မဟာဗုဒ္ဓဝင်/အခန်း- ၂၇

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
အခန်း- ၂၇

၆၉၃

အခဏ်း-၂၇

ကောသမ္ဗီပြည် ဃောသကသူဌေးကြီးအကြောင်း

(ဤဃောသကသူဌေးကြီး အကြောင်းကို ဓမ္မပဒအဋ္ဌကထာ ပဌမအုပ်နှင့် အင်္ဂုတ္တိုရ်အဋ္ဌကထာ ပဌမအုပ်တို့၌ ကျယ်ဝန်းစွာ ရေးသား ဖွင့်ပြထားလေသည်၊ ဤမဟာဗုဒ္ဓဝင်ကျမ်း၌ကား ချုံးနိုင်သမျှချုံး၍ ရေးသား ပြဆိုပေအံ့)–

     ငါတို့မြတ်စွာဘုရား ပွင့်တော်မမူမီအချိန်၌ အလ္လကပ္ပတိုင်းဝယ် အဟိဝါတက (ယဉ်းနာ)ဟုခေါ်သော ရောဂါတမျိုး ဖြစ်ပွါးလေသည်၊ ထိုရောဂါဖြစ်သဖြင့် တအိမ်တအိမ်၌ တပြိုင်နက်တည်းပင် လူတကျိပ် နှစ်ကျိပ် သုံးကျိပ်တို့ သေကြလေသည်။ တိုင်းတပါးသို့ ထွက်ပြေး တိမ်းရှောင်သော သူတို့သည် အသက်ရှင်မှုကို ရကြကုန်၏။ ထိုအကြောင်းကို သိ၍ ယောက်ျားတယောက်သည် မိမိ၏သားမယားကို ခေါ်ယူကာ “တိုင်းတပါးသို့ ငါသွားအံ့”ဟု ကြံစည်၍ ထိုအလ္လကပ္ပတိုင်းမှ ထွက်ခဲ့လေ၏။ ထိုအခါ ထိုယောက်ျား၏ အိမ်မှယူခဲ့သော စားနပ်ရိက္ခာသည် လမ်းခရီးအကြားဝယ် ကန္တာရ(= ခရီးခဲ)ကို မလွန်မီပင် ကုန်ခဲ့လေ၏။ ထို့ကြောင့် ထိုသူတို့၏ ကိုယ်အားသည် လျော့ပါးဆုတ်ယုတ်သဖြင့် သားငယ်ကို အမိတလှည့် အဖတလှည့် ပွေ့ချီခဲ့ရလေသည်။

     ထိုအခါ ဖခင်ဖြစ်သူ၏ စိတ်သန္တာန်ဝယ် “ငါတို့၏ ကိုယ်အားကား လျော့ပါးခဲ့လေပြီ၊ သားကိုချီ၍ သွားကြရလျှင် ခရီးခဲကို လွန်မြောက်နိုင်လိမ့်မည် မဟုတ်”ဟု အကြံအစည်ဖြစ်ရှိ၍ ဖခင်သည် သူငယ်၏အမိကို မသိစေပဲ ရေကိစ္စရှိ၍ နောက်ချန်ရစ်သည့်ဟန် ပြုလုပ်ကာ သားကလေးကို လမ်း၌ အထိုင်ခိုင်းပြီးလျှင် တယောက်တည်း ခရီးဆက်၍ သွားလေ၏။ ထိုအခါ ဇနီးဖြစ်သူသည် လင်ဖြစ်သူ၏အလာကို စောင့်မျှော် ကြည့်ရှုရင်းက လင်၏လက်၌ သားငယ်ကို မမြင်ရ၍ ငိုကြွေးမြည်တမ်းလျက် လင့်ထံသို့ သွားပြီးလျှင် “အရှင်.. ကျွန်တော်မ၏သား အဘယ်မှာနည်း”ဟု



၆၉၄

မေးလေ၏။ လင်ဖြစ်သူက “သင့်သားဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ငါတို့ အသက်ရှင်ကြလျှင် သားကို ရနိုင်ကြပါသည်”ဟု ပြောဆိုလေသော် ဇနီးဖြစ်သူသည် “ဤယောက်ျားကား အလွန် ရက်စက်စွာ့တကား”ဟု ပြောဆို၍ “သင် သွားလော့၊ ငါသည် သင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သူနှင့် အတူတကွ မသွားတော့အံ့”ဟု ရန်တွေ့စကား ပြောကြားလေ၏။ လင်ဖြစ်သူသည် “ရှင်မ.. ငါသည် မစဉ်းမစား ပြုမှားမိခဲ့ပါပြီ၊ ထိုအပြစ်ကို သင်သည်းခံပါ”ဟု ပြော၍ သားငယ်ကို တဖန်ပွေ့ချီ၍ သွားလေသည်။ (ဤ၌ ဖခင်ဖြစ်သူ၏ မကောင်းမှုကို အထူးသတိပြု မှတ်သားထားပါလေ)။

     ဇနီးမောင်နှံ သားအဖသုံးယောက်တို့သည် ထိုခရီးခဲကို လွန်မြောက်၍ ညနေချမ်းအချိန်၌ နွားကျောင်းသားတဲတခုသို့ ရောက်ကြလေကုန်၏၊ ထိုနေ့ကား နွားကျောင်းသားတဲနေသူတို့ ရေမရောသော နို့ဃနာကို ချက်ထားသောနေ့ ဖြစ်လေသည်။ တဲနေလူတို့သည် သားအဖသုံးယောက်တို့ကို မြင်ကြလျှင် “ဤသားအဖသုံးယောက်တို့ကား အလွန့်အလွန် ဆာလောင်လာကြသူတို့ဖြစ်သည်”ဟု အိုးကြီးအပြည့် နို့ဃနာကို ထည့်ပြီးလျှင် ယောက်ချိုနှင့်အပြည့် ထောပတ်ကို လောင်းထည့်၍ ပေးကြလေကုန်၏။

     ဇနီးမောင်နှံနှစ်ဦးတို့ နို့ဃနာကို စားကြရာတွင် ဇနီးဖြစ်သူသည် အတိုင်းအရှည်ဖြင့်ပင် (မျှတရုံ) စားလေသည်။ လင်ဖြစ်သူသည်ကား အတိုင်းအရှည် (မျှတရုံ)ထက် ပိုလွန်အောင်စား၍ အစာမကြေနိုင်ပဲ တညဉ့်လွန်လျှင်ပင် အစာမကြေသော ရောဂါဖြင့် သေလေ၏၊ ထိုသူသည် သေခါနီးဝယ် နွားကျောင်းနေသူ လူတို့၌ တွယ်တာတပ်မက်ခြင်းကြောင့် နွားကျောင်းတဲရှိ ခွေးမ၏ဝမ်း၌ ပဋိသန္ဓေ ယူနေလေ၏။

     ခွေးမသည် မကြာမီပင် သားကို ဖွားလေ၏။ နွားကျောင်းသားသည် ရှုချင်စဖွယ် ထိုခွေးငယ်ကိုမြင်၍ ထမင်းလုပ်ဖြင့်



၆၉၅

ဖြားယောင်း ကျွေးမွေးပြီးလျှင် မိမိအပေါ်၌ ချစ်ခင်၍နေသော ထိုခွေးကလေးကို ခေါ်ယူကာ အတူတကွ သွားလာ၏။

     တနေ့သ၌ ပစ္စေကဗုဒ္ဓါ တဆူသည် ဆွမ်းခံချိန်၌ နွားကျောင်းသား၏ အိမ်တံခါးဝသို့ ဆွမ်းခံကြွရောက်လာလေသည်၊ နွားကျောင်းသားသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို ဖူးမြင်ရလေသော် ဆွမ်းကပ်လှူဒါန်းပြီးနောက် မိမိကို အမှီပြု၍ နေထိုင်တော်မူရန် ဝန်ခံချက်ကို တောင်းခံလေသည်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် နွားကျောင်းသားတဲနှင့် မနီးမဝေး တောအုပ်တခု၌ သီတင်းသုံး နေထိုင်တော်မူလေ၏။ နွားကျောင်းသားသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ထံသို့သွားလျှင် ထိုခွေးငယ်ကို ခေါ်ဆောင်၍သာလျှင် သွားလေ၏။ လမ်းခရီးအကြား၌လည်း ခြင်္သေ့ သစ် ကျား သားရဲတို့ရှိရာအရပ်၌ ထိုသားရဲတို့ ရှောင်ရှား ပြေးသွားကြစေရန် သစ်ပင်ချုံပုပ်များ ကျောက်တုံးများကို ပုတ်ခတ်ရိုက်နှက်၍ သွား၏။ ထိုခွေးငယ်သည်လည်း မိမိ၏သခင် နွားကျောင်းသားပြုလုပ်ပုံ အစီအရင်ကို မှတ်သား၍ထားလေသည်။

     တနေ့သ၌ နွားကျောင်းသားသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်၏အထံ၌ နေထိုင်၍ “အရှင်ဘုရား.. တပည့်တော်များ အရှင်တို့ထံ နေ့တိုင်းလာနိုင်မည်မဟုတ်ပါ၊ ဤခွေးကလေးကား ခွေးလိမ္မာကလေး ဖြစ်ပါသည်။ ဤခွေးကလေး၏ အရှင်မြတ်ထံတော်သို့ လာရောက်ခြင်းအမှတ်ဖြင့် တပည့်တော်များ၏အိမ်သို့ ဆွမ်းအလှူခံ ကြွတော်မူပါကုန်ဘုရား”ဟူ၍ လျှောက်ထားခဲ့လေသည်။

     နွားကျောင်းသားသည် တနေ့သ၌ ခွေးလိမ္မာကလေးကို “ချစ်သား.. ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို သွားရောက် ပင့်ဆောင်၍ လာခဲ့ပါလော့”ဟု ပြောဆိုကာ အပင့်လွှတ်လိုက်လေသည်၊ ခွေးလိမ္မာကလေးသည် သခင်၏စကားကို ကြားလေလျှင် ဆွမ်းခံချိန်၌ သွားရောက်ပြီးလျှင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ခြေရင်း၌ ရင်ဖြင့် တွားဝပ်၍ နေလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် “ဤခွေးလိမ္မာကလေးသည် ငါ့ထံမှောက်သို့ အပင့် ရောက်လာလေသည်”ဟု သိရှိတော်မူကာ သပိတ်သင်္ကန်းကို ယူဆောင်တော်မူ၍



၆၉၆

ဆွမ်းခံခရီးသို့ ထွက်ကြွတော်မူခဲ့လေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ခွေးလိမ္မာကလေးကို စုံစမ်းတော်မူလိုသဖြင့် လမ်းလွှဲ၍ ကြွသွားတော်မူလေသော် ခွေးလိမ္မာကလေးသည် အရှင်မြတ်၏ရှေ့မှ တားဆီးရပ်တည်၍ ပစ္စေကဗုဒ္ဓါအရှင်သူမြတ် နွားကျောင်းသားတဲရှိရာလမ်းသို့ ကြွသွားတော်မူမှ ဖယ်ရှားလေသည်၊ သူ၏သခင် နွားကျောင်းသား ခြင်္သေ့ သစ် ကျား သားရဲများကို ဖယ်ရှားတိမ်းရှောင်စေရန် သစ်ပင်ချုံပုပ် ကျောက်တုံးများကို ပုတ်ခတ်ရိုက်နှက်သောနေရာသို့ ရောက်လေလျှင် ထိုခွေးလိမ္မာကလေးသည် ကြောက်မက်ဖွယ်ရာ ကျယ်စွာသောအသံဖြင့် ဟောင်လေသည်။ ထိုခွေးလိမ္မာ၏ ဟိန်းဟောင်သောအသံကြောင့် ခြင်္သေ့သစ်ကျား သားရဲများသည် ရှောင်ရှားပြေးသွားကြလေ၏။

     ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်လည်း နွားကျောင်းသားတဲဝယ် ဆွမ်းဘုဉ်းပေးတော်မူသောအခါ ထိုခွေးလိမ္မာကလေးအား ဆွမ်းလုပ်ကြီး တလုပ်တလုပ် ပေးကမ်း ကျွေးမွေးလေသည်၊ ခွေးလိမ္မာသည် ဆွမ်းလုပ်ကြီး တလုပ်တလုပ်ရသဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်၌ ရှေးကထက်တိုး၍ ခင်မင်လာလေ၏။

