မဟာဗုဒ္ဓဝင်/အခန်း- ၃၄

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
အခန်း- ၃၄

၃၀၈

အခဏ်း-၃၄

ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ သတ္တရသမဝါ

ကပ်တော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း အာဠဝကဘီလူးကို ဆုံးမ ချေချွတ်တော်မူပြီးလျှင် သောဠသမဝါကို အာဠဝီပြည်၌ ကပ်တော်မူကာ ဝေနေယျ သတ္တဝါတို့အား ချေချွတ် ဆုံးမတော်မူ၍ ထိုဝါကျွတ်လတ်သောအခါ အာဠဝီပြည်မှ ခရီးဒေသစာရီ ကြွချီတော်မူခဲ့၍ အစဉ်သဖြင့် ရာဇဂြိုဟ်ပြည်သို့ ရောက်ရှိတော်မူပြီးလျှင် ထိုရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတိုက်၌ သတ္တရသမ (=တဆယ့်ခုနစ်ခုမြောက်)ဝါ ကပ်ဆိုသီတင်းသုံး နေတော်မူလေ၏။

သိရိမာပြည့်တန်းဆာမအကြောင်း အကျဉ်းချုပ်

ဤ၌ သိရိမာ ပြည့်တန်းဆာမအကြောင်း အကျဉ်းချုပ်ကို ရှေးဦးစွာ သိထားသင့်၏၊ အကြောင်းအရာ အကျဉ်းချုပ်မှာ.. ဝေသာလီပြည်၌ အမ္ဗပါလီ ပြည့်တန်းဆာမကို အကြောင်းပြု၍ မြို့ပြပြည်ရွာ တင့်တယ်ပုံကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသဖြင့် ရာဇဂြိုဟ်ပြည်မှ ကုန်သည်ကြီးအသင်းဝင် သူဌေးအပေါင်းသည် ရာဇဂြိုဟ်ပြည်သို့ ရောက်ရှိကြသောအခါ မိမိတို့ပြည်၌လည်း ပြည့်တန်းဆာမ ထားရှိသင့်ကြောင်း ဗိမ္ဗိသာရမင်းကြီးအား လျှောက်ထားကြ၍ မင်းကြီးက ထားရှိရန် တာဝန်ပေး ခွင့်ပြုသောအခါ အလွန် အဆင်းလှသည့် သာလဝတီမည်သော မိန်းမကို ပြည့်တန်းဆာမ အဆောင်အယောင်ဖြင့် မင်းအသိအမှတ်ပြု ပြည့်တန်းဆာမ ခန့်ထားကြလေသည်။ ထိုသာလဝတီ ပြည့်တန်းဆာမကို တညဉ့်ပျော်ပါး သွားလာလိုလျှင် ငွေအသပြာ ကျပ်တရာ ပေးရလေသည်။

ထိုသာလဝတီ ပြည့်တန်းဆာမမှ ရှေးဦးစွာ သားယောက်ျားတယောက် ဖွားမြောက်လာသောအခါ



၃၀၉

ထိုသားငယ်ကို လမ်းမ၌ လူမသိအောင် စွန့်ပစ်ထားသည်ကို အဘယမင်းသား ကောက်ယူကာ မွေးစား၍ ဇီဝက-ဟု အမည်မှည့်လေသည်။ ထိုဇီဝကသူငယ် အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာ့အထံ၌ ဆေးပညာကို တဖက်ကမ်းရောက် သင်ကြားတတ်မြောက်၍ နောက်တချိန်တွင် သမားတော်ဇီဝက (=ဆေးဆရာကြီး ဇီဝက)ဟု ယနေ့တိုင် ထင်ရှားကျော်ကြားလေသည်။

ထိုသာလဝတီ ပြည့်တန်းဆာမမှ ဒုတိယအကြိမ် သမီးတယောက် ဖွားမြင်ပြန်ရာ ထိုသမီးကိုကား အမိ၏ လုပ်ငန်းဖြစ်သည့် ပြည့်တန်းဆာမအလုပ်ကို ပြုလုပ်နိုင်မည်ဖြစ်သဖြင့် (သား-ဇီဝကတုန်းကကဲ့သို့) စွန့်ပစ်မှု မပြုတော့ပဲ ကောင်းစွာမွေးမြု၍ ထားခဲ့လေသည်။ သိရိမာ-ဟူ၍လည်း အမည်မှည့်လေသည်။ အမိဖြစ်သူ သာလဝတီ ပြည့်တန်းဆာမ ကွယ်လွန်သောအခါ သမီးဖြစ်သူ သိရိမာသည်ပင် မိခင်၏ အရာဖြစ်သော မင်းအသိအမှတ်ပြု ပြည့်တန်းဆာမရာထူးကို ရရှိလေသည်။ ထိုသိရိမာ ပြည့်တန်းဆာမကို တနေ့တာ မြူးထူးပျော်ပါး သွားလာလိုသော သူများသည် ငွေကျပ် အသပြာတထောင် ပေးကြရလေသည်။ ဤကား သိရိမာ ပြည့်တန်ဆာမအကြောင်း အကျဉ်းချုပ်တည်း။

သိရိမာပြည့်တန်းဆာမကို အကြောင်းပြု၍

တရားဟောတော်မူခြင်း

     မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်းတိုက်၌ သတ္တရသမ (=ဆယ့်ခုနစ်ခုမြောက်)ဝါ ကပ်ဆိုသီတင်းသုံး နေထိုင်တော်မူသောအခါ ထိုရာဇဂြိုဟ်ပြည်၌ သိရိမာ ပြည့်တန်းဆာမသည် အလွန်အဆင်းလှသူ ဖြစ်လေသည်၊ အထူးအားဖြင့်- ထိုသိရိမာ ပြည့်တန်းဆာမသည် တခုသောဝါတွင်း (=မိုးတွင်း)ကာလဝယ် သုမနသူဌေးကြီး၏ ချွေးမ = ပုဏ္ဏသူဌေးကြီး၏သမီး သောတာပန် အရိယာဖြစ်သော ဥတ္တရာ ဥပါသိကာမအပေါ်၌ ပြစ်မှားမိ၍ ထိုဥတ္တရာကို ကြည်စေလို (=ကျေနပ်စေလို)ရကား



၃၁၀

ဥတ္တရာ၏အိမ်၌ ရဟန်း သံဃာနှင့်တကွ ဆွမ်းကိစ္စ ပြုတော်မူပြီးသော မြတ်စွာဘုရားရှင်ကို ကန်တော့ (သည်းခံစေ)ပြီးလျှင် ထိုနေ့ မှာပင် မြတ်စွာဘုရားရှင်၏ ဆွမ်းအနုမောဒနာတရားကို ကြားနာရ၍ “အက္ကောဓေန ဇိနေ ကောဓံ” အစရှိသော တရားဂါထာအဆုံး၌ သောတာပတ္တိဖိုလ်သို့ ရောက်ရှိခဲ့လေသည်။ ။(ဤကား အကျဉ်းမျှတည်း၊ အကြောင်းအရာ အကျယ်ကို သံဃရတနာခဏ်း ဥပါသိကာဝင် နန္ဒမာတာ ဥတ္တရာဥပါသိကာ အခဏ်းသို့ရောက်မှ ရေးသားဖော်ပြပေအံ့)။

     သိရိမာပြည့်တန်းဆာမသည် သောတာပတ္တိဖိုလ်သို့ ရောက်ရှိပြီး နောက်တနေ့၌ ဘုရားအမှူးရှိသော သံဃာတော်အား ပင့်ဖိတ်ကာ ကြီးစွာသော အလှူဒါနကို ပေးပြီးလျှင် ထိုနေ့မှ အစပြု၍ သံဃာတော် ရှစ်ပါး ရှစ်ပါးအား နိဗဒ္ဓဆွမ်းအလှူကို ပေးလှူလေသည်၊ ပဌမ ပင့်ဖိတ်သည့်နေ့မှ အစပြုကာ နေ့စဉ် နေ့စဉ် အမြဲမပြတ် အလှည့်ကျသော ရဟန်းရှစ်ပါးတို့သည် သိရိမာ၏အိမ်သို့ ဆွမ်းအလို့ငှါ ကြွတော်မူကြရကုန်၏။ သိရိမာ ဒါယိကာမသည် “အရှင်ဘုရားတို့.. ထောပတ်ကို အလှူခံကြပါကုန်၊ နို့ရည်ကို အလှူခံတော်မူကြပါကုန်” ဤသို့ အစရှိသည်ဖြင့် သဒ္ဓါကြည်ညိုစကား လျှောက်ထားပြီးလျှင် ထိုအလှည့်ကျ ရဟန်းရှစ်ပါးတို့အား သပိတ်အပြည့် လောင်းလှူလေသည်။ သို့ရကား ရဟန်းတပါး (သိရိမာအိမ်မှ) ရရှိသောဆွမ်းသည် ရဟန်း သုံးပါး လေးပါး စားလောက်လေသည်။ သိရိမာသည် နေ့စဉ် နေ့စဉ် ငွေအသပြာ တဆယ့်ခြောက်ကျပ် တဆယ့်ခြောက်ကျပ် အကုန်ခံကာ ဆွမ်းလှူလေသည်။

     တနေ့သောအခါ ရဟန်းတပါးသည် သိရိမာ၏အိမ်၌ အလှည့်ကျ ရဟန်းရှစ်ပါးတွင် တပါးအပါအဝင်ဖြစ်ကာ ဆွမ်းဘုဉ်းပေးပြီးနောက် ရာဇဂြိုဟ်ပြည်မှ သုံးယူဇနာအထက်၌ရှိသော = သုံးယူဇနာကျော် ဝေးကွာသော ကျောင်းတိုက်တခုသို့ ရောက်ရှိလေ၏။ ထို့နောက် ညနေချမ်းအခါ မထေရ်ကြီးအား ဆည်းကပ်ဝတ်ပြုရာဌာန၌ ထိုင်နေသော ထိုအာဂန္တုရဟန်းကို



၃၁၁

သီတင်းသုံးဖော် ရဟန်းတော်တို့က “ငါ့ရှင်.. အဘယ်အရပ်၌ ဆွမ်းကို ခံယူသုံးဆောင်၍ ကြွလာခဲ့သနည်း”ဟု ပဋိသန္ဓာရ (=အစေ့အစပ်)စကား ပြောကြား မေးမြန်းကြလေသော် အာဂန္တုရဟန်းသည် “ငါ့ရှင်တို့.. ငါသည် သိရိမာ၏ သံဃာရှစ်ပါးအား နိဗဒ္ဓလှူဒါန်းအပ်သော ဆွမ်းကိုစားပြီး လာခဲ့ပါသည်”ဟူ၍ ဖြေကြားလေ၏။ တဖန် ရဟန်းများက “ငါ့ရှင်.. သိရိမာသည် နှစ်သက်ဖွယ်ဖြစ်အောင်ပြု၍ ပေးလှူပါ၏လော”ဟု မေးကြပြန်သောအခါ အာဂန္တုရဟန်းသည် “ငါ့ရှင်တို့.. ထိုသိရိမာ၏ဆွမ်းကို အကုန်အစင် ချီးမွမ်းခြင်းငှါ မတတ်နိုင်ပါ၊ အလွန့်ထက်အလွန် မွန်မြတ်အောင် ကောင်းအောင် ပြု၍ လှူဒါန်းပါသည်၊ ရဟန်းတပါး ရရှိအပ်သော ဆွမ်းသည် ရဟန်း သုံးပါး လေးပါးပင် စားလောက်ပါသည်။ အထူးအားဖြင့် ထိုသိရိမာ ပြည့်တန်းဆာမ၏ လှူဖွယ်ဝတ္ထုထက် သူမကို မြင်ရခြင်းကပင် သာလွန်၍ မြတ်လှပါသည်။ မှန်၏- ထိုသိရိမာမိန်းမသည် ဤသို့ဤသို့သော အဆင်းလက္ခဏာ အင်္ဂါကြီးငယ် တင့်တယ်ပြည့်ဝသူ ဖြစ်ပါသည်”ဟု ထိုသိရိမာ၏ ဂုဏ်ကျေးဇူးများကို ချီးမွမ်းပြောဆိုလေ၏။

     ထိုအခါ ရဟန်းတပါးသည် သိရိမာ၏ ဂုဏ်ကျေးဇူးနှင့်စပ်သော စကားကို ကြားရ၍ သိရိမာကို မမြင်ရပဲပင် ချစ်ခင်ခြင်းကို ဖြစ်စေလျက် “ငါသွား၍ သိရိမာကို ကြည့်ရှုမှ သင့်တော်မည်”ဟု ကြံစည်စဉ်းစားမိကာ မိမိ၏ဝါစဉ်ကို ထိုအာဂန္တုရဟန်းအား ပြောကြား၍ ထိုအာဂန္တုရဟန်းကို (သိရိမာ၏အိမ်၌ ယခုရောက်ဆဲ သံဃာတည်စဉ်) = ထေစဉ်ကို မေးလေလျှင် အာဂန္တုရဟန်းက “ငါ့ရှင်.. သင် ယခုသွားလျှင် နက်ဖြန်ခါအတွက် သိရိမာ၏အိမ်၌ သံဃထေရ်ဖြစ်ကာ အဋ္ဌကဘတ် (=သံဃာရှစ်ပါးအား လှူဒါန်းအပ်သည့်ဆွမ်း)ကို ရပေလိမ့် မည်”ဟု ဖြေဆိုသည့်စကားကို ကြားသိရ၍ ထိုခဏမှာပင် သပိတ်သင်္ကန်းကို ယူဆောင်ကာ ဖဲသွားပါသော်လည်း (ထိုနေ့ညဉ့် ရာဇဂြိုဟ်သို့ မရောက်နိုင်ပဲ ကြိုးစား၍သွားသဖြင့်) နံနက်စောစော အရုဏ်တက်ချိန်မှာပင် စာရေးတံမဲရုံသို့ဝင်၍ ရပ်တည်လေလျှင်



၃၁၂

သံဃမထေရ်ဖြစ်၍ သိရိမာ၏အိမ်၌ အဋ္ဌကဆွမ်းကို စာရေးတံမဲကျ၍ ရရှိလေသည်။

     အထူးအားဖြင့်- ယမန်နေ့က ဆွမ်းလှည့်ကျ၍ သိရိမာ၏ဆွမ်းကို ဘုဉ်းပေးပြီး ခရီးထွက်သွားသော ထိုရဟန်း၏ ခရီးထွက်သွားချိန်မှာပင် သိရိမာ၏ကိုယ်၌ သေမည့်အနာရောဂါ စွဲကပ်ဖြစ်ပွါးလာလေသည်။ သို့ရကား သိရိမာသည် ဆင်ယင်မြဲဖြစ်သော အဆင်တန်းဆာတို့ကို ချွတ်၍ အိပ်ရာညောင်စောင်း၌ လျောင်းစက်ကာ နေရရှာ၏။ ထို့နောက် သိရိမာ၏ အိမ်စေကျွန်မတို့သည် အဋ္ဌကဆွမ်း စာရေးတံမဲကျ ရရှိ၍ ကြွလာသော ရဟန်းရှစ်ပါးတို့ကို မြင်ကြသဖြင့် သိရိမာအား အကြောင်းကို ပြောကြားကြလေသော် သိရိမာသည် မိမိလက်ဖြင့် (ရှေးရှေးနေ့များကကဲ့သို့) သပိတ်တို့ကိုယူ၍ ရဟန်းတို့အား နေရာပေးရန် ပြုစုလုပ်ကျွေးရန် မတတ်နိုင်ရှာတော့သည်ဖြစ်၍ အိမ်စေကျွန်မတို့ကို “အမိတို့.. အရှင်မြတ်တို့၏ သပိတ်များကို ဆီးကြိုယူငင်ကြလျက် အရှင်မြတ်တို့အား နေရာထိုင်ခင်းများ ပေးကြပြီးလျှင် ယာဂုကို ရှေးဦးစွာ ကပ်လှူကြပြီးနောက် ခဲဖွယ် (=မုံ့)များကို ပေးလှူကြ၍ ဆွမ်းချိန်ကျသောအခါ သပိတ်များအပြည့် ဆွမ်းထည့်လှူကြပါကုန်လော့”ဟု လျောင်းစက်ရင်းကပင် စေခိုင်းရှာလေသည်။

     အိမ်စေကျွန်မတို့သည် “ကောင်းပါပြီ အရှင်မ..”ဟု ဝန်ခံကြ၍ ရဟန်းတို့ကို အိမ်တွင်းသို့ ပင့်ခဲ့ကြပြီးလျှင် ရှေးဦးစွာ ယာဂုတိုက်ကျွေးကြပြီးနောက် ခဲဖွယ် (=မုံ့)များကို ဆက်ကပ်ပေးလှူကြ၍ ဆွမ်းချိန်ကျသောအခါ သပိတ်များအပြည့် ဆွမ်း, ဆွမ်းဟင်းများ ထည့်ပြီးသော် သိရိမာအား ထိုအကြောင်းကို ပြောကြားကြလေကုန်၏။ သိရိမာသည် “အမိတို့.. ငါ့ကို ပွေ့ချီကြ၍ အရှင်မြတ်များအနီးသို့ ပို့ဆောင်ကြပါကုန်၊ ငါသည် အရှင်မြတ်တို့ကို ရှိခိုးပါဦးအံ့”ဟု ပြော၍ အိမ်စေကျွန်မတို့က ပွေ့ချီကြကာ ရဟန်းများအနီးသို့ ပို့ဆောင်အပ်ရကား ပကတိမတည်နိုင်ပဲ တုန်လှုပ်သောကိုယ်ဖြင့် ရဟန်းတို့ကို ရိုသေမြတ်နိုး ရှိခိုးလေ၏။



၃၁၃

     သိရိမာကို မမြင်ရပဲပင် ချစ်ခင်၍နေသော ထိုရဟန်းသည် သိရိမာကို စူးစူးစိုက်စိုက် ကြည့်ရှု၍ “မကျန်းမာပဲလျက်ပင်သော်မှလည်း ဤသိရိမာ၏ ရုပ်ရည်အဆင်း တင့်တယ်ခြင်းသည် ဤသို့ လှပတင့်တယ်သော သဘောရှိသေး၏၊ အနာရောဂါကင်းရှင်း ကျန်းမာသောအခါ၌ အလုံးစုံသော အဆင်တန်းဆာဖြင့် တန်းဆာဆင်အပ်သော ဤသိရိမာ၏ ရုပ်ရည်အဆင်း တင့်တယ်ခြင်း ကြက်သရေကား ဘယ်လိုများ ရှိချေမည်နည်း”ဟု ကြံစည်မိလေ၏။ ထိုအခါ ထိုရဟန်း၏သန္တာန်၌ နှစ်-ကုဋေပေါင်းများစွာ စုဆောင်း၍ ထားအပ် သကဲ့သို့သော ရာဂကိလေသာသည် ထကြွသောင်းကျန်း ဖြစ်ပွါး၍ လာလေ၏။ ထိုရဟန်းသည် မည်သည့် အရာကိုမျှ မသိနိုင်တော့ပဲ ဆွမ်းကိုလည်း မစားနိုင်တော့ပဲ သပိတ်ကို ယူဆောင်၍ ကျောင်းတိုက်သို့ ပြန်သွားပြီးလျှင် သပိတ်ကိုပိတ်၍ တနေရာ၌ ထားပြီးသော် သင်္ကန်းကိုဖြန့်ခင်း၍ စင်းစင်းကြီး လျောင်းစက်လေတော့၏။ ထိုအခါ ထိုရဟန်းကို အဖော်ရဟန်းတပါးပါးကမျှ တောင်းပန်အပ်ပါသော်လည်း ဆွမ်းစားစေခြင်းငှါ မတတ်နိုင်ပဲ ရှိလေ၏၊ ထိုရဟန်းသည် ဆွမ်းအစာဖြတ် အငတ်ခံ၍ နေလေတော့၏။

     ထိုနေ့ ညနေချမ်းအခါမှာပင် သိရိမာသည် စုတိပြတ်ကြွေ သေလွန်လေ၏။ ဗိမ္ဗိသာရမင်းတရားသည် မြတ်စွာဘုရားရှင်၏ အထံတော်သို့ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဆရာဇီဝက၏နှမငယ် သိရိမာသည် စုတိပြတ်ကြွေ သေလွန်ခဲ့ပါပြီ”ဟု သတင်းစကား ပို့သလျှောက်ထားစေလေ၏။ မြတ်စွာဘုရားရှင်သည် ထိုအကြောင်းကို ကြားသိတော်မူ၍ မင်းကြီးထံသို့ “သိရိမာ၏ ဥတုဇရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်မှု မပြုလင့်ဦး၊ သူကောင်ပစ်ချရာ သုသာန်၌ ထိုသိရိမာ၏ ဥတုဇရုပ်ကလာပ်ကို ကျီး, ခွေး, မြေခွေး စသည်တို့ မစားနိုင်အောင် ပက်လက်သိပ်ထားလျက် စောင့်ရှောက်စေကြကုန်လော့”ဟု အမှာတော်စကား ပြန်ကြားတော်မူစေ၏။ မင်းကြီးသည်လည်း မြတ်စွာဘုရားရှင် မှာကြားတော်မူတိုင်းပင် ပြုလေ၏။



၃၁၄

     အစဉ်အတိုင်း သုံးရက်လွန်မြောက်၍ လေးရက်သို့ ရောက်လေလျှင် သိရိမာ၏ ဥတုဇရုပ်ကလာပ်သည် ဖူးဖူးရောင်ပွ ကြွ၍လာ၏၊ ကိုးပေါက်ဒွါရ အမာဝတို့မှ ပိုးလောက်တို့သည် တဖွားဖွားယိုထွက်၍ လာကြကုန်၏၊ တကိုယ်လုံးသည် ကွဲအက်ကာ သလေးထမင်းအိုးကဲ့သို့ ပွက်ပွက်ထ၍ လာလေ၏။ ထိုအခါ ဗိမ္ဗိသာရမင်းတရားသည် ရာဇဂြိုဟ်မြို့တော်အတွင်း၌ “အိမ်စောင့်ရန် ကလေးသူငယ်များကိုသာ ထား၍ ကျန်သည့်လူများ သိရိမာ၏ ဥတုဇရုပ်ကလာပ်ကို ကြည့်ရှုရန် လာရောက်ကြရမည်၊ မလာရောက်သူတို့အား ငွေအသပြာရှစ်ကျပ် ဒဏ်တပ်မည်”ဟု စည်လည်စေတော်မူ၏။ မြတ်စွာဘုရားရှင်၏ အထံတော်သို့လည်း “မြတ်စွာဘုရား အမှူးပြုသော ရဟန်းသံဃာတော်အပေါင်းသည် သိရိမာ၏ ဥတုဇရုပ်ကလာပ်ကို ကြည့်ရှုရန် ကြွလာတော်မူစေချင်ပါသည်”ဟု ပင့်လျှောက်စေလေသည်။

     မြတ်စွာဘုရားရှင်သည် ရဟန်းတို့အား “သိရိမာ၏ ဥတုဇရုပ်ကလာပ်ကို ကြည့်ရှုရန် သွားကြကုန်အံ့”ဟု မိန့်ကြားတော်မူလေ၏။ သိရိမာကို ချစ်ခင်၍နေသော ထိုရဟန်းငယ်သည်လည်း လေးရက်လုံးလုံး မည်သူ၏စကားကိုမျှ မနာယူပဲ အစာဖြတ် ဆွမ်းငတ်ခံ၍သာ လျောင်းစက်နေလေသည်၊ သပိတ်ထည်း၌ (လွန်ခဲ့သော လေးရက်က ခံယူထားအပ်သော) ဆွမ်းသည် ပုပ်သိုးလျက်ရှိချေပြီ၊ သပိတ်၌ အညစ်အကြေးများ ထလျက်ရှိချေပြီ၊ ထိုအခါ ထိုရဟန်းငယ်ကို သူငယ်ချင်းရဟန်းက “ငါ့ရှင်.. မြတ်စွာဘုရားရှင်သည် သိရိမာ၏ ဥတုဇရုပ်ကလာပ်ကို ကြည့်ရှုရန် ကြွတော်မူအံ့ဆဲဆဲ ဖြစ်သည်”ဟု ပြောကြားလေလျှင် ထိုစိတ္တဇရဟန်းငယ်သည် ထိုမျှလောက် ဆာလောင်မွတ်သိပ်ခြင်း အပြင်း နှိပ်စက်အပ်ပါလျက်လည်း “သိရိမာ”ဟူ၍ ပြောဆိုလိုက်လျှင်ပင် အဆောတလျင်ထ၍ “ငါ့ရှင်.. ဘာကို ပြောလိုက်သနည်း”ဟု မေးမြန်းလေ၏။ သူငယ်ချင်းရဟန်းက “ငါ့ရှင်.. မြတ်စွာဘုရားရှင်သည် သိရိမာကို ကြည့်ရှုရန် ကြွသွားတော်မူအံ့ဆဲဆဲ ဖြစ်လေသည်၊ ငါ့ရှင်သည်လည်း လိုက်ပါမည်လော”ဟု မေးမြန်းအပ်လေသော်



၃၁၅

“အိမ်း.. ငါလိုက်မည်”ဟု ပြောဆိုကာ ဆွမ်းသိုးကို စွန့်ပစ်လျက် သပိတ်ကိုဆေးကြော၍ သပိတ်အိတ်၌ ထည့်ပြီးလျှင် ရဟန်းသံဃာနှင့် အတူတကွ လိုက်ပါခဲ့လေ၏။

     မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက် သုသာန်အရပ်ဝယ် နံပါးတဖက်၌ ရပ်တည်တော်မူလေ၏။ ရဟန်းမအပေါင်းသည်၎င်း, မင်းပရိသတ်သည်၎င်း, ဥပါသကာ ပရိသတ်သည်၎င်း, ဥပါသိကာ ပရိသတ်သည်၎င်း နံပါးတဖက်စီ၌ နေရာယူကာ ရပ်တည်ကြလေကုန်၏။ ပရိသတ်စုံညီသောအခါ မြတ်စွာဘုရားရှင်သည် ဗိမ္ဗိသာရမင်းကြီးကို “မြတ်သောမင်းကြီး.. ဤသူမကား အဘယ်သူမ-နည်း”ဟု မေးတော်မူ၏။ မင်းကြီးက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဆရာဇီဝက၏နှမ သိရိမာအမည်ရှိသော သူငယ်မ ဖြစ်ပါသည်ဘုရား”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “မြတ်သောမင်းကြီး.. ဤသူမကား သိရိမာလော”ဟု အခိုင်အမာ ထပ်၍ မေးတော်မူပြန်၏။ မင်းကြီးက “မှန်ပါသည် မြတ်စွာဘုရား..”ဟု အခိုင်အမာစကား လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည်-

“မြတ်သောမင်းကြီး.. ထိုသို့ (ဇီဝက၏နှမ သိရိမာ)ဖြစ်ခဲ့လျှင် မြို့တော်အတွင်း၌ “အသပြာတထောင်ကို ပေး၍ အလိုရှိသော သူတို့သည် သိရိမာကို ယူကြကုန်”ဟု စည်လည်စေလော့”-

ဟု မိန့်ဆိုတော်မူ၏။ မင်းကြီးသည် ဘုရားရှင် မိန့်တော်မူတိုင်း ပြုစေလေ၏။ တဦးတယောက်မျှ (ဟံ)ဟူ၍၎င်း, (ဟုံ)ဟူ၍၎င်း ပြောဆိုမည့်သူ မရှိခဲ့ချေ။ မင်းကြီးသည် “မြတ်စွာဘုရား.. တဦးတယောက်မျှ ယူမည့်သူ မရှိကြပါဘုရား”ဟု ပြန်ကြား လျှောက်ထားလေသော် မြတ်စွာဘုရားရှင်က “မြတ်သောမင်းကြီး.. ထိုသို့ အသပြာတထောင်ဖြင့် ယူမည့်သူမရှိခဲ့လျှင် အဖိုးကို လျှော့ချလေလော့”ဟု မိန့်တော်မူသဖြင့် မင်းကြီးသည် “အသပြာငါးရာတို့ကိုပေး၍ အလိုရှိသူတို့ ယူကြကုန်”ဟု စည်လည်စေပြန်၍ ယူလိုသူ တဦးတယောက်ကိုမျှ မတွေ့ရှိရသဖြင့် “အသပြာ



၃၁၆

နှစ်ရာ့ငါးဆယ်တို့ကိုပေး၍ ၊(ပ)၊ အသပြာ နှစ်ရာတို့ကိုပေး၍၊ အသပြာတရာကို၊ အသပြာ ငါးဆယ်ကို၊ အသပြာ နှစ်ဆယ့်ငါးကျပ်ကို၊ အသပြာ ဆယ်ကျပ်တို့ကို၊ အသပြာ ငါးကျပ်တို့ကို၊ အသပြာတကျပ်ကို၊ ငါးမူးကို၊ တမတ်ကို၊ တပဲကို၊ တချင်ရွေးကိုပေး၍ အလိုရှိသူတို့သည် သိရိမာကို ယူကြကုန်” ဟု စည်လည်စေသော်လည်း တဦးတယောက်မျှ လိုချင်သူ မရှိချေ။ “အချည်းနှီး (=အလကား) အလိုရှိသူတို့ ယူကြကုန်”ဟု စည်လည်စေပြန်သော်လည်း (ဟံ)ဟူ၍၎င်း, (ဟုံ)ဟူ၍၎င်း ပြောဆိုမည့်သူ တဦးတယောက်မျှ မရှိချေ။

     မင်းကြီးသည် “မြတ်စွာဘုရား.. အချည်းနှီး (=အလကား)သော်မှလည်း ယူမည့်သူ မရှိ”ဟူ၍ လျှောက်ထားလေသည်။ ထိုအခါ မြတ်စွာဘုရားရှင်သည်-

“ရဟန်းတို့.. လူများအပေါင်းသည် ချစ်ခင်စုံမက် နှစ်သက်အပ်သော မာတုဂါမ (=သိရိမာ)ကို သင်ချစ်သားတို့ ကြည့်ရှုကြကုန်လော့၊ ဤရာဇဂြိုဟ်မြို့မှာပင် ရှေးအခါက(ဆိုလျှင်) အသပြာတထောင်ပေးမှ တနေ့တာ မြူးထူးပျော်ပါး သွားလာခွင့်ကို ရနိုင်ခဲ့ကြကုန်ပြီ၊ ယခုအခါ၌မူ အချည်းနှီး (=အလကား)သော်မှလည်း ယူမည့်သူ မရှိတော့ချေ၊ သို့စင်ကလောက် တင့်တယ်လှဘိ တန်ဖိုးရှိခဲ့သော ရုပ်အဆင်းသည် ကုန်ခြင်းပျက်ခြင်းသို့ ရောက်ခဲ့လေပြီ၊ ရဟန်းတို့.. မပြတ်မစဲ အမြဲကျင်နာ မခံသာသည့် ဤခန္ဓာကိုယ်အတ္တဘောကို ဉာဏ်စက္ခုဖြင့် ကြည့်ရှုကြလော့”-

ဟု မိန့်တော်မူပြီးလျှင် ဤဆိုလတ္တံ့သော တရားဂါထာကို ဟောကြားတော်မူလေ၏-

ပဿ စိတ္တကတံ ဗိမ္ဗံ၊ အရုကာယံ သမုဿိတံ။

အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ။



၃၁၇

(ဘိက္ခဝေ = ရဟန်းတော်များ အိုချစ်သားတို့..)။ ယဿ = အကြင်သို့သော ခန္ဓာကိုယ်အတ္တဘောအား။ ဓုဝံ = မယိုင်မလဲ ခိုင်မြဲသော သဘောသည်၎င်း။ ဌိတိ = ကြံ့ကြံ့ခိုင်ကျည် တည်တံ့ခြင်းသဘောသည်၎င်း။ နတ္ထိ = တစိုးတစိ မရှိပချေ။ စိတ္တကတံ = အဝတ်တန်းဆာ ပန်းနံ့သာ စသည်တို့ဖြင့် သာယာခုံမက်ဖွယ် အဆန်းတကြယ် ခြယ်လယ်ပြုပြင်၍ ထားအပ်သော။ ဗိမ္ဗံ = ရှည်သင့်ရာရှည် တိုသင့်ရာတို ထိုထိုအင်္ဂါကြီးငယ်တို့ဖြင့် တင့်တယ်သည်ဟု အမှတ်မှားပြုလောက်အောင် ပေါင်းစု၍တည်နေသော။ သမုဿိတံ = သုံးရာသော အရိုးများကြောင့် မားမားမြင့်ခေါင် စိုက်ထောင်ရပ်တည်နိုင်သော။ အာတုရံ = မပြတ်မစဲ အမြဲကျင်နာ မခံသာသော။ ဗဟုသင်္ကပ္ပံ = လူသူအများ ပုထုဇန်အန္ဓသားတို့ တရားမမှီ ဉာဏ်မသီ၍ တင့်တယ်သည် ဖွယ်ရာသည် မင်္ဂလာရှိသည် ထိုဤများပြား အကြံမှားအပ်သော။ တံ အရုကာယံ = ကိုးပေါက်ဒွါရ အမာဝမှ ယိုကျဖြုန်းဖြုန်း ရွံရှာဖွယ်အပြည့်ဖုံးသဖြင့် တကိုယ်လုံး အမာကြီးသဖွယ် မတင့်တယ်သော ထိုခန္ဓာကိုယ်အတ္တဘောကို။ ပဿ—ပဿထ = ဖန်ဖန်စေ့ငု ဉာဏ်စက္ခုဖြင့် ကြည့်ရှုကြကုန်လော့။

     ဒေသနာနိဂုံး ဆုံးသောအခါ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။ သိရိမာကို ချစ်ခင်နှစ်သက်နေသော ထိုရဟန်းငယ်သည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။

(ဤဆိုအပ်ခဲ့ပြီးသည်ကား ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၆၆၊ ၁၁-ဧရာဝဂ်၊ ၂-သိရိမာဝတ္ထုမှ ထုတ်ဆောင် ဖော်ပြချက်တည်း။

ဤသိရိမာဝတ္ထုနှင့်စပ်၍ သုတ္တနိပါတ်အဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၂၃၅၊ ၁-ဥရဂဝဂ်၊ ၁၁-ဝိဇယသုတ် အဖွင့်၌ လာရှိသည်ကိုလည်း ကြည်ညိုဖွယ်ကောင်းလှ၍ ဆက်လက်ဖော်ပြဦးအံ့)-



၃၁၈

     ထိုရဟန်းငယ် အစာဖြတ်၍ အငတ်ခံနေစဉ်ပင် သိရိမာသည် စုတိပြတ်ကြွေ သေလွန်ခဲ့၍ ယာမာနတ်ပြည်ဝယ် သုယာမနတ်မင်း၏ နတ်မိဖုရားကြီး ဖြစ်လေသည်။ ထို့နေက် သိရိမာ၏ ဥတုဇရုပ်ကလာပ်ကို မီးမသင်္ဂြိုဟ်စေပဲ သူကောင်ပစ်ရာ သုသာန်၌ ဗိမ္ဗိသာရမင်းကြီး (မြတ်စွာဘုရား မိန့်ကြားချက်အရ) ထားရှိအပ်သော ဥတုဇရုပ်ကလာပ်ကို ကြည့်ရှုတော်မူရန် မြတ်စွာဘုရားရှင်သည် ရဟန်းအပေါင်းခြံရံလျက် ထို စိတ္တဇရဟန်းငယ်ကိုလည်း ခေါ်ဆောင်၍ ကြွတော်မူ၏။ ထို့အတူ မြို့သူမြို့သား လူအများတို့သည်၎င်း, ဗိမ္ဗိသာရ မင်းတရားသည်၎င်း လာရောက်ကြလေ၏။

     ထိုသုသာန်အရပ်၌ လူအများတို့သည် “အချင်းတို့.. ရှေးအခါတုန်းကဆိုလျှင် ငွေအသပြာ တထောင့်ရှစ်ကျပ်ဖြင့်လည်း သိရိမာကို ကြည့်ရှုပျော်ပါးရန် အချိန်အလှည့်ကို ရခဲလှဘိ၏။ ယခုအခါ ထိုသိရိမာကို ချင်ရွေးဖြင့်လည်း ကြည့်ရှုလိုသူ မရှိတော့ပြီတကား”ဟု ပြောဆိုကြကုန်၏။

     သိရိမာ နတ်မိဖုရားသည်လည်း နတ်ရထား အစီးငါးရာ ခြံရံအပ်လျက် ထိုသုသာန်အရပ်သို့ ရောက်ရှိလာလေ၏။ ထိုသုသာန်အရပ်၌ မြတ်စွာဘုရားရှင်သည် စည်းဝေးမိကြသော လူရဟန်းတို့အား တရားဟောရန် ဝိဇယသုတ္တန်ကို၎င်း, ထိုရဟန်းငယ်အား ဆုံးမတော်မူရန် (ရှေးပြရာပါ) “ပဿ စိတ္တကတံ ဗိမ္ဗံ” အစရှိသော ဓမ္မပဒကျမ်းလာ ဤဂါထာကို၎င်း ဟောကြားတော်မူလေ၏။

(ဤအရာ၌ တရားသားပါလှ၍ ဗုဒ္ဓဝင်စာဖတ် သူတော်စင်ပရိသတ်တို့ တရားနှလုံး ကျင့်သုံးပွါးများ အောက်မေ့နိုင်ကြရန် ဝိဇယသုတ္တန် မြန်မာပြန်ကို ထုတ်ဆောင်ဖော်ပြဦးအံ့)–

ဝိဇယသုတ္တန် မြန်မာပြန်

(၁) စရံ ဝါ ယဒိ ဝါ တိဋ္ဌံ၊ နိသိန္နော ဥဒ ဝါ သယံ။

သမိဉ္ဇေတိ ပသာရေတိ၊ ဧသာ ကာယဿ ဣဉ္ဇနာ။



၃၁၉

စရံ ဝါ = သွားလည်း သွား၏။ ယဒိ = ထိုမျှို့။ တိဋ္ဌံ ဝါ = ရပ်လည်း ရပ်တည်၏။ နိသိန္နော ဝါ = ထိုင်လည်း ထိုင်နေ၏။ ဥဒ = ထိုမျှို့။ သယံ ဝါ = လျောင်းလည်း လျောင်းစက်၏။ သမိဉ္ဇေတိ = ထိုထို အဆစ်တို့ကို ကွေးလည်း ကွေးညွတ်၏။ ပသာရေတိ = ဆန့်လည်း ဆန့်တန်း၏။ ဧသာ = ဤ သွား,ရပ်,ထိုင်,လျောင်း, ရှေ့နှောင်းတက်,ဆုတ်, ကွေးရုပ်,ဆန့်တန်းမှု အစုစုအဖုံဖုံ အမူအရာ အလုံးစုံသည်။ ကာယဿ = ကိုယ်ခန္ဓာ၏။ ဣဉ္ဇနာ = လှုပ်ရှားမှုသာတည်း။

