဒိ- ဟုတကြိမ် ရှစ်ပါးချိန်လျက် သီ, ဣန်, ဘော, ဇာ, သတ်, စတ္တာဟူသော ပဉ္စာဒသ စရဏတို့နှင့် ပြည့်ဝစုံဟိတ် ဂုဏ်နိမိတ်ကြောင့်လည်း။ ဝိဇ္ဇာစရဏသမ္ပန္နော = ဝိဇ္ဇာစရဏသမ္ပန္န- ဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။

(၄) သော ဘဂဝါ = ထိုမြတ်စွာဘုရားသည်။ ဣတိပိ = ဤသို့ မဟာဇေယျခုံ ပြည်နိဗ္ဗာန်ရွှေဘုံသို့ လေးစုံသော မဂ်ဉာဏ်ဖြင့် တရံတခေါက် မပြန်ရောက်ပဲ တလျှောက်တည်း ကြွသွားတော်မူသော အကြောင်း ကြောင့်၎င်း.. (=၊)၊ ၁- ရိုးလည်းမရိုး ကျိုးလည်းမနပ် အပြစ်ထပ်သဖြင့် မချစ်အပ်သော စကားတခွန်း, ၂- ရိုးလည်းမရိုး ကျိုးလည်းမနပ် အပြစ်ထပ်သော်လည်း ချစ်အပ်သော စကားတခွန်း, ၃- ဖြောင့်မှန်ရိုးလျက် ကျိုးမနပ်သဖြင့် မချစ်အပ်သော စကားတခွန်း, ၄- ကျိုးကားမနပ် ဖြောင့်ရိုးမတ်သဖြင့် ချစ်အပ်သော စကားတခွန်း, ၅- ရိုးလည်းရိုးမတ် အကျိုးနပ်လျက် မချစ်အပ်သော စကားတခွန်း, ၆- ရိုးလည်းရိုးမတ် ကျိုးလည်းနပ်သဖြင့် ချစ်အပ်သော စကားတခွန်း = ယင်းသို့ လောကဝေါဟာ ပြောရာစကား ခြောက်ခွန်းထားသည်တွင် အများတို့သည် မချစ်မည်ကို မြူနည်ဆန်ကျိုး ကြံမစိုးပဲ ရိုးမတ်ဖြောင့်သား အကျိုးများသော စကားတော် နှစ်ခွန်းကိုသာ ပြညွှန်းသမှု မိန့်ဆိုခြင်း ပြုတော်မူသောကြောင့်၎င်း.. (II)။ သုဂတော = သုဂတ- ဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။

(၅) သော ဘဂဝါ = ထိုမြတ်စွာဘုရားသည်။ ဣတိပိ = ဤသို့ ဣန္ဒြိယဗဒ္ဓ ခန္ဓသဏ္ဌာန ပညတ်ဖြစ်သော သတ္တဝါအပေါင်းတို့သည် ကောင်း,မကောင်းသော



၅၅၈

ကုသိုလ်, အကုသိုလ် ထို၏အကျိုးဖြစ်သော ဝိပါက်, ကဋတ္တာရုပ်တို့၏ အုပ်စည်းဆက်စပ် တပေါင်းတည်း ဖြစ်တတ်သော ခပ်သိမ်းသော သတ္တလောကကို အာသယ, အနုသယသို့စသော အခြင်းအရာဖြင့် ကောင်းစွာ သိတော်မူတတ်သော အကြောင်းကြောင့်၎င်း.. (I)၊ အနိန္ဒြိယဗဒ္ဓ အဋ္ဌကလာပ်ရုပ်အပေါင်း ၎င်းသတ္တလောက, သင်္ခါရလောကတို့ ဖြစ်ရာပျက်ရာ တည်ရာအနေ မြေပြင်ရေပြင် ကောင်းကင်သမုဒြာ စကြဝဠာမြင်းမိုရ် ထိုထို ဗိမာန် ဘုံဆောင် တောတောင်ပတ်ကုံး သုံးဆယ့်တဘုံ အလုံးစုံသော ဩကာသလောကကို ပရိမာဏအစဉ်အလာ သင်္ချာလင်းပြဲ့ စာရင်းဖွဲ့၍ အကြွင်းမဲ့ သိတော်မူတတ်သော အကြောင်းကြောင့်၎င်း.. (II)၊ ဣန္ဒြိယဗဒ္ဓ, အနိန္ဒြိယဗဒ္ဓ = လောကနှစ်တန် ရုပ်နှင့်နာမ်တို့ တရံမလစ် ဖြစ်တတ်သော သင်္ခါရလောကကို သဘာဝ, ပစ္စယ, အနိစ္စ- သို့စသော အခြင်းအရာအားဖြင့် ပိုင်းခြားထင်ထင် အကြွင်းမဲ့ကုန်စင်အောင် သိမြင်တော်မူတတ်သော အကြောင်းကြောင့်၎င်း.. (III)။ လောကဝိဒူ = လောကဝိဒူ- ဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။

(၆) သော ဘဂဝါ = ထိုမြတ်စွာဘုရားသည်။ ဣတိပိ = ဤသို့လျှင် တထောင်ဝါဒ ဆောင်ကာမျှဖြင့် ပါပစရိုက် မာနစိုက်သော ပရိဗိုဇ်သစ္စကနှင့် ပေါက္ခရသာတိ- စသော လူယောက်ျား.., သူစိလောမ ခရလောမ အာဠဝကနှင့် ဒေဝရာဇာ ဗကဗြဟ္မာ- စသော နတ်ယောက်ျား.., စူဠောဒရ မဟောဒရ- စသော ဒေါသပွါးစီး နဂါးကြီးတို့နှင့်တကွ စီးတော်ဆင် ဓနပါလ- သို့စသော တိရစ္ဆာန်ယောက်ျား.. = ထိုမယဉ်ကျေးသူ နတ်,လူ,တိရစ္ဆာန် မာန်တက်သမှု ရန်ဖက်ပြုသူတို့ကို အတုမရှိသော သီလ, သမာဓိ, ပညာ- စသော ဒေသနာဖြင့် ကောင်းစွာယဉ်ကျေးအောင် အရေးပြုလုပ် ကောင်းစွာဟောကြား



၅၅၉

ဆုံးမတတ်သော ဂုဏ်တော်ပုဒ်ကြောင့်လည်း။ အနုတ္တရောပုရိသဒမ္မသာရထိ = အနုတ္တရောပုရိသဒမ္မသာရထိ- ဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။

(၇) သော ဘဂဝါ = ထိုမြတ်စွာဘုရားသည်။ ဣတိပိ =ဤသို့ နာယကဦးစီး လှည်းမှူးကြီးသည် သီးသီးများစွာ လှည်းနောက်ပါတို့ကို ဝါဠ, စောရ, ဒုဗ္ဘိက္ခနှင့် နိရုဒကဆိုး ကန္တာရအမျိုးမျိုးတို့မှ သည်ပိုးဆောင်ကြဉ်း၍ မင်းတို့နေပြည် ရပ်သာစည်၌ အတည်မြဲမြံ ထာဝရကံအားဖြင့် ပျော်စံစေဖို့ အရောက်ပို့သကဲ့သို့ ထို့တူမခြား ရှင်တော်ဘုရားလည်း သုံးပါးဘုံသူ နတ်လူဗြဟ္မာ ဝေနေယျာတို့အား သံသရာလမ်း ခရီးကြမ်း၌ ပင်ပန်းစွာဘိ ဇာတိ ဇရာ ဗျာဓိမရဏ = ဤသို့စသော ဒုက္ခသစ္စာမျိုးအပေါင်းမှ အကြောင်းဖြစ်သော သမုဒယသစ္စာကို ပယ်ခွါသောအားဖြင့် ထုတ်ဆောင်၍ အောင်ဘုမ္မိနက် နိရောဓသစ္စာ တည်းဟူသော ရွှေနန်းထက်သို့ မဂ္ဂသစ္စာ ဝဲယာရှစ်စင်း ထီးဖြူတော်ကျင်းပြီးလျှင် မင်းခမ်းအစဉ် သဘင်တော်မြတ် ဝင်စံတော်မူစေတတ်သောကြောင့်လည်း။ သတ္ထာ ဒေဝမနုဿာနံ = သတ္ထာ ဒေဝမနုဿာနံ- ဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။

(၈) သော ဘဂဝါ = ထို မြတ်စွာဘုရားသည်။ ဣတိပိ = ဤသို့ ဒုက္ခ, သမုဒယ, နိရောဓ, မဂ် = လေးချက်သော သစ္စာတို့ကို သံသရာလမ်း စခန်းမြင့်ညောင်း ဘဝပေါင်းတို့က ကောင်းစွာ ဆည်းပူးတော်မူခဲ့သော ပါရမီတော်အဟုန်ကြောင့် အင်စုံရလတ် ဉာဏ်အရဟတ်နှင့် သဗ္ဗညုတ အတုလမှန်ကင်း ဉာဏ်တော်ရောင် လင်းပြီးလျှင် မကြွင်းအနုမြူ ကိုယ်တော်လည်း သိတော်မူ၍ နတ်,လူ,ဗြဟ္မာ ဝေနေယျာတို့အား ပါရမီအလျောက် ချီးမြှောက်လျင်ဆော သိစေတော်မူတတ်သော သဘောကြောင့်လည်း။



၅၆၀

ဗုဒ္ဓေါ = ဗုဒ္ဓ-ဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။

(၉) သော ဘဂဝါ = ထို မြတ်စွာဘုရားသည်။ ဣတိပိ = ဤသို့ = ၁- ငယ်စေလိုက ကိုယ်တော်မြတ်ကို သပ်သပ်ပါယ်ပါယ် အနုမြူသဖွယ်မျှငယ်စွာ ဖန်ဆင်းတော်မူနိုင်ခြင်း၊ ၂-ကြီးစေလိုက မြင်းမိုရ်တပြေး လွန်လိုသေးလည်း လေးကျွန်းပတ်ဝိုက် တိုက်စကြဝဠာ နရက်ရွာက ဘဝဂ်ပါကျုံး လောကဓာတ်အားလုံးကို ဖုံးအုပ်နိုင်အောင် မြင့်ခေါင်ကြီးမားသော ကိုယ်တော်မြတ်ကို သပ္ပါယ်စွာ ဖန်ဆင်းတော်မူနိုင်ခြင်း၊ ၃-မြေကိုဖောက်ထွင်း ရေကိုခွင်းလျက် မြင်းမိုရ်, သတ္တရဗ္ဘန် ပတ်ခြံလျဉ်းစပ် အတွင်းရပ်၌သော်လည်း ကျဉ်းကျပ်ခြင်းမရှိ ပကတိမိုးပြင် တန်ခိုးဆင်၍ လျှိုးဝင်ပျံကြွတော်မူနိုင်ခြင်း၊ ၄-လိုတော်ရှိရာ ရပ်မျက်နှာသို့ လျင်စွာခေါက်ခေါက် ကြွရောက်တော်မူနိုင်ခြင်း၊ ၅-ဓိဋ္ဌာန်ရွှင်ကြည် စိတ်သန်ရည်တိုင်း မည်သည်မဆို အလိုတော်ရှိ ပြီးစီးခြင်း၊ ၆-ဗုဒ္ဓကိစ္စ ဘုရားဓမ္မတာ ပြုထိုက်ရာတို့၌ လိုက်ပါ အစိုးရတော်မူခြင်း၊ ၇-တန်ခိုးဣဒ္ဓိပါဒ် အရပ်ရပ်တို့၌ သုံးသပ်လေ့လာ နိုင်နင်းတော်မူခြင်း၊ ၈-ပြုပြုသမျှ ကိစ္စထိုထို၌ စိတ်လိုကိုယ်စိုး တန်ခိုးတော်၏ အပြီးအဆုံးသို့ ရောက်ခြင်း၊ ယင်းသို့ အဏိမာ, မဟိမာ, လဃိမာ- အစဉ်လာသော မဟာဇောတိ လောကီတန်ခိုး ဣဒ္ဓိပါဒ်ရှစ်မျိုးနှင့်တကွ အစိုးရခြင်းအရာ၌ ပမာမျှမရသော အသာဓာရဏအရိယိဒ် ဣဒ္ဓိတကာတို့၏ အထွတ်အထိပ်ဖြစ်သော စိတ်တော်အလို ကိုယ်တော်ပါနိုင် သုံးခရိုင်၌ အဆုံးတိုင် စိုးအုပ်တော်မူနိုင်ခြင်း တည်းဟူသော ဣဿရိယဘုန်းတော်.. (၁)၊ မဂ္ဂ, ဖလ, နိဗ္ဗာန-ဟူသော နဝလောကုတ် တရားတော်အချုပ်သို့ အနုတ္တရ ဥက္ကဋ္ဌမြောက် ထင်ရှားစွာ ရောက်တော်မူခြင်း တည်းဟူသော ဓမ္မဘုန်းတော်.. (၂ )၊ ဘုံမနုဿ ဥက္ကဋ္ဌ၌ အနုတ္တရဖျား



၅၆၁

ဘုရားဘုန်းမြင့် ပွင့်တော်မူပြီ ပွင့်လာပြီဟု တညီတညာ ထက်ဗြဟ္မာတိုင် စက္ကဝါမဆံ့ ပြန့်နှံ့ကျော်စောလျက် လောကဓာတ်လုံး ညွတ်ရုံးနိဗ္ဗဒ် မဆိတ်ပြတ်ပဲ ပရိသတ်အခြံအရံများခြင်း တည်းဟူသော ယသဘုန်းတော်..(၃)၊ ၀စန, ရူပ, ဉာဏ, ဣဒ္ဓိပါဒ် = လေးရပ်ရှိန်ဝေ အစိန္တေဖြစ်၍ ဧကတိံသ ကိန်းပြရုံးဖွဲ့ သုံးဆယ့်တစ်ခရိုင် ဘုံနေထိုင်သူတို့သည် ပြိုင်မည်, တုမည်ကိုမဆိုထား စကားလေသံ ကြံရုံမျှ မကြံစည်ကောင်း တပေါင်းတရုံး ဘုန်းတော်,ကံတော် ရွှေဉာဏ်တော်နှင့် အသံတော် စကားတော်၏ လွန်မြတ်ခြင်း.., အဆင်းတော် ရူပကာယ တူပမာမမျှသော ပူဇာရဟအထူးထူး လူသုံးဦးတို့ ဖူးမြော်ပူဇော်၍ မရောင့်ရဲနိုင်အောင် လွန်ကဲသောအသရေ ရှိတော်မူခြင်း တည်းဟူသော သိရီဘုန်းတော်.. (၄)၊ ကိုယ်တော်မြတ်၏ အတ္တဟိတ အသဒိသဘောဂီ လောကီဖြစ်သော အစီးအပွါးတော်.., ဘဝတောအုပ် မသောရုတ်စေပဲ လောကုတ္တရာဖြစ်သော အစီးအပွါးတော်, သတ္တဝါဝေနေယျ အနန္တတို့၏ မဟန္တဘောဂီ လောကီဥစ္စာ လောကုတ္တရာအစီးအပွါး = ဤသို့အားဖြင့် များမြတ်သော အကျိုးအာနိသင်တို့ကို မငြင်မငြို အလိုတော်ရှိရာ လိုက်ပါ ပြီးစီးတော်မူစေနိုင်ခြင်း တည်းဟူသော ကာမဘုန်းတော်..(၅)၊ လေးဆယ့်ငါးဝါ ပတ်လုံးကြာအောင် ဓမ္မတာလေ့ ညဉ့်နေ့မဟူ ပုရေဘတ္တ ပစ္ဆာဘတ္တ ပဌမယာမ်- စသည်တို့၌ ဘုရာ့းအမှု ကိစ္စစုကို တခုမကျန် တရံမယုတ် အားသွန်ထုတ်တော်မူခြင်း တည်းဟူသော ပယတ္တဘုန်းတော်..(၆)၊ ယင်းသို့ ဘဇီ, ဘဂီ, ဘာဂီ, ဝိဘတ္တ စသည်များစွာ ဂုဏ်တေဇာတို့ကြောင့်လည်း။ ဘဂဝါ = ဘဂဝါ-ဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။



၅၆၂

မကျဉ်းမကျယ် မှတ်သားရန်အဓိပ္ပါယ်

     မြတ်စွာဘုရားရှင်၌ ဤဂုဏ်တော်ကိုးပါးမှတပါး မရေမတွက်နိုင်အောင် များစွာသော ဂုဏ်ကျေးဇူးများ ထင်ရှားရှိသော်လည်း လူ,နတ်,ဗြဟ္မာ သတ္တဝါတို့၏ အလိုစရိုက်နှင့် လိုက်လျောရုံမျှ ထိုထိုသုတ္တန်များ၌ ဤဂုဏ်တော်ကိုးပါးကို မြတ်စွာဘုရား ဟောကြားတော်မူအပ်၏၊ တနည်းအားဖြင့် ဤဂုဏ်တော်ကိုးပါးဖြင့်ပင် တပါးသော ဂုဏ်တော်များကိုလည်း သိမ်းကျုံးသင်္ဂြိုဟ် သဘောတူရာ ပေါင်းယူနိုင်သောကြောင့် ဤဂုဏ်တော်ကိုးပါးကို ထိုထိုသုတ္တန်များ၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်၏။ ယခုအခါ ထိုဂုဏ်တော်ကိုးပါးနှင့်စပ်၍ မကျဉ်းမကျယ် မှတ်သားဖွယ်ကို ပြဆိုရေးသားပေအံ့-

(၁) အရဟံဂုဏ်တော်

     ဤဂုဏ်တော်အရာ၌ ၁-ဂုဏ်တော်နှင့် ၂-ဂုဏ်တော့်ရှင် မြတ်စွာဘုရားကို ရှေးဦးစွာ ခွဲခြား၍ သတိချပ်ထားရာ၏။ ၁-ဂုဏ်တော်ဟူသည်မှာ- မြတ်စွာဘုရားရှင် ခန္ဓာအစဉ် ဒြဗ်သန္တာန်တော်၌ တည်ရှိ ဖြစ်ပွါးသည့် ဓမ္မသဘာဝ ကျေးဇူးများကို ခေါ်ဆို၍၊ ၂-ဂုဏ်တော့်ရှင် မြတ်စွာဘုရား ဟူသည်မှာ- ထိုဓမ္မသဘာဝ ကျေးဇူးများ၏ ဖြစ်ပွါးတည်ရှိရာ ခန္ဓာအစဉ် ဝိသေသ ဒြဗ်သန္တာန်တော်ကို ခေါ်ဆိုလေသည်။

     ထိုတွင် ဤ“အရဟံ” ဂုဏ်တော်အရာ၌ ကျေးဇူး၅-ချက် အနက်သဘောကို မှတ်ယူရာ၏။ ထိုအနက် ၅-မျိုးတို့မှာ-

     (က) အရီ+ဟတ-မှ (တ)ကိုချေ၍ အရဟ-ဖြစ်လာသည်။ (အရိ = တထောင့်ငါးရာ ကိလေသာ ရန်သူတို့ကို + ဟတ = လောကုတ္တရာမဂ်ဖြင့် အကြွင်းမဲ့ ပယ်သတ်တော်မူပြီးသော မြတ်စွာဘုရား-ဟု ဆိုလိုသည်)။ ထင်ရှားစေဦးအံ့- လောကသဘောအားဖြင့် ရန်သူဖြစ်သူသည် မိမိ၏ အကျိုးမဲ့ကိုသာ ပြုသကဲ့သို့ ထို့အတူ တထောင့်ငါးရာ ကိလေသာတရားတို့သည်လည်း မိမိဖြစ်ပွါးရာပုဂ္ဂိုလ်၏ အကျိုးမဲ့ကိုသာ ပြုတတ်၏။ ထို့ကြောင့်



၅၆၃

ထိုကိလေသာတရားတို့သည် မိမိဖြစ်ပွါးရာ ပုဂ္ဂိုလ်များ၏ ရန်သူကြီးများသာ ဖြစ်ကြရကား မြတ်စွာဘုရားအလောင်းတော်သန္တာန်၌ဖြစ်သော ကိလေသာတို့သည် ဘုရားအလောင်းတော်၏ ရန်သူကြီးများသာ ဖြစ်ကြသဖြင့် အရိ = ရန်သူဟူသော အမည်ကို ရရှိကြလေသည်။

     ထိုတထောင့်ငါးရာ ကိလေသာ ရန်သူများကို မြတ်စွာဘုရားသည် မဟာဗောဓိမဏ္ဍိုင် အပရာဇိတပလ္လင်တော်၌ (ရှေးဖော်ပြရာပါ) မဟာဝဇိရဝိပဿနာတရား ပွါးများတော်မူသဖြင့် ရရှိအပ်သော လောကုတ္တရာ မဂ်လေးပါးတို့ဖြင့် အစုလိုက် အစုလိုက် ပယ်သတ်တော်မူအပ်လေပြီ။ ထို့ကြောင့် လောကုတ္တရာမဂ်လေးပါး ဓမ္မသဘာဝ ကျေးဇူးများသည် (အရိဟတ-ပုဒ်မှ နိရုတ္တိနည်းအရ ပြောင်းလဲလာသည့်) အရဟံဂုဏ်တော်မည်၍ ထိုအရဟံဂုဏ်တော် = လောကုတ္တရာ မဂ်လေးပါးတို့ ဖြစ်ပွါးရာ မြတ်စွာဘုရားရှင်၏ ခန္ဓာတော်အစဉ်သည် အရဟံဂုဏ်တော့်ရှင် ဖြစ်လေသည်။

     (ခ) တနည်း အာရက-မှ (နိရုတ္တိနည်းအားဖြင့်) အရဟ ဖြစ်လာသည်။ (အာရက = ကိလေသာရန်သူတို့မှ ဝေးကွာတော်မူသော မြတ်စွာဘုရားဟု ဆိုလိုသည်)။ ထင်ရှားစေဦးအံ့- မြတ်စွာဘုရားသည် ရှေး (က-အမှတ်ပါ စကားရပ်)၌ ပြအပ်ခဲ့သောအတိုင်း ကိုယ်တော်မြတ်၏ တထောင့်ငါးရာ ကိလေသာရန်သူတို့ကို ဝါသနာအငွေ့ဓာတ်နှင့်တကွ လောကုတ္တရာ မဂ်လေးပါးဖြင့် အကြွင်းမဲ့ ပယ်သတ်တော်မူအပ်ခဲ့လေသည်။ ထိုပယ်သတ်အပ်ပြီးသော ဝါသနာအငွေ့ဓာတ်နှင့်တကွ တထောင့်ငါးရာ ကိလေသာ ရန်သူတို့သည် ကိုယ်တော်မြတ်သန္တာန်၌ ဘယ်သောအခါမျှ မဖြစ်ကြ = မဥပါဒ်ကြတော့ပေ။ ကိုယ်တော်မြတ်မှ အဝေးကြီး ဝေးကွာကြတော့၏၊ ကိုယ်တော်မြတ်သည်လည်း ထိုဝါသနာအငွေ့ဓာတ်နှင့် တကွသော တထောင့်ငါးရာ ကိလေသာ ရန်သူတို့မှ အဝေးကြီး ဝေးကွာတော်မူလေတော့၏။ ထို့ကြောင့် ဝါသနာအငွေ့ဓာတ်နှင့်တကွ ထိုတထောင့်ငါးရာ



၅၆၄

ကိလေသာ ရန်သူတို့မှ ဝေးကွာတော်မူခြင်းသည် အရဟံဂုဏ်တော်မည်၍ “ထိုဂုဏ်တော်၏ ဖြစ်ပွါးရာ မြတ်စွာဘုရားရှင်၏ ခန္ဓာတော်အစဉ်သည် ဂုဏ်တော့်ရှင် ဖြစ်လေသည်။ ဤဂုဏ်တော်ကား မဂ်လေးပါးကြောင့် ရအပ်သော အကျိုးဂုဏ်တော် ဖြစ်လေသည်။

(ဤဆိုအပ်ပြီးသော က-မှတ်, ခ-မှတ် အရဟံဂုဏ်တော်များအရ ရဟန္တာသာဝက အရှင်မြတ်များသည်လည်း တထောင့်ငါးရာ ကိလေသာ ရန်သူတို့ကို အမြစ်ပြတ် ပယ်သတ်တော်မူကြသောကြောင့် အရဟံဂုဏ်ရှင် ဖြစ်ထိုက်ကြသည်ဟု ထင်မှတ်ဖွယ်ရှိသော်လည်း ထိုသာဝက ရဟန္တာအရှင်မြတ်များမှာ ကိလေသာကိုသာပယ်၍ ဝါသနာအငွေ့ဓာတ်ကိုကား မပယ်သတ်နိုင်ကြသဖြင့် အရဟံဟူသော ဂုဏ်ထူးကို မရရှိကြပဲ မြတ်စွာဘုရားရှင်ကသာ မဂ်လေးပါးဖြင့် ဝါသနာအငွေ့ဓာတ်နှင့်တကွ ကိလေသာခပ်သိမ်းကို ပယ်သတ်တော်မူသောကြောင့် မြတ်စွာဘုရားသည်သာ အရဟံဂုဏ်ထူးကို ရရှိတော်မူလေသည်။

ဝါသနာအငွေ့ဓာတ် ဟူသည်မှာ ကိလေသာကို ပယ်ပြီးသော ရဟန္တာအရှင်မြတ်၏ သန္တာန်၌သော်လည်း ကိလေသာကို မပယ်ရသေးသော ပုဂ္ဂိုလ်၏ လုံ့လပယောဂနှင့်တူသည့် လုံ့လပယောကို ဖြစ်စေတတ်သော (ခန္ဓာသန္တန်ဝယ် ပုထုဇန်ဘဝက အဖန်ဖန်ဖြစ်ပွါးခဲ့သည့်) ကိလေသာတရားတို့က ခြွင်းချန်၍ ထားခဲ့သော အစွမ်းသတ္တိထူး အထုံဓာတ်တမျိုး ဖြစ်လေသည်။

ဘုရားရှင် လက်ထက်တော်အခါက အရှင်ပိလိန္ဒဝစ္ဆ-မည်သော ရဟန္တာမထေရ်မြတ်တပါး ရှိလေသည်၊ ထိုမထေရ်မြတ်သည် လွန်ခဲ့သောအခါက ဇာတ်ဝါဒ မာန်မာန ခက်ထန်သည့် ပုဏ္ဏားမျိုး၌ ဘဝငါးရာဆက်၍ ဖြစ်ခဲ့လေရာ ထိုဇာတိမာန် ကိလေသာဖြင့်ပင် မိမိတို့အမျိုးမှတပါး အခြားအမျိုးများကို ဝသလ = သူယုတ်မာဟူ၍ ခေါ်ဆိုပြောကြားခဲ့လေသည်။ ယခုနောက်ဆုံး ရဟန္တာဖြစ်သောဘဝ၌ ထိုဇာတိမာန် ကိလေသာကို အမြစ်ပြတ်ပယ်ပြီး ဖြစ်သော်လည်း လွန်ခဲ့သော ဘဝများစွာက ထိုအရှင်၏သန္တာန်ဝယ် အဖန်ဖန်ဖြစ်ပွါးခဲ့သော ဇာတိမာန် ကိလေသာက အထုံအငွေ့ ဝါသနာဓာတ် သတ္တိထူးတမျိုးကို ထိုခန္ဓာအစဉ်၌ ခြွင်းချန်ထားခဲ့လေသောကြောင့် ထိုဝါသနာအငွေ့ဓာတ်ကြောင့်ပင် တွေ့သမျှသော လူများကို ဝသလ = ဟဲ့ သူယုတ်မာဟု

၅၆၅

ရိုင်းပြစွာ ခေါ်ဝေါ်ပြောဆိုလေသည်။ ဤကဲ့သို့ အရှင်ပိလိန္ဒဝစ္ဆ ရဟန္တာမထေရ်၏ သန္တာန်၌ ဇာတိမာန် ကိလေသာပင် မရှိသော်လည်း ထိုကိလေသာက ဤခန္ဓာအစဉ်ဝယ် ဝသလ = ဟဲ့ သူယုတ်မာဟု ရိုင်းပြစွာ ခေါ်ဝေါ်ပြောဆိုကြောင်း အထုံအငွေ့ဓာတ် သတ္တိထူးတမျိုး ထားရှိခဲ့လေသည်၊ ထိုကဲ့သို့သော ကိလေသာ၏ အထုံအငွေ့ဓာတ် သတ္တိထူးမျိုးကို ဝါသနာဟူ၍ ခေါ်သည်)။

     (ဂ) တနည်း- အ+ရဟ = နှစ်ပုဒ်ကိုပေါင်း၍ အရဟံ = ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား၊ (တနည်း) မကောင်းမှုကို ပြုလုပ်ရန် ဆိတ်ကွယ်ရာဟူ၍ပင် ရှိတော်မမူသော မြတ်စွာဘုရားဟု ဆိုလိုသည်။ ထင်ရှားစေဦးအံ့- လော၌ ပညာရှိယောင် သူတော်ယောင် ဟန်ဆောင်ကြသော ဗာလသူယုတ်တို့သည် (မိမိတို့ကိုယ်တိုင်က ဗာလသူယုတ်ဖြစ်၍ မကောင်းမှုကို မပြုပဲလည်း မနေနိုင်ကြ၊ သူတပါးတို့က မိမိတို့ကို တကယ့်ပညာရှိ သူတော်ကောင်းတွေဟုလည်း အထင်ကြီးစေလိုကြသဖြင့်) လူသူတပါး ကဲ့ရဲ့ရှုတ်ချမည်ကို ကြောက်ရွံ့ကြသောကြောင့် ဆိတ်ကွယ်ရာ အခါကာလ, ဒေသကို ရွေးချယ်ကာ မကောင်းမှုကို ပြုကြကုန်၏။ မြတ်စွာဘုရားမှာမူကား ထိုသို့မဟုတ်ချေ၊ မဟာဗောဓိမဏ္ဍိုင်၌ပင် ထိုမကောင်းမှု ပြုလုပ်ရန် အခြေခံအကြောင်းရင်းဖြစ်သည့် ကိလေသာတို့ကို ဝါသနာနှင့်တကွ ပယ်သတ်တော်မူပြီး ဖြစ်သောကြောင့် မကောင်းမှုပြုရန် ဆိတ်ကွယ်ရာဟူ၍ပင် အလျှင်းမရှိ၊ ထိုသို့မရှိသဖြင့် ဆိတ်ကွယ်ရာ၌ မကောင်းမှုကိုပြုခြင်းလည်း အလျှင်းမရှိ။ သို့ရကား မကောင်းမှု၏ အခြေခံအကြောင်းတရားတို့ကို အမြစ်ပြတ် ပယ်သတ်တော်မူပြီး ဖြစ်သောကြောင့် “မကောင်းမှုပြုရန် ဆိတ်ကွယ်ရာအရပ်ဟူ၍ပင် အလျှင်းမရှိခြင်း, ထိုသို့မရှိသဖြင့် ဆိတ်ကွယ်ရာ၌ မကောင်းမှုကိုပြုမှု အလျှင်းမရှိခြင်းများ”သည် ဤ(ဂ) အမှတ်ပါ အရဟံဂုဏ်တော်မည်၍ ဘုရားဒြဗ်တော်မှာ ထိုဂုဏ်တော့်ရှင် ဖြစ်လေသည်။

     (ဃ) တနည်း- အရ+ဟတ-မှ (နိရုတ္တိနည်းအားဖြင့်) အရဟ ဖြစ်လာသည်။ (အရ = သံသရာစက်၏ အကန့်တို့ကို + ဟတ = မှုန့်မှုန့်ညက်ညက် ရစရာမရှိအောင် ချိုးဖျက်ပြီးသော



၅၆၆

မြတ်စွာဘုရားဟု ဆိုလိုသည်)။ ထင်ရှားစေဦးအံ့– ကာမဘဝ, ရူပဘဝ, အရူပဘဝ = ဤဘဝသုံးပါးကို ရထားကြီးဟူ၍ တင်စားခေါ်ဆိုအပ်သည်။ ခန္ဓာ, အာယတန, ဓာတ်တရားတို့ မပြတ်ဖြစ်ခြင်းကို သံသရာဟူ၍ ခေါ်ဆိုအပ်သည်၊ ထိုသံသရာကိုပင် ဝဋ်ရထားကြီး၌ တပ်ဆင်၍ထားအပ်သည့် ရထားဘီးကြီးဟူ၍ တင်စားခေါ်ဆိုအပ်သည်။ (သံသရာစက်ဟူ၍လည်း ခေါ်၏)။ ထိုသံသရာစက် = ရထားဘီးမှာ အဝိဇ္ဇာနှင့် ဘဝတဏှာ တည်းဟူသော ပုံတောင်း = အချက် ပါရှိလေသည်။ (အဝိဇ္ဇာနှင့် ဘဝတဏှာကို သံသရာစက် = ရထားဘီးကြီး၏ မူလအခြေတည် ဖြစ်သောကြောင့် ပုံတောင်း = အချက်ဟူ၍ တင်စား ခေါ်ဆိုအပ်လေသည်)။ ကာမကုသိုလ်စေတနာ, ရူပကုသိုလ်စေတနာ တည်းဟူသော ပုညာဘိသင်္ခါရကို ကာမဘဝ, ရူပဘဝ ရထားဘီးကြီးတို့၌ အသီးအသီး တပ်ဆင်၍ထားအပ်သည့် အကန့်အထောက်ဟူ၍ တင်စားခေါ်ဆိုအပ်လေသည်၊ အကုသိုလ်စေတနာ တည်းဟူသော အပုညာဘိသင်္ခါရကို အပါယ်ဘဝ ဝဋ်ရထားဘီးကြီး၌ တပ်ဆင်၍ထားအပ်သည့် အကန့်အထောက်ဟူ၍ တင်စား ခေါ်ဆိုအပ်လေသည်၊ အရူပကုသိုလ်စေတနာ တည်းဟူသော အပုညာဘိသင်္ခါရကို အရူပဘဝ ရထားဘီးကြီး၌ တပ်ဆင်၍ထားအပ်သည့် အကန့်အထောက်ဟူ၍ တင်စားခေါ်ဆိုအပ်လေသည်။ ထိုသင်္ခါရသုံးပါးတို့ကို အရင်းမူလပိုင်းက အဝိဇ္ဇာ ဘဝတဏှာ တည်းဟူသော အချက် = ပုံတောင်း အကြောင်းတရား, အဖျားပိုင်းက ဇရာမရဏတည်းဟူသော အကွပ်အကျိုးတရားတို့နှင့် ဆက်စပ်၍ နေသောကြောင့် သံသရာစက် = ရထားဘီးကြီး၏ အကန့်အထောက်အဖြစ်ဖြင့် တင်စားခေါ်ဆိုအပ်လေသည်။ ဇရာ,မရဏတရား နှစ်ပါးတို့ကိုကား ထိုထိုဘဝ၌ အဆုံးအစွန်းအနေဖြင့် ထင်ရှားသောကြောင့် သံသရာစက် = ရထားဘီးကြီး၏ အကွပ်အဖြစ်ဖြင့် တင်စား ခေါ်ဆိုအပ်လေသည်။ (အချုပ်အားဖြင့် ဤယခု ပဌမနည်း၌ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ရပ်တို့တွင် အဝိဇ္ဇာနှင့် တဏှာကို ပုံတောင်း = အချက်အဖြစ်ဖြင့်၎င်း, ဇရာနှင့် မရဏကို သံသရာစက် = ရထားဘီးကြီး၏ အကွပ်အဖြစ်ဖြင့်၎င်း, သင်္ခါရသုံးမျိုးတို့ကို



၅၆၇

သံသရာစက် = ရထားဘီးကြီး၏ အကန့်အထောက် အဖြစ်ဖြင့်၎င်း, ကျန်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါ တရား တို့ကိုကား သံသရာဝဋ်ရထားလုံး = ရထား ကိုယ်ထည်ကြီး အဖြစ်ဖြင့်၎င်း တင်စား ခေါ်ဆိုအပ်လေသည်)။

     အာသဝတရား ထင်ရှားဖြစ်ခြင်းကြောင့် အဝိဇ္ဇာတရား ဖြစ်ပွါးရသည်၊ အဝိဇ္ဇာ၏ အကြောင်းကား အာသဝတရားတည်း၊ ထို့ကြောင့် ထိုအာသဝတရားကို သံသရာစက် = ရထားဘီးကြီး၏ အဝိဇ္ဇာ ဘဝတဏှာ တည်းဟူသော ပုံတောင်း = အချက်၌ တပ်ဆင်လျှိုထိုး၍ ထားအပ်သော ဝင်ရိုးအဖြစ်ဖြင့် တင်စား ခေါ်ဆိုအပ်လေသည်။

     ဤသို့လျှင် အဝိဇ္ဇာ, ဘဝတဏှာ တည်းဟူသော အချက်ပုံတောင်း, အဘိသင်္ခါရသုံးပါး တည်းဟူသော အကန့်အထောက်, ဇရာမရဏ တည်းဟူသော အကွပ်ရှိလျက် အာသဝတည်းဟူသော ဝင်ရိုးဖြင့် လျှိုထိုးပြီးလျှင် ဘ၀သုံးပါး ဝဋ်ရထား၌ တပ်ဆင်၍ ထားအပ်သည့် အစမထင် သံသရာတခွင်ကပင် မရပ်မတည် အမြဲလည်ခဲ့သော သံသရာစက် = ဝဋ်ရထားဘီးကြီး၏ အဘိသင်္ခါရသုံးပါး အကန့်အထောက်များကို (နောက်ထပ် သံသရာစက်ကြီး မလည်နိုင်အောင်) မြတ်စွာဘုရားရှင်သည် မဟာဗောဓိမဏ္ဍိုင်၌ပင် ကာယိက, စေတသိက ဝီရိယနှစ်ထွေ ခြေတော်အစုံတို့ဖြင့် သီလတည်းဟူသော အောင်မြေခုံ၌ အစုံရပ်တည်တော်မူကာ သဒ္ဓါတရားတည်းဟူသော လက်ဖြင့် ကမ္မက္ခယကုသိုလ်ခေါ်သည့် မဂ်ဉာဏ်ပုဆိန်ကို မြဲမြံစွာ စွဲကိုင်တော်မူလျက် တခုမကျန် မှုန့်မှုန့်ညက်ညက် ဖြိုဖျက် ဖြတ်တောက်တော်မူအပ်လေသည်။

     ထို့ကြောင့် မဂ်ဉာဏ်လေးချက် တည်းဟူသော ပုဆိန်ဖြင့် သံသရာစက် = ဝဋ်ရထားဘီးကြီး၏ အကန့်အထောက်ဖြစ်သည့် အဘိသင်္ခါရ သုံးမျိုးတို့ကို ပယ်ချိုး ဖြတ်တောက်ခြင်းသည် ဤယခု (ဃ)အမှတ်ပြ အရဟံဂုဏ်တော်မည်၍ ဘုရားဒြဗ်တော်မှာ ထိုဂုဏ်တော့်ရှင် ဖြစ်လေသည်။



၅၆၈

     တနည်း- အစမထင်သော သံသရာဝဋ်ကို သံသရာစက်ဟု ခေါ်ဆိုအပ်လေသည်။ ထိုသံသရာစက် ဟူသည်မှာလည်း ပရမတ္ထ သဘာဝဓမ္မစစ်စစ်ကို ဉာဏ်ဖြင့် စေ့စပ်စွာ ကြည့်ရှုလျှင် ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ရပ်တို့ပင် ဖြစ်လေသည်။

     အဝိဇ္ဇာသည် မူလအခြေတည် ဖြစ်သောကြောင့် ထိုသံသရာစက်ကြီး၏ အချက် = ပုံတောင်းဖြစ်လေသည်။ ဇရာ, မရဏ နှစ်ပါးသည် ဘဝတရပ်၏ အဆုံးသတ်ဖြစ်သောကြောင့် ထိုသံသရာ စက်ကြီး၏ အကွပ်ဖြစ်လေသည်။ ကျန်သော အင်္ဂါ၁၀-ပါးတို့သည် အဝိဇ္ဇာလျှင် မူလအခြေတည် ရှိသောကြောင့်၎င်း, ဇရာ မရဏလျှင် အဆုံးသတ်ရှိသောကြောင့်၎င်း ထိုသံသရာစက်ကြီး၏ အကန့်အထောက်များ ဖြစ်ကြလေသည်။ မြတ်စွာဘုရားရှင်သည် မဂ်ဉာဏ်လေးချက် ဓားလက်နက်ဖြင့် ထိုသံသရာစက်၏ အကန့်များကို အကြွင်းမဲ့ ပယ်သတ် ဖျက်ဆီးတော်မူပြီး ဖြစ်လေသည်။ သို့ရကား မဂ်ဉာဏ်လေးချက် ဓားလက်နက်ဖြင့် သံသရာစက်၏ အကန့် ဆယ်တန့်သော တရားတို့ကို ပယ်ရှား ဖြတ်တောက်ခြင်းသည် ဤ(ဃ)အမှတ်ပါ အရဟံဂုဏ်တော်ဖြစ်၍ ဘုရားဒြဗ်တော်မှာ ဂုဏ်တော့်ရှင် ဖြစ်လေသည်။ ။(ဤနောက်နည်းကိုပင် ရှေး ဂုဏ်တော်အနက်၌ ဖော်ပြအပ်ခဲ့သည်)။

     (င) တနည်း- အရဟ = လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇာဝိသေသနှင့်တကွ လေးဝသော ပစ္စည်းတို့ကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား-ဟု ဆိုလိုသည်။ မှန်၏- မြတ်စွာဘုရားသည် လောက၌ အမြတ်ဆုံးသော အလှူခံပုဂ္ဂိုလ် ဖြစ်တော်မူသောကြောင့် လူနတ်ဗြဟ္မာတို့၏ ပူဇာဝိသေသ လေးဝသော ပစ္စည်းတို့ကို ခံယူတော်မူထိုက်လေသည်။ ထို့ကြောင့်ပင် မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူလာလျှင် တန်ခိုးကြီးသော နတ်လူတို့သည် အခြားတပါး၌ ပူဇော်မှု မပြုကြတော့ပဲ မြတ်စွာဘုရား၌သာ ပူဇော်မှု ပြုကြလေသည်။

     ပြုကြပုံအမြွက်မှာ သဟမ္ပတိဗြဟ္မာကြီးသည် မြင်းမိုရ်တောင်မျှရှိသော ရတနာပန်းဆိုင်းဖြင့် မြတ်စွာဘုရားရှင်ကို



၅၆၉

ပူဇော်လေသည်၊ ထိုမှတပါး အခြားသော နတ်လူများ ဗိမ္ဗိသာရမင်း, ကောသလမင်း အစရှိသော ပုဂ္ဂိုလ်များသည်လည်း မိမိတို့ စွမ်းအားရှိသမျှ မြတ်စွာဘုရားကို ပူဇော်ကြလေသည်။ ဤတွင်မျှမကသေး မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည့် နောက်မှာလည်း အသောကမင်းတရားသည် မြတ်စွာဘုရားကို ရည်စူး၍ ကိုးဆယ့်ခြောက်ကုဋေသော ဥစ္စာကို စွန့်လွှတ်ကာ ဇမ္ဗူဒိပ်ကျွန်းလုံး၌ ကျောင်းတိုက်ကြီးပေါင်း ရှစ်သောင်းလေးထောင်-စသည် တည်ထားကော်ရော် ပူဇော်လှူဒါန်းလေသည်။

     သို့ရကား လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံတော်မူထိုက်ကြောင်းဖြစ်သည့် အတုမရှိသော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿန ဂုဏ်ကျေးဇူးတို့မှာ ဤ(င)အမှတ်ပြ အရဟံဂုဏ်တော်ဖြစ်၍ ဘုရားဒြဗ်တော်မှာ ဂုဏ်တော့်ရှင် ဖြစ်လေသည်။ ။(ဤအရဟံဂုဏ်တော် ၅-ချက်နှင့် ရှေးဖော်ပြရာပါ အနက်ကို ဆက်စပ်တဖန် သုံးသပ်ဖတ်ရှုပါဦး)။

အရဟံဂုဏ်တော် ပြီး၏။

**********

(၂) သမ္မာသမ္ဗုဒ္ဓဂုဏ်တော်

     သမ္မာ = မဖောက်မပြန် အမှန်အတိုင်း + သံ = ဆရာမကူ = သယမ္ဘူဉာဏ်ဖြင့် ကိုယ်တိုင် + ဗုဒ္ဓ = ခပ်သိမ်းသော ဉေယျတရားတို့ကို သိတော်မူသော မြတ်စွာဘုရားဟု ဆိုလိုသည်။ ထင်ရှားစေဦးအံ့- မည်သည့် ဆရာတဦးတယောက်ကမျှ ဟောပြညွှန်ကြား၍မဟုတ်ပဲ မိမိအလိုလို ကိုယ်တိုင်ထိုးထွင်း၍ သစ္စာဉေယျတရားတို့ကို သိသောဉာဏ်ကို သယမ္ဘူဉာဏ်ဟူ၍ ခေါ်၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့မှာ သယမ္ဘူဉာဏ်ဖြင့်ပင် ဆရာမကူပဲ မိမိတို့အလိုလို သစ္စာတရားတို့ကို ထိုးထွင်း၍ သိမြင်တော်မူကြသည့်အတွက် သမ္ဗုဒ္ဓဟူသော ဂုဏ်ထူးကို ရရှိတော်မူကြသော်လည်း မိမိတို့သိပြီးသော သစ္စာတရားကို ဝေါဟာရပညတ်တင်ကာ သူတပါးတို့အား မဟောပြနိုင်သောကြောင့် သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်ထူးကိုကား ရတော်မမူကြချေ။ အရိယာ သာဝကတို့မှာလည်း



၅၇၀

ဟောပြမည့်သူ ဆရာအထောက်အကူရမှ သစ္စာတရားတို့ကို ထိုးထွင်း သိမြင်တော်မူကြကာ သူတပါးတို့အားလည်း ဆရာဘုရား ဟောကြားသည့်နည်းအတိုင်း သစ္စာတရားတို့ကို ဟောပြနိုင်ကြသည့်အတွက် သမ္မာဗုဒ္ဓဟူသော ဂုဏ်ထူးကို ရရှိကြ၍ သယမ္ဘူဉာဏ်ဖြင့် သစ္စာတရားတို့ကို သိကြသည်မဟုတ်သောကြောင့် သမ္ဗုဒ္ဓ-ဟူသော ဂုဏ်ထူးကိုကား ရရှိတော်မမူကြချေ။ မြတ်စွာဘုရားရှင်တို့မှာကား ကိုယ်တိုင်ကလည်း သယမ္ဘူဉာဏ်ဖြင့် သစ္စာဉေယျတရားတို့ကို သိမြင်တော်မူကြသောကြောင့် သမ္ဗုဒ္ဓဟူသော ဂုဏ်ထူး, တပည့်သာဝကတို့အားလည်း အာသယဓာတ်နှင့်လျော်စွာ ဝေါဟာရပညတ်တင်၍ ဟောပြတော်မူနိုင်ကြသောကြောင့် သမ္မာဗုဒ္ဓဟူသော ဂုဏ်ထူး = ဤဂုဏ်ထူးနှစ်ရပ်တို့ကို ပေါင်းစပ်ကာ “သမ္မာသမ္ဗုဒ္ဓ”ဟူသော ဂုဏ်တော်ကြီးကို ရရှိတော်မူကြလေသည်။

     သို့ရကား ခပ်သိမ်းသော သစ္စာဉေယျတရားတို့ကို မဖောက်မပြန် အမှန်အတိုင်း ဆရာမကူပဲ သိမြင်နိုင်သည့် သဗ္ဗညုတဉာဏ် အထွတ်တပ်သော မြတ်စွာဘုရား၏ မဂ်ဉာဏ်တော် လေးရပ်တို့သည် သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်မည်၍ ဘုရားဒြဗ်တော်မှာ ဂုဏ်တော့်ရှင် ဖြစ်လေသည်။ ။(ဂုဏ်တော်အနက်ကို ပြန်၍ သုံးသပ် ရွတ်ဖတ်လေပါဦး)။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော် ပြီး၏။

**********

(၃) ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်

     ဝိဇ္ဇာသုံးပါး (တနည်း) ဝိဇ္ဇာရှစ်ပါး, စရဏတရား တဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား-ဟု ဆိုလိုသည်။

     ဝိဇ္ဇာသုံးပါးကို ဘယဘေရဝသုတ် (မ ၁၊ ၂၆-မျက်နှာ)၌ ဟောတော်မူသည်။ ဝိဇ္ဇာရှစ်ပါးကို အမ္ဗဋ္ဌသုတ် (ဒီ ၁၊ ၉၄-မျက်နှာ)၌ ဟောတော်မူသည်။ ထိုသို့ ဝိဇ္ဇာသုံးပါး, ဝိဇ္ဇာရှစ်ပါး နှစ်နည်းအားဖြင့် ဟောကြားတော်မူခြင်းမှာ တရားနာပုဂ္ဂိုလ်တို့၏



၅၇၁

အလိုအဇ္ဈာသယနှင့် လိုက်လျောညီညွတ်စွာ ဟောကြားတော်မူခြင်း ဖြစ်လေသည်။

     “ပု, ဒိ အာ, ဝိ၊ မ, ဣဒ်, ဒိဗ်, စေ၊ မှတ်လေသုံး,ရှစ်-ဝိဇ္ဇာဖြစ်”ဟူသော လင်္ကာ (ဆောင်ပုဒ်)အတိုင်း ၁-ပုဗ္ဗေနိဝါသဉာဏ်၊ ၂-ဒိဗ္ဗစက္ခုဉာဏ်၊ ၃-အာသဝက္ခယဉာဏ်၊ ၄-ဝိပဿနာဉာဏ်၊ ၅-မနောမယိဒ္ဓိဉာဏ်၊ ၆-ဣဒ္ဓိဝိဓဉာဏ်၊ ၇-ဒိဗ္ဗသောတဉာဏ်၊ ၈-စေတောပရိယဉာဏ် = ဤကား ဝိဇ္ဇာရှစ်ပါးတို့တည်း။ ထိုရှစ်ပါးတို့တွင် ( ပု, ဒိ, အာ) ရှေ့သုံးပါးကို ဝိဇ္ဇာသုံးပါးဟူ၍ ခေါ်၏။

     ၁-ပုဗ္ဗေနိဝါသဉာဏ် = ရှေး၌ဖြစ်ဘူးသော ခန္ဓာအစဉ်ကို အောက်မေ့သိမြင်သော ဉာဏ်။ ဤဉာဏ်တော်ဖြင့် မြတ်စွာဘုရားသည် ကိုယ်တော်မြတ်နှင့်တကွ သတ္တဝါတို့၏ အတိတ်ဖြစ်ရပ်များကို လင်းလင်းသိမြင်တော်မူကာ ဟောကြားတော်မူလေသည်။

     ၂-ဒိဗ္ဗစက္ခုဉာဏ် = နတ်မျက်စိကဲ့သို့ အဝေးအရပ်၌ တည်ရှိသောအဆင်း တစုံတရာဖြင့် ဖုံးကွယ်ထားသော အဆင်း သိမ်မွေ့နူးညံ့သော အဆင်းတို့ကို လင်းလင်းသိမြင်သောဉာဏ်။

     ၃-အာသဝက္ခယဉာဏ် = အာသဝေါတရား လေးပါးတို့ အကြွင်းမဲ့ ကုန်ရာကုန်ကြောင်းဖြစ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်ဉာဏ်။

     ၄-ဝိပဿနာဉာဏ် = ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စသဘော ဒုက္ခသဘော အနတ္တသဘောတို့ကို ပေါလောထင်ထင် သိမြင်သောဉာဏ်။

     ၅-မနောမယိဒ္ဓိဉာဏ် = ခန္ဓာကိုယ်အတွင်း ဈာန်စိတ်ကြောင့်ဖြစ်သည့် အခြားသော မနောမယရုပ်ကိုယ်ကို ဖြစ်စေနိုင်သောဉာဏ်။

     ၆-ဣဒ္ဓိဝိဓဉာဏ် = အရာအထောင်စသည် ဣဒ္ဓိရုပ်အမျိုးမျိုးကို ဖန်ဆင်းနိုင်သောဉာဏ်။

     ၇-ဒိဗ္ဗသောတဉာဏ် = နတ်တို့၏ နားကဲ့သို့ အဝေးအရပ်၌ တည်ရှိသောအသံ တစုံတရာ ခြားကွယ်နေသောအသံ သိမ်မွေ့နူးညံ့သော



၅၇၂

အသံအမျိုးမျိုးတို့ကို ပကတိနားဖြင့် ကြားသကဲ့သို့ပင် ကြားသိနိုင်သောဉာဏ်။

     ၈-စေတောပရိယဉာဏ် = သူတပါးတို့၏ စိတ်ဖြစ်ဟန်ကို တဆယ့်ခြောက်ပါးသော အခြင်းအရာဖြင့် သိရှိသောဉာဏ်။

     ဤဝိဇ္ဇာရှစ်ပါးတို့တွင် ၄-အမှတ်ပြ ဝိပဿနာဉာဏ်ကား ကာမာဝစရဉာဏ်တည်း။ ၃-အမှတ်ပြ အာသဝက္ခယဉာဏ်ကား လောကုတ္တရာဉာဏ်တည်း။ ကြွင်းသော ခြောက်ပါးတို့ကား ရူပါဝစရကြိယာ အဘိညာဏ် ဉာဏ်တို့တည်း။

     “သီ, ဣန်, ဘော, ဇာ၊ သတ်, စတ္တာ၊ မှတ်ပါစရဏ”ဟူသော လင်္ကာ (ဆောင်ပုဒ်)အတိုင်း ၁-သီလသံဝရ၊ ၂-ဣန္ဒြိယေသုဂုတ္တဒွါရတာ၊ ၃-ဘောဇနေ မတ္တညုတာ၊ ၄-ဇာဂရိယာနုယောဂ၊ ၅-၁၁-သူတော်ကောင်းတရားခုနစ်ပါး၊ ၁၂-၁၅-ရူပါဝစရကြိယာ ဈာန်လေးပါး = ဤကား စရဏ တဆယ့်ငါးပါးတို့တည်း။

     ၁-သီလသံဝရ = ပါတိမောက္ခသံဝရသီလကို လုံခြုံစွာ စောင့်ထိန်းခြင်း။

     ၂-ဣန္ဒြိယေသုဂုတ္တဒွါရတာ = မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်-ဟူသော ဣန္ဒြေခြောက်ပါးတို့၌ အကုသိုလ်တရားတို့ မဝင်ရောက် မဖြစ်ပွါးနိုင်အောင် သတိတည်းဟူသော တံခါးဗိုလ် တံခါးမှူးကို ခန့်ထား၍ လုံခြုံအောင် စောင့်ထိန်းခြင်း။

     ၃-ဘောဇနေ မတ္တညုတာ = ဆွမ်းကို ခံယူရာ သုံးဆောင်ရာတို့၌ အတိုင်းအရှည်ကို သိခြင်း။ ဒါယကာ၏ သဒ္ဓါတရားက အားကြီး၍ လှူဖွယ်ဝတ္ထုအင်အားက နည်းနေလျှင် ထိုလှူဖွယ်ဝတ္ထုအင်အားကို ငဲ့၍ အနည်းငယ်ကိုသာ ခံယူခြင်း, လှူဖွယ်ဝတ္ထုကပင် အားကြီးသော်လည်း ဒါယကာ၏ သဒ္ဓါတရားက အားနည်းနေလျှင် ထိုသဒ္ဓါတရားအင်အားကိုငဲ့၍ အနည်းငယ်ကိုသာ ခံယူခြင်း, ဒါယကာ၏ သဒ္ဓါတရားကလည်း အားကြီး, လှူဖွယ်ဝတ္ထုကလည်း အားကြီးနေလျှင် မိမိပမာဏကို နှိုင်းချိန်၍ မျှတရုံမျှ



၅၇၃

ခံယူခြင်းများကို ခံယူရာ၌ အတိုင်းအရှည်ကို သိခြင်းဟူ၍ ခေါ်၏။ စားသုံးသောအခါ လေးလုပ်ငါးလုပ် လျှော့၍ စားသုံးခြင်း ပစ္စဝေက္ခဏာတင် ဆင်ခြင်၍ စားသုံးခြင်းများကို သုံးဆောင်ရာ၌ အတိုင်းအရှည်ကို သိခြင်းဟူ၍ ခေါ်၏။

     ၄-ဇာဂရိယာနုယောဂ = နိုးချပ်မှုနှင့်ယှဉ်ခြင်း (=နိုးချပ်မှုကို အဖန်ဖန် အားထုတ်ခြင်း)။ မအိပ်ပဲ နေရုံမျှကို နိုးချပ်မှုဟု မဆိုရ။ တနေ့လုံးနှင့် ညဉ့်အဖို့ရာ ယံသုံးပါးရှိရာဝယ် ပဌမယံနှင့် ပစ္ဆိမယံ ဤအချိန်များ၌ ထိုင်လျက် စင်္ကြံ သွားလျက် ရဟန်းတရား ပွါးများအားထုတ်ကာ မိမိ၏စိတ်ကို နီဝရဏ အကုသိုလ်တရားတို့မှ စင်ကြယ်အောင် အားထုတ်ခြင်းကို နိုးချပ်မှုနှင့် ယှဉ်ခြင်းဟူ၍ ခေါ်၏။ (တနေ့အဖို့ရာ ၂၄-နာရီ ရှိရာဝယ် ညဉ့်၁၀-နာရီမှ သန်းခေါင်ကျော် ၂-နာရီတိုင်ရုံသာ ခန္ဓာကိုယ် အပန်းအနွမ်းပြေအောင် အိပ်စက်၍ ကျန်သော နာရီ၂၀-တို့ပတ်လုံး ရဟန်းတရား ပွါးများ အားထုတ်ခြင်းဟု ဆိုလိုသည်)။

     ၅-၁၁- သူတော်ကောင်းတရား ခုနစ်ပါးတို့ ဟူသည်မှာ သဒ္ဓါ, သတိ, ဟိရီ, ဩတ္တပ္ပ, ဗာဟုဿစ္စ, ဝီရိယ, ပညာ = ဤတရား ခုနစ်ပါးတို့တည်း။ (သ, သ, ဟိ, ဩ၊ စ္စ, ဝိ, ပေါ၊ မှတ်လော ခုနစ်ဖြာ)

     ၁၂-၁၅- (စတ္တာ) ရူပါဝစရဈာန် လေးပါးတို့ ဟူသည်မှာ စတုက္ကနည်း ရူပါဝစရဈာန် လေးပါးတို့တည်း။

(ဤ၌။ ။သီလသံဝရ အစရှိသော တဆယ့်ငါးပါးသော တရားတို့ဖြင့် အရိယသာဝက = မြတ်စွာဘုရား၏ တပည့်သာဝကသည် ရှေးက တခေါက်မျှ မရောက်ဘူးသော အမြိုက်နိဗ္ဗာန်အရပ်သို့ ဖြောင့်မတ်စွာ ဧကန် သွားရောက်နိုင်လေသည်။ ထို့ကြောင့် ထိုတရား တဆယ့်ငါးပါးတို့ကို စရဏတရား တဆယ့်ငါးပါးတို့ဟူ၍ ခေါ်ဆိုရလေသည်။

ဝိဇ္ဇာတရားတို့သည် မျက်စိနှင့်တူကုန်၏၊ စရဏတရားတို့သည် ခြေနှင့်တူကုန်၏။ မျက်စိသာရှိ၍ ခြေမရှိလျှင်၎င်း, ခြေသာရှိ၍ မျက်စိမရှိလျှင်၎င်း အလိုရှိရာအရပ်သို့ မရောက်နိုင်သကဲ့သို့ ဝိဇ္ဇာတည်းဟူသော မျက်စိသာရှိ၍ စရဏတရားတည်းဟူသော ခြေမရှိလျှင်၎င်း, စရဏတရား တည်းဟူသော ခြေသာရှိ၍ ဝိဇ္ဇာတရား တည်းဟူသော မျက်စိမရှိလျှင်၎င်း



၅၇၄

အလိုရှိရာ နိဗ္ဗာန်အရပ်သို့ မရောက်နိုင်ချေ။ ထို့ကြောင့် အသိဉာဏ် ဝိဇ္ဇာမျက်စိ, ကိုယ်ကျင့်စရဏတရား တည်းဟူသော ခြေနှစ်ပါးစုံအောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်ရာ၏။

ဤ၌- “ဝိဇ္ဇာတရား စရဏတရားတို့နှင့် ပြည့်စုံမှုကို တပည့်သာဝကတို့၌လည်း ရအပ်ပါလျက် အဘယ့်ကြောင့် မြတ်စွာဘုရားကိုသာ ဝိဇ္ဇာစရဏသမ္ပန္န-ဟူသော ဂုဏ်ထူးဖြင့် ချီးကျူးအပ်ပါသနည်း”ဟု မေးဖွယ် ရှိ၏။ အဖြေကား- ဤဝိဇ္ဇာတရား စရဏတရားတို့နှင့် ပြည့်စုံမှုကို တပည့်သာဝကတို့၌လည်း ရအပ်ပါ၏၊ သို့သော်လည်း မြတ်စွာဘုရား၏ ဝိဇ္ဇာတရားနှင့် ပြည့်စုံမှု စရဏတရားနှင့် ပြည့်စုံမှုသည် ပြဆိုလတံ့သော ဂုဏ်ကျေးဇူးအထူးကို ရွက်ဆောင်နိုင်၍ တပည့်သာဝကတို့၏ ဝိဇ္ဇာတရားနှင့် ပြည့်စုံမှု စရဏတရားနှင့် ပြည့်စုံမှုမှာ ထိုသို့ မရွက်ဆောင်နိုင်သောကြောင့် မြတ်စွာဘုရားကိုသာ ဝိဇ္ဇာစရဏသမ္ပန္န-ဟူသော ဂုဏ်ထူးဖြင့် ချီးကျူးအပ်ပါ၏ဟူလို။

ထိုဝိဇ္ဇာဉာဏ်နှင့် ပြည့်စုံခြင်း = ဝိဇ္ဇာသမ္ပဒါ, စရဏတရားနှင့် ပြည့်စုံခြင်း = စရဏသမ္ပဒါ နှစ်ပါးတို့တွင် မြတ်စွာဘုရား၏ ဝိဇ္ဇာသမ္ပဒါသည် သဗ္ဗညုတဉာဏ်ကို ပြည့်စေ၍ တည်၏ (=ဝိဇ္ဇာသမ္ပဒါကြောင့် သဗ္ဗညုတဉာဏ် ဖြစ်ပေါ်ရသည်ဟူလို)။ စရဏသမ္ပဒါသည် ကြီးမြတ်သော ကရုဏာရှင်၏အဖြစ်ကို ပြည့်စေ၍ တည်၏ (=စရဏသမ္ပဒါကြောင့် မဟာကရုဏာတရား ဖြစ်ပွါး ပေါ်ပေါက်သည်ဟု ဆိုလို၏)။ ထိုသို့ ဝိဇ္ဇာသမ္ပဒါကြောင့် သဗ္ဗညုတဉာဏ်ရှင်, စရဏသမ္ပဒါကြောင့် မဟာကရုဏာတော်ရှင် ဖြစ်သောကြောင့်ပင် “မြတ်စွာဘုရားသည် သဗ္ဗညုတဉာဏ်ဖြင့် ခပ်သိမ်း သော သတ္တဝါတို့၏ အကျိုးရှိသောအမှု မရှိသောအမှုကို သိတော်မူပြီးလျှင် မဟာကရုဏာဖြင့် အကျိုးမရှိမည့်အမှုကို ရှောင်ကြဉ်စေ၍ အကျိုးရှိမည့်အမှု၌ ယှဉ်စေတော်မူလေသည်။ ထိုသို့ မြတ်စွာဘုရားရှင် ကိုယ်နှိုက်က ဝိဇ္ဇာသမ္ပဒါ စရဏသမ္ပဒါဂုဏ်ရှင် ဖြစ်တော်မူသောကြောင့် ကိုယ်တော်မြတ် တည်ထား ဟောကြားအပ်သော သာသနာတော်သည် သံသရာဝဋ်မှ ဧကန်ပင် ကျွတ်လွတ်ထွက်မြောက်စေတတ်သည့် = နိယျာနိကသာသနာတော် ဖြစ်ရသည့်ပြင် ကိုယ်တော်မြတ်၏ တပည့်သာဝကများတို့ ကျင့်အပ်သော အကျင့်ပဋိပတ်သည်လည်း ဖြောင့်မတ်မှန်ကန်သော သမ္မာပဋိပတ် ဖြစ်ရလေသည်)။

     ထို့ကြောင့် ဖော်ပြရာပါ ဝိဇ္ဇာသမ္ပဒါ, စရဏသမ္ပဒါတရား အစုသည် ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်မည်၍ ဘုရားဒြဗ်တော်မှာ



၅၇၅

ထိုဂုဏ်တော့်ရှင် ဝိဇ္ဇာစရဏသမ္ပန္န ပုဂ္ဂိုလ်မြတ်ကြီး ဖြစ်လေသည်။ ။(ဂုဏ်တော်အနက်ကို ပြန်၍ သုံးသပ် ရွတ်ဖတ်လေပါဦး)။

ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်တော် ပြီး၏။

**********

(၄) သုဂတဂုဏ်တော်

     ဤသုဂတဂုဏ်တော်အတွက် အဋ္ဌကထာ၌ လေးချက်ဖွင့်ပြသည်၊ ၎င်းတို့မှာ- (၁) သု = တင့်တယ်သော + ဂတ = သွားခြင်းဖြင့် သွားတော်မူသော မြတ်စွာဘုရား။ ဤ၌ အရိယမဂ်ကို မြတ်စွာဘုရား၏ သွားခြင်းဟူ၍ ခေါ်ဆိုသည်။ ထိုအရိယမဂ်သည် အပြစ်မရှိ စင်ကြယ်သောကြောင့် တင့်တယ်သည်၊ သို့ရကား မြတ်စွာဘုရားရှင်သည် အပြစ်မရှိ စင်ကြယ် တင့်တယ်သော အရိယမဂ်တည်းဟူသော ဉာဏ်အသွားဖြင့် ဘေးကင်းရာ နိဗ္ဗာန်အရပ်သို့ မငြိမကပ် သွားရောက်တော်မူတတ်သောကြောင့် သုဂတမည်တော်မူ၏။ (ဤအလို အရိယမဂ်ကား ဂုဏ်တော်ဖြစ်၍ ဘုရားဒြဗ်တော်ကား ဂုဏ်တော့်ရှင် ဖြစ်လေသည်)။

     (၂) သု = ကောင်းသော နိဗ္ဗာန်အရပ်သို့ + ဂတ = ဉာဏ်တော်အသွားဖြင့် ကြွသွားတော်မူသော မြတ်စွာဘုရား။ နိဗ္ဗာန်တရားတော်မှာ ဒုက္ခသင်္ခါရမျိုး တစိုးတစိ မရှိရကား ဧကန်စင်စစ် သုခသာလျှင် ဖြစ်သောကြောင့် ထိုနိဗ္ဗာန်သည် ဧကန် အကောင်းဆုံးဌာန ဖြစ်လေသည်၊ ထိုအကောင်းဆုံးဖြစ်သော နိဗ္ဗာန်အရပ်သို့ မဂ်ဉာဏ်လေးပါးဖြင့် တထိုင်တည်း သွားရောက်တော်မူသောကြောင့် မြတ်စွာဘုရားသည် သုဂတ မည်တော်မူလေသည်။ (ဤအလိုလည်း မဂ်ဉာဏ်လေးပါးတို့မှာ ဂုဏ်တော်ဖြစ်၍ ဘုရားဒြဗ်တော်မှာ ဂုဏ်တော့်ရှင် ဖြစ်လေသည်)။ ဤနှစ်နည်းလုံးမှာပင် အရိယမဂ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ထင်ထင် အာရုံပြုခြင်းကိုပင် နိဗ္ဗာန်သို့ သွားရောက်ခြင်းဟု ဆိုသည်၊ ဤအရာမျိုးကို ဉာဏဂတိ = ဉာဏ်ဖြင့် သွားခြင်းမျိုးဟု ခေါ်၍ ခန္ဓာကိုယ် အထည်ဒြဗ်ကြီး ရွာသို့ မြို့သို့ တောသို့ ထိုထိုအရပ်ဒေသတို့သို့ ရောက်၍သွားခြင်းမျိုးကို ကာယဂတိ = ကိုယ်ဖြင့်သွားခြင်းမျိုးဟု ခေါ်၏။



၅၇၆

     (၃) သု-သမ္မာ = ကောင်းစွာ + ဂတ = နိဗ္ဗာန်သို့ မဂ်ဉာဏ်ဖြင့် သွားတော်မူတတ်သော မြတ်စွာဘုရား။ ဤနည်း၌ ကောင်းစွာသွားခြင်းဟူသည် ဆန့်ကျင်ဖက်ဖြစ်သော ကိလေသာတရားတို့ဖြင့် အလွှမ်းမိုးမခံရပဲ သွားခြင်းကို ဆိုသည်။ ထိုထို မဂ်လေးပါးတို့ဖြင့် ပယ်အပ်ပြီးသော ကိလေသာတို့ကို ကိုယ်တော်မြတ် သန္တာန်သို့ တဖန်ပြန်၍ မလာစေပဲ နိဗ္ဗာန်သို့ သွားတော်မူတတ်သော မြတ်စွာဘုရားဟု ဆိုလိုသည်။

     ဤဆိုအပ်ပြီး သုံးနည်းလုံးမှာပင် ပရမတ္ထ သဘာဝစစ်စစ်ကို ကြည့်ရှုလျှင် မဂ်လေးပါးဖြင့် နိဗ္ဗာန်ကို အာရုံပြုခြင်း = နိဗ္ဗာန်သို့ သွားရောက်ခြင်းဟူသော လိုရင်းအနက် တချက်တည်းပင် ထွက်ရှိလေသည်။ ထို့ကြောင့် ဂုဏ်တော်အနက်၌ “မဟာဇေယျခုံ ပြည်နိဗ္ဗာန်ရွှေဘုံသို့ လေးစုံသော မဂ်ဉာဏ်ဖြင့် တရံတခေါက် မပြန်ရောက်ပဲ တလျှောက်တည်း ကြွသွားတော်မူသော အကြောင်းကြောင့်၎င်း”ဟု (I)အမှတ်ပြ ပဌမနည်း ပြန်ဆိုလေသည်။

     (၄) သု-သမ္မာ= ကောင်းစွာ + ဂဒ = သင့်လျောက်ပတ်သော ဌာန၌ သင့်လျောက်ပတ်သော စကားကို မြွက်ကြား မိန့်ဆိုတော်မူသော မြတ်စွာဘုရား။ (ဤနည်း၌ သုဂဒ-ဟု ဆိုလိုလျက် ဒ-အက္ခရာကို တ-အက္ခရာပြု၍ သုဂတ-ဟု ဆိုလေသည်)။

     “စကားခြောက်ခွန်း၊ လူဝယ်ထွန်း၊ လေးခွန်းကိုပယ်-နှစ်ခွန်းတယ်” ဟူသောအတိုင်း-

၁-မှန်လည်းမမှန် အကျိုးလည်းမရှိ သူတပါးလည်း မချစ်အပ်သော စကား (=သီလဝန္တပုဂ္ဂိုလ်ကို “ဒုဿီလပုဂ္ဂိုလ်”ဟု ပြောအပ်သော စကားမျိုး)၊ ထိုစကားမျိုးကို မြတ်စွာဘုရား မိန့်ကြားတော်မမူ။

၂-မှန်ပင်မှန်သော်လည်း အကျိုးမရှိပဲ သူတပါးလည်း မချစ်အပ်သော စကား (=ဒုဿီလပုဂ္ဂိုလ်ကို



၅၇၇

ဆုံးမလို၍မဟုတ်ပဲ နှလုံးနာ၍ “ဒုဿီလပုဂ္ဂိုလ်”ဟု ပြောအပ်သော စကားမျိုး)၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရား မိန့်ကြားတော်မမူ။

၃-မှန်လည်းမှန်၍ အကျိုးရှိပြီးလျှင် အပြောခံရသူ သူတပါးမူကား မချစ်အပ်သော စကား (=အပါယ်ငရဲသို့ ကျရောက်မည့် ဒေဝဒတ်ကို မဟာကရုဏာတော်ဖြင့် “အပါယ်ငရဲသို့ ကျရောက်မည့် ဒေဝဒတ်”ဟု ပြောအပ်သော စကားမျိုး)၊ ထိုစကားမျိုးကို မြတ်စွာဘုရားသည် အခါအခွင့်ကို ကြည့်ရှုဆင်ခြင်၍ ပြောသင့်က မိန့်ကြား ပြောဆိုတော်မူ၏။

၄-မှန်လည်းမမှန် အကျိုးလည်းမရှိပဲလျက် သူတပါးတို့ ချစ်နှစ်သက်အပ်သော စကား (=ဗေဒင်ကျမ်းလာ အစီအမံအတိုင်း ပါဏာတိပါတ- စသည်အမှု ပြုလုပ်ခြင်းသည် နတ်ရွာသုဂတိသို့ ပို့ဆောင်နိုင်၏- ဤသို့စသည် ပြောဆိုအပ်သော စကားမျိုး)၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရား မိန့်ကြားတော်မမူ။

၅-မှန်ပင်မှန်သော်လည်း အကျိုးမရှိပဲ သူတပါးတို့ ချစ်နှစ်သက်အပ်သော စကား (=မှန်ကန်၍ တဦးနှင့်တဦး အချစ်ဆိတ်သုဉ်း အမုန်းပွါးမည့် ဂုံးတိုက်စကားမျိုး)၊ ထိုစကားမျိုးကိုလည်း မြတ်စွာဘုရား မိန့်ကြားတော်မမူ။

၆-မှန်လည်းမှန် အကျိုးလည်းရှိ၍ သူတပါးတို့လည်း ချစ်နှစ်သက်အပ်သော စကား (=သင့်လျောက်ပတ်သော နေရာဌာန၌ ဟောကြားအပ်သော ဒါန, သီလ- စသည်တို့နှင့်စပ်သော တရားစကားမျိုး)၊ ထိုစကားမျိုးကို မြတ်စွာဘုရားသည် အခါအခွင့်ကို ကြည့်ရှုဆင်ခြင်၍ မိန့်ကြား ပြောဟောတော်မူ၏။

     ဤကဲ့သို့ လောကဝယ် စကားခြောက်မျိုးရှိသည့်အနက် မြတ်စွာ ဘုရားရှင်သည် ၃-အမှတ်ပြ မှန်လည်းမှန်၍ အကျိုးရှိပြီးလျှင်



၅၇၈

အပြောခံရသူ သူတပါးမူကား မချစ်အပ်သော စကားနှင့် ၆-အမှတ်ပြ မှန်လည်းမှန် အကျိုးလည်းရှိ၍ သူတပါးတို့လည်း ချစ်နှစ်သက်အပ်သော စကား ဤစကားနှစ်မျိုးကိုသာ မိန့်ကြားတော်မူလေသည်။ ယင်းသို့ မိန့်ကြားတော်မူအပ်သော စကားနှစ်မျိုးမှာလည်း ၃-အမှတ်ပြ မှန်၍ အကျိုးရှိပြီးလျှင် အပြောခံရသူသာ မချစ်နှစ်သက်အပ်သော စကားပင် ဖြစ်လင့်ကစား အခြားသူများနား၌ ကြားလျှင်ကား လောက၏ စီးပွါးချမ်းသာကို ရွက်ဆောင်နိုင်သောကြောင့် ကောင်းစွာ အပြစ်မရှိ ပြောဆို မိန့်ကြားအပ်သည်သာ မည်လေသည်။

     သို့ရကား ဤနည်းအရ မှန်၍ အကျိုးရှိပြီးလျှင် (သူတဖက်သား အပြောခံရသူများ) ချစ်နှစ်သက်အပ်သည်ဖြစ်စေ မချစ်မနှစ်သက်အပ်သည်ဖြစ်စေ ကောင်းစွာ အပြစ်မရှိသော စကားနှစ်မျိုးကို မိန့်ကြားတော်မူခြင်းသည် ဂုဏ်တော်မည်၍ ဘုရားဒြဗ်တော်သည် ဂုဏ်တော့်ရှင် ဖြစ်လေသည်။ (ဂုဏ်တော်အနက်နှင့် ပြန်၍ စပ်ဟပ် သုံးသပ်ကြည့်ပါလေ)။

အဘယရာဇကုမာရသုတ်အကျဉ်း

     ရှေးဖော်ပြရာပါ စကားခြောက်မျိုးအကြောင်းကား မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသ၊ ၁-ဂဟပတိဝဂ်၊ ၈-အဘယရာဇကုမာရသုတ်၌ လာရှိသည်။ အကြောင်းအရာ အကျဉ်းချုပ်ကား-

     အခါတပါး၌ မြတ်စွာဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းဝယ် ကိန်းအောင်းမွေ့လျော် နေတော်မူစဉ် ဗိမ္ဗိသာရမင်းကြီး၏သား အဘယမင်းသားသည် မိမိ၏ဆရာ နာဋပုတ္တ တက္ကတွန်းဆရာကြီးထံသို့ သွားရောက်ရှိခိုး၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေလေသည်။ ထိုအခါ နာဋပုတ္တဆရာကြီးက အဘယမင်းသားကို-

“မင်းသား.. သင် သွားပါချေ။ ရဟန်းဂေါတမ၏အပေါ်၌ အယူဝါဒ အပြစ်ဒေါသ တင်ပြပါလေ၊ ယင်းသို့ တင်ပြလျှင် သင်မင်းသားအတွက် ‘အဘယမင်းသားသည်



၅၇၉

အလွန် တန်ခိုးအာနုဘော်ကြီးသည့် ရဟန်းဂေါတမ၏ အပေါ်မှာပင် အယူဝါဒ အပြစ်ဒေါသ တင်ပြနိုင်ပါပေ၏’ဟု အလွန်ကောင်းသော ကျော်စောသတင်း ပြန့်တက်ခြင်း ဖြစ်ပါလိမ့်မည်”-

ဟု ပြောဆိုလေသည်။ အဘယမင်းသားက “အရှင်ဘုရား.. အကျွန်ုပ်သည် ဘယ်လိုနည်းဖြင့် တန်ခိုးအာနုဘော်ကြီးသော ရဟန်းဂေါတမ၏ အပေါ်၌ အယူဝါဒ အပြစ်ဒေါသ တင်ပြနိုင်လိမ့်မည်နည်း (=တင်ပြနိုင်မည် မဟုတ်ပါ)”ဟု လျှောက်ဆိုလေလျှင် နာဋပုတ္တ ဆရာကြီးသည် အဘယမင်းသားကို-

မင်းသား.. သင် သွားပါချေ၊ ရဟန်းဂေါတမရှိရာသို့ သွားရောက်ပြီးလျှင် ရဟန်းဂေါတမကို ‘အရှင်ဘုရား.. မြတ်စွာဘုရားသည် သူတပါးတို့ မချစ်မနှစ်သက်အပ်သော စကားကို ပြောကြားရာပါသလော’ဟု မေးမြန်းပါလေ။ ထိုသို့ သင်က မေးမြန်းအပ်သည်ဖြစ်၍ ရဟန်းဂေါတမက ‘မင်းသား.. မြတ်စွာဘုရားသည် သူတပါးတို့ မချစ်မနှစ်သက်အပ်သော စကားကို ပြောကြားရာ၏’ဟု အကယ်၍ သင့်အား ဖြေကြားခဲ့လျှင် သင်သည် ရဟန်းဂေါတမကို ‘အရှင်ဘုရား.. ထိုသို့ဖြစ်လျှင် အရှင်ဘုရား၏အဖို့ရာ ပုထုဇန် သူငါအများနှင့် ထူးခြားချက် အဘယ်မှာရှိတော့အံ့နည်း။ မှန်ပါသည်- ပုထုဇန် သူငါအများလည်း သူတပါးတို့ မချစ်မနှစ်သက်အပ်သော စကားကို ပြောကြားလေရာ၏’ဟု အယူဝါဒ အပြစ်တင်စကား ပြောကြားပါလေ (၁)။

ထိုသိုမဟုတ်ပဲ သင်က မေးမြန်းအပ်သည်ဖြစ်၍ ရဟန်းဂေါတမက ‘မင်းသား.. မြတ်စွာဘုရားသည် သူတပါးတို့ မချစ်မနှစ်သက်အပ်သော စကားကို မပြောကြားလေရာ’ဟု အကယ်၍ သင့်အား ဖြေကြားခဲ့လျှင်လည်း သင်သည် ရဟန်းဂေါတမကို ‘အရှင်ဘုရား.. ထိုသို့ဖြစ်လျှင် အရှင်ဘုရားသည် ရှင်ဒေဝဒတ်ကို ‘အပါယ်သို့လားမည့် ဒေ၀ဒတ်,



၅၈၀

ငရဲသို့ လားမည့် ဒေဝဒတ်, ကမ္ဘာပတ်လုံး ငရဲ၌ တည်ရ ကျက်ရမည့် ဒေဝဒတ်, ကုစား၍မရသော ဒေဝဒတ်’ဟု အဘယ့်ကြောင့် မိန့်ကြားအပ်ပါသနည်း။ ဆက်၍ လျှောက်ထားရပါလျှင် အရှင်ဘုရား၏ ထိုသို့ မိန့်ကြားသော စကားကြောင့် ရှင်ဒေဝဒတ်သည် အမျက်ထွက်ကာ နှလုံးမသာမယာ ဖြစ်ခဲ့ရပါပြီ’ဟု အယူဝါဒ အပြစ်တင်စကား ပြောကြားပါလေ (၂)။

မင်းသား.. သင်မင်းသားကသာ ရဟန်းဂေါတမကို ဤဖော်ပြရာပါ အစွန်းနှစ်ဖက် မလွတ်ထွက်နိုင်သော ပြဿနာကို မေးမြန်းအပ်ပါလျှင် ထိုရဟန်းဂေါတမသည် လည်ချောင်း၌ ငါးမျှားသံချိတ် ငြိချိတ်နေသော ယောက်ျားကဲ့သို့ မထွေးနိုင် မမျိုနိုင် ဖြစ်မည်ဧကန္တပေ-

ဟု သင်ကြားပြောပြလေ၏။

(ဤ၌။ ။နာဋပုတ္တဆရာကြီးသည် ဤပြဿနာကို လေးလကြာ စဉ်းစားပြီးမှ အဘယမင်းသားကို သင်ကြားပေးလေသည်၊ ထင်ရှားစေဦးအံ့- မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီအချိန်က တိတ္ထိဆရာကြီး ခြောက်ဦးတို့သည် ငါဘုရား ငါဘုရားဟု ဝါကြွား ဝန်ခံကြသဖြင့် အဟုတ်ပင် ဘုရားအစစ်ထင်ကြကာ ၎င်းဆရာကြီးတို့ထံ၌ လူပေါင်းများစွာတို့ တပည့်ခံခဲ့ကြလေသည်။ မြတ်စွာဘုရား ထင်ရှား ပွင့်ထွန်းတော်မူလာသော အချိန်မှစ၍ ၎င်းတိတ္ထိဆရာကြီးတို့၏ တပည့်ဖြစ်သူ လူပေါင်းများစွာတို့သည် အစုလိုက် အပြုံလိုက်ပင် ပါရမီကောင်းမှု ကုသိုလ်ထူး ရှိကြသူများပီပီ မြတ်စွာဘုရားထံ၌ တပည့်ခံကြလေသည်။

ထိုအခါ နာဋပုတ္တဆရာကြီးသည် “ရဟန်းဂေါတမကား ငါ့တပည့်များကိုခွဲ၍ ယူသွားလေပြီ၊ ကိုင်း.. ငါသည် အကြင်ပြဿနာကို ရဟန်းဂေါတမကို မေးလိုက်လျှင် ထိုရဟန်းဂေါတမသည် ငုတ်တုတ်မှိုင် ထိုင်ရာက မထနိုင်လေရာ၊ ထိုပြဿနာတခုကို စီမံဦးမှပဲ”ဟု ကြံစည်ဆင်ခြင်ကာ မိမိ၏ဒကာ အဘယမင်းသားအိမ်မှ ဆွမ်းအပို့ခံကာ ဆွမ်းကောင်းများကိုစားလျက် များစွာသော ပြသနာတို့ကို စိတ်ကူးဖြင့်ပင် စီရင်ပြီးလျှင် “အင်း.. ဤပြဿနာ၌ ရဟန်းဂေါတမသည် ဤမည်သောအပြစ်ကို တင်ပြလိမ့်မည်၊ ဤပြဿနနာ၌ကျပြန်တော့



၅၈၁

ဤမည်သောအပြစ်ကို တင်ပြလိမ့်မည်”ဟု တွေးတော၍ ထိုပြဿနာအားလုံးကို အတည်မပြုပဲ ပယ်ရှားပြီးလျှင် လေးလလွန်သောအခါ ရှေးဖော်ပြရာပါ “သူတပါးတို့ မချစ်မနှစ်သက်အပ်သော စကားကို မြတ်စွာဘုရား ပြောကြားရာပါသလော”ဟူသော ပြဿနာကို သူ၏စိတ်တွင် သိမြင်လာလေသည်။

ထိုအခါ နာဋပုတ္တဆရာကြီး၏ စိတ်သန္တာန်ဝယ် “ဤပြဿနာအတွက် အမေး,အဖြေ = နှစ်ရပ်လုံးမှာပင် ရဟန်းဂေါတမသည် အပြစ်ကို ဖော်ပြနိုင်လိမ့်မည်မဟုတ်၊ ဤပြဿနာကား အလွန်လေးနက်သည့် ခါးပိုက်ဆောင်ပြဿနာ ဖြစ်လေသည်၊ အဘယ်သူများ ဤပြဿနာကို ယူဆောင်၍ ရဟန်းဂေါတမ၏အပေါ်၌ အပြစ်ဒေါသ တင်ပြနိုင်ပါလိမ့်မည်နည်း”ဟု စဉ်းစားမိပြန်လေသည်။ ထို့နောင်မှ “အဘယမင်းသားသည် ပညာရှိသူဖြစ်၏။ သူသည် ဤပြဿနာကို ယူဆောင်ကာ ရဟန်းဂေါတမ၏ အပေါ်၌ အပြစ်ဒေါသ တင်ပြနိုင်လိမ့်မည်၊ သို့ရကား ထိုအဘယမင်းသားကိုပင် ဤပြဿနာကို သင်ကြားစေမည်”ဟု ဆုံးဖြတ်ချက် ချမှတ်ကာ ယခု အဘယမင်းသား မိမိထံမှောက် လာရောက်သောအခါတွင် ဖော်ပြရာပါအတိုင်း သင်ကြားပြောဆိုပေးလေ၏)။

     ထိုသို့ နာပုတ္တဆရာကြီးက သင်ကြားပြောဆိုပေးသောအခါ အဘယမင်းသားသည် သူတပါးအပေါ်ဝယ် အပြစ်တင်လိုသောဆန္ဒ ပြင်းပြသူဖြစ်သောကြောင့် “ကောင်းပါပြီ အရှင်ဆရာကြီး..”ဟု ဝန်ခံကာ နေရာမှထ၍ နာဋပုတ္တဆရာကြီးကို တရိုတသေ ရှိခိုးပြီးလျှင် ဘုရားရှင် သီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းတိုက်သို့ သွားရောက်၍ မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပြီးနောက် အပြစ်လွတ်ရာအရပ်၌ ထိုင်နေလျက် နေကို ကြည့်ရှုလေသည်။ ထိုအချိန်တွင် နေဝင်ရန်အချိန် နီးကပ်ပြီဖြစ်၍ အဘယမင်းသား၏ စိတ်သန္တာန်ဝယ် “ဤပြဿနာကို ဆရာကြီးသည် လေးလကြာ စီရင်အပ်လေသည်။ ထိုသို့စဉ် နက်နဲလှသော ပြဿနာ၌ အစွန်းတဖက်တဖက်ကို ယူဆောင်မေးဖြေနေရလျှင် ကြွင်းကျန်သော နေ့ပိုင်း အချိန်တိုကလေးသည် လောက်ငလိမ့်မည်မဟုတ်”ဟု အောက်မေ့ကာ “ယနေ့အဖို့ရာ မြတ်စွာဘုရား၏အပေါ်မှာ အပြစ်တင်ပြရန် အချိန်မရှိတော့ပေ၊ ငါသည် နက်ဖြန်ကျမှ မိမိနန်းတော်ဝယ် မြတ်စွာဘုရား၏အပေါ်မှာ အပြစ်ဒေါသ



၅၈၂

တင်ပြရပေတော့မည်” ဟု ကြံစည်စဉ်းစားပြီးလျှင် အဘယမင်းသားသည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည် နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ ကိုယ်တော်မြတ်လျှင် လေးပါးမြောက်ရှိ၍ (ရဟန်းသုံးပါးနှင့်တကွ ရှင်တော်ဘုရားပါ ပေါင်း လေးပါး) တပည့်တော်၏ဆွမ်းကို သည်းခံ သာယာတော်မူပါဘုရား”ဟု လျှောက်ထားပင့်ဖိတ်လေ၏။

(ဤ၌။ ။အဘယမင်းသား၏ စိတ်အကြံမှာ- (၁) ဘုရားနှင့်တကွ ရဟန်းများစွာကို ပင့်ဖိတ်လျှင် ရဟန်းအများ ထိုင်နေကြသည်ရှိသော် အနည်းငယ်မျှသော စကားကို ပေး၍ ပြဿနာကို မေးလျှင်ပင် ပုဂ္ဂိုလ်များနေသည့်အတွက် တယောက်တပေါက် ဆိုသကဲ့သို့ တခြားသုတ္တန် တခြားအကြောင်း တခြားဝတ္ထုများကို ဖော်ပြ ပြောကြားပေလိမ့်မည်။ ထိုသို့ဖြစ်လျှင် ငြင်းခုံမှုသော်၎င်း အုတ်အုတ်ကျက်ကျက် သော်၎င်း ဖြစ်ပေလိမ့်မည်။ (၂) မြတ်စွာဘုရားတပါးတည်း ပင့်ဖိတ်ပြန်လျှင်လည်း “ဤအဘယမင်းသားကား အလွန် ဝန်တို စေးနှဲသောသူပါတကား၊ မြတ်စွာဘုရားရှင်ကို နေ့စဉ်နေ့စဉ် ရဟန်းပေါင်း အရာအထောင်နှင့်တကွ ဆွမ်းခံလှည့်လည်တော်မူသည်ကို အမြင်သားဖြစ်ပါလျက် ဘုရားတဆူတည်းကိုသာ ပင့်ဖိတ်ဘိ၏”ဟု ငါ၏အပေါ်မှာ ကဲ့ရဲ့မှု = ဂရဟာဘေး ဖြစ်ပေလိမ့်မည်။ ရဟန်းသုံးပါးနှင့်တကွ မြတ်စွာဘုရားပါ လေးပါးကို ပင့်သော်ကား ဆိုခဲ့ပြီးသော အပြစ်နှစ်ပါး ဖြစ်ပွါးလိမ့်မည်မဟုတ်”ဟု ဆင်ခြင်စဉ်းစားမိလေသည်။ ထို့ကြောင့် ရဟန်းသုံးပါး နောက်ပါထား၍ မြတ်စွာဘုရားပါ ပေါင်း လေးပါးကို ပင့်ဖိတ်လေသည်)။

     မြတ်စွာဘုရားသည်လည်း ဆိတ်ဆိတ်နေသဖြင့် အဘယမင်းသား ပင့်လျှောက်ချက်ကို လက်ခံ သာယာတော်မူလေသည်။ အဘယမင်းသားသည် မြတ်စွာဘုရား လက်ခံတော်မူသည်ကို သိ၍ နေရာမှထကာ မြတ်စွာဘုရားကို ရှိခိုး အရိုအသေပြု၍ မိမိနန်းတော်သို့ ပြန်သွားလေ၏။

     နောက်တနေ့ နံနက်ရောက်၍ မြတ်စွာဘုရားရှင် အဘယမင်းသား၏ နန်းတော်သို့ (မင်းသား ပင့်လျှောက်ချက်အတိုင်း) ကြွရောက် ဆွမ်းဘုဉ်းပေးပြီးလတ်သော် အဘယမင်းသားသည်



၅၈၃

နိမ့်သောတနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရားကို နာဋပုတ္တဆရာကြီး သင်ကြားပေးလိုက်သည့်အတိုင်း-

“မြတ်စွာဘုရား.. သူတပါးတို့ မချစ်မနှစ်သက်အပ်သော စကားကို မြတ်စွာဘုရားသည် မိန့်ကြားတော်မူရာပါသလော”—

ဟု မေးလျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အဘယမင်းသားကို-

“အဘယမင်းသား.. သင် ယခုမေးအပ်သော ပြဿနာ၌ ‘မိန့်ကြားရာ၏’ ဟူ၍ဖြစ်စေ၊ ‘မမိန့်ကြားလေရာ’ ဟူ၍ဖြစ်စေ တဖို့တစုတည်းဖြင့် ဖြေကြားမှု မဖြစ်နိုင်။ (=ဤသို့သော စကားမျိုးကို မြတ်စွာဘုရားသည် မိန့်လည်း မိန့်ကြားလေရာ၏၊ မမိန့်လည်း မမိန့်ကြားလေရာ။ မိန့်ကြား ဟောဆိုမှုကြောင့် အကျိုးရှိမည်ကို မြင်လျှင် မိန့်ကြား ဟောဆိုလေရာ၏။ မိန့်ကြားဟောဆိုမှုကြောင့် အကျိုးရှိမည်ကို မမြင်လျှင် = အကျိုးမရှိမည်ကိုသာ မြင်လျှင် ထိုစကားမျိုးကို မိန့်ကြားတော်မမူရာ)”–

ဟူ၍ မိန့်ကြားတော်မူကာ နာဋပုတ္တ တက္ကတွန်းဆရာကြီး လေးလကြာ စီရင်အပ်သည့် ပြဿနာကို မိုးကြိုးစက်ဖြင့် တောင်ထွတ်ကို တချက်တည်း ဖြိုဖျက်လိုက်သကဲ့သို့ စကားတခွန်းတည်းဖြင့် မှုန့်မှုန့်ညက်ညက် ချေဖျက်တော်မူလိုက်လေသည်။

     ထိုအခါ အဘယမင်းသားသည် မြတ်စွာဘုရားရှင်အား အပြစ်ဒေါသ ဆံမြူမျှ မတင်ပြနိုင်တော့ပဲ-

“မြတ်စွာဘုရား.. ဤပြဿနာ၌ တက္ကတွန်းဆရာကြီးအားလုံး ပျက်ပြုန်း ဆုံးရှုံးကုန်ကြပြီဘုရား”-

ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားက “မင်းသား.. သင်သည် အဘယ့်ကြောင့် ‘မြတ်စွာဘုရား.. ဤပြဿနာ၌ တက္ကတွန်းဆရာကြီးအားလုံး ပျက်ပြုန်း ဆုံးရှုံးကုန်ကြပြီဘုရား’ဟု ပြောဆိုဘိသနည်း”ဟု မေးမြန်းတော်မူလေလျှင် အဘယမင်းသားသည်



၅၈၄

မိမိ နာဋပုတ္တဆရာကြီးထံ ရောက်၍ ထိုဆရာကြီးက သင်ကြားပေးလိုက်သည့် (ရှေးဖော်ပြရာပါ) အကြောင်းအရာအားလုံးကို ဖွင့်ဟလျှောက်ထားလေ၏။ (ရှေ့စာမျက်နှာ ၅၇၈-ကို ပြန်၍ ကြည့်ပါ)။

     ထိုအချိန်၌ အသက်အရွယ် နုနယ်ငယ်လှသည့် ပက်လက်အိပ်ရုံမျှသာ အိပ်တတ်သော ကလေးသူငယ် တယောက်သည် အဘယမင်းသား၏ ပေါင်ပေါ် (ရင်ခွင်)ထက်၌ ထိုင်လျက်သား ရှိနေ၏။ ။(ထိုသို့ရှိနေအောင် တမင်ပြုလုပ်ထားခြင်း ဖြစ်လေသည်။ မှန်၏- အမြွက်ထောင်သော ဝါဒသမားများသည် တဖက်နှင့် တဖက် ဝါဒယှဉ်ပြိုင်မှု ပြုလုပ်ကြသည်ရှိသော် တစုံတခုသော သစ်သီးကိုဖြစ်စေ ပန်းပွင့်ကိုဖြစ်စေ စာအုပ်ကိုဖြစ်စေ လက်ဖြင့်စွဲကိုင်၍ နေထိုင်တတ်ကြလေသည်၊ ထိုဝါဒသမားများသည် မိမိကနိုင်လျှင် တဖက်သားကို လွှမ်းလွှမ်းမိုးမိုး ဖိ၍ပြောကြားကြကုန်၏။ မိမိက ရှုံးမည့်အရိပ်နိမိတ်ပေါ်လျှင် သစ်သီးကို စားနေသည့်အယောင်, ပန်းပွင့်ကို နမ်းရှူနေသည့်အယောင်, စာအုပ်ကို ဖတ်နေသည့်အယောင် ပြုလုပ်ကြကာ ပြန့်လွင့်သောအမူအရာကို ပြကြကုန်၏။ ဤယခု အဘယမင်းသားသည်ကား “ဩ.. ယခု ငါဝါဒပြိုင်ရမည့် မြတ်စွာဘုရားသည်ကား ဝါဒစစ်ပွဲ အကြိမ်ကြိမ် ဆင်နွဲအောင်မြင်ပြီးသူ သူတပါးဝါဒကို နှိမ်နင်းနိုင်သူ ဖြစ်ပေသည်။ ငါကအောင်နိုင်လျှင် ကောင်းပါ၏၊ အကယ်၍ ငါရှုံးမည့် အရိပ်ပေါ်လျှင် ဤသူငယ်ကိုဆိတ်၍ ငိုအောင်ပြုလုပ်မည်။ ထို့နောင်မှ ‘အိုအချင်းတို့.. ဤကလေးကား ငိုဘိ၏၊ ထကြပါဦးစို့၊ နောက်မှပဲ စဉ်းစားဆင်ခြင်ကြပါစို့’ဟု စကားဖြန့်ဖို့ရန် ကြံစည်ထားလေသည်။ ထို့ကြောင့် သူငယ်ကိုပွေ့ချီကာ ထိုင်နေလေသည်)။

     မြတ်စွာဘုရားသည်ကား အဘယမင်းသားထက် အပြန်ပေါင်း အရာအထောင်မက ဝါဒအရာ လိမ္မာတော်မူသည် ဖြစ်ရကား “ဤမင်းသား၏ ပေါင်ထက်မှာရှိသော ဤကလေးသူငယ်ကိုပင် ဥပမာပြု၍ ချင်း၏ဝါဒကို ဖြိုဖျက်တော်မူမည်”ဟု ကြံစည်စဉ်းစား



၅၈၅

ဆင်ခြင်တော်မူပြီးလျှင် (အဘယမင်းသား ကလေးကို မဆိတ်မီပင်)–

အဘယမင်းသား.. ယခု ငါဘုရားမေးမည့်စကားကို သင် အဘယ်သို့ မှတ်ထင်သဘောကျသနည်း (=သင် သဘောကျသည့်အတိုင်း ဖြေဆိုနိုင်ခွင့်ရှိသည်)၊ အကယ်၍ သင့်ပေါင်ပေါ်မှာ ယခုတင်ထားသော ဤကလေးသူငယ်သည် သင်ကပဲ မေ့လျော့ခြင်းကြောင့်ဖြစ်စေ၊ အထိန်းတော်ကပဲ မေ့လျော့ခြင်းကြောင့်ဖြစ်စေ သစ်သားထင်းချောင်းကိုသော်၎င်း အိုးခြမ်းကွဲ ပုလင်းကွဲကိုသော်၎င်း ကလေးအမိုက်ဖြစ်၍ ခံတွင်း၌ ထည့်သွင်းသည် ဆိုကြပါစို့၊ ထိုကလေးသူငယ်ကို သင်သည် အဘယ်သို့ ပြုမူမည်နည်း-

ဟု မေးတော်မူလေ၏။ ထိုအခါ အဘယမင်းသားသည် မြတ်စွာဘုရားကို-

မြတ်စွာဘုရား.. တပည့်တော်သည် ထိုသူငယ်၏ခံတွင်း၌ ထည့်သွင်းသည့် သစ်သားထင်းချောင်း (သို့မဟုတ်) အိုးခြမ်းကွဲ, ပုလင်းကွဲကို အလျင်အမြန် ထုတ်ဆောင်ပစ်မည်သာ ဖြစ်ပါသည်ဘုရား၊ မြတ်စွာဘုရား.. အကယ်၍များ စောစောစီးစီး အလျင်လက်ဦး ပဌမပိုင်းမှာ အလွယ်နှင့် ထုတ်ဆောင်၍ မပစ်နိုင်ခဲ့လျှင် လက်ဝဲလက်ဖြင့် ကလေး၏ဦးခေါင်းကို မြဲမြဲခိုင်ခိုင် မလှုပ်နိုင်အောင် ပွေ့ကိုင်ပြီးလျှင် လက်ျာလက်ဖြင့် လက်ညှိုးကို ကွေးပြီးလျှင် သွေးသံရဲရဲ ဖြစ်နေစေကာမူ ထိုသစ်သားထင်းချောင်း (သို့မဟုတ်) အိုးခြမ်းကွဲ, ပုလင်းကွဲကို ဆွဲထုတ်ယူမည် ဧကန်ပင် ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းမှာ ထိုကလေးအပေါ်၌ တပည့်တော်၏ မေတ္တာ, ကရုဏာ ကြီးမားစွာ ဖြစ်ရှိသောကြောင့် ဖြစ်ပါသည်ဘုရား-

ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် အဘယမင်းသားကို-



၅၈၆

၁-အဘယမင်းသား.. ဤအတူပင်လျှင် မှန်လည်း မမှန် အကျိုးလည်းမရှိ သူတပါးတို့လည်း မချစ်မနှစ်သက်အပ်သော စကားမျိုးကို မြတ်စွာဘုရားသည် မိန့်ကြားတော်မမူ၊

၂-မှန်ပင်မှန်သော်လည်း အကျိုးမရှိ၍ သူတပါးတို့လည်း မချစ်မနှစ်သက်အပ်သော စကားမျိုးကိုလည်း မြတ်စွာဘုရားသည် မိန့်ကြားတော်မမူ၊

*၃-မှန်လည်းမှန် အကျိုးလည်းရှိ၍ အပြောခံရသူ သူတပါးတို့ကမူ မချစ်မနှစ်သက်အပ်သော စကားမျိုးကို မြတ်စွာဘုရားသည် အခါအခွင့်ကို ကြည့်ရှုဆင်ခြင်၍ ပြောသင့်က (=ပြော၍ အကျိုးရမည်ဖြစ်က) မိန့်ကြား ပြောဆိုတော်မူ၏၊

၄-မှန်လည်းမမှန် အကျိုးလည်းမရှိပဲလျက် သူတပါးတို့ ချစ်နှစ်သက်အပ်သော စကားမျိုးကိုလည်း မြတ်စွာဘုရားသည် မိန့်ကြားတော်မမူ၊

၅-မှန်ပင်မှန်သော်လည်း အကျိုးမရှိပဲ သူတံပါးတို့ ချစ်နှစ်သက်အပ်သော စကားမျိုးကိုလည်း မြတ်စွာဘုရားသည် မိန့်ကြားတော်မမူ၊

*၆-မှန်လည်းမှန် အကျိုးလည်းရှိ၍ သူတပါးတို့လည်း ချစ်နှစ်သက်အပ်သော စကားမျိုးကို မြတ်စွာဘုရားသည် အခါအခွင့်ကို ကြည့်ရှုဆင်ခြင်၍ ပြောသင့်က (=ပြော၍ အကျိုးရမည်ဖြစ်က) မိန့်ကြားပြောဆိုတော်မူ၏။

အဘယမင်းသား.. ထိုသို့ လေးခွန်းကို ရှောင်ပယ်၍ နှစ်ခွန်းကို မိန့်ကြား ပြောဆိုတော်မူခြင်းမှာ သတ္တဝါတို့ အပေါ်၌ ငါဘုရား၏ မေတ္တာ, ကရုဏာ ကြီးမားစွာ ဖြစ်ရှိသောကြောင့်ဖြစ်သည်-

ဟု မိန့်ကြားတော်မူလေ၏။ ။(သူတပါးတို့ ချစ်နှစ်သက်အပ်သည်ဖြစ်စေ မချစ်မနှစ်သက်အပ်သည်ဖြစ်စေ မှန်ကန်၍



၅၈၇

အကျိုးရှိသော စကားမျိုးကို မြတ်စွာဘုရား မိန့်ကြားပြောဆိုတော်မူ၏-ဟု အချုပ် မှတ်ယူရာ၏)။

(ဤအရာ၌။ ။၄-အမှတ်ပြ “မှန်လည်းမမှန် အကျိုးလည်း မရှိပဲလျက် သူတပါးတို့ ချစ်နှစ်သက်အပ်သော စကားနှင့်စပ်၍ အဋ္ဌကထာ၌ ဤစကားမှာ အဋ္ဌာနီယကထာ = ယုတ္တိမရှိ ပြောမိပြောရာ မဖြစ်နိုင်သည်ကို ပြောကြားသော စကားဖြစ်သည်ဟု မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော တောသားအဖိုးအိုဝတ္ထုကို ထုတ်ဆောင်ပြထားသည်။ ဗဟုသုတအလို့ငှါ ထိုဝတ္ထုကို ဖော်ပြဦးအံ့-

တောသားအဖိုးအိုဝတ္ထု

တောက အဖိုးအိုတယောက် မြို့သို့လာရောက်၍ သေတင်းကုပ် (=အရက်ဆိုင်)၌ သေသောက်နေသည်ကို လိမ်လည်လှည့်ဖြားလိုကြသည့် များစွာသော မြို့သားသေသောက်ကြူးသမား (=အရက်သမား)တို့သည် သေသောက်ရာဌာန၌ တည်နေကြ၍ ထိုအဖိုးအိုနှင့် အတူတကွ သေသောက်ကြ (=အရက်သောက်ကြ)လေသော် “ငါတို့သည် ဤတောသားအဖိုးအို၏ အဝတ်အရုံများကို၎င်း လက်၌ပါသော ဘဏ္ဍာစုကို၎င်း အလုံးစုံကို လှည့်ပတ်၍ ယူကြကုန်အံ့”ဟု ကြံစည်တိုင်ပင်ကြ၍ “ငါတို့သည် အသီးအသီး တဦးစီ မိမိကိုယ်တွေ့ အကြောင်းအရာစကားကို ပြောကြားကြကုန်အံ့၊ မဟုတ်မမှန်ဘူး-ဟု ပြောကြားသောသူ (သို့မဟုတ်) ပြောစကားကို မယုံကြည်သောသူကို ကျွန်ပြု၍ သိမ်းယူကြစတမ်း”ဟု ကတိကဝတ်ပြုကြပြီးလျှင် အဖိုးအိုကိုလည်း “အဖိုး.. အဖိုးတို့ကော ဤကတိကဝတ်ကို နှစ်သက်အပ်ပါ၏လော = သဘောတူပါ၏လော”ဟု မေးကြလေ၏။ အဖိုးအိုကလည်း “ငါ့မြေးတို့.. အိမ်း ကောင်းပြီ၊ ငါ့မြေးတို့ပြောသည့်အတိုင်း ဖြစ်ပါစေ”ဟု သဘောတူ လက်ခံလိုက်လေသည်။