     နွားကျောင်းသားသည် ဝါကျွတ်သောအခါ ပစ္စေကဗုဒ္ဓါအရှင်မြတ်အား တိစီဝရိက် (သင်္ကန်းသုံးထည်) ချုပ်လောက်သော သင်္ကန်းလျာ အဝတ်အထည်ကို ဆက်ကပ်လှူဒါန်းပြီးလျှင် “အရှင်ဘုရား.. အလိုတော်ရှိလျှင် ဤအရပ်၌ပင် ဆက်လက်၍ သီတင်းသုံးတော်မူပါ၊ အရပ်တပါးသို့ ကြွသွားတော်မူလိုလျှင်လည်း ကြွသွားတော်မူနိုင်ပါသည်”ဟု လျှောက်ထားလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် အရပ်တပါးသို့ ကြွသွားတော်မူအံ့သော အခြင်းအရာကို ပြတော်မူလေ၏။ နွားကျောင်းသားသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်ကို လိုက်၍ပို့ပြီးလျှင် ပြန်လာသောအခါ ခွေးလိမ္မာသည် ပစ္စေကဗုဒ္ဓါအရှင်သူမြတ် အရပ်တပါးသို့ အပြီးကြွသွားတော်မူခြင်းကို ရိပ်မိသိရှိ၍ အလွန်ချစ်ခင်ခြင်းကြောင့် စိုးရိမ်ပူဆွေးခြင်း ပြင်းစွာဖြစ်ရှိကာ နှလုံးကွဲ၍ သေပြီးလျှင် တာဝတိံသာနတ်ပြည်၌ ဖြစ်လေ၏။



၆၉၇

     ထိုအခါ လူ့ပြည်ဌာန၌ ခွေးလိမ္မာဖြစ်ခဲ့စဉ်ကာလက ပစ္စေကဗုဒ္ဓါအရှင်မြတ်နှင့် အတူတကွ သွားသောအခါ ကြောက်မက်ဖွယ် ကျယ်စွာသောအသံကိုပြု၍ ခြင်္သေ့သစ်ကျား သားရဲများကို ရှောင်ရှားပြေးသွားအောင် ဟောင်ခဲ့သော ကောင်းမှုကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်ဝယ် အခြားနတ်များနှင့် စကားနှီးနှော ပြောဆိုလတ်သော် ထိုနတ်သား၏အသံသည် နတ်ပြည်အလုံးကို လွှမ်းဖုံး၍ တည်လေ၏။ ထို့ကြောင့်ပင် ထိုနတ်သားသည် “ဃောသကနတ်သား”ဟူသော အမည်ကို ရရှိလေသည်။

     ဃောသကနတ်သားသည် တာဝတိံသာနတ်ပြည်၌ နတ်စည်းစိမ်ကို ခံစား၍နေစဉ်ပင် လူ့ပြည်လူ့ဌာန၀ယ် ကောသမ္ဗီပြည်အရပ်၌ ဥဒေနမင်းတရား မင်းပြုလေသည်။ (ဥဒေနမင်းအကြောင်းကို အောက်က ရေးခဲ့ပြီ)။

     ကောသမ္ဗီပြည်၌ ဥဒေနမင်း မင်းပြုစဉ် ဃောသကနတ်သားသည် နတ်သက်ကြွေ စုတေခဲ့၍ ကောသမ္ဗီပြည်ဝယ် ပြည့်တန်းဆာမတယောက်၏ဝမ်း၌ ပဋိသန္ဓေ တည်နေ ဖွားမြင်လတ်သော် မိခင် ပြည့်တန်းဆာမသည် သားဖြစ်မှန်းသိ၍ အမှိုက်ပုံ၌ စွန့်ပစ်စေလေ၏။

     ထိုအခါ ကောသမ္ဗီသူဌေးကြီး၏ အလုပ်သမားမှူးတဦးသည် နံနက်စောစော သူဌေးအိမ်သို့ သွားလေသော် ကျီးတသောသော ဝိုင်းအုံဝန်းရံနေသော ထိုကလေးကို တွေ့မြင်ရ၍ “ဤကလေးကား ဘုန်းရှင်ကံရှင် ဖြစ်လိမ့်မည်”ဟု ဆင်ခြင်စဉ်းစားကာ အခြား ယောက်ျားတယောက်၏လက်၌ ကလေးကိုအပ်၍ မိမိအိမ်သို့ ပို့စေပြီးလျှင် သူဌေးအိမ်သို့ သွားလေ၏။

     ကောသမ္ဗီသူဌေးကြီးသည်လည်း မင်းထံခစားရန် အချိန်တန်သောအခါ ရွှေနန်းတော်သို့ သွားလေသော် လမ်းခရီးအကြား၌ ပုရောဟိတ်ကိုတွေ့၍ “ဆရာ.. ယနေ့ နက္ခတ်အနေအသွား အဘယ်သို့ရှိသနည်း”ဟု မေးလေသော် ပုရောဟိတ်သည် ထိုအရပ်၌ပင်ရပ်လျက် နက္ခတ်အနေအသွားကို စစ်ဆေးတွက်ချက်ပြီးလျှင်



၆၉၈

“သူဌေးကြီး.. ဤမည်သော နက္ခတ်ဖြစ်သည်။ ယနေ့ ဤနက္ခတ်နှင့်(ယှဉ်လျက်) မွေးဖွားလာသော သူငယ်သည် ကောသမ္ဗီပြည်၌ သူဌေးကြီးရာထူးကို ရပေလိမ့်မည်”ဟူ၍ ဟောဆိုလေ၏။

     သူဌေးကြီးသည် ပုရောဟိတ်၏ ဟောဆိုချက်ကို ကြားရ၍ မိမိ၏ အခြံအရံများကို “အမောင်တို့.. ဤပုရောဟိတ်ဆရာကြီး၏ ဟောကြားချက်သည် နှစ်မျိုးဟူ၍ ဘယ်သောအခါမှမရှိ၊ (တမျိုးတည်းသာ ဖြစ်သည်)၊ ငါ၏အိမ့်ရှင် သူဌေးကတော်သည်လည်း လေးလံသော ကိုယ်ဝန်ရှိသူ ဖြစ်လေသည်၊ အမောင်တို့ သွားရောက်၍ ထိုအိမ့်ရှင်မ သူဌေးကတော်ကြီး သားဖွားသည် မဖွားသည်ကို သိအောင် စုံစမ်းကြလော့”ဟု ပြောဆိုကာ လျင်မြန်စွာ အိမ်သို့ စေလွှတ်လိုက်လေ၏။ အခြံအရံများသည် အိမ်သို့သွားကြ၍ စုံစမ်းပြီးလျှင် “အရှင်သူဌေးမင်း.. သူဌေးကတော်ကြီးကား သားမဖွားသေးပါ”ဟု ပြန်ကြား ပြောဆိုကြလေ၏။ သူဌေးကြီးသည် “အမောင်တို့.. ထိုသို့ဖြစ်လျှင် သွားကြလော့၊ ဤမြို့၌ ယနေ့ဖွားသော သူငယ်ကို ရှာကြလော့”ဟူ၍ တဖန် စေခိုင်းပြန်လေသည်။

     အခြံအရံတို့သည် ယနေ့မွေးဖွားသော ကလေးကို ရှာကြလေသော် သူဌေးကြီး၏ အလုပ်သမားမှူးအိမ်၌ ထိုသူငယ်ကို တွေ့မြင်ကြ၍ သူဌေးကြီးအား ပြန်ကြား ပြောဆိုကြလေကုန်၏။ သူဌေး ကြီးသည် “အမောင်တို့.. ထိုသို့ဖြစ်လျှင် ထိုအလုပ်သမားမှူးကို ငါ့ထံသို့ ခေါ်ခဲ့ကြလော့”ဟု စေခိုင်း၍ အလုပ်သမားမှူး မိမိထံသို့ ရောက်သောအခါ..

(သူဌေး)

အမောင့်အိမ်၌ ယနေ့မွေးဖွားသော သူငယ်ရှိသည်ဆိုသည်မှာ မှန်ပါသလော။

(အလုပ်သမား)

မှန်ပါသည် အရှင်သူဌေးမင်း..။

(သူဌေး)

ထိုကလေးကို ငါတို့အား ပေးပါလော့။

(အလုပ်သမား)

မပေးနိုင်ပါ အရှင်သူဌေးမင်း..။



၆၉၉

(သူဌေး)

ကိုင်း.. ဒါဖြင့်လျှင် ငွေတထောင်ကို အမောင်ယူ၍ ထိုကလေးကို ငါ့အား ပေးပါလော့-

ဤကဲ့သို့ ပြောဆိုသောအခါ အလုပ်သမားမှူးသည် “ဤကလေးသည် အသက်ရှင်ချင်လျှင်လည်း ရှင်ပေမည်၊ သေချင်လျှင်လည်း သေပေမည်၊ ရှင်မည် သေမည်ကို သိနိုင်ရန် ခဲယဉ်း၏”ဟု ကြံစည်ကာ ငွေတထောင်ကို လက်ခံယူလိုက်၍ ကလေးကို သူဌေးကြီးအား ပေးလိုက်လေ၏။

ကောသမ္ဗီသူဌေးကြီး၏အကြံ

     ကောသမ္ဗီသူဌေးကြီးသည် “ငါ၏သူဌေးကတော်ကြီးသည် အကယ်၍ သမီးကို မွေးဖွားလျှင် ဤသူငယ်ကိုပင် သားပြုကာ မွေးမြူမည်၊ အကယ်၍ သားယောက်ျားကို မွေးဖွားခဲ့လျှင် ဤသူငယ်ကို သတ်ပစ်မည်”ဟု ကြံစည်၍ မိမိအိမ်၌ ထိုသူငယ်ကို မွေးကျွေးထားလေ၏။ ထို့နောက် နှစ်ရက် သုံးရက် လွန်မြောက်သောအခါ သူဌေးကတော်ကြီးသည် သားယောက်ျားကလေးကို ဖွားမြင်လေ၏။

ကောသမ္ဗီသူဌေးကြီး၏ ရက်စက်ကြမ်းကြုတ်မှုများ

     (၁) ထိုသို့ သူဌေးကတော်ကြီးမှ သားယောက်ျားကလေး ဖွားမြင်ပြီးလတ်သောအခါ ကောသမ္ဗီသူဌေးကြီးသည် “ဤနည်းဖြင့် ထို(ပြည့်တန်ဆာမ၏သား) ဃောသကသူငယ်ကို နွားတို့သည် နင်း၍ သတ်ကြလိမ့်မည်”ဟု အကြံပြုကာ “ဤဃောသကသူငယ်ကို နွားခြံတံခါးဝ၌ သိပ်ထားကြကုန်လော့”ဟူ၍ အခြံအရံ အစေခံတို့ကို စေခိုင်း ပြောဆိုလေ၏။ အခြံအရံ အစေခံတို့သည်လည်း သူဌေးကြီးစေခိုင်းချက်အတိုင်း ဃောသကသူငယ်ကို နွားခြံတံခါးဝ၌ သိပ်ထားကြလေကုန်၏။

     ထိုအခါ အုပ်ထိန်းဖြစ်သော နွားလားဥသဘသည် ခြံတံခါးဝမှ ရှေးဦးစွာ ထွက်လာလေသော် ထိုသူငယ်ကိုမြင်၍ “ဤနည်းဖြင့် ထိုသူငယ်ကို အခြားနွားတို့သည် မနင်းနိုင်ကြလတ္တံ့”ဟု



၇၀၀

ကြံစည်ကာ ခြေလေးဖက်တို့၏ အကြား၌ထား၍ ရပ်တည်လေ၏။ ထိုအခါ ထိုဃောသကသူငယ်ကို နွားကျောင်းသားတို့သည် တွေ့မြင်ကြ၍ “ဤသူငယ်သည် ဘုန်းကံကြီးမားသူ ဖြစ်ပေလိမ့်မည်။ တိရစ္ဆာန်များကသော်မှလည်း ယင်းသူငယ်၏ ဂုဏ်ကျေးဇူးကို သိကြကုန်၏၊ (သို့ရကား) ငါတို့သည် ထိုသူငယ်ကို ကျွေးမွေးပြုစုကြကုန်”ဟု တိုင်ပင်ညီညွတ်ကြကာ မိမိတို့နေအိမ်သို့ ယူဆောင်၍ သွားကြလေကုန်၏။

     (၂) ကောသမ္ဗီ သူဌေးကြီးသည်လည်း ထိုသူငယ်၏ သေ-မသေအကြောင်းကို စုံစမ်း ထောက်လှမ်းလတ်သည်ရှိသော် “နွားကျောင်းသားများ ယူဆောင်သွားကြသည်”ဟူသော သတင်းကိုကြား၍ တဖန် ငွေတထောင်ပေး၍ ရွေးယူခဲ့ပြီးလျှင် မိမိ၏ အခြံအရံများကို အာဏာထားကာ သုသာန်၌ စွန့်ပစ်စေပြန်လေ၏။