(ဤဂါထာဖြင့် ဤဆိုလတ္တံ့သော အနက်အဓိပ္ပါယ်ကို ဖော်ပြသည်-

ဤခန္ဓာကိုယ်၌ အခြားတပါးသော တစုံတယောက်သော သွားတတ်သူ ပုဂ္ဂိုလ်သတ္တဝါ, ရပ်တတ်သူ ပုဂ္ဂိုလ်သတ္တဝါ၊ (ပ)၊ ဆန့်တတ်သူ ပုဂ္ဂိုလ်သတ္တဝါဟူ၍ မရှိ၊ စင်စစ်သော်ကား-

(က) သွားလို ရပ်လို၊ ထိုင်နေလို၊ အိပ်လို စိတ်ဟုသိ။

(ခ) စိတ်ကြောင့်ဖြစ်သော၊ ဓာတ်ဝါယော၊ နှံ့နှောကိုယ်ဝယ်ပြည့်။

(ဂ) ဝါယောပြည့်သော်၊ ရုပ်သစ်ပေါ်၊ ရုပ်သော်သွားပေ၏။

(ဃ) ပုဂ္ဂိုလ်မသွား၊ ငါမသွား၊ ရုပ်သွား ဉာဏ်ဖြင့်သိ။

(င) ပုဂ္ဂိုလ်မရပ်၊ ငါမရပ်၊ ရုပ်ရပ် ဉာဏ်ဖြင့်သိ။

(စ) ပုဂ္ဂိုလ်မထိုင်၊ ငါမထိုင်၊ ရုပ်ထိုင် ဉာဏ်ဖြင့်သိ။

(ဆ) ပုဂ္ဂိုလ်မအိပ်၊ ငါမအိပ်၊ ရုပ်အိပ် ဉာဏ်ဖြင့်သိ။

(ဇ) ပုဂ္ဂိုလ်မကွေး၊ ငါမကွေး၊ ရုပ်ကွေး ဉာဏ်ဖြင့်သိ။

(ဈ) ပုဂ္ဂိုလ်မဆန့်၊ ငါမဆန့်၊ ရုပ်ဆန့် ဉာဏ်ဖြင့်သိ-

ဟူသောအတိုင်း (၁) သွားလိုသောစိတ် ဖြစ်လတ်သော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်သည် တကိုယ်လုံး၌ ပြန့်နှံ့လေသည်။ ထိုသို့ ဝါယောဓာတ် တကိုယ်လုံးပြန့်နှံ့ခြင်းကြောင့် ကိုယ်ကာယ၏ သွားလိုရာအရပ်သို့ ရှေးရှုဆောင်ခြင်းသည် ဖြစ်၏။ သွားလိုရာ အရပ်တပါးဖက်၌ သွားသောအမူအရာအားဖြင့် ရုပ်ထူးတို့ ထင်ရှားဖြစ်ပေါ်လာကြ၏ဟု ဆိုလိုသည်။ ထိုသို့ ရုပ်အဆက်ဆက်တို့၏



၃၂၀

သွားသောအမူအရာဖြင့် ဖြစ်ကြသောကြောင့်ပင် (ဝါ-ဖြစ်ကြသည်ကိုပင်) “သွား၏”ဟူ၍ လောကပညတ် ခေါ်ဆိုအပ်လေသည်။

(၂) ထို့အတူ ရပ်လိုသောစိတ် ဖြစ်လတ်သော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်သည် တကိုယ်လုံးသို့ ပြန့်နှံ့လေသည်။ ထိုသို့ ဝါယောဓာတ် တကိုယ်လုံး ပြန့်နှံ့ခြင်းကြောင့် ကိုယ်ကာယ၏ မတ်မတ်စိုက်ထောင်ခြင်းသည် ဖြစ်၏၊ အထက်အထက် ဌာနဖြင့် ရုပ်အထူးတို့၏ အဆင့်ဆင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ ထိုသို့ ရုပ်အဆက်ဆက်တို့ အောက်နှင့်အထက် အဆင့်ဆင့် ရပ်သောအမူအရာဖြင့် ဖြစ်ကြသောကြောင့်ပင် (ဝါ-ဖြစ်သည်ကိုပင်) “ရပ်၏”ဟူ၍ လောကပညတ် ခေါ်ဆိုအပ်လေသည်။

(၃) ထို့အတူ ထိုင်လိုသောစိတ် ဖြစ်လတ်သော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်သည် တကိုယ်လုံးသို့ ပြန့်နှံ့လေသည်။ ထိုသို့ ဝါယောဓာတ် တကိုယ်လုံး ပြန့်နှံ့ခြင်းကြောင့် ကိုယ်ကာယ၏ အောက်ပိုင်းက ကွေးသောအမူအရာ အထက်ပိုင်းက စိုက်ထောင်သော အမူအရာ ဖြစ်ပေါ်လာ၏၊ အောက်ပိုင်း ကိုယ်ကာယက ကွေးသောအမူအရာ အထက်ပိုင်း ကိုယ်ကာယက စိုက်ထောင်သော အမူအရာဖြင့် ရုပ်အထူးတို့ ထင်ရှားဖြစ်ပေါ်ကြသည်ဟု ဆိုလိုသည်၊ ထိုသို့ ရုပ်အထူးတို့ ထိုင်သောအမူအရာဖြင့် ဖြစ်ကြသောကြောင့်ပင် (ဝါ-ဖြစ်ကြသည်ကိုပင်) “ထိုင်၏”ဟူ၍ လောကပညတ် ခေါ်ဆိုအပ်လေသည်။

(၄) ထို့အတူ လျောင်းလို အိပ်လိုသောစိတ် ဖြစ်လတ်သော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်သည် တကိုယ်လုံးသို့ ပြန့်နှံ့လေသည်။ ထိုသို့ ဝါယောဓာတ် တကိုယ်လုံး ပြန့်နှံ့ခြင်းကြောင့် ကိုယ်ကာယ၏ ဖီလာကန့်လန့် ဆန့်သောအခြင်းအရာ ဖြစ်ပေါ်လာ၏၊ ဖီလာကန့်လန့် ဆန့်သောအမူအရာဖြင့် ရုပ်အထူးတို့ ထင်ရှားဖြစ်ပေါ်ကြသည်ဟု ဆိုလိုသည်၊ ထိုသို့ ရုပ်အထူးတို့ ဖီလာကန့်လန့် ဆန့်သောအမူအရာ = လျောင်းအိပ်သော အမူအရာဖြင့် ဖြစ်ကြသောကြောင့်ပင် (ဝါ-ဖြစ်ကြသည်ကိုပင်) “လျောင်း၏ = အိပ်၏”ဟူ၍ လောကပညတ် ခေါ်ဆိုအပ်လေသည်။

ထို့အတူ “ကွေး၏, ဆန့်၏”ဟု ဆိုရာ၌လည်း ကွေးလို ဆန့်လိုသော စိတ်ဖြစ်လတ်သော် ထိုစိတ်ကြောင့်ဖြစ်သော ဝါယောဓာတ်သည် ထိုထိုအဆစ်တို့သို့ ပြန့်နှံ့လေသည်၊ ထိုသို့ ဝါယောဓာတ် ပြန့်နှံ့ခြင်းကြောင့် အဆစ်တို့၏ ကွေးသောအမူအရာ, ဆန့်သောအမူအရာ



၃၂၁

ဖြစ်ပေါ်လာလေသည်၊ ကွေးသောအမူအရာ, ဆန့်သောအမူအရာဖြင့် ရုပ်အထူးတို့ ထင်ရှား ဖြစ်ပေါ်ကြသည်ဟု ဆိုလိုသည်၊ ထိုသို့ ရုပ်အထူးတို့ ကွေးသောအမူအရာ, ဆန့်သောအမူအရာဖြင့် ဖြစ်ကြသောကြောင့်ပင် (ဝါ-ဖြစ်ကြသည်ကိုပင်) “ကွေး၏, ဆန့်၏”ဟူ၍ လောကပညတ် ခေါ်ဆိုအပ်လေသည်။

ထို့ကြောင့် ဖော်ပြရာပါ လောကပညတ် ခေါ်ဆိုအပ်သည့် သွားမှု, ရပ်မှု, ထိုင်မှု, လျောင်းမှု = အိပ်မှု, ကွေးမှု, ဆန့်မှု အမူအရာအစုစုသည် ဤကိုယ်ခန္ဓာ၏ လှုပ်ရှားမှုသာဖြစ်၏၊ = ထိုထိုအမူအရာဖြင့် ရုပ်တရား အထူးတို့ ထင်ရှားဖြစ်ပေါ်မှုသာ ဖြစ်၏ဟု ဆိုလိုသည်၊ ဤခန္ဓာကိုယ်၌ အခြားတပါး တစုံတယောက် သွားတတ်, ရပ်တတ်, ထိုင်တတ်, လျောင်းတတ် = အိပ်တတ်, ကွေးတတ်, ဆန့်တတ်သော ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝဟူ၍ မရှိ၊ ဤကိုယ်ခန္ဓာသည် တစုံတယောက် သွားတတ်သော ပုဂ္ဂိုလ်သတ္တဝါ, ရပ်တတ်သော, ထိုင်တတ်သော, လျောင်းတတ် = အိပ်တတ်သော, ကွေးတတ်သော ပုဂ္ဂိုလ်သတ္တဝါ, ဆန့်တတ်သော ပုဂ္ဂိုလ်သတ္တဝါ အတ္တဇီဝမှ ဆိတ်သုဉ်း၏။ စင်စစ်သော်ကား-

စိတ္တနာနတ္တမာဂမ္မ၊ နာနတ္တံ ဟောတိ ဝါယုနော။

ဝါယုနာနတ္တတော နာနာ၊ ဟောတိ ကာယဿ ဣဉ္ဇနာ။

စိတ်ထူးခြားမှုကို အစွဲပြု၍ ဝါယောဓာတ်၏ ထူးခြားမှုသည် ဖြစ်၏။ ဝါယောဓာတ် ထူးခြားမှုကြောင့် ဤကိုယ်ခန္ဓာ၏ လှုပ်ရှားမှု အထူးထူး အထွေထွေ ဖြစ်ပေါ်လေသည်။ ။ဤကား ဤဂါထာ၌ ပရမတ္ထ သဘော အနက်အဓိပ္ပါယ်တည်း။

ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ဤပဌမဂါထာဖြင့် အနိစ္စလက္ခဏာ, ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာ = သုံးပါးကို ထင်ရှားပြတော်မူ၏၊ ပြတော်မူပုံမှာ-

သွား, ရပ်, ထိုင်, လျောင်း = ဣရိယာပုထ် လေးပါးတို့အနက် တခုသော ဣရိယာပုထ်၌ ကြာမြင့်စွာနေသဖြင့် ကိုယ်ဆင်းရဲ နာကျင်မှုသည် ဖြစ်ပေါ်လာ၏။ ထိုကိုယ်ဆင်းရဲ နာကျင်မှုကို ပယ်ဖျောက်ရန် အခြားဣရိယာပုထ်တပါးသို့ ပြောင်းလဲမှုကို ပြုရတော့၏။ (ကိုယ်ဆင်းရဲ နာကျင်မှု = ဒုက္ခသဘောလက္ခဏာကို ဣရိယာပုထ်ဖြင့် ဖုံးထားအပ်လေသည်၊ ဝါ-ဒုက္ခသဘောလက္ခဏာ မပေါ်နိုင်အောင် အခြား ဣရိယာပုထ်တပါး တပါးဖြင့် ပြောင်းလဲဖုံးအုပ်၍ ထားလေသည်။ ထို့ကြောင့် “ဒုက္ခလက္ခဏာကို ဣရိယာပုထ် ဖုံးအုပ်သည်”ဟု ပညာရှိတို့ မိန့်ဆိုတော်မူကြသည်)။



၃၂၂

သို့ရကား “စရံ ဝါ ယဒိ ဝါ တိဋ္ဌံ”စသော ဂါထာသုံးပိုဒ်ဖြင့် ဣရိယာပုထ် တမျိုး တမျိုး ပြောင်းလဲဖုံးအုပ်၍ ထားအပ်သော ဒုက္ခလက္ခဏာကို ပြတော်မူ၏။ (ကိုယ်ဆင်းရဲသောကြောင့် ဣရိယာပုထ် အမျိုးမျိုး ပြောင်းလဲရသည်၊ သို့ရကား ဣရိယာပုထ် အမျိုးမျိုးပြောင်းလဲရမှု တည်းဟူသော အကျိုးကို ဖော်ပြသဖြင့် အကြောင်းဖြစ်သည့် ကိုယ်ဆင်းရဲမှု = ဒုက္ခလက္ခဏာကို သိရလေသည်)။

ထို့အတူ သွားသောအခါ၌ ရပ်ခြင်းစသည်တို့ မရှိသောကြောင့် “ဧသာ ကာယဿ ဣဉ္ဇနာ = ဤသွား,ရပ်,ထိုင်,လျောင်း ရှေ့နှောင်းတက်,ဆုတ် ကွေးရုပ်,ဆန့်တန်းမှု အစုစုအဖုံဖုံ အမူအရာ အလုံးစုံသည် ကိုယ်ခန္ဓာ၏ လှုပ်ရှားမှုသာတည်း”ဟု ဟောတော်မူသော မြတ်စွာဘုရားရှင်သည် သန္တတိဖြင့် ဖုံးလွှမ်းအပ်သော အနိစ္စလက္ခဏာကို ပြတော်မူ၏။

ထင်ရှားစေဦးအံ့- ရုပ်နာမ်တရားတို့၏ အဆက်မပြတ် ဖြစ်ပွါးနေမှုကို သန္တတိဟူ၍ ခေါ်ဆိုသည်။ ယင်းသို့ ရုပ်နာမ်တို့၏ အဆက်မပြတ် ဖြစ်ပွါးနေမှု = သန္တတိကြောင့် ထိုရုပ်နာမ်တရားတို့၏ သူ့ခဏနှင့်သူ ချုပ်ပျောက်ပျက်ဆုံး၍သွားမှု တည်းဟူသော = အနိစ္စလက္ခဏာကို မမြင်ရခြင်းဖြစ်သည်။ ထိုအကြောင်းကို အစွဲပြု၍ “အနိစ္စလက္ခဏာကို သန္တတိ ဖုံးအုပ်ထားသည်”ဟု ပညာရှိတို့ မိန့်ဆိုတော်မူကြသည်။ “ဧသာ ကာယဿ ဣဉ္ဇနာ = ဤသွား,ရပ်,ထိုင်,လျောင်း ရှေ့ နှောင်းတက်,ဆုတ် ကွေးရုပ်,ဆန့်တန်းမှု အစုစုအဖုံဖုံ အမူအရာ အလုံးစုံသည် ကိုယ်ခန္ဓာ၏ လှုပ်ရှားမှုသာတည်း”ဟု ဟောတော်မူလိုက်ခြင်းဖြင့်-

“ဣရိယာပုထ် အမူအရာတခုတခု၌ သဘောတူသော နာမ်ရုပ် တစုတစုတို့ အဆက်မပြတ် ဖြစ်ပေါ်နေကြသည်။ ဣရိယာပုထ်တပါး အမူအရာတပါး ပြောင်းလဲသွားသောအခါ ထိုနာမ်ရုပ်တရားတို့သည် အစုလိုက် အစုလိုက်ပင် ပြောင်းလဲ၍ သွားကြသည် = ချုပ်ပျောက်၍ သွားကြသည်”—

ဟူသော အနက်အဓိပ္ပါယ်ကို သိစေတော်မူ၏။ ထို့ကြောင့် ထိုနောက်ဆုံး စတုတ္ထပိုဒ်ဖြင့် သန္တတိဖြင့် ဖုံးလွှမ်းထားသည့် အနိစ္စလက္ခဏာကို မြတ်စွာဘုရား ထင်ရှားပြတော်မူသည်ဟု အဓိပ္ပါယ်ကို သိရလေသည်။

ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း ပရမတ္ထသဘာဝ စင်စစ်အားဖြင့် သွားလို, ရပ်လို, ထိုင်လို, လျောင်းလိုသော စိတ်ကြောင့်



၃၂၃

စိတ္တဇဝါယောဓာတ် ဖြစ်သည်၊ ထိုဝါယောဓာတ် တကိုယ်လုံး ပြန့်နှံ့သောကြောင့် သွားသောအမူအရာ, ရပ်သောအမူအရာ, ထိုင်သောအမူအရာ, လျောင်းသော အမူအရာဖြင့် ရုပ်အထူးတို့ ဖြစ်ကြသည်။ ထိုသို့ ဖြစ်ကြသည်ကိုပင် လောက ပညတ်အားဖြင့် သွားသည်, ရပ်သည်, ထိုင်သည်, လျောင်းသည်, ရှေ့သို့တက်သည်, နောက်သို့ဆုတ်သည်, ကွေးသည်, ဆန့်သည်ဟူ၍ ခေါ်ဆိုအပ်လေသည်၊ ပရမတ္ထအားဖြင့်ကား ထိုထိုအကြောင်း စုပေါင်းညီညွတ်သဖြင့် ရုပ်အထူးတို့ ဖြစ်ကြခြင်းသာ ဖြစ်သည်၊ ရုပ်နာမ်နှစ်ဖြာ ကိုယ်ခန္ဓာ၏ ဆိုင်ရာအကြောင်း စုပေါင်းညီညွတ်သဖြင့် ထိုထိုသွားခြင်း, ရပ်ခြင်း-စသော အမူအရာအားဖြင့် ရုပ်အထူးတို့၏ ဖြစ်ကြခြင်းသာဟု ဆိုလိုသည်။ ဤအချက်ကို လေးနက်စွာ မသိသောကြောင့် အတ္တဝါဒသမားတို့က “အတ္တလိပ်ပြာသည်ပင် သွား၏, ရပ်၏, ထိုင်၏, လျောင်း၏”ဟု ပြောဆိုကြလေသည်။ ထိုသူတို့ အလိုအားဖြင့် “အတ္တလိပ်ပြာ၏ သွားမှု, ရပ်မှု, ထိုင်မှု, လျောင်းမှု”ဟု ဆိုကြသည်၊ ထိုကို မြတ်စွာဘုရားရှင်က “အတ္တလိပ်ပြာ၏ သွားမှု, ရပ်မှု, ထိုင်မှု, လျောင်းမှုမဟုတ်၊ ဧသာ ကာယဿ ဣဉ္ဇနာ = ဤအပြုအမူ အလုံးစုံသည် ကိုယ်ခန္ဓာ၏ လှုပ်ရှားမှု ထိုထိုအကြောင်း စုပေါင်းညီညွတ်သဖြင့် ထိုထိုအမူအရာအားဖြင့် ရုပ်အထူးတို့၏ ထင်ရှား ဖြစ်ပွါးခြင်းမျှသာ ဖြစ်သည်”ဟု ဟောတော်မူသည်။

ဃနလေးပါး

ဤအရာ၌ (၁) သန္တတိဃန (၂) သမူဟဃန (၃) ကိစ္စဃန (၄) အာရမ္မဏဃနဟူ၍ ဃနလေးပါးရှိသည်။

(၁) ထိုလေးပါးတို့တွင် ရှေ့နောက်ဖြစ်သော ရုပ်နာမ်တရားတို့၏ အခြားမရှိ အကြားမထင်သောအားဖြင့် တရားလုံး တခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွါးခြင်း စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွါးခြင်းသည် သန္တတိဃနမည်၏။

ဤ၌ “အခြားမရှိသောအားဖြင့် ဖြစ်ခြင်း”ဟူသည်မှာ ရှေ့တရား၏ ဘင်ခဏနှင့်ပြိုင်လျက် နောက်တရားကဖြစ်ခြင်း (တနည်း) ရှေ့တရားချုပ်သည်၏ အခြားမဲ့မှာပင် နောက်တရားက ထင်ရှားဖြစ်ခြင်းကို ဆိုလိုသည်။ ၎င်းကို (ပုရိမပစ္ဆိမာနံ နိရန္တရတာ = ရှေ့တရား နောက်တရားတို့၏ အကြားမရှိ ဖြစ်သည်၏အဖြစ်)ဟူ၍ ဋီကာဆရာကြီးများ ခေါ်ဆို အသုံးပြုတော်မူကြသည်။ ယင်းကဲ့သို့ အခြားမရှိ အကြားမထင်အောင်

၃၂၄

ဖြစ်ပွါးခြင်းဖြင့် အဖြစ်တရားဖက်က အားရှိကာ ဖုံးလွှမ်းအပ်သကဲ့သို့ဖြစ်၍ အပျက်တရားဖက်က မထင်ရှားသောကြောင့် “ယခု တွေ့မြင်ရသော တရားသည် ယခင်တွေ့မြင်ရသော တရားပင်တည်း”ဟု မှတ်ယူသောအနေဖြင့် လူများအပေါင်းတို့ ဖောက်ပြန်ထွေပြား အထင်မှား အမှတ်မှားကြရလေသည်။ ဤသဘောကို “ထင်းမီးစတခုကိုကိုင်၍ ဝှေ့ရမ်းလျှင် မီးဝိုင်းကြီးဟု ထင်ရမှု”က သက်သေခံလျက်ရှိသည်။ (ဤကား သန္တတိဃနတည်း)။

(၂) ဖဿ-အစရှိသော နာမ်တရား, ပထဝီ-အစရှိသော ရုပ်တရားတို့၏ ထိုထို နာမ်ကလာပ် ရုပ်ကလာပ်တို့၌ တပေါင်းတည်း တစုတည်းအနေဖြင့် ပရမတ္ထတရားသား တခုတည်းကဲ့သို့ ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွါးခြင်းသည် သမူဟဃနမည်၏။

နာမ်တရား ရုပ်တရားတို့သည် ဖြစ်ပွါးကြသောအခါ တရားလုံး (သဘာဝသတ္တိ) တခုတည်းသာ ဖြစ်ကြသည်မဟုတ်၊ နာမ်တရားဖက်ကလည်း အနည်းဆုံး ရှစ်မျိုး ( စက္ခုဝိညာဏ်နှင့် သဗ္ဗစိတ္တသာဓာရဏစေတသိက် ခုနစ်ပါးကို ဆိုလိုသည် )၊ ရုပ်တရားဖက်ကလည်း အနည်းဆုံး ရှစ်မျိုးပင် (အဋ္ဌကလာပ်ရုပ်ကို ရည်ညွှန်းသည်) ဖြစ်ပွါးကြသည်။ ယင်းကဲ့သို့ အနည်းဆုံး သဘာဝသတ္တိရှစ်မျိုးတို့ သဘာဝသတ္တိ တမျိုးတည်းဟု ထင်မှတ်ယူရအောင် စုလျက် ပေါင်းလျက် တွဲလျက် ခဲလျက် ဖြစ်ပွါးခြင်းကို သမူဟဃနခေါ်သည်ဟု ဆိုလိုသည်။ (ဤကား သမူဟဃနတည်း)။

(၃) နာမ်ကလာပ် တခုတခု, ရုပ်ကလာပ် တခုတခု၌ ပါရှိကြသည့် နာမ်တရား ရုပ်တရား အသီးသီးတို့သည် ဆိုင်ရာဆိုင်ရာ မိမိမိမိတို့၏ ကိစ္စအလုပ်တို့ကို ပြုလုပ် ပြီးပြေစေကြလျက် ဖြစ်ပွါးကြလေသည်။ ထိုသို့ ဖြစ်ပွါးကြရာ၌ (အဘိဓမ္မာ ဉာဏ်ပညာမျက်စိ မရှိသောသူတို့အဖို့မှာ) ဤကား ဖဿ၏အလုပ်ကိစ္စ, ဤကား ဝေဒနာ၏အလုပ်ကိစ္စ, ဤကား သညာ၏အလုပ်ကိစ္စ- စသည်ဖြင့်၎င်း, ဤကား ပထဝီ၏ကိစ္စ, ဤကား အာပေါ၏ကိစ္စ, ဤကား ဝါယာ၏ကိစ္စ, ဤကား တေဇော၏ကိစ္စ- စသည်ဖြင့်၎င်း အလုပ်ကိစ္စအထူးကို သိဖို့ရန် ခဲယဉ်းလှကုန်၏၊ ယင်းသို့ နာမ်တရား ရုပ်တရားတို့၏ မိမိ မိမိတို့၏ ဆိုင်ရာကိစ္စအထူးကို သိနိုင်ခဲသောအနေဖြင့် တရားလုံးတခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွါးမှုကို ကိစ္စဃနခေါ်သည်။ (ဤကား ကိစ္စဃနတည်း)။



၃၂၅

(၄) နာမ်ကလာပ်တခုတခု၌ ပါရှိသော ထိုထိုနာမ်တရားတို့၏ အာရုံတခုကို စု၍ပေါင်း၍ အာရုံပြုသော အနေဖြင့်၎င်း, ရုပ်ကလာပ် တခုတခု၌ ပါရှိသော ထိုထိုရုပ်တရားတို့၏ အာရုံတခုတည်း အနေဖြင့်၎င်း ပရမတ္ထတရားသား (သဘာဝသတ္တိ) တခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွါးခြင်းကို အာရမ္မဏဃနခေါ်သည်။ (ဤကား အာရမ္မဏဃနတည်း)။

အချုပ်အားဖြင့် အကြောင်းပစ္စည်းတရား အကျိုးပစ္စယုပ္ပန်တရားအနေဖြင့် ဖြစ်ပွါးကြသည့် များစွာသော ရုပ်နာမ်တရားတို့၏ ကာလအားဖြင့်, သဘာဝအားဖြင့်, ကိစ္စအားဖြင့်, အာရုံသဘောအားဖြင့် အထူးအပြားကို သိနိုင်ခဲသောအနေအားဖြင့် တရားလုံး တရားသား တခုတည်းကဲ့သို့ ထင်မှတ်ယူရအောင် ဖြစ်ပွါးခြင်းကို အစဉ်အတိုင်း သန္တတိဃန, သမူဟဃန, ကိစ္စဃန, အာရမ္မဏဃနဟူ၍ ခေါ်ဆိုအပ်လေသည်။ (ဤဃနလေးပါးအကြောင်းကို ဓမ္မသင်္ဂဏီ မူလဋီကာ စာမျက်နှာ ၆ဝ-နှင့် ဓမ္မသင်္ဂဏီအနုဋီကာ စာမျက်နှာ ၆၆-တို့မှ ထုတ်နုတ်ဖော်ပြအပ်သည်)။

“ငရုတ်စေ့၌၊ စိတ်တွေ့သတ်သတ်၊ အစပ်ကိုတည့်၊ ရှုမျှော်ကြည့်သို့၊ သတ္တိကိုမျှ၊ ရှုကြည့်ရ၊ ပရမတ္ထမှာ”–

ဟူသောအတိုင်း ထိုထို နာမ်ရုပ်တရားတို့၏ သဘာဝသတ္တိကို “ဉာဏ်မျက်စိဖြင့် ရှုကြည့်နိုင်မှ ပရမတ္ထသို့ အမြင်ဆိုက်ရောက်သည်၊ ပရမတ္ထသို့ အသိဉာဏ် အမြင်ဆိုက်ရောက်မှ ဃနပြိုသည်။ ဃနပြိုမှ အနတ္တအသိဉာဏ်ကို ရနိုင်သည်။ သဘာဝသတ္တိကို ဉာဏ်မျက်စိဖြင့် မရှုကြည့်က ပရမတ္ထသို့ အမြင်မဆိုက်၊ ပရမတ္ထသို့ အသိဉာဏ်အမြင် မဆိုက်လျှင် ဃနမပြို၊ ဃနမပြိုလျှင် အနတ္တအသိဉာဏ်ကို မရနိုင်၊ ထို့ကြောင့် “အနတ္တလက္ခဏာကို ဃနဖုံးသည်”ဟု ပညာရှိတို့ မိန့်ဆိုတော်မူကြသည်။

ဤပဌမဂါထာ၌ မြတ်စွာဘုရားရှင်သည် စတုတ္ထပါဒ “ဧသာ ကာယဿ ဣဉ္ဇနာ = ဤအပြုအမူ အလုံးစုံသည် ပုဂ္ဂိုလ်သတ္တဝါ အတ္တလိပ်ပြာ၏ အပြုအမူမဟုတ်၊ စင်စစ်သော်ကား ထိုထိုရုပ်နာမ်တရား အစု၏ ဆိုင်ရာဆိုင်ရာ မိမိမိတို့၏ အလုပ်ကိစ္စကို ပြုလုပ်ပြီးပြေစေသောအားဖြင့် ဖြစ်ပွါးမှု = လှုပ်ရှားမှုသာတည်း”ဟု ဟောတော်မူလိုက်သဖြင့် ဃနဖြင့် ဖုံးလွှမ်းအပ်သော အနတ္တလက္ခဏာသဘောကို ပြတော်မူ၏။ ဤအရာစုကား နက်နဲဘိတောင်း၊ သာမန်ဉာဏ်မျက်စိဖြင့် မသိနိုင်ချေ)။

ပဌမဂါထာ ပြီး၏။

၃၂၆

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် လက္ခဏာရေးသုံးပါးကို ပြတော်မူသောအားဖြင့် နိစ္စသဘော, သုခသဘော, အတ္တသဘောမှ ဆိတ်သုဉ်းသည့် သုညတကမ္မဋ္ဌာန်းကို ဟောတော်မူပြီးလျှင် တဖန် သဝိညာဏကအသုဘ = သက်ရှိအသုဘ, အဝိညာဏကအသုဘ = သက်မဲ့အသုဘ နှစ်ပါးကို ပြအံ့သောငှါ နောက် ဂါထာများကို ဆက်၍ ဟောကြားတော်မူလေသည်-

(၂) အဋ္ဌိနဟာရုသံယုတ္တော၊

တစမံသာဝလေပနော။

ဆဝိယာ ကာယာ ပဋိစ္ဆန္နော၊

ယထာဘူတံ န ဒိဿတိ။

ကာယော = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်သည်။ အဋ္ဌိနဟာရုသံယုတ္တာ = (သုံးရာသော) အရိုး, အရိုးကိုဖွဲ့သည့် (ကိုးရာသော) အကြော, အရသာကို ဆောင်သည့် (ခုနစ်ထောင်သော) အကြောတို့နှင့် ဖွဲ့ယှက် ရစ်ပတ် စပ်ယှဉ်သည်ဖြစ်၍။ တစမံသာဝလေပနော = အဆင်းဖွေးဖြူ ထူသောအတွင်းရေ, ကိုးရာသောသားတစ်တို့ဖြင့် လိမ်းကျံအပ်သည်ဖြစ်၍။ (ပရမဒုဂ္ဂန္ဓဇေဂုစ္ဆပဋိကူလော = အလွန်ပင် ရနံ့ပုပ်လောင်း စက်ဆုပ်ဖွယ် ရွံရှာဖွယ် ကောင်းလှ၏)။ ကာယော = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်ကို။ ဆဝိယာ = အဆင်းထူးထွေ အပေါ်ရေ (=အရေပါး)ဖြင့်။ ပဋိစ္ဆန္နော = အိမ်နံရံကို အညိုစသည် ဆိုးရည်သုတ်မွှန်း ပုံနှုန်းနှန်းလျှင် ဖုံးလွှမ်းခြယ်လှယ်အပ်သည်ဖြစ်၍။ ယထာဘူတံ = ဟုတ်မှန်လှစွာ အသုဘ အခြင်းအရာကို။ န ဒိဿတိ = ပညာအန္ဓ လူ့ဗာလတို့ လုံးဝမထင် မမြင်ကြရချေ။

(ဤကိုယ်၏ သဘောကား- အိမ်၌ ထုပ်, လျောက်, ဒိုင်း, မြှား, အမာခံများကို မရွေ့ရှားအောင် ကြိမ်နွယ်ဖြင့် တုပ်နှောင် ဖွဲ့ချည်အပ်သကဲ့သို့ အမာခံဖြစ်သော အရိုးပေါင်း သုံးရာခြောက်ဆယ်တို့ကို မရွေ့မရှား တည်ရှိအောင် ကြိမ်နွယ်နှင့်တူသော အကြောပေါင်း ကိုးရာတို့ဖြင့်



၃၂၇

ဖွဲ့ယှက်တုပ်နှောင်၍ ထားအပ်လေသည်။ ထို၏အပေါ်မှ ဘိတ္တိခေါ်သော မျက်ကွက်နံရံကို နွားချေး မြေညက်စိုင်တို့ဖြင့် မွမ်းမံလိမ်းကျံအပ်သကဲ့သို့ အသားတစ် အသားစိုင်ပေါင်း ကိုးရာတို့ဖြင့် လိမ်းကျံ မွမ်းမံ အပ်လေသည်။ ထို၏အထက်မှ တဖန် အင်္ဂတေ အချောကိုင်သကဲ့သို့ အရေထူဖြင့် ရစ်ပတ်ဖွဲ့ယှက်၍ ထားအပ်လေသည်။ ဖော်ပြရာပါ အရိုး, အကြော, အသားတစ်, အရေထူများကား ပင်ကိုယ်သဘာဝအားဖြင့် ရနံ့ပုပ်လှောင်း စက်ဆုပ်ဖွယ် ရွံရှာဖွယ် ကောင်းလှ၏၊ သို့သော် အိမ်နံရံကို ကြည့်ရှု၍ တင့်တယ်အောင် အညို, အဝါ, အစိမ်း, အနီစသော ဆေးအမျိုးမျိုးတို့ဖြင့် အသွေးအမျိုးမျိုးဖြစ်ရန် ခြယ်လှယ် ဖုံးအုပ်ထားသကဲ့သို့ ထိုအရိုး, အကြော, အသားတစ်, အရေထူတို့ကို ဆိုးဆေးနှင့်တူသည့် အညို, အရွှေ, အနီ, အဖြူ အဆင်းအမျိုးမျိုးရှိသော ယင်ကောင်၏ တောင်ပံအလား (တကိုယ်လုံးကိုခွါ၍ လုံးလိုက်လျှင် ဇီးစေ့ခန့်မျှသာ ပမာဏရှိသည့်) သိမ်မွေ့လှစွာသော အပေါ်ရံ အရေပါးက ဖုံးအုပ်၍ ထားအပ်သောကြောင့် ပညာမျက်စိ မရှိသူတို့သည် ဟုတ်တိုင်းမှန်စွာ အသုဘ အခြင်းအရာကို မမြင်ကြရချေဟု ဆိုလိုသည်။)

     ယင်းသို့ အရေပါးတည်းဟူသော ဆိုးရေတပ်စွန်းအပ်သည့် အရေထူဖြင့် ရစ်ပတ်ဖွဲ့ယှက်၍ ထားအပ်သောကြောင့် လူအပေါင်းအား မထင်ရှားသည့် အလွန်လျှင် မစင်ကြယ်, ရနံ့မကောင်း, စက်ဆုပ်ဖွယ်, ရွံရှာဖွယ်ကောင်းသည့် အထူးထူးသော အတွင်းအသုဘ ကောဋ္ဌာသတို့ကို ပညာမျက်စိဖြင့် ထိုးဖောက်၍ ဤသို့မြင်အောင် ကြည့်ရှုရမည်ဟု ပြတော်မူလိုသဖြင့် ဤဂါထာတို့ကို ဆက်၍ ဟောတော်မူအပ်လေသည်-

(၃) အန္တပူရော ဥဒရပူရော၊

ယကနပေဠဿ ဝတ္ထိနော။

ဟဒယဿ ပပ္ဖါသဿ၊

ဝက္ကဿ ပိဟကဿ စ။


(၄) သိင်္ဃာဏိကာယ ခေဠဿ၊

သေဒဿ စ မေဒဿ စ။

လောဟိတဿ လသိကာယ၊

ပိတ္တဿ စ ဝသာယ စ။



၃၂၈

(အယံ ကာယော = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်သည်။ န စန္ဒနာဒိပူရော = စန္ဒကူးနံ့သာ စသည်တို့ဖြင့် ပြည့်သည်မဟုတ်။ အထ ခေါ = အဟုတ်သော်ကား)။ အယံ ကာယော = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်သည်။ အန္တပူရော = အူမဖြင့် ပြည့်၏။ (ဝါ-အန္တပူရော = ယောက်ျားဒွတ္တိံ မိန်းမဋ္ဌာဝီ အတောင်ရှည်သား ဖြူသည်အဆင်း ကတေအင်းသို့ သွေးကျင်းမှာခွေ ခေါင်းပြတ်မြွေလို လည်မျိုဝစ္စ ပဒေသဝယ် နှစ်ဆယ်တတွန့် လိမ်တွန့်ရစ်နေ အူမခွေဖြင့် ပြည့်၏။ ။ ဝါ- ပေါက်သည့် နောက်အနက်ကား မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီး၏ အနက်များဖြစ်သည်၊ နောက်၌လည်း ဤနည်းအတူပင်)။

ဥဒရပူရော = အစာသစ်ဖြင့် ပြည့်၏။ (ဝါ-ဥဒရပူရော = စားသည့်အစာ သွင်လျာရူပ အူမထက်ဖျား ဆန့်ထုပ်လားသို့ - ကားသန့်ရှင်း တွင်း- ပိန္နဲခွံ ရွံဖွယ်ဘိခြင်း တစိတွင်းနှယ် သုံးဆယ်နှစ်မျိုး ပိုးတို့နေရာ အူထုံးမှာဝယ် လျှာရည်တံထွေး သွားမြှေးအာစေး ထိုထိုကြေးကို သိမ်းထွေးပေါင်းစု ထောင်းထုဝါးချေ မျိုလေဆင်းသက် ဓာတ်မီးချက်၍ ပရပွက်အူ ကျိုက်ကျိုက်ဆူပွ အမြှုပ်ထကာ ပိုးစာ,လောင်မီး, ကျင်ကြီး,ကျင်ငယ် တသွယ်သွေးသား ငါးပါးကွဲလျက် ခွေးစားခွက်ဝယ် ထွေးဟက်စွန့်လတ် ခွေးအန်ဖတ်တရှိ အစာသစ်ဖြင့် ပြည့်၏)။

ယကနပေဠဿ = အသည်းစိုင်ဖြင့်။ ပူရော = ပြည့်၏။ (ဝါ-ယကနပေဠဿ = ကုမုဒြာ ကြာချပ် ကျောက်နှယ် စဉ်းငယ်နီလျက် ကသစ်ရွက်သဏ္ဌာန် ဉာဏ်မဲ့ကြီးကြီး တခုတည်းသာ ပညာရှိဝယ် နှစ်,သုံးငယ်လတ် ထနဗ္ဘန္တရေ ညာမှာနေသော အသည်းစိုင်ဖြင့်။ ပူရော = ပြည့်၏)။