ထို့နောက်မှ မြို့သား သေသောက်ကြူး (=အရက်သမား) တယောက်က မိမိကိုယ်တွေ့ အကြောင်းစကားကို

၅၈၈

ပြောပြသည်မှာ- သူငယ်ချင်းတို့.. ငါ့မိခင်မှာ ပဋိသန္ဓေ တည်ရှိနေစဉ် သီးသီးကိုစားလိုသည့်ချင်ခြင်း ဖြစ်ရှိလေသည်၊ မိခင်သည် အခြား သီးသီးခူးပေးမည့်သူကို မရနိုင်သဖြင့် ငါ့ကိုပင် သီးသီးခူးဖို့ရန် စေလွှတ်လိုက် လေသည်။

အမိဝမ်းခေါင်း ကိန်းအောင်းနေသော ငါသည် သီးပင်ရှိရာသို့ သွားရောက်၍ သီးပင်ထက်သို့ မတက်နိုင်ရကား ကိုယ်တိုင်ပင် မိမိကိုယ်ကို ခြေ၌ကိုင်၍ တင်းပုတ်ကိုကဲ့သို့ သစ်ပင်ထက်သို့ ပစ်လွှင့်လိုက်လေသည်။ ထို့နောင်မှ ငါသည် သစ်ပင်ထက်ဝယ် တကိုင်းမှ တကိုင်းသို့ လှည့်လည်ပြောင်းကူး သီးသီးတို့ကို ခူးပြီးလျှင် အောက်သို့ မဆင်းနိုင်ရကား အိမ်သို့တဖန် ပြန်သွား၍ လှေကားကိုယူဆောင် သစ်ပင်၌ထောင်၍ ဆင်းခဲ့ပြီးမှ မိခင်ထံသို့သွား၍ သီးသီးများကို မိခင်အား ပေးခဲ့လေသည်။ ထိုခူးဆောင်ခဲ့သည့် သီးသီးများကား ကြီးထွားလှကုန်၏။ အိုးစရည်းကြီး (=အိုးတုတ်ကြီး)ခန့် ပမာဏရှိကုန်၏။

ထိုသီးသီးများထဲမှ ငါ့မိခင်သည် တထိုင်တည်းဖြင့် သီးသီး အလုံးခြောက်ဆယ်တို့ကို ချင်ခြင်းပြေအောင် စားအပ်လေကုန်သည်။ ငါ့ပုဆိုးခါးပုံ (ခါးပိုက်) တခုတည်းဖြင့် ခူးဆောင်အပ်ခဲ့သော သီးသီးများအနက်မှ ငါ့မိခင် စား၍ကျန်သော သီးသီးများမှာ ငါတို့ရွာ တရွာလုံးရှိ လူကြီးလူငယ် အားလုံးတို့အတွက် ဖြစ်ကြလေသည်၊ ငါတို့အိမ် ဧည့်ခန်းမှာ တဆယ့်ခြောက်တောင် ကျယ်ဝန်းလေသည်၊ ထိုဧည့်ခန်းထဲမှ ရှိရင်းစွဲ အိမ်ထောင်ပရိဘောဂ ကြီးငယ်များကို ဖယ်ရှား၍ သီးသီးများကို ထားကြရာ အိမ်ခေါင်မိုးအထိ သီးသီးများဖြင့် ပြည့်၍နေလေသည်၊ ဧည့်ခန်းအတွင်း ထားရှိရာမှ ပိုလျှံသော သီးသီးများကို အပြင်သို့ ထုတ်ယူ၍ အိမ်တံခါးဝ၌ စုပုံ၍ထားရှိရာ အတောင်ရှစ်ဆယ်မြင့်သော တောင်တလုံးခန့် ပမာဏရှိလေသည်။

၅၈၉

မိတ်ဆွေတို့.. အသို့နည်း (=ဘယ့်နှယ်လဲ) ဤယခု ပြောပြခဲ့သည့် ဖြစ်ရပ်ကို ယုံကြည်နိုင်ကြပါကုန်၏လော-ဟု မေးလေ၏။

တောသား အဖိုးအိုသည် မတုန်မလှုပ် ဆိတ်ဆိတ်နေ၍ ကျန်သော မြို့သား သေသောက်ကြူး (=အရက်သမား) အားလုံးတို့ ဖြေကြားပြီးသည်၏ အဆုံး၌ မြို့သား သေသောက်ကြူးများက “ဘယ့်နှယ်တုန်း အဖိုး.. ဤဖြစ်ရပ်ကို ယုံကြည်ပါ၏လော”ဟု မေးအပ်ရကား “ငါ့မြေးတို့.. ဤကဲ့သို့ ဖြစ်မည်ဆိုလျှင် ဖြစ်ပါလိမ့်မည်။ တိုင်းပြည်ကြီးကိုက ကြီးပေတာကိုး၊ တိုင်းပြည်က အလွန်ကြီးလေတော့ ယုံကြည်နိုင်ပါသည်”ဟု ဖြေကြားလေ၏။

ပဌမသေသောက်ကြူး (=အရက်သမား) ပြောဆိုသကဲ့သို့ပင် ကျန်သော သေသောက်ကြူး = အရက်သမား အားလုံးတို့ အလားတူ အကြောင်းကင်းမဲ့သော စကား (=ဖြစ်နိုင်ရန် အကြောင်းမတန်သော စကား)များကို အသီးအသီး တယောက်တမျိုး ပြောကြား၍ ပြီးကြလေသော် နောက်ဆုံး၌ တောသားအဖိုးအိုက-

ငါ့မြေးတို့.. အဖိုး၏ ကိုယ်တွေ့အကြောင်းအရာကိုလည်း နားထောင်ကြပါဦး၊ မောင်တို့၏မြို့က အိမ်များသာ ကြီးကျယ်ခမ်းနားကြသည် မဟုတ်ပါ၊ အဖိုးတို့၏တောက အိမ်များလည်း ကြီးကျယ်ခမ်းနားလှပါသည်။ အထူးပြောလိုသည်ကား အဖိုးတို့၏အိမ်မှာ အခြားသော ယာခင်းများထက် ဝါခင်းက ပို၍ များပြားလှပါသည်။ ကျယ်ဝန်းလှပါသည်။ ပယ်ပေါင်း (=ဧကပေါင်း) အရာများစွာ ကျယ်ဝန်းလှသော အဖိုးတို့၏ ထိုဝါခင်းကြီးအလယ်၌ ဝါပင်ကြီးတပင် ထူးထူးချွန်ချွန် အတောင်ရှစ်ဆယ်ခန့်မြင့်အောင် ပေါက်လျက် ရှိပါသည်။ ထိုဝါပင်ကြီး၏ ခက်မငါးဖြာ ရှိကြရာဝယ် ကျန်သော ခက်မများက အသီးဟူ၍ လုံးဝမသီးကြပဲ အရှေ့ဖက်သို့ထွက်သော

၅၉၀

ခက်မကြီးမှ ထူးထူးဆန်းဆန်း အိုးစရည်း (=အိုးတုတ်ကြီး)ခန့် လုံးပတ်ရှိသည့် ဝါသီးကြီးတလုံးတည်း သီးပါသည်။ ထိုဝါသီးကြီး၏ အစိတ်အမြွှာ ခြောက်စိတ်ခြောက်မြွှာတို့၌ ဝါပွင့်ခိုင်ကြီးခြောက်ခိုင် ပွင့်ကြပါသည်။

အဖိုးသည် ဆံမုတ်ဆိတ်ကို ပယ်ရိတ်၍ ရေမိုးချိုး နံ့သာများ လိမ်းကျံပြီးလျှင် ဝါခင်းသို့ သွားရောက်၍ ထိုဝါပွင့်ခိုင်ကြီးခြောက်ခိုင် အထူးတဆန်း ပွင့်နေကြသည်ကို မြင်ရလေလျှင် အားရဝမ်းသာစွာ ရပ်တည်ရင်းကပင် လက်ကို ဆန့်တန်းလှမ်း၍ ထိုဝါပွင့်ခိုင်ကြီး ခြောက်ခိုင်တို့ကို ခူးယူလိုက်ပါသည်။ ထို့ထက်ထူးဆန်းသည်မှာ- ထိုဝါပွင့်ခိုင်ကြီး ခြောက်ခိုင်တို့သည် အဖိုး၏လက်သို့ ရောက်လျှင်ပင် ဝါပွင့်အသွင်ပျောက်၍ အားကောင်းမောင်းသန် ကျွန်ယောက်ျား ခြောက်ယောက်တို့ ဖြစ်လာကြလေသည်။ ထိုသူခြောက်ယောက်လုံးပင် အဖိုးအိုကို တယောက်တည်း စွန့်ပစ်ထားခဲ့ကြ၍ အရပ်တပါး ပြေးသွားကြလေသည်၊ ဤမျှအခါ ရှည်မြင့်ကြာအောင် ထိုငါ၏ ကျွန်ခြောက်ယောက်တို့ကို မတွေ့မမြင်ရပဲ ယနေ့မှပင် တွေ့မြင်ရကုန်တော့သည်။ ထိုကျွန် ခြောက်ယောက်တို့ကား အခြားမဟုတ်ပေ၊ အမောင်တို့ ခြောက်ယောက်သာလျှင် ဖြစ်ကုန်၏။ သင်ကား နန္ဒ-မည်သော ကျွန်တည်း၊ သင်ကား ပုဏ္ဏ-မည်သော ကျွန်တည်း၊ သင်ကား ဝဍ္ဎမာန-မည်သော ကျွန်တည်း၊ သင်ကား စိတ္တ-မည်သော ကျွန်တည်း၊ သင်ကား မင်္ဂလ-မည်သော ကျွန်တည်း၊ သင်ကား ပေါဋ္ဌိယ-မည်သော ကျွန်တည်းဟု ပြောဆိုကာ ထိုင်နေရာမှ လျင်စွာထ၍ ထိုင်နေကြသည့် ထိုမြို့သား သေသောက်ကြူး = အရက်သမား ခြောက်ဦးလုံးတို့ကိုပင် ဥသျှောင်ဆံထုံးတို့၌ မြဲစွာဆွဲ၍ ရပ်တည်နေလေ၏။

မြို့သား သေသောက်ကြူး = အရက်သမား ခြောက်ဦးတို့သည်လည်း “ကျွန်တော်တို့သည် အဖိုး၏ကျွန်များ

၅၉၁

မဟုတ်ကြပါ” ဟူ၍လည်း မပြောနိုင်ကြတော့ကုန်၊ (ပြောကြလျှင်လည်း မူလ ကတိကဝတ် စကားအရ ကျွန်များပင် ဖြစ်ကြရပေမည်)။ ထို့နောင်မှ အဖိုးအိုသည် ထိုသူခြောက်ယောက်လုံးတို့ကို တရားရုံးသို့ ဆွဲငင် ခေါ်ဆောင်သွားကာ ကျွန်တံဆိပ်ခတ်နှိပ် စာရင်းတင်ပြီးလျှင် အသက်ထက်ဆုံး ကျွန်များပြုလုပ်၍ သုံးဆောင်လေ၏တဲ့။ ။ဤကဲ့သို့သော စကားမျိုးကို မြတ်စွာဘုရားသည် သူတပါးတို့ နားထောင်၍ အပြင်းပြေ စိတ်ရွှင်လန်း နှစ်သက်နိုင်သော်လည်း မှန်လည်းမမှန် အကျိုးလည်း မရှိသောကြောင့် ဘယ်သောအခါမှာမှ မိန့်ကြားတော်မမူ။ ။(မ ဋ္ဌ၊ ၃။ မျက်နှာ ၇၀,၇၉-မှ)။

     ထို့နောက် အဘယမင်းသားသည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. မင်းပညာရှိ, ပုဏ္ဏားပညာရှိ, သူဌေးသူကြွယ်ပညာရှိ, ရဟန်းပညာရှိတို့က ပြဿနာတို့ကို စီမံကြကာ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မေးလျှောက်ကြသောအခါ ‘ငါဘုရားကို ချဉ်းကပ်၍ ဤသို့ဤပုံ မေးမြန်းကြသော ထိုပညာရှိတို့အား ငါဘုရားသည် ဤသို့ဤပုံ ဖြေဆိုပေအံ့’ဟူ၍ ရှေးဦးမဆွကပင် မြတ်စွာဘုရား၏ စိတ်တော်ဝယ် ကြံစည်စဉ်းစားအပ်ပြီး ဖြစ်ပါသလော၊ သို့မဟုတ် ထိုဖြေဆိုချက်သည် တခဏချင်း ရှင်တော်ဘုရား၏ ဉာဏ်တော်၌ ထင်မြင်လာပါသလော”ဟု မေးမြန်း လျှောက်ထားလေ၏။ မြတ်စွာဘုရားက “အဘယမင်းသား.. ထိုသို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် တဖန်ပြန်၍ မေးပေအံ့၊ သင်နှစ်သက် သဘောကျသည့်အတိုင်း ဖြေဆိုနိုင်သည်။ မင်းသား.. ယခု ငါဘုရားမေးမြန်းမည့်စကားကို သင် အဘယ်သို့မှတ်ထင် သဘောကျသနည်း၊ သင်သည် ရထားဖက်ဆိုင်ရာ အင်္ဂါကြီးငယ် အသွယ်သွယ်တို့၌ ကျွမ်းကျင်လိမ္မာသူ ဖြစ်သည်မဟုတ်လော”ဟု မေးတော်မူသည်တွင် အဘယမင်းသားသည် “မှန်ပါသည် မြတ်စွာဘုရား.. အကျွန်ုပ်သည်



၅၉၂

ရထားဖက်ဆိုင်ရာ အင်္ဂါကြီးငယ် အသွယ်သွယ်တို့၌ ကျွမ်းကျင်လိမ္မာသူ ဖြစ်ပါသည်”ဟု ပြန်ကြား လျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်က အဘယမင်းသားကို “မင်းသား.. ယခု ငါဘုရားမေးမြန်းမည့်စကားကို သင် အဘယ်သို့မှတ်ထင် သဘောကျသနည်း၊ အမှတ်မထင် အကြင်သူက သင့်ထံသို့ ချဉ်းကပ်၍ ‘ဤရထားဖက်ဆိုင်ရာ အင်္ဂါကြီးငယ်အစုကား အဘယ်အမည်ရှိပါသနည်း’ဟု မေးမြန်းကြလျှင် သင်၏စိတ်ဝယ် ‘အမှတ်မထင် အကြင်သူတို့က ငါ့ထံသို့ ချဉ်းကပ်ကြ၍ ဤသို့ဤပုံ မေးမြန်းကြလျှင် ငါသည် ထိုသူတို့အား ဤသို့ဤပုံ ဖြေဆိုပေအံ့’ဟူ၍ ရှေးဦးမဆွကပင် ကြံစည်စဉ်းစားအပ်ပြီး ဖြစ်သလော၊ သို့မဟုတ် ထိုဖြေဆိုချက်သည် တခဏချင်း သင်၏ဉာဏ်၌ ထင်မြင်လာလေသလော”ဟု မေးမြန်းလေလျှင် အဘယမင်းသားသည် “မြတ်စွာဘုရား.. အကျွန်ုပ်သည်ကား ရထားအတတ် ဖက်ကမ်းခတ်အောင် တတ်မြောက်သူဟု ထင်ရှားကျော်ကြားသူတယောက် ဖြစ်ပါသည်၊ ရထားဖက်ဆိုင်ရာ အင်္ဂါကြီးငယ်တို့၌ ကျွမ်းကျင်လိမ္မာသူ ဖြစ်ပါသည်၊ ရထားဖက်ဆိုင်ရာ အင်္ဂါကြီးငယ် အသွယ်သွယ်တို့သည် အကျွန်ုပ်၏အဖို့ရာ ကောင်းစွာ ထင်လင်းပြီးသားချည်း ဖြစ်ပါကုန်သည်၊ သို့ရကား ဤရထား၏ အင်္ဂါကြီးငယ်နှင့်စပ်၍ မေးအပ်သမျှသော ပြဿနာ၏ အဖြေများသည် အကျွန်ုပ်၏ဉာဏ်၌ တခဏချင်း ထင်မြင်လာပါသည်”ဟု ဖြေကြား လျှောက်ထားလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် အဘယမင်းသားကို “မင်းသား.. ဤအတူပင်လျှင် မင်းပညာရှိ, ပုဏ္ဏားပညာရှိ, သူဌေးသူကြွယ်ပညာရှိ, ရဟန်းပညာရှိတို့က ပြဿနာတို့ကို စီမံကြကာ ငါဘုရားထံသို့ ချဉ်းကပ်၍ မေးလျှောက်ကြလေလျှင် ဤပြဿနာ၏ အဖြေသည် တခဏချင်းပင် ငါဘုရား၏ဉာဏ်၌ ထင်မြင်လာပေ၏။ ထိုသို့ ထင်မြင်လာခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟူမူ- မင်းသား.. ငါဘုရားသည် သဗ္ဗညုတဉာဏ်တော် တည်းဟူသော ဓမ္မဓာတ်ကို ကောင်းစွာ ထိုးထွင်းသိအပ်



၅၉၃

ရအပ်လေပြီ၊ ယင်းသည့် သဗ္ဗညုတဉာဏ် တည်းဟူသော ဓမ္မဓာတ်ကို ကောင်းစွာ ထိုးထွင်းသိအပ် ရအပ်သောကြောင့်ပင် ဤပြဿနာများ၏ အဖြေများသည် ငါဘုရား၏ဉာဏ်၌ တခဏချင်းပင် ထင်မြင်လာပေ၏”ဟု သာယာခွန်းညိမ့် မိန့်တော်မူလေလျှင် အဘယမင်းသားသည် သရဏဂုံခံယူကာ ထိုနေရာမှာပင် ဥပါသကာအဖြစ်သို့ ရောက်ရှိလေ၏။ ။ဤကား အဘယရာဇကုမာရသုတ် အကျဉ်းချုပ်တည်း။

(ဤအဘယမင်းသားသည် နောက်တချိန် သာသနာဝန်ထမ်း ရဟန်းပြုကာ ရဟန်း တရား ပွါးများအားထုတ်သဖြင့် ပဋိသမ္ဘိဒါပတ္တ ဆဠဘိညရဟန္တာဖြစ်၍ ထက်သောပညာ ရွှင်သောပညာ လျင်သောပညာ ကြီးသောပညာ ဆန်းကြယ်သောပညာ = ဤပညာ၅-ပါးနှင့် ပြည့်စုံသူဖြစ်ကြောင်း (အပဒါနပါဠိ၊ ဒုတိယဘာဂ၊ စာမျက်နှာ ၁၅၈, ၉,၁၆၀-၌) အကျယ်လာရှိသည်။ အလိုရှိသူတို့သည် ပိဋကတ်တော် မြန်မာပြန်မှ ကြည့်ရှုမှတ်ယူကုန်ရာ၏)။

သုဂတဂုဏ်တော် ပြီး၏။

**********

(၅) လောကဝိဒူဂုဏ်တော်

     လောက = ဥပါဒါနက္ခန္ဓာငါးပါး တည်းဟူသော လောကကို (တနည်း) သတ္တလောက, သင်္ခါရလောက, ဩကာသလောက တည်းဟူသော လောကသုံးပါးကို + ဝိဒူ = ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား။

     ဤလောကဝိဒူဂုဏ်တော်ကို ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၌ နှစ်နည်းဖွင့်ပြ၏။ (၁) ပဌမနည်းမှာ လောကအရ ဥပါဒါနက္ခန္ဓာ ၅-ပါးတို့ကို ကောက်ယူ၍ ထိုဥပါဒါနက္ခန္ဓာ ၅-ပါး-တည်းဟူသော လောကကို (က) ဒုက္ခသဘာဝအားဖြင့်၎င်း, (ခ) “ထိုခန္ဓာလောကကို ဤတဏှာ-စသော အကြောင်းတရားတို့သည် ဖြစ်စေကြကုန်၏”ဟု အကြောင်း သမုဒယအားဖြင့်၎င်း, (ဂ) “ထိုခန္ဓာလောက ဒုက္ခသဘောအစုသည် ဤနိရောဓသစ္စာ = နိဗ္ဗာန်တရား၌ အကြွင်းမဲ့ ချုပ်ငြိမ်း၏”ဟု ဒုက္ခနိရောဓအားဖြင့်၎င်း,



၅၉၄

(ဃ) “ဤအရိယမဂ်တရားသည် ထိုဒုက္ခခန္ဓာလောက၏ အကြွင်းမဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်း ဧကန်စင်စစ် မှန်၏”ဟု ဒုက္ခနိရောဓုပါယအားဖြင့်၎င်း လေးဖက်လက်တန် ခပ်သိမ်းသော အခြင်းအရာအားဖြင့် ဥပါဒါနက္ခန္ဓာလောကကို အကြွင်းမရှိ သိတော်မူတတ်သော မြတ်စွာဘုရား-ဟု ဆိုလိုသည်။

     ဤပဌမနည်း၌ လောကအရ ဥပါဒါနက္ခန္ဓာကို ကောက်ယူ၍ မြတ်စွာဘုရားသည် ယင်း ဥပါဒါနက္ခန္ဓာ တည်းဟူသော လောကကို သိတော်မူရာ၌ ဥပါဒါနက္ခန္ဓာ တရားသားသက်သက်ကိုသာ သိတော်မူသည်မဟုတ်၊ စင်စစ်သော်ကား ၁-ထိုဥပါဒါနက္ခန္ဓာ တရားသားတို့၏ ဒုက္ခသဘောကိုလည်း သိတော်မူ၏၊ ၂-ထိုခန္ဓာလောက ဒုက္ခသဘောအစုကို ဖြစ်စေတတ်သည့် တဏှာစသော အကြောင်း = သမုဒယ တရားအစုကိုလည်း သိတော်မူ၏။ ၃-ထိုခန္ဓာလောက ဒုက္ခသဘောအစု၏ ချုပ်ရာ နိရောဓသစ္စာ = နိဗ္ဗာန်တရားကိုလည်း သိတော်မူ၏။ ၄-ထိုနိရောဓသို့ရောက်ကြောင်း အရိယမဂ် တည်းဟူသော မဂ္ဂသစ္စာကိုလည်း သိတော်မူ၏။ ဤသို့လျှင် ဥပါဒါနက္ခန္ဓာ တရားသားသက်သက်မျှကိုသာ သိတော်မူသည်မဟုတ်ပဲ ထိုခန္ဓာလောကနှင့်စပ်၍ သိသင့်သိထိုက်သမျှသော ဒုက္ခသဘော, ဒုက္ခသမုဒယသဘော, ဒုက္ခနိရောဓသဘော, ဒုက္ခနိရောဓုပါယသဘော = ဤလေးပါး (လေးဖက်လက်တန်)တို့ဖြင့် ဥပါဒါနက္ခန္ဓာလောကကို ခပ်သိမ်းဥဿုံ စုံအောင် သိတော်မူတတ်သောကြောင့် မြတ်စွာဘုရားသည် လောကဝိဒူ မည်တော်မူ၏။ ဤပဌမနည်းအလို ဥပါဒါနက္ခန္ဓာ လောကကို လေးဖက်လက်တန် ခပ်သိမ်းဥဿုံ ခြင်းရာစုံအောင် သိသောဉာဏ်တော်ကား လောကဝိဒူဂုဏ်တော်ဖြစ်၍ ဘုရားဒြဗ်တော်သည် ဂုဏ်တော့်ရှင် ဖြစ်လေသည်။

     (၂) ဤဆိုအပ်ပြီးသော ပဌမနည်းအရ လောကဝိဒူဂုဏ်တော်ကို သဘာဝအားဖြင့် အကြွင်းမဲ့ ပြအပ်ပြီး ဖြစ်သော်လည်း လောကအရ ဥပါဒါနက္ခန္ဓာလောကကိုသာ ပြဆိုအပ်သဖြင့် မပြည့်စုံသေးရကား ထိုလောကအရကို အကြွင်းမဲ့ ပြည့်စုံအောင်



၅၉၅

ပြလိုသောကြောင့် အဋ္ဌကထာ၌ ဒုတိယတနည်း မိန့်ဆိုတော်မူပြန်သည်။

     ထိုဒုတိယနည်း၌ အဓိပ္ပါယ်မှာ- လောကသည် ၁-သတ္တလောက ၂-သင်္ခါရလောက ၃-ဩကာသလောကဟူ၍ သုံးမျိုးရှိလေသည်။ ဖြစ်တတ် ပျက်တတ်သော သဘော, ဖြစ်ရာပျက်ရာ သဘောကို လောကဟူ၍ ခေါ်ဆို၏။ အဘိဓမ္မာသဘာဝအားဖြင့် သက်ရှိခန္ဓာ တရားအစုကို ဣန္ဒြိယဗဒ္ဓခန္ဓာဟူ၍ ခေါ်၏။ သက်မဲ့ခန္ဓာ တရားအစုကို အနိန္ဒြိယဗဒ္ဓခန္ဓာဟူ၍ ခေါ်၏။

     ၁-သက်ရှိ = ဣန္ဒြိယဗဒ္ဓဖြစ်သော ခန္ဓာအပေါင်း ခန္ဓာအစဉ်ကို (အဆင်းစသည်တို့၌ တပ်မက်တတ်သောကြောင့် = သတ္တ + ကုသိုလ်, အကုသိုလ် ထို၏အကျိုးတရားတို့ ဖြစ်ပွါးရာ ပျက်စီးရာ ဖြစ်သောကြောင့် = လောက = ဤသို့ အမည်နှစ်ပါးစပ်၍) သတ္တလောကဟု ခေါ်ဆို၏။

     ၃-အနိန္ဒြိယဗဒ္ဓဖြစ်သော သက်မဲ့ခန္ဓာအပေါင်း ခန္ဓာအစဉ်ကို (ဝါ) အနန္တစကြဝဠာ ဘုံဗိမာန်- စသည်များကို (တသ = ထိတ်လန့်ခြင်း မကင်းကြသေးသော ပုထုဇန် သောတာပန် သကဒါဂါမ် သတ္တဝါများ, ထာဝရ = ယင်း ထိတ်လန့်ခြင်း ကင်းရှင်းကြံ့ခိုင် တည်တံ့ကြသော အနာဂါမ် ရဟန္တာပုဂ္ဂိုလ်များ = ဤသို့ တသ, ထာဝရအားဖြင့် နှစ်ထွေပြားကြသည့် သတ္တဝါများ၏ တည်နေရာဖြစ်သောကြောင့် ဩကာသ + ထိုသတ္တဝါများ၏ ဖြစ်ပွါးပျက်စီးရာဌာန ဖြစ်သောကြောင့် လောက = ဤသို့ အမည်နှစ်ပါးကို စပ်၍) ဩကာသလောကဟု ခေါ်ဆို၏။

     ၂-ဖော်ပြရာပါ သက်ရှိ ဣန္ဒြိယဗဒ္ဓခန္ဓာ, သက်မဲ့ အနိန္ဒြိယဗဒ္ဓခန္ဓာ နှစ်မျိုးလုံးကိုပင် (အကြောင်းတရားတို့က ပြုပြင်အပ်သောကြောင့် သင်္ခါရ + ဖြစ်တတ် ပျက်တတ်သောကြောင့် လောက = ဤသို့ အမည်နှစ်ပါးကိုစပ်၍) သင်္ခါရလောကဟု ခေါ်ဆို၏။ ထိုဖော်ပြရာပါ လောကသုံးပါးကို ပိုင်းခြားထင်ထင် အကြွင်းမဲ့ သိမြင်တော်မူတတ်သော မြတ်စွာဘုရား-ဟု ဆိုလိုသည်။



၅၉၆

     ဝိသုဒ္ဓိမဂ်အဋ္ဌကထာလာရှိတိုင်း အနည်းငယ်ချဲ့၍ ပြဦးအံ့- (၂) “ဧကော လောကော သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ = ခပ်သိမ်းသော သတ္တဝါတို့သည်ပင် ဆိုင်ရာအကြောင်းတရားလျှင် အခြေခံတည်ရာ ရှိကြကုန်မှုသည် တခုသော လောကမည်၏ (ပဋ္ဋိသမ္ဘိဒါမဂ်၊ မျက်နှာ ၁၁၇)”- ဤသို့စသည်ဖြင့် လာရှိသော အရာ၌ လောကအရ သင်္ခါရလောကကို ကောက်ယူရသည်။ (ဤ၌ “ခပ်သိမ်းသော သတ္တဝါတို့သည်”ဟု သတ္တလောကအသံ ပါရှိသော်လည်း ပုဂ္ဂလာဓိဋ္ဌာန ဓမ္မဒေသနာ ပုဂ္ဂိုလ်ကိုအခြေတည်၍ တရားကို ဟောကြားသော အရာ ဖြစ်သောကြောင့်၎င်း “ဆိုင်ရာအကြောင်းတရားလျှင် အခြေခံတည်ရာရှိကြမှု”သည် မုချအားဖြင့် သင်္ခါရတို့၏ သဘောသာဖြစ်၍ သတ္တဝါ၏သဘော မဟုတ်သောကြောင့်၎င်း ဤဒေသနာ၌ လောကအရ သင်္ခါရလောကကို ကောက်ယူရသည်)။

     မြတ်စွာဘုရားသည် ထိုသင်္ခါရလောကသဘောကို ၁-ခပ်သိမ်းသော သင်္ခါရတို့၏ သက်ဆိုင်ရာ အကြောင်းတရားလျှင် အခြေခံတည်ရာရှိကြမှု အနေအားဖြင့် တခုသော သင်္ခါရလောကကို၎င်း, ၂-နာမ်တရား ရုပ်တရားအနေအားဖြင့် နှစ်ပါးသော သင်္ခါရလောကတို့ကို၎င်း, ၃-ဝေဒနာသုံးပါး အနေအားဖြင့် သုံးပါးသော သင်္ခါရလောကတို့ကို၎င်း, ၄-အာဟာရလေးပါး အနေအားဖြင့် လေးပါးသော သင်္ခါရလောကတို့ကို၎င်း, ၅-ဥပါဒါနက္ခန္ဓာ ငါးပါးအနေအားဖြင့် ငါးပါးသော သင်္ခါရလောကတို့ကို၎င်း, ၆-အဇ္ဈတ္တိကာယတနခြောက်ပါး အနေအားဖြင့် သင်္ခါရလောက ခြောက်ပါးတို့ကို၎င်း, ၇-ဝိညာဏဋ္ဌိတိခုနစ်ပါး အနေအားဖြင့် သင်္ခါရလောက ခုနစ်ပါးတို့ကို၎င်း, ၈-လောကဓံရှစ်ပါး အနေအားဖြင့် သင်္ခါရလောက ရှစ်ပါးတို့ကို၎င်း, ၉-သတ္တာဝါသ ဘုံကိုးဝ အနေအားဖြင့် သင်္ခါရလောက ကိုးပါးတို့ကို၎င်း, ၁၀-ရုပ်အာယတနဆယ်ပါး အနေအားဖြင့် သင်္ခါရလောက ဆယ်ပါးတို့ကို၎င်း၊ ၁၁-အာယတနဆယ့်နှစ်ပါး အနေအားဖြင့် သင်္ခါရလောက တဆယ့်နှစ်ပါးတို့ကို၎င်း, ၁၂-ဓာတ်တဆယ့်ရှစ်ပါး



၅၉၇

အနေအားဖြင့် သင်္ခါရလောက တဆယ့်ရှစ်ပါးတို့ကို၎င်း- ဤသို့အစရှိသော နည်းအားဖြင့် သင်္ခါရလောက ရှိသမျှကို ခြင်းရာကုန်အောင် သိမြင်တော်မူလေသည်။

     (၁) မြတ်စွာဘုရားရှင်သည် သင်္ခါရလောကကို ကြွင်းမဲ့ကုန်စင် သိမြင်တော်မူသကဲ့သို့ သတ္တလောက = သက်ရှိခန္ဓာအပေါင်းကိုလည်း ကြွင်းမဲ့ကုန်စင် သိမြင်တော်မူလေသည်။ မှန်၏- မြတ်စွာဘုရားသည် ခပ်သိမ်းသော သတ္တဝါတို့၏ ၁-အာသယကိုလည်း ပိုင်းခြား သိမြင်တော်မူ၏။ ၂-အနုသယကိုလည်း ပိုင်းခြား သိမြင်တော်မူ၏။ ၃-စရိုက်ကိုလည်း ပိုင်းခြား သိမြင်တော်မူ၏၊ ၄-အဓိမုတ္တိကိုလည်း ပိုင်းခြား သိမြင်တော်မူ၏။ ဉာဏ်ပညာမျက်စိဝယ် ကိလေသာမြူမှုန် နည်းပါးကြသော သတ္တဝါတို့ကို၎င်း, ဉာဏ်ပညာမျက်စိဝယ် ကိလေသာမြူမှုန် များပြားကြသော သတ္တဝါတို့ကို၎င်း, သဒ္ဓါစသော ဣန္ဒြေငါးပါးတို့ ထက်မြက်သောသတ္တဝါ, နုံ့နှေးသော သတ္တဝါတို့ကို၎င်း ကောင်းသော အခြင်းအရာ (=ကောင်းသော ပြကတေ့သဘော ဝဋ်ကင်းခြင်းကို လိုလားသည့် ဆန္ဒသဘော) ရှိကြသော သတ္တဝါ, ထိုသဘော မရှိကြသော သတ္တဝါတို့ကို၎င်း သမ္မတ္တနိယာမ-ခေါ်သည့် မဂ်ဉာဏ်အမြင်ကို သိစေရန် လွယ်ကူကြသည့် သဒ္ဓါ,ပညာရှိကြသော သတ္တဝါ, မရှိကြသော သတ္တဝါတို့ကို၎င်း မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သည့် ကံ, ကိလေသ, ဝိပါက အပိတ်အပင် အဆီးအတားမှ ကင်းကြ၍ မဂ်ဖိုလ်ကိုရထိုက်သော သတ္တဝါ, ထိုအပိတ်အပင် အဆီးအတား ရှိနေကြ၍ မဂ်ဖိုလ်ကို မရထိုက်သော သတ္တဝါတို့ကို၎င်း ပိုင်းခြား သိမြင်တော်မူ၏။

     ၁-အာသယ။ ။သတ္တဝါတို့၏ စိတ်ဓာတ်ကိန်းတည်ရာကို အာသယ-ဟူ၍ ခေါ်၏။ သားသမင်သည် မိမိအလိုရှိရာဌာန၌ တနေ့လုံး ကျက်စားပြီးသော် တဖန်ပြန်လာ၍ မိမိ၏နေရာ တောအုပ်၌ပင် ကိန်းတည် နေထိုင်လေသည်၊ သို့ရကား တောအုပ်ကို သားသမင်၏ ကိန်းတည်ရာ = အာသယဟူ၍ ခေါ်ဆိုအပ်လေသည်။ ထို့အတူ သတ္တဝါတို့၏ စိတ်ဓာတ်သည်လည်း ထိုထိုအာရုံတို့၌ အာဂန္တုဧည့်သည်သဘောဖြင့် လှည့်လည်ကျက်စား



၅၉၈

ဖြစ်ပွါးပြီးနောက် အချို့ (ဝဋ္ဋနိဿိတ = သံသရာဝဋ်၌ မှီကြသော) သတ္တဝါတို့၏ စိတ်ဓာတ်မှာ မိစ္ဆာဒိဋ္ဌိတရား၌ ကိန်းတည်နေထိုင်လေသည်၊ အချို့ (ဝိဝဋ္ဋနိဿိတ = ဝဋ်ကင်းရာ၌ မှီကြသော + သုဒ္ဓ= စင်ကြယ်သော) သတ္တဝါတို့၏ စိတ်ဓာတ်မှာ ပညာတရား၌ ကိန်းတည်နေထိုင် ဖြစ်ပွါးလေသည်၊ သို့ရကား ထိုမိစ္ဆာဒိဋ္ဌိတရားနှင့် ပညာတရား = ဤနှစ်ပါးတို့ကို သတ္တဝါတို့၏ စိတ်ဓာတ်ကိန်းတည်ရာ ဖြစ်သောကြောင့် အာသယ-ဟူ၍ ခေါ်ဆိုလေသည်။

     တဖန် ဒိဋ္ဌိအာသယမှလည်း ၁-သဿတဒိဋ္ဌိအာသယ, ၂-ဥစ္ဆေဒဒိဋ္ဌိအာသယဟူ၍ = နှစ်မျိုးပြားပြန်လေသည်။ ပညာအာသယသည်လည်း ၁-အနုလောမခန္တီခေါ်သော ဝိပဿနာပညာသယ, ၂-မဂ်ဉာဏ်တည်းဟူသော ယထာဘူတဉာဏ်အမြင်အာသယဟူ၍ နှစ်မျိုးပြားပြန်လေသည်။

     မြတ်စွာဘုရားရှင်သည် သတ္တဝါတို့၏ အာသယကို သိတော်မူရာ၌ ၁-ဤသတ္တဝါကား ဝဋ္ဋနိဿိတသတ္တဝါ ဖြစ်ပြီးလျှင် သဿတဒိဋ္ဌိ တည်းဟူသော အာသယရှိသူ ဖြစ်သည် (=ဤသတ္တဝါ၏ စိတ်ဓာတ်သည် သဿတဒိဋ္ဌိ၌ အမြဲ ကိန်းတည်နေသည်)၊ ၂-ဤသတ္တဝါကား ဝဋ္ဋနိဿိတသတ္တဝါပင် ဖြစ်ပြီးလျှင် ဥစ္ဆေဒဒိဋ္ဌိ တည်းဟူသော အာသယရှိသူ ဖြစ်သည် (=ဤသတ္တဝါ၏ စိတ်ဓာတ်သည် ဥစ္ဆေဒဒိဋ္ဌိ၌ အမြဲ ကိန်းတည်နေသည်)၊ ၃-ဤသတ္တဝါကား ဝိဝဋ္ဋနိဿိတသတ္တဝါ သုဒ္ဓသတ္တဝါ ဖြစ်ပြီးလျှင် ဝိပဿနာဉာဏ်ပညာ တည်းဟူသော အာသယဓာတ်ရှိသူ ဖြစ်သည် (=ဤသတ္တဝါ၏ စိတ်ဓာတ်သည် ဝိပဿနာဉာဏ်ပညာ၌ အမြဲကိန်းတည်နေသည်)၊ ၄-ဤသတ္တဝါကား ဝိဝဋ္ဋနိဿိတ သုဒ္ဓသတ္တဝါ ဖြစ်ပြီးလျှင် မဂ်ဉာဏ်တည်းဟူသော ယထာဘူတဉာဏ် အာသယရှိသူဖြစ်သည် (=ဤသတ္တဝါ၏ စိတ်ဓာတ်သည် မဂ်ဉာဏ်ပညာ၌ အမြဲကိန်းတည်နေသည်)ဟူ၍ ပိုင်းပိုင်းခြားခြား သိမြင်တော်မူလေသည်။

     ၂-အနုသယ။ ။သတ္တဝါတို့၏ သန္တာန်ဝယ် မဂ်ဉာဏ်ဖြင့် မပယ်သတ်ရသေးသမျှ ကာလပတ်လုံး သင့်လျော်လျောက်ပတ်သော



၅၉၉

အကြောင်းကို ရရှိလျှင် ဥပါဒ်,ဌီ,ဘင်အားဖြင့် အထင်အရှား ဖြစ်ပွါးဖို့ရန် အဖန်ဖန် ကိန်းတည်ရှိနေသော ကိလေသာမျိုးစေ့ဓာတ် ခုနစ်ပါးရှိလေသည်၊ ထိုဓာတ်ခုနစ်ပါးတို့ကို အနုသယဓာတ်ဟူ၍ ခေါ်၏။ ခုနစ်ပါးဟူသော်ကား ၁-ကာမရာဂါနုသယ = ကာမရာဂခေါ်သော လောဘကိလေသာ မျိုးစေ့ဓာတ်, ၂-ဘ၀ရာဂါနုသယ = ဘ၀ရာဂခေါ်သော လောဘကိလေသာ မျိုးစေ့ဓာတ်, ၃-ပဋိဃာနုသယ = ဒေါသကိလေသာ မျိုးစေ့ဓာတ်, ၄-မာနာနုသယ = မာန်မာနကိလေသာ မျိုးစေ့ဓာတ်, ၅-ဒိဋ္ဌာနုသယ = ဒိဋ္ဌိကိလေသာ မျိုးစေ့ဓာတ်, ၆-ဝိစိကိစ္ဆာနုသယ = ဝိစိကိစ္ဆာကိလေသာ မျိုးစေ့ဓာတ်, ၇-အဝိဇ္ဇာနုသယ = မောဟကိလေသာ မျိုးစေ့ဓာတ် ဤဓာတ်ခုနစ်မျိုးတို့ပင်တည်း။

     မြတ်စွာဘုရားသည် သတ္တဝါတို့၏ အနုသယဓာတ်ကို ပိုင်းခြား သိမြင်တော်မူရာ၌ ဤသတ္တဝါသည် ကာမရာဂါနုသယ မြောက်မြားအားကြီးသူ ဖြစ်သည်၊ ဤသတ္တဝါကား ဘ၀ရာဂါနုသယ မြောက်မြားအားကြီးသူ ဖြစ်သည်၊ ဤသတ္တဝါကား ပဋိဃာနုသယ ၊(ပ)၊ မာနာနုသယ, ဒိဋ္ဌာနုသယ, ဝိစိကိစ္ဆာနုသယ မြောက်မြားအားကြီးသူ ဖြစ်သည်၊ ဤသတ္တဝါကား အဝိဇ္ဇာနုသယ မြောက်မြားအားကြီးသူ ဖြစ်သည်-ဟူ၍ ပိုင်းပိုင်းခြားခြား သိမြင်တော်မူလေသည်။

     ဤ၌ အနုသယကိလေသာနှင့်စပ်၍ အဝတ္ထာ = အခိုက်အတန့်သို့လိုက်၍ ကိလေသာ သုံးမျိုးရှိသည်ကို သတိပြု မှတ်ယူရာ၏။ သုံးမျိုးတို့ဟူသည်မှာ- (၁) အနုသယကိလေသာ = မျိုးစေ့ဓာတ်ကိလေသာ, (၂) ပရိယုဋ္ဌာနကိလေသာ = ဥပါဒ်ဌီဘင်အားဖြင့် အထင်အရှား ဖြစ်ပွါးထကြွလာသော ကိလေသာ, (၃) ဝီတိက္ကမကိလေသာ = ကိုယ်နှုတ်တို့ဖြင့် ကျူးကျော်ထိပါးလာသည်တိုင်အောင် ကြမ်းတမ်းလာသော ကိလေသာ = ဤသုံးမျိုးတို့ဖြစ်သည်။



၆၀၀

     ပုထုဇန် သတ္တဝါတယောက်သည် ဒါနကောင်းမှု ပြုနေသည် ဆိုကြပါစို့၊ ထိုသို့ ဒါနကောင်းမှု ပြုနေ၍ မဟာကုသိုလ်စိတ်များ ဖြစ်ပွါးနေခိုက်မှာပင်သော်လည်း ထိုပုထုဇန်သတ္တဝါ၏ သန္တာန်ဝယ် မဂ်ဖြင့် မပယ်သတ်ရသေးသောကြောင့် သင့်လျော်လျောက်ပတ်သော ဣဋ္ဌအာရုံ ကာမဂုဏ်နှင့် တွေ့ကြုံလျှင် ဥပါဒ်,ဌီ,ဘင်အားဖြင့် လောဘတရား ထင်ရှားဖြစ်ပေါ်မည့် ကာမရာဂခေါ်သော လောဘကိလေသာ မျိုးစေ့ ဓာတ်ကား ကိန်းတည်လျက်ပင် ရှိနေလေသည်၊ ထိုလောဘကိလေသာ မျိုးစေ့ဓာတ်ကို ကာမရာဂါနုသယ ကိလေသာ = လောဘမျိုးစေ့ဓာတ် ကိလေသာဟူ၍ ခေါ်ဆိုလေသည်။ နောက်တချိန်ဝယ် မိမိအလိုရှိအပ်သော ဣဋ္ဌအာရုံ ကာမဂုဏ်နှင့် တွေ့ကြုံသောအခါ ထိုကာမရာဂါနုသယ ကိလေသာမှပင် အကြောင်းရင်းအခြေခံပြု၍ ကာမရာဂလောဘ ကိလေသာများ တရိပ်ရိပ် တဖွားဖွား ဖြစ်ပွါးလာလေသည်၊ ထိုလောဘကိလေသာများကို ပရိယုဋ္ဌာနကိလေသာဟူ၍ ခေါ်ဆိုလေသည်။ ထိုသို့ ပရိယုဋ္ဌာနကိလေသာ ဖြစ်ပွါးလာသောအခါ သတိသံဝေဂ ရရှိ၍ ယောနိသောမနသိကာရဖြင့် ထိန်းသိမ်းစောင့်ရှောက် ပယ်ရှားနိုင်က ထိုမျှဖြင့် ရပ်စဲသွားနိုင်၏၊ ယောနိသောမနသိကာရကို မရပဲ အယောနိသောမနသိကာရ ဆက်လက်၍ အားကောင်းနေလျှင် ထိုသူ၏သန္တာန်၌ ကာယကံ ကျူးလွန်မှု, ၀စီကံကျူးလွန်မှု = ပြုမှား, ပြောမှား အပြစ်များကို ဖြစ်ပွါးစေလျက် ထိုပရိယုဋ္ဌာနကိလေသာထက် ရုန့်ရင်းကြမ်းတမ်းစွာသော လောဘကိလေသာ ထင်ရှားဖြစ်ပေါ်လာ၏။ ထိုကဲ့သို့ ကာယကံ ကျူးလွန်မှု, ဝစီကံကျူးလွန်မှု = ပြုမှား, ပြောမှား အပြစ်များကို ဖြစ်ပွါးစေလျက် ရုန့်ရင်းကြမ်းတမ်းစွာ ဖြစ်ပေါ်လာသော ထိုလောဘကိလေသာကို ဝီတိက္ကမကိလေသာဟူ၍ ခေါ်၏။ ဤကား အခိုက်အတန့် = အဝတ္ထာအားဖြင့် လောဘကိလေသာသုံးမျိုး ပြားပုံတည်း။ ကြွင်းသော ဒေါသ-စသည်တို့၌လည်း ဤနည်းကိုမှီ၍ အခိုက်အတန့် = အဝတ္ထာအားဖြင့် ကိလေသာသုံးပါးစီ ပြားပုံကို သိမှတ်ရာ၏။



၆၀၁

     ၃-စရိတ။ ။စရိတ-ဟူသည် သုစရိုက် = ကောင်းမှု၊ ဒုစရိုက်= မကောင်းမှုတို့ကို ဆိုသည်။ တနည်း- ဤဘဝ၌ အဖြစ်များသော ရာဂ, ဒေါသ, မောဟ, သဒ္ဓါ, ဗုဒ္ဓိ = အသိဉာဏ်ပညာ, ဝိတက် = ဤတရားခြောက်ပါးတို့ကို စရိုက်ခြောက်ပါးဟူ၍ ခေါ်ဆိုသည်။ (ဤအတိတ်သံသရာ ဘဝအဆက်ဆက်က ပါလာသော ကောင်းမှုအထုံဓာတ်, မကောင်းမှုအထုံဓာတ်ကို ဝါသနာဟုခေါ်၍ ယခုဘဝ၌ အဖြစ်များသော ဖော်ပြရာပါ တရားခြောက်မျိုးကို စရိုက်ခေါ်၏-ဟု ဝါသနာနှင့် စရိုက်တို့၏ အထူးကို သတိပြုရာ၏)။

     မြတ်စွာဘုရားသည် ခပ်သိမ်းသော သတ္တဝါတို့ကို စရိုက်အားဖြင့် ဤသတ္တဝါသည် သုစရိုက် = ကောင်းမှုပြောများသူ ဖြစ်၏၊ ဤသတ္တဝါကား ဒုစရိုက် = မကောင်းမှုပြောများသူ ဖြစ်၏။ ဤသတ္တဝါသည် ရာဂစရိုက်ပြောများသူ ဖြစ်၏၊ ဤသတ္တဝါကား ဒေါသစရိုက် ပြောများသူ, ဤသတ္တဝါကား မောဟစရိုက် ပြောများသူ, ဤသတ္တဝါကား သဒ္ဓါစရိုက် ပြောများသူ, ဤသတ္တဝါကား ဗုဒ္ဓိစရိုက် ပြောများသူ, ဤသတ္တဝါကား ဝိတက်စရိုက် ပြောများသူ ဖြစ်၏ဟု ပိုင်းခြား သိမြင်တော်မူသည့်ပြင် ထိုသတ္တဝါတို့၏ စရိုက်များကို သဘာဝအားဖြင့်၎င်း ညစ်ညူးကြောင်း = သံကိလေသ, ဖြူစင်ကြောင်း = ဝေါဒါနအားဖြင့်၎င်း အကြောင်းရင်း = သမုဋ္ဌာန်အားဖြင့်၎င်း အကျိုးရင်း = ဖလ, အကျိုးဆက် = အာနိသံသအားဖြင့်၎င်း ဤသို့စသောအားဖြင့် ပိုင်းခြားကုန်စင် သိမြင်တော်မူလေသည်။

     ၄-အဓိမုတ္တိ။ ။ထိုထိုသတ္တဝါတို့၏ နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ကို အဓိမုတ္တိခေါ်၏။ ထိုအဓိမုတ္တိသည် (၁) ယုတ်ညံ့သော နှလုံးသွင်း အလိုအဇ္ဈာသယဓာတ် တည်းဟူသော ဟီနာဓိမုတ္တိ, (၂) မြင့်မြတ်သော နှလုံးသွင်း အလိုအဇ္ဈာသယဓာတ် တည်းဟူသော ပဏီတာဓိမုတ္တိ-ဟူ၍ နှစ်မျိုးပြားလေသည်၊ ယင်း အဓိမုတ္တိ = အဇ္ဈာသယ ဓာတ်ခံကြောင့်ပင် ယုတ်ညံ့သော နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ခံ ရှိကြသူများသည်



၆၀၂

မိမိတို့နှင့် သဘောတူ ထိုယုတ်ညံ့သော နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ခံ ရှိသူတို့နှင့် ပေါင်းသင်းကြ၍ မြင့်မြတ်သော နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ခံ ရှိကြသူများလည်း မိမိတို့နှင့် သဘောတူ ထိုမြင့်မြတ်သော နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ခံ ရှိသူတို့နှင့် ပေါင်းသင်းကြလေသည်။

     မြတ်စွာဘုရားသည် သတ္တဝါတို့၏ နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ကို “ဤသတ္တဝါ၏ အဓိမုတ္တိ = နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ကား ယုတ်ညံ့၏၊ ဤသတ္တဝါ၏ အဓိမုတ္တိ = နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ကား မြင့်မြတ်၏၊ ထိုတွင်လည်း ဤသတ္တဝါ၏ အဓိမုတ္တိ = နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ကား နုံ့နှေး၍ ဤသတ္တဝါ၏ အဓိမုတ္တိ = နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ကား ထို့ထက် နုံ့နှေးပြီးလျှင် ဤသတ္တဝါ၏ အဓိမုတ္တိ = နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်ကား ထို့ထက် အထူးသဖြင့် နုံ့နှေး၏”ဟု ပိုင်းခြားထင်ထင် သိမြင်တော်မူလေသည်။ မှန်၏- သတ္တဝါတို့အဖို့ရာ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ တည်းဟူသော ဣန္ဒြေငါးပါး အထက်အနုံ့သို့လိုက်၍ အဓိမုတ္တိ = နှလုံးသွင်း အလိုအဇ္ဈာသယဓာတ်၏ ထက်မြက်မှု နုံ့နှေးမှု = စသည် ဖြစ်ရလေသည်။

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် သက်ရှိခန္ဓာ တည်းဟူသော သတ္တလောကကို အာသယ လေးမျိုးအားဖြင့်၎င်း အနုသယ ခုနစ်မျိုးအားဖြင့်၎င်း စရိုက်သုံးမျိုး (=အဘိသင်္ခါရသုံးမျိုး) တနည်း စရိုက်ခြောက်မျိုးအားဖြင့်၎င်း အဓိမုတ္တိအားဖြင့်၎င်း- ဤသို့အစရှိသော ရှေးဖော်ပြရာပါ အခြင်းအရာတို့ဖြင့် ကြွင်းမဲ့ကုန်စင် သိမြင်တော်မူလေသည်။

     (၃) မြတ်စွာဘုရားရှင်သည် သတ္တလောကကို ပိုင်းခြားကုန်စင် သိမြင်တော်မူသကဲ့သို့ ဩကာသလောက = သက်မဲ့ခန္ဓာ စကြဝဠာ ဘုံဗိမာန် တောတောင် စသည်တို့ကိုလည်း ကြွင်းမဲ့ကုန်စင် သိမြင်တော်မူလေသည်။



၆၀၃

     ထိုစကားကိုချဲ့ဦးအံ့- လောကဓာတ်တခုဟုခေါ်ဆိုသော စကြဝဠာ တိုက်ကြီးတခုမှာ ပတ်ဝန်းကျင် လေးမျက်နှာမှ ကျောက်တံတိုင်းကြီး ခတ်ထားသည့်ပမာ စကြဝဠာ ကျောက်တောင်ကြီးဝိုင်းလျက် တည်ရှိလေသည် (=စက္က=လှည်းဘီးကြီး ရထားဘီးကြီးကဲ့သို့ + ဝါဠ = ဝန်းဝိုင်း၍ တည်နေသော ကျောက်တောင်ကြီး)။ ထိုစကြဝဠာ ကျောက်တောင်ကြီးဖြင့် ထက်ဝန်းကျင်မှ ဝန်းရံအပ်သောကြောင့် လောကဓာတ်တခုကို စကြဝဠာတိုက်ကြီး တခုဟူ၍ ခေါ်ဆိုအပ်လေသည်။ ထိုစကြဝဠာတိုက် လောကဓာတ်ကြီး တခုမှာ အရှေ့နှင့် အနောက်အားဖြင့်၎င်း တောင်နှင့် မြောက်အားဖြင့်၎င်း ယူဇနာပေါင်း (၁၂၀၃၄၅၀) တသန်းနှစ်သိန်းသုံးထောင်လေးရာ့ငါးဆယ် ကျယ်ပြန့်လေသည်။ အဝန်းအဝိုင်းအားဖြင့် ယူဇနာပေါင်း (၃၆၁၀၃၅၀) သုံးသန်းခြောက်သိန်းတသောင်းသုံးရာ့ငါးဆယ် အဝန်းအဝိုင်း ရှိလေသည်။

     ထိုစကြဝဠာ လောကဓာတ်တိုက်တခု၌ မြေကြီးအထုကား ယူဇနာပေါင်း (၂၄၀၀၀၀) နှစ်သိန်းလေးသောင်း ရှိလေသည်။ ထိုမြေထုတွင် အထက်ပိုင်းတဝက် = ယူဇနာပေါင်း တသိန်းနှစ်သောင်းမှာ ပကတိမြေသားဖြစ်၍ အောက်ပိုင်းတဝက် = ယူဇနာပေါင်း တသိန်းနှစ်သောင်းမှာ ကျောက်သားမြေ ဖြစ်လေသည်။

     ထိုမြေအထုကို ယူဇနာပေါင်း (၄ဂဝဝဝဝ) လေးသိန်းရှစ်သောင်း အထုရှိသော အောက်ရေထုက ခံထားလေသည်။ ထိုရေထုအောက်မှ ယူဇနာပေါင်း (၉၆၀၀၀၀) ကိုးသိန်းခြောက်သောင်းရှိသော လေထုက ခံလင့်လေသည်။ ထိုလေထု၏ အောက်၌ကား အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ကြီးသာလျှင် ဖြစ်လေ၏။ ဤကား စကြဝဠာ လောကဓာတ်တခု၏ အောက်ခံအောက်ပိုင်း မြေတည်နေပုံတည်း။

     ဤသို့ တည်ရှိနေသော မြေပြင်၏အထက် ဗဟိုချက်မဝယ် သမုဒြာအလယ်၌ ယူဇနာပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်



၆၀၄

ရေတွင်မြုပ်၍ ယူဇနာပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင်ပင် ရေမှအထက် စွင့်စွင့်တက်သော မြင်းမိုရ်တောင်ကြီး တည်ရှိလေသည်။

     ထိုမြင်းမိုရ်တောင်၏ အပြင်ယံ ပဌမပတ်အနေဖြင့် ယူဇနာပေါင်း (၄၂၀၀၀) လေးသောင်းနှစ်ထောင် ရေတွင်မြုပ်၍ ထိုမျှ ယူဇနာပေါင်း လေးသောင်းနှစ်ထောင်ပင် ရေမှအထက် စွင့်စွင့်တက်သော ယုဂန္ဓိုရ်တောင် တည်ရှိလေသည်။ (၁)

     ထိုယုဂန္ဓိုရ်တောင်၏ အပြင်ယံမှ ယူဇနာပေါင်း နှစ်သောင်းတထောင် ရေတွင်မြုပ်၍ ထိုမျှ ယူဇနာပေါင်း နှစ်သောင်းတထောင်ပင် ရေမှအထက် စွင့်စွင့်တက်သော ဤသဓရတောင် တည်ရှိလေသည်။ (၂)

     ထိုဤသဓရတောင်၏ အပြင်ယံမှ ယူဇနာပေါင်း (၁၀၅ဝ၀) တသောင်းငါးရာ ရေတွင်မြုပ်၍ ထိုမျှ ယူဇနာပေါင်း (၁၀၅၀၀) တသောင်းငါးရာပင် ရေမှအထက် စွင့်စွင့်တက်သော ကရဝီကတောင် တည်ရှိလေသည်။ (၃)

     ထိုကရဝီကတောင်၏ အပြင်ယံမှပတ်လျက် ယူဇနာပေါင်း (၅၂၅၀) ငါးထောင်နှစ်ရာငါးဆယ် ရေတွင်မြုပ်၍ ထိုမျှ ယူဇနာပေါင်း (၅၂၅၀) ငါးထောင်နှစ်ရာငါးဆယ်ပင် ရေမှအထက် စွင့်စွင့်တက်သော သုဒဿနတောင် တည်ရှိလေသည်။ (၄)

     ထိုသုဒဿနတောင်၏ အပြင်ယံမှပတ်လျက် ယူဇနာပေါင်း (၂၆၂၅) နှစ်ထောင်ခြောက်ရာနှစ်ဆယ့်ငါးယူဇနာ ရေတွင်မြုပ်၍ ထိုမျှ ယူဇနာပေါင်း (၂၆၂၅) နှစ်ထောင်ခြောက်ရာနှစ်ဆယ့်ငါးယူဇနာပင် ရေမှအထက် စွင့်စွင့်တက်သော နေမိန္ဓရတောင် တည်ရှိလေသည်။ (၅)

     ထိုနေမိန္ဓရတောင်၏ အပြင်ယံမှပတ်လျက် ယူဇနာပေါင်း (၁၃၁၂) တထောင်သုံးရာတဆယ့်နှစ်ယူဇနာနှင့် နှစ်ဂါဝုတ် ရေတွင်မြုပ်၍ ထိုမျှပင် ရေမှအထက် စွင့်စွင့်တက်သော ဝိနတကတောင် တည်ရှိလေသည်။ (၆)



၆၀၅

     ထိုဝိနတကတောင်၏ အပြင်ယံမှပတ်လျက် ယူဇနာပေါင်း (၆၅၆) ခြောက်ရာငါးဆယ့် ခြောက်ယူဇနာနှင့် တဂါဝုတ် ရေတွင်မြုပ်၍ ထိုမျှပင် ရေမှအထက် စွင့်စွင့်တက်သော အဿကဏ်တောင် တည်ရှိလေသည်။ (၇)

     ထိုအလယ်ဗဟို မြင်းမိုရ်တောင်နှင့် တောင်ရံခုနစ်လုံးတို့၏ အကြားအကြား၌ သီဒါခေါ်သော မြစ်ကြီးခုနစ်တန် ခြားလျက် ခြားလျက် တည်ရှိလေသည်။

     ထိုမြင်းမိုရ်တောင်၏ တောင်ဖက်မျက်နှာ သမုဒြာအတွင်း ပေါ်ထွန်း၍ တည်နေသော ကျွန်းငယ်အရံငါးရာနှင့် တကွသော ကျွန်းကြီးကို ကျွန်းဦး၌ပေါက်သည့် သပြေပင်ကို အစွဲပြု၍ ဇမ္ဗူဒီပါ = လက်ျာတောင်ကျွန်းဟု ခေါ်သည်။

     ထို့အတူ မြင်းမိုရ်တောင်၏ အနောက်ဖက်မျက်နှာ၌ ကျွန်းငယ် အရံငါးရာနှင့် တကွသော အပရဂေါယာန = အနောက်ကျွန်း, မြောက်ဖက်မျက်နှာ၌ ထို့အတူ ဥတ္တရကုရု = မြောက်ကျွန်း, အရှေ့ဖက်မျတ်နှာ၌ ပုဗ္ဗဝိဒေဟ = အရှေ့ကျွန်းတို့ တည်ရှိကြလေသည်။

     ဤဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း၌ ဟိမဝန္တာတောင်ကြီးသည် ယူဇနာငါးရာမြင့်၍ အလျား,အနံ ယူဇနာသုံးထောင် ကျယ်ပြန့်လေသည်။ တောင်ထွတ်ပေါင်း ရှစ်သောင်းလေးထောင်တို့ဖြင့် တန်းဆာဆင်အပ်လေသည်။

     ဤဇမ္ဗူဒီပါကျွန်းဦး သပြေပင်၏ ပမာဏမှာ- ပင်စည်အဝန်း တဆယ့်ငါးယူဇနာ, မြေပြင်မှ ခက်မအထိ ပင်စည်အမြင့် ယူဇနာငါးဆယ်, ခက်မကြီးများမှာလည်း ယူဇနာငါးဆယ်စီပင် ရှိကြ၍ ယူဇနာတရာ ပြန့်ကျယ်သော ရိပ်ဝန်းရှိလျက် အမြင့်ယူဇနာမှာလည်း တရာပင်ရှိလေသည်။

 ဇမ္ဗူဒိပ်ကျွန်းဦးသပြေပင်ပမာဏအတိုင်းပင် အသုရာပြည် (မြင်းမိုရ်တောင်အောက်၌ တည်ရှိသော ရှေးတာဝတိံသာနတ်ဟောင်းများနေရာ)မှာရှိသော သခွတ်ပင်,



၆၀၆

ဂဠုန်ပြည်မှာရှိသော လက်ပံပင်, အနောက်ကျွန်းဦးမှာရှိသော ထိန်ပင်, မြောက်ကျွန်းမှာ တည်ရှိသော ပဒေသာပင်, အရှေ့ကျွန်းမှာ တည်ရှိသော ကုက္ကိုပင်, တာဝတိံသာနတ်ပြည်မှာ တည်ရှိသော ပင်လယ်ကသစ်ပင်တို့သည်လည်း ပင်စည်လုံးပတ် တဆယ့်ငါးယူဇနာစီ, ပင်စည်အမြင့် ယူဇနာငါးဆယ်စီ, ခက်မကြီးများ ယူဇနာငါးဆယ်စီ, အပြန့်အကျယ် ယူဇနာတရာစီ, အမြင့်ယူဇနာ တရာစီပင် ရှိကြလေသည်။ ဤသည်တို့ကို ကမ္ဘာပတ်လုံးတည်မည့် သစ်ပင်ကြီး ခုနစ်ပင်တို့ဟူ၍ ခေါ်ဆိုအပ်ကုန်သည်။

     စကြဝဠာတံတိုင်း ကျောက်တောင်ဝိုင်းကြီးမှာ ယူဇနာ (၈၂၀၀၀) ရှစ်သောင်းနှစ်ထောင် သမုဒြာရေတွင် မြုပ်၍ ယူဇနာ (၈၂၀၀၀) ရှစ်သောင်းနှစ်ထောင်ပင် ရေမှအထက် စွင့်စွင့်တက်(မြင့်)လျက် ဖော်ပြရာပါ လောကဓာတ်တခုကို ဝန်းရံပတ်လျက် တည်ရှိလေသည်။

(ဇမ္ဗူဒီပါကျွန်းသည် လှည်းဦးသဏ္ဌာန်, အပရဂေါယာန = အနောက်ကျွန်းသည် ကြေးမုံ (မှန်အပြင်) သဏ္ဌာန်, ပုဗ္ဗဝိဒေဟ = အရှေ့ကျွန်းသည် လ-ခြမ်းသဏ္ဌာန်, ဥတ္တရကုရု = မြောက်ကျွန်းသည် အင်းပျဉ် သဏ္ဌာန် (၄-ထောင့်)ဖြစ်၍ ထိုထိုကျွန်းကြီးတို့နှင့် အရံကျွန်းငယ်၌ ဖြစ်ပွါး တည်နေကြသော လူတို့၏ မျက်နှာမှာလည်း ထိုထိုကျွန်းသဏ္ဌာန်ပင် ဖြစ်၏-ဟု ဆရာတို့ ဆိုကြကုန်၏။ ဝိသုဒ္ဓိမဂ် မဟာဋီကာ ပဌမအုပ်၊ မျက်နှာ၂၄၃-မှ)။

     ထိုလောကဓာတ် စကြဝဠာတခုအတွင်း၌ တည်ရှိသော လဗိမာန်သည် ၄၉-ယူဇနာရှိ၏၊ နေဗိမာန်သည် ယူဇနာ ၅၀-ရှိ၏။ တာဝတိံသာနတ်ပြည်, အသုရာနတ်ပြည်, အဝီစိငရဲကြီး, ဇမ္ဗူဒီပါကျွန်း = ဤလေးဌာနတို့မှာ ယူဇနာ (၁၀၀၀၀) တသောင်းစီ ကျယ်ပြန့်ကုန်၏ (သောင်းလေးရပ်ခေါ်၏)။ အပရဂေါယာန = အနောက်ကျွန်းမှာ ယူဇနာ (၇၀၀၀) ခုနစ်ထောင်, ပုဗ္ဗဝိဒေဟ = အရှေ့ကျွန်းမှာ ထို့အတူ ယူဇနာ (၇၀၀၀) ခုနစ်ထောင်, ဥတ္တရကုရု = မြောက်ကျွန်းမှာ ယူဇနာ (၈ဝဝဝ) ရှစ်ထောင် ကျယ်ပြန့်လေသည်။ ထိုဖော်ပြရာပါ အလုံးစုံသည် စကြဝဠာတိုက်တခု



၆၀၇

လောကဓာတ်တိုက်တခု မည်လေသည်။ လောကဓာတ်သုံးခု ဆုံရာ၌ လောကန္တရိက်ငရဲကြီးများ ရှိလေသည်။

     ထိုလောကဓာတ် စကြဝဠာတိုက်ကြီး တခုတခု၌ မြေအပြင်ဝယ် လူ့ဘုံနှင့်စပ်လျက် တိရစ္ဆာန်ဘုံ, ပြိတ္တာဘုံ, အသုရကာယ်ဘုံ တည်းဟူသော အပါယ်သုံးဘုံ တည်ရှိ၍ အောက်မြေအတွင်း၌ ငရဲကြီးရှစ်ထပ်တို့ အရံဥဿဒ ငရဲငယ်များရံလျက် တည်ရှိလေသည်၊ ငရဲ, တိရိစ်, ပြိတ်, အသုရာ = ဤလေးဖြာသော ဘုံများကို အပါယ်လေးဘုံ ခေါ်ဆိုလေသည်။

     မြေအပြင်၌ လူ့ဘုံတည်ရှိ၍ ယုဂန်ထိပ်ဖျား မြင်းမိုရ်ခါး၌ စတုမဟာ ရာဇ်နတ်ဘုံ, မြင်းမိုရ်တောင်ထိပ်၌ တာဝတိံသာနတ်ဘုံ (ဤနတ်ဘုံနှစ်မျိုးကား မြေနှင့် စပ်ဆက်မှုရှိသည်)၊ ထို၏အထက် ကောင်းကင်၌ ယာမာနတ်ဘုံ, ထို၏အထက်၌ တုသိတာနတ်ဘုံ, ထို၏အထက်၌ နိမ္မာနရတိနတ်ဘုံ, ထို၏အထက်၌ ပရနိမ္မိတဝသဝတ္တီနတ်ဘုံတို့ တည်ရှိလေသည်။ ဤဆိုအပ်ပြီးသော လူ့ဘုံနှင့် နတ်ပြည်ခြောက်ထပ်ကို ကာမသုဂတိခုနစ်ဘုံဟု ခေါ်သည်။ အောက် အပါယ်လေးဘုံနှင့် ဤကာမသုဂတိ ခုနစ်ဘုံတို့ကို ပေါင်း၍ ကာမ(၁၁)တဆယ့်တဘုံဟုခေါ်သည်။

     ကာမာဝစရနတ်ပြည် ခြောက်ထပ်၏ အထက်၌ ဗြဟ္မပါရိသဇ္ဇာဘုံ, ဗြဟ္မပုရောဟိတာဘုံ, မဟာဗြဟ္မာဘုံ တည်းဟူသော ရူပါဝစရ ပဌမဈာန် သုံးဘုံတို့ တပြင်တည်း တည်ရှိလေသည်။ ထို၏အထက်၌ ပရိတ္တာဘာဘုံ, အပ္ပမာဏာဘာဘုံ, အာဘဿရာဘုံ တည်းဟူသော ရူပါဝစရ ဒုတိယဈာန် ဗြဟ္မာဘုံ သုံးဘုံတို့ တပြင်တည်း တည်ရှိလေသည်။ ထို၏အထက်၌ ပရိတ္တာသုဘာဘုံ, အပ္ပမာဏသုဘာဘုံ, သုဘကိဏှာဘုံ တည်း ဟူသော ရူပါဝစရ တတိယဈာန် ဗြဟ္မာဘုံ သုံးဘုံတို့ တပြင်တည်း တည်ရှိလေသည်။ ထို၏အထက်၌ ဝေဟပ္ဖိုလ်ဗြဟ္မာဘုံ, အသညသတ်ဗြဟ္မာဘုံ, (တပြင်တည်း တည်သည်။) ထို၏အထက်၌ အဝိဟာဘုံ, ထို၏အထက်၌ အာတပ္ပါဘုံ, ထို၏အထက်၌ သုဒဿာဘုံ, ထို၏အထက် ၌ သုဒဿီဘုံ, ထို၏အထက်၌ အကနိဋ္ဌဘုံ တည်းဟူသော



၆၀၈

သုဒ္ဓါဝါသ ဗြဟ္မာဘုံ ငါးဘုံတို့ အဆင့်ဆင့် တည်ရှိကြလေသည်။ ဝေဟပ္ဖိုလ်ဘုံ, အသညသတ်ဘုံနှင့် သုဒ္ဓါဝါသဘုံ = ဤခုနစ်ဘုံတို့ကို ရူပါဝစရ စတုတ္ထဈာန်ဘုံ ခုနစ်ဘုံဟု ခေါ်သည်။ ပေါင်းလျှင် ရူပါဝစရ ဗြဟ္မာဘုံ (၁၆) တဆယ့်ခြောက်ဘုံဖြစ်၏။

     ထိုရူပါဝစရဗြဟ္မာဘုံ (၁၆) တဆယ့်ခြောက်မှ အထက် ကောင်းကင်၌ အာကာသာနဉ္စာယတန (အရူပ)ဗြဟ္မာဘုံ, ထို၏အထက်၌ ဝိညာဏဉ္စာယတန (အရူပ)ဗြဟ္မာဘုံ, ထို၏အထက်၌ အာကိဉ္စညာယတန (အရူပ)ဗြဟ္မာဘုံ, ထို၏အထက်၌ နေ၀သညာနာသညာယတန (အရူပ)ဗြဟ္မာဘုံ = ဤအရူပဗြဟ္မာဘုံ လေးဘုံတို့ အဆင့်ဆင့် တည်ရှိကြလေသည်။ ရူပါဝစရ ဗြဟ္မာဘုံ (၁၆)ဘုံနှင့် ပေါင်းလျှင် ဗြဟ္မာဘုံ (၂၀)နှစ်ဆယ်ဖြစ်၏။ ထိုဗြဟ္မာဘုံ (၂၀)နှစ်ဆယ်နှင့် ကာမ (၁၁)တဆယ့်တဘုံ ပေါင်းသော် (၃၁)သုံးဆယ့်တဘုံ ဖြစ်၏။ ဤကား စကြဝဠာတိုက်တခု လောကဓာတ်တခု၌ (၃၁)သုံးဆယ့်တဘုံတို့ တည်နေဟန် အမြွက်တည်း။

     ဤသို့လျှင် အနန္တစကြဝဠာ အနန္တလောကဓာတ်တိုက် တည်းဟူသော ဩကာသလောကကိုလည်း မြတ်စွာဘုရားသည် အနန္တဉာဏ်တော်ဖြင့် ပိုင်းခြားထင်ထင် သိမြင်တော်မူလေသည်။ ဤသို့ သတ္တလောက, သင်္ခါရလောက, ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကြွင်းမရှိ သိတော်မူတတ်သော ဉာဏ်တော်ကား လောကဝိဒူဂုဏ်တော်ဖြစ်၍ ဘုရားဒြဗ်တော်ကား ဂုဏ်တော့်ရှင် ဖြစ်လေသည်။ ဂုဏ်တော်အနက်ရင်းကို ပြန်၍ ကြည့်ရှုရာ၏။

လောကဝိဒူဂုဏ်တော် ပြီး၏။

**********

(၆) အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်

     ဤအနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်အရာ၌ အဋ္ဌကထာ (ဝိသုဒ္ဓိမဂ်)ဝယ် အနုတ္တရောအရ အနုတ္တရဂုဏ်တော်တပါး,



၆၀၉

ပုရိသဒမ္မသာရထိအရ ဂုဏ်တော်တပါး = ဤသို့ ဂုဏ်တော်နှစ်ပါး ခွဲ၍တနည်း၊ နှစ်ပါးလုံးကိုပေါင်း၍ အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်တပါး အနေအားဖြင့် တနည်း = ဤသို့ နှစ်နည်းဖွင့်သည့်အတိုင်း ဖော်ပြပေအံ့-

     (က) အနုတ္တရဂုဏ်တော်။ ။သီလအစရှိသော ဂုဏ်ကျေးဇူးတို့ဖြင့် ကိုယ်တော်မြတ်ထက် သာလွန်မြင့်မြတ်သူ တလူမျှမရှိပဲ ကိုယ်တော်မြတ်ကသာ ထိုကျေးဇူးတို့ဖြင့် အလုံးစုံသော သတ္တလောကကို လွှမ်းမိုးတည်တော်မူသောကြောင့် မြတ်စွာဘုရားသည် အနုတ္တရ မည်တော်မူလေသည်။ ချဲ့ဦးအံ့- မြတ်စွာဘုရားသည် သီလဂုဏ်ကျေးဇူးအားဖြင့်လည်း အလုံးစုံသော လောကကို လွှမ်းမိုး(သာလွန်)၍ တည်တော်မူ၏။ သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿန ဂုဏ်ကျေးဇူးအားဖြင့်လည်း အလုံးစုံသော လောကကို လွှမ်းမိုး(သာလွန်)၍ တည်တော်မူ၏။ ထို့ကြောင့် အလုံးစုံသော လောကထက် သာလွန်သော သီလ, သမာဓိ, ပညာ, ဝိမုတ္တိ, ဝိမုတ္တိဉာဏဒဿန ဂုဏ်ကျေးဇူးတို့မှာ အနုတ္တရဂုဏ်တော်ဖြစ်၍ ဘုရားဒြဗ်တော်မှာ ဂုဏ်တော့်ရှင် ဖြစ်လေသည်။

     (ခ) ပုရိသဒမ္မသာရထိဂုဏ်တော်။ ။ဆုံးမသင့်သော သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရားဟု ဆိုလိုသည်။ (ပုရိသဒမ္မ = ဆုံးမသင့်သော သတ္တဝါတို့ကို + သာရထိ = ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား)။ ဤ၌ ဆုံးမသင့်သော သတ္တဝါတို့ဟူသည် မယဉ်ကျေးကြသေးသဖြင့် ယဉ်ကျေးအောင် ဆုံးမထိုက်သော တိရစ္ဆာန်သတ္တဝါ, လူသတ္တဝါ, နတ်သတ္တဝါတို့တည်း။ ချဲ့ဦးအံ့- မြတ်စွာဘုရားသည် အပလာလနဂါးမင်း စူဠောဒရနဂါးမင်း မဟောဒရနဂါးမင်း အဂ္ဂိသိခနဂါးမင်း ဓူမသိခနဂါးမင်း အရဝါဠနဂါးမင်း ဓနပါလဆင်မင်း- အစရှိသော တိရစ္ဆာန်သတ္တဝါတို့ကိုလည်း ယဉ်ကျေးအောင် အဆိပ်ကင်းအောင် ဆုံးမတော်မူပြီးလျှင် သရဏဂုံသီလတို့၌ တည်စေတော်မူ၏။ နိဂဏ္ဌသား သစ္စကပရိဗိုဇ်, အမ္ဗဋ္ဌလုလင်, ပေါက္ခရသာတိပုဏ္ဏားပဏ္ဍိတ်, သောဏဒန္တပုဏ္ဏား,



၆၁၀

ကူဋဒန္တပုဏ္ဏားစသော လူသတ္တဝါတို့ကို၎င်း, အာဠ၀ကဘီလူး, သူစိလောမဘီလူး, ခရလောမဘီလူး, သိကြားမင်း-စသော နတ်သတ္တဝါတို့ကို၎င်း ယဉ်ကျေးအောင် ဆုံးမတော်မူလေသည်။

     မြတ်စွာဘုရားသည် လုံးဝ မယဉ်ကျေးသေးသော သတ္တဝါတို့ကိုသာ ယဉ်ကျေးအောင် ဆုံးမတော်မူသည် မဟုတ်သေး၊ စင်စစ်သော်ကား- သီလဝိသုဒ္ဓိရှိပြီးသော ပုဂ္ဂိုလ် စသည်တို့အား ပဌမဈာန်စသည်ကို ရရှိအောင်, သောတာပန်အရိယာ စသည်တို့အား အထက်ဖြစ်သော မဂ်တို့ကို ရရှိအောင် နည်းလမ်းအကျင့်ပဋိပတ်ကို ဟောကြား ညွှန်ပြတော်မူခြင်းဖြင့် အစိတ်အဝက် ယဉ်ကျေးပြီးသော သတ္တဝါတို့ကိုလည်း အရဟတ္တဖိုလ်ပေါက် အထွတ်အထိပ်ရောက် ယဉ်ကျေးအောင် ဆုံးမတော်မူသည်သာလျှင်တည်း။ ထို့ကြောင့် ဤပုရိသဒမ္မသာရထိ ဂုဏ်တော်အရာ၌ “လုံးဝ မယဉ်ကျေးသေးသော သတ္တဝါတို့ကို အောက်အောက်ဖြစ်သော သီလ-စသော ဂုဏ်ကျေးဇူးသို့ ရောက်ရှိအောင် အောက်အောက်ဖြစ်သော ဂုဏ်ကျေးဇူးသို့ ရောက်ရှိပြီးသော (အစိတ်အဝက် ယဉ်ကျေးပြီး) သတ္တဝါတို့ကိုလည်း အထက်အထက် ဂုဏ်ကျေးဇူးသို့ အရဟတ္တဖိုလ်ပေါက် ရောက်ရှိအောင် ဆုံးမ နည်းညွှန်တော်မူတတ်သော မြတ်စွာဘုရား”ဟု ဆိုလိုရင်းဖြစ်သည်။ ထို့ကြောင့် သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမနည်းညွှန်ပြတတ်သည့် ဒေသနာဉာဏ်တော်သည် ပုရိသဒမ္မသာရထိ ဂုဏ်တော်ဖြစ်၍ မြတ်စွာဘုရား ဒြဗ်တော်သည် ဂုဏ်တော့်ရှင် ဖြစ်လေသည်။

     တနည်း- အနုတ္တရောနှင့် ပုရိသဒမ္မသာရထိ နှစ်ရပ်ပေါင်း၍ အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်တပါး အနေအားဖြင့် မှတ်ယူရာ၏။ မယဉ်ကျေးသေးသော သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမမှုဝယ် အတုမရှိ သာလွန်မြင့်မြတ်တော်မူသော မြတ်စွာဘုရား-ဟု ဆိုလို၏။ ထင်ရှားစေဦးအံ့- ဆင်ဆရာ, မြင်ဆရာ, နွားဆရာတို့သည် ဆင်,မြင်း,နွား (မယဉ်ကျေးကြသည်)များကို ယဉ်ကျေးအောင် ဆုံးမကြသည် ဆိုရငြားသော်လည်း တနေရာတည်း တထိုင်တည်းဖြင့် ထိုဆင်,မြင်း,နွားတို့ကို



၆၁၁

အပြီးတိုင် ယဉ်ကျေးအောင် ဆုံးမနိုင်ကြသည် မဟုတ်ကြကုန်၊ နေ့ရက်လ ရှည်ကြာစွာ အကြိမ်ကြိမ်ဆုံးမ၍ ယဉ်ကျေးကြပြီဟု ဆိုရသော်လည်း ထိုဆရာတို့ သင်ကြား ဆုံးမအပ်သော ဆင်လိမ္မာ, မြင်းလိမ္မာ, နွားလိမ္မာတို့မှာ အပြီးတိုင်စင်စစ် လိမ္မာကြသည် မဟုတ်ကုန်၊ တရံတခါ စိတ်ဖောက်၍ ကသိကအောက် ပြုလုပ်တတ်ကြလေသည်။ မြတ်စွာဘုရားရှင်သည်ကား သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမရာဝယ် တနေရာ တည်း တထိုင်တည်းဖြင့်ပင် ဝိမောက္ခတရား ရှစ်ပါးရောက် ယဉ်ကျေးအောင် အရဟတ္တဖိုလ်ပေါက် ယဉ်ကျေးအောင် ဆုံးမတော်မူလေသည်။ ယင်းသို့ အရဟတ္တဖိုလ်ပေါက် ယဉ်ကျေးခြင်း အထွတ်အထိပ်သို့ ရောက်ပြီးသော ဝေနေယျသတ္တဝါတို့မှာ ဘယ်သောအခါမှ စိတ်ဖောက်၍ ကသိကအောက် ပြုလုပ်ကြသောဟူ၍ မရှိတော့ပဲ အပြီးတိုင် ယဉ်ကျေးကြလေတော့သည်။ ထို့ကြောင့် မယဉ်ကျေးသော သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမမှုဝယ် မြတ်စွာဘုရားရှင်သည်သာလျှင် အတုမရှိ သာလွန်မြင့်မြတ်တော်မူလေသည်။ သို့ရကား သတ္တဝါတို့ကို ယဉ်ကျေးအောင် ဆုံးမမှုဝယ် အတုမရှိ သာလွန်မြင့်မြတ်သော မြတ်စွာဘုရား၏ ဒေသနာဉာဏ်တော် စသည်များသည် အနုတ္တရောပုရိသဒမ္မသာရထိ ဂုဏ်တော်ဖြစ်၍ ဘုရားဒြဗ်တော်မှာ ဂုဏ်တော့်ရှင် ဖြစ်လေသည်။

အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော် ပြီး၏။

**********

(၇) သတ္ထာဒေဝမနုဿာနံဂုဏ်တော်

     မျက်မှောက်ဘဝအကျိုး, တမလွန်ဘဝအကျိုး, နိဗ္ဗာန်တည်းဟူသော ပရမတ္ထအကျိုး = ဤအကျိုးသုံးမျိုးရရှိအောင် နတ်လူတို့အား ထိုက်သည်အားလျော်စွာ သင်ကြားပြသ ဆိုဆုံးမတော်မူတတ်သော မြတ်စွာဘုရားဟု ဆိုလိုသည်။ မှန်၏- မြတ်စွာဘုရားသည် သတ္တဝါတို့ကို ချင်းတို့၏ ဥပနိဿယ ကောင်းမှုကံ အကြောင်းအလျောက် အချို့ကို မျက်မှောက်ဘဝ အကျိုးရအောင်, အချို့ကို တမလွန်ဘဝ အကျိုးရအောင်, အချို့ကို မျက်မှောက်ဘဝ တမလွန်ဘဝ အကျိုးနှစ်ပါးရအောင်,



၆၁၂

အချို့ကို ပရမတ္ထနိဗ္ဗာန် အကျိုးရအောင် သင်ကြားဟောပြ ဆိုဆုံးမတော်မူလေသည်။ ထို့ကြောင့် နတ်လူတို့အား မျက်မှောက်အကျိုး, တမလွန်အကျိုး, နိဗ္ဗာန်အကျိုး = ဤသုံးမျိုးရရှိအောင် သင်ကြားဟောပြ ဆိုဆုံးမသော ဒေသနာဉာဏ်တော်- စသည်သည် သတ္ထာဒေဝမနုဿာနံ ဂုဏ်တော်ဖြစ်၍ ဘုရားဒြဗ်သည် ဂုဏ်တော့်ရှင် ဖြစ်လေသည်။

     တနည်းကား- နတ်လူတို့၏ လှည်းမှူးကြီးသဖွယ် ဖြစ်တော်မူသောကြောင့် မြတ်စွာဘုရားသည် သတ္ထာဒေဝမနုဿနံ- မည်တော်မူလေသည်။ ထင်ရှားစေဦးအံ့- ရေမရှိသည့် အသွားရခက်သော ခရီးကို ကန္တာရခေါ်၏ (ကံ = ရေကို, တာရ = လွန်သောခရီးဟု ဆိုလိုသည်)၊ ကန္တာရဟူသော ပုဒ်သည် ဝိဂြိုဟ်ဝစနတ္ထ ပြုစဉ်အခါ ရေမရှိသော ခရီးခဲ = နိရုဒကကန္တာရကို ဟောသော်လည်း ရုပ်ပြီးသောအခါ သဒ္ဒါစည်းကမ်း သဒ္ဒါသဘောအရ ခရီးခဲသာမညကို ဟောလေသည်။ ထို့ကြောင့် ကန္တာရပုဒ်ကို ခရီးခဲဟုသာ အနက်မြန်မာ ပြန်ဆိုရလေသည်။ ထိုခရီးခဲကား ၁-စောရကန္တာရ = လူဆိုးတို့ သောင်းကျန်းထကြွသော ခရီးခဲ, ၂-ဝါဠကန္တာရ = ခြင်္သေ့ သစ်ကျား သားကောင်ရဲများ သောင်းကျန်းထကြွသော ခရီးခဲ, ၃-ဒုဗ္ဘိက္ခကန္တာရ = အစာထမင်း မရှိခေါင်းပါးသော ခရီးခဲ, ၄-နိရုဒကကန္တာရ = ရေမရှိသော ရေပြတ်သော ခရီးခဲ, ၅-ယက္ခကန္တာရ = ဘီလူးစိုးအုပ်သော ခရီးခဲဟူ၍ = ငါးမျိုးရှိလေသည်။

     လှည်းမှူး ယာဉ်မှူး ကုန်သည်မှူးသည် မိမိနှင့် အတူပါသော လှည်းကုန်သည်အပေါင်းကို ဖော်ပြရာပါ ခရီးခဲငါးမျိုးကို လွန်မြောက် ကျော်နင်းနိုင်ကြအောင် စောင့်ရှောက်သကဲ့သို့ ဘေးမဲ့မြေသို့ရောက်အောင် ပို့ဆောင်သကဲ့သို့ ထို့အတူ မြတ်စွာဘုရားတည်းဟူသော လှည်းမှူး ကုန်သည်မှူးသည်လည်း ဘဝခရီးသွား သတ္တဝါအများတည်းဟူသော ကိုယ်တော်နှင့် အတူပါ ကုန်သည်အပေါင်းတို့ကို ဇာတိခရီးခဲ, ဇရာခရီးခဲ, ဗျာဓိခရီးခဲ, မရဏခရီးခဲ, သောက, ပရိဒေ၀, ဒုက္ခ-ဒေါမနဿ, ဥပါယာသခရီးခဲ,



၆၁၃

ရာဂခရီးခဲ, ဒေါသခရီးခဲ, မောဟ, မာန, ဒိဋ္ဌိ, ဒုစရိုက်ခရီးခဲကို လွန်မြောက်စေကာ နိဗ္ဗာန်တည်းဟူသော ဘေးမဲ့မြေသို့ ရောက်စေတော်မူ ပို့ဆောင်တော်မူလေသည်။ ထို့ကြောင့် သတ္တဝါတို့ကို နိဗ္ဗာန်သို့ ရောက်စေကြောင်း ပို့ဆောင်ကြောင်းဖြစ်သော တရားဒေသနာတော်သည် ဂုဏ်တော်ဖြစ်၍ ဘုရားဒြဗ်တော်သည် ဂုဏ်တော့်ရှင် ဖြစ်လေသည်။

(ဤသတ္ထာဒေဝမနုဿနံ- ဂုဏ်တော်၌ ဒေဝမနုဿာနံ = နတ်လူတို့၏-ဟု အထူးဆိုခြင်းကား ဥက္ကဌ် = မြတ်သောသတ္တဝါ, ဘဗ္ဗ = ကျွတ်ထိုက်သော သတ္တဝါတို့ကို ပိုင်းခြား၍ ပြသောအနေဖြင့် ဟောဆိုခြင်း ဖြစ်လေသည်၊ စင်စစ်သော်ကား မြတ်စွာဘုရားသည် တိရစ္ဆာန် သတ္တဝါတို့ကိုလည်း အဆုံးအမ ဩဝါဒကို ပေးသောအားဖြင့် ဘဝခရီးခဲကို လွန်မြောက်အောင် ပို့ဆောင်တော်မူသည်သာဖြစ်၏၊ မှန်၏- တိရစ္ဆာန် သတ္တဝါတို့သည်လည်း မြတ်စွာဘုရား၏ တရားတော်ကို နာရခြင်းဖြင့် မဂ်ဖိုလ်ရကြောင်း ကောင်းမှု ဥပနိဿယနှင့် ပြည့်စုံကြပြီးလျှင် ထိုသို့ ဥပနိဿယနှင့် ပြည့်စုံခြင်းကြောင့်ပင် ဒုတိယဘဝ သိုမဟုတ် တတိယဘဝ၌ မဂ်ဖိုလ်ကို ရရှိကြလေသည်။ ဤအရာ၌ အဋ္ဌကထာဝယ် မဏ္ဍူကဒေဝပုတ္တ = ဖားနတ်သားဝတ္ထုကို ဤသို့ ထုတ်ပြတော်မူအပ်သည်-

မဏ္ဍူကဒေဝပုတ္တ = ဖားနတ်သားဝတ္ထု

အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံလျက် စမ္ပာပြည်ကို ဂေါစရဂါမ်ပြု၍ ဂဂ္ဂရာရေကန်၏အနီး ကျောင်းတိုက်ကြီး၌ သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်၏။ တနေ့သ၌ မြတ်စွာဘုရားသည် မိုးသောက်ထအခါ ဘုရားတို့ဓမ္မတာ မဟာကရုဏာ သမာပတ်ကို ၀င်စား၍ ထိုသမာပတ်မှ ထပြီးလျှင် သတ္တလောကကို ကြည့်ရှု ဆင်ခြင်တော်မူလေသော် “ယနေ့ ငါဘုရား ညနေချမ်းအခါ၌ တရားဟောလျှင် ဖားငယ်တကောင်သည် ငါဘုရား၏ တရားသံ၌ အာရုံနိမိတ် ရယူနေစဉ် သူတပါးလုံ့လဖြင့် စုတိပြတ်ကြွေ သေလွန်၍ နတ်ပြည်၌ ဖြစ်ပြီးလျှင် များစွာသော နတ်အခြံအရံဖြင့် ငါဘုရားအထံသို့ လူအများကြည့်ရှုစဉ် လာရောက်ပေလိမ့်မည်၊ ထိုအစည်းအဝေး၌ များစွာသောသတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြပေလိမ့်မည်”ဟု သိမြင်တော်မူပြီးနောက် နံနက်အခါ စမ္ပာပြည်တွင်း ဆွမ်းခံ လှည့်လည်တော်မူ၍ ဆွမ်းကိစ္စ ပြုပြီးလတ်သော် ကျောင်းတိုက်သို့တဖန် ပြန်ကြွတော်မူလာ၍

၆၁၄

ရဟန်းတော်များ ဝတ်ပြုကြ၍ မိမိ မိမိတို့နေရာ နေ့သန့်ရာဌာနသို့ သွားကြလေလျှင် ဂန္ဓကုဋိကျောင်းတော်သို့ဝင်၍ အရဟတ္တဖိုလ် သမာပတ်ချမ်းသာဖြင့် နေ့အဖို့ (နေ့ပိုင်း)အချိန်ကို ကုန်လွန်စေတော်မူ၏။

ညနေချမ်းအခါ၌ ပရိသတ်လေးပါးတို့ စုံညီစည်းဝေးကြလတ်သော် မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋိကျောင်းတော်မှ ထွက်ကြွ၍ ထိုခဏအား လျောက်ပတ်သော ပြာဋိဟာဖြင့် ဂဂ္ဂရာရေကန်၏ အနီးရှိ တရားမဏ္ဍပ်သို့ ဝင်တော်မူကာ ဗုဒ္ဓါသန ဓမ္မပလ္လင်၌ ထိုင်နေတော်မူလျက် ပရိသတ်လေးပါးတို့အား တရားဒေသနာမိုး စွေဖြိုး ရွာသွန်းတော်မူလေ၏။

ထိုခဏ၌ ဖားငယ်တကောင်သည် ရေကန်မှတက်ခဲ့၍ “ဤအသံကား ဓမ္မကို ဟောဆိုအပ်သော အသံဖြစ်လေသည်”ဟု ဓမ္မဟူသော အမှတ်သညာဖြင့် တရားသံ၌ အာရုံနိမိတ်ကို ရယူကာ ပရိသတ်အစွန်အဖျား၌ ဝပ်လျက် နာယူနေလေသည်။ (ဤ၌ တိရစ္ဆာန်များမှာ လူတို့ကဲ့သို့ တရားသဘောကို နှစ်နှစ်ကာကာ ဝိညာဏ်သိ ပညာသိ အသိမျိုးဖြင့် မသိကြသော်လည်း “ဤအသံကား ဓမ္မသံ = တရားသံ, ဤအသံကား အဓမ္မသံ = မတရားသံ၊ ငါတို့ကို နှိပ်စက်ရန်မူမည့် အသံ”ဟူ၍ သညာသိမျှဖြင့်ကား သိနိုင်ကြလေသည်)။

ထိုအခါ နွားကျောင်းသားတယောက်သည် ထိုအရပ်သို့ ရောက်လာလျက် မြတ်စွာဘုရားရှင် တရားဟော နေတော်မူသည်ကို၎င်း, ပရိသတ်များ အလွန်ငြိမ်းချမ်းစွာ တရားနာနေကြသည်ကို၎င်း မြင်လတ်၍ ထိုမြတ်စွာဘုရားနှင့် တရားနာပရိသတ်သို့ စိတ်အာရုံရောက်ရှိကာ မိမိ၌ပါလာသော ဒုတ်နှင်တံ (ဒုတ်တံဖျာ)ကို ထောက်၍ အမှတ်တမဲ့ ရပ်တည်လေလျှင် ဖားငယ်ကို မကြည့်မမြင်မိပဲ ထိုဖားငယ်၏ဦးခေါင်း၌ ဖိထောက်၍ ရပ်တည်မိလေ၏။

ဖားငယ်သည် တရားဟူသော သညာဖြင့် သဒ္ဓါသန့်စင် ကြည်လင်သော စိတ်ရှိလျက် ထိုခဏမှာပင် သေလွန်၍ တာဝတိံသာ နတ်ပြည်ဝယ် ဆယ့်နှစ်ယူဇနာရှိသော ရွှေဗိမာန်၌ နတ်သားဖြစ်၍ အိပ်စက်ရာမှ နိုးလာသော သူကဲ့သို့ ထိုတာဝတိံသာ နတ်ပြည်ဝယ် နတ်သမီးအပေါင်းတို့ ဝန်းရံအပ်သော မိမိကိုယ်ကို မြင်ရ၍ “ငါသည် အဘယ်အရပ်မှ လာရောက်ကာ ဤတာဝတိံသာ နတ်ပြည်၌ ဖြစ်လာရသနည်း”ဟု စဉ်းစား ဆင်ခြင်လတ်သော် ရှေး(ဖား)ဘဝကို မြင်ပြီးလျှင် “ငါသို့စင် ဖားတိရစ္ဆာန်ပင်သော်လည်း ဤတာဝတိံသာ နတ်ပြည်၌ ဖြစ်တုံသေး၏၊

၆၁၅

ဤသို့စင် နတ်စည်းစိမ်ကြီးကိုလည်း ရတုံဘိသေး၏၊ ငါသည် အဘယ်သို့သော ကုသိုလ်ကံကို ပြုခဲ့လေသနည်း”ဟု ဆက်လက်၍ စူးစမ်း ဆင်ခြင်ပြန်သည်တွင် မြတ်စွာဘုရား၏ တရားတော်၌ အာရုံနိမိတ်ယူခဲ့ခြင်းမှတပါး အခြားကုသိုလ်ကံကို မမြင်ရချေ (=တရားတော်၌ အာရုံနိမိတ်ယူခဲ့ခြင်း တည်းဟူသော ကုသိုလ်ကံကိုသာ မြင်သိရလေသည်)။

ထိုဖားနတ်သားသည် ထိုခဏမှာပင် ဗိမာန်နှင့်တကွ မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဂဂ္ဂရာရေကန်သို့ လာရောက်၍ ဗိမာန်မှ သက်ဆင်းပြီးလျှင် လူများအပေါင်း ကြည့်ရှုနေစဉ်ပင် များစွာသော နတ်သမီးအခြံအရံ ကြီးစွာသော နတ်၏အာနုဘော်ဖြင့် ဘုရားရှင်ထံတော်သို့ ချဉ်းကပ်၍ မြတ်စွာဘုရား၏ ခြေတော်တို့ကို ဦးဖြင့်တိုက်လျက် လက်အုပ်ချီမိုး ရှိခိုးကာ ရပ်တည်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် ဖားနတ်သားကို သိတော်မူလျက်ပင်လျှင် လူများအပေါင်း၏အဖို့ရာ ကံနှင့် ကံ၏အကျိုးကို၎င်း, ဘုရားရှင်တို့၏ အာနုဘော်ကို၎င်း မျက်မှောက် ပြုနိုင်စိမ့်သောငှါ-

“ကော မေ ဝန္ဒတိ ပါဒါနိ၊ ဣဒ္ဓိယာ ယသသာ ဇလံ။

အဘိက္ကန္တေန ဝဏ္ဏေန၊ သဗ္ဗာ ဩဘာသယံ ဒိသာ။

ဣဒ္ဓိယာ = တင့်တယ်ဖွံ့ဖြိုး နတ်တို့၏ တန်ခိုးဖြင့်၎င်း။ ယသသာ = သင်္ချာများလျှံ နတ်သမီး အခြံအရံဖြင့်၎င်း။ ဇလံ = ဇလန္တော = ထွန်းလင်းတောက်ပြောင်လျက်။ သဗ္ဗာ ဒိသာ = ဝန်းကျင်ပတ်ချာ အလုံးစုံသော အရပ်မျက်နှာတို့ကို။ အဘိက္ကန္တေန = အလွန်နှစ်သက်ဖွယ် ကောင်းကြွယ်လှစွာသော။ ဝဏ္ဏေန = ပကတိတောက်ပြောင် ကိုယ်အဆင်းအရောင်ဖြင့်။ ဩဘာသယံ = ဩဘာသယန္တော = ထွန်းလင်း တောက်ပလျက်။ မေ = ငါဘုရား၏။ ပါဒါနိ = ရွှေကြာပဒုံ ခြေတော်အစုံတို့ကို။ ဝန္ဒတိ = သဒ္ဓါရိုကျိုး လက်အုပ်မိုး၍ ရှိခိုးဦးညွှတ်လာသော သူသည်ကား။ ကော = ဘယ်နတ် ဘယ်လူ အဘယ်သူပေနည်း”-

ဟု မေးမြန်းတော်မူလေ၏။ ထိုအခါ ဖားနတ်သားသည် မိမိ၏ ရှေးဘဝစသည်ကို အထင်အရှား လျှောက်ထားလိုသည်ဖြစ်၍-

“မဏ္ဍူကောဟံ ပုရေ အာသိံ၊ ဥဒကေ ဝါရိဂေါစရော။

တဝ ဓမ္မံ သုဏန္တဿ၊ အဝဓိ ဝစ္ဆပါလကော။

ဘန္တေ = ဘုန်းတော်နေဝန်း ထွန်းပတော်မူသော မြတ်စွာဘုရား..။ အဟံ = မဏ္ဍူကဟု နာမတွင်ခေါ် တပည့်တော်သည်။

၆၁၆

ပုရေ = အတီတာနန္တရ ရှေးဘဝ၌။ ဝါရိဂေါစရော = ရေသည်သာလျှင် ကျက်စားရာရှိပေသော။ ဝါ-ရေထဲ၌သာ အခါရှည်လျား ကျက်စားလေ့ရှိပါသော။ ဥဒကေ မဏ္ဍူကော = ရေ၌ပေါက်ဖွား ဖားသူငယ်သည် (ဥဒ္ဓုမာယိကဖား- စသည်ကဲ့သို့ ကုန်း၌ဖွားသောဖား မဟုတ်ဟု ဆိုလိုသည်)။ အာသိံ = ဖြစ်ခဲ့ပါပြီ။ တဝ = တရားဟောဖော် ရှင်တော်ဘုရား၏။ ဓမ္မံ = မိန့်ဆိုညွှန်ပြ မြတ်ဓမ္မကို။ သုဏန္တဿ = တရားတော်သံ ကမ္မနိမိတ် စိတ်၌စွဲထင် နာယူစဉ်ပင်။ ဝစ္ဆပါလကော = နွားကျောင်းသားသည်။ မံ = တပည့်တော်ကို။ အ၀ဓိ = နှင်တံ(တံဖျာ)ဖြင့်ထောက် အသက်ပျောက်စေခဲ့ပြီ။

မုဟုတ္တံ စိတ္တပသာဒဿ၊ ဣဒ္ဓိံ ပဿ ယသဉ္စ မေ။

အာနုဘာဝဉ္စ မေ ပဿ၊ ဝဏ္ဏံ ပဿ ဇုတိဉ္စ မေ။

ဘန္တေ = ဘုန်းတော်နေရှိန် တထိန်ထိန် တောက်ပတော်မူသော မြတ်စွာဘုရား..။ မေ = မဏ္ဍူက-ခေါ် တပည့်တော်၏။ မုဟုတ္တံ = အချိန်မကြာလှ တခဏမျှပင်။ စိတ္တပသာဒဿ = ရှင်ပင်ဟောဖော် တရားတော်၌ ကော်ရော်ရွှန်းစို ကြည်ညိုခြင်း သဒ္ဓါတရား၏။ ဝါ-သဒ္ဓါတရားကြောင့်။ ဣဒ္ဓိဉ္စ = ဝန်းပတ်ကုံလုံ ပြည့်စုံသော နတ်စည်းစိမ်ကို၎င်း။ ယသဉ္စ = သင်္ချာများလျှံ အခြံအရံကို၎င်း။ ပဿ = ပဿာဟိ = ဆင်ခြင်သမှု ကြည့်ရှုတော်မူဘုရား။ မေ = မဏ္ဍူက-ခေါ် တပည့်တော်၏။ အာနုဘာဝဉ္စ = လိုရာအဆင်း ပြည့်စုံခြင်း အစရှိသော နတ်၏သုံးဆောင်ဖွယ် အသွယ်သွယ်ကိုလည်း။ ပဿ = ပဿာဟိ = ဆင်ခြင်သမှု ကြည့်ရှုတော်မူဘုရား။ မေ = မဏ္ဍူက-ခေါ် တပည့်တော်၏။ ဝဏ္ဏဉ္စ = ကိုယ်ရေအဆင်း ပြည့်စုံခြင်းကို၎င်း။ ဇုတိဉ္စ = ဆယ့်နှစ်ယူဇနာတိုင်အောင် ပြန့်နှံ့သော ကိုယ်ရောင်ကို၎င်း။ ပဿ = ပဿာဟိ = ဆင်ခြင်သမှု ကြည့်ရှုတော်မူဘုရား။

ယေ စ တေ ဒီဃမဒ္ဓါနံ၊ ဓမ္မံ အဿောသု ဂေါတမ။

ပတ္တာ တေ အစလံ ဌာနံ၊ ယတ္ထ ဂန္တွာ န သောစရေ။

ဂေါတမ = ဂေါတမနွယ်ဖွား ရှင်တော်ဘုရား။ ယေ စ = ဘုန်းကံကြီးထူ အကြင်သူတို့သည်ကား။ ဒီဃမဒ္ဓါနံ = ရှည်မြင့်လှစွာ အခါပတ်လုံး။ တေ = ရှင်တော်ဘုရား၏။ ဓမ္မံ = မိန့်ဖော်ဟောကြား မြတ်တရားကို။ အဿောသုံ = သဒ္ဓါရွှင်အား နာကြားကြရကုန်ပြီ။ တေ = ဘုန်းကံကြီးထူ ထိုသည့်သူတို့သည်။ ယတ္ထ = အကြင်နိဗ္ဗာန်သို့။ ဂန္တွာ = မဂ်ပညာ အစွမ်းပေါက်၍ မြန်းရောက်ကြရကုန်သည်ရှိသော်။ သတ္တာ = သတ္တဝါတို့သည်။ န သောစရေ = စိုးရိမ်ခပ်သိမ်း ကင်းငြိမ်းကြရကုန်၏။

၆၁၇

တံ အစလံ ဌာနံ = မတုန်လှုပ် မဖောက်ပြန် ထိုနိဗ္ဗာန်အရပ်သို့။ ပတ္တာ = မဂ်ပညာ အစွမ်းပေါက်၍ မြန်းရောက်ကြရကုန်သည်သာတည်း”-

ဟူသော ဤဂါထာတို့ဖြင့် ကြားလျှောက်လေသည်။

ထို့နောက် မြတ်စွာဘုရားသည် ဖားနတ်သားနှင့် ရောက်ဆိုက်လာသော ပရိသတ်၏ ရှေးကုသိုလ်ရင်း ဥပနိဿယနှင့် ပြည့်စုံခြင်းကို ကြည့်ရှု ဆင်ခြင်တော်မူကာ သပ္ပါယဖြစ်သော တရားဒေသနာအကျယ်ကို ဟောပြလေလျှင် သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြ၍ ဖားနတ်သားသည်လည်း သောတာပတ္တိဖိုလ်၌ တည်ပြီးလျှင် မြတ်စွာဘုရားရှင်ကို ရှိခိုး၍ သုံးကြိမ်သုံးပတ် လက်ျာရစ်လှည့်ပြီးနောက် ရဟန်းသံဃာတော်အားလည်း လက်အုပ်ချီတင်မှု ပြုလုပ်ကာ များစွာသော နတ်သမီးပရိသတ်နှင့်တကွ နတ်ပြည်သို့သာ ပြန်သွားလေ၏)။