     ထိုအခါ သူဌေး၏ ဆိတ်ကျောင်းသားသည် သုသာန်ကိုအမှီပြု၍ ဆိတ်မတို့ကို ကျောင်းနေဆဲ ဖြစ်လေသည်။ ထိုအခါ နို့စားဆိတ်မတကောင်သည် သူငယ်၏ ကောင်းမှုကုသိုလ်ကံကြောင့် ခရီးမမှဖဲ၍ သူငယ်ရှိရာသို့ သွားရောက်ပြီးလျှင် သူငယ်အား နို့တိုက်ပြီးမှ အစာစားရန် သွားလေ၏၊ ထိုသုသာန်မှ ပြန်နစ်လာသော အခါမှာလည်း ထို့အတူပင် သူငယ်ရှိရာသို့ သွားရောက်၍ နို့တိုက်ပြန်လေသည်။ ဆိတ်ကျောင်းသားသည် “ဤဆိတ်မကြီးကား နံနက်တုန်းကလည်း ဤနေရာမှပင် ဖဲ၍ သွားလေသည်၊ ဤသို့သွားခြင်းသည် အကြောင်း အသို့ရှိသနည်း”ဟု ကြံစည်စဉ်းစား၍ သွားရောက် ကြည့်ရှုလတ်သော် ထိုဃောသကသူငယ်ကို တွေ့မြင်ရ၍ “ဤသူငယ်သည် ဘုန်းကံကြီးမားသူ ဖြစ်ချေသည်။ တိရစ္ဆာန်များကသော်မှလည်း ထိုသူငယ်၏ ဂုဏ်ကျေးဇူးကို သိကြကုန်၏၊ ငါသည် ထိုသူငယ်ကို ကျွေးမွေးပြုစုပေအံ့”ဟု ကြံစည်ကောက်ယူကာ မိမိအိမ်သို့သွားလေ၏။

     (၃) နောက်တနေ့၌ သူဌေးကြီးသည် “ဃောသကသူငယ်သည် သေပြီလော၊ မသေပဲ ရှိသေးသလော”ဟု လူလွှတ်၍ ကြည့်စေလတ်သော် ဆိတ်ကျောင်းသား ယူဆောင်သွားသည့်



၇၀၁

သတင်းကို ကြားသိရ၍ ရှေးနည်းအတူပင် ငွေတထောင်ပေး၍ ရွေးယူခဲ့ပြီးလျှင် မိမိ၏ အခြံအရံများကို အာဏာထား (အမိန့်ပေး)ကာ “နက်ဖြန်ခါ ဤကောသမ္ဗီမြို့အတွင်းသို့ လှည်းကုန်သည်သားတဦး ဝင်ရောက်လာလိမ့်မည်၊ ဤသူငယ်ကို ယူဆောင်သွားကြပြီးလျှင် လှည်းဘီးလမ်း၌ ပစ်ထားခဲ့ကြကုန်လော့၊ ဤနည်းဖြင့် ထိုသူငယ်ကို လှည်းဘီးဖြတ်၍ နင်းသတ်သွားလိမ့်မည်”ဟု ပြောဆို စေခိုင်းပြန်လေ၏။

     သူဌေးကြီး၏ အမိန့်ပေး စေခိုင်းချက်အရ အခြံအရံလူများ လှည်းဘီးလမ်း၌ ပစ်ချထားအပ်သော ထိုသူငယ်ကို လှည်းကုန်သည်သား၏ ရှေ့ဆုံးလှည်း၌ က-သော နွားတို့သည် မြင်ကြ၍ ခြေလေးချောင်းတို့ကို တိုင်ကြီးလေးတိုင် စိုက်ထားသည့်ပမာ မတုန်မလှုပ် ရပ်တည်ကာ နေကြလေကုန်၏။ လှည်းကုန်သည်မှူးသည် အကြောင်းကို စုံစမ်းကြည့်ရှုလတ်သော် သူငယ်ကိုမြင်၍ “ဤသူငယ်ကား ဘုန်းကံကြီးမားသူ ဖြစ်၏။ ကျွေးမွေးပြုစုမှ သင့်ချေတော့မည်”ဟု ကြံစည်ကောက်ယူကာ သွားလေ၏။

     (၄) သူဌေးသည်လည်း ဃောသကသူငယ်၏ လှည်းဘီးလမ်းဝယ် သေ-မသေ အကြောင်းကို ထောက်လှမ်း ကြည့်ရှုစေပြန်သော် လှည်းကုန်သည်မှူး ကောက်ယူသွားသောအဖြစ်ကို သိရ၍ လှည်းကုန်သည်မှူးအားလည်း ငွေတထောင်ပေး၍ ကလေးကို ရွေးယူစေပြီးလျှင် တဖန် အာဏာထား (အမိန့်ပေး)ကာ မိမိ၏ အခြံအရံတပည့်များကို မြို့မှ မနီးမဝေးသော ချောက်ကမ်းပါး၌ သူငယ်ကို ပစ်ချစေပြန်လေ၏။

     ဃောသကသူငယ်သည် ချောက်ကမ်းပါး၌ ဦးစိုက်ဂျွမ်းပြန် ကျရောက်လေသော် ကျူထရံသည်တို့၏ အလုပ်လုပ်ရာဌာန၌ တဲတခုပေါ်သို့ ကျရောက်လေသည်၊ ထိုအလုပ်တဲသည် သူငယ်၏ ကောင်းမှုကုသိုလ် အာနုဘော်ကြောင့် အကြိမ်တရာဖပ်အပ်သော ဝါဂွမ်းစိုင်ကဲ့သို့ နူးညံ့သောအတွေ့ ရှိလေသည်။ ထိုအခါ ကျူထရံသည်မှူးသည် “ဤသူငယ်ကား ဘုန်းကံကြီးမားသူဖြစ်၏၊



၇၀၂

ကျွေးမွေးပြုစုမှ သင့်ချေတော့မည်”ဟု ကြံစည်ကောက်ယူကာ မိမိ၏အိမ်သို့ သွားလေ၏။

     (၅) သူဌေးသည်လည်း ရှေးနည်းအတူ ထောက်လှမ်း ကြည့်ရှုစေပြန်သော် ကျူထရံသည်မှူး ယူဆောင်သွားသော အကြောင်းကို ကြားသိရ၍ ကျူထရံသည်မှူးအား ငွေတထောင်ပေး၍ ကလေးကို ရွေးယူစေပြီးလျှင် မိမိအိမ်သို့ ပြန်လည်ယူဆောင်ခဲ့ရန် စေခိုင်းလိုက်ပြန်လေ၏။

     နောက်အဖို့၌ သူဌေး၏ သားရင်းသည်၎င်း, ဃောသကသူငယ်သည်၎င်း နှစ်ဦးလုံးပင် အရွယ်သို့ ရောက်ရှိကြလေကုန်သည်။ ကောသမ္ဗီသူဌေးကြီးသည် တဖန် ဃောသကသူငယ်၏ သေကြောင်းကို ကြံစည်လျက် မိမိ၏လူ အိုးထိန်းသည် (=အိုးဖုတ်သမား)၏အိမ်သို့ သွားရောက်၍ “အမောင်.. ငါ၏အိမ်မှာ ဤသို့သဘောရှိသော သားယုတ်မာ သူငယ်တယောက် ရှိလေသည်၊ ထိုသူငယ်ကို တနည်းနည်းပြုလုပ်ကာ လျှို့ဝှက်စွာ သတ်မှ သင့်တော်မည်”ဟု တိုင်ပင်စကား ပြောကြားလေသည်၊ အိုးထိန်းသည်သည် နားနှစ်ဖက်ကိုပိတ်၍ “အရှင်သူဌေးမင်း.. ဤသို့သဘောရှိသည့် ဝန်လေးသောစကား အပြစ်ကြီးလေးသော စကားကို ပြောဆိုရန် မသင့်ပါ”ဟူ၍ ပြန်ကြားပြောဆို တားမြစ်လေ၏။

     ထိုအခါ သူဌေးသည် “ဤအိုးထိန်းသည်ကား အချည်းနှီး အလကား (=အဖိုးအခမရပဲသာဖြင့်) ပြုလိမ့်မည် မဟုတ်”ဟု ကြံပြီးလျှင် “အို အမောင်.. ငွေတထောင်ကို ယူလော့၊ ဤငွေတထောင်ကို ယူပြီးလျှင် ဤအလုပ်ကို ပြီးမြောက်အောင်သာ လုပ်ဆောင်လေလော့”ဟူ၍ ငွေတထောင်ပေးကာ စေခိုင်းပြောဆိုပြန်လေ၏။ လက်ဆောင်တံစိုးမည်သည် စိတ်ဝမ်းမကွဲသူကိုပင်သော်လည်း ကွဲအောင် ပြုလုပ်တတ်၏။ သို့ရကား အိုးထိန်းသည်သည် ငွေတထောင် လက်ဆောင်တံစိုးကို ရရှိ၍ လက်ခံပြီးလျှင် “အရှင်သူဌေးမင်း.. အကျွန်ုပ်သည် ဤမည်သောနေ့၌ အိုးဖိုကို



၇၀၃

မီးတိုက်ပါမည်၊ ထိုအခါ ထိုသူငယ်ကို ဤမည်သောအချိန်၌ စေလွှတ်လိုက်ပါ”ဟူ၍ သဘောတူစကား ပြောကြားလေ၏။

     သူဌေးသည်လည်း အိုးထိန်းသည်၏စကားကို လက်ခံပြီးလျှင် ထိုနေ့မှစ၍ နေ့ရက်များကို ရေတွက်၍ လာခဲ့ရာ အိုးထိန်းသည်ပြောဆိုသော နေ့သို့ ရောက်တော့မည်ကို သိရှိ၍ ဃောသကသူငယ်ကို ခေါ်စေပြီးလျှင် “ချစ်သား.. ငါတို့အား ဤမည်သောနေ့၌ များစွာသောအိုးတို့ဖြင့် အလိုရှိသည်၊ သင်ချစ်သားသည် ငါတို့၏ အိုးထိန်းသည်ထံသို့ သွားရောက်ပြီးလျှင် ‘ကျွန်ုပ်၏ဖခင်က အသင်အိုးထိန်းသည်တို့အား ပြောဆိုမှာကြားထားအပ်သော အကြောင်းကိစ္စတခု ရှိပါသတဲ့၊ ထိုကိစ္စကို ယနေ့ပင် ပြီးမြောက်အောင် လုပ်ဆောင်လေလော့’ဟု သင်ချစ်သား ပြောကြားလေလော့”ဟူ၍ ပြောဆို စေလွှတ်လိုက်လေသည်။ ဃောသကသူငယ်သည် “ကောင်းပါပြီ”ဟု သူဌေး၏စကားကို ဝန်ခံပြီးလျှင် အိမ်မှထွက်ခဲ့လေ၏။

သူတပါးကို မနာလိုက ကိုယ်သာဒုက္ခ ဆင်းရဲရ၏၊

     ထိုအခါ ဃောသကသူငယ်ကို သူဌေး၏သားအရင်း သူငယ်သည် ဂေါ်လီလုံးကစားရင်းက မြင်လတ်၍ ပြေးလာပြီးလျှင် “နောင်တော်.. ကျွန်ုပ်သည် ကလေးတို့နှင့် ကစားရာ ဂေါ်လီလုံးဤမျှ ရှုံး၍နေပါသည်၊ ထိုဂေါ်လီလုံးများကို ကျွန်ုပ်အား နိုင်အောင် ပြုလုပ်ပေးပါ”ဟူ၍ အကူအညီတောင်းခံစကား ပြောကြားလာလေ၏။ ဃောသကသူငယ်က “ငါ့မှာ ယခုလောလောဆယ် ကစားပေးနိုင်ခွင့်မရှိ၊ အကြောင်းမှာ ဖခင်သူဌေးကြီးက ငါ့ကို အရေးကြီးသော ကိစ္စတခုဖြင့် အိုးထိန်းသည်ထံသို့ လွှတ်လိုက်ခြင်းဖြစ်သည်”ဟူ၍ ပြောကြားလေသော် သူဌေးသားအရင်း သူငယ်သည် “နောင်တော်.. အိုးထိန်းသည်ထံသို့ ကျွန်ုပ်သွားပါမည်။ နောင်တော်ကသာ ဤကောင်ကလေးများနှင့် ကစား၍ ကျွန်ုပ်ရှုံးပြီးသော ဂေါ်လီလုံးများကို နိုင်အောင်ပြုလုပ်ပေးပါ”ဟူ၍ တာဝန်ယူစကား ပြောကြားလေ၏။