ဝတ္ထိနော = ကျင်ငယ်ဖြင့်။ ပူရော = ပြည့်၏။ (ဝါ-ဝတ္ထိနော = ပဲပြာရည်ဆင်း ဆီးစတွင်းဝယ် သက်ဆင်းကိုယ်မှ



၃၂၉

မရဝင်ပေါက် ထွက်ပေါက်သာထင် စိမ့်၍ဝင်သော ကျင်ငယ်အစုဖြင့်။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

ဟဒယဿ = နှလုံးသားဖြင့်။ ပူရော = ပြည့်၏။ (ဝါ-ဟဒယဿ = ဆင်းရွက်ပဒုံ ကျောပြင်ပုံတည်း ကြာငုံ အောက်ရှူ ဉာဏ်ရှိသူဝယ် စဉ်းငယ်ပွင့်တုံ, စုငုံမန္ဒ အပသန့်ရှင်း တွင်းသပွတ်အူ နှစ်ဆူဓာတ်မှီ နီသည်ရာဂ, ဒေါသမည်းငြား, သားဆေးရည်မောဟ, တက္ကပဲရည်, ဝါသည်သဒ္ဓါ, ပညာပြိုးပြက် ဇောတမြက်သွင် ဖြူစင်လွန်ကဲ လက်ဆွံ့ခွဲမျှ လောဟိတသည် ပုန္နာဂဋ္ဌိ တွင်းမှာရှိလတ် သားမြတ်လယ်ဗွေ ရင်မှာနေသော နှလုံးသားဖြင့်။ ပုရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

ပပ္ဖါသဿ = အဆုပ်အစုံဖြင့်။ ပူရော = ပြည့်၏။ (ဝါ-ပပ္ဖါသဿ = ရွမ်းမှည့်သဖန်း နီမြန်းဆင်းဟန် သဏ္ဌာန်စုတ်ပဲ့ မုံ့ယှက်ကဲ့နှုန်း သည်းနှလုံးကို အုပ်ဖုံးတွဲရရွဲ အစာနဲက ထန်ကဲတေဇာ ပူလောင်လာ၍ ဩဇာ မကပ် နွားဝါးဖတ်နှယ် သုံးဆယ်နှင့်နှစ် အသားတစ်ဟူသော အဆုပ်အစုဖြင့်။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

ဝက္ကဿ = အညှို့နှစ်ခုဖြင့်။ ပူရော = ပြည့်၏။ (ဝါ-ဝက္ကဿ = ကသစ်စေ့နှယ် စဉ်းငယ်နီမှု တန္တုတညှာ နှစ်မြွှာသရက် လည်မှသက်သည့် တချက်နှစ်ခု ကြောဖွဲ့ပြုလျက် ဝတ္ထုပတ်လည် ရံ၍တည်သော အ ညှို့နှစ်ခုဖြင့်။ ပူရော = ရွံဖွယ်လိလိ ပြည့်၍နေ၏)။

ပိဟကဿ စ = အဖျဉ်းဖြင့်လည်း။ ပူရော = ပြည့်၏။ (ဝါ-ပိဟကဿ စ = ကြောင်ပန်းပွင့်သွင် ညိုရောင်ထင်သော သတ္တင်္ဂုလာ နွားလျှာပုံတု ဝတ္ထုဝဲဖက် သရက်ရွက်ဝမ်းလျှာ ဘေသညာတွင်သော အဖျဉ်းအစုဖြင့်လည်း။ ပူရော = ရွံဖွယ်လိလိ ပြည့်၍နေ၏)။ (၃)



၃၃၀

အယံ ကာယော = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်သည်။ သိင်္ဃာဏိကာယ = နှပ်အစုဖြင့်။ ပူရော = ပြည့်၏။ (ဝါ-သိင်္ဃာဏိကာယ = ငိုယိုသောက်စား ဓာတ်ချောက်ချား၍ ဖောက်ထားသိမ်းအုပ် ကြာရွက်ထုပ်မှ နို့ဓမ်းကျသို့ နုလှထန်းဆန် ဆင်းဟန်မယုတ် သလိပ်ပုပ်အဖြစ် စင်စစ်ဖြစ်မြောက် ဦးနှောက်ရည်လျှင်း ဦးခေါင်းတွင်းမှ သက်ဆင်းအာစောက် အထက်ပေါက်ဖြင့် လျှောလျှောက်နှာဖု တည်ယိုစုသော နှပ်အစုဖြင့်။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

ခေဠဿ = တံတွေးဖြင့်။ ပူရော = ပြည့်၏။ (ဝါ-ခေဠဿ = ချဉ်,ငန်,စပ်,ခါး မြင်,စား,ကြံမိ စိုစိစက်ဆုပ် နှလုံးလှုပ်၍ ရေမြှုပ်မယွင်း ပါးမှဆင်းလျက် လျှာရင်းပြစ်ချွဲ လျှာဖျားကျဲသည် လျှာ၌တည်သော တံထွေးဖြင့်။ ပူရော = ရွံဖွယ်လိလိ ပြည့်၍နေ၏)။

သေဒဿ စ = ချွေးဖြင့်လည်း။ ပူရော = ပြည့်၏။ (ဝါ-သေဒဿ စ = ဓာတ်ဝိပရီ ပူမညီ၍ နှမ်းဆီအဆင်း ဆံမွေးတွင်းမှ သက်ဆင်းယိုကျသော ချွေးဖြင့်လည်း။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

မေဒဿ စ = အဆီခဲ အစုဖြင့်လည်း။ ပူရော = ပြည့်၏။ (ဝါ-မေဒဿ စ = ထက်ခြမ်းခွဲသည့် နနွင်းခဲတူ ဆူသောသူအား ရေသားကြား၌, ကြုံသူအားမှာ ဆူရာရာမှီသော အဆီခဲဖြင့်လည်း။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

လောဟိတဿ = သွေးဖြင့်။ ပူရော = ပြည့်၏။ (ဝါ-လောဟိတဿ = ချိပ်ရည်အဆင်း တခွက်ခင်းမျှ ရင်တွင်းဆုပ်ညှို့ နှလုံးတို့ထက် တစက်စက်ကျ ယကနအောက်နေ ဤလေးထွေကို စိုစေလျက် စုဝေးသော သွေး (သန္နိစိတသွေးကို ဆိုလိုသည်), ကျဲသောချိပ်ရည် ပမည်ပိုက်ကျုံး ကိုယ်လုံးနှံ့ရောက် အကြောလျှောက်သောသွေး (သံသရဏသွေးကို ဆိုလိုသည်), ကျဲသောချိပ်ရည် ပမည်ပိုက်ကျုံး



၃၃၁

ကိုယ်လုံးနှံ့ရောက် အကြောလျှောက်သောသွေး (သံသရဏသွေးကို ဆိုလိုသည်)အားဖြင့် နှစ်ပါးသော သန္နိစိတ, သံသရဏ သွေးအစုဖြင့်။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

လသိကာယ = အစေးပုပ်ဖြင့်။ ပူရော = ပြည့်၏။ (ဝါ-လသိကာယ = မဟာလှေကား စေးလားသဖွယ် ရာ့ရှစ်ဆယ်ဆက် အရိုးဆက်၌ ဆွတ်လျက်တည်ကာ ပြစ်၍ချွဲသော အစေးပုပ်ဖြင့်။ ပူရော = ရွံ့ဖွယ်လိလိ ပြည့်၍နေ၏)။

ပိတ္တဿ စ = သည်းခြေဖြင့်လည်း။ ပူရော = ပြည့်၏။ (ဝါ-ပိတ္တဿ စ = ဆုပ်နှလုံးကြား အသည်းနား၌ ထွားထွားကြီးကြီး သပွတ်သီးနှယ် အအိမ်ဝယ်တည် မည်စည်ဆီကဲ့ အိမ်ဖွဲ့သည်းခြေ (ဗဒ္ဓသည်းခြေကို ဆိုလိုသည်), စိုလေရာရာ ရေမှာဆီဆမ်း ပမာလှမ်းသား ညှိုးနွမ်းပျဉ်းပွင့် ကစော့ပွင့်တောင်ကြာ ပန်းဆင်းဝါသို့ အိမ်မှာမနေ (အဗဒ္ဓသည်းခြေကို ဆိုလိုသည်) နှစ်ပါးသော ဗဒ္ဓသည်းခြေ, အဗဒ္ဓသည်းခြေဖြင့်လည်း။ ပူရော = ရွံဖွယ်လိလိ ပြည့်၍နေ၏)။

ဝသာယ စ = ဆီကြည်ဖြင့်လည်း။ ဝါ- ခြင်ဆီဖြင့်လည်း။ ပူရော = ပြည့်၏။ (ဝါ-ဝသာယ စ = သဘောမတူ ရှိန်ပူဆာလျှင်း နှိပ်စက်ခြင်းကြောင့် အဆင်းအုန်းဆီ ရေပေါ်ဆီသဏ္ဌာန် ပြည့်ဟန်မသွေ လက်,ခြေ,နှာစွန်း ပခုံးစွန်းမှီ ခြင်ဆီဖြင့်လည်း။ ပူရော = ရွံဖွယ်လိလိ ပြည့်၍နေ၏)။ (၄)

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် အန္တပူရော-စသော နှစ်ဂါထာတို့ဖြင့် “ဤကိုယ်အတွင်း၌ ပုလဲပတ္တမြား- စသည်အတူ အမြတ်တနိုး ယူလောက်သည့် ကောဋ္ဌာသဟူ၍ မြူမျှမရှိ၊ စင်စစ်သော်ကား ဤကိုယ်ကောင်သည် မစင်မကြယ် ရွံဖွယ်တို့ဖြင့်သာလျှင်



၃၃၂

ပြည့်၍နေ၏”ဟု ကိုယ်တွင်း၌ဖြစ်သော ရွံရှာဖွယ်ကို ပြတော်မူပြီး၍ ထိုကိုယ်တွင်း၌ဖြစ်သော ရွံရှာဖွယ်ကိုပင် အပ၌ဖြစ်သော ရွံရှာဖွယ်ဖြင့် ထင်စွာပြု၍ ရှေး၌ဆိုပြီး, မဆိုရသေးသည်ကိုပါ သိမ်းရုံး၍ ပြတော်မူလိုရကား ဤဆိုလတ္တံ့သော နှစ်ဂါထာကို ဟောတော်မူသည်—

(၅) အထဿ နဝဟိ သောတေဟိ၊

အသုစီ သဝတိ သဗ္ဗဒါ။

အက္ခိမှာ အက္ခိဂူထကော၊

ကဏ္ဏမှာ ကဏ္ဏဂူထကော။


(၆) သိင်္ဃာဏိကာ စ နာသတော၊

မုခေန ဝမတေကဒါ။

ပိတ္တံ သေမှဉ္စ ဝမတိ၊

ကာယမှာ သေဒဇလ္လိကာ။

အထ = ထိုမှတပါး။ အဿ ကာယဿ = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်၏။ နဝဟိ သောတေတိ = ကိုးပေါက်ဒွါရ အမာဝတို့မှ။ သဗ္ဗဒါ = နေ့နေ့ညည ခပ်သိမ်းသော ကာလ၌။ အသုစီ = မစင်မကြယ် ရွံရှာဖွယ်အစုသည်။ သဝတိ = တားမရ ဆီးမရ ယိုစီး၍ကျ၏။ (ကိံ သဝတိ = အဘယ်သို့ ယိုစီး၍ ကျသနည်းဟူမူ)။ အက္ခိမှာ = မျက်စိနှစ်ဖက်မှ။ အက္ခိဂူထကော = မျက်ဝတ်မျက်ချေး အညစ်အကြေးသည်။ သဝတိ = တားဆီးမရ ယိုစီး၍ကျ၏။ ကဏ္ဏမှာ = နားတွင်းနှစ်ဖက်မှ။ ကဏ္ဏဂူထကော = နဖာနားချေး အညစ်အကြေးသည်။ သဝတိ = တားဆီးမရ ယိုစီး၍ကျ၏။ (၅)

သိင်္ဃာဏိကာ စ = နှာရည်နှပ်ချေး အညစ်အကြေးသည်လည်း။ ဧကဒါ = တရံတခါ။ နာသတော = နှာခေါင်းနှစ်ဖက်မှ။ သဝတိ = တားဆီးမရ ယိုစီး၍ကျ၏။ ဧကဒါ = တရံတခါ။ မုခေန = ခံတွင်းဖြင့်။ ဝါ- ခံတွင်းမှ။ ဝမတိ = တစိစိ တပွက်ပွက် ပျို့အန်၍ထွက်၏။



၃၃၃

ပိတ္တဉ္စ = ဗဒ္ဓ, အဗဒ္ဓ နှစ်ဝသော သည်းခြေသည်၎င်း။ သေမှဉ္စ = သလိပ်သည်၎င်း။ (ဝါ-သေမှဉ္စ = ဝက်ချေးဘနဲ ပြစ်ချွဲရွက်ရည် ပုံပမည်သို့ ဖြူသည်အဆင်း တခွက်ခင်းမျှ အူတွင်းစာထက် စာနံ့သက်ကို ဆို့လျက်ဖုံးပိတ်သော သလိပ်အညစ်အကြေးသည်၎င်း)။ ဧကဒါ = တရံတခါ။ မုခေန = ခံတွင်းဖြင့်။ ဝါ- ခံတွင်းမှ။ ဝမတိ = တစိစိ တပွက်ပွက် ပျို့အန်၍ထွက်၏။ ကာယမှာ = ကိုယ်အလုံးမှ။ သေဒဇလ္လိကာ =ချွေး, ဆား, အရေလွှာ, မြူ အညစ်အကြေးသည်။ သဗ္ဗဒါ = နေ့နေ့ညည ခပ်သိမ်းသောကာလ၌။ သဝတိ = တားဆီးမရ ယိုစီး၍ကျ၏။ (၆)

(ဤ၌။ ။ဝစ္စမဂ်မှ ကျင်ကြီး, ပဿာဝမဂ်မှ ကျင်ငယ်တို့ ယိုစီး၍ကျမှုကို လူအသိများ ထင်ရှားသောကြောင့်၎င်း၊ အခါ, ပုဂ္ဂိုလ်, ပရိသတ်ကို သိတော်မူသောကြောင့်၎င်း မြတ်စွာဘုရားရှင်သည် အထူးဟောတော်မမူပဲ အခြား တနည်းတဖုံအားဖြင့် တကိုယ်လုံးမှပင် မစင်မကြယ် ရွံရှာဖွယ်တို့သာ ယိုစီး၍ကျသည်ကို ပြတော်မူလိုသောကြောင့် “ကာယမှာ သေဒဇလ္လိကာ”ဟု ချုပ်၍ ပြတော်မူသည်။

ထိုဖော်ပြရာပါ နှစ်ဂါထာတို့ဖြင့် မြတ်စွာဘုရားရှင်သည် ထမင်းချက်လျှင် ဆန်ရေအညစ်အကြေးများသည် အမြှုပ်နှင့်တကွ တက်ပြီးလျှင် ထမင်းအိုးမျက်နှာ၀ကို လိမ်းကျံ၍ အပသို့ လျှောကျသကဲ့သို့ ထို့အတူ စားသောက်အပ်သော အစာကို ကမ္မဇတေဇောဓာတ်မီးဖြင့် ချက်အပ်သည်ရှိသော် အစာ၏ အညစ်အကြေးများ တက်ပြီးလျှင် မျက်စိစသည်မှ မျက်ဝတ် မျက်ချေးစသော အညစ်အကြေးတို့ ထွက်၍ အပသို့ ယိုစီးကျကြောင်းကို ပြတော်မူသည်)။

     ယခုအခါ လောက၌ အမြတ်ဆုံးအင်္ဂါဟူ၍ သမုတ်အပ်သော အကြင်ဦးခေါင်းသည် ရှိ၏။ အလွန် ထွတ်မြတ်သောကြောင့်ပင် ယင်းဦးခေါင်းအင်္ဂါဖြင့် ခိုက်၍ ရှိခိုးထိုက်သော သူတို့အားသော်မှလည်း (မာနခံကာ တရံတခါ) ရှိခိုးမှုကို မပြုကြကုန်၊ ထိုဦးခေါင်းအင်္ဂါ၏လည်း အနှစ်မရှိသည်၏အဖြစ် မစင်ကြယ်သည်၏ အဖြစ်ဖြင့် ဤခန္ဓာကိုယ်၏ မစင်မကြယ် ရွံရှာဖွယ်အဖြစ်ကို ပြတော်မူလိုပြန်သောကြောင့် ဤဂါထာကို ဟောတော်မူ၏-



၃၃၄

(၇) အထဿ သုသိရံ သီသံ၊

မတ္ထလုင်္ဂဿ ပူရိတံ။

သုဘတော နံ မညတီ ဗာလော၊

အဝိဇ္ဇာယ ပုရက္ခတော။

အထ = ထိုမှတပါး။ အဿ ကာယဿ = သဝိညာဏကခေါ်ဆို ဤခန္ဓာကိုယ်၏။ သုသိရံ = အခေါင်းရှိသော။ သီသံ = ဦးခေါင်းသည်။ မတ္ထလုင်္ဂဿ = ဦးနှောက်ဖြင့်။ (ဝါ-မတ္ထလုင်္ဂဿ = ဦးခွံထဲချောင် မှိုခဲလှောင်သို့ ဆင်းရောင်ဖြူစွာ ဦးချာလေးဆက် လေးပုံဝက်သည် မုံ့ညက်စိုင်အတု ဦးနှောက်အစုဖြင့်)၊ ပူရိတံ = ရွံဖွယ်လိလိ ပြည့်၍နေ၏။ ဗာလော = ပညာအန္ဓ လူ့ဗာလသည်။ နံ = ထိုမစင်မကြယ် ရွံဖွယ်အတိ ပြည့်၍နေသော ကိုယ်ကို။ အဝိဇ္ဇာယ = အဝိဇ္ဇာတရားသည်။ ဝါ- အဝိဇ္ဇာတရားဖြင့်။ ပုရက္ခတော = ရှေးရှုပတ်ကုံး ဖုံးလွှမ်းပိတ်ပင်အပ်သည်ဖြစ်၍။ ဝါ- ပိတ်ပင်အပ်သောကြောင့်။ သုဘတော = ငါ့ကိုယ်ကာယ တင့်တယ်စွာ့, ငါတင့်တယ်စွာ့, ငါ၏ တင့်တယ်ခြင်းကား နိစ္စဟူ၍။ မညတိ = တဏှာ, မာန, ဒိဋ္ဌိအားဖြင့် အမှားမှားပင် မှတ်ထင်အောက်မေ့၏။

သဝိညာဏက အသုဘခဏ်း ပြီး၏။

**********

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် သဝိညာဏက (သက်ရှိ)အသုဘခဏ်းကို ပြတော်မူပြီး၍ ယခုအခါ အဝိညာဏက (သက်မဲ့)အသုဘကို ပြတော်မူအံ့သောငှါ (တနည်း) စကြာမင်း၏ ကိုယ်ပင်သော်လည်း ဆိုအပ်ပြီးသော အပုပ်အတိ ပြည့်သည်သာတည်း၊ ထို့ကြောင့် ခပ်သိမ်းသော အပြားအားဖြင့် ပြည့်စုံစွာဖြစ်ခြင်း တည်းဟူသော သမ္ပတ္တိဘဝ၌ အသုဘကို ပြတော်မူပြီး၍ ယခုအခါ ပျက်စီးခြင်း တည်းဟူသော ဝိပတ္တိဘဝ၌ အသုဘကို ပြတော်မူအံ့သောငှါ ဤဂါထာကို ဟောတော်မူ၏-



၃၃၅

(၈) ယဒါ စ သော မတော သေတိ၊

ဥဒ္ဓုမာတော ဝိနီလကော။

အပဝိဒ္ဓေါ သုသာနသ္မိံ၊

အနပေက္ခာ ဟောန္တိ ဉာတယော။

ယဒါ စ = အကြင်အခါ၌ကား။ သော ကာယော = ထိုကိုယ်သည်။ (အာယုဥသ္မာဝိညာဏာပဂမေန = ရုပ်နာမ်ဇီဝိတ, ကမ္မဇတေဇော, စိတ်ဝိညာဏ် တည်းဟူသော သုံးပါးသောတရားတို့ ကင်းသဖြင့်)။ မတော = စုတိပြတ်ကြွေ သေလွန်သည်ဖြစ်၍။ ဥဒ္ဓုမာတော = သေသည်မှအထက်၌ လေပြည့်သော သားရေအိတ်ကဲ့သို့ ဖူးဖူးရောင်ပွလျက်။ ဝိနီလကော = နဂိုရ်အဆင်း ပျက်ယွင်းယုတ်ယို မည်းညိုသော အဆင်းရှိသည်ဖြစ်၍။ သုသာနသ္မိံ = သူကောင်ပစ်ချ သုသာန်တစ သင်းချိုင်းဝ၌။ အပဝိဒ္ဓေါ = စွန့်ပစ်အပ်သည်ဖြစ်၍။ သေတိ = မသာခေါင်းဝယ် လျောင်းရလေ၏။ တဒါ = ထိုအခါ၌။ ဉာတယော = မသေမီခါ ချစ်လှစွာသည့် ဆွေဉာတိရင်း မိတ်ခပင်းတို့သည်။ အနပေက္ခာ = “ထိုသူတဖန် ပြန်၍အသက် မဆက်တော့ပြီ မှန်လှသည်”ဟု ရွယ်ရည်ရိုးရင်း အပြီးတိုင် ငဲ့ကွက်ခြင်း ကင်းကြကုန်သည်။ ဟောန္တိ = ဖြစ်ကုန်၏။

(ဤဂါထာ၌။ ။“မတော = စုတိပြတ်ကြွေ သေလွန်”ဟူသော စကားရပ်ဖြင့် မမြဲသော အနိစ္စသဘောကို ပြတော်မူ၏။ “သေတိ = မသာခေါင်းဝယ် လျောင်းရလေ၏”ဟူသော စကားရပ်ဖြင့် ထိုသူ၏ လုံ့လဝီရိယ လုံးဝမရှိတော့သည်ကို ပြတော်မူ၏။ ထိုနှစ်ပါးစုံဖြင့် အသက်ရှည်မှုကို စွဲ၍ဖြစ်သော စိတ်တက်ကြွမှု = ဇီဝိတမာန်, အင်အားကောင်းမှုကို စွဲ၍ဖြစ်သော စိတ်တက်ကြွမှု = ဗလမာန်- ဤမာန်နှစ်ပါးကို ပယ်ရှားရန် တိုက်တွန်းတော်မူသည်။

“ဥဒ္ဓုမာတော = ဖူးဖူးရောင်ပွ”ဟူသော စကားရပ်ဖြင့် ပုံပန်းသဏ္ဌာန် ပျက်စီးခြင်းကို ပြတော်မူ၏။ “ဝိနီလကော = မည်းညိုသော အဆင်းရှိသည်ဖြစ်၍”ဟူသော စကားရပ်ဖြင့် ပင်ကိုယ်ကရှိရင်း အရေအဆင်းတို့၏ ပျက်စီးခြင်းကို ပြတော်မူ၏။ ထိုနှစ်ပါးစုံဖြင့်



၃၃၆

ရုပ်ရည်အဆင်း တင့်တယ်လှပခြင်းကို စွဲ၍ဖြစ်သော စိတ်တက်ကြွမှု = မာန်မာနကို ပယ်ရှားရန်(နှင့်) ပုံပန်းသဏ္ဌာန် တင့်တယ်လှပမှုကို စွဲ၍ဖြစ်သော စိတ်တက်ကြွမှု = မာန်မာနကို ပယ်ရှားရန် တိုက်တွန်းတော်မူ၏။

“အပဝိဒ္ဓေါ = စွန့်ပယ်အပ်သည်ဖြစ်၍”ဟူသော စကားရပ်ဖြင့် ယူစရာ, ရစရာ ဘာမျှမရှိတော့သည်ကို ပြတော်မူ၏။ “သုသာနသ္မိံ = သုသာန်တစ သင်းချိုင်း၀၌”ဟူသော စကားရပ်ဖြင့် အိမ်တွင်း၌ထားရန် မထိုက်တန်အောင်ပင် စက်ဆုပ်ရွံရှာဖွယ်အဖြစ်ကို ပြတော်မူ၏။ ထိုနှစ်ပါးစုံဖြင့် ငါ့ဥစ္စာဟု စွဲလမ်းမှုကို ပယ်ရှားရန်(နှင့်) သုဘ = တင့်တယ်သည်ဟု မှတ်ထင်မှုကို ပယ်ရှားရန် တိုက်တွန်းတော်မူ၏။

“အနပေက္ခာ ဟောန္တိ ဉာတယော = ဆွေမျိုးမိတ်သင်္ဂဟတို့က အပြီးတိုင် ငဲ့ကွက်ခြင်း ကင်းကြသည်”ဟူသော စကားရပ်ဖြင့် မိမိကို ရှေးက မြတ်နိုးမှုပြုခဲ့ကြသော ဆွေမျိုးမိတ်သင်္ဂဟတို့က မြတ်နိုးမှု မပြုကြတော့ခြင်းကို ပြတော်မူ၏၊ ယင်းသို့ပြသဖြင့် အခြံအရံများမှုကို စွဲ၍ဖြစ်သော စိတ်တက်ကြွမှု = ပရိဝါရမာန်ကို ပယ်ရှားရန် တိုက်တွန်းတော်မူ၏။

ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ဤဂါထာဖြင့် အကောင်မပျက်သေးသော အဝိညာဏက (သက်မဲ့)အသုဘကို ပြတော်မူ၏)။

     ယခုအခါ အကောင်ပျက်စီးသော အဝိညာဏက (သက်မဲ့)အသုဘကို ပြတော်မူလို၍ ဤဂါထာကို ဟောတော်မူ၏-

(၉) ခါဒန္တိ နံ သုဝါနာ စ၊

သိင်္ဂါလာ စ ဝကာ ကိမီ။

ကာကာ ဂိဇ္ဈာ စ ခါဒန္တိ၊

ယေ စညေ သန္တိ ပါဏိနော။

နံ ကာယံ = ထိုသုသာန်တစ သင်းချိုင်းဝ၌ ပစ်ချအပ်သော ကိုယ်ကို။ သုဝါနာ စ = အိမ်ခွေးတို့သည်၎င်း။ သိင်္ဂါလာ စ = မြေခွေး (တောခွေး)တို့သည်၎င်း။ ဝကာ = သစ်ကျုတ်တို့သည်၎င်း။ ကိမီ = ပိုးလောက်တို့သည်၎င်း။ ခါဒန္တိ = ခဲစားကြကုန်၏။ ကာကာ စ = ကျီးတို့သည်၎င်း။ ဂိဇ္ဈာ စ = လင်းတတို့သည်၎င်း။



၃၃၇

ခါဒန္တိ = ခဲစားကြကုန်၏။ အညေ = ဆိုအပ်ပြီးသည်မှ တပါးကုန်သော။ ယေ စ ပါဏိနော = အကြင်အသားစား သစ်, ကျား, သိန်း, စွန်-စသော သတ္တဝါတို့သည်လည်း။ သန္တိ = ရှိကုန်၏။ တေ စ ပါဏိနော = ထို သတ္တဝါတို့သည်လည်း။ ခါဒန္တိ = ခဲစားကြကုန်၏။

အဝိညာဏက အသုဘခဏ်း ပြီး၏။

**********

     ဤသို့လျှင် “စရံ ဝါ ယဒိ ဝါ တိဋ္ဌံ”စသော ပဌမဂါထာဖြင့် သုညတကမ္မဋ္ဌာန်း၏ အစွမ်းဖြင့်၎င်း, “အဋ္ဌိနဟာရုသံယုတ္တော” အစရှိသော ၆-ဂါထာတို့ဖြင့် သဝိညာဏက အသုဘ၏ အစွမ်းဖြင့်၎င်း, “ယဒါ စ သော မတော သေတိ” အစရှိသော ၂-ဂါထာတို့ဖြင့် အဝိညာဏက အသုဘ၏ အစွမ်းဖြင့်၎င်း ဤကိုယ်၏သဘောကို ပြပြီးလျှင် ဤသို့စင် နိစ္စ, သုခ, အတ္တအဖြစ်မှ ဆိတ်သုဉ်းသော စင်စစ် အသုဘဖြစ်သော ဤကိုယ်၌ “အဝိဇ္ဇာဖုံးလွှမ်းသော သူမိုက်သည် သုဘဟု အောက်မေ့ ထင်မှတ်ဘိ၏”ဟု သူမိုက်၏ဖြစ်ပုံကို ပြလျက် အဝိဇ္ဇာကို အဦးမူသဖြင့် ဝဋ်ကို ပြပြီးလျှင် ယခုအခါ ထိုသို့သဘောရှိသော ကိုယ်၌ ပညာရှိ၏ ဖြစ်ပုံကို၎င်း, ပရိညာသုံးပါးကို အဦးမူသဖြင့် ဝိဝဋ္ဋကို၎င်း ပြတော်မူခြင်းငှါ မြတ်စွာဘုရားရှင်သည် ဤဂါထာတို့ကို ဟောတော်မူ၏-

(၁၀) သုတွာန ဗုဒ္ဓဝစနံ၊

ဘိက္ခု ပညာဏဝါ ဣဓ။

သော ခေါ နံ ပရိဇာနာတိ၊

ယထာဘူတဉှိ ပဿတိ။

ဣဓ = အံ့ဖွယ်ရှစ်ဖြာ ဤသာသနာ၌။ ဗုဒ္ဓဝစနံ = မြတ်စွာဘုရား၏ စကားတော်ဖြစ်သော ဤဝိဇယသုတ် (တနည်း- ကာယဝိစ္ဆန္ဒနိကသုတ်) ဒေသနာတော်ကို။ သုတွာန = အသင့်အားဖြင့် နာကြားရသောကြောင့်။ ပညာဏဝါ = ပိပဿနာ ဉာဏ်ပညာနှင့် ပြည့်စုံသော။



၃၃၈

သော ဘိက္ခု = ထိုပုထုဇန်,သေက္ခ ယောဂါဝစရရဟန်းသည်။ ဟိ ယသ္မာ = အကြင့်ကြောင့်။ ယထာဘူတံ = ဟုတ်မှန်သောအတိုင်း။ ပဿတိ = ပိပဿနာ ဉာဏ်ပညာစက္ခုဖြင့် ရှုမြင်၏။ တသ္မာ = ထို့ကြောင့်။ နံ ကာယံ = ထိုကိုယ်ကို။ ပရိဇာနာတိ = ဉာတ, တီရဏ, ပဟာနအား ပရိညာသုံးပါးဖြင့် ပိုင်းခြားထင်ထင် သိမြင်လေ၏။

     ဤအရာ၌ ပရိညာသုံးပါးဖြင့် ဤကိုယ်ကို သိပုံမှာ-

     လိမ္မာသော ကုန်သည်သည် မိမိဝယ်ယူမည့် ဘဏ္ဍာအမျိုးမျိုးကို သေချာစေ့ငု ကြည့်ရှုပြီးမှ “အဖိုးဤမျှဖြင့် ဝယ်ယူလျှင် အမြတ်အစွန်း ဤမျှဖြစ်လိမ့်မည်”ဟု ရှေးဦးစွာ ဉာဏ်ဖြင့် နှိုင်းချိန်စဉ်းစား၍ ထိုသို့ နှိုင်းချိန်စဉ်းစားတိုင်း ပြုပြီးလျှင် တဖန် အမြတ်အစွန်းနှင့်တကွ အရင်းဥစ္စာကို ယူလျက် ထိုဘဏ္ဍာကို ရောင်းချ စွန့်လွှတ်သကဲ့သို့ ဤအတူပင် ပုထုဇန်,သေက္ခ ယောဂါဝစရ ရဟန်းသည် “ဤကိုယ်၌ တကယ်စင်စစ်ရှိနေသော တရားတို့ကား (ပါဠိတော်၌ တိုက်ရိုက်ထုတ်ဖော် ဟောပြတော်မူအပ်သော) အရိုး,အကြောစသည် (ပါဠိတော်၌ တိုက်ရိုက် မဟောအပ်သော) ဆံပင်,မွေးညှင်း စသည်တို့သာတည်း”ဟု ဉာဏ်ပညာစက္ခုဖြင့် ကြည့်ရှု ဆင်ခြင်သောအခါ ဉာတပရိညာဖြင့် ဤကိုယ်ကို ပိုင်းခြား၍သိ၏။ ။ဤကိုယ်၌ရှိကြသော တရားတို့ကား အနိစ္စ, ဒုက္ခ, အနတ္တ တရားတို့သာတည်းဟု ဝိပဿနာ ဉာဏ်ပညာစက္ခုဖြင့် ကြည့်ရှုသုံးသပ် ဆုံးဖြတ်သောအခါ တီရဏပရိညာဖြင့် ဤကိုယ်ကို ပိုင်းခြား၍သိ၏။ ။ဤသို့ “အနိစ္စ, ဒုက္ခ, အနတ္တ တရားတို့သာတည်း”ဟု ဝိပဿနာ ဉာဏ်ပညာစက္ခုဖြင့် ကြည့်ရှုသုံးသပ် ဆုံးဖြတ်၍ အရိယမဂ်သို့ ဆိုက်ရောက်သောအခါ ဤကိုယ်ခန္ဓာ၌ တွယ်တာတပ်မက်မှု = ဆန္ဒရာဂကို ပယ်စွန့်သောအားဖြင့် ဤကိုယ်ကို ပဟာနပရိညာဖြင့် ပိုင်းခြား၍သိ၏။

(ဤ၌။ ။သူခပ်သိမ်းအားပင် မျက်မြင်ထင်ရှားဖြစ်သော ဤကိုယ်ကို (ယင်းသို့ မျက်မြင်ထင်ရှား ဖြစ်လင့်ကစား)



၃၃၉

ဘုရားစကားတော်ကို မကြားနာရလျှင် သုညတစသော အခြင်းအရာကို ပရိညာသုံးပါးဖြင့် ပိုင်းခြား၍ မသိနိုင်သောကြောင့်၎င်း, ဘုရားစကားတော်ကို ကြားနာရမှသာ သိနိုင်သောကြောင့်၎င်း, ထိုသုညတ-စသော အခြင်းအရာကို ပရိညာသုံးပါးဖြင့် ပိုင်းခြား၍သိခြင်း၏ အကြောင်းကို၎င်း, ဤသာသနာတော်မှ ပြင်ပ ဗာဟိရက အယူရှိကြသူတို့မှာ ဤသို့ရှုမြင်ခြင်းငှါ မစွမ်းနိုင်သည်၏ အဖြစ်ကို၎င်း ပြတော်မူလို၍ (သုတွာန ဗုဒ္ဓဝစနံ ဣဓ-ဟူသော) ဤစကားရပ်တို့ကို ဟောတော်မူ၏။

နန္ဒာထေရီ ဘိက္ခုနီမကို၎င်း, သိရိမာ၏ ရုပ်အဆင်း၌ တပ်စွန်းဖောက်ပြန်သော စိတ်ရှိသည့် ရဟန်းကို၎င်း အကြောင်းပြု၍ ဤယခု ဝိဇယသုတ္တန် (တနည်း ကာယဝိစ္ဆန္ဒနိကသုတ္တန်) ဒေသနာတော်ကို ဟောကြားအပ်သောကြောင့်၎င်း, ပရိသတ်လေးပါးတို့တွင် ရဟန်းပရိသတ်က အမြတ်ဖြစ်သောကြောင့်၎င်း, ထိုရဟန်းပရိသတ်ကသာ ဘုရားအနား နီးပါးစွဲမြဲသောကြောင့်၎င်း, ထိုအသုဘဟုရှုသော အကျင့်ပဋိပတ် အနိစ္စ, ဒုက္ခ, အနတ္တဟု ရှုသော အကျင့်ပဋိပတ်သို့ ဆိုက်ရောက်သူမှန်က ရဟန်းရှင်လူ မည်သူမဆို “ဘိက္ခု”မည်သည်၏ အဖြစ်ကို ပြတော်မူလိုသောကြောင့်၎င်း ဘိက္ခု-ဟူ၍ ဟောတော်မူ၏၊ ရဟန်းများမှသာ ပရိညာသုံးပါးဖြင့် သိကောင်းသောကြောင့် ဘိက္ခု-ဟု ဟောတော်မူသည်မဟုတ်။ ဤအနက်အဓိပ္ပါယ်ကိုလည်း အထူး မှတ်ယူရာ၏)။

     ယခုအခါ မြတ်စွာဘုရားရှင်သည် “ယထာဘူတဉှိ ပဿတိ”ဟူသော စကားအရ ယထာဘူတ အဟုတ်အမှန်ကျအောင် ရှုကြည့်ပုံကို ပြတော်မူလို၍ ဤဂါထာကို ဟောတော်မူ၏-

(၁၁) ယထာ ဣဒံ တထာ ဧတံ၊

ယထာ ဧတံ တထာ ဣဒံ။

အဇ္ဈတ္တဉ္စ ဗဟိဒ္ဓါ စ၊

ကာယေ ဆန္ဒံ ဝိရာဇယေ။

ဣဒံ သဝိညာဏကာသုဘံ = ဤသက်ရှိ အသုဘကောင်သည်။ (အာယုဥသ္မာဝိညာဏာနုပဂမာ = ရုပ်နာမ်ဇီဝိတ, ကမ္မဇတေဇော, စိတ်ဝိညာဏ် တည်းဟူသော သုံးပါးသောတရားတို့ မကင်းခြင်းကြောင့်။ စရတိ တိဋ္ဌတိ နိသီဒတိ သယတိ ယထာ = သွား, ရပ်, ထိုင်, လျောင်းသကဲ့သို့)။



၃၄၀

တထာ = ထို့အတူ။ ဧတံ-ဧတရဟိ သုသာနသယိတမ္ပိ = ယခု သုသာန်၌လျောင်းသည့် အသက်မဲ့ အသုဘကောင်သည်လည်း။ (ပုဗ္ဗေ = မသေမီ ရှေးအခါက။ တေသံ = ထိုတရားသုံးမျိုးတို့၏။ အနပဂမာ = မကင်းခြင်းကြောင့်။ စရဏာဒိဓမ္မံ = သွား, ရပ်, ထိုင်, လျောင်းခြင်း သဘောရှိသည်။ အဟောသိ = ဖြစ်ခဲ့လေပြီ)။