သတ္ထာဒေဝမနုဿာနံဂုဏ်တော် ပြီး၏။

**********

(၈) ဗုဒ္ဓဂုဏ်တော်

     သိသင့်သမျှဥဿုံ အလုံးစုံသော ဉေယျတရားတို့ကို ပိုင်းခြားကုန်စင် သိမြင်တော်မူသောကြောင့် မြတ်စွာဘုရားသည် ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးကို ရရှိတော်မူလေသည်။ တနည်း- သစ္စာလေးပါး တရားတို့ကို ကိုယ်တိုင်လည်း သိမြင်၍ ဝေနေယျတို့အားလည်း သိစေတော်မူတတ် = ဟောကြားတော်မူတတ်သောကြောင့် မြတ်စွာဘုရားသည် ဗုဒ္ဓဟူသော ဂုဏ်တော်ကြီးကို ရရှိတော်မူလေသည်။

     ဤတွင် ရှေး(၂)အမှတ်ပါ သမ္မာသမ္ဗုဒ္ဓ-ဂုဏ်တော်နှင့် ယခု (၈)အမှတ်ပါ ဗုဒ္ဓ-ဂုဏ်တော် = နှစ်ရပ်တို့၏ အထူးမှာ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်အရ သစ္စာလေးပါးကိုသိသော ဉာဏ်ကိုယူ၍ ဤဗုဒ္ဓဂုဏ်တော်အရ သဗ္ဗညုတဉာဏ်ကို ယူရာ၏။ တနည်း- ဉာဏ်တော်အရကောက် အတူထားလျှင်လည်း သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်ဖြင့် ကိုယ်တော်မြတ်သိသော ပဋိဝေဓဉာဏ်တော်အစွမ်းကို ပြသည်၊ ဤဗုဒ္ဓ-ဂုဏ်တော်ဖြင့် ဝေနေယျတို့အား



၆၁၈

ဟောကြားသိစေသော ဒေသနာဉာဏ်တော်အစွမ်းကို ပြသည်-ဟု အထူးမှတ်ယူရာ၏။

ဗုဒ္ဓဂုဏ်တော် ပြီး၏။

**********

(၉) ဘဂဝါဂုဏ်တော်

     ဤဘဂဝါဂုဏ်တော်အတွက် မဟာနိဒ္ဒေသပါဠိတော်၌လာသော နည်းအမျိုးမျိုး, အဋ္ဌကထာ၌လာသော ခြောက်နည်း, ဝိသုဒ္ဓိမဂ် မဟာဋီကာ၌လာသော ခုနစ်နည်း- ဤသို့ နည်းပေါင်းများစွာရှိသည့်အနက် ပါဠိတော်လာ ပဌမနည်း, အဋ္ဌကထာလာ တတိယနည်းဖြစ်သည့် “ဘုန်းတော်ခြောက်ပါးရှိမှု” တည်းဟူသော အနက်သဘောဖြင့် ဘဂဝါဂုဏ်ကို နိဿယဆရာတော်များ ဖွင့်ဆို ရေးပြတော်မူကြလေသည်။ (ဘဂ = ဘုန်းတော်ခြောက်ပါး + ၀န္တု = ရှိတော်မူသော မြတ်စွာဘုရားဟု ဆိုလိုသည်)။

     ၁-ဣဿရိယ, ၂-ဓမ္မ, ၃-ယသ, ၄-သိရီ, ၅-ကာမ, ၆-ပယတ္တ- တည်းဟူသော = ဘုန်းတော်ခြောက်ပါး (သာဝကတို့ထက်) ထူးခြားကဲလွန်စွာ ရှိတော်မူသောကြောင့် မြတ်စွာဘုရားသည် ဘဂဝါ-ဟူသော ဂုဏ်တော်ကြီးကို ရရှိတော်မူလေသည်။

     ၁-ဣဿရိယဘုန်းတော်။ ။စိုးမိုးပိုင်သခြင်းကို ဣဿရိယဟူ၍ အကျဉ်းအားဖြင့် မှတ်ယူရာ၏။ မိမိအလိုသို့ လိုက်ပါစေနိုင်ခြင်းကို စိုးမိုးနိုင်သခြင်းဟူ၍ ခေါ်၏။ ထိုဣဿရိယဘုန်းတော်သည် ၁-လောကုတ္တရာ စိတ္တိဿရိယဘုန်းတော်, ၂-လောကီ စိတ္တိဿရိယဘုန်းတော်ဟူ၍ = နှစ်မျိုးရှိလေသည်။

     ထိုနှစ်မျိုးတို့တွင် လောကုတ္တရာ စိတ္တိဿရိယဘုန်းတော် ဟူသည်မှာ မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏ စိတ်တော်ကို သူမတူတန်အောင် စိုးပိုင်တော်မူ၏။ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူရာ၌ ရေအယဉ်ကို ဖြစ်စေရန်အတွက် အာပေါကသိဏ (အဓိဋ္ဌာန်၏အခြေခံ) ပါဒကဈာန်ကို



၆၁၉

၀င်စားတော်မူရသည်။ ထို့နောင်မှ “ရေအယဉ် ဖြစ်စေသတည်း”ဟု အဓိဋ္ဌာန်တော်မူသော အဓိဋ္ဌာန်စိတ်အစဉ် ဖြစ်သည် (အဓိဋ္ဌာနဝီထိ ဖြစ်သည်)။ ထို့နောင်မှ တဖန် အဘိညာဏ်၏အခြေခံ = အာပေါကသိဏပါဒကဈာန်ကို ၀င်စားတော်မူရသည်။ ထို့နောင်မှ အဘိညာဏ်ဇောဝီထိ ဖြစ်ပေါ်လာကာ ကိုယ်တော်မြတ် အဓိဋ္ဌာန်တော်မူရာ ရူပကာယ အစိတ်အပိုင်းမှ ရေအယဉ်တို့ တသွင်သွင်ဖြာစီး၍ ထွက်လာလေသည်။

     ထိုသို့ ရေအယဉ် ဖြစ်ပေါ်ရန်အတွက် ဝီထိလေးမျိုးတို့ဖြင့် ဖန်ဆင်းတော်မူပြီးနောက်မှ “ကိုယ်တော်မြတ် အလိုတော်ရှိရာ ရူပကာယအစိတ်အပိုင်းမှ မီးအလျှံ ဖြစ်စေရန်အတွက် တေဇောကသိဏ (အဓိဋ္ဌာန်၏အခြေခံ) ပါဒကဈာန်ကို ၀င်စားတော်မူရသည်။ ထို့နောင်မှ “မီးအလျှံ ဖြစ်စေသတည်း”ဟု အဓိဋ္ဌာန်တော်မူသော အဓိဋ္ဌာန်ဇောစိတ်အစဉ် ဖြစ်သည် (=အဓိဋ္ဌာနဝီထိ ဖြစ်သည်)။ ထို့နောင်မှ တဖန် အဘိညာဏ်၏အခြေခံ = တေဇောကသိဏပါဒကဈာန်ကို ဝင်စားတော်မူရသည်။ ထို့နောင်မှ အဘိညာဏ်ဇောဝီထိ ဖြစ်ပေါ်လာကာ ကိုယ်တော်မြတ် အဓိဋ္ဌာန်တော်မူရာ ရူပကာယ အစိတ်အပိုင်းမှ မီးအလျှံများ တဖွားဖွား တဟုန်းဟုန်း ပေါ်ထွက်လာလေသည်။

     အချုပ်အားဖြင့် ပြဆိုရလျှင် ရေအယဉ်ဖြစ်ရန် ဝီထိလေးမျိုးဖြင့် ဖန်ဆင်းတော်မူရသည်။ မီးအလျှံ ဖြစ်ရန်လည်း ဝီထိလေးမျိုးဖြင့် ဖန်ဆင်းတော်မူရသည်။ ထိုဖန်ဆင်းတော်မူရာ၌ စိတ်တော်ကို အစိုးရသော စိတ္တိဿရိယဘုန်းတော်ရှင် ဖြစ်တော်မူသည့်အတွက် ပါဒကဈာနသမာပတ္တိဝီထိများ၌ ပါဒကဈာန် ဇောများကို ကိုယ်တော်မြတ် အလိုတော်ရှိသလောက်အကြိမ်ဖြင့် ရပ်စဲစေတော်မူနိုင်သည်။ တဝီထိနှင့် တဝီထိအကြား ဘဝင်စိတ်များကိုလည်း နှစ်ကြိမ်သာ ခြားစေတော်မူနိုင်သည်၊ (အခြားသူတို့မှာ တဝီထိနှင့် တဝီထိတို့အကြား ဘဝင်စိတ်များ အပိုင်းအခြားမရှိ၊ ခြားချင်သလောက် ရှည်ကြာစွာ ခြားလေသည်)။ ဤကဲ့သို့ ပါဒကဈာန်ဇောစိတ်များ ဘဝင်စိတ်များကို



၆၂၀

ကိုယ်တော်မြတ် အလိုတော်ရှိသလောက်သာ ဖြစ်စေနိုင်ခြင်း ဘဝင်ခြားစေနိုင်ခြင်းဖြင့် သူမတူတန်အောင် ကိုယ်တော်မြတ်၏ စိတ်တော်ကို အစိုးရတော်မူလေသည် (=စိတ်တော်ကို ကိုယ်တော်၏ အလိုတော်အတိုင်း လိုက်ပါ ဖြစ်ပွါးစေတော်မူနိုင်လေသည်)။ ဤကား လောကီဈာန်သမာပတ် စိတ်တော်ကို အစိုးရတော်မူပုံဖြစ်သည်။

     မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏ လောကုတ္တရာ အရဟတ္တဖိုလ်စိတ်ကိုလည်း သူမတူတန်အောင် အစိုးရတော်မူလေသည်။ မှန်၏- လောကုတ္တရာ စိတ္တိဿရိယဘုန်းတော်ရှင် ဖြစ်တော်မူသောကြောင့်ပင် မြတ်စွာဘုရားရှင်သည် ဝေနေယျတို့အား တရားဓမ္မ ဟောပြခိုက်မှာပင် အနုသန္ဓေစကား တရပ်တရပ် အကြား၌ တရားနာဝေနေယျတို့က သာဓုအနုမောဒနာ ပြုနေကြသဖြင့် ကိုယ်တော်မြတ်အဖို့ရာ ဆိတ်ဆိတ်နေခွင့် (နားနေခွင့်)ရသော အချိန်ကလေးမှာပင် အခါကို ပိုင်းခြား၍ အရဟတ္တဖိုလ်သမာပတ်ကို ၀င်စားတော်မူလေသည်၊ တပါးသောအခါ၌ကား ဆိုဖွယ်ရာမရှိ၊ အခွင့်ရ၍ အလိုတော်ရှိတိုင်း အချိန်မှာပင် အရဟတ္တဖလသမာပတ်ကို ၀င်စားတော်မူလေသည်။ (အဘိဓမ္မာ အဋ္ဌသာလိနီ မူလဋီကာမှ ဖော်ပြသည်)။ ဤသို့ မြတ်စွာဘုရားရှင်သည် လောကုတ္တရာ စိတ်တော်ကိုလည်း အစိုးရတော်မူသည့် စိတ္တိဿရိယဘုန်းတော်ရှင် ဖြစ်တော်မူလေသည်။

     လောကီ စိတ္တိဿရိယဘုန်းတော်အရာ၌-

အဏိမာ မဟိမာ ဝါပိ၊ လဃိမာ ပတ္တိ ပါကမ္မံ။

ဤသိတာ ဝသိတာ စာပိ၊ ယတ္ထကာမာဝသာယိတာ။-

ဟူသော ဆောင်ပုဒ်ဂါထာအတိုင်း ဣဿရိယဘုန်းတော် (၈)မျိုးတို့ကို ကျမ်းဂန်တို့၌ ဖွင့်ပြလေသည်၊ (ဤဂုဏ်တော်နိသျ၌လည်း ထိုရှစ်မျိုးကို ဖော်ပြ၍ အနက်ယောဇနာထားသည်၊ ဂုဏ်တော်အနက်ကို ပြန်၍ ကြည့်ရှုသုံးသပ်ပါဦး)။ ထိုလောကီ စိတ္တိဿရိယဘုန်းတော် ရှစ်ပါးတို့မှာ- ၁-အဏိမာဘုန်းတော်, ၂-မဟိမာဘုန်းတော်, ၃-လဃိမာဘုန်းတော်, ၄-ပတ္တိဘုန်းတော်,



၆၂၁

၅-ပါကမ္မဘုန်းတော်, ၆-ဤသိတာဘုန်းတော်, ၇-ဝသိတာဘုန်းတော်, ၈-ယတ္ထကာမာဝသာယိတာဘုန်းတော် = ဤရှစ်ပါးတို့ ဖြစ်သည်။

     က-အဏိမာဘုန်းတော်။ ။ငယ်စေလိုက ကိုယ်တော်မြတ်ကို သပ်သပ်ပယ်ပယ် အနုမြူသဖွယ်မျှငယ်စွာ ဖန်ဆင်းတော်မူနိုင်ခြင်းကို အဏိမာဘုန်းတော်ဟူ၍ ခေါ်၏။ ဤအဏိမာဘုန်းတော်ကို ဗကဗြဟ္မာကြီးနှင့် ကိုယ်ဖျောက်တန်း တန်ခိုးအစွမ်းပြတော်မူရာကာလ- စသည်တို့၌ အသုံးပြုတော်မူသည်။

     ခ-မဟိမာဘုန်းတော်။ ။ကြီးစေလိုက မြင်းမိုရ်တပြေး (ထို့ထက်) လွန်လိုသေးလျှင်လည်း လေးကျွန်းပတ်ဝိုက် တိုက်စကြဝဠာ နရက်ရွာနှင့် ဘဝဂ်ပါကျုံး လောကဓာတ်ကြီးတခုလုံးကို (ထို့ထက် ကြီးစေလိုကလည်း အလိုတော်ရှိသလောက်ပင်) ဖုံးအုပ်နိုင်အောင် မြင့်ခေါင်ကြီးမားသော ကိုယ်တော်မြတ်ကို သပ္ပါယ်စွာ ဖန်ဆင်းတော်မူနိုင်ခြင်းကို မဟိမာဘုန်းတော်ဟူ၍ ခေါ်၏။ ဤမဟိမာဘုန်းတော်ကို အသူရိန်နတ်ကြီး ဘုရားဖူးလာသောအခါ စသည်တို့၌ အသုံးပြုတော်မူသည်။

     ဂ-လဃိမာဘုန်းတော်။ ။စိတ်တော်၏ ပေါ့ပါးခြင်းကဲ့သို့ ရူပကာယ ခန္ဓာကိုယ်တော်ကို ပေါ့ပါးအောင် ဖန်ဆင်းတော်မူနိုင်ခြင်းကို လဃိမာဘုန်းတော်ဟူ၍ ခေါ်၏။ ဤလဃိမာဘုန်းတော်ကို ကောင်းကင်၌ မြေပြင်မှာကဲ့သို့ စင်္ကြံကြွတော်မူသောအခါ-စသည်၌ အသုံးပြုတော်မူသည်။

     ဃ-ပတ္တိဘုန်းတော်။ ။အလိုတော်ရှိရာ အရပ်မျက်နှာသို့ လျင်စွာခေါက်ခေါက် ရူပကာယ ကိုယ်တော်ပါ ကြွရောက်တော်မူနိုင်ခြင်းကို ပတ္တိဘုန်းတော်ဟူ၍ ခေါ်၏။ ဣဒ္ဓိမရှိသူ သာမန်လူတို့မှာ ထိုထိုဝေးခြား အရပ်တပါးသို့ စိတ်ကသာ သွားရောက်နိုင်ကြ၍ ရူပကာယ ခန္ဓာကိုယ်ကား မပါနိုင် မရောက်နိုင်ချေ။ မြတ်စွာဘုရားရှင်သည်ကား ဤပတ္တိဘုန်းတော်ရှင် ဖြစ်တော်မူသောကြောင့် စိတ်သွားရာကိုယ်ပါ အလိုတော်ရှိရာ အရပ်မျက်နှာသို့



၆၂၂

လျင်စွာအခေါက်ခေါက် ရူပကာယ ကိုယ်ခန္ဓာကြီးပါ ကြွရောက်တော်မူနိုင်လေသည်။ နတ်ပြည် ဗြဟ္မာ့ပြည်သို့ ကြွရောက်တော်မူရာ၌ စိတ္တက္ခဏအတွင်းမှာပင် ရူပကာယ ကိုယ်ခန္ဓာတော်ပါ ထိုနတ်ပြည် ဗြဟ္မာ့ပြည်သို့ ရောက်အောင် ဤပတ္တိဘုန်းတော်ကို အသုံးပြုတော်မူသည်။

     င-ပါကမ္မဘုန်းတော်။ ။အဓိဋ္ဌာန်ရွှင်ကြည် စိတ်သန်ရည်တိုင်း မည်သည့်အရာမဆို အလိုတော်ရှိတိုင်း ပြီးစီးစေနိုင်ခြင်းကို ပါကမ္မဘုန်းတော်ဟူ၍ ခေါ်၏။ ရှေးဗုဒ္ဓရတနာ (၄၁-ပရိနိဗ္ဗာန် စံတော်မူခဏ်း)ဝယ် ပရိသတ်ရှစ်မျိုးကို ဟောကြားတော်မူရာ၌ ပြဆိုအပ်သည့်အတိုင်း အခြား စကြဝဠာတိုက်သို့ ကြွရောက်၍ ထို စကြဝဠာရှိ မင်းတို့၏အသွင်အပြင် ပုံပန်းသဏ္ဌာန်ဖြင့် တရားဟောတော်မူသောအခါ- စသည်တို့၌ ဤပါကမ္မဘုန်းတော်ကြောင့် အလိုရှိတိုင်းသော ပုံပန်းသဏ္ဌာန် အသံစသည်တို့ ပြီးစီးလေသည်။

     စ-ဤသိတာဘုန်းတော်။ ။သတ္တဝါတို့ကို အစိုးရတော်မူခြင်း = ကိုယ်တော်၏အလိုသို့ လိုက်ပါစေနိုင်ခြင်းကို ဤသိတာဘုန်းတော်ဟူ၍ ခေါ်၏။ ဤ ဤသိတာဘုန်းတော်ကြောင့်ပင် ဗုဒ္ဓကိစ္စ ဘုရားဓမ္မတာ ပြုဆောင်တော်မူရာ အဝဝတို့၌ ဝေနေယျသတ္တဝါတို့သည် ကိုယ်တော်၏ အလိုအကြိုက်သို့ လိုက်ပါလာကြရလေသည်။

     ဆ-ဝသိတာဘုန်းတော်။ ။တန်ခိုး အဘိညာဏ် ဈာန်သမာပတ် အရပ်ရပ်တို့၌ လေ့လာနိုင်နင်းတော်မူခြင်းကို ၀သိတာဘုန်းတော်ဟူ၍ ခေါ်၏။ ဤဝသိတာဘုန်းတော်ကြောင့်ပင် ဥရုဝေလနဂါးကြီးကို ဆုံးမတော်မူရာ အခါကာလ- စသည်တို့၌ အခိုးလွှတ်ခြင်း အလျှံလွှတ်ခြင်း-စသည် အမျိုးမျိုးပြောင်းလဲရာဝယ် ထိုနဂါးကြီးတို့၏ အလျင်လက်ဦး ကိုယ်တော်မြတ်က ထိုနဂါးကြီးများထက် ကြီးမားသော အခိုးလွှတ်ခြင်း အလျှံလွှတ်ခြင်း- စသည်ကို ပြုတော်မူနိုင်လေသည်။



၆၂၃

     ဇ-ယတ္ထကာမာဝသာယိတာဘုန်းတော်။ ။ဈာန်ဝင်စားခြင်း တန်ခိုးပြခြင်း-စသော ကိစ္စဟူဟူသမျှကို ပြုတော်မူစဉ် ပြီးဆုံးစေလိုတော်မူရာကာလ ဌာနတို့၌ ပြီးဆုံးစေလိုသည်နှင့် တပြိုင်နက် ထိုကိစ္စတို့ကို ပြီးဆုံး စေနိုင်ခြင်းကို ယတ္ထကာမာဝသာယိတာဘုန်းတော်ဟူ၍ ခေါ်၏။ ဤဘုန်းတော်ကြောင့်ပင် ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာ ပြတော်မူရာအခါ- စသည်တို့၌ အထက်ပိုင်း ကိုယ်တော်အစိတ်မှ မီးအလျှံ, အောက်ပိုင်းကိုယ်တော်အစိတ်မှ ရေအယဉ်, (တဖန် ဝေနေယျတို့ ဖူးမြော်နေစဉ် ခဏအတွင်းမှာပင်) အောက်ပိုင်း ကိုယ်တော်အစိတ်မှ မီးအလျှံ, အထက်ပိုင်း ကိုယ်တော်အစိတ်မှ ရေအယဉ် တသွင်သွင် ပြောင်းလဲ၍နေအောင် ဖန်ဆင်းတော်မူလေသည်။

     ဤရှစ်ပါးတို့ကို လောက၌ ထင်ရှားသည့် ဣဿရိယရှစ်ဖော် တန်ခိုးတော်ဟူ၍ ခေါ်၏၊ ထိုလောကိယ ဣဿရိယ ရှစ်ပါးတို့သည် မြတ်စွာဘုရားရှင်၏အဖို့ရာ ဣဒ္ဓိဝိဓအဘိညာဏ်၌ အတွင်းဝင်သည့်ပြင် သူတပါးတို့နှင့်လည်း မဆက်ဆံအောင် သူမတူတန် ထူးကဲလှဘိ၏။ ဤ-ဣဿရိယရှစ်ဖော်နှင့်တကွ ရှေးဖော်ပြရာပါ လောကီ, လောကုတ္တရာ စိတ္တိဿရိယဘုန်းတော်တို့ကို (၁)အမှတ် ဣဿရိယဘုန်းတော်ဟု ခေါ်၏။

ဣဿရိယဘုန်းတော်ဖွဲ့ ဘုရားရှိခိုး

ပရမဉ္စ သကေ စိတ္တေ၊ အတ္ထိဿရိယ မတ္ထကံ။

လောကိယာ အဏိမာဒီပိ၊ အဘိဿရ နမတ္ထု တေ။

အဘိဿရ = ဣဿရိယ ပုညဂုဏ်နှုန်း ရွှေဘုန်းတော်ရှင် မြတ်သခင်..။ တေ = ရှင်ပင်ဘုရားအား။ သကေ စိတ္တေ = ကိုယ်တော်မြတ်၏ နာမ်ဓာတ်ဝိညာဏ် စိတ်သန္တာန်၌။ (ဝါ) သကေ စိတ္တေ = ဝိသယဇ္ဈတ္တ အမှတ်ပြသား အရဟတ္တ ဖလဝိညာဉ် စိတ်အစဉ်၌။ ပရမံ = သူမတူတန် ကဲလွန်ထူးမြတ်လှစွာသော။ မတ္ထကံ = အထွတ်အဖူး ထိပ်ဦးတိုင်မြောက် ပေါက်ရောက်တော်မူပြီးထသော။



၆၂၄

ဣဿရိယဉ္စ = ဖလသမာပတ် ချမ်းသာမြတ်ကို စိတ်ညွတ်ကာပင် ကြာမတင်ပဲ ဝင်စံနိုင်ရိုး ဝသီမျိုးဖြင့် ပိုင်စိုး နိုင်နင်းတော်မူခြင်း တည်းဟူသော လောကုတ္တရာ စိတ္တိဿရိယဘုန်းတော်သည်၎င်း။ လောကိယာ = လောကတလွှား ကျော်ထင်ရှားကုန်သော။ အဏိမာဒီပိ = အဏိမာဒိ အစရှိသား ဣဿရိယရှစ်ဖော် လောကီတန်ခိုးတော်တို့သည်၎င်း။ အတ္ထိ = သန္တိ = ထင်ရှားပုံသေ ရှိကုန်ပေ၏။ အဘိဿရ = ဣဿရိယ ပုညဂုဏ်နှုန်း ရွှေဘုန်းတော်ရှင် မြတ်သခင်..။ တေ = ရှင်ပင်ဘုရားအား။ မေ = ရုပ်နာမ်ပေါင်းချုပ် အကျွန်ုပ်၏။ နမော = တုပ်ဝပ်ရိုကျိုး လက်အုပ်မိုး၍ ရှိခိုးမာန်လျှော့ ကန်တော့ဦးညွှတ်ခြင်းသည်။ အတ္ထု = ဖြစ်ပါစေသတည်း။

     ၂- ဓမ္မဘုန်းတော်။ ။ဝါသနာ အငွေ့အသက်နှင့်တကွ တထောင့်ငါးရာ ကိလေသာတို့ကို ပယ်ဖျောက် သတ်ဖြတ်နိုင်သော မြတ်စွာဘုရားရှင်၏ မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် = ဤကိုးပါးသော လောကုတ္တရာ တရားတော်တို့ကို ဓမ္မဘုန်းတော်ဟူ၍ ခေါ်၏။ သိသာထင်ရှားပြီ။

ဓမ္မဘုန်းတော်ဖွဲ့ ဘုရားရှိခိုး

သဝါသနသံကိလေသ-ပဟာယီ ဓီရ အတ္ထိ တေ။

နဝ လောကုတ္တရော ဓမ္မော၊ ဓမ္မဝန္တ နမတ္ထု တေ။

ဓီရ = သဗ္ဗညုတ ဉာဏသခင် မြတ်ရှင်ပင်..။ တေ = ရှင်ပင်ဘုရားအား။ သဝါသနသံကိလေသပဟာယီ = ဝါသနာ အငွေ့အသက်နှင့်တကွ တထောင့်ငါးရာ ကိလေသာတို့ကို ပယ်ခွါလတ်လတ် အကြွင်းမဲ့ သတ်တတ်သော။ နဝလောကုတ္တရော = မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်အားဖြင့် = ကိုးပါးသင်္ချာ လောကုတ္တရာတရားတော် တည်းဟူသော။ ဓမ္မော = ဓမ္မနှုန်းခေါ် ရွှေဘုန်းတော်သည်။ အတ္ထိ = ထင်ရှားပုံသေ ရှိပါပေ၏။



၆၂၅

ဓမ္မဝန္တ = ဓမ္မဂုဏ်နှုန်း ရွှေဘုန်းတော်ရှင် မြတ်သခင်..။ တေ = ရှင်ပင်ဘုရားအား။ မေ = ရုပ်နာမ်ပေါင်းချုပ် အကျွန်ုပ်၏။ နမော = တုပ်ဝပ်ရိုကျိုး လက်အုပ်မိုး၍ ရှိခိုးမာန်လျှော့ ကန်တော့ဦးညွတ်ခြင်းသည်။ အတ္ထု = ဖြစ်ပါစေသတည်း။

     ၃-ယသဘုန်းတော်။ ။လောကသုံးရပ် နှံ့စပ်လွှမ်းခြုံသော ဂုဏ်ကျေးဇူး သတင်းတော်ကို ယသဘုန်းတော်ဟူ၍ ခေါ်၏။ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူး သတင်းတော်များမှာ မဟုတ်မမှန် လုပ်ကြံပြောဆိုရသည့် သတင်းမဟုတ်၊ တကယ်စင်စစ် အမှန်ပင် ဖြစ်ရှိ၍ ရအပ်သော ဂုဏ်သတင်းများသာဖြစ်သည်။ ထို့ကြောင့်လည်း အလွန်အမင်း သန့်ရှင်းစင်ကြယ်လှသည်။ အချို့သောသူတို့၏ ဂုဏ်ကျေးဇူးများမှာ မှန်ပင်မှန်သော်လည်း ကာမ, ရူပ, အရူပ-တည်းဟူသော လောကသုံးရပ်လုံး မနှံ့စပ်ပဲ တစိတ်တဒေသသော လောက၌သာ နှံ့ရောက်လေသည်။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးသတင်းကား လောကသုံးရပ်လုံး နှံ့စပ်လွှမ်းခြုံ၍ တည်ရှိလေသည်။ မှန်၏- ဤလူ့ပြည်၌ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတို့ကို သိရှိပြီး အရူပဈာန်သို့ ရောက်ရှိကာ အရူပဗြဟ္မာ့ဘုံသို့ ရောက်ရှိကြသော သတ္တဝါတို့အဖို့ ထိုအရူပဘုံ၌ မြတ်စွာဘုရား၏ အရဟံ-အစရှိသော ကျေးဇူးဂုဏ်များကို အောက်မေ့ ကြည်ညိုနိုင်ကြသည်၊ သို့ရကား မြတ်စွာဘုရား၏ ဂုဏ်တော် သတင်းတို့မှာ အရူပဗြဟ္မာ့ဘုံ၌လည်း နှံ့စပ်ကျော်ကြား လွှမ်းခြုံလေသည်။ ကာမဘုံ ရူပဘုံတို့၌ကား ဆိုဖွယ်ရာမရှိ ဖြစ်လေ၏။

ယသဘုန်းတော်ဖွဲ့ ဘုရားရှိခိုး

ယထာဘုစ္စဂတော ဓီရ၊

ယသော တိလောကဗျာပကော။

အတိသုဒ္ဓေပိ တေ အတ္ထိ၊

ယသဝန္တ နမတ္ထု တေ။

ဓီရ = သဗ္ဗညုတ ဉာဏသခင် မြတ်ရှင်ပင်..။ တေ = ရှင်ပင်ဘုရားအား။ ယထာဘုစ္စဂတော = အကြွားမပါ



၆၂၆

အဝါမဖက် သက်သက်ဟုတ်မှန် ဂုဏ်နေကန်ကြောင့် ခြေမှန်မျက်မှောက် လက်တော်ရောက်ရအပ်သော။ တိလောကဗျာပကော = လောကသုံးရပ် ထုတ်ချင်းခတ်အောင် နှံ့စပ်ထင်ရှား ကျော်ကြားစွာထသော။ အတိသုဒ္ဓေါပိ = အလွန်အမင်း သန့်ရှင်း စင်ကြယ်သည်လည်းဖြစ်သော။ ယသော = သရီရ,ဓမ္မ ဂုဏ်နှစ်ဝ၏ ကျနဟုတ်မှန် ဘဝဂ်လျှံသား မဟန္တာဓိက ကလျာဏသတင်း ကျော်စောခြင်းသည်။ အတ္ထိ = ထင်ရှားပုံသေ ရှိပါပေ၏။ ယသဝန္တ = ယသဂုဏ်နှုန်း ရွှေဘုန်းတော်ရှင် မြတ်သခင်..။ တေ = ရှင်ပင်ဘုရားအား။ မေ = ရုပ်နာမ်ပေါင်းချုပ် အကျွန်ုပ်၏။ နမော = တုပ်ဝပ်ရိုကျိုး လက်အုပ်မိုး၍ ရှိခိုးမာန်လျှော့ ကန်တော့ဦးညွှတ်ခြင်းသည်။ အတ္ထု = ဖြစ်ပါစေသတည်း။

     ၄-သိရီဘုန်းတော်။ ။ရူပကာယကိုယ်တော်မြတ်၏ နတ်လူတို့ဖူးမြော်၍ မဝနိုင်အောင် လှပတင့်တယ်မှု အသရေတော်ကို သိရီဘုန်းတော်ဟူ၍ ခေါ်၏။ ရှေး၌ ပြဆိုအပ်ခဲ့သည့်အတိုင်း မြတ်စွာဘုရား၏ ရူပကာယတော်မှာ သုံးဆယ့်နှစ်ပါးသော မဟာပုရိသ လက္ခဏာတော်ကြီး ရှစ်ဆယ်သော လက္ခဏာတော်ငယ် ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် လွန်စွာ့လွန်စွာ သပ္ပါယ်လှသဖြင့် ဖူးမြော်ကြသူ နတ်လူဗြဟ္မာ သတ္တဝါတို့အဖို့ရာ အချိန်သာကုန်၍ ပြန်သွားကြရသော်လည်း ဖူးမြော်၍ကား တင်းမတိမ် အားမရ မဝနိုင်ပဲ ထပ်တလဲလဲ ဖူးမြော်ချင်ကြလျက်သာ ရှိလေသည်။

သိရီဘုန်းတော်ဖွဲ့ ဘုရားရှိခိုး

ဒဿနာရမ္ဘဇနာနံ၊ နယနာဘိပ္ပသာဒိကာ။

သဗ္ဗင်္ဂင်္ဂသိရီ အတ္ထိ၊ သိရီမန္တ နမတ္ထု တေ။

သိရီမန္တ = သိရီဂုဏ်နှုန်း ရွှေဘုန်းတော်ရှင် မြတ်သခင်..။ တေ = ရှင်ပင်ဘုရားအား။ ဒဿနာရမ္ဘဇနာနံ = ဖူးမြော်လိုမှု အားသစ်ပြုသား ပြောထုနတ်လူ



၆၂၇

သတ္တဝါ ဟူဟူသမျှတို့၏။ နယနာဘိပ္ပသာဒိကာ = ဖူးတိုင်းမြိန်ရှက် မစွန့်ရက်အောင် မျက်စိအရသာ ဆောင်စွမ်းကာဖြင့် လွန်စွာရွှန်းစို ကြည်ညိုဖွယ်ဖြစ်သော။ သဗ္ဗင်္ဂင်္ဂသိရီ = ဗာတ္တိံသလက္ခဏာ သီတာနုဗျည်း ရှုမငြီးတို့ဖြင့် နုလည်းနုနယ် ကိုယ်အင်္ဂါကြီးငယ်တို့၏ တင့်တယ်ခြင်းအသရေအစု တည်းဟူသော သိရီဘုန်းတော်သည်။ အတ္ထိ = ထင်ရှားပုံသေ ရှိပါပေ၏။ သိရီမန္တ = သိရီဂုဏ်နှုန်း ရွှေဘုန်းတော်ရှင် မြတ်သခင်..။ တေ = ရှင်ပင်ဘုရားအား။ မေ = ရုပ်နာမ်ပေါင်းချုပ် အကျွန်ုပ်၏။ နမော = တုပ်ဝပ်ရိုကျိုး လက်အုပ်မိုး၍ ရှိခိုးမာန်လျှော့ ကန်တော့ဦးညွှတ်ခြင်းသည်။ အတ္ထု = ဖြစ်ပါစေသတည်း။

     ၅-ကာမဘုန်းတော်။ ။အလိုတော်ရှိသမျှ လုံးဝဥဿုံ အကုန်ပြီးစီးခြင်း (ယင်းသို့ ပြီးစီးခြင်း၏ အကြောင်းရင်းဖြစ်သော အဓိဂမဆန္ဒတော်)ကို ကာမဘုန်းတော်ဟူ၍ ခေါ်၏။ မြတ်စွာဘုရားသည် သုမေဓာရှင်ရသေ့ ဘဝကပင် “ဗုဒ္ဓေါ ဗောဓေယျံ = ငါကိုယ်တိုင် သစ္စာလေးပါး တရားဥဿုံကို သိမြင်ပြီးလျှင် ဝေနေယျတို့ကိုလည်း သိစေနိုင်ရလို၏၊ မုတ္တော မောစေယျံ = ငါကိုယ်တိုင် သံသရာဝဋ်မှ ကျွတ်လွတ်ပြီးလျှင် ဝေနေယျတို့ကိုလည်း ချေချွတ်နိုင်ရလို၏။ တိဏ္ဏော တာရေယျံ = ငါကိုယ်တိုင် ဘဝသုံးခဏ်း ရေပြင်ကြမ်းကို ကူးသန်းထုတ်ချောက် နိဗ္ဗာန်တည်းဟူသော တဖက်ကမ်းသို့ ရောက်ပြီးလျှင် ဝေနေယျတို့ကိုလည်း ဆယ်တင်နိုင်ရလို၏”ဟု တောင့်တတော်မူခဲ့လေသည်၊ (ယင်း တောင့်တသော ဆန္ဒတော်ကို အာဂမဆန္ဒတော်ဟူ၍ ခေါ်၏)။ ယင်း အာဂမဆန္ဒတော်ကြောင့် သဗ္ဗညုဉာဏ် အထွတ်တပ်သော မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့ကို ရရှိတော်မူကာ ကိုယ်တော်တိုင်က ဗုဒ္ဓ, မုတ္တ, တိဏ္ဏ = သစ္စာလေးပါး တရားဥဿုံကို သိမြင်ပြီးသူ, သံသရာဝဋ်မှ ကျွတ်လွတ်ပြီးသူ, နိဗ္ဗာန်တည်းဟူသော တဖက်ကမ်းသို့ ကူးသန်းထုတ်ချောက် ရောက်တော်မူပြီးသူ ဖြစ်လာလေသည်။



၆၂၈

     အချို့သောသူတို့မှာ စောစောပိုင်းက ကိုယ်ကျိုး,သူကျိုး = နှစ်မျိုးတို့ကို ပြည့်ဖြိုးစေရန် ရည်သန်တောင့်တသော ဆန္ဒရှိခဲ့သော်လည်း ကိုယ်ကျိုး ပြည့်စုံလာသောအခါ မူလရည်သန်ချက် နှစ်ဖက်လုံးပြည့်ဝအောင် သူတပါး၏အကျိုးကို ဆက်လက်ဆောင်ရွက်နိုင်ခဲ၏၊ ကိုယ်ကျိုးပြည့်ဝရုံမျှဖြင့် အားရတင်းတိမ်ရောင့်ရဲ ရပ်စဲသွားတတ်ကြ၏။ မြတ်စွာဘုရားမှာမူ သဗ္ဗညုတဉာဏ် အထွတ်တပ်သည့် မဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့ကို ရရှိ၍ ကိုယ်တော်မြတ်၏အကျိုး ပြည့်ဖြိုး ပြီးမြောက်လာသောအခါ ထိုမဂ်ဉာဏ်, ဖိုလ်ဉာဏ်တို့၌ ပါရှိသော အဓိဂမဆန္ဒတော်၏ လှုံ့ဆော်တိုက်တွန်းချက်အရ ဝေနေယျတို့၏ အကျိုးကိုလည်း မူလရည်ရွယ်ချက်အတိုင်း ပြည့်ဖြိုးအောင် ရွက်ဆောင်တော်မူလေသည်၊ ရွက်ဆောင်သည့်အတိုင်းလည်း အဓိပတိ အာဂမဆန္ဒတော်၏ စွမ်းရည်သတ္တိကြောင့် ဝေနေယျတို့၏ သစ္စာလေးပါးတရားကို သိခြင်း, သံသရာဝဋ်မှ ကျွတ်လွတ်ခြင်း, နိဗ္ဗာန်တည်းဟူသော တဖက်ကမ်းသို့ ကူးသန်းထုတ်ချောက် ပေါက်ရောက်ခြင်း တည်းဟူသော အကျိုးတို့ ဖြိုးဖြိုးကုံလုံ ပြည့်စုံပြီးမြောက်လေသည်။ သို့ရကား ကိုယ်ကျိုး,သူကျိုး ဖြိုးဖြိုးကုံလုံ အလိုတော်ရှိသမျှ ပြီးစီးပြည့်စုံခြင်း (ယင်း သို့ ပြည့်စုံခြင်း၏ အကြောင်းဖြစ်သော အဓိဂမဆန္ဒတော်)တို့ကို ကာမဘုန်းတော်ဟူ၍ ခေါ်ဆိုရလေသည်။

ကာမဘုန်းတော်ဖွဲ့ ဘုရားရှိခိုး

အတ္တတ္ထံ ပရတ္ထံ ဝါပိ၊ ဓီရ ယံ အဘိပတ္ထယိ။

အတ္ထိ နိဗ္ဗတ္တိကာမောပိ၊ ကာမဝန္တ နမတ္ထု တေ။

ဓီရ = သဗ္ဗညုတ ဉာဏသခင် မြတ်ရှင်ပင်..။ (တွံ = အရှင်ဘုရားသည်)။ ယံ အတ္တတ္ထံ ဝါ = အကြင် အမျိုးမျိုး ကိုယ်တော်မြတ်၏ အကျိုးကို၎င်း။ ယံ ပရတ္ထံ ဝါပိ = အကြင် အမျိုးမျိုး သူတပါး၏ အကျိုးကို၎င်း။ အဘိပတ္ထယိ = “ဗုဒ္ဓေါ ဗောဓေယျံ, မုတ္တော မောစေယျံ, တိဏ္ဏော တာရေယျံ” = အကြံသုံးပါး နှလုံးထား၍ လိုလား တောင့်တတော်မူခဲ့လေပြီ။ (တဿ အတ္ထဿ =



၆၂၉

ထို မိမိသူတပါး ကျိုးနှစ်ပါး၏)။ နိဗ္ဗတ္တိကာမောပိ = ရွယ်တိုင်းမဖောက် ခရီးရောက်အောင် ပြီးမြောက်ခြင်း, ယင်း ပြီးမြောက်ခြင်း၏ အကြောင်းရင်းမူလ အဓိဂမဆန္ဒတော် တည်းဟူသော ကာမဘုန်းတော်သည်။ အတ္ထိ = ထင်ရှားပုံသေ ရှိပါပေ၏။ ကာမဝန္တ = ကာမ- ဂုဏ်နှုန်း ရွှေဘုန်းတော်ရှင် မြတ်သခင်..။ တေ = ရှင်ပင်ဘုရားအား။ မေ = ရုပ်နာမ်ပေါင်းချုပ် အကျွန်ုပ်၏။ နမော = တုပ်ဝပ်ရိုကျိုး လက်အုပ်မိုး၍ ရှိခိုးမာန်လျှော့ ကန်တော့ဦးညွှတ်ခြင်းသည်။ အတ္ထု = ဖြစ်ပါစေသတည်း။

     ၆-ပယတ္တဘုန်းတော်။ ။သူမတူတန် ထက်သန် ကြီးမြတ်လှသည့် လုံ့လဝီရိယတော်ကို ပယတ္တဘုန်းတော်ဟူ၍ ခေါ်၏။ (မြတ်စွာဘုရားရှင်၏ နေ့စဉ် ဗုဒ္ဓကိစ္စကြီး ငါးရပ်ကို မနားမနေ ရွက်ဆောင်တော်မူပုံကို အာရုံပြု၍ ကြည့်ပါ)။ ယင်းသို့ ဗုဒ္ဓကိစ္စကြီးငါးရပ်ကို မနားမနေ ရွက်ဆောင် အားသစ်တော်မူသောကြောင့်ပင် အလုံးစုံသော သတ္တလောက၏ အလေးပြုအပ်သည့် ပုဂ္ဂိုလ်မြတ်အဖြစ်သို့ စင်စစ် ရောက်ဆိုက်တော်မူလေသည်၊ ယင်းသို့ သတ္တလောကတခုလုံး၏ အလေးပြုအပ်သည့် ပုဂ္ဂိုလ်မြတ်အဖြစ်သို့ စင်စစ် ဆိုက်ရောက်ကြောင်း ကောင်းမြတ်သော အခြေခံ သမ္မာဝါယာမမဂ္ဂင်ကို ပယတ္တဘုန်းတော်ဟူ၍ ခေါ်ဆို၏။

ပယတ္တဘုန်းတော်ဖွဲ့ ဘုရားရှိခိုး

ပယတ္တော သဗ္ဗလောကဿ၊

ဂါရဝါပတ္တိဟေတုကော။

ဝါယာမော သောပိ တေ အတ္ထိ၊

ပယတ္တဝါ နမတ္ထု တေ။

ပယတ္တဝါ = ပယတ္တဂုဏ်နှုန်း ရွှေဘုန်းတော်ရှင် မြတ်သခင်..။ တေ = ရှင်ပင်ဘုရားအား။ သဗ္ဗလောကဿ = အလုံးစုံလောက ရှိသမျှနတ်လူအပေါင်း၏။ ဂါရဝါပတ္တိဟေတုကော = စိုးခံ့သမှု အလေးပြုအပ်သည့် ဂရုဘွဲ့ယူ



၆၃၀

ပုဂ္ဂိုလ်တဆူ၏အဖြစ်သို့ စင်စစ် ဆိုက်ရောက်ကြောင်း ကောင်းမြတ်သော အခြေခံဖြစ်သော။ ဝါယာမော = သမ္မပ္ပဓာန်ကိစ္စ တပ်စွမ်းလှသား ပဓာနသညာ သမ္မာဝါယာမ မဂ္ဂင်တည်းဟူသော။ သောပိ ပယတ္တော = ပယတ္တနှုန်းခေါ် ထိုဘုန်းတော်သည်လည်း။ အတ္ထိ = ထင်ရှားပုံသေ ရှိပါပေ၏။ ပယတ္တဝါ = ပယတ္တဂုဏ်နှုန်း ရွှေဘုန်းတော်ရှင် မြတ်သခင်..။ တေ = ရှင်ပင်ဘုရားအား။ မေ = ရုပ်နာမ်ပေါင်းချုပ် အကျွန်ုပ်၏။ နမော = တုပ်ဝပ်ရိုကျိုး လက်အုပ်မိုး၍ ရှိခိုးမာန်လျှော့ ကန်တော့ဦးညွှတ်ခြင်းသည်။ အတ္ထု = ဖြစ်ပါစေသတည်း။

ဘဂဝါဂုဏ်တော် ပြီး၏။

**********

ဘုရားဂုဏ်တော်တို့နှင့်စပ်၍ ပြိုးပြွမ်းမှတ်ဖွယ်

ပကိဏ္ဏကအဓိပ္ပါယ်

     ဤအရာ၌ မြတ်စွာဘုရား၏ ဂုဏ်တော်တို့မှာ အသင်္ချေယျ အပ္ပမေယျ များလှစွာ၏၊ ထိုဂုဏ်တော်ပေါင်း များစွာတို့မှ လူနတ်ဗြဟ္မာ သတ္တဝါတို့ ဆောင်လွယ်မှတ်လွယ် ဉာဏ်ငုံလွယ်ရုံ ဂုဏ်တော်ကိုးပါး (တနည်း– ဆယ်ပါး)တို့ကို ကျမ်းဂန်တို့၌ ထုတ်ပြခြင်းဖြစ်လေသည်။

ဂုဏ်တော်အကျဉ်းချုပ်

     ထိုအသင်္ချေယျဂုဏ်တော် (တနည်း- ဂုဏ်တော်ကိုးပါး, ဆယ်ပါး)တို့ကို တဖန်ထပ်၍ အကျဉ်းချုပ်ပြန်လျှင် မြတ်စွာဘုရား၏ ဂုဏ်တော်တို့သည် (၁) အတ္တဟိတသမ္ပတ္တိ = ကိုယ်တော်မြတ်၏ အစီးအပွါး ပြည့်စုံခြင်းကို ဖော်ပြသောဂုဏ်, (၂) ပရဟိတပဋိပတ္တိ = ဝေနေယျတို့၏ အစီးအပွါးဖြစ်အောင် ကျင့်ဆောင်ခြင်းကို ဖော်ပြသော ဂုဏ်ဟူ၍ = နှစ်ပါးအပြားရှိကုန်၏။

     ထိုနှစ်ပါးတို့တွင် အတ္တဟိတသမ္ပတ္တိဂုဏ်သည် ၁-ပဟာနသမ္ပဒါ = သံကိလေသတရားတို့ကို ပယ်ရှားခြင်းနှင့် ပြည့်စုံပုံကို ဖော်ပြသောဂုဏ်, ၂-ဉာဏသမ္ပဒါ = ဉာဏ်တော်အမျိုးမျိုးနှင့်



၆၃၁

ပြည့်စုံပုံကို ဖော်ပြသောဂုဏ်ဟူ၍ နှစ်ပါးရှိပြန်သည်။ (အာနုဘာဝသမ္ပဒါ- စသည်တို့မှာ ထိုသမ္ပဒါနှစ်ပါး၌ အတွင်းဝင်နေသည်)။

     ပရဟိတပဋိပတ္တိဂုဏ်သည် ၁-ပယောဂသမ္ပဒါ=လာဘ်ပူဇော်သက္ကာရ စသည်တို့ကို ငဲ့ကွက်သောစိတ် အလျှင်းမရှိပဲ ဝေနေယျတို့အား ခပ်သိမ်းသော ဝဋ်ဒုက္ခမှ ထွက်မြောက်ကြောင်း တရားတော်တို့ကို ညွှန်ပြဟောကြားတော်မူခြင်း တည်းဟူသော ဝီရိယတော်၏ စင်ကြယ်ပြည့်စုံမှု, ၂-အာသယသမ္ပဒါ = ဆန့်ကျင်ဖက်ဖြစ်သော သတ္တဝါတို့၌သော်လည်း အမြဲ အစီးအပွါးကို လိုလားတော်မူခြင်း သတ္တဝါတို့၏ ဉာဏ်ပညာ ရင့်ကျက်ချိန်ကို စိတ်ရှည်ရှည် စောင့်ငံ့တော်မူခြင်းစသော ပရဟိတပဋိပတ္တိဖြစ်သည့် အလိုတော်၏ စင်ကြယ်ပြည့်စုံမှုဟူ၍ = နှစ်ပါးပြားပြန်သည်။ ပစ္စည်းလေးဖြာကို ခံယူခြင်းစသည်ဖြင့် ဝေနေယျတို့၏ အကျိုးကို ကျင့်ခြင်းသည်လည်း ပရဟိတပဋိပတ္တိပင် မည်၏။ သို့ရကား ထိုအတ္တဟိတသမ္ပတ္တိ, ပရဟိတပဋိပတ္တိ ဂုဏ်တော်နှစ်ပါးတို့ကို ထင်ရှားဖော်ပြသောအားဖြင့် ပါဠိတော်၌ အရဟံ-အစရှိသော ဂုဏ်တော်ကိုးပါးတို့ကို မြတ်စွာဘုရား ဟောကြားတော်မူလေသည်။ ဂုဏ်တော်ကိုးပါးတို့ကို ဂုဏ်တော်နှစ်ပါးတို့၌ သိမ်းကျုံးသင်္ဂြိုဟ် ယူငင်ပုံမှာ-

     ဂုဏ်တော်ကိုးပါးတို့တွင် အရဟံ-ဂုဏ်တော်ဖြင့် ပဟာနသမ္ပဒါနှင့်စပ်၍ မြတ်စွာဘုရား၏ အတ္တဟိတသမ္ပတ္တိ = ကိုယ်တော်အကျိုး၏ ပြည့်စုံခြင်းကို ထင်ရှားဖော်ပြသည်။ ။သမ္မာသမ္ဗုဒ္ဓ, လောကဝိဒူ- ဂုဏ်တော်နှစ်ပါးတို့ဖြင့် ဉာဏသမ္ပဒါနှင့်စပ်၍ အတ္တဟိတသမ္ပတ္တိကို ထင်ရှားဖော်ပြသည်။ (ဤ၌ “လောကဝိဒူဂုဏ်ပုဒ်ဖြင့်လည်း သမ္မာသမ္ဗုဒ္ဓအဖြစ်ကို ထင်ရှားပြအပ်သည် မဟုတ်လော”ဟု မေးဖွယ်ရှိ၏။ အဖြေကား- ပြအပ်သည်မှန်ပါ၏၊ သို့သော်လည်း ထိုဂုဏ်တော်နှစ်ရပ်၏ ထူးခြားချက်ကား ရှိလေသည်။ ရှိပုံမှာ- သမ္မာသမ္ဗုဒ္ဓဟူသော ဂုဏ်ပုဒ်ဖြင့် သဗ္ဗညုတ ရွှေဉာဏ်တော်၏ အာနုဘော်ကို ထင်ရှားဖော်ပြအပ်သည်။ လောကဝိဒူဟူသော ဂုဏ်ပုဒ်ဖြင့်ကား အာသယာနုသယဉာဏ်-



၆၃၂

စသည်တို့၏ အာနုဘော်ကိုလည်း ထင်ရှားဖော်ပြအပ်သည်။ ထို့ကြောင့် ဂုဏ်တော်နှစ်ပါး ခွဲခြား၍ ဟောကြားအပ်လေသည်။ ဤကား အဖြေတည်း)။ ။ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်ဖြင့် မြတ်စွာဘုရား၏ အလုံးစုံသော အတ္တဟိတသမ္ပတ္တိကို ထင်ရှားဖော်ပြသည်။ ။သုဂတဂုဏ်တော်ဖြင့်ကား အကြောင်းရင်းမှစ၍ မြတ်စွာဘုရား၏ အတ္တဟိတသမ္ပတ္တိ, ပရဟိတပဋိပတ္တိ နှစ်မျိုးလုံးကို ထင်ရှားဖော်ပြသည်။ ။အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်, သတ္ထာဒေဝမနုသာနံ ဂုဏ်တော်တို့ဖြင့် ပရဟိတပဋိပတ္တိကို ထင်ရှားဖော်ပြသည်။ ။ဗုဒ္ဓဟူသော ဂုဏ်ပုဒ်ဖြင့် ကိုယ်တော်တိုင် သစ္စာလေးပါး တရားတို့ကို သိခြင်းတည်းဟူသော အတ္တဟိတသမ္ပတ္တိ = ကိုယ်တော်မြတ် အစီးအပွါး၏ ပြည့်စုံခြင်း, ဝေနေယျတို့ကိုလည်း ဟောကြားလှစ်ချွေ သိစေခြင်းတည်းဟူသော ပရဟိတပဋိပတ္တိ = သူတပါးတို့၏ အစီးအပွါးကိုကျင့်ခြင်း = ဤနှစ်ပါးတို့ကို ထင်ရှားဖော်ပြသည်။ (ထို့ကြောင့်ပင် သမ္မာသမ္ဗုဒ္ဓဂုဏ်ကို ဟောတော်မူပြီးနောက် ဗုဒ္ဓဂုဏ်ကို ဟောတော်မူပြန်သည်။ မှန်၏- သမ္မာသမ္ဗုဒ္ဓဂုဏ်ဖြင့် ပဋိဝေဓဉာဏ်ကို ဖော်ပြ၍ ဗုဒ္ဓဂုဏ်ဖြင့် ဒေသနာဉာဏ်ကိုလည်း ဖော်ပြသည်)။ ။ဘဂဝါဂုဏ်တော်ဖြင့်လည်း အကြောင်းရင်းမှစ၍ မြတ်စွာဘုရား၏ အလုံးစုံသော အတ္တဟိတသမ္ပတ္တိ, ပရဟိတပဋိပတ္တိ = နှစ်ပါးတို့ကို ထင်ရှား ဖော်ပြသည်။

     တနည်း- မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့သည် အကျဉ်းချုပ်အားဖြင့် ၁-ဟေတု = အကြောင်းဖြစ်သောဂုဏ်, ၂-ဖလ = အကျိုးဖြစ်သောဂုဏ်, ၃-သတ္တူပကာရ = သတ္တဝါတို့အား ကျေးဇူးပြုခြင်း = ပရဟိတပဋိပတ္တိဂုဏ်ဟူ၍ = သုံးမျိုးရှိကုန်၏။ (ထိုဂုဏ်သုံးပါးနှင့် ပြည့်စုံခြင်းကို အစဉ်အတိုင်း ဟေတုသမ္ပဒါ, ဖလသမ္ပဒါ, သတ္တူပကာရသမ္ပဒါဟူ၍ ခေါ်၏)။ အရဟံ-အစရှိသော ဂုဏ်တော်ကိုးပါးတို့တွင် အရဟံဂုဏ်, သမ္မာသမ္ဗုဒ္ဓဂုဏ်, ဝိဇ္ဇာစရဏသမ္ပန္နဂုဏ်, လောကဝိဒူဂုဏ် = ဤဂုဏ်လေးပါးတို့ဖြင့် ဖလသမ္ပဒါနှင့်စပ်၍ မြတ်စွာဘုရား၏ (ဖလ)ဂုဏ်တို့ကို



၆၃၃

ထင်ရှားဖော်ပြသည်။ အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်, သတ္ထာဒေ၀မနုဿာနံ ဂုဏ်ပုဒ်တို့ဖြင့် သတ္တူပကာရသမ္ပဒါနှင့်စပ်၍ မြတ်စွာဘုရား၏ (သတ္တူပကာရ)ဂုဏ်တို့ကို ထင်ရှားဖော်ပြသည်။ ဗုဒ္ဓဂုဏ်ပုဒ်ဖြင့် ဖလသမ္ပဒါ, သတ္တူပကာရသမ္ပဒါ နှစ်ပါးတို့နှင့်စပ်၍ မြတ်စွာဘုရား၏ (ဖလ, သတ္တူပကာရ) ဂုဏ်တို့ကို ထင်ရှားဖော်ပြသည်။ သုဂတဂုဏ်, ဘဂဝါဂုဏ်ပုဒ်တို့ဖြင့်ကား သမ္ပဒါသုံးပါးလုံးနှင့်စပ်၍ မြတ်စွာဘုရား၏ ဂုဏ်သုံးမျိုးလုံး (ဟေတု, ဖလ, သတ္တူပကာရ)တို့ကို ထင်ရှားဖော်ပြသည်။ ။(ဤနည်း ၂-ပါးတို့ကို ဝိသုဒ္ဓိမဂ်မဟာဋီကာ ပဌမအုပ်၊ စာမျက်နှာ ၂၆၃, ၂၆၄-တို့မှ ထုတ်ဆောင်ဖော်ပြသည်)။

ဗုဒ္ဓါနုဿတိဘာဝနာ

     ပါဠိစာပေကို ဖတ်ရုံသာ ဖတ်တတ်၍ မြန်မာစကားသက်သက်ကိုသာ တတ်သိသော ဗုဒ္ဓဘာသာ မြန်မာသူတော်စင်သည် ရှေး(အစ)၌ ဖော်ပြအပ်သည့်အတိုင်း ဘုရားဂုဏ်တော် ကိုးပါးတို့ကို ပါဠိမြန်မာ နှစ်ဘာသာဖြင့် အရကျက် နှုတ်တက်ဆောင်ပြီးလျှင် ဂုဏ်တော် တရပ်တရပ်စီအတွက် နှေးလည်းမနှေးကန် မြန်လည်း မမြန်လွန်းစေပဲ နှုတ်မြွက်ရွတ်ဆိုကာ ထိုပါဠိမြန်မာ စကားရပ်တို့၌ ပါရှိသော မြတ်စွာဘုရား ၏ အရဟံ-အစရှိသော ဂုဏ်တော်တို့ကို ထပ်တလဲလဲ အောက်မေ့ဆင်ခြင် ပွါးများရာ၏။ ထိုသို့ အောက်မေ့ဆင်ခြင် ပွါးများသော သူတော်စင်၏ သန္တာန်ဝယ် ထိုသို့ ဘုရားဂုဏ်ကို အာရုံပြု အောက်မေ့သောအခါ၌ ရာဂသောင်းကျန်း ထကြွသောစိတ် ဒေါသသောင်းကျန်း ထကြွသောစိတ် မောဟသောင်းကျန်း ထကြွသောစိတ်များ အစဉ်သဖြင့် မဖြစ်ပွါးကြပဲ ကမ္မဋ္ဌာန်းလမ်းမှန်သို့ သက်ရောက်သဖြင့် တွန့်ဆုတ်ခြင်း ပြန့်လွင့်ခြင်းများ ကင်းရှင်းသောကြောင့် အလယ်အလတ်ဖြစ်သော သမထနိမိတ် ပဋိပတ်ဖြင့် အလွန်ဖြောင့်မတ်သော စိတ်အစဉ်သည် တသွင်သွင် ဖြစ်လေတော့၏။ ထိုသို့ အောက်မေ့ဆင်ခြင် ပွါးများဖန်များသဖြင့် ဘုရားဂုဏ်ကို အာရုံပြုသော ဘာဝနာအဆင့်ဆင့်



၆၃၄

ရင့်၍ရင့်၍ လာယောအခါ နီဝရဏတရားများ ကိုယ်မှခွါပြီးသာ ဖြစ်လေကုန်၏၊ ကိလေသာတရားတို့သည်လည်း ဖြစ်ပွါးမှု ထကြွမှု မရှိပဲ အနယ်ထိုင်နေသည့်ပမာ ငြိမ်၍နေကုန်၏၊ သဒ္ဓါအစရှိသော ဣန္ဒြေငါးပါးတို့သည် အလွန် သန့်ရှင်းထက်မြက်၍ လာကုန်၏။ ဗုဒ္ဓါနုဿတိဘာဝနာ အလေ့အလာများသောကြောင့် ဝိတက်, ဝိစာရတို့သည် လွန်လွန်ကဲကဲ မိမိတို့ဆိုင်ရာ ကိစ္စတို့ကို ရွက်ဆောင်ကြလျက် ဖြစ်ပွါးကြကုန်၏။ ထိုအခါ မိမိ၏ အလုပ်မှန်ကို လွန်စွာနှစ်သက်လျက် အားကြီးသော ပီတိတရား တဖွားဖွားဖြစ်လာလေ၏၊ ယင်းပီတိကြောင့် ကာယပဿဒ္ဓိ = ကိုယ်၏ငြိမ်းချမ်းခြင်း, စိတ္တပဿဒ္ဓိ = စိတ်၏ ငြိမ်းချမ်းခြင်း = နှစ်ပါး အထူးသဖြင့် ဖြစ်ပွါးကာ ကိုယ်စိတ်တို့၏ပူပန်မှု (=သိမ်မွေ့သော အခိုက်အတန့်ရှိသည့် ဥဒ္ဓစ္စနှင့်တကွသော ကိလေသာ)များလည်း ငြိမ်းစဲအနယ်ထိုင်၍ သွားလေကုန်၏၊ ယင်းသို့ ကိုယ်စိတ်နှစ်ဖြာ ငြိမ်းချမ်းလှစွာသောကြောင့် သမာဓိ၏ အကြောင်းရင်းဖြစ်သော သုခတရား ခိုင်ခံ့သည်ထက် ခိုင်ခံ့စွာ ဖြစ်ပွါးလာလေ၏။ သုခဖြင့် ပွါးစည်းစိုပြေရကား စိတ်အစဉ်သည် ကမ္မဋ္ဌာန်းအာရုံ၌ အလွန့်အလွန် တည်ကြည်၍ နေလေ တော့၏။

     ဤသို့လျှင် အစဉ်သဖြင့် ရှေ့ပိုင်းဝယ် ဝိတက်အစရှိသော ဘာဝနာအလုပ်တရားကို တဆင့်ထက်တဆင့် ရင့်ကျက်ရင့်ကျက်ကာ ထက်မြက်သည်ထက် ထက်ထက်မြက်မြက် ဖြစ်ပွါးကြ၍ တွန့်လည်း မတွန့်ဆုတ် ပြန့်လည်း မပြန့်လွင့်သဖြင့် အလယ်အလတ် မဇ္ဈိမသမထပဋိပတ်သို့ ဆိုက်ရောက်ကာ သဒ္ဓါ-စသော ဣန္ဒြေ ငါးပါးတို့သည်လည်း မိမိတို့၏ ဆိုင်ရာကိစ္စကို အညီအမျှ ပြုလုပ် ရွက်ဆောင်ကြသဖြင့် ရှေးကထက် အထူးထက်မြက်သော ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ = ဤဈာန်အင်္ဂါ ငါးပါးတို့သည် ဗုဒ္ဓါနုဿတိ ကာမာဝစရဘာဝနာ မဟာကုသိုလ်စိတ်၌ စိတ္တက္ခဏတချက်တည်းဝယ် ပြိုင်လျက် ဖြစ်ပေါ်လာကြ၍ ဥပစာရဈာန်ကိစ္စကို ပြီးစေကြလေသည်။ ဤသို့ ဖော်ပြရာပါ ဈာန်အင်္ဂါငါးပါးတို့ ကာမာဝစရဘာဝနာ မဟာကုသိုလ်စိတ်နှင့်



၆၃၅

တွဲယှဉ်လျက် ဖြစ်ပွါးလာသောအခါ ထိုယောဂီပုဂ္ဂိုလ်ကို “ဗုဒ္ဓါနုဿတိ ဥပစာရဈာန်ကိုရသော ပုဂ္ဂိုလ်”ဟူ၍ ခေါ်ဆိုရလေသည်။

(ဤ၌- “ဈာန်သည် ဥပစာရ ကာမာဝစရသမာဓိဈာန်မျှသာဖြစ်၍ အဘယ့်ကြောင့် အပ္ပနာ (ရူပါဝစရ)ဈာန်သို့ မရောက်သနည်း”ဟု မေးဖွယ်ရှိ၏။ အဖြေကား- ဘုရားဂုဏ်တော်တို့မှာ သဘာဝဓမ္မ = ပရမတ္ထဓမ္မများ ဖြစ်ကြကာ လွန်စွာ နက်နဲသောကြောင့် အပ္ပနာဈာန်သို့ မရောက်ဟု အကျဉ်းချုပ် ဖြေဆိုရာ၏။ မှန်၏- အလွန်နက်သောရေ၌ လှေသည် ကြံ့ကြံ့မတည်နိုင်သကဲ့သို့ သဘာဝဓမ္မ ပရမတ္ထဖြစ်၍ အလွန်နက်နဲသော ဘုရားဂုဏ်တော်အဖုံဖုံ အာရုံ၌ စိတ်သည်လည်း ရူပါဝစရ အပ္ပနာသမာဓိအနေဖြင့် မတည်နိုင်။

သဘာဝဓမ္မဖြစ်သော မြတ်စွာဘုရား၏ ဂုဏ်တော်များကို အရဟံဂုဏ်တော်, သမ္မာသမ္ဗုဒ္ဓဂုဏ်တော်- စသည်ဖြင့် တဇ္ဇာပညတ် (ပရမတ္ထတရားတို့၏ အနွတ္ထအမည်ပညတ်)နှင့် စပ်၍သာ အာရုံယူအပ်သည် မဟုတ်လော၊ အဘယ့်ကြောင့် “သဘာဝဓမ္မ ပရမတ္ထအာရုံဖြစ်၍ အလွန်နက်နဲသောကြောင့်”ဟု အကြောင်းပြရသနည်း-ဟု ထပ်၍ မေးဖွယ်ရှိပြန်၏။ အဖြေကား- ရှေ့ပိုင်း (ဘာဝနာနုစဉ်အချိန်)၌ တဇ္ဇာပညတ်နှင့် စပ်၍သာ အာရုံကို ယူရသော်လည်း ဘာဝနာရင့်သန် ပွါးစည်းလာသောအခါ ထိုတဇ္ဇာပညတ်ကို လွန်ကျော်၍ ပရမတ္ထသဘာဝ ဓမ္မာရုံ၌သာ စိတ်သည် တည်လေတော့၏။ ထို့ကြောင့် ထိုကဲ့သို့ အကြောင်းပြရသည်။ ဤကား အဖြေတည်း။

တဖန်ထပ်၍ “အချို့သော ပဌမာရုပ္ပဝိညာဏ်- အစရှိသော သဘာဝဓမ္မ ပရမတ္ထအာရုံ၌ ဒုတိယအရူပဈာန်-စသော အပ္ပနာဈာန်များ ဖြစ်ပွါး ပြည့်စုံသည် မဟုတ်လော”ဟု မေးဖွယ်ရှိပြန်၏။ အဖြေကား- ဖြစ်ပွါးပြည့်စုံသည် မှန်၏၊ ထိုဒုတိယအရူပဈာန် စသည်ကား တခုသော သဘောရှိသော အာရုံ၌ ဖြစ်ပွါးပြည့်စုံကြသည်။ ဤဗုဒ္ဓါနုဿတိအာရုံကား အထူးထူး အပြားပြား များစွာသော အာရုံဖြစ်သည်၊ ထို့ကြောင့် ထို ပဌမာရုပ္ပဝိညာဏ်-စသော အာရုံတို့နှင့် နှိုင်းယှဉ်၍ မစောဒနာသင့်ပေ။ ဤကား အဖြေတည်း။

“ဤသို့ဆိုသော်လည်း ဆံပင်, မွေးညှင်း-စသော အထူးထူး အပြားပြားသော ကောဋ္ဌာသတို့၌ ကမ္မဋ္ဌာန်းနှလုံးသွင်းသော ပုဂ္ဂိုလ်၏ သန္တာန်ဝယ် ဘာဝနာရင့်သန်လာသောအခါ တခုသော ကောဋ္ဌာသ၌ ရူပါဝစရ ပဌမဈာန် အပ္ပနာဘာဝနာ ပေါက်ရောက်သကဲ့သို့ ထို့အတူ

၆၃၆

ဤဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း အရာ၌ အဘယ့်ကြောင့် တခုသော ဘုရားဂုဏ် အာရုံ၌ အပ္ပနာဈာန် မပေါက်ပဲ ရှိရသနည်း”ဟု ထပ်ဆင့်မေးဖွယ် ရှိလာပြန်၏။ ဤဥပမာဆောင်မှုကား မညီညွတ်သော ဥပမာဆောင်မှုသာ ဖြစ်ချေသည်။ မှန်၏- ကာယဂတာသတိ ကမ္မဋ္ဌာန်း၌ ဆံပင်, မွေးညှင်း- စသောအားဖြင့် ကောဋ္ဌာသများသော်လည်း ထိုကောဋ္ဌာသအားလုံး၏ စက်ဆုပ်ဖွယ်သော အခြင်းအရာတခုကိုသာ အာရုံယူ၍ အပ္ပနာဘာဝနာဈာန် ဖြစ်ရလေသည်၊ ဤဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း၌ကား ဘုရားဂုဏ်တော်တို့ကပင် အထူးထူး အပြားပြား များသောသဘော ရှိသောကြောင့် ထိုများသောသဘောဖြင့်ပင် ကာမာဝစရ ဥပစာရ ဘာဝနာသာ ဖြစ်ရလေသည်။ “ဂုဏ်တော်အာရုံ တခုတည်း၌သာ ဖြစ်ပါတော့လော”ဟု ထပ်၍တဖန် စောဒနာပြန်ငြားအံ့၊ ဗုဒ္ဓါနုဿတိ ဘာဝနာအစွမ်းကြောင့် ပစ္စက္ခအားဖြင့် ဘုရားဂုဏ်တော်များ ထင်၍ လင်း၍ လာသောအခါ သဒ္ဓါတရား အားကြီးသည်ထက် အားကြီး၍ လာသောကြောင့် ယောဂီပုဂ္ဂိုလ်သည် ဘယ်နည်းဖြင့်မှ ဘုရားဂုဏ်တခုတည်း၌ စိတ်ရပ်တည်၍ မနေနိုင်၊ ဤကား အဖြေတည်း။ ။ဤကား မေးဖွယ် ဖြေဖွယ်တည်း။

ဗုဒ္ဓါနုဿတိဘာဝနာအကျိုး

     ဤဗုဒ္ဓါနုဿတိဘာဝနာကို အခါခါကြိုးကုတ် အားထုတ်သော သူတော်စင်သည် မြတ်စွာဘုရားရှင်၌ သူမတူတန် ရိုသေကျိုးနွံခြင်းရှိသူ ဖြစ်လေ၏။ ထို့ကြောင့်ပင် အရိယာပုဂ္ဂိုလ်တို့၏ သဒ္ဓါတရားနှင့် အလားတူစွာ သဒ္ဓါတရား ကြီးထွားပြန့်ပြောခြင်းသို့၎င်း, ဘုရားရှင်ဂုဏ်တို့ကို အဖန်တလဲလဲ အောက်မေ့သောအားဖြင့် ဘာဝနာတရား ဖြစ်ပွါးသောကြောင့် သတိတရား ကြီးထွား ပြန့်ပြောခြင်းသို့၎င်း, ထိုအောက်မေ့အပ်သော ဘုရားရှင်ဂုဏ်တော်တို့က အလွန်နက်နဲလှ အထူးထူး အပြားပြား များလှသောကြောင့် ပညာတရား ကြီးထွား ပြန့်ပြောခြင်းသို့၎င်း, ထိုအောက်မေ့အပ်သော ဘုရားရှင်ဂုဏ်တော်များကိုယ်နှိုက်က အလွန်ပြန့်ပြော ကြီးမြတ်သည့် ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းကြီးသဖွယ် ဖြစ်သောကြောင့် ကုသိုလ်တရား တိုးပွါး ပြန့်ပြောခြင်းသို့၎င်း ရောက်ရှိလေ၏။



၆၃၇

     ဗုဒ္ဓါနုဿတိ ဘာဝနာကိုယ်နှိုက်က ပီတိသမ္ဗောဇ္ဈင်၏ အကြောင်းဖြစ်သောကြောင့် နုသောပီတိ, ရင့်သောပီတိတို့ ပြောများသောသူ ဖြစ်လေ၏၊ ဘုရားဂုဏ်ကို အာရုံပြုသော သတိကိုယ်နှိုက်က ဘေးကြီးဘေးငယ် ကြောက်ခြင်းကြီးငယ် အသွယ်သွယ်ကို လွှမ်းမိုးနိုင်နင်းသော တန်ခိုးသတ္တိရှိသောကြောင့် ဘေးကြီးဘေးငယ် = ကြောက်ခြင်းကြီးငယ် အသွယ်သွယ်ကို သည်းခံ ပယ်ဖျောက်နိုင်သူ ဖြစ်လေ၏။ ဗုဒ္ဓါနုဿတိကိုယ်နှိုက်က ပိန်းကြာဖက်၌ ရေကိုကဲ့သို့ သာရီရိကဒုက္ခ = ကိုယ်၌ကျရောက်သော ဆင်းရဲဒုက္ခများကို ပယ်ရှားဆုတ်နစ်စေတတ်သောကြောင့် ဒုက္ခကို သည်းခံနိုင်စွမ်းသောသူ ဖြစ်လေ၏။ မြတ်စွာဘုရားရှင်နှင့် အတူတကွ နေထိုင်ရသည့် အမှတ်သညာကို ရရှိလေ၏၊ ဗုဒ္ဓါနုဿတိ ဘာဝနာကုသိုလ်တရား၏ ဖြစ်ပွါးကိန်းတည်ရာ ထိုယောဂီပုဂ္ဂိုလ်၏ ကိုယ်ခန္ဓာသည် စေတီတိုက်အိမ်ကြီးကဲ့သို့ ပူဇော်အထူးကို ခံယူခြင်းငှါ ထိုက်တန်လေ၏။ ထိုဗုဒ္ဓါနုဿတိ ဘာဝနာအလုပ်ကို အားထုတ်သူ၏ စိတ်သည် အမြဲတစေ ဗုဒ္ဓဘူမိခေါ်သော သမ္မာသမ္ဗောဓိဉာဏ်၌ ညွတ်၍နေလေ၏။

     ဗုဒ္ဓါနုဿတိ ဘာဝနာအလုပ်ကို အားထုတ် ပွါးများသောသူ၏ အဖို့ရာ ထိုဘာဝနာအစွမ်းဖြင့်ပင် အခါခပ်သိမ်း ဘုရားရှင်၏ ဂုဏ်တော်များက စိတ်၌ အပြန်ပြန်အလှန်လှန် ဖြစ်ပေါ်ထင်မြင်၍ နေရကား သီလပျက်စီးရန် လွန်ကျူးအပ်သည့် (လွန်ကျူးရမည့်) = ဝီတိက္ကမိတဗ္ဗဝတ္ထု အာရုံနှင့် ကြိုက်ကြုံ ပေါင်းဆုံမိစေကာမူ မြတ်စွာဘုရားကို မျက်ဝါးထင်ထင် ဖူးမြင်နေရသူ၏ သန္တာန်မှာကဲ့သို့ ဒုစရိုက်မှုမှ ရှက်ခြင်း, ထိတ်လန့်ခြင်း = ဟိရီ, ဩတ္တပ္ပတရားတို့ အဖန်ဖန်ဖြစ်ပွါးလေ၏၊ (ဝီတိက္ကမိတဗ္ဗဝတ္ထုကို မလွန်ကျူးမိတော့ချေ)၊ ဤဗုဒ္ဓါနုဿတိဘာဝနာကို အခြေခံတည်ရာပြု၍ ဝိပဿနာတရား ပွါးများအားထုတ်လျှင် မဂ်ဖိုလ်ကို အလွယ်နှင့် ရနိုင်၏၊ ပါရမီမပြည့်စုံ မလုံလောက်သေး၍ ယခုဘဝ မဂ်ဖိုလ်ကို မရလျှင်လည်း ကောင်းရာသုဂတိ ဘုံဘဝသို့ လားရောက်ရ၏။



၆၃၈

     ဤကား ဝိသုဒ္ဓိမဂ်ကျမ်းလာ ဗုဒ္ဓါနုဿတိဘာဝနာ၏ အကျိုးတည်း။ ထိုမှတပါး ဗုဒ္ဓါနုဿတိဘာဝနာ၏ အကျိုးများကို ပိဋကတ်တော်မြန်မာပြန် ထေရအပဒါန်ကျမ်း သုဘူတိထေရအပဒန်မှ အကျယ်ထုတ်ဆောင် မှတ်ယူကုန်ရာ၏။

ဘုရားဂုဏ်တော်ကိုးပါး ပြီး၏။

**********

တရားဂုဏ်တော်ခြောက်ပါး

သွာက္ခာတော ဘဂဝတာ ဓမ္မော, သန္ဒိဋ္ဌိကော, အကာလိကော, ဧဟိပဿိကော, ဩပနေယျိကော, ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။ ။(တရားဂုဏ်တော်ခြောက်ပါး ပါဠိ။)

ဘဂဝတော = ဣဿရိယ စသည်ခြောက်စုံ ဂုဏ်အသဒိသ ဝိသမကြောင့် တြိဘဝလုံး ညွတ်လှာရုံးရသော ရွှေဘုန်းတော်သခင် ဘုရားရှင်သည်။ အက္ခာတော = ဒေသနာဉာဏ် ဝေဘန်ပညတ် ဟောကြားတော်မူအပ်သော။ ဓမ္မော = သ-ပရိယတ် မဂ်,ဖိုလ်မြတ်နှင့် ဓာတ်အသင်္ခတာ = ဆယ်ဖြာသော တရားတော်မြတ်သည်။ သွာက္ခာတော = အာဒိကလျာဏ မဇ္ဈေကလျာဏ ပရိယောသာနကလျာဏ ကေဝလသမ္ပဒံ သံသုဒ္ဓဂိုဏ်း ကရိုဏ်းနိဂ္ဂဟိတ် ပိတ်, လွှတ်, လေး, ပေါ့, တင်း, လျော့, ရှည်, တို, ဖြတ်, စပ်ဟုဆိုအပ်သော မဂဓိုရ်သား ဘာသာအားဖြင့် = ဆယ်ပါးသော ဗျဉ္ဇနဗုဒ္ဓိနှင့်ညီစွာ သဒ္ဒါခြောက်ချက် အနက်ခြောက်နည်း မလည်းမလိပ် မပိတ်မကွယ် ဓိပ္ပါယ်တိမတ် ပရိယတ်ကို လှည့်ပတ်ကောင်းမွန်စွာ ဟောကြားတော်မူခြင်း (က)..၊ မဂ်၏ဌာန ဒွေအန္တကို ဆံမျှမကပ် မဇ္ဈိမပဋိပတ်ဖြင့် ပညတ်ဟောကြားတော်မူခြင်း..၊ ထွီဖွယ်ပုပ်သိုး လှောင်သည့်အိုးကို အားကြိုးသွန်ထုတ် မီးဖြင့်ဖုတ်သို့ သမုစ္ဆေမြတ် မဂ်ဖြင့်သတ်ပြီး ပဿဒ္ဓိပဟာန် ဖိုမီးလျှံဖြင့်



၆၃၉

တဖန်ပယ်သိမ်း ရနံ့မျှမရှိန်းစေရကား ငြိမ်းပြီးသော ကိလေသာ ရှိကြောင်းရာကို ကောင်းစွာပညတ်တော်မူခြင်း (ခ-ဂ)..၊ နိစ္စဓုဝ ဝူပသမုတ် အမတုတ္တရော ပုဒ်သဘောကို ဟုတ်သောအလျောက် ချီးမြှောက် ဟောကြားတော်မူခြင်း (ဃ)..။ ယင်းသို့- ကလျာဏတ္တယ သာတ္ထ, သဗျဉ္ဇနာ အစဖြာလျက် သု-အာချာပုဒ် သုဋ္ဌု+အက္ခာ အနက်လာနှင့်အညီ သွာက္ခာတတာဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..(၁)။

ဓမ္မော = မဂ်,ဖိုလ်,နိဗ္ဗာန် = ကိုးတန်ပရမတ် လောကုတ္တရာ တရားတော်မြတ်သည်။ သန္ဒိဋ္ဌိကော = ကိလေမှောင်ကို မဂ်ရောင်နေဝန်း ထွန်းခဲ့တိုင်းလျှင် ကိုယ်တိုင်ပင်တည့် သခင်ခိဏာ ရှင်ရိယာတို့ သဒ္ဓါလေးမြတ် ရှုမြင်အပ်သောကြောင့်၎င်း (I)..၊ ပသဋ္ဌနက် သံ-ကထွက်နည်း မဂ်ယှဉ်သောအား ဖိုလ်ကားဟိတ်ခံ မြတ်နိဗ္ဗာန်မူ အာရမ္မဏိက ဝိဇယရန်နှိပ် သမ္မာဒိဌ်ဖြင့် ခဲကြိတ်လှစွာ ငြိပွေလာသား ကိလေသာယုတ် ရန်အစုတ်ကို တမုဟုတ်ချင်း ခုတ်စဉ်းမြဲမြံ အောင်ပွဲတော်ခံသောကြောင့်၎င်း (II)..၊ သန္ဒိဋ္ဌိကဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..(၂ )။

ဓမ္မော = အရိယမဂ်လေးပါး မြတ်တရားသည်။ အကာလိကော = လက်ဖျစ်တတွက် လျှပ်တပြက်နှင့် မျက်တောင်တခတ် မတန့်ရပ်ပဲ ခဏတ္တယသမင်္ဂီ ညီမဂ်ပုဂ္ဂိုလ် ဆိုရုံဆိုပြီး ဖိုလ်ဖလဋ္ဌာန် ပစ္စယုပ္ပန်ကို အနန္တရသတ္တိ ပေးနိုင်စွမ်းရှိသောကြောင့် အကာလိကဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား.. (၃)။

ဓမ္မော = ရတနာမျိုးမြတ် ဖိုးမပြတ်နိုင်သည့် ကိုးရပ်သော လောကုတ္တရာ တရားတော်သည်။ ဧဟိပဿိကော = ဆီးနှင်း,မြူတိမ်, သူရိန်,မီးခိုး ရန်မျိုးနှင့်မကြိမ်ရသော နိမ္မလ-လက္ခဏာ စကြာလ-မင်း၏ တင့်တယ်ခြင်း



၆၄၀

အသရေကဲ့သို့၎င်း..၊ ဝေပုလ္လတောင်ဖြစ် မဏိစစ်ဇောတိရ မနောဟရပတ္တမြားကဲ့သို၎င်း.. “ထင်ရှားလှစွာ ရှိစပါ၏။ လာလှည့်ပါကြ, ရှုလှည့်ကြ”ဟု ပြအံ့သော အစီအရင်ကို ထိုက်ခြင်းရှိရကား ဧဟိပဿိကဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..(၄)။

ဓမ္မော = လောကုတ္တရာ မည်သာထင်ပေါ် တရားတော်သည်။ ဩပနေယျိကော = မဂ်လေးတန်ကား နိဗ္ဗာန်သာခေါင် ဘေးမဲ့သောင်သို့ ဖောင်တော်ယာဉ်တွင် ရိယာရှင်တို့ကို တင်ဆောင်ပို့ရန် ကူးတို့ခံ၏..၊ နိဗ္ဗာန်,ဖိုလ်ကား ထိုရှင်များကို ထင်ရှားလျင်ဆော မျက်မှောက်ပြုသောအားဖြင့် ဆောင်ပေသောကြောင့် ဩပနေယျိကဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..(၅)။

ဓမ္မော = သင်္ခါရ, သတ္တ, ဩကာသ-ဟု လောကတို့ထက် လွန်မြတ်၍ထွက်ပေသော မဂ်,ဖိုလ်,နိဗ္ဗာန် = ကိုးတန်ဝိမုတ် လောကုတ္တရာ မည်တော်သာသား အရိယာဖြစ်ပွါး မြတ်တရားသည်။ (ဝါ) မြတ်တရားကို။ ဝိညူဟိ = ဥဂ္ဃါဋိတညူ အစမူသော နတ်လူဗြဟ္မာ လေးသစ္စာကို ထင်စွာမြင်သိ ပညာရှိတို့သည်။ ပစ္စတ္တံ = ကိုယ်စီကိုယ်စီ ပါရမီရင်းနှီး ကြီးခဲ့သည့်လျောက် လက်ရောက်ထင်ရှား သိတရားကို အခြားသူထံ တရံတဆစ် ငှားရမ်း၍မဖြစ်ရကား စင်စစ် အသီးအသီး မိမိတို့စိတ်၌။ ဝေဒိတဗ္ဗော = ပတ္တမြားလက်တင် ပြက်ပြက်မြင်၏သို့ ထင်ထင်ရှားရှား တရားဆီနှစ် ရောက်အပ် သိအပ် ခံစားအပ်သည် ဖြစ်သောကြောင့် ပစ္စတ္တံဝေဒိတဗ္ဗဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..(၆)။ ။(တရားဂုဏ်တော်ခြောက်ပါး အနက်။)



၆၄၁

မကျဉ်းမကျယ် မှတ်သားရန်အဓိပ္ပါယ်

(၁) သွာက္ခာတဂုဏ်တော်

     တရားတော်သည် ပရိယတ်တရား, မဂ်လေးပါး, ဖိုလ်လေးပါး, နိဗ္ဗာန်အားဖြင့် ကိုးပါးသော လောကုတ္တရာတရား = ဤသို့ ဆယ်ပါးအပြားရှိ၏။ ထိုတရား ဆယ်မျိုးလုံးပင် ဤသွာက္ခာတဟူသော ပဌမဂုဏ်နှင့် ပြည့်စုံကြ၏။ ပြည့်စုံကြပုံမှာ-

     ပရိယတ်တရားသည် အစကောင်းခြင်း, အလယ်ကောင်းခြင်း, အဆုံးကောင်းခြင်း တည်းဟူသော ကောင်းခြင်းသုံးပါးနှင့် ပြည့်စုံသောကြောင့်၎င်း, အနက်, သဒ္ဒါတို့နှင့် ပြည့်စုံသောကြောင့်၎င်း, အသစ်ထည့်ရန်မလို အလုံးစုံ ပြည့်စုံလျက် နုတ်ပယ်ရန်မရှိ ပကတိအားဖြင့်ပင် ထက်ဝန်းကျင် စင်ကြယ်သောကြောင့်၎င်း, သုံးပါးသိက္ခာ သာသနာ တည်းဟူသော မြတ်သောအကျင့်, မဂ်တည်းဟူသော မြတ်သောအကျင့် ဤအကျင့်မြတ်နှစ်ပါးကို ထင်ရှားဖော်ပြတတ်သောကြောင့်၎င်း ကောင်းစွာ ဟောကြားအပ်သော တရားတော်ဖြစ်သောကြောင့် သွာက္ခာတတာဂုဏ်နှင့် ပြည့်စုံလှပေ၏။

     ထင်ရှားစေဦးအံ့- မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပရိယတ်တရားတော်သည် ထက်ဝန်းကျင် ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသောကြောင့် တဂါထာမျှသော ပရိယတ်တရားတော်ပင် ဖြစ်လင့်ကစား ထိုတရားဒေသနာသည် ပဌမပိုဒ်ဖြင့် အစ၌ကောင်းခြင်း = အာဒိကလျာဏဂုဏ်, ဒုတိယ တတိယပိုဒ်တို့ဖြင့် အလယ်၌ကောင်းခြင်း = မဇ္ဈေကလျာဏဂုဏ်, နောက်ဆုံး စတုတ္ထပိုဒ်ဖြင့် အဆုံး၌ကောင်းခြင်း = ပရိယောသာနကလျာဏဂုဏ်တို့နှင့် ပြည့်စုံသည်သာဖြစ်၏။ ။အနုသန္ဓေစကားတရပ် အဆက်အစပ်ရှိသော သုတ္တန်တခုမှာ နိဒါန်း = စကားဦး တရားခင်း တရားပျိုးဖြင့် အစ၌ကောင်းခြင်းဂုဏ်, နိဂုံးဖြင့် အဆုံး၌ ကောင်းခြင်းဂုဏ်, ကျန်သော စကားရပ်စုဖြင့် အလယ်၌ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသည်သာဖြစ်၏။ ။အနုသန္ဓေစကား အဆက်အစပ်များသော သုတ္တန်တခုမှာ ပဌမ အနုသန္ဓေစကားရပ်ဖြင့် အစ၌ကောင်းခြင်းဂုဏ်, နောက်ဆုံး အနုသန္ဓေစကားရပ်ဖြင့်



၆၄၂

အဆုံး၌ကောင်းခြင်းဂုဏ်, ကျန်သော အနုသန္ဓေစကားရပ်တို့ဖြင့် အလယ်၌ ကောင်းခြင်းဂုဏ်တို့နှင့် ပြည့်စုံသည်သာဖြစ်၏။ (ဤကား သုတ္တန်ပိဋက တရားတော်အတွက်တည်း)။

     တနည်း- သုတ္တန်ဝိနယ ပိဋကနှစ်ပုံမှာလာရှိသော ပရိယတ်တရားတော် အားလုံးပင် သာဝတ္ထိ, ရာဇဂြိုဟ် ထိုထိုနိဒါန်းတို့နှင့် ပြည့်စုံသည် (=တရားဟောရာဌာနကို နိဒါန်းဟုခေါ်သည်)၊ ထိုထိုသို့သော အကြောင်းအဋ္ဌုပ္ပတ်ရှိ၍ ဟောကြားအပ်သော တရားတော်များ ဖြစ်လေသည်၊ သို့ရကား နိဒါန်း, အဋ္ဌုပ္ပတ်တို့နှင့် ပြည့်စုံသောကြောင့် အစ၌ ကောင်းခြင်းဂုဏ်နှင့်လည်း ပြည့်စုံသည်။ ဝေနေယျတို့၏ အလိုအဇ္ဈာသယနှင့် လိုက်လျောသောကြောင့်၎င်း, ဟောကြားအပ်သော အနက်အဓိပ္ပါယ်တို့ ဟောတိုင်းဧကန် မဖောက်မပြန် မှန်ကန်သောကြောင့် ၎င်း, အကြောင်း, ဥပမာတို့နှင့် ပြည့်စုံသောကြောင့်၎င်း အလယ်၌ကောင်းခြင်းဂုဏ်နှင့်လည်း ပြည့်စုံသည်။ ကြားနာသူ ဝေနေယျတို့အဖို့ရာ သဒ္ဓါတရားကို ရရှိခြင်း, စကားတရပ်တရပ်၏ အဆုံးသတ် နိဂုံးနှင့် ပြည့်စုံခြင်းများကြောင့် အဆုံး၌ကောင်းခြင်းဂုဏ်နှင့်လည်း ပြည့်စုံသည်။

     ပိဋကသုံးပုံ အလုံးစုံသော ပရိယတ္တိဓမ္မသည် အချုပ်အားဖြင့် သီလ, သမာဓိ, ဝိပဿနာပညာ, မဂ်, ဖိုလ်, နိဗ္ဗာန်တရားတို့ကို ထင်ရှားဖော်ပြ၏။ ဘုရားစစ် ဘုရားမှန်, တရားစစ် တရားမှန်, သံဃာစစ် သံဃာမှန်တို့ကို ဝေဘန်ဖော်ပြ၏။ သမ္မာသမ္ဗောဓိဉာဏ်, ပစ္စေကဗောဓိဉာဏ်, သာဝကဗောဓိဉာဏ် = ဤဗောဓိဉာဏ်သုံးပါးသို့ ဆိုက်ရောက်ကြောင်း ကောင်းမြတ်သော ပဋိပတ်မှန်ကိုလည်း ထင်ရှားဖော်ပြ၏။ သို့ရကား ပိဋကသုံးပုံ အလုံးစုံသော ပရိယတ္တိတရားတော်သည် မိမိ၏ အနက်ဖြစ်သော သီလဖြင့် အစ၌ကောင်းခြင်းဂုဏ်, သမာဓိ ဝိပဿနာပညာ မဂ်ဖိုလ်တို့ဖြင့် အလယ်၌ကောင်းခြင်းဂုဏ်, နိဗ္ဗာန်ဖြင့် အဆုံး၌ကောင်းခြင်းဂုဏ်တို့နှင့်လည်း ပြည့်စုံသည်သာဖြစ်၏။ တနည်း- သီလ သမာဓိဖြင့် အစ၌ကောင်းခြင်းဂုဏ်, ဝိပဿနာပညာ မဂ်တို့ဖြင့် အလယ်၌ ကောင်းခြင်းဂုဏ်, ဖိုလ် နိဗ္ဗာန်တို့ဖြင့် အဆုံး၌



၆၄၃

ကောင်းခြင်းဂုဏ်တို့နှင့်လည်း ပြည့်စုံသည်သာဖြစ်၏။ တနည်း- ဘုရားစစ် ဘုရားမှန်ကို ဖော်ပြခြင်းဖြင့် အစ၌ ကောင်းခြင်းဂုဏ်, တရားစစ် တရားမှန်ကို ဖော်ပြခြင်းဖြင့် အလယ်၌ ကောင်းခြင်းဂုဏ်, သံဃာစစ် သံဃာမှန်ကို ဖော်ပြခြင်းဖြင့် အဆုံး၌ ကောင်းခြင်းဂုဏ်တို့နှင့်လည်း ပြည့်စုံသည်သာဖြစ်၏။ ပရိယတ်တရားတော်ကို ကြားနာ၍ ထိုပရိယတ်တရားတော်၌ ဟောပြအပ်သည့်အတိုင်း လိုက်နာကျင့်ကြံလျှင် ဗောဓိဉာဏ်သုံးပါးကို အကျင့်အလိုက် ရောက်ဆိုက်နိုင်သောကြောင့် ယင်းသို့ ရောက်ဆိုက်အပ်သော သမ္မာသမ္ဗောဓိဉာဏ်ဖြင့် အစ၌ကောင်းခြင်းဂုဏ်, ပစ္စေကဗောဓိဉာဏ်ဖြင့် အလယ်၌ ကောင်းခြင်းဂုဏ်, သာဝကဗောဓိဉာဏ်ဖြင့် အဆုံး၌ ကောင်းခြင်းဂုဏ်တို့နှင့်လည်း ပြည့်စုံသည်သာဖြစ်၏။

     ဤပရိယတ်တရားတော်၌ လုပ်ငန်းစဉ် နှစ်ဆင့်ရှိသည်၊ (၁) သက်ဝင်ယုံကြည်စွာ ကြည့်ရှုကြားနာခြင်း၊ (၂) ကြည့်ရှုရုံ ကြားနာရုံမျှဖြင့် ကိစ္စမပြီးသေး၊ ကြည့်ရှု ကြားနာပြီးလျှင် ထိုတရားတော်၌ လာသောအတိုင်း ကျင့်ကြံခြင်း = ဤသို့ လုပ်ငန်းစဉ် နှစ်ရပ်ရှိသည်။ ယင်းလုပ်ငန်းစဉ် နှစ်ရပ်ကို အစဉ်အတိုင်း လိုက်နာကျင့်သုံး၍ ပဋိပတ်အကျိုး ပြီးမြောက်လျှင် အရဟတ္တဖိုလ်သို့ ရောက်ရှိလေသည်။ သို့ရကား ဤပရိယတ် တရားတော်ကို အရဟတ္တဖိုလ်သို့ စိတ်ကဦးတည်၍ ကြားနာလျှင် (=သုတမယဉာဏ်ကို အဖန်ဖန်ဖြစ်စေလျှင်) နီဝရဏတရားတို့ကို ခွါနိုင်သောကြောင့် ယင်းသို့ ကြားနာခြင်း (=သုတမယဉာဏ်)ဖြင့် အစ၌ ကောင်း ခြင်းဂုဏ်နှင့်လည်း ပြည့်စုံ၏။ သုတမယဉာဏ်ဖြင့် အဖန်ဖန် ကြားနာပြီးနောက် လိုက်နာကျင့်ကြံလျှင်လည်း သမထချမ်းသာ = သမာဓိနှင့်ယှဉ်သောချမ်းသာ, ဝိပဿနာချမ်းသာ = ဝိပဿနာ ဉာဏ်ပညာနှင့်ယှဉ်သော ချမ်းသာတို့ကို ရွက်ဆောင်နိုင်သောကြောင့် လိုက်နာကျင့်ကြံခြင်းဖြင့် အလယ်၌ ကောင်းခြင်းဂုဏ်နှင့်လည်း ပြည့်စုံ၏။ ထိုသို့ ကျင့်ကြံသည်ဖြစ်၍ ပဋိပတ်၏အကျိုး ပြီးမြောက်လျှင် အရဟတ္တဖိုလ်ကို ရွက်ဆောင်နိုင်သောကြောင့် ပဋိပတ်၏အကျိုး (=အရဟတ္တဖိုလ်)ဖြင့် အဆုံး၌ ကောင်းခြင်းဂုဏ်နှင့်လည်း



၆၄၄

ပြည့်စုံ၏။ ဤသို့လျှင် အစ, အလယ်, အဆုံး = သုံးပါးအစုံ ကောင်းခြင်းဂုဏ်တို့ဖြင့် ပြည့်စုံထင်ရှား ဟောကြားအပ်သောကြောင့် ပရိယတ်တရားတော်သည် သွာက္ခာတတာဂုဏ်ထူးဖြင့် ချီးကျူးအပ်သော တရားတော်ဖြစ်လေသည်။

     မြတ်စွာဘုရားဟောကြားတော်မူအပ်သော ပရိယတ်တရားတော်သည် သာသနဗြဟ္မစရိယ, မဂ္ဂဗြဟ္မစရိယ- တည်းဟူသော အကျင့်မြတ်နှစ်ပါးကို ထင်ရှား ဖော်ပြလေသည်။ (ထိုဗြဟ္မစရိယ နှစ်ပါးတို့တွင် သာမညအားဖြင့် သိက္ခာသုံးပါး, အလုံးစုံသော တန္တိဓမ္မတရားအစုကို သာသနဗြဟ္မစရိယဟု ခေါ်၍ ခပ်သိမ်းသော သိက္ခာတို့၏ အကြည်အနှစ်သဖွယ်ဖြစ်သော သိက္ခာသုံးပါးတို့ဖြင့် သင်္ဂြိုဟ်ရေတွက်အပ်သော အရိယမဂ်တရားကို မဂ္ဂဗြဟ္မစရိယဟု ခေါ်၏)။ ယင်းသို့ အကျင့်မြတ်နှစ်ပါး ဗြဟ္မစရိယတရားတို့ကို ထင်ရှားထုတ်ဖော် ဟောပြတော်မူရာ၌လည်း အလွန် ကောင်းမြတ်လှသည့် အနက်သဘာဝနှင့် ပြည့်စုံသော ဗြဟ္မစရိယကို ထင်ရှားထုတ်ဖော် ဟောပြတော်မူ၏။ ထင်ရှားစေဦးအံ့- အကြင် ဆရာပြုလုပ်သူသည် ယာဂု, ထမင်း-စသည် မိန်းမ, ယောက်ျား- စသည်တို့၏ အကြောင်းအရာ အကျယ်နှင့်စပ်သော စကားမျိုးကိုသာ အသားကြီးပြုလုပ်ကာ တရားသဘောပြုလုပ်ကာ ဟောပြ၏၊ ထိုသူဟောပြအပ်သော တရားသားကိုယ်နှိုက်က သံသရာဝဋ်မှ ကျွတ်လွတ်ခြင်း တည်းဟူသောအကျိုး လုံးဝမပါရှိသောကြောင့် ထိုသူ၏ ဟောပြချက်သည် အနက်နှင့် ပြည့်စုံသည်မမည်။ မြတ်စွာဘုရားသည်ကား ထိုသို့သော ဟောပြချက်များကို လုံးဝပယ်ရှား၍ သတိပဋ္ဌာန်လေးပါး, သမ္မပ္ပဓာန်လေးပါး- စသည်တို့၏ အကြောင်းအရာ အကျယ်နှင့်စပ်သော တရားသား အပြည့်အဝပါရှိသည့် စကားမျိုးကိုသာ ဟောပြတော်မူ၏။ ထိုသို့ ဟောပြတော်မူသဖြင့် မြတ်စွာဘုရား၏ တရားဒေသနာသည် သံသရာဝဋ်မှ ကျွတ်လွတ်ခြင်း = နိဿရဏအကျိုးကို ဖြိုးဖြိုးကုံလုံ ပြီးပြည့်စုံစေနိုင်၏။ သို့ရကား မြတ်စွာဘုရားသည် အလွန် ကောင်းမြတ်လှသည့် သဘာဝအနက်နှင့် ပြည့်စုံသော



၆၄၅

ဗြဟ္မစရိယ = အကျင့်မြတ်ကို ဖော်ပြလျက်သာ တရားတော်ကို ဟောတော်မူလေသည်။

     ဤတွင်မျှမကသေး- မြတ်စွာဘုရားသည် သဒ္ဒါပုဒ်ဗျည်းနှင့် ပြည့်စုံသော ဗြဟ္မစရိယ = အကျင့်မြတ်ကို ထင်ရှားထုတ်ဖော် ဟောပြတော်မူ၏၊ ထင်ရှားစေဦးအံ့- သဒ္ဒါပုဒ်ဗျည်းနှင့်စပ်၍ ဗျဉ္ဇနဗုဒ္ဓိဆယ်ပါးဟူ၍ ခေါ်သည့် အရေးကြီးသော အချက်ကြီး ဆယ်ရပ်တို့ သိမှတ်ဖွယ်ရာ ရှိလေသည်။ ၎င်းတို့မှာ-

၁-(လျော့, ပြင်း, ရှည်, တို၊ လေး, ပေါ့, ကို၊ ပိတ်သို လွှတ်, စပ်, ဖြတ်၊ ၊ဟူသော ဆောင်ပုဒ်လင်္ကာအရ) လျော့လျော့အသံထား၍ ရွတ်ဆိုရသော = သိထိလအက္ခရာ (က-အက္ခရာ, စ-အက္ခရာ, ဋ-အက္ခရာ စသည်တို့ကို ဆိုလိုသည်),

၂-အသံပြင်းပြင်းထား၍ ရွတ်ဆိုရသော = ဓနိတအက္ခရာ (ခ-အက္ခရာ, ဃ-အက္ခရာ- စသည်တို့ကို ဆိုလိုသည်၊ ၊ဝဂ်ဒုတိယ၊ စတုတ္ထ၊ ခေါ်ရ ဓနိတာ၊ ၊အကြွင်းသေသ၊ ဗျဉ္ဇန၊ နာမသိထိလာ = ဝဂ်ဒုတိယအက္ခရာ, စတုတ္ထ-အက္ခရာတို့ကို ဓနိတအက္ခရာဟု ခေါ်သည်။ ကျန်သော ဗျည်းအက္ခရာတို့ကို သိထိလအက္ခရာဟု ခေါ်သည်),

၃-ရှည်သောအသံဖြင့် ရွတ်ဆိုရသော ဒီဃအက္ခရာ (ကာ, ကီ, ကူ ကေ, ကော-စသည်တို့ကို ဆိုလိုသည်),

၄-တိုသောအသံဖြင့် ရွတ်ဆိုရသော ရဿအက္ခရာ (က, ကိ, ကု-စသည်တို့ကို ဆိုလိုသည်),

၅-လေးလေးတွဲ့တွဲ့ ရွတ်ဆိုရသော ဂရုအက္ခရာ (ဒီဃအက္ခရာများနှင့် နောက်က အက္ခရာနှစ်လုံးဆင့် = သံယုဂ်ရှိသော ရှေ့ကအက္ခရာ = သန္တ-စသည်၌ ရှေ့ဖြစ်သော သန်ဟုရွတ်ရသော အက္ခရာတို့ကို ဆိုလိုသည်),

၆-ပေါ့ပေါ့ရွတ်ဆိုရသော လဟုအက္ခရာ (ရှေးဖော်ပြရာပါ ရဿအက္ခရာတို့ကို ဆိုလိုသည်),

၆၄၆

၇-ကရိုဏ်းကိုနှိပ် ခံတွင်းကိုပိတ်၍ ရွတ်ဆိုရသော နိဂ္ဂဟိတ်အက္ခရာ,

၈-ဆိုင်ရာဌာန်တို့ကို လွှတ်၍ဖွင့်၍ ရွတ်ဆိုရသော ဝိမုတ္တအက္ခရာ (ကာ-အက္ခရာ စသည်တို့ကို ဆိုလိုသည်),

၉-စပ်၍ ရွတ်ဆိုအပ်သော သမ္ဗန္ဓအက္ခရာ (ဥပသမ္ပဒါ+ပေက္ခော၌ “ဒါ”နှင့် “ပေက်”တို့၏ အကြား၌ မရပ်ရ မဖြတ်ရ၊ စပ်၍ဆက်၍သာ ရွတ်ဆိုရသည်၊ ဤအရာမျိုးကို ဆိုလိုသည်),

၁၀-ဖြတ်၍ရွတ်ဆိုရသော ဝဝတ္ထိတအက္ခရာ (သုဏာတု မေ-၌ “သုဏာတု”နှင့် “မေ”တို့ကို ဆက်၍စပ်၍ မရွတ်ရ။ ဖြတ်၍သာလျှင် ရွတ်ရသည်၊ ဤအရာမျိုးကို ဆိုလိုသည်)။

     ဤဆယ်မျိုးတို့ကို ဗျဉ္ဇနဗုဒ္ဓိဆယ်မျိုးဟူ၍ ခေါ်သည် (စိတ်ကြောင့်ဖြစ်သော အသံအက္ခရာသဒ္ဒါတို့ကို အနက်ကိုပြတတ်သောကြောင့် ဗျဉ္ဇနဟူ၍ ခေါ်၏၊ ထိုဗျဉ္ဇနကို တိုးပွါးဖြစ်ထွန်းစေတတ်သောကြောင့် အက္ခရုပ္ပါဒကစိတ္တုပ္ပါဒ် = အက္ခရာတို့ကို ဖြစ်စေတတ်သည့် စိတ်စေတသိက်များ = အက္ခရာဖြစ်ကြောင်း စိတ်စေတသိက်များကို ဗျဉ္ဇနဗုဒ္ဓိဟူ၍ ခေါ်၏။ ထိုဗျဉ္ဇနဗုဒ္ဓိကား ဆိုအပ်ပြီးသည့်အတိုင်း ဆယ်မျိုးတို့ အပြားရှိကုန်၏။ ဤ၌ အကြောင်းဖြစ်သော အက္ခရုပ္ပါဒကစိတ္တုပ္ပါဒ် = အက္ခရာဖြစ်ကြောင်း စိတ်စေတသိက်များ၏ ဗျဉ္ဇနဗုဒ္ဓိဟူသော အမည်ကို အကျိုးဖြစ်သည့် အက္ခရာပေါ်၌ တင်စား၍ ထိုအကျိုးဖြစ်သည့် အက္ခရာကိုလည်း ကာရဏူပစာအားဖြင့် ဗျဉ္ဇနဗုဒ္ဓိဟူ၍ ခေါ်ဆိုအပ်လေသည်)။

     အကြင်ပုဂ္ဂိုလ်၏ ဟောပြချက်သည် ဖော်ပြရာ ဗျဉ္ဇနဗုဒ္ဓိဆယ်မျိုးတို့ အပြည့်အစုံမပါရှိပဲ ဒမိဠှဘာသာကဲ့သို့ တမျိုးနှစ်မျိုးလောက်သာ ပါရှိ၏။ သို့မဟုတ် ကိရာတခေါ်သော ဘာသာကဲ့သို့ ကရိုဏ်းကို ဖွင့်လှစ်၍ ထားရသောကြောင့် အထက်အောက် နှုတ်ခမ်းတို့ကို မထိစေပဲ ရွတ်ဆိုရသဖြင့် နှုတ်ခမ်းသံ လုံးဝကင်းမဲ့သော ဟောပြချက်မျိုးဖြစ်၏။ သို့မဟုတ် ယဝနဘာသာ