၇၀၄

     ထိုအခါ ဃောသကသူငယ်သည် “ထိုသို့ဖြစ်လျှင် ငါ့ညီ သွားလော့”ဟု သဘောတူညီ မိမိအား ဖခင်သူဌေးကြီး မှာကြားပြောဆိုလိုက်သော အကြောင်းအရာကို ထိုသားအရင်း သူငယ်အား အပြည့်အစုံ ပြောကြားလိုက်၍ ကလေးသူငယ်များနှင့် အတူတကွ ဂေါ်လီလုံးကစားလျက် နေရစ်ခဲ့လေ၏။

     သားအရင်း သူငယ်သည်လည်း အိုးထိန်းသည်ထံသို့ သွားရောက်ပြီးလျှင် ဖခင်သူဌေးကြီး မှာကြားလိုက်သော သတင်းစကားကို အပြည့်အစုံ ပြောကြားလေ၏။ အိုးထိန်းသည်သည် “ကောင်းပြီ အမောင်.. ပြီးမြောက်အောင် လုပ်ဆောင်ပါမည်”ဟု ပြော၍ ထိုသားအရင်း သူငယ်ကို အိမ်ခန်းအတွင်းသို့သွင်း၍ လှောင်ထားပြီးလျှင် ထက်လှစွာသော ပဲခွပ်ဖြင့် အပိုင်းအပိုင်း ဖြတ်တောက်၍ အိုးစရည်း၌ ထည့်ပြီးသော် ထိုအိုးစရည်းဝကို ပိတ်ဆို့၍ အိုးစိမ်းတို့၏အကြား၌ ထည့်ထားကာ အိုးဖိုကို မီးတိုက်လေတော့၏။

     ဃောသကသူငယ်သည် ဂေါ်လီလုံးအများအပြားနိုင်၍ ညီငယ်အလာကို စောင့်မျှော်ကာ ထိုင်နေပါသော်လည်း ထိုညီငယ် မလာတည့်နိုင်၍ “အဘယ့်ကြောင့် ညီသည် ကြာနေရပါသနည်း”ဟု စဉ်းစားဆင်ခြင်ကာ အိုးထိန်းသည်၏ အိမ်အနီးသို့ သွားရောက်၍ ညီငယ်ကို ရှာပါသော်လည်း တစုံတခုသောနေရာ၌မျှ ညီငယ်ကို မမြင်ရ မတွေ့ရ၍ “အိမ်သို့ပြန်သွားသည် ဖြစ်လိမ့်မည်”ဟု အောက်မေ့ကာ အိမ်သို့ တယောက်တည်း ပြန်လာခဲ့လေသည်။

     သူဌေးကြီးသည် ဃောသကသူငယ် ပြန်လာသည်ကို အဝေးမှပင် မြင်လတ်၍ “ဘယ်လိုအကြောင်းများ ဖြစ်ပါလိမ့်မည်နည်း၊ ငါကား ဤဃောသကသူငယ်ကို သတ်ရန် အိုးထိန်းသည်ထံသို့ စေလွှတ်လိုက်၏။ သူကား ယခုတဖန် အိမ်သို့ ပြန်လာ၏”ဟု စဉ်းစားဆင်ခြင်ကာ (ဃောသကသူငယ် ထိုင်သည့်တိုင်အောင်ပင် မစောင့်နိုင်ပဲ) ဃောသကသူငယ်ကို လာနေတုန်းပင် “အသို့နည်း ချစ်သား.. သင်သည် အိုးထိန်းသည်ထံသို့ မသွားခဲ့ဘူးလော”ဟု



၇၀၅

မေးလေသော် ဃောသက သူငယ်က “ဟုတ်ပါသည် ဖခင်.. ကျွန်တော် မသွားခဲ့ပါ”ဟု ဖြေကြားလေသည်။ “အဘယ့်ကြောင့် ချစ်သား မသွားခဲ့သနည်း”ဟု တဖန် မေးမြန်းလတ်သော် ဃောသကသူငယ်သည် မိမိပြန်လာခြင်းအကြောင်းကို၎င်း, ညီငယ်၏ အိုးထိန်းသည်ထံ သွားရောက်ကြောင်းကို၎င်း အပြည့်အစုံ ပြန်ကြားပြောဆိုလေသည်။

     သူဌေးကြီးသည် ဃောသကသူငယ် ပြောသောစကားကို ကြားသောအချိန်မှစ၍ မဟာပထဝီမြေကြီးဖြင့် အဖိအနှိပ်ခံရသူကဲ့သို့ ဖြစ်ပြီးလျှင် “ချစ်သားသည် ဘယ်လိုစကားမျိုး ပြောလိုက်သနည်း”ဟု မြည်တွန် တောက်တီးကာ တလျှပ်လျှပ်တုန်လှုပ်သော စိတ်ရှိလျက် အိုးထိန်းသည်ထံ လျင်မြန်စွာ သွားရောက်ပြီးလျှင် သူတပါးတို့အထံ၌ မပြောထိုက်သောစကား မပြောဝံ့သောစကား ဖြစ်ခြင်းကြောင့် “ကြည့်ပါဦး အမောင်.. ကြည့်ပါဦး အမောင်..”ဟူ၍သာ အိုးထိန်းသည်ကို လျှို့ဝှက်စကား ပြောကြားလေ၏။ အိုးထိန်းသည်က “သူဌေးမင်း.. သင်သည် (ယခုမှ) အဘယ်အရာကို ကြည့်စေဘိသနည်း၊ အလုပ်ကိစ္စကား ပြီးမြောက်ခဲ့လေပြီ”ဟု စကားပြတ် ပြောဆိုသောအခါ သူဌေးကြီးသည် ထိုနေရာမှပင် ပြန်နစ်၍ အိမ်သို့ သွားလေတော့၏။ ထိုအခါမှ အစပြု၍ ထိုသူဌေးကြီးမှာ စိတ္တဇရောဂါ အကြီးအကျယ် စွဲကပ်လေတော့၏။

     (၆) ကောသမ္ဗီသူဌေးကြီးသည် ထိုအခါမှစ၍ ဃောသကသူငယ်နှင့် အတူတကွ ထမင်းမစားတော့ပဲ “တစုံတခုသော နည်းလမ်းဥပါယ်ဖြင့် သား၏ရန်သူ ဤဃောသကသူငယ်၏ သေဖို့ရန် အခွင့်အပေါက်ကိုသာလျှင် ကြည့်ရှုသင့်သည်”ဟု ကြံစည်၍ သဝဏ်လွှာတစောင်ကို ရေးသားပြီးလျှင် ဃောသကသူငယ်ကို ခေါ်၍ “သင်သည် ဤသဝဏ်လွှာကို ယူဆောင်သွားပြီးလျှင် ဤမည်သောရွာ၌ ငါတို့၏ အလုပ်သမားမှူးရှိသည်၊ ထိုအလုပ်သမားမှူးထံသို့ သွားရောက်၍ ဤသဝဏ်လွှာကို နှင်းအပ်ပြီးလျှင် ‘ဤသဝဏ်လွှာပါ အကြောင်းအရာကိစ္စကို လျင်မြန်စွာ ပြုလုပ်လော့’ဟု ပြောဆိုရမည်။ လမ်းခရီးအကြား၌ ငါတို့၏ သူငယ်ချင်းဖြစ်သည့်



၇၀၆

ဂါမကသေဋ္ဌိ (=ရွာငယ်သူဌေး)မည်သော သူဌေးတဦး ရှိလေသည်၊ ထိုသူဌေး၏အိမ်သို ဝင်သွား၍ ထမင်းစားပြီးလျှင် အလုပ်သမားမှူးထံသို့ အရောက်သွားရမည်” ဟူ၍လည်း နှုတ်က မှာတမ်းလိုက်လေသည်။ ထိုအချိန်မှာ ဃောသကသူငယ်ကား လုလင်ပျိုအရွယ်သို့ ရောက်ရှိလေပြီ။

     ဃောသကလုလင်ပျိုသည် သူဌေးကြီးကို ရိုသေစွာ ရှိခိုး၍ သဝဏ်လွှာကို ယူဆောင်ခဲ့ပြီးလျှင် ခရီးထွက်ခဲ့လေသော် လမ်းခရီးအကြား၌ ဂါမကသူဌေး၏ နေရာအရပ်သို့ရောက်၍ သူဌေးအိမ်ကို မေးပြီးလျှင် တံခါးမုခ်ပြင်ပ၌ထိုင်၍ မုတ်ဆိတ်ကြင်စွယ် ပြုပြင်နေသော ဂါမကသူဌေးကို ရှိခိုး၍ ရပ်နေလေ၏။ “အမောင်.. သင်သည် အဘယ်က လာခဲ့သနည်း”ဟု ဂါမကသူဌေးက မေးမြန်းလတ်သော် “အို ဖခင်.. အကျွန်ုပ်ကား ကောသမ္ဗီသူဌေးကြီး၏ သားဖြစ်ပါသည်”ဟု ဖြေကြားသဖြင့် ဂါမကသူဌေးသည် “ငါ၏သူငယ်ချင်း ကောသမ္ဗီသူဌေးကြီး၏ သားတည်း”ဟု အလွန်လျှင် နှစ်သက်ဝမ်းမြောက်လေ၏။

     ထိုခဏ၌ ဂါမကသူဌေးသမီး၏ ကျွန်မတယောက်သည် သူဌေးသမီးအတွက် ပန်းများကိုယူဆောင်ရန် သွားအံ့ဆဲဆဲ ဖြစ်လေသည်။ ထိုအခါ ဂါမကသူဌေးသည် ထိုကျွန်မကို “အမိ.. သင်သည် ထိုပန်းဆောင်ခြင်းအလုပ်ကို ခေတ္တရပ်နားထား၍ ဃောသကလုလင်ပျို၏ ခြေများကို ဆေးကြောပြီးလျှင် အိပ်ရာနေရာများကို ခင်း၍ပေးလိုက်လော့”ဟူ၍ အမိန့်ပေးစကား ပြောကြားလေ၏။ ကျွန်မသည် ဂါမကသူဌေးမင်း ပြောဆိုသည့်အတိုင်း လုပ်ဆောင်ပြီးလျှင် ဈေးသို့သွား၍ သူဌေးသမီးအတွက် ပန်းများကို ဝယ်ဆောင်ကာ အိမ်သို့ ပြန်လာလေ၏။

     သူဌေးသမီးသည် ကျွန်မကိုမြင်လေလျှင် “သင်သည် ယနေ့ အပြင်၌ အချိန်လေးတွဲ့ အကျယ်ချဲ့၍ နေ၏”ဟု ကျွန်မအား အမျက်ထွက်၍ “သင်သည် ဤမျှရှည်ကြာ အခါကာလပတ်လုံး အပြင်အပ၌ အဘယ်အလုပ်တွေကို ပြုလုပ်နေသနည်း”ဟု ကြိမ်းမောင်းပြောဆိုလေ၏။ ထိုအခါ ကျွန်မသည်—



၇၀၇

“မပြောပါနှင့် အရှင်မ.. ကျွန်တော်မသည် ဤမျှလှပသော လုလင်ကို ရှေးက မမြင်ဘူးပါ။ အရှင်မ ဖခင်၏ သူငယ်ချင်းသူဌေး၏ သားတယောက်တဲ့၊ သူ၏ ရုပ်ရည်အဆင်း တင့်တယ်လှပ ပြည့်စုံခြင်းကို ကုန်စင်အောင် ပြောမပြနိုင်ပါ၊ သူဌေးမင်းက ကျွန်မကို ပန်းဝယ်ရန်အသွား ‘ထိုလုလင်၏ ခြေများကို ဆေးကြောပြီးလျှင် အိပ်ရာနေရာများကို ခင်း၍ပေးလိုက်လော့’ဟု စေခိုင်း ပြောဆိုပါသည်၊ ထို့ကြောင့် ကျွန်မသည် အပြင်အပ၌ ဤမျှ အချိန်လေးတွဲ့ အကျယ်ချဲ့၍ နေရပါသည်”-