ဧတံ- ဧတရဟိ မတသရီရံ = ယခုသေသော ထိုအဝိညာဏက အသုဘအကောင်သည်။ (တေသံ ဓမ္မာနံ = ထိုဆိုအပ်ငြား တရားသုံးမျိုးတို့၏။ အပဂမာ = ချုပ်စဲ ပြတ်ကင်းခြင်းကြောင့်။ န စရဏာဒိဓမ္မံ ယထာ = သွား, ရပ်, ထိုင်, လျောင်းခြင်းသဘော မရှိသကဲ့သို့)။ တထာ = ထို့အတူ။ ဣဒံ သဝိညာဏကမ္ပိ = ဤသဝိညာဏက အသုဘအကောင်သည်လည်း။ (တေသံ ဓမ္မာနံ = ထိုဆိုအပ်ငြား တရားသုံးမျိုးတို့၏။ အပဂမာ = ချုပ်စဲ ပြတ်ကင်းခြင်းကြောင့်။ န စရဏာဒိဓမ္မံ = သွား, ရပ်, ထိုင်, လျောင်းခြင်းသဘော မရှိသည်။ ဘဝိဿတိ = ဖြစ်လတ္တံ့)။

(ဧဝံ = ဤသို့။ ပဋိပန္နော = ကျင့်သော။ ဘိက္ခု = သံသရာဘေး ခန္ဓာရေးကို ထောက်တွေးမြော်မြင် ပညာရှင်သည်)။ အဇ္ဈတ္တဉ္စ ကာယေ = အတွင်းအဇ္ဈတ္တ ကိုယ်ကာယ၌၎င်း။ ဗဟိဒ္ဓါ စ ကာယေ = အပြင်ဗဟိဒ္ဓ ကိုယ်ကာယ၌၎င်း။ ဆန္ဒံ = တွယ်တာငြိကပ် တပ်မက်ခြင်း ဆန္ဒရာဂကို။ ဝိရာဇယေ-ဝိရာဇေယျ = လေးပါး မဂ်ဉာဏ် သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်ရှင်းကာ ကင်းကွာစေနိုင်ရာ၏။

(ဤဂါထာ၌ “ယထာ ဣဒံ တထာ ဧတံ = ဤသက်ရှိ သဝိညာဏက ငါ၏ကိုယ်ကဲ့သို့ပင် ထိုသက်မဲ့ အဝိညာဏက အသုဘကောင်သည်လည်း ရှေးကဖြစ်ခဲ့ဘူးလေပြီ”ဟု မိမိနှင့် သေသောသူကောင်ကို ထပ်မျှပြုကာ ရှုကြည့်ခြင်းဖြင့် အပြင်ဗဟိဒ္ဓ ကိုယ်ကာယ၌ (ဖြစ်မည့်) ဒေါသကိလေသာကို ပယ်၏။



၃၄၁

“ယထာ ဧတံ တထာ ဣဒံ = ထိုသေသော သူကောင်ကဲ့သို့ပင် ဤငါ၏ သက်ရှိ သဝိညာဏက ကိုယ်ကောင်သည်လည်း နောက်တချိန်၌ ဖြစ်လိမ့်မည်”ဟု သေသောသူကောင်နှင့် မိမိကို ထပ်မျှပြုကာ ရှုကြည့်ခြင်းဖြင့် အတွင်းအဇ္ဈတ္တ ကိုယ်ကာယ၌ (ဖြစ်မည့်) ရာဂကိလေသာကို ပယ်၏။

အဇ္ဈတ္တ ဗဟိဒ္ဓ ကိုယ်ကာယနှစ်ပါးကို (တနည်း) သက်ရှိသက်မဲ့ ကိုယ်ကာယနှစ်ပါးကို ထပ်မျှပြုကာ ရှုကြည့်နိုင်ကြောင်းဖြစ်သော အခြင်းအရာကို ပညာဖြင့် သိရကား ထိုကိုယ်ကာယနှစ်ပါး၌ သဘောသွားကို မသိခြင်း = မောဟကိလေသာကို ပယ်၏။

ဤသို့လျှင် ရှေ့ပိုင်း ဝိပဿနာဉာဏ် အခိုက်၌ပင် အမှန်အတိုင်း သိမြင်သဖြင့် လောဘ, ဒေါသ, မောဟ = အကုသိုလ်မူလ သုံးပါးကို တဒင်္ဂပဟာန်ဖြင့် ပယ်ရှားနိုင်ပြီးလျှင် ထိုဝိပဿနာဉာဏ်မှအထက် မဂ်လေးပါးအစဉ်ဖြင့် အလုံးစုံသော ဆန္ဒရာဂကို သမုစ္ဆေဒပဟာန် အနေအားဖြင့် အကြွင်းမဲ့ ပယ်စွန့်နိုင်လေသည်ဟု ဆိုလိုရင်းအဓိပ္ပါယ်ကို သိမှတ်ရာ၏)။

     ဤသို့လျှင် သေက္ခဘုံကို ပြပြီး၍ ယခုအခါ အသေက္ခဘုံကို ပြတော်မူလိုရကား ဤဂါထာကို ဟောတော်မူ၏-

(၁၂) ဆန္ဒရာဂဝိရတ္တော သော၊

ဘိက္ခု ပညာဏဝါ ဣဓ။

အဇ္ဈဂါ အမတံ သန္တိံ၊

နိဗ္ဗာနံ ပဒမစ္စုတံ။

ဣဓ = အံ့ဖွယ်ရှစ်ဖြာ ဤသာသနာတော်၌။ ဝါ— သဝိညာဏက အဝိညာဏက အဇ္ဈတ္တ ဗဟိဒ္ဓဖြစ်သောဤကိုယ်ကာယ၌။ ဆန္ဒရာဂဝိရတ္တော = တဏှာဆန္ဒ ဟူသမျှကို တစမကျန် ပယ်လှန်ဖြတ်ရှင်း ကင်းတော်မူပြီးသော။ ပညာဏဝါ = အရဟတ္တမဂ်ပညာရှိသော။ သော ဘိက္ခု = ထိုမဂ္ဂါနန္တရဖိုလ်သို့ ရောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည်။ အမတံ = သေခြင်းကင်းသော။ ဝါ- အမြိုက်သုဒ္ဓါ အရသာသို့ လွန်စွာမွန်မြတ်သော။ သန္တိံ = သင်္ခါရခပ်သိမ်း ငြိမ်းရာဖြစ်သော။ ဝါ- သန္တိလက္ခဏာ ငြိမ်းလှစွာသော။ နိဗ္ဗာနံ = တဏှာမှ လွတ်မြောက်ရာဖြစ်သော။



၃၄၂

အစ္စုတံ = လျှောကျသက်ကြွေ စုတေရခြင်း အလျှင်းမရှိသော။ ပဒံ = မဂ်ဉာဏ်စသည်ဖြင့် ရောက်အပ်သော နိဗ္ဗာန်သို့။ အဇ္ဈဂါ = ရောက်လေပြီ။

(ဤဂါထာဖြင့် ဖော်ပြရာပါအတိုင်း ကျင့်ကြံ အားထုတ်သော သူသည် ဤတဏှာဆန္ဒ (=တဏှာဆန္ဒ အဦးပြုသော ကိလေသာအပေါင်း)ကို စွန့်ပယ်၍ နိဗ္ဗာနဓာတ်နှစ်ပါးကို ရရှိကြောင်း ပြဆိုတော်မူသည်)။

     ဤသို့လျှင် သက်ရှိသက်မဲ့ = သဝိညာဏက အဝိညာဏက၏ အစွမ်းဖြင့် အသုဘကမ္မဋ္ဌာန်းကို မဂ်,ဖိုလ်,နိဗ္ဗာန်ဟူသော အပြီးအဆုံးနှင့်တကွ ဟောတော်မူပြီး၍ တဖန် အကျဉ်းချုပ်ဖြစ်သော ဒေသနာဖြင့် သို့စင် ကြီးကျယ်ဖွံ့ဖြိုး အကျိုးအာနိသင်ရှိသည့် ကမ္မဋ္ဌာန်း၏အန္တရာယ်ကို ပြုတတ်သည့် ပမာဒဝိဟာရ = မေ့လျော့စွာနေခြင်းကို ကဲ့ရဲ့ရှုတ်ချတော်မူလိုရကား၏ နောက်ဆုံး ၂-ဂါထာကို ဟောတော်မူ၏-

(၁၃) ဒွိပါဒကောယံ အသုစိ၊

ဒုဂ္ဂန္ဓော ပရိဟာရတိ။

နာနာကုဏပပရိပူရော၊

ဝိဿဝန္တော တတော တတော။


(၁၄) ဧတာဒိသေန ကာယေန၊

ယော မညေ ဥဏ္ဏမေတဝေ။

ပရံ ဝါ အဝဇာနေယျ၊

ကိမညတြ အဒဿနာ။

ဒွိပါဒကော = အခြေနှစ်ချောင်းရှိသော။ အယံ ကာယော = ဤလူ၏ကိုယ်သည်။ အသုစိ = မစင်မကြယ် ရွံဖွယ်အတိ ပြည့်သည်ဖြစ်၍။ ဒုဂ္ဂန္ဓော = ပုပ်နံညှီဟောင်း ရနံ့မကောင်းသည်ဖြစ်၍။ ပရိဟာရတိ = ရေချိုးခြင်း, နံ့သာလိမ်းခြင်း စသည်ဖြင့် နေ့ဆက်ရက်စဉ် ပြုပြင်ဆောင်ရွက်၍နေရ၏။ (အထ = ထိုသို့ နေ့ဆက်ရက်စဉ် ပြုပြင်ဆောင်ရွက်၍ ပေးနေပါလျက်)။ နာနာကုဏပပရိပူရော = အထူးထူးအပြားပြား တပါးမက များလှစွာဘိ



၃၄၃

အပုပ်အတိ ပြည့်မြဲပြည့်၍နေ၏။ တတော တတော = ထိုထို ကိုးပေါက်ဒွါရ အမာ၀ခပင်း ဆံမွေးတွင်းတို့မှ။ ဝိဿဝန္တော = နံ့သာလိမ်းကျံ ပန်းကိုပန်၍ ဖန်ဖန်ကြိုးကုတ် ဖုံးလွှမ်းရန် အားထုတ်သော်လည်း ပြုလုပ်သမျှ ကျိုးမရပဲ ခေဠတံထွေး မျက်ဝတ်ချွေးနှင့် နှိပ်စေးနဖာ ရွံဖွယ်ရာတို့ များစွာဒီးဒီး တတွေတွေ ယိုစီးလျက် ရှိပေ၏။

ဧတာဒိသေန = ဤသို့ မစင်မကြယ် ရွံ့ဖွယ်အတိ ပြည့်၍နေသော။ ကာယေန = ကိုယ်ဖြင့်။ ဝါ- ကိုယ်ကြောင့်။ ယော = အမှတ်မထား ယောက်ျားမိန်းမ အကြင်သို့သော လူ့ဗာလသည်။ ဥဏ္ဏမေတဝေ = မာန်တကြွားကြွား ငါတကားဟု ထောင်လွှားခြင်းငှါ။ မညေ-မညေယျ = တဏှာအားဖြင့် ငါ၏ကိုယ်, မာနအားဖြင့် ငါတကား, ဒိဋ္ဌိအားဖြင့် ငါ့ကိုယ်နိစ္စဟု တက်ကြွစိတ်ဝင် မှတ်ထင်လေရာ၏။ ပရံ ဝါ = သူတပါးကိုမူလည်း။ အဝဇာနေယျ = ဇာတိနာမ ဂေါတ္တ- စသည် ထိုထိုသို့သော ဂုဏ်ရည်ဖြင့် မထီမဲ့မြင် ရှုတ်ချရာ၏။ (အတြ = ထိုသို့ ကိုယ့်ကိုမြှောက်လျှင်း သူ့ကိုနှိပ်ခြင်း၌)။ အဒဿနာ = သစ္စာလေးအင် အမှန်အတိုင်း မသိမြင်ခြင်းကို။ အညတြ = မယူကြဉ်ဖဲ ရှောင်လွှဲဖယ်ရှား အလွတ်ထား၍။ ကာရဏံ = အခြားတပါး အကြောင်းတရားသည်။ ကိံ သိယာ = အဘယ်မှာလျှင် ဖြစ်ရာတော့အံ့နည်း။ (သစ္စာလေးပါးတရားကို မသိခြင်းကြောင့်သာ ထိုကဲ့သို့ မိမိကိုယ်ကို မြှောက်ပင့်၍ သူ့ကိုနှိပ်ခြင်း ဖြစ်သည်ဟု ဆိုလိုသည်)။

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။ သိရိမာ နတ်မိဖုရားသည်လည်း အနာဂါမိဖိုလ်သို့ ရောက်ရှိလေသည်။ သိရိမာကို တပ်မက်သော ရဟန်းသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။

ဝိဇယသုတ္တန် မြန်မာပြန် ပြီး၏။

**********



၃၄၄

ဝိဇယသုတ္တန် မြန်မာပြန် နောက်ဆက်တွဲ

အမည်သုံးပါး ခေါ်ဆိုခြင်း

     ဤသုတ္တန်ကို (၁) ဝိဇယသုတ္တန်ဟူ၍၎င်း (၂) ကာယဝိစ္ဆန္ဒနိကသုတ္တန်ဟူ၍၎င်း (၃) နန္ဒသုတ္တန်ဟူ၍၎င်း အမည်သုံးပါးဖြင့် ခေါ်ဆိုအပ်လေသည်။ အကြောင်းကား-

     (၁)(၂) ကိုယ်ကာယ၌ တပ်မက်သော ဆန္ဒရာဂ (=တဏှာလောဘ)ကို အောင်နိုင်ကြောင်း ဖြစ်သောကြောင့် ဝိဇယသုတ္တန်ဟူ၍ ခေါ်ဆိုအပ်၏၊ ထိုကိုယ်ကာယ၌ တပ်မက်သော ဆန္ဒရာဂ (=တဏှာလောဘ)ကို ဖြတ်ပယ်ကြောင်း ဖြစ်သောကြောင့် ကာယဝိစ္ဆန္ဒနိကသုတ္တန် (တနည်း) ကာယဝိစ္ဆိန္ဒနိကသုတ္တန်ဟူ၍ ခေါ်ဆိုအပ်သည်။

     (၃) ဤသိရိမာ ပြည့်တန်းဆာမ အဋ္ဌုပ္ပတ်ကား ဤသုတ္တန်ကို နှစ်ကြိမ်မြောက် (=ဒုတိယ) ဟောဆိုကြောင်း အဋ္ဌုပ္ပတ်ဖြစ်သည်။ ပဌမအဋ္ဌုပ္ပတ်မှာ ဇနပဒကလျာဏီ နန္ဒာထေရီမကို အကြောင်းပြု၍ သာဝတ္ထိပြည်၌ ဤသုတ္တန်ကို မြတ်စွာဘုရား ဟောကြားတော်မူသည်။ ထို့ကြောင့် ဤသုတ္တန်ကို နန္ဒသုတ္တန်ဟူ၍လည်း ခေါ်ဆိုအပ်သည်။

     ချဲ့ဦးအံ့- ဤဝိဇယသုတ္တန်ကို (၁) သာဝတ္ထိပြည်၌ ဇနပဒကလျာဏီ နန္ဒာထေရီကို အကြောင်းပြု၍ ပဌမအကြိမ် ဟောတော်မူသည်။ (၂) ရာဇဂြိုဟ်ပြည်၌ သိရိမာ ပြည့်တန်းဆာမကို အကြောင်းပြု၍ ဒုတိယအကြိမ် ဟောတော်မူသည်။ ထိုတွင် ဒုတိယအကြိမ် ဟောတော်မူကြောင်းကို ရေးသားဖော်ပြပြီးပြီ၊ ပဌမအကြိမ် ဟောတော်မူသော အကြောင်းအရာ အဋ္ဌုပ္ပတ္တိမှာ-

     မြတ်စွာဘုရားရှင်သည် အစဉ်သဖြင့် ကပိလ၀တ်နေပြည်တော်သို့ ပဌမအကြိမ် ကြွရောက်၍ သာကီဝင်မင်းတို့ကို ဆုံးမတော်မူပြီးလျှင် နန္ဒမင်းသား- စသည်တို့ကို ရဟန်းပြုပေးတော်မူပြီးနောက် (၅-ဝါအရောက်တွင်) မာတုဂါမများကို ရဟန်းပြုရန် ခွင့်ပြုတော်မူလတ်သော်-



၃၄၅

(၁) အရှင်အာနန္ဒာမထေရ်၏ နှမနန္ဒာ,

(၂) ခေမကသာကီဝင်မင်း၏သမီး အဘိရူပနန္ဒာ,

(၃) နန္ဒမင်းသား၏ဇနီးလျာ ဇနပဒကလျာဏီနန္ဒာ-

ဟူသော နန္ဒာ (သာကီဝင်)မင်းသမီး သုံးယောက်တို့သည်လည်း ရဟန်းမ ပြုကြကုန်၏။

     ထိုမင်းသမီးတို့ ရဟန်းမ ပြုလုပ်ကြသောအခါ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်၌ နေတော်မူဆဲဖြစ်၏၊ ထိုမင်းသမီးတို့အနက် (၂) အဘိရူပနန္ဒာကား လွန်စွာ အဆင်းလှသောကြောင့် အဘိရူပနန္ဒာဟု တွင်သည်၊ (၃) ဇနပဒကလျာဏီ နန္ဒာသည်လည်း အဆင်းအားဖြင့် မိမိနှင့်တူသောသူကို မမြင်၊ ထိုဘိက္ခုနီ ရဟန်းမ နှစ်ယောက်လုံးတို့ပင် အဆင်းမာန် ယစ်ကြသောကြောင့် “မြတ်စွာဘုရားသည် အဆင်းကို ကဲ့ရဲ့တော်မူ၏၊ များစွာသော အကြောင်းဖြင့် အဆင်း၌ အပြစ်ကို ပြတော်မူ၏”ဟု အောက်မေ့ကြကာ မြတ်စွာဘုရား အထံတော်သို့ ဆည်းကပ်ရန် မသွားကြကုန်၊ ဖူးမြော်ခြင်းငှာလည်း အလိုမရှိကြကုန်။

(ယင်းသို့ဖြစ်လျက် အဘယ့်ကြောင့် ရဟန်းမ ပြုကြသနည်းဟု မေးရန်ရှိ၏။ အဖြေကား.. လူ့ဘောင်မှာ မှီခိုကိုးစား အားထားရာ မရှိသောကြောင့် ရဟန်းမ ပြုကြခြင်းဖြစ်သည်။

ထင်ရှားစေဦးအံ့- အဘိရူပနန္ဒာ သာကီဝင်မင်းသမီး၏ လင်ယောက်ျားဖြစ်သော သာကီဝင်မင်းသားသည် ထိမ်းမြားသော နေ့မှာပင် သေလွန်လေသည်၊ ထိုအခါ မိဖတို့သည် အဘိရူပနန္ဒာကို သူမ အလိုမရှိပဲလျက်ပင် ဘိက္ခုနီမ ပြုလုပ်ပေးကြလေသည်။

ဇနပဒကလျာဏီနန္ဒာမူကား အရှင်နန္ဒမထေရ်သည် အရဟတ္တဖိုလ်သို့ ရောက်လတ်သော် မျှော်လင့်ချက်အာသာ ကင်းပြတ်သည်ဖြစ်၍ “ငါ၏အရှင်သခင် နန္ဒမင်းသားသည်၎င်း, မယ်တော် မဟာပဇာပတိ ဂေါတမီသည်၎င်း, အခြားတပါးသော သာကီဝင် ဆွေမျိုးတို့သည်၎င်း ရဟန်းပြုကြလေပြီ၊ ဆွေမျိုးတို့နှင့်ကင်း၍ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေရခြင်းသည် ဆင်းရဲလှ၏”ဟု စဉ်းစားမိကာ အိမ်ရာတည်ထောင် လူ့ဘောင်ဝယ် နေခြင်း၌ သက်သာရာကို မရသည်ဖြစ်၍



၃၄၆

ရဟန်းမ ပြုလုပ်လေသည်။ ထိုသူမ နှစ်ဦးလုံးပင် သဒ္ဓါ၍ ရဟန်းမ ပြုကြသည်မဟုတ်)။

     ထို့နောက် မြတ်စွာဘုရားရှင်သည် ထိုဘိက္ခုနီမ နှစ်ဦးတို့၏ ဉာဏ်ရင့်ကျက်ခြင်းကို သိတော်မူ၍ “အားလုံးသော ဘိက္ခုနီမတို့သည် အစဉ်အတိုင်း အဆုံးအမခံယူရန် လာရောက်ကြရမည်”ဟု မိထွေးတော် မဟာပဇာပတိ ဂေါတမီထေရ်ကို မိန့်တော်မူ၏၊ ထိုဘိက္ခုနီမ နှစ်ဦးတို့ကား မိမိတို့အလှည့် ရောက်လတ်သော် သူတပါးကို ကိုယ်စားပြုကာ စေလွှတ်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် “အလှည့်ရောက်လျှင် ကိုယ်တိုင်လာရမည်။ သူတပါးကို မစေလွှတ်ရ”ဟု ထပ်၍ မိန့်တော်မူရပြန်၏။

     ထို့နောက် တနေ့သ၌ အဘိရူပနန္ဒာ ထေရီမသည် မြတ်စွာဘုရားရှင်ထံတော်သို့ အဆုံးအမခံယူရန် လာရောက်လေ၏။ မြတ်စွာဘုရားရှင်သည် ထိုအဘိရူပနန္ဒာ ထေရီမကို ဖန်ဆင်းအပ်သော နိမ္မိတမိန်းမရုပ်အဆင်းဖြင့် ထိတ်လန့်သံဝေဂ ရစေတော်မူ၍-

အဋ္ဌီနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ။

ယတ္ထ ဇရာ စ မစ္စု စ၊ မာနော မက္ခော စ ဩဟိတော။

(နန္ဒေ = ချစ်သမီး အဘိရူပနန္ဒာ..။ ကဋ္ဌာနိ = သစ်တို့ကို။ ဥဿာပေတွာ = စိုက်ထူ၍။ ဝလ္လိဗဒ္ဓံ = ကြိမ်နွယ်ဖြင့် ဖွဲ့အပ်သော။ မတ္တိကာလေပနံ = မြေစိုင်ဖြင့် လိမ်းကျံအပ်သော။ နဂရံ = ကောက်ပဲထည့်ရာ ပကတိသော ကျီကြအိမ်ကို။ ကရောန္တိ ယထာ = ပြုကုန်သကဲ့သို့။ တထာ = ထို့အတူ)။ အဋ္ဌီနံ = သုံးရာသော အရိုးတို့ကို။ (ဥဿာပေတွာ = စိုက်ထူ၍။ နှာရုဝိနဒ္ဓံ = ကိုးရာသော အကြောတို့ဖြင့် ဖွဲ့ယှက် ရစ်ပတ်အပ်သော)။ မံသလောဟိတလေပနံ = ကိုးရာသော အသားတစ်, တပြည်မျှလောက်သော သွေးတို့ဖြင့် လိမ်းထေးမွမ်းမံ ကျံအပ်ပေထသော။ နဂရံ = ခန္ဓာကိုယ်တည်းဟူသော ကျီကြအိမ်ကို။ ကတံ = တဏှာယောက်ျား လက်သမားသည်



၃၄၇

တည်ထား ဆောက်လုပ်အပ်ပြီ။ ယတ္ထ = အကြင် ခန္ဓာအိမ်၌။ ဇရာ စ = ဆိုးရွားဟောင်းမြင်း အိုမင်းမှည့်ပျော် ရင့်ရော်ခြင်း = ဇရာတရားကို၎င်း။ မစ္စု စ = စုတိပြတ်ကြွေ သေလွန်ခြင်း = မရဏတရားကို၎င်း။ မာနော စ = ဝင့်တကြွားကြွား ငါတကားဟု ထောင်လွှားခြင်း = မာနတရားကို၎င်း။ မက္ခော စ = ကောင်းစွာပြုဘူး သူ့ကျေးဇူးကို ချေဖျက်ခြင်း = မက္ခတရားကို၎င်း။ ဩဟိတော = ထည့်သွင်းသိုလှောင်၍ ထားအပ်၏။ ။ဤသို့လာသော ဓမ္မပဒဂါထာဖြင့်၎င်း -

အာတုရံ အသုစိံ ပူတိံ၊

ပဿ နန္ဒေ သမုဿယံ။

ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊

ဗာလာနံ အဘိပတ္ထိတံ။ (*)


အနိမိတ္တဉ္စ ဘာဝေဟိ၊

မာနာနုသယမုဇ္ဇဟ။

တတော မာနာဘိသမယာ၊

ဥပသန္တာ စရိဿသိ။

နန္ဒေ = ချစ်သမီး အဘိရူပနန္ဒာ..။ အာတုရံ = မစဲရံခါ ဆင်းရဲ နာကျင်စွာသော။ အသုစိံ = မစင်ကြယ်သော။ ပူတိံ = ပုပ်သိုးသော။ ဥဂ္ဃရန္တံ = အထက်သို့လည်း လျှံတက်ယိုစီးသော။ ပဂ္ဃရန္တံ = အောက်သို့လည်း လျှောကျယိုစီးသော။ သမုဿယံ = ခန္ဓာကိုယ်ကို။ ပဿ-ပဿာဟိ = စေ့စေ့ငုငု ဉာဏ်စက္ခုဖြင့် ကြည့်ရှုလေလော့။ (တံ = ထိုခန္ဓာကိုယ်ကို)။ ဗာလာနံ = သူမိုက်တို့သည်။ အဘိပတ္ထိတံ = လွန်စွာခုံမက် နှစ်သက် တောင့်တအပ်ပေ၏။

(*) ဤဂါထာ နောက်ထက်ဝက်မှာ ထေရီဂါထာ၌ “အသုဘာယ စိတ္တံ ဘာဝေဟိ



၃၄၈

ဧကဂ္ဂံ သုသမာဟိတံ”ဟူ၍ လာရှိသည်။ ထိုသို့ လာရှိသောအလို- “နန္ဒေ = ချစ်သမီး အဘိရူပနန္ဒာ..။ အာတုရံ = မစဲရံခါ ဆင်းရဲ နာကျင်စွာသော။ အသုစိံ = မစင်ကြယ်သော။ ပူတိံ = ပုပ်သိုးသော။ သမုဿယံ = ခန္ဓာကိုယ်ကို။ ပဿ-ပဿာဟိ = စေ့စေ့ငုငု ဉာဏ်စက္ခုဖြင့် ကြည့်ရှုလေလော့။ ဧကဂ္ဂံ = ဥပစာရသမာဓိဖြင့် တခုသောအာရုံရှိသော။ သုသမာဟိတံ = အပ္ပနာသမာဓိဖြင့် ကောင်းစွာ တည်ကြည်ခြင်းရှိသော။ အသုဘာယ စိတ္တံ = သဝိညာဏက အသုဘဈာန်စိတ်ကို။ ဘာဝေဟိ = ပွါးများလေလော့”ဟူ၍ အနက်ယောဇနာရာ၏။

နန္ဒေ = ချစ်သမီး အဘိရူပနန္ဒာ..။ အနိမိတ္တဉ္စ = အနိမိတ္တ အမည်ရသည့် အနိစ္စဘာဝနာ, ဒုက္ခဘာဝနာ, အနတ္တဘာဝနာကိုလည်း။ ဘာဝေဟိ = မနေမနား (သင်ချစ်သမီး) ပွါးများလေလော့။ မာနာနုသယံ = အနမတဂ် သံသာစက်မှ ငုပ်လျက်ကိန်းပါ ငါဟူ၍ မှတ်ထင်မှု = မာနာနုသယကို။ ဥဇ္ဇဟ = သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်ရှင်းဖျောက် အမြစ်ပြတ် ဖြတ်တောက်လော့။ တတော မာနာဘိသမယာ = ထိုသို့ မာနာနုသယကို သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်ရှင်းဖျောက် အမြစ်ပြတ် ဖြတ်တောက်ရသောကြောင့်။ ဥပသန္တာ = ကိလေသာဟူ အပူခပ်သိမ်း ငြိမ်းသည်ဖြစ်၍။ စရိဿသိ = သင်ချစ်သမီး နေရလိမ့်သတည်း။-

ဤသို့လာသော ထေရီဂါထာတို့ဖြင့်၎င်း အဆုံးအမ ဩဝါဒ ပေးတော်မူသဖြင့် အဘိရူပနန္ဒာထေရီ ဘိက္ခုနီမကို အစဉ်အတိုင်း အရဟတ္တဖိုလ်၌ တည်စေတော်မူ၏။ ။(ဤကား အဘိရူပနန္ဒာထေရီမ အကြောင်းတည်း)။



၃၄၉

ဇနပဒကလျာဏီ နန္ဒာထေရီမကို

အရဟတ္တဖိုလ်၌ တည်စေတော်မူခြင်း

     တနေ့သ၌ သာဝတ္ထိပြည်သူ လူအပေါင်းတို့သည် နံနက်အခါ အလှူကိုပေးကြ၍ ဥပုသ်ဆောက်တည်ကြပြီးလျှင် ကောင်းစွာ ဝတ်ရုံကုန်လျက် နံ့သာ,ပန်း-စသည်တို့ကို ယူဆောင်ကြကာ တရားနာရန် ဇေတဝန်ကျောင်းတိုက်သို့ သွားရောက်ကြပြီးလျှင် တရားနာမှု ပြီးဆုံးသောအခါ၌ မြတ်စွာဘုရားရှင်ကို ရှိခိုးကြပြီး မြို့တွင်းသို့ တဖန်ပြန်၍ ဝင်ကြကုန်၏။ ဘိက္ခုနီမအပေါင်းသည်လည်း တရားနာပြီးလျှင် ဘိက္ခုနီမကျောင်းတိုက်သို့ ပြန်သွားကြလေ၏။

     ထို သာဝတ္ထိ ပြည်အတွင်းဝယ် လူအများရော ဘိက္ခုနီမများပါ မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးကို ပြောကြားကြသည်မှာ-

“ရူပ, ဃောသ, လူခ, ဓမ္မ = လေးဌာနတို့ ပမာဏဂရု အလေးပြု ကြည်ညိုကြသည့် နတ်လူအစုအဝေး၌ မြတ်စွာဘုရားရှင်ကို ဖူးမြော်ရလျှင် မကြည်ညိုသောသူဟူ၍ မရှိချေ။

ထင်ရှားစေရမည်ဆိုလျှင်- (၁) ရုပ်ရည်အဆင်း တင့်တယ်ခြင်းကို အလေးဂရု ပမာဏပြုကာ ကြည်ညိုကြသည့် = ရူပပ္ပမာဏိက နတ်လူအပေါင်းတို့သည် မြတ်စွာဘုရားရှင်၏ လက္ခဏာတော်ကြီးငယ် ရောင်ခြည်တော် ခြောက်သွယ်တို့ဖြင့် တင့်တယ်သော အဆင်းတော်ကို ဖူးမြော်ကြရ၍ ကြည်ညိုကြကုန်၏။

(၂) ဂုဏ်ကျေးဇူးသတင်း ကောင်းခြင်း(နှင့်) အသံကောင်းခြင်း၌ အလေးဂရု ပမာဏပြုကာ ကြည်ညိုကြသည့် = ဃောသပ္ပမာဏိက နတ်လူအပေါင်းတို့သည် များစွာသော ဇာတ်တော်တို့၌ လာရှိသော မြတ်စွာဘုရား အလောင်းတော်၏ ဂုဏ်ကျေးဇူး ကျော်စောသတင်းနှင့်တကွ အင်္ဂါရှစ်ပါးရှိသော မြတ်စွာဘုရားရှင်၏ အသံတော်ကို ကြားနာကြရ၍ ကြည်ညိုကြကုန်၏။



၃၅၀

(၃) ပစ္စည်းလေးဖြာ, ကိလေသာ ခေါင်းပါးခြင်းကို အလေးဂရု ပမာဏပြုကာ ကြည်ညိုကြသည့် = လူခပ္ပမာဏိက နတ်လူအပေါင်းတို့သည် မြတ်စွာဘုရားရှင်၏ အသမ္ဘိန္န ခတ္တိယနွယ်စင် သာကီဝင်မင်းသားမြတ် ဖြစ်ပါလျက် ပစ္စည်းလေးပါး ခေါင်းပါးခြိုးခြံပုံ ဒုက္ကရစရိယာ အကျင့်တော်မြတ် ခေါင်းပါးပုံများကို တွေ့သိရ၍ ကြည်ညိုကြကုန်၏။

(၄) သီလ, သမာဓိ, ပညာ-စသော တရားကို အလေးဂရု ပမာဏပြုကာ ကြည်ညိုကြသည့် = ဓမ္မပ္ပမာဏိက နတ်လူအပေါင်းတို့သည် မြတ်စွာဘုရားရှင်၏ သူမတူတန်သော သီလဂုဏ်, သမာဓိဂုဏ်, ပညာဂုဏ်, ဝိမုတ္တိဂုဏ်, ဝိမုတ္တိဉာဏဒဿန ကျေးဇူးဂုဏ် ငါးပါးတို့အနက် တပါးပါးသော ဓမ္မဂုဏ်ကျေးဇူးကို စူးစမ်းဆင်ခြင်ကြ၍ ကြည်ညိုကြကုန်၏”-

ဤသို့စသည်ဖြင့် နေရာတိုင်းမှာပင် မြတ်စွာဘုရားရှင်၏ ဂုဏ်ကျေးဇူးစကားကို တဖွားဖွား ခံတွင်းမဆံ့ ချီးအံ့ပြောဆိုလျက် ရှိကြလေသည်။

(ဤ၌ အထူးမှတ်ဖွယ်ကား- (၁) သတ္တဝါအားလုံးတို့ကို သုံးပုံပုံလျှင် နှစ်ပုံသော သတ္တဝါတို့သည် ရုပ်ရည်အဆင်း တင့်တယ်ခြင်း၌ ကြည်ညိုကြသည့် = ရူပပ္ပမာဏိကပုဂ္ဂိုလ်တို့ ဖြစ်ကြ၏၊ (တရာလျှင် ၆၆-ယောက်ဖြစ်သည်)။ (၂) သတ္တဝါအားလုံးတို့ကို ငါးပုံပုံလျှင် လေးပုံသော သတ္တဝါတို့သည် ကျေးဇူးသတင်း ကောင်းခြင်းနှင့် အသံကောင်းခြင်း၌ ကြည်ညိုကြသည့် = ဃောသပ္ပမာဏိကပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။ (တရာလျှင် ၈၀-ယောက်ဖြစ်သည်)။ (၃) သတ္တဝါအားလုံးတို့ကို ဆယ်ပုံပုံလျှင် ကိုးပုံသော သတ္တဝါတို့သည် ပစ္စည်းလေးဖြာ ကိလေသာ ခေါင်းပါးခြင်း၌ ကြည်ညိုကြသည့် = လူခပ္ပမာဏိကပုဂ္ဂိုလ်တို့ ဖြစ်ကြ၏။ (တရာလျှင် ၉၀-ယောက်ဖြစ်သည်။ (၄) သတ္တဝါအားလုံးတို့ကို အပုံတသိန်းပုံလျှင် တပုံသော သတ္တဝါတို့သည် သီလ, သမာဓိ, ပညာတည်းဟူသော တရား၌ ကြည်ညိုကြသည့် = ဓမ္မပ္ပမာဏိကပုဂ္ဂိုလ်တို့ ဖြစ်ကြ၏ (လူတသိန်းမှ တယောက်သာ ဓမ္မပ္ပမာဏိကပုဂ္ဂိုလ် ဖြစ်သည်ဟု ဆိုလိုသည်)။



၃၅၁

သတ္တဝါတွေ မည်မျှပင် များနေစေကာမူ ဤနည်းဖြင့် ခွဲဝေလျှင် လေးမျိုးလေးစု၌ အကုန်ဝင်လေ၏။

ထိုသတ္တဝါလေးစုတို့အနက် ဘုရားရှင်တို့အား မကြည်ညိုသူတို့ကား နည်းလှကုန်၏၊ ကြည်ညိုသူတို့သာ များလှကုန်၏။ ထင်ရှားစေဦးအံ့- (၁) ရူပပ္ပမာဏိက ပုဂ္ဂိုလ်များအဖို့ရာ မြတ်စွာဘုရား၏ အဆင်းတော်ထက် ပိုလွန်၍ ကြည်ညိုဖွယ်ကိုဆောင်သော အဆင်းဟူ၍ မရှိ။ (၂) ဃောသပ္ပမာဏိက ပုဂ္ဂိုလ်များအဖို့ရာ မြတ်စွာဘုရားရှင်တို့၏ ဂုဏ်ကျေးဇူး ကျော်စောသံ ပကတိအသံတော်တို့ထက် သာလွန်ပိုမို၍ ကြည်ညိုဖွယ်ကိုဆောင်သော အသံဟူ၍ မရှိ။ (၃) လူခပ္ပမာဏိက ပုဂ္ဂိုလ်များ အဖို့ရာမှာလည်း ကာသိတိုင်းဖြစ် နူးညံ့သော အဝတ်များ, စားတော် ရွှေခွက်ကြီးများ, ဥတုသုံးပါးအား လျောက်ပတ်သည့် သုံးဆောင်ဖွယ် ကာမစည်းစိမ်အမျိုးမျိုးနှင့် ပြည့်စုံသော ရွှေနန်းမသုံးဆောင်တို့ကို စွန့်ပယ်၍ ပံသုကူသင်္ကန်း, ကျောက်သပိတ်, သစ်ပင်ရင်းစသော ကျောင်းကို မှီဝဲသုံးဆောင်တော်မူသည့် မြတ်စွာဘုရား၏ ပစ္စည်းလေးပါး ခေါင်းပါးမှုထက် သာလွန်ပိုမို၍ ကြည်ညိုဖွယ်ကိုဆောင်သော အခြား ခေါင်းပါးမှုဟူ၍ မရှိ။ (၄) ဓမ္မပ္ပမာဏိက ပုဂ္ဂိုလ်များအဖို့ရာ တလောကလုံး၌ အတုမရှိသော သီလ-စသော ဂုဏ်ကျေးဇူးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားရှင်၏ သီလ-စသော ဂုဏ်ကျေးဇူးထက် သာလွန်ပိုမို၍ ကြည်ညိုဖွယ်ကိုဆောင်သော အခြား သီလ-စသော ဂုဏ်ကျေးဇူးဟူ၍ မရှိ။ ဤသို့လျှင် မြတ်စွာဘုရားရှင်သည် စတုပ္ပမာဏိက ဤသတ္တလောကကြီး တခုလုံးကို လက်ဆုပ်ဖြင့် ဆုပ်ကိုင်သိမ်းဆည်း၍ ထားသကဲ့သို့ ဖြစ်ပေ၏။ ။ဤကွင်းအတွင်း စကားရပ်များမှာ အဘိဋ္ဌ၊ ၃၊ စာမျက်နှာ ၈၀, ၈၁-တို့မှ ဖြစ်သည်။ ကျန်သော စကားရပ်စုမှာ သုတ္တနိပါတ် အဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၂၃၄-မှဖြစ်သည်)။