၆၄၇

(=ယွန်းဘာသာ)ကဲ့သို့ အက္ခရာတိုင်းမှာပင် (း) ဝိဿဇ္ဇနီသံ ပါရှိနေရကား လုံးဝ ဗျဉ္ဇနဗုဒ္ဓိမှ ကင်းလွတ်နေသော ဟောပြချက်မျိုးဖြစ်၏။ သို့မဟုတ် ပါဒသိကဘာသာ (ပါရသိကဘာသာ) အစရှိသော မိလက္ခုဘာသာစကားကဲ့သို့ အက္ခရာတိုင်းမှာပင် အပြောက် = ဗိန္ဒု = နိဂ္ဂဟိတ် (°) ပါရှိနေသောကြောင့် အလုံးစုံ နိဂ္ဂဟီတဗျဉ္ဇနဗုဒ္ဓိသာရှိသော ဟောပြချက်မျိုးဖြစ်၏။ ထိုပုဂ္ဂိုလ်၏ ဟောပြချက်သည် ဗျဉ္ဇနဗုဒ္ဓိနှင့် မပြည့်စုံသောကြောင့် သဒ္ဒါပုဒ်ဗျည်းနှင့် မပြည့်စုံသော ဟောပြချက်သာ ဖြစ်၏။

     မြတ်စွာဘုရားသည်ကား ရှေးဖော်ပြရာပါ လျော့, ပြင်း, ရှည်, တို, လေး, ပေါ့, ပိတ်, လွှတ်, စပ်, ဖြတ်-ဟူသော ဗျဉ္ဇနဗုဒ္ဓိဆယ်ပါးကို အပြည့်အစုံ ပါရှိစေလျက် တရားဒေသနာကို ဟောကြားတော်မူလေသည်၊ သို့ရကား မြတ်စွာဘုရား ဟောကြားညွှန်ပြအပ်သော ဗြဟ္မစရိယ = အကျင့်မြတ်သည် သဒ္ဒါပုဒ်ဗျည်းနှင့်လည်း ပြည့်စုံသော အကျင့်မြတ်သာ ဖြစ်၏။ (ဝိသုဒ္ဓိမဂ်အဋ္ဌကထာ, ၎င်းမဟာဋီကာ အစရှိသော အဋ္ဌကထာ, ဋီကာတို့၌ နေတ္တိနည်း စသည်တို့ဖြင့်လည်း အနက်, သဒ္ဒါနှင့် ပြည့်စုံပုံကို အကျယ်ဖော်ပြ ဖွင့်ဆိုတော်မူကြကုန်၏၊ ကျယ်အံ့စိုး၍ ဤ၌ မဖော်ပြတော့ပြီ)။

     ဤတွင်မျှမကသေး- မြတ်စွာဘုရား ဟောပြတော်မူအပ်သော အကျင့်မြတ် တရားတော်သည် သီလ, သမာဓိ, ပညာ, ဝိမုတ္တိ, ဝိမုတ္တိဉာဏဒဿန တည်းဟူသော (အကျင့်မြတ်တို့၌ ရှိသင့်ရှိရမည့်) ဂုဏ်ကျေးဇူးငါးပါးတို့နှင့် ပြည့်စုံကုံလုံရကား အသစ်ထပ်လှောက်၍ ဖြည့်စွက်ရန် အခြားဖြူစင်သော အနက်သဘော တရားတပါးဟူ၍ မရှိတော့သောကြောင့် အလုံးစုံ ထက်ဝန်းကျင် ပြည့်စုံပြီးဖြစ်ခြင်း တည်းဟူသော ကေဝလပရိပုဏ္ဏဂုဏ်နှင့်လည်း ပြည့်စုံ၏။

     ဤတွင်မျှမကသေး- မြတ်စွာဘုရား ဟောပြတော်မူအပ်သော အကျင့်မြတ် တရားတော်သည် ဒိဋ္ဌိ, မာန- အစရှိသော ညစ်ညူးကြောင်း = ဥပက္ကိလေသ- အကုသိုလ်တရားတို့



၆၄၈

လုံးဝမရှိသောကြောင့်၎င်း, သံသရာဝဋ်မှ ကျွတ်လွတ်ထွက် မြောက်ရန် ဧကန်စင်စစ် ဖြစ်သောကြောင့်၎င်း, လောကာမိသ = လာဘ်ပူဇော်သက္ကာရ- စသည်တို့ကို လုံးဝ မြော်ခေါ်ငဲ့ကွက်မှု မရှိသောကြောင့်၎င်း (ဤတရားကား အပြစ်ရှိသော တရားဖြစ်သည်ဟု ပြောဆိုကာ) နုတ်ပယ်ရန် လုံးဝမရှိ ပကတိအားဖြင့်ပင် ထက်ဝန်းကျင် စင်ကြယ်မှု တည်းဟူသော ပရိသုဒ္ဓဂုဏ်နှင့်လည်း ပြည့်စုံ၏။

     ဤသို့လျှင် အနက်နှင့်လည်း ပြည့်စုံ, သဒ္ဒါနှင့်လည်း ပြည့်စုံ, ကျေးဇူးဂုဏ် ငါးပါးတို့နှင့်လည်း အလုံးစုံ ထက်ဝန်းကျင် ပြည့်စုံလျက် ပကတိအားဖြင့်ပင် ထက်ဝန်းကျင် စင်ကြယ်သော အကျင့်မြတ် = ဗြဟ္မစရိယ နှစ်ပါးတို့ကို ထင်ရှားဖော်ပြတတ်သောကြောင့် မြတ်စွာဘုရား၏ ပရိယတ်တရားတော်သည် ကောင်းစွာ ဟောကြားအပ်မှု တည်းဟူသော သွာက္ခာတတာ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံပါပေ၏။

     တနည်းကား- မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပရိယတ်တရားတော်သည် ဟောကြားအပ်သည့် အနက်အဓိပ္ပါယ်မှ ဖောက်ပြန်ယွင်းချွတ်ခြင်း အလျှင်းမရှိသောကြောင့် ကောင်းစွာ ဟောကြားအပ်သော တရားတော်ဖြစ်ရကား သွာက္ခာတတာ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံပေ၏။ ထင်ရှားစေဦးအံ့- သာသနာ ပြင်ပ ဗာဟီရအယူရှိသူတို့၏ ဟောပြအပ်သော တရားများမှာ အန္တရာယ်ကို ပြုတတ်သော တရားများ = အန္တရာယိကဓမ္မများဟူ၍ ဟောပြအပ်သော တရားတို့ကလည်း ချင်းတို့ဟောပြသည့်အတိုင်း အန္တရာယ်ကို ပြုနိုင်မှု မရှိသောကြောင့်၎င်း, သံသရာဝဋ်မှ ထွက်မြောက်စေတတ်သော တရားများ = နိယျာနိကဓမ္မများဟူ၍ ဟောပြအပ်သော တရားတို့ကလည်း ချင်းတို့ဟောပြသည့်အတိုင်း သံသရာဝဋ်မှ ထွက်မြောက်မှုကို မပြုနိုင်သောကြောင့်၎င်း ထိုသူတို့တရားများ၏ အနက်သဘော အဓိပ္ပါယ်သည် ဖောက်ပြန်မှားယွင်းခြင်းသို့ ရောက်ရှိလေသည်၊ သို့ရကား ထိုသူတို့ ဟောကြားအပ်သော တရားသည် ကောင်းမွန်မှန်ကန်စွာ ဟောပြအပ်မှု တည်းဟူသော သွာက္ခာတတာဂုဏ်နှင့် လုံးဝမပြည့်စုံတော့ပဲ



၆၄၉

မကောင်းသဖြင့် မဟုတ်မမှန်သဖြင့် ဟောပြအပ်မှု တည်းဟူသော ဒုရက္ခာတ- အပြစ်သင့်သော တရားသာလျှင် ဖြစ်လေ၏။

     မြတ်စွာဘုရား ဟောပြအပ်သော ပရိယတ်တရားတော်မှာကား ထိုကဲ့သို့ မဟုတ်ချေ။ “ဤတရားတို့ကား နတ်ရွာ, နိဗ္ဗာန်, ဈာန်, မဂ်, ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သော တရားများ = အန္တရာယိကဓမ္မများ ဖြစ်ကြသည်”ဟု ဟောပြအပ်သော တရားတို့ကလည်း တကယ်ပင် မြတ်စွာဘုရား ဟောပြအပ်သည့်အတိုင်း နတ်ရွာ, နိဗ္ဗာန်, ဈာန်, မဂ်, ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သောကြောင့်၎င်း, “ဤတရားတို့ကား သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်စေတတ်သော တရားများ = နိယျာနိကဓမ္မများ ဖြစ်ကြသည်”ဟု ဟောပြအပ်သော တရားတို့ကလည်း တကယ်ပင် မြတ်စွာဘုရား ဟောပြအပ်သည့်အတိုင်း သံသရာမှ ကျွတ်လွတ် ထွက်မြောက်မှုကို ပြုတတ်သောကြောင့်၎င်း တရားတော်၏ အနက်သဘော အဓိပ္ပါယ်သည် ဘယ်သောအခါမှ ဖောက်ပြန်မှားယွင်းခြင်းသို့ မရောက်ရှိတော့ချေ၊ သို့ရကား မြတ်စွာဘုရား ဟောကြားအပ်သော ပရိယတ်တရားတော်သည် ကောင်းမွန်မှန်ကန်စွာ ဟောကြားအပ်မှု တည်းဟူသော သွာက္ခာတတာဂုဏ်နှင့် ပြည့်စုံလေ၏။

     ဆိုအပ်ပြီးသည့် ပရိယတ်တရားတော်၏ သွာက္ခာတတာ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံပုံကို ပြအပ်သော နည်းနှစ်ပါးတို့ကို မြတ်စွာဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော် လေးပါးတို့နှင့်စပ်၍ မှတ်ယူမှသာ နှစ်နှစ်ကာကာ သဘောကျ နားလည်နိုင်သည်။ အဋ္ဌကထာ ဋီကာ ဆရာမြတ်တို့ကလည်း ထိုဝေသာရဇ္ဇဉာဏ်တော် လေးပါးနှင့်စပ်၍ ပရိယတ်တရားတော်၏ သွာက္ခာတတာဂုဏ်နှင့် ပြည့်စုံပုံကို ဖွင့်ပြတော်မူကြသည်၊ ထို့ကြောင့် ဤဆိုလတ္တံ့သော အချုပ်အဓိပ္ပါယ်ကိုလည်း မှတ်ယူရာ၏၊ မှတ်ယူရန်မှာ-

ဝေသာရဇ္ဇဉာဏ်တော် လေးပါး

     (၁) မြတ်စွာဘုရားရှင်သည် “ငါကား သဗ္ဗညုတဉာဏ်ရှင် သမ္မာသမ္ဗုဒ္ဓဘုရား ဖြစ်သည်”ဟု ရဲရဲတောက် ဝန်ခံတော်မူသည့်အတိုင်း



၆၅၀

တကယ်ပင် သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံတော်မူ၏။ (၂) “ငါကား ကိလေသာအားလုံး ကုန်ခန်းပြီးသူ = အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်ကို ရပြီးသူဖြစ်သည်”ဟု ရဲရဲတောက် ဝန်ခံတော်မူသည့်အတိုင်း တကယ်ပင် အရဟတ္တမဂ်ဉာဏ် အရဟတ္တဖိုလ်ဉာဏ်နှင့် ပြည့်စုံတော်မူပြီး ဖြစ်၏။ (၃) သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူသောကြောင့်ပင် “ဤတရားတို့ကား နတ်ရွာ, နိဗ္ဗာန်, ဈာန်, မဂ်, ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သော တရားများဖြစ်သည်”ဟု အန္တရာယိကဓမ္မတို့ကိုလည်း ရဲရဲတောက် ဟောပြတော်မူခဲ့၏။ ထိုသို့ ဟောပြတော်မူသည့်အတိုင်း ထိုအန္တရာယိကဓမ္မတို့သည်လည်း တကယ်ပင် နတ်ရွာ, နိဗ္ဗာန်, ဈာန်, မဂ်, ဖိုလ်တို့၏ အန္တရာယ်ကို ပြုတတ်ကုန်၏။ (၄) သဗ္ဗညုတဉာဏ်ရှင် ဖြစ်တော်မူသောကြောင့်ပင် “ဤတရားတို့ကား သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်စေတတ်သော တရားများဖြစ်သည်”ဟု နိယျာနိကဓမ္မတို့ကိုလည်း ရဲရဲတောက် ဟောပြတော်မူခဲ့၏၊ ထိုသို့ ဟောပြတော်မူသည့်အတိုင်း ထိုနိယျာနိကဓမ္မတို့သည်လည်း တကယ်ပင် သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်စေနိုင်ကုန်၏။

     ၁-သို့ရကား မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်၏ အဖို့ရာ “သင်သည် သဗ္ဗညုတဉာဏ်ရှင်ဟု ဝန်ခံသော်လည်း = အလုံးစုံသော တရားတို့ကို သိသော ဘုရားရှင်ဟု ဝန်ခံသော်လည်း ဤမည်သော တရားတို့ကိုကား သင် မသိအပ်ကုန်”ဟု ဟုတ်မှန်သော အကြောင်းဖြင့် အပြစ်တင်ပြနိုင်မည့် စောဒကပုဂ္ဂိုလ်ဟူ၍ တဦးတယောက်မျှ မရှိသည်ကို၎င်း, အပြစ်တင်ပြနိုင်ကြောင်း ကိုယ်တော်မြတ် မသိအပ်သည့် တရားဟူ၍ လုံးဝမရှိသည်ကို၎င်း သိမြင်တော်မူသည့်အတွက် (တနည်း) “ငါကား ဘုရားစင်စစ် တကယ်ပင်ဖြစ်ကာ ‘ငါသည် ဘုရားဖြစ်၏’ဟု အမှန်အတိုင်း ပြောဆိုဝန်ခံခဲ့သည်”ဟု ဆင်ခြင်တော်မူသည့်အတွက် မြတ်စွာဘုရားရှင် သန္တာန်၌ အလွန်အားကြီးသော ဝမ်းမြောက်မှု = သောမနဿဝေဒနာနှင့် တွဲယှဉ်လျက် ပစ္စဝေက္ခာဉာဏ်တော် ဖြစ်ပေါ်လေသည်။ (ဤဉာဏ်တော်ကား ဉာဏသမ္ပဒါကို မှီ၍ဖြစ်သည့်



၆၅၁

မရွံ့မကြောက် ရဲရဲတောက် ဉာဏ်တော်တပါးဖြစ်သည်)။

     ၂-ထို့အတူပင် “သင်သည် ကိလေသာကုန်ခန်း ရဟန္တာဖြစ်သည်ဟု ဝန်ခံသော်လည်း ဤမည်သော ကိလေသာတို့ကိုကား မပယ်အပ်ကုန်သေး”ဟု ဟုတ်မှန်သော အကြောင်းဖြင့် အပြစ်တင်ပြနိုင်မည့် စောဒကပုဂ္ဂိုလ်ဟူ၍ တဦးတယောက်မျှ မရှိသည်ကို၎င်း, အပြစ်တင်ပြနိုင်ကြောင်း ကိုယ်တော်မြတ် မပယ်အပ်သေးသည့် ကိလေသာတရားဟူ၍ လုံးဝမရှိသည်ကို၎င်း သိမြင်တော်မူသည့်အတွက် (တနည်း) “ငါကား တကယ်ပင် ကိလေသာကုန်ခန်း ရဟန္တာစင်စစ် ဖြစ်လတ်ကာ ‘ငါသည် ကိလေသာကုန်ခန်းသူ = ရဟန္တာဖြစ်သည်’ဟု အမှန်အတိုင်း ပြောဆိုဝန်ခံခဲ့သည်”ဟု ဆင်ခြင်တော်မူသည့်အတွက် မြတ်စွာဘုရားရှင် သန္တာန်တော်၌ အလွန်အားကြီးသော ဝမ်းမြောက်မှု = သောမနဿဝေဒနာနှင့် တွဲယှဉ်လျက် ပစ္စဝေက္ခဏာဉာဏ်တော် ဖြစ်ပေါ်လေသည်။ (ဤ ဉာဏ်တော်ကား ပဟာနသမ္ပဒါကို မှီ၍ဖြစ်သည့် မရွံ့မကြောက် ရဲရဲတောက် ဉာဏ်တော်တပါးဖြစ်သည်)။

     ၃-ထို့အတူပင် “သင်က နတ်ရွာ, နိဗ္ဗာန်, ဈာန်, မဂ်, ဖိုလ်တို့၏ အန္တရာယ်ကို ပြုတတ်သော တရားများဟူ၍ ဟောကြားအပ်သည့် အန္တရာယိကဓမ္မတို့ကို မှီဝဲသောသူအား တကယ်စင်စစ် အန္တရာယ်မပြုနိုင်ကုန်”ဟု ဟုတ်မှန်သော အကြောင်းဖြင့် အပြစ်တင်ပြနိုင်မည့် စောဒကပုဂ္ဂိုလ်ဟူ၍ တဦးတယောက်မျှ မရှိသည်ကို၎င်း, ထိုသို့ အပြစ်တင်ပြနိုင်ကြောင်း အန္တရာယ်မပြုနိုင်သည့် အန္တရာယိကဓမ္မဟူ၍ လုံးဝမရှိသည်ကို၎င်း သိမြင်တော်မူသည့်အတွက် (တနည်း) “ငါဘုရားသည် တကယ်ပင် အန္တရာယ်ပြုတတ်သော တရားတို့ကို အန္တရာယိကဓမ္မများဟူ၍ ဟောကြားအပ်လေပြီ”ဟု ဆင်ခြင်တော်မူသည့်အတွက် မြတ်စွာဘုရားရှင် သန္တာန်တော်၌ အလွန်အားကြီးသော ဝမ်းမြောက်မှု = သောမနဿဝေဒနာနှင့် တွဲယှဉ်လျက် ပစ္စဝေက္ခဏာဉာဏ်တော် ဖြစ်ပေါ်လေသည်။ (ဤဉာဏ်တော်ကား ဒေသနာဝိသေသသမ္ပဒါ = ဒေသနာဉာဏ်အထူးနှင့်



၆၅၂

ပြည့်စုံခြင်းကို မှီ၍ဖြစ်သည့် မရွံ့မကြောက် ရဲရဲတောက် ဉာဏ်တော်တပါးဖြစ်သည်)။

     ၄-ထို့အတူပင် “သင်က သံသရာဝဋ်မှ ကျွတ်လွတ်ထွက်မြောက်ရန် တရားကို ဟောပြအပ်သော်လည်း ထိုတရားသည် လိုက်နာကျင့်ကြံသောသူအား သံသရာဝဋ်မှ မကျွတ်လွတ် မထွက်မြောက်စေနိုင်”ဟု ဟုတ်မှန်သောအကြောင်းဖြင့် အပြစ်တင်ပြနိုင်မည့် စောဒကပုဂ္ဂိုလ်ဟူ၍ တဦးတယောက်မျှ မရှိသည်ကို၎င်း, ထိုသို့ အပြစ်တင်ပြနိုင်ကြောင်း သံသရာဝဋ်မှ မကျွတ်လွတ် မထွက်မြောက်စေနိုင်သော နိယျာနိကဓမ္မဟူ၍ လုံးဝမရှိသည်ကို၎င်း, ဟောတော်မူအပ်သော နိယျာနိကဓမ္မ အားလုံးပင် သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်စေနိုင်သည်ကို၎င်း သိမြင်တော်မူသည့်အတွက် (တနည်း) “ငါဘုရားသည် တကယ်ပင် သံသရာမှ ကျွတ်လွတ် ထွက်မြောက်စေနိုင်သော တရားကို နိယျာနိကဓမ္မဟူ၍ ဟောကြားအပ်လေပြီ၊ ငါဘုရား ဟောကြားအပ်သည့် နိယျာနိကဓမ္မများသည် တကယ်ပင် သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်စေနိုင်သည်”ဟု ဆင်ခြင်တော်မူသည့်အတွက် မြတ်စွာဘုရားရှင် သန္တာန်တော်၌ အလွန်အားကြီးသော ဝမ်းမြောက်မှု = သောမနဿဝေဒနာနှင့် တွဲယှဉ်လျက် ပစ္စဝေက္ခဏာဉာဏ်တော် ဖြစ်ပေါ်လေသည်။ (ဤဉာဏ်တော်ကား တရားတော်၏ တကယ်စင်စစ် သံသရာမှ ကျွတ်လွတ် ထွက်မြောက်စေနိုင်ခြင်း ဘေးကင်းခြင်း = ခေမသဘောကို မှီ၍ဖြစ်သည့် မရွံ့မကြောက် ရဲရဲတောက် ဉာဏ်တော်တပါးဖြစ်သည်)။

     ဤဖော်ပြရာပါ ပစ္စဝေက္ခဏာဉာဏ်တော်လေးပါးတို့ကို မြတ်စွာ ဘုရားရှင်၏ ဝေသာရဇ္ဇဉာဏ်တော်လေးပါး (=ရဲရဲတောက် ဉာဏ်တော်လေးပါး)ဟူ၍ ခေါ်သည်။ ထိုဝေသာရဇ္ဇဉာဏ်တော် လေးပါးတို့တွင် ရှေ့ဉာဏ်တော်နှစ်ပါးနှင့် ပြည့်စုံတော်မူသောကြောင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပရိယတ် တရားတော်သည် (ပဌမနည်းအရ) ရှေး၌ ဆိုအပ်ခဲ့သည့်အတိုင်း ကောင်းခြင်းသုံးပါး အပြည့်အဝ ပါရှိလျက် အနက်,သဒ္ဒါတို့နှင့်လည်း



၆၅၃

ပြည့်စုံကာ (အသစ်ဖြည့်စွက်ရန် ကြွင်းကျန်နေသေးသော တရားဟု လုံးဝမရှိသောကြောင့်) အလုံးစုံ ထက်ဝန်းကျင်မှ ပြည့်စုံ၍ (နုတ်ပယ်ပစ်ရမည့် ညစ်ညူးကြောင်း ဥပက္ကိလေသ = အပြစ်ဒေါသတရားဟူ၍လည်း လုံးဝမပါရှိသောကြောင့်) ပကတိအားဖြင့်ပင် ထက်ဝန်းကျင်မှ သန့်စင်သည့် အကျင့်မြတ်နှစ်ပါးတို့ကို ထင်ရှားဖော်ပြသောကြောင့် သွာက္ခာတတာ ဂုဏ်ကျေးဇူးနှင့် အထူးပြည့်စုံလေသည်။ နောက်ဖြစ်သော ဝေသာရဇ္ဇ ဉာဏ်တော်နှစ်ပါးနှင့် ပြည့်စုံတော်မူသောကြောင့် မြတ်စွာဘုရား၏ ပရိယတ်တရားတော်သည် (ဒုတိယနည်းအရ) ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း အန္တရာယိကဓမ္မဟူ၍ ဟောပြအပ်သော တရားတို့ကလည်း ဧကန်စင်စစ် အန္တရာယ်ကို ပြုတတ်ကုန်သောကြောင့်၎င်း, နိယျာနိကဓမ္မဟူ၍ ဟောပြအပ်သော တရားတို့ကလည်း ဧကန်စင်စစ် သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်စေတတ်သောကြောင့်၎င်း မြတ်စွာဘုရား ဟောကြားအပ်သည့် အနက်အဓိပ္ပါယ်မှ ဖောက်ပြန်ယွင်းချွတ်ခြင်း အလျှင်းမရှိပဲ ကောင်းမွန်မှန်ကန်စွာ ဟောကြားအပ်သော တရားတော်ဖြစ်ကာ သွာက္ခာတတာ ဂုဏ်ကျေးဇူးနှင့် အထူးပြည့်စုံလေသည်။ ။(ဤကား ပရိယတ်တရားတော်၏ သွာက္ခာတတာဂုဏ်နှင့် ပြည့်စုံပုံတည်း)။

     လောကုတ္တရာ တရားတော်ကား နိဗ္ဗာန်အားလျောက်ပတ် = နိဗ္ဗာန်သို့ ဧကန် ရောက်စေတတ်သည့် အကျင့်ပဋိပတ်မှန် = မဂ်လေးတန်(နှင့်) ထိုမှန်ကန်သော အကျင့်ပဋိပတ် = မဂ်လေးရပ်ဖြင့် ဧကန်ရောက်အပ်သော နိဗ္ဗာန်တရားတို့ကို “ဤကား နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်ပဋိပတ်မှန်တည်း၊ ဤကား ထိုအကျင့်မှန် ပဋိပတ်ဖြင့် ရောက်ဆိုက်အပ်သော နိဗ္ဗာန်တည်း”ဟု ကောင်းမွန်မှန်ကန်စွာ ဟောကြားအပ်သောကြောင့် သွာက္ခာတတာဂုဏ်နှင့် ပြည့်စုံပေ၏။ (ဤကား မဂ်နှင့် နိဗ္ဗာန်တို့၏ သွာက္ခာတဖြစ်ပုံတည်း)။

     မဂ်, ဖိုလ်, နိဗ္ဗာန် = သုံးတန်ပြားမှု လောကုတ္တရာ တရားအစုတွင် အရိယမဂ်တရားမှာ အယုတ်နှစ်ပါးသို့ မလားမကပ်မူ၍



၆၅၄

မဇ္ဈိမပဋိပတ် ဧကန် အမှန်ဖြစ်သည်ကိုပင် “မဇ္ဈိမပဋိပတ်တည်း”ဟု ဟောကြားအပ်ရကား ကောင်းမွန်မှန်ကန်စွာ ဟောကြားအပ်မှု သွာက္ခာတတာဂုဏ်နှင့် ပြည့်စုံပေ၏။ သာမညဖိုလ် = အရိယဖိုလ် လေးပါးတို့မှာ ကိလေသာ ငြိမ်းစဲပြီးတရားများ အမှန်ဖြစ်သည်ကိုပင် “ဤဖိုလ်လေးပါးတို့ကား ကိလေသာမီး ငြိမ်းစဲပြီးသော တရားများ ဖြစ်ကြသည်”ဟု ဟောကြားအပ်ရကား ကောင်းမွန်မှန်ကန်စွာ ဟောကြားအပ်မှု သွာက္ခာတတာဂုဏ်နှင့် ပြည့်စုံပေ၏။ နိဗ္ဗာန်တရားမှာ အခါခပ်သိမ်း ဖြစ်ရှိမှုသဘော, မသေပျောက်မှုသဘော-စသည် ရှိနေသော အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်ကိုပင် ထိုနိဗ္ဗာန်၌ တကယ်ရှိ အမှန်ရှိသော အခါခပ်သိမ်း ဖြစ်ရှိမှုသဘော, မသေပျောက်မှုသဘော- စသည်၏ အစွမ်းအားဖြင့် ဟောကြားအပ်ရကား ကောင်းမွန်မှန်ကန်စွာ ဟောကြားအပ်မှု သွာက္ခာတတာဂုဏ်နှင့် ပြည့်စုံပေ၏။ ။ဤကား မဂ်, ဖိုလ်, နိဗ္ဗာန် သုံးတန်ပြားသော လောကုတ္တရာ တရားအစု၏ သွာက္ခာတဖြစ်ပုံတည်း။

သွာက္ခာတဂုဏ်တော် ပြီး၏။

**********

(၂) သန္ဒိဋ္ဌိကဂုဏ်တော်

     ဤသန္ဒိဋ္ဌိကဂုဏ်တော်မှစ၍ တရားအရကို လောကုတ္တရာ တရားကိုသာ ကိုက်ရိုက်မုချ ကောက်ယူရသည်။ (သံ = ကိုယ်တိုင် + ဒိဋ္ဌ = အရိယာပုဂ္ဂိုလ်သည် မြင်အပ်သော တရား + ဣက-အတွက် အနက်ထူးမရှိ = သန္ဒိဋ္ဌိက = အရိယာပုဂ္ဂိုလ်သည် ကိုယ်တိုင် သိမြင်အပ်သောတရားဟု ဆိုလိုသည်)။ သောတာပန်အရိယာ သကဒါဂါမ်အရိယာ အနာဂါမ်အရိယာ ရဟန္တာအရိယာ ပုဂ္ဂိုလ်များသည် မိမိတို့ဆိုင်ရာ အရိယမဂ်တရားဖြင့် ရာဂ-စသော ကိလေသာတရားတို့ကို ပယ်အပ်ပြီး ဖြစ်သောကြောင့် မိမိကိုယ်ကို ညှဉ်းပန်းရန် သူတပါးကို ညှဉ်းပန်းရန် မိမိ,သူတပါး = နှစ်ဦးသားတို့ကို ညှဉ်းပန်းရန် စီမံအားထုတ်မှု လုံးဝမရှိ၊ ထိုသို့မရှိသဖြင့် ကိလေသာကြောင့် ဖြစ်ပေါ်ရမည့် ကာယိကဒုက္ခမရှိ၊ ကိလေသာကို ပယ်ပြီးဖြစ်သောကြောင့်ပင် စေတသိကဒုက္ခကိုလည်း မခံစားရ၊



၆၅၅

ထိုသို့ ကာယိကဒုက္ခ စေတသိကဒုက္ခ = နှစ်ပါးတို့ကို မခံစားရခြင်း၏ အကြောင်းရင်းကို စဉ်းစား ဆင်ခြင်သောအခါ အရိယာပုဂ္ဂိုလ်သည် “အရိယမဂ်ဖြင့် ငါ၏ ရာဂစသော ကိလေသာတို့ကို ပယ်အပ်ပြီ၊ ထိုသို့ ပယ်အပ်သောကြောင့် ထိုရာဂစသော ကိလေသာတို့ကြောင့်ဖြစ်သည့် ကာယိကဒုက္ခ, စေတသိကဒုက္ခများ ငါ့သန္တာန်၌ မဖြစ်ပါတကား၊ ထိုဒုက္ခများကို ငါမခံစားရပါတကား”ဟု အကြောင်းရင်းဖြစ်သည့် အရိယမဂ်တရားကို (သူပြောမဟုတ်ပဲ) ကိုယ်တိုင်ဒိဋ္ဌ သိမြင်အပ်လေသည်။ သို့ရကား အရိယမဂ်တရားသည် သန္ဒိဋ္ဌိက = ကိုယ်တိုင်တပ်တပ် သိမြင်အပ်သော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံလေသည်။

     တနည်း- အရိယာပုဂ္ဂိုလ်တိုင်းပင် မိမိတို့၏ အရိယမဂ်ဉာဏ်ရောင်အလင်းဖြင့် သက်ဆိုင်ရာ ကိလေသာ မှောင်ထုကို ဖြိုခွင်းပြီး ဖြစ်သည့်အတိုင်း မိမိတို့ရရှိအပ်သော အရိယမဂ်တရား အရိယဖိုလ်တရား ထိုမဂ်ဖိုလ်တို့ဖြင့် မျက်မှောက်ပြုအပ်သော နိဗ္ဗာန်တရားကို စမ်းတဝါးဝါး အမှန်းအတား သူပြောလူပြောမျှဖြင့်မဟုတ်ပဲ (မျက်စိအမြင်ရှိသောသူတို့ အဆင်းမျိုးစုံ ရူပါရုံကို ကိုယ်တိုင် တွေ့မြင်ကြရသကဲ့သို့) ပစ္စဝေက္ခဏာဉာဏ်ဖြင့် မဂ်,ဖိုလ်,နိဗ္ဗာန်ကို အာရုံပြုကာ ကိုယ်တိုင်ဒိဋ္ဌ ရှုမြင်အပ်ကြလေသည်။ ထို့ကြောင့် လောကုတ္တရာတရား ကိုးပါးလုံးပင် သန္ဒိဋ္ဌိကဂုဏ်နှင့် ပြည့်စုံလေသည်။ (သံ = ကိုယ်တိုင်ကိုယ်ကျ သူပြောလူပြော မဟုတ်ပဲ + ဒိဋ္ဌ = အရိယာပုဂ္ဂိုလ်တို့သည် မျက်စိဖြင့် အဆင်းကို မြင်အပ်သည့်အလား ထင်ထင်ရှားရှား ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်အပ်သော တရား + ဣက-ပစ္စည်း အနက်ထူးမရှိဟု ဆိုလိုသည်)။

     တနည်း- (သံ = ချီးမွမ်းအပ်သော + ဒိဋ္ဌ = မဂ်ဉာဏ်အမြင်ဖြင့် + ဣက = ကိလေသာရန်ကို အောင်နိုင်တတ်သောတရား-ဟု ဆိုလိုသည်) ရထားဖြင့် ရန်သူကို အောင်နိုင်သောမင်း ဟူသကဲ့သို့ အရိယမဂ်တရားသည် မိမိနှင့် ယှဉ်ဖက်ဖြစ်သော သမ္မာဒိဋ္ဌိဉာဏ်အမြင်ဖြင့် ကိလေသာရန်သူတို့ကို အောင်နိုင်သည်။ အရိယဖိုလ်တရားသည် မိမိ၏ အကြောင်းဖြစ်သော အရိယမဂ်ဉာဏ်ဖြင့်



၆၅၆

ကိလေသာ ရန်သူတို့ကို အောင်နိုင်သည်၊ နိဗ္ဗာန်တရားသည် မိမိကိုအာရုံပြုသော အရိယမဂ်ဉာဏ်ဖြင့် ကိလေသာရန်သူတို့ကို အောင်နိုင်သည်။ ထို့ကြောင့် လောကုတ္တရာတရား ကိုးပါး (မဂ်,ဖိုလ်,နိဗ္ဗာန်)တို့သည် ချီးမွမ်းအပ်သော မဂ်ဉာဏ်အမြင်ဖြင့် ကိလေသာရန်တို့ကို အောင်နိုင်မှုတည်းဟူသော = သန္ဒိဋ္ဌိကဂုဏ် ကျေးဇူးနှင့် ပြည့်စုံကြလေကုန်သည်။ (ဂုဏ်တော်အနက်နှင့် ပြန်၍ သုံးသပ်ဆင်ခြင်ပါလေ)။

     တနည်း- လောကုတ္တရာ မဂ်,ဖိုလ်,နိဗ္ဗာန်တရားများကို သက်ဆိုင်ရာ ဘာဝနာဘိသမယ သစ္ဆိကိရိယာဘိသမယအားဖြင့် ပစ္စဝေက္ခဏာဉာဏ်ဖြင့် မျက်ဝါးထင်ထင် တွေ့မြင်အပ်လျှင် သံသရာဝဋ်ဒုက္ခဘေးများ ရပ်နားပြတ်စဲလေသည်၊ (အရိယာပုဂ္ဂိုလ်များ လောကုတ္တရာ မဂ်,ဖိုလ်,နိဗ္ဗာန်တရားတို့ကို မျက်ဝါးထင်ထင် သိမြင်တော်မူကြသည့်အတွက် သံသရာဝဋ်မြစ် = အနုသယတို့ပြတ်ကာ သံသရာဒုက္ခ ဇာတ်သိမ်း ငြိမ်းတော်မူကြသည်ကို သတိပြုရာ၏)၊ ထို့ကြောင့် လောကုတ္တရာ တရားအစုသည် (သန္ဒိဋ္ဌံ အရဟတီတိ သန္ဒိဋ္ဌိကော။ သန္ဒိဋ္ဌံ = ရှုမြင်ရန်။ အရဟတိ = ထိုက်တန်၏။ ဣတိ = ထို့ကြောင့်။ သန္ဒိဋ္ဌိကော = သန္ဒိဋ္ဌိကမည်၏။ သန္ဒိဋ္ဌိကော = ရှုမြင်ရန် ထိုက်တန်သော တရားဟူသော ဝစနတ္ထအရ) သံသရာဒုက္ခဇာတ် ပြတ်စဲငြိမ်းအေးလိုသူမှန်သမျှ မမြင်မြင်အောင် ရှုကြည့်ရန် ထိုက်တန်မှု တည်းဟူသော = သန္ဒိဋ္ဌိကဂုဏ်ကျေးဇူးနှင့် ပြည့်စုံလေသည်။ (ဤနည်း၌ ဆိုလိုရင်းအချုပ်မှာ- လောကုတ္တရာတရားတို့ကိုမြင်မှ သံသရာဝဋ်ဒုက္ခဇာတ် ရပ်နား ငြိမ်းအေးနိုင်သည်။ အခြားနည်းဖြင့် မငြိမ်းအေးနိုင်၊ သို့ရကား သံသရာဝဋ်ဒုက္ခဇာတ် ရပ်နားငြိမ်းအေးလိုသော သူတော်စင်တိုင်း မမြင်မြင်အောင် ဤလောကုတ္တရာ တရားတို့ကို ရှုကြည့်ထိုက်သည်၊ ယင်းသို့ မမြင်မြင်အောင် ရှုကြည့်ထိုက်ရကား လောကုတ္တရာ တရားတော်သည် သန္ဒိဋ္ဌိကဂုဏ်နှင့် ပြည့်စုံလေသည်-ဟု ဆိုလိုရင်းဖြစ်သည်)။

သန္ဒိဋ္ဌိကဂုဏ်တော် ပြီး၏။



၆၅၇

(၃) အကာလိကဂုဏ်တော်

     ဤ-အကာလိကဂုဏ်တော်၌ အရိယမဂ်တရားကိုသာ ကောက်ယူရသည်၊ ဂုဏ်တော်အနက်ကို ပြန်၍ သုံးသပ် ဖတ်ရှုပါဦး။ အရိယမဂ်တရားသည် အခါမလင့် အကျိုးပေးသော တရားဖြစ်၍ အကာလိကဂုဏ်နှင့် ပြည့်စုံလေသည်။ ထင်ရှားစေဦးအံ့- လောကီ ကုသိုလ်ကံများမှာ အမြန်ဆုံး အကျိုးပေးပါသည်ဟု ဆိုရသော ဒိဋ္ဌဓမ္မဝေဒနီယကံပင် ဖြစ်စေကာမူ မိမိတည်းဟူသော ကုသိုလ်ကံ ဖြစ်ပြီးသည်၏ အခြားမဲ့၌ (=မိမိတည်းဟူသော ကုသိုလ်ကံ ဖြစ်ပြီးလျှင်ပြီးခြင်း) အကျိုးပေးနိုင်ကြသည်မဟုတ်၊ အယုတ်ဆုံး နာရီပိုင်း ရက်ပိုင်းခြားပြီးမှ အကျိုးပေးသည်။ ဤ-အရိယမဂ် တည်းဟူသော လောကုတ္တရာ ကုသိုလ်ကား ထိုသို့မဟုတ်ချေ။ မိမိတည်းဟူသော အရိယမဂ် ကုသိုလ်တရား ဖြစ်ပြီးလျှင်ပြီးခြင်း အခြားမရှိပဲ အရိယဖိုလ် တည်းဟူသော အကျိုးကို ပေးလေတော့သည် = ဖြစ်စေလေတော့သည်၊ သို့ရကား အရိယမဂ်တရားသည် အခါမလင့် အကျိုးပေးသော တရားဖြစ်၍ အကာလိကဂုဏ်ကျေးဇူးနှင့် ပြည့်စုံလေသည်။

     ဂုဏ်တော်အနက်၌ အထူးမှတ်ရန်မှာ- အဘိဓမ္မာမဂ္ဂဝီထိအရ ဆိုင်ရာမဂ်စိတ်တို့ တကြိမ်သာ ဖြစ်ပြီးလျှင် ထိုမဂ်စိတ်၏ အခြားမဲ့၌ လက်ဖျစ်တတွက် မျက်တောင်တခတ် လျှပ်တပြက်မျှ အချိန်ခြားခြင်းမရှိပဲ ထိုမဂ်စိတ်၏ အကျိုးဖြစ်သော ဖိုလ်စိတ် ဖြစ်လေသည်၊ မဂ်စိတ်ခဏ၌ ထိုပုဂ္ဂိုလ်ကို မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် = မဂ်၌တည်သော အရိယာပုဂ္ဂိုလ်ဟု ခေါ်ရုံသာခေါ်ရပြီး ခဏမကြာ အခြားမဲ့မှာပင် အကျိုးဖိုလ်စိတ် ဖြစ်ပေါ်လာ၍ ထို ပုဂ္ဂိုလ်ကို ဖလဋ္ဌာန်ပုဂ္ဂိုလ် = ဖိုလ်၌တည်သော အရိယာပုဂ္ဂိုလ်ဟု ခေါ်ဆိုရလေသည်။ ဤတွင် မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်ကို စိတ္တက္ခဏ တချက်ခန့်သာ အချိန်ကြာသောကြောင့် “ညီမဂ်ပုဂ္ဂိုလ် ဆိုရုံဆိုပြီး”ဟု နိသျဆရာတော် ရေးသားလေသည်။

အကာလိကဂုဏ်တော် ပြီး၏။



၆၅၈

(၄) ဧဟိပဿိကဂုဏ်တော်

     မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားတော်များသည် ပရမတ္ထအားဖြင့်လည်း တကယ်ထင်ရှားရှိသည်၊ ကိလေသာ အညစ်အကြေးမှလည်း ကင်းဝေးစင်ကြယ်၍ တကယ်ပင် နှစ်သက်ဖွယ်ဖြစ်လေသည်၊ ထို့ကြောင့် “လာစမ်းပါ, လိုက်ခဲ့စမ်းပါ, ရှုကြည့်စမ်းပါ, ကျင့်ကြည့်စမ်းပါ”ဟု ရဲရဲတောက် ဖိတ်ခေါ်စကား ပြောထိုက်လေသည်။ (ဧဟိ = လာစမ်းပါ လိုက်ခဲ့စမ်းပါ + ဤတရားကို ပဿ = ရှုကြည့်စမ်းပါ ကျင့်ကြည့်စမ်းပါဟူ၍ + ဣက = ရဲရဲတောက် ဖိတ်ခေါ်စကား ပြောကြားထိုက်သော တရားဟု ဆိုလိုသည်)။ ချဲ့ဦးအံ့- လက်ဆုပ်ထဲ လက်ဝါးထဲမှာ တစုံတရာပစ္စည်းဝတ္ထု ရွှေငွေစသည် မရှိခဲ့လျှင် ယင်းသို့ မရှိသောကြောင့်ပင် ဤလက်ဆုပ်ထဲမှာ ရွှေတွေငွေတွေ ရှိပါသည်ဟု နှုတ်ကဝါကြွား မည်သို့ပင် ပြောကြားသော်လည်း “လာစမ်းပါ, ဤရွှေငွေကို ရှုကြည့်စမ်းပါ” ဟူ၍ကား လက်တွေ့ဖော်ပြ၍ မပြောဆိုနိုင်ချေ။ ထိုလက်ဆုပ်ထဲမှာ ကျင်ကြီးဖြစ်စေ ကျင်ငယ်ဖြစ်စေ ရှိနေလျှင်လည်း ထိုကျင်ကြီးကျင်ငယ်ကိုယ်နှိုက်က မစင်ကြယ် မသန့်ရှင်းသောပစ္စည်းမျိုး ဖြစ်နေသောကြောင့် သူတဖက်သားကို နှစ်သက်ဖွယ် ကျေးဇူးစကား ပြောကြားပြသကာ စိတ်ရွှင်လန်း ဝမ်းမြောက်ရန်အတွက် “လာစမ်းပါ, ဤဝတ္ထုတွေကို ကြည့်စမ်းပါ”ဟု ဖိတ်ခေါ်စကား မပြောကြားနိုင် မပြောကြားဝံ့ချေ၊ စင်စစ်သော်ကား မစင်ကြယ်သော ပစ္စည်းမျိုးဖြစ်သောကြောင့် မြက်,သစ်ရွက်,မြေ- စသည်တို့ဖြင့် ဖုံးလွှမ်းရမည်သာ ဖြစ်ချေသည်။

     မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားအစုသည်ကား တကယ်လည်း ပရမတ္ထအားဖြင့် ထင်ရှားရှိသော တရားဖြစ်သည်၊ တိမ်တိုက်ကင်းစင်သော ကောင်းကင်အပြင်၌ လပြည့်ဝန်းကြီးကဲ့သို့၎င်း, နူးညံ့လှစွာသော ကမ္ဗလာအဖြူ ကတ္တီပါအဖြူ အထည်ပေါ်၌ ချထားအပ်သည့် ပတ္တမြားရတနာကြီးကဲ့သို့၎င်း ကိလေသာအညစ်အကြေးမတင် ထက်ဝန်းကျင်မှလည်း စင်ကြယ်သောတရား ဖြစ်သည်၊ ထိုသို့ ပရမတ္ထအားဖြင့်လည်း ထင်ရှားရှိ



၆၅၉

ထက်ဝန်းကျင်မှလည်း စင်ကြယ်လှဘိသောကြောင့် “လာစမ်းပါ, လိုက်ခဲ့စမ်းပါ, ဤတရားကို ရှုကြည့်စမ်းပါ”ဟူ၍ ရဲရဲတောက် ဖိတ်ခေါ်စကား ပြောကြားထိုက်သောကြောင့် ဧဟိပဿိကဟူသော ဂုဏ်ကျေးဇူးနှင့် အထူးပြည့်စုံလေသည်။

ဧဟိပဿိကဂုဏ်တော် ပြီး၏။

**********

(၅) ဩပနေယျိကဂုဏ်တော်

     ပုထုဇန် သူငါတို့၏ စိတ်သန္တာန်၌ တရံတခါမျှ လောကုတ္တရာ မဂ်,ဖိုလ်များ မဖြစ်ဘူးကြသေးချေ။ ထို့ကြောင့်ပင် နိဗ္ဗာန်ကိုလည်း တရံတခါမျှ မျက်မှောက်အာရုံ မပြုဘူးကြသေးချေ။ ထိုသို့ မဂ်ဖိုလ်များ တရံတခါမျှ မဖြစ်ဘူးသေး နိဗ္ဗာန်ကိုလည်း တရံတခါမျှ မျက်မှောက် မပြုဘူးကြသေးသောကြောင့်ပင် သံသရာဒုက္ခဇာတ် ၀ဋ်ဆင်းရဲ အမျှင်မပြတ်နိုင်ပဲ ထပ်တလဲလဲ ဆင်းရဲ၍သာ နေကြရလေသည်။ လောကုတ္တရာတရားများ အောက်ထစ်အားဖြင့် သောတာပတ္တိမဂ်စိတ် ဖိုလ်စိတ် ဤခန္ဓာကိုယ်၌ ဖြစ်လိုက်လျှင်ပင် နိဗ္ဗာန်ကို လင်းလင်းထင်ထင် မျက်စိဖြင့် မြင်ရသကဲ့သို့ မျက်မှောက်ပြုရကာ အပါယ်သံသရာ ဒုက္ခဇာတ် လုံးဝပြတ်စဲသွားပြီးလျှင် သုဂတိဘဝ သံသရာလည်း ခုနစ်ဘဝသာ အများဆုံး ကျန်ရှိလေတော့သည်။

     တချိန်က မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ကိုယ်တော်မြတ်၏ လက်သည်းခွံတော်ပေါ်၌ မြေမှုန့်အနည်းငယ်ကို တင်ထားကာ မျက်မြင်သက်သေပြ၍ ရဟန်းတို့ကို “ရဟန်းတို့.. ဤငါဘုရား၏ လက်သည်းခွံပေါ်၌ ယခုတင်ရှိနေသော မြေမှုန်(နှင့်) အောက်မဟာပထဝီမြေကြီးမှာ ရှိကြသော မြေမှုန်တို့တွင် အဘယ်က များသနည်း”ဟု မေးမြန်းတော်မူသောအခါ ရဟန်းတို့က “အောက်မဟာပထဝီ မြေကြီးမှာရှိသော မြေမှုန်အစုနှင့် နှိုင်းစာလျှင် ရှင်တော်ဘုရား လက်သည်းတော်ပေါ်၌ ယခုတင်ရှိထားသော မြေမှုန်အနည်းငယ်မှာ ဂဏန်းပင် မထားလောက်အောင် နည်းပါးလှပါသည်ဘုရား၊ မဟာပထဝီ မြေမှုန်အစုကသာ



၆၆၀

များလှပါသည်ဘုရား”ဟူ၍ လျှောက်ထားကြလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်က “ရဟန်းတို့.. ဤအတူပင် သောတာပန်ဖြစ်သော အရိယသာဝက သောတာပတ္တိမဂ်ဖြင့် ပယ်လိုက်ရသောဘဝ သံသရာဒုက္ခကား အောက်မဟာပထဝီမြေကြီးမှာရှိသော မြေမှုန်မက များလှချေ၏၊ မပယ်ရသေးဘဲ ကြွင်းကျန်သေးသည့် ဘဝသံသရာ ဒုက္ခကား ငါဘုရား၏ လက်သည်းတော်ပေါ်၌ တင်ထားအပ်သည့် မြေမှုန်ပမာ နည်းလှစွာ၏ = ခုနစ်ဘဝမျှသာ အများဆုံး ကျန်ရှိသည်”ဟု မိန့်တော်မူဘူးလေသည်။

     ဤသို့လျှင် လောကုတ္တရာ တရားတို့သည် မိမိတို့ဖြစ်ရာ ပုဂ္ဂိုလ်သတ္တဝါ မိမိကို အာရုံပြု မျက်မှောက်ပြုသည့် ပုဂ္ဂိုလ်သတ္တဝါ = ခန္ဓာအစဉ်ကို သံသရာဝဋ်ဒုက္ခ အမြစ်ပြတ်ငြိမ်းစဲအောင် စွမ်းဆောင်နိုင်သော တန်ခိုးသတ္တိ ရှိကြလေသည်။ ထို့ကြောင့် သံသရာ ဒုက္ခဇာတ်သိမ်း ငြိမ်းအေးလိုသော သူတော်စင်မှန်သမျှသည် မိမိ၏ အဝတ်ကိုဖြစ်စေ ဦးခေါင်းကိုဖြစ်စေ မီးစွဲလောင်နေစေကာမူ “ထိုမီးကား တဘဝတာမျှ ဒုက္ခပေးနိုင်သည်၊ ငါ့သန္တာန်၌ရှိသော ကိလေသာမီးကား ဘဝသံသရာအနန္တ ဒုက္ခပေးနိုင်သည်။ မဂ်ဖိုလ်ရ၍ ထိုကိလေသာမီးငြိမ်းမှသာ ဘဝသံသရာအနန္တ ဒုက္ခကြီး ငြိမ်းနိုင်မည်”ဟု ယုံကြည်အောက်မေ့ကာ ထိုမီးစွဲလောင် နေသည့် အဝတ် ဦးခေါင်းတို့ကို လျစ်လျူရှုကာ (မီးမငြိမ်းသေးပဲ) ကိုယ်တွင်း ကိလေသာမီး ငြိမ်းရေးကိုသာ ဦးစားပေး၍ ဘာဝနာအလုပ်ကို မနေမနား အားထုတ်ခြင်းဖြင့် မိမိ၏ စိတ်သန္တာန်အစဉ်၌ မဂ်ဖိုလ်တရားတို့ မရောက်ရောက်အောင် မဖြစ်ဖြစ်အောင် ကပ်၍ ဆောင်ထိုက်ပေ၏၊ နိဗ္ဗာန်တရားကိုလည်း မိမိစိတ်၏ အာရုံအဖြစ်သို့ မရောက်ရောက်အောင် (မိမိ၏စိတ်ကို နိဗ္ဗာန်တရားကို မျက်မှောက်မပြုရမရှိ ပြုရလေအောင်) ကပ်၍ ဆောင်ထိုက်ပေ၏။ ထို့ကြောင့် လောကုတ္တရာတရား ကိုးပါးအစုသည် မိမိ၏စိတ်အစဉ်၌ မရောက်ရောက်အောင် အာရုံမျက်မှောက်မပြုရ ပြုရအောင် ကပ်၍ဆောင်ထိုက်သော = ဩပနေယျိက



၆၆၁

ဂုဏ်ကျေးဇူးနှင့် ပြည့်စုံပေ၏။ (ဥပနေယျ = ကပ်၍ ဆောင်ထိုက်သော တရား + ဣက-ပစ္စည်း အနက်ထူး မရှိ)။

ဩပနေယျကဂုဏ်တော် ပြီး၏။

**********

(၆) ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်တော်

     ဤဂုဏ်တော်၌ “ဝိညူဟိ”အရ ၁-အကျဉ်းဥဒ္ဒေသ တရားကို နာရလျှင်ပင် မဂ်ဖိုလ်ကိုရသော = ဥဂ္ဃဋိတညူ အရိယာပုဂ္ဂိုလ်, ၂-အကျယ်နိဒ္ဒေသတရားကို နာရလျှင် မဂ်ဖိုလ်ရသော = ဝိပဉ္စိတညူ အရိယာပုဂ္ဂိုလ်, ၃-ထို့ထက် အကျယ်ဖြစ်သော ပဋိနိဒ္ဒေသတရားကို နာရလျှင် မဂ်ဖိုလ်ကိုရသော = နေယျ အရိယာပုဂ္ဂိုလ် ဤအရိယာပညာရှိပုဂ္ဂိုလ် သုံးမျိုးတို့ကို ကောက်ယူရသည်။

     မဂ်ဖိုလ်နိဗ္ဗာန် ကိုးတန်သော လောကုတ္တရာ တရားအစုကို ဖော်ပြရာပါ အရိယာပညာရှိ ပုဂ္ဂိုလ်သုံးမျိုးတို့သည် အသီးအသီး ကိုယ်စီကိုယ်င မိမိမိမိ၏ စိတ်သန္တာန်၌ “ငါသည် အရိယမဂ်ကို ပွါးများအပ်လေပြီ၊ အရိယဖိုလ်ကို ရရှိအပ်လေပြီ၊ ထိုအရိယမဂ်ဖိုလ်တို့ဖြင့် နိဗ္ဗာန်ကို ကိုယ်တိုင်ဆိုက်ရောက် မျက်မှောက်ပြုအပ်လေပြီ”ဟု သိရှိအပ် ခံစားအပ်လေသည်။ မှန်၏- ဥပဇ္ဈာယ်ဆရာ ပွါးများအပ်သောမဂ်ဖြင့် သဒ္ဓိဝိဟာရိကတပည့်၏ ကိလေသာများကို မပယ်ရှားနိုင်ကုန်၊ ဆရာ၏ ဖလသမာပတ်ဖြင့် တပည့်သည် ချမ်းသာစွာ နေနိုင်သည်မဟုတ်၊ တပည့်သည် ဆရာမျက်မှောက်ပြုအပ်သော နိဗ္ဗာန်ကို အာရုံပြုရသည်မဟုတ်၊ မျက်မှောက်ပြုနိုင်သည်မဟုတ်၊ စင်စစ်ကား မိမိပွါးအပ်သော မဂ်ဖြင့်သာ မိမိ၏ ကိလေသာတို့ကို ပယ်နိုင်သည်။ မိမိရအပ် ဝင်စားအပ်သော ဖိုလ်ဖြင့် မိမိသာ ချမ်းသာစွာ နေနိုင်သည်။ မိမိ၏ နိဗ္ဗာန်ကို မိမိသာ မျက်မှောက်ပြုနိုင်သည်။ ထို့ကြောင့် ဤလောကုတ္တရာတရား ကိုးပါးတို့ကို သူတပါး၏ ဦးခေါင်းပေါ်၌ တင်ထားအပ်သော အဆင်တန်းဆာကဲ့သို့ မမှတ်ယူအပ်ပဲ မိမိမိမိတို့၏ ကိုယ်စီကိုယ်င စိတ်၌သာလျှင် အရိယာ ပညာရှိတို့သည် မှတ်ယူအပ် သုံးဆောင်ခံစားအပ်လေသည်။ ပညာရှိ



၆၆၂

အရိယာသူတော်ကောင်းတို့သာ မှတ်ယူသုံးဆောင်အပ်သော တရားဖြစ်၍ ဤလောကုတ္တရာတရားများသည် လူမိုက်တို့အဖို့ရာမှာမူ အရာပင် မဟုတ်တော့ချေ။

     ဤသို့လျှင် လောကုတ္တရာတရား ကိုးပါးတို့သည် အရိယာပညာရှိ ပုဂ္ဂိုလ်မြတ်တို့ ကိုယ်စီကိုယ်င မိမိတို့စိတ်၌ တွေ့မြင်ခံစားအပ်မှု သိအပ်မှု တည်းဟူသော ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်နှင့် ပြည့်စုံပေကုန်၏။

ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်တော် ပြီး၏။

**********

ဓမ္မာနုဿတိဘာဝနာ

     ဓမ္မာနုဿတိဘာဝနာနှလုံး ကျင့်သုံးလိုသော သူတော်စင်သည် တရားဂုဏ်တော် ခြောက်ပါးအစ၌ ဖော်ပြအပ်သည့်အတိုင်း တရားဂုဏ်တော် ခြောက်ပါးတို့ကို ပါဠိ မြန်မာ နှစ်ဘာသာဖြင့် အရကျက် နှုတ်တက်ဆောင်ပြီးလျှင် ဂုဏ်တော်တရပ်တရပ်စီအတွက် နှေးလည်း မနှေးကန် မြန်လည်း မမြန်လွန်းစေပဲ နှုတ်မြွက်ရွတ်ဆိုကာ ထိုပါဠိမြန်မာစကားရပ်တို့၌ ပါရှိသော သွာက္ခာတ-အစရှိသော ဂုဏ်တော်တို့ကို ထပ်တလဲလဲ အောက်မေ့ဆင်ခြင် ပွါးများရာ၏။ ထိုသို့ အောက်မေ့ဆင်ခြင် ပွါးများသောအခါ ထိုသူတော်စင်၏ စိတ်သန္တာန်ဝယ် ရာဂသောင်းကျန်း ထကြွသောစိတ် ဒေါသသောင်းကျန်း ထကြွသောစိတ် မောဟသောင်းကျန်း ထကြွသောစိတ်များ အစဉ်သဖြင့် မဖြစ်ပွါးကြတော့ပဲ ကမ္မဋ္ဌာန်းလမ်းမှန်သို့ သက်ရောက်သဖြင့် တွန့်ဆုတ်ခြင်း ပြန့်လွင့်ခြင်းများ ကင်းရှင်းသောကြောင့် အလယ်အလတ်ဖြစ်သော သမထနိမိတ် ပဋိပတ်ဖြင့် အလွန်ဖြောင့်မတ်သော စိတ်အစဉ်သည် တသွင်သွင်ဖြစ်လေတော့၏။

     ထိုသို့ အောက်မေ့ဆင်ခြင် ပွါးများဖန်များသဖြင့် တရားဂုဏ်ကို အာရုံပြုသော ဘာဝနာအဆင့်ဆင့် ရင့်၍ရင့်၍လာသောအခါ နီဝရဏတရားများ ကိုယ်မှခွါပြီးသား (ကွာပြီးသား) ဖြစ်လေကုန်၏။



၆၆၃

ကိလေသာတရားတို့သည်လည်း ဖြစ်ပွါးမှု ထကြွမှုမရှိပဲ အနယ်ထိုင်နေကြသည့်ပမာ ငြိမ်၍နေကုန်၏၊ သဒ္ဓါအစရှိသော ဣန္ဒြေငါးပါးတို့သည် အလွန်သန့်ရှင်းထက်မြက်၍ လာကုန်၏။ ဓမ္မာနုဿတိဘာဝနာ အလေ့အလာများသောကြောင့် ဝိတက်, ဝိစာရတို့သည် လွန်လွန်ကဲကဲ မိမိတို့ဆိုင်ရာကိစ္စတို့ကို ရွက်ဆောင်ကြလျက် ဖြစ်ပွါးကြကုန်၏။ ထိုအခါ မိမိ၏ အလုပ်မှန်ကို လွန်စွာနှစ်သက်လျက် အားကြီးသောပီတိတရား တဖွားဖွား ဖြစ်လာလေ၏။ ယင်းပီတိကြောင့် ကာယပဿဒ္ဓိ = ကိုယ်၏ ငြိမ်းချမ်းခြင်း, စိတ္တပဿဒ္ဓိ = စိတ်၏ ငြိမ်းချမ်းခြင်း = နှစ်ပါး အထူးသဖြင့် ဖြစ်ပွါးကြကာ ကိုယ်စိတ်တို့၏ ပူပန်မှုများလည်း ငြိမ်းစဲအနယ်ထိုင်၍ သွားလေကုန်၏၊ ယင်းသို့ ကိုယ်စိတ်နှစ်ဖြာ ငြိမ်းချမ်းလှစွာသောကြောင့် သမာဓိ၏ အကြောင်းရင်းဖြစ်သော သုခတရား ခိုင်ခံ့သည်ထက် ခိုင်ခံ့စွာ ဖြစ်ပွါးလာလေ၏၊ သုခဖြင့် ပွါးစည်းစိုပြေရကား စိတ်အစဉ်သည် ကမ္မဋ္ဌာန်းအာရုံ (=တရားတော်ဂုဏ်)၌ အလွန့်အလွန် တည်ကြည်၍ နေလေတော့၏။

     ဤသို့လျှင် အစဉ်သဖြင့် ရှေ့ပိုင်းဝယ် ဝိတက်အစရှိသော ဘာဝနာအလုပ်တရားကို တဆင့်ထက်တဆင့် ရင့်ကျက် ရင့်ကျက်ကာ ထက်မြက်သည်ထက် ထက်ထက်မြက်မြက် ဖြစ်ပွါးကြ၍ တွန့်လည်းမတွန့်ဆုတ် ပြန့်လည်း မပြန့်လွင့်သဖြင့် အလယ်အလတ် မဇ္ဈိမသမထပဋိပတ်သို့ ဆိုက်ရောက်ကာ သဒ္ဓါ-စသော ဣန္ဒြေ ငါးပါးတို့သည်လည်း မိမိတို့၏ ဆိုင်ရာကိစ္စကို အညီအမျှ ပြုလုပ် ရွက်ဆောင်ကြသဖြင့် ရှေးကထက် အထူးထက်မြက်သော ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ = ဈာန်အင်္ဂါငါးပါးတို့သည် ဓမ္မာနုဿတိ ကာမာဝစရဘာဝနာ မဟာကုသိုလ်စိတ်၌ စိတ္တက္ခဏ တချက်တည်းဝယ် ပြိုင်လျက် ဖြစ်ပေါ်လာကြ၍ ဥပစာရဈာန်ကိစ္စကို ပြီးစေကြလေသည်။ ဤသို့ ဖော်ပြရာပါ ဈာန်အင်္ဂါငါးပါးတို့ ကာမာဝစရဘာဝနာ မဟာကုသိုလ်စိတ်နှင့် တွဲယှဉ်လျက် ဖြစ်ပွါးလာသောအခါ ထိုယောဂီပုဂ္ဂိုလ်ကို “ဓမ္မာနုဿတိ ဥပစာရဈာန်ကိုရသော ပုဂ္ဂိုလ်”ဟူ၍ ခေါ်ဆိုရလေသည်။



၆၆၄

(ဤမှနောက် မေးဖွယ်ဖြေဖွယ်တို့ကို ဘုရားဂုဏ်တော်ကိုးပါးအခဏ်း၌ ဆိုအပ်ပြီးသောနည်းကို အစဉ်မှီး၍ သိမှတ်ရာ၏။)

ဓမ္မာနုဿတိဘာဝနာအကျိုး

     ဤဓမ္မာနုဿတိ ဘာဝနာကို အခါခါကြိုးကုတ် အားထုတ်သော သူတော်စင်သည် “ဤသို့စဉ် ဩပနေယျိကဂုဏ်နှင့် ပြည့်စုံသည့်တရား ဟောကြားတော်မူတတ်သော မြတ်စွာဘုရားရှင်ကို ငါသည် အတိတ်အခါကလည်း မတွေ့မြင်ရဘူး၊ ယခု ပစ္စုပ္ပန်အခါ၌လည်း ဤဘုရားကိုထား၍ ထိုသို့ ဟောကြားတတ်သူကို မတွေ့မြင်ရဘူးချေ”- ဤသို့စသည်ဖြင့် တရားဂုဏ်တော်တို့ကို အာရုံထင်ထင် တွေ့မြင်ရသဖြင့်ပင် ထိုမှ အစဉ်လျှောက်ကာ တရားတော်၏ အရှင်ဖြစ်သည့် မြတ်စွာဘုရား၌၎င်း, တရားတော်၌၎င်း သူမတူတန်အောင် ရိုသေကျိုးနွံသူ ဖြစ်လေ၏။ ထို့ကြောင့်ပင် အရိယာပုဂ္ဂိုလ်တို့၏ သဒ္ဓါတရားနှင့် အလားတူစွာ သဒ္ဓါတရား ကြီးမားပြန့်ပြောခြင်းသို့၎င်း, သတိတရား ကြီးထွား ပြန့်ပြောခြင်းသို့၎င်း, ပညာတရား ကြီးထွား ပြန့်ပြောခြင်းသို၎င်း, ကုသိုလ်တရား တိုးပွါး ပြန့်ပြောခြင်းသို့၎င်း ရောက်ရှိလေ၏၊ နုသောပီတိ ရင့်သောပီတိ တရားတို့ ပြောများသောသူ ဖြစ်လေ၏။ ကြောက်ခြင်းကြီးငယ် အသွယ်သွယ်ကို သည်းခံ ပယ်ဖျောက်နိုင်သူ ဖြစ်လေ၏။ ဒုက္ခကို သည်းခံနိုင်စွမ်းသောသူ ဖြစ်လေ၏။ တရားတော်နှင့် အတူတကွ နေထိုင်ရသည့် အမှတ်သညာကို ရရှိလေ၏။ ဓမ္မာနုဿတိဘာဝနာ ကုသိုလ်တရား ဖြစ်ပွါးကိန်းတည်ရာ ထိုယောဂီပုဂ္ဂိုလ်၏ ကိုယ်ခန္ဓာကြီးသည် စေတီတိုက်အိမ်ကဲ့သို့ ပူဇော်အထူးကို ခံယူခြင်းငှါ ထိုက်တန်လေ၏။ ထိုယောဂီပုဂ္ဂိုလ်၏စိတ်သည် လောကုတ္တရာတရား ကိုးပါးတို့ကို ရရှိရန် အမြဲတစေ ညွတ်၍နေလေ၏၊ ထိုဓမ္မာနုဿတိဘာဝနာ အလုပ်ကို အားထုတ်ပွါးများသော သူ၏အဖို့ရာ ထိုဘာဝနာအစွမ်းဖြင့်ပင် အခါခပ်သိမ်း တရားဂုဏ်တော်များက စိတ်၌ အပြန်ပြန်အလှန်လှန် ဖြစ်ပေါ်ထင်မြင်၍နေရကား သီလပျက်စီးရန် လွန်ကျူးအပ်သည့် (=လွန်ကျူးရမည့်) ဝီတိက္ကမိတဗ္ဗဝတ္ထုအာရုံနှင့် ကြိုက်ကြုံပေါင်းဆုံမိစေကာမူ



၆၆၅

တရားတော်ဂုဏ်ကို အဖန်ဖန် နှလုံးသွင်း အောက်မေ့သူ ဖြစ်သောကြောင့် ဒုစရိုက်မှုမှ ရှက်ခြင်း, ထိတ်လန့်ခြင်း = ဟိရီ, ဩတ္တပ္ပတရားတို့ အဖန်ဖန် ဖြစ်ပွါးလေ၏။ ဤဓမ္မာနုဿတိ ဘာဝနာကို အခြေခံတည်ရာပြု၍ ဝိပဿနာတရား ပွါးများလျှင် မဂ်ဖိုလ်ကို အလွယ်နှင့် ရနိုင်၏၊ ပါရမီမပြည့်စုံ မလုံလောက်သေး၍ မဂ်ဖိုလ်ကို မရလျှင်လည်း ကောင်းရာသုဂတိ ဘုံဘဝသို့ လားရောက်ရ၏။ ဤကား ဓမ္မာနုဿတိဘာဝနာအကျိုးတည်း။

အထူးမှတ်ရန်

(ဤတရားဂုဏ်တော် ခြောက်ပါးတို့တွင် ၁-အမှတ်ပြ သွာက္ခာတဂုဏ်တော် တပါး၌သာ ပရိယတ်တရားတော် ပါရှိ၍ ကျန်သော ဂုဏ်တော်ငါးပါးတို့၌ လောကုတ္တရာတရားတော် ကိုးပါးတို့ကိုသာ အဋ္ဌကထာ၌ ဖွင့်ပြတော်မူအပ်ကုန်လေသည်။ ထိုအကြောင်းအရာနှင့်စပ်၍ ဝိသုဒ္ဓိမဂ် မဟာဋီကာ ပဌမအုပ် စာမျက်နှာ ၂၆၇, ၂၆၈-လာ အထူးဖွင့်ပြချက်ကိုလည်း မှတ်ယူနိုင်ရန် အကျဉ်းမျှ ဖော်ပြဦးအံ့-

အဋ္ဌကထာ၌ သန္ဒိဋ္ဌိက-အစရှိသော နောက်ဂုဏ်တော် ငါးပါးတို့မှာ လောကုတ္တရာတရား၌သာ နိပ္ပရိယာယ = မုချအားဖြင့် ဖြစ်သင့်သောကြောင့် ထိုနောက်ဂုဏ်တော် ငါးပါးတို့ကို လောကုတ္တရာတရား၌သာ ဖွင့်ပြအပ်လေသည်။ သို့သော်လည်း ထိုနောက်ဖြစ်သော ဂုဏ်တော်ငါးပါးတို့သည် ပရိယတ်တရားတော်၌လည်း ဖြစ်နိုင်သော အကြောင်းအခွင့် ရှိကုန်၏၊ ရှိကြပုံမှာ-

ဤပရိယတ်တရားတော်ကို အကြားအမြင်များ၍ အာဂုံပါဠိ နှုတ်တက်လာရှိကာ လွန်စွာထက်သော သတိပညာနှင့် ပြည့်စုံသူ ပညာရှိသည် အစ၌ကောင်းခြင်း အစရှိသော ဂုဏ်အထူးအားဖြင့် ကိုယ်တိုင်ဒိဋ္ဌ ရှုမြင်အပ်သောကြောင့် ပရိယတ်တရားတော်သည် သန္ဒိဋ္ဌိကဂုဏ်နှင့်လည်း ပြည့်စုံ၏။ ဝါဒတပါးရှိသူ တိတ္ထိတို့ကို နှိမ်နင်းရာ၌ကား ချီးမွမ်းအပ်သော ပရိယတ်အသိဉာဏ်ပညာဖြင့် ရန်သူတိတ္ထိတို့ကို အောင်နိုင်သောကြောင့် “သန္ဒိဋ္ဌိယာ ဇယတီတိ သန္ဒိဋ္ဌိကော”ဟူသော ဝစနတ္ထအရ မုချအားဖြင့်ပင် ပရိယတ်တရားတော်သည် သန္ဒိဋ္ဌိကဂုဏ်နှင့် ပြည့်စုံ၏။ ကိလေသရန်ကို အောင်နိုင်ရာ၌ကား

၆၆၆

ပရိယတ်တရားတော်သည် ထိုကိလေသရန်ကို အောင်နိုင်ရန် အဆင့်ဆင့် အကြောင်းမူလ အခြေခံအကြောင်းဖြစ်သောကြောင့် ပရိယာယအားဖြင့် သန္ဒိဋ္ဌိကဂုဏ်နှင့်ပြည့်စုံ၏။ ပရိယတ်တရားတော်သည် အလုံးစုံသော ညစ်ညူးကြောင်း အကုသိုလ်တရားတို့ကို ပယ်ရှားဖို့ရန်နှင့် ဖြူစင်သော ကုသိုလ်တရားတို့ တိုးပွါးဖို့ရန် ရည်သန်၍ ဖြစ်စေအပ်သော တရား = ဟောကြားအပ်သော တရားတော် ဖြစ်သောကြောင့် “သန္ဒိဋ္ဌံ အရဟတီတိ သန္ဒိဋ္ဌိကော”ဟူသော ဝစနတ္ထအရ မမြင်မြင်အောင် မသိသိအောင် ရှုထိုက်သောတရားဖြစ်ရကား သန္ဒိဋ္ဌိကဂုဏ်နှင့်ပြည့်စုံ၏။

ပရိယတ်တရားတော်သည် အခါမလင့် အကျိုးပေးတတ်သည့် လောကုတ္တရာ မဂ်ကုသိုလ်ကို ရရှိဖို့ရန် အကြောင်းစင်စစ် ဖြစ်သောကြောင့် ဖလူပစာအားဖြင့် အကာလိကဂုဏ်နှင့်လည်း ပြည့်စုံ၏။

ပရိယတ်တရားတော်သည် တကယ်ပင် ထင်ရှားရှိ၍ ထက်ဝန်းကျင် စင်ကြယ်သော တရားပင်ဖြစ်ရကား “လာစမ်းပါ, လိုက်ခဲ့စမ်းပါ, ရှုကြည့်စမ်းပါ, သင်ကြားလေ့လာကြည့်စမ်းပါ”ဟု ရဲရဲတောက် ဖိတ်ခေါ် စကား ပြောကြားထိုက်သောကြောင့် ဧဟိပဿိကဂုဏ်နှင့်လည်း ပြည့်စုံ၏။

ထိုဂုဏ်တို့နှင့် ပြည့်စုံသောကြောင့်ပင် ဝဋ်ဆင်းရဲမှ ထွက်မြောက်လိုသူ သူတော်ကောင်း မှန်သမျှတို့သည် မိမိ၏စိတ်ကို ထိုပရိယတ်တရားတော်၌ ကပ်၍ဆောင်ဖို့ရန် (တနည်း) ထိုပရိယတ်တရားတော်ကို မိမိ၏စိတ်၌ မရောက်ရောက်အောင် ကပ်၍ဆောင်ဖို့ရန် ထိုက်တန်သောကြောင့် ပရိယတ်တရားတော်သည် ဩပနေယျိကဂုဏ်နှင့်လည်း ပြည့်စုံ၏။

မိမိ၏စိတ်ကို အရဟတ္တဖိုလ်သို့ ဦးတည်ကာ (=အရဟတ္တဖိုလ်ကို ရရှိဖို့ရန် ရည်သန်လျက်) ဤပရိယတ်တရားတော်ကို လေ့လာခြင်း သင်ယူမှတ်သားခြင်းဖြင့် အပြည့်အစုံ ပါဠိနှင့်စပ်သော ဝမ်းမြောက်ခြင်း အနက်နှင့်စပ်သော ဝမ်းမြောက်ခြင်း = ဓမ္မပီတိအရသာကို ပညာရှိတို့သည် ကိုယ်စီကိုယ်င မိမိတို့စိတ်သန္တာန်၌ ခံစံရရှိအပ်သောကြောင့် ပရိယတ်တရားတော်သည် ပစ္စတ္တံဝေဒိတဗ္ဗဂုဏ်နှင့်လည်း ပြည့်စုံ၏။

ဤကား ဝိသုဒ္ဓိမဂ်မဟာဋီကာလာ အထူးမှတ်ရန် ပရိယတ်တရားတော်၏ နောက်ဂုဏ်ငါးပါးတို့နှင့်လည်း ပြည့်စုံပုံတည်း)။

တရားဂုဏ်တော်ခြောက်ပါး ပြီး၏။

၆၆၇

သံဃဂုဏ်တော်ကိုးပါး

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော, သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ အဋ္ဌ ပုရိသပုဂ္ဂလာ၊ ဧသ ဘဂဝတော သာဝကသံဃော၊ အာဟုနေယျော, ပါဟုနေယျော, ဒက္ခိနေယျော, အဉ္ဇလိကရဏီယော, အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။ ။(သံဃဂုဏ်တော်ကိုးပါး ပါဠိ)။

ဘဂဝတော = ဣဿရိယာဒိ အမိတဘဂျဝန် လွန်စွာဘုန်းတော် ကြီးမြတ်တော်မူလှသော မြတ်စွာဘုရား၏။ သာဝကသံဃော = ဓမ္မ, ဝိနယ ဩဝါဒထုတ်ပြန် မိန့်တော်သံကို နာခံ၍ ကျင့်တော်မူတတ်သောကြောင့် သာဝက + အယူသီလ ညီမျှစွာတောင်း ကိုယ်,နှုတ်,စိတ် မပြောင်းမူ၍ ပေါင်းဖော်တော်မူတတ်သောကြောင့် သံဃာ = ဤသို့သော ဂုဏ်သမ္ဘာကြောင့် တုလျာဓိကရဏ သမာသ်ရသား ပရမတ္ထစစ် ဖြစ်၍ဖြစ်သော ရှစ်ပါးသော သာဝကအရိယာ သံဃာတော်မြတ်အပေါင်းသည်။ သုပ္ပဋိပန္နော = ပရိဠာဟ ထာဝရပြောင်ညီး လောင်သည့်မီးကို မိုးကြီးဖျန်းဆွတ် ငြိမ်းအောင်သတ်သို့ ပရမတ်, ပညတ် လျဉ်းစပ်ရုံးပေါင်း အေးငြိမ်းကြောင်းဖြင့် ကောင်းစွာ ဟောကြားတော်မူသော နယူပဒေသ ဓမ္မ,ဝိနယာ ဒေသနာတော်ကို ရိုသေစွာ နာမှတ်၍ ကောင်းမြတ်စွာ ကျင့်တော်မူတတ်သော အကြောင်းဗျုပ္ပတ္တိ နိမိတ်ရှိကြောင့် သုပ္ပဋိပန္န-ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။ (၁)

ဘဂဝတော = မြတ်စွာဘုရား၏။ သာဝကသံဃော = တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ (ရှေးနည်းသော်လည်း အနက်အကျယ်ဆိုလေ၊ နောက်၌လည်း နည်းတူပင်)။ ဥဇုပ္ပဋိပန္နော = ကာမသုခလ္လိက,



၆၆၈

အတ္တကိလမထာ- ယုတ်မာသော တရားနှစ်ပါးသို့ လားကပ်ခြင်းမရှိ စောင်းကြိုးညှိ၏သို့ မဇ္ဈိမပဋိပဒါ အရိယာအင်ညီ အဋ္ဌင်္ဂီဖြင့် စဉ်စီမထောင့် ဖြောင့်မတ်ရိုးသားသည်နှင့်ညီစွာ.. ၁-ဖီလာရှေ့နောက် ကွေ့ကောက် မျှောထုတ် သဘောယုတ်သား ဂေါမုတ်သဖွယ် နွားကျင်ငယ်သို့ စ,လယ်,ဆုံးဖျား သုံးပါးသောဒွါရတို့၌ ကောက်ခြင်း, ၂-စန္ဒလေခ လ-ရေးသဖွယ် အလယ်,အဖျား နှစ်ပါးသော ဒွါရတို့၌ ကောက်ခြင်း, ၃-နင်္ဂလကောဋိ လောကိအသုံး ထယ်ထွန်တုံးကဲ့သို့ အဆုံးအဖျား တပါးသောဒွါရ၌ ကောက်ခြင်း ယင်းသို့ မာယာ,သာဌေယျ ကိလေသအရှိန် ကွေ့ကောက်လိမ်တို့ကို ပယ်နှိမ်သမှု ဖြောင့်မတ်စွာကျင့်ခြင်းကို ပြုတော်မူတတ်သောကြောင့် ဥဇုပ္ပဋိပန္နဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။ (၂)

ဘဂဝတော = မြတ်စွာဘုရား၏။ သာဝကသံဃော = တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ ဉာယပ္ပဋိပန္နော = အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ဆတ်ဆတ်ဧကန် ပုထုဇန်တို့ ဉာဏ်မြင်မျက်စိ မရှိ၍လျှင် မသိမြင်လည်း ကောင်းကင်တိမ်စွန်း ထိန်ထိန်ထွန်းသား လ-ဝန်းပမာ အရိယာတို့ သိသာရကား တရားပရမတ် မြင့်မြတ်စွာလှ နိဗ္ဗာနကို ဉာယဆို၏..၊ ထိုနိဗ္ဗာန ထိုဉာယကို တောင့်တမြော်မှန်း ကျင့်ကြိုးပမ်းတော်မူသော စွမ်းသန်စွာလှ သဘာဝကြောင့် ဉာယပ္ပဋိပန္န-ဟူသော ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။ (၃)

ဘဂဝတော = မြတ်စွာဘုရား၏။ သာဝကသံဃော = တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ သာမီစိပ္ပဋိပန္နော = ဟိရီ,ဩတ္တပ် တရားကွပ်လျက် အဇ္ဈတ်,ဗဟိဒ် ကိုယ်,နှုတ်,စိတ်၌ အဘိက္ကန္တ စသည်သမ္ပဇဉ် အမြဲယှဉ်ပြီး အကြင်ပဋိပတ် တရားမြတ်ကို သူမလို၍ ကိုယ်အသက်ပင် ပျက်ပစေကာ ညှာတာမရှိ လွန်ကဲစွာ



၆၆၉

ကျင့်တော်မူတတ်သော သတ္တိကြောင့် သာမီစိပ္ပဋိပန္န- ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။ (၄)

ယဒိဒံ = ယာနိ ဣမာနိ စတ္တာရိ ပုရိသယုဂါနိ = သောတာပတ္တိ မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်, သောတာပတ္တိ ဖလဋ္ဌာန်ပုဂ္ဂိုလ်တစုံ- ဤသို့တွဲလျက် သူ့မဂ်သူ့ဖိုလ် ကိုယ်စီမြှောက်ပွါး လေးပါးသော ယောက်ျားမြတ်အစုံတို့သည်။ ယဒိဒံ = ယေ ဣမေ အဋ္ဌ ပုရိသပုဂ္ဂလာ = သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်တပါး, သောတာပတ္တိဖလဋ္ဌာန်ပုဂ္ဂိုလ်တပါး စသည်အားဖြင့် ရှစ်ပါးဖော်ပြ အရိယဟု လောမဟံသ ဘယ,ဆမ္ဘီ သော-ပဟီဖြစ်တော်မူသော အာဇာနည်ယောက်ျားမြတ် ပုဂ္ဂိုလ်တို့သည်။ သန္တိ = ရှိကုန်၏။

ဘဂဝတော = မြတ်စွာဘုရား၏။ ဧသ = ဧသော သာဝကသံဃော = ဤလေးစုံ = ရှစ်ပါး တပည့်သား သံဃာတော်မြတ်အပေါင်းသည်။ အာဟုနေယျာ = ဂဠုန်, နဂါး, သိကြား, ဗြဟ္မာ, စကြာမန္ဓာတ် လောကတ္တယ နတ်တကွလူ ခပ်သိမ်းသူတို့သည် ပူဇော်ဖွယ် အမျိုးမျိုးတို့ဖြင့် ကောင်းကျိုးအာနိသင် ကြီးမြတ်အင်ကို မြော်မြင်တွေးဆ အကြွေးချ၏သို့ အဝေးမှဆောင်ယူကာ လှူဒါန်းလာသည်ကိုလည်း ကရုဏာရှေးရှု ခံယူသုံးဆောင်ခြင်းကို ပြုထိုက်သောကြောင့် အာဟုနေယျ-ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။ (၅)

ပါဟုနေယျော = ဉာတိ,သဟာယ မနာပဗန္ဓု အာဂန္တု ခရီးသွား သူတပါးတို့အား မှန်းထားဆက်ဆက် ညွတ်ပြီးသော ပစ္စည်းဖြစ်လျက်လည်း ဖျက်၍အားသန် လှူဒါန်းပူဇော်ခြင်းငှါ လျော်ကန်ခြင်း.., ခံယူသုံးဆောင်ခြင်းငှါလည်း ထိုက်ခြင်း.., ပရိဗိုဇ်မုနေ့ ရသေ့,ပုဏ္ဏား- စသောအားဖြင့် များစွာသော အလှူခံတို့၏ လှူရန် များ,နည်း ပစ္စည်းကိုယူဆောင်၍ ယခေါင်လက်မွန် တမလွန်ရည်မှတ် ပေးလှူအပ်ခြင်း-စသော ခပ်သိမ်းသော အပြားအားဖြင့်



၆၇၀

ပွါးများဆောင်ယူ ပေးစွန့်လှူသည်ကို ခံယူသုံးဆောင်ခြင်းငှါ ထိုက်ခြင်း.. ယင်းသို့ လှူတတ်,လှူအပ် သူမြတ်တို့ဝတ် မချွတ်စေမှု ပေးလှူခံယူခြင်းကို ပြုတတ်သောကြောင့် ပါဟုနေယျ-ဂုဏ်တော်ထူးဖြင့် ချီးကျူး အပ်ပါပေစွာ့တကား..။ (၆)

ဒက္ခိဏေယျော = သီလဝန္တ ဥက္ကဋ္ဌဖြစ်သော ပုဂ္ဂလဝိသိဌ် ဂုဏ်နိမိတ်ကြောင့် နိဗ္ဗာန်ဆောက်ဦ ဖြစ်စိမ့်ဟူ၍ အလှူပရမတ် ပေးလှူအပ်ခြင်း.., ဆက်ကပ်ကြည်လင် ဒါနရှင်တို့အားလည်း နိသင်စီးပွါး ကြီးမားမြင့်မြတ်သည်ကို ပြုတော်မူတတ်ခြင်း.. ယင်းသို့ ဒက္ခိဏအရဟ ဒက္ခိဏဟိတဟု ပြုအပ်သော ပုဒ်အနက်နှင့်အညီ ဒက္ခိဏေယျ-ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။ (၇)

အဉ္ဇလိကရဏီယော = မြေပြင် ရေပြင် ဝေဟင်ပတ်ကုံး သုံးလောကဓာတ် နတ်နှင့်တကွသော လူအပေါင်းတို့သည် ရွှေဖယောင်း, ရွှေဆီမီးတို့ကို ညီးညီးပြောင်ရွှန်း တပြိုင်တည်း ထွန်းသကဲ့သို့ သွန်းသွန်းဖြောင့်မတ် ကြားညပ်ကျဲစဲ ကွဲလွဲရှေ့နောက် ထက်အောက်ကွာဝေး မကွေးမကုပ် မဆုတ်မတက် အစုံသောလက်တို့ကို ဦးခေါင်းထက် အရောက်ညီစေ၍ မြှောက်ချီပြီးလျှင် ရှိပန်ဆင်သည်ကို၎င်း.., ပဉ္စပတိဋ္ဌိတ ငါးဝသော ထိမျိုးဖြင့် ရှိခိုးခြင်း ဝန္ဒနာကံကို ခံထိုက်သော ဝန္ဒနေယျခေတ္တင်္ဂီ အစဉ်ညီသောကြောင့်၎င်း.. အဉ္ဇလိကရဏီယ- ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။ (၈)

အနုတ္တရံ = သီလအစရှိသော ဂုဏ်တို့ကြောင့် တစုံတယောက်သောသူနှင့်မျှ အတူအဖက် မဟုတ်သော။ လောကဿ ပုညက္ခေတ္တံ = ဘူမေဒနီ မြေဆီဩဇာ ပြန့်ပြောစွာသော လယ်တောမြေကောင်းသည် အပေါင်းပရိသတ် မင်း,မှူးမတ်စသည်တို့၏ သဗ္ဗိစ္ဆာသယအလျောက် ကောက်ပဲစသော မျိုးစေ့တို့ ကျရောက်သဖြင့်



၆၇၁

အညှောက်အညွန့် ဖြိုးဖွံ့ပင်စည် ရွှင်ကြည်ခက်လက် မြေဩဇာတက်ရကား ပြည့်နက်တုတ်ခွန် အလွန်မြိန်မြတ်သော သီးနှံအရသာဖြစ်၍ နှစ်သက်ပျော်နေ ချမ်းသာစေသကဲ့သို့ ဝိသေသပုဒ် အသီးထုတ်အပ်သော သုပ္ပဋိပန္နတာဒိ အရိယဂုဏ်ဆီ စုံညီလှစွာ သံဃာတော်တည်းဟူသော မြေကောင်းသည် အပေါင်းသတ္တဝါ ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ပေးလှူခြင်းဒါန သီလ, သရဏဂုံ အလုံးစုံသော ကောင်းမှုမျိုးတို့ကို အားကြိုးသွန်ထုတ် စိုက်ကြဲမြုပ်တိုင်းပင် သုပ္ပဋိပန္န စသည်ထက်မြက် ဂုဏ်ဆီတက်၍ ခက်လက်သီးပွင့် ကြီးရင့်သည်တန္တု လူ့စည်းစိမ်, နတ်စည်းစိမ်တို့ကို အရှိန်ညီးညီး ခံစံပြီးစေ၍ အသီးတည်းဟူသော မဂ်ဖိုလ်မှ ချိုမြိန်လှစွာ ဝိမုတ္တိရသာ တည်းဟူသော အို,နာ,သေပျောက်ခြင်းမရှိ အတိသုခ အတုလသီဝံ ပြည်မွန်အောင်ခန်း နိဗ္ဗာန်နန်း၌ စံမြန်းပျော်နေ ချမ်းသာစေနိုင်သော မြေကောင်းသဒိသ အရိယတန်ခိုး ကောင်းမှုမျိုးကို စိုက်ပျိုးကြဲမြှုပ်ရာဂုဏ် လွန်ပြည့်စုံသောကြောင့် ပုညက္ခေတ္တံလောကဿ- ဂုဏ်တော်ထူးဖြင့် ချီးကျူးအပ်ပါပေစွာ့တကား..။ (၉)

ပြိုးပြွမ်းမှတ်ဖွယ် ပကိဏ္ဏကအဓိပ္ပါယ်

     သာဝကသံဃာ။ ။အရိယာရှစ်ဖော် သံဃာတော်ကို မုချအားဖြင့် သာဝကသံဃာဟူ၍ ခေါ်၏၊ ကလျာဏပုထုဇန် သီလဝန် ပညဝန် အရှင်မွန် အရှင်မြတ် အပေါင်းကိုလည်း ဘုရားအဆုံးအမ ဩဝါဒကို ရိုသေစွာ လိုက်နာသောကြောင့် ပရိယာယအားဖြင့် သာဝကသံဃာဟူ၍ ခေါ်၏။ ထင်ရှားစေဦးအံ့- သာဝကဟူသော ပုဒ်ကို “သက္ကစ္စံ သုဏန္တီတိ သာဝကာ = ရိုသေစွာ နာယူတတ်သောကြောင့် သာဝက”ဟူ၍ ဝိဂြိုဟ်ပြုရ၏။ ရိုသေစွာ နာယူမှု ဟူသည်လည်း ဆုံးမအပ်တိုင်း ကျင့်ကြံခြင်းဖြင့် ကိစ္စပြီးပြည့်စုံသောကြောင့် အရိယာအဖြစ်ကို ရွက်ဆောင်နိုင်သော နာယူခြင်းမျိုးကို ဆိုလိုသည်။ ထို့ကြောင့် ဤဝိဂြိုဟ်အရ မုချအားဖြင့် အရိယာပုဂ္ဂိုလ်တို့သာ သာဝကသံဃာမည်၍ ကလျာဏပုထုဇန် ပုဂ္ဂိုလ်တို့မှာ



၆၇၂

ပရိယာယအားဖြင့် သာဝကသံဃာ မည်လေသည်။ (အရိယာအဖြစ်သို့ ရောက်မှသာ ရိုသေစွာ နာယူမှုကိစ္စ ပြီးဆုံးပြည့်စုံလေသည်၊ ထို့ကြောင့် အရိယာပုဂ္ဂိုလ်တို့သာ မုချအားဖြင့် သာ၀ကသံဃာမည်၍ ကလျာဏပုထုဇန် သီလဝန် ပညဝန် အရှင်မွန် အရှင်မြတ်အပေါင်းမှာ မဂ်ဖိုလ်သို့ပင် မရောက်သေးသော်လည်း ရောက်မည်ဧကန် စင်စစ်မှန်သောကြောင့် ပရိယာယအားဖြင့် သာဝကသံဃာ အမည်ရလေသည်ဟု ဆိုလိုသည်)။ သီလ,အယူ တူညီသောအားဖြင့် စိတ်ဝယ်ပေါင်းစပ် မှတ်ယူအပ်သောကြောင့် သံဃ = သံဃာဟူ၍ ခေါ်သည်။ သီလ,အယူ တူညီသော ပုဂ္ဂိုလ်အပေါင်းဟု ဆိုလိုသည်၊ အရိယာသံဃာကို အရကောက်ယူရသည်၊ မှန်၏- အရိယာပုဂ္ဂိုလ်တို့၏ သီလ,အယူတို့မှာ မဂ်ဖြင့်လာသော (=မဂ်တည်းဟူသော အခြေခံအကြောင်းမှ ဆင်းသက်လာသော) သီလ,အယူများဖြစ်သဖြင့် ထူးခြားကွဲလွဲချက် လုံးဝမရှိပဲ ရွှေသားကို အလယ်မှဖြတ်၍ ထားအပ်သကဲ့သို့ တူညီမျှကြလေသည်။

(၁) သုပ္ပဋိပန္နဂုဏ်တော်-စသည်

     ဤသံဃဂုဏ်တော် ကိုးပါးတို့တွင် ရှေ့ဖြစ်သော သုပ္ပဋိပန္နတာ-စသော ဂုဏ်တော်လေးပါးကြောင့် အာဟုနေယျ-စသော နောက်ဂုဏ်တော်ငါးပါးကို ပြီးမြောက်ကြရကား ရှေ့ဂုဏ်တော် လေးပါးတို့သည် အကြောင်းဂုဏ်တော်များဖြစ်၍ နောက်ဂုဏ်တော်ငါးပါးတို့မှာ အကျိုးဂုဏ်တော်များ ဖြစ်လေသည်။

     အကြောင်းဂုဏ်တော် လေးပါးဟူရာ၌လည်း လေးမျိုးလေးစား ခွဲခြား၍ ကျင့်ကြံနေရသည်မဟုတ်၊ တချက်ခုတ် လေးချက်ပြတ်ဟု ဆိုရလေအောင် အရိယမဂ်တည်းဟူသော သမ္မာပဋိပတ်ကို ကျင့်ကြံလျှင်ပင် ရှေ့ဂုဏ်တော်လေးချက် ပြည့်စုံလာလေသည်။

     ထင်ရှားစေဦးအံ့- မြတ်စွာဘုရား ဟောကြားဆုံးမတော်မူအပ်သော အဆုံးအမ ဩဝါဒ သာသနာတော်ဟူသည်မှာ အချုပ်အားဖြင့် မှတ်ယူလျှင် အရိယမဂ်တည်းဟူသော သမ္မာပဋိပတ်



၆၇၃

အကျင့်မြတ်ပင် ဖြစ်လေသည်။ ယင်း သမ္မာပဋိပတ်ကိုပင် လေးဆယ့်ငါးဝါ ကာလကြာအောင် သတ္တဝါတို့ အလိုအဇ္ဈာသယနှင့် လိုက်လျောညီညွတ်အောင် ဒေသနာနည်း အမျိုးမျိုးဖြင့် ဟောကြားတော်မူအပ်လေသည်၊ သို့ရကား အရိယမဂ်တည်းဟူသော သမ္မာပဋိပတ် အကျင့်မြတ်သည် သာသနာတော် တရပ်လုံး၏ လိုရင်းပဓာန အကျင့်မြတ် ဖြစ်လေသည်။ ယင်း သမ္မာပဋိပတ် အကျင့်မြတ်ကို လိုက်နာကျင့်သုံးလျှင် သုပ္ပဋိပန္န = ကောင်းစွာကျင့်ကြံသောပုဂ္ဂိုလ် ဖြစ်လေသည်။

     မြတ်စွာဘုရား၏ တပည့်သား သံဃာတော်မြတ် အပေါင်းသည် ထိုသမ္မာပဋိပတ် အကျင့်မြတ်ကို လိုက်နာကျင့်သုံးသောကြောင့် သုပ္ပဋိပန္နတာ ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။ (၁)

     ယင်း အရိယမဂ်တည်းဟူသော သမ္မာပဋိပတ် အကျင့်မြတ်ကိုပင် “ဆန့်ကျင်ဖက်ဖြစ်သော အကုသိုလ် တရားတို့ကို မဆုတ်မနစ် ဖြောင့်ဖြောင့်မတ်မတ်ကြီး ပယ်သတ်နိုင်သောကြောင့် “အနိဝတ္တိပဋိပတ် ဥဇုပဋိပတ် အကျင့်မြတ်”ဟူ၍လည်း ခေါ်ရလေသည်။ ထိုသမ္မာပဋိပတ် တည်းဟူသော မဆုတ်နစ်သော ပဋိပတ်ဖြောင့်မတ်သော ပဋိပတ် အကျင့်မြတ်ကို လိုက်နာကျင့်သုံးသောကြောင့် သံဃာတော်သည် ဥဇုပ္ပဋိပန္နဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။ (၂)

     ယင်း အရိယမဂ်တည်းဟူသော သမ္မာပဋိပတ် အကျင့်မြတ်ကိုပင် နိဗ္ဗာန်အား လျော်စွာဖြစ်၍ ထိုနိဗ္ဗာန်တရားနှင့် မဆန့်ကျင်သောကြောင့် အနုလောမပဋိပတ် အပစ္စနီကပဋိပတ် (=ဉာယပဋိပတ်) အကျင့်မြတ် ဟူ၍လည်း ခေါ်ရလေသည်၊ ထိုသမ္မာပဋိပတ် တည်းဟူသော ဉာယပဋိပတ် = နိဗ္ဗာန်အားလျော်၍ နိဗ္ဗာန်နှင့် မဆန့်ကျင်သော ပဋိပတ် အကျင့်မြတ်ကို လိုက်နာကျင့်သုံးသောကြောင့် သံဃာတော်သည် ဉာယပ္ပဋိပန္န ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။ (၃)

     ယင်း အရိယမဂ်တည်းဟူသော သမ္မာပဋိပတ် အကျင့်မြတ်ကိုပင် လောကုတ္တရာတရား ကိုးပါးအား လျော်လျောက်ပတ်သော



၆၇၄

အကျင့်မြတ်ဖြစ်သောကြောင့် ဓမ္မာနုဓမ္မပဋိပတ် = သာမီစိပဋိပတ် အကျင့်မြတ် ဟူ၍လည်း ခေါ်ရလေသည်။ ထိုသာမီစိပဋိပတ် = လောကုတ္တရာတရား ကိုးပါးအား လျော်လျောက်ပတ်သော အကျင့်မြတ်ကို လိုက်နာကျင့်သုံးသောကြောင့် သံဃာတော်သည် သာမီစိပ္ပဋိပန္န ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။ (၄)

     ဤ၌ အရိယာရှစ်ပါး သံဃာတော်များတွင် မဂ္ဂဋ္ဌာန်အရိယာပုဂ္ဂိုလ် = မဂ်၌တည်သော အရိယာပုဂ္ဂိုလ်တို့သည် ဖော်ပြရာပါ အရိယမဂ်တည်းဟူသော သမ္မာပဋိပတ်နှင့် ပြည့်စုံတော်မူကြသောကြောင့် သုပ္ပဋိပန္နဂုဏ်ရှင် ဖြစ်တော်မူကြကုန်၏၊ ဖလဋ္ဌာန်အရိယာပုဂ္ဂိုလ် = ဖိုလ်၌တည်သော အရိယာပုဂ္ဂိုလ်တို့သည် သမ္မာပဋိပတ်ဖြင့် ရောက်ဆိုက်အပ်သော အရိယဖိုလ်, နိဗ္ဗာန်သို့ ရောက်ဆိုက်တော်မူကြပြီး ဖြစ်သောကြောင့် အတိတ်ဖြစ်သော သမ္မာပဋိပတ်ကို ရည်ရွယ်၍ သုပ္ပဋိပန္နဂုဏ်ရှင် ဖြစ်တော်မူကြကုန်၏။

     တနည်းကား- မြတ်စွာဘုရား ကောင်းစွာ ဟောကြားအပ်သည့် ဓမ္မဝိနယသာသနာ = တရားသဖြင့်ဆုံးမရာ သာသနာတော်၌ မြတ်စွာဘုရားရှင် ဆုံးမတော်မူအပ်သည့်အတိုင်း အရိယာသံဃာတော်သည် ကျင့်ကြံတော်မူ၏။ ယင်းသို့ ကျင့်ကြံသဖြင့် အပဏ္ဏကပဋိပတ် = မချွတ်မယွင်း မှန်ကန်ကောင်းမြတ် အပြစ်ကင်းသော အကျင့်ပဋိပတ်ကို ကျင့်ကြံတော်မူကြသည်မည်၏။ သို့ရကား သံဃာတော်သည် အပဏ္ဏကပဋိပတ် = မချွတ်မယွင်း မှန်ကန်ကောင်းမြတ် အပြစ်ကင်းသော အကျင့်ပဋိပတ်ကို ကျင့်ကြံတော်မူတတ်သောကြောင့် သုပ္ပဋိပန္နဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။ (၁)

     သံဃာတော်သည် မဂ္ဂင်ရှစ်ပါး တည်းဟူသော မဇ္ဈိမပဋိပတ်ဖြင့် အယုတ်တရားနှစ်ပါးသို့ မလားမကပ်ပဲ ကျင့်ကြံတော်မူတတ်သောကြောင့်၎င်း, ထိုသို့ကျင့်သဖြင့် ဒွါရသုံးပါးတို့၌ အကောက်သုံးပါးတို့ကို ပယ်ရှားဖို့ရန် ကျင့်ကြံတော်မူတတ်သောကြောင့်၎င်း, (အကောက်သုံးပါးအကြောင်း ဂုဏ်တော်အနက်၌



၆၇၅

ပါရှိ၏) ဖြောင့်မတ်သော အကျင့်ပဋိပတ်ကို ကျင့်ကြံတော်မူတတ်သောကြောင့်၎င်း ဥဇုပ္ပဋိပန္နဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။ (၂)

     မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့ဖြင့် ထိုးထွင်းသိအပ်သောကြောင့် နိဗ္ဗာန်ကို ဉာယဟူ၍ ခေါ်ဆို၏၊ ထိုနိဗ္ဗာန်တည်းဟူသော ဉာယအလို့ငှါ ကျင့်ကြံတော်မူတတ်သောကြောင့် သံဃာတော်သည် ဉာယပ္ပဋိပန္န ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။ (၃)

     ရှိခိုးခြင်း, ခရီးဦးကြိုခြင်း, လက်အုပ်ချီခြင်း, ပစ္စည်းလေးရပ် ဆက်ကပ်လှူဒါန်းခြင်း- စသည်တို့ကို အရိုအသေပြုမှုဖြစ်သောကြောင့် သာမီစိကမ္မဟူ၍ ခေါ်ဆို၏၊ နတ်လူတို့က ထိုအရိုအသေပြုမှု တည်းဟူသော သာမီစိကမ္မကို သံဃာတော်အား ပြုလုပ်ကြသည်မှာ သီလ, သမာဓိ, ပညာ တည်းဟူသော ဂုဏ်ကျေးဇူးကို ချီးမွမ်းပူဇော်သောအားဖြင့် ပြုလုပ်ကြခြင်း ဖြစ်လေသည်၊ မိမိကိုယ်နှိုက်ကား ထိုဂုဏ်ကျေးဇူးများ မရှိသောသူသည် ထိုအရိုအသေပြုမှု = သာမီစိကမ္မကို မခံထိုက်ချေ။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည်ကား သီလ, သမာဓိ, ပညာ = သိက္ခာသုံးရပ်ဖြင့် ရေတွက်အပ်သော အရိယမဂ်တည်းဟူသော သမ္မာပဋိပတ် အကျင့်မြတ်ကို ကျင့်ကြံတော်မူသောကြောင့် နတ်လူတို့ပြုအပ်သည့် ဖော်ပြရာပါ အရိုအသေပြုမှု = သာမီစိကမ္မကို ခံယူထိုက်လေသည်၊ အရိယမဂ်တည်းဟူသော သမ္မာပဋိပတ် အကျင့်မြတ်သည် ဖော်ပြရာပါ အရိုအသေပြုမှု = သာမီစိကမ္မကို ခံယူထိုက်သော အကျင့်ဖြစ်သောကြောင့် သာမီစိပဋိပတ်လည်း ဖြစ်လေသည်၊ သို့ရကား သံဃာတော်သည် ထိုသာမီစိပဋိပတ်ကို ကျင့်ကြံတော်မူသောကြောင့် သာမီစိပ္ပဋိပန္န ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။ (၄)။ ။ဤဖော်ပြရာပါ ဂုဏ်လေးပါးတို့ကား အကြောင်းဂုဏ်တို့ ဖြစ်ကြ၏။

     လေးစုံ-ရှစ်ပါး။ ။ဆိုအပ်ပြီးသော အကြောင်းဂုဏ်လေးပါးတို့နှင့် ပြည့်စုံတော်မူသော သံဃာတော်ကို အစုံဖွဲ့၍ ရေတွက်လျှင်-



၆၇၆

(က) ပဌမမဂ္ဂဋ္ဌပုဂ္ဂိုလ် = သောတာပတ္တိမဂ်၌ တည်သောပုဂ္ဂိုလ်နှင့် ပဌမဖလဋ္ဌပုဂ္ဂိုလ် = သောတာပတ္တိဖိုလ်၌ တည်သောပုဂ္ဂိုလ်၊ ဤကားတစုံ,

(ခ) ဒုတိယမဂ္ဂဋ္ဌပုဂ္ဂိုလ် = သကဒါဂါမိမဂ်၌ တည်သောပုဂ္ဂိုလ်နှင့် ဒုတိယဖလဋ္ဌပုဂ္ဂိုလ် = သကဒါဂါမိဖိုလ်၌ တည်သောပုဂ္ဂိုလ်၊ ဤကားတစုံ,

(ဂ) တတိယမဂ္ဂဋ္ဌပုဂ္ဂိုလ် = အနာဂါမိမဂ်၌ တည်သောပုဂ္ဂိုလ်နှင့် တတိယဖလဋ္ဌပုဂ္ဂိုလ် = အနာဂါမိဖိုလ်၌ တည်သောပုဂ္ဂိုလ်၊ ဤကားတစုံ,

(ဃ) စတုတ္ထမဂ္ဂဋ္ဌပုဂ္ဂိုလ် = အရဟတ္တမဂ်၌ တည်သောပုဂ္ဂိုလ်နှင့် စတုတ္ထဖလဋ္ဌပုဂ္ဂိုလ် = အရဟတ္တဖိုလ်၌ တည်သောပုဂ္ဂိုလ်၊ ဤကားတစုံ-

ဤသို့ လေးစုံဖြစ်လေသည်၊ (ယဒိဒံ စတ္တာရိ ပုရိသယုဂါနိအရ ဖြစ်သည်)။

     ထိုအစုံလေးပါး အရိယာသံဃာတော်များကို တပါးစီ တမျိုးစီ ရေတွက်လျှင် ရှစ်ပါး = ရှစ်မျိုး ဖြစ်လေသည်။ ယင်းရှစ်မျိုးကိုပင် အဋ္ဌ ပုရိသပုဂ္ဂလာ-ဟု ဟောတော်မူခြင်း ဖြစ်လေသည်။

(၂) အာဟုနေယျဂုဏ်တော်စသည်

     ဖော်ပြရာပါ လေးစုံရှစ်ပါး အရိယာ သံဃာတော်များသည် ရှေးဆိုအပ်ပြီးသည့် သုပ္ပဋိပန္န-အစရှိသော အကြောင်းဂုဏ်တော် လေးပါးတို့နှင့် ပြည့်စုံတော်မူသောကြောင့် ဤဆိုလတ္တံ့သော အကျိုးဖြစ်သည့် အာဟုနေယျ-အစရှိသော ဂုဏ်တော်ငါးပါးတို့နှင့်လည်း ပြည့်စုံတော်မူ၏၊ ပြည့်စုံတော်မူပုံမှာ-