ဟူ၍ ပြန်ကြား ပြောဆိုလေ၏။ (ထိုဂါမကသူဌေး၏ သမီးကား လွန်ခဲ့သော လေးခုမြောက်ဘဝက ယခု ဃောသကလုလင်ပျို၏ အိမ်ရှင်မ (=ကလေးမိခင်) ဖြစ်ခဲ့သူဖြစ်၏)။ သို့ရကား ထိုကျွန်မ ပြောစကားကို ကြားရသောအခါမှစ၍ အချစ်စိတ်ဖုံးလွှမ်းကာ မိမိ၏ ထိုင်နေသောအဖြစ်, ရပ်နေသောအဖြစ်ကိုမျှ မသိတော့ချေ။ (ထိုင်ရမှန်း, ရပ်ရမှန်း မသိဟု ဆိုလိုသည်)။

     သူဌေးသမီးသည် ကျွန်မကိုခေါ်၍ ဃောသကလုလင်ပျို လျောင်းစက်ရာအရပ် (=အိပ်ခန်း)သို့ သွားလေသော် အိပ်ပျော်နေသော ဃောသကလုလင်ပျိုကို ကြည့်ရှု၍ ပုဆိုးစွန်း၌ သဝဏ်လွှာကို မြင်သဖြင့် “ဤသဝဏ်လွှာကား အဘယ်သို့သော သဝဏ်လွှာ ဖြစ်လေသနည်း”ဟု လုလင်ပျိုကို မနိုးစေပဲ သဝဏ်လွှာကို အသာယူ၍ ဖတ်ကြည့်ပြီးလျှင် “ဤလုလင်ပျိုသည် မိမိ၏ သေမိန့်လွှာကို ကိုယ်တိုင်ပင် ယူဆောင်၍ လာခဲ့ဘိတကား”ဟု နှလုံးပိုက်၍ ထိုသဝဏ်လွှာကို ဆုတ်ဖြဲပစ်ပြီးလျှင် ဃောသကလုလင်ပျို အိပ်ရာမှ မနိုးမီပင်-

“အမောင်အလုပ်သမားမှူး.. ငါ့သားကို သင့်ထံသို့ လွှတ်လိုက်ပါသည်၊ ငါ၏သူငယ်ချင်း ဂါမကသူဌေးမှာ အရွယ်သို့ ရောက်ပြီဖြစ်သော သတို့သမီးရှိပါသည်။ အမောင်သည် အလျင်အမြန် ငါတို့၏ အာဏာပြန့်နှံ့ရာ အရပ်၌ဖြစ်သော ဥစ္စာများကို စုဆောင်းယူပြီးလျှင်



၇၀၈

ပစ္စည်းတိုင်း ပစ္စည်းတိုင်း တရာစီ တရာစီဖြင့် သားအတွက် ဂါမကသူဌေး၏သမီးကို တောင်းယူ၍ ထိမ်းမြားမင်္ဂလာမှုကို ငါ၏ကိုယ်စား ပြုလုပ်ပေးလိုက်စေလိုပါသည်။

ထိမ်းမြားမင်္ဂလာမှု ပြုပြီးသောအခါမှာလည်း ဤမည် ဤမည်သော အခမ်းအနား အစီအမံဖြင့် မင်္ဂလာဆောင်မှု ပြုလုပ်ပြီးစီးကြောင်းကို ငါ့ထံသို့ စာရင်းနှင့်တကွ သတင်းအကျယ် ပေးပို့စေလိုပါသည်။

ငါသည် ဤ(သားကို မင်္ဂလာဆောင်မှု)၌ သင့်အတွက်တာ ပြုလုပ်သင့်သည့် ကျေးဇူးတုံ့ပြန်မှုကို သိရှိပါမည်။

ကောသမ္ဗီသူဌေးကြီး

ကောသမ္ဗီပြည်

     ဤကဲ့သို့ သဝဏ်လွှာကို အသစ်တဖန် ပြင်ဆင်ရေးသား၍ တံဆိပ်တူရိုက်နှိပ်ပြီးလျှင် ရှေးဖွဲ့ချည်သော နည်းအတိုင်း လက်ရာခြေရာမပျက် ပုဆိုးစွန်း၌ ပြန်၍ဖွဲ့ချည်ကာ ထားလေ၏။

     ဃောသက လုလင်ပျိုသည်လည်း ထိုနေ့အဖို့ရာ ထိုဂါမကသူဌေးအိမ်မှာပင် နေထိုင်၍ နောက်တနေ့၌ ဂါမကသူဌေးကို ပန်ကြားပြီးလျှင် အလုပ်သမားမှူး၏ရွာသို့ သွားရောက်၍ သဝဏ်လွှာကို ပေးအပ်လေ၏။ အလုပ်သမားမှူးသည် သဝဏ်လွှာကို ဖတ်ကြည့်ပြီးလျှင် ရွာသူရွာသားတို့ကို စည်းဝေးစေ၍ “မောင်တို့ကသာ ငါ့ကို ဂဏန်းမထားကြခြင်းဖြစ်သည်၊ ငါ့အရှင် ကောသမ္ဗီသူဌေးကြီးက မိမိသားကြီး (ကိုဃောသက)အတွက် ပစ္စည်းမျိုးစုံ တရာစီ တရာစီဖြင့် ဂါမကသူဌေးသမီးကို မင်္ဂလာဆောင်ယူရန် ငါထံသို့ စေလွှတ်လိုက်သည်။ (သို့ရကား) အလျင်အမြန် ဤအရပ်၌ဖြစ်သော ဥစ္စာများကို စုဆောင်းပေးအပ်ကြလော့”ဟု ပြောဆိုကာ မင်္ဂလာဆောင်ဖွယ် အသွယ်သွယ်သော အမှုကိစ္စတို့ကို ပြုလုပ်စီမံပြီးသော် ဂါမကသူဌေးထံသို့ သတင်းစကားပေးလျက် ဝန်ခံချက်ကို ရယူပြီးလျှင် ပစ္စည်းမျိုးစုံ တရာစီ တရာစီဖြင့်



၇၀၉

ကြီးကျယ်ခမ်းနားစွာ မင်္ဂလာဆောင်မှု ပြုလုပ်ပြီးနောက် ဃောသသူဌေးကြီးအထံသို့ “အကျွန်ုပ်သည် အရှင်သူဌေးမင်းတို့ ပေးလိုက်သော သဝဏ်လွှာပါ အကြောင်းအရာများကို ကြားသိရပါ၍ ဤမည် ဤမည်သော အလုပ်များကို ပြီးပြေအောင် ရွက်ဆောင်အပ်ခဲ့ပါပြီ”ဟု စာရင်းအကျယ်နှင့်တကွ သဝဏ်လွှာကို ပေးပို့လေ၏။

     ကောသမ္ဗီသူဌေးကြီးသည် ထိုသတင်းစကားကို ကြားသိရလေလျှင် မီးလောင်သော သူကဲ့သို့ “ဩ.. ယခုအခါ ငါကား ပျက်စီးခြင်းမလှ ပျက်စီးရလေပြီတကား”ဟု တွေးတောပူပန်မှု အားကြီးသဖြင့် သွေးဝမ်းသွန်သောရောဂါ စွဲကပ်၍ (အကြံ လက်မလျှော့သေးပဲ) “ငါသည် သင်း(ဃောသက)ကို တနည်းနည်းဖြင့် ခေါ်ယူပြီးလျှင် ငါ့ဥစ္စာများကို မပိုင်ဆိုင်အောင် ပြုလုပ်မည်”ဟု အတွင်းကောက် ကြံစည်ကာ “မင်္ဂလာဆောင်မှု ပြုလုပ်ပြီးသောအခါမှစ၍ အဘယ့်ကြောင့် သားသည် အပြင်မှာ ကြာမြင့်စွာ နေထိုင်ဘိသနည်း၊ အလျင်အမြန် ဖခင်ထံသို့ ပြန်ခဲ့လော့”ဟူ၍ သတင်းစကား ပေးပို့စေလေ၏။

     သတင်းစကားကို ကြားသိရ၍ (ရိုးသားရှာသော) ဃောသကလုလင်သည် ဖခင်ထံပြန်ရန် အားထုတ်လတ်သော် ဂါမကသူဌေးသမီးသည် “ဤဃောသက လူရိုးလူအ-ကား ငါ့ကိုအမှီပြု၍ ဤစည်းစိမ်ကို ရပါတကားဟု မသိရှာချေ။ တစုံတခု ဥပါယ်ပြု၍ ဤဃောသက ပြန်မသွားရအောင် ကြံဆောင်မှ သင့်တော့မည်”ဟု ကြံစည်ပြီးလျှင် “အမောင်.. အလွန်လည်း အရေးမကြီးပါလင့်၊ ဆွေမျိုးရွာသို့ သွားသူမည်သည် မိမိ၏အတွက် ပတ်ဝန်းကျင် စီမံဖွယ်အသွယ်သွယ်ကို ပြုလုပ်စီမံပြီးမှသာ သွားသင့်ပါသည်”ဟု ပြောဆို၍ အချိန်ကို ဆွဲထားလေသည်။

     ကောသမ္ဗီသူဌေးကြီးသည်လည်း ဃောသကလုလင် ကြာမြင့်နေသည်ကို သိရှိ၍ “အဘယ့်ကြောင့် သားသည် ကြာမြင့်နေရသနည်း၊ ငါဖခင်သည် သွေးဝမ်းသွန်သောရောဂါသို့ မျှော်လင့်ဖွယ်မရှိအောင် ရောက်ရှိနေချေပြီ၊ ငါ့သားသည် ငါ့ကို အသက်ရှင်စဉ်ပင် လာရောက်ကြည့်ရှုရန် သင့်ပေ၏”ဟု



၇၁၀

တဖန် သတင်းစကားကို ပို့စေပြန်လေ၏။ ထိုအကြိမ်၌ကား သူဌေးသမီးသည် ဃောသကလုလင်ကို အတိအလင်း ဖွင့်ထုတ်၍ “အမောင်.. ကောသမ္ဗီသူဌေးကြီးသည် အမောင်၏ ဖခင်မဟုတ်၊ အမောင်ကား ဖခင်ရင်းဟု မှတ်ထင်နေလေသည်၊ ထိုကောသမ္ဗီသူဌေးကြီးသည် အမောင့်ကိုသတ်ဖို့ရန် အလုပ်သမားမှူးထံသို့ သဝဏ်လွှာ ပို့စေခြင်းဖြစ်သည်။ ကျွန်တော်မသည် ထိုသတ်မိန့်လွှာကို ဆုတ်ဖဲ့ ပယ်ရှားပြီးမှ အခြား (မင်္ဂလာဆောင်ရန်) သတင်းစကားကောင်းကို ပြောင်းလဲရေးသား၍ အမောင့်အား ဤသူဌေးစည်းစိမ်ကိုရအောင် ကြံဆောင်ခဲ့ရပါသည်။ ထိုကောသမ္ဗီသူဌေးကြီးသည် အမောင့်ကို (ရိုးသားစွာ ခေါ်ငင်ခြင်းမဟုတ်)၊ သားမဟုတ်ကြောင်းကို ထင်ရှားအောင် ပြုလုပ်မည်ဟူသော အကြံဖြင့် ခေါ်ငင်ခြင်းဖြစ်သည်။ ထိုသူဌေးကြီး သေသည်တိုင်အောင် ဆိုင်းငံ့ပါဦးလော့”ဟူ၍ ပြောကြား တားမြစ်လေ၏။

     ထို့နောက် ကောသမ္ဗီသူဌေးကြီးမသေသေးပဲ သေပြီဟူသောသတင်းစကားကို ကြားရ၍ ဃောသကတို့ ဇနီးမောင်နှံသည် နောက်ပါအခြံအရံများနှင့်တကွ ကောသမ္ဗီပြည်သို့ သွားကြလေ၏။ သူဌေးသမီးသည် (ဆင်ခြင်ဉာဏ်ရှိသူပီပီ) ဃောသကလုလင်အား အိမ်အပြင်ကပင် “အမောင်.. အိမ်ထဲဝင်လျှင် တအိမ်လုံး အမောင့်အဘွက် အစောင့်အနေ ချထားပြီးမှ ဝင်ပါလေ”ဟု အမှတ်(သတိ)ပေးပြီးလျှင် မိမိကိုယ်တိုင်လည်း သူဌေးသားနှင့် အတူတကွပင် အိမ်တွင်းသို့ဝင်၍ လက်နှစ်ဖက်တို့ကို မြှောက်ချီပြီး ငိုဟန်ပြု၍ မှောင်ထဲ၌ လျောင်းနေသော ကောသမ္ဗီသူဌေးကြီးထံသို့ ချဉ်းကပ်ပြီးလျှင် ဦးခေါင်းဖြင့် သူဌေးကြီး၏ရင်ဝကို တအားဆောင့်လိုက်လေ၏။ သူဌေးကြီးသည် ပင်ကိုယ်ကပင် အားနည်းနေသူ ဖြစ်ရကား ထိုသို့ သူဌေးသမီးက ဦးခေါင်းဖြင့် ရင်ဝကို တအားဆောင့်လိုက်သော ဒဏ်ချက်နှင့်ပင် စုတိပြတ်ကြွေ သေလွန်လေ၏။