     ဇနပဒကလျာဏီ ရူပနန္ဒာ ထေရီမသည် ဘိက္ခုနီမကျောင်းတိုက်သို့ ရောက်လျှင်လည်း များစွာသော အကြောင်းတို့ဖြင့် မြတ်စွာဘုရားရှင်၏ ကျေးဇူးစကား ပြောကြားကြသော ထိုသူတို့၏စကားကို ကြားရ၍ “ဤသူတို့သည် ငါ့မောင်တော်ကြီး (=မြတ်စွာဘုရား)၏ ဂုဏ်ကို ခံတွင်းမဆံ့ ချီးကျူးပြောဆိုကြ၏။ မြတ်စွာဘုရားသည် တနေ့ပတ်လုံး ငါ့အား အဆင်း၌အပြစ်ကို ဟောတော်မူစေကာမူ အဘယ်မျှ ဟောတော်မူလိမ့်မည်နည်း၊



၃၅၂

ငါသည် ရဟန်းမတို့နှင့် အတူတကွသွား၍ ကိုယ်ကိုမပြပဲ မြတ်စွာဘုရားကို ဖူးမြော်ပြီးလျှင် တရားတော်ကိုနာ၍ ပြန်လာရမူ ကောင်းလေစွာ့”ဟု ကြံစည်ပြီးသော် “ယနေ့ ငါသည်လည်း တရားနာလိုက်အံ့”ဟု ဘိက္ခုနီမတို့အား ပြောကြားလေ၏။ ဘိက္ခုနီမတို့သည် “ဤရူပနန္ဒာ ဘိက္ခုနီမ၏ မြတ်စွာဘုရားအထံသို့ ဆည်းကပ်ရန် သွားလိုမှုကား အလွန်ကြာမြင့်မှ ဖြစ်ပေါ်လာသည်၊ ယနေ့ မြတ်စွာဘုရားသည် ဤရူပနန္ဒာ ဘိက္ခုနီမကို အကြောင်းပြု၍ နည်းမျိုးစုံစွာ ဆန်းကြယ်သော တရားဒေသနာကို ဟောတော်မူလိမ့်မည်”ဟု အောက်မေ့ ဝမ်းမြောက်ကြကာ ဇနပဒကလျာဏီ ရူပနန္ဒာထေရီကို ခေါ်ဆောင်၍ သွားကြလေကုန်၏။

     မြတ်စွာဘုရားရှင်သည် စောစောကပင် ရူပနန္ဒာထေရီမ လိုက်ပါလာသည်ကို ကြိုတင် သိမြင်တော်မူ၍ ဆူး ဖြင့် ဆူးကိုထွင်သော ယောက်ျား, မယ်န (ပရစ်)ဖြင့် မယ်နကိုထုတ်သော ယောက်ျားကဲ့သို့ အဆင်းဖြင့်ပင် ရူပနန္ဒာထေရီမ၏ အဆင်းမာန်ကို ပယ်ဖျောက်တော်မူရန် ကိုယ်တော်မြတ်၏ တန်ခိုးအစွမ်းဖြင့် ၁၅-နှစ် ၁၆-နှစ်အရွယ် အလွန်ရှုချင်ဖွယ်ရှိသော မိန်းမငယ်ကို ကိုယ်တော်မြတ်၏ နံပါးအနီး၌ တည်နေကာ ယပ်လေခပ်နေဟန် ဖန်ဆင်း၍ ထားတော်မူနှင့်၏။

     ရူပနန္ဒာထေရီမသည် ဘိက္ခုနီမတို့နှင့် အတူတကွ မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားရှင်ကို ရှိခိုးပြီးလျှင် ဘိက္ခုနီသံဃာအကြား၌ ထိုင်နေလျက်ပင် ခြေတော်ဖျားမှစ၍ ဆံတော်ဖျားတိုင် မြတ်စွာဘုရားရှင်၏ ရူပကာယ အသရေတော်ကို ဖူးမြော်ရ၍၎င်း, တဖန် မြတ်စွာဘုရား၏ နံပါးတော်၌တည်နေကာ ယပ်လေခပ်နေသော ထိုနိမ္မိတ အမျိုးသမီးရုပ်ကို မြင်ရ၍၎င်း “ဩ.. ဤမိန်းမငယ်ကား ရုပ်ရည်အဆင်း တင့်တယ်လှဘိတကား”ဟု ကြံစည်ကာ မိမိ၏ အဆင်းမာန်ကို စွန့်ပယ်၍ ထိုနိမ္မိတအမျိုးသမီး၏ အဆင်း၌ အလွန်တပ်မက်သော အလိုဆန္ဒ ဖြစ်ရှိလာလေသည်။



၃၅၃

     ထိုအခါ မြတ်စွာဘုရားရှင်သည် ထိုနိမ္မိတမိန်းမကို (တရားဟောရင်းကပင်) အသက်နှစ်ဆယ်အရွယ် ပမာဏရှိသည်ကို ပြု၍ ပြောင်းလဲဖန်ဆင်း ပြတော်မူလေသည်။ မှန်၏- မာတုဂါမသည် ၁၆-နှစ်အရွယ် ရှိစဉ်သာလျှင် တင့်တယ်၏၊ ထိုမှအထက်၌ (၁၆-နှစ်လောက်) မတင့်တယ်တော့ချေ။ သို့ရကား ထိုသို့ ပြောင်းလဲ ဖန်ဆင်းပြတော်မူသောအခါ၌ ထိုနိမ္မိတမိန်းမ၏ ရုပ်ရည်အဆင်း ဆုတ်ယုတ်ခြင်းကို ပက်ပင်းတွေ့မြင်ရ၍ ရူပနန္ဒာထေရီမ၏ သန္တာန်ဝယ် ထိုနိမ္မိတရုပ်၌ တပ်မက်မှု (=ဆန္ဒရာဂ)တရား စောစောကအောက် ပါး၍ ပါး၍ သွားလေ၏။

     ထို့နောက် မြတ်စွာဘုရားရှင်သည် သားမဖွားသေးမီ မိန်းမအဆင်း, တကြိမ်သားဖွားပြီးသော မိန်းမအဆင်း, မိန်းမလတ်အဆင်း, မိန်းမကြီးအဆင်း, ဇနောင်ဇနင်ဖြစ်လျက် တောင်ဝှေးကိုလက်စွဲကာ မှည့်မည်းများ တကိုယ်လုံးစွဲကပ်နေသည့် အနှစ်တရာရှိ မိန်းမအိုအဆင်းများကို အစဉ်အတိုင်း ပြောင်းလဲ ပြောင်းလဲ ဖန်ဆင်း၍ ပြပြီးသော် ရူပနန္ဒာထေရီမ ရှုကြည့်နေစဉ်ပင် ထိုနိမ္မိကမိန်းမအို၏ သေခြင်းကို၎င်း, ဖူးဖူးရောင်သောသူကောင် စသည်တို့၏ ကိုယ်ကို၎င်း, ရနံ့ပုပ်လောင်း စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အဖြစ်ကို၎င်း ဖန်ဆင်း၍ ပြတော်မူလေ၏။

     ထိုနိမ္မိတရုပ်အစဉ်ကို မြင်ရလေသော် ဇနပဒကလျာဏီ ရူပနန္ဒာထေရီ၏ စိတ်သန္တာန်ဝယ် “ဤယခု ငါမြင်ရသော မိန်းမအတူပင် ဤဖြစ်စဉ်ကား ငါရောသူပါ အားလုံးသော သတ္တ၀ါ)တို့နှင့် ဆက်ဆံသောသဘော ဖြစ်စွာ့တကား”ဟု ရှုဆင်ခြင်ကာ အနိစ္စသညာ တည်၍ ဖြစ်၍ လာလေ၏။ ထိုအနိစ္စသညာနောက်သို့ အစဉ်လိုက်ကာ ဒုက္ခသညာ အနတ္တသညာတို့လည်း တည်လာ ထင်လာ ဖြစ်ပွါးလာကြလေ၏။ ဘဝသုံးပါးတို့သည် မီးဟုန်းဟုန်း တောက်လောင်သော အိမ်ကဲ့သို့ ကိုးကွယ်ရာမဲ့သောအနေဖြင့် ထင်လာကုန်၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “နန္ဒာဘိက္ခုနီ၏စိတ်ကား ကမ္မဋ္ဌာန်းအလုပ်၌ သက်ဝင်လေပြီ”ဟု သိတော်မူ၍



၃၅၄

ထိုနန္ဒာထေရီမအား သင့်လျော်လျောက်ပတ် သပ္ပါယဖြစ်သော အစွမ်းဖြင့် ဤတရားဂါထာတို့ကို ဟောတော်မူ၏-

အာတုရံ အသုစိံ ပူတိံ၊ ပဿ နန္ဒေ သမုဿယံ။

ဥဂ္ဃရန္တံ ပဂ္ဃရန္တံ၊ ဗာလာနံ အဘိပတ္ထိတံ။


ယထာ ဣဒံ တထာ ဧတံ၊ ယထာ ဧတံ တထာ ဣဒံ။

ဓာတုတော သုညတော ပဿ၊ မာ လောကံ ပုနရာဂမိ။

ဘဝေ ဆန္ဒံ ဝိရာဇေတွာ၊ ဥပသန္တာ စရိဿသိ။

(ပဌမဂါထာအနက်ကို ရှေးစာမျက်နှာ ၃၄၇-၌ ကြည့်လေ)။

နန္ဒေ = ချစ်သမီး ရူပနန္ဒာ..။ ဣဒံ = ဤအဇ္ဈတ္တဖြစ်သော သင်၏ကိုယ်သည်။ အနိစ္စာဒိဓမ္မံ ယထာ = အနိစ္စစသော သဘောရှိသကဲ့သို့။ ဧတံ = ထိုဗဟိဒ္ဓ သင်မြင်ရသည့် အပြင်အပကိုယ်သည်။ တထာ = ထို့အတူ အနိစ္စစသော သဘောရှိ၏။ ဧတံ = ထိုဗဟိဒ္ဓ သင်မြင်ရသည့် အပြင်အပကိုယ်သည်။ ဥဒ္ဓုမာတကာဒိဘာဝပ္ပတ္တံ ယထာ = အစဉ်အတိုင်း အရွယ်အစုစု အနုအရင့်တွေကိုစွန့်ကာ ဖူးဖူးရောင်သော သူကောင်စသည် အဖြစ်သို့ ရောက်သကဲ့သို့။ ဣဒံ = ဤအဇ္ဈတ္တဖြစ်သော သင်၏ကိုယ်သည်။ တထာ = ထို့အတူ အရွယ်အစုစု အနုအရင့်တွေကိုစွန့်၍ ဖူးဖူးရောင်သော သူကောင်- စသည်အဖြစ်သို့ ရောက်သည်။ ဘဝိဿတိ = ဧကန်စင်စစ် ဖြစ်လတ္တံ့။ (တွံ = သင်ချစ်သမီးသည်။ ကာယဒွယံ = အဇ္ဈတ္တ,ဗဟိဒ္ဓ ကိုယ်ကာယနှစ်ပါးအပေါင်းကို)။ ဓာတုတော = ပထဝီဓာတ်စသောအားဖြင့်။ သုညတော = အတ္တ, အတ္တနိယ စသည်မှ ဆိတ်သုဉ်းသောအားဖြင့်။ ပဿ-ပဿာဟိ = ဝိပဿနာ ဉာဏ်ပညာစက္ခုဖြင့် ကြည့်ရှုလေလော့။ လောကံ = ဥပါဒါနက္ခန္ဓာ တည်းဟူသော လောကသို့။ မာ ပုန အာဂမိ = တဖန်ထပ်လှောက် ချစ်သမီး မလာရောက်ချင်လင့်။ ဘဝေ = ကာမ,ရူပ, အရူပအား ဘဝသုံးပါး၌။ ဆန္ဒံ = တွယ်တာခုံမက် တပ်နှစ်သက်သည့်



၃၅၅

တဏှာဆန္ဒကို။ ဝိရာဇေတွာ = သမုစ္ဆေဒပဟာန်ဖြင့် ပယ်လှန်ဖြတ်ရှင်း ကင်းစေ၍။ ဝါ- ကင်းစေသည်ရှိသော်။ (တွံ = သင်ချစ်သမီးသည်)။ ဥပသန္တာ = ကိလေသာဟူ အပူခပ်သိမ်း အေးငြိမ်းသည်ဖြစ်၍။ စရိဿသိ = ချမ်းကြည်အေးမြ နေရလိမ့်သတည်း။

     ဂါထာအဆုံး၌ ဇနပဒကလျာဏီ ရူပနန္ဒာထေရီမသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထို့နောက်မှ မြတ်စွာဘုရားရှင်သည် ဇနပဒကလျာဏီ ရူပနန္ဒာထေရီမအား အထက်မဂ်ဖိုလ်တို့ကို ရစေရန် သုညတအခြံအရံရှိသည့် ဝိပဿနာကမ္မဋ္ဌာန်းကို ဟောကြားတော်မူလို၍ ဤဝိဇယသုတ္တန်ကို (ရှေး၌ ဆိုအပ်ပြီးသောအတိုင်း) ဟောတော်မူ၏။

(မြတ်စွာဘုရားရှင်သည် ဤဝိဇယသုတ္တန်ကို (၁)ဇနပဒကလျာဏီ ရူပနန္ဒာထေရီမအား ပဌမအကြိမ် ဟောတော်မူသည်ကား ၅-ဝါ, ၆-ဝါရ အချိန်လောက်တွင်ဖြစ်သည်။ (၂) သိရိမာ၌ တပ်မက်သည့်ရဟန်းကို အကြောင်းပြု၍ ဒုတိယအကြိမ် ဤဝိဇယသုတ္တန်ကို ဟောတော်မူသည်ကား သတ္တရသမ = ဆယ့်ခုနစ်ဝါမြောက်၌ ဖြစ်သည်)။

     ဤဝိဇယသုတ္တန်ကို ပဌမအကြိမ် ဟောတော်မူသော အဆုံး၌ ဇနပဒကလျာဏီ ရူပနန္ဒာထေရီမသည် “အိုး.. မိုက်လှချည့်တကား၊ အကြင်ငါသည် ငါ့ကိုပင် အာရုံပြု၍ ကရုဏာကြီးစွာဖြင့် ဤသို့စင် အထူးထူးသော တရားဒေသနာကို ဟောတော်မူသော ငါ့မောင်တော်ကြီး (=မြတ်စွာဘုရား)အား ဆည်းကပ်ရန် မလာရောက်မိချေပြီတကား”ဟု ပြင်းစွာထိတ်လန့်ခြင်း သံဝေဂသို့ ရောက်ရှိလေသည်။

     ဤသို့ ထိတ်လန့်ပြီးလျှင် ထိုဝိဇယသုတ္တန် တရားဒေသနာကိုပင် အဖန်ဖန် နှလုံးသွင်း၍ သုညတကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ် အားထုတ်လတ်ရကား နှစ်ရက်သုံးရက်အတွင်း၌ပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသတည်း။

ဝိဇယသုတ္တန် မြန်မာပြန် နောက်ဆက်တွဲ ပြီး၏။

**********



၃၅၆

ဧကဥပါသကဝတ္ထု

     မြတ်စွာဘုရားရှင်သည် ရှေး၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း သတ္တရသမ = ဆယ့်ခုနစ်ခုမြောက်ဝါကို ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ကပ်ဆိုတော်မူ၍ ဝိဇယသုတ္တန် အစရှိသော ထိုထိုတရားဒေသနာဖြင့် ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ သတ္တဝါတို့ကို ဟောကြား ချေချွတ်တော်မူကာ ဝါကျွတ်သောအခါ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီ၍ သာဝတ္ထိပြည်သို့ ရောက်တော်မူပြီးလျှင် ဇေတဝန်ကျောင်းတိုက်၌ ကိန်းအောင်းမွေ့လျော် သီတင်းသုံး စံနေတော်မူ၏။

     ထိုအခါ တနေ့သ၌ မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက် ဂန္ဓကုဋီကျောင်းတော်၌ ထိုင်နေတော်မူလျက်ပင် မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် အာဠဝီပြည်သား ဆင်းရဲသားတယောက်ကို မြင်တော်မူ၍ ထိုဆင်းရဲသား၏ သောတာပတ္တိမဂ်ဖိုလ်ကို ရရောက်ကြောင်း ရှေးကောင်းမှုကို သိတော်မူပြီးလျှင် ရဟန်းငါးရာ ခြံရံလျက် အာဠဝီပြည်သို့ ကြွချီတော်မူလေ၏။ အာဠဝီ ပြည်သူပြည်သား လူအများသည်လည်း ယဉ်ကျေးပြီးသော ဗုဒ္ဓဘာသာ သမ္မာအယူ ရှိသူများပြီပြီ မြတ်စွာဘုရားအမှူးပြုသော သံဃာတော်အရှင်မြတ်များကို ဆွမ်းပြုစုလုပ်ကျွေးရန် ရိုသေစွာ ပင့်ဖိတ်ကြလေကုန်၏။

     ထိုဆင်းရဲသားသည်လည်း “မြတ်စွာဘုရားရှင် ကြွလာပြီ”ဟူသော သတင်းစကားကို ကြားသိရ၍ “ငါသည် မြတ်စွာဘုရားရှင်အထံတော်၌ တရားတော်ကို နာရပေတော့အံ့”ဟု ကြိုတင် ဝမ်းမြောက်ကာ နှလုံးသွင်းထားလေသည်။ ထူးခြားသော ဖြစ်ရပ်တခုမှာ မြတ်စွာဘုရားရှင် မြို့တွင်းသို့ ကြွဝင်တော်မူမည့် ထိုနေ့မှာပင် ထိုဆင်းရဲသား၏ နွားတကောင်သည် ချည်ကြိုးပြတ်ကာ အရပ်တပါးသို့ ပြေးသွားလေ၏။

     ဆင်းရဲသားသည် “အသို့နည်း ငါသည် နွားကိုပင် အလျင်ရှာရမည်လော၊ သို့မဟုတ် တရားကိုပင် အလျင်နာရမည်လော”ဟု



၃၅၇

ကြံစည်၍ “နွားကို အလျင်ရှာပြီးနောက်မှ စိတ်ချလက်ချ တရားကို နာပေတော့အံ့”ဟု ဆုံးဖြတ်ချက် ချမှတ်ကာ စောစောကပင် နွားပျောက်ကိုရှာရန် အိမ်မှထွက်ခဲ့လေ၏။

     အာဠဝီ ပြည်သူပြည်သား လူအများသည်လည်း မြတ်စွာဘုရားအမှူးပြုသော ရဟန်းသံဃာကို နေရာထိုင်ခင်း ပေးလှူကြကာ ဆွမ်းဆက်ကပ်လုပ်ကျွေးကြ၍ အနုမောဒနာတရား ဟောကြားတော်မူဖို့ရာ စီမံပြုလုပ်ကြလေသည်။ မြတ်စွာဘုရားရှင်သည် “အကြင်ဆင်းရဲသားကို အကြောင်းပြု၍ ငါဘုရားသည် ယူဇနာ သုံးဆယ်ရှိသော ခရီးကို လာရောက်ခဲ့ရလေသည်၊ ထိုဆင်းရဲသားကား နွားပျောက်ကိုရှာဖို့ရန် တောသို့ ဝင်ရှာလေပြီ၊ ထိုဆင်းရဲသား လာရောက်မှသာလျှင် ငါဘုရားသည် တရားဟောပေအံ့”ဟု ကြံစည် ဆင်ခြင်တော်မူကာ ဆိတ်ဆိတ်သာ နေတော်မူလေ၏။

     ထိုဆင်းရဲသားသည်လည်း နေမြင့်မှ နွားပျောက်ကို ရှာတွေ့၍ နွားအုပ်ထဲ၌ သွင်းထားခဲ့ပြီးလျှင် “ဤအချိန်၌ အခြားဝေယျာဝစ္စ ဒါနကောင်းမှုပြုရန် မရှိသော်လည်း မြတ်စွာဘုရားအား ရှိခိုးခြင်းမျှကိုသော်လည်း ငါပြုပေအံ့”ဟု ကြံစည်ဆင်ခြင်မိကာ ဆာလောင်မွတ်သိပ်ခြင်းဖြင့် ပြင်းစွာ နှိပ်စက်အပ်သော်လည်း အိမ်သို့သွားရန် အနည်းငယ်မျှ စိတ်အကြံကိုမပြုပဲ လျင်မြန်စွာ မြတ်စွာဘုရားအထံတော်သို့ လာရောက်၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် သင့်လျောက်ပတ်ရာအရပ်၌ ရပ်တည်လေ၏။

     မြတ်စွာဘုရားရှင်သည် ထိုသူ ရပ်တည်လာသောအခါ၌ အလှူကိစ္စ ဝေယျာဝစ္စမှူးကို “ဒါယကာ.. ရဟန်းသံဃာအား လှူဒါန်းပြီးနောက် ပိုလျှံသော ဆွမ်းခဲဖွယ်ဘောဇဉ် တစုံတရာ ရှိသေးသလော”ဟု မေးတော်မူလေ၏။ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အပြည့်အစုံပင် ရှိပါသည်”ဟု ဝေယျာဝစ္စမှူးက လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ဒါယကာ.. ထိုသို့ဖြစ်လျှင် ဤလူကို ထမင်းကျွေးလိုက်လော့”ဟု မိန့်တော်မူလေ၏။



၃၅၈

     ဝေယျာဝစ္စမှူးသည် မြတ်စွာဘုရားရှင်က မိန့်ကြားအပ်သော အရပ်မှာပင် ထိုဆင်းရဲသားကို ထိုင်စေပြီးသော် ယာဂု, ခဲဖွယ်, ဘောဇဉ်တို့ဖြင့် ရိုသေကောင်းမွန်စွာ ကျွေးမွေးလေ၏၊ ထိုဆင်းရဲသားသည် ထမင်းကို မြိန်ရှက်စွာ စားပြီးလျှင် ခံတွင်းကို စင်ကြယ်စွာ ဆေးကြောလေ၏။

(ဤနေရာကိုထား၍ ပိဋကသုံးပုံဝယ် အခြားနေရာ၌ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က လူဝတ်ကြောင်တဦးတယောက်အတွက် “ထမင်းကျွေးလိုက်စမ်း”ဟု စီမံ မိန့်ကြားတော်မူသောအရာဟူ၍ မရှိ)။

     ထမင်းကို မြိန်ရှက်စွာ စားရသဖြင့် ဆာလောင်မွတ်သိပ်ပူပန်မှု ငြိမ်းအေးသော ထိုဆင်းရဲသား၏ စိတ်သည် အာရုံတခုတည်း၌ ငြိမ်သက်တည်ကြည်စွာ ဖြစ်လေသည်၊ ထိုအခါ ထိုဆင်းရဲသားအား မြတ်စွာဘုရားရှင်သည် ဒါနကထာ, သီလကထာ, သဂ္ဂကထာ, ကာမာနံ အာဒီနဝကထာ, နေက္ခမ္မေ အာနိသံသကထာ တည်းဟူသော အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူပြီးသော် သစ္စာလေးပါးကို ဟောကြားပြသတော်မူလေ၏၊ ထိုဆင်းရဲသားသည် ဒေသနာတော်အဆုံး၌ သောတာပတ္တိဖိုလ်သို့ ရောက်ရှိလေ၏ (=သောတာပန်အရိယာ ဖြစ်လေ၏)။ မြတ်စွာဘုရားသည်လည်း အနုမောဒနာတရား ဟောကြားတော်မူပြီးလျှင် နေရာမှထ၍ ဖဲကြွတော်မူလေ၏။ လူများအပေါင်းသည် မြတ်စွာဘုရားကို လိုက်၍ပို့ကြပြီးလျှင် အာဠဝီပြည်သို့ ပြန်နစ်ခဲ့ကြလေ၏။

     ရဟန်းတို့သည် မြတ်စွာဘုရားရှင်နှင့် အတူတကွ သွားကြရင်းကပင်-

“ငါရှင်တို့.. မြတ်စွာဘုရား၏ ပြုတော်မူပုံကို ကြည့်ကြပါလော့၊ အခြားနေရာများ၌ ဤသို့ လူဝတ်ကြောင် တယောက်အား ထမင်းကျွေးရန် စီမံမိန့်ကြားမှု အလျှင်းပင် မရှိခဲ့ချေ။ ယနေ့မှာကား ဆင်းရဲသားလူတယောက်ကို မြင်လျှင်မြင်ခြင်းပင် ယာဂု-စသည်တို့ကို ကိုယ်တော်တိုင် နှုတ်မြွက်စီမံကာ ပေးစေတော်မူဘိ၏”-



၃၅၉

ဟု ကဲ့ရဲ့မေးငေါ့စကား ပြောကြားကြလေ၏။ မြတ်စွာဘုရားရှင်သည် ပြန်လှည့်တော်မူ၍ ရပ်တည်တော်မူရင်းကပင် “ရဟန်းတို့.. အဘယ်စကား ပြောကြားကြသနည်း”ဟု မေးတော်မူ၍ ထိုအကြောင်းကို ကြားသိတော်မူရလေလျှင် “အိမ်း.. ဟုတ်ပေသည် ရဟန်းတို့.. ငါဘုရားသည် ယူဇနာသုံးဆယ်ရှိသော ခရီးခဲကို တပင်တပန်း လာရောက်တော်မူသည်မှာ ထိုဆင်းရဲသား ဥပါသကာ၏ သောတာပတ္တိ မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှု = ဥပနိဿယကို မြင်၍ လာရောက်ခဲ့လေသည်။ ထိုဆင်းရဲသားကား အလွန်လျှင် ဆာလောင်မွတ်သိပ်လျက် ရှိချေသည်၊ နံနက်စောစောကပင် အစပြုကာ နွားပျောက်ကိုရှာလျက် တောအရပ်၌ လှည့်လည်ခဲ့ရလေပြီ၊ ငါဘုရားသည် (ထိုသူအား အစာမကျွေးစေပဲ) အကယ်၍ တရားဟောအပ်ငြားက ဆာလောင်ခြင်းဒုက္ခကြောင့် ထိုသူသည် တရားကို ထိုးထွင်း၍ သိစွမ်းနိုင်လိမ့်မည်မဟုတ်ဟု ကြံစည်ဆင်ခြင်ပြီးလျှင် ဤသို့ ပြုပေသည်၊ ဆာလောင်မွတ်သိပ်ခြင်း တည်းဟူသော အနာရောဂါနှင့်တူသော အခြားရောဂါမည်သည် မရှိ”ဟု မိန့်တော်မူ၍ ဤတရားဂါထာကို ဟောကြားတော်မူလေ၏-

ဇိဃစ္ဆာ ပရမာ ရောဂါ၊ သင်္ခါရပရမာ ဒုခါ။

ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ ရောဂါ = နှိပ်စက်ကျင်နာ ရောဂါတို့သည်။ ဇိဃစ္ဆာပရမာ = ဆာလောင်ခြင်းလျှင် လွန်သောအတိုင်းအရှည် ရှိကုန်၏။ (ရောဂါဟူသမျှတွင် ဆာလောင်ခြင်းသည် အပြင်းထန်ဆုံးသော ရောဂါဖြစ်၏၊ မှန်၏- အခြားရောဂါ များမှာ တကြိမ်ဆေးကုလိုက်လျှင် အရှင်းသော်လည်း ပျောက်ကင်း၍သွားသည်၊ သို့မဟုတ် ရက်ပိုင်း, လပိုင်း, နှစ်ပိုင်းအားဖြင့်သော်မူလည်း ငြိမ်းစဲ၏၊ ဆာလောင်ခြင်းရောဂါကား တကြိမ်အစာစား၍လည်း အရှင်းမပျောက်၊ နေ့တိုင်း နေ့တိုင်းပင် အစာကျွေး ဆေးကုနေရသည်။



၃၆၀

ထို့ကြောင့် ဆာလောင်ခြင်းသည် အခြားရောဂါတို့ထက် အပြင်းထန်ဆုံးသော ရောဂါ ဖြစ်၏ဟု ဆိုလိုသည်)။

ဒုခါ = အခံခက်စွာ ဆင်းရဲဒုက္ခ ဝေဒနာတို့သည်။ သင်္ခါရပရမာ = ခန္ဓာငါးပါး သင်္ခါရတရားလျှင် လွန်သော အတိုင်းအရှည်ရှိကုန်၏။ (ခန္ဓာငါးပါး သင်္ခါရတရား ထင်ရှားရှိနေသရွေ့ ဆင်းရဲဒုက္ခ မငြိမ်းနိုင်ရကား ထိုခန္ဓာငါးပါး သင်္ခါရတရားအစုသည် ဆင်းရဲတကာတို့အနက် အပြင်းထန်ဆုံးသော ဆင်းရဲဒုက္ခဖြစ်၏ဟု ဆိုလိုသည်)။

နိဗ္ဗာနံ = အသင်္ခတဓာတ် နိဗ္ဗာန်ပရမတ်သည်။ ပရမံ = အမြတ်ဆုံးသော။ သုခံ = ချမ်းသာသုခ ဖြစ်ပေ၏။ (လောကီလူများ နှစ်သက်အပ်သည့် ဝေဒယိတ သုခချမ်းသာမှာ ထင်ရှားရှိစဉ် တည်နေစဉ်သာ သက်သာချမ်းသာ၍ ဘင်ခဏသို့ ရောက်သောအခါ (ပျက်စီးသွားသောအခါ) မသက်သာ မချမ်းသာ၊ နိဗ္ဗာန်တည်းဟူသော သန္တိချမ်းသာကား ဘယ်သောအခါမှ ပျက်စီးခြင်းသဘော မရှိသဖြင့် အခါခပ်သိမ်း ငြိမ်းချမ်းလျက်ရှိသောကြောင့် ချမ်းသာတကာထက် အမြတ်ဆုံးဖြစ်လေသည်။

ပဏ္ဍိတော = ပညာရှိသည်။ ဧတံ = ဤအကြောင်းကို။ ယထာဘူတံ = ဟုတ်မှန်တိုင်း။ ဉတွာ = သိ၍။ နိဗ္ဗာနံ = နိဗ္ဗာန်ချမ်းသာကို။ သစ္ဆိကရောတိ = ကိုယ်တိုင်ဆိုက်ရောက် မျက်မှောက်ပြု၏။

     ဒေသနာနိဂုံး ဆုံးသောအခါ များစွာသောသတ္တဝါတို့ သောတာပတ္တိဖိုလ်- စသည်တို့သို့ ရောက်ကြလေကုန်၏။ (ဓမ္မပဒ ဋ္ဌ၊ ၂၊ သုခ၀ဂ်၊ မျက်နှာ ၁၆၉-မှ)။

ဧကဥပါသကဝတ္ထု ပြီး၏။



၃၆၁

အဋ္ဌာရသမဝါ စာလိယတောင်ကျောင်း၌

ဝါကပ်တော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ဆိုအပ်ပြီးသောအတိုင်း အာဠဝီပြည်သား နွားပျောက်ရှာသည့် ဆင်းရဲသား အစရှိသော ကျွတ်ထိုက်သသူ ဗိုလ်လူများစွာတို့အား စရိုက်နှင့်လျော်စွာ တရားဓမ္မ ဟောပြ ချေချွတ်တော်မူ၍ တဆယ့်ရှစ်ခုမြောက် (=အဋ္ဌာရသမ)ဝါကို စာလိယတောင်ကျောင်း၌ ကပ်ဆိုသီတင်းသုံးတော်မူကာ ကျွတ်ထိုက်သော သတ္တဝါတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေး ချေချွတ်တော်မူလေသည်။

     ထိုစာလိယတောင်ကျောင်း၌ အဋ္ဌာရသမဝါကျွတ်ခဲ့၍ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီတော်မူခဲ့ရာ သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူဆဲ ဖြစ်လေသည်။

ယက်ကန်းသည်သမီးအား တရားဟောတော်မူခြင်း

ပေသကာရဓီတုဝတ္ထု

     ယခု အဋ္ဌာရသမဝါကျွတ်ပြီး၍ သာဝတ္ထိပြည် ဇေတဝန်ကျောင်း တိုက်၌ သီတင်းသုံး နေထိုင်တော်မူသည်မှ လွန်ခဲ့သော သုံးနှစ်ထက်က တနေ့သောအခါ မြတ်စွာဘုရားသခင် အာဠဝီပြည်သို့ ရောက်တော်မူသည်တွင် အာဠဝီ ပြည်သူပြည်သား လူအများတို့သည် မြတ်စွာဘုရားကို ပင့်ဖိတ်၍ ကြီးစွာသော အလှူဒါနမှု ပြုကြလေသည်။ မြတ်စွာဘုရားရှင်သည် ဆွမ်းကိစ္စပြီးသောအခါ အနုမောဒနာတရား ဟောကြားတော်မူသည်ရှိသော်-

“ဒါယကာ ဒါယိကာမ အပေါင်းတို့.. ‘ငါ၏ အသက်ကား မခိုင်မြဲ၊ ငါ၏ သေခြင်းတရားကား မချွတ်ပင် ဖြစ်လိမ့်မည်၊ ငါသည် မချွတ် သေရမည်သာဖြစ်၏။ ငါ၏ အသက်ကား သေခြင်းလျှင် အဆုံးရှိ၏။ အသက်ကသာ မမြဲသည်၊ သေခြင်းတရားကား မချွတ်မြဲ၏’ဟု ဤသို့ မရဏဿတိကို ပွါးများကြလော့။



၃၆၂

မရဏဿတိကို ပွါးများရခြင်း၏ အကျိုးကား- မရဏဿတိကို မပွါးများသော သူတို့သည် နောက်ဆုံး (=သေခါနီး)အခါ၌ မြွေကိုမြင်၍ ဒုတ်လက်နက်မပါ ကြောက်ရွံ့သော ယောက်ျားကဲ့သို့ ထိတ်လန့်ကြောက်ရွံ့ ကြလျက် ကြောက်လန့်သော အသံကို မြည်တွန်ပြောဆိုကြကာ သေရကုန်၏။ မရဏဿတိကို ပွါးပြီးသော သူတို့သည်ကား အဝေးကပင် မြွေကိုမြင်၍ ဒုတ်လှင်ကန်ဖြင့် ဖိနှိပ်ဖမ်းယူကာ လွတ်ရာ၌ စွန့်ပစ်၍ ချမ်းသာစွာရပ်တည်သော ယောက်ျားကဲ့သို့ နောက်ဆုံး (=သေခါနီး)အခါ၌ မထိတ်မလန့် မကြောက်မရွံ့ပဲ ရဲရဲရင့်ရင့် သေဆုံးကြရကုန်၏။ ထို့ကြောင့် မရဏဿတိကို (ဆိုအပ်ပြီးသောအတိုင်း) ဆင်ခြင်စဉ်းစား ပွါးများကြရမည်”-

ဟု ဩဝါဒစကား မိန့်ကြားတော်မူလေ၏။

     ထိုတရားဒေသနာကို ကြားနာရ၍ အခြားသော လူများသည် မိမိ မိမိတို့၏ ကိစ္စအလုပ်ကို စိတ်ပါဝင်စား၍ ပြုလုပ်နေကြသော်လည်း အသက်(၁၆)ဆယ့်ခြောက်နှစ်အရွယ်ရှိ ယက်ကန်းသည်သမီးသည်ကား “ဩ.. မြတ်စွာဘုရားရှင်တို့၏ စကားမည်သည် အံ့ဖွယ်ရှိပါပေစွာ့၊ ငါသည်ကား မရဏဿတိကို ပွါးများမှ သင့်လျော်တော့မည်”ဟု ကြံစည်၍ ညဉ့်ညဉ့်နေ့နေ့ မရဏဿတိကိုသာ ပွါးများနေလေ၏၊ မြတ်စွာဘုရားရှင်သည်လည်း ထိုအာဠဝီပြည်မှ ထွက်ကြွတော်မူ၍ ဇေတဝန်ကျောင်းတိုက်သို့ ပြန်ကြွတော်မူလေ၏၊ ထိုယက်ကန်းသည် သမီးသည်လည်း သုံးနှစ်ကြာ ကာလပတ်လုံး မရဏဿတိကို အမြဲမပြတ် ပွါးများမြဲ ပွါးများနေလေ၏။

     သုံးနှစ်လွန်မြောက်၍ (ယခု ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေတော်မူစဉ်) တနေ့သ၌ မြတ်စွာဘုရားရှင်သည် မိုးသောက်ထသောအခါ သတ္တလောကကို ကြည့်တော်မူလေသော် ကိုယ်တော်မြတ်၏ ဉာဏ်တော်ကွန်ရက်အတွင်း ဝင်၍လာသော



၃၆၃

ထိုသတို့သမီးကို မြင်တော်မူ၍ “အဘယ်သို့များ ဖြစ်လိမ့်မည်နည်း”ဟု ဆက်လက်စူးစမ်း ဆင်ခြင်တော်မူသည်ရှိသော်-

“ဤသတို့သမီးသည် ငါဘုရား၏ မရဏဿတိ တရားဒေသနာကို ကြားနာရသောနေ့မှစ၍ သုံးနှစ်ကြာ ကာလပတ်လုံး မရဏဿတိကို ပွါးများခဲ့လေပြီ၊ ယခုအခါ ငါဘုရားသည် ထိုအာဠဝီပြည်သို့ ကြွသွား၍ ဤသတို့သမီးကို ပြဿနာလေးချက် မေး၍ ထိုသတို့သမီးက ဖြေဆိုလတ်သည်ရှိသော် လေးဌာနတို့၌ သာဓုကောင်းကြီး ပေးပြီးလျှင် ဤ‘အန္ဓီဘူတော အယံ လောကော’ အစရှိသော တရားဂါထာကို ဟောကြားပေအံ့၊ ထိုသတို့သမီးသည် တရားဂါထာအဆုံး၌ သောတာပတ္တိဖိုလ်သို့ ရောက်လိမ့်မည်၊ ထိုသတို့သမီးကို အမှီပြု၍ လူများအပေါင်းအတွက်လည်း အကျိုးရှိသော (=အကျိုးရသော) တရားဒေသနာ ဖြစ်လိမ့်မည်”-