     အာဟုနေယျဂုဏ်တော်။ ။(အာ = အဝေးကပင် ယူဆောင်၍ + ဟုန = ပူဇော်လှူဒါန်းအပ်သော ပစ္စည်းလေးပါးတို့ကို + ဧယျ = ခံယူတော်မူထိုက်သည်)။ အရိယာသံဃာတော်သည် ဖော်ပြရာပါ သုပ္ပဋိပန္န-အစရှိသော အကြောင်းဂုဏ် လေးပါးတို့နှင့်



၆၇၇

ပြည့်စုံတော်မူခြင်းကြောင့် ပစ္စည်းလေးရပ် ဆက်ကပ်လှူဒါန်းသူ အလှူဒါယကာတို့၏ အလှူဒါန အကျိုးကြီးမြတ်အောင် ပြုလုပ်တော်မူနိုင်သည်။ ထို့ကြောင့် အရိယာသံဃာတော်ကို မိမိထံမှောက် အလှူခံကြွရောက်လာလျှင် မိမိလက်၌ လှူဖွယ်ဝတ္ထု ထင်ရှားရှိနေလျှင် နှစ်သက်ဝမ်းမြောက်စွာ လှူဒါန်းထိုက်ပေ၏၊ အကယ်၍ မိမိလက်၌ လောလောဆယ် လှူဖွယ်ဝတ္ထု မရှိလျှင် အဝေးမှပင်သော်လည်း မရရအောင် ရှာဖွေယူဆောင်၍ လှူဒါန်ထိုက်လေသည်။ ထိုသို့ အဝေးမှပင်သော်လည်း ယူဆောင်၍ လှူဒါန်းအပ်သော ပစ္စည်းလေးရပ်တို့ကို အာဟုန-ဟူ၍ ခေါ်ဆို၏။ ထိုအာဟုန-မည်သော အဝေးမှယူဆောင်၍ လှူဒါန်းအပ်သော ပစ္စည်းလေးရပ်ကို အရိယာ သံဃာတော်သည် ရှေးဖော်ပြရာပါ အကြောင်းဂုဏ် လေးပါးတို့နှင့် ပြည့်စုံတော်မူရကား ထိုအလှူဒါန အကျိုးကြီးမြတ်အောင် ရွက်ဆောင် ပြုလုပ်တော်မူနိုင်သောကြောင့် ခံယူခြင်းငှာ ထိုက်တန်တော်မူလေသည်။ ထို့ကြောင့် အရိယာ သံဃာတော်သည် အာဟုနေယျ ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူ၏။

     တနည်း- (အာ = အဝေးမှပင်သော်လည်း လာရောက်၍ + ဟုနေယျ = ပစ္စည်းလေးဖော်တို့ကို ပူဇော်ထိုက်သည်)။ အရိယာ သံဃာတော်သည် ဖော်ပြရာပါ အကြောင်းဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်းကြောင့် အလှူဒါန အကျိုးကြီးမြတ်အောင် ရွက်ဆောင်ပြုလုပ်တော်မူနိုင်၏။ ထို့ကြောင့် အလှူဒါန၏ အကျိုးကြီးမြတ်မှုကို အလိုရှိသူ အလှူဒါယကာသည် အရိယာသံဃာတော်တို့ မိမိထံမှောက် အလှူခံကြွရောက်လာမှသာ ပူဇော်လှူဒါန်းထိုက်သည် မဟုတ်သေး၊ မိမိတည်းဟူသော အလှူဒါယကာကိုယ်တိုင်က အဝေးမှပင်သော်လည်း အရိယာသံဃာတော်တို့ရှိရာသို့ လာရောက်၍ ပစ္စည်းလေးဖော်ကို ပူဇော် လှူဒါန်းထိုက်လေသည်။ ယင်းသို့ အလှူဒါယကာ ကိုယ်တိုင်က အဝေးမှပင်သော်လည်း သံဃာတော်ရှိရာသို့ လာရောက်၍ ပူဇော်လှူဒါန်းအပ်သော ပစ္စည်းလေးရပ်ကို အာဟုန-ဟူ၍ ခေါ်ဆို၏။



၆၇၈

ထိုအာဟုနမည်သော အလှူဒါယကာ ကိုယ်တိုင်က အဝေးမှပင်သော်လည်း လာရောက်၍ ပူဇော် လှူဒါန်းအပ်သော ပစ္စည်းလေးရပ်ကို အရိယာသံဃာတော်သည် (ရှေ့နည်း၌ ဆိုအပ်ပြီးသော အကြောင်းကြောင့်) ခံယူခြင်းငှါ ထိုက်တန်တော်မူလေသည်။ ထို့ကြောင့် အရိယာ သံဃာတော်သည် အာဟုနေယျ ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူ၏။

     တနည်း- သိကြားမင်းစသည်တို့က ပူဇော်အပ်သော လှူဖွယ်ဝတ္ထုကို ခံယူတော်မူထိုက်သောကြောင့် အရိယာသံဃာတော်သည် အာဟုနေယျ ဂုဏ်တော်နှင့်လည်း ပြည့်စုံတော်မူ၏။ တနည်း- ပုဏ္ဏားတို့မှာ အပူဇော်ခံဟူ၍ မီးတမျိုးရှိသည်။ (၎င်းမီးကို အာဟဝနီယ-ဟူ၍ ခေါ်၏၊ အာဟဝနီယဟူသော ပုဒ်နှင့် အာဟုနေယျဟူသော ပုဒ်သည် သဒ္ဒါနေအနည်းငယ် ကွဲပြားသော်လည်း အနက်သွားတူညီ၏)၊ ထိုအပူဇော်ခံမီး၌ ထောပတ်-စသည်ကို ပူဇော်လျှင် အလွန်အကျိုးကြီး၏ဟု ပုဏ္ဏားတို့က အယူရှိကြလေသည်။ အကယ်၍ ထောပတ်-စသည် ပူဇော်လှူဒါန်းမှု၏ အကျိုးကြီးမြတ်သောကြောင့် ပုဏ္ဏားတို့၏ အပူဇော်ခံမီးသည် အာဟဝနီယ (=အာဟုနေယျ)မည်လျှင် အရိယာ သံဃာတော်သည်သာလျှင် ဧကန်စင်စစ် အလှူဒါန၏ အကျိုးကြီးမြတ်မှုကို ပြုတော်မူတတ်သောကြောင့် အာဟဝနီယ (=အာဟုနေယျ) မည်ထိုက်လေသည်။ ပုဏ္ဏားတို့က မိမိတို့၏ အပူဇော်ခံမီးသည် ထောပတ်စသည် ပူဇော်မှု၏ အကျိုးကြီးအောင် ပြုတတ်သောကြောင့် အာဟဝနီယမီး = အပူဇော်ခံထိုက်သော မီးဟူ၍ ဆိုစေကာမူ ထိုစကားမှာ စကားမျှသာဖြစ်၍ စင်စစ် ထိုမီး၌ ထောပတ်စသည် လောင်းလှူပူဇော်လျှင် ပြာဖြစ်ရုံမှတပါး အခြား အကျိုးကြီးမှုဟူ၍ မရှိချေ။ အရိယာ သံဃာတော်ကား ဖော်ပြရာပါ အကြောင်းဂုဏ် လေးပါးတို့နှင့် ပြည့်စုံတော်မူရကား ပူဇော် လှူဒါန်းအပ်သော အလှူဒါန အဝဝ၏ အကျိုးကြီးမြတ်မှုကို ဧကန်စင်စစ် ပြုတော်မူနိုင်သောကြောင့် အရိယာ သံဃာတော်သည်သာလျှင် အာဟုနေယျ = အပူဇော်ခံထိုက်မှုဂုဏ်နှင့်



၆၇၉

ပြည့်စုံတော်မူလေသည်။ ထို့ကြောင့် ဓမ္မပဒပါဠိတော်၊ ၈-သဟဿဝဂ်၊ ၆-သာရိပုတ္တတ္ထေရဿဘာဂိနေယျဝတ္ထု (ပါဠိတော်နံပါတ် ၂၉, ပိဋကမြန်မာပြန် နံပါတ် ၂၈)၌-

ယော စ ဝဿသတံ ဇန္တု၊

အဂ္ဂိံ ပရိစရေ ဝနေ။

ဧကဉ္စ ဘာဝိတတ္တာနံ၊

မုဟုတ္တမပိ ပူဇယေ။

သာယေ၀ ပူဇနာ သေယျော၊

ယဉ္စေ ဝဿသတံ ဟုတံ။

အကြင်သူသည် အနှစ်တရာပတ်လုံး တော၌ မီးကို လုပ်ကျွေးပူဇော်ရာ၏၊ အကြင်သူသည်ကား ဝိပဿနာ ပွါးများသော စိတ်ရှိသော ရဟန်းတို့အား တကြိမ်တခါမျှ ပူဇော်ရာ၏၊ (ထိုသူတို့၏ ပူဇော်ခြင်း နှစ်မျိုးတို့တွင်) ထိုဝိပဿနာပွါးများသော ရဟန်းတို့အား ထိုတခဏမျှ ပူဇော်ခြင်းသည်သာ မြတ်၏။ အနှစ်တရာပတ်လုံး မီးပူဇော်ခြင်းသည် မမြတ်-

ဟူ၍ ဟောတော်မူအပ်လေပြီ။ ဤကား အာဟုနေယျဂုဏ်တော်တည်း။ (၅)

     ပါဟုနေယျဂုဏ်တော်။ ။တူရူအရပ် အထောင့်အရပ်တို့မှ မိမိထံမှောက် လာရောက်ကြသည့် ဆွေမျိုးမိတ်သင်္ဂဟ အာဂန္တုက ဧည့်သည်တို့ကိုလည်း ပါဟုန-ဟူ၍ ခေါ်၏။ ထိုသူတို့အလို့ငှါ လက်ဆောင်ပဏ္ဏာ ပူဇော်သက္ကာရမှု ပြုရန်အတွက် စီမံအပ်သော ပေးကမ်းဖွယ်ဝတ္ထု အစုစုကိုလည်း ပါဟုနဟူ၍ ခေါ်၏။ ဤ၌ကား နောက်အနက်ကို ဆိုလို၏။ (ပါဟုန = ဧည့်သည်အလို့ငှါ စီမံအပ်သော ပေးကမ်းဖွယ်ဝတ္ထု အစုစုကို + ဧယျ = ခံယူထိုက်သည်)။ ဧည့်သည်တို့အလို့ငှါ လက်ဆောင်ပဏ္ဏာ ပူဇော်သက္ကာရမှု ပြုရန်အတွက် စီမံအပ်သော ပေးကမ်းဖွယ်ဝတ္ထု အစုစုကို ထိုအာဂန္တု ဧည့်သည်များကို (သံဃာတော် ရောက်ရှိလာက)



၆၈၀

ခေတ္တဆိုင်းငံ့ထား၍ သံဃာတော်အားသာ အလျင်လက်ဦး ပေးလှူထိုက်လေသည်၊ အရိယာသံဃာတော်သည်သာလျှင် ဆိုအပ်ပြီးသော အကြောင်းဂုဏ်တို့နှင့် ပြည့်စုံတော်မူသောကြောင့် ထိုလက်ဆောင်ပဏ္ဏာ ပူဇော်သက္ကာရဝတ္ထု အစုစုတို့ကို ခံယူထိုက်လေသည်။ မှန်၏- အရိယာသံဃာတော်သည် ဘုရားတဆူနှင့် တဆူအကြား ရှည်လျားလှစွာ မရေမတွက်နိုင်သည့် နှစ်ပရိစ္ဆေဒ အချိန်ကာလ တည်းဟူသော ဗုဒ္ဓန္တရအသင်္ချေယျကပ် တကပ်တကပ်ကြာမှ တခါတခါသာ တွေ့မြင်ရသောကြောင့်၎င်း, ချစ်နှစ်သက်ဖွယ်ကို ပြုတတ်သည့် ကောင်းသောတရားတို့နှင့် ပြည့်စုံတော်မူသောကြောင့်၎င်း အတူမရှိသော ဆွေမျိုးမိတ်သင်္ဂဟ အာဂန္တုက ဧည့်သည်ဖြစ်လေသည်။ သို့ရကား လက်ဆောင်ပဏ္ဏာ ပူဇော်သက္ကာရ ဝတ္ထုတို့ကို ပကတိဧည့်သည်အာဂန္တုတို့မှ အလျင်လက်ဦး ရှေးဖော်ပြရာပါ အကြောင်းဂုဏ်လေးမျိုးတို့နှင့် ပြည့်စုံတော်မူသော ကြောင့် အရိယာ သံဃာတော်အား လှူထိုက်လေသည်၊ ထိုဝတ္ထုတို့ကို အရိယာ သံဃာတော်သည် ခံယူထိုက်လေသည်။ ထို့ကြောင့် အရိယာ သံဃာတော်သည် ပါဟုနေယျဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။ (၆)

     ဒက္ခိဏေယျဂုဏ်တော်။ ။တမလွန်လောကကို ယုံကြည်၍ လှူအပ်သော အလှူဒါနကို ဒက္ခိဏာဟူ၍ ခေါ်၏။ ဒက္ခန္တိ ဧတာယ သတ္တာ ယထာဓိပ္ပေတာဟိ သမ္ပတ္တီဟိ ဝဍ္ဎန္တီတိ ဒက္ခိဏာ။ ဧတာယ = ဤဒါနစေတနာဖြင့်။ သတ္တာ = သတ္တဝါတို့သည်။ ယထာဓိပ္ပေတာဟိ = အကြင်အကြင် အလိုရှိအပ်ကုန်သော။ သမ္ပတ္တီဟိ = စည်းစိမ်ချမ်းသာတို့ဖြင့်။ ဒက္ခန္တိ ဝဍ္ဎန္တိ = ပွါးတိုးစည်ပင်ကုန်၏။ ဣတိ = ထိုသို့ ပွါးတိုးစည်ပင်ကြောင်းဖြစ်သော သတ္တိကြောင့်။ သာ = ထိုစေတနာသည်။ ဒက္ခိဏာ = ဒက္ခိဏာမည်၏။ (ဤကား ဒက္ခိဏာပုဒ်၏ ဝိဂြိုဟ်တည်း)။ ဥစ္ဆေဒဒိဋ္ဌိအယူမှား စွဲငြိသူဖြစ်က တမလွန်လောကကို ဘယ်နည်းနှင့်မျှ မယုံကြည်ချေ။ ထိုသို့ တမလွန်လောကကို ရှိသည်ဟု မယုံကြည်လျှင် ဘယ်နည်းနှင့်မျှ အလှူဒါနကို မပြုတော့ချေ။



၆၈၁

     မြတ်စွာဘုရား၏ အလိုတော်မှာ အဝိဇ္ဇာနှင့် ဘဝတဏှာ တည်းဟူသော သံသရာရေသောက်မြစ်နှစ်ပါးကို အကြွင်းမဲ့ အမြစ်ပြတ် ပယ်သတ်ပြီးသော ဘုရား, ရဟန္တာ ပုဂ္ဂိုလ်များမှာ တမလွန်ဘဝ လားရောက်ရန် မရှိတော့ချေ။ ထိုသံသရာ ရေသောက်မြစ်နှစ်ပါးတို့ မပြတ်သေးသောသူမှန်သမျှ (နှုတ်က ဘယ်မျှပင် တမလွန်လောက မရှိဘူးဟု ပြောစေကာမူ) တမလွန်လောက၌ ဖြစ်ရဦးမည်သာ အမှန်ဖြစ်၏။ ဤအရာ၌ ရေသောက်မြစ် ပြတ်ပြီးသော သစ်ပင်၏ လာလတ္တံ့သော နောက်နှစ်၌ အသီးမသီးမှုနှင့် ရေသောက်မြစ် မပြတ်သေးသော သစ်ပင်၏ လာလတ္တံ့သော နောက်နှစ် နောက်နှစ်များ၌ ရေသောက်မြစ် မပြတ်သေးသမျှ အသီးသီးမှုကို မျက်မြင်ကိုယ်တွေ့ ဥပမာပြု၍ သံသရာရေသောက်မြစ် ပြတ်ပြီးသော ဘုရား, ရဟန္တာတို့၏ တမလွန်ဘဝ၌ မဖြစ်တော့မှုနှင့် သံသရာရေသောက်မြစ် မပြတ်သေးသော ပုထုဇန် သောတာပန် သကဒါဂမ် အနာဂါမ်ပုဂ္ဂိုလ်တို့၏ တမလွန်ဘဝ၌ ထိုက်သက်ရာဘဝ၌ ပဋိသန္ဓေ တည်နေဖြစ်ပွါးမှုကို ယုံကြည်စွာ မှတ်ယူရာ၏။

     ဥစ္ဆေဒဒိဋ္ဌိ အယူမှား မစွဲငြိသူဖြစ်မှ တမလွန်လောကကို ယုံကြည်နိုင်သည်။ ထိုသို့ယုံကြည်မှ တမလွန်လောက၌ ချမ်းသာစွာ သံသရာခရီးသွားနိုင်ရေးအတွက် ဒါနကောင်းမှုကို ပြုလုပ်လေသည်။ ထိုသို့ ပြုလုပ်အပ်သော ဒါနကောင်းမှု = ဒါနစေတနာရှိသူများဖြစ်မှ တမလွန်လောကဝယ် မိမိတို့ တောင့်တ အလိုရှိအပ်သော သမ္ပတ္တိချမ်းသာတို့ဖြင့် တိုးပွါး စည်ပင်နိုင်လေသည်။ ထို့ကြောင့် ထိုတမလွန်လောကကို ယုံကြည်၍ ပေးလှူအပ်သော ဒါနသည် ဒက္ခိဏာမည်လေသည်။ (ဒက္ခိဏာ = တမလွန်လောက၌ ကြီးပွါးချမ်းသာ စည်ပင်ကြောင်း ကောင်းမှုဒါနစေတနာ, ဒါနဝတ္ထုဟု ဆိုလိုသည်)။

     အရိယာသံဃာတော်သည် ဖော်ပြရာပါ အကြောင်းဂုဏ် လေးပါးတို့နှင့် ပြည့်စုံတော်မူသောကြောင့် အလှူကောင်းမှုရှင် ဒါယကာ၏ တောင့်တ မျှော်လင့်ချက်အတိုင်း တမလွန်လောက၌ သမ္ပတ္တိချမ်းသာတို့ဖြင့် ပွါးတိုးစည်ပင်မှုကို ပြုတော်မူနိုင်ရကား



၆၈၂

ထိုဒက္ခိဏာမည်သော မြတ်သောအလှူကို ခံယူထိုက်လေသည်။ ထို့ကြောင့် အရိယာ သံဃာတော်သည် ဒက္ခိဏေယျဂုဏ်နှင့် ပြည့်စုံတော်မူ၏။ (ဒက္ခိဏာ = မြတ်သောအလှူကို + ဧယျ = ခံယူထိုက်သော အရိယာ သံဃာတော်ဟု ဆိုလိုသည်)။

     တနည်း- အရိယာ သံဃာတော်သည် ထိုဒက္ခိဏမည်သော မြတ်သောအလှူကို အကျိုးကြီးမြတ်အောင် ပြုခြင်းဖြင့် စင်ကြယ်စေတတ် = သုတ်သင်တော်မူတတ်သည်၊ သို့ရကား “ဒက္ခိဏာယ ဟိတော ဒက္ခိဏေယျော။ ဒက္ခိဏာယ = မြတ်သောအလှူအား။ ဟိတော = သင့်လျောက်ပတ်သော အရိယာသံဃာတော်တည်း။ ဒက္ခိဏေယျော = မြတ်သောအလှူအား သင့်လျော် လျောက်ပတ်သော အရိယာ သံဃာတော်”ဟူသော ဝစနတ္ထအရ ဒက္ခိဏေယျ ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။ (၇)

     အဉ္ဇလိကရဏီယဂုဏ်တော်။ ။အရိယာ သံဃာတော်သည် ဖော်ပြရာပါ အကြောင်းဂုဏ် လေးပါးတို့နှင့် ပြည့်စုံတော်မူသောကြောင့် လူအပေါင်းက လက်နှစ်ဖက်တို့ကို ဦးခေါင်းထက်၌ တင်ထားကြကာ ပြုလုပ်အပ်သော လက်အုပ်ချီမိုး ရှိခိုးမှု အရိုအသေပြုမှုကို ခံယူတော်မူထိုက်လေသည်။ ထို့ကြောင့် အရိယာ သံဃာတော်သည် “အဉ္ဇလိကရဏီယာ ဧတ္ထာတိ အဉ္ဇလိကရဏီယော။ ဧတ္ထ = ဤအရိယာရှစ်ဖော် သံဃာတော်၌။ (ပုညတ္ထိကေဟိ = ကောင်းမှုကို အလိုရှိသောသူတို့သည်)။ အဉ္ဇလိ = လက်အုပ်ချီမြှောက်မှုကို။ ကရဏီယာ = ပြုအပ်၏။ ဣတိ = ဤသို့ ကုသိုလ်ကောင်းမှုကို အလိုရှိသောသူတို့၏ လက်အုပ်ချီမှုပြုရာ ဖြစ်သောကြောင့်။ သော = ထိုအရိယာရှစ်ဖော် သံဃာတော်သည်။ အဉ္ဇလိကရဏီယော = အဉ္ဇလိကရဏီယ မည်တော်မူ၏”ဟူသော ဝစနတ္ထအရ အဉ္ဇလိကရဏီယဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။ (၈)

     အနုတ္တရံ ပုညက္ခေတ္တံ လောကဿဂုဏ်တော်။ ။အနုတ္တရံ-ဟူသော ပုဒ်၏ မူလသဒ္ဒါနက်မှာ “နတ္ထိ ဣတော ဥတ္တရန္တိ အနုတ္တရံ။ ဣတော = ဤအရိယာသံဃာ လယ်မြေယာထက်။ ဥတ္တရံ = သာလွန်မြင့်မြတ်သော အခြားသံဃာ လယ်မြေယာသည်။



၆၈၃

နတ္ထိ = မရှိ။ ဣတိ = ထိုသို့ မိမိထက် သာလွန်မြင့်မြတ်သော အခြားသံဃာ လယ်မြေယာ မရှိရာဖြစ်သောကြောင့်။ တံ = ထိုအရိယာသံဃာ လယ်မြေယာသည်။ အနုတ္တရံ = အနုတ္တရ မည်တော်မူ၏”ဟူသော ဝစနတ္ထအရ “မိမိထက် သာလွန်မြင့်မြတ်သော အခြားသံဃာ လယ်မြေယာ မရှိရာဖြစ်သော”ဟု အနက်ထွက်သော်လည်း အရိယာသံဃာတော်မှာ မိမိထက် သာလွန်သော အခြားသံဃာရှိဖို့ရာ ဝေးစွာ့၊ ဂုဏ်သိက္ခာရည် တူညီသော သံဃာမျှပင် မရှိသောကြောင့် ထိုအနုတ္တရံဟူသောပုဒ်ကို “အနုတ္တရံ = အတုမရှိ လွန်မြတ် ဘိသော”ဟု အဓိပ္ပါယ်နက် ဆရာတို့ ပြန်ဆိုတော်မူကြသည်။

     ပကတိမျိုးစေ့များကို စိုက်ပျိုးကြဲချရာ ဖြစ်သောကြောင့် ပကတိ လယ်ယာမြေကို ခေတ္တဟူ၍ ခေါ်၏။ ထို့အတူ အရိယာသံဃာတော်ကိုလည်း ကောင်းမှုမျိုးကို စိုက်ပျိုး ကြဲချရာဖြစ်သောကြောင့် ပုညက္ခေတ္တ-ဟူ၍ ခေါ်၏။ ပကတိ လယ်ယာမြေသည် ပကတိမျိုးစေ့တို့၏ စိုက်ပျိုးကြဲချရာ ဖြစ်သည့်ပြင် ထိုစိုက်ပျိုးကြဲချအပ်သော မျိုးစေ့များကိုလည်း အသီးပြန့်ပွါး ကြီးထွား များပြားလာအောင် စောင့်ရှောက်သကဲ့သို့ အရိယာသံဃာတော်သည်လည်း ကုသိုလ်ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ ဖြစ်သည့်ပြင် ထိုစိုက်ပျိုး ကြဲချအပ်သော ကုသိုလ်ကောင်းမှု မျိုးစေ့များကိုလည်း အကျိုးပြန့်ပွါး ကြီးထွား များပြားလာအောင် စောင့်ရှောက် လေသည် = မိမိ၏ သီလ သမာဓိ ပညာ မြေဩဇာတို့ဖြင့် ထိုသို့ အကျိုးတရားတည်းဟူသော အသီးများ ကြီးထွားပြန့်ပွါး များပြားအောင် ကျေးဇူးပြုလေသည်။ ထို့ကြောင့် အရိယာသံဃာတော်ကို ပုညက္ခေတ္တ = ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ + ထိုကောင်းမှု မျိုးစေ့များကို အကျိုး = အသီး ကြီးထွားအောင် စောင့်ရှောက်တတ် ကျေးဇူးပြုတတ်သော လယ်မြေယာဟု ခေါ်ဆိုရလေသည်။

     ပြည့်ရှင်မင်းကြီး၏ မျိုးစေ့များကို စိုက်ပျိုးကြဲချရာဖြစ်သော လယ်ယာမြေကို “မင်းကြီး၏ လယ်ယာမြေ”ဟု ခေါ်သကဲ့သို့ ဤအတူပင် အရိယာသံဃာတော်ကိုလည်း အလုံးစုံသော လောက၏ ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးကြဲချရာ ဖြစ်သောကြောင့်၎င်း,



၆၈၄

အတုမရှိ လွန်မြတ်သောကြောင့်၎င်း “အနုတ္တရံ ပုညက္ခေတ္တံ လောကဿ = အလုံးစုံသော လောက၏ အတုမရှိသော ကောင်းမှုမျိုးစေ့ စိုက်ပျိုးကြဲချရာ လယ်ယာမြေ”ဟူ၍ ခေါ်ဆိုရလေသည်။ ထို့ကြောင့် အရိယာ သံဃာတော်သည် အနုတ္တရံ ပုညက္ခေတ္တံ လောကဿ ဂုဏ်နှင့်လည်း ပြည့်စုံတော်မူ၏။ (၉)

သံဃာနုဿတိဘာဝနာ

     သံဃာနုဿတိဘာဝနာနှလုံး ကျင့်သုံးလိုသော သူတော်စင်သည် ဤသံဃဂုဏ်တော် ကိုးပါးအစ၌ ဖော်ပြအပ်သည့်အတိုင်း သံဃဂုဏ်တော် ကိုးပါးတို့ကို ပါဠိမြန်မာ နှစ်ဘာသာဖြင့် အရကျက် နှုတ်တက်ဆောင်ပြီးလျှင် ဂုဏ်တော်တရပ်တရပ်စီအတွက် နှေးလည်း မနှေးကန် မြန်လည်း မမြန်လွန်းစေပဲ နှုတ်မြွက်ရွတ်ဆိုကာ ထိုပါဠိမြန်မာ စကားရပ်တို့၌ ပါရှိသော သံဃာတော်၏ သုပ္ပဋိပန္န-အစရှိသော ဂုဏ်တော်တို့ကို ထပ်တလဲလဲ အောက်မေ့ဆင်ခြင် ပွါးများရာ၏။ ထိုသို့ အောက်မေ့ဆင်ခြင် ပွါးများသောအခါ ထိုသူတော်စင်၏ စိတ်သန္တာန်ဝယ် ရာဂသောင်းကျန်း ထကြွသောစိတ် ဒေါသသောင်းကျန်း ထကြွသောစိတ် မောဟသောင်းကျန်း ထကြွသောစိတ်များ အစဉ်သဖြင့် မဖြစ်ပွါးကြတော့ပဲ ကမ္မဋ္ဌာန်းလမ်းမှန်သို့ သက်ရောက်သဖြင့် တွန့်ဆုတ်ခြင်း ပြန့်လွင့်ခြင်းများ ကင်းရှင်းသောကြောင့် အလယ်အလတ်ဖြစ်သော သမထနိမိတ် ပဋိပတ်ဖြင့် အလွန်ဖြောင့်မတ်သော စိတ်အစဉ်သည် တသွင်သွင် ဖြစ်လေတော့၏။

     ထိုသို့ အောက်မေ့ဆင်ခြင် ပွါးများဖန်များသဖြင့် သံဃဂုဏ်ကို အာရုံပြုသော ဘာဝနာအဆင့်ဆင့် ရင့်၍ရင့်၍လာသောအခါ နီဝရဏတရားများ ကိုယ်မှခွါပြီးသား (ကွာပြီးသား) ဖြစ်လေကုန်၏။ ကိလေသာတရားတို့သည်လည်း ဖြစ်ပွါးမှု ထကြွမှုမရှိပဲ အနယ်ထိုင်နေသည့်ပမာ ငြိမ်၍နေကုန်၏၊ သဒ္ဓါအစရှိသော ဣန္ဒြေ ငါးပါးတို့သည် အလွန်သန့်ရှင်း ထက်မြက်၍ လာကုန်၏။ သံဃာနုဿတိဘာဝနာ အလေ့အလာများသောကြောင့်



၆၈၅

ဝိတက်, ဝိစာရတို့သည် လွန်လွန်ကဲကဲ မိမိတို့ဆိုင်ရာ ကိစ္စတို့ကို ရွက်ဆောင် ကြလျက် ဖြစ်ပွါးကြကုန်၏။ ထိုအခါ မိမိ၏အလုပ်မှန်ကို လွန်စွာ နှစ်သက်လျက် အားကြီးသော ပီတိတရား တဖွားဖွား ဖြစ်လာလေ၏၊ ယင်းပီတိကြောင့် ကာယပဿဒ္ဓိ = ကိုယ်၏ ငြိမ်းချမ်းခြင်း, စိတ္တပဿဒ္ဓိ = စိတ်၏ ငြိမ်းချမ်းခြင်း = နှစ်ပါး အထူးသဖြင့် ဖြစ်ပွါးကြကာ ကိုယ်စိတ်တို့၏ ပူပန်မှုများလည်း ငြိမ်းစဲအနယ်ထိုင်၍ သွားလေကုန်၏၊ ယင်းသို့ ကိုယ်စိတ်နှစ်ဖြာ ငြိမ်းချမ်းလှစွာသောကြောင့် သမာဓိ၏ အကြောင်းရင်းဖြစ်သော သုခတရား ခိုင်ခံ့ သည်ထက် ခိုင်ခံ့စွာ ဖြစ်ပွါးလာလေ၏၊ သုခဖြင့် ပွါးစည်းစိုပြေရကား စိတ်အစဉ်သည် ကမ္မဋ္ဌာန်းအာရုံ၌ အလွန့်အလွန် တည်ကြည်၍ နေလေတော့၏။

     ဤသို့လျှင် အစဉ်သဖြင့် ရှေ့ပိုင်းဝယ် ဝိတက်အစရှိသော ဘာဝနာအလုပ်တရားတို့ တဆင့်ထက်တဆင့် ရင့်ကျက်ရင့်ကျက်ကာ ထက်မြက်သည်ထက် ထက်ထက်မြက်မြက် ဖြစ်ပွါးကြ၍ တွန့်လည်း မတွန့်ဆုတ်၊ ပြန့်လည်း မပြန့်လွင့်သဖြင့် အလယ်အလတ် မဇ္ဈိမသမထပဋိပတ်သို့ ဆိုက်ရောက်ကာ သဒ္ဓါ-စသော ဣန္ဒြေငါးပါးတို့သည်လည်း မိမိတို့၏ ဆိုင်ရာကိစ္စကို အညီအမျှ ပြုလုပ် ရွက်ဆောင်ကြသဖြင့် ရှေးကထက် အထူးထက်မြက်သော ဝိတက်, ဝိစာရ, ပီတိ သုခ, ဧကဂ္ဂတာ = ဤဈာန်အင်္ဂါ ငါးပါးတို့သည် သံဃာနုဿတိ ကာမာဝစရဘာဝနာ မဟာကုသိုလ်၌ စိတ္တက္ခဏ တချက်တည်းဝယ် ပြိုင်လျက်ဖြစ်ပေါ်လာကြ၍ ဥပစာရဈာန်ကိစ္စကို ပြီးစေကြလေသည်။ ဤသို့ ဖော်ပြရာပါ ဈာန်အင်္ဂါငါးပါးတို့ ကာမာဝစရဘာဝနာ မဟာကုသိုလ်စိတ်နှင့် တွဲယှဉ်လျက် ဖြစ်ပွါးလာသောအခါ ထိုယောဂီပုဂ္ဂိုလ်ကို “သံဃာနုဿတိ ဥပစာရဈာန်ကိုရသော ပုဂ္ဂိုလ်”ဟူ၍ ခေါ်ဆိုရလေသည်။ (ဤမှနောက် မေးဖွယ် ဖြေဖွယ်တို့ကို ဘုရားဂုဏ်တော်ကိုးပါးအခဏ်း၌ ဆိုအပ်ပြီးသောနည်းကို အစဉ်မှီး၍ သိမှတ်ရာ၏)။



၆၈၆

သံဃာနုဿတိဘာဝနာအကျိုး

     ဤသံဃာနုဿတိဘာဝနာကို အခါခါကြိုးကုတ် အားထုတ်သော သူတော်စင်သည် အရိယသံဃာတော်၌ သူမတူတန် ရိုသေကျိုးနွံခြင်းရှိသူဖြစ်၏။ ထို့ကြောင့်ပင် အရိယာပုဂ္ဂိုလ်တို့၏ သဒ္ဓါတရားနှင့် အလားတူစွာ သဒ္ဓါတရား ကြီးမား ပြန့်ပြောခြင်းသို့၎င်း, သတိတရား ကြီးထွား ပြန့်ပြောခြင်းသို့၎င်း, ပညာတရား ကြီးထွား ပြန်ပြောခြင်းသို့၎င်း, ကုသိုလ်တရား တိုးပွါး ပြန့်ပြောခြင်းသို့၎င်း ရောက်ရှိလေ၏။ နုသောပီတိ ရင့်သော ပီတိတရားတို့ ပြောများသောသူ ဖြစ်လေ၏။ ကြောက်ခြင်းကြီးငယ် အသွယ်သွယ်ကို သည်းခံပယ်ဖျောက်နိုင်သူ ဖြစ်လေ၏။ ဒုက္ခကို သည်းခံနိုင်စွမ်းသောသူ ဖြစ်လေ၏။ အရိယာသံဃာတော်နှင့် အတူတကွ နေထိုင်ရသည့် အမှတ်သညာကို ရရှိလေ၏၊ သံဃာနုဿတိ ဘာဝနာကုသိုလ်တရား၏ ဖြစ်ပွါးကိန်းတည်ရာ ထိုယောဂီပုဂ္ဂိုလ်၏ ကိုယ်ခန္ဓာကြီးသည် သံဃာတော်များ စည်းဝေးနေဆဲဖြစ်သော ဥပုသ်အိမ် သိမ်အပြင်ကဲ့သို့ ပူဇော်အထူးကို ခံယူခြင်းငှါ ထိုက်တန်လေ၏။ ထိုယောဂီပုဂ္ဂိုလ်၏ စိတ်သည် သံဃဂုဏ်တော်တို့ကို ကိုယ်တိုင်က ရရှိရန် အမြဲတစေ ညွတ်၍နေလေ၏။ ထိုသံဃာနုဿတိ ဘာဝနာအလုပ်ကို အားထုတ်ပွါးများသော သူ၏အဖို့ရာ ထိုဘာဝနာအစွမ်းဖြင့်ပင် အခါခပ်သိမ်း သံဃဂုဏ်တော်များက စိတ်၌ အပြန်ပြန်အလှန်လှန် ဖြစ်ပေါ်၍နေရကား သီလပျက်စီးရန် လွန်ကျူးအပ်သည့် (=လွန်ကျူးရမည့်) ဝီတိက္ကမိတဗ္ဗဝတ္ထု အာရုံနှင့် ကြိုက်ကြုံပေါင်းဆုံမိစေကာမူ အရိယာသံဃာတော်ကို မျက်ဝါးထင်ထင် ဖူးမြင်နေရသူ၏ သန္တာန်မှာကဲ့သို့ ဒုစရိုက်မှုမှ ရှက်ခြင်း, ထိတ်လန့်ခြင်း = ဟိရီ, ဩတ္တပ္ပတရားတို့ အဖန်ဖန်ဖြစ်ပွါးလေ၏။ ဤသံဃာနုဿတိဘာဝနာကို အခြေခံတည်ရာပြု၍ ဝိပဿနာတရား ပွါးများလျှင် မဂ်ဖိုလ်ကို အလွယ်နှင့် ရနိုင်၏။ ပါရမီမပြည့်စုံ မလုံလောက်သေး၍ မဂ်ဖိုလ်ကို မရလျှင်လည်း ကောင်းရာသုဂတိ ဘုံဘဝသို့ လားရောက်ရ၏။ ဤကား သံဃာနုဿတိဘာဝနာ အကျိုးတည်း။

သံဃဂုဏ်တော်ကိုးပါး ပြီး၏။



၆၈၇

အနုဿတိကမ္မဋ္ဌာန်း နှစ်မျိုး

     ဤဖော်ပြရာပါ ဘုရားဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း = ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း, တရားဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း = ဓမ္မာနုဿတိကမ္မဋ္ဌာန်း, သံဃဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း = သံဃာနုဿတိကမ္မဋ္ဌာန်းများသည် (၁) စိတ်ရွှင်လန်း အားတက်ဖို့ရန် အောက်မေ့ ပွါးများခြင်း၊ (၂) ဝိပဿနာ ဉာဏ်ပညာအလို့ငှါ အောက်မေ့ ပွါးများခြင်းဟူ၍ နှစ်မျိုးစီ ရှိကြလေသည်။

     (၁) ချဲ့ဦးအံ့- အကြင်အခါ၌ အသုဘကမ္မဋ္ဌာန်း ဆယ်ပါးတို့တွင် တပါးပါးကို ပွါးများသော ယောဂီပုဂ္ဂိုလ်၏ စိတ်အစဉ်သည် အသုဘအာရုံက စက်ဆုပ်ဖွယ် ကောင်းလှသောကြောင့် ပင်ပန်းနွမ်းနယ် ပျင်းရိငြီးငွေ့ကာ သက်သာရာမရရှိပဲ နွားဆိုးနွားရွတ်ကဲ့သို့ ထိုထိုအာရုံသို့ ပြေးသွားငြားအံ့၊ ထိုအခါ ထိုယောဂီပုဂ္ဂိုလ်သည် မူလ နှလုံးသွင်းရင်းဖြစ်သည့် ထိုအသုဘကမ္မဋ္ဌာန်းကို ခေတ္တ ပယ်ရှားထား၍ “ဣတိပိ သော ဘဂဝါ အရဟံ”- အစရှိသည်ဖြင့် ဘုရားဂုဏ်တော်ကိုဖြစ်စေ, တရားဂုဏ်တော်ကိုဖြစ်စေ, သံဃာဂုဏ်တော်ကိုဖြစ်စေ အဖန်ဖန် အောက်မေ့ရ၏၊ ထိုသို့ အောက်မေ့ဖန် များလတ်သောအခါ ယောဂီပုဂ္ဂိုလ်၏ စိတ်အစဉ်သည် ကြည်လင်အားတက်၍ လာလေ၏၊ နီဝရဏ အပိတ်အဆို့တရားများ ကင်းကွာ၍ သွားလေ၏။ ထိုသို့ စိတ်အစဉ် ကြည်လင်အားတက်၍ လာသောအခါ ယောဂီပုဂ္ဂိုလ်သည် တဖန် မူလနှလုံးသွင်းရင်း အသုဘကမ္မဋ္ဌာန်းကို နှလုံးသွင်းရပြန်၏။

     ဥပမာအားဖြင့် အားကောင်းသော ယောက်ျားသည် ပြာသာဒ်အထွတ် ထုပိကာပြုလုပ်ရန် သစ်ပင်ကြီးကို ခုတ်လည်း ဖြတ်တောက်လေလျှင် အကိုင်းအခက်အလက်တို့ကို ဖြတ်ကာမျှဖြင့်ပင် ဓားမကြီး အသွားတုံး၍ သစ်ပင်ကြီးကို မဖြတ်နိုင်တည့်ရှိလတ်သော် စိတ်အားမလျှော့ပဲ ပန်းပဲဖိုသို့ သွားရောက်ကာ ထိုဓားမကြီးကို အသွားထက်အောင် ပြုလုပ်ပြီးလျှင် တဖန် ထိုသစ်ပင်ကြီးကို အပိုင်းအပိုင်း အလိုရှိတိုင်း ခုတ်ဖြတ်လေသကဲ့သို့တည်း။



၆၈၈

     ထိုယောဂီပုဂ္ဂိုလ်သည် ဤနည်းအတိုင်း အနုဿတိဘာဝနာဖြင့် မိမိစိတ်ကို ကြည်လင်အားတက် ရွှင်ပျအောင် ဆုံးမပြုပြင်ပြီးလျှင် တဖန် မူလနှလုံးသွင်းရင်းဖြစ်သည့် အသုဘကမ္မဋ္ဌာန်းကို နှလုံးသွင်း ပွါးများပြန်၍ အသုဘအာရုံကို အာရုံပြုသည့် ရူပါ၀စရပဌမဈာန်ကို ဖြစ်စေပြီးနောက် ထိုဈာန်၌ပါရှိသော ဈာန်အင်္ဂါ တို့ကို အနိစ္စ, ဒုက္ခ, အနတ္တဟု သုံးသပ်ဆင်ခြင် ပွါးများကာ ဝိပဿနာဉာဏ်ဆယ်ဆင့် အစဉ်သဖြင့် ရင့်ကျက်ပြီးလျှင် လောကုတ္တရာမဂ်ဖိုလ်သို့ ဆိုက်ရောက်လေ၏။ ဤကား (၁-အမှတ်ပါ) စိတ်ရွှင်လန်းအားတက်ဖို့ရန် အောက်မေ့ ပွါးများခြင်းတည်း။

     (၂) ယောဂီပုဂ္ဂိုလ်သည် ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိ = ဤသုံးပါးတို့တွင် တပါးပါးကို အောက်မေ့ပွါးများကာ ဥပစာရဈာန်မြောက် ရောက်ရှိလတ်သောအခါ (ဗုဒ္ဓါနုဿတိ ပွါးများသူအဖို့) “ယခု ဣတိပိ သော ဘဂဝါ အရဟံ- စသည်ဖြင့် အဖန်ဖန် အောက်မေ့သည်ကား အဘယ်သူနည်း၊ မိန်းမလေလော၊ ယောက်ျားလေလော၊ နတ်, လူ, မာရ်, ဗြဟ္မာတို့တွင် တဦးဦး ဖြစ်လေသလော”ဟု ပရမတ္ထ သဘာဝဉာဏ်ပညာဖြင့် ဆင်ခြင်သိမ်းဆည်း စဉ်းစားရ၏၊ ထိုသို့ ဆင်ခြင်သိမ်းဆည်း စဉ်းစားသောအခါ “မိန်းမ, ယောက်ျား, နတ်, မာရ်, ဗြဟ္မာတို့တွင် အခြား တဦးတယောက်မျှ မဟုတ်။ ထိုမိန်းမ, ယောက်ျား, နတ်, မာရ်, ဗြဟ္မာဟူသည် ပရမတ္ထသစ္စာနယ်ပယ်၌ ရှိလည်းမရှိ၊ စင်စစ်သော်ကား သတိနှင့်ယှဉ်သော စိတ်သည်ပင်လျှင် ‘သော ဘဂဝါ ဣတိပိ အရဟံ’- စသည်ဖြင့် ဆင်ခြင်အောက်မေ့၏”ဟု သိမြင်လာ၏။ ထိုသို့ သိမြင်ပြီးနောက် “ထိုဆင်ခြင် အောက်မေ့သော စိတ်သည် ဝိညာဏက္ခန္ဓာတည်း၊ ထိုဝိညာဏက္ခန္ဓာနှင့် အတူတကွယှဉ်သော ခံစားမှု = ဝေဒနာသည် ဝေဒနာက္ခန္ဓာတည်း၊ ထိုဝိညာဏက္ခန္ဓာနှင့် အတူတကွယှဉ်သော မှတ်သားမှု = သညာသည် သညာက္ခန္ဓာတည်း၊ ထိုဝိညာဏက္ခန္ဓာနှင့် အတူတကွ ဖြစ်ကြသော အာရုံကိုတွေ့တိမှု = ဖဿ-စသော သဘောတရားတို့သည် သင်္ခါရက္ခန္ဓာတည်း၊ ဤသို့လျှင် ဤခန္ဓာလေးပါးတို့သည်



၆၈၉

နာမ်ခန္ဓာ = နာမ်တရားအစုတို့ ဖြစ်ကြကုန်၏”ဟု နာမ်တရားကိုလည်း ပိုင်းခြားသိမြင်ပြီးလျှင် ထိုနာမ်တရားအစု၏ မှီရာကို တဖန် ပညာဖြင့် ဆက်၍ရှာကြံသည်တွင် ရှေးဦးစွာ ဟဒယဝတ္ထုကို ဉာဏ်ဖြင့် မြင်လေ၏။ ထိုသို့ မြင်ပြီးမှ ထိုဟဒယဝတ္ထု၏မှီရာ မဟာဘုတ်ကြီးတို့ကို၎င်း, ထိုမဟာဘုတ်တို့ကို မှီ၍ဖြစ်ကြသည့် ကြွင်းသော ဥပါဒါရုပ်တို့ကို၎င်း မတွေ့တွေ့အောင် မသိသိအောင် ဉာဏ်ဖြင့် ဆင်ခြင်သိမ်းဆည်းရ၏။ ထိုသို့ သိမြင်အောင် သိမ်းဆည်း ဆင်ခြင်ပြီးမှ “ဤအလုံးစုံသော ရုပ်တရားအစုသည် ရူပက္ခန္ဓာတည်း = ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး ယောက်ျား မိန်းမ မဟုတ်”ဟု ပိုင်းခြားသိမြင်ပြီးမှ ဆိုအပ်ပြီးသည့် အကျဉ်းအားဖြင့် ရုပ်,နာမ်နှစ်ပါး၊ အကျယ်အပြားအားဖြင့် ခန္ဓာငါးပါးတို့ကို အကျဉ်းအားဖြင့် “ဤခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာတည်း”ဟု ရှေးဦးစွာ ဒုက္ခသစ္စာကို ပိုင်းခြားသိမြင်ရာ၏၊ ထို့နောင်မှ “ထိုဒုက္ခသစ္စာကို ဖြစ်ပွါးစေတတ်သော တဏှာ = လောဘသည် သမုဒယသစ္စာတည်း၊ ထိုဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်ပါးတို့၏ ချုပ်ငြိမ်းရာသည် နိရောဓသစ္စာတည်း၊ ထိုနိရောဓသစ္စာကို သိကြောင်း အဋ္ဌကမဂ်တည်းဟူသော အကျင့်ကောင်းသည် မဂ္ဂသစ္စာတည်း”ဟု ဤသို့ ရှေ့ပိုင်းဝယ် သစ္စာလေးပါးတို့ကို ပိုင်းခြားဆင်ခြင် သိမြင်ပြီးမှ ဝိပဿနာဉာဏ်စဉ်အတိုင်း ပွါးများ အားထုတ်လတ်သော် အရိယမဂ်ဖိုလ်သို့ ဆိုက်ရောက်လေ၏။ ထိုအခါ ယောဂီပုဂ္ဂိုလ်၏ ဤအနုဿတိကမ္မဋ္ဌာန်းသည် ဝိပဿနာ ဉာဏ်ပညာအလို့ငှာ အောက်မေ့ပွါးများအပ်သော ကမ္မဋ္ဌာန်းဖြစ်လေ၏။ (ဤစကားရပ်စုကို အံ-ဋ္ဌ ၁၊ စာမျက်နှာ ၃၆၆, ၃၆၇-မှ ထုတ်နုတ်ဖော်ပြအပ်သည်)။

အနုဿတိကမ္မဋ္ဌာန်းနှစ်မျိုး ပြီး၏၊

**********

ပဋိစ္စသမုပ္ပါဒ်တရား

     မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ ၃၅၄-၌ ပဋိစ္စသမုပ္ပါဒ်တရား- စသည်တို့ကို “ဓမ္မရတနာအခဏ်းသို့ရောက်မှ



၆၉၀

ရေးသားဖော်ပြပေအံ့”ဟု ဝန်ခံ ညွှန်ကြားခဲ့သည့်အတိုင်း ယခုအခါ ပဋိစ္စသမုပ္ပါဒ်တရား အကြောင်းအရာ မကျဉ်းမကျယ်ကို ရေးသား ပြဆိုပေအံ့-

သစ္စံ သတ္တော ပဋိသန္ဓိ၊ ပစ္စယာကာရမေ၀ စ။

ဒုဒ္ဒသာ စတုရော ဓမ္မာ၊ ဒေသေတုဉ္စ သုဒုက္ကရာ။

၁-သစ္စာလေးပါး တရားတို့၏ မချွတ်မယွင်း မှန်ကန်ပုံ, ၂-ခန္ဓာငါးပါးတို့၏ သတ္တဝါမဟုတ်ပါပဲလျက် အမှတ်မှားအောင် သတ္တကိစ္စကို ဆောင်ရွက်ပုံ, ၃-တဘဝမှ တဘဝသို့ ကူးသန်းဆက်စပ်ကာ ပဋိသန္ဓေတည်နေပုံ, ၄-အဝိဇ္ဇာ အစရှိသော တရားတို့၏ အကြောင်းအကျိုးအဖြစ်ဖြင့် ကျေးဇူးပြုပုံ = ဤတရားလေးမျိုးတို့မှာ ကိုယ်တိုင်သိရန်လည်း ခဲယဉ်းလှသည့်အပြင် ကိုယ်တိုင်သိရှိပြီး သူတပါးတို့အား ဟောပြဖို့ရန် အလွန် ခဲယဉ်းလှကုန်၏-

ဟူသော သမ္မောဟဝိနောဒနီအဋ္ဌကထာ- စသည်တို့အရ ဤပဋိစ္စသမုပ္ပါဒ် တရားသဘောမှာ ပင်ကိုယ်ကပင် သိမြင်ရန် ခက်ခဲ နက်နဲလှသောကြောင့် ဗုဒ္ဓဝင်စာဖတ် ပရိသတ် သူတော်စင်တို့အဖို့ မကျဉ်းမကျယ် ပဋိစ္စသမုပ္ပါဒ်တရားနှင့်စပ်၍ သိမှတ်ဖွယ်တို့ကို လယ်တီဆရာတော်ဘုရားကြီး၏ “ပဋိစ္စသမုပ္ပါဒ်လင်္ကာ ၁၃-ပုဒ်”တို့ကို၎င်း, “ပဋိစ္စသမုပ္ပါဒ် ဥဒ္ဒေသပါဠိတော်”ကို၎င်း ဦးတည်၍ ရေးသားဖော်ပြပါမည်။

ပဋိစ္စသမုပ္ပါဒ် ဥဒ္ဒေသပါဠိတော်

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ သဠာယတနံ၊ သဠာယတပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊ ဇာတိပစ္စယာ ဇရာမရဏံ, သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ



၆၉၁

သမ္ဘဝန္တိ၊ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

အနက်ကား- အဝိဇ္ဇာပစ္စယာ = အဟုတ်အမှန်ကို မသိမမြင် မထင်မလင်းမှုဟူသော အကြောင်းတရား ထင်ရှား ရှိနေခြင်းကြောင့်။ သင်္ခါရာ = ပစ္စုပ္ပန်အမှု သံသရာအမှုတို့ကို ပြုစုပျိုးထောင်ခြင်းဟူသော သင်္ခါရမှုတို့သည်။ သမ္ဘဝန္တိ = ဖြစ်ပွားကုန်၏။

သင်္ခါရပစ္စယာ = သင်္ခါရတရား ထင်ရှား ရှိနေခြင်းကြောင့်။ ဝိညာဏံ = ဘဝသစ်၌ ဝိညာဏ်သစ် ဖြစ်ပေါ်မှုသည်။ သမ္ဘဝတိ = ဖြစ်ပွား၏။

ဝိညာဏပစ္စယာ = ဝိညာဏ်သစ် ဖြစ်ပေါ်မှုကြောင့်။ နာမရူပံ = နာမ်အစု ရုပ်အစုသည်။ သမ္ဘဝတိ = ဖြစ်ပွား၏။

နာမရူပပစ္စယာ = နာမ်အစု ရုပ်အစု ဖြစ်ပွားမှုကြောင့်။ သဠာယတနံ = ဒွါရခြောက်မည် အကြည်ခြောက်ပါး သဠာယတန တရားအစုသည်။ သမ္ဘဝတိ = ဖြစ်ပွား၏။

သဠာယတနပစ္စယာ = ဒွါရခြောက်မည် အကြည်ခြောက်ပါး ထင်ရှားရှိခြင်းကြောင့်။ ဖဿော = အာရုံကို တွေ့မှုဟူသော ဖဿခြောက်ပါးသည်။ သမ္ဘဝတိ = ဖြစ်ပွား၏။

ဖဿပစ္စယာ = ဖဿခြောက်ပါး ထင်ရှားရှိနေခြင်းကြောင့်။ ဝေဒနာ = အာရုံကို ခံစားမှုဟူသော ဝေဒနာခြောက်ပါးသည်။ သမ္ဘဝတိ = ဖြစ်ပွား၏။

ဝေဒနာပစ္စယာ = ဝေဒနာခြောက်ပါး ထင်ရှား ရှိနေခြင်းကြောင့်။ တဏှာ = ဝတ္ထုအာရုံ ကာမဂုဏ်ကို ခင်မင်တွယ်တာ သာယာကပ်ငြိသော တဏှာခြောက်ပါးသည်။ သမ္ဘဝတိ = ဖြစ်ပွား၏။

၆၉၂

တဏှာပစ္စယာ = တဏှာခြောက်ပါး ထင်ရှား ရှိနေမှုကြောင့်။ ဥပါဒါနံ = မလွှတ်နိုင်, မခွါနိုင် ပိုင်ပိုင်စေးချွဲ တွယ်တာမြဲသော ဥပါဒါန်တရားသည်။ သမ္ဘဝတိ = ဖြစ်ပွား၏။

ဥပါဒါနပစ္စယာ = ဥပါဒါန်တရား ထင်ရှားရှိနေမှုကြောင့်။ ဘဝေါ = လောကအစီးအပွား, သံသရာအစီးအပွားဟူသော = ကံတရား, ဝိပါက်တရားစုသည်။ သမ္ဘဝတိ = ဖြစ်ပွား၏။

ဘဝပစ္စယာ = ပစ္စုပ္ပန်စီးပွားမှု သံသရာစီးပွားမှု ထင်ရှားရှိနေခြင်းကြောင့်။ ဇာတိ = အဖန်ဖန် ပဋိသန္ဓေနေနေရခြင်းသည်။ သမ္ဘဝတိ = ဖြစ်ပွား၏။

ဇာတိပစ္စယာ = ပဋိသန္ဓေနေမှု ထင်ရှားရှိနေခြင်းကြောင့်။ ဇရာမရဏံ = အဖန်ဖန် အိုမင်းရင့်ဆွေးမှု, ပျက်ပြုန်း သေဆုံးမှုသည်လည်းကောင်း။ သောက ပရိဒေဝ ဒုက္ခ သောမနဿုပါယာသာ = စိုးရိမ်ပူဆွေးမှု, ငိုကြွေးမြည်တမ်းမှု, ပင်ပန်းဆင်းရဲ, နှလုံးမသာယာမှု, သက်ကြီးရှိုက်ငင် ပင်ပန်းမှုတို့သည်လည်းကောင်း။ သမ္ဘဝန္တိ = ဖြစ်ပွားကုန်၏။ ဧဝံ = ဤသို့။ ကေဝလဿ = သုခမဖက် သက်သက်သော။ ဧတဿ ဒုက္ခက္ခန္ဓဿ = ဤဒုက္ခအစု၏။ သမုဒယော = ဖြစ်ပွားခြင်းသည်။ ဟောတိ = ဖြစ်၏။ ။(လယ်တီဆရာတော် အနက်)။

လယ်တီဆရာတော်၏ ပဋိစ္စသမုပ္ပါဒ်လင်္ကာ

(၁) အဝိဇ္ဇာပစ္စယာ သင်္ခါရာ

၁။ ဗောဓိရတနာ၊ ယာဉ်စကြာဖြင့်၊ သစ္စာလေးရပ်၊ လေးကျွန်းပတ်သား၊ နတ်ဝိသုဒ္ဓိ၊ တုမရှိအား၊ တြိဒွါရ၊ ရှိဦးခလျက်။ ဘဝသုံးပါး၊ ဟုန်းဟုန်းသွားသည်၊ ရထားသံသရာ၊ ယာဉ်စကြာ၏၊ ခြင်းရာဋ္ဌုပ္ပတ်၊ သမုပ္ပါဒ်ကို၊ အတပ်သိရန်၊ နိဒါန်းပြန်ပိမ့်..။

၆၉၃

အမှန်လေးချက်၊ သဘောနက်ကို၊ ဖုံးဝှက်ကွယ်ကာ၊ အဝိဇ္ဇာဟု၊ မဟာတမ၊ မှောင်ကြီးကျလျက်။ ဘဝမြုံသိုက်၊ ရှိန်ရှိန်အိုက်သား၊ အမှိုက်မီးစာ၊ ဤခန္ဓာကို၊ တွယ်တာသမှု၊ အကြောင်းပြု၍၊ အကုသလ၊ ဓမ္မညစ်ဆိုး၊ အပြစ်မျိုးကို၊ ကြိုးကြိုးပမ်းပမ်း၊ နေ့စဉ်ထမ်းသည်၊ ပါယ်လမ်းဗီဇ၊ အပုညနှင့်..,၊ ဘဝနောင်ခါ၊ သံသရာဝယ်၊ လူ့ရွာနတ်ငြမ်း၊ စည်းစိမ်သွမ်းကို၊ ချမ်းသာအတိ၊ အထင်ငြိလျက်၊ ဂတိနောင်ကို၊ ကောင်းစေလိုဟု၊ ကုသိုလ်အရိုး၊ အမျိုးမျိုးကို၊ ကြိုးကြိုးစားစား၊ ပြုတုံငြားက၊ ဆယ်ပါးပုည,၊ အာနေဉ္ဇဟု၊ ဘဝနှီးရင်း၊ ပွါးတုံလျှင်းသည်၊ ၊ဝဋ်ခင်းဝဋ်နွယ် ရှည်သတည်း။ ။(အရဆောင်လေ)။

မကျဉ်းမကျယ် အဓိပ္ပါယ်

     အဝိဇ္ဇာပစ္စယာ သင်္ခါရာ = အဝိဇ္ဇာဟူသော အကြောင်းကြောင့် သင်္ခါရသုံးမျိုးတို့ ဖြစ်ပွါးကြသည်။ အနန္တစကြဝဠာ၌ အနန္တသတ္တဝါတို့ မည်မျှပင် များပြားစေကာမူ ပရမတ္ထ ဓမ္မစက္ခု ဉာဏ်ပညာမျက်စိဖြင့် ကြည့်ရှုသုံးသပ် ဆင်ခြင်လျှင် ပဋိစ္စသမုပ္ပါဒ် အင်္ဂါဆယ့်နှစ်ပါး တရားသားမျှသာ ဖြစ်ချေသည်။ (အဝိဇ္ဇာ, သင်္ခါရ, ဝိညာဏ်, နာမ်ရုပ်, သဠာယတန, ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန်, ဘဝ, ဇာတိ, ဇရာ မရဏ = ဤကား ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးတို့တည်း။ ပဋိစ္စ = အဝိဇ္ဇာစသော အကြောင်းတရားတို့ကိုစွဲ၍ + သမုပ္ပါဒ = သင်္ခါရစသော အကျိုးတရားတို့၏ ဖြစ်ပွါးခြင်းဟု ဆိုလိုသည်)။

     ထိုတဆယ့်နှစ်ပါးတို့တွင် အဝိဇ္ဇာသည် သံသရာရှေ့ပိုင်း၏ ဝဋ်မြစ်ဖြစ်သည်၊ ထို့ကြောင့် ထိုအဝိဇ္ဇာကို ရှေးဦးစွာ စတည် ဟောကြားတော်မူအပ်လေသည်။ “အဝိဇ္ဇာကြောင့် သင်္ခါရသုံးမျိုးတို့ ဖြစ်ပွါးကြသည်” ဟူရာ၌ အဝိဇ္ဇာကား အကြောင်း၊ သင်္ခါရသုံးမျိုးတို့ကား အကျိုးဖြစ်လေသည်။ (အဝိဇ္ဇာကြောင့် သင်္ခါရသုံးမျိုးတို့ ဖြစ်ပုံသည် လင်္ကာအဓိပ္ပါယ်ကို ဖော်ပြရာ၌ ထင်ရှားလိမ့်မည်)။



၆၉၄

     စေတသိက်တရား ၅၂-ပါးတို့တွင် အပါအဝင်ဖြစ်သော မောဟ-ခေါ်သော အကုသိုလ်စေတသိက်ကို အဝိဇ္ဇာဟူ၍ ခေါ်၏။ (အဝိဇ္ဇာ = မသိခြင်းသဘောဟု ဆိုလိုသည်)။ ထိုမောဟ-ခေါ်သော အကုသိုလ်စေတသိက်ကို မသိခြင်းဟူ၍၎င်း, မလိမ္မာခြင်းဟူ၍၎င်း, အဉာဏဟူ၍၎င်း, အဝိဇ္ဇာဟူ၍၎င်း, မောဟမှောင်ဟူ၍၎င်း အမည်အမျိုးမျိုးဖြင့် ခေါ်ဆိုလေသည်။ ထိုမသိခြင်း = မောဟအဝိဇ္ဇာသည်—

(၁) ဒုက္ခသစ္စာ = ဒုက္ခဧကန် အမှန်ဖြစ်သော တေဘူမကဝဋ်တရား လောကီခန္ဓာငါးပါးတို့ကို ဒုက္ခဟူ၍ မသိခြင်း, (၂) သမုဒယသစ္စာ = ဒုက္ခဖြစ်ကြောင်း အမှန်ဖြစ်သော တဏှာလောဘကို “ဤတဏှာလောဘကား ဒုက္ခဖြစ်ကြောင်း မကောင်းသော တရားတည်း”ဟု မသိခြင်း, (၃) ဒုက္ခနိရောဓသစ္စာ = ဒုက္ခချုပ်ငြိမ်းရာဧကန် အမှန်ဖြစ်သော နိဗ္ဗာန်တရားကို ဒုက္ခချုပ်ငြိမ်းရာဟူ၍ မသိခြင်း, (၄) မဂ္ဂသစ္စာ = ထိုနိဗ္ဗာန်ရောက်ကြောင်းဧကန် အမှန်ဖြစ်သော အရိယမဂ်တရား ရှစ်ပါးတို့ကို နိဗ္ဗာန်ရောက်ကြောင်းဟူ၍ မသိခြင်း-

ဤသို့အားဖြင့် လေးပါးရှိလေသည်။ ဤသို့ သစ္စာလေးပါး အမှန်တရားကို မသိခြင်း = မောဟလေးပါး ထင်ရှားရှိနေခြင်းကြောင့် အန္ဓဗာလ ပုထုဇန် သူငါတို့သည် အပါယ်လားကြောင်း မကောင်းမှုဒုစရိုက် အကုသိုလ်စေတနာ တည်းဟူသော အပုညာဘိသင်္ခါရ (၁), ကာမသုဂတိခုနစ်ဘုံ ရူပဗြဟ္မာ တဆယ့်ခြောက်ဘုံသို့ ရောက်ကြောင်းဖြစ်သည့် ကာမကုသိုလ်စေတနာ ရူပကုသိုလ်စေတနာ တည်းဟူသော ပုညာဘိသင်္ခါရ (၂), အရူပဗြဟ္မာဘုံ လေးရွာသို့ ရောက်ကြောင်းဖြစ်သည့် အရူပကုသိုလ် စေတနာလေးပါး တည်းဟူသော အာနေဉ္ဇာဘိသင်္ခါရ (၃) = ဤသင်္ခါရသုံးပါးတို့ကို ကြိုးကြိုးစားစား ပြုလုပ်ကြလေသည်။ ထို့ကြောင့် “အဝိဇ္ဇာပစ္စယာ သင်္ခါရာ = မောဟလေးပါး အဝိဇ္ဇာအကြောင်းတရားကြောင့်



၆၉၅

လောကီကုသိုလ် အကုသိုလ်စေတနာ တည်းဟူသော သင်္ခါရသုံးပါးတို့ ထင်ရှားဖြစ်ကြ၏”ဟု ဟောတော်မူလေသည်။

     ပဌမလင်္ကာအဓိပ္ပါယ်။ ။ပဌမလင်္ကာ၌ “ဗောဓိရတနာ၊ ယာဉ်စကြာဖြင့်-အစ၊ တြိဒွါရ၊ ရှိဦးခလျက်” တိုင်အောင်သော စာပိုဒ်ဖြင့် မြတ်စွာဘုရားအား ရှိခိုးခြင်း = ပဏာမကို ပြဆိုသည်။ အဓိပ္ပါယ်မှာ- သမ္မုတိနတ်ဖြစ်သော စကြဝတေးမင်းတရားသည် ဇောတိရသ-အမည်ရှိသော ပတ္တမြားရတနာကြီးကို လက်ဝယ်ပိုင်သကာ စကြာရတနာဖြင့် လေးကျွန်းကို လှည့်ပတ်သကဲ့သို့ ထို့အတူ မဂ်ဉာဏ်လေးပါး ပတ္တမြားရတနာကြီးကို လက်ရပိုင်သတော်မူကာ ဒေသနာဉာဏ်တော် တည်းဟူသော ဓမ္မစကြာ ရတနာယာဉ်ကြီးဖြင့် သစ္စာလေးပါးတည်းဟူသော လေးကျွန်းကို အနှံ့ လှည့်ပတ်တော်မူသော အတုမရှိသည့် ဝိသုဒ္ဓိနတ် ဖြစ်တော်မူသော မြတ်စွာဘုရား တည်းဟူသော တရားမင်းအား ကာယဒွါရ, ၀စီဒွါရ, မနောဒွါရ တည်းဟူသော ဒွါရသုံးပါးတို့ဖြင့် ဝပ်တွားရိုကျိုး ရှိခိုးဦးခပါ၏-ဟု ဆိုလိုသည်။

     ဤ၌ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး လေးဆယ့်ငါးဝါ ကာလကြာအောင် ဒေသနာဉာဏ်တော်ဖြင့် သစ္စာလေးပါး တရားမှန်တို့ကို နည်းအမျိုးမျိုးဖြင့် မနေမနား ဟောကြားတော်မူသည်ကိုပင် “ဒေသနာဉာဏ် တည်းဟူသော ဓမ္မစကြာရတနာဖြင့် သစ္စာလေးရပ် လေးကျွန်းပတ်သည်”ဟု ဖွဲ့ဆိုတော်မူသည်။ နတ်ပြည် ဗြဟ္မာ့ပြည်၌ ရှိကြသော နတ်ဗြဟ္မာတို့ကို ဥပပတ္တိနတ်ဟူ၍ ခေါ်၏၊ လူ့ပြည်လူ့ရွာ တိုင်းပြည်အုပ်ချုပ် မင်းပြုလုပ်သူ လူများကို သမ္မုတိနတ်ဟူ၍ ခေါ်၏။ အထက်နတ်ဗြဟ္မာတို့နည်းတူ လူအသင်းက “ဒေဝ = လောကသမ္မုတိနတ်”ဟူ၍ ခေါ်ဆိုသမုတ်အပ်သောသူများဟု ဆိုလိုသည်။ အာသဝေါ ကုန်ခန်းပြီးသော ဘုရား, ရဟန္တာတို့ကို ဝိသုဒ္ဓိနတ် = ကိလေသာကင်းစင်၍ ဖလသမာပတ်ဖြင့် တောက်ပတင့်တယ် တော်မူကြသော ပုဂ္ဂိုလ်မြတ်များဟု ခေါ်ဆို၏။ ထိုဝိသုဒ္ဓိနတ်တို့တွင် မြတ်စွာဘုရားသည် အတုမရှိသော ဝိသုဒ္ဓိနတ်မင်း ဖြစ်လေသည်။



၆၉၆

     “ဘဝသုံးပါး၊ ဟုန်းဟုန်းသွားသည်-မှစ၍၊ နိဒါန်းပြန်ပိမ့်” တိုင်အောင်သော စာပိုဒ်ဖြင့် ပဋိစ္စသမုပ္ပါဒ် လင်္ကာကျမ်းကို ရေးသားစီကုံးမည့်အကြောင်း ဝန်ခံမှု တည်းဟူသော = ပဋိညာဉ်ကို ပြဆိုသည်။ အဓိပ္ပါယ်မှာ- ကာမဘဝ, ရူပဘဝ, အရူပဘဝ တည်းဟူသော ဘဝသုံးပါး၌ ခန္ဓာ, အာယတန, ဓာတ်တရားတို့ မပြတ်မစဲ မရပ်မနား ဖြစ်ပွါး၍နေမှု တည်းဟူသော သံသရာကြီးကို “ဘဝသုံးပါး၌ တဟုန်းဟုန်း ခုတ်မောင်း၍ သွားနေသော သံသရာရထား ယာဉ်စကြာကြီး”ဟူ၍ ဖွဲ့ဆိုတော်မူသည်။ ယင်း သံသရာရထားကြီး၏ ဖြစ်ပုံအခြင်းအရာ အကြောင်းအရာ အဋ္ဌုပ္ပတ်ဟူသည်မှာ တရားကိုယ်ချ၍ ကောက်ယူလျှင် ပဋိစ္စသမုပ္ပါဒ် = အကြောင်းကိုစွဲ၍ အကျိုးတရားတို့ ဖြစ်ပွါးမှုပင် ဖြစ်လေသည်။ ထို့ကြောင့် “ဘဝသံသရာ ရထားကြီး၏ ဖြစ်ပုံအခြင်းအရာ အကြောင်းအရာ အဋ္ဌုပ္ပတ် တည်းဟူသော ပဋိစ္စသမုပ္ပါဒ်တရားကို တပ်အပ်ထင်ထင် သိမြင်နိုင်ကြစေရန် လင်္ကာနိဒါန်း ပြန်ဆိုပေအံ့”ဟူ၍ ဆိုလိုသည်။

     “အမှန်လေးချက်၊ သဘောနက်ကို” ဟူသည်မှာ သဘောသဘာဝ နက်နဲလှသော သစ္စာလေးပါးတရားကို ဆိုလိုသည်။ “ဖုံးဝှက်ကွယ်ကာ၊ အဝိဇ္ဇာဟု၊ မဟာတမ၊ မှောင်ကြီးကျလျက်” ဟူသည်မှာ “အန္ဓဗာလ ပုထုဇန်တို့ သန္တာန်ဝယ် ထိုသစ္စာလေးပါး အမှန်တရားကို အမှန်အတိုင်း မသိမမြင်နိုင်အောင် ရှေးဖော်ပြရာပါ မောဟလေးပါး အမှောင်ဓာတ်တရားကြီးက ဖုံးဝှက်၍ထားသည်, ကွယ်ကာ၍ ထားသည်။ လကွယ်နေ့ဖြစ်ခြင်း, သန်းခေါင်အချိန် ဖြစ်ခြင်း, တောအုပ်အရပ် အလယ်၌ဖြစ်ခြင်း, မိုးတိမ်တို့ ထူထပ်အုံ့မှိုင်းနေခြင်း = ဤလေးချက် ပြည့်စုံနေသည်ကို အင်္ဂါလေးပါးရှိသော မှောင်ကြီးကျနေသည်ဟု လောကအလို ခေါ်ဆိုရလေသည်၊ ထိုမှောင်ကြီးကျနေလျှင် မည်သည့်အရာကိုမျှ မသိမမြင်နိုင်ချေ။ အန္ဓဗာလ ပုထုဇန်သန္တာန်မှာလည်း ရှေးဖော်ပြရာပါ မောဟလေးပါး အင်္ဂါလေးချက် စုံပြည့်နှက်သည့်



၆၉၇

အမှောင်ကြီးကျနေသောကြောင့် မည်သည့်တရားကိုမျှ အမှန်အတိုင်း မသိမမြင်ကြချေဟု ဆိုလိုသည်။

     “ဘဝမြုံသိုက်၊ ရှိန်ရှိန်အိုက်သား၊ အမှိုက်မီးစာ၊ ဤခန္ဓာကို၊ တွယ်တာသမှု၊ အကြောင်းပြု၍” ဟူသည်မှာ- ကာမ, ရူပ, အရူပ တည်းဟူသော ဘ၀သုံးပါးမှာ ရာဂမီး ဒေါသမီး မောဟမီး အစရှိသော တဆယ့်တသီး မီးများ တဟုန်းဟုန်း တောက်လောင်နေသဖြင့် အမြဲတစေ တရှိန်ရှိန် ပူလျက် အိုက်လျက်နေသည်မှာ အမှန်ပင်ဖြစ်သည်၊ ထိုဘ၀သုံးပါး တည်းဟူသော ပူလှသည့် ရှိန်လှသည့် အိုက်လှသည့် ဘဝမြုံသိုက်ကြီးအတွင်းဝယ် ထင်ရှား ဖြစ်ပေါ်နေကြသည့် ခန္ဓာတရားတို့ကား ရာဂ-အစရှိသော မီးတဆယ့်တပါးတို့၏ လောင်စာများသာ ဖြစ်၏။ အန္ဓဗာလ ပုထုဇန်တို့သည် ဖော်ပြရာပါ အဝိဇ္ဇာမှောင်ကြီးကျနေသောကြောင့် ပူလှ ရှိန်လှ အိုက်လှသော ဘဝမြုံသိုက်ကြီး အတွင်းမှာ မီးလောင်စာဖြစ်သည့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို ပူမှန်းမသိ လောင်မှန်းမသိ ရှိန်မှန်းမသိကြပဲ ပြင်းထန်စွာ တွယ်တာ တပ်မက်ကြလေသည်၊ ယင်းသို့ တွယ်တာ တပ်မက်သောကြောင့်-ဟု ဆိုလိုသည်။

     “အကုသလ ၊(ပ)၊ ပါယ်လမ်းဗီဇ၊ အပုညနှင့်..” ဟူသည်မှာ ယင်းသို့ ဘဝမီးလောင်စာ ငါးခန္ဓာတို့ကို တွယ်တာတပ်မက်မှု လောဘကို အကြောင်းပြု၍ အကုသိုလ်မှန်း မသိကြပဲ မိမိပစ္စုပ္ပန်ဘဝ တသက်လျာ ချမ်းသာရေးကို ရှေးရှု၍ သူ့အသက်ကို သတ်ခြင်း, သူဥစ္စာကို ခိုးယူခြင်း- အစရှိသော အပါယ်လမ်းကြောင်း အပါယ်ဘဝမျိုးစေ့ဖြစ်သည့် အကုသိုလ်စေတနာ တဆယ့်နှစ်ပါး တည်းဟူသော အပုညာဘိသင်္ခါရ အကုသလ ဓမ္မပုပ်သိုး တရားဆိုးတို့ကို ကြိုးကြိုးကုတ်ကုတ် နေ့စဉ် ပြုလုပ်မိကြလေတော့သည်။ (ဤကား အဝိဇ္ဇာကြောင့် အပုညာဘိသင်္ခါရ ဖြစ်ပုံတည်း)။

     “ဘဝနောင်ကို၊ ကောင်းစေလို၍ ၊(ပ)၊ ဆယ်ပါးပုည၊ အာနေဉ္ဇဟု”-ဟူသော ဤစာပိုဒ်ဖြင့် အဝိဇ္ဇာကြောင့် ပုညာဘိသင်္ခါရနှင့် အာနေဉ္ဇာဘိသင်္ခါရ = ဤနှစ်ပါးတို့ ဖြစ်ပွါးကြပုံကို ပြဆိုသည်။ အဓိပ္ပါယ်မှာ- သစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာနှင့်



၆၉၈

သမုဒယသစ္စာတို့သည် လောကီသစ္စာတို့ ဖြစ်ကုန်၏၊ ပူလောင်သောသစ္စာတို့ ဖြစ်ကုန်၏။ နိရောဓသစ္စာနှင့် မဂ္ဂသစ္စာတို့သည် လောကုတ္တရာသစ္စာ အေးချမ်းသော တရားတို့သာ အမှန်ဖြစ်ကုန်၏။ သိုသော် ပုထုဇန်တို့သန္တာန်၌ (အထူးသဖြင့်- ဝဋ္ဋာဘိရတ ပုထုဇန်တို့ သန္တာန်၌) အဝိဇ္ဇာလေးပါး ဖုံးအုပ်ကွယ်ကာ၍ ထားခြင်းကြောင့် ပူလောင်သော လောကီသစ္စာ နှစ်ပါးတို့ကို ပူလောင်သောတရားဟု လားလားမျှ မသိကြသည့်အတွက် ထိုပူလောင်သော လောကီသစ္စာနှစ်ပါးကို လိုက်စားတွယ်တာ သာယာတပ်မက်သော တဏှာ လောဘ ဖြစ်၍လာလေသည်။

     ထိုသို့ လိုက်စားတွယ်တာ သာယာတပ်မက်သော တဏှာလောဘ ဖြစ်ပွါး၍လာသောအခါ (ဤပဉ္စမတွဲ-အောက်စာမျက်နှာ ၅၉၈၊ လောကဝိဒူဂုဏ်အဖွင့်၌ ပြအပ်ခဲ့သော) ဝဋ္ဋာဘိရတ ပုထုဇန်တို့တွင် ဥစ္ဆေဒဒိဋ္ဌိ အာသယဓာတ်ခံရှိသော ပုထုဇန်တို့သည် တမလွန်လောကကို မယုံကြည်ကြသည့်အတွက် တမလွန်လောက ကောင်းစား ချမ်းသာရေးကို လုံးဝမတွေးတောတော့ပဲ ပစ္စုပ္ပန် ဤဘဝ တသက်လျာ ချမ်းသာလျှင်ပြီးရော သဘောထားကာ ပါဏာတိပါတ- အစရှိသော အကုသိုလ်စေတနာ အပုညာဘိသင်္ခါရတို့ကို ပြုမှားကြလေတော့သည်။ သဿတဒိဋ္ဌိ အာသယဓာတ်ခံရှိသော ဝဋ္ဋာဘိရတ ပုထုဇန်တို့သည်ကား နောက်နောင် ဘဝ ကောင်းစားရေး ချမ်းသာရေးကို ရှေးရှုကြလျက် (ဝိဝဋ္ဋပါဒကကုသိုလ် = မဂ်ဖိုလ်နိဗ္ဗာန်၏ အခြေခံ ကုသိုလ်မျိုး မဟုတ်သည့်) ဝဋ္ဋပါဒက = တေဘူမကဝဋ်၏ အခြေခံဖြစ်သော ရိုးရိုး ကာမကုသိုလ် ရူပကုသိုလ် စေတနာတည်းဟူသော ပုညာဘိသင်္ခါရ, အရူပကုသိုလ် စေတနာတည်းဟူသော အာနေဉ္ဇာဘိသင်္ခါရ = ဤနှစ်ပါးတို့ကို ကြိုးကြိုးစားစား ပြုလုပ်ကြလေတော့သည်။ (ဤကား အဝိဇ္ဇာကြောင့် ပုညာဘိသင်္ခါရနှင့် အာနေဉ္ဇာဘိသင်္ခါရတို့ ဖြစ်ပုံတည်း)။

     “ဘဝနှီးရင်း၊ ပွါးတုံလျှင်းသည်၊ ၊ဝဋ်ခင်းဝဋ်နွယ် ရှည်သတည်း” ဤ၌ အဓိပ္ပါယ်မှာ– ဆိုအပ်ပြီးသည့်အတိုင်း



၆၉၉

အဝိဇ္ဇာကြောင့် သင်္ခါရသုံးပါးတို့ ဖြစ်ပွါးခြင်းသည် ဘ၀သုံးပါး ဝဋ်ရထားကြီး မရပ်မနား လှည့်လည်ဖြစ်ပွါးဘို့ အရင်းအနှီးများ ပွါးများတိုးတက်လာခြင်းဖြစ်သည်။ ထိုသို့ ဘဝအရင်းအနှီးများ ပွါးစည်တိုးတက်လာလျှင် ကမ္မဝဋ်, ကိလေသဝဋ်, ဝိပါကဝဋ် တည်းဟူသော ဝဋ်ကြီးသုံးသင်း ဘဝဒုက္ခအခင်း ဘဝဒုက္ခအနွယ်ကို မပြတ်နိုင် မပြယ်နိုင်အောင် ရှည်၍လာလေတော့သတည်း-ဟု ဆိုလိုသည်။ (ဤကား ပဌမလင်္ကာ၏ အဓိပ္ပါယ် မကျဉ်းမကျယ်တည်း။ အကျယ်ကို အလိုရှိမူ လယ်တီဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒဒီပနီကျမ်းကို ကြည့်ရှုမှတ်ယူကုန်ရာ၏။ နောက်နောက်လင်္ကာတို့၌လည်း ဤနည်းအတူတည်း)။

(၂) သင်္ခါရပစ္စယာ ဝိညာဏံ

ဝဋ်ခင်းဝဋ်နွယ်၊ ရှည်ကြောင်းရွယ်သား၊ ဆယ်ဖြာပုည၊ အပုညနှင့်၊ ဘဝနှီးရင်း၊ ပွါးတုံလျှင်းသော်။ လေးသင်းပါယ်ရွာ၊ အဖြာဖြာလျှင်၊ ဗြဟ္မာလူနတ်၊ ဘုံသုံးရပ်၌၊ ဓာတ်ပဓာန၊ ပြဋ္ဌာန်းလှသား၊ ဒွါရသခင်၊ ခြောက်ဝိညာဉ်ဟု၊ အရှင်ဓာတ်မင်း၊ ပေါ်တုံလျှင်း၍၊ ကိုယ်တွင်းကိုယ်ပြင်၊ ထွက်ဝင်တံခါး၊ အင်ခြောက်ပါး၌၊ အများရုပ်နာမ်၊ အတန်တန်လျှင်၊ ဝန်းရံဖြိုးဖြိုး၊ အမျိုးမျိုးကို၊ အုပ်စိုးဆောင်ရွက်၊ လျှမ်းလျှမ်းတက်လျှင်၊ ထက်မြက်တေဇာ၊ သူ့ရှိန်ဝါကြောင့်၊ ငါငါ သူသူ၊ လူပဲ နတ်ပဲ၊ အထင်လွဲလျက်၊ ငရဲအပါယ်၊ အသွယ်သွယ်လျှင်၊ ဝဋ်နွယ်ရှည်လျား၊ တမားမားသည်၊ ၊ခြောက်ပါးဝိညာဉ် စွမ်းရည်တည်း။ (အရဆောင်လေ)။

မကျဉ်းမကျယ် အဓိပ္ပါယ်

     သင်္ခါရကြောင့် ဝိညာဏ်ခြောက်ပါး ထင်ရှားဖြစ်ပေါ်သည်- ဟူရာ၌ အကုသိုလ်စေတနာ တည်းဟူသော အပုညာဘိသင်္ခါရကြောင့် အပါယ်ပဋိသန္ဓေဝိညာဏ်နှင့် ပဝတ္တိအခါ ကာမဘုံ ရူပဘုံတို့၌ အကုသလဝိပါက် ဝိညာဏ်များ ထိုက်သည်အားလျော်စွာ



၇၀၀

ဖြစ်ကြလေသည်။ ကာမကုသိုလ်စေတနာ တည်းဟူသော ပုညာဘိသင်္ခါရကြောင့် ကာမသုဂတိခုနစ်ဘုံ (လူ့ဘုံ, နတ်ဘုံ)တို့၌ ပဋိသန္ဓေဝိညာဏ် ၉-မျိုးနှင့် ပဝတ္တိအခါ ကာမဘုံ ရူပဘုံတို့၌ ကာမကုသလဝိပါက်ဝိညာဏ် တဆယ့်ခြောက်မျိုးတို့ ထိုက်သည်အားလျော်စွာ ဖြစ်ကြလေသည်။ ရူပကုသိုလ်စေတနာ တည်း ဟူသော ပုညာဘိသင်္ခါရကြောင့် ရူပဗြဟ္မာ တဆယ့်ငါးဘုံ၌ ရူပဝိပါက် ပဋိသန္ဓေဝိညာဏ် ပဝတ္တိဝိညာဏ်တို့ ဖြစ်ကြလေသည်။ အရူပကုသိုလ်စေတနာ တည်းဟူသော အာနေဉ္ဇာဘိသင်္ခါရကြောင့် အရူပဗြဟ္မာဘုံ လေးဘုံတို့၌ အရူပဝိပါက် ပဋိသန္ဓေဝိညာဏ် ပဝတ္တိဝိညာဏ်တို့ ဖြစ်ကြလေသည်။

     ဤ၌ ကုသိုလ် အကုသိုလ် စေတနာ = သင်္ခါရကြောင့် ဝိပါက်ဝိညာဏ်တို့ ဖြစ်ပေါ်ပုံကို သမင်္ဂိတာလေးပါး (သမင်္ဂီလေးပါးဟုလည်း ခေါ်၏)တို့ဖြင့် အကျဉ်းမှတ်ယူရာ၏၊ မှတ်ယူပုံမှာ-

     (၁) ကောင်းမှု, မကောင်းမှု ပြုသောအခါ ထိုအမှုကိစ္စကို ပြီးစေတတ်သော ကုသိုလ်စေတနာ, အကုသိုလ်စေတနာတို့ ဖြစ်ကြလေသည်၊ ထိုစေတနာကို ခဏပစ္စုပ္ပန် အနေအားဖြင့် ထင်ရှားရှိနေခိုက်ကို စေတနာသမင်္ဂိတာ = စေတနာသမင်္ဂီ = စေ့ဆော်ပြုလုပ်မှုနှင့် ပြည့်စုံနေခြင်းဟုခေါ်၏။

     (၂) ထိုကုသိုလ် အကုသိုလ် စေတနာတို့သည် ခဏငယ်သုံးချက် အသက်စေ့၍ ချုပ်ပျောက်ကြသောအခါ (အခြားဝိပါက်ဝိညာဏ်များကဲ့သို့) ဤခန္ဓာသန္တာန်၌ အဆက်ပြတ် အစပြတ် ချုပ်ပျောက်ကြသည်မဟုတ်ပဲ “အကြောင်းအခွင့် ညီညွတ်ပြည့်စုံလျှင် အကျိုးဝိပါက်ဝိညာဏ်စိတ် တရားလုံးတခုအနေဖြင့် ထင်ရှားဖြစ်ပေါ်လာနိုင်သော သတ္တိထူးကို” ထားရှိခဲ့၍ ချုပ်ပျောက်ကြလေသည်၊ ထိုအမူအရာ သတ္တိထူးကား ဤခန္ဓာအစဉ်၌ အဟောသိကံ မဖြစ်သေးသမျှ ကာလပတ်လုံး ငုပ်ကိန်းလိုက်ပါလျက် ရှိချေသည်၊ ထိုအမူအရာသတ္တိထူးနှင့် ပြည့်စုံနေခြင်းကို ကမ္မသမင်္ဂိတာ = အမူအရာသတ္တိထူးနှင့် ပြည့်စုံခြင်းဟု ခေါ်၏။



၇၀၁

     (၃) ထိုကုသိုလ်ကံ အကုသိုလ်ကံတို့ အကျိုးပေးချိန် တန်သောအခါ ဆိုင်ရာဒွါရ၌ ကံသော်၎င်း, ကံပြုစဉ်က ထိုကံထမြောက်ကြောင်း အဆောက်အဦ ဝတ္ထုပစ္စည်း တည်းဟူသော = ကမ္မနိမိတ်အာရုံသော်၎င်း, (သို့မဟုတ်) ထိုကံကြောင့် လားရောက်ရမည့် ဘဝဂတိ၌ တွေ့ရှိခံ,စံရမည့် အရာဝတ္ထုပစ္စည်းများ တည်းဟူသော = ဂတိနိမိတ်အာရုံသော်၎င်း ထင်၍ လာလေသည်။ (သေခါနီးသော သတ္တဝါတို့မှာ ဘုရား, ရဟန္တာမှတပါး မည်သူမဆို ဤအာရုံတို့ ထင်ကြသည်။ ထိုထင်သောအာရုံ အခြားမဲ့ နောက်ဘဝ၌ လိုက်ပါထင်မြင်နိုင်လောက်အောင် အားရှိစွာယူပြီးမှ ဤဘဝက စုတေကြမြဲဖြစ်သည်)၊ ထိုသို့ ကံ, ကမ္မနိမိတ်, ဂတိနိမိတ် = သုံးပါးတို့တွင် တပါးပါးထင်နေမှုနှင့် ပြည့်စုံခြင်းကို ဥပဋ္ဌာနသမင်္ဂိတာဟု ခေါ်၏။

     (၄) ထို့နောက် ဤဘဝမှ စုတေ၍ ထိုက်သက်ရာဘဝ၌ ပဋိသန္ဓေ (ဝိပါက်)ဝိညာဏ်စိတ် ဖြစ်ပေါ်လာ၏၊ ပဋိသန္ဓေအခါ၏ နောက်၌လည်း (ပဝတ္တိအခါ၌လည်း) ထိုကံ၏ အကျိုးဖြစ်သော ဝိပါက်ဝိညာဏ်စိတ်များသည် အခြားဝီထိစိတ်တို့ မဖြစ်သောအခါ၌ ဘဝအယဉ်မပြတ်ရန် ထပ်တလဲလဲ ဖြစ်ပွါးကြလေသည် (ဘဝင်ကိစ္စတပ်၍ ဖြစ်ကြလေသည်)၊ ထိုသို့ ပဋိသန္ဓေ ဝိပါက်ဝိညာဏ်, ပဝတ္တိဝိပါက်ဝိညာဏ်များ ဖြစ်ပွါးပြည့်စုံလာသည်ကို ဝိပါကသမင်္ဂိတာ = အကျိုးဝိပါက်နှင့် ပြည့်စုံခြင်းဟု ခေါ်ဆို၏။

     ဤ၌ ဝိပါကဟူသည်မှာ ရှေးဖော်ပြရာပါ ကမ္မသမင်္ဂိတာ အမူအရာသတ္တိထူး၏ စိတ်ဝိညာဏ် ပရမတ္ထတရားလုံး (ဝိပါက်စိတ်) အဖြစ်ရောက်အောင် ရင့်ကျက်လာခြင်းပင် ဖြစ်သည်။ ဤဆိုအပ်ပြီးသော သမင်္ဂိတာလေးပါးကို ဆင်ခြင်လေ့လာ၍ ဝိပါက်စိတ်ဝိညာဏ်သည် စေတနာသမင်္ဂိတာခေါ်သော သင်္ခါရကို အခြေခံ အကြောင်းပြု၍ ဖြစ်ပေါ်လာရသည်ကို သိရှိရာ၏၊ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် “သင်္ခါရပစ္စယာ ဝိညာဏံ = သင်္ခါရကြောင့် ဝိညာဏ်ခြောက်ပါး ဖြစ်ပွါးလာ၏”ဟု ချုပ်၍ ဟောတော်မူလေသည်။



၇၀၂

     ဒုတိယလင်္ကာ အဓိပ္ပါယ်။ ။“၀ဋ်ခင်းဝဋ်နွယ်၊ ရှည်ကြောင်းရွယ်သား ၊(ပ)၊ အရှင်ဓာတ်မင်း၊ ပေါ်တုံလျှင်း၍” ဟူသည်မှာ- ရှေး၌ ဆိုအပ်ပြီးသောအတိုင်း အဘိသင်္ခါရသုံးပါး ဘဝအရင်းအနှီးများ ပွါးစည်းကြီးထွားလတ်သော် ထိုက်သက်ရာရာ အပါယ်လေးဘုံ လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတို့၌ ဖော်ပြရာပါ သမင်္ဂိတာလေးပါး အစဉ်အတိုင်း ဝိပါကသမင်္ဂိတာခေါ်သော ဝိပါက်ဝိညာဏ်စိတ် ဖြစ်ပွါးပေါ်ပေါက်၍ လာလေသည်။ ထိုဝိပါက်ဝိညာဏ်စိတ်ကား နာမ်တရားတို့တွင် ပဓာန အချုပ်အချာတရား ဖြစ်သည်။ မှန်၏- ရုပ်တရားဖက်၌ တေဇောဓာတ်သည် ပဓာန အချုပ်အချာဖြစ်၍ နာမ်တရားဖက်၌ စိတ်ဝိညာဏ်သည် ပဓာန အချုပ်အချာ ဖြစ်သည်။ (အကျယ်ကို ပဋိစ္စသမုပ္ပါဒဒီပနီ၌ ကြည့်ရှုရာ၏)။

     ဝိပါက်ဝိညာဏ်စိတ်တို့ကို ကိစ္စအားဖြင့် ခွဲဝေလျှင် မြင်စိတ်, ကြားစိတ်, နံစိတ်, လျက်စိတ်, ထိစိတ်, သိစိတ်ဟူ၍ ခြောက်မျိုးပြားလေသည်၊ ခန္ဓာကိုယ်၌ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ်ဟူ၍ ဒွါရခြောက်ပါးတို့ ထင်ရှားရှိရာ မျက်စိ = စက္ခုဒွါရ၌ မြင်စိတ် = စက္ခုဝိညာဏ်သည် အစိုးရသခင် အရှင်စိတ် ဖြစ်လေသည်၊ နား = သောတဒွါရ၌ ကြားစိတ် = သောတဝိညာဏ်သည် အစိုးရသခင် အရှင်စိတ် ဖြစ်လေသည်၊ နှာခေါင်း = ဃာနဒွါရ၌ နံစိတ် = ဃာနဝိညာဏ်သည် အစိုးရသခင် အရှင်စိတ်, လျှာ = ဇိဝှါဒွါရ၌ လျက်စိတ် စားစိတ် = ဇိဝှါဝိညာဏ်သည် အစိုးရသခင် အရှင်စိတ်, ကိုယ် = ကာယဒွါရ၌ ထိစိတ် = ကာယဝိညာဏ်သည် အစိုးရသခင် အရှင်စိတ်, စိတ် = မနောဒွါရ၌ သိစိတ် = မနောဝိညာဏ်သည် အစိုးရသခင် အရှင်စိတ်ဖြစ်လေသည်။

     “ကိုယ်တွင်းကိုယ်ပြင်၊ ထွက်ဝင်တံခါး ၊(ပ)၊ အုပ်စိုးဆောင်ရွက်၊ လျှမ်းလျှမ်းတက်လျှင်” ဟူသည်မှာ- (စက္ခုဝိညာဏ် = အမြင်စိတ်ဖြင့်မှတ်၍ ဖော်ပြပေအံ့) ဘုန်းရှင်ကံရှင် မင်းသားတယောက် ပေါ်ပေါက်လာလျှင် ထိုမင်းသား၏ အခြံအရံဖြစ်သောသူများ, ထိုမင်းသားနေထိုင်ရာ ရာဇပလ္လင်, ထိုရာဇပလ္လင်၏ ပတ်ဝန်းကျင်ထီးနန်း မင်းခမ်းမင်းနားများ ဖြစ်ပွါး ပေါ်ပေါက်လာရသကဲ့သို့



၇၀၃

ဘုန်းရှင်ကံရှင် မင်းသားနှင့်တူသော စက္ခုဝိညာဏ် = အမြင်စိတ် တခုအတွက် အခြံအရံ မင်းချင်းယောက်ျား အစေအပါးတို့နှင့်တူသော ယှဉ်ဖော်ယှဉ်ဖက် စေတသိက် ခုနစ်ပါး, ရာဇပလ္လင်နှင့်တူသော စက္ခုဝတ္ထု = စက္ခုဒွါရ = မျက်စိအကြည်ရုပ်, ပတ်ဝန်းကျင်ထီးနန်း မင်းခမ်းမင်းနားများနှင့်တူသော မျက်စိအကြည်, ရုပ်ကလာပ်တွင်ပါသော ရုပ်တရားများ ထင်ရှားဖြစ်ပေါ်လာကြရ၏။ မင်းသားသည် ဖော်ပြရာပါ အခြံအရံ မင်းခမ်းမင်းနားတို့ကို လျှမ်းလျှမ်းတောက် အုပ်စိုးကာ မင်းစည်းစိမ်ကို သုံးဆောင်ခံစားသကဲ့သို့ စက္ခုဝိညာဏ် အမြင်စိတ်တည်းဟူသော မင်းသားသည်လည်း ဖော်ပြရာပါ ယှဉ်ဖော်ယှဉ်ဖက် စေတသိက်ခုနစ်ပါး အခြံအရံများနှင့်တကွ စက္ခုဒသက ရုပ်ကလာပ်စသော မင်းခမ်းမင်းနား ရုပ်တရားများကို လျှမ်းလျှမ်းတောက် အုပ်စိုးကာ ရူပါရုံအရသာကို ခမ်းနားစွာ ခံစားသုံးဆောင်လေသည်။ (သောတဝိညာဏ် = အကြားစိတ်- စသည်တို့၌လည်း ဤနည်းကိုမှီ၍ သိရာ၏)။

     လူတယောက်၏ တနေ့တာ လုပ်ငန်းရပ်များကို ပရမတ္ထမျက်စိဖြင့် ကြည့်ရှုဆင်ခြင်လျှင် မြင်မှု, ကြားမှု, နံမှု, လျက်မှု, ထိမှု, သိမှု တည်းဟူသော ဝိညာဏ်ခြောက်ပါး တရားသားသာဖြစ်ကြောင်း ကောင်းစွာ တွေ့ရှိနိုင်၏။ ထိုသို့ဖြစ်လျှင် တနေ့လုံး အုန်းအုန်းကြွက် လျှမ်းလျှမ်းတက် ပြုမူပြောဆို ကြံစည်နေသမျှ အလုပ်ကိစ္စမှန်သမျှ ဝိညာဏ်ခြောက်ပါး တရားသားဖြစ်ကြောင်း ထင်ရှားလေပြီ။

     “ထက်မြက်တေဇာ၊ သူ့ရှိန်ဝါကြောင့် ၊(ပ)၊ ခြောက်ပါးဝိညာဏ်စွမ်းရည်တည်း” ဟူသည်မှာ- ယင်းသို့ နေ့ရှိသမျှ လရှိသမျှ နှစ်ရှိသမျှ မပြတ်ဆက်ကာ ဝိညာဏ်ခြောက်ပါးတို့ အုန်းအုန်းကြွက် လျှမ်းလျှမ်းတက် ဖြစ်ပွါးနေခြင်း အလုပ်လုပ်နေခြင်း ဖြစ်ရကား ထိုဝိညာဏ်ခြောက်ပါး၏ တန်ခိုးတေဇာ အရှိန်အဝါ သတ္တိကြောင့် ငါပဲ, သူပဲ, လူပဲ, နတ်ပဲ, ငါမြင်သည်, ငါကြားသည်, ငါနမ်းရှူသည်, ငါစားသည်, ငါထိသည်, ငါသိသည်,



၇၀၄

သူမြင်သည်, သူကြားသည်- အစရှိသည်ဖြင့် အဖုံဖုံအနဲနဲ အထင်လွဲမှုတွေ ပေါ်လာရလေသည်။ ထိုသို့ အထင်လွဲမှုတွေပေါ်လာလျှင် အပါယ်ငရဲ-အစရှိသော ဝဋ်နွယ်များ ရှည်သည်ထက်ရှည်လျား ကြီးမားသည်ထက် ကြီးမား၍ လာလေတော့၏၊ ဤသို့ ဖြစ်ရခြင်းသည် ဝိညာဏ်ခြောက်ပါး၏ စွမ်းရည်တည်း-ဟု ဆိုလို၏။

(၃) ဝိညာဏပစ္စယာ နာမရူပံ

ခြောက်ပါးဝိညာဉ်၊ စွမ်းရည်အင်ကြောင့်၊ မီးတွင်ရှိန်ဝါ၊ ထက်ကြပ်ပါသို့၊ မကွာတူကွ၊ ဖြစ်ပေါ်ကြသား၊ ဖဿ, ဝေဒနာ၊ စေတနာနှင့်၊ သညာ, ဝိတက်၊ ရောင်စုံယှက်သည်၊ အမျက်ကြောင်ဝယ်၊ ကြိုးစုံခြယ်သို့၊ အသွယ်အသွယ်၊ အနွယ်နွယ်လျှင်၊ ဆန်းကြယ်စွာလှ၊ နာမ်ကာယနှင့်..,၊ ဘူတ-ဟူပေ၊ မြေ, ရေ, လေ, မီး၊ ဓာတ်ကြီးလေးတန်၊ အမာခံလျက်၊ အရံရုပ်သေး၊ နှစ်ဆယ့်လေးတည့်၊ ပေါင်းထွေးမျှညီ၊ အဋ္ဌဝီသ၊ ရုပ်ကာယ-ဟု၊ နာမ,ရူပ၊ ဓမ္မအပြား၊ ဤနှစ်ပါးလည်း၊ ထင်ရှားစုံစွာ၊ ပေါ်တုန်လာ၍၊ နာနာကာယ၊ အနန္တလျှင်၊ ရူပရုပ်ဟန်၊ သဏ္ဌာန်အမူ၊ ဇာတ်မတူသည့်၊ လူအရပ်ရပ်၊ နတ်အထွေထွေ၊ ရေမျိုးကုန်းမျိုး၊ ကောင်းဆိုးယုတ်ညံ့၊ အကန့်ကန့်လျှင်၊ ခြားသန့်ပေါယယ်၊ သောသောကြွယ်သည်၊ နှစ်သွယ်နာမ်ရုပ် စွမ်းရည်တည်း။ (အရဆောင်လေ)။

မကျဉ်းမကျယ် အဓိပ္ပါယ်

     ဘုန်းရှင်ကံရှင် မင်းသားတယောက် ပေါ်ပေါက်ဖြစ်ထွန်းလာလျှင် ထိုမင်းသား၏ ဘုန်းကံကြောင့်ပင် အခြံအရံ ပရိသတ်များ အသုံးအဆောင် ထီးနန်းစည်းစိမ် မင်းခမ်းမင်းနားများတို့ အရံသင့် ပေါ်ထွန်းဖြစ်လာရသကဲ့သို့ ထို့အတူပင် ဝိညာဏ်ခြောက်ပါး မင်းသားခြောက်ယောက်တို့ ပေါ်ပေါက်ဖြစ်ထွန်းလာသောအခါ ထိုဝိညာဏ်ခြောက်ပါးဟူသော အကြောင်းကြောင့်ပင် ထိုဝိညာဏ်တို့၏ အခြံအရံ အသင်းအပင်း ပရိသတ် အနေဖြင့်



၇၀၅

ယှဉ်ဖော်ယှဉ်ဖက် ထိုက်သက်ရာ စေတသိက်တရားများနှင့် ထိုဝိညာဏ်တို့၏ အသုံးအဆောင် ထီးနန်း မင်းခမ်းမင်းနားများနှင့်တူသော ရုပ်တရားတို့ ထင်ရှားဖြစ်ပေါ်လာကြလေတော့သည်။

     တတိယလင်္ကာအဓိပ္ပါယ်။ ။မီးဟူ၍ ဖြစ်ပေါ်လာလျှင် ထိုမီး၏ အရှိန်အဝါသည် ထက်ကြပ်ပါလာသကဲ့သို့၎င်း, အမျက်ခေါ်သော ကြောင်ကျောက်ဝယ် အဆင်းအရောင် အမျိုးမျိုးရှိသော ကြိုးအသွယ်သွယ်တို့ အနွယ်အနွယ် ထက်ကြပ်ပါလာသကဲ့သို့၎င်း ထို့အတူပင် ဝိညာဏ်ခြောက်ပါး ဖြစ်ပွါးလာသည်ရှိသော် ထိုဝိညာဏ်တို့၏ အစွမ်းသတ္တိကြောင့် အတူတကွ ဖြစ်ပျက်မျှသည့် ဖဿ = အာရုံကို တွေ့ထိကြိတ်နယ်မှုသဘော, ဝေဒနာ = အာရုံရသ အာရုံရည်ကို ပိုင်နိုင်စွာခံစားမှုသဘော, စေတနာ = ယှဉ်ဖော်ယှဉ်ဖက်တရားတို့ကို မိမိကိစ္စ၌ မလစ်မဟင်း ရွက်ဆောင်ကြအောင် လှုံ့ဆော် တိုက်တွန်းပေးမှုသဘော- ဤသို့စသည် အလွန် ဆန်းကြယ်လှသော စေတသိက်ခေါ်သည့် နာမ်တရားများ, မဟာဘုတ်ကြီးလေးပါး ဥပါဒါရုပ် နှစ်ဆယ့်လေးပါး တည်းဟူသော ရုပ်တရားများ ထင်ရှားဖြစ်ပေါ်လာလေတော့၏။

     ယင်းသို့ နာမ်ရုပ်နှစ်ပါး ထင်ရှားပြည့်စုံစွာ ဖြစ်ပေါ်လာသောအခါ အနန္တသတ္တဝါတို့မှာ ကိုယ်ကာယ အမျိုးမျိုး, ပုံပန်းသဏ္ဌာန် အမျိုးမျိုး, အမူအရာအမျိုးမျိုး, ဇာတ်အနွယ်အမျိုးမျိုး, လူအမျိုးမျိုး, နတ်အမျိုးမျိုး, ရေနေသတ္တဝါအမျိုးမျိုး, ကုန်းနေသတ္တဝါအမျိုးမျိုး, အမြတ်စား အကောင်းစား သတ္တဝါ, အညံ့စားသတ္တဝါ အမျိုးမျိုး ကွဲပြားကြကာ သူ့အမျိုးနှင့် သူ့ဇာတ်အနွယ် ခြားလျက်သန့်လျက် မရေနိုင် မတွက်နိုင်အောင် သောသောကြွက် ထင်ရှားဖြစ်ပွါးကြလေကုန်တော့သည်။

     ဤ၌ သတ္တဝါတယောက်နှင့် တယောက် အယုတ်သဖြင့် ညီအစ်ကို မောင်နှမ ညီအမပင် ဖြစ်လင့်ကစား အဆင်း ပုံပန်းသဏ္ဌာန် စိတ်နေသဘောထားမှစ၍ အမူအရာ မတူကြခြင်း, အထူးထူး အပြားပြား အဆန်းတကြယ်ဖြစ်ကြခြင်း၏