၇၁၁

အိမ်တွင်းလူများကို သိမ်းသွင်းခြင်း

     ဃောသကလုလင်သည်လည်း ဖခင်သူဌေးကြီး၏ သရီရဈာပနကိစ္စကို ပြုလုပ်ပြီးလျှင် “အမောင်တို့ အမိတို့သည် ငါ့ကို သူဌေးကြီး၏ သားအရင်းဟူ၍ ပြောကြပါ”ဟု အတွင်းကြိတ်စကား ပြောကြားပြီးလျှင် ကောသမ္ဗီသူဌေးကြီး၏ အတွင်းနေသူများအား စိတ်ကျေနပ်လောက်အောင် လက်ဆောင်တံစိုး ပေးကမ်း၍ထားလေ၏။

သူဌေးကြီးရာထူးကို ရရှိခြင်း

     ထို့နောက် ခုနစ်ရက်မြောက်သောနေ့၌ ကောသမ္ဗီပြည့်ရှင် ဘုရင်ဥဒေနမင်းတရားသည် “သူဌေးရာထူးနှင့် ထိုက်တန်သူတဦးဦးကို ရမှသင့်လျော်မည်”ဟု ကြံစည် ဆင်ခြင်ပြီးလျှင် မင်းမှုထမ်းတို့ကို “အချင်းတို့.. သင်တို့သည် ကွယ်လွန်သူ ကောသမ္ဗီသူဌေးကြီးမှာ သားရှိမရှိ သိအောင်စုံစမ်းရမည်”ဟု အမိန့်တော် ထုတ်ဆင့်ကာ သူဌေးကြီးအိမ်သို့ စုံစမ်းရေး စေလွှတ်လေ၏။ ကောသမ္ဗီသူဌေးကြီး၏ အတွင်းနေ လူတို့သည် ဥဒေနမင်းအား သူဌေးကြီးမှာ ဃောသကမည်သော သားအရင်းရှိပါကြောင်း တညီတညွတ်တည်း လျှောက်ထား ပြောကြားကြလေသည်။

     ဥဒေနမင်းသည် “ကောင်းပြီ”ဟု ဝန်ခံ၍ ဃောသကလုလင်အား သူဌေးရာထူးကို အဆောင်အယောင်နှင့် တကွ ပေးအပ် ခန့်ထားလေ၏။ ထိုအခါမှစ၍ ဃောသကလုလင်သည် “ဃောသကသူဌေးကြီး”ဟူ၍ အမည်ထင်ရှားလေ၏။

နေ့စဉ် တထောင်ကုန် အလှူဝတ်တည်ထားခြင်း

     ထိုသို့ သူဌေးကြီးဖြစ်လာသောအခါ အိမ်ရှင်မ အလိမ္မာကြွယ်သူ သူဌေးကတော်ကလေးသည် “အိုအရှင့်သား.. ကျွန်မတို့နှစ်ဦးလုံးပင် မျိုးရိုးဇာတိ ညံ့ဖျင်းကြသူများဖြစ်သော်လည်း ရှေးကပြုဘူး ကုသိုလ်ထူးကြောင့် ဤသို့ ခမ်းနားကြီးကျယ်သော သူဌေးကြီးစည်းစိမ်ကို ရရှိကြလေသည်။ ယခုအခါလည်း မမေ့မလျော့ ကုသိုလ်ကောင်းမှုကို အကျွန်ုပ်တို့သည် ပြုကြပါစို့”ဟူ၍



၇၁၂

သတိပေးစကား ပြောကြားလေသည်။ ဃောသက သူဌေးကြီးသည်လည်း “ကောင်းလှပါပြီ ရှင်မ”ဟု သူဌေးကတော်ကလေး၏ သတိပေးချက်ကို လက်ခံ သဘောတူပြီးလျှင် နေ့တိုင်း နေ့တိုင်း အသပြာ တထောင် တထောင်ကို စွန့်လွှတ်၍ နိဗဒ္ဓဒါနဝတ်ကို တည်ထား ဖြစ်စေလေ၏*

(ဤကား ကောသမ္ဗီပြည် ဃောသကသူဌေးကြီးအကြောင်းတည်း)။

ကောသမ္ဗီပြည်၌ နဝမဝါ ကပ်တော်မူခြင်း

     ထိုအခါ၌ ကောသမ္ဗီပြည်ဝယ် ဃောသကသူဌေး, ကုက္ကုဋသူဌေး, ပါဝါရိကသူဌေးဟူ၍ သူငယ်ချင်း သူဌေး သုံးဦးတို့ ထင်ရှား ဖြစ်ကြလေကုန်သည်။ သူငယ်ချင်းသူဌေးကြီး သုံးဦးလုံးပင် (ဘုရားမပွင့်သေးမီ အချိန်ဖြစ်၍) ရသေ့ငါးရာတို့ကို ပြုစုလှူဒါန်း ကျွေးမွေးကြလေကုန်သည်။ ရသေ့တို့သည်လည်း မိုးလေးလပတ်လုံး ထိုသူဌေးသုံးဦးတို့၏အထံ (ကောသမ္ဗီပြည်)၌ နေကြ၍ ဆောင်းလေးလ, နွေလေးလ = ရှစ်လတို့ပတ်လုံး ဟိမဝန္တာ၌ နေကြမြဲ ဖြစ်ကုန်၏။

     ဤသို့ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြရာ တနေ့သ၌ ရသေ့ငါးရာတို့သည် ဟိမဝန္တာမှ ကောသမ္ဗီပြည်သို့ အစဉ်သဖြင့် လာကြသည်တွင် ကန္တာရ-ခရီးခဲကြီးထဲ၌ ရေမွတ်သိပ် ပင်ပန်းကြကုန်လျက် လာခဲ့ကြရာ ခရီးခဲ-ကန္တာရ၏အဆုံး၌ ပညောင်ပင်ကြီးတပင်ကို တွေ့မြင်ကြ၍ “ဤပညောင်ပင်ကြီး၏ အခြေအနေကို တွေ့မြင်ရသည်မှာ ဧကန်ပင် ဤပညောင်ပင်ကြီး၌ တန်ခိုးကြီးမားသော ရုက္ခစိုးနတ် ရှိလိမ့်မည်။ ထိုညောင်စောင့်နတ်မင်းသည် ငါတို့အား အကယ်၍ သောက်ရေ သုံးဆောင်ရေကို ပေးပါမူ ကောင်းလေစွာ့”ဟု ကြံစည်မိကြလေကုန်သည်။

     ညောင်စောင့်နတ်မင်းသည် ရသေ့တို့၏အလိုအကြံကို သိရှိ၍ “ဤရသေ့တို့အား သင်္ဂြိုဟ်ချီးမြှောက်မှု ပြုပေအံ့”ဟု ကြံစည်ပြီးလျှင်


     * ဤဃောသကသူဌေးကြီးအကြောင်းကို အင်္ဂုတ္တိုရ်အဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၃၂၁-မှစ၍ ထုတ်နုတ်ရေးသားအပ်ပါသည်။



၇၁၃

မိမိအာနုဘော်ဖြင့် ညောင်ပင်ခွကြားမှ ထမ်းပိုးဦးပမာဏရှိသော ရေအယဉ်ကို ယိုစီးစေလေ၏။ ရသေ့အပေါင်းသည် ငွေတုံးနှင့်တူသော ရေလုံးကြီးကို မြင်ကြရ၍ မိမိတို့၏ ခွက်တို့ဖြင့် ရေကိုခံယူ သုံးဆောင်ကြ၍ “ညောင်စောင့်နတ်သည် ငါတို့အား သုံးစွဲရန် ရေကိုပေးအပ်လေပြီ၊ ဤအရပ်ကား ရွာနှင့်မနီး တောကြီးဖြစ်၏။ ညောင်စောင့်နတ်သည် ငါတို့အား အကယ်၍ အစာအာဟာရကိုလည်း ပေးလှူပါမူ ကောင်းလေစွာ့”ဟူ၍ ကြံစည်ကြလေသည်။ ညောင်စောင့်နတ်သည် ရသေ့တို့အား ထိုက်တန် လျောက်ပတ်သော ဒိဗ္ဗယာဂုခဲဖွယ် စသည်တို့ကို လှူဒါန်းဆက်ကပ်လေ၏။

     တဖန် ရသေ့တို့သည် “ညောင်စောင့်နတ်ကား ငါတို့အား သုံးစွဲရန် ရေနှင့် ဘောဇဉ်ကို လှူအပ်လေပြီ၊ ငါတို့အား ညောင်စောင့်နတ်သည် ကိုယ်ထင်ပြမူ ကောင်းလေစွာ့”ဟူ၍ ကြံစည်ကြပြန်လေသည်။ ညောင်စောင့်နတ်သည် ရသေ့တို့၏အလိုဆန္ဒကို သိ၍ ကိုယ်ထက်ဝက် (အထက်ပိုင်း)ကို ပြလေ၏။ “အိုနတ်.. သင်၏စည်းစိမ်ကား ကြီးကျယ်လှဘိ၏။ အဘယ်ကောင်းမှု အသင်ပြု၍ ဤစည်းစိမ်ကို ရအပ်သနည်း”ဟု ရသေ့တို့က မေးလေသော် ညောင်စောင့်နတ်သည် “မကြီးမကျယ် အနည်းငယ်သော ကောင်းမှုကိုပြု၍ ဤစည်းစိမ်ကို ရအပ်ပါသည်”ဟူ၍ ဖြေကြားလေ၏။ မှန်၏- ညောင်စောင့်နတ်သည် လူ့ပြည်တုန်းက နေ့ထက်ဝက်မျှ ဥပုသ်စောင့်သုံးခဲ့သော ကောင်းမှုကို အမှီပြု၍ ဤစည်းစိမ်ကို ရအပ်လေသည်။

     ချဲ့ဦးအံ့.. ဤညောင်စောင့်နတ်ကား ရှေးဘဝက အနာထပိဏ်သူဌေးအိမ်၌ အလုပ်သမားတယောက် ဖြစ်ခဲ့လေသည်။ သူဌေးအိမ်၌ ဥပုသ်နေ့များဝယ် အယုတ်သဖြင့် ကျွန်များ အလုပ်သမားများကို အစပြု၍ လူအလုံးပင် ဥပုသ်စောင့်သုံးကြလေသည်။ ဤအလုပ်သမားသည် တနေ့သော (ဥပုသ်)နေ့၌ တယောက်တည်း စောစောထ၍ အလုပ်လုပ်ရာဌာနသို့ သွားရောက် လုပ်ကိုင်လေ၏။ အနာထပိဏ်သူဌေးကြီးသည် စားနပ်ရိက္ခာကို ရရှိသောလူများကို မှတ်သား စာရင်းကောက်ယူသည်ရှိသော် ထိုအလုပ်သမားတယောက်တည်း



၇၁၄

တောသို့သွားကြောင်း သိရ၍ ထိုအလုပ်သမား၏ ညစာအတွက် စားနပ်ရိက္ခာကို ပေးလေ၏။ ထမင်းချက် ကျွန်မသည် တယောက်စာသာ ထမင်းချက်၍ ထိုအလုပ်သမား တောမှပြန်လာသောအခါ ထမင်းခူး၍ ပေးလေ၏။

     အလုပ်သမားသည် “အခြားနေ့များ၌ ဤထမင်းစားချိန်မှာ တအိမ်လုံး ဆူညံလျက်ရှိ၏၊ ယနေ့မူ အလွန်ပင် တိတ်ဆိတ်လှဘိ၏။ ဤသို့ ဖြစ်ရခြင်းသည် အကြောင်း အဘယ်သို့နည်း”ဟု ကြံစည်မိကာ ထမင်းချက်ကျွန်မကို မေးမြန်းလေသည်။ ထမင်းချက်ကျွန်မသည် ထိုအလုပ်သမားအား “ယနေ့ ဤအိမ်၌ လူအားလုံးပင် ဥပုသ်စောင့်သုံးကြသည်၊ သူဌေးကြီးသည် အမောင်တယောက်အားသာ စားနပ်ရိက္ခာ ပေးလေသည်”ဟူ၍ အကြောင်းကို ပြန်ကြား ပြောဆိုသောအခါ အလုပ်သမားသည် “အမိ.. ဤအတိုင်း ဟုတ်ပါသလော”ဟု မေးမြန်းလေ၏။ ထမင်းချက်ကျွန်မက “ဟုတ်ပါသည် အရှင်..”ဟု ပြန်ကြားသောအခါ အလုပ်သမားသည် “ဤယခု ညချမ်းအခါ၌ ဥပုသ်ကို ဆောက်တည်သောသူ့အဖို့ ဥပုသ်ကျင့်သုံးမှု ဖြစ်နိုင် မဖြစ်နိုင် သူဌေးကြီးကို မေးပေးစမ်းပါ အမိ..”ဟူ၍ တိုက်တွန်းစကား ပြောကြားလေသည်။