ဟု ပိုင်းခြားသိမြင်တော်မူ၍ ရဟန်းငါးရာ ခြံရံလျက် ဇေတဝန်ကျောင်းတိုက်မှ ထွက်တော်မူ၍ အစဉ်သဖြင့် ကြွချီတော်မူသည်တွင် အာဠဝီပြည် အဂ္ဂါဠဝ အမည်ရှိသော ကျောင်းတိုက်ကြီးသို့ ဆိုက်ရောက်တော်မူလေ၏။

     အာဠဝီ ပြည်သူပြည်သား လူအများတို့သည် “မြတ်စွာဘုရားရှင် ကြွလာတော်မူပြီ”ဟူသော သတင်းစကားကို ကြားသိကြရ၍ အားရဝမ်းသာ ထိုအဂ္ဂါဠဝကျောင်းတိုက်သို့ သွားရောက်ကြပြီးလျှင် မြတ်စွာဘုရားအမှူးရှိသော သံဃာတော်ကို ပင့်ဖိတ်ကြလေကုန်၏။

     ထိုအခါ ထိုယက်ကန်းသည်သမီး သတို့သမီးသည်လည်း မြတ်စွာ ဘုရားရှင် ကြွလာတော်မူကြောင်းကို ကြားသိရ၍ “ငါ၏ တရားဖခင် ဆရာရှင်ဖြစ်၍ လပြည့်ဝန်းအတူ သပ္ပါယ်သော မျက်နှာရှိတော်မူသော ဂေါတမနွယ်ဖွား ရှင်တော်ဘုရားကြီးသည် ကြွလာတော်မူပြီတဲ့”ဟု ဝမ်းမြောက်သော စိတ်ရှိလျက်-



၃၆၄

“ငါသည် ဤယနေ့မှအထက် လွန်ခဲ့သောသုံးနှစ်က ရွှေရည်မယွင်း ဝါဝင်းသော အဆင်းရှိတော်မူသည့် မြတ်စွာဘုရားကို ဖူးမြော်ရဘူးလေပြီ၊ ယခုအခါ ထိုငါ့ဖဘုရား၏ ရွှေရည်အဆင်း ဝါဝင်းသော ကိုယ်တော်ကို ဖူးမြော်ခြင်းငှါ၎င်း, ချိုမြိန်လှစွာ ဩဇာတက်ပွါး တရားတော်မြတ်ကို နာကြားခြင်းငှါ၎င်း အခွင့်ကောင်းကို ရပေတော့မည်”-

ဟု ကြံစည်စဉ်းစားမိလေသည်။

     အထူးအားဖြင့် ထိုသတို့သမီး၏ ဖခင်ဖြစ်သူက ယက်ကန်းအလုပ်ရုံသို့ သွားအံ့ဆဲအခါ “သမီး.. ငါသည် သူတပါး၏ ဥစ္စာဖြစ်သော အဝတ်ကို ယက်ကန်းစင်သို့ တင်ထားအပ်လေပြီ၊ ထိုအဝတ်အတွက် တထွာမျှလောက်သာ မပြီးဆုံးသေးပဲ ကျန်ရှိနေသည်၊ ထိုအဝတ်ကို ယနေ့ပြီးအောင် ရက်ပေအံ့၊ ချစ်သမီးသည် လျင်မြန်စွာ ရက်ဖောက်ကို လုံး၍ ငါ၏ထံသို့ ဆောင်ယူခဲ့လော့”ဟု မှာကြားသွားခဲ့လေသည်။

     သတို့သမီးသည် “ငါကား မြတ်စွာဘုရားရှင်၏ တရားတော်ကို နာယူလိုသူဖြစ်သည်။ ငါ့ဖခင်ကလည်း ငါ့ကို ဤကဲ့သို့ အရေးတကြီး မှာကြားသွားခဲ့လေသည်၊ အသို့နည်း (=ဘယ့်နှယ်လဲ) ငါသည် မြတ်စွာဘုရားရှင်၏ တရားတော်ကိုတည်း အလျင်လက်ဦး နာရမည်လော၊ သို့မဟုတ် ဖခင်ထံသို့ ရက်ဖောက်ကိုတည်း လုံး၍ ပို့ရမည်လော”ဟု ကြံစည်လေ၏။ ထို့နောက် တဖန်ဆက်၍ ထိုသတို့သမီး၏ စိတ်သန္တာန်ဝယ် “ဖခင်သည် ရက်ဖောက်ကို မပို့အပ်သည်ရှိသော် ငါ့ကို ပုတ်ခတ်မူလည်း ပုတ်ခတ်လေရာ၏။ ရိုက်မူလည်း ရိုက်လေရာ၏၊ သို့ရကား ရက်ဖောက်ကို လုံးပြီးလျှင် ဖခင်အား ပေးပြီးနောက်မှ တရားကို နာယူတော့အံ့”ဟူ၍ အကြံဖြစ်ပြီးလျှင် အင်းပျဉ်ငယ် (=ထိုင်ခုံငယ်)၌ ထိုင်၍ ရက်ဖောက်ကို လုံးလေ (=ယောက်လေ)၏။

     အာဠဝီ ပြည်သူပြည်သား လူအများသည်လည်း မြတ်စွာဘုရားရှင်ကို ဆွမ်းဆက်ကပ် ပြုစုလုပ်ကျွေးပြီး၍ ရေစက်ခွက်ကို ကိုင်ကြကာ



၃၆၅

အနုမောဒနာတရား နာကြားကြရန် စီမံကြလေသည်။ မြတ်စွာဘုရားရှင်သည် “အကြင် ယက်ကန်းသည်သမီးဖြစ်သူ အမျိုးသမီးကို အကြောင်းပြု၍ ငါဘုရားသည် ယူဇနာသုံးဆယ်ရှိသော ခရီးကို လာရောက်ခဲ့ရလေသည်၊ ထိုအမျိုးသမီးကား ယခုအချိန်တိုင်အောင်ပင် တရားနာခွင့်ကို မရရှာသေး၊ ထိုအမျိုးသမီး တရားနာခွင့်ရမှသာ ငါဘုရားသည် အနုမောဒနာတရား ဟောကြားမည်”ဟု ကြံစည်ဆင်ခြင်တော်မူကာ ဆိတ်ဆိတ်သာ နေတော်မူလေ၏။

(အထူးကား.. ဤသို့ ဆိတ်ဆိတ်နေတော်မူသော မြတ်စွာဘုရားရှင်အား နတ်နှင့်တကွသော သတ္တလောက၌ တဦးတယောက်ကမျှ တစုံတရာ “တရားဟောတော်မူပါ”-စသော စကားကို လျှောက်ထားခြင်းငှါ မဝံ့ချေ)။

     ထိုသတို့သမီးသည်လည်း ရက်ဖောက်ကို လုံး(=ယောက်)ပြီးနောက် ခြင်းတောင်း၌ ထည့်ပြီးလျှင် ဖခင်အထံသို့သွားစဉ် ပရိသတ်အစွန်အနား၌နေ၍ မြတ်စွာဘုရားရှင်ကို ဖူးမြော်လျက်သာ ရပ်တည်ရှာလေ၏။ မြတ်စွာဘုရားရှင်သည်လည်း လည်တော်ကိုမော့၍ ထိုသတို့သမီးကို ကြည့်ရှုတော်မူလေ၏၊ ထိုသတို့သမီးသည် မြတ်စွာဘုရားရှင်၏ ကြည့်တော်မူပုံ အခြင်းအရာဖြင့်ပင် “မြတ်စွာဘုရားရှင်သည် ဤသို့ များပြားလှသော ပရိသတ်အလယ်၌ ထိုင်နေတော်မူရင်းကပင် ငါ့ကို ကြည့်ရှုတော်မူသည်မှာ ကိုယ်တော်မြတ် ထံတော်ပါးသို့ ငါခစားဆည်းကပ်ရန် လာရောက်ခြင်းကို တောင့်တတော်မူ၏”ဟု ရိပ်မိ သိရှိလေသည်။

     ထိုသတို့သမီးသည် ရက်ဖောက်ထည့်သော ခြင်းတောင်းကလေးကို ချထားခဲ့၍ မြတ်စွာဘုရားရှင်၏အနီး ထံတော်ပါးသို့ သွားရောက် ဆည်းကပ်လေ၏။

(ဤ၌။ ။မြတ်စွာဘုရားရှင်သည် အဘယ့်ကြောင့် ထိုသတို့သမီးကို လည်တော်မော့၍ ကြည့်ရှုတော်မူသနည်းဟု မေးဖွယ်ရှိ၏။

အဖြေကား.. မြတ်စွာဘုရားရှင်၏ စိတ်သန္တာန်တော်ဝယ် “ဤသတို့သမီးသည် ပရိသတ် အစွန်အဖျားမှပင် တရားမနာပဲ ဖခင်ထံသို့



၃၆၆

သွားခဲ့လျှင် ပုထုဇဉ်အဖြစ်ဖြင့် သေ၍ လားရာဂတိမမြဲသူ ဖြစ်ပေလိမ့်မည်။ ငါဘုရားထံသို့ လာရောက်၍ တရားတော်ကိုနာပြီးမှ သွားမူကား သောတာပတ္တိဖိုလ်သို့ရောက်၍ လားရာသုဂတိ မြဲသူဖြစ်လျက် တုသိတာနတ်ဗိမာန်၌ ဖြစ်ပေလိမ့်မည်”ဟု ဆင်ခြင်စဉ်းစားမှု အကြံတော်ဖြစ်ရှိလေသည်။ အထူးအားဖြင့် ထိုသတို့သမီးအဖို့ရာ ထိုနေ့၌ သေခြင်းမှ လွတ်မြောက်မှုမည်သည် မရှိချေ။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ထိုသတို့သမီးကို ပရိသတ်အလယ်မှပင် လည်တော်ကိုမော့၍ ကြည့်ရှုတော်မူလေသည်)။

     ထိုသတို့သမီးသည် ကြည့်ရှုတော်မူသော အမှတ်နိမိတ်ဖြင့်ပင် ဘုရားရှင်၏ အလိုတော်ကို ရိပ်မိသိရှိကာ မြတ်စွာဘုရားရှင် ထံတော်အနီးသို့ ဆည်းကပ်၍ ရောင်ခြည်တော် ခြောက်သွယ်တို့၏ အကြားသို့ ဝင်ရောက်လျက် ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ရပ်တည်လေ၏။ ထိုသို့ ရပ်တည်သောအခါ မြတ်စွာဘုရားရှင်က မေး၍ ထိုသတို့သမီးက ဖြေဆိုပုံ စကားအစဉ်မှာ-

(ဗုဒ္ဓ)

သတို့သမီးငယ်.. သင် ဘယ်ကလာသနည်း။

(သတို့သမီး)

မသိပါ အရှင်ဘုရား..။

(ဗုဒ္ဓ)

သင် ဘယ်သို့ သွားမည်နည်း။

(သတို့သမီး)

မသိပါ အရှင်ဘုရား..။

(ဗုဒ္ဓ)

သတို့သမီးငယ်.. သင် မသိဘူးလော။

(သတို့သမီး)

သိပါ၏ အရှင်ဘုရား..။

(ဗုဒ္ဓ)

သတို့သမီးငယ်.. သင် သိ၏လော။

(သတို့သမီး)

မသိပါ အရှင်ဘုရား..။

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ထိုသတို့သမီးငယ်ကို ပြဿနာလေးချက် မေးမြန်းတော်မူလေ၏။ သတို့သမီးငယ်ကလည်း မိမိ၏ လေးနက်သော အဓိပ္ပါယ်ဖြင့် မြတ်စွာဘုရားရှင်၏ အလိုတော်ကို သိကာ ဖြေကြားလေ၏။



၃၆၇

     အဓိပ္ပါယ်ကို မသိကြသော လူများအပေါင်းသည် “အမောင်တို့.. ကြည့်ကြလော့၊ ဤယက်ကန်းသည်သမီးသည် မြတ်စွာဘုရားနှင့်အတူ ရောက်တတ်ရာရာ သူပြောလိုရာစကား ပြောကြားဘိ၏။ တကယ်ဆိုတော့ မြတ်စွာဘုရားရှင်က ‘ဘယ်ကလာသနည်း’ဟု မေးတော်မူအပ်သော် ‘ယက်ကန်းသည်အိမ်မှ လာပါသည်ဘုရား’ဟု လျှောက်ထား ဖြေကြားသင့်၏။ ‘ဘယ်သို့ သွားမည်နည်း’ဟု မေးတော်မူအပ်သော် ‘ယက်ကန်းအလုပ်ရုံသို့ သွားပါမည်ဘုရား’ဟု လျှောက်ထား ဖြေကြားသင့်၏”ဟူ၍ ကဲ့ရဲ့ရှုတ်ချစကား ပြောကြားကြလေ၏။

     မြတ်စွာဘုရားရှင်သည် လူအပေါင်းကို အသံတိတ်အောင် ပြုတော်မူပြီးလျှင်-

“(၁) သတို့သမီးငယ်... ‘သင် ဘယ်ကလာသနည်း’ဟု ငါဘုရားက မေးမြန်းအပ်သော် အဘယ့်ကြောင့် ‘မသိပါ အရှင်ဘုရား..’ဟု သင် ဖြေကြားပြောဆိုသနည်း”ဟု မေးတော်မူ၏။

သတို့သမီးငယ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် တပည့်တော်မ ယက်ကန်း သည်အိမ်မှ လာခဲ့သည်ကို သိတော်မူကြပါကုန်၏၊ စင်စစ်သော်ကား ‘ဘယ်ကလာသနည်း’ဟု မေးတော်မူကြသည်မှာ ‘အဘယ်ဘုံမှလာ၍ ဤယက်ကန်းသည်ဘဝ၌ ဖြစ်သနည်း’ဟု မေးတော်မူလိုကြပါသည်။ တပည့်တော်မကား ‘အဘယ်ဘုံမှ လာ၍ ဤယက်ကန်းသည်ဘဝ၌ ငါဖြစ်ရသည်’ဟု မသိပါ၊ ထို့ကြောင့် တပည့်တော်မသည် ‘မသိပါ အရှင်ဘုရား..’ဟု ဖြေကြား လျှောက်ထားပါသည်”-

ဟူ၍ ရှင်းလင်းဖြေကြား လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် “သာဓု သာဓု သတို့သမီးငယ်..၊ ငါဘုရား မေးမြန်းအပ်သော ပြဿနာကိုပင် သင် သတို့သမီးငယ်သည် ဖြေကြားအပ်ပေပြီ”ဟု ပဌမအကြိမ် သာဓုကောင်းကြီး ပေးတော်မူပြီးလျှင် အထက်သို့ တဆင့်တက်၍-



၃၆၈

“(၂) သတို့သမီးငယ်.. ‘သင် ဘယ်သို့ သွားမည်နည်း’ဟု တဖန် ငါဘုရားက မေးမြန်းအပ်သော် အဘယ့်ကြောင့် ‘မသိပါ အရှင်ဘုရား..’ဟု သင် ဖြေကြားပြောဆိုသနည်း”ဟု မေးတော်မူပြန်၏။

သတို့သမီးငယ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် တပည့်တော်မကို ရက်ဖောက်ခြင်းကို ယူဆောင်၍ ယက်ကန်းအလုပ်ရုံသို့ သွားမည်ကို သိတော်မူကြပါကုန်၏၊ စင်စစ်သော်ကား ‘ဤလူ့ပြည်မှ စုတေ၍သွားလေသော် အဘယ်ဘုံ၌ ဖြစ်လိမ့်မည်နည်း’ဟု မေးတော်မူလိုကြပါသည်၊ တပည့်တော်မသည်လည်း ‘ဤဘဝမှ စုတေသော် အဘယ်ဘုံ၌ သွားရောက်ဖြစ်ရလိမ့်မည်’ဟု မသိပါ၊ ထို့ကြောင့် တပည့်တော်မသည် ‘မသိပါ အရှင်ဘုရား..’ဟု ဖြေကြားလျှောက်ထားပါသည်”-

ဟူ၍ ရှင်းလင်းဖြေကြား လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် “ငါဘုရား မေးမြန်းအပ်သော ပြဿနာကိုပင် သင်သတို့သမီးငယ်သည် ဖြေကြားအပ်ပေပြီ”ဟု မိန့်တော်မူကာ ဒုတိယအကြိမ်မြောက် သာဓုကောင်းကြီး ပေးတော်မူပြီးလျှင် အထက်သို့ တဆင့်တက်၍-

“(၃) သတို့သမီးငယ်.. ထိုသို့ဖြစ်လျက် ငါဘုရားက ‘သင် မသိဘူးလား’ဟု မေးသောအခါ အဘယ့်ကြောင့် ‘သိပါ၏ အရှင်ဘုရား..’ဟု သင် ဖြေကြားသနည်း”ဟူ၍ မေးတော်မူပြန်၏။

သတို့သမီးငယ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. သေရမည့်အဖြစ်ကို တပည့်တော်မ သိပါသည်။ ထို့ကြောင့် ‘သိပါ၏ အရှင်ဘုရား..’ဟု ဖြေကြားလျှောက်ထားပါသည်”—

ဟူ၍ ရှင်းလင်းဖြေကြား လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် “ငါဘုရား မေးမြန်းအပ်သော ပြဿနာကိုပင်



၃၆၉

သင် သတို့သမီးငယ်သည် ဖြေကြားအပ်ပေပြီ”ဟု မိန့်ဆိုတော်မူကာ တတိယအကြိမ်မြောက် သာဓုကောင်းကြီး ပေးတော်မူပြီးလျှင် အထက်သို့ တဆင့်တက်၍-

“(၄) သတို့သမီးငယ်.. ထိုသို့ဖြစ်လျက် ငါဘုရားက ‘သင် သိ၏လော’ဟု မေးသောအခါ အဘယ့်ကြောင့် ‘မသိပါ အရှင်ဘုရား..’ဟု သင် ဖြေကြားသနည်း”ဟူ၍ မေးတော်မူပြန်၏။

သတို့သမီးငယ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်မသည် မိမိ၏ သေရမည့်အဖြစ်ကိုသာ သိပါသည်၊ ညဉ့်, နေ့, နံနက်-အစရှိသော အခါတို့တွင် ဤမည်သောအခါ၌ သေရလိမ့်မည်ဟူ၍ကား မသိပါ။ ထို့ကြောင့် ‘မသိပါ အရှင်ဘုရား..’ဟု ဖြေကြားလျှောက်ထားပါသည်”-

ဟူ၍ ရှင်းလင်းဖြေကြား လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် “ငါဘုရား မေးမြန်းအပ်သော ပြဿနာကိုပင် သင်သတို့သမီးငယ်သည် ဖြေကြားအပ်ပေပြီ”ဟု မိန့်ဆိုတော်မူကာ စတုတ္ထအကြိမ်မြောက် သာဓုကောင်းကြီး ပေးတော်မူပြီးလျှင် ပရိသတ်ကို ခေါ်တော်မူ၍-

“သင်တို့သည် ဤသတို့သမီးငယ် ဖြေကြားအပ်သည့် ဤမျှသော အနက်အဓိပ္ပါယ်ကိုပင် မသိကြချေ၊ သက်သက် ကဲ့ရဲ့ရုံသာ ကဲ့ရဲ့တတ်ကြပေ၏။ မှန်၏- ပညာမျက်စိ မရှိသောသူတို့သည် (မံသမျက်စိပင် ရှိစေကာမူ) သူကန်းတို့သာတည်း၊ ပညာမျက်စိ ရှိသောသူတို့မှာ မျက်စိအမြင်ရှိသူတို့ ဖြစ်ကြသည်”-

ဟု မိန့်တော်မူပြီးလျှင် ဤတရားဂါထာကို ဟောကြားတော်မူ၏-

အန္ဓီဘူတော အယံ လောကော၊

တနုကေတ္ထ ဝိပဿတိ။

သကုဏော ဇာလမုတ္တောဝ၊

အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။



၃၇၀

သာဓဝေါ = ပရိသတ်အပေါင်း သူတော်ကောင်းတို့..။ အယံ လောကော = သင်္ချာများတောင်း ဤလောကီလူအပေါင်းသည်။ အန္ဓီဘူတော = ပညာစက္ခု မရှိမှုကြောင့် ကြည့်ရှုမထင် မမြင်စမ်းတမ်း သူကန်းသဖွယ် ဖြစ်၍နေ၏။ ဧတ္ထ = သင်္ချာများတောင်း ဤလောကီလူအပေါင်းတွင်။ တနုကော = ပညာစူးရှ အနည်းငယ်မျှသောသူသည်။ ဝိပဿတိ = ရုပ်နာမ်ဓမ္မ သင်္ခါရကို လက္ခဏာယာဉ် သုံးချက်တင်၍ ဆင်ခြင် ကြည့်ရှုနိုင်၏။ ဇာလမုတ္တော = မူဆိုး၏ကွန်ရက်မှ လွတ်ထွက်သော။ သကုဏော = ငုံးငှက်သည်။ အပ္ပေါ ဣ၀ = အနည်းငယ်မျှ မပြောပလောက်သကဲ့သို့။ တထာ = ထို့အတူ။ အပ္ပေါ = ပညာစူးရှ အနည်းငယ်မျှသော သူသည်။ သဂ္ဂါယ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်ချမ်းသာသို့။ ဂစ္ဆတိ = ကုသိုလ်ပံ့ထောက် ဆိုက်ရောက်ရလေ၏။

     ဒေသနာနိဂုံး ဆုံးသောအခါ ယက်ကန်းသည်သမီး သတို့သမီးငယ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ လူများအပေါင်းအားလည်း အကျိုးရသော တရားဒေသနာ ဖြစ်လေ၏။

သတို့သမီးငယ်၏အလား

     ထိုသတို့သမီးငယ်သည်လည်း ရက်ဖောက်ခြင်းကို ယူဆောင်၍ ဖခင်အထံသို့ သွားလေ၏။ ဖခင်ဖြစ်သူသည်လည်း ယက်ကန်းစင်တွင် ထိုင်နေရင်းပင် အိပ်ငိုက်နေလေသည်၊ သတို့သမီးသည် အမှတ်တမဲ့ ရက်ဖောက်ခြင်းကို တွန်း၍ရွှေ့လိုက်စဉ် ရက်ဖောက်ခြင်းသည် လွန်းအစွန်း၌ ထိခိုက်၍ အသံမြည်လျက် အောက်သို့ကျလေ၏။

     ဖခင်ဖြစ်သော ယက်ကန်းသည်သည် အိပ်ငိုက်နေရာမှ နိုးလတ်၍ ပင်ကိုယ်က ကိုင်ယူမြဲတိုင်းသော အမှတ်နိမိတ်ဖြင့် လွန်းအစွန်းကို ဆွဲလိုက်လေသော် လွန်းအစွန်းသည် အရှိန်လွန်၍ ထိုသတို့သမီးငယ်ကို ရင်ဝ၌တည့်တည့် ထိုးမိ ခိုက်မိလေ၏။



၃၇၁

သတို့သမီးငယ်သည် ထိုနေရာ၌ပင် စုတိပြတ်ကြွေ သေလွန်၍ တုသိတာနတ်ပြည်၌ ဖြစ်လေ၏။

     ဖခင် ယက်ကန်းသည်သည် သမီးကို ကြည့်ရှုလေသော် တကိုယ်လုံး သွေးအလိမ်းလိမ်းကပ်ငြိလျက် လဲ၍သေနေသည်ကို မြင်ရလေ၏။ ထိုအခါ ဖခင်ယက်ကန်းသည်၏ စိတ်သန္တာန်၌ ကြီးစွာသော စိုးရိမ်ခြင်း ပူဆွေးခြင်း ဖြစ်လေ၏။ ထို့နောက်မှ ဖခင် ယက်ကန်းသည်သည် “ငါ၏သန္တာန်ဝယ် ယခု ဖြစ်ပွါးနေသော သောကမီးကို (မြတ်စွာဘုရားမှ)တပါး အခြားသောသူသည် ငြိမ်းအေးစေရန် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်”ဟု အောက်မေ့ကာ သည်းစွာငိုကြွေးလျက် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ပြီးလျှင် ထိုအကြောင်းကို လျှောက်ထား၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်၏ သောကမီးကို ငြိမ်းသတ်ပေးတော်မူပါဘုရား”ဟု လျှောက်ထားလေ၏။

     မြတ်စွာဘုရားရှင်သည် ထိုဖခင် ယက်ကန်းသည်ကို သက်သာရာရစေ၍ “ဥပါသကာ.. မစိုးရိမ်လင့်၊ မှန်၏- အစမထင် အတိတ်သံသရာတခွင်၌ သင့်အဖို့ရာ ဤကဲ့သို့ သမီးသေသောအခါများက ယိုစီးထွက်ကျခဲ့ရသော မျက်ရည်အစုသည် မဟာသမုဒြာ လေးစင်း၌ရှိသော ရေပေါက်ထက်ပင် အလွန့်အလွန် များလှလေပြီ”ဟု မိန့်တော်မူပြီးလျှင် အနမတဂ္ဂိယ ဓမ္မကထာစကား ဟောကြားတော်မူလေ၏။

     ထိုဖခင် ယက်ကန်းသည်သည် သောကနည်းပါးပြီးလျှင် မြတ်စွာ ဘုရားရှင်ကို မိမိအား ရှင်ရဟန်းပြုပေးပါရန် တောင်းပန်လျှောက်ထား၍ ရဟန်းအဖြစ်ကို ရရှိပြီးနောက် တရားအလုပ် အားထုတ်သဖြင့် မကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ (ဓမ္မပဒ-ဋ္ဌ၊ ၂၊ ၁၃-လောကဝဂ်၊ မျက်နှာ ၁၁၁-မှ)

ပေသကာရဓီတုဝတ္ထု ပြီး၏။

**********



၃၇၂

ဧကူနဝီသတိမ = ၁၉-ခုမြောက်ဝါကိုလည်း

စာလိယတောင်ကျောင်း၌ပင် ကပ်တော်မူခြင်း

     မြတ်စွာဘုရားရှင်သည် ဆိုအပ်ခဲ့ပြီးသောအတိုင်း အာဠဝီပြည် အစရှိသော ထိုထိုအရပ်ဒေသသို့ ခရီးဒေသစာရီ ကြွချီတော်မူ၍ တရားရေအေး အမြိုက်ဆေးကို လူနတ်တို့အား တိုက်ကျွေးတော်မူပြီးလျှင် ဧကူနဝီသတိမ = ၁၉-ခုမြောက် ဝါကိုလည်း စာလိယတောင်ကျောင်း၌ပင် ကပ်ဆိုတော်မူကာ ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို့အား တရားရေအေး တိုက်ကျွေး ချေချွတ်တော်မူလေသည်။

     ထိုစာလိယတောင်ကျောင်း၌ ၁၉-ခုမြောက် ဝါလပတ်လုံး သီတင်းသုံး နေတော်မူပြီးနောက် ဝါကျွတ်သောအခါ ခရီးဒေသစာရီ အစဉ်သဖြင့် ကြွချီတော်မူခဲ့ရာ ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူဆဲဖြစ်သတည်း။

ကုက္ကုဋမိတ္တနေသာဒဝတ္ထု

     ထိုသို့ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် နေတော်မူသောအခါ ကုက္ကုဋမိတ္တမူဆိုး မိသားစုကို အကြောင်းပြု၍ “ပါဏိမှိ စေ ဝဏော နာဿ” အစရှိသော တရားဒေသနာကို ဟောကြားတော်မူလေသည်။ အကြောင်းအရာ အကျယ်ကား-

     ရာဇဂြိုဟ်ပြည်၌ သူဌေးသမီးတယောက်သည် အရွယ်သို့ ရောက်လတ်သော် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ် (ခုနစ်ထပ်တိုက်)၏ အထက်ဆုံးထပ်ဝယ် အသရေရှိသော တိုက်ခန်း၌ စောင့်ရှောက်ထိန်းသိမ်းရန် အလုပ်အကျွေး မိန်းမတယောက်ကိုပေး၍ မိဖနှစ်ပါးတို့က ချမ်းသာစွာ နေစေအပ်စဉ် တနေ့သ၌ ညနေချမ်းအခါ၀ယ် လေသာပြူတင်းမှ မြို့တွင်းလမ်းမကို ကြည့်ရှုလတ်သည်တွင် ကျော့ကွင်းငါးရာ တံကျင်(တံစို့) ငါးရာတို့ကို ယူဆောင်၍ သားသမင်တို့ကို သတ်ဖြတ်ကာ အသက်မွေးမှုပြုသော



၃၇၃

ကုက္ကုဋမိတ္တ-အမည်ရှိသော သားသတ်မူဆိုးတယောက် သားကောင်ငါးရာတို့ကိုသတ်၍ ထိုသားကောင်များအသားဖြင့် လှည်းအပြည့် တင်ဆောင်ကာ လှည်းဦး၌ထိုင်၍ အသားရောင်းရန် မြို့တွင်းသို့ လှည်းမောင်းဝင်လာသည်ကို မြင်လတ်၍ ထိုမူဆိုး၌ တပ်မက်စိတ်ရှိရကား အလုပ်အကျွေးမိန်းမ၏လက်၌ လက်ဆောင်ပဏ္ဏာများကို နှင်းအပ်ပြီးလျှင် “ရှင်မ.. သွားပါချေ၊ ထိုမူဆိုးအား ဤလက်ဆောင်ပဏ္ဏာများကို ပေးပြီးလျှင် သူပြန်မည့်အချိန်ကိုသိအောင် စုံစမ်းမေးမြန်းပြီးမှ ပြန်ခဲ့လော့”ဟု မှာကြား စေလွှတ်လိုက်လေ၏။

     အလုပ်အကျွေး (=အစေခံ) မိန်းမသည် သွားလေ၍ မူဆိုးအား လက်ဆောင်များကို ပေးပြီးလျှင် “အဘယ်အချိန်၌ ပြန်မည်နည်း”ဟု မေး၍ မူဆိုးကလည်း “ငါကား ယနေ့ အသားများကို ရောင်းချ၍ နက်ဖြန်နံနက် စောစောပင် ဤမည်သောတံခါးမှထွက်၍ ပြန်ပေအံ့”ဟု ပြောဆိုလေ၏။ အလုပ်အကျွေးမိန်းမသည် မူဆိုးပြောသောစကားကို ကြားနာခဲ့၍ သူဌေးသမီးထံ ပြန်လာပြီးလျှင် သူဌေးသမီးအား ထိုအကြောင်းကို ပြန်ကြားပြောဆိုလေ၏။

     သူဌေးသမီးသည် မိမိယူသင့်သော အဝတ်, တန်းဆာ, ရွှေငွေဥစ္စာများကို စီမံထည့်သွင်း၍ နံနက်စောစောပင် အဝတ်ညစ်ကို ဝတ်ဆင်ကာ ရေအိုးကို ရွက်ပြီးလျှင် ကျွန်မတို့နှင့်အတူ ရေဆိပ်သို့သွားသကဲ့သို့ အိမ်မှ ထွက်ခဲ့၍ ထိုမူဆိုးပြောသော အရပ်သို့ သွားရောက်ကာ မူဆိုးလာချိန်ကို စောင့်မျှော်လျက် ရပ်တည်နေလေ၏။ မူဆိုးသည်လည်း နံနက်စောစောပင် လှည်းကိုမောင်းလျက် မြို့မှထွက်လာ၏။ သူဌေးသမီးသည် မူဆိုး၏ လှည်းနောက်မှ ကောက်ကောက်လိုက်ပါလာလေ၏။

     မူဆိုးသည် သူဌေးသမီးကို မြင်ရလေလျှင် “အိုအမိ.. ငါသည် သင့်ကို ဤမည်သောသူ၏ သမီးဟူ၍ မသိပါချေ၊ ငါ့နောက်သို့ မလိုက်လာပါလင့်”ဟု ပြောဆိုလေ၏။ သူဌေးသမီးက “ငါ့ကို သင်မခေါ်ပါ၊ ငါသည် မိမိသဘောအတိုင်း လိုက်ပါလာသည်။ သင်သည် ဆိတ်ဆိတ်သာ မိမိ၏လှည်းကို မောင်းပါလော့”ဟု



၃၇၄

ပြောဆိုလေလျှင် မူဆိုးသည် အဖန်ဖန်ပင် သူဌေးသမီးကို ရှေးနည်းအတူ တားမြစ်စကား ပြောကြားလေ၏။ ထိုအခါ သူဌေးသမီးသည် မူဆိုးကို “အိုအရှင်.. မိမိထံမှောက်သို့ ကြက်သရေ လာရောက်သည်ကို မတားမြစ်သင့်ပါ”ဟု ပြောဆိုလေ၏။ ထိုအခါမှ မူဆိုးလူရိုးသည် သူဌေးသမီး၏ မိမိနောက်သို့ ကောက်ကောက် လိုက်ပါလာသောအကြောင်းကို ယုံမှားမရှိ သိရ၍ သူဌေးသမီးကို လှည်းပေါ်သို့ တင်ဆောင်ကာ မောင်းနှင်သွားလေ၏။

     သူဌေးသမီး၏ မိဖတို့သည် ထိုမှဤမှ သမီးကို ရှာဖွေစေကြ၍ မတွေ့ရသည့်အဆုံး၌ “သေလေတော့သည် ဖြစ်လိမ့်မည်”ဟု အောက်မေ့ကြကာ သေသူအား ရည်မှန်း၍ ထမင်းကျွေးခြင်းအမှု (=မတကဘတ်)ကို ပြုကြလေ၏။

     သူဌေးသမီးသည်လည်း ကုက္ကုဋမိတ္တမူဆိုးနှင့် ဆက်ဆံပေါင်းဖက် နေထိုင်ချက်ကို အစွဲပြုကာ သား(၇)ခုနစ်ယောက်တို့ကို ဖွားမြင်ပြီးနောက် ထိုသားခုနစ်ယောက်တို့ အရွယ်သို့ ရောက်ကြလေသော် အိမ်ရာထောင်ခြင်းဖြင့် နှောင်ဖွဲ့လေ၏။

ကုက္ကုဋမိတ္တမူဆိုးမိသားစုတို့ ကျွတ်တမ်းဝင်ချိန်

     ထို့နောက် တနေ့သ၌ မြတ်စွာဘုရားရှင်သည် နံနက်မိုးသောက်ထအခါ သတ္တလောကကို ကြည့်ရှုတော်မူလေသော် သားခုနစ်ယောက် ချွေးမခုနစ်ယောက်တို့နှင့် တကွသော ကုက္ကုဋမိတ္တမူဆိုးကို ကိုယ်တော်မြတ်၏ ဉာဏ်တော်ကွန်ရက်အတွင်း ဝင်လာကြသည်ကို မြင်တော်မူ၍ “အကြောင်း အသို့နည်း”ဟု ဆက်၍ စုံစမ်း ဆင်ခြင်တော်မူလေသော် ထို(၁၅)တကျိပ်ငါးယောက်သော သူတို့၏ သောတာပတ္တိမဂ်ကိုရကြောင်း ရှေးကောင်းမှု = ဥပနိဿယကို မြင်တော်မူ၍ နံနက်စောစောပင် သပိတ်သင်္ကန်းကို ယူဆောင်တော်မူပြီးလျှင် ကုက္ကုဋမိတ္တမူဆိုး ကျော့ကွင်းများထောင်ရာအရပ်သို့ တပါးတည်း ကြွသွားတော်မူလေ၏။ ထိုနေ့၌ သားကောင်တကောင်မျှပင် ကျော့ကွင်း၌ ဖွဲ့မိသောဟူ၍မရှိ။



၃၇၅

     မြတ်စွာဘုရားရှင်သည် မူဆိုး၏ ကျော့ကွင်းများအနီး၌ ခြေတော်ရာကို ချတော်မူခဲ့ (=ထင်စေတော်မူခဲ့)၍ ရှေ့နားမှာရှိသည့် ချုံတခု၏အောက် အရိပ်၌ ထိုင်နေတော်မူလေ၏။

     ကုက္ကုဋမိတ္တမူဆိုးသည် နံနက်စောစောပင် လေးမြားတို့ကို ယူဆောင်ခဲ့၍ ကျော့ကွင်းထောင်ရာအရပ်သို့ သွားရောက်ပြီးလျှင် အစကျော့ကွင်းမှ အစဉ်အတိုင်း ကျော့ကွင်းများကို ကြည့်ရှုလတ်သော် ကျော့ကွင်း၌မိသည့် သားကောင်တကောင်ကိုမျှ မတွေ့ရပဲ မြတ်စွာဘုရားရှင်၏ ခြေတော်ရာကိုသာ တွေ့မြင်ရလေ၏။

     ထိုအခါ ကုက္ကုဋမိတ္တမူဆိုး၏ စိတ်သန္တာန်ဝယ် “ဘယ်လူများ ငါ၏ကျော့ကွင်း၌မိသော သားကောင်များကို ဖြေလွှတ်ကာ လှည့်လည်ကျက်စား သွားလာနေပါလိမ့်မည်နည်း”ဟု အကြံအစည်ဖြစ်ပွါးလျက် မြတ်စွာဘုရားရှင်၌ (မမြင်ရသေးခင်ကပင်) ရန်ငြိုးဖွဲ့၍ သွားလေလျှင် ရှေ့နားဝယ် ချုံတခုအောက်၌ ထိုင်နေတော်မူသော မြတ်စွာဘုရားကို တွေ့မြင်ရ၍ “ဤသူသည်ပင် ငါ၏ကျော့ကွင်း၌ ဖွဲ့မိသောသမင်များကို ဖြေလွှတ်ပေလိမ့်မည်။ ချင်းကို ငါသည် လေးဖြင့်ပစ်ခွင်း၍ သတ်တော့အံ့”ဟု ကြံစည်၍ လေးကိုတင်ကာ တအားကုန် ဆွဲငင်လေ၏။

     မြတ်စွာဘုရားရှင်သည် လေးကိုတင်၍ ဆွဲငင်ရုံသာ အခွင့်ပေး၍ လွှတ်ရန်ကား အခွင့်မပေးချေ။ (လေးကိုတင်၍ ဆွဲငင်ရုံသာ ဆွဲငင်နိုင်ပြီး မလွှတ်နိုင်ဖို့ရန် တန်ခိုးဖန်ဆင်းတော်မူလေသည်)။ မူဆိုးသည် မိမိ၏မြှားကို လွှတ်ခြင်းငှါလည်း မတတ်နိုင်၊ တဖန် ပြန်၍ချခြင်းငှါလည်း မတတ်နိုင်ပဲ နံရိုးများ ကျိုးအံ့သကဲ့သို့ ဖြစ်ရှိကာ ခံတွင်းမှ တံတွေးတစိုစို စီးယိုလျက် အလွန်ပင်ပန်းသော သဘောရှိ၍ ကျောက်ရုပ်ကြီးပမာ ရပ်တည်၍သာ နေလေ၏။