၇၀၆

အကြောင်းရင်းမှာ တဏှာနှင့်ယှဉ်သော စိတ်ဆန်းကြယ်မှု မတူမှုကြောင့် ဖြစ်လေသည်။ တဏှာက စိတ်နှင့်တွဲယှဉ် မှီတွယ်ကာ အကြင်သို့ သဘောရှိသော အဆင်း ပုံပန်းသဏ္ဌာန် စိတ်နေသဘောထားကို သာယာတပ်မက် နှစ်သက်၏၊ ထိုတဏှာ၏ လှုံ့ဆော်ချက်အရ ထိုတဏှာ သာယာတပ်မက် နှစ်သက်သော အဆင်း ပုံပန်းသဏ္ဌာန် စိတ်နေသဘောထားရှိသော ခန္ဓာကိုယ်ကို ရရှိရန် ကောင်း,မကောင်းကံကို ပြုလေ တော့၏ (တဏှာ ဆန်းကြယ်သောကြောင့် ကံဆန်းကြယ်သည်)။ ထိုပြုခဲ့သောကံက အမျိုးမျိုးဖြစ်လေသောကြောင့် ထိုကံအမျိုးမျိုး၏ အကျိုးခန္ဓာတို့ ဖြစ်ပွါးပေါ်ပေါက်လာသော အခါမှာလည်း ဘဝဂတိအမျိုးမျိုး ဇာတ်အမျိုးမျိုး အဆင်း ပုံပန်းသဏ္ဌာန်အမျိုးမျိုး စိတ်နေသဘောထား အမျိုးမျိုး တယောက်နှင့်တယောက် မတူထူးခြား ကွဲပြားဆန်းကြယ်စွာ ဖြစ်လာကြလေသည် (=ကံဆန်းကြယ်သောကြောင့် ဘဝဂတိ-စသည် အဆန်းတကြယ် ဖြစ်ပေါ်လာသည်)ဟု ဆိုလိုသည်။

(၄) နာမရူပပစ္စယာ သဠာယတနံ

ထင်ရှားစေ့စုံ၊ အပုံပုံလျှင်၊ တည်တုံနာမ်ရုပ်၊ ကိုယ်သမုတ်သား၊ အထုပ်အထည်၊ ကြီးငယ်ကာယ၊ ပေါ်ပြန်ကလည်း၊ ဒွါရတွင်မည်၊ ဖိတ်ဖိတ်လည်သည်၊ အကြည်ခြောက်မျိုး၊ ကိုယ်လုံးဖြိုးလျက်၊ အရိုးစီစဉ်၊ အမြင်-စက္ခု၊ ကြားမှု-သောတ၊ ဃာန-အနံ၊ လျက်ရန်-ဇိဝှါ၊ ကာယာ-တွေ့ထိ၊ အသိ-မနော၊ မရောမယှက်၊ တလက်လက်လျှင်၊ အမျက်စိန်ရည်၊ လဲ့လဲ့ကြည်သို့။ ခြောက်မည်အာရုံ၊ အလုံးစုံလည်း၊ ပုံသဏ္ဌာန်ရိပ်၊ နိမိတ်အသွင်၊ အကုန်ထင်၍၊ ဤရှင်,ဤလူ၊ ဤမူ နေ,လ၊ ရူပသဏ္ဌာန်၊ အသံအမျိုး၊ အခိုးလှိုင်ပျံ့၊ ရနံ့ထိုထို၊ အချို,အချဉ်၊ ဤလျှင်အပူ၊ ဤမူအအေး၊ အတွေးအသိ၊ ပြည့်စုံဘိ၍၊ ငါ၏ဤကိုယ်၊ ငါမင်းပျိုဟု၊ အဆိုအထင်၊ အမြင်မှောက်မှား၊ စိတ်နေကြွားဘို့၊



၇၀၇

တံခါးခြောက်သင်း၊ ကိုယ်လုံးလင်းသည်၊ ၊ခြောက်စင်းဓာတ်မှန် စွမ်းရည်တည်း။ (အရဆောင်လေ)။

     ဤစာပိုဒ်မှစ၍ လင်္ကာကိုအရင်းတည်ကာ အဓိပ္ပါယ်ကိုပေါင်း၍ ပြဆိုတော့အံ့- ဝိညာဏ်ကြောင့် ဖြစ်ပေါ်ကြသော ရူပကာယ, နာမကာယ = နှစ်ပါးတို့တွင် ရူပကာယ၏ အာနုဘော်ကြောင့် မျက်စိအကြည်, နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်ဟူသော ရုပ်အကြည်ငါးပါးတို့ ဖြစ်ပေါ်လာကြကုန်၏။ နာမကာယ၏ အာနုဘော်ကြောင့် မနောဟူသော စိတ်ဝိညာဏ်အကြည် ဖြစ်ပေါ်လာ၏။

     သတ္တဝါလေးမျိုးရှိသည်- (၁) အဏ္ဍဇသတ္တဝါ = အဥ၌ သန္ဓေတည်စွဲ ဖြစ်ပွါးသောသတ္တဝါ, (၂) ဇလာဗုဇသတ္တဝါ = အမိသားအိမ်၌ သန္ဓေတည်စွဲ ဖြစ်ပွါးသောသတ္တဝါ, (၃) သံသေဒဇသတ္တဝါ = ရေညှိစသည် ကြာပန်းစသည် အမြှုပ်အမှေး၌ သန္ဓေတည်စွဲ ဖြစ်ပွါးသောသတ္တဝါ, (၄) ဩပပါတိကသတ္တဝါ = ပဋိသန္ဓေတည်နေစ အချိန်ကပင် တဆယ့်ခြောက်နှစ်အရွယ် အနှစ်နှစ်ဆယ်အရွယ် ကိုယ်ထည်ထင်ရှား ဖြစ်ပွါးသောသတ္တဝါ = ဤသို့ လေးမျိုးရှိကြသည်။

     အုန်းသီး ထန်းသီး သရက်သီး ပိန္နဲသီး-စသော ခပ်သိမ်းသော အသီးတို့မှာ အချိန်ကျလျှင် အစေ့အိမ် အဆံအိမ်ပေါ်၍ အစေ့အဆံ တည်ချိန်ကျလျှင် တည်ကြ ထည့်ကြကုန်သကဲ့သို့ ထို့အတူ အဏ္ဍဇသတ္တဝါ, ဇလာဗုဇသတ္တဝါတို့မှာ ပဋိသန္ဓေ တည်နေပြီးနောက် ပဝတ္တိအခါ၌ မျက်စိ, နား, နှာ, လျှာဟူသော ရုပ်အကြည် လေးပါး ဖြစ်ချိန်ပေါ်ချိန်ကျသောအခါ မျက်စိအိမ်, နားအိမ်, နှာခေါင်းအိမ်, လျှာအိမ်တို့နှင့်တကွ အကြည်လေးပါးတို့ ထင်ရှားဖြစ်ပေါ်၍ လာကြကုန်၏။ အကြည်ရုပ် တည်းဟူသော အဆံထည့်၍ လာကြကုန်၏။ ကိုယ်အကြည်သည်မူကား ပဋိသန္ဓေဝိညာဏ်နှင့် အတူတကွပြိုင်လျက် တည်၍လာ၏။



၇၀၈

     ဥပပတ်ပုဂ္ဂိုလ်, သံသေဒဇပုဂ္ဂိုလ်တို့၌ကား ရုပ်အကြည်ငါးပါးလုံးပင် ပဋိသန္ဓေစိတ်ဝိညာဏ်နှင့် အတူတကွ ပြိုင်လျက် ဖြစ်ပေါ်လာကြကုန်၏။ ဗြဟ္မာတို့၌ကား ဃာနဓာတ်အိမ်, ဇိဝှါဓာတ်အိမ်, ကာယဓာတ်အိမ်တို့မှာ အိမ်သက်သက်သာ တည်ရှိကြကုန်၏။ ပသာဒဓာတ်အကြည် မပါရှိကြကုန်။

     သတ္တဝါတို့မှာ မျက်စိကို ဖြစ်စေတတ်သော အတိတ်ကံရှိသည်။ ထိုကံကြောင့် ကမ္မဇရုပ်များ ဖြစ်ပေါ်လာကြသည်။ ထိုကမ္မဇ မဟာဘုတ်ရုပ်တို့ကို မှီ၍ဖြစ်သော အကြည်ဓာတ်ရုပ်ကို မျက်စိအကြည်ရုပ်ဟု ခေါ်၏၊ ထို့အတူ နားကိုဖြစ်စေတတ်သော (ပ) နှာခေါင်းကို ဖြစ်စေတတ်သော, လျှာကိုဖြစ်စေတတ်သော, ကာယ = ကိုယ်ကိုဖြစ်စေတတ်သော အတိတ်ကံရှိသည်။ ထိုအတိတ်ကံကြောင့် ကမ္မဇရုပ်များ ဖြစ်ပေါ်လာကြသည်။ ထိုကမ္မဇ မဟာဘုတ်ရုပ်တို့ကို မှီ၍ဖြစ်သော အကြည်ဓာတ်ရုပ်များကို နားအကြည်, နှာခေါင်းအကြည်, လျှာအကြည်, ကိုယ်အကြည်ရုပ်ဟု ခေါ်၏။ (ဤကား ရူပကာယကြောင့် ရုပ်အကြည် အာယတနငါးပါး ဖြစ်ပွါးကြောင်းတည်း)။

     ဖဿ, ဝေဒနာ, စေတနာ- အစရှိသော စေတသိက်တရား နာမကာယကြောင့် မနောအကြည်ဟူသော မနာယတနသည် ဖြစ်ပွါးလာ၏။ ဤမနောအကြည် = မနာယတနဟူသည်လည်း ပဓာနဓာတ်မင်းဖြစ်သော စိတ်ဝိညာဏ်ပင်တည်း။ ထိုသို့ဖြစ်လျှင် “အမိကြောင့် သားသမီးဖြစ်သည်” ဟူသကဲ့သို့ “ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်သည်”ဟု ရှေး၌ ဆိုပြီးဖြစ်၍ “သားသမီးတို့မှ အမိဖြစ်ပြန်သည်”ဟု ဆိုသကဲ့သို့ ဖြစ်ရာသည် မဟုတ်လော-ဟု မေးဖွယ်ရှိ၏။ အဖြေကား- သစ်စေ့မှ သစ်ပင်ဖြစ်၏။ သစ်ပင်မှ တဖန်သစ်စေ့ ဖြစ်ပြန်၏၊ ထိုသို့ဖြစ်ရာ၌ ရှေးသစ်စေ့ကား တခြား၊ နောက်သစ်စေ့ကား တခြားတည်း။ ဤအတူပင် စေတသိက် နာမ်တရား ၅၂-ပါးရှိသည်တွင် ဝိတက်, ဝိစာရ လွန်ကဲသော အခါလည်းရှိ၏၊ ဝီရိယလွန်ကဲသော အခါလည်းရှိ၏၊ ပီတိလွန်ကဲသောအခါ, ဆန္ဒလွန်ကဲသောအခါ, နွားငတ်ရေချ လောဘလွန်ကဲသောအခါ,



၇၀၉

ယမ်းပုံမီးကျ ဒေါသလွန်ကဲသော အခါလည်း ရှိ၏။ ဤသို့အစရှိသည်ဖြင့် အသီးအသီး လွန်ကဲမိ လွန်ကဲရာ လွန်ကဲစွာ ဖြစ်ကြသော အလှည့်အလည် ရှိကြ၏။ ထိုသို့ရှိရာ၌ ဝိတက်လွန်ကဲသောအခါ ဝိတက်လှုံ့ဆော်တိုင်း စိတ်ဝိညာဏ်သည် ရှေ့ဆောင်ရှေ့သွား လမ်းညွှန်လမ်းပြအနေဖြင့် ဖြစ်ပေါ်လိုက်ပါ၍ လာရလေသည်။ ယင်းသို့ ဝိတက်, ဝိစာရ, လောဘ, ဒေါသ- အစရှိသော နာမ်တရားတို့၏ လှုံ့ဆော်ချက်ဖြင့် စိတ်ဝိညာဏ်တဖွားဖွား ရှေ့သွားပြု၍ ဖြစ်ပေါ်ရသောအခါ စေတသိက် နာမ်တရားတို့ကြောင့် စိတ်ဝိညာဏ်ဟူသော မနာယတန ဖြစ်ပေါ်လာသည် မည်၏။ (တနည်း) “မီးကြောင့် လေဖြစ်သည်၊ လေကြောင့် မီးပွါးပြန်သည်” ဟူသကဲ့သို့ မီးနှင့်တူသော စိတ်ဝိညာဏ်ကြောင့် လေနှင့်တူသော စေတသိက် နာမ်တရားတို့ ဖြစ်ပွားကြ၍ ထိုလေနှင့်တူသော စေတသိက် နာမ်တရားတို့ကြောင့်ပင် မီးနှင့်တူသော စိတ်ဝိညာဏ်တရား အဆင့်ဆင့် ပွါးရပြန်လေသည်။

     တနည်း- မြေ, ရေ, မီး, လေဟူသော = ဓာတ်ကြီးလေးပါးတို့သည် အချင်းချင်း မကင်းရာ မကင်းအပ် ဖြစ်ကြ၍ တပါးဖြစ်လျှင် အခြားသုံးပါးတို့ တပါတည်း ဖြစ်နေကြရသကဲ့သို့ ထို့အတူ ဝိညာဏ်ဖြစ်ပေါ်လျှင်လည်း ထိုက်သက်ရာ စေတသိက် နာမ်တရားတို့ တပါတည်း ဖြစ်ပေါ်ကြရလေသည်၊ စေတသိက် နာမ်တရားစု ဖြစ်ပေါ်လျှင်လည်း စိတ်ဝိညာဏ် အမြဲပါဝင် ဖြစ်ပွါးရတော့၏။ (ဤကား နာမကာယကြောင့် စိတ်အကြည် မနာယတန ဖြစ်ပွါးကြောင်းတည်း)။

     သက်ရှိသတ္တဝါတို့ သန္တာန်ဝယ် ဤအကြည်ခြောက်ပါး ထင်ရှားဖြစ်ကြ ရှိကြသောကြောင့်သာ အသုံးဝင်လေသည်။ အကယ်၍ မရှိကြပါမူ ထင်းတုံးပမာ ဘာမျှအသုံးကျမည် မဟုတ်ချေ။ ထိုအကြည်ခြောက်မျိုးကိုပင် ဒွါရခြောက်ပါး တံခါးခြောက်ပေါက် ဟူ၍လည်း ခေါ်ဆို၏။ ဒွါရဆိုသော်လည်း အပေါက်ဟင်းလင်း အာကာသတံခါးမျိုးဖြစ်၍ ဆိုသည်မဟုတ်၊ ဖန်တံခါး မှန်တံခါးများကဲ့သို့ ဖိတ်ဖိတ်လည်သော အကြည်တံခါးမျိုးသာ ဖြစ်ကြ၏။



၇၁၀

မျက်စိအကြည်သည် မျက်လုံးအိမ်မှာ ဖြစ်ပေါ်၏၊ နားအကြည်သည် နားတွင်းမှာ, နှာအကြည်သည် နှာခေါင်းတွင်းမှာ, လျှာအကြည်သည် လျှာအပြင်ပေါ်မှာ, ကာယအကြည်သည် တကိုယ်လုံး အတွင်းအပြင်မှာ အနှံ့အပြား ဖြစ်ပေါ်၏။ စိတ်ဝိညာဏ် မနောအကြည်ကား နှလုံးအိမ်တွင်းမှာ ဖြစ်ပေါ်၏။ ဤသည်ကိုပင် လင်္ကာ၌ “အကြည်ခြောက်မျိုး၊ ကိုယ်လုံးဖြိုးလျက်”ဟု စပ်ဆိုလေသည်။

     သစ်ကိုင်း သစ်ခက်ပေါ်၌ ငှက်နားသည်နှင့် တပြိုင်နက် အကိုင်းလှုပ်ခြင်း, မြေ၌ အရိပ်ထင်ခြင်း = ဤနှစ်မျိုး တချိန်တည်းဖြစ်သကဲ့သို့ အဆင်းမျိုးစုံ ရူပါရုံသည် မျက်စိအကြည်, မနောအကြည် = ဤအကြည်နှစ်ချက်၌ တပြိုင်နက် ထင်ပြတိုက်ဆိုက်လေ၏။ ထိုအခါ မြင်မှု = စက္ခုဝိညာဏ် ခေါင်းဆောင်လျက် စက္ခုဒွါရဝီထိစိတ်အစဉ် မနောဒွါရနောက်လိုက် ဝီထိစိတ်အစဉ်များ စိတ္တနိယာမအတိုင်း ဖြစ်ပွါးကြကာ ဤကား နေတည်း, ဤကား လ-တည်း, ဤကား လူတည်း, ဤကား နွားကျွဲ-စသည်တည်း- ဤသို့စသည်ဖြင့် မြင်ကြ သိကြလေသည်။

     ထိုအတူ မိုးသံ, လေသံ, စည်သံ, စောင်းသံ, လူသံ, နွားသံစသော အသံမျိုးစုံ သဒ္ဒါရုံကို နားအကြည်, မနောအကြည် = ဤအကြည်နှစ်ချက်၌ တပြိုင်နက် ထင်ပြတိုက်ဆိုက်လေ၏ ။(ပ)။ မွှေးသောအနံ့, ပုပ်သောအနံ့- အစရှိသော အနံ့မျိုးစုံ ဂန္ဓာရုံတို့ နှာခေါင်းအကြည်, မနောအကြည် = ဤအကြည်နှစ်ချက်၌ တပြိုင်နက် ထင်ပြတိုက်ဆိုက်လေ၏။ အချို,အချဉ်-စသော ရသာမျိုးစုံ ရသာရုံကို လျှာအကြည်, မနောအကြည် = ဤအကြည်နှစ်ချက်၌ တပြိုင်နက် ထင်ပြတိုက်ဆိုက်လေ၏။ အပူအချမ်း အကြမ်းအနု အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံအစုသည် ကာယအကြည်, မနောအကြည် = ဤအကြည်နှစ်ချက်၌ တပြိုင်နက် ထင်ပြတိုက်ဆိုက်လေ၏။ ကြွင်းသော ရုပ်နာမ်မျိုးစုံ ဓမ္မာရုံတို့နှင့်တကွ ဆိုအပ်ပြီးသည့် အဆင်း, အသံစသော အာရုံငါးမျိုး = ဤအာရုံ ခြောက်မျိုးလုံးပင် မနောအကြည်၌ ထင်ပြတိုက်ဆိုက်လာလေ၏။ ထိုအခါ မနောဒွါရဝီထိ



၇၁၁

စိတ်အစဉ်များ ဖြစ်ပွါးကြကာ သိမှုအမျိုးမျိုး တဖြိုးဖြိုး ဖြစ်ပွါးလာလေသည်။ ဤကိုရည်၍ လင်္ကာ၌ “အရိုးစီစဉ်၊ အမြင်-စက္ခု၊ (ပ)၊ အတွေး အသိ၊ ပြည့်စုံဘိ၍”ဟု စပ်ဆိုလေသည်။

     ထိုသို့ မြင်မှု, ကြားမှု, နံမှု, လျက်မှု, တွေ့ထိမှု, သိမှု, ကြံဖန်မှုကို နေ့ညဉ့်မစဲ တသဲသဲ ဖြစ်ပွါးနေခြင်းကြောင့်ပင် ပုထုဇန်သတ္တဝါတို့၏ သန္တာန်၌ “ငါမြင်သည်, ငါကြားသည်, ငါနမ်းရှူသည်, ငါစားသည်, ငါတွေ့ထိသည်, ငါသိသည်, ငါကြံသည်, ငါမိုက်သည်, ငါလိမ္မာသည်” ဤသို့စသည်ဖြင့် သက္ကာယဒိဋ္ဌိ ငရဲအိုးကြီးထဲမှာ လောဘ, ဒေါသ, မောဟ, မာန, ဣဿာ, မစ္ဆရိယ-စသော အကုသိုလ် ငရဲမီးလျှံတို့သည် တဟုန်းဟုန်း တောက်လောင်၍ နေကြကုန်၏။ တံခါးကြီး ခြောက်ပေါက်မှာပင် အကုသိုလ် ငရဲမီးများ တကိုယ်လုံး လင်း၍နေ၏။ ဤသို့ဖြစ်ခြင်းမှာ အာယတနခြောက်သင်း၏ အစွမ်းကြောင့် ဖြစ်လေသည်။ ထို့ကြောင့် လင်္ကာ၌ “အတွေးအသိ၊ ပြည့်စုံဘိ၍၊ ငါ၏ဤကိုယ်၊ (ပ)၊ ခြောက်ခင်းဓာတ်မှန် စွမ်းရည်တည်း”ဟု စပ်ဆိုလေသည်။

(၅) သဠာယတနပစ္စယာ ဖဿော

ဓာတ်မှန်အကြည်၊ ခြောက်မျိုးတည်က၊ ခြောက်မည်အာရုံ၊ အလုံးစုံလည်း၊ ပုံသဏ္ဌာန်ရိပ်၊ နိမိတ်အသွင်၊ ကိုယ်လုံးထင်၍၊ ဝိညာဉ်ခြောက်ဆင့်၊ ဖွားဖွားပွင့်က၊ နှိုင်းသင့်တူမျှ၊ ပမာပြမူ၊ သိကြားစက်ရှိန်၊ လက်လက်ထိန်သား၊ ဝရဇိန်သွား၊ ရွပ်ရွပ်ဝါးသို့၊ ခြောက်ပါးဖဿ၊ ဖြန်းဖြန်းထ၍၊ ရသခြောက်မည်၊ အာရုံရည်ကို၊ ကြိတ်နည်သောအား၊ တွေ့ထိငြားက၊ ဤကားဣဋ္ဌ၊ အနိဋ္ဌနှင့်၊ ဤမျှမကောင်း၊ ဤမျှကောင်းဟု၊ အကြောင်းသွေးဆော်၊ အရေးပေါ်လျက်၊ ခြောက်ဖေါ်အာရုံ၊ ရသဂုဏ်တို့၊ အကုန်ပေါ်ထွက်၊ ရွှန်ရွှန်းတက်၍၊ မက်ဖွယ်မုန်းဖွယ်၊ အနှုန်းချယ်သည်။ ခြောက်သွယ်ဖဿ စွမ်းရည်တည်း။ (အရဆောင်လေ)။



၇၁၂

     အဓိပ္ပါယ်ကား။ ။သဠာယတနခေါ်သော ဖော်ပြရာပါ ဓာတ်မှန်အကြည် ခြောက်မျိုးကို ဤကိုယ်ခန္ဓာ၌ သူ့နေရာနှင့်သူ တည်ကြဖြစ်ပွါးကြသည်ရှိသော် မှန်အပြင်၌ အရိပ်ထင်သကဲ့သို့ စက္ခုဒွါရ = မျက်စိဓာတ်မှန်အကြည်၌ အဆင်းမျိုးစုံ ရူပါရုံတို့ ပုံသဏ္ဌာန်အရိပ် နိမိတ်အသွင် ထင်လာကြ၏၊ သောတဒွါရ = နားဓာတ်မှန်အကြည်၌ အသံမျိုးစုံ သဒ္ဒါရုံတို့ ပုံသဏ္ဌာန်အရိပ် နိမိတ်အသွင် ထင်လာကြ၏။ ဃာနဒွါရ = နှာခေါင်းဓာတ်မှန်အကြည်၌ အနံ့မျိုးစုံ ဂန္ဓာရုံတို့ ပုံသဏ္ဌာန်အရိပ် နိမိတ်အသွင် ထင်လာကြ၏၊ ဇိဝှါဒွါရ = လျှာဓာတ်မှန်အကြည်၌ ရသာမျိုးစုံ ရသာရုံတို့ ပုံသဏ္ဌာန်အရိပ် နိမိတ်အသွင် ထင်လာကြ၏၊ ကာယဒွါရ = ကိုယ်ဓာတ်မှန်အကြည်၌ အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံတို့ ပုံသဏ္ဌာန်အရိပ် နိမိတ်အသွင် ထင်လာကြ၏။ မနောဒွါရ = စိတ်ဝိညာဏ်ဓာတ် မှန်အကြည်၌ အာရုံခြောက်ပါးတို့ ထိုက်သည်အားလျော်စွာ ပုံသဏ္ဌာန်အရိပ် နိမိတ်အသွင် ထင်လာကြ၏။

     ထိုသို့ ထိုထိုဆိုင်ရာဒွါရ၌ ဆိုင်ရာအာရုံတို့ ထင်ကြသောအခါ (မီးခတ်သံနှင့် မီးခတ်ကျောက်တို့ ခတ်မိတိုက်မိသောအခါ မီးပွါးများ ပွင့်သကဲ့သို့) မြင်မှု, ကြားမှု, နံမှု, လျက်မှု, ထိမှု, သိမှုတည်းဟူသော ဝိညာဏ်ခြောက်ပါးတို့ ဆိုင်ရာဒွါရ၌ တဖွားဖွား ပွင့်၍ ဖြစ်၍ လာကြလေ၏။

     ထိုသို့ ဒွါရ, အာရုံ, ဝိညာဏ် = သုံးပါးတို့ ပေါင်းဆုံမိခြင်းကို အကြောင်းပြု၍ စက္ခုဒွါရ = မျက်စိအကြည်, အဆင်းရူပါရုံ, မြင်မှု = စက္ခုဝိညာဏ် = ဤသုံးပါး ပေါင်းဆုံမိခြင်းကြောင့် စက္ခုသမ္ဖဿ = မျက်စိအတွေ့ ဖြန်းဖြန်းထ၍ လာလေသည်၊ သောတဒွါရ = နားအကြည်, အသံ = သဒ္ဒါရုံ, ကြားမှု = သောတဝိညာဏ် = ဤသုံးပါး ပေါင်းဆုံမိခြင်းကြောင့် သောတသမ္ဖဿ = နားအတွေ့ ဖြန်းဖြန်းထ၍ လာလေသည်၊ ဃာနဒွါရ = နှာခေါင်းအကြည်, ဂန္ဓာရုံ = အနံ့မျိုးစုံ, နံမှု = ဃာနဝိညာဏ် = ဤသုံးပါးတို့ ပေါင်းဆုံမိခြင်းကြောင့် ဃာနသမ္ဖဿ = နှာခေါင်းအတွေ့ ဖြန်းဖြန်းထ၍ လာလေသည်၊ ဇိဝှါဒွါရ = လျှာအကြည်,



၇၁၃

ရသာမျိုးစုံ = ရသာရုံ, လျက်မှု = ဇိဝှါဝိညာဏ် = ဤသုံးပါးတို့ ပေါင်းဆုံမိခြင်းကြောင့် ဇိဝှါသမ္ဖဿ = လျှာအတွေ့ ဖြန်းဖြန်းထ၍ လာလေသည်၊ ကာယဒွါရ = ကိုယ်အကြည်, အတွေ့မျိုးစုံ = ဖောဋ္ဌဗ္ဗာရုံ, ထိမှု = ကာယဝိညာဏ် = ဤသုံးပါးတို့ ပေါင်းဆုံမိခြင်းကြောင့် ကာယသမ္ဖဿ = ကိုယ်အတွေ့ ဖြန်းဖြန်းထ၍ လာလေသည်၊ မနောဒွါရ = စိတ်အကြည်, အာရုံခြောက်မျိုးတို့တွင် တမျိုးမျိုး, သိမှု = မနောဝိညာဏ် = ဤသုံးပါး ပေါင်းဆုံမိခြင်းကြောင့် မနောသမ္ဖဿ = စိတ်အတွေ့ ဖြန်းဖြန်းထ၍ လာလေသည်။

     ထိုဖဿခြောက်ပါးတို့သည် သိကြားလက်နက် ၀ဇီရစိန်လက်နက်ကဲ့သို့ ဆိုင်ရာအာရုံများ၏ ဣဋ္ဌရသ = ကောင်းသောရသာရည်, အနိဋ္ဌရသ = မကောင်းသောရသာရည်များ ထင်ရှား ပေါ်ထွက်လာအောင် ဖိနှိပ်ကြိတ်နယ်ပေးကြလေသည်၊ စက္ခုသမ္ဖဿ = မျက်စိအတွေ့က စက္ခုဒွါရ၌ထင်လာသော ရူပါရုံအမျိုးမျိုး၏ ဣဋ္ဌရသ, အနိဋ္ဌရသများ ထင်ရှားပေါ်ထွက်လာအောင် ဖိနှိပ် ကြိတ်နယ်ပေးလေသည်။ ကျန်သော ဖဿငါးပါးကလည်း မိမိတို့ဆိုင်ရာ ဒွါရ၌ ထင်လာသော အာရုံတို့၏ ဣဋ္ဌရသ, အနိဋ္ဌရသများ ထင်ရှားပေါ်ထွက်လာအောင် ဖိနှိပ် ကြိတ်နယ်ပေးလေသည်။ စက္ခုသမ္ဖဿ = မျက်စိအတွေ့က ရူပါရုံအမျိုးမျိုးကို ဖိနှိပ်ကြိတ်ဝါးပေးသည့်အလား တွေ့ထိပေးမှုကြောင့် ထိုရူပါရုံအမျိုးမျိုးတို့အနက် ဣဋ္ဌရူပါရုံမှ ဣဋ္ဌရသရည်များ, အနိဋ္ဌရူပါရုံမှ အနိဋ္ဌရသရည်များ တဒီးဒီးယိုစီး၍ ကျသည့်အလား ထင်ရှား ပေါ်လွင်လာလေသည်။ ထို့အတူ သောတသမ္ဖဿ = နားအတွေ့က သဒ္ဒါရုံအမျိုးမျိုးကို (ပ)၊ ဃာနသမ္ဖဿ = နှာခေါင်းအတွေ့က ဂန္ဓာရုံအမျိုးမျိုးကို, ဇိဝှါသမ္ဖဿ = လျှာအတွေ့က ရသာရုံအမျိုးမျိုးကို, ကာယသမ္ဖဿ = ကိုယ်အတွေ့က ဖောဋ္ဌဗ္ဗာရုံ အမျိုးမျိုးကို, မနောသမ္ဖဿ = စိတ်အတွေ့က မနောဒွါရ၌ ထင်လာသော အာရုံခြောက်ပါးတို့အနက် တမျိုးမျိုးကို ဖိနှိပ်ကြိတ်ဝါးပေးသည့်အလား တွေ့ထိပေးမှုကြောင့် ထိုအာရုံတို့အနက် ဣဋ္ဌအာရုံ တို့မှ ဣဋ္ဌရသရည်များ, အနိဋ္ဌအာရုံတို့မှ အနိဋ္ဌရသရည်များ



၇၁၄

တဒီးဒီး ယိုစီး၍ကျသည့်အလား ထင်ရှားပေါ်လွင်လာလေသည်။ ဖဿအားကောင်းလျှင် အားကောင်းသလောက် အာရုံ၏ ဣဋ္ဌရသရည်များ, အနိဋ္ဌရသရည်များ ထင်ရှားပေါ်လွင်၍ လာကြလေသည်။ ယင်းသို့ ဣဋ္ဌရသရည်များ ထင်ရှားပေါ်လွင်လာသောအခါ အလိုရှိအပ်သော အရာဝတ္ထု ကောင်းသောအရာဝတ္ထု တပ်မက်ဖွယ်အရာဝတ္ထုဟူ၍ မှတ်ယူကြလေတော့၏။ အနိဋ္ဌရသရည်များ ထင်ရှားပေါ်လွင်လာသောအခါ အလိုမရှိအပ်သော အရာဝတ္ထု မကောင်းသော အရာဝတ္ထု ရွံမုန်းဖွယ် အရာဝတ္ထုဟူ၍ မှတ်ယူကြလေတော့၏။

     ဤကဲ့သို့ အလိုရှိအပ်သော အရာဝတ္ထု, အလိုမရှိအပ် သောအရာဝတ္ထု, ကောင်းသော အရာဝတ္ထု, မကောင်းသောအရာဝတ္ထု, တပ်မက်ဖွယ် အရာဝတ္ထု, ရွံမုန်းဖွယ် အရာဝတ္ထုဟူ၍ စွဲမှတ်ယူရလေအောင် အာရုံ၏ ဣဋ္ဌရသရည်များ အနိဋ္ဌရသရည်များ ထင်ရှားပေါ်လွင်လာအောင် ဖိနှိပ်ကြိတ်ဝါးပေးသည့်အလား တွေ့ထိပေးမှုသည် ဖဿ၏ စွမ်းရည်သတ္တိ ဖြစ်လေသည်။

(၆) ဖဿပစ္စယာ ဝေဒနာ

ဖဿခြောက်မည်၊ သူ့စွမ်းရည်ဖြင့်၊ ကြိတ်နည်သောအား၊ စက်ရှိန်ဝါး၍၊ ခြောက်ပါးအာရုံ၊ မြေ့မြေ့တုန်လျက်၊ ခြောက်စုံရသ၊ အနိဋ္ဌနှင့်၊ ဣဋ္ဌဟူသည်၊ အရည်ဒီးဒီး၊ ယိုထွက်စီးသော်..။ ဓာတ်ကြီးခြောက်ဖြာ၊ ဝေဒနာဟု၊ ထွေလာအထူး၊ ထွက်ပေါ်မြူး၍၊ ခြောက်ဦးရွှမ်းစည်၊ အာရုံရည်ကို၊ မည်မည်ရရ၊ ခံစံကြမှ၊ သုဘ,သုဘာ၊ သာ, မသာနှင့်၊ ထွေလာများတောင်း၊ ကောင်း,မကောင်းလည်း၊ ထောင်းထောင်းငေါ်ငါ်၊ သိထင်ပေါ်၍၊ ကောင်းသော် စိတ်ဝမ်း၊ ဖိတ်ဖိတ်လျှမ်းလျှင်၊ ရွှင်လန်းနှလုံး၊ စွင့်စွင့်ပြုံး၏။ မုန်းဖွယ်တွေ့က၊ ခြောက်သွေ့နွမ်းညှိုး၊ နှလုံးဆိုး၍၊ အခိုးလူလူ၊ ပွက်ပွက်ဆူမျှ၊ ပူပူပင်ပင်၊ မရွှင်မလန်း၊ စိတ်ကုန်ခန်း၏။ ချမ်းသာသုခ၊ တစ်ခုမျှ၌၊



၇၁၅

လောကအထု၊ အကုန်စု၏။ ပုပုရွရွ၊ မြင်သမျှလည်း၊ သုခဖို့ချည်း၊ လုံ့လသည်း၏။ အရည်းသူမြတ်၊ ပရမတ်ကို၊ ချန်လှပ်ဖယ်ရှား၊ အလွတ်ထား၍၊ အများလောက၊ ရှိသမျှကား၊ ဒုက္ခပွားမှု၊ များစွာပြုသည်။ သုခဝေဒနာ စွမ်းရည်တည်း။ (အရဆောင်လေ)။

     အာရုံခြောက်ပါး ရှိကြသည့်အနက် ဆိုင်ရာဖဿတို့က ဖိနှိပ် ကြိတ်ဝါးပေးမှုကြောင့် အာရုံတပါးတပါး တမျိုးတမျိုးမှ ဣဋ္ဌရသရည် အနိဋ္ဌရသရည် တစုံစီ တစုံစီ ပေါ်ထွက်လာကြောင်း ထင်ရှားသိသာပြီ၊ ဒွါရခြောက်မည် အကြည်ခြောက်ပါးတို့၌ ဆိုင်ရာအာရုံတို့ တိုက်ဆုံထင်ကြသောအခါ မီးပွင့်မီးပွါးပမာ ဖြစ်ပေါ်လာသော စိတ်ဝိညာဏ် ခြောက်ပါးတို့သည် မြင်ရုံ, ကြားရုံ, နံရုံ, လျက်ရုံ, ထိရုံ, သာမန်သိရုံသာ စွမ်းနိုင်ကြ၏။ ထိုထက်ပိုလွန်၍ ကောင်း,မကောင်းဟူသော ဣဋ္ဌရသ, အနိဋ္ဌရသများ ပေါ်ထွက်လာအောင်ကား ဝိညာဏ်ခြောက်ပါးတို့က မစွမ်းနိုင်ကြချေ။ အာရုံ၏ ဣဋ္ဌရသရည် အနိဋ္ဌရသရည်များ တဒီးဒီးယိုစီး၍ ထွက်လာသကဲ့သို့ ထင်ရှား ပေါ်ထွက်လာအောင် ဖိနှိပ်ကြိတ်ဝါးပေးမှုကား ဖဿခြောက်ပါး၏ အလုပ်သာလျှင် ဖြစ်၏။ ယင်းသို့ ဖဿခြောက်ပါးတို့က ဆိုင်ရာအာရုံများကို ဖိနှိပ်ကြိတ်ဝါးပေးမှုကြောင့် အာရုံက ဣဋ္ဌမျိုးဖြစ်၍ ဣဋ္ဌရသရည်များ ပေါ်ထွက်လာသောအခါ ထိုအာရုံ၏ ဣဋ္ဌရသရည်ကို မည်မည်ရရ (မယ်မယ်ရရ) ခံစားသုံးဆောင်သော သုခသောမနဿ ဝေဒနာဓာတ်ကြီးတို့သည် တဖွားဖွား ဖြစ်ပေါ်လာ၍ အာရုံ၏အရသာကို မြိန်ရှက်စွာ ခံစားကြလေကုန်၏၊ အာရုံက အနိဋ္ဌမျိုးဖြစ်၍ အနိဋ္ဌရသရည်များ ပေါ်ထွက်လာသောအခါ ထိုရသာရည်ကို မသာမယာ ဆင်းရဲပင်ပန်း ညှိုးနွမ်းစွာ မယ်မယ်ရရ ခံစားသုံးဆောင်သော ဒုက္ခ ဒေါမနဿ ဝေဒနာဓာတ်ကြီးတို့သည် တဖွားဖွားဖြစ်ပေါ်၍ လာကြကုန်၏။ ဤအနက်ကိုပင် ရည်ရွယ်၍ ပါဠိတော်၌ “ဖဿပစ္စယာ ဝေဒနာ = ဖဿခြောက်ပါးကြောင့် ဝေဒနာခြောက်ပါးတို့ ထင်ရှားဖြစ်ကြကုန်၏”ဟု ဟောတော်မူသည်။



၇၁၆

(ဤ၌။ ။သုခဝေဒနာဟူသည်မှာ ကာယိကသုခ = ကိုယ်ချမ်းသာမှုကို ဆိုသည်။ သောမနဿဝေဒနာ ဟူသည်မှာ စေတသိကသုခ = စိတ်ချမ်းသာမှုကို ဆိုသည်။ ဒုက္ခဝေဒနာဟူသည်မှာ ကာယိကဒုက္ခ = ကိုယ်ဆင်းရဲမှုကိုဆိုသည်။ ဒေါမနဿဝေဒနာ ဟူသည်မှာ စေတသိကဒုက္ခ = စိတ်ဆင်းရဲမှုကို ဆိုသည်။ ရံခါ သုခနှင့် သောမနဿကို ပေါင်း၍ သုခဝေဒနာဟူ၍၎င်း, ဒုက္ခနှင့် ဒေါမနဿကို ပေါင်း၍ ဒုက္ခဝေဒနာဟူ၍၎င်း ရေးသားခေါ်ဝေါ် ပြောဆိုအပ်၏။

ဝေဒနာသည် သုခဝေဒနာ, ဒုက္ခဝေဒနာ, ဥပေက္ခာဝေဒနာဟူ၍ သုံးမျိုးရှိသော်လည်း ဤယခုလင်္ကာ၌ အကုသိုလ်ဥပေက္ခာနှင့် အကုသလဝိပါက် ဥပေက္ခာတို့ကို ဒုက္ခ၌သွင်း၍ ဆိုထားသည်၊ ကုသိုလ်, ကြိယာ ဥပေက္ခာနှင့် ကုသလဝိပါက်ဥပေက္ခာတို့ကို သုခ၌သွင်း၍ ဆိုထားသည်ဟု အထူးမှတ်ယူထားရာ၏။

ဤလင်္ကာ၏ အနက်အဓိပ္ပါယ် အကျယ်ကို ပဋိစ္စသမုပ္ပါဒဒီပနီကျမ်း၌ ကြည့်ရှုဖြစ်အောင် ကြည့်ရှုရာ၏၊ ဤကျမ်း၌ကား လင်္ကာအဓိပ္ပါယ် ဆက်စပ်မိရုံမျှ ဖော်ပြရေးသားပေအံ့၊ နောက်နောက်လင်္ကာတို့၌လည်း ဤနည်းအတူတည်း)။

     ဓာတ်ကြီးခြောက်ဖြာ ဝေဒနာ-ဟူသည်မှာ (၁)စက္ခုသမ္ဖဿဇာဝေဒနာ = မျက်စိအတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ (၂) သောတသမ္ပဿဇာဝေဒနာ = နားအတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ (၃) ဃာနသမ္ဖဿဇာဝေဒနာ = နှာခေါင်းအတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ (၄) ဇိဝှါသမ္ဖဿဇာဝေဒနာ = လျှာအတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ (၅) ကာယသမ္ဖဿဇာဝေဒနာ =- ကိုယ်အတွေ့ကြောင့်ဖြစ်သော ဝေဒနာ၊ (၆) မနောသမ္ဖဿဇာဝေဒနာ = စိတ်အတွေ့ကြောင့်ဖြစ်သော ဝေဒနာ = ဤဝေဒနာဓာတ်ကြီး ခြောက်ပါးကို ဆိုလိုသည်။

     အာရုံ၏အရသာကို ထိုဝေဒနာဓာတ်ကြီးများကသာ ပိုင်နိုင်စွာ ခံစားကြလေသည်။ ထို့ကြောင့် လင်္ကာ၌ “မည်မည်ရရ၊ ခံစံကြမှ” ဟု စပ်ဆိုလေသည်။ ထိုသို့ ဝေဒနာဓာတ်ကြီးများက အာရုံ၏အရသာကို ပိုင်နိုင်စွာ ခံစားကြသောအခါ တင့်တယ်သည်, မတင့်တယ်သည်, သာယာဖွယ်ရှိသည်, မရှိသည်, ကောင်းသည်,



၇၁၇

မကောင်းသည်-စသော အသိအထင် အမှတ်များ တထောင်းထောင်းဖြစ်ပေါ်၍ လာပြီးလျှင် ကောင်းသောအာရုံဖြစ်က ကိုယ်စိတ်နှစ်ပါး ရွှင်အားမဆုံး တပြုံးပြုဖြစ်၍နေကြ၏၊ မုန်းဖွယ်အာရုံ မကောင်းသောအာရုံဖြစ်က ခြောက်သွေ့နွမ်းညှိုး နှလုံးသိုးလျက် အခိုးတလူလူထွက်မျှ တပူပူတပင်ပင် ခံစားကြရ၏။

     လောကလူအပေါင်းတို့၏ တခုတည်းသော ရည်ရွယ်ချက်ကား ချမ်းသာသုခ ဝေဒနာဓာတ်ကြီးကို ရဖို့ရန်သာတည်း၊ ပုပုရွရွ မြင်သမျှကို လုံ့လကြိုးကုတ် တလှုပ်လှုပ်ဖြင့် အားထုတ်၍ နေကြသမျှသည် ချမ်းသာသုခ ဝေဒနာဓာတ်ကြီးကို ရဖို့ရန် လုံ့လအားသည်း၍ နေကြခြင်းသာဖြစ်သည်။ ဤသုခဝေဒနာဓာတ်ကြီးကား အရိယာသူမြတ်များကို ချန်လှပ်ထား၍ အများသော ပုထုဇန်လောကကို ဒုက္ခပွါးအောင် ပြုဆောင်တတ်ပေ၏။ သူသူငါငါ အဆင်းရဲခံ၍ ပြုလုပ်နေကြသမျှသည် ထိုသုခဝေဒနာကို ရလိုသောကြောင့်သာ ဖြစ်၏၊ အယုတ်သဖြင့် မိမိကိုယ်ကို သေစေလို၍ အဆိပ်မျိုသောသူ, ကြိုးဆွဲချသောသူ, ရေထဲခုန်ချသောသူ, လက်နက်ဖြင့် သတ်သောသူတို့သည်လည်း “သေမှ ချမ်းသာမည်၊ သေမှ အေးမည်”ဟု ချမ်းသာသုခကို ရလိုသောကြောင့် ထိုသို့ပြုလုပ်ကြလေသည်။

(၇) ဝေဒနာပစ္စယာ တဏှာ

သုခဝေဒနာ၊ စွမ်းရည်ဖြာ၍၊ ရသာမြိန့်ရွှမ်း၊ အစိမ့်မွှန်းက၊ သွန်းသွန်းဆူကြွ၊ ထိုသုခ၌၊ ပိယ-ဟူသား၊ အချစ်ပွား၍၊ ခြောက်ပါးဝေဒနာ၊ မြိန်ယှက်စွာကို၊ လွယ်ကာမနှေး၊ လိုတိုင်းပေးသည်၊ သူဌေးရတနာ၊ ပမာအလား၊ ကြင်မယားနှင့်၊ ဝတ်စားရွှေငွေ၊ လယ်မြေလုပ်ခင်း၊ ထမင်းဘောဇဉ်၊ သဘင်ပွဲလမ်း၊ အခဏ်းခဏ်းတည့်၊ ပန်းမျိုးနံ့သာ၊ အဖြာဖြာလျှင်၊ ရူပါရမ္မဏ၊ စသည်အပုံ၊ ပဉ္စာရုံနှင့်၊ ခြောက်စုံဖဿ၊ စက္ခု-စသား၊ ဒွါရခြောက်မည်၊ အကြည်အလင်း၊ ကိုယ်တွင်းဓာတ်နု၊ အစုစုလျှင်၊ ဗဟုဘေဒါ၊ များပြားစွာသည်၊ ဓမ္မာရမ္မဏ၊ ကာမဝတ္ထု၊ အစုအပုံ၊



၇၁၈

ခြောက်အာရုံ၌၊ ခုံတမင်မင်၊ ခင်တများများ၊ နေ့စဉ်ပွား၍၊ တရားအချက်၊ သဘောနက်ကို၊ အိပ်မက်တွင်မျှ၊ မမြင်ကြဘဲ၊ ကာမထောင်တွင်း၊ ခန္ဓာကင်းသည်၊ ၊ခြောက်သင်းတဏှာ စွမ်းရည်တည်း။ (အရဆောင်လေ)။

     အဆင်းရူပါရုံကို မြင်သောအခါ စက္ခုသမ္ဖဿ = မျက်စိအတွေ့၏ အာနုဘော်ကြောင့် ထိုအာရုံမှ ရှုချင်ဖွယ်ကောင်းသော ဣဋ္ဌရသသည် ပေါ်ထွက်၍လာ၏။ ထိုအခါ ထိုအာရုံမှ ပေါ်ထွက်၍လာသော ဣဋ္ဌရသကို “ကောင်းစွာ့ ကောင်းစွာ့၊ လှပတင့်တယ်စွာ့”ဟု ခံစားစံစားသော စက္ခုသမ္ဖဿဇာ = မျက်စိအတွေ့ကြောင့်ဖြစ်သော သုခဝေဒနာသည် စိတ်သန္တာန်အစဉ်မှာ ရသာမြိန်ရွှမ်း အစိမ့်မွှန်းလျက် သွန်းသွန်းဆူကြွ ဖြစ်ပေါ်၍လာလေ၏။ ထိုအခါ ခြောက်သွေ့သော ထမင်းကို ထောပတ်ရည် ဆမ်းလိုက်သကဲ့သို့ စိတ်အစဉ် ရွှမ်းရွှမ်းစို၍လာ၏။ ညှိုးနွမ်းနေသော ပဒုမာကြာကို သီတာရေချမ်း ဆွတ်ဖျန်းပေးလိုက်သဖြင့် လန်းဆန်းဖွံ့ဖြိုး၍ လာသကဲ့သို့ စိတ်သန္တာန်အစဉ် ရွှင်လန်းဖွံ့ဖြိုး၍ လာ၏။ မျက်နှာရုပ် ရွှမ်း၍, စို၍, အသွေးအရည်တက်၍ လာ၏။ ထိုသို့ စက္ခုအပြင် စိတ်အစဉ်မှာ ရွှမ်းရွှမ်းစိုတက်၍လာသော ထိုသုခဝေဒနာသည် မျက်စိအရသာခံမှု, မျက်စိမြိန်ရှက်မှု, မျက်စိဆိမ့်အိမ့်မှု မည်၏။ (အသံ= သဒ္ဒါရုံကို ကြားသောအခါ, အနံ့ = ဂန္ဓာရုံကို နမ်းရှူသောအခါ- စသည်တို့၌ နားအရသာခံစားမှု, နှာခေါင်းအရသာခံစားမှု, နားနှာခေါင်း မြိန်ရှက်မှု, နားနှာခေါင်း ဆိမ့်အိမ့်မှု- စသည်တို့ကိုလည်း ဤနည်းအတူ အာရုံခြောက်ပါးစုံအောင် သိရှိမှတ်ယူရာ၏)။

     ထိုသို့ သုခဝေဒနာခြောက်မျိုး ဖြစ်ပွါး၍ မျက်စိ, နား, နှာ, လျှာ, ကိုယ်, စိတ် မြိန်ရှက်မှု ဆိမ့်အိမ့်မှုများ ဖြစ်ပွါးသောအခါ အစိမ့်ခံလိုသော မြိန်ရှက်မှုကို ရယူလိုသော တဏှာရာဂဓာတ်ကြီး ခြောက်မျိုးသည် တဖွားဖွား ဖြစ်ပေါ်၍လာလေ၏။ ထိုအကြောင်းကို ပါဠိတော်၌ “ဝေဒနာပစ္စယာ တဏှာ = ဝေဒနာဟူသော အကြောင်းကြောင့် တဏှာခြောက်ပါး ဖြစ်ပွါးလာကြ၏”ဟု



၇၁၉

ဟောတော်မူသည်။ တဏှာခြောက်ပါး ဟူသည်မှာ ရူပတဏှာ, သဒ္ဒတဏှာ, ဂန္ဓတဏှာ, ရသတဏှာ, ဖောဋ္ဌဗ္ဗတဏှာ, ဓမ္မတဏှာ = ဤခြောက်ပါးတို့တည်း။

     သတ္တဝါတို့သည် အသက်ခန္ဓာကို တွယ်တာကြရင်း ဖြစ်ကုန်၏။ ထိုသို့ အသက်ခန္ဓာကို တွယ်တာကြသောကြောင့် အသက်ကို တည်စေနိုင်သော ထမင်းကို၎င်း, ထမင်းဖြစ်ကြောင်း ဆန်ကို၎င်း, ဆန်ဖြစ်ကြောင်း စပါးကို၎င်း, စပါးဖြစ်ကြောင်း နွား, ကျွဲ, လယ်ယာ, မိုးမြေကို၎င်း တွယ်တာကြရကုန်၏။ ထိုအလုံးစုံကို တွယ်တာမှုကြောင့် ထိုအလုံးစုံကို ရယူနိုင်ကြောင်းဖြစ်သည့် ငွေကြေးကို တွယ်ကြရကုန်၏။ ဤသို့လျှင် တဏှာလောဘသည် ဝတ္ထုတခုကို အရင်းပြုကာ တွယ်တာမိလျှင် ထိုတွယ်တာအပ်သော ဝတ္ထုတခုနှင့် စပ်လျဉ်းသမျှ အရာမက အထောင်မက အဆင့်ဆင့်တွယ်တာမှု ပြန့်ပွါး၍ သွားလေတော့၏။ ထို့အတူ စက္ခုသမ္ဖဿဇာဝေဒနာ တည်းဟူသော မျက်စိအရသာတခုကို တွယ်တာတပ်မက်မိသည့်အတွက် ထိုမျက်စိအရသာကို ပေးစွမ်းနိုင်သည့် ကောင်းသောအဆင်း = ရူပါရုံကို၎င်း, ထိုအဆင်းနှင့် ပြည့်စုံသည့် သက်ရှိ သက်မဲ့ဝတ္ထု အစုစုကို၎င်း, ထိုဝတ္ထု နှင့် စပ်လျဉ်းသမျှတို့ကို၎င်း တွယ်တာတပ်မက်မှု အဆင့်ဆင့် ပွါး၍ ပွါး၍ သွားလေတော့၏။ (သောတသမ္ဖဿဇာဝေဒနာ- အစရှိသော နားအရသာ, နှာခေါင်းအရသာ, လျှာအရသာ, ကိုယ်အရသာ, စိတ်အရသာတို့ကို တွယ်တာတပ်မက်မိသည့်အတွက် ထိုအရသာတို့ကို ပေးစွမ်းနိုင်သည့် ကောင်းသောအသံ = သဒ္ဒါရုံ, အနံ့ = ဂန္ဓာရုံ-စသည် စပ်လျဉ်းသမျှတို့ကို တွယ်တာတပ်မက်မှု အဆင့်ဆင့်ပွါး၍ပွါး၍ သွားပုံကိုလည်း ဤနည်းအတူ မှတ်ယူရာ၏)။

     ထိုသို့ ပညတ်နယ်ပယ် အထည်ဝတ္ထု အမည်အမျိုး- စသည်အားဖြင့် များပြားကျယ်ဝန်းလှသော တဏှာလောဘ၏ အာရုံစုကို ပရမတ္ထမျက်စိဖြင့် ချုပ်၍ကြည့်ရှုလျှင် အာရုံခြောက်ပါးသာလျှင် ဖြစ်၏။ ထို့ကြောင့် ထိုအာရုံခြောက်ပါးဖြင့် ချုပ်၍ ရူပတဏှာ,



၇၂၀

သဒ္ဒတဏှာ- စသည်ဖြင့် တဏှာခြောက်ပါးကို မြတ်စွာဘုရား ဟောကြားတော်မူအပ်လေသည်။ (လင်္ကာ၌ ထိုအာရုံခြောက်ပါးကိုပင် စကြဝတေးမင်း၏ အလိုခပ်သိမ်း ပေးနိုင်သော အသုံးတော်ခံ သူဌေးရတနာနှင့် ဥပမာထား၍ ရေးသား ဖွဲ့ဆိုတော်မူအပ်လေသည်)။

     ယင်းသို့ အာရုံခြောက်ပါး ကာမဝတ္ထု အစုစုသော တရားတို့၌ ခုံမင်တပ်မက်မှု တဏှာလောဘတရား နေ့စဉ်ပွါးနေကြသောကြောင့်ပင် သတ္တဝါတို့သည် နက်နဲသော တရားအချက်ကို အိပ်မက်တွင်မျှ မမြင်မက်ကြပဲ ကာမဝတ္ထု အစုစုတည်းဟူသော ကာမထောင်အတွင်း၌ပင် ခန္ဓာကင်းကြွေ စုတေစုတေ၍ သွားကြရလေသည်-ဟု ဆိုလိုသည်။

(၈) တဏှာပစ္စယာ ဥပါဒါနံ

တဏှာခြောက်မည်၊ အရင်းတည်လျက်၊ အရှည်များလျား၊ အစဉ်ပွားက၊ လေးပါးအမှန်၊ ဥပါဒါန်လည်း၊ ခန္ဓာကာယ၊ အဇ္ဈတ္တနှင့်၊ ကာမအာရုံ၊ အလုံးစုံ၌၊ အကုန်နှီးရင်း၊ အစွဲပြင်း၏၊ ၁-အသင်းပွါးများ၊ သားမယားက၊ စသည်ဖြာဖြာ၊ မဆုံးရာသား၊ ကာမဝတ္ထု၊ စွဲလမ်းပြုသည်၊ ကာမုပါဒါန်..။ ၂-တဖန်ထို့ပြင်၊ မိစ္ဆာဉာဉ်ဖြင့်၊ အမြင်ယွင်းဖောက်၊ အယူမှောက်သည်၊ ခြောက်ဆယ့နှစ်ပါး၊ ပြားသည်ဒိဋ္ဌိ..။ ၃-တစိထိုမှ၊ ဂေါသီလကို၊ ဝဋ်မှထုတ်တတ်၊ စွဲထင်မှတ်သည်၊ သီလဗ္ဗတုပါဒါန်..။ ၄-ခန္ဓာငါးပါး၊ တရားအစု၊ ဓာတ်အနုကို၊ ကိုယ်ဟုစွဲကပ်၊ အမြဲမှတ်သည်၊ အတ္တဝါဒုပါဒါန်..။ အထန်အပြင်း၊ အစွဲတင်း၍၊ ဝဋ်ခင်းဝဋ်နယ်၊ ဝဋ်ပင်လယ်မှ၊ လွတ်ဖွယ်မအား၊ တမားမားသည်၊ ၊လေးပါးဥပါဒါန် စွမ်းရည်တည်း။ (အရဆောင်လေ)။

     ဖော်ပြရာပါ တဏှာခြောက်ပါး တပ်မက်မှုတရားတို့ကို အားမရှိမီ နုစဉ်ကာလကပင် ပယ်နိုင်လျှင်ကောင်း၏။ ထိုသို့ မပယ်နိုင်ပဲ



၇၂၁

နေ့ရှည်-လများ နှစ်ရှည်ပွါးလတ်သည်ရှိသော် မိမိ၏ အဇ္ဈတ္တ ခန္ဓာကိုယ်နှင့်တကွ အပြင်အပ ဗဟိဒ္ဓဖြစ်သော ကာမဝတ္ထု ကာမအာရုံ အလုံးစုံတို့၌ အပြင်းအထန် တဏှာဖြင့်စွဲလမ်းမှု, ဒိဋ္ဌိဖြင့် စွဲလမ်းမှုဟူသော ဥပါဒါန်တရား လေးပါးတို့ ထင်ရှားဖြစ်ပေါ်လာတော့၏။ ဥပါဒါန်တရား လေးပါးတို့ဟူသည်မှာ ၁-ကာမုပါဒါန်, ၂-ဒိဋ္ဌုပါဒါန်, ၃-သီလဗ္ဗတုပါဒါန်, ၄-အတ္တဝါဒုပါဒါန် = ဤလေးပါးတို့တည်း။

     ၁-ထိုလေးပါးတို့တွင် “ဖွတ်ကြီးလျှင် မိကျောင်း၊ မြွေကြီးလျှင် နဂါး” ဟူသကဲ့သို့ ရှေးဖော်ပြရာပါ တဏှာခြောက်ပါးသည်ပင် အစွဲအလမ်း အားကြီး ပြင်းထန်လာသောအခါ ကာမုပါဒါန်မည်၏။ (ဤစကားရပ်ဖြင့် အားနည်းသော တဏှာလောဘသည် တဏှာမည်၍ အဖြေရ အဖျောက်ရ ခက်အောင် အားကြီး ပြင်းထန်သော တဏှာလောဘသည် ဥပါဒါန်မည်၏-ဟူ၍ တဏှာအရနှင့် ကာမုပါဒါန်အရ အထူးကို သိမှတ်ရာ၏)။

     ၂-နိယတမိစ္ဆာဒိဋ္ဌိကြီးသုံးပါး (ဗြဟ္မဇာလသုတ်၌လာသော) ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိ- အစရှိသော အစွဲအလမ်းပြင်းသော မိစ္ဆာဒိဋ္ဌိစုသည် ဒိဋ္ဌုပါဒါန်မည်၏။ (နိယတမိစ္ဆာဒိဋ္ဌိကြီး သုံးပါးတို့မှာ ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိတို့တွင် ဥစ္ဆေဒဒိဋ္ဌိမျိုး၌ ပါဝင်သောကြောင့် လင်္ကာ၌ “ခြောက်ဆယ့်နှစ်ပါး၊ ပြားသည်ဒိဋ္ဌိ”ဟု စပ်ဆိုလေသည်)။ (မိစ္ဆာဒိဋ္ဌိ ၆၂-ပါးကို ပိဋကတ်မြန်မာပြန် သီလက္ခန်ကျမ်း၌ ကြည့်ရှုမှတ်ယူကုန်ရာ၏)။

     ၃-ဘုရားရှင်လက်ထက်တော်အခါက ပုဏ္ဏတက္ကတွန်း, သေနိယတက္ကတွန်းတို့ကဲ့သို့ နွားတို့၏အလေ့အကျင့်, ခွေးတို့၏အလေ့အကျင့်ကို သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်စေတတ်သော အလေ့အကျင့်ဟု အထင်မှား အမြင်မှား စွဲလမ်းမှု = မိစ္ဆာဒိဋ္ဌိသည် သီလဗ္ဗတုပါဒါန်မည်၏။ (ပုဏ္ဏတက္ကတွန်း, သေနိယတက္ကတွန်းတို့၏ အကြောင်းကို ပိဋကတ်မြန်မာပြန် မဇ္ဈိမပဏ္ဏာသ ကုက္ကုရဝတိကသုတ်မှ ထုတ်နုတ် မှတ်ယူကုန်ရာ၏)။



၇၂၂

     နွားတို့၏ အလေ့အကျင့်ဖြင့် သံသရာဝဋ်မှ ကျွတ်လွတ်နိုင်၏ဟု အယူမှားသော တက္ကတွန်းများကို ဂေါဝတိက တက္ကတွန်းများဟု ခေါ်၏၊ ထိုသူတို့၏ အယူမှာ- ရှေးရှေးဘဝတို့က ပြုခဲ့သမျှသော မကောင်းမှု ကံဟောင်းစုသည် ယခုဘဝ၌ နွားများကဲ့သို့ အနွမ်းအပါး အဆင်းရဲခံ၍ တဘဝလုံးကျင့်လျှင် နေ့စဉ်နေ့တိုင်း မကောင်းကျိုးကို ပေးရသဖြင့် ယခုဘဝ၌ပင် ရှေးမကောင်းမှု ကံဟောင်းစု ကုန်ဆုံးခြင်းသို့ ရောက်လေ၏။ ယခုဘဝ မကောင်းမှုအသစ်လည်း မဖြစ်၊ ထိုသို့ဖြစ်ခဲ့သော် မကောင်းမှုကံဟောင်း, မကောင်းမှုကံသစ် အလုံးစုံပင် မျိုးပြတ်လေတော့၏။ အမြဲချမ်းသာသော သုခကို ရ၏-ဟုယူသော အယူဖြစ်သည်။ ထိုအယူကိုယူ၍ ကျင့်သောသူသည် နွားသွားသကဲ့သို့ လေးဖက်ထောက်သွား၏၊ နွားအိပ်သကဲ့သို့ အိပ်၏။ ထမင်းအစာကိုပေးလျှင်လည်း နွားစားသကဲ့သို့ စား၏။ နွားတို့၏ စံနစ်ကို အကုန်ယူ၍ ကျင့်၏။ ထိုအကျင့်ကို ပေါ့ပေါ့ယူ၍ ပေါ့ပေါ့ကျင့်လျှင် သေသည်၏ အခြားမဲ့၌ နွားဖြစ်တတ်၏။ တင်းတင်းပြင်းပြင်းယူ၍ တင်းတင်းပြင်းပြင်းကျင့်လျှင် သေသည်၏အခြားမဲ့၌ ငရဲသို့ ကျရောက်ရ၏။

     ခွေးတို့၏ အလေ့အကျင့်ဖြင့် သံသရာဝဋ်မှ ကျွတ်လွတ်နိုင်၏ဟု အယူမှားသော တက္ကတွန်းများကို ကုက္ကုရဝတိက တက္ကတွန်းများဟု ခေါ်၏၊ ထိုသူတို့၏အယူမှာ- ခွေးတို့နှင့်တူစွာ သွား, လာ, နေထိုင်, စားသောက်, အိပ်မှုတည်း။ ခွေးတို့၏ စံနစ်ကို အကုန်ယူ၍ ကျင့်သုံးခြင်းတည်း။ ဤအကျင့်လည်း ပေါ့ပေါ့ကျင့်လျှင် ခွေးဖြစ်ဖို့, တင်းတင်းပြင်းပြင်း ကျင့်လျှင် ငရဲကျဖို့သာ ဖြစ်၏။

     ၄-အတ္တ = လိပ်ပြာ = ငါဟူ၍ အထင်မှား အမြင်မှားသောအားဖြင့်ဖြစ်သော သက္ကာယဒိဋ္ဌိ နှစ်ဆယ်တို့သည် အတ္တဝါဒုပါဒါန်မည်၏။ ခန္ဓာငါးပါးတို့ရှိရာဝယ် တပါးတပါး၌ သက္ကာယဒိဋ္ဌိ လေးမျိုးစီဖြစ်၏။ ရူပက္ခန္ဓာ၌ ၁-ရုပ်သည် အတ္တ = လိပ်ပြာ = ငါတည်းဟု ရုပ်နှင့်အတ္တ မကွဲမပြား အယူမှားမှုတပါး, ၂-နာမ်တရားကို အတ္တဟု မှတ်ယူကာ သစ်ပင်သည် အရိပ်ရှိသကဲ့သို့ အတ္တသည် ရုပ်ရှိ၏ဟု အယူမှားမှုတပါး, ၃-နာမ်တရားကိုပင်



၇၂၃

အတ္တဟုမှတ်ယူကာ ပန်းပွင့်၌ ရနံ့တည်သကဲ့သို့ အတ္တ၌ ရုပ်သည် တည်၏ဟု အယူမှားမှုတပါး, ၄-နာမ်တရားကိုပင် အတ္တဟု မှတ်ယူကာ ကြုတ်၌ ပတ္တမြားတည်သကဲ့သို့ ရုပ်၌ အတ္တ = လိပ်ပြာတည်၏ဟု အယူမှားမှုတပါး = ဤသို့ ရူပက္ခန္ဓာနှင့်စပ်၍ သက္ကာယဒိဋ္ဌိလေးပါး ဖြစ်ရှိလေသည်။ နာမ်ခန္ဓာလေးပါးတို့၌လည်း တပါးတပါးနှင့်စပ်၍ သက္ကာယဒိဋ္ဌိ လေးပါးစီဖြစ်ရကား သက္ကာယဒိဋ္ဌိနှစ်ဆယ်ဖြစ်၏။ ထိုသက္ကာယဒိဋ္ဌိနှစ်ဆယ်ကို အတ္တဝါဒုပါဒန်ဟူ၍ ခေါ်၏။

     ဤဥပါဒါန်လေးပါး ဖြစ်ပွါးလာလျှင် ၀ဋ်ခင်း ဝဋ်နွယ် ဝဋ်ပင်လယ်မှ ကျွတ်လွတ်ရန် မလွယ်ကူတော့ပဲ သံသရာဝဋ်ထဲမှာ တမားမား တဖားဖား တည်နေရလေတော့၏-ဟု ဆိုလိုသည်။

(၉) ဥပါဒါနပစ္စယာ ဘဝေါ

စွမ်းရည်ပြင်းထန်၊ ဥပါဒါန်ဖြင့်၊ ခန္ဓာဓမ္မ၊ ကိုယ်ကာယ၌၊ အတ္တအစွဲ၊ မြဲကြီးမြဲ၍၊ ရဲရဲရက်ရက်၊ ကိုယ့်အတွက်ကြောင့်၊ သက်သတ်,ခိုးမှု၊ စသည်ပြုလျက်၊ အကုသလ၊ ကာမဆယ်တန်၊ အပြစ်လျှံ၏..။ တဖန်နောက်နှောင်း၊ ငါလျှင်ကောင်းစိမ့်၊ အကြောင်းရည်ရော်၊ အရှည်မျှော်လျက်၊ သူတော်ဓလေ့၊ ရသေ့ရဟန်း၊ လှူဒါန်းဝေငှ၊ ပဉ္စင်္ဂနှင့်၊ အဋ္ဌအင်္ဂီ၊ ဒသင်္ဂီတည့်၊ လေးလီဗြဟ္မ၊ ဝိဟာရဈာန်၊ ဆယ်တန်ကသိုဏ်း၊ အလှိုင်းများစွာ၊ ဘာဝနာဟု၊ ဆယ်ဖြာပုည၊ ကုသလကို၊ လုံ့လကြိုးစား၊ ကောင်းမှုပွါး၏..။ နှစ်ပါးကုသိုလ်၊ အကုသိုလ်ဟု၊ ထိုထိုဘဝ၊ ဖြစ်သမျှ၌၊ ဗီဇပြည့်ဖြိုး၊ အမျိုးမျိုးကြောင့်၊ အကျိုးတရား၊ အရှည်ပွားသည်၊ ၊နှစ်ပါးဘဝ စွမ်းရည်တည်း။ (အရဆောင်လေ)။

     လင်္ကာ၏အဓိပ္ပါယ် အကျဉ်းချုပ်မှာ- သတ္တဝါတို့သန္တာန်၌ ဥပါဒါန်အစွဲ ပြင်းထန်သောကြောင့် မိမိ၏ ခန္ဓာဓမ္မ ကိုယ်ကာယ၌ အတ္တအစွဲ (=သက္ကာယဒိဋ္ဌိ = အတ္တဝါဒုပါဒါန်)



၇၂၄

မြဲသည်ထက်မြဲ၍လာသည်၊ ထိုသို့ မြဲခိုင်၍လာသောကြောင့် ကိုယ့်အတွက်တာ တသက်လျာ = တခဏမျှ ချမ်းသာရေးကို ရှေးရှု၍ သူ့အသက်သတ်ခြင်း, သူ့ဥစ္စာကိုခိုးယူခြင်း- အစရှိသော အကုသိုလ် ကမ္မပထဆယ်ပါး တည်းဟူသော အကုသိုလ်ကမ္မဘဝ အပြစ်များ ဖြစ်ပွါးလာလေသည်။ ဤကိုယ်ခန္ဓာ ပစ္စုပ္ပန်ဘ၀၌ ချမ်းသာသကဲ့သို့ နောက်နောက်ဘ၀၌ ချမ်းသာရန် အကြောင်းရည်ရော် အရှည်မြော်၍ သူတော်ကောင်းတို့၏ အလေ့အကျင့်ဖြစ်သော ဒါန, သီလ, ဘာဝနာ = လောကီဘဝဂါမိ ကုသိုလ်များကို လုံ့လကြိုးစား အားထုတ်သဖြင့် ကာမကုသိုလ်, ရူပကုသိုလ်, အရူပကုသိုလ် တည်းဟူသော ကုသိုလ်ကမ္မဘဝတရား ဖြစ်ပွါးလာလေသည်။ ဤအကုသိုလ်ကမ္မပထ ဆယ်ပါးတည်းဟူသော အကုသိုလ်ကမ္မဘဝ, ဒါန, သီလ, ဘာဝနာ = လောကီဘဝဂါမိကုသိုလ် တည်းဟူသော ကုသိုလ်ကမ္မဘဝ = ဤနှစ်ပါးတို့ကို ကမ္မဘဝဟူ၍ ခေါ်၏။ ထိုကမ္မဘဝကြောင့် ထိုက်သက်ရာရာ ကာမဘုံ ရူပဘုံ အရူပဘုံတို့၌ ဝိပါက်နာမ်ခန္ဓာနှင့် ကမ္မဇရုပ်များ ဖြစ်ပွါးလာလေသည်၊ ထိုဝိပါက်နာမ်ခန္ဓာ ကမ္မဇရုပ်များကို ဥပပတ္တိဘဝဟူ၍ ခေါ်၏။ (လောကီကုသိုလ်, အကုသိုလ် ကမ္မပထတရားများသည် ဥပပတ္တိဘဝကို ဖြစ်စေတတ်သောကြောင့် ဘဝမည်ကြ၍ ဝိပါက်နာမ်ခန္ဓာ ကမ္မဇရုပ်တို့မှာ ကမ္မဘဝ၏ အကျိုးအနေဖြင့် ဖြစ်ပွါးတတ်သောကြောင့် ဘဝမည်ကြသည်)။ ဤကား လင်္ကာ၏အဓိပ္ပါယ် အကျဉ်းချုပ်တည်း။

     ဤအရာဝယ် သမ္မောဟဝိနောဒနီမည်သော ဝိဘင်းအဋ္ဌကထာ၌ လာရှိသောအတိုင်း ဥပါဒါန်လေးပါးတို့ကြောင့် ကမ္မဘဝ, ဥပပတ္တိဘဝ = နှစ်ပါးတို့ အသေးစိတ်ဖြစ်ပုံကို အကျဉ်းအားဖြင့် ဖော်ပြဦးအံ့-

     အဘယ်ဥပါဒါန်သည် အဘယ်ဘဝ၏ အကြောင်း = ပစ္စည်း ဖြစ်နိုင်သနည်းဟု မေးခဲ့လျှင် “ဥပါဒါန် လေးမျိုးလုံးပင် ဘဝနှစ်မျိုးလုံး၏ အကြောင်း = ပစ္စည်း ဖြစ်နိုင်သည်သာတည်း”ဟု ဖြေဆိုရာ၏။ ချဲ့ဦးအံ့- ပုထုဇန်သည် သူရူးနှင့်တူ၏၊ သို့ရကား ထိုပုထုဇန်သည်



၇၂၅

“ဤကား သင့်၏၊ ဤကား မသင့်”ဟု မနှိုင်းချင့် မဝေဘန်နိုင်ပဲ ခပ်သိမ်းသော (=လေးမျိုးလုံးသော) ဥပါဒါန်၏အစွမ်းဖြင့် ခပ်သိမ်းသော ကာမ,ရူပ,အရူပ ဥပပတ္တိဘဝသုံးမျိုးလုံးကို တောင့်တကာ ခပ်သိမ်းသော လောကီကုသိုလ်, အကုသိုလ် ဘဝဂါမိကမ္မဘဝကို ပြုလုပ် အားထုတ်လေသည်။ ပြုလုပ်ပုံမှာ-

     ဤလောက၌ အချို့ပုထုဇန်သည် တဆင့်ကြားဖြင့်ဖြစ်စေ, မျက်မြင်ကို အစဉ်လျှောက်သောအားဖြင့်ဖြစ်စေ “ဤကာမဝတ္ထု စည်းစိမ်တို့သည် လူ့ပြည်လောကဝယ် ဥစ္စာပေါများသောမင်းမျိုး စသည်တို့၌၎င်း, ကာမာဝစရ နတ်ပြည်ခြောက်ထပ်တို့၌၎င်း ပြည့်စုံကုံလုံကုန်၏”ဟု ကြံစည်စဉ်းစား၍ ထိုကာမဝတ္ထု စည်းစိမ်တို့ကို ရရှိဖို့ရန် အကုသိုလ်ကံမကောင်း အပေါင်းမှားပြီးလျှင် သူတော်မဟုတ် သူယုတ်တို့၏ မတရားစကားကို နာကြားမိခြင်း-စသည်က လှည့်ပတ်ဖြားယောင်းအပ်ရကား “ဤသူ့အသက်သတ်ခြင်းစသောအမှုဖြင့် လူ့ရပ်နတ်ပြည်ရှိ ကာမဝတ္ထု စည်းစိမ်ကို ပြည့်စုံကုံလုံနိုင်ကုန်၏”ဟု အထင်အမြင် လွဲမှားကာ ကာမုပါဒါန်တရား၏ လှုံ့ဆော်ချက်အရ သူ့အသက်ကို သတ်ခြင်း-အစရှိသော ဒုစရိုက်များကို ပြုမှားလေတော့၏။ ထိုပုထုဇန်သည် ဒုစရိုက်များ ပြည့်ပွါးခြင်းကြောင့် အပါယ်လေးဘုံ၌ ဘဝပဋိသန္ဓေ ကပ်ရောက်၍နေရလေ၏။ (တနည်း) ပုထုဇန်ပုဂ္ဂိုလ်သည် မျက်မှောက်ထင်ထင် မြင်၍နေရသော ကာမဝတ္ထု စည်းစိမ်ကို တောင့်တ၍ဖြစ်စေ, မိမိရရှိပြီးသော ကာမဝတ္ထုတို့ကို လုံခြုံစေလို အရှည်တည်စေလို၍ဖြစ်စေ (တရားသည်, မတရားသည် နားမလည်ပဲ) ကာမုပါဒါန်တရား၏ လှုံ့ဆော်ချက်ကြောင့် ကာယဒုစရိုက်- စသည်တို့ကို ပြုမှားလေ၏၊ ထိုပုထုဇန်သည် ဒုစရိုက်များ ပြည့်ပွါးခြင်းကြောင့် အပါယ်လေးဘုံ၌ ဘဝပဋိသန္ဓေ ကပ်ရောက်၍ နေရလေ၏။ ထိုသို့ဖြစ်ရာ၌ ထိုပုထုဇန်၏ အပါယ်ဘဝ ပဋိသန္ဓေ၏ အကြောင်းဖြစ်သော ဒုစရိုက် အကုသိုလ်ကံများသည် ကမ္မဘဝမည်၍ ထိုကံကြောင့်ဖြစ်သော အပါယ်ဘဝ ဝိပါက်နာမ်ခန္ဓာ ကမ္မဇရုပ်များသည် ဥပပတ္တိဘဝ မည်ကြကုန်၏။ (ဤကား



၇၂၆

ကာမုပါဒါန်ကြောင့် အကုသိုလ်ကမ္မဘဝနှင့် ထို၏အကျိုး ဥပပတ္တိဘဝတို့ ဖြစ်ပုံတည်း)။

     အခြား ပုထုဇန်တဦးသည် ရှေးနည်းအတူပင် ကြံစည်စဉ်းစား၍ ကာမဝတ္ထု စည်းစိမ်တို့ကို ရရှိရန် ကံကောင်းထောက်မ သူတော်ကောင်းတို့ကို ပေါင်းသင်းရ၍ သူတော်ကောင်းတရားကို နာကြားခြင်း- စသည်တို့ဖြင့် ပညာဉာဏ်တရား အဆင့်ဆင့် တိုးပွါးရင့်ကျက်ကာ “ဤသုစရိုက်ကောင်းမှုဖြင့် လူ့ရပ်နတ်ပြည်ရှိ ကာမဝတ္ထု စည်းစိမ်တို့ ပြည့်စုံကုံလုံနိုင်ကုန်၏”ဟု အမှန်အတိုင်းသိရှိကာ ကာယသုစရိုက်-စသည်တို့ကို ပြုလုပ်အားထုတ်လေ၏။ ထိုပုထုဇန်ပုဂ္ဂိုလ်သည် သုစရိုက်ကောင်းမှုများ ပြည့်ပွါးခြင်းကြောင့် နတ်ပြည်၌ဖြစ်စေ, လူ့ပြည်၌ဖြစ်စေ ဘဝပဋိသန္ဓေ ကပ်ရောက်၍ နေရလေ၏။ ထိုသို့ဖြစ်ရာ၌ ထိုပုထုဇန်၏ လူ့ရပ်နတ်ရွာ ဘဝပဋိသန္ဓေ၏ အကြောင်းဖြစ်သော သုစရိုက်ကုသိုလ်ကံများသည် ကမ္မဘဝမည်၍ ထိုကံကြောင့်ဖြစ်သော လူ့ရပ်နတ်ရွာ ဝိပါက်နာမ်ခန္ဓာ ကမ္မဇရုပ်များသည် ဥပပတ္တိဘဝ မည်ကြကုန်၏။ (ဤကား ကာမုပါဒါန်ကြောင့် ကာမာဝစရကုသိုလ် ကမ္မဘဝနှင့် ထို၏အကျိုး ဥပပတ္တိဘဝတို့ ဖြစ်ပုံတည်း)။

     အခြား ပုထုဇန်တဦးသည် “ရူပဗြဟ္မာ့ဘုံ အရူပဗြဟ္မာ့ဘုံတို့၌ ကာမဝတ္ထု စည်းစိမ်တို့သည် ဤကာမဘုံထက် အထူးသဖြင့် ပြည့်စုံကုံလုံကြကုန်၏”ဟု ကြား၍ဖြစ်စေ, ကြံဆ၍ဖြစ်စေ ကာမုပါဒါန်တရား၏ လှုံ့ဆော်ချက်အရပင် ရူပကုသိုလ် အရူပကုသိုလ် ဈာန်သမာပတ်တရားတို့ကို ဖြစ်ပွါးစေပြီးလျှင် (=ရအောင်အားထုတ်ပြီးလျှင်) ထိုသမာပတ်တို့၏ အစွမ်းကြောင့် ရူပဗြဟ္မာ့ဘုံ အရူပဗြဟ္မာ့ဘုံ၌ ဘဝပဋိသန္ဓေ ကပ်ရောက်၍ နေရလေ၏။ ထိုသို့ ဖြစ်ရာ၌ ထိုပုထုဇန်၏ ရူပ,အရူပဗြဟ္မာဘဝ ပဋိသန္ဓေ၏ အကြောင်းဖြစ်သော ရူပကုသိုလ်, အရူပကုသိုလ်ကံများသည် ကမ္မဘဝမည်၍ ထိုကံတို့ကြောင့်ဖြစ်သော ရူပ,အရူပဗြဟ္မာဘဝ ဝိပါက်နာမ်ခန္ဓာ ကမ္မဇရုပ်များသည် ဥပပတ္တိဘ၀ မည်ကြကုန်၏။ (ဤကား ကာမုပါဒါန်ကြောင့် မဟဂ္ဂုတ်ကုသိုလ် ကမ္မဘဝနှင့် ထို၏အကျိုး



၇၂၇

ဥပပတ္တိဘဝတို့ ဖြစ်ပုံတည်း)။ ။ဤကား ကာမုပါဒါန်ကြောင့် ကမ္မဘဝ, ဥပပတ္တိဘဝတို့ ဖြစ်ပုံတည်း။

     အခြား ပုထုဇန်တယောက်သည် “ဤအတ္တလိပ်ပြာမည်သည်ကား ကာမသုဂတိဘုံ၌ (သို့မဟုတ်) ရူပဗြဟ္မာ့ဘုံ၌ (သို့မဟုတ်) အရူပဗြဟ္မာ့ဘုံ၌ ပြတ်မှသာ ကောင်းစွာ အပြီးအပြတ် အဆုံးသတ် ပြတ်နိုင်သည်”ဟု ဥစ္ဆေဒဒိဋ္ဌိ တည်းဟူသော ဒိဋ္ဌုပါဒါန်ကို အကြောင်းပြုကာ ထိုကာမသုဂတိဘုံ, ရူပ, အရူပဗြဟ္မာ့ဘုံသို့ ကပ်ရောက်ကြောင်းဖြစ်သော ကာမကုသိုလ် မဟဂ္ဂုတ်ကုသိုလ် ကံတို့ကို ပြု၏။ ထိုပုထုဇန်၏ ထိုကာမကုသိုလ် မဟဂ္ဂုတ်ကုသိုလ် ကံများသည် ကမ္မဘဝမည်ကြ၍ ထိုကံတို့ကြောင့်ဖြစ်သော ဝိပါက်နာမ်ခန္ဓာ ကမ္မဇရုပ်များသည် ဥပပတ္တိဘဝ မည်ကြလေသည်။ ။ဤကား ဒိဋ္ဌုပါဒါန်ကြောင့် ကမ္မဘဝ, ဥပပတ္တိဘဝတို့ ဖြစ်ပုံတည်း။

     အခြား ပုထုဇန်တယောက်သည် “ဤအတ္တလိပ်ပြာ မည်သည်ကား ကာမသုဂတိဘုံ၌ (သို့မဟုတ်) ရူပဗြဟ္မာ့ဘုံ၌ (သို့မဟုတ်) အရူပဗြဟ္မာ့ဘုံ၌ ဧကန်စင်စစ် ချမ်းသာမှုရှိနိုင်သည် ပူပန်မှုငြိမ်း အေးနိုင်သည်”ဟု အတ္တဝါဒုပါဒါန်၏ လှုံ့ဆော်ချက်အရ ထိုကာမသုဂတိဘုံ, ရူပ, အရူပဗြဟ္မာ့ဘုံသို့ ကပ်ရောက်ကြောင်းဖြစ်သော ကာမကုသိုလ် မဟဂ္ဂုတ်ကုသိုလ် ကံတို့ကိုပြု၏၊ ထိုပုထုဇန်၏ ထိုကာမကုသိုလ် မဟဂ္ဂုတ်ကုသိုလ်ကံများသည် ကမ္မဘဝမည်ကြ၍ ထိုကံတို့ကြောင့်ဖြစ်သော ဝိပါက်နာမ်ခန္ဓာ ကမ္မဇရုပ်များသည် ဥပပတ္တိဘဝ မည်ကြလေသည်။ ။ဤကား အတ္တဝါဒုပါဒါန်ကြောင့် ကမ္မဘဝ, ဥပပတ္တိဘဝတို့ ဖြစ်ပုံတည်း။

     အခြား ပုထုဇန်တယောက်သည် “ဤအလေ့အကျင့် = သီလဗ္ဗတမည်သည် ကာမသုဂတိဘုံ၌ (သို့မဟုတ်) ရူပဗြဟ္မာ့ဘုံ၌ (သို့မဟုတ်) အရူပဗြဟ္မာ့ဘုံ၌ ဖြည့်ကျင့်သောသူ၏ သန္တာန်၌သာ ချမ်းသာလွယ်ကူစွာ ပြည့်စုံလုံလောက်နိုင်သည်”ဟု သီလဗ္ဗတုပါဒါန်၏ လှုံ့ဆော်ချက်အရ ထိုကာမသုဂတိဘုံ, ရူပ, အရူပ ဗြဟ္မာ့ဘုံသို့ ကပ်ရောက်ကြောင်းဖြစ်သော ကာမကုသိုလ် မဟဂ္ဂုတ်ကုသိုလ် ကံတို့ကို ပြု၏၊ ထိုပုထုဇန်၏ ထိုကာမကုသိုလ် မဟဂ္ဂုတ်ကုသိုလ်



၇၂၈

ကံများသည် ကမ္မဘဝမည်ကြ၍ ထိုကံတို့ကြောင့်ဖြစ်သော ဝိပါက်နာမ်ခန္ဓာ ကမ္မဇရုပ်များသည် ဥပပတ္တိဘဝ မည်ကြလေသည်။ ။ဤကား သီလဗ္ဗတုပါဒါန်ကြောင့် ကမ္မဘဝ, ဥပပတ္တိ ဘဝတို့ ဖြစ်ပုံတည်း။

(၁ဝ) ဘဝပစ္စယာ ဇာတိ

ဘဝစွမ်းရေ၊ ကံနှစ်ထွေကြောင့်၊ သဗ္ဗေသတ္တာ၊ သတ္တဝါတို့၊ ဖြစ်ရာဘဝ၊ ဆုံးပြန်ကလျှင်၊ ဧက, စတု၊ ငါးခု ခန္ဓာ၊ ကံချရာ၌၊ ဓမ္မတာစစ်၊ သစ်တလဲလဲ၊ အနဲနဲလျှင်၊ ဖြစ်မြဲဇာတိ၊ သန္ဓေငြိ၍၊ တြိဘုံပြင်၊ နယ်တခွင်၌၊ အစဉ်ပြည့်ပွား၊ အစားစားလျှင်၊ မားမားမတ်မတ်၊ ဇာတ်အမျိုးမျိုး၊ တန်ခိုးထင်,တိမ်၊ ဂုဏ်သိရ်နိမ့်,မြင့်၊ အကျင့်ဆိုး,ကောင်း၊ အပေါင်းများစွာ၊ သတ္တဝါဟု၊ နာနာကာယ၊ ဖြစ်ပြန်ကြသည်။ လေးဝဇာတိ စွမ်းရည် တည်း။ (အရဆောင်လေ)။

     ဤ “ဘဝပစ္စယာ ဇာတိ”ဟူသော အချက်၌ ဘဝပစ္စယာအရ အကြောင်းဖြစ်သော ကုသိုလ်ကမ္မဘဝ, အကုသိုလ်ကမ္မဘဝတို့ကိုသာ ယူရမည်။ ဇာတိ-အရ ထိုကုသိုလ် အကုသိုလ် ကမ္မဘဝတို့ကြောင့်ဖြစ်သော ကုသလဝိပါက် နာမ်ခန္ဓာ, အကုသလဝိပါက် နာမ်ခန္ဓာ ကမ္မဇရုပ်တို့၏ ဥပါဒ် = ဖြစ်ပွါးမှုကို ကောက်ယူရမည်။ ထင်ရှားစေဦးအံ့- ရှေး “သင်္ခါရပစ္စယာ ဝိညာဏံ”အရ ကုသိုလ် အကုသိုလ် သင်္ခါရကြောင့် ဝိပါက်ဝိညာဏ် ထင်ရှားဖြစ်ပွါး၏-ဟူသည်မှာ အတိတ်ဘဝ ကုသိုလ် အကုသိုလ် သင်္ခါရကြောင့် ဤယခုပစ္စုပ္ပန်ဘဝ ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ ဝိပါက်ဝိညာဏ်ဖြစ်ပွါးသည်ကို ဆိုသည်၊ ဤယခု “ဘဝပစ္စယာ ဇာတိ”အရ ကုသိုလ် အကုသိုလ် ကမ္မဘဝကြောင့် အနာဂတ်ကာလ၌ ဝိပါက်နာမ်ခန္ဓာ ကမ္မဇရုပ်တို့၏ ဥပါဒ် = ဖြစ်ပွါးမှု တည်းဟူသော ဇာတိ၏ ထင်ရှားဖြစ်မှုကို ဆိုသည်။ (နောက်၌ ထင်ရှားလတ္တံ့)။



၇၂၉

     အောက် “သင်္ခါရပစ္စယာ ဝိညာဏံ”ဟူသော အချက်၌ ကုသိုလ် အကုသိုလ် သင်္ခါရကြောင့် သမင်္ဂိတာလေးပါး = သမင်္ဂီလေးပါး အစဉ်အတိုင်း ဝိပါက်ဝိညာဏ်ဖြစ်ပွါးပုံကို စာမျက်နှာ (၇၀၀)၌ ဖော်ပြခဲ့ပြီ။ ထိုစကားရပ်၌ အတိတ်ဘဝ ကုသိုလ် အကုသိုလ် သင်္ခါရကြောင့် ဤယခုပစ္စုပ္ပန်ဘဝ ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ ဝိပါက်ဝိညာဏ် ဖြစ်ပွါးသကဲ့သို့ ထို့အတူပင် ဤယခု ပစ္စုပ္ပန်ဘဝ ပြုလုပ်အားထုတ်အပ်သော ကုသိုလ် အကုသိုလ်ကမ္မဘဝကြောင့် သမင်္ဂိတာလေးပါး = သမင်္ဂီလေးပါး အစဉ်အတိုင်းပင် နောက်အနာဂတ်ဘဝ၌ ဝိပါက်နာမ်ခန္ဓာ ကမ္မဇရုပ်တို့ ဥပါဒ် = ဖြစ်ပွါးကြလိမ့်မည်။ ထိုအချက်ကိုပင် “ဘဝပစ္စယာ ဇာတိ = ကမ္မဘဝကြောင့် ဥပပတ္တိဘဝတရား ဥပါဒ်ထင်ရှား ဖြစ်ပွါး၏”ဟူ၍ ဟောတော်မူသည်။ (ဤကား ပရမတ္ထကထာ = အဘိဓမ္မာ သဘာဝစစ်စစ် စကားတည်း)။

     လင်္ကာအဓိပ္ပါယ်။ ။လင်္ကာ၌ကား လူအများ နားလည်လွယ်ရန် ပရမတ် ပညတ် ရောစပ်လျက် ရေးသား စီစဉ်တော်မူအပ်လေသည်။ အဓိပ္ပါယ်မှာ-

     ကုသိုလ်ကမ္မဘဝ, အကုသိုလ်ကမ္မဘဝ တည်းဟူသော ကံနှစ်ပါးတို့၏ အစွမ်းသတ္တိကြောင့် ခပ်သိမ်းသော သတ္တဝါတို့သည် ယခု လောလောဆယ်ဖြစ်ရာ ပစ္စုပ္ပန်ဘဝ ဆုံးပြန်ကြလျှင် ထိုကံနှစ်ပါးတို့ အကျိုးပေးပစ်ချရာ ထိုက်သက်ရာရာ ရုပ်ခန္ဓာတပါးသာရှိသော အသညသတ်ဘုံ, နာမ်ခန္ဓာ လေးပါးသာရှိသော အရူပလေးဘုံ, ခန္ဓာငါးပါး အပြည့်အစုံရှိသော ကာမဘုံနှင့် (အသညသတ်ကြဉ်သော) ရူပါဝစရဗြဟ္မာဘုံတို့၌ ကမ္မနိယာမ ဓမ္မတာအတိုင်း ပဋိသန္ဓေအခါ ပဝတ္တိအခါတို့၌ ဝိပါက်နာမ်ခန္ဓာ ကမ္မဇရုပ်တို့ ဥပါဒ် = ဖြစ်ပွါးမှု တည်းဟူသော ဇာတိပေါ်သည်။

     ဤမှနောက်၌ စာနေကျဉ်းရန် ဝိပါက်နာမ်ခန္ဓာ ကမ္မဇရုပ်ဟု ရေးရမည့်အရာ၌ “ဥပပတ္တိဘဝ”ဟူ၍သာ ရေးတော့မည်။ ဥပပတ္တိဘဝခေါ်သော ဝိပါက်နာမ်ခန္ဓာ ကမ္မဇရုပ်တရားတို့၌ ဥပါဒ်ခဏ = ဖြစ်ဆဲခဏ, ဌီခဏ = တည်ဆဲခဏ,



၇၃၀

ဘင်ခဏ = ပျက်ဆဲခဏဟူ၍ = ခဏငယ်အချိန်တို သုံးပိုင်းရှိရာ ဥပါဒ်ခဏအခိုက်ကို ဇာတိဟု ခေါ်သည်၊ ဌီခဏအခိုက်ကို ဇရာဟု ခေါ်သည်၊ ဘင်ခဏအခိုက်ကို မရဏဟု ခေါ်သည်။ ကမ္မဘဝ = အကြောင်းကံတရားက ဥပပတ္တိဘဝ ဥပါဒ်ခဏ တည်းဟူသော ဇာတိဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသည်။ ယင်းသို့ ကမ္မဘဝကြောင့် ဥပပတ္တိဘဝ ဥပါဒ်ခဏအခိုက် တည်းဟူသော ဇာတိတရား ဖြစ်ပွါးလာသည်ကိုပင် လင်္ကာ၌ “ဖြစ်မြဲဇာတိ၊ သန္ဓေငြိ၍”ဟု စပ်ဆိုလေသည်။

     ယင်း ဥပပတ္တိဘဝ ဥပါဒ်ခဏအခိုက် တည်းဟူသော ဇာတိတရားသည်လည်း တဘဝတွင် တကြိမ်သာဖြစ်သည်မဟုတ်၊ အကြိမ်ကြိမ်ဖြစ်၍ အစဉ်သဖြင့် ကိုယ်ခန္ဓာပြည့်ဖြိုး ပွါးများကာ မားမားမတ်မတ် အထည်ဒြဗ်သဏ္ဌာန် ပေါ်ပေါက်ကြကာ မိမိ မိမိတို့၏ ကမ္မဘဝအလိုက် မင်းဇာတ်ရှိသော သတ္တဝါ, ပုဏ္ဏားဇာတ်ရှိသော သတ္တဝါစသည်, တန်ခိုးကြီးသော သတ္တဝါ, တန်ခိုးသေးသော သတ္တဝါ, ဂုဏ်သိရ်နိမ့်သော သတ္တဝါ, ဂုဏ်သိရ်မြင့်သော သတ္တဝါ, အကျင့်ဆိုးသော သတ္တဝါ, အကျင့်ကောင်းသော သတ္တဝါဟု ကိုယ်ခန္ဓာအမျိုးမျိုးနှင့် သတ္တဝါအမျိုးမျိုးတို့ ဖြစ်ကြလေသည်။ ထိုသို့ဖြစ်ခြင်းမှာ အဏ္ဍဇဇာတိ = ဥ၌သန္ဓေဖြစ်ပွါးမှု, ဇလာဗုဇဇာတိ = အမိသားအိမ်၌ သန္ဓေဖြစ်ပွါးမှု, သံသေဒဇဇာတိ = ရေညှိစသည် ကြာပန်းစသည် အမြှုပ်အမှေး၌ သန္ဓေဖြစ်ပွါးမှု, ဥပပတ္တိဇာတိ = ပဋ္ဋိသန္ဓေအချိန်ကပင် မိန်းမဖြစ်လျှင် တဆယ့်ခြောက်နှစ်အရွယ်, ယောက်ျားဖြစ်လျှင် အနှစ်နှစ်ဆယ် နှစ်ဆယ့်ငါးနှစ်အရွယ် ကိုယ်ထည်ထင်ရှားစွာ သန္ဓေဖြစ်ပွါးမှု တည်းဟူသော ဇာတိလေးမျိုး၏ အစွမ်းသတ္တိကြောင့် ဖြစ်သည်ဟု ဆိုလိုသည်။

(ဤ၌။ ။တမိဝမ်းတွင်း ထက်အောက်ဆင်းကြသော သွေးရင်းသားရင်းဖြစ်ကြသည့် ညီ, အစ်ကို, မောင်, နှစ်မ, ညီ, အစ်မတို့ပင်သော်လည်း အချင်းချင်း မတူကြပဲ အယုတ်အမြတ်အားဖြင့် ကွဲပြားအောင် ကမ္မ ဘဝတည်းဟူသော အကြောင်းရင်းကံက ပြုပြင်ပေးသည်၊ ထို့ကြောင့်



၇၃၁

မြတ်ဘုရားရှင်သည် (ဥပရိပဏ္ဏာသပါဠိတော်၊ စူဠကမ္မဝိဘင်္ဂသုတ်၊ စာမျက်နှာ ၂၄၄-၌) “ကမ္မံ သတ္တေ ဝိဘဇတိ ယဒိဒံ ဟီနပဏီတတာယ = သတ္တဝါတို့ကို အညံ့စား အမြတ်စား ဖြစ်ဖို့ရန် ကံသည် ခွဲဝေ၍ပေး၏”ဟု ဟောတော်မူသည်။ ဤအထူးကိုလည်း သိမှတ်ရာ၏)။

(၁၁) ဇာတိပစ္စယာ ဇရာမရဏံ

သန္ဓေဇာတိ၊ တဖန်ငြိ၍၊ တြိဘုံသူ၊ အဆူဆူလျှင်၊ လူလူနတ်နတ်၊ အရပ်ရပ်တည့်၊ မတ်မတ်မားမား၊ ဖြစ်ပြန်ငြားသော်၊ သုံးပါးအရွယ်၊ စ,လယ်,အဆုံး၊ ရှိမြဲထုံးဖြင့်၊ အနှုန်းစဉ်စီ၊ သန္ဓေချီက၊ နာရီစဉ်သင့်၊ အဆင့်ဆင့်လျှင်၊ ရင့်မြဲရော်မြဲ၊ တသဲသဲတည့်၊ မစဲနေ့ည၊ တရွရွလျှင်၊ ခဏ,သန္တတိ၊ အဂ္ဂိဇရာ၊ နှစ်ဖြာလောင်မီး၊ ရှိန်ရှိန်ငြီး၍၊ အကြီးအငယ်၊ အရွယ်ခြားနား၊ အစားစားလျှင်၊ အသွားတွင်တွင်၊ မစဲနှင်၏။ လေးအင်သေမှု၊ တခုခုလည်း၊ ဗဟုအန္တရာယ်၊ အသွယ်သွယ်နှင့်၊ နှီးနွယ်ရုံးစည်း၊ တလုံးတည်းလျှင်၊ ကြီးကြီး,ငယ်ငယ်၊ အရွယ်မထောက်၊ သေချိန်ရောက်က၊ ချုပ်ပျောက်ခန္ဓာ၊ မငြင်းသာသည်။ ဇရာမရဏ စွမ်းရည်တည်း။ (အရဆောင်လေ)။

     ကမ္မဘဝက ဥပပတ္တိဘဝ၏ ဥပါဒ်ထင်ရှား ဖြစ်ပွါးလာအောင် ကျေးဇူးပြုပေးသည်၊ ယင်း ဥပပတ္တိဘဝ၏ ဥပဒ်ထင်ရှား ဖြစ်ပွါးလာမှုကို ဇာတိဟူ၍ ခေါ်၏၊ ယင်းသို့ ဥပါဒ်ခဏတည်းဟူသော ဇာတိပေါ်လျှင် ထိုတရားတို့၏ ဌီခဏတည်းဟူသော = ဇရာတရား, ဘင်ခဏတည်းဟူသော = မရဏတရားတို့သည် အစဉ်၏အတိုင်း ဖြစ်ပွါးလေတော့၏၊ (ကမ္မဘဝက ဥပပတ္တိဘဝအား ဥပါဒ်ခဏအားဖြင့် ထင်ရှား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုပေးသည်၊ ဌီ,ဘင်အား ကျေးဇူးပြုပေးသည်မဟုတ်၊ ဥပါဒ်တည်းဟူသော ဇာတိတရား ထင်ရှားဖြစ်ပေါ်လာလျှင်ပင် ဌီတည်းဟူသော ဇရာတရား, ဘင်တည်းဟူသော မရဏတရားတို့ကား (ဒီ၏နောက်က ရေထက်ကြပ်ပါလာသကဲ့သို့) တဆက်တည်း



၇၃၂

ပေါ်ပေါက်လာလေတော့သည်ဟု ဆိုလိုသည်)။ ဤသို့ ဇာတိရှိမှသာ ဇရာ,မရဏတို့ ဖြစ်ပေါ်နိုင်၍ ဇာတိမရှိလျှင် ဇရာ,မရဏတို့ မဖြစ်ပေါ်နိုင်သောကြောင့် မြတ်စွာဘုရားရှင်သည် “ဇာတိပစ္စယာ ဇရာ,မရဏံ = ဇာတိဟူသော အကြောင်းကြောင့် ဇရာ,မရဏနှစ်ပါး ထင်ရှားဖြစ်ပေါ်၏”ဟု ဟောတော်မူ၏။ (ဆိုခဲ့ပြီးသော စကားရပ်တို့ကို ဆင်ခြင်စဉ်းစား၍ ဇာတိ-ဟူသည် ထိုထိုဘဝ တလျှောက်လုံး၌ ဖြစ်ပေါ်ကြသော ခန္ဓာတို့၏ ဥပါဒ်ခဏ = ဖြစ်ဆဲခဏကို ခေါ်၏၊ ဇရာ-ဟူသည် ထိုခန္ဓာတို့၏ ဌီခဏ = တည်ဆဲ ရင့်ရော်ဆဲခဏကို ခေါ်၏၊ မရဏ-ဟူသည် ထိုခန္ဓာတို့၏ ဘင်ခဏ = ပျက်စီးချုပ်ပျောက်ဆဲခဏကို ခေါ်၏ဟု အထူးသတိချပ် သိမှတ်ရာ၏။ ဤကား ပရမတ္ထကထာ = သဘာဝစစ်စစ် စကားတည်း)။

     လင်္ကာအဓိပ္ပါယ်။ ။ဘ၀အသစ်၌ ပဋ္ဋိသန္ဓေ တည်နေစွဲငြိလျှင် ဇာတိတရား အကြိမ်ကြိမ် အဆက်ဆက် ဖြစ်ပွါးကာ ခန္ဓာအစဉ် ကြီးထွားလျက် လူလူ,နတ်နတ်, မတ်မတ်မားမား ထင်မှားဖွယ်ရာ ဖြစ်၍လာ၏။ ထိုသို့ ဖြစ်သည်ရှိသော် တဘဝအတွက်တာ (ယခုအခါကဲ့သို့ အနှစ်တရာတမ်း၌) ပဌမအရွယ် = ရှေ့ပိုင်း သုံးဆယ့်သုံးနှစ်လေးလ, မဇ္ဈိမအရွယ် = အလယ်ပိုင်း သုံးဆယ့်သုံးနှစ်လေးလ, ပစ္ဆိမအရွယ် = နောက်ပိုင်း သုံးဆယ့်သုံးနှစ်လေးလ ဤသို့ အရွယ်သုံးပါး ထင်ရှားရှိမြဲထုံးဖြင့် ထိုထိုဘဝခန္ဓာတို့၏ ဥပါဒ်ခဏတည်းဟူသော ဇာတိတရား နာရီမလပ် အချိန်မလပ် ထပ်ခါထပ်ခါ ဖြစ်တိုင်းဖြစ်တိုင်း ထိုဇာတိ၏နောက်မှ ဌီခဏ တည်းဟူသော ရင့်ရော်မှု = ဇရာတရားသည်လည်း နေ့ညမစဲ တသဲသဲ တရွရွ အမြဲထက်ကြပ် ကပ်လျက် လိုက်ပါလာလေတော့၏။ ယင်း ရင့်ရော်မှု = ဇရာတရားကို ဇရာမီးဟူ၍ ခေါ်၏။

     ထိုဇရာမီးသည် (၁) ခဏဇရာ = ထိုထိုဘဝခန္ဓာတို့၏ ဌီခဏအချိန်ပိုင်း တည်းဟူသော ရင့်ရော်အိုမင်းမှု, (၂) သန္တတိဇရာ = အအေးရုပ်သန္တာန်အစဉ် အပူရုပ်သန္တာန်အစဉ် စသည်တို့၏ တချိန်ထက်တချိန် သန္တတိအားဖြင့် ရင့်ရော်အိုမင်းမှုဟူ၍



၇၃၃

= နှစ်ပါးရှိလေသည်။ ထိုကိုပင် “ခဏ,သန္တတိ၊ အဂ္ဂိဇရာ၊ နှစ်ဖြာလောင်မီး၊ ရှိန်ရှိန်ငြီး၍”ဟု လင်္ကာ၌ စပ်ဆိုသည်။

(ဤအရာ၌။ ။“အသက်အရွယ် ငယ်သူ,ကြီးသူ ဟူဟူသမျှ၌ပင် ခဏဇရာ, သန္တတိဇရာ = ဤဇရာနှစ်ပါး ထင်ရှားဖြစ်ကြ ရှိကြပါလျက် အသက်အရွယ် ငယ်သူတို့မှာမူ ဆံဖြူခြင်း, သွားကြွေခြင်း, အသားအရေ တွန့်လိမ်ခြင်း-စသော ဇရာသဘော မပေါ်လွင် မထင်ရှားမူ၍ အဘယ့်ကြောင့် အသက်အရွယ်ကြီးရင့်သော သူတို့မှာမှ ထိုဆံဖြူခြင်း, သွားကြွေခြင်း, အသားအရေ တွန့်လိမ်ခြင်း-စသော ဇရာသဘော ပေါပေါပေါ်လွင် ထင်ရှားရသနည်း”ဟု မေးမြန်းဖွယ်ရှိ၏။

အဖြေကား- ဇရာဒဏ်ချက် အနှိပ်စက်နာသောကြောင့် အသက်ကြီးရင့်သူတို့မှာသာ ထိုဆံဖြူခြင်း, သွားကြွေခြင်း, အသားအရေ တွန့်လိမ်ခြင်း-စသော ဇရာသဘောတို့ ပေါပေါပေါ်လွင် ထင်ရှားကြကုန်၏-ဟု ဖြေဆိုရာ၏၊ ချဲ့ဦးအံ့- ကလလရေကြည် ပဋိသန္ဓေ တည်နေချိန်မှ အစပြု၍ သတ္တဝါတို့မှာ အစဉ်သဖြင့် ရှေးရှေးရုပ်များ၏ ဌီခဏတည်းဟူသော ဇရာသို့ ရောက်သောအချိန်၌ အသစ်အသစ် ဥပါဒ်ဖြစ်ပေါ်ကြရသည့် နောက်နောက်ရုပ်များသည် ရှေးရှေးရင့်ရော်ပြီးသော ရုပ်များ၏ သဘောအားလျော်စွာ ရင့်ရော်ကြကာ, အထူးသဖြင့် ရင့်ရော်ကြကာ, ထိုထက်အထူးသဖြင့် ရင့်ရော်ကြကာ ဥပါဒ်ထင်ရှား ဖြစ်ပွါး၍ လာကြရလေသည်။ ထို့ကြောင့် တရက်ထက်တရက် တလထက်တလ တနှစ်ထက်တနှစ် တရွယ်ထက်တရွယ် အစဉ်သဖြင့် အလွန့်အလွန် ရင့်ရော်သော ရုပ်များ၏ ရင့်ရော်ချိန်ဟု ခေါ်ဆိုအပ်သော ဌီခဏ၌ နောက်ထပ်အသစ်ဥပါဒ်ဖြစ်ပွါးသော ရုပ်တရားများသည် ဆံဖြူခြင်း, သွားကြွေခြင်း, အသားအရေ တွန့်လိမ်ခြင်း အစရှိသော ဇရာသဘော ပေါပေါပေါ်လွင်လျက် ထင်ရှားဥပါဒ်ကြရလေသည်၊ ထို့ကြောင့် အသက်ကြီးရင့် သူတို့မှာသာ ထိုဆံဖြူခြင်း, သွားကြွေခြင်း, အသားအရေ တွန့်ခြင်း-စသော ဇရာသဘောတို့ ပေါပေါပေါ်လွင် ထင်ရှားကြကုန်သည်။