     ထမင်းချက်ကျွန်မက သွားရောက် မေးမြန်းသောအခါ “တရက်လုံး ဥပုသ်ကျင့်သုံးမှုတော့ မဖြစ်နိုင်၊ နေ့ဝက်ဥပုသ် ကျင့်သုံးမှုကား ဖြစ်နိုင်ပါ၏၊ (ယင်းသို့ နေ့ဝက်ဥပုသ် ကျင့်သုံးလျှင်လည်း) ဥပုသ်ကျင့်သုံးသည်သာ မည်ပါ၏”ဟူ၍ သူဌေးကြီးက ပြန်လည် ဖြေကြားလေသည်။

     အလုပ်သမားသည် (သူဌေးကြီး၏ ဖြေကြားချက်ကို ကြားရသောအခါ) ထမင်းမစားတော့ပဲ လုပ်ကျင်း၍ ဥပုယ်အင်္ဂါများကို ဆောက်တည်ခံယူပြီးလျှင် မိမိနေရာကိုယူ၍ အိပ်လေတော့၏။ ထိုအလုပ်သမား၏ ကိုယ်ခန္ဓာမှာ အစာအာဟာရ လုံးဝမရှိရကား ညဉ့်အခါ လေပျက်၍ နံနက်မိုးသောက်ထအခါ စုတိပြတ်ကြွေ သေလွန်ပြီးလျှင် နေ့ထက်ဝက်ဥပုသ် ကျင့်သုံးခဲ့သော ကောင်းမှု၏ အကျိုးဆက်ကြောင့် လမ်းမကြီးအနီး



၇၁၅

တောအုပ်ကြီး၏အဝဝယ် ယခု ဖော်ပြရာပါ ပညောင်ပင်စောင့်နတ်သား ဖြစ်လာလေသည်။

     ညောင်စောင့်နတ်မင်းသည် ဖော်ပြရာပါ အကြောင်းအရာ အားလုံးကို ရသေ့တို့အား ပြန်ကြားလျှောက်ထားလေသည်။ ရသေ့များက “သင် ညောင်စောင့်နတ်မင်းတို့သည် ငါတို့ကို ဘုရား, တရား, သံဃာဟူသည့် ရှေးကမကြားဘူးသော စကားကို ပြောကြားအပ်ပါကုန်ပြီ၊ လောက၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေပါသလော”ဟု မေးမြန်းသောအခါ ညောင်စောင့်နတ်က ဟုတ်မှန်ကြောင်း ပြန်ကြားလျှောက်ထားလေသည်။ တဖန် ရသေ့များက “ယခုအခါ မြတ်စွာဘုရားရှင်သည် အဘယ်အရပ်မှာ သီတင်းသုံး နေထိုင်တော်မူပါသနည်း”ဟု မေးပြန်သောအခါ “သာဝတ္ထိပြည်ကို အမှီဂေါစရဂံပြု၍ ဇေတဝန်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူပါသည်”ဟု ပြန်ကြား လျှောက်ထားလေသည်။

     ထိုအခါ ရသေ့တို့သည် “အသင် ညောင်စောင့်နတ်မင်းတို့.. နေရစ်ကြကုန်လော့၊ ငါတို့ ဘုရားဖူးရန် သွားကြကုန်အံ့”ဟု ပြောဆိုကြကာ ဝမ်းမြောက်ဝမ်းသာ ထိုတောအုပ်မှ ထွက်ခဲ့ကြ၍ အစဉ်သဖြင့် ခရီးချီခဲ့ကြရာ ကောသမ္ဗီပြည်သို့ ဆိုက်ရောက်ကြလေကုန်၏။ သူဌေးကြီး သုံးဦးတို့သည် “ရသေ့များ ကြွလာကြပြီ”ဟု ခရီးဦးကြိုဆိုကြပြီးလျှင် “နက်ဖြန် တပည့်တော်များ၏ဆွမ်းကို ခံယူတော်မူကြပါကုန်ဘုရား”ဟု လျှောက်ထား ပင့်ဖိတ်ကြ၍ နောက်တနေ့၌ ရသေ့အပေါင်းအား ကြီးစွာသော အလှူဒါနကို ပေးလှူကြလေကုန်၏။

     ရသေ့တို့သည် ဆွမ်းစားပြီးလျှင်ပြီးခြင်း “ငါတို့ သွားကြတော့မည်”ဟု ပန်ကြားကြလေသော် သူဌေးသုံးဦးတို့က “အရှင်ဘုရားတို့.. အရှင်ဘုရားတို့သည် ရှေးရှေး ကြွရောက်လာသော အခေါက်များက တလ, နှစ်လ, သုံးလ, လေးလ နေထိုင်ကြပြီးမှ အရပ်တပါးသို့ ကြွသွားကြပါသည်၊ ဤအခေါက်မှာမူ ယမန်နေ့ကပင် လာရောက်၍ ယနေ့ပင် သွားကြတော့မည်ဟု



၇၁၆

မိန့်တော်မူကြကုန်၏။ ဤသို့ မိန့်တော်မူကြခြင်းမှာ အဘယ့်ကြောင့်ပါနည်း”ဟု လျှောက်ထား မေးမြန်းကြလေကုန်၏။ “ဟုတ်ပါသည် သူဌေးတို့..၊ လောက၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေပြီ၊ အသက်အန္တရာယ်ကို မသိနိုင်ပါ။ ထို့ကြောင့် ငါတို့သည် အဆောတလျင် သွားလိုကြခြင်း ဖြစ်ပါသည်”ဟု ရသေ့တို့က ပြန်လည် မိန့်ကြားကြသောအခါ သူဌေးသုံးဦးတို့သည် “အရှင်ဘုရားတို့.. ထိုသို့ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေလျှင် အကျွန်ုပ်တို့လည်း လိုက်ကြပါမည်၊ အကျွန်ုပ်တို့နှင့် အတူတကွသာလျှင် ကြွတော်မူကြပါ”ဟူ၍ လျှောက်ထားကြလေကုန်၏။

     ထိုအခါ ရသေ့တို့သည် “သင်တို့ လူများမည်သည် အလုပ်ကိစ္စ အလွန်ရှုပ်ထွေး များပြားလှ၏၊ သင်တို့သည် နေရစ်ခဲ့ကြဦး၊ (နောက်မှ တဖြည်းဖြည်း လိုက်ခဲ့ကြလော့)၊ ငါတို့သည် အလျင်လက်ဦး သွားနှင့်ကြကုန်အံ့”ဟု ပြောဆိုကြ၍ ကောသမ္ဗီပြည်မှ ထွက်ခဲ့ကြပြီးလျှင် တနေရာ တနေရာမှာ နှစ်ရက်မနေကြပဲ အဆောတလျင် သွားရောက်ခြင်းဖြင့် သာဝတ္ထိပြည်သို့ ရောက်ကြ၍ ဇေတဝန်ကျောင်းတိုက်တော် မြတ်စွာဘုရားရှင် ထံမှောက်သို့သာလျှင် တောက်လျှောက်သွားရောက် ဆည်းကပ်ကြလေကုန်၏။ မြတ်စွာဘုရားရှင်၏ ထံတော်မှောက်၌ ချိုမြိန်သော တရားစကားကို ကြားနာကြရ၍ ရသေ့ငါးရာလုံးပင် ရှင်ရဟန်း ပြုကြပြီးလျှင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်ကြလေကုန်၏။

သူဌေးသုံးဦး သောတာပန်တည်ကြခြင်း

     သူဌေးသုံးဦးတို့သည် ရသေ့များ သွားပြီးသည့်နောက်မှ လှည်းအစီး ငါးရာစီ လှူဖွယ်ဝတ္ထုအပြည့် တင်ဆောင်ကြ၍ ကောသမ္ဗီပြည်မှ ထွက်ခဲ့ကြပြီးလျှင် အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်ကြ၍ ဇေတဝန်ကျောင်းတိုက်၏အနီး၌ လှည်းဝန်းဖွဲ့ကာ ယာယီမဏ္ဍပ်များ ဆောက်လုပ်ကြပြီးလျှင် မြတ်စွာဘုရားထံသို့ သွားရောက်ကြ၍ ထိခြင်းငါးမျိုးဖြင့် ရိုသေစွာ ရှိခိုးကြလျက် အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြလေ၏။ မြတ်စွာဘုရားရှင်သည်



၇၁၇

ထိုသူဌေးသုံးဦးတို့အား စရိုက်နှင့်လျော်စွာ တရားဒေသနာကို ဟောကြားတော်မူလေ၏။ ဒေသနာနိဂုံး ဆုံးသောအခါ သူဌေးသုံးဦးလုံးပင် သောတာပတ္တိဖိုလ်၌ တည်ကြ၍ နက်ဖြန်အလို့ငှါ ပင့်ဖိတ်ကြပြီးလျှင် နောက်တနေ့၌ ဘုရားအမှူးရှိသော ရဟန်းအပေါင်းအား ကြီးစွာသော အလှူဒါနကို ပေးလှူကြလေသည်။ ထိုနည်းဖြင့်ပင် လခွဲ (=တဆယ့်ငါးရက်)ပတ်လုံး “ယာယီမဏ္ဍပ်ဆွမ်း”မည်သည်ကို ဆက်ကပ်လှူဒါန်းကြ၍ မြတ်စွာဘုရားရှင်ကို မိမိတို့၏ ကောသမ္ဗီပြည်သို့ ကြွရောက် ချီးမြှောက်တော်မူရန် တောင်းပန်လျှောက်ထားကြလေသော် မြတ်စွာဘုရားရှင်သည် “ဒါယကာသူဌေးတို့.. မြတ်စွာဘုရားရှင်တို့သည် ဆိတ်ငြိမ်ရာ၌ မွေ့လျော်တော်မူကြကုန်သည်”ဟု မိန့်ကြားတော်မူလေ၏။

     သူဌေးသုံးဦးတို့သည် “သိပါပြီ မြတ်စွာဘုရား..”ဟု လျှောက်ထားကြ၍ “အရှင်မြတ်ဘုရားတို့သည် တပည့်တော်များ သတင်းစကား ပို့ရောက်ပင့်ဖိတ်သောအခါ ကြွတော်မူပါကုန်ဘုရား”ဟု လျှောက်ထားကြပြီးလျှင် မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးဦးညွှတ် လက်ျာရစ်သုံးပတ် လှည့်လည်ကြ၍ သာဝတ္ထိပြည်မှ ထွက်ခဲ့ကြကာ လမ်းခရီးအကြား တယူဇနာ တယူဇနာလျှင် စံကျောင်းတော် တဆောင် တဆောင် ဆောက်လုပ်စေကြ၍ အစဉ်သဖြင့် ကောသမ္ဗီပြည်သို့ ရောက်သည်ရှိသော် “လောက၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူလာပြီ”ဟု ကျေညာ ကြွေးကြော်စကား ပြောကြားကြပြီးလျှင် သူဌေးသုံးဦးလုံးပင် မိမိ မိမိတို့၏ ဥယျာဉ်အသီးသီး၌ များစွာသောဥစ္စာကို စွန့်ကြဲ၍ မြတ်စွာဘုရားရှင်အတွက် ကျောင်းတိုက်ကြီးများ တည်ဆောက်ကြလေသည်။

     ထိုကျောင်းတိုက်ကြီး သုံးတိုက်တို့အနက် ဃောသကသူဌေး ဆောက်လုပ်သော ကျောင်းတိုက်ကြီးသည် “ဃောသိတာရုံ” ကျောင်းတိုက်ဟု အမည်တွင်လေသည်။ ကုက္ကုဋသူဌေး ဆောက်လုပ်သော ကျောင်းတိုက်ကြီးသည် “ကုက္ကုဋာရုံ” ကျောင်းတိုက်ဟု အမည်တွင်၍ ပါဝါရိကသူဌေး မိမိ၏ သရက်ဥယျာဉ်အတွင်း