     ထိုအခါ မူဆိုး၏ သားခုနစ်ယောက်တို့သည် ဖခင်အိမ် ရောက်လာကြ၍ “ငါတို့၏ဖခင်သည် ကြာတင်လှချေတကား၊ ဤကဲ့သို့ ကြာတင်ခြင်းသည် အကြောင်း အသို့ရှိသနည်း”ဟု မိခင်အား စကားစပ်ပြောကြလေရာ မိခင်က “သားတို့.. မောင်တို့ဖခင်ထံ



၃၇၆

လိုက်ကြဦး”ဟု စေခိုင်းအပ်ကုန်ရကား ကိုယ်စီကိုယ်င လေးတို့ကိုယူဆောင်၍ လိုက်ကြလေသော် ကျောက်ရုပ်ပမာ ရပ်တည်ကာနေသော ဖခင်မူဆိုးကို တွေ့မြင်ကြရ၍ (ချုံရိပ်၌ ထိုင်နေတော်မူသော မြတ်စွာဘုရားရှင်ကို) “ဤသူသည် ငါတို့ဖခင်၏ ရန်သူဖြစ်လိမ့်မည်”ဟု ကြံစည်အောက်မေ့ကြကာ ခုနစ်ယောက်သားတို့သည် လေးတို့ကို ကိုယ်စီကိုယ်င တင်၍ ဆွဲငင်ကြလေလျှင် မြတ်စွာဘုရားရှင်၏ တန်ခိုးအာနုဘော်ကြောင့် ထိုသူတို့၏ဘခင် ကုက္ကုဋမိတ္တမူဆိုး ရပ်တည်နေသကဲ့သို့ပင် ပင်ပန်းကြီးစွာ ကျောက်ရုပ်ကြီးများပမာ ရပ်တည်၍သာ နေကြလေကုန်၏။

     ထို့နောက် ထိုသူတို့၏ မိခင်သည် “အသို့နည်း (=ဘယ့်နှယ်လဲ) ငါ၏သားများသည်လည်း ကြာမြင့်လှချေကုန်တကား”ဟု ပြောဆို၍ ချွေးမခုနစ်ယောက်တို့နှင့်အတူ လိုက်ပါသွားလေသော် ကျောက်ရုပ်ကြီးများပမာ ရပ်တည်နေကြသော သားအဖ ရှစ်ယောက်တို့ကို တွေ့မြင်ရ၍ “ဤသားအဖ ရှစ်ယောက်တို့သည် အဘယ်သူအား လေးတို့ကိုတင် ဆွဲငင်၍ ရပ်တည်နေကြပါလိမ့်နည်း”ဟု ထိုမှဤမှ ကြည့်ရှုလေသော် မြတ်စွာဘုရားရှင်ကို ဖူးမြင်ရ၍ လက်မောင်းနှစ်ဖက်တို့ကို ချီးမြှောက်ပြီးလျှင် “သားတို့.. ငါ့ဖခင်ကို မဖျက်ဆီးကြကုန်လင့်”ဟု ကျယ်လောင်စွာ ဟစ်အော် ပြောဆိုလေ၏။

     ကုက္ကုဋမိတ္တမူဆိုးသည် ထို(မယား)အသံကို ကြားရ၍ “ဩ.. ငါသည် ပျက်စီးချေပြီတကား၊ ဤသူကား ငါ၏ယောက္ခမတဲ့။ ဩ.. ငါသည် ဝန်လေးသောအမှုကို ပြုမှားခဲ့လေပြီတကား”ဟု စဉ်းစားကြံစည်မိလေ၏။ သားခုနစ်ယောက်တို့သည်လည်း “ဤသူကား ငါတို့၏ အဖိုးတဲ့၊ ဩ.. ငါတို့သည် ဝန်လေးသောအမှုကို ပြုမှားအပ်ခဲ့လေပြီတကား”ဟု စဉ်းစားကြံစည်ကြလေ၏။ ထို့နောက် ကုက္ကုဋမိတ္တဆိုးသည် “ဤသူကား ငါ၏ယောက္ခမ ယောက်ျားသူတည်း”ဟု ကြံစည်အောက်မေ့ကာ မေတ္တာစိတ်ကို ဖြစ်ပွါးစေလေသည်။ သားခုနစ်ယောက်တို့သည်လည်း



၃၇၇

“ငါတို့၏ အဖိုးပေတကား”ဟု ကြံစည်အောက်မေ့ကြကာ မေတ္တာစိတ်ကို ဖြစ်ပွါးစေကြလေသည်။

     ထိုအခါ ထိုသားခုနစ်ယောက်တို့၏မိခင် သူဌေးသမီးသည် သားအဖ ရှစ်ယောက်တို့ကို “လျင်မြန်စွာ လေးများကို စွန့်ပစ်၍ ငါ၏ဖခင်ကို ကန်တော့ကြလော့”ဟု ပြောဆိုလေ၏။ မြတ်စွာဘုရားရှင်သည် ထိုသူရှစ်ယောက်တို့၏ နူးညံ့သောစိတ် ဖြစ်ရှိသည်ကို သိတော်မူ၍ လေးများကိုချခြင်းငှါ အခွင့်ပေးလေ၏။ (=စောစောက တန်ခိုးတော်ဖြင့် လေးများကို မချနိုင်အောင် တားမြစ်ထားရာက ယခုအခါ ထိုတန်ခိုးတော်ကို ရုပ်သိမ်းတော်မူသည်ဟု ဆိုလိုသည်)။ ထိုသူရှစ်ယောက်တို့သည် မြတ်စွာဘုရားရှင်ကို ရှိခိုးကြ၍ “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အကျွန်ုပ်တို့ကို သည်းခံတော်မူပါလော့”ဟု ပြောဆိုကန်တော့ကြ၍ အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြလေကုန်၏။

     ထိုသို့ အညီအညွတ် ထိုင်မိကြသောအခါ မြတ်စွာဘုရားရှင်သည် ကုက္ကုဋမိတ္တမူဆိုး မိသားစု (၁၆) တဆယ့်ခြောက်ယောက်တို့အား ဒါနကထာ, သီလကထာ, သဂ္ဂကထာ, ကာမာနံ အာဒီနဝကထာ, နေက္ခမ္မေ အာနိသံသကထာ တည်းဟူသော အစဉ်အတိုင်းသော တရားစကားကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ ကုက္ကုဋမိတ္တမူဆိုးသည် သားခုနစ်ယောက် ချွေးမခုနစ်ယောက်တို့နှင့်တကွ မိမိပါ တကျိပ်ငါးဦးဖြစ်လျက် သောတာပတ္တိဖိုလ်၌ တည်လေ၏။ မြတ်စွာဘုရားရှင်သည် ထိုမူဆိုးသားအဖ ချွေးမတို့ကို သောတာပတ္တိဖိုလ်အရောက် ချီးမြှောက်တော်မူပြီးလျှင် ရာဇဂြိုဟ်ပြည်အတွင်း ဆွမ်းခံလှည့် လည်တော်မူ၍ နေလွဲသောအခါ၌ ကျောင်းတော်သို့ ကြွတော်မူလေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်ကို အရှင်အာနန္ဒာမထေရ်က “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အဘယ်အရပ်သို့ ကြွနေတော်မူကြပါသနည်း”ဟု မေးလျှောက်လေလျှင် မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ.. ငါဘုရားသည် ကုက္ကုဋမိတ္တမူဆိုးထံသို့



၃၇၈

သွားရောက်ခဲ့သည်”ဟု ဖြေကြားတော်မူ၏။ တဖန် အရှင်အာနန္ဒာက “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် ထိုကုက္ကုဋမိတ္တမူဆိုးကို ပါဏာတိပါတ ဒုစရိုက်မှုမှ ရှောင်ကြဉ်သူဖြစ်အောင် ပြုလုပ်အပ်ပါပြီ = ဆုံးမချေချွတ်တော်မူအပ်ပါပြီလော”ဟု မေးလျှောက်လေလျှင် “အိမ်း.. ပြုလုပ်အပ်ပြီ ချစ်သားအာနန္ဒာ..၊ ထိုကုက္ကုဋမိတ္တမူဆိုးသည် မိမိလျှင် တဆယ့်ငါးယောက်မြောက်ဖြစ်၍ (=သားခုနစ်ယောက် ချွေးမခုနှစ်ယောက်တို့နှင့်တကွ မိမိပါ တဆယ့်ငါးယောက်သားတို့) မတုန်လှုပ်သော သဒ္ဓါတရား၌ တည်ကြ၍ ရတနာသုံးပါးတို့၌ ယုံမှားခြင်း အလျှင်းကင်းပျောက်ကြကာ ပါဏာတိပါတ ဒုစရိုက်မှုကို မပြုလုပ်သူ ဖြစ်ခဲ့လေပြီ”ဟု မြတ်စွာဘုရားရှင်က မိန့်တော်မူလေ၏။

     ထိုအခါ ရဟန်းတို့က ကြားဖြတ်၍ “ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား.. ထိုကုက္ကုဋမိတ္တမူဆိုး၏ မယားလည်း ရှိသေးသည်မဟုတ်ပါလော”ဟု မေးမြန်း လျှောက်ထားကြလေလျှင် “အိမ်း.. ရှိပေသည် ရဟန်းတို့.. ထိုအိမ်ရှင်မသည်ကား မိဖတို့အိမ်၌ သတို့သမီး ဖြစ်စဉ်ကပင် သောတာပတ္တိဖိုလ်သို့ ရောက်ရှိပြီးသူဖြစ်၏”ဟု မြတ်စွာဘုရားရှင်က ပြန်လည်ဖြေကြားတော်မူလေ၏။

     ရဟန်းတို့သည် တရားသဘင် (=တရားနာယူ ဆွေးနွေးရာ ဓမ္မသာလာဓမ္မာရုံ)၌ စကားကို ဖြစ်စေကြသည်မှာ-

“ငါ့ရှင်တို့.. ကုက္ကုဋမိတ္တမူဆိုး၏မယား (=သူဌေးသမီး)သည် မိဖတို့အိမ်၌ သတို့သမီးငယ် ဖြစ်စဉ်ကပင် သောတာပတ္တိဖိုလ်သို့ ရောက်ပြီး၍ ထိုမူဆိုးအိမ်သို့ လိုက်ပါကာ သားခုနစ်ယောက်တို့ကို ရခဲ့လေပြီ၊ ထိုမူဆိုးမယား (=သူဌေးသမီး)သည် အရှင်သခင် လင်ဖြစ်သူမူဆိုးက ‘လေးယူခဲ့၊ မြှားယူခဲ့၊ လှံယူခဲ့၊ တံကျင်ယူခဲ့၊ ပိုက်ကွန်ယူခဲ့’ဟု စေခိုင်းပြောဆိုအပ်လျှင် ထိုလေး,မြှား-စသည်တို့ကို ယူဆောင်၍ ပေးခဲ့လေပြီ၊ ထိုမူဆိုးသည်လည်း ထိုခင်ပွန်းမ = သောတာပန်မ ပေးအပ်သည့် လေး,မြှား စသည်တို့ကို



၃၇၉

ယူဆောင်သွားပြီးလျှင် ပါဏာတိပါတ (=သူ့သက်သတ်မှု) ဒုစရိုက်ကို နေ့ရက်ရှည်ကြာ ပြုလုပ်ခဲ့၏။ ငါ့ရှင်တို့.. ဘယ့်နှယ်လဲ၊ သောတာပန်အရိယာ ပုဂ္ဂိုလ်များသည်လည်း ပါဏာတိပါတ ဒုစရိုက်မှုကို ပြုကြသလော”-

ဟု တရားဆွေးနွေးစကား ဖြစ်ပွါးစေကြလေသည်။ မြတ်စွာဘုရားရှင်သည် ဓမ္မသဘင်သို့ ကြွလာတော်မူ၍ “ရဟန်းတို့.. ယခု ငါဘုရားလာသောအခါ သင်ချစ်သားတို့သည် အဘယ်စကားဖြင့် ဆွေးနွေးညီမူ၍ နေကြသနည်း”ဟု မေးတော်မူ၍ ရဟန်းတို့က “ဤမည်သော (ကုက္ကုဋမိတ္တမူဆိုးမယား သူဌေးသမီးအကြောင်းနှင့် စပ်သော) စကားဖြင့် ညီမူ၍ နေကြပါကြောင်း” လျှောက်ထားကြသည်တွင် မြတ်စွာဘုရားရှင်က-

“ရဟန်းတို့.. သောတာပန် အရိယာပုဂ္ဂိုလ်တို့သည် ပါဏာတိပါတ (=သူ့သက် သတ်မှု) ဒုစရိုက်ကို မပြုကြကုန်၊ ထိုကုက္ကုဋမိတ္တမူဆိုး၏ဇနီး သူဌေးသမီးသည်ကား ‘အရှင်သခင် လင်ယောက်ျား၏စကားကို လိုက်နာရမည့် ဝတ်တရားရှိသည်’ဟု မိမိဝတ်တရားကို စဉ်းစားဆင်ခြင်ကာ ထိုမူဆိုးတောင်းသည့် လေး,မြှား-စသည်ကို ယူပေးမှု ပြုလုပ်လေသည်။ ဤလေး,မြှား-စသည်ကို ယူဆောင်၍ ဤမူဆိုးသည် တောသို့သွားပြီးလျှင် ပါဏာတိပါတ ဒုစရိုက်မှုကို ပြုပါစေဟူသော စိတ်အကြံအစည်မျိုး ထိုသူဌေးသမီးမှာ တစိုးတစိမျှ မရှိချေ။

ဥပမာဖြင့် ထင်စွာညွှန်ပြရလျှင် လက်ဖဝါးအပြင်၌ အနာ (ဖအောင်းနာစသည်) မရှိလျှင် အဆိပ်ကို လက်ဖြင့် ကိုင်သောသူအား ထိုအဆိပ်သည် လောင်ကျွမ်းခြင်းငှါ မစွမ်းနိုင်သကဲ့သို့ ဤအတူပင် အကုသိုလ်စေတနာ မရှိသဖြင့် မကောင်းမှုကို မပြုသောသူအား လေး,မြှား-စသည်တို့ကို ယူဆောင်၍ ပေးငြားသော်လည်း ဒုစရိုက်မည်သည် မဖြစ်နိုင်”-



၃၈၀

ဟု မိန့်တော်မူပြီးလျှင် ရှေ့နောက်အနုသန္ဓေ စကားဆက်စပ်၍ တရားဟောတော်မူလိုရကား ဤဆိုလတ္တံ့သောဂါထာကို ဟောကြားတော်မူ၏-

ပါဏိမှိ စေ ဝဏော နာဿ၊ ဟရေယျ ပါဏိနာ ဝိသံ။

နာဗ္ဗဏံ ဝိသမနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗတော။

ဘိက္ခဝေ = ရဟန်းတို့..။ ပါဏိမှိ = လက်ဖဝါးအပြင်၌။ ဝဏော = ပေါက်သောအနာ, ထိရှသောအနာသည်။ စေ န အဿ = အကယ်၍ မရှိငြားအံ့။ အဗ္ဗဏံ = ပေါက်နာ, ထိရှနာ မရှိသောလက်ကို။ ဝိသံ = အဆိပ် သည်။ န အနွေတိ = မလောင်ကျွမ်းနိုင် မနှိပ်စက်နိုင် အဆိပ်မတက်နိုင်။ (တသ္မာ = ထို့ကြောင့်)။ ပါဏိနာ = ပေါက်နာ, ထိရှနာ မရှိသောလက်ဖြင့်။ ဝိသံ = အဆိပ်ကို။ ဟရေယျ = ယူဆောင်ခြင်းငှါ စွမ်းနိုင်ရာ၏။ ဧဝံ = ဤအတူ။ ပါပံ = ဒုစရိုက်စု မကောင်းမှုကို။ အကုဗ္ဗတော = အကုသိုလ်စေတနာ မရှိမှုကြောင့် မပြု မလုပ်သောသူအား။ (ဓနုအာဒိဒါနမတ္တေန = လေး,မြှား-စသည် ယူပေးကာမျှဖြင့်)။ ပါပံ = ဒုစရိုက်စု မကောင်းမှုသည်။ နတ္ထိ = တစိုးတစိ မရှိချေ။

(ပေါက်နာ, ထိရှနာ မရှိသောလက်ကို အဆိပ်သည် လောင်ကျွမ်းခြင်း နှိပ်စက်ခြင်းငှါ မစွမ်းနိုင်သကဲ့သို့ ဤအတူ လေး,မြားစသည်တို့ကို ယူဆောင်၍ ပေးငြားသော်လည်း အကုသိုလ်စေတနာ မရှိခြင်းကြောင့် မကောင်းမှုကို မပြုသောသူအား မကောင်းမှုမည်သည် မဖြစ်နိုင်။ အနာမရှိသောလက်ကို အဆိပ်သည် မတက်နိုင် မလောင်ကျွမ်းနိုင်သကဲ့သို့ ထိုသူ၏စိတ်ကို မကောင်းမှုသည် မလိုက်ပါနိုင်ချေဟု ဆိုလိုသည်)။

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကုက္ကုဋမိတ္တမူဆိုးမိသားစု၏ ရှေးကောင်းမှု

     နောက်တချိန်၌ ရဟန်းတို့သည် တရားသဘင်ဝယ်-



၃၈၁

“(၁) ငါ့ရှင်တို့.. သားခုနစ်ယောက်, ချွေးမခုနစ်ယောက်တို့နှင့် တကွသော ကုက္ကုဋမိတ္တမူဆိုး၏ သောတာပတ္တိမဂ်ကိုရကြောင်း ရှေးကောင်းမှု = ဥပနိဿယသည် အဘယ်သို့ပါနည်း။ (၂) အဘယ်အကြောင်းကြောင့် မူဆိုးအမျိုး၌ ဖြစ်ရပါသနည်း”–

ဟု ဆွေးနွေးစကား ဖြစ်ပွါးစေကြလေသည်။ ထိုအခါ မြတ်စွာဘုရားရှင် ကြွလာတော်မူ၍ “ရဟန်းတို့.. ယခုအခါ အဘယ်စကားဖြင့် ဆွေးနွေးညီမူစည်းဝေး၍ နေကြသနည်း”ဟု မေးတော်မူ၍ ရဟန်းတို့က ထိုအကြောင်းကို ပြန်ကြား လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် ထိုမူဆိုးမိသားစု၏ ရှေးကံအကြောင်းကို ဤဆိုလတ္တံ့သောအတိုင်း ဟောကြားတော်မူလေ၏-

     ရဟန်းတို့.. ရှေးလွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရားရှင်၏ ဓာတုစေတီတော်ကြီး တည်ထားပူဇော်ရန် စီမံကြသည်ရှိသော် “ဤယခု ဓာတုစေတီတော်ကြီးအတွက် အဘယ်အရာကို မြေညက်အဖြစ် အသုံးပြု၍ အဘယ်အရာကို ရေအဖြစ် အသုံးပြုကြမည်နည်း”ဟု လူအများ တိုင်ပင်ဆွေးနွေးကြလေ၏။

     ထိုအခါ ထိုအစည်းအဝေးပါ လူများ၏ စိတ်သန္တာန်ဝယ် ဆေးဒန်းမြင်းသီလာကို အင်္ကတေ မြေညက်အဖြစ် အသုံးပြုရန်နှင့် နှမ်းဆီကို ရေအဖြစ် အသုံးပြုရန် အကြံအစည်ဖြစ်ကြကာ ညီညွတ်သဘောတူကြ၍ ထိုလူများအပေါင်းသည် ဆေးဒန်းမြင်းသီလာကို အမှုန့်ထောင်း၍ နှမ်းဆီနှင့် ရောမွှေကြကာ အုတ်နှင့်တွဲစပ်အောင် အင်္ကတေအဖြစ် အသုံးပြုကြပြီးလျှင် ထို၏အပေါ်မှ ရွှေချ၍ စေတီတော်ကြီး အတွင်းသားကို စီထားကြလေသည်။ အပြင်မျက်နှာ အုတ်လွှာ၌ကား ရွှေသားစတိ အုတ်တို့ကိုသာ စီကုန်၏။ အုတ်တချပ်တချပ်လျှင် အဖိုးငွေ ကျပ်တသိန်း တသိန်း ထိုက်တန်လေသည်။



၃၈၂

ဌာပနာပွဲ ဥက္ကဋ္ဌရွေးချယ်ကြခြင်း

     ထိုလူတို့သည် ဓာတ်တော် ဌာပနာနိုင်လောက်အောင် စေတီတော်ကြီး ပြီးလတ်သောအခါ “ဓာတ်တော် ဌာပနာသောအခါ ငွေများစွာ လိုအပ်သည်၊ အဘယ်သူကို အကြီးအကဲ ဥက္ကဋ္ဌ တင်မြှောက်ကြရပါမည်နည်း”ဟု ကြံစည်တိုင်ပင် ဆွေးနွေးကြကုန်၏။

     ထိုအခါ တောရွာနေ သူဌေးတယောက်သည် “ငါသည် အကြီးအကဲ ဥက္ကဋ္ဌဖြစ်ပေအံ့”ဟု ကြံစည်ကာ ဓာတ်တော်ဌာပနာပွဲအတွက် ငွေတကုဋေ ထည့်ဝင်လှူဒါန်းလေ၏။ ထိုတောရွာနေသူဌေး၏ သဒ္ဓါရက်ရောပုံကို တွေ့မြင်ကြရ၍ တိုင်းသူပြည်သား လူအများတို့သည် “ဤ မြို့နေသူဌေးကြီးကား ခြပုန်းပမာ ဥစ္စာကိုသာ စုဆောင်းသူဖြစ်၏၊ ဤသို့သော ဓာတုစေတီတော်ကြီး တည်ထားပူဇော်ပွဲ၌ အကြီးအကဲ ဥက္ကဋ္ဌဖြစ်ခြင်းငှါ မစွမ်းနိုင်ချေ။ တောရွာနေ သူဌေးသည်ကား ငွေတကုဋေ ရက်ရက်ရောရော ထည့်ဝင်လှူဒါန်း၍ ဌာပနာပွဲ အကြီးအကဲ ဥက္ကဋ္ဌဖြစ်ချေပြီ”ဟူ၍ ကဲ့ရဲ့စကား ပြောကြားကြလေ၏။

     မြို့နေသူဌေးကြီးသည် ထိုလူအများပြောသော စကားကို ကြားရ၍ “ငါကား နှစ်ကုဋေ ထည့်ဝင်လှူဒါန်း၍ အကြီးအကဲ ဥက္ကဋ္ဌဖြစ်ပေအံ့”ဟု ကြံစည်ကာ ငွေနှစ်ကုဋေ ထည့်ဝင်လှူဒါန်းလေ၏။

     တောရွာနေ သူဌေးက “ငါသာလျှင် ဌာပနာပွဲ အကြီးအကဲ ဥက္ကဋ္ဌဖြစ်ပေအံ့”ဟု ကြံစည်ကာ ငွေသုံးကုဋေ ထည့်ဝင်လှူဒါန်းလေသည်။ ဤနည်းဖြင့် တဖက်ထက်တဖက် တိုး၍ တိုး၍ အစဉ်သဖြင့် လှူဒါန်းလာကြရာ မြို့နေသူဌေးကြီးသည် ရှစ်ကုဋေ ထည့်ဝင်လှူဒါန်းလေ၏။

အထူးအားဖြင့် တောရွာနေသူဌေး၏အိမ်၌ ငွေကိုးကုဋေသာ ရှိ၏။ မြို့နေသူဌေးကြီး၏ အိမ်၌ကား ငွေကုဋေလေးဆယ် ရှိလေသည်၊ သို့ရကား-



၃၈၃

     တောရွာနေသူဌေးသည် “အကယ်၍ ငါက ကိုးကုဋေ လှူလိုက်လျှင် ဤမြို့နေသူဌေးကြီးက ‘ငါက ဆယ်ကုဋေတို့ကို လှူပေအံ့’ဟု ပြောဆိုလိမ့်မည်၊ ထိုအခါ (သူ့ကိုမှီအောင် ငါမလိုက်နိုင်သဖြင့်) ငါ၏ ဥစ္စာမဲ့သောအဖြစ်သည် ထင်ရှားသွားလိမ့်မည်”ဟု ကြံစည် ဆင်ခြင်ပြီးလျှင် “ငါသည် ဤမျှသော ဥစ္စာကိုလည်း ထည့်ဝင်လှူဒါန်းပါမည်၊ သားခုနစ်ယောက်, ချွေးမခုနစ်ယောက်, မယားနှင့်တကွ စေတီတော်ကြီး၏ ကျေးကျွန်အဖြစ်လည်း ခံယူပါမည်”ဟု ပြောဆိုကာ သားခုနစ်ယောက်တို့ကို၎င်း, ချွေးမခုနစ်ယောက်တို့ကို၎င်း, အိမ်ရှင်မ သူဌေးကတော်ကို၎င်း ခေါ်ခဲ့၍ မိမိနှင့်တကွ (၁၆) တကျိပ်ခြောက်ယောက်သော သူတို့ကို စေတီတော်ကြီးအား အပ်နှင်းလှူဒါန်းလိုက်လေ၏။

     တိုင်းသူပြည်သား လူအများတို့သည် “ဥစ္စာမည်သည်ကို နောက်ထပ်ဖြစ်စေခြင်းငှါ တတ်ကောင်း၏၊ ဤတောရွာနေ သူဌေးသည်ကား သား, ချွေးမ, မယားတို့နှင့်တကွ မိမိကိုယ်ကို စေတီတော်ကြီးအား အပ်နှင်းလှူဒါန်းသူ ဖြစ်လေသည်၊ သို့ရကား ဤတောရွာနေ သူဌေးသည်ပင် ဌာပနာပွဲ အကြီးအကဲ ဥက္ကဋ္ဌဖြစ်စေ”ဟု တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ချက်ချမှတ်ကာ တောရွာနေသူဌေးကို အကြီးအကဲ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ကြလေ၏။

     ဤသို့လျှင် ထို(၁၆) တကျိပ်ခြောက်ယောက်သော မိသားစုတို့သည် စေတီတော်ကြီး၏ ကျေးကျွန်များ (=ဘုရားကျွန်များ) ဖြစ်ကြလေကုန်ပြီ၊ သို့သော် တိုင်းသူပြည်သား လူအများတို့သည် ထိုမိသားစု ဆယ့်ခြောက်ယောက်တို့ကို ကျွန်အဖြစ်မှ သဘောတူ လွှတ်ကြကုန်၏၊ ထိုသို့ပင် လွှတ်ကြသော်လည်း ထိုမိသားစု ဆယ့်ခြောက်ယောက်တို့သည် စေတီတော်ကြီးကိုသာ သုတ်သင်ကြ၍ အသက်ထက်ဆုံး တည်နေကြပြီးသော် ထိုဘဝမှ စုတေကြ၍ နတ်ပြည်၌ ဖြစ်ကြလေကုန်၏။

     ထိုသူ တကျိပ်ခြောက်ယောက်တို့ ဗုဒ္ဓန္တရ အသင်္ချေယျတကပ် (=ကဿပမြတ်စွာဘုရားနှင့် ဤအကျွန်ုပ်တို့ မြတ်စွာဘုရား



၃၈၄

နှစ်ဆူတို့၏ အကြားကာလ)ပတ်လုံး နတ်ပြည်၌ ချမ်းသာစွာ နေကြကုန်စဉ် ဤငါတို့မြတ်စွာဘုရား ဖြစ်ပွင့်တော်မူရာအခါကာလ ဗုဒ္ဓုပ္ပါဒခေတ်သို့ ရောက်လတ်သောအခါ အိမ်ရှင်မ သူဌေးကတော်သည် နတ်ပြည်မှ စုတေခဲ့၍ ရာဇဂြိုဟ်ပြည်ဝယ် သူဌေးသမီး ဖြစ်လာလေ၏။ ထိုသူဌေးသမီးသည် ကုမာရီရွယ် သတို့သမီးငယ် ဖြစ်စဉ်ကပင် သောတာပတ္တိဖိုလ်သို့ ရောက်ရှိခဲ့လေသည်။

     (အဒိဋ္ဌသစ္စဿ ပန ပဋိသန္ဓိ နာမ ဘာရိယာ။ ။အဋ္ဌကထာ) = သစ္စာလေးပါးတရားတို့ကို မသိမြင်သော ပုထုဇဉ်ပုဂ္ဂိုလ်၏ ပဋိသန္ဓေ တည်နေခြင်းသည် ဝန်လေးလှ၏။ (ဝိနိပါတဘေး မလွတ်သေးသဖြင့် ပစ္ဆိမဘဝိကသားပင် ဖြစ်လင့်ကစား ယုတ်ညံ့သောအမျိုး၌ သွားရောက်၍ ပဋိသန္ဓေ တည်နေရတတ်လေသည်)။ သို့ရကား ထိုသူဌေးသမီး၏ အရှင်သခင် လင်ယောက်ျားဖြစ်သော နတ်သားသည် လူ့ပြည်သို့ တဖန် ပြန်လည်၍ဖြစ်သောအခါ မူဆိုးအမျိုး၌ သွားရောက်၍ ပဋိသန္ဓေ တည်နေဖြစ်ပွါးလေ၏။ ထိုမူဆိုးကို မြင်သည်နှင့်တပြိုင်နက် သူဌေးသမီးသန္တာန်ဝယ် ရှေး၌ဖြစ်ဘူးသော တဏှာပေမ = အချစ်ဓာတ်သည် လွှမ်းမိုးဖြစ်ပွါး၍ လာလေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ဤဂါထာကို ဟောတော်မူအပ်လေပြီ-

ပုဗ္ဗေ ဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ဝါ။

ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။

ပုဗ္ဗေ = ရှေးရှေးဘ၀ ကာလများက။ သန္နိဝါသေန ဝါ = တကွမကွာ မေတ္တာယှက်ကူး အတူနေထိုင်ဘူး သောကြောင့်၎င်း။ ပစ္စုပ္ပန္နဟိတေန ဝါ = ပစ္စုပ္ပန္န ဤဘဝဝယ် အကျိုးရအောင် ရွက်ဆောင် သည်ပိုးခြင်း ကြောင့်၎င်း။ ဧဝံ = ဤသို့ပေါင်းစပ် ကြောင်းနှစ်ရပ်ကြောင့်။ ပေမံ = တဏှာပေမ, မေတ္တာပေမ နှစ်ဝအပြား အချစ်ဓာတ်တရားသည်။ ဇာယတေ = ဥပါဒ်ထင်ရှား ဖြစ်ပွါးလာ၏။ (ကိမိဝ = အဘယ်ကဲ့သို့နည်း ဟူမူကား)။ ဥပ္ပလံ ဝါ = ကြာသည်၎င်း။ အညံ ဝါ = ကြာမှတပါး အခြား



၃၈၅

ရေ၌ဖြစ်သော ပန်းသည်၎င်း။ (ဒွေ ကာရဏာနိ = ရေနှင့်ကားညွန် ကြောင်းနှစ်တန်တို့ကို။ နိဿာယ = အမှီပြု၍)။ ဇာယတေ ယထာ = ဖြစ်သကဲ့သို့တည်း။

     ထိုသူဌေးသမီးသည် ရှေး၌ဖြစ်ဘူးသော အချစ်ဓာတ်ကြောင့်ပင် မူဆိုးအိမ်သို့ လိုက်ပါသွားလေသည်။ သားတို့သည်လည်း နတ်ပြည်မှ စုတေခဲ့ကြ၍ ထိုသူဌေးသမီး (မိခင်ဟောင်း)၏ ဝမ်းတိုက်၌ ပဋိသန္ဓေ တည်နေကြလေကုန်သည်။ ချွေးမ ခုနစ်ယောက်တို့သည်လည်း ထိုထိုအမျိုး၌ ဖြစ်ကြ၍ အရွယ်သို့ ရောက်ကုန်လတ်သော် ရှေး၌ဖြစ်ဖူးသော အချစ်ဓာတ်ကြောင့် ထိုမူဆိုးမိသားစုတို့၏ အိမ်သို့သာလျှင် လိုက်ပါ ရောက်ရှိလာကြကုန်၏။

     ဤသို့လျှင် ထိုမူဆိုးမိသားစု (၁၆) တဆယ့်ခြောက်ယောက်တို့သည် ထိုစဉ်အခါ ကဿပမြတ်စွာဘုရား၏ ဓာတုစေတီတော်ကြီးကို အတူတကွ သုတ်သင်ခဲ့ကြ၍ ထိုကုသိုလ်ကံ အာနုဘော်ကြောင့် ဤသာသနာတော်၌ သောတာပတ္တိဖိုလ်သို့ ရောက်ရှိကြလေကုန်၏။

ဤကား ကုက္ကုဋမိတ္တမူဆိုး မိသားစုတို့၏ ရှေးကံအကြောင်းတည်း။

ကုက္ကုဋမိတ္တနေသာဒဝတ္ထု ပြီး၏။

**********

အာနန္ဒာသူဌေးဝတ္ထု

     မြတ်စွာဘုရားရှင်သည် ရှေး၌ ဆိုအပ်ပြီးသောအတိုင်း ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေထိုင်တော်မူကာ ကုက္ကုဋမိတ္တ မူဆိုးမိသားစု အစရှိသော ကျွတ်ထိုက်သော သတ္တဝါတို့ကို တရားရေအေး အမြိုက်ဆေးဖြင့် တိုက်ကျွေး ချေချွတ်တော်မူပြီး၍ ရဟန်းတော်အပေါင်း ခြံရံလျက် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှ ထွက်တော်မူ၍ အစဉ်သဖြင့် ဒေသစာရီ ကြွချီတော်မူလတ်သည်ရှိသော် သာဝတ္ထိပြည်သို့ရောက်၍ ဇေတဝန်ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် သီတင်းသုံး နေထိုင်တော်မူသောအခါ သာဝတ္ထိပြည်သား အာနန္ဒာသူဌေးကို အကြောင်းပြု၍



၃၈၆

“ပုတ္တာ မတ္ထိ ဓနံ မတ္ထိ” အစရှိသော တရားဒေသနာကို ဟောတော်မူ၏။ အကြောင်းအရာ အကျယ်ကား-

     သာဝတ္ထိပြည်၌ ကုဋေလေးဆယ် စည်းစိမ်ကြွယ်ဝ၍ လွန်စွာ့လွန်စွာ ဝန်တိုစေးနှဲ နှမြောလှသည့် အာနန္ဒာ-မည်သော သူဌေးတဦး ရှိလေသည်။ ထိုသူဌေးသည် လခွဲတကြိမ် လခွဲတကြိမ် ဆွေမျိုးများကို စည်းဝေးစေပြီးလျှင် မူလသိရီ အမည်ရှိသော သားကို ဆွေမျိုးများအလယ်၌ အချိန်သုံးပါးဝယ် “ချစ်သား.. ဤကုဋေလေးဆယ်သော ဥစ္စာကို များလှ၏ဟု မမှတ်လင့်၊ မိမိလက်ရှိ ပစ္စည်းဥစ္စာကို သူတပါးအား မပေးသင့်၊ အသစ်အသစ်ဖြစ်သော ပစ္စည်းဥစ္စာကို ဖြစ်ပွါးစေရမည်၊ မှန်၏- တကျပ်တကျပ်ကိုပင်သော်လည်း ကုန်အောင်သုံးစွဲမှု ပြုသောသူ၏ ဥစ္စာသည် တနေ့တွင် ဧကန်မုချ ကုန်ခန်းသည်သာ ဖြစ်၏။ သို့ရကား-

အဉ္ဇနာနံ ခယံ ဒိသွာ၊ ဥပစိကာနဉ္စ အာစယံ။

မဓူနဉ္စ သမာဟာရံ၊ ပဏ္ဍိတော ဃရမာဝသေ။

တာတ = ချစ်သား..။ အဉ္ဇနာနံ = မျက်စဉ်းကျောက်တို့၏။ ခယဉ္စ = သွေးဖန်များလျှင်း ကုန်ခန်းခြင်းကို၎င်း။ ဥပစိကာနံ = ခြကောင်တို့၏။ အာစယဉ္စ = စုဖန်များ၍ ကြီးပွါးသော တောင်ပို့ကို၎င်း။ မဓူနံ = ပျားကောင်တို့၏။ သမာဟာရဉ္စ = သယ်ဆောင်ဖန်များ ကြီးပွါးသော ပျားအုံကို၎င်း။ ဒိသွာ = သက်သေပုံပြု ကြည့်ရှု၍။ ပဏ္ဍိတော = ပညာရှိသောသူသည်။ ဃရံ = အိမ်ရာကို။ အာဝသေ-အာဝသေယျ = စီးပွါးဟောင်းမညှိုး စီးပွါးသစ်တိုးအောင် ကြိုးပမ်းအားထုတ် ပြုလုပ်နေထိုင်ရာ၏” -

ဟူ၍ ဆုံးမစကား ပြောကြားလေသည်။ ထိုအာနန္ဒာသူဌေးသည် နောက်တချိန်၌ မိမိ၏ မြှုပ်နှံထားအပ်သည့် ရွှေအိုးကြီး ၅-လုံးတို့ကို သားဖြစ်သူ မူလသိရီအား မပြောကြားခဲ့ပဲ ဥစ္စာ၌ လောဘတပ်စွဲမှီကာ မစ္ဆရိယအညစ်အကြေး လိမ်းထေးပေကျံလျက် စုတိပြတ်ကြွေ သေလွန်ခဲ့၍ ထိုသာဝတ္ထိပြည်၏တံခါးဝ



၃၈၇

အိမ်ခြေတထောင်ရှိသော ဒွန်းစဏ္ဍားရွာတခုဝယ် ဒွန်းစဏ္ဍားမတယောက်၏ဝမ်း၌ ပဋိသန္ဓေ ယူနေခဲ့လေသည်။

     ပသေနဒီ ကောသလမင်းကြီးသည် ထိုအာနန္ဒာသူဌေး ကွယ်လွန်ကြောင်းကို ကြားသိရ၍ သားဖြစ်သူ မူလသိရီကို ရှေ့တော်သို့ ခေါ်ဆောင်စေပြီးလျှင် အဖ၏အရိုက်အရာ သူဌေးရာထူး၌ ခန့်ထားတော်မူ၏။