ထိုဆံဖြူခြင်း, သွားကြွေခြင်း, အသားအရေ တွန့်လိမ်ခြင်းများသည် မျက်စိဖြင့်ကြည့်၍ မြင်အပ်သော စက္ခုဝိညေယျတရားများ ဖြစ်ကြ၍ ဇရာတရားအစစ် မဟုတ်ကြကုန်၊ ဇရာတရား၏ ဒဏ်ချက်များသာ ဖြစ်ကြလေသည်၊ ဇရာတရားအစစ်ကား စိတ်ဖြင့်သာ ကြံဆ၍ သိအပ်သော = မနောဝိညေယျတရား ဖြစ်လေသည်။

၇၃၄

ထင်ရှားစေဦးအံ့- ရေကြမ်းတိုက်စား၍ သွားသောလမ်း, မီးအကြီးအကျယ် လောင်ကျွမ်း၍သွားသော လမ်းတို့၌ ရေဒဏ် မီးဒဏ်ကြောင့် မြက်သစ်ပင်များ ကျိုးပြတ်ပျက်စီး၍ ကျန်ရစ်ခြင်း, မီးသွေး ပြာများသာ ကြွင်းကျန်ရစ်ခြင်း စသည်တို့ကို မြင်ရ၍ တိုက်စားသွားသောရေ, လောင်ကျွမ်းသွားသော မီးတို့ကိုကား စိတ်ဖြင့်ကြံဆကာသာ သိရလေသည်၊ ထို့အတူ ဇရာတည်းဟူသော ရေကြမ်း, ဇရာတည်းဟူသော မီးကြီး တိုက်စား, လောင်ကျွမ်း၍သွားသော လမ်းခရီးဟု ဆိုအပ်သော အလွန့်အလွန် ရင့်ရော် ရင့်ရော်သော ရုပ်တရားတို့၌ ဖြစ်ပေါ်ကြသည့် မျက်စိဖြင့်မြင်ကောင်းသော ဆံဖြူခြင်း (သို့မဟုတ်- ဖြူသောဆံများ), သွားကြွေခြင်း (သို့မဟုတ်- ကျိုးပဲ့သောသွားများ), အသားအရေ တွန့်လိမ်ခြင်း (သို့မဟုတ်- တွန့်လိမ်သော အသားအရေများ)- စသည့်သဘောများကို ဇရာရေကြမ်း, ဇရာမီးကြီးတို့ နှိပ်စက်တိုက်စား လောင်ကျွမ်း သွားသော ဒဏ်ချက်များဟူ၍သာ မှတ်ယူအပ်ကုန်၏၊ ထိုဒဏ်ချက်များကို မြင်ရသဖြင့် ဇရာရေကြမ်း, ဇရာမီးကြီးတို့ကို စိတ်ဖြင့်မှန်းဆ၍ သိအပ်ကုန်၏။ (ဤစကားရပ်တို့ကား အလွန်နက်နဲ၏၊ အခေါက်ခေါက်ဖတ်၍ စဉ်းစားမှ လေးနက်သော အနက်အဓိပ္ပါယ်ကို သိနိုင်၏၊ ကြိုးစား၍ဖတ်ကြား စဉ်းစားကြပါလေ)။

     ရှေးဖော်ပြရာပါ ခဏဇရာမီး, သန္တတိဇရာမီးတို့ တညီးညီး တရှိန်ရှိန် အချိန်မစဲ တသဲသဲ လောင်ကျွမ်းမှုကြောင့် ငယ်သောအရွယ်, အလယ်အလတ်အရွယ်, ကြီးသောအရွယ်, ဆယ်နှစ်အရွယ်, အနှစ်နှစ်ဆယ်အရွယ်, အနှစ်သုံးဆယ်အရွယ်-စသည်ဖြင့် အရွယ်ခြားနား အစားစား ဖြစ်ရလေသည်။ ထိုသို့ဖြစ်အောင် သတ္တဝါတို့ကို ဇရာတရားက မောင်းနှင်၍ ပေးနေလေသည်။

     ဇရာခေါ်သော ဌီခဏ၏ အခြားမဲ့မှာပင် ဘင်ခဏသို့ ရောက်ရှိကြကာ သတ္တဝါတိုင်း ခဏိကမရဏအားဖြင့် အချိန်တိုင်း သေလွန်၍ နေကြလေသည် (သမ္မုတိမရဏသို့ မရောက်သေး၍ သေမှန်းမသိကြချေ)။

     ထင်ရှားစေဦးအံ့- သေဆုံးပျက်စီးခြင်း = မရဏသည် (၁) ခဏိကမရဏ, (၂) သမုစ္ဆေဒမရဏ, (၃) သမ္မုတိမရဏဟူ၍ = သုံးမျိုးရှိ၏။



၇၃၅

     ထိုသုံးမျိုးတို့တွင် (၁) ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ မိမိတို့ဘင်ခဏသို့ ရောက်ရှိကြသဖြင့် သေဆုံးပျက်စီးခြင်းကို = ခဏိကမရဏဟူ၍ ခေါ်၏။ စိတ်စေတသိက်တရား တစုတစု တခုတခုလျှင် ဥပါဒ်ခဏ, ဌီခဏ, ဘင်ခဏဟူ၍ = ခဏငယ်သုံးချက်စီ အချိန်ပိုင်း အသက်ရှည်ကြလေသည်၊ ထိုခဏငယ်သုံးချက် အချိန်ပိုင်းကာလကို စိတ္တက္ခဏကြီး တချက်ဟူ၍ ခေါ်ဆိုသည်။ မျက်စိတမှိတ် လျှပ်တပြက် အချိန်တိုကလေး အတွင်းမှာပင် ထိုစိတ္တက္ခဏပေါင်း ကုဋေတသိန်းကျော်ကျော် ဖြစ်၍ချုပ်ကြလေသည်။ (လက္ခဏရုပ် လေးခု ဝိညတ်ရုပ် နှစ်ခုတို့ကို ကြဉ်၍) ကျန်သောရုပ် ၂၂-ပါးတို့သည် စိတ္တက္ခဏပေါင်း ဆယ့်ခုနစ်ချက်ခန့်စီ အသက်ရှိကြကုန်၏။ ဝိညတ်ရုပ် နှစ်ပါးတို့သည် စိတ္တာနုပရိဝတ္တိဓမ္မမျိုးဖြစ်ကြ၍ စိတ်ဖြစ်လျှင် ဖြစ်ကြ၍ စိတ်ချုပ်လျှင်ချုပ်ကြကုန်၏။ လက္ခဏရုပ်လေးပါးတို့တွင် ဥပစယရုပ်နှင့် သန္တတိရုပ်တည်းဟူသော ဇာတိရုပ်သည် ရုပ်၏ ဥပါဒ်ခဏပိုင်းဖြစ်၍ ခဏငယ်တချက်ခန့်စီ အသက်ရှိကြလေသည်။ ဇရတာရုပ်သည် ရုပ်၏ ဌီခဏပိုင်းဖြစ်၍ ခဏငယ် ၄၉-ချက်ခန့် အသက်ရှိလေသည်၊ အနိစ္စတာရုပ်သည် ရုပ်၏ ဘင်ခဏပိုင်းဖြစ်၍ ခဏငယ်တချက်ခန့် အသက်ရှိလေသည်။ ။(လျှပ်တပြက်တွင်၊ စိတ္တက္ခဏေ၊ အပေါင်းရေ၊ ကုဋေတသိန်းဟူ၊ ၊ပရမတ္ထသံခပ်မှ)။ ။သို့ရကား သတ္တဝါတိုင်း သတ္တဝါတိုင်းပင် မျက်စိတမှိတ် လျှပ်တပြက် အချိန်ပိုင်းကာလအတွင်း၌ ခဏိကမရဏ သေခြင်းမျိုးဖြင့် အကြိမ်ပေါင်း ကုဋေတသိန်းကျော်ကျော် သေဆုံးလျက် ရှိကြလေသည်။

     (၂) သမုစ္ဆေဒမရဏ ဟူသည်မှာ ရဟန္တာပုဂ္ဂိုလ်တို့၏ ဝဋ်ဆင်းရဲကို အကြွင်းမဲ့ အမြစ်ပြတ် ဖြတ်တောက်သွားသော သေခြင်းမျိုးကို ခေါ်ဆိုသည်။ မှန်၏- ရဟန္တာပုဂ္ဂိုလ်များမှာ ပရိနိဗ္ဗာနစုတိ၏ နောက်ကာလဝယ် ရုပ်နာမ်အသစ် ဘဝအသစ် မဖြစ်တော့ပဲ ဆီမီးတောက်ကြီး ငြိမ်းစဲသွားသည့်ပမာ သံသရာဝဋ် ဆင်းရဲကြီး အပြီးတိုင် အမြစ်ပြတ်၍ သွားလေတော့သည်။ ထို့ကြောင့်



၇၃၆

ထိုရဟန္တာပုဂ္ဂိုလ်တို့၏ စုတေခြင်း = သေခြင်းမျိုးကို သမုစ္ဆေဒမရဏ = သံသရာဝဋ်ဒုက္ခ အမြစ်ပြတ် သေဆုံးခြင်းဟူ၍ခေါ်၏။

     (၃) သမ္မုတိမရဏ ဟူသည်မှာ ဘုရား, ရဟန္တာမှ ကြွင်းသော သတ္တဝါတို့၏ တဘဝ၌ အကျုံးဝင်သော ဇီဝိတိန္ဒြေ သန္တာန်အစဉ် ပြတ်စဲသေဆုံးသွားခြင်းကို ခေါ်သည်။ (ထိုမှတပါး “သစ်ပင်သေပြီ၊ သံသေပြီ၊ ပြဒါး သေပြီ” အစရှိသည်ဖြင့် လောက သမ္မုတိ ဝေါဟာရအားဖြင့် ပြောကြားကြသော အသက်မဲ့ဝတ္ထုတို့၏ သေခြင်းဟူသော ဝေါဟာရကိုလည်း သမ္မုတိမရဏဟူ၍ပင် ခေါ်ဆို၏၊ သို့သော် ထိုသေခြင်းကို ဤယခု မရဏအခဏ်း၌ အလိုမရှိအပ်ချေ။ မဆိုလိုချေ။ သက်ရှိသတ္တဝါတို့၏ တဘဝအတွက်တာ ဇီဝိတိန္ဒြေအစဉ် အဖြစ်ရပ်နား ပြတ်စဲသွားခြင်း = သေခြင်းတည်းဟူသော သမ္မုတိမရဏကိုသာ ဤယခု မရဏအခဏ်း၌ အလိုရှိအပ်၏၊ ဆိုလို၏)။

     ထိုသမ္မုတိမရဏသည်လည်း (၁) အာယုက္ခယမရဏ = အသက်ရှည်ရန် ကံအစွမ်းပင် ရှိသေးသော်လည်း အသက်တမ်းကုန်၍ သေခြင်း, (၂) ကမ္မက္ခယမရဏ = အသက်တမ်းပင် ကျန်ရှိသေးသော်လည်း ကံစွမ်းကုန်၍ သေခြင်း, (၃) ဥဘယက္ခယမရဏ = အသက်တမ်း, ကံစွမ်း = နှစ်ပါးစုံကုန်၍ သေခြင်း, (၄) ဥပစ္ဆေဒကမရဏ = အသက်တမ်း, ကံစွမ်း = နှစ်ပါးတို့ ကျန်ရှိသေးသော်လည်း ဥပစ္ဆေဒက အကုသိုလ်ကံဆိုးက ဝင်ရောက် ဖြတ်တောက်သဖြင့် သေခြင်းဟူ၍ = လေးမျိုးရှိလေသည်။ ။(အသက်တမ်းကုန်၊ ကံစွမ်းကုန်နှင့်၊ အကုန်နှစ်မျိုး၊ ကံဆိုးဖြတ်ချွေ၊ သေမြဲပေ၊ လေးထွေမရဏ၊ ၊ပရမတ္ထသံခိပ်မှ)။

     ထိုဖော်ပြရာပါ သေခြင်းတရား လေးပါးတို့တွင် တပါးပါးသည် အသက်ကို ရန်ရှာမည့် များစွာသော အန္တရာယ်တို့နှင့် ပေါင်းသင်းနှီးနွယ် မိတ်သင့်ကာ သတ္တဝါတို့ကို မျက်နှာကြီးငယ် အရွယ်မထောက် အချိန်ရောက်လျှင် တဘဝအတွက်တာ ခန္ဓာပြတ်ကြွေ စုတေရန် နှိပ်စက်လေတော့သည်။ ထိုသို့ အန္တရာယ်များစွာတို့နှင့် ပေါင်းသင်းနှီးနွယ် မိတ်သင့်၍ သေခြင်းလေးပါးတို့တွင်



၇၃၇

တပါးပါးတို့ နှိပ်စက်လာသောအခါ ကြီးငယ်မဟူ သတ္တဝါ ဗိုလ်လူတို့သည် မငြင်းသာ မဆန်သာ ခန္ဓာပြတ်ကြွေ စုတေကြရလေတော့သည်၊ ဤအနက်ကိုရည်၍ လင်္ကာ၌ “လေးအင်သေမှု၊ တခုခုလည်း ၊(ပ)၊ ဇရာမရဏ စွမ်းရည်တည်း”ဟူ၍ စပ်ဆိုတော်မူအပ်လေသည်။

(အထူးမှတ်ရန်။ ။ဤဇာတိ, ဇရာ, မရဏတရား = သုံးပါးတို့သည် ဤသတ္တဝါတို့အဖို့ရာ နှိပ်စက်ရန်အခွင့်ရှာ၍ လှည့်လည်ကျက်စား သွားလာနေကြသော ရန်သူလူသတ်သမားများနှင့် တူကြကုန်၏။

ထင်ရှားစေဦးအံ့- ယောက်ျားတယောက်မှာ နှိပ်စက်သတ်ဖြတ်ရန် အခွင့်အပေါက်ရှာ၍ လှည့်လည်ကျက်စား သွားလာနေကြသော ရန်သူသုံးယောက်တို့ ရှိကြလေရာ၏၊ ထိုသုံးယောက်တို့အနက် ပဌမရန်သူက “မိတ်ဆွေတို့.. ငါသည် ဤမည်သောတောအုပ်၏ ကျေးဇူးကို ပြောဆို၍ ထိုယောက်ျားကို ခေါ်ဆောင်ကာ ထိုတောအုပ်သို့ သွားနှင့်ပေအံ့၊ ဤသို့ ခေါ်ဆောင်သွားရာ၌ ငါ့အဖို့ရာ ခဲယဉ်းခြင်းမရှိ”ဟု ပြောဆို လေရာ၏ (၁)။ ထိုအခါ ဒုတိယရန်သူက “မိတ်ဆွေ.. သင်ကား ထိုယောက်ျားကို ခေါ်ဆောင်၍ တောအုပ်သို့အရောက် သွားပြီးသောအခါ ရိုက်နှက်ပုတ်ခတ်၍ ထိုယောက်ျား အားနွဲ့အောင် ငါ ပြုလုပ်ပါမည်၊ ဤသို့ အားနွဲ့အောင် ပြုလုပ်ခြင်းကိစ္စ၌ ငါ့အဖို့ရာ ခဲယဉ်းခြင်းမရှိ”ဟု ပြောဆိုလေရာ၏ (၂)။ ထိုအခါ တတိယရန်သူက “မိတ်ဆွေ.. ထိုယောက်ျားကို ရိုက်နှက်ပုတ်ခတ်၍ အားနွဲ့အောင် ပြုအပ်ပြီးလတ်သော် ထက်လှစွာသော သန်လျက်ဖြင့် ထိုသူ့ဦးခေါင်းကို ဖြတ်ရန်မှာ ငါ့တာဝန်ရှိပါစေ”ဟု ပြောဆိုလေရာ၏ (၃)။ ထိုရန်သူ သုံးယောက်တို့သည် ဤကဲ့သို့ ပြောဆိုကြပြီးလျှင် ပြောဆိုတိုင်ပင်ကြသည့်အတိုင်း ပြုလုပ်ကုန်လေရာ၏။

ထိုရန်သူသုံးဦးတို့တွင် ပဌမရန်သူ၏ တောအုပ်ကျေးဇူးကို ပြောဆို၍ ထိုယောက်ျားကို ခေါ်ယူကာ တောအုပ်သို့ သွားသောအခါကဲ့သို့ ပစ္စုပ္ပန်ဤဘဝဝယ် ချစ်လှစွာသော ဆွေမျိုးအဝန်းမှ ဆွဲငင် ထုတ်ယူကာ ဂတိငါးပါးတို့တွင် တပါးပါး၌ ဖြစ်စေခြင်းမည်သည် ဇာတိ၏ အလုပ်ကိစ္စဖြစ်၏။ ဒုတိယရန်သူ၏ ထိုယောက်ျားကို ရိုက်နှက်ပုတ်ခတ်၍ အားနွဲ့အောင် ပြုခြင်းကဲ့သို့ ဂတိငါးဖြာဝယ် ဖြစ်လေတိုင်းသော ခန္ဓာတို့၌ အားအင်ဗလ လျော့ကျဆုတ်ယုတ်ကာ သူတပါးပြုမှ နုရသော အခြေအနေ, အိပ်ရာညောင်စောင်းလျှင် ပုန်းအောင်း လည်းကျောင်းရာရှိသော

၇၃၈

အခြေအနေသို့ရောက်အောင် ပြုလုပ်ပေးမှုသည် ဇရာ၏ အလုပ်ကိစ္စဖြစ်၏။ တတိယရန်သူ၏ ထက်လှစွာသော သန်လျက်ဖြင့် ထိုယောက်ျား၏ ဦးခေါင်းကို ဖြတ်ခြင်းကဲ့သို့ တဘဝအတွက်တာ အသက် = ဇီဝိတသန္တာန်အစဉ် ကုန်ဆုံးပြတ်စဲအောင် ပြုလုပ်ပေးမှုသည် မရဏ၏ အလုပ်ကိစ္စဖြစ်၏။

တနည်းကား- အပြစ်ထူပြောလှသည့် ကန္တာရခရီးခဲသို့ ဝင်ရောက်မိခြင်းကိုကဲ့သို့ ဇာတိဒုက္ခကို မှတ်ယူရာ၏၊ ထိုခရီးခဲအတွင်း၌ အစားပြတ်, အသောက်ပြတ်သော ယောက်ျား၏ အားနွဲ့ခြင်းကိုကဲ့သို့ ဇရာဒုက္ခကို မှတ်ယူရာ၏၊ ထိုအားနွဲ့သောယောက်ျား၏ မသွားနိုင် မလာနိုင် ဖြစ်ရှိကာ ခြင်္သေ့, သစ်, ကျား သားရဲများ အနှိပ်စက်ခံရသဖြင့် အကျိုးမဲ့ သေကြေပျက်စီးခြင်းကိုကဲ့သို့ မရဏဒုက္ခကို မှတ်ယူရာ၏။ ဤကား အထူးမှတ်ရန်တည်း)။

(၁၂) သောက, ပရိဒေ၀, ဒုက္ခ, ဒေါမနဿုပါယာသာ

သမ္ဘ၀န္တိ

သန္ဓေဇာတိ၊ ခန္ဓာရှိက၊ ဉာတိ,ဘောဂ- စသည်သင်းပင်း၊ ကွေကွင်းခြင်းနှင့်၊ မကင်းစသာ၊ ကြုံကြိုက်လာသော်၊ ပူဆာသောက၊ ရူတငိုကြွေး၊ သက်မွေးဝန်ထမ်း၊ ပူ,ချမ်းဒုက္ခ၊ အနိဋ္ဌကြောင့်၊ စိတ်ကမကြည်၊ မဆည်ငင်ရှိုက်၊ အလှိုက်အလှဲ၊ ဆင်းရဲငါးပါး၊ အကျဉ်းအားတည့်၊ ကျယ်ပွားအနန္တ၊ တွေ့ကြုံရသည်၊ ၊မူလဇာတိ အနှုန်းတည်း။ (အရဆောင်လေ)။

     လင်္ကာအဓိပ္ပါယ်။ ။ဇာတိရှိသော် ဇရာမရဏ ရှိသကဲ့သို့ ဇာတိခေါ်သော ပဋိသန္ဓေ လေးထွေအပြား ခန္ဓာများရှိခဲ့သော် ဘဝဓမ္မတာအတိုင်း (ဉာ, ဘော, ရောဂါ၊ သီလာ, ဒိဋ္ဌိ၊ ငါးပါးရှိ၊ မှတ်သိဗျသနာ- ဤလင်္ကာအရ) (၁) ဆွေမျိုးတို့၏ ပျက်စီးခြင်း = ဉာတိဗျသန, (၂) စီးပွါးဥစ္စာပျက်စီးခြင်း = ဘောဂဗျသန, (၃) အနာရောဂါ စွဲကပ်နှိပ်စက်ခြင်း = ရောဂဗျသန, (၄) ကိုယ်ကျင့်သီလပျက်စီးခြင်း = သီလဗျသန, (၅) အယူဖောက်ပြန်ပျက်စီးခြင်း = ဒိဋ္ဌိဗျသန = ဤဗျသနငါးမျိုးတို့နှင့် တွေ့ဆုံကြုံကြိုက်လာတတ်၏။ ထိုသို့ ကြုံကြိုက်လာသော်



၇၃၉

နှလုံးပူရှိန် စိုးရိမ်ခြင်း တည်းဟူသော သောကတရား, နှုတ်ကဟစ်အော် ငိုကြွေးမြည်တမ်းမှု တည်းဟူသော ပရိဒေဝတရား, ကိုယ်ဆင်းရဲမှု တည်းဟူသော ဒုက္ခတရား, စိတ်ဆင်းရဲမှု တည်းဟူသော ဒေါမနဿတရား, နှလုံးပြင်းစွာ ပူပန်မှု တည်းဟူသော ဥပါယာသတရား = အကျဉ်းအားဖြင့် ဤဆင်းရဲငါးပါး၊ အကျယ်အားဖြင့် များပြားစွာလှ ဒုက္ခအနန္တတို့နှင့် တွေ့ကြုံရတတ်၏။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းတရားမှာ ဇာတိတရားပင် ဖြစ်၏ဟု ဆိုလိုသည်။

(၁၃) ဧဝမေတဿ ကေ၀လဿ ဒုက္ခက္ခန္ဓဿ

သမုဒယော ဟောတိ

ဝဋ်သံသရာ၊ ရှည်မင်းစွာ၌၊ သူငါကစ၊ ဖြစ်သမျှကား၊ သတ္တမဟုတ်၊ ဓာတ်မှန်ထုတ်သော်၊ နာမ်ရုပ်နှစ်သင်း၊ အမြင်လင်းလော့။ အရင်းဝိဇ္ဇာ၊ ထိုမှဖြာ၍၊ ဇရာ,မရဏ၊ အဆုံးကျသည်၊ ဓမ္မအပြား၊ ဆယ့်နှစ်ပါးကို၊ ဤကား လူပင်၊ ဤလျှင် နတ်ပဲ၊ အထင်လွဲလျက်၊ တဝဲလည်လည်၊ ဝဋ်နွယ်စည်၏..။ ရှည်လေသမျှ၊ အနန္တကား၊ သုခဟူသည်၊ မြူမျှမကွက်၊ အဆက်ဆက်လျှင်၊ သက်သက်ဒုက္ခ၊ ဓာတ်မှန်ရသည်၊ ၊ဘ ဤကိုယ် ဖြစ်ထုံးတည်း။ (အရဆောင်လေ)။

(လင်္ကာရင်းဖြင့်ပင် အနက်အဓိပ္ပါယ် ထင်ရှားပြီးဖြစ်၍ ဤလင်္ကာအတွက် အနက်အဓိပ္ပါယ်ကို မရေးတော့ပြီ)။

ဤကား ပဋိစ္စသမုပ္ပါဒ်တရားတည်း။

**********

ပဋိသမ္ဘိဒါဉာဏ်တော် လေးပါး

     မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူသည်နှင့် တပြိုင်နက်ပင် ပဋိသမ္ဘိဒါဉာဏ်တော် လေးပါးကိုလည်း ရတော်မူပြီးသား ဖြစ်လေ၏-ဟူ၍ အောက်ဖြစ်သော ဘုရားဖြစ်တော်မူခဏ်း၌ ဖော်ပြခဲ့သည့် ပဋိသမ္ဘိဒါဉာဏ်တော် လေးပါးတို့ဟူသည်မှာ (၁) အတ္ထပဋိသမ္ဘိဒါဉာဏ်တော်, (၂) ဓမ္မပဋိသမ္ဘိဒါဉာဏ်တော်,



၇၄၀

(၃) နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တော်, (၄) ပဋိဘာနပဋိသမ္ဘိဒါဉာဏ်တော် = ဤဉာဏ်တော်လေးပါးတို့တည်း။

(၁) အတ္ထပဋိသမ္ဘိဒါဉာဏ်တော်

     အထူးထူးအပြားပြား အထွေထွေ အမျိုးမျိုးကို ပဋိသမ္ဘိဒါဟူ၍ ခေါ်၏။ ထိုအထူးထူး အပြားပြား အထွေထွေ အမျိုးမျိုးတို့၌ စေ့စပ်စုံလင်စွာ သိမြင်သောဉာဏ်သည် ပဋိသမ္ဘိဒါဉာဏ်မည်၏။ အနက်သဘော အမျိုးမျိုး အကျိုးတရား အမျိုးမျိုးတို့၌ စေ့စပ်စုံလင်စွာ ခွဲခြမ်းသိမြင်သောဉာဏ်သည် အတ္ထပဋိသမ္ဘိဒါဉာဏ် မည်၏။ ဤအတ္ထပဋိသမ္ဘိဒါဉာဏ်၌ အတ္ထအရမှာ (က) အကြောင်းကြောင့် ဖြစ်ပေါ်သမျှသော အကျိုးတရားစု၊ (ခ) နိဗ္ဗာန်၊ (ဂ) ပါဠိတော်၏ အနက်သဘော၊ (ဃ) ဝိပါက်စိတ်စေတသိက်တရားစု၊ (င) ကြိယာစိတ်စေတသိက်တရားစု = ဤသို့ ၅-မျိုးရှိလေသည်။

     မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူသည်နှင့် တပြိုင်နက် ဤအတ္ထ ၅-မျိုးတို့ကို စေ့စပ်စုံလင်စွာ ခွဲခွဲခြမ်းခြမ်း သိမြင်သော ဉာဏ်တော် (=အတ္ထပဋိသမ္ဘိဒါဉာဏ်တော်)ကို ရတော်မူပြီးသား ဖြစ်လေတော့၏။ ယင်း အတ္ထပဋိသမ္ဘိဒါဉာဏ်တော်၏ အစွမ်းဖြင့် တခုတခုသော တရား၏ အနက်အဓိပ္ပါယ်အမျိုးမျိုး အကျိုးအမျိုးမျိုးကို အထူးထူး အထွေထွေ ကိုယ်တိုင်လည်း သိမြင်၍ သူတပါးတို့အားလည်း သိမြင်လွယ်အောင် ဟောပြတော်မူနိုင်၏။ ဤ၌ အတ္ထ၅-မျိုးကို အာရုံပြု၍ သိသော မဟာကြိယာ ဉာဏသမ္ပယုတ်စိတ် လေးပါးတို့၌ယှဉ်သော ဉာဏ်ပညာ, နိဗ္ဗာန်ကို အာရုံပြု၍သိသော မဂ်ဉာဏ်လေးပါး ဖိုလ်ဉာဏ်လေးပါးတို့ကို အတ္ထပဋိသမ္ဘိဒါဉာဏ်တော်ဟူ၍ ခေါ်၏၊ ဤကား မြတ်စွာဘုရား၏ အတ္ထပဋိသမ္ဘိဒါဉာဏ်တော်ကို ဆိုလိုသည်။ (အရှင်အာနန္ဒာမထေရ်စသော ပဋိသမ္ဘိဒါဉာဏ်ရသည့် သေက္ခအရိယာ ပုဂ္ဂိုလ်တို့၏ အတ္ထပဋိသမ္ဘိဒါ အရမှာ အတ္ထ၅-မျိုးကို အာရုံပြု၍သိသော မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ် လေးပါး၌ယှဉ်သော ဉာဏ်ပညာ,



၇၄၁

နိဗ္ဗာန်ကို အာရုံပြု၍သိသော အောက်မဂ်ဉာဏ် အောက်ဖိုလ်ဉာဏ်တို့ကို ကောက်ယူရသည်)။

(၂) ဓမ္မပဋိသမ္ဘိဒါဉာဏ်တော်

     တရားအထူးအထွေ အမျိုးမျိုး အကြောင်းတရား အမျိုးမျိုးတို့၌ စေ့စပ်စုံလင်စွာ ခွဲခြမ်းသိမြင်သော ဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါဉာဏ် မည်၏။ ဤဓမ္မပဋိသမ္ဘိဒါဉာဏ်၌ ဓမ္မအရမှာ (က) အကျိုးကို ဖြစ်စေတတ်သော အကြောင်းတရားစု၊ (ခ) အရိယမဂ်လေးပါး၊ (ဂ) ပါဠိတော်အစဉ်၊ (ဃ) ကုသိုလ် စိတ် စေတသိက်၊ (င) အကုသိုလ် စိတ် စေတသိက် = ဤသို့ ၅-မျိုးရှိလေသည်။

     မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူသည်နှင့် တပြိုင်နက် ဤဓမ္မ ၅-မျိုးတို့ကို စေ့စပ်စုံလင်စွာ ခွဲခွဲခြမ်းခြမ်း သိမြင်သောဉာဏ်တော် (ဓမ္မပဋိသမ္ဘိဒါဉာဏ်တော်)ကိုလည်း ရတော်မူပြီးသား ဖြစ်လေတော့၏။ ယင်း ဓမ္မပဋိသမ္ဘိဒါဉာဏ်တော်၏ အစွမ်းဖြင့် ဖော်ပြရာပါ ဓမ္မအမျိုးမျိုးတို့ကို အထူးထူး အထွေထွေ ကိုယ်တိုင်လည်း သိမြင်၍ သူတပါးတို့အားလည်း သိမြင်လွယ်အောင် ဟောပြတော်မူနိုင်၏။ ဤ၌ မြတ်စွာဘုရား၏ ဓမ္မပဋိသမ္ဘိဒါဉာဏ်တော်အရ ဓမ္မ၅-မျိုးကို အာရုံပြု၍သိသော မဟာကြိယာဉာဏ်ကို ကောက်ယူ၍ အရှင်အာနန္ဒာမထေရ်-စသော ပဋိသမ္ဘိဒါဉာဏ်ရသည့် သေက္ခအရိယာ ပုဂ္ဂိုလ်တို့၏ ဓမ္မပဋိသမ္ဘိဒါဉာဏ်အရမူ ဓမ္မ၅-မျိုးကို အာရုံပြု၍သိသော မဟာကုသိုလ်ဉာဏ်ကို ကောက်ယူရာ၏။ (နောက်ဉာဏ်နှစ်ပါးတို့၌လည်း ဤနည်းအတူတည်း)။

(၃) နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တော်

     ဖော်ပြရာပါ အတ္ထ ၅-မျိုး, ဓမ္မ ၅-မျိုးတို့ကို သဘာဝကျကျ ထုတ်ဆိုကြောင်းဖြစ်သော သဘာဝနိရုတ္တိခေါ်သည့် အရိယဝေါဟာရ မာဂဓဘာသာ သဒ္ဒါအမျိုးမျိုးကို စေ့စပ်စုံလင်စွာ ခွဲခြမ်းသိမြင်သော ဉာဏ်သည် နိရုတ္တိပဋိသမ္ဘိဒါဉာဏ်မည်၏။ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူသည်နှင့် တပြိုင်နက် သဘာ၀နိရုတ္တိ အရိယဝေါဟာရ မာဂဓဘာသာ သဒ္ဒါအမျိုးမျိုးတို့ကို



၇၄၂

စေ့စပ်စုံလင်စွာ ခွဲခွဲခြမ်းခြမ်း သိမြင်သောဉာဏ်တော် (နိရုတ္တိပဋိသမ္ဘိဒါ ဉာဏ်တော်)ကိုလည်း ရတော်မူပြီးသား ဖြစ်လေတော့၏။ ယင်း နိရုတ္တိပဋိသမ္ဘိဒါ ဉာဏ်တော်ကို ရတော်မူသောကြောင့်ပင် သဘာဝနိရုတ္တိ အရိယဝေါဟာရ မာဂဓဘာသာ သဒ္ဒါအမျိုးမျိုးတို့ကို ကိုယ်တိုင်လည်း သိမြင်၍ သူတပါးတို့အားလည်း သိမြင်လွယ်အောင် ဟောပြတော်မူနိုင်၏။

     မှန်၏- အတ္ထ ၅-မျိုး, ဓမ္မ ၅-မျိုးတို့အနက် တမျိုးတမျိုး တခုတခုဆိုင်ရာ သဘာဝကျကျ ထုတ်ဆိုကြောင်းဖြစ်သော သဘာဝနိရုတ္တိ အရိယဝေါဟာရ မာဂဓဘာသာ သဒ္ဒါအမျိုးမျိုး ရှိလေသည်။ (ဥပမာ) ဖဿတရားလုံးတခုဆိုင်ရာ သဘာဝနိရုတ္တိ အရိယဝေါဟာရ မာဂဓဘာသာ သဒ္ဒါအမျိုးမျိုးကို ခွဲခွဲခြမ်းခြမ်း စေ့စပ်စုံလင်စွာ သိမြင်တော်မူသောကြောင့်ပင် ယင်း ဖဿတရားလုံးတခုကို “ဖဿ, ဖုသနာ, သမ္ဖုသနာ, သမ္ဖုသိတတ္တံ”-ဟု သဘာဝနိရုတ္တိ စုံလင်စွာ ဟောပြတော်မူလေသည်။ တဏှာလောဘ တရားလုံးတခုကိုပင် ပုဒ်ပေါင်းတရာကျော်ဖြင့် ဟောပြတော်မူလေသည် (ဓမ္မသင်္ဂဏီပါဠိတော်ကို ကြည့်ပါလေ)။

(၄) ပဋိဘာနပဋိသမ္ဘိဒါဉာဏ်တော်

     ရှေ့ဖြစ်သော အတ္ထပဋိသမ္ဘိဒါဉာဏ်, ဓမ္မပဋိသမ္ဘိဒါဉာဏ်, နိရုတ္တိပဋိသမ္ဘိဒါဉာဏ်တို့ကို “အတ္ထပဋိသမ္ဘိဒါဉာဏ်ကား အတ္ထ၅-မျိုးတို့ကို ခွဲခွဲခြမ်းခြမ်း စေ့စပ်စုံလင်စွာ သိမြင်ခြင်းအလုပ်ကို ပြုလုပ်၏၊ ဓမ္မပဋိသမ္ဘိဒါဉာဏ်သည်ကား ဓမ္မ၅-မျိုးတို့ကို ခွဲခွဲခြမ်းခြမ်း စေ့စပ်စုံလင်စွာ သိမြင်ခြင်းအလုပ်ကို ပြုလုပ်၏၊ နိရုတ္တိပဋိသမ္ဘိဒါ ဉာဏ်သည်ကား သဘာဝနိရုတ္တိ သဒ္ဒါအမျိုးမျိုးတို့ကို ခွဲခွဲခြမ်းခြမ်း စေ့စပ်စုံလင်စွာ သိမြင်ခြင်းအလုပ်ကို ပြုလုပ်၏”ဟု ခွဲခွဲခြမ်းခြမ်း စေ့စပ်စုံလင်စွာ သိမြင်သောဉာဏ်သည် ပဋိဘာနပဋိသမ္ဘိဒါဉာဏ် မည်၏။ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်တော်မူသည်နှင့် တပြိုင်နက်ပင် ဤပဋိဘာနပဋိသမ္ဘိဒါ ဉာဏ်တော်ကိုလည်း ရပြီးသား ဖြစ်လေတော့၏။ (ဤ ၃-နိရုတ္တိပဋိသမ္ဘိဒါဉာဏ်



၇၄၃

၄-ပဋိဘာနပဋိသမ္ဘိဒါဉာဏ်တို့အရမှာ ရှေးနည်းကိုမှီး၍ မဟာကြိယာ မဟာကုသိုလ်ဉာဏ်တို့ ဖြစ်ကုန်၏ဟု သိမှတ်ရာ၏)။

(အထူးမှတ်ရန်။ ။ထိုပဋိသမ္ဘိဒါဉာဏ် လေးပါးတို့အနက် ၄-အမှတ် ပဋိဘာနပဋိသမ္ဘိဒါဉာဏ်သည် ရှေ့ဉာဏ်သုံးပါး၏ အလုပ်ကိစ္စကို သိသော်လည်း မိမိကိုယ်တိုင်ကမူ ထိုဉာဏ်တို့၏ အလုပ်ကိစ္စကို မပြုလုပ်နိုင်။ အသံမကောင်းသော ဗဟုဿုတ ရဟန်းသည် အသံကောင်းသော အပ္ပဿုတ ဓမ္မကထိကရဟန်း၏ အလုပ်ကို မပြုလုပ်နိုင်သကဲ့သို့တည်း။

အသံမကောင်း ဉာဏ်သာကောင်းသည့် ဗဟုဿုတရဟန်း, အသံသာကောင်း၍ ဉာဏ်မကောင်းသော အပ္ပဿုတရဟန်းဟူ၍ = ရဟန်းနှစ်ပါးတို့ အတူတကွ တရားဟော သင်ကြားကြပြီးနောက် အသံကောင်းသည့် အပ္ပဿုတရဟန်းသည် ရောက်လေရာရာ ဌာနတိုင်း၌ မိမိ၏ အသံကောင်းခြင်းဂုဏ်ဖြင့် ပရိသတ်အားလုံးကို ချောက်ချားစေလျက် တရားကို ဟောပြ၏၊ တရားနာပရိသတ်တို့သည် အလွန်အားရမ်း ဝမ်းမြောက်သောစိတ် ရှိကြကာ “ဤရဟန်းသည် ယခု တရားဟောပုံအတိုင်းသာဆိုလျှင် တိပိဋကဓရပုဂ္ဂိုလ်တပါး ဖြစ်လိမ့်မည်ထင်သည်”ဟု ချီးမွမ်းစကား ပြောကြားကြကုန်၏။ ထိုစကားကိုကြား၍ အသံမကောင်းသော ဗဟုဿုတရဟန်းသည် မနာလို = ငြူစူစိတ် ဝင်ရောက်ကာ “နောက်တခါ တရားနာကြည့်တော့ ဤပုဂ္ဂိုလ်သည် တိပိဋကဓရပုဂ္ဂိုလ် ဟုတ်သည်, မဟုတ်သည်ကို ဒကာတို့ သိကြပေလိမ့်မည်”ဟု မနာလိုစကား ပြောကြားလေ၏။ (နောက်အခါ တရားနာကြည့်တော့ သိကြလိမ့်မပေါ့ဟု ပြောဆိုခြင်းမှာ “အပ္ပဿုတပုဂ္ဂိုလ် ဖြစ်သည့်အတွက် နောက်တကြိမ်ဟောလျှင်လည်း ထိုတရားကိုပင် ဟောလိမ့်မည်၊ ထိုကိုယ်တော်မှာ အခြားတရားဟောစရာ ဘာမျှမရှိ”ဟု ဆိုလိုသည်)။ ထိုအသံမကောင်းသည့် ဗဟုဿုတရဟန်းသည် မနာလို၍ ထိုသို့ပင် ပြောဆိုသော်လည်း သူကိုယ်တိုင်ကမူ ပရိသတ်အားလုံးကို ချောက်ချားစေလျက် တရားဟောဆိုရန်ကား ဘယ်နည်းနှင့်မျှ မစွမ်းနိုင်ချေ။

ထို့အတူပင် ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့တွင် ပဋိဘာနပဋိသမ္ဘိဒါဉာဏ်သည် ရှေ့ဉာဏ်သုံးပါး၏ အလုပ်ကိစ္စကို သိသော်လည်း မိမိကိုယ်တိုင်ကမူ ထိုဉာဏ်တို့၏ အလုပ်ကိစ္စကို မပြုလုပ်နိုင်။ ဤသို့ အထူးမှတ်ရာ၏၊ ဤအကြောင်းကို ဝိဘင်းအဋ္ဌကထာ စာမျက်နှာ ၃၇၆-၌ ဖော်ပြထား၏)။

ပဋိသမ္ဘိဒါဉာဏ်တော်လေးပါး ပြီး၏။



၇၄၄

အသာဓာရဏဉာဏ်တော် ခြောက်ပါး

     ပစ္စေကဗုဒ္ဓါ အရိယသာဝကတို့နှင့် မဆက်ဆံပဲ မြတ်စွာဘုရားရှင်တို့မှာသာ ရစကောင်းသော ဉာဏ်တော်ခြောက်ပါးတို့ကို “အသာဓာရဏဉာဏ်တော် ခြောက်ပါး”ဟူ၍ ခေါ်သည်။ ခြောက်ပါးဟူသော်ကား- (၁) ဣန္ဒြိယပရောပရိယတ္တဉာဏ်၊ (၂) အာသယာနုသယဉာဏ်၊ (၃) ယမကပါဋိဟီရဉာဏ်၊ (၄) မဟာကရုဏာသမာပတ္တိဉာဏ်၊ (၅) သဗ္ဗညုတဉာဏ်၊ (၆) အနာဝရဏဉာဏ် = ဤဉာဏ်တော်ခြောက်ပါးတည်း။

     (၁) ထိုခြောက်ပါးတို့တွင် သတ္တဝါတို့၏ ဣန္ဒြေရင့်,မရင့်ကိုသိသော ဉာဏ်သည် ဣန္ဒြိယပရောပရိယတ္တဉာဏ် မည်၏။ မြတ်စွာဘုရားသည် ဤဉာဏ်တော်ဖြင့် “ဤသတ္တဝါတို့သည် ရင့်ကျက်သောဣန္ဒြေ ရှိကြကုန်၏၊ ဤသတ္တဝါတို့သည် နုသောဣန္ဒြေ ရှိကုန်၏။ ဤသတ္တဝါတို့သည် ကျွတ်ထိုက်ကုန်၏၊ ဤသတ္တဝါတို့သည် မကျွတ်ထိုက်ကုန်”ဟူ၍ ခွဲခြမ်းသိမြင်တော်မူ၏။ ။(ဤအရာ၌ ဣန္ဒြေဟူသည်မှာ- သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ = ဤတရားငါးပါးတို့တည်း)။

     (၂) အာသယာနုသယဉာဏ် ဟူသည်မှာ သတ္တဝါတို့၏ နှလုံးသွင်း အာသယနှင့် အနုသယဓာတ်ခံကို သိသောဉာဏ်တည်း။ (ဤအာသယာနုသယဉာဏ်တော် အဓိပ္ပါယ်ကို အောက် စာမျက်နှာ ၅၉၇,၅၉၈-ဘုရား ဂုဏ်တော်ကိုးပါး လောကဝိဒူဂုဏ်တော်အခဏ်း၌ ပြန်၍ ကြည့်ရှုမှတ်သားရာ၏)။ အာသယာနုသယဟူသော ပါဠိနှစ်ရပ်ကို မြန်မာဘာသာ၌ “သတ္တဝါတို့၏ နှလုံးသွင်း, အတွင်းမျိုးစေ့ဓာတ်”ဟူ၍ ခေါ်၏။ မြတ်စွာဘုရားသည် ဤအာသယာနုသယ ဉာဏ်တော်ဖြင့် သတ္တဝါတို့၏ နှလုံးသွင်း အတွင်းမျိုးစေ့ဓာတ်ကို “ဤသတ္တဝါ ဤသတ္တဝါတို့မှာ ဤမည်သော အာသယ = နှလုံးသွင်း ပြင်းထန်၍ ဤမည်သော အနုသယ = အတွင်းကိလေသာ မျိုးစေ့ဓာတ် လွန်ကဲကြကုန်၏”ဟု ခွဲခြမ်း သိမြင်တော်မူလေသည်။



၇၄၅

     မြတ်စွာဘုရားရှင်သည် ဆိုအပ်ပြီးသော ဣန္ဒြိယပရောပရိယတ္တဉာဏ်, အာသယာနုသယဉာဏ် = ဤဉာဏ်တော်နှစ်ပါးကို ပိုင်နိုင်တော်မူသောကြောင့် သတ္တဝါတို့၏ စရိုက်အားလျော်သော တရားကို ဟောတော်မူ၍ လွယ်ကူစွာ ချေချွတ်တော်မူနိုင်သည်။ ဤဉာဏ်နှစ်ပါးတို့နှင့် မပြည့်စုံသည့်အတွက်ပင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသော်မှ သတ္တဝါတို့၏ ဣန္ဒြေရင့်,မရင့်နှင့် နှလုံးသွင်း အတွင်းအနုသယ ဓာတ်သဘောကို မသိနိုင်သောကြောင့် တရံတခါ သတ္တဝါတို့နှင့် လျော်သောတရားကို မဟောမိပဲ သတ္တဝါ သဘောထားနှင့် တရားဆင်ပုံ လွဲနေ၍ တရားထူးကိုရအောင် မဟောနိုင်ပဲ ရှိရလေသည်။

     (၃) ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို စီရင်နိုင်သော ဉာဏ်တော်သည် ယမကပါဋိဟီရဉာဏ်တော် မည်၏။ မြတ်စွာဘုရားသည် ဤယမကပါဋိဟီရ ဉာဏ်တော်ကို အသုံးပြု၍ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို (က) မဟာဗောဓိမဏ္ဍိုင်၌ နတ်ဗြဟ္မာတို့၏ ယုံမှား = သံသယ, မာန် = မာနကို ပယ်ဖျောက်ခြင်းငှါ တကြိမ်၊ (ခ) ကပိလဝတ်ပြည်သို့ ပဌမအခေါက် ကြွရောက်တော်မူစဉ် ဆွေမျိုးသာကီဝင်တို့၏ မာန်စွယ်ကို နှိမ်ချိုးခြင်းငှါ တကြိမ်၊ (ဂ) သာဝတ္ထိပြည် ကဏ္ဍဥယျာဉ်မှူး နေ့ချင်းပေါက် နေ့ချင်းကြီး နေ့ချင်းပွင့် နေ့ချင်းသီး စိုက်ပျိုးသည့် သရက်ပင်အနီး၌ တိတ္ထိတို့၏ မာန်မာနကို နှိမ်ချိုးရန် တကြိမ်၊ (ဃ) ပါထိကပုတ္တကို အကြောင်းပြု၍ စည်းဝေးရာ၌တကြိမ် ပြတော်မူ၏။ (ဤယမကပါဋိဟီရဝန္ဒနာ ဘုရားရှိခိုးကို ဤမဟာဗုဒ္ဓဝင်ကျမ်း တတိယတွဲ မျက်နှာ ၅၃၀၊ ၅၃၁၊ ၅၃၂၊ ၅၃၃၊ ၅၃၄-တို့၌ ရေးသားခဲ့ပြီ)။

     (၄) မဟာကရုဏာသမာပတ္တိဉာဏ် ဟူသည်မှာ မြတ်စွာဘုရားသည် သံသရာတည်းဟူသော သမုဒြာကြီးထဲ၌ ဇာတိ, ဇရာ, မရဏ အစရှိသော လှိုင်းလုံးကြီးများဖြင့် လွှမ်းဖုံး နစ်မျောလျက်ရှိကြသော ဒုက္ခိတသတ္တဝါတို့ကို မြင်တော်မူ၍ “ဤလောကကြီးသည်



၇၄၆

မီးလောင်နေသော နှောင်အိမ်ကြီးကဲ့သို့ ပြောင်ပြောင်တောက်လောင်၍ နေဘိတကား” ဤသို့စသည်ဖြင့် ကြီးစွာသော သနားမှုနှင့်ယှဉ်သော မဟာကရုဏာသမာပတ်ကို ၀င်စားတော်မူ၏။ ထိုသမာပတ်နှင့်ယှဉ်သော ဉာဏ်သည် မဟာကရုဏာသမာပတ္တိဉာဏ် မည်၏။ မြတ်စွာဘုရားရှင်သည် နေ့တိုင်းနေ့တိုင်း ညဉ့်အခါ, နံနက်မိုးသောက်အခါတို့၌ အကြိမ်ပေါင်း ကုဋေနှစ်သန်းလေးသိန်း အရေအတွက်ရှိသည့် ဤမဟာကရုဏာ သမာပတ်တို့ကို ဝင်စားတော်မူ၏။

     (၅) သဗ္ဗညုတဉာဏ် ဟူသည်မှာ သိဖွယ်ရှိသမျှ ဉေယျတရား အလုံးစုံတို့ကို အကုန်သိမြင်သော ဉာဏ်တော်မြတ်ဖြစ်သည်။ ဤသဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်သောကြောင့် မြတ်စွာဘုရားရှင်ကို “သဗ္ဗညူဗုဒ္ဓ”ဟူ၍ ခေါ်ဆိုရလေသည်။ ယင်း သဗ္ဗညုတဉာဏ်တော်ကိုပင် သမန္တစက္ခု-ဟူ၍လည်း ခေါ်၏။ ထိုသဗ္ဗညုတဉာဏ်တော်၏ အလုံးစုံသော တရားတို့ကို သိမြင်တော်မူပုံကို ပဋိသမ္ဘိဒါမဂ် ပိဋကတ်မြန်မာပြန်မှ ထုတ်ယူမှတ်သားကုန်ရာ၏။

     (၆) အနာဝရဏဉာဏ်တော် ဟူသည်မှာ သဗ္ဗညုတဉာဏ်တော်ကိုပင် တစုံတခုသော တရားက-မျှ တစုံတယောက်သော ပုဂ္ဂိုလ်က-မျှ မသိမြင်အောင် တားမြစ်ပိတ်ဆို့ခြင်းငှါ မစွမ်းနိုင်သောကြောင့် “နတ္ထိ အာဝရဏံ ဧတဿာတိ အနာဝရဏံ”ဟူသော ၀စနတ္ထအရ အနာဝရဏဉာဏ်တော်ဟူ၍ ခေါ်၏။ သဒ္ဓါ, ဝီရိယ, သတိ, သမာဓိ, ပညာ = ဤတရားငါးပါးတို့ကို ဆိုင်ရာကိစ္စ၌ အစိုးရခြင်းကြောင့် ဣန္ဒြေဟူ၍၎င်း၊ မသဒ္ဓါခြင်း, ပျင်းရိခြင်း, မေ့လျော့ခြင်း, ပြန့်လွင့်ခြင်း, တွေဝေခြင်း = ဤဆန့်ကျင်ဖက်တရား ငါးမျိုးတို့ကို လွှမ်းမိုးနှိမ်နင်းတတ်သောကြောင့် ဗိုလ်ဟူ၍၎င်း ခေါ်ဆိုအပ်သကဲ့သို့တည်း။

ဤကား အသာဓာရဏဉာဏ်တော် ခြောက်ပါးတည်း။



၇၄၇

ဒသဗလဉာဏ်တော် ဆယ်ပါး

     ဒသဗလဉာဏ်တော် ဆယ်ပါးဟူသည်မှာ-

     (၁) ဌာနဌာနကောသလ္လဉာဏ်တော် = အကြောင်းဟုတ်သည် မဟုတ်သည်ကို အမှန်အတိုင်း သိမြင်သောဉာဏ်တော်၊

     (၂) ဝိပါကဉာဏ်တော် = ကာလသုံးပါး၌ ပြုလုပ်ဆောက်တည်အပ်သော ကံတရားတို့၏ အကျိုးဝိပါက်ကို ဇနကအကြောင်း, ဥပတ္ထမ္ဘကအကြောင်းများနှင့်တကွ အမှန်အတိုင်း သိမြင်သော ဉာဏ်တော်၊

     (၃) သဗ္ဗတ္ထဂါမိနီပဋိပဒါဉာဏ်တော် = အလုံးစုံသော ဘုံဘဝသို့ လားစေတတ် ရောက်စေတတ်သော အကျင့်အမျိုးမျိုး, နိဗ္ဗာန်သို့ ရောက်စေတတ်သော အကျင့်ပဋိပတ်မျိုးကို အမှန်အတိုင်း သိမြင်သောဉာဏ်တော်၊

     (၄) အနေကဓာတုနာနာဓာတုဉာဏ်တော် = သက်ရှိဖြစ်သည့် ဥပါဒိန္နက သင်္ခါရတို့နှင့်စပ်သော ခန္ဓာသဘောအမျိုးမျိုး အာယတနသဘောအမျိုးမျိုး ဓာတ်သဘော အမျိုးမျိုးတို့ကို၎င်း, သက်မဲ့ဖြစ်သော အနုပါဒိန္နက သင်္ခါရလောက၏ ထူးပြားကွဲလွဲချက် အမျိုးမျိုးကို၎င်း အမှန်အတိုင်း သိမြင်သောဉာဏ်တော်၊

(ပစ္စေကဗုဒ္ဓါ အရှင်မြတ်များနှင့် အဂ္ဂသာဝက နှစ်ပါးတို့သည် ဥပါဒိန္နက = သက်ရှိသင်္ခါရလောက၏ ထူးပြားချက်ကိုမှလည်း တစိတ်တဒေသသာ သိတော်မူကြ၏၊ အနုပါဒိန္နက သက်မဲ့သင်္ခါရလောက၏ ထူးခြားချက်ကိုကား သိတော်မမူကြကုန်။

မြတ်စွာဘုရားရှင်သည်ကား “ဤမည်သော ဓာတ်သဘော လွန်ကဲ ပြောများသောကြောင့် ဤမည်သောသစ်ပင်၏ ပင်စည်သည် ဖြူသောအဆင်းရှိ၏။ ဤမည်သော သစ်ပင်၏ ပင်စည်သည် မည်းနက်သော အဆင်းရှိ၏၊ ဤမည်သောသစ်ပင်၏ ပင်စည်သည် ချောမွတ်၏။ ဤမည်သောသစ်ပင်၏ ပင်စည်သည် အခွံထူ၏၊ ဤမည်သောသစ်ပင်၏ ပင်စည်သည် အခွံပါး၏၊ ဤမည်သောဓာတ်သဘော လွန်ကဲပြောများ သောကြောင့် ဤသစ်ပင်၏ အရွက်သည် အဆင်း = သဏ္ဌာန်-စသည်အားဖြင့် ဤသို့သဘောရှိ၏။ ဤမည်သောဓာတ်သဘော လွန်ကဲ

၇၄၈

ပြောများသောကြောင့် ဤမည်သောသစ်ပင်၏ အပွင့်သည် ညိုသောအဆင်း ရှိ၏၊ ဝါရွှေသောအဆင်းရှိ၏၊ နီမြန်းသောအဆင်းရှိ၏၊ ဖြူသောအဆင်းရှိ၏၊ ကောင်းသောရနံ့ရှိ၏၊ မကောင်းသောရနံ့ရှိ၏။ ဤမည်သော ဓာတ်သဘော လွန်ကဲပြောများသောကြောင့် ဤမည်သောသစ်ပင်၏ အသီးသည် ငယ်၏၊ ကြီး၏၊ ရှည်၏၊ ပုတိုတိုရှိ၏၊ လုံးဝန်း၏၊ ပုံပန်းလှ၏၊ ပုံပန်းမလှ၊ ချောမွတ်၏၊ ကြမ်းတမ်း၏၊ ကောင်းသောရနံ့ရှိ၏၊ မကောင်းသော ရနံ့ရှိ၏၊ အရသာချို၏၊ ခါး၏၊ ချဉ်၏၊ စပ်၏၊ ဖန်၏။ ဤမည်သော ဓာတ်သဘော လွန်ကဲ ပြောများသောကြောင့် ဤသစ်ပင်၏ ဆူးသည် ထက်၏၊ မထက်၊ ဖြောင့်၏၊ ကောက်၏၊ နီ၏၊ မည်း၏၊ ညို၏၊ ဖြူ၏” ဤသို့အစရှိသည်ဖြင့် အနုပါဒိန္နက သက်မဲ့သင်္ခါရလောက၏ ဓာတ်သဘော ထူးပြားချက်ကို ပိုင်းခြား သိမြင်တော်မူ၏။ မှန်၏- ဤအနေကဓာတု နာနာဓာတု ဉာဏ်တော်အားအစွမ်းကား ဘုရားရှင်တို့၏ ဉာဏ်တော်အားသာ ဖြစ်၏။ အခြား ပစ္စေကဗုဒ္ဓါ အရိယာသာဝကတို့၏ဉာဏ် မဟုတ်ချေ။ ဤအထူးကို သိမှတ်ရာ၏။ အဘိ-ဋ္ဌ ၂၊ ၄၃၈-မျက်နှာ)။

     (၅) နာနာဓိမုတ္တိကဉာဏ်တော် = သတ္တဝါတို့၏ အမျိုးမျိုးသော နှလုံးသွင်း အလို သဘောထားကို အမှန်အတိုင်း သိမြင်သော ဉာဏ်တော်၊

     (၆) ဣန္ဒြိယပရောပရိယတ္တဉာဏ်တော် = သတ္တဝါတို့၏ ဣန္ဒြေ ရင့်သည် မရင့်သည်ကို အမှန်အတိုင်း သိမြင်သော ဉာဏ်တော်၊

     (၇) ဈာနဝိမောက္ခသမာဓိသမာပတ္တိဉာဏ်တော် = ဈာန်တရား, ဝိမောက္ခတရား, သမာဓိတရား, သမာပတ်တို့၏ ညစ်ညူး ဆုတ်ယုတ်ကြောင်းတရား, ဖြုစင်တိုးတက်ကြောင်းတရား, ဈာန်စသည်တို့မှ ထကြောင်းတရားများကို အမှန်အတိုင်း သိမြင်သော ဉာဏ်တော်၊

     (၈) ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော် = ရှေး၌ဖြစ်ဘူးသော ဘုံဘဝခန္ဓာအစဉ်ကို အမှန်အတိုင်း သိမြင်သောဉာဏ်တော်၊

     (၉) စုတူပပါတဉာဏ်တော် (တနည်း) ဒိဗ္ဗစက္ခုဉာဏ်တော် = သတ္တဝါတို့၏ စုတေခြင်း ပဋိသန္ဓေတည်နေခြင်းကို အမှန်အတိုင်း သိမြင်သောဉာဏ်တော်၊



၇၄၉

(၁ဝ) အာသဝက္ခယဉာဏ်တော် = အာသဝတရားတို့၏ ကုန်ရာဖြစ်သော အရဟတ္တမဂ်ဉာဏ်တော်။ ဤကား ဒသဗလဉာဏ်တော် ဆယ်ပါးတို့တည်း။

ဉာဏ်တော်ဆယ်ပါး အသုံးပြုတော်မူပုံ

     မြတ်စွာဘုရားသည် ရှေးဦးစွာ ဌာနာဌာနဉာဏ်တော်ဖြင့် ဝေနေယျသတ္တဝါတို့၏ အာသဝက္ခယဉာဏ် = အရဟတ္တမဂ်ဉာဏ်ကို ရခြင်း မရခြင်း၏ အကြောင်း ဟုတ်,မဟုတ်ဖြစ်သော နိယတမိစ္ဆာဒိဋ္ဌိ = ကိလေသာ အပိတ်အပင်တရား ရှိ,မရှိကို ကြည့်ရှု ဆင်ခြင်တော်မူသည်။ ထို့နောင်မှ ကမ္မဝိပါကဉာဏ်တော်ဖြင့် ထိုဝေနေယျ သတ္တဝါတို့မှာ ဝိပါကန္တရာယ် = ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ကို ပြုတတ်သည့် အဟိတ်ပဋိသန္ဓေ, ဒွိဟိတ်ပဋိသန္ဓေ တည်နေမှု ရှိ,မရှိကို ကြည့်ရှုဆင်ခြင်တော်မူသည်။ ထို့နောင်မှ သဗ္ဗတ္ထဂါမိနိပဋိပဒါ ဉာဏ်တော်ဖြင့် ထိုဝေနေယျသတ္တဝါတို့မှာ ကမ္မန္တရာယ်ခေါ်သည့် *ပဉ္စာနန္တရိယကံကြီးငါးမျိုး ရှိ,မရှိကို ကြည့်ရှုဆင်ခြင်တော်မူသည်။ ထိုသို့ ရှေ့ဉာဏ်တော် သုံးပါးတို့ဖြင့် ဝေနေယျသတ္တဝါတို့မှာ ကမ္မန္တရာယ်, ကိလေသန္တရာယ်, ဝိပါကန္တရာယ် တည်းဟူသော (ဈာန်မဂ်ဖိုလ်ကို တားမြစ်ပိတ်ပင်တတ်သည့် အန္တရာယ်ကြီးသုံးပါး ရှိ,မရှိ ကြည့်ရှုဆင်ခြင်တော်မူပြီးမှ ထိုအန္တရာယ်သုံးပါး အနှောက်အယှက်တရားတို့မှ ကင်းစင်သော ဝေနေယျသတ္တဝါတို့အား စရိုက်နှင့် လျော်လျောက်ပတ်သော တရားကို ဟောကြားရန် အနေကဓာတု နာနာဓာတုဉာဏ်တော်ဖြင့် ထိုသတ္တဝါတို့၏ စရိုက်အထူးအပြားကို ကြည့်ရှုဆင်ခြင်တော်မူသည်။ ထို့နောင်မှ ထိုသတ္တဝါတို့၏ လုံ့လပယောဂ စင်ကြယ်မှု, မစင်ကြယ်မှုကို ဂရုမမူ ယူတော်မမူပဲ နှလုံးသွင်း သဘောထားအားလျော်စွာ


* ပဉ္စာနန္တရိယကံကြီး ငါးမျိုးဟူသည်မှာ- အခြားမဲ့ ဒုတိယဘဝ၌ မုချ အပါယ်ပဋိသန္ဓေကျိုးပေးမည့် (၁) အမိသတ်ခြင်း = မာတုဃာတကကံ၊ (၂) အဖသတ်ခြင်း = ပိတုဃာတကကံ၊ (၃) ရဟန္တာကိုသတ်ခြင်း = အရဟန္တဃာတကကံ၊ (၄) ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုခြင်း=လောဟိတုပ္ပါဒကကံ၊ (၅) သံဃာကို သင်းခွဲခြင်း = သံဃဘေဒကကံ = ဤငါးပါးတို့တည်း။



၇၅၀

တရားဟောဖို့ရန် နာနာဓိမုတ္တိကတာဉာဏ်တော်ဖြင့် ထိုသတ္တဝါတို့၏ နှလုံးသွင်း သဘောထားကို ကြည့်ရှု ဆင်ခြင်တော်မူသည်။ ထိုသို့ ထိုသတ္တဝါတို့၏ နှလုံးသွင်း သဘောထားကို ကောင်းစွာ သိမြင်တော်မူပြီးမှ စွမ်းအားအလျောက် တရားဟောရန် ဣန္ဒြိယပရောပရိယတ္တဉာဏ်တော်ဖြင့် ထိုသတ္တဝါတို့၏ သဒ္ဓါစသော ဣန္ဒြေတို့ အနု,အရင့်ကို ကြည့်ရှုဆင်ခြင်တော်မူသည်။ ဤသို့ ကြည့်ရှုဆင်ခြင်တော်မူသဖြင့် ထိုသတ္တဝါတို့မှာ ဈာန်မဂ်ဖိုလ်ရလောက်သော ဣန္ဒြေရင့်ကျက်မှု ရှိကြသည်ကို သိမြင်တော်မူပြီးလတ်သော် ထိုကျွတ်ထိုက်သော သတ္တဝါတို့သည် ဝေးခြားသောအရပ်၌ အကယ်၍ တည်နေကြလျှင် ဈာနာဒိသံကိလေသဝေါဒါနဝုဋ္ဌာန ဉာဏ်တော်ဖြင့် ဈာန်-စသော တရားတို့၌ အထွတ်အထိပ်ရောက် လေ့လာနိုင်နင်းတော်မူသည် ဖြစ်ရကား တန်ခိုးအထူးဖြင့် ထိုသတ္တဝါတို့ထံ အမြန်ကြွရောက်တော်မူသည်။ ကြွရောက်တော်မူပြီးလျှင် ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်ဖြင့် ထိုသတ္တဝါတို့၏ ရှေးဘဝ ဖြစ်ပုံကို၎င်း, ဒိဗ္ဗစက္ခု ဉာဏ်တော်စွမ်းဖြင့် ရောက်အပ်သော စေတောပရိယ ဉာဏ်တော်ဖြင့် ထိုသတ္တဝါတို့၏ လောလောဆယ် = ပစ္စုပ္ပန်စိတ် ဖြစ်ပုံအထူးကို၎င်း ကြည့်ရှုဆင်ခြင်တော်မူလျက် အာသဝက္ခယဉာဏ်တော် အစွမ်းဖြင့် အရဟတ္တမဂ်သို့ရောက်ကြောင်း အကျင့်ပဋိပတ်၌ တွေဝေခြင်း ကင်းတော်မူပြီးဖြစ်ရကား ထိုသတ္တဝါတို့အား အရဟတ္တမဂ်ကို ရရှိရန် တရားဟောတော်မူလေသည်။ ထို့ကြောင့် ဤဒသဗလဉာဏ်တော် ဆယ်ပါးတို့ကို ဤအစဉ်အတိုင်း ဟောကြားအပ်ကုန်၏။ (အံ-ဋ္ဌ၊ ၃၊ ၂၉၈-မှ)။

ဤကား ဒသဗလဉာဏ်တော် ဆယ်ပါးတို့တည်း။

**********

စုဒ္ဒသဗုဒ္ဓဉာဏ်တော် = ဗုဒ္ဓဉာဏ်တော် ၁၄-ပါး

     ဗုဒ္ဓဉာဏ်တော် ၁၄-ပါးဟူသည်မှာ- သစ္စဉာဏ်တော် ၄-ပါး, ပဋိသမ္ဘိဒါဉာဏ်တော် ၄-ပါး, အသာဓာရဏဉာဏ်တော် ၆-ပါး = ဤ၁၄-ပါးတို့တည်း။ ထို၁၄-ပါးတို့တွင် သစ္စဉာဏ် ၄-ပါးနှင့် ပဋိသမ္ဘိဒါဉာဏ်၄-ပါးတို့သည် သာဝကတို့နှင့် ဆက်ဆံကုန်၏။



၇၅၁

သာဝကတို့လည်း ရရှိကုန်၏၊ အသာဓာရဏဉာဏ်တော် ၆-ပါးတို့ကား ဘုရားရှင်တို့နှင့်သာ ဆက်ဆံကုန်၏၊ သာဝကတို့နှင့် မဆက်ဆံကုန်။

     အသာဓာရဏဉာဏ်တော် ၆-ပါးတို့သည် ဘုရားရှင်တို့၏ သီးခြားဉာဏ်တော်များ ဖြစ်ကုန်သကဲ့သို့ ထို့အတူ ဘုရားရှင်တို့၏သာ သီးခြားဥစ္စာဖြစ်သည့် အာဝေဏိကဂုဏ်တော် ၁၈-ပါးတို့ ရှိကြလေသည်။ ထိုအာဝေဏိကဂုဏ်တော် ၁၈-ပါး ဘုရားရှိခိုးကို လယ်တီဆရာတော်ဘုရားကြီး ရေးသား စီစဉ်တော်မူခဲ့သည့် အတိုင်း ဤအရာ၌ ဆက်လက်ထုတ်ဖော် ပြဆိုပေအံ့-

အာဝေဏိကဂုဏ်တော် ပါဠိနှင့်အနက်

ဇေယျတု။ ။ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။ ဗုဒ္ဒါနံ သဗ္ဗညုတညာဏဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ။

အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။ (၃)

ဣမေဟိ တီဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ။ (၃)

ဣမေဟိ ဆဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ပညာယ ဟာနိ၊ နတ္ထိ ဝိမုတ္တိယာ ဟာနိ။ (၆)

ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒဝါ၊ နတ္ထိ ရဝါ၊ နတ္ထိ အပ္ဖုဋံ၊

၇၅၂

နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ။ (၆)

ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော န သက္ကာ ကေနစိ အန္တရာယော ကာတုံ။

     (အနက်ကား)။ ။ ဇေယျတု = အဇ္ဈတ်,ဗာဟီ နှစ်လီဘေးဒဏ် တွင်း,ပရန်ကို တွန်းလှန်ပယ်နှင် အောင်ပွဲယင်ပါစေသတည်း..။

     ဗုဒ္ဓါနံ = သဗ္ဗညူ မြတ်စွာဘုရားရှင်တို့၏။ ဇီဝိတဿ = ပွင့်ရာတမ်းမှတ် အာယုကပ်ကို ငါးရပ်ပုံစု လေးခုဆုံးတိုင် ရှည်ခိုင် တည်နေမြဲဖြစ်သော အသက်တော်၏။ အန္တရာယော = လေးခုလုံးလုံး မဆုံးမီခင် အလယ်တွင်၌ ဝင်၍လတ်လတ် ဖျက်ဆီးတတ်သော အန္တရာယ်ကို။ ကေနစိ = ဒေဝဒတ်နှင့် မာရ်နတ်စစ်မှူး ဘီလူးအာဠဝက စသည်အပုံ တစုံတယောက်သောသူမျှပင်။ ကာတုံ = ပျက်စီးလေအောင် ကြံဆောင်အားထုတ် ပြုလုပ်စီရင်ခြင်းငှါ။ န သက္ကာ = မတတ်နိုင်။ ဗုဒ္ဓါနံ = သဗ္ဗညူမြတ်စွာဘုရားရှင်တို့၏။ သဗ္ဗညုတညာဏဿ = အပရိယန္တ ဉေယျအထု တရားစုဝယ် တခုမကြွင်း ခပင်းဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်နိုင်သော သဗ္ဗညုတ ရွှေဉာဏ်တော်မြတ်၏။ အန္တရာယော = ဉာဏ်ကြီးသဗ္ဗဉ် မထင်သာအောင် ကွယ်ကာ ဖျက်ဆီးတတ်သော အန္တရာယ်ကို။ ကေနစိ = မဟေသရ ဗကဗြဟ္မာ အသုရာနှင့် များစွာလူတွင် တယောက်ပင်မျှ။ ကာတုံ = မမြင်သာအောင် ကြံဆောင်အားထုတ် ပြုလုပ်စီရင်ခြင်းငှါ။ န သက္ကာ = မတတ်နိုင်။

     ဘဂဝတော = ခြောက်ပါး,ရှစ်သွယ် ဘုန်းတော်ကြွယ်သော။ ဗုဒ္ဓဿ = သဗ္ဗညူမြတ်စွာဘုရား၏။ ဉာဏံ = သဗ္ဗညုတ ရွှေဉာဏ်တော်မြတ်သည်။ အတီတံသေ = အတိတ်သံသရာ ကမ္ဘာဘာလျှင် စ- ရာမထင် ရှေ့တပြင်က လွန်ကုန်ကြသော ဉေယျ,သစ္စာ များစွာအထု တရားစု၌။ အပ္ပဋိဟတံ = ပရမာမြူနု တခုမျှပင် မြင်ခွင့်မပေး အရေးကန့်လန့် တားဟန့် ပိတ်ပင်နိုင်သော ပဋိပက္ခတရားမှ ကင်းတော်မူ၏ (၁)။



၇၅၃

     ဘဂဝတော = ခြောက်ပါး,ရှစ်မျိုး ဘုန်းတော်ဖြိုးသော။ ဗုဒ္ဓဿ = သဗ္ဗညု မြတ်စွာဘုရား၏။ ဉာဏံ = သဗ္ဗညုတရွှေဉာဏ်တော်မြတ်သည်။ အနာဂတံသေ = အနာဂတ်သံသရာ ကမ္ဘာဘာတွင် ဆုံးရာမထင် နောက်တပြင်၌ အစဉ်ရှည်ဝေး လာအံ့သေးသော ဉေယျ,သစ္စာ များစွာအထု တရားစု၌။ အပ္ပဋိဟတံ = ပရမာမြူနု တခုမျှပင် မြင်ခွင့်မပေး အရေးကန့်လန့် တားဟန့် ပိတ်ပင်နိုင်သော ပဋိပက္ခတရားမှ ကင်းတော်မူ၏ (၂)။

     ဘဂဝတော = ခြောက်ပါး,ရှစ်မြောက် ဘုန်းတော်တောက်သော။ ဗုဒ္ဓဿ = သဗ္ဗညု မြတ်စွာဘုရား၏။ ဉာဏံ = သဗ္ဗညုတ ရွှေဉာဏ်တော်မြတ်သည်။ ပစ္စုပ္ပန္နံသေ = ဧကတိံသ ဘုံဘဝနှင့် အနန္တစကြဝဠာ ရပ်ရွာဝန်းကျင် နယ်တပြင်၌ မျက်မြင်မစဲ ဖြစ်မြဲပျက်မှု ယခုတည်လစ် လောလောဖြစ်သော ဉေယျ,သစ္စာ များစွာအထု တရားစု၌။ အပ္ပဋိဟတံ = ပရမာမြူနု တခုမျှပင် မြင်ခွင့်မပေး အရေးကန့်လန့် တားဟန့်ပိတ်ပင် နိုင်သော ပဋိပက္ခတရားမှ ကင်းတော်မူ၏ (၃)။

     ဣမေဟိ တီဟိ ဓမ္မေဟိ = ဤသုံးဖြာသော အသာဓာရဏ ဓမ္မပျံ့ပျူး ဂုဏ်ကျေးဇူးတော်တို့နှင့်။ သမန္နာဂတဿ = လောက်လွေ့ကုံင ပြည့်စုံလှသော။ ဘဂဝတော = ခြောက်ပါး,ရှစ်တန် ဘုန်းတော်လျှံသော။ ဗုဒ္ဓဿ = သဗ္ဗညူ မြတ်စွာဘုရား၏။ သဗ္ဗံ = တခုမကြွင်း ခပင်းဥဿုံ အလုံးစုံသော။ ကာယကမ္မံ = သွား,ရပ်,ထိုင်,လျောင်း, ရှေ့,နှောင်း တက်, ဆုတ် ဆန့်,ရုပ်ချီကြွ စသည်များပြား လှုပ်ရှားပြုပြင်သမျှသော ကိုယ်အမူအရာတော်သည်။ ဉာဏပုဗ္ဗင်္ဂမံ = သာတ္ထကသမ္ပဇဉ်, သပ္ပါယသမ္ပဇဉ်, ဂေါစရသမ္ပဇဉ်, အသမ္မောဟသမ္ပဇဉ် = ပညာလေးပါး ရှေ့သွားရှေ့ဆောင် ရှိတော်မူပေ၏။ ဉာဏာနုပရိဝတ္တံ = သမ္ပဇဉ်ဉာဏ် စီမံတိုင်းပင် အစဉ်တစိုက်လိုက်ကာ ဖြစ်တော်မူပေ၏ (၄)။

     သဗ္ဗံ = တခုမကြွင်း ခပင်းဥဿုံ အလုံးစုံသော။ ဝစီကမ္မံ = နှုတ်လျှာအိန့်၍ မိန့်ဖော်ကျူးရင့် လှစ်ဖွင့်သမျှသော နှုတ်အမူအရာတော်သည်။ ဉာဏပုဗ္ဗင်္ဂမံ = သာတ္ထကသမ္ပဇဉ်, သပ္ပါယသမ္ပဇဉ်,



၇၅၄

ဂေါစရသမ္ပဇဉ်, အသမ္မောဟသမ္ပဇဉ် = ပညာလေးပါး ရှေ့သွားရှေ့ဆောင် ရှိတော်မူပေ၏။ ဉာဏာနုပရိဝတ္တံ = သမ္ပဇဉ်ဉာဏ် စီမံတိုင်းပင် အစဉ်တစိုက်လိုက်ကာ ဖြစ်တော်မူပေ၏ (၅)။

     သဗ္ဗံ = တခုမကြွင်း ခပင်းဥဿုံ အလုံးစုံသော။ မနောကမ္မံ = ကြံကြံသမျှသော စိတ်အမူအရာတော်သည်။ ဉာဏပုဗ္ဗင်္ဂမံ = သာတ္ထကသမ္ပဇဉ်, သပ္ပါယသမ္ပဇဉ်, ဂေါစရသမ္ပဇဉ်, အသမ္မောဟသမ္ပဇဉ် = ပညာလေးပါး ရှေ့သွားရှေ့ဆောင် ရှိတော်မူပေ၏။ ဉာဏာနုပရိဝတ္တံ = သမ္ပဇဉ်ဉာဏ် စီမံတိုင်းပင် အစဉ်တစိုက်လိုက်ကာဖြစ်တော်မူပေ၏ (၆)။

     ဣမေဟိ ဆဟိ ဓမ္မေဟိ = ဤခြောက်သော အသာဓာရဏ ဓမ္မပျံ့ပျူး ဂုဏ်ကျေးဇူးတော်တို့နှင့်။ သမန္နာဂတဿ = လောက်လွေ့ကုံင ပြည့်စုံလှသော။ ဘဂဝတော = ခြောက်ပါး,ရှစ်တန် ဘုန်းတော်လျှံသော။ ဗုဒ္ဓဿ = သဗ္ဗညူမြတ်စွာဘုရားအား။ ဆန္ဒဿ = စကြဝဠာပေါင်း တသောင်းတိုက်နေ ဗိုလ်ခြေများစွာ သတ္တဝါကို ခေမာသောင်သို့ ငါဆောင်ပို့မည် ရည်သန်တောင့်တသော ဘုရားအလျာ သုမေဓာရှင်ရသေ့ သန္တာန်၌ဖြစ်သော အာဂမဆန္ဒတော်., ဘုန်းခြောက်ဖြာတွင် ကာမာမည်သီး လိုတိုင်းပြီးသော အဓိဂမဆန္ဒတော် = နှစ်ပါး၏။ ဟာနိ = ရည်သန်သလောက် မမြောက်မပြီး ပျက်စီးချိုငဲ့ခြင်းမည်သည်။ နတ္ထိ = အနုမြူမျှ ရှိတော်မမူ (၇)။

     ဓမ္မဒေသနာယ = ဝဋ္ဋသုံးဖြာ သံသရာမှ နိယျာနိက နိဿရဏစစ် ဖြစ်စေခြင်းငှါ စိတ်ဖြာဝေဘန် ခွဲပြညွှန်သော အမွန်ထွေလာ ဒေသနာတော်မြတ်၏။ ဟာနိ = နိယျာနိက နိဿရဏဟု ဖလကျိုးကြီး မပြီးစီးပဲ ချွတ်လွဲယုတ်လျော့ခြင်းမည်သည်။ နတ္ထိ = အနုမြူမျှ ရှိတော်မမူ (၈)။

     ဝီရိယဿ = ယူဇနာဝန်းညီ သုံးလီသန်းပေါင်း ခြောက်သိန်းလောင်းလျက် တသောင်းသုံးရာ ငါးဆယ်သာတည့် စကြဝဠာတွင်း ဝင်းဝင်းထိန်ညီး မီးကျီးလှံသွား အပြည့်ထားလျက်



၇၅၅

တဖက်ကမ်းတိုင် ရောက်ပေနိုင်မူ အကြင်သူကား ဘုရားဖြစ်မည် စင်စစ်ဟူက ဆံမြူမတွန့် ဝံ့ဝံ့စားစား ကူးသွားနိုင်မျှ ရဲရင့်လှသည့် ပယတ္တမည်သော အာဂမဝီရိယတော်.., အသာဓာရဏ ကိစ္စလေးတန် ကုံလောက်ငံ၍ သမ္မပ္ပဓာန်ကိစ္စ တပ်စွမ်းလှသော အာဂမဝီရိယတော်.., နေ့တိုင်းစတေ ငါးထွေကိစ္စ မလပ်ရအောင် ထာဝရအားသစ် ပြုမြဲဖြစ်သော အဓိဂမဝီရိယတော် = သုံးပါး၏။ ဟာနိ = ယုတ်လျော့ခြင်းမည်သည်။ နတ္ထိ = အနုမြူမျှ ရှိတော်မမူ (၉)။

     သမာဓိဿ = အဋ္ဌဒိသာ ရှစ်မျက်နှာမှ လာလာသရွေ့ မုန်တိုင်းဝှေ့လည်း မရွေ့မယိုင် မြင်းမိုရ်ခိုင်သို့ တပြိုင်နက်သား ရှစ်ပါးလောကဓံ ဝန်းရံပတ်ဆုံ တွေ့ခိုက်ကြုံလည်း တုန်မလှုပ်ပဲ အမြဲတည်တံ့တော်မူသော ပကတိ သမာဓိတော်.., ဝသီငါးရပ် ကမ်းဆုံးခတ်လျက် ထူးမြတ်လွန်ကဲသော ဣဒ္ဓိဝိဓအဘိညာဏ်, ဒိဗ္ဗစက္ခုအဘိညာဏ်, ဒိဗ္ဗသောတအဘိညာဏ်, စေတောပရိယအဘိညာဏ်, ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဏ်, ယထာကမ္မူပဂအဘိညာဏ်, အနာဂတံသအဘိညာဏ်မျိုး တန်ခိုး ဣဒ္ဓိပါဒ်တော်တို့၏ အခြေဖြစ်သော အပ္ပနာသမာဓိတော် = နှစ်ပါး၏။ ဟာနိ = ယုတ်လျော့ခြင်းမည်သည်။ နတ္ထိ = အနုမြူမျှ ရှိတော်မမူ (၁၀)။

     ပညာယ = စကြဝဠာပေါင်း သောင်းတိုက်အပြင် ဘုံသုံးခွင်ဝယ် သင်္ခါရဓမ္မ ဟူသမျှကို တစမကြွင်း လင်းလင်းထင်ထင် အဆုံးမြင်လျက် နေ့စဉ်မစဲ ရှုစမြဲအစဉ်ဖြစ်သော ကုဋေနှစ်သန်းလေးသိန်း အရေအတွက်ရှိသော မဟာဝဇိရဉာဏ်တော်မြတ်၏။ ဟာနိ = ယုတ်လျော့ခြင်းမည်သည်။ နတ္ထိ = အနုမြူမျှ ရှိတော်မမူ (၁၁)။

     ဝိမုတ္တိယာ = ကုဋေတသိန်း ပျက်ကိန်းတူစွာ စကြဝဠာဝယ် ဗြဟ္မာလူနတ် လေးရပ်ပါယ်ဘုံ အကုန်မကြွင်း ခပင်းရုံးပေါင်း လွှမ်းမွမ်းညောင်းအောင် သွန်းလောင်း ဖြန့်ဖြူးတော်မူအပ်သော



၇၅၆

မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာဟု ဆိုအပ်သော ဗြဟ္မဝိဟာရ စေတောဝိမုတ္တိတရား လေးပါး.., ဗြဟ္မာလူနတ် ပရိသတ်အား တရားဟောစဉ် အခိုက်တွင်မျှ မလပ်ရအောင် နေ့ညမစဲ ဝင်စားမြဲအစဉ်ဖြစ်သော ကုဋေနှစ်သန်းလေးသိန်းမျှလောက်သော အရဟတ္တဖလ စတုတ္ထဈာန် အမွန်ရတနာ ချမ်းသာသုခ ထူးမြတ်လှသော ဝိမုတ္တိတရား = ဤငါးပါး၏။ ဟာနိ = ယုတ်လျော့ခြင်းမည်သည်။ နတ္ထိ = အနုမြူမျှ ရှိတော်မမူ (၁၂)။

     ဣမေဟိ ဒွါဒသဟိ ဓမ္မေဟိ = ဤတဆယ့်နှစ်ဖြာသော အသာဓာရဏ ဓမ္မပျံ့ပျူး ဂုဏ်ကျေးဇူးတော်တို့နှင့်။ သမန္နာဂတဿ = လောက်လွေ့ကုံင ပြည့်စုံလှသော။ ဘဂဝတော =ခြောက်ပါး,ရှစ်တန် ဘုန်းတော်လျှံသော။ ဗုဒ္ဓဿ = သဗ္ဗညူ မြတ်စွာဘုရားအား။ ဒဝါ = သတိ,သမ္ပဇဉ် မယှဉ်မဖက် အပျက်အချော် သရော်ဖျင်းပေါ့ အသော့အသွမ်း ရွှင်လန်းမြူးရယ် ကျီစယ်သမှု ပြုအပ် ဆိုအပ် ကြံစည်အပ်သော ကိုယ်အမူအရာ နှုတ်အမူအရာ စိတ်အမူအရာတော်များသည်။ နတ္ထိ = အနုမြူမျှ ရှိတော်မမူ (၁၃)။

     ရဝါ = သတိ,သမ္ပဇဉ် မတင်မဆေး အရေးတကြီး ကပြီးကပြုန်း ကရုန်းကရင်း မစဉ်းမစား ပြုမိငြား၍ ယွင်းမှားလျော့မေ့ မစေ့မစပ် လစ်လပ်ဟင်းဟာသည်ဟု ပညာရှိပုဂ္ဂိုလ်တို့ ပြောဆိုပြစ်တင်ရန် အမှုသည်။ နတ္ထိ = အနုမြူမျှ ရှိတော်မမူ (၁၄)။

     အပ္ဖုဋံ = စဉ်းစဉ်းစားစား ပြုပါငြားလည်း ဉာဏ်အားသေး၍ အရေးအခွင့် မြင်သင့်သမျှ တကွလုံးစုံ ကုန်အောင်မပြန့် မနှံ့မစပ် လစ်လပ်ဟာဟင်း ကျန်ကြွင်းသောအရာ ရှိသည်ဟု ပညာရှိပုဂ္ဂိုလ်တို့ ပြောဆိုပြစ်တင်ရန် အမှုသည်။ နတ္ထိ = အနုမြူမျှ ရှိတော်မမူ (၁၅)။

     ဝေဂါယိတတ္တံ = စိတ်မာန်အလျောက် ကြောက်လန့်တကြား ကစားရွှင်မြူး အလွန်ကြူး၍ ကိုယ်ကျူးနှုတ်ကျွံ လွန်လွန်ကဲကဲ လွဲလွဲချော်ချော် မတော်မှားယွင်းသည်ဟု ပညာရှိပုဂ္ဂိုလ်တို့ ပြောဆိုပြစ်တင်ရန် အမှုသည်။ နတ္ထိ = အနုမြူမျှ ရှိတော်မမူ(၁၆)။



၇၅၇

     အဗျာဝဋမနော = ကိုယ်တော်မြတ်၏ အတ္တဟိတ ကြီးလှစီးပွါး.., တသောင်းတိုက်နေ ဗိုလ်ခြေများစွာ သတ္တဝါတို့၏ ချမ်းသာစီးပွါး = နှစ်ပါးအကျိုး ဖြိုးဖြိုးမယုတ် အားထုတ် ကျင့်ဆောင်တော်မူမည် ရွယ်ရည်ရှေးရှု တည်နေတော်မူသော မဟာဥဿာဟ ဗျာပါရအမူအရာမှ ရံခါကင်း၍ဖြစ်သော ဇောစိတ္တုပ္ပါဒ်တော် မည်သည်။ နတ္ထိ = အနုမြူမျှ ရှိတော်မမူ (၁၇)။

     အပ္ပဋိသင်္ခါနုပေက္ခာ = စက္ခု, သောတ, ဃာန, ဇိဝှါ, ကာယာ, မန ခြောက်ဒွါရတွင် ထင်ထင်သမျှ ရူပ, သဒ္ဒ, ဂန္ဓ, ရသာ, ဖောဋ္ဌဗ္ဗာနှင့် ဓမ္မာဟူသည် ခြောက်မည်အာရုံ အလုံးစုံကို မစုံမစမ်း ကြောင်းလမ်းပြက်ပြက် သက်သက်မသိ သတိမမူ လျစ်လျူရှုခြင်းမည်သည်။ နတ္ထိ = အနုမြူမျှ ရှိတော်မမူ(၁၈)။

     ဣမေဟိ အဋ္ဌာရသဟိ ဓမ္မေဟိ = ဤတဆယ့်ရှစ်ဖြာသော အသာဓာရဏ ဓမ္မပျံ့ပျူး ဂုဏ်ကျေးဇူးတော်တို့နှင့်။ သမန္နာဂတဿ = လောက်လွေ့ကုံင ပြည့်စုံလှသော။ ဘဂဝတော = ခြောက်ပါး,ရှစ်တန် ဘုန်းတော်လျှံသော။ ဗုဒ္ဓဿ = သဗ္ဗညူမြတ်စွာဘုရားအား။ ကေနစိ = တစုံတယောက်သောသူသည်။ အန္တရာယော = အသက်တော်နှင့် ဉာဏ်တော်ဂုဏ်ရှိန် မှေးမှိန်ပျက်စီးကြောင်း အန္တရာယ်ကို။ ကာတုံ = နည်းပေါင်းများစွာ ဆင်ကာအားထုတ် ပြုလုပ်စီရင်ခြင်းငှါ။ န သက္ကာ = မတတ်နိုင်။

တဒေဝ ဝစနံ သစ္စံ၊ ဘဂဝန္တံ နမာမဟံ။

ဧတေန သစ္စပုညေန၊ စိန္တာ မယှံ သမိဇ္ဈတံ။

     တဒေဝ ဝစနံ = တဆယ့်ရှစ်ဖြာ အာဝေဏိက ဘုရားကျေးဇူး ဂုဏ်အထူးတို့ကို ချီးကျူးကြည်ညို ဖွင့်ဆိုမြွက်ကြား ထိုစကားသည်သာလျှင်။ သစ္စံ = မတိမ်းမစောင်း ကောင်းမြတ်ဧကန် စင်စစ်မှန်၏။ ဘဂဝန္တံ = အာဝေဏိက ဓမ္မဘုန်းဟုန် ကျေးဇူးဂုဏ်တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ အဟံ = အကျွန်ုပ်သည်။ နမာမိ = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးဦးညွှတ်ပါ၏ဘုရား။ ဧတေန သစ္စပုညေန = ဗုဒ္ဓဓမ္မ ဋ္ဌာရသကို



၇၅၈

ထုတ်ဆိုသစ္စာ, ရိုသေမြတ်နိုး ရှိခိုးဦးညွှတ်ရပါသော ကောင်းမှုကုသိုလ်ကံ စေတနာကြောင့်။ မယှံ = အကျွန်ုပ်၏။ စိန္တာ = လောကီ,လောကုတ် ပစ္စုပ်,သံသာ နှစ်ဖြာအကျိုး ပွါးတိုးဖို့ရန် တောင့်တအပ်သမျှ ကောင်းမြတ်သော အကြံသည်။ သမိဇ္ဈတံ = သမိဇ္ဈတု = ကြံစည်သည့်တိုင်း မဆိုင်းလျင်စွာ ပြည့်စုံအောင်မြောက်ပါစေသတည်း။

အာဝေဏိကဂုဏ်တော်၁၈-ပါး ပြီး၏။

(ဝေသာရဇ္ဇဉာဏ်တော် လေးပါးအကြောင်းကို ဤမဟာဗုဒ္ဓဝင် ပဉ္စမတွဲ အောက် စာမျက်နှာ (၆၄၉)မှစ၍ ရေးသားအပ်ပြီး ဖြစ်သောကြောင့် ဤ၌ မရေးတော့ပြီ။

ဤ၌။ ။ပဋိသမ္ဘိဒါဉာဏ်တော်, အသာဓာရဏဉာဏ်တော်, ဒသဗလဉာဏ်တော်-စသော ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့ကို ဖော်ပြခြင်းမှာ သမုဒြာရေ၏ ဆားငန်အရသာကို သိသာလောက်ရုံ ရေတပေါက်ကို ခပ်ယူ၍ သောက်သုံးစေခြင်းကဲ့သို့ မြတ်စွာဘုရား၏ မဟာသမုဒြာ ရေအထုမက များလှစွာသော ဂုဏ်ကျေးဇူးတော်တို့မှ ရေတပေါက်မျှသော ဂုဏ်ကျေးဇူးတော်တို့ကို ထုတ်ဖော်ပြခြင်းဖြစ်သည်၊ ဤကျမ်း၌ မဖော်ပြရသေးသည့် ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်တို့ကား သမုဒြာရေအထုမက များလှကုန်၏ဟု အထူးသတိချပ် သိမှတ်ကုန်ရာ၏)။

**********

ဓမ္မစက္ကပဝတ္တနသုတ္တန် အထူးမှတ်ဖွယ်

ယခုအခါ အောက်မဟာဗုဒ္ဓဝင် ဒုတိယတွဲ စာမျက်နှာ (၄၃၀)၌ ညွှန်ပြမှာကြားခဲ့သည့် “ဓမ္မစက္ကပဝတ္တနသုတ္တန်, အနတ္တလက္ခဏသုတ္တန်တို့အတွက် အထူးမှတ်ဖွယ်”ကို အစဉ်အတိုင်း ဖော်ပြပေအံ့-

     မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မမူမီ မဇ္ဈိမတိုက်တခွင်၌ ရဟန်းအမည်ခံ ဂိုဏ်းဆရာကြီးများသည် ထင်ရှားပေါ်ထွက်နှင့်ကြ၏၊ ထိုများစွာသော ရဟန်းအမည်ခံ ဂိုဏ်းဆရာကြီးတို့သည် အချို့က ကာမသုခလ္လိကာနုယောဂ အလုပ်ကို, အချို့က အတ္တကိလမထာနုယောဂ အလုပ်ကို ရဟန်းကိစ္စ ရဟန်းအလုပ်အနေဖြင့်



၇၅၉

ကျင့်ကြ ကြံကြ ဟောကြားပြသနှင့်ကြလေသည်။ ထိုကဲ့သို့ လောကကြီး၌ အယုတ်တရားနှစ်ပါးကို တကယ့် တရားစစ် တရားမှန်အနေဖြင့် ကျင့်, ကြံ, ဟောကြား ပြသကြမှု တည်းဟူသော မှောင်ကြီးဖုံးအုပ်နေစဉ် မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လုဆဲဆဲ အချိန်တွင် ဓမ္မစက္ကပဝတ္တနသုတ်ကို ဟောကြားတော်မူလေသည်။ (ဓမ္မစကြာ ပါဌ်အနက်ကို နှလုံးသွင်းထားပါ။)

     ဤဓမ္မစက္ကပဝတ္တနသုတ္တန်ကို မြတ်စွာဘုရားရှင်က စ-တင်၍ “ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ = ရဟန်းတို့.. ရဟန်းဖြစ်သူသည် ဤဆိုလတ္တံ့သော အယုတ်တရား အစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်”ဟူသော ဤစာပိုဒ်ဝါကျကို ရွတ်ဆိုလိုက်သည်နှင့် တပြိုင်နက် ဖြစ်ပေါ်လာသော ပဲ့တင်သံကြီးသည် ဘုရားရှင်၏ အာနုဘော်ကြောင့် အောက်အဖို့ အဝီစိတိုင်အောင်, အထက်အဖို့ ဘဝဂ်တိုင်အောင် ခိုက်ရောက်လျက် ဇာတိခေတ် စကြဝဠာတိုက်တသောင်းကို ပြန့်နှံ့၍တည်လေသည်။ ထိုအချိန်၌ပင် ရင့်ကျက်သော ကုသိုလ်မူလရှိကြလျက် သစ္စာလေးပါး တရားသိရန် အဓိကာရ (အထိကရ) ကောင်းမှုကုသိုလ်ထူး ပါရှိပြီးဖြစ်ကြသည့် တဆယ့်ရှစ်ကုဋေ အရေအတွက်ရှိသော ဗြဟ္မာအပေါင်းတို့သည် ဣသိပတန မိဂဒါဝုန်တောဝယ် ဓမ္မစကြာတရားဦး ဟောမည့်နေရာ၌ အညီအညွတ် စည်းဝေး လာရောက်ကြပြီး ဖြစ်နှင့်လေသည်။ ဓမ္မစကြာတရားဦးကို စ၍ဟောသည့်အချိန်မှာ အနောက်အရပ်သို့ နေဝင်လုဆဲဆဲ, အရှေ့အရပ်မှ လဝန်းထွက်ပြုဆဲအချိန် ဖြစ်လေသည်။

     ဤဓမ္မစက္ကပဝတ္တနသုတ္တန်ဒေသနာစဉ်အကျဉ်းချုပ်မှာ- မြတ်စွာဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့အား ရှေးဦးစွာ ရှောင်ကြဉ်ရမည့် အယုတ်တရား နှစ်ပါးတို့ကို ဟောတော်မူသည်။ ထို့နောက် လိုက်နာကျင့်သုံးရမည့် မဂ္ဂင်ရှစ်ရပ် မဇ္ဈိမပဋိပတ်ကို ဟောတော်မူသည်။ ထို့နောက် သစ္စာလေးပါးကို အကျဉ်းချုပ် ဟောတော်မူသည်။ ထို့နောက် ကိုယ်တော်မြတ်အဖို့ရာ သစ္စာလေးပါးတို့အနက်



၇၆၀

တပါးတပါး၌ ရထိုက် ဖြစ်ထိုက်သော ဉာဏ်သုံးပါးစီ ပြည့်စုံမှ ဘုရားအဖြစ် ဝန်ခံတော်မူကြောင်းကို ဟောတော်မူသည်။ ထို့နောက် ဤတရားဒေသနာကို ဟောတော်မူစဉ် အရှင်ကောဏ္ဍညသည် သောတာပန် တည်ကြောင်း, ဓမ္မစကြာကို မြတ်စွာဘုရားရှင် လည်စေပြီးလတ် ဖြစ်စေပြီးလတ်သော် ဘုမ္မစိုးနတ်တို့မှအစ ဗြဟ္မာများကျအောင် ကောင်းကြီးကြွေးကြော်ကြကြောင်း, မဟာပထဝီ ဤမြေကြီး တုန်လှုပ်ကြောင်း, သဗ္ဗညုတဉာဏ်တော် အာနုဘော်ကြောင့်ဖြစ်သော စိတ္တပစ္စယ ဥတုသမုဋ္ဌာန အရောင်အလင်းကြီး နတ်ဗြဟ္မာတို့အရောင်ထက် အဆရာထောင် ကြီးကျယ်စွာ ဖြစ်ပေါ်လာကြောင်း ဟောတော်မူသည်။ ထိုအချိန်၌ မြတ်စွာဘုရားရှင်၏ သန္တာန်တော်မှာ ဓမ္မစကြာတရား ဟောတော်မူစ အချိန်မှာကဲ့သို့ ပြီးဆုံးချိန်၌လည်း အလွန် နှစ်သက် ဝမ်းမြောက်တော်မူခြင်း ဖြစ်သဖြင့် ပီတိအဟုန်ကို ငုံ၍ ထားတော်မမူနိုင်တော့ပဲ “အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော = အို.. ကောဏ္ဍညသည် သစ္စာလေးပါး တရားကိုသိမြင် ကျွတ်တမ်းဝင်ခဲ့လေပြီတကား၊ အို.. ကောဏ္ဍညသည် သစ္စာလေးပါး တရားကိုသိမြင် ကျွတ်တမ်းဝင်ခဲ့လေပြီတကား”ဟု နှုတ်တော်မြွက်၍ ဥဒါန်းကျူးတော်မူကြောင်း ဟောတော်မူသည်။ (ဤဥဒါန်းကျူးရင့်သော အသံတော်သည်လည်း စကြဝဠာ တိုက်တသောင်း နှံ့၍ တည်လေသည်)၊ ထို့နောက် အရှင်ကောဏ္ဍညက မြတ်စွာဘုရား၏ အထံတော်၌ ရှင်ရဟန်းအဖြစ်ကို ရပါလိုကြောင်း တောင်းပန်သဖြင့် မြတ်စွာဘုရားရှင်သည် ဧဟိ ဘိက္ခု-ခေါ်တော်မူ၍ အရှင်ကောဏ္ဍည “ဧဟိ ဘိက္ခု” ရဟန်းပဉ္စင်းဖြစ်ကြောင်း ဟောတော်မူသည်။ ဤကား ဓမ္မစက္ကပဝတ္တနသုတ်၏ အကျဉ်းချုပ် ဟောပုံအစဉ်တည်း။

ဓမ္မစကြာ အရကောက်

(ဤအရာ၌။ ။ဓမ္မစကြာဟူသည် အဘယ်ကိုခေါ်သနည်း-ဟု မေးဖွယ်ရှိ၏။ အဖြေကား- မြတ်စွာဘုရား၏ သန္တာန်တော်၌ဖြစ်သည့်

၇၆၁

ပဋိဝေဓဉာဏ် (မဂ်ဉာဏ်လေးပါးကို ပဋိဝေဓဉာဏ် ခေါ်သည်), ဒေသနာဉာဏ် ဤဉာဏ်တော်နှစ်ပါးကို ဓမ္မစကြာဟူ၍ ခေါ်၏။

ချဲ့ဦးအံ့- မဟာဗောဓိပလ္လင်၌ ထိုင်နေတော်မူသော မြတ်စွာဘုရား (ဖြစ်အံ့ဆဲဆဲသော အလောင်းတော်) ၏ သန္တာန်၌ ဖြစ်ပွါးသည့် သစ္စာလေးပါးတို့၌ တဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မဂ်ဉာဏ်လေးပါးသည်၎င်း, ဣသိပတန မိဂဒါဝုန်တော၌ ထိုင်နေတော်မူကာ ဓမ္မစကြာတရားဦး ဟောတော်မူသော မြတ်စွာဘုရား၏ သန္တာန်တော်၌ဖြစ်သော တဆယ့်နှစ်ပါးသော အခြင်းအရာရှိသည့် သစ္စဒေသနာကို ဖြစ်စေတတ်သော ဒေသနာဉာဏ်တော်သည်၎င်း ဓမ္မစကြာမည်လေသည်။ ထိုဉာဏ်နှစ်ပါးလုံးသည်ပင် ရန်သူကို နှိမ်နင်းသတ်ဖြတ်နိုင်သော စက်လက်နက်ပမာ ကိလေသာရန်သူတို့ကို နှိမ်နင်းသတ်ဖြတ်နိုင်သောကြောင့် ဓမ္မစက္က = စက်လက်နက်နှင့်တူသော ဉာဏ်တရားတော်နှစ်ပါး = ဓမ္မစကြာ မည်လေသည်။

ထိုဉာဏ်နှစ်ပါးလုံးပင် မြတ်စွာဘုရားရှင်၏ နှလုံးရင်တွင်း၌ဖြစ်သော ဉာဏ်သာလျှင် ဖြစ်၏။ ထိုဉာဏ်နှစ်ပါးလုံးကို ဤတရားဦးဒေသနာဖြင့် ထင်စွာပြတော်မူသော မြတ်စွာဘုရားသည် ဓမ္မစကြာကို လည်စေအပ်သည် ဖြစ်စေအပ်သည် မည်၏။ ထိုဓမ္မစကြာကို အရှင်ကောဏ္ဍညမထေရ် ဗြဟ္မာတဆယ့်ရှစ်ကုဋေတို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်ဆဲခဏတိုင်အောင် မြတ်စွာဘုရားသည် ဖြစ်စေဆဲ = လည်စေဆဲ မည်၏။ အကြောင်းကား ဖြစ်စေမှု = လည်စေမှုကိစ္စ မပြီးဆုံးသေးသောကြောင့်တည်း။ အရှင်ကောဏ္ဍညမထေရ်နှင့် ဗြဟ္မာ တဆယ့်ရှစ်ကုဋေတို့ သောတာပတ္တိဖိုလ်၌ တည်ပြီးချိန်မှစ၍ မြတ်စွာဘုရားသည် ဓမ္မစကြာကို လည်စေအပ်ပြီး ဖြစ်စေအပ်ပြီး မည်လေ၏၊ အကြောင်းကား ကဿပမြတ်စွာ သာသနာကွယ်ပသည်မှစ၍ ဤဘုရား ပွင့်ထွန်းတော်မူသည့်တိုင်အောင် ဤမျှရှည်ကြာ ကာလပတ်လုံး တဦးတယောက်မျှ မဖြစ်စေဘူး မလည်စေဘူးသော ဖော်ပြရာပါ ဉာဏ်တော်နှစ်ဖြာ ဓမ္မစကြာကို ဖြစ်စေ လည်စေခြင်းကိစ္စ ပြီးသောကြောင့်တည်း။ (သာရတ္ထ ဋီ ၃၊ မျက်နှာ ၁၈၁-မှ)။

ဤအရာဝယ် ပဋိဝေဓခေါ်သော မဂ်ဉာဏ်လေးပါးတို့ သစ္စာလေးချက်ကို သိကြရာ၌ နိရောဓသစ္စာ = နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် သိကြသည်။ ကျန်သော သစ္စာသုံးပါးတို့ကိုကား ကိစ္စသိဒ္ဓိအားဖြင့် သိကြသည်ဟု မှတ်ယူရာ၏။ ကိစ္စသိဒ္ဓိအားဖြင့် သိကြခြင်းဟူသည်မှာ

၇၆၂

မဂ်ဉာဏ်က သစ္စာလေးပါးကို ဖုံးလွှမ်း ကာကွယ်တတ်သော မောဟ = အဝိဇ္ဇာ ကိလေသာကို ပယ်သတ်လိုက်သဖြင့် ထိုခဏ (မဂ်ခဏ)မှာပင် သစ္စာလေးပါးကို သိခြင်းကိစ္စ ပြီးပြီးသားဖြစ်သည်ကို ဆိုလိုသည်။

ဤကား ဓမ္မစက္ကပဝတ္တနသုတ္တန် အထူးမှတ်ဖွယ်တည်း။

**********

အနတ္တလက္ခဏသုတ္တန် အထူးမှတ်ဖွယ်

     မြတ်စွာဘုရားသည် အရှင်ကောဏ္ဍညမထေရ်ကို သောတာပတ္တိဖိုလ်၌ တည်စေပြီးနောက် ဝါဆိုလပြည့်ကျော် တရက်နေ့မှစ၍ မြို့ရွာအတွင်း ဆွမ်းခံမျှပင် ဝင်တော်မမူတော့ပဲ ထိုပဉ္စဝဂ္ဂီရဟန်းတို့ကို ကလေးသူငယ်များကိုကဲ့သို့ စောင့်ရှောက်တော်မူကာ ကျောင်းတိုက်အတွင်း၌ပင် သီတင်းသုံး နေထိုင်တော်မူ၍ တရားဟောပြ ဆုံးမတော်မူလေသည်။ ထိုအခါ လပြည့်ကျော် တရက်နေ့ နှစ်ရက်နေ့တို့၌ အရှင်ဝပ္ပနှင့် အရှင်ဘဒ္ဒိယတို့ အစဉ်အတိုင်း သောတာပတ္တိဖိုလ်၌ တည်ကြ၍ ဧဟိ ဘိက္ခု- ရဟန်းအဖြစ်ကို ခံယူကြ လေသည်။

     ထို့နောက် မြတ်စွာဘုရားသည် အရှင်ကောဏ္ဍည အရှင်ဝပ္ပ အရှင်ဘဒ္ဒိယ ရဟန်းသုံးပါးတို့ကိုသာ ဆွမ်းခံကြွကြစေ၍ အရှင်မဟာနာမ် အရှင်အဿဇိတို့ကို ဆွမ်းခံ မကြွကြစေပဲ ကျောင်းတိုက်မှာပင် နေစေ၍ တရားဟောပြ ဆုံးမတော်မူလေသည်။ အရှင်ကောဏ္ဍည အရှင်ဝပ္ပ အရှင်ဘဒ္ဒိယ ရဟန်းတော်သုံးပါးတို့ ခံယူခဲ့သောဆွမ်းဖြင့် မြတ်စွာဘုရားရှင်ရော ပဉ္စဝဂ္ဂီငါးဦးတို့ပါ = ဤခြောက်ပါးတို့ မျှတကြလေသည်။ ထိုအခါ လပြည့်ကျော် သုံးရက် လေးရက်နေ့၌ အရှင်မဟာနာမ်နှင့် အရှင်အဿဇိတို့ အစဉ်အတိုင်း သောတာပတ္တိဖိုလ်၌ တည်ကြ၍ ဧဟိ ဘိက္ခု- ရဟန်းအဖြစ်ကို ခံယူကြလေသည်။

     ဤသို့ ပဉ္စဝဂ္ဂီ မထေရ်ငါးဦးတို့ အစဉ်အတိုင်း သောတာပတ္တိဖိုလ်၌ တည်ကြပြီးသော် ဝါဆိုလပြည့်ကျော် (၅)ရက်နေ့၌ မြတ်စွာဘုရားသည် “ယခုအခါ ထိုပဉ္စ၀ဂ္ဂီ ရဟန်းငါးဦးတို့အား အရဟတ္တမဂ်ဖိုလ်ပေါက် ရောက်အောင် တရားကို ဟောပေအံ့”ဟု



၇၆၃

ကြံစည်ဆင်ခြင်တော်မူကာ ထိုနေ့၌ ဤအနတ္တလက္ခဏသုတ္တန်ကို ဟောကြားတော်မူသည်။ (အနတ္တလက္ခဏသုတ် ပါဠိ, အနက်ကို နှလုံးသွင်းထားပါ)။

     ဤအနတ္တလက္ခဏသုတ္တန် ဒေသနာစဉ် အကျဉ်းချုပ်မှာ-

     (က) မြတ်စွာဘုရားသည် ရှေးဦးစွာ “ရူပံ ဘိက္ခဝေ အနတ္တာ = ရဟန်းတို့.. ရုပ်သည် အတ္တမဟုတ်”- စသည်ဖြင့် ခန္ဓာငါးပါးတို့၏ အနတ္တဖြစ်ပုံကို ဒုက္ခလက္ခဏာကို အခြေခံထား၍ ဟောကြားတော်မူသည်။

     (ခ) ထို့နောင်မှ ခန္ဓာငါးပါးတို့၏ အနိစ္စဖြစ်ပုံ, ဒုက္ခဖြစ်ပုံ, အနတ္တဖြစ်ပုံကို “တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါ = ရဟန်းတို့.. သင်တို့သည် ယခု ငါဘုရားမေးမည့် ထိုအရာကို အဘယ်သို့ မှတ်ထင်သဘောကျကြကုန်သနည်း၊ ရုပ်သည် မြဲသလော၊ မမြဲသလော”- စသည်ဖြင့် ဟောတော်မူသည်။ ဤကဲ့သို့ ခန္ဓာငါးပါးတို့၏ အနိစ္စဖြစ်ပုံကို တကျော့တပြန်, ဒုက္ခဖြစ်ပုံကို တကျော့တပြန်, အနတ္တဖြစ်ပုံကို တကျော့တပြန် မေးတော်မူ၍ တရားနာပုဂ္ဂိုလ်တို့ သဘောကျ သိမှတ်အပ်သည့်အတိုင်း ဖြေကြားစေကာ ဟောတော်မူသော ဒေသနာကို တေပရိဝဋ္ဋဓမ္မဒေသနာ = သုံးကျော့သုံးပြန် မေး၍ ဟောကြားအပ်သော တရားဒေသနာဟူ၍ အဋ္ဌကထာ, ဋီကာကျမ်းကြီးတို့၌ အမည်သတ်မှတ်ထားလေသည်။ ဤအခဏ်း၌လည်း အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာတို့ကို အခြေခံအကြောင်းပြုကာ အနတ္တလက္ခဏာကို ဟောပြတော်မူလိုရင်း ဖြစ်သည်။

     ချဲ့ဦးအံ့- မြတ်စွာဘုရားသည် အချို့သုတ္တန်၌ အနိစ္စလက္ခဏာနှင့်စပ်၍ အနတ္တလက္ခဏာကို ဟောပြတော်မူလေသည်၊ (ဥပရိပဏ္ဏာသ ပါဠိတော်လာ ဆဆက္ကသုတ္တန်ကို ကြည့်ရှုရာ၏)။ အချို့သုတ္တန်၌ ဒုက္ခလက္ခဏာနှင့်စပ်၍ အနတ္တလက္ခဏာကို ထင်ရှားအောင် ဟောပြတော်မူလေသည်။ (ဤယခု အနတ္တလက္ခဏသုတ္တန် ပဌမပိုင်းစကားရပ်ကို ကြည့်ရှုရာ၏)။ အချို့သုတ္တန်၌



၇၆၄

အနိစ္စ, ဒုက္ခ = နှစ်ပါးတို့နှင့်စပ်၍ အနတ္တလက္ခဏာကို ထင်ရှားအောင် ဟောပြတော်မူလေသည်၊ (ဤယခု အနတ္တလက္ခဏသုတ္တန် တေပရိဝဋ္ဋဓမ္မဒေသနာ ခဏ်းကို၎င်း, ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် အရဟန္တသုတ် ‘သံ ၂-၆၈,၆၉-မျက်နှာ’ စသည်ကို၎င်း ကြည့်ရှုရာ၏)။ ထိုသို့ အနိစ္စ, ဒုက္ခနှင့်စပ်၍ အနတ္တလက္ခဏာကို ဟောပြတော်မူရခြင်းမှာ အနိစ္စသဘော, ဒုက္ခသဘောတို့က လောက၌ ထင်ရှား၍ အနတ္တသဘောက လောက၌ မထင်ရှားသောကြောင့် ဖြစ်သည်။

     ထင်ရှားစေဦးအံ့- အသုံးအဆောင် အိုးခွက်- စသည်တို့ မတော်တဆ ကွဲ၍သွားကြသောအခါ လူအများတို့သည် “ဩ.. အနိစ္စ”ဟူ၍ ပြောဆိုကြကုန်၏၊ “ဩ.. အနတ္တ”ဟူ၍ကား ပြောဆိုသူ မရှိကြကုန်။ မိမိတို့ကိုယ်၌ အိုင်းအမာ အနာအဖုတို့ ထပေါ်ပေါက်ကြကုန်သော်၎င်း, ဆူးစူးကြကုန်သော်၎င်း လူအများတို့သည် “ဩ..ဒုက္ခ ဒုက္ခ”ဟူ၍ ပြောဆိုကြကုန်၏၊ “ဩ.. အနတ္တ”ဟူ၍ကား ပြောဆိုသူ မရှိကြကုန်။ ထိုသို့ “ဩ.. အနတ္တ”ဟူ၍ မပြောကြခြင်းမှာ အနတ္တလက္ခဏာက မထင်လင်း, မြင်နိုင်ခဲ, သိစေနိုင်ခဲသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားသည် အနတ္တလက္ခဏာကို အနိစ္စလက္ခဏာနှင့် စပ်၍၎င်း, ဒုက္ခလက္ခဏာနှင့် စပ်၍၎င်း, နှစ်ပါးစုံနှင့် စပ်၍၎င်း ဟောပြတော်မူလေသည်။ ထိုအနတ္တလက္ခဏာကို ဤအနတ္တလက္ခဏသုတ္တန် ယခု တေပရိဝဋ္ဋဓမ္မဒေသနာ ခဏ်း၌လည်း အနိစ္စ, ဒုက္ခ = နှစ်ပါးတို့နှင့် စပ်၍ ဟောပြတော်မူလေသည်။

     (ဂ) ထို့နောက် “တသ္မာ တိဟ ဘိက္ခဝေ ယံကိဉ္စိ ရူပံ အတီတာ နာဂတပစ္စုပ္ပန္နံ ။ပ။ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ = ရဟန်းတို့.. ထို့ကြောင့် (=ထိုသို့ ခန္ဓာငါးပါးလုံးပင် အနိစ္စ, ဒုက္ခ ဖြစ်ကုန်ရကား ငါ့ဥစ္စာဟူ၍ ငါဟူ၍ ငါ၏အတ္တဟူ၍ မရှုသင့်သောကြောင့်) အတိတ်, အနာဂတ်, ပစ္စုပ္ပန်, အတွင်း, အပြင်, အကြမ်း, အနု, အယုတ်, အမြတ်, အဝေး, အနီးဖြစ်သော အလုံးစုံသောရုပ်ကို ‘ငါ၏ဥစ္စာမဟုတ်, ငါမဟုတ်, ငါ၏အတ္တမဟုတ်’ဟူ၍



၇၆၅

ဟုတ်မှန်သည့်အတိုင်း (=အမှန်အကန်) ကောင်းမြတ်လှစွာ ဝိပဿနာပညာ မဂ်ပညာဖြင့် ရှုအပ်၏” ဤသို့ စသည်ဖြင့် ခန္ဓာငါးပါးတို့၌ ဝိပဿနာပညာဖြင့် ရှုပုံ, မဂ်သို့ ဆိုက်ရောက်သောအခါ မဂ်ပညာဖြင့် ကိစ္စသိဒ္ဓိအားဖြင့် သိမြင်ပုံကို ဟောတော်မူသည်။

(အထူးမှတ်ရန်မှာ။ ။ဝိပဿနာရှုရာ၌ အနိစ္စဟူ၍ ရှုလျှင် မာနစွဲကို ပယ်နိုင်၏။ ဒုက္ခဟူ၍ ရှုလျှင် တဏှာစွဲကို ပယ်နိုင်၏၊ အနတ္တဟူ၍ ရှုလျှင် ဒိဋ္ဌိစွဲကို ပယ်နိုင်၏၊ ဤအခဏ်း၌လည်း “ငါ၏ဥစ္စာမဟုတ်”ဟူ၍ ရှုခြင်းသည် တဏှာစွဲကို ပယ်ဖို့ရန် ရှုခြင်းတည်း၊ ဒုက္ခဝိပဿနာနှင့် အသွားတူ၏။ “ငါမဟုတ်”ဟူ၍ ရှုခြင်းသည် မာနစွဲကို ပယ်ဖို့ရန် ရှုခြင်းတည်း၊ အနိစ္စဝိပဿနာနှင့် အသွားတူ၏။ “ငါ၏အတ္တမဟုတ်”ဟူ၍ ရှုခြင်းသည် ဒိဋ္ဌိစွဲကို ပယ်ဖို့ရန် ရှုခြင်းတည်း၊ အနတ္တဝိပဿနာပင်တည်း-ဟူ၍ အထူးသိမှတ်ရာ၏)။

     (ဃ) ထို့နောက် ဒေသနာနိဂုံးအနေဖြင့် “ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော”- စသည်ဖြင့် ခန္ဓာငါးပါးတို့ကို (ဂ) အမှတ်ပါအတိုင်း ဝိပဿနာ ရှုဖန်များလျှင် ဝုဋ္ဌာနဂါမိနိဝိပဿနာဉာဏ် (=မဂ်သို့ ရောက်စေတတ်သော ဝိပဿနာဉာဏ်), မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ပစ္စဝေက္ခဏာဉာဏ်တို့ အဆင့်ဆင့် အရဟတ္တဖိုလ်တိုင်အောင် ဖြစ်ပွါးပုံကို ဟောကြားတော်မူသည်။

     (င) ထို့နောက် ဤအနတ္တလက္ခဏသုတ်ကို ဟောတော်မူစဉ် ပဉ္စဝဂ္ဂီရဟန်းတို့ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြကာ ရဟန္တာဖြစ်ကြကြောင်း ဟောကြား နိဂုံးသတ်တော်မူသည်။

     ဤသုတ္တန်ကိုထောက်သဖြင့် ပဉ္စဝဂ္ဂီမထေရ်ငါးဦးတို့သည် ခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ရှုဆင်ခြင်သော ခန္ဓကမ္မဋ္ဌာန်းဖြင့် အရဟတ္တဖိုလ်ပေါက် ရောက်တော်မူကြကြောင်း သိသာ၏။ ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာသူတော်ကောင်းတို့ အဖို့လည်း-

     ၁-ရုပ်ဟုတွင်မည်..၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊



၇၆၆

နှစ်မပါဘူး..။ ပညာစက္ခု၊ မြော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်..,၊ ဒုက္ခ, အနတ္တပါတကား။

     ၂-ဝေဒနာမည်..၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မြော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်..,၊ ဒုက္ခ, အနတ္တပါတကား။

     ၃-သညာတွင်မည်..၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မြော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်..,၊ ဒုက္ခ, အနတ္တပါတကား။

     ၄-သင်္ခါရမည်..၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မြော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်..,၊ ဒုက္ခ, အနတ္တပါတကား။

     ၅-ဝိညာဏ်ခြောက်မည်..၊ ခန္ဓာသည်လည်း၊ မြင့်ရှည်ကာလ၊ မတည်ထပဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏..။ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏..။ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး..။ ပညာစက္ခု၊ မြော်ထောက်ရှုသော်၊ သူ့သဘာဝ၊ အနိစ္စသည်..,၊ ဒုက္ခ, အနတ္တပါတကား။

     ဤခန္ဓာငါးပါး ဝိပဿနာ တရားလင်္ကာကို နှုတ်ရဆောင်ကာ ရွတ်ဆိုပွါးများ တရားနှလုံးသွင်းသင့်ပေ၏။ (ပါဠိလို နှလုံးသွင်း ပွါးများခြင်းထက် အနက်အဓိပ္ပါယ် ထင်မြင်လွယ်အောင် ဤလင်္ကာ၅-ပုဒ်ကို ထည့်သွင်း ဖော်ပြအပ်သည်။)

အနတ္တလက္ခဏသုတ္တန် အထူးမှတ်ဖွယ် ပြီး၏။



၇၆၇

ရတနသုတ် ပါဠိနှင့်အနက်

     ဤမဟာဗုဒ္ဓဝင်ကျမ်း အောက် တတိယတွဲ စာမျက်နှာ (၃၀၅) အောက်ခြေ၌ “ဤရတနသုတ်တော်အတွက် နာပျော် ကြည်ညိုဖွယ်ရှိသော ပါဠိအနက်ကို အထက် ဓမ္မရတနာအခဏ်း၌ ဖော်ပြထားပါသည်”ဟူသော ညွှန်ကြားချက်အရ ယခုအခါ ထိုရတနသုတ်ပါဠိနှင့် ဂုဏ်တော်အနက် ရေးသားတော်မူသော ကိုးဆောင်ဆရာတော်ဘုရား ရေးသားသည့် ရတနသုတ်အနက်ကို ထုတ်ဆောင်ပြပါတော့အံ့-

ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော, ဒသ ဥပပါရမိယော, ဒသ ပရမတ္ထပါရမိယောတိ = သမတ္တိံသ ပါရမိယော, ပဉ္စ မဟာပရိစ္စာဂေ, လောကတ္ထစရိယံ ဉာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ = တိဿော စရိယာယော, ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ, ဇာတိံ, အဘိနိက္ခမနံ, ပဓာနစရိယံ, ဗောဓိပလ္လင်္ကေ မာရဝိဇယံ, သဗ္ဗညုတညာဏပ္ပဋိဝေဓံ, ဓမ္မစက္ကပ္ပဝတ္တနံ, နဝ လောကုတ္တရဓမ္မေတိ သဗ္ဗေပိမေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ ဝေသာလိယာ တီသု ပါကာရန္တရေသု တိယာမရတ္တိံ ပရိတ္တံ ကရောန္တော အာယသ္မာ အာနန္ဒတ္ထေရော ဝိယ ကာရုညစိတ္တံ ဥပဋ္ဌပေတွာ-

ကောဋီသတသဟဿေသု၊ စက္ကဝါဠေသု ဒေဝတာ။

ယဿာဏံ ပဋိဂ္ဂဏှန္တိ၊ ယဉ္စ ဝေသာလိယာ ပုရေ။

ရောဂါမနုဿဒုဗ္ဘိက္ခ-သမ္ဘူတံ တိဝိဓံ ဘယံ။

ခိပ္ပမန္တရဓာပေသိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

     ပဏိဓာနတော = သာရမဏ္ဍ ကမ္ဘာမထက် စတုတ္ထမင်းတရားကြီး၏ ရွှေဖဝါးတော်မြတ်အောက် လျားမှောက်ဝပ်စင်း ကိုယ်ဖြင့်ခင်း၍ တျင်းတျင်းသန်စွမ်း မှုထမ်းအားကြီး အရင်းနှီးခဲ့သဖြင့် ချီးမြှောက် ပေးသနားတော်မူအပ်သော နိယတဗျာဒိတ်ပန်းကို မွမ်းမွမ်းထိပ်ပြင် ပန်ဆင်တော်မူပြီးသည်မှ။ ပဋ္ဌာယ = စ၍။ တထာဂတဿ = ဂင်္ဂါဝါဠု သဲစုအတူ လွန်တော်မူသော



၇၆၈

တဆူမကြွင်း တရားမင်းတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော အစိန္တေယျ မြတ်စွာဘုရား၏။ ဒသ ပါရမိယော = ဥစ္စာ, သား, မယား, ပြည်တိုင်းကားတို့ကို ပယ်ရှားစွန့်လှူ ဖြည့်ကျင့်တော်မူသော ဒသပါရမီတော်တို့၎င်း။ ဒသ ဥပပါရမိယော = မျက်စိ, နား, နှာ, အင်္ဂါခြေ, လက်တို့ကို ရက်ရက်စွန့်လှူ ဖြည့်ကျင့်တော်မူသော ဒသ ဥပပါရမီတော်တို့၎င်း။ ဒသ ပရမတ္ထပါရမိယော = အသက်ကိုစင် မခင်မမက် ရက်ရက်စွန့်လှူ ဖြည့်ကျင့်တော်မူသော ဒသ ပရမတ္ထပါရမီတော်တို့၎င်း။ ဣတိ = ဤသို့။ သမတ္တိံသ ပါရမိယော = ဆယ်ပါးသုံးလီ အမျှသုံးဆယ်သော ပါရမီတော်တို့ကို၎င်း။ ပဉ္စ မဟာပရိစ္စာဂေ = ကိုယ်ခန္ဓာနှင့် ပြည်ရွာ, သား, မယား, ဥစ္စာအားဖြင့် ငါးပါးသော စွန့်ခြင်းကြီးတို့ကို၎င်း။ လောကတ္ထစရိယံ = သတ္တလောကဓာတ် သူကျိုးမြတ်စေခြင်းငှါ ရိုးမတ်စွာ ကျင့်တော်မူခြင်း၎င်း။ ဉာတတ္ထစရိယံ = ဆွေတော်မျိုးတော် သူကျိုးကိုမြော်ခေါ်၍ ကျင့်တော်မူခြင်း၎င်း။ ဗုဒ္ဓတ္ထစရိယံ = ကိုယ်ကျိုးစင်စစ် ဘုရားဖြစ်စေခြင်းငှါ သစ်သစ်အားယူ ကျင့်တော် မူခြင်း၎င်း။ ဣတိ = ဤသို့။ တိဿော စရိယာယော = သုံးပါးသင့်လျော် အကျင့်တော်တို့ကို၎င်း။ ပစ္ဆိမဘဝေ = ပဋိစ္စသမုပ္ပါဒ် ရဟတ်စက်ကြီး ပျက်စီးရုပ်သိမ်း ချုပ်ငြိမ်းရာခေတ် အဆုံးစွန်သော ကိုယ်တော်၏အဖြစ်၌။ ဂဗ္ဘဝေါက္ကန္တိံ = ဖလ်သား မှန်သား ရံတားသိင်္ဂီ စေတီတော်တွင်း ရွှေဆင်းတုသွင်းသကဲ့သို့ သနင်းတောင်ညာ မယ်မာယာ၏ ရတနာပလ္လင် တိုက်ဝမ်းဝင်၍ မြန်းရွှင်သန္ဓေ တည်စံနေခြင်းကို၎င်း..။ ဇာတိံ = လုမ္မနီဟု ဂုဏ်ဆီသင်းကြိုင် အင်ကြင်းမြိုင်၌ တပြိုင်စက္ကဝါ ဘဝဂ်ငြာတိ ထောမနာကြီး ဩဘာချီးလျက် မီးရှူးသန့်စင် ဖွားမြော်မြင်ခြင်းကို၎င်း..။ အဘိနိက္ခမနံ = သံယောဇဉ်နှင့် မယှဉ်မစပ် အစဉ်ဖြတ်လျက် မြတ်သော တောထွက်တော်မူခြင်းကို၎င်း..။ ပဓာနစရိယံ = တနေ့စာတွက် သစ်တရွက်နှင့် နှစ်သက်စေပြီး သစ်တသီးမျှ ကြီးလျှင်တခြမ်း နှမ်းတစေ့, ဆန်တစေ့ ရံခါလည်း မတွေ့ရပဲ နေ့ဆက်ရက်ဆက် ထက်မြက်ဥဿာဟ ဒုက္ကရစရိယာ ခြောက်နှစ်ကြာပင် ငြိုငြင်စွာ ကျင့်တော်မူခြင်းကို၎င်း..။



၇၆၉

ဗောဓိပလ္လင်္ကေ = ရတနာပလ္လင် ဗောဓိပင်၌။ မာရဝိဇယံ = ဒေဝပုတ္တ စသည်အပြား မာရ်ငါးပါးကို လှံဓားမဖက် ဉာဏ်လက်နက်ဖြင့် ပယ်ဖျက်ကုန်စင် ပြီးအောင်မြင်ခြင်းကို၎င်း..။ သဗ္ဗညုတညာဏပ္ပဋိဝေဓံ = သစ္စာလေးဝ ဉေယျငါးပါး တရားမူလ ဟူသမျှကို မြူမျှမကျန် ဘူသယံဖြင့် သူမဆံဘိ ထိုးထွင်း၍ သိတော်မူခြင်းကို၎င်း..။ ဓမ္မစက္ကပ္ပဝတ္တနံ = မိဂဒါဝုန် တောရဂုံ၌ ဘုံပထဝီ သုန်သုန်ဟီအောင် ဂုဏ်ဆီပြည့်နှက် ပဉ္စဝဂ်တို့အား ဓမ္မစက်ထူး တရားဦးကို ဖြန့်ဖြူးဟောကြားတော်မူခြင်းကို၎င်း..။ နဝ လောကုတ္တရဓမ္မေ = မဂ်ဖိုလ်ရှစ်တန် နေရဗာန်ဟု ဝေဘန်ပိုင်းခြား ကိုးပါးသော လောကုတ္တရာတရားတို့ကို၎င်း..။ ဣတိ = ဧဝမာဒိကေ = ဤသို့ အစရှိကုန်သော။ သဗ္ဗေပိ = အလုံးစုံလည်းဖြစ်ကုန်သော။ ဣမေ ဗုဒ္ဓဂုဏေ = ဤစရိယ,စာဂီ ပါရမီအဆင့်ဆင့် ရင့်ထက်ရင့်၍ ပွင့်ခြင်းသို့ ရောက်တော်မူသော အစိန္တေယျ မြတ်စွာဘုရား၏ များစွာသော ကျေးဇူးတော် ဂုဏ်တော်တို့ကို။ အာဝဇ္ဇေတွာ = ဉာဏ်သမ္ပဇဉ် ကြံဆင်ခြင်တော်မူ၍။ ဝေသာလိယာ = တံတိုင်းသုံးရပ် ထပ်လျက်ထပ်လျက် ပတ်ယှက်ဆူဝေ လူနေအိမ်ခြေ မရေတွက်သာ ကျယ်ဝန်းစွာသောကြောင့် ဝေသာလီအမည်ရှိသော ပြည်ကြီး၌။ တီသု ပါကာရန္တရေသု = မီးတားရံဆိုင်း ထပ်ထပ်ဝိုင်းသား တံတိုင်းသုံးခုတို့၏ အကြားတို့၌။ တိယာမရတ္တိံ = ညဉ့်ဦး,သန်းခေါင်, သောက်ရောင်ဝိုး၀င်း မိုးအလင်းဟူသော ယင်း ညဉ့်သုံးယံကာလပတ်လုံး။ ပရိတ္တံ = ရတနသုတ် ရွှေနှုတ်မြွက်ဖော် ပရိတ်တော်ကို။ ကရောန္တော = သဒ္ဒါမပျက် အနက်မမှား သနားရှေးရှူ ဟောရွတ်တော်မူပေသော။ အာယသ္မာ အာနန္ဒတ္ထေရော ဝိယ = ဗဟုဿုတ- စသည်ဧတဒဂ် ပွါးတက်အစဉ် ငါးချက်တင်သော အရှင်အာနန္ဒာ မထေရ်မြတ်ကဲ့သို့။ ကာရုညစိတ္တံ = ဒုက္ခိတသတ္တဝါ ဝေနေယျာတို့အား ကြင်နာသနားခြင်းနှင့် ယှဉ်သောစိတ်ကို။ ဥပဋ္ဌပေတွာ = ဖြစ်စေ၍ -

     ကောဋီသတသဟဿေသု = ထောင်သောင်းသိန်းသန်း ဂဏန်းခြေပေါင်း မရေကောင်းမျှ ကုဋေပေါင်း တသိန်းကုန်သော။



၇၇၀

စက္ကဝါဠေသု = ယူဇနာပေါင်း ရှစ်သောင်းနှစ်ထောင် အမြင့်ဆောင်သား တောင်စကြဝဠာ ကာရံကျောက်စိုက် ဝန်း၍ဝိုက်သော တိုက်လောကဓာတ်တို့၌။ ဝသန္တာ = ဘုံအသီးသီး ကြီးကြီးငယ်ငယ် သွယ်သွယ်ဝဝ နေထိုင်ကြကုန်သော။ ဒေဝတာ = အာဏာလွှမ်းမိုး တန်ခိုးကြီးမြတ် အနတ်နတ်တို့သည်။ ယဿ = အကြင်ရတနသုတ် ရွှေနှုတ်မြွက်ဖော် ပရိတ်တော်၏။ အာဏံ = သိန်းကုဋေကုန် ဘုံစက္ကဝါ တုန်သွက်ခါမျှသော အာဏာတော်စက်ရိပ်ကို။ ပဋိဂ္ဂဏှန္တိ = ဝမ်းသာရွှင်မြူး လွန်ကြည်နူးလှ၍ ဦးဖြင့်ခံယူကြကုန်၏။ ယဉ္စ = ယံ ဧဝ ပရိတ္တံ = အကြင် ရတနသုတ် ရွှေနှုတ်မြွက်ဖော် ပရိတ်တော်သည်သာလျှင်။ ဝေသာလိယာ = ဝေသာလီအမည်ရှိသော။ ပုရေ = ရာဇဌာနီ ကျူးသီအောင်စည် မင်းနေပြည်၌။-

     ရောဂါမနုဿဒုဗ္ဘိက္ခသမ္ဘူတံ = ရောဂါသောင်းကျန်း ဘီလူးဖမ်းနှင့် ကုန်ခန်းခေါင်းပါးသော ထမင်းကြောင့်ဖြစ်သော။ တိဝိဓံ ဘယံ = ကပ်ကြီးသုံးကပ် မရပ်တည်နိုင် အပြိုင်တိုက်ရေး သုံးပါးအပြားရှိသော ဘေးကို။ ခိပ္ပံ = အလျင်အမြန်။ အန္တရဓာပေသိ = ကွယ်စေပျောက်စေ ငြိမ်းချမ်းစေ၏။ တံ ပရိတ္တံ = ထိုမဟပ္ဖလမျိုး အကျိုးအာနိသံသ ကြီးမားလှသော ရတနသုတ် ရွှေနှုတ်မြွက်ဖော် ပရိတ်တော်ကို။ ဟေ = သီတင်းသုံးဖက် သမဂ္ဂပေါင်း သူတော်ကောင်းတို့..။ မယံ = ငါတို့သည်။ ဘဏာမ = သဒ္ဒါမပျက် အနက်မယိမ်း ဘေးခပ်သိမ်းတို့ ကင်းငြိမ်းစိမ့်ငှါ ရွတ်ဖတ် သရဇ္ဈာယ်ကြပါကုန်အံ့..။

(ဤကား ရတနသုတ် အမွှန်းဖြစ်သည်၊ ထိုအမွှန်းစကားရပ်တွင် ပဏိဓာနတော ပဋ္ဌာယ- အစရှိသော စုဏ္ဏိယ = စကားပြေ ပါဠိစုကား ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၂၇၅,၂၇၆၊ ၂၁-ပကိဏ္ဏကဝဂ် ၁-အတ္တနောပုဗ္ဗကမ္မဝတ္ထု၌ လာရှိသည်။ ကောဋီသတသဟဿေသု-စသော ၂-ဂါထာတို့မှာ ရှေးဆရာတော်များ ဖွဲ့ဆိုရေးသားအပ်သည့် အမွှန်းဂါထာတို့ဖြစ်သည်။ ဤမှနောက် ယာနီဓ ဘူတာနိ သမာဂတာနိ- အစရှိသော ဂါထာတို့မှာ ဘုရားဟောဂါထာများဖြစ်၍



၇၇၁

အဆုံး သုံးဂါထာတို့မှာ သိကြားမင်းရွတ်ဆိုသော ဂါထာတို့ဖြစ်သည်ဟု အထူးမှတ်ရာ၏)။

(၁) ယာနီဓ ဘူတာနိ သမာဂတာနိ၊

ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။

သဗ္ဗေ၀ ဘူတာ သုမနာ ဘဝန္တု၊

အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။


(၂) တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊

မေတ္တံ ကရောထ မာနုသိယာ ပဇာယ။

ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ၊

တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

     (၁) ဘုမ္မာနိ = ဗိမာန်ဘုံဆောင် ဂုဏ်ရောင်ကြက်သရေ ဘုန်းမိုးစွေလျက် မြေ၌ တည်ကုန်သော။ ယာနိ ဘူတာနိ = အကြင်ဘုမ္မစိုး, ရုက္ခစိုး တန်ခိုးကြီးလတ် စတုမဟာရာဇ်, တာဝတိံသာစသော နတ်တို့သည်၎င်း။ အန္တလိက္ခေ = တန်ခိုးဂုဏ်ရောင် ဘုံဆောင်ကွန့်၀ဲ ပန်းဆိုင်းဆွဲသကဲ့သို့ လွန်ကဲဣဒ္ဓိပါဒ် ကောင်းကင်ရပ်၌။ ဌိတာနိ = အာဏာလွှမ်းမိုး အုပ်စိုး တည်နေကြကုန်သော။ ယာနိ ဘူတာနိ ဝါ = အကြင် ယာမာအစ အကနိဋ္ဌအဆုံး ပေါင်းရုံးများစွာ နတ်ဗြဟ္မာတို့သည်၎င်း။ ဣဓ = ဤပရိတ်တော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်ရာအရပ်သို့။ သမာဂတာနိ = အညီအညာ စည်းဝေးလာကြကုန်၏။ သဗ္ဗေဝ = အလုံးစုံသာလျှင် ဖြစ်ကုန်သော။ တေ ဘူတာ = ထိုဘုမ္မစိုး, ရုက္ခစိုး, အာကာသစိုး တန်ခိုးကြီးမြတ် အနတ်နတ်တို့သည်။ သုမနာ = နှစ်သက်ရွှင်ပျ ဝမ်းမြောက်ကြကုန်သည်။ ဘဝန္တု = ဖြစ်ပါစေကုန်သတည်း။ အထောပိ = ထိုမှတပါး အထူးအားဖြင့်လည်း။ ဘာသိတံ = ရှင်တော်ဘုရား ဟောကြားမြွက်ဖော် ပရိတ်တော်ကို။ သက္ကစ္စ = အရိုအသေ အလေးအမြတ်ပြု၍။ သုဏန္တု = အာရုံတပါး စိတ်မသွားစေပဲ မှတ်သားနာခံကြစေကုန်သတည်း။

     (၂) ဘူတာ = တန်ခိုးဣဒ္ဓိပါဒ် ကြီးမြတ်ထင်လင်း အိုနတ်မင်းတို့..။ တုမှေ = သင်နတ်မင်းတို့သည်။



၇၇၂

(ဓမ္မဿဝနတ္ထံ = ရိုသေသော စိတ်ထားဖြင့် ပရိတ်တရားတော်မြတ်ကို နာခြင်းငှါ။ ယသ္မာ = အကြင့်ကြောင့်။ သမာဂတာ = အညီအညာ စည်းဝေးလာကြကုန်၏)။ တသ္မာဟိ = တသ္မာ ဧဝ = ထို့ကြောင့်သာလျှင်။ သဗ္ဗေ = ခပ်သိမ်းကုန်သော။ တုမှေ = သင်နတ်မင်းတို့သည်။ ဘာသိတံ = ရှင်တော်ဘုရား ဟောကြားမြွက်ဖော် ပရိတ်တော်ကို။ နိသာမေထ = ရိုသေလေးမြတ် စွဲကပ်အာရုံ မှတ်သားနာခံကြပါကုန်လော့။ မာနုသိယာ = စိတ်စေတနာ သဒ္ဓါမညှိုး မြင့်မြတ်သော လူမျိုး၌ဖြစ်သော။ ပဇာယ = တတ်သိလိမ္မာ သတ္တဝါအား။ မေတ္တံ = အေးကြည်လှစွာ ရေမေတ္တာကို။ ကရောထ = ညီညာဝိုင်းအုံ သွန်းဖျန်းကြပါကုန်လော့။ ယေ မနုဿာ = စိတ်စေတနာ သဒ္ဓါပြောထူ အကြင်လူတို့သည်။ တုမှေ = သင်နတ်မင်းတို့ကို။ ဥဒ္ဒိဿ = ရည်ရော်သမှု အာရုံပြု၍။ ဒိဝါ စ = နေ့၌၎င်း။ ရတ္တော စ = ညဉ့်၌၎င်း။ ဗလိံ = ဗလိနတ်စာ ပူဇော်သက္ကာကို။ ယသ္မာ = အကြင့်ကြောင့်။ ဟရန္တိ = ပူဇော်ပသ တင်မြှောက်ကြကုန်၏။ တသ္မာ ဟိ = တသ္မာ ဧဝ = ထို့ကြောင့်သာလျှင်။ တုမှေ = သင်နတ်မင်းတို့သည်။ နေ မနုဿေ = ထိုလူတို့ကို။ အပ္ပမတ္တာ = နေ့နေ့ညည မမေ့ကြကုန်သည်ဖြစ်၍။ ရက္ခထ = အန္တရာယ်ဘေးဘျမ်း မြှေးမသန်းပဲ အေးချမ်းစေကြောင်း မေတ္တာလောင်း၍ အပေါင်းညီညာ စောင့်ရှောက်ကြပါကုန်လော့။

(၃) ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊

သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။

န နော သမံ အတ္ထိ တထာဂတေန၊

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

     (၃) ဣဓ ဝါ = ဤလူ့ပြည်၌၎င်း။ ဟုရံ ဝါ = နဂါးပြည်, ဂဠုန်ပြည် သို့စသည်၌၎င်း။ သဂ္ဂေသု ဝါ = မဟာပုညဝန် ဂုဏ်တံခွန်ကြောင့် ဘုံစွန်ရပ်တည် လျှပ်ခြည်ပျို့ပျို့ နတ်ပြည်တို့၌၎င်း။ ယံကိဉ္စိ = အလုံးစုံသော။ ဝိတ္တံ = ပီတိအစွမ်း ဆီထိဂွမ်းသို့ ရွှင်လန်းနှစ်သက် စုံမက်မြတ်နိုးခြင်းကို ဖြစ်စေတတ်သော။



၇၇၃

ပဏီတံ = ဣဋ္ဌ,ကန္တ မနာပဖြစ်၍ ဌာနအလိုက် ဖိုးထိုက်ဖိုးတန် တန်ခိုးလျှံသား မျိုးမှန်ဇာတိ လောကီ့မင်္ဂလာ ထူးမြတ်စွာသော။ ယံ ရတနံ = အကြင် ရွှေ, ငွေ, ပုလဲ, ပတ္တမြား စသောအားဖြင့် များပြားစွာလှ ကာမဘောဂီ သောဘိဏီဖြစ်သော လောကီဥစ္စာ ရတနာသည်။ အတ္ထိ = ရှိ၏။ တထာဂတေန = အတိသောဘဏ မဏိဇောတရ တြိလောကအန္တဂူ သယမ္ဘူဖြစ်၍ စံတူပမာ မရသာအောင် ရတနာခေါ်ဖို့ သမ္ဘာတော်ပျို့လှသော ငါတို့ကျေးဇူးတော်ရှင် မြတ်စွာဘုရားနှင့်။ သမံ = တူမျှသော။ နံ ရတနံ = ထိုရွှေ,ငွေ- စသော လောကီဥစ္စာ ရတနာသည်။ နော အတ္ထိ = မရှိ။ ဣဒမ္ပိ ဗုဒ္ဓေ = အယံ ဧဝ ဗုဒ္ဓေါ = ဇာတိ, အာဏာ, မဟာဝိသယ တိဌာနလောကဓာတ် နတ်နှင့်တကွသော လူအပေါင်းတို့ ညွတ်ပျောင်းအဉ္ဇလီ တင်ချီရို့ရို့ ပဏ္ဏာတော်ကြို့ရသော ဤငါတို့ကျေးဇူးရှင် မြတ်စွာဘုရားသည်သာလျှင်။ ပဏီတံ = ဝိသိဋ္ဌတရ အတိဣဋ္ဌမောဠီ သောဘိဏီဖြစ်၍ လောကီဥစ္စာ ရတနာထက် သာလွန်မြင့်မြတ်သော။ ရတနံ = ပစ္စုပ္ပန်နှင့် သံသရာကောင်းကျိုး တိုးထက်တိုးအောင် မြတ်နိုးဖွယ်ရာ ကိုးကွယ်ရာသော မင်္ဂလာကြီးအစစ် လောကုတ္တရာ ရတနာတော်ကြီးဖြစ်ပေ၏။ ဧတေန သစ္စေန = ဤသို့ မဖောက်မပြန် အမှန်ကိုသာ ဆိုရသောသစ္စာကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = ဘေးရန်ဟူ၍ မြူမငွေ့ပဲ ပြကတေ့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ လောကီ, လောကုတ္တရာ မင်္ဂလာအစီးအပွါးသည်။ ဟောတု = ဖြစ်ပါစေသတည်း။

(၄) ခယံ ဝိရာဂံ အမတံ ပဏီတံ၊

ယ-ဒဇ္ဈဂါ သကျမုနီ သမာဟိတော။

န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊

ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

     (၄) ခယံ = ကိလေသာစက်မီး ရန်မက်ကြီးတို့၏ ပျက်စီးကုန်ခန်းရာလည်း ဖြစ်ထသော။ ဝိရာဂံ = ကာမဂုဏ်တပ် အာရုံငတ်တို့၏



၇၇၄

ပြတ်ရာကင်းရာလည်း ဖြစ်ထသော။ အမတံ = ဘယ်ခါသမယ ဘယ်ကာလမှ နာရချည်သေး အိုချည်သေးနှင့် ဘယ်ဘေး ဘယ်ဒဏ် ခံရဦးအံ့ မထိတ်လန့်ရပဲ ဗိမာန့်တရထည် အမြဲတည်လျက် မဖြည်မသွေ အရှည်နေရသဖြင့် စုတေပျက်စီးခြင်းလည်း မရှိထသော။ ပဏီတံ = နိစ္စဓူဝ ဝူပသမော သဘောဂမ္ဘီ သန္တီလက္ခဏာ ဂုဏ်အင်္ဂါတို့နှင့် စုံလင်စွာညီညွတ်၍ အထွတ်အမြတ်ဆုံးလည်း ဖြစ်ထသော။ ယံ နိဗ္ဗာနံ = အကြင် သုံးတဏှာမှ ရုန်းခါလည်းထွက် ဟုန်းကာတက်သော ရာဂဂ္ဂိကြီး ဆယ့်တစ်မီးကိုလည်း အပြီးငြှိမ်းသတ် ထိုသကတ်ကြောင့် ပရမတ်တံဆိပ် ကွင်းကွင်းနှိပ်ရသော နိဗ္ဗာန်တရားတော်မြတ်သို့။ သမာဟိတော = မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ကြံ့ခိုင်စွာဘိ တည်ကြည်ငြိမ်သက်သောစိတ် ရှိတော်မူသော။ သကျမုနိ = သာကီဝင်မျိုး တန်ခိုးဘုန်းတန်း မဆုံးခန်းသဖြင့် နှုန်းနှမ်းသူတို့ ဦးနှိမ်ကြို့ရသော ငါတို့ကျေးဇူးတော်ရှင် မြတ်စွာဘုရားသည်။ အဇ္ဈဂါ = နိဿရဏတ္ထ စသည်လေးနက် ထွေးမယှက်ပဲ လက်ဝယ်တင်ထား ပတ္တမြား ကဲ့သို့ ပိုင်းခြားကုန်စင် သိမြင်တော်မူလေပြီ..။ တေန ဓမ္မေန = ထိုအထူးထူး ကျေးဇူးတော်မြတ် ဂုဏ်တော်မြတ်တို့ဖြင့် ကပ်ဆုံးကမ္ဘာ ပတ်လုံးကြာအောင် အံ့အာသရဲ လွန်ကဲချီးမွမ်း၍ မကုန်နိုင်သော နိဗ္ဗာန်တရားတော် မြတ်နှင့်။ သမံ = တူမျှသော။ ကိဉ္စိ = တစုံတခုသော တရားသည်။ န အတ္ထိ = မရှိ။ ဣဒမ္ပိ ဓမ္မေ = အယံ ဧဝ ဓမ္မော = ဤသုံးတဏှာမှ ရုန်းခါလည်းထွက် ဟုန်းကာတက်သော ရာဂဂ္ဂိကြီး ဆယ့်တစ်မီးကိုလည်း အပြီးငြှိမ်းသတ် ထိုသကတ်ကြောင့် ပရမတ်တံဆိပ် ကွင်းကွင်းနှိပ်ရသော နိဗ္ဗာန်တရားတော်သည်သာလျှင်။ ပဏီတံ = ဝိသိဋ္ဌတရ အတိဣဋ္ဌမောဠီ သောဘိဏီဖြစ်၍ လောကီဥစ္စာ ရတနာတို့ထက် သာလွန်မြင့်မြတ်သော။ ရတနံ = မင်္ဂလာကြီးအစစ် လောကုတ္တရာ ရတနာတော်ကြီး ဖြစ်ပေ၏။ ဧတေန သစ္စေန = ဤသို့ မဖောက်မပြန် အမှန်ကိုသာ ဆိုရသောသစ္စာကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာအစီးအပွါးသည်။ ဟောတု = ဖြစ်ပါစေသတည်း။



၇၇၅

(၅) ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ၊

သမာဓိမာနန္တရိကညမာဟု။

သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊

ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

     (၅) ဗုဒ္ဓသေဋ္ဌော = သမ္မာဗုဒ္ဓ သမ္ဗုဒ္ဓတို့ထက် ဥက္ကဋ္ဌဂုဏ်ကြီး အစုံပြီးသဖြင့် ချီးမွမ်းအံ့ဩ၍ မဆုံးမကုန်နိုင်ဘဲ သုံးဘုံလုံးနတ် အစိန္တေယျ ဘုရားမြတ်သည်။ ယံ သမာဓိံ = အကြင်အထက်ရပ် မဂ်အရဟတ်နှင့် ဖက်စပ်လာဘိ သမာဓိကို။ သုစိံ = ကိလေသာဟူလျှင် မြူမဝင်သဖြင့် ဖြူစင်သန့်ရှင်းလှ၏ဟူ၍။ ပရိဝဏ္ဏယီ = ဂုဏ်ထူးထုတ်၍ ရွှေနှုတ်လှစ်ကျူ ဟောကြားတော်မူလေပြီ..။ ယံ သမာဓိံ = အကြင်အထက်ရပ် မဂ်အရဟတ်နှင့် ဖက်စပ်လာဘိ သမာဓိကို။ အာနန္တရိကံ = မိမိကွယ်ပ အခြားမဲ့ကာလ၌ မုချဆတ်ဆတ် အကျိုးကိုပေးတတ်၏ဟူ၍။ ဗုဒ္ဓါ = အဆူဆူသော ရှင်တော်ဘုရားတို့သည်။ အာဟု = သဘောသွားတူ ဟောကြားတော်မူကုန်ပြီ။ တေန သမာဓိနာ = ထိုအထက်ရပ် မဂ်အရဟတ်နှင့် ဖက်စပ်လာဘိ သမာဓိနှင့်။ သမော = ရူပ, အရူပ ဟူသမျှသော တူမျှစွာဘိ သမာဓိသည်။ န ဝိဇ္ဇတိ = မရှိ။ ဣဒမ္ပိ ဓမ္မေ = အယံ ဧဝ ဓမ္မော = ဤအထက်ရပ် မဂ်အရဟတ်နှင့် ဖက်စပ်လာဘိ သမာဓိသည်သာလျှင်။ ပဏီတံ = လောကီဥစ္စာ ရတနာတို့ထက် သာလွန်မြင့်မြတ်သော။ ရတနံ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာကြီးအစစ် ရတနာတော်ကြီး ဖြစ်ပေ၏။ ဧတေန သစ္စေန = ဤသို့ မဖောက်မပြန် အမှန်ကိုသာ ဆိုရသော သစ္စာကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာအစီးအပွါးသည်။ ဟောတု = ဖြစ်ပါစေသတည်း။



၇၇၆

(၆) ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊

စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။

တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊

ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

     (၆) သတံ = ဘုရားစသော အရိယနွယ်ပေါင်း သူတော်ကောင်းတို့သည်။ ပသတ္ထာ = နှစ်ထောင်းအားရမ်း ချီးမွမ်း ထောမနာအပ်ကုန်သော။ ယေ ပုဂ္ဂလာ = အကြင် အရိယာပုဂ္ဂိုလ်တို့သည်။ အဋ္ဌ = ရှစ်ယောက်တို့သည်။ ဟောန္တိ = ဖြစ်ကုန်၏။ (တနည်းကား) ပသတ္ထာ = ဘုရားစသော အရိယနွယ်ပေါင်း သူတော်ကောင်းတို့ နှစ်ထောင်းအားရမ်း ချီးမွမ်းထောမနာအပ်ကုန်သော။ ယေ ပုဂ္ဂလာ = အကြင် အရိယာပုဂ္ဂိုလ်တို့သည်။ အဋ္ဌသတံ = သော, သ, အ, ခိ ရိယမဂ္ဂါ စဉ်တိုင်းသာလျှင် ဒွါဒ,ဒွါဒ ဇောဝီ,ဒွနှင့် ဇယမဂ္ဂဋ္ဌာန် ပေါင်းပြန်သင်္ချာ ဇောပဉ္စာကို သဒ္ဓါ,ပညာ နှစ်ဖြာဓုရ မြှောက်ပွါးပြအပ်ရကား တရာ့ရှစ်ယောက်တို့သည်။ ဟောန္တိ = ဖြစ်ကုန်၏။ ဧတာနိ = ထိုရှစ်ယောက်သော အရိယာပုဂ္ဂိုလ်တို့သည်။ (တနည်းကား) ဧတာနိ = ထိုတရာ့ရှစ်ယောက်သော အရိယာပုဂ္ဂိုလ်တို့သည်။ စတ္တာရိ ယုဂါနိ = မဂ်ချင်း ဖိုလ်ချင်း စပ်လျဉ်းသောလျောက် ပေါင်း၍ကောက်ရကား လေးယောက်အစုံတို့သည်။ ဟောန္တိ = ဖြစ်ကုန်၏။ သုဂတဿ = မြတ်စွာဘုရား၏။ သာဝကာ = တပည့်ရင်းစစ် ဖြစ်ကြီး ဖြစ်တော်မူကြကုန်သော။ တေ ပုဂ္ဂလာ = ထိုလေးယောက်အစုံ ဂုဏ်မဟိဒ္ဓိ အရိယဇာတ် ပုဂ္ဂိုလ်မြတ်တို့သည်။ ဒက္ခိဏေယျာ = မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ဆုံးစွန် တမလွန်ကို ရည်ညွှန်သတ်မှတ် သူဆက်ကပ်တိုင်း မြတ်သောအလှူကို ခံယူသုံးဆောင်ခြင်းငှါ ထိုက်ကုန်၏။ ဧတေသု = ထိုအရိယာပုဂ္ဂိုလ်တို့၌။ (ဝါ) ထိုအရိယာပုဂ္ဂိုလ်တို့အား။ ဒိန္နာနိ = သဒ္ဓါကြည်ဖြူ ပေးအပ်သော အလှူတို့သည်။ မဟပ္ဖလာနိ = ယာမြေကောင်း၌ ရေလောင်းကြိုးကုတ် မျိုးကောင်းမြှုပ်က



၇၇၇

ခွန်တုတ်ပြည့်နှက် ရည်ရွယ်တိုင်း ထွက်သကဲ့သို့ မျက်မှောက်,မျက်ကွယ် ရွယ်ရာရည်ရာ ဆုပတ္ထနာတိုင်း သုခါဘိဝုဍ္ဎိ များမြတ်သော အကျိုးကျေးဇူး ရှိကုန်၏။ ဣဒမ္ပိ သံယေ = အယံ ဧဝ သံဃော = ဤလေးယောက်အစုံ ဂုဏ်မဟိဒ္ဓိ အရိယဇာတ် သံဃာတော်မြတ်သည်သာလျှင်။ ပဏီတံ = လောကီဥစ္စာ ရတနာတို့ထက် သာလွန်မြင့်မြတ်သော။ ရတနံ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာကြီးအစစ် ရတနာတော်ကြီး ဖြစ်ပေ၏။ ဧတေန သစ္စေန = ဤသို့ မဖောက်မပြန် အမှန်ကိုသာ ဆိုရသောသစ္စာကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာအစီးအပွါးသည်။ ဟောတု = ဖြစ်ပါစေသတည်း။

(ဤ၌။ ။အရိယာ တရာ့ရှစ်ပါး ကောက်ယူပုံမှာ- မဂ္ဂဋ္ဌာန် = မဂ်၌တည်သော အရိယာလေးပါး, ဖလဋ္ဌာန် = ဖိုလ်၌တည်သော အရိယာလေးပါးတို့ ရှိရာဝယ် (မဂ္ဂဋ္ဌာန်အရိယာ လေးပါးကို အသာထား၍) ဖလဋ္ဌာန်အရိယာလေးပါးတို့တွင် ၁-သောတာပတ္တိဖလဋ္ဌာန် = သောတာပန် အရိယာပုဂ္ဂိုလ်သည် (က) ဧကဗိဇီသောတာပန်= ဘဝမျိုးစေ့ တဘဝသာရှိသော သောတာပန်၊ (ခ) ကောလံကောလ သောတာပန် = နှစ်ဘဝ သုံးဘဝမှ ခြောက်ဘဝတိုင် ဘဝမျိုးစေ့ ကျန်ရှိသေးသော သောတာပန်၊ (ဂ) သတ္တက္ခတ္တုပရမ သောတာပန် = အလွန်ဆုံး ခုနစ်ကြိမ် ဘဝမျိုးစေ့ ကျန်ရှိသေးသော သောတာပန်ဟူ၍ သုံးမျိုးအပြားရှိ၏။ ထိုသုံးမျိုးတို့ကို ပဋိပဒါလေးမျိုးတို့ဖြင့် မြှောက်ပွါးသော် သောတာပန် ၁၂-ပါးဖြစ်၏။ (တရားအားထုတ်သည်မှ နီဝရဏကွာသည်တိုင်အောင် ဤအတွင်းသည် ပဋိပဒါခေတ်ဖြစ်သည်။ နီဝရဏကွာပြီးသည်နောက် မဂ်ဉာဏ်ရောက်အောင် အဘိညာ (=ထူးသော ဝိပဿနာဉာဏ်ပညာ)၏ ခေတ်ဖြစ်သည်။ ပဋိပဒါခေတ်၌ မပင်မပန်း ချမ်းသာလွယ်ကူစွာ နီဝရဏကို ခွါနိုင်သော ပုဂ္ဂိုလ်ကို သုခပဋိပဒါရှိသော ပုဂ္ဂိုလ်ဟုခေါ်၏၊ ထိုပဋိပဒါခေတ်၌ ခဲယဉ်းငြိုငြင်စွာ နီဝရဏကို ခွါရသောပုဂ္ဂိုလ်ကို ဒုက္ခပဋိပဒါရှိသော ပုဂ္ဂိုလ်ဟု ခေါ်၏။ အဘိညာခေတ်၌ နီဝရဏကွာပြီးနောက် မဂ်သို့ လျင်စွာရောက်သော ဝိပဿနာ ဉာဏ်ပညာရှိသောသူကို ခိပ္ပါဘိညပုဂ္ဂိုလ်ဟု ခေါ်၏။ နီဝရဏကွာပြီးနောက် မဂ်သို့ နှေးကန်စွာရောက်သော ဝိပဿနာ ဉာဏ်ပညာရှိသောသူကို ဒန္ဓာဘိညပုဂ္ဂိုလ်ဟု ခေါ်၏။ ၁-လွယ်ကူစွာ နီဝရဏကို ခွါနိုင်၍ မဂ်ဉာဏ်သို့ လျင်မြန်စွာရောက်သော



၇၇၈

ပုဂ္ဂိုလ်ကို သုခပဋိပဒါခိပ္ပါဘိညပုဂ္ဂိုလ်ဟု ခေါ်၏။ ၂-လွယ်ကူစွာ နီဝရဏကို ခွါနိုင်ပြီးနောက် နှေးကန်စွာ မဂ်သို့ရောက်သော ပုဂ္ဂိုလ်ကို သုခပဋိပဒါဒန္ဓာဘိညပုဂ္ဂိုလ်ဟု ခေါ်၏။ ၃-ခဲယဉ်းငြိုငြင်စွာ နီဝရဏကို ခွါပြီးနောက် မဂ်ဉာဏ်သို့ လျင်မြန်စွာရောက်သော ပုဂ္ဂိုလ်ကို ဒုက္ခပဋိပဒါခိပ္ပါဘိညပုဂ္ဂိုလ်ဟု ခေါ်၏။ ၄-ခဲယဉ်းငြိုငြင်စွာ နီဝရဏကို ခွါပြီးနောက် နှေးကန်စွာ မဂ်သို့ရောက်သော ပုဂ္ဂိုလ်ကို ဒုက္ခပဋိပဒါဒန္ဓာဘိညပုဂ္ဂိုလ်ဟု ခေါ်၏။ သောတာပန်အရိယာ တမျိုးမျိုးလျှင် ဤပဋိပဒါလေးပါးဖြင့် မြှောက်ပွါး၍ ယူရသဖြင့် သောတာပန် ၁၂-ပါးဖြစ်၏။

သကဒါဂါမ် အရိယာသည်လည်း ကာမသကဒါဂါမ်, ရူပသကဒါဂါမ်, အရူပသကဒါဂါမ်ဟူ၍ သုံးမျိုးပြား၏။ ထိုသုံးမျိုးတို့ကို ပဋိပဒါလေးမျိုးတို့ဖြင့် မြှောက်ပွါးသော် သကဒါဂါမ်အရိယာ ၁၂-ပါးဖြစ်၏။ သောတာပန် ၁၂-ပါး သကဒါဂါမ် ၁၂-ပါးတို့ကိုရည်၍ နိသျ၌ “ဒွါဒ,ဒွါဒ”ဟု ရေးသားလေသည်။

အနာဂါမ်အရိယာသည် ၁-အန္တရာပရိနိဗ္ဗာယီအနာဂါမ်၊ ၂-ဥပဟစ္စပရိနိဗ္ဗာယီအနာဂါမ်၊ ၃-သသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်၊ ၄-အသင်္ခါရပရိနိဗ္ဗာယီ အနာဂါမ်၊ ၅-ဥဒ္ဓံသောတအကနိဋ္ဌဂါမီ အနာဂါမ်ဟူ၍ ငါးမျိုးပြား၏။ အနာဂါမ်အရိယာတို့နေရာ သုဒ္ဓါဝါသ ငါးဘုံတို့ရှိရာ အဝိဟာဘုံ၌ အနာဂါမ်ငါးမျိုး, အတပ္ပါဘုံ၌ အနာဂါမ်ငါးမျိုး, သုဒဿာဘုံ၌ အနာဂါမ်ငါးမျိုး, သုဒဿီဘုံ၌ အနာဂါမ်ငါးမျိုး, အကနိဋ္ဌဘုံ၌ (ဥဒ္ဓံသောတအကနိဋ္ဌဂါမီ အနာဂါမ်ကိုနုတ်၍ ကျန်သော) အနာဂါမ်လေးမျိုးတို့ကို ရအပ်ကုန်ရကား အနာဂါမ်အရိယာပေါင်း ၂၄-ပါးဖြစ်၏။

ရဟန္တာအရိယာသည် ၁-သုက္ခဝိပဿကရဟန္တာ = ဈာန်အဘိညာဏ်မပါ ဝိပဿနာသက်သက်သာရှိသော ရဟန္တာ၊ ၂-သမထယာနိကရဟန္တာ = ဈာန်အဘိညာဏ် သမာဓိယာဉ်ရှိသော ရဟန္တာဟူ၍ နှစ်မျိုးပြား၏။ ယင်းသို့ အနာဂါမ်အရိယာ ၂၄-ပါး ရဟန္တာအရိယာ ၂-ပါးတို့ကိုရည်၍ နိသျ၌ “ဇောဝီ,ဒွနှင့်”ဟု ရေးသားလေသည်။ (ဇောဝီ = ၂၄-ပါး၊ ဒွ = ၂-ပါးဟု ဆိုလိုသည်)။

ဆိုအပ်ပြီးသည့် သောတာပန် အရိယာ ၁၂-ပါး, သကဒါဂါမ် အရိယာ ၁၂-ပါး, အနာဂါမ် အရိယာ ၂၄-ပါး, ရဟန္တာအရိယာ ၂-ပါးတို့နှင့် မဂ္ဂဋ္ဌာန်အရိယာ ၄-ပါးတို့ကို ပေါင်းသော် ၅၄-ပါးဖြစ်၏။ ထို၅၄-ပါးကို သဒ္ဓါဓုရ, ပညာဓုရ ၂-ပါးတို့ဖြင့် မြှောက်ပွါးသော်

၇၇၉

(သဒ္ဓါဓုရအရိယာ ၅၄-ပါး, ပညာဓုရအရိယာ ၅၄-ပါးဟု ဆိုလိုသည်) အဋ္ဌသတံအရ အရိယာပုဂ္ဂိုလ်ပေါင်း တရာ့ရှစ်ပါးဖြစ်၏။ ။သုတ္တနိပါတအဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၂၈၁, ၂၈၂-ရတနသုတ်အဖွင့်မှ ထုတ်နုတ်ဖော်ပြသည်)။

(၇) ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊

နိက္ကာမိနော ဂေါတမသာသနမှိ။

တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊

လဒ္ဓါ မုဓာ နိဗ္ဗုတိ ဘုဉ္ဇမာနာ။

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

     (၇) ဂေါတမသာသနမှိ = ဂေါတမ- မည်သာ စောမြတ်စွာ၏ သာသနာတော်တွင်း၌။ ယေ ခီဏာသဝါ = အကြင်ပါပက အာသဝရေကြီး တွေတွေစီးကို နေမီးနှုန်းအပ် ဘုန်းအရဟတ်၏ ဆုံးသတ်ဂုဏ်စွမ်း အကုန်ခန်းတော်မူကြသော ရဟန္တာ အရှင်မြတ်တို့သည်။ ဒဠှေန = ကျောက်ဖြင့်ပြီးသော တောင်ကြီးအသွင် အလွန်လျှင် မြဲမြံခိုင်ခံ့လှစွာသော။ မနသာ = သမာဓိမဂ္ဂင် ယှဉ်တော်မူသော စိတ်ဖြင့်။ သုပ္ပယုတ္တာ = ကောင်းကောင်းမွန်မွန် လွန်စွာမြဲမြံ ကျင့်ကြံအားထုတ်တော်မူကြကုန်သည်ဖြစ်၍။ နိက္ကာမိနော = သမ္မာဒိဋ္ဌိ အမှူးရှိသော ဝီရိယအဟုန်ဖြင့် ဥဿုံသော ကိလေသာနှောင်အိမ်မှ တရှိန်တည်း လွတ်မြောက်တော်မူကြလေကုန်ပြီ။ တေ ခီဏာသဝါ = ထိုရဟန္တာ အရှင်မြတ်တို့သည်။ ပတ္တိပတ္တာ = ရတုံလတ်သော အရဟတ္တဖိုလ်ကြီး နဂိုရ်ထီးကို ခိုမှီးတဖန် (ဝင်စားသောအားဖြင့်) ရတော်မူကြပြန်ကုန်သည်ဖြစ်၍။ အမတံ = သေခြင်းကင်းသဖြင့် အချင်းခပ်သိမ်း ငြိမ်းချမ်းသာယာလှသော နိဗ္ဗာန်ကို။ ဝိဂယှ = မပြတ်မလပ် အထပ်ထပ်လျှင် အရဟတ္တဖိုလ်ဇောတို့ဖြင့် အာရုံပြုကုန်၍။ မုဓာ = သွားခရီးကို အားကြီးမှောင့်ယောင့် တားဆီးနှောင့်တတ်သော တထောင့်ငါးရာ ကိလေသာရန်သူ မာန်မမူနိုင်သောအားဖြင့်။ လဒ္ဓါ = အပြီးအပိုင် လက်ကိုင်ရတော်မူကုန်သည်ဖြစ်၍။ နိဗ္ဗုတိံ = မီးဆယ့်တရပ် ကြွင်းမဲ့သတ်သော အရဟတ္တဖိုလ်ချမ်းသာကို။ ဘုဉ္ဇမာနာ = ကြည်သာရွှင်လန်း



၇၈၀

ချမ်းချမ်းမြမြ ခံစားတော်မူကြကုန်၏။ ဣဒမ္ပိ သံဃေ = အယံ ဧဝ သံဃော =ဤပါပက အာသဝရေကြီး တွေတွေစီးကို နေမီးနှုန်းအပ် ဘုန်းအရဟတ်၏ ဆုံးသတ်ဂုဏ်စွမ်း အကုန်ခန်းတော်မူကြသော ရဟန္တာသံဃာတော်သည်သာလျှင်။ ပဏီတံ = လောကီဥစ္စာ ရတနာတို့ထက် သာလွန်မြင့်မြတ်သော။ ရတနံ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာကြီးအစစ် ရတနာတော်ကြီးဖြစ်ပေ၏။ ဧတေန သစ္စေန = ဤသို့ မဖောက်မပြန် အမှန်ကိုသာ ဆိုရသောသစ္စာကြောင့်။ ပါဏိနံ = သတ္တဝါတို့အား။ သုဝတ္ထိ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာအစီးအပွါးသည်။ ဟောတု = ဖြစ်ပါစေသတည်း။

(၈) ယထိန္ဒခီလော ပထဝိဿိတော သိယာ၊

စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။

တထူပမံ သပ္ပုရိသံ ဝဒါမိ၊

ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

     (၈) ပထဝိဿိတော = တဆယ့်ခြောက်တောင် ဖွဲ့ရိုးဆောင်၍ ရှစ်တောင်ထဲလှိုက် မြေဝင်စိုက်အပ်သော။ ဣန္ဒခီလော = မြဲမြံကြံ့ခိုင် တံခါးတိုင်သည်။ စတုဗ္ဘိ ဝါတေဟိ = လေးမျက်နှာက ပက်ပါစူးစူး ဟူးဟူးခုန်စိုင်း အုံကာဝိုင်းသော မှုန်မှိုင်းမပြေ မုန်တိုင်းလေတို့ကြောင့်။ အသမ္ပကမ္မိယော = အနည်းငယ်မျှ ဗယ်,ညာတိမ်းပါး ယိမ်းယိုင်၍မသွားနိုင်သည်။ သိယာ ယထာ = ဖြစ်သကဲ့သို့။ ယော သပ္ပုရိသော = အရိယမဂ်လမ်း ထက်စခန်းသို့ တက်လှမ်းကာမှီ လာဝသီနှင့် ပါရမီပြည့်ကြောင်း ယူမြော်ညောင်းသော အကြင် သူတော်ကောင်း သောတာပန်ပုဂ္ဂိုလ်သည်။ အရိယသစ္စာနိ = ဒု, သ, နိ, မဂ် = လေးချက်သင်္ချာ အရိယသစ္စာတို့ကို။ အဝေစ္စ = ပဌမမဂ် ဉာဏ်ဖြင့်သက်၍။ ပဿတိ = မြင်၏။ တံ သပ္ပုရိသံ = ထိုသူတော်ကောင်း သောတာပန်ပုဂ္ဂိုလ်ကို။ တထူပမံ = ထို လာဘော, အလာဘော, ယသော, အယသော သို့စသောအားဖြင့်



၇၈၁

လောကဓံရှစ်ထွေ မုန်တိုင်းလေတို့ကြောင့် အခြေတိမ်းပါး ယိမ်းယိုင်၍မသွားနိုင်သော တံခါးတိုင်ကြီးနှင့်တူ၏ဟူ၍။ အဟံ = ငါဘုရားသည်။ ဝဒါမိ = ဟော၏။ ဣဒမ္ပိ သံဃေ = အယံ ဧဝ သံဃော = ဤသူတော်ကောင်း သောတာပန် သံဃာတော်သည်သာလျှင်။ ပဏီတံ = လောကီဥစ္စာ ရတနာတို့ထက် သာလွန်မြင့်မြတ်သော။ ရတနံ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာကြီးအစစ် ရတနာတော်ကြီး ဖြစ်ပေ၏။ ဧတေန သစ္စေန = ဤသို့ မဖောက်မပြန် အမှန်ကိုသာ ဆိုရသောသစ္စာကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာအစီးအပွါးသည်။ ဟောတု = ဖြစ်ပါစေသတည်း။

(၉) ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊

ဂမ္ဘီရပညေန သုဒေသိတာနိ။

ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊

န တေ ဘဝံ အဋ္ဌမမာဒိယန္တိ။

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

     (၉) ယေ သောတာပန္နာ = အကြင်မိစ္ဆာဒိဋ္ဌိ ဝိစိကိစ္ဆာ ယှဉ်ကာမကပ် စင်စွာပြတ်ကြကုန်သော သတ္တက္ခတ္တုပရမ သောတာပန် ပုဂ္ဂိုလ်တို့သည်။ ဂမ္ဘီရပညေန = မြေအောက်, ရေအောက်, လေတလျှောက်နှင့် အစောက်လဟာ အောက်အဇဋာကို ဖောက်ကာထွက်လေ နက်လေလေကဲ့သို့ တွက်ရေမဆုံး အနှုန်းမစပ် မြတ်ပုညဝန် ဂုဏ်တံခွန်ကြောင့် အလွန်နက်နဲစူးရှသော ဉာဏ်ပညာရှိတော်မူသော မြတ်စွာဘုရားသည်။ သုဒေသိတာနိ = နက်နက်နဲနဲ ခဲခဲကြိတ်ကြိတ် စိတ်စိတ်ဖြာဖြာ ကျိုးကြောင်းရှာ၍ ကောင်းစွာ ဟောကြားတော်မူအပ်ကုန်သော။ အရိယသစ္စာနိ = မြတ်လည်းမြတ်သော ဆတ်ဆတ်ဧကန် မှန်လည်းမှန်သော လေးတန်ထင်ရှား မြတ်တရားတို့ကို။ ဝိဘာဝယန္တိ = မင်္ဂလာတန်ဆောင် ပညာရောင်ဖြင့် ထင်သာအောင် ပြုတော်မူကြလေကုန်၏။



၇၈၂

တေ သောတာပန္နာ = ထိုသတ္တက္ခတ္တုပရမ သောတာပန် ပုဂ္ဂိုလ်တို့သည်။ ဘုသံ ပမတ္တာ = လွန်လွန်မင်းမင်း သွန်ဆင်းအာရုံ ကာမဂုဏ်တို့၌ ခုံမင်မြူးထူး မေ့လျော့ကြူးကုန်သည်။ ကိဉ္စာပိ ဟောန္တိ = အကယ်၍ကား ဆယ်ရေးတရေး ဖြစ်တတ်ကြကုန်သေး၏။ တထာပိ = ထိုသို့ မြူးထူးမေ့လျော့၍ မူးရစ်ကာမဂုဏ် ဖြစ်တတ်ကြကုန်သော်လည်း။ တေ သောတာပန္နာ = ထိုသတ္တက္ခတ္တုပရမ သောတာပန်ပုဂ္ဂိုလ်တို့သည်။ အဋ္ဌမံ ဘဝံ = ခုနစ်ကြိမ်ထက် ဖြစ်ချိန်မရောက် ခေတ်ရှိန်ပျောက်၍ ရှစ်ကြိမ်မြောက်ဖြစ်သော ဘဝကို။ န အာဒိယန္တိ = မယူကြကုန်။ ဣဒမ္ပိ သံဃေ = အယံ ဧဝ သံဃော = ဤသတ္တက္ခတ္တုပရမ သောတာပန် သံဃာတော်သည်သာလျှင်။ ပဏီတံ = လောကီဥစ္စာ ရတနာတို့ထက် သာလွန် မြင့်မြတ်သော။ ရတနံ = လောကီ လောကုတ္တရာ မွန်မြတ်သော မင်္ဂလာကြီးအစစ် ရတနာတော်ကြီး ဖြစ်ပေ၏။ ဧတေန သစ္စေန = ဤသို့ မဖောက်မပြန် အမှန်ကိုသာ ဆိုရသောသစ္စာကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာအစီးအပွါးသည်။ ဟောတု = ဖြစ်ပါစေသတည်း။

(၁၀) သဟာဝဿ ဒဿနသမ္ပဒါယ၊

တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ။

သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ၊

သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။


(၁၁) စတူဟ+ပါယေဟိ စ ဝိပ္ပမုတ္တော၊

ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ။

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

     (၁၀) အဿ = ထိုသောတာပန်ဟု နာမံတော်ရှိ ဂုဏ်ထူးသိအပ်သော အရိယာပုဂ္ဂိုလ်မြတ်သည်။ ဒဿနသမ္ပဒါယ = သောတာပတ္တိ မျှို့ဦးရှိသား အရိယာမဂ် ထိန်လက်ဝိုးဝင်း ပြည့်စုံခြင်းနှင့်။ သဟာဝ = တပြိုင်နက်သာလျှင်။



၇၈၃

ဇဟိတာ = သုတ်သင်ရှင်းလင်း ကင်းကင်းပြတ်ပြတ် စွန့်ပယ်အပ်ကုန်သော။ ဓမ္မာ = ဘဝကြီးငယ် အသွယ်သွယ်၌ တွယ်တွယ်ငြိငြိ ဖိလျက်ကြိတ်လျက် တနှိပ်စက်တည်း နှိပ်စက်သော တရားတို့သည်။ သက္ကာယဒိဋ္ဌိ = ခန္ဓာရုပ်နာမ် သမုဋ္ဌာန်ကို “ရူပံ အတ္တတော သမနုပဿတိ” အစရှိသည်ဖြင့် ငါ၏ဥစ္စာ ငါဟုယူမှား နှစ်ဆယ်သော သက္ကာယဒိဋ္ဌိတရား၎င်း။ ဝိစိကိစ္ဆိတဉ္စ = သဿတုစ္ဆေဒ အဓိစ္စသမုပ္ပန် သွင်သဏ္ဌာန်စသည်တို့ကို ထောက်ခံသဟဲပြု၍ “ဤယခု ငါ အတိတ်က ဖြစ်ဘူးပါလေ၏လော” သို့စသော အတိတ်ငါးရပ်, အနာဂတ်ငါးတန်, ပစ္စုပ္ပန်ခြောက်ပါး အပေါင်းအားဖြင့် ၁၆- ပါးသော ယုံမှားခြင်း..၊ ဗုဒ္ဓ, ဓမ္မ, သံဃ, သိက္ခာ ပုဗ္ဗာ, ပရန် ပုဗ္ဗန္တာပရန္တ ပဋိစ္စသမုပ္ပါဒ် = ပေါင်းရှစ်ရပ်၌ ရစ်ပတ်ယုံမှားခြင်း.. ယင်းသို့ ၁၆- ပါး, ၈- ပါး ဖြစ်ပွါးလာဘိ ယုံမှားရှိသော ဝိစိကိစ္ဆာတရား၎င်း။ သီလဗ္ဗတံ ဝါပိ = နွားတို့အကျင့် ခွေးအကျင့်ကား သင့်မြတ်လှစွာ သံသရာမှ မြန်စွာငြိမ်းအေး လွတ်မြောက်ရေး- ဟု တွေးမှားသော သီလဗ္ဗတပရာမာသတရား၎င်း။ ဣတိ = ဤသို့။ တယော = သုံးပါးတို့သည်။ အဿ ဘဝန္တိ = ဖြစ်ကုန်၏။ ကိဉ္စိ = စိုးစဉ်းအနည်းငယ် မကြီးကျယ်သော။ ယံ ကိလေသဇာလံ = အကြင် ကိလေသာတည်းဟူသော ကွန်ယက်သည်။ အတ္ထိ = ရှိ၏။ တမ္ပိ = ထိုကိလေသာတည်းဟူသော ကွန်ယက်ကိုလည်း။ ဇဟိတံ = စွန့်ပယ်အပ်ပြီ။ (တနည်းကား) ကိဉ္စိ = မကြီးမကျယ် အနည်းငယ်သာလျှင်ဖြစ်သော။ ကိလေသဝဋ္ဋံ = ကာမဂုဏ်၌ အာရုံလှည့်ကာ ငြိပွေလာသော ကိလေသာဝဋ်တရားသည်။ ယဒိ အတ္ထိ = ကိုယ်၌တွယ်လျက် အကယ်၍ကား ကျန်ရှိငြားသေး၏။ တထာပိ = ထိုသို့ကိုယ်ဝယ် အနည်းငယ်မျှ တွယ်တွယ်ငြိငြိ ကိလေသာရှိသေးသော်လည်း -

     (၁၁) သော = ထိုသောတာပန် ပုဂ္ဂိုလ်သည်။ စတူဟိ = လေးပါးကုန်သော။ အပါယေဟိ = တိရစ္ဆာန်,ပြိတ္တာ သူရကာ,နရက် ကြောက်မက်စဖွယ် အပါယ်ဘေးကြီးတို့မှ။ ဝိပ္ပမုတ္တော = မယွင်းမချွတ် စင်းလုံးကျွတ်အောင် ကင်းလွတ်တော်မူရလေပြီ။



၇၈၄

= ခြောက်ပါးကုန်သော။ အဘိဌာနာနိ စ = ပဉ္စာနန္တရိယ အညသတ္ထာရုဒ္ဒိဿ ခြောက်ဝသင်္ချာ ရုန့်ရင်းသော အရာတို့ကိုလည်း။ ကာတုံ = ပြုခြင်းငှါ။ အဘဗ္ဗော = မထိုက်။ ဣဒမ္ပိ သံဃေ = အယံ ဧဝ သံဃော = ဤသောတာပန်ဟု နာမံတော်ရှိ ဂုဏ်ထူးသိအပ်သော အရိယသံဃာတော်သည်သာလျှင်။ ပဏီတံ = လောကီဥစ္စာ ရတနာတို့ထက် သာလွန်မြင့်မြတ်သော။ ရတနံ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာကြီးအစစ် ရတနာတော်ကြီး ဖြစ်ပေ၏။ ဧတေန သစ္စေန = ဤသို့ မဖောက်မပြန် အမှန်ကိုသာ ဆိုရသောသစ္စာကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာအစီးအပွါးသည်။ ဟောတု = ဖြစ်ပါစေသတည်း။

(၁၂) ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ၊

ကာယေန ဝါစာ ဥဒ စေတသာ ဝါ။

အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊

အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ။

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

     (၁၂) သော = ထိုသစ္စာလေးရပ် တရားမြတ်ကို တပ်အပ်ထင်ထင် ဆတ်ဆတ်မြင်သော အရှင်အရိယာ သောတာပန်ပုဂ္ဂိုလ်သည်။ ကာယေန ဝါ = ကိုယ်ဖြင့်၎င်း။ ဝါစာ = ဝါစာယ ဝါ = နှုတ်ဖြင့်၎င်း။ ဥဒ = ထိုမြို့။ စေတသာ ဝါ = ကိုယ်လည်းမလှုပ် နှုတ်လည်းမမြွက် စိတ်သက်သက်ဖြင့်၎င်း။ ပါပကံ = မှေးမှေးမှိန်မှိန် သေးသိမ်ယုတ်ညံ့သော။ ကမ္မံ = အကုသိုလ်နု မကောင်းမှုကို။ ကိဉ္စာပိ ကရောတိ = အကယ်၍ကား တိမ်းပါးခဲ့ရေး ပြုလုပ်မိတတ်သေး၏။ တထာပိ = ထိုသို့ သတိလွတ်ကင်း ချွတ်ယွင်းတိမ်းပါး ပြုလုပ်မိငြားသော်လည်း။ သော = ထိုသောတာပန်ပုဂ္ဂိုလ်သည်။ တဿ = ထိုမိမိပြုသော မကောင်းမှု အနည်းငယ်ကို။ ပဋိစ္ဆဒါယ = မပြောပလောက် ပျောက်လွယ်ပြီးလွယ် အနည်းငယ်သာတကားဟု ဖုံးကွယ်လျှို့ဝှက်ခြင်းငှါ။ အဘဗ္ဗော = မထိုက်။



၇၈၅

ဒိဋ္ဌပဒဿ = ဘေးခပ်သိမ်းတို့ ငြိမ်းရာအမှန် မြင်အပ်ပြီးသော နိဗ္ဗာန်ရှိသော သောတာပန်ပုဂ္ဂိုလ်၏။ အဘဗ္ဗတာ = ပြုမိသမျှ မှုပါပကို ကာယ, ၀စီ, မနသီဖြင့် ထိုဤကောက်ကျစ် ဖုံးလွှမ်းခြင်းငှါ မထိုက်သည်၏အဖြစ်ကို။ သတ္ထာရာ = ငါတို့ဆရာ အစိန္တေယျ ဘုရားမြတ်စွာသည်။ ဝုတ္တာ = ဟောကြားတော်မူအပ်ပြီ။ ဣဒမ္ပိ သံယေ = အယံ ဧဝ သံဃော = ဤသစ္စာလေးရပ် တရားမြတ်ကို တပ်အပ်ထင်ထင် ဆတ်ဆတ်မြင်သော အရှင်အရိယာ သောတာပန် သံဃာသည်သာလျှင်။ ပဏီတံ = လောကီဥစ္စာ ရတနာတို့ထက် သာလွန်မြင့်မြတ်သော။ ရတနံ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာကြီးအစစ် ရတနာတော်ကြီး ဖြစ်ပေ၏။ ဧတေန သစ္စေန = ဤသို့ မဖောက်မပြန် အမှန်ကိုသာ ဆိုရသောသစ္စာကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = လောကီ လောကုတ္တရာ မွန်မြတ်စွာသော မင်္ဂလာ အစီးအပွါးသည်။ ဟောတု = ဖြစ်ပါစေသတည်း။

(၁၃) ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊

ဂိမှာန မာသေ ပဌမသ္မိ ဂိမှေ။

တထူပမံ ဓမ္မဝရံ အဒေသယိ၊

နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ။

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

     (၁၃) ဂိမှာနံ = ဥဏှဂူ၏ ဂုဏ်ယူပြင်းပြ နွေလေးလတို့တွင်။ ပဌမသ္မိံ ဂိမှေ = ရှေးဦးအစ နွေကာလဖြစ်သော။ မာသေ = စိတြနှင့် မိဿရာသီ ခါညီဝေါဟာ ဂေါဇာအသစ် သက္ကရာဇ်ပြောင်းကူး နှစ်နှောင်းဦးသား တန်းခူးခေါ်ဝေါ်သောလ၌။ ဖုဿိတဂ္ဂေ = ခါညီစရိုက် ရာသီလိုက်၍ အကိုက်ညွန့်ရှင် လန်းလန်းရွှင်လျက် ဝန်းကျင်ပတ်ကုံး ရှုမြင်၍မဆုံးနိုင်အောင် ပင်လုံးကျွတ်ပွင့်သော အဖျားရှိသော။ ဝနပ္ပဂုမ္ဗေ = လေပြင်းမုန်တိုင်း အုံကာဆိုင်းလည်း ကိုင်းချင်းခက်ချင်း တက်ဆင်းယှဉ်တွဲ အေးယာဉ်လွှဲသို့ နွှဲကာအီကာ လေပြည်လာလည်း သာယာလူးလွန့်



၇၈၆

ဖူးအညွန့်တို့ မြူးကွန့်ကြရုံ မြူခိုးမှုန်လည်း အုံတဝိုင်းဝိုင်း ဆိုင်းတမို့မို့ မှိုင်းညို့ညို့နှင့် နှစ်မြို့ဖွယ်ရှိလှသော တောအုပ်ကြီးသည်။ သသိရိကော ယထာ = စိမ့်စမ်းစွေသွန် ရေတံခွန်နှင့် လေဝှန်လောင်းသုတ် ရွက်ဟောင်းပြုတ်၍ ကျေးနှုတ်အသွင် ရွက်သစ်ပြင်လျက် ပင်ငယ်တသီး ပင်ကြီးတရပ် ပင်လတ်တချို့ ကင်းငုံစို့နှင့် အချို့ကြီးရင့် သီးကာပွင့်သဖြင့် လွင့်တကြိုင်ကြိုင် မြိုင်ဟေမဝန် မွှေးပေါင်းသွန်၍ အလွန်လျှင် နှစ်သက်ဖွယ် ရှုချင်ဖွယ် တင့်တယ်လှပသော အသရေရှိသကဲ့သို့။ တထူပမံ = ထိုတောအုပ်ကြီးသဖွယ် တင့်တယ်စွာလှ ကလျာဏသုံးစုံ သဒ္ဒါလင်္ကာရ အတ္ထာလင်္ကာရ တည်းဟူသော ပန်းရနံ့တို့နှင့် ပြည့်စုံသော။ နိဗ္ဗာနဂါမိံ = ခန္ဓာကောင်ကြီး တောက်လောင်မီးကို ဆီး၍ငြိမ်းကာ နိဗ္ဗုတာသို့ လျင်စွာဖြောင့်မတ် ရောက်စေတတ်သော။ ဓမ္မဝရံ = ဝိမုတ္တိရသ တပါးပြလျက် ဓမ္မ,ဝိနယာ နှစ်ပါးလာသား သုံးဖြာပိဋကတ် ငါးရပ်နိကာယ် အင်ကိုးသွယ်နှင့် အကျယ်ထုတ်ပြန် ဓမ္မက္ခန်ပေါင်း လေးထောင်ဆောင်းလျက် ရှစ်သောင်းအရေအတွက်ရှိသော ပရိယတ္တိ တရားတော်မြတ်ကို။ ပရမံ ဟိတာယ = အလွန်မြတ်သော ပရမတ်သဘော လောကုတ္တရာ ဥစ္စာစီးပွါး ကြီးမား ဖြစ်ထွန်းစေခြင်း အကျိုးငှါ။ ဘဂဝါ = မြတ်စွာဘုရားသည်။ အဒေသယိ = ဩဃ, ယောဂ နစ်မွန်းကြသော ဒုက္ခိတသတ္တဝါ ဝေနေယျာတို့အား ကရုဏာရှေးရှူ ဟောကြားတော်မူလေပြီ..။ ဣဒမ္ပိ ဗုဒ္ဓေ = အယံ ဧဝ ဗုဒ္ဓေါ = ဤဩဃ, ယောဂ နစ်မွန်းကြသော ဒုက္ခိတသတ္တဝါ ဝေနေယျာတို့အား ကရုဏာရှေးရှူ ဟောကြားတော်မူပေသော လူသုံးဦးတို့ကိုးကွယ်ရာ အစိန္တေယျ ဘုရားမြတ်စွာသည်သာလျှင်။ ပဏီတံ = ဝိသိဋ္ဌတရ အတိဣဋ္ဌမောဠီ သောဘိဏီဖြစ်၍ လောကီဥစ္စာ ရတနာတို့ထက် သာလွန်မြင့်မြတ်သော။ ရတနံ = ပစ္စုပ္ပန်နှင့် သံသရာကောင်းကျိုး တိုးထက်တိုးအောင် မြတ်နိုးဖွယ်ရာ ကိုးကွယ်ရာသော မင်္ဂလာကြီးအစစ် လောကုတ္တရာ ရတနာတော်ကြီး ဖြစ်ပေ၏။ ဧတေန သစ္စေန = ဤသို့ မဖောက်မပြန် အမှန်ကိုသာ ဆိုရသောသစ္စာကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = ဘေးရန်ဟူ၍ မြူမငွေ့ပဲ ပြကတေ့ ကျန်းကျန်းမာမာ



၇၈၇

ချမ်းချမ်းသာသာ လောကီ လောကုတ္တရာ မင်္ဂလာအစီးအပွါးသည်။ ဟောတု = ဖြစ်ပါစေသတည်း။

(၁၄) ဝရော ဝရညူ ဝရဒေါ ဝရာဟရော၊

အနုတ္တရော ဓမ္မဝရံ အဒေသယိ။

ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

     (၁၄) ဝရော = သဗ္ဗညုတ မကုဋကုဋ အတုလရန်နိုင် ဉာဏ်မဏ္ဍိုင်ကို ပြိုင်ဖော်မယူ ပိုင်တော်မူသဖြင့် တဆူဓမ္မရာဇ် မင်းဆုံးဖြစ်၍ စင်စစ်လွန်ကဲ ထူးမြတ်တော်မူထသော။ ဝရညူ = မြတ်စွာလှသော ပရမဂမ္ဘီ သန္တီခေမံ နေရဗာန်ကို ရွှေဉာဏ်တော်တွင်း သွင်းလျက်သွင်းလျက် ဝင်းဝင်းလက်မျှ မျက်မှောက်ထိမိ ကိုယ်တော်တိုင် သိတော်မူထသော။ ဝရဒေါ = ကာမ, ရူပ, အရူပ- ဟု လူတကွနတ် သုံးဘုံရပ်သူတို့အား မြတ်သောအကျိုးကို ပေးတော်မူထသော။ ဝရာဟရော = ကာမ, ရူပ, အရူပ- ဟု လူတကွနတ် သုံးဘုံရပ်သူတို့၏ မြတ်သောအကျိုးကို ဆောင်တော်မူထသော။ အနုတ္တရော = လူနတ်ဗြဟ္မာ ဘုံသုံးရွာ၌ နှုန်းရာမရှိ အမိတပရမ ပစိတကြောင့် အသဒိသပုဂ္ဂိုလ် ထုတ်ဆိုပတ်ကုံး မစပ်နှုန်းနိုင်အောင် အမြတ်ဆုံး ဖြစ်တော်မူသော ရှင်ပင်ဘုရားသည်။ ဓမ္မဝရံ = မဂ်,ဖိုလ်,နိဗ္ဗာန် ဓမ္မက္ခန်ကျယ်ဝင့် နယ်ကုန်ဖွင့်အပ်သည့် ဆယ်ဆင့်သောတရားတော်မြတ်ကို။ အဒေသယိ = မှောင်အဝိဇ္ဇာ မပိတ်ကာစိမ့် စိတ်ဖြာခွဲဝေ ဟောကြားတော်မူလေပြီ။ ဣဒမ္ပိ ဗုဒ္ဓေ = အယံ ဧဝ ဗုဒ္ဓေါ = ဤလူ,နတ်,ဗြဟ္မာ ဘုံသုံးရွာ၌ နှုန်းရာမရှိ အမိတပရမ ပစိတကြောင့် အသဒိသပုဂ္ဂိုလ် ထုတ်ဆိုပတ်ကုံး မစပ်နှုန်းနိုင်အောင် အမြတ်ဆုံးဖြစ်တော်မူသော ရှင်တော်ဘုရားသည်သာလျှင်။ ပဏီတံ = ဝိသိဋ္ဌတရ အတိဣဋ္ဌမောဠီ သောဘိဏီဖြစ်၍ လောကီဥစ္စာ ရတနာတို့ထက် သာလွန် မြင့်မြတ်သော။ ရတနံ = ပစ္စုပ္ပန်နှင့် သံသရာကောင်းကျိုး တိုးထက်တိုးအောင် မြတ်နိုးဖွယ်ရာ ကိုးကွယ်ရာသော မင်္ဂလာကြီးအစစ် လောကုတ္တရာ ရတနာတော်ကြီး ဖြစ်ပေ၏။



၇၈၈

ဧတေန သစ္စေန = ဤသို့ မဖောက်မပြန် အမှန်ကိုသာ ဆိုရသောသစ္စာကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = ဘေးရန်ဟူ၍ မြူမငွေ့ပဲ ပြကတေ့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ လောကီ လောကုတ္တရာ မင်္ဂလာအစီးအပွါးသည်။ ဟောတု = ဖြစ်ပါစေသတည်း။

(၁၅) ခီဏံ ပုရာဏံ န၀ နတ္ထိ သမ္ဘဝံ၊

ဝိရတ္တစိတ္တာယတိကေ ဘဝသ္မိံ။

တေ ခီဏဗီဇာ အဝိရုဠှိဆန္ဒာ၊

နိဗ္ဗန္တိ ဓီရာ ယထယံ ပဒီပေါ။

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊

ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

     (၁၅) ယေသံ ခီဏာသဝါနံ = အကြင် တရားကိုယ်အားဖြင့် ထိုထိုမလွတ် ဂေါတြဘူနယ်ကုန် ဘုံအားဖြင့် ဘဝဂ်တိုင် တက်နိုင် ဆုတ်နစ် မြှုပ်နှစ်ကာမျှော အာသဝေါတို့၏ ကြာတောမိုးရေ ကွာလျှောကြွေသကဲ့သို့ ပရမေဘုန်းတန်း အဆုံးခန်းတော်မူကြသော ရဟန္တာအရှင်မြတ်တို့အား။ ပုရာဏံ = အာသဝဆူလျှမ်း မယူမှန်းနိုင်သဖြင့် သူကာဏ်းဝိုးဝါး ခရီးလမ်းသွားသကဲ့သို့ မှားချည်မှန်ချည် သံသရာမြင့်ရှည်အောင် လည်ရခြင်းအကြောင်း အတိတ်က ကောင်း,မကောင်းခဲ့သည့် အဟောင်းဖြစ်သော ကုသိုလ်ကံ, အကုသိုလ်ကံသည်။ ခီဏံ = မဂ်ပုဆိန်ဖြင့် တရှိန်တည်း ခုတ်ထစ် နုတ်ပစ်၍ အငုတ်အမြစ်နှင့်တကွ ကုန်ပြီ။ နဝံ သမ္ဘဝံ = တရံတဆစ် တဖန်ဖြစ်လတ္တံ့သော အသစ်ကုသိုလ်ကံ, အကုသိုလ်ကံသည်လည်း။ နတ္ထိ = မရှိ။ အာယတိကေ = လာလတ္တံ့သော။ ဘဝသ္မိံ = ဘဝခန္ဓာ သံသရာ၌။ ဝိရတ္တစိတ္တာ = တပ်ခြင်းကင်းသဖြင့် အချင်းခပ်သိမ်း ချစ်ဖွယ်ခင်ဖွယ် နှစ်သက်ဖွယ်ဟု မတွယ်တာသော စိတ်ရှိတော်မူကုန်၏။ ခီဏဗီဇာ = မျိုးသီးလုံးကို မီးအုံးသောပုံ, ပြုတ်သောပုံကဲ့သို့ ကုန်ပြီးသော ပဋိသန္ဓေမျိုးစေ့ ရှိတော်မူကုန်၏။ အဝိရုဠှိဆန္ဒာ = သံသရာအဓွန့် ကွန့်ကွန့်လည်လည် အညွန့်ရှည်အောင် မစည်ပင် မကြီးပွါး နည်းပါးကင်းပြတ်သော



၇၈၉

အလိုဆန္ဒရှိတော်မူကုန်၏။ အယံ ပဒီပေါ = ထိန်တပြောင်ပြောင် ရှိန်ရောင်ညီးညီး ဤဆီမီးသည်။ နိဗ္ဗုတော ယထာ = သွားရာမမြင် ဤတွင်ပျောက်ပြေ ငြိမ်းသေလေသကဲ့သို့။ (ဤစာပိုဒ်ကို ဟောစဉ်ခဏ လိစ္ဆဝီမင်းတို့ ထွန်းထားသော ဆီမီးငြိမ်းသည်ကို သက်သေဥပမာညွှန်ပြ၍ ဟောခြင်းဖြစ်သည်)။ ဓီရာ = သမာဓိဂုဏ် အင်စုံကြီးရင့် ဉာဏ်မျက်စိ ပွင့်တော်မူကုန်သော။ တေ ခီဏာသဝါ = ထိုရဟန္တာ အရှင်မြတ်တို့သည်။ နိဗ္ဗန္တိ = ခန္ဓာပျက်ကိန်း လက်စသိမ်း၍ အငြိမ်းကြီး ငြိမ်းတော်မူကြလေကုန်ပြီ။ ဣဒမ္ပိ သံဃေ = အယံ ဧဝ သံဃော = ဤတရားကိုယ်အားဖြင့် ထိုထိုမလွတ် ဂေါတြဘူနယ်ကုန် ဘုံအားဖြင့် ဘဝဂ်တိုင် တက်နိုင်ဆုတ်နစ် မြှုပ်နှစ်ကာမျှော အာသဝေါတို့၏ ကြာတောမိုးရေ ကွာလျှောကြွေသကဲ့သို့ ပရမေဘုန်းတန်း အဆုံးခန်းတော်မူသော ရဟန္တာ သံဃာတော်သည်သာလျှင်။ ပဏီတံ = ဝိသိဋ္ဌတရ အတိဣဋ္ဌမောဠီ သောဘိဏီဖြစ်၍ လောကီဥစ္စာ ရတနာတို့ထက် သာလွန်မြင့်မြတ်သော။ ရတနံ = ပစ္စုပ္ပန်နှင့် သံသရာကောင်းကျိုး တိုးထက်တိုးအောင် မြတ်နိုးဖွယ်ရာ ကိုးကွယ်ရာသော မင်္ဂလာကြီးအစစ် လောကုတ္တရာ ရတနာတော်ကြီး ဖြစ်ပေ၏။ ဧတေန သစ္စေန = ဤသို့ မဖောက်မပြန် အမှန်ကိုသာ ဆိုရသောသစ္စာကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = ဘေးရန်ဟူ၍ မြူမငွေ့ပဲ အရှေ့လောကဓာတ်မှ တက်လတ်သော ဘာနုမရာဇာ စကြာနေမင်းသည် ဆီးနှင်း, မြူ, တိမ်, သူရိန်, မီးခိုး ရန်မျိုးနှင့်မကြိမ်ရ၍ နိမ္မလလက္ခဏာ ရှိသကဲ့သို့ ပြကတိ ပွင့်လန်း၍ ချမ်းသာတကာတို့ အထွတ်အဖျား ဘုရား, ပစ္စေကဗုဒ္ဓါ, အရိယာသာဝက အမိတဘဂျဝန် ဘဝန္တဂု = သုံးဌာနဆုတို့တွင် တခုခုအလိုရှိအပ်သော အဓိဋ္ဌာန်ဖြင့် နိဗ္ဗာန်တိုင်အောင်သော လောကီ လောကုတ္တရာ မင်္ဂလာအစီးအပွါးသည်။ ဟောတု = ဖြစ်ပါစေသတည်း။

(၁၆) ယာနီဓ ဘူတာနိ သမာဂတာနိ၊

ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။

တထာဂတံ ဒေဝမနုဿပူဇိတံ၊

ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။



၇၉၀

     (၁၆) ဘုမ္မာနိ = ဗိမာန်ဘုံဆောင် ဂုဏ်ရောင်ကြက်သရေ ဘုန်းမိုးစွေလျက် မြေ၌ တည်ကုန်သော။ ယာနိ ဘူတာနိ ဝါ = အကြင် ဘုမ္မစိုး, ရုက္ခစိုး တန်ခိုးကြီးမြတ် စတုမဟာရာဇ်, တာဝတိံသာ- စသောနတ်တို့သည်၎င်း။ အန္တလိက္ခေ = တန်ခိုးဂုဏ်ရောင် ဘုံဆောင်ကွန့်ဝဲ ပန်းဆိုင်းဆွဲသကဲ့သို့ လွန်ကဲဣဒ္ဓိပါဒ် ကောင်းကင်ရပ်၌။ ဌိတာနိ = အာဏာလွှမ်းမိုး အုပ်စိုးတည်နေကြကုန်သော။ ယာနိ ဘူတာနိ ဝါ = အကြင် ယာမာအစ အကနိဋ္ဌအဆုံး ပေါင်းရုံးများစွာ နတ်ဗြဟ္မာတို့သည်၎င်း။ ဣဓ = ဤပရိတ်တော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်ရာ အရပ်သို့။ သမာဂတာနိ = အညီအညာ စည်းဝေးလာကြကုန်၏။ တေ မယံ = ထိုသို့ညီညာ ရောက်လာသမျှ ဂါရဝညွတ်ပျောင်း အကျွန်ုပ် နတ်အပေါင်းတို့သည်။ တထာဂတံ = ရှေးရှေးသခင် နောင်တော်ရှင် တို့ကဲ့သို့ အစဉ်သဖြင့် လာခြင်းကောင်းတော်မူသော။ ဒေဝမနုဿပူဇိတံ = ဗြဟ္မာ,နတ်,လူ = သုံးဘုံသူတို့ ကြည်ဖြူကော်ရော် ရှိပူဇော်အပ်သော။ ဗုဒ္ဓံ = သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားကုန်စင် ကိုယ်တော်တိုင် မြင်ပြီး၍, အကြင်နတ်လူ သုံးဘုံသူတို့အားလည်း နယူပဒေ မူသေပေးအပ် သိစေတော်မူတတ်သော = နှစ်ရပ်ထုတ်ပြ ပုဒ်ဝစနကြောင့် ဗုဒ္ဓနာမံ ရွှေဘွဲ့တော်ခံအပ်သော သယမ္ဘူထွတ်ထား အစိန္တေယျ မြတ်စွာဘုရားကို။ နမဿာမ = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်ကြပါကုန်၏။ တေန = ထိုသို့ ရှိခိုးပူဇော်ကြသော ပဏာမစေတနာ၏ မဟာနုဘော် ဂုဏ်တေဇော်ကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = ဘေးရန်ဟူ၍ မြူငွေ့မသန်း ကျန်းမာချမ်းသာခြင်းသည်။ ဟောတု = ဖြစ်ပါစေသတည်း။

(၁၇) ယာနီဓ ဘူတာနိ သမာဂတာနိ၊

ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။

တထာဂတံ ဒေဝမနုဿပူဇိတံ၊

ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။

     (၁၇) ဘုမ္မာနိ = ဗိမာန်ဘုံဆောင် ဂုဏ်ရောင်ကြက်သရေ ဘုန်းမိုးစွေလျက် မြေ၌ တည်ကုန်သော။



၇၉၁

ယာနိ ဘူတာနိ ဝါ = အကြင်ဘုမ္မစိုး ရုက္ခစိုး တန်ခိုးကြီးမြတ် စတုမဟာရာဇ်, တာဝတိံသာ- စသောနတ်တို့သည်၎င်း။ အန္တလိက္ခေ = တန်ခိုးဂုဏ်ရောင် ဘုံဆောင်ကွန့်ဝဲ ပန်းဆိုင်းဆွဲသကဲ့သို့ လွန်ကဲဣဒ္ဓိပါဒ် ကောင်းကင်ရပ်၌။ ဌိတာနိ = အာဏာလွှမ်းမိုး အုပ်စိုးတည်နေကြကုန်သော။ ယာနိ ဘူတာနိဝါ = အကြင်ယာမာအစ အကနိဋ္ဌအဆုံး ပေါင်းရုံးများစွာ နတ်ဗြဟ္မာတို့သည်၎င်း။ ဣဓ = ဤပရိတ်တော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်ရာ အရပ်သို့။ သမာဂတာနိ = အညီအညာ စည်းဝေးလာကြကုန်၏။ တေ မယံ = ထိုသို့ညီညာ ရောက်လာသမျှ ဂါရဝညွတ်ပျောင်း အကျွန်ုပ် နတ်အပေါင်းတို့သည်။ တထာဂတံ = ယုတ်မာဆိုးတောင်း ကိလေပေါင်းကို ပြတ်တောင်းစင်ကြယ် ပယ်သောအခြင်းအရာအားဖြင့်ဖြစ်သော။ ဒေဝမနုဿပူဇိတံ = ဗြဟ္မာ, နတ်, လူ = သုံးဘုံသူတို့ ကြည်ဖြူကော်ရော် ရှိပူဇော်အပ်သော။ ဓမ္မံ = မိမိဟူသော ဖြူစင်ကုသိုလ် တရားကိုလျှင် ရိုသေသဖြင့် ကျင့်သောသူအား ပါယ်လေးပါးသို့ မလားရအောင် ဆောင်ယူပြီးလျက် ၀ဋ်မှထွက်စေတတ်သော မဂ်လေးတန် ဖိုလ်လေးတန် နိဗ္ဗာန် ပရိယတ် = ဆယ်ပါးသော တရားတော်မြတ်ကို။ နမဿာမ = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်ကြပါကုန်၏။ တေန = ထိုသို့ ရှိခိုးပူဇော်ကြသော ပဏာမစေတနာ၏ မဟာနုဘော် ဂုဏ်တေဇော်ကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = ဘေးရန်ဟူ၍ မြူငွေ့မသန်း ကျန်းမာချမ်းသာခြင်းသည်။ ဟောတု = ဖြစ်ပါစေသတည်း။

(၁၈) ယာနီဓ ဘူတာနိ သမာဂတာနိ၊

ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။

တထာဂတံ ဒေဝမနုဿပူဇိတံ၊

သံဃံ နမဿာမ သုဝတ္ထိ ဟောတု။

     (၁၈) ဘုမ္မာနိ = ဗိမာန်ဘုံဆောင် ဂုဏ်ရောင်ကြက်သရေ ဘုန်းမိုးစွေလျက် မြေ၌ တည်ကုန်သော။ ယာနိ ဘူတာနိ ဝါ = အကြင် ဘုမ္မစိုး ရုက္ခစိုး တန်ခိုးကြီးမြတ် စတုမဟာရာဇ်, တာဝတိံသာ- စသောနတ်တို့သည်၎င်း။ အန္တလိက္ခေ = တန်ခိုးဂုဏ်ရောင်



၇၉၂

ဘုံဆောင်ကွန့်ဝဲ ပန်းဆိုင်းဆွဲသကဲ့သို့ လွန်ကဲဣဒ္ဓိပါဒ် ကောင်းကင်ရပ်၌။ ဌိတာနိ = အာဏာလွှမ်းမိုး အုပ်စိုးတည်နေကြကုန်သော။ ယာနိ ဘူတာနိဝါ = အကြင်ယာမာအစ အကနိဋ္ဌအဆုံး ပေါင်းရုံးများစွာ နတ်ဗြဟ္မာတို့သည်၎င်း။ ဣဓ = ဤပရိတ်တော်မြတ် ရွတ်ဖတ်သရဇ္ဈာယ်ရာ အရပ်သို့။ သမာဂတာနိ = အညီအညာ စည်းဝေးလာကြကုန်၏။ တေ မယံ = ထိုသို့ညီညာ ရောက်လာသမျှ ဂါရဝညွတ်ပျောင်း အကျွန်ုပ် နတ်အပေါင်းတို့သည်။ တထာဂတံ = ကိုယ်ကျိုးစီးပွါး လွန်ကြီးမားအောင် တရားသဖြင့် ကောင်းစွာ ကျင့်တော်မူပေသော။ ဒေဝမနုဿပူဇိတံ = ဗြဟ္မာ, နတ်, လူ = သုံးဘုံသူတို့ ကြည်ဖြူကော်ရော် ရှိပူဇော်အပ်သော။ သံဃံ = ကံကြီး,ငယ်ကို နှီးနွယ်အတူ ဆောင်တော်မူသော အယူသီလ ကလျာဏပုထုဇဉ် သံဃာတော်အရှင်နှင့်တကွ သခင်ပရမတ် မြတ်လှစွာတောင်း အရိယာ သံဃာတော်မြတ်အပေါင်းကို။ နမဿာမ = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်ကြပါကုန်၏။ တေန = ထိုသို့ ရှိခိုးပူဇော်ကြသော ပဏာမစေတနာ၏ မဟာနုဘော် ဂုဏ်တေဇော်ကြောင့်။ ပါဏီနံ = သတ္တဝါတို့အား။ သုဝတ္ထိ = ဘေးရန်ဟူ၍ မြူငွေ့မသန်း ကျန်းမာချမ်းသာခြင်းသည်။ ဟောတု = ဖြစ်ပါစေသတည်း။

ရတနသုတ် နိဂုံးချုပ် အာသီသလင်္ကာ

ယံကိဉ်, ခယံ, ယံဗုဒ်, ယေပုဂ်၊

ယေသုပ်, ယထိန်, ယေရီ, သဟာ။

ကိဉ္စာ, ဝနပ်, ဝရော, ခီဏံ၊

ဝန္ဒာမိ သိရသာမဟံ-

အခံမူလ ယာနီဓ-နှင့် အာသီသဝတ် ယွင်းမချွတ်ပဲ ရွတ်ဖတ်ကြလေ၊ ကပ်သုံးထွေကို ဝေသာလီတွင် နိဒါန်းတင်တိုင်း အလျင်ဆောစွာ ကင်းစေပါလိမ့်..။ ကမ္မဝါသော ပဗ္ဗာသောဟု နောပဒေသ နေမကျအောင် ဖွေဆစမ်းဝါး မဆန်းပြားလင့်..။ ဘုရားရှင်ပင်



၇၉၃

စီရင်ဓမ္မစက် ရွှေနှုတ်ထွက်ထက် ထက်မြက်ပုံရည် ခုံအတည်ကို ယုံကြည်သူတို့ ဂုဏ်ရည်ညို့လိမ့်..။ ထို့ကြောင့်အန္တရာယ် စင်ကြယ်လိုသူ များရှင်လူတို့ အတူမရ ဂုဏ်ပေါင်းပြသား ရတနသုတ်ခေါ် ပရိတ်တော်ကို ပူဇော်မြတ်နိုး ယုံကြည်ကိုး၍- ရိုးရိုးရွတ်,နာစေကုန်သောဝ်။

(ဤရတနသုတ် အနက်နိသျနှင့် အာသီသလင်္ကာကို “မြင်းခြံမြို့ ၉-ဆောင်မူ မဟာပရိတ်တော်ကြီး နိသျသစ်ကျမ်း”မှ ထုတ်နုတ် ဖော်ပြအပ်ပါသည်)။

အခဏ်း ၄၂-ပြီး၏။

ဤတွင်ရွေ့ ဓမ္မရတနာအခဏ်း ပြီး၏။

ဤတွင်ရွေ့ကား မဟာဗုဒ္ဓဝင် ပဉ္စမတွဲတည်း။

**********