     ထိုဒွန်းစဏ္ဍား (အလုပ်ကြမ်းသမား) အိမ်ခြေတထောင်သည်လည်း တစုတပေါင်းတည်း နေ့စားဖြင့် အလုပ်လုပ်၍ အသက်မွေးလာခဲ့ကြရာ ထိုအာနန္ဒာသူဌေးဟောင်း မစ္ဆရိယသမား ပဋိသန္ဓေ တည်နေချိန်ကပင် အစပြုကာ နေ့စားခကိုလည်း မရတော့ချေ။ မျှတရုံထက် ပိုလွန်သော ထမင်းကိုလည်း မရတော့ချေ။ ထိုအလုပ်ကြမ်းသမား ဒွန်းစဏ္ဍားတို့သည် “ယခုအခါ ငါတို့သည် အလုပ်လုပ်ကြသော်လည်း ထမင်းခဲကလေးကိုမျှ မရကြကုန်၊ ငါတို့၏အတွင်း၌ ဘုန်းကံမဲ့သူ လူယုတ်မာတယောက် ပါရှိလိမ့်မည်”ဟု ပြောဆိုကြကာ နှစ်စုခွဲကြပြီး အစဉ်သဖြင့် ထိုမစ္ဆရိယသမား အာနန္ဒာသူဌေးဟောင်း၏ မိဖများ တအိမ်တည်းဖြစ်သည့်တိုင် အောင် ခွဲကြ၍ ထိုတအိမ်တည်း ဖြစ်သောအခါ၌လည်း “ဤငါတို့အိမ်မှာ ဘုန်းကံမဲ့သူ လူယုတ်မာ ဖြစ်ပွါးလာပြီ”ဟု ပြောဆိုကြကာ ထိုမစ္ဆရိယသမား အာနန္ဒာသူဌေးဟောင်း၏ မိခင်ကို အိမ်မှ နှင်ထုတ်ကြပြန်လေ၏။

     ထိုမိခင်သည်လည်း ထိုသား ဝမ်းထဲ၌ရှိနေသလောက် မျှတရုံ အစာအာဟာရကိုပင် ငြိုငြင်ပင်ပန်းစွာ ရရှိ၍ သားကို ပင်ပန်းစွာ ဖွားမြင်ရလေသည်။ ထိုသူငယ်၏ လက်များ, ခြေများ, မျက်စိများ, နားများ, နှာခေါင်းများ, ခံတွင်း ဤကိုယ်အင်္ဂါ အစိတ်အပိုင်းများသည် တည်မြဲသောနေရာ၌ မတည်ကြပဲ တလွဲတခြား ဖြစ်ပွါးကြကုန်၏။ ထိုသူငယ်သည် ဤသို့သော ကိုယ်အင်္ဂါချို့တဲ့သူ ဖြစ်ရကား မြေဘုတ်ဘီလူးကလေးကဲ့သို့ အလွန်ပင် အရုပ်ဆိုး အကြည့်ရခက်သူ ဖြစ်လေ၏။ ထိုသို့ပင် ဖြစ်လင့်ကစား မိခင်သည် ထိုသူငယ်ကို



၃၈၈

မစွန့်ရက်ချေ။ မှန်၏- ဝမ်း၌ ကိန်းအောင်းသော သားအပေါ်ဝယ် မိခင်၏ချစ်ခြင်းကား အားကြီးလှ၏။

     မိခင်ဖြစ်သူသည် ထိုသူငယ်ကို ပင်ပန်းငြိုငြင်စွာ မွေးမြူလျက်ရှိရာ ထိုသူငယ်ကို ခေါ်ဆောင်၍သွားသော နေ့များ၌ တစုံတခုကိုမျှ မရပဲ ထိုသူငယ်ကို အိမ်၌ထားခဲ့ပြီးလျှင် မိမိတဦးတည်း သွားသောနေ့၌ နေ့ခကို ရရှိလေသည်။

     ထို့နောက် ထိုသူငယ်ကို မိမိဘာသာ အစာရှာလှည့်လည်ရန် စွမ်းနိုင်လောက်သောအချိန်၌ ထိုဒွန်းစဏ္ဍာမ မိခင်သည် ခွက်ငယ်တခုကို ကလေး၏လက်၌ အပ်နှင်း၍ “ချစ်သား.. ငါတို့မှာ မောင့်ကိုအမှီပြု၍ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ခဲ့ကြရပြီ၊ ယခုအခါ မောင့်ကို ဆက်လက်၍ မွေးမြူခြင်းငှါဖြင့် မတတ်နိုင်ကြတော့ပြီ၊ ဤသာဝတ္ထိမြို့အတွင်း၌ အထီးကျန်သူ, ခရီးသွားသောသူ အစရှိသည်တို့အတွက် ပေးကမ်းရန် စီမံထားသော ထမင်းများရှိပါသည်၊ ထိုထမင်းများရှိရာ၌ လှည့်လည်တောင်းခံ၍ အသက်မွေးလေလော့”ဟု ပြောဆိုကာ ထိုသားငယ်ကို စွန့်လွှတ်လိုက်လေ၏။

     ထိုသူငယ်သည် အိမ်စဉ်အတိုင်း ထမင်းတောင်းခံ လှည့်လည်လတ်သော် အာနန္ဒာသူဌေးဖြစ်စဉ်က နေခဲ့ဘူးသောအရပ်သို့ ရောက်၍ ဇာတိဿရဉာဏ် ရရှိ (မိမိ၏အဖြစ်ကို အောက်မေ့သတိရ)ကာ မိမိ၏ အိမ်အတွင်းသို့ ရဲတင်းစွာ ဝင်၍သွားလေ၏။ ပဌမ, ဒုတိယ, တတိယ တံခါးမုခ်သုံးခုတို့၌ ဝင်သွားသောအခါ တဦးတယောက်ကမျှ အမှတ်မရလိုက်ကြ သတိမမူမိလိုက်ကြချေ။ စတုတ္ထတံခါးမုခ်၌ကား မူလသိရီသူဌေး၏ သားငယ်တို့သည် ထိုသူငယ်ကို မြင်ကြ၍ ထိတ်လန့်ကြောက်ရွံ့ကြကာ သည်းစွာ ငိုကြွေးကြလေကုန်၏။

     ထိုအခါ ထိုသူငယ်ကို မူလသိရီသူဌေး၏ အစေခံလူများသည် “ဘုန်းကံမဲ့သူ သူယုတ်မာ”ဟု ပြောဆို ပုတ်ခတ်ကြကာ တံခါးမုခ်မှထုတ်၍ အမှိုက်ပုံ၌ ပစ်ချထားကြကုန်၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် အရှင်အာနန္ဒာမထေရ် နောက်ပါရဟန်းနှင့်တကွ



၃၈၉

ဆွမ်းခံ လှည့်လည်တော်မူလတ်သော် ထိုအရပ်သို့ရောက်ရှိ၍ ရှင်အာနန္ဒာမထေရ်ကို ကြည့်တော်မူပြီးလျှင် ရှင်အာနန္ဒာမထေရ်က အကြောင်းကို မေးလျှောက်အပ်ရကား ထိုအာနန္ဒာသူဌေး၏ ရှေးနှင့်ယခု အကြောင်းအရာစုကို ဖွင့်ထုတ် မိန့်ကြားတော်မူလေ၏။

     အရှင်အာနန္ဒာမထေရ်သည် မူလသိရီသူဌေးကို ခေါ်စေတော်မူ၏။ ထိုအခါ လူအများ စုဝေး၍လာလေ၏။ မြတ်စွာဘုရားရှင်သည် မူလသိရီသူဌေးကို “ဒကာမူလသိရီ.. ဤသူငယ်ကို သင်သိ၏လော”ဟု မေးတော်မူ၍ “မသိပါဘုရား”ဟု ပြန်ကြား လျှောက်ဆိုလတ်သော် “ဤသူငယ်ကား သင်၏ဖခင် အာနန္ဒာသူဌေးဖြစ်သည်”ဟု မိန့်တော်မူ၍ မူလသိရီသူဌေးက မယုံမကြည်ရှိလတ်လျှင် “အာနန္ဒာသူဌေး.. သင့်သား မူလသိရီသူဌေးအား သင်မြှုပ်နှံထားခဲ့သည့် ရွှေအိုးကြီး ၅-လုံးတို့ကို ပြောကြားလိုက်လော့”ဟု မိန့်တော်မူကာ ရွှေအိုးကြီး ၅-လုံးတို့ကို ပြောကြားစေ၍ မူလသိရီသူဌေးကို ယုံကြည်စေတော်မူ၏။

     မူလသိရီသူဌေးသည် မြတ်စွာဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေသည် (=သရဏဂုံ ခံယူလေသည်)။ ထိုမူလသိရီသူဌေးအား မြတ်စွာဘုရားရှင်သည် တရားဟောတော်မူလိုသည်ဖြစ်၍ ဤဂါထာကို ဟောတော်မူ၏-

ပုတ္တာ မတ္ထိ ဓနံ မတ္ထိ၊

ဣတိ ဗာလော ဝိဟညတိ။

အတ္တာ ဟိ အတ္တနော နတ္ထိ၊

ကုတော ပုတ္တာ ကုတော ဓနံ။

မေ = ငါ၏။ ပုတ္တာ = သားသမီးတို့သည်။ အတ္ထိ = ရှိကုန်၏။ မေ = ငါ၏။ ဓနံ = ဥစ္စာစီးပွါးသည်။ အတ္ထိ = ရှိ၏။ ဣတိ = ဤသို့ နှလုံးပိုက်၍။ ဗာလော = သူမိုက်သည်။ ဝိဟညတိ = ပုတ္တတဏှာ ဓနတဏှာဖြင့် ပင်ပန်းနွမ်းနယ်ရ၏။ ဟိ = မှန်၏။ (ဝါ) အမှန်မှာကား။ အတ္တနော = မိမိအတွက်တာ။ အတ္တာ-အတ္တာပိ = မိမိပင်သော်လည်း။



၃၉၀

ဒုက္ခပရိတ္တာဏံ ကာတုံ = ဆင်းရဲဒုက္ခကို ကာကွယ်စောင့်ရှောက်မှု ပြုခြင်းငှါ။ နတ္ထိ = မဖြစ်နိုင်။ ပုတ္တာ = သားသမီးတို့သည်။ ကုတော အတ္ထိ = အဘယ်မှာ ဖြစ်နိုင်ကုန်အံ့နည်း။ ဓနံ = ဥစ္စာစီးပွါးသည်။ ကုတော အတ္ထိ = အဘယ်မှာ ဖြစ်နိုင်အံ့နည်း။

(အဓိပ္ပါယ်ကား- “ငါ့မှာ သားသမီးများ ဥစ္စာများ ရှိ၏”ဟု အောက်မေ့မှတ်ထင်ကာ လူမိုက်သည် သားသမီး၌ တပ်မက်သောတဏှာ, ဥစ္စာ၌ တပ်မက်သောတဏှာ နှစ်ပါးဖြင့် ပင်ပန်းနွမ်းနယ် ဆင်းရဲရ၏။ (ပုတ္တတဏှာ, ဓနတဏှာ နှစ်ပါးရှိသောကြောင့် ပင်ပန်းဆင်းရဲရ၏-ဟု ဆိုလိုသည်)။ အဘယ်သို့ ပင်ပန်းဆင်းရဲရသနည်းဟူမူ “ငါ၏ သားသမီးတို့သည် ပျက်စီးခဲ့ကုန်ပြီ” ဟူ၍ ပင်ပန်းဆင်းရဲရ၏။ “ပျက်စီးကြကုန်ဆဲ”ဟူ၍ ပင်ပန်းဆင်းရဲရ၏။ “ပျက်စီးကြလိမ့်မည်”ဟူ၍ တွေးတောကြံစည်ကာ ပင်ပန်းဆင်းရဲရ၏။ ဥစ္စာ၌လည်း ဤနည်းအတူပင်။ ဤသို့လျှင် သားသမီးအတွက် အခြင်းအရာသုံးပါး, ဥစ္စာအတွက် အခြင်းအရာ သုံးပါး, ဤ၆-ပါးသော အခြင်းအရာတို့ဖြင့် ပင်ပန်းဆင်းရဲရ၏။ ပုတ္တတဏှာ ရှိနေသောကြောင့် “ငါ့သားသမီးများကို ကျွေးမွေးပေအံ့”ဟု ကြံစည်ကာ ညဉ့်ညဉ့်နေ့နေ့ ရေလမ်း ကုန်းလမ်း စသည်တို့၌ အထူးထူး အထွေထွေ လုံ့လပြုရသည်ဖြစ်၍လည်း ပင်ပန်းဆင်းရဲရ၏။ ဓနတဏှာ ရှိနေသောကြောင့် “ငါသည် ဥစ္စာစီးပွါးကို ဖြစ်စေအံ့”ဟု ကြံစည်ကာ လယ်လုပ်ခြင်း ကုန်သွယ်ခြင်း စသည်တို့ကို ပြုလုပ်ရသည်ဖြစ်၍လည်း ပင်ပန်းဆင်းရဲရ၏။

အမှန်မှာ- ဤသို့ ပုတ္တတဏှာ, ဓနတဏှာကြောင့် ပင်ပန်းဆင်းရဲခြင်းသို့ ရောက်ရှိနေသော မိမိအတွက်တာ ပဝတ္တိအခါဝယ် မိမိသည်ပင် ထိုဒုက္ခမှ လွတ်မြောက်အောင် စောင့်ရှောက်မှု ကာကွယ်မှု ပြုလုပ်ရန် မဖြစ်နိုင်ချေ။ မတတ်နိုင်ချေ။ သေခါနီးအခါဝယ် မရဏန္တိကဝေဒနာတို့က မီးအလျှံများပမာ တောက်လောင် နှိပ်စက်အပ်သည်ဖြစ်၍ အရိုးဆက် အဖွဲ့များပြတ်လျက် အရိုးစုများပြုတ်လျက် မျက်စိကလေး ပုတ်ကလတ် ပုတ်ကလတ်ဖြစ်ကာ မျက်စိမှိတ်၍ တမလွန်လောကကို ကြည့်လိုက် မျက်စိဖွင့်၍ ဤလောကကို ကြည့်လိုက်နှင့် ဒုက္ခရောက်သော သေရာညောင်စောင်း လျောင်းစက်သော မိမိအဖို့ရာ နေ့တိုင်းနေ့တိုင်း နှစ်ကြိမ်ရေချိုးပေး သုံးကြိမ် ထမင်းကျွေး၍ နံ့သာပန်းစသည်တို့ဖြင့် တန်းဆာဆင်ပြီးလျှင် တသက်လုံး ပြုစုမွေးမြူခဲ့ရသော မိမိသည်ပင်လျှင်



၃၉၁

အဖော်သဟဲကောင်းအနေဖြင့် ရောက်ဆိုက်နေသော ဆင်းရဲဒုက္ခမှ လွတ်မြောက်အောင် စောင့်ရှောက်မှု ကာကွယ်မှု ပြုလုပ်ရန် မတတ်နိုင်ချေ။

ထိုသို့ ပဝတ္တိအခါ သေခါနီးအခါ ဆင်းရဲဒုက္ခ ကြီးစွာရောက်ရှိနေသော အခါမျိုး၌ သားသမီးတို့က၎င်း, မိမိ၏ ဥစ္စာစီးပွါးက၎င်း စောင့်ရှောက်ကာကွယ်မှုကို အဘယ်မှာ ပြုနိုင်ကုန်အံ့နည်း၊ မပြုနိုင်ကြသည်သာတည်း။

အာနန္ဒာသူဌေး၏ အတွက်တာလည်း တဦးတယောက်အား တစိုးတစိမျှ မပေးရက်ပဲ သားမူလသိရီအတွက် ဥစ္စာများကို စုဆောင်းထားရှိခဲ့ကာ ရှေးဘဝ သေရာညောင်စောင်း လျောင်းစက်ရသောအခါ ယခုဘဝ ဤငတ်မွတ်ခေါင်းပါးမှု သူတပါးတို့ အနှိပ်စက်ခံရမှု ဆင်းရဲဒုက္ခသို့ ရောက်ရှိသောအခါများ၌ မိမိချစ်အပ်သည့် သားသမီးများက၎င်း, မိမိစုဆောင်းထားခဲ့သည့် ဥစ္စာများက၎င်း အဘယ်ဆင်းရဲကို ပယ်ဖျောက် နိုင်ကြကုန်သနည်း (မပယ်ဖျောက်နိုင်ကုန်သည်သာတည်း)။ အဘယ်သို့သော ချမ်းသာသုခကို ဖြစ်စေနိုင်ကြသနည်း (=မဖြစ်စေနိုင်ကြသည်သာတည်း)ဟူ၍ ဟောကြားတော်မူလိုရင်း ဖြစ်သည်)။

     ဒေသနာနိဂုံး ဆုံးသောအခါ သတ္တဝါပေါင်း ရှစ်သောင်းလေးထောင်တို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြလေသည်။ (သို့ရကား) တရားဒေသနာသည် လူအများ ၏အတွက်တာ အကျိုးရသော တရားဒေသနာ ဖြစ်လေသည်။ (ဓမ္မပဒ ဋ္ဌ၊ ၁၊ စာမျက်နှာ ၂၉၇-မှ)။

အာနန္ဒာသူဌေးဝတ္ထု ပြီး၏။

**********

ရာဇဂြိုဟ်ပြည်၌ ဝီသတိမ = ၂၀-မြောက်ဝါ

ကပ်ဆိုတော်မူခြင်း

     ဤသို့လျှင် မြတ်စွာဘုရားရှင်သည် ဗုဒ္ဓကိစ္စတော်ကြီး ငါးပါးကို အမြဲမပြတ် မလစ်လပ် မဟာဟင်းစေပဲ သည်ပိုး ရွက်ဆောင်တော်မူလျက် ကျွတ်ထိုက်သသူ နတ်လူအပေါင်းတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူကာ သာဝတ္ထိပြည်မှ



၃၉၂

ထွက်ခွါတော်မူခဲ့ပြီးလျှင် အစဉ်သဖြင့် နောက်ပါရဟန်းအပေါင်းနှင့်တကွ ဒေသစာရီ ကြွချီတော်မူလတ်သော် မဂဓတိုင်း ရာဇဂြိုဟ်ပြည်သို့ ဆိုက်ရောက်၍ ဝေဠုဝန် ကျောင်းတိုက်၌ ဝီသတိမ = ၂၀-မြောက်သောဝါကို ကပ်ဆိုသီတင်းသုံး နေထိုင်တော်မူလေ၏။

အနိဗဒ္ဓဝါ-စသည် အထူးမှတ်ရန်

     မြတ်စွာဘုရားရှင်၏ ဝါတော် ၄၅-ဝါတို့ ရှိသည်တွင် ဘုရားဖြစ်တော်မူသည်မှ အစပြုကာ ရှေးဦးစွာသော ဝါတော်(၂၀)နှစ်ဆယ်ကို ထိုထိုမြို့ရွာတို့၌ တဝါ နှစ်ဝါ သုံးဝါ-စသည်ဖြင့် မမြဲသောအားဖြင့် ဝါကပ်နေထိုင် သီတင်းသုံးရာ ဝါတော်များဖြစ်သောကြောင့် အနိဗဒ္ဓဝါဟူ၍၎င်း, အနိယတဝါဟူ၍၎င်း ကျွတ်ထိုက်သသူ နတ်လူတို့အား ပဌမပိုင်း ရှေ့ပိုင်း၌ မဂ်ဉာဏ်လေးပါး တည်းဟူသော ဗောဓိကို ထိုးထွင်းသိမြင်စေသည့် ဝါတော်များ ဖြစ်သောကြောင့် ပဌမဗောဓိဝါ, ပုရိမဗောဓိဝါတော်များဟူ၍၎င်း ခေါ်ဆိုရပေသည်။

     ထိုမှနောက် ကြွင်းကျန်သော ဝါတော်(၂၅) နှစ်ဆယ့်ငါးဝါတို့ကိုကား ကောသလတိုင်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်နှင့် ပုဗ္ဗာရုံကျောင်းတို့၌သာ အမြဲမပြတ် နိစ္စဗဒ်အားဖြင့် ဝါကပ်နေထိုင် သီတင်းသုံးရာ ဝါတော်များဖြစ်သောကြောင့် နိဗဒ္ဓဝါဟူ၍၎င်း, နိယတဝါဟူ၍၎င်း ကျွတ်ထိုက်သသူ နတ်လူတို့အား ဒုတိယပိုင်း နောက်ပိုင်း၌ မဂ်ဉာဏ်လေးပါး တည်းဟူသော ဗောဓိကို ထိုးထွင်းသိမြင်စေသည့် ဝါတော်များဖြစ်သောကြောင့် ဒုတိယဗောဓိဝါ, ပစ္ဆိမဗောဓိဝါတော်များဟူ၍၎င်း ခေါ်ဆိုရပေသည်။

(ချဲ့ဦးအံ့- မြတ်စွာဘုရားရှင်သည် ပဌမဗောဓိ၌ အနှစ်နှစ်ဆယ် (=ဝါတော်နှစ်ဆယ်)တို့ပတ်လုံး မမြဲသောနေခြင်းရှိလျက် ချမ်းသာတော်မူရာ ထိုထိုမြို့သို့ ကြွရောက်ဝါကပ် သီတင်းသုံးတော်မူ၏။ ဝါတော်နှစ်ဆယ့်တဝါမှ အစပြု၍ကား သာဝတ္ထိပြည်ကို အမှီဂေါစရဂါမ် ပြုတော်မူကာ ဇေတဝန်ကျောင်းတိုက်ကြီး၌၎င်း, ပုဗ္ဗာရုံကျောင်းတိုက်၌၎င်း



၃၉၃

အမြဲသုံးဆောင်တော်မူသောအားဖြင့် သီတင်းသုံး နေထိုင်တော်မူသည်။ ။ဗုဒ္ဓဝံသ ဋ္ဌ၊ စာမျက်နှာ ၄-မှ)။

(အံ ဋ္ဌ၊ ၂၊ စာမျက်နှာ ၃ဝ- သမစိတ္တသုတ်အဖွင့်၌ အထူးဖွင့်ပြသည်မှာ-

ဝါတော်(၂၁) နှစ်ဆယ့်တဝါမှ အစပြု၍ကား ဇေတဝန်ကျောင်းတိုက်နှင့် ပုဗ္ဗာရုံကျောင်းတိုက် = ဤကျောင်းတိုက်ကြီး နှစ်တိုက်တို့ကို အမြဲ အသုံးအဆောင် ပြုတော်မူသည်။ အဘယ့်ကြောင့်နည်းဟူမူ အနာထပိဏ်သူဌေးနှင့် ဝိသာခါ ကျောင်းအမကြီးတို့၏ သာသနာတော်ဝယ် ကျေးဇူးကြီးမားလှသောကြောင့်တည်း။ မှန်၏- အနာထပိဏ်သူဌေးကြီးနှင့် ဝိသာခါကျောင်းအမကြီး နှစ်ဦးသားတို့၏ ကျေးဇူးကို အစွဲပြုကာ မြတ်ဘုရားသည် ထိုဇေတဝန်ကျောင်း ပုဗ္ဗာရုံကျောင်းတို့ကို အမြဲ သုံးဆောင်ခြင်းဖြင့် သုံးဆောင်တော်မူလေသည်။

အထူးအားဖြင့် ဝါပအခါ ဒေသစာရီ (ထိုထိုမြို့ရွာသို့) ကြွချီတော်မူ၍လည်း ဝါတွင်းသို့ ရောက်သောအခါ ထိုကျောင်းတိုက်ကြီး နှစ်တိုက်တို့၌သာ အလှည့်အလည် သီတင်းသုံး နေထိုင်တော်မူ၏၊ ဤသို့ နေထိုင်တော်မူသော မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက်၌ ညဉ့်အခါဝယ် သီတင်းသုံး နေထိုင်တော်မူပြီးလျှင် နောက်တနေ့ နံနက်ခင်း၌ ရဟန်းအပေါင်း ခြံရံလျက် သာဝတ္ထိပြည် တောင်တံခါးမှဝင်၍ မြို့တွင်း၌ ဆွမ်းခံပြီးလျှင် အရှေ့တံခါးမှ ထွက်တော်မူ၍ ပုဗ္ဗာရုံကျောင်းတိုက်၌ နေ့သန့်နေထိုင်တော်မူ၏။ ပုဗ္ဗာရုံကျောင်းတိုက်၌ ထိုနေ့ညဉ့် သီတင်းသုံး နေထိုင်တော်မူပြီးလျှင် နောက်တနေ့ နံနက်ခင်း၌ ရဟန်းအပေါင်း ခြံရံလျက် သာဝတ္ထိပြည် အရှေ့တံခါးမှဝင်၍ မြို့တွင်း၌ ဆွမ်းခံပြီးလျှင် တောင်တံခါးမှ ထွက်တော်မူ၍ ဇေတဝန်ကျောင်းတိုက်၌ နေ့သန့် နေထိုင်တော်မူ၏။ ။ပါဠိကိုလိုမူ ထိုအဋ္ဌကထာတို့မှ ထုတ်နုတ်မှတ်ယူရာ၏)။

အရှင်အာနန္ဒာမထေရ်ကို

အမြဲတမ်းအလုပ်အကျွေး=နိဗဒ္ဓဥပဋ္ဌာက ခန့်ထားတော်မူခြင်း

     (ထေရဂါထာ ဋ္ဌ၊ ၂၊ စာမျက်နှာ ၄၁၄-မှ)။ ။ပဌမဗောဓိ ဝါတော်(၂၀) နှစ်ဆယ်တို့ ကာလပတ်လုံး မြတ်စွာဘုရားရှင်အတွက် အပြုအစု အလုပ်အကျွေး ရဟန်းတို့မှာ အမြဲမရှိကြကုန်။ တရံတခါ နာဂသမာလမထေရ်သည် မြတ်စွာဘုရား၏ သပိတ်သင်္ကန်းကို ယူဆောင်ကာ ပြုစုလုပ်ကျွေးလျက် လှည့်လည်လိုက်ပါ၏။



၃၉၄

တရံတခါ နာဂိတမထေရ်, တရံတခါ အရှင်ဥပဝါနမထေရ်, တရံတခါ လိစ္ဆဝီမင်းသား သုနက္ခတ္တရဟန်း, တရံတခါ ရှင်သာရိပုတ္တရာ၏ညီ အရှင်စုန္ဒ, တရံတခါ အရှင်သာဂတ, တရံတခါ အရှင်မေဃိယတို့ ပြုစုလုပ်ကျွေးလျက် လှည့်လည်လိုက်ပါကြလေသည်။ ထိုအရှင်မြတ်တို့သည် များသောအားဖြင့် မြတ်စွာဘုရားရှင်၏စိတ်တော် နှစ်သက်ကျေနပ်လောက်အောင် မပြုစုနိုင်ကြကုန်။

     တနေ့သ၌ မြတ်စွာဘုရားရှင်သည် ဂန္ဓကုဋီ ပရိဝုဏ်အတွင်း ခင်းထားအပ်သော မြတ်သော ဘုရားနေရာတော်၌ ရဟန်းအပေါင်းခြံရံကာ ထိုင်နေတော်မူစဉ် ရဟန်းတို့ကို-

“ရဟန်းတို့.. ငါဘုရားသည် ယခုအခါ အသက်အရွယ် ကြီးရင့်ခဲ့လေပြီ၊ (ထိုအချိန်၌ မြတ်စွာဘုရားမှာ ၅၅-နှစ်အရွယ် ရှိလေပြီ)။ အချို့ အလုပ်အကျွေး ရဟန်းများသည် ‘ဤလမ်းဖြင့် သွားကြပါစို့’ဟု ဆိုအပ်လျက် ငါဘုရားကို ထားခဲ့ကာ အခြားလမ်းဖြင့် သွားကြလေသည်၊ အချို့ အလုပ်အကျွေး ရဟန်းများကား ငါဘုရား၏ သပိတ်သင်္ကန်းကို မြေကြီး၌ ချမည်ကဲ့သို့ ပြုလုပ်ကြသည်။ ငါဘုရားအတွက် အမြဲတမ်း ပြုစုလုပ်ကျွေးမည့်ရဟန်းကို စဉ်းစား ရွေးချယ်ကြလော့”-

ဟု မိန့်တော်မူ၏၊ ထိုစကားကို ကြားရ၍ ရဟန်းတို့၏ သန္တာန်ဝယ် ဓမ္မသံဝေဂ ဖြစ်ပွါးလေသည်၊ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည် နေရာမှထ၍ မြတ်စွာဘုရားကို လက်အုပ်ချီမိုး ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်သည် အရှင်ဘုရားတို့ကို ပြုစုလုပ်ကျွေးပါမည်”ဟူ၍ လျှောက်ထားလေ၏။ ထိုအရှင်သာရိပုတ္တရာ လျှောက်ထားချက်ကို မြတ်စွာဘုရားသည် ပယ်မြစ်တော်မူ၏၊ ထိုနည်းဖြင့် အရှင်မဟာမောဂ္ဂလာန်မထေရ်ကို အစပြု၍ အရှင်အာနန္ဒာမှတပါး အားလုံးသော မဟာသာဝက ရဟန္တာမထေရ်မြတ်တို့သည် “တပည့်တော် ပြုစုလုပ်ကျွေးပါမည်ဘုရား၊ တပည့်တော် ပြုစုလုပ်ကျွေးပါမည်ဘုရား”ဟု



၃၉၅

အသီးအသီး ထ၍ထ၍ လျှောက်ထားကြလေသည်။ ထိုမဟာသာဝက မထေရ်ကြီးများကိုလည်း မြတ်စွာဘုရားရှင်သည် ပယ်တော်မူ၏။

     အရှင်အာနန္ဒာမထေရ်သည်ကား စကားမပြော တုဏှိဘောသာ ထိုင်နေလေသည်။ ထိုအခါ အရှင်အာနန္ဒာကို ရဟန်းတော်များက “ငါ့ရှင်အာနန္ဒာ.. သင်သည်လည်း မြတ်စွာဘုရား၏ အလုပ်အကျွေးရာထူးကို တောင်းခံပါလော့”ဟု ဝိုင်းဝန်းတိုက်တွန်းကြသည်တွင် အရှင်အာနန္ဒာမထေရ်သည် “ငါ့ရှင်တို့.. တောင်းခံ၍ရသော ရာထူးမည်သည် မည်သို့သောရာထူး ဖြစ်သနည်း၊ အကယ်၍ မြတ်စွာဘုရားရှင် လိုလားတောင့်တတော်မူလျှင် ကိုယ်တိုင်ပင် မိန့်ကြားတော်မူပါလိမ့်မည်”ဟု ပြောဆိုတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည်-

“ရဟန်းတို့.. အာနန္ဒာသည် အခြားသူများက တိုက်တွန်းရမည့် ပုဂ္ဂိုလ်စားမဟုတ်၊ မိမိကိုယ်တိုင်ပင် သိရှိကာ ငါဘုရားကို ပြုစုလုပ်ကျွေးပေလိမ့်မည်”-

ဟု မိန့်တော်မူလေ၏။ ထိုအခါ ရဟန်းတော်များက “ငါရှင်အာနန္ဒာ.. ထပါလော့၊ မြတ်စွာဘုရားရှင်ကို အလုပ်အကျွေးရာထူးကို တောင်းခံပါလော့”ဟု ပြောဆိုကြပြန်လေသည်။ အရှင်အာနန္ဒာမထေရ်သည် နေရာမှထ၍-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည်-

(၁) ကိုယ်တော်မြတ် ရအပ်သည့် သင်္ကန်းကောင်းများကို တပည့်တော်အား မပေးစွန့်ပါလျှင်၎င်း,

(၂) ကိုယ်တော်မြတ် ရအပ်သည့် ဆွမ်းဘောဇဉ်ကောင်းများကို တပည့်တော်အား မပေးစွန့်ပါလျှင်၎င်း,



၃၉၆

(၃) ကိုယ်တော်မြတ်နှင့် အတူတကွ ဂန္ဓကုဋီကျောင်းတော် တခုတည်း၌ တပည့်တော်အား နေခွင့်ကို မပေးပါလျှင်၎င်း,

(၄) ကိုယ်တော်မြတ်အား ပင့်ဖိတ်ရာသို့ တပည့်တော်ကို နောက်ပါခေါ်၍ သွားတော်မမူပါလျှင်၎င်း,

ဤသို့ဖြစ်လျှင် (=ဤလေးချက် လိုက်လျောခွင့်ပေးလျှင်) တပည့်တော်သည် ရှင်တော်ဘုရားကို ပြုစုလုပ်ကျွေးပါမည်”-

ဟု လျှောက်ထားလေ၏။ ။(“ဤမျှသော ကျေးဇူးများ = လာဘ်များကို ရသောသူအဖို့ရာ မြတ်စွာဘုရားရှင်ကို ပြုစုလုပ်ကျွေးရန် အဘယ်ဝန်လေးတော့အံ့နည်း”ဟု သူတပါးတို့ စွပ်စွဲခြင်းဘေးမှ ကင်းဝေးလွတ်မြောက်ရန် ဤ(ပယ်လေးပါး)ဆုများကို တောင်းခံတော်မူခြင်းဖြစ်သည်)။ ။တဖန်ဆက်၍-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ရှင်ပင်ဘုရားသည်-

(၁) အကျွန်ုပ် ပင့်ဆောင်အပ်သည့် (ဒကာ,ဒကမများ) ဖိတ်ကြားရာအရပ်သို့ ကြွရောက် လိုက်ပါတော်မူလျှင်၎င်း,

(၂) အကျွန်ုပ်သည် အရပ်တပါးမှ လာတိုင်း လာတိုင်းသော ဘုရားဖူးပုဂ္ဂိုလ်များကို ထိုခဏမှာပင် ဖူးမြော်နိုင်စေခွင့်ကို ရပါလျှင်၎င်း,

(၃) အကျွန်ုပ်၏သန္တာန်၌ ယုံမှားသံသယ ဖြစ်သောခဏမှာပင် မြတ်စွာဘုရားသို့ ဆည်းကပ် မေးမြန်း လျှောက်ထားခွင့်ကို ရပါလျှင်၎င်း,



၃၉၇

(၄) ရှင်ပင်ဘုရားသည် အကျွန်ုပ်၏မျက်ကွယ်၌ ဟောကြားတော်မူခဲ့သော တရားကို တဖန် အကျွန်ုပ်အား ဟောကြားတော်မူပါလျှင်၎င်း-

ဤသို့ဖြစ်လျှင် (=ဤလေးချက်ကို လိုက်လျောခွင့်ပြုပါလျှင်) တပည့်တော်သည် ရှင်တော်ဘုရားကို ပြုစုလုပ်ကျွေးပါမည်”-

ဟု လျှောက်ထားပြန်လေ၏။ ။(“ရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို နေ့ညဉ့်မအားအောင် ပြုစုလုပ်ကျွေးရရှာပါလျက် ဤမျှလောက်သော ချီးမြှောက်ခြင်းကိုမျှလည်း မြတ်စွာဘုရားရှင်အထံတော်၌ မရရှာချေ”ဟု သူတပါးတို့ စွပ်စွဲခြင်းဘေးမှ ကင်းဝေးလွတ်မြောက်ရန်၎င်း, တရားဘဏ္ဍာစိုးဟူ၍ နတ်လူတို့ သိရှိကြောင်း ကောင်းမှုကုသိုလ်ပါရမီကို ဖြည့်ကျင့်တော်မူရန်၎င်း ဤ(ယူလေးပါး)ဆုများကို တောင်းခံတော်မူခြင်းဖြစ်သည်)။

     ဤသို့လျှင် အရှင်အာနန္ဒာသည် ပယ်လေးပါး, ယူလေးပါး = ဤဆုရှစ်ပါးကို တောင်းခံလေသည်။ မြတ်စွာဘုရားရှင်သည်လည်း ထိုအရှင်အာနန္ဒာအား တောင်းခံအပ်သော ဆုရှစ်ပါးကို ပေးတော်မူလေသည်။ ဤသို့လျှင် အရှင်အာနန္ဒာသည် ဆုရှစ်ပါးတို့ကို ရယူ၍ အမြဲနိဗဒ္ဓ အပြုအစု အလုပ်အကျွေး ဖြစ်တော်မူလာသည်၊ ထိုဥပဋ္ဌာက (=အလုပ်အကျွေး) ရာထူးအတွက်ပင်လျှင် ကမ္ဘာတသိန်း ကာလပတ်လုံး ဖြည့်ကျင့်အပ်သော ပါရမီတို့၏အကျိုးကို ထိုနေ့၌ ရရောက်တော်မူလေသည်။

ပြုစုလုပ်ကျွေးပုံအမြွက်

     အရှင်အာနန္ဒာသည် ဥပဋ္ဌာကရာထူးကို ရရှိသောနေ့မှ အစပြု၍ မြတ်စွာဘုရားရှင်ကို ရေပူရေချမ်း နှစ်ပါးဖြင့်၎င်း, အတို အရှည် အလတ် = သုံးရပ်သော ဒန်ပူဖြင့်၎င်း, ခြေလက်ဆုပ်နယ်ခြင်းဖြင့်၎င်း, ရေသုံးသပ်တော်မူသောအခါ ကျောတော်ကို ပွတ်သပ်ပေးခြင်းဖြင့်၎င်း, ဂန္ဓကုဋီကျောင်းတော်ကို တံမြက်လှည်းခြင်းဖြင့်၎င်း



၃၉၈

ဤသို့အစရှိသော အလုပ်ကိစ္စတို့ဖြင့် ပြုစုလုပ်ကျွေးတော်မူလျက် “ဤမည်သောအချိန်၌ မြတ်စွာဘုရားရှင်အား ဤမည်သောအရာကို ရမှသင့်မည်၊ ဤမည်သောအမှုကို ပြုမှသင့်မည်”ဟု တနေ့လုံး မြတ်စွာဘုရား၏ အနီး၌သာ လှည့်လည်ကျက်စား နေထိုင်တော်မူ၍ ညဉ့်အဖို့၌ ကြီးစွာသော ဆီမီးတိုင်ကြီးကို စွဲကိုင်တော်မူကာ ဂန္ဓကုဋီပရိဝုဏ်ကို ကိုးပတ်ကိုးကြိမ် မြတ်စွာဘုရားရှင် ခေါ်တော်မူလိုက်လျှင် စကားတုံ့ အလွယ်တကူဖြင့် ပြန်နိုင်ရန်, ထိနမိဒ္ဓကို ပယ်ဖျောက်နိုင်ရန် လှည့်လည်တော်မူလေသည်။ ။ဤကား အရှင်အာနန္ဒာ၏ ပြုစုလုပ်ကျွေးပုံ အမြွက်တည်း။ ထိုမှကြွင်းသော အရှင်အာနန္ဒာ၏ အကြောင်းအရာတို့ကို သံဃရတနာအခဏ်းသို့ ရောက်မှ ရေးသားဖော်ပြပါအံ့။

ဤတွင် အခဏ်း ၃၄-ပြီး၏။