၇၁၈

ဆောက်လုပ်အပ်သော ကျောင်းတိုက်ကြီးကား “ပါဝါရိကမ္ဗဝန”ဟု အမည်တွင်လေသည်။

     ထိုသူဌေးသုံးဦးတို့သည် ကျောင်းတိုက်ကြီးများ ဆောက်လုပ် ပြီးစီးသောအခါ “မြတ်စွာဘုရားသည် အကျွန်ုပ်တို့အား ချီးမြှောက်တော်မူပါရန် ဤအကျွန်ုပ်တို့နေရာ ကောသမ္ဗီပြည်သို့ ကြွတော်မူပါဘုရား”ဟု မြတ်စွာဘုရား ထံတော်မှောက်သို့ တမန်စေလွှတ်၍ ပင့်ကြလေကုန်၏။

လမ်းခရီးအကြား မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံတို့ကို

ချေချွတ်တော်မူခြင်း

     မြတ်စွာဘုရားရှင်သည်“ကောသမ္ဗီပြည်သို့ ကြွချီအံ့”ဟု များစွာသော ရဟန်းအပေါင်းခြံရံလျက် ခရီးဒေသစာရီ ကြွချီတော်မူလတ်သော် လမ်းခရီးအကြား၌ မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံတို့၏ အရဟတ္တဖိုလ်ရကြောင်း ရှေးကောင်းမှု ဥပနိဿယည်းကို မြင်တော်မူရကား သွားမြဲသော ခရီးအစဉ်ကိုဖြတ်၍ ကုရုတိုင်း ကမ္မာသဒမ္မနိဂုံးသို့ ကြွတော်မူလေ၏။

     ထိုအခါ မာဂဏ္ဍီပုဏ္ဏားကြီးသည် တညဉ့်လုံး ရွာပြင်ပ၌ မီးပူဇော်မှုပြု၍ စောစောပင် ရွာတွင်းသို့ ဝင်လာဆဲဖြစ်၏။ မြတ်စွာဘုရားရှင်သည်လည်း နောက်တနေ့၌ ရွာတွင်းသို့ ဆွမ်းခံဝင်တော်မူလတ်သော် ခရီးရင်ဆိုင်၌ မာဂဏ္ဍီပုဏ္ဏားကြီးအား ကိုယ်တော်မြတ်ကို မြင်စေလေ၏။ ပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်ကို မြင်လေလျှင် “ငါသည် ဤမျှရှည်ကြာ အခါပတ်လုံး ငါ့သမီး (မာဂဏ္ဍီ)နှင့် ရုပ်ရည်အဆင်း တင့်တယ်ခြင်းတူညီသော သတို့သားကို ဖွေရှာလျက် လှည့်လည်ခဲ့၏၊ ရုပ်ရည်အဆင်း တင့်တယ်ခြင်း တူညီသော်လည်း ရဟန်းအသွင်ကိုယူသော သတို့သားကိုသာ တောင့်တခဲ့ပြီ၊ ဤရဟန်းသည်ကား အဆင်းလှသူ ဖြစ်၏။ ရှုချင်ဖွယ်လည်းရှိ၏၊ ငါသမီးနှင့်သာ သင့်လျော် လျောက်ပတ်သောသူ ဖြစ်လေသည်”ဟု ကြံစည်ပြီးလျှင် အိမ်သို့ အလျင်အမြန် ပြန်ခဲ့လေသည်။



၇၁၉

(ထိုမာဂဏ္ဍီပုဏ္ဏားကြီး၏ အနွယ်အဆက်မှာ ရှေးက ရဟန်းအနွယ်အဆက်တခု ပါရှိခဲ့လေသည်၊ ထို့ကြောင့် ရဟန်းကိုမြင်လျှင်ပင် ပုဏ္ဏား၏စိတ်သည် သမီးကိုပေးအပ်ရန် ညွတ်ခဲ့လေသည်)။

     မာဂဏ္ဍီပုဏ္ဏားကြီးသည် အိမ့်ရှင်မ (=မာဂဏ္ဍီပုဏ္ဏေးမကြီး)ကို “အိုရှင်မ.. ငါသည် ဤလိုရဟန်းမျိုးကို ရှေးက မမြင်အပ်စဘူး၊ (ငါ ယခုမြင်ခဲ့သော ရဟန်းသည်) ရွှေရောင်အဆင်းရှိ၏၊ ဗြဟ္မာမင်းကဲ့သို့သော အဆင်းရှိ၏၊ ငါ့သမီးနှင့်သာ သင့်လျော် လျောက်ပတ်သူ ဖြစ်၏။ ငါ့သမီးကို လျင်မြန်စွာ တန်းဆာဆင်ပါလော့”ဟု ပြောဆိုလေ၏။ ပုဏ္ဏေးမကြီး သမီးကို တန်းဆာဆင်နေစဉ်ပင် မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ် ရပ်တည်ရာအရပ်၌ ခြေတော်ရာ (=ပါဒစေတီ)တို့ကို ချထား၍ မြို့တွင်းသို့ ဆွမ်းခံကြွဝင်တော်မူလေ၏။

(အထူးမှတ်ဖွယ်။ ။မြတ်စွာဘုရားရှင်တို့၏ ခြေတော်ရာသည် အဓိဋ္ဌာန်၍ နင်းတော်မူရာ အရပ်၌သာလျှင် ထင်၏၊ အခြားအရပ်၌ မထင်။ အကြင်သူများအတွက် အဓိဋ္ဌာန်အပ်၏။ ထိုသူများသာ ခြေတော်ရာကို မြင်ကြရကုန်၏။ ထိုသူများမမြင်ရန် ဆင်စသော သတ္တဝါတို့ကမူလည်း နင်းကြစေကာမူ, မိုးကြီးမူလည်း သည်းထန်စွာ ရွာသွန်းစေကာမူ, ဝေရမ္ဘလေကြီးများကမူလည်း တိုက်ခတ်ကုန်စေကာမူ ထိုခြေတော်ရာကို တဦးတယောက် တခုခုကမှ ချေဖျက်ရန် မစွမ်းနိုင်ချေ။ ဓမ္မပဒ-ဋ္ဌ၊ ၁၊ ၁၂၉-မှ)။

     ထို့နောက် ပုဏ္ဏားကြီးသည် ပုဏ္ဏေးမကြီးနှင့် အတူတကွ သမီးကိုခေါ်ဆောင်၍ ထိုအရပ်သို့ လာလတ်သော် ဘုရားရှင် ရွာတွင်းသို့ ဝင်တော်မူပြီးမှ ထိုနေရာသို့ ရောက်သောကြောင့် ထိုမှဤမှ ကြည့်ရှု၍ မြတ်စွာဘုရားရှင်ကို မမြင်ရလေလျှင် ပုဏ္ဏေးမကြီးကို “ရှင်မ ပြုသမျှသည် ကောင်းသည်ဟူ၍ကို မရှိ၊ ရှင်မ အကျယ်ချဲ့လွန်း၍ ထိုရဟန်းသည် ထွက်ခွါ၍ သွားခဲ့လေပြီ”ဟု မကျေမချမ်း ရေရွတ်စကား ပြောကြားလေ၏။ ပုဏ္ဏေးမကြီးက “အို ပုဏ္ဏား ထွက်ကြွသွားသည် ရှိပါစေတော့၊ အဘယ်အရပ်မျက်နှာအဖို့ဖြင့် ထွက်ကြွသွားပါသနည်း”ဟု မေးလေသော် ပုဏ္ဏားကြီးသည်



၇၂၀

“ဤအရပ်မျက်နှာအဖို့ဖြင့် ကြွသွားဒါပဲ”ဟု ပြောဆိုကာ မြတ်စွာဘုရား ကြွသွားတော်မူရာအရပ်ကို ကြည့်ရှုစဉ်ပင် ခြေတော်ရာ (=ပါဒစေတီတော်)တို့ကို မြင်ရ၍ “အိုရှင်မ.. ဤခြေရာတို့ကား ထိုယောက်ျား၏ ခြေရာတို့တည်း၊ ဤအရပ်မှ ကြွသွားသည် ဖြစ်ပါလိမ့်မည်”ဟူ၍ ပြောဆိုလေ၏။

     ထိုအခါ ပုဏ္ဏေးမကြီးသည် မြတ်စွာဘုရားရှင်၏ ခြေတော်ရာ (=ပါဒစေတီတော်)တို့ကို ဖူးတွေ့ရ၍ “ဤပုဏ္ဏားကား မလိမ္မာစွာ့တကား၊ မိမိ၏ဆိုင်ရာ ဝေဒကျမ်း၏ အနက်မျှကိုပင် မသိစွာ့တကား”ဟု ကြံစည်ပြီးလျှင် ပုဏ္ဏားကြီးနှင့် ပြက်ရယ်မှု ပြုလိုသည်ဖြစ်၍ “အိုပုဏ္ဏား.. သင်ကား အလွန်ပင် မလိမ္မာသူ ဖြစ်ဘိ၏။ ဤသို့သဘောရှိသော ယောက်ျားမြတ်အား သမီးကိုပေးအံ့ဟု ပြောမှ ပြောရက်ပလေ၊ ရာဂ, ဒေါသ, မောဟမကင်းသော ယောက်ျား၏ ခြေရာသည် ဤကဲ့သို့ မဟုတ်ချေ၊ စင်စစ်သော်ကား လောက၌ ကိလေသာ တည်းဟူသော အမိုးကို ဖျက်ချိုးဖွင့်လှစ်ပြီးသော သဗ္ဗညုမြတ်စွာဘုရား၏ ဤခြေတော်ရာကို သေသေချာချာကြည့်စမ်း ပုဏ္ဏား..

ရတ္တဿ ဟိ ဥက္ကုဋိကံ ပဒံ ဘဝေ၊

ဒုဋ္ဌဿ ဟောတိ အဝကဍ္ဎိတံ ပဒံ။

မူဠှဿ ဟောတိ သဟသာနုပီဠိတံ၊

ဝိဝဋစ္ဆဒဿ ဣဒမီဒိသံ ပဒံ။

ရာဂများသူ၏ ခြေရာသည် အလယ်က မထိပဲ ရှိတတ်၏။

ဒေါသများသူ၏ ခြေရာသည် နောက်သို့ ငင်သကဲ့သို့ရှိ၏။

မောဟများသူ၏ ခြေရာသည် ခြေဖျားဖနောင့်တို့ဖြင့် ဖိ၍နင်းသကဲ့သို့ ရှိ၏။

ယခုမြင်ရသော ဤခြေရာကား ကိလေသာအမိုး ဖျက်ချိုးဖွင့်လှစ်ပြီးသူ သဗ္ဗညုမြတ်စွာဘုရား၏ ခြေတော်ရာသာဖြစ်၏-



၇၂၁

ဟူ၍ ပြောဆိုလေ၏။ ပုဏ္ဏားကြီးသည် ပုဏ္ဏေးမကြီးက ဤမျှလေးနက်စွာ ပြောဆိုပါလျက်လည်း နားမဝင်ပဲ “ရှင်မသည် ရုန့်ရင်းလှဘိ၏၊ နှုတ်ထွက်ကြမ်းလှဘိ၏”ဟူ၍ ပြောဆိုလေ၏။ ထိုပုဏ္ဏားကြီး ဇနီးမောင်နှံတို့ အချင်းချင်း ငြင်းခုံစကား ပြောကြားနေကြစဉ် မြတ်စွာဘုရားရှင်သည် ဆွမ်းခံလှည့်လည်တော်မူ၍ ရဟန်းအပေါင်းနှင့်တကွ ဆွမ်းစားခြင်းကိစ္စ ပြုပြီးလတ်သော် မာဂဏ္ဍီပုဏ္ဏားကြီး၏ မြင်နိုင်လောက်ရာ ဥပစာအရပ်ဖြင့်ပင် ထွက်ကြွလာတော်မူလေ၏။

     မာဂဏ္ဍီပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင် ကြွလာတော်မူသည်ကို အဝေးမှပင် မြင်လတ်၍ ပုဏ္ဏေးမကြီးကို မောင်းမဲငေါက်ငမ်းပြီးလျှင် “ငါပြောသည့် ထိုယောက်ျားကား ဤသူပင်တည်း”ဟု နှစ်သက်အားရမ်း ဝမ်းမြောက်ဝမ်းသာ မြတ်စွာဘုရားရှင်၏ ရှေ့တည့်တည့်မှ ရပ်တည်၍-

“အိုရဟန်း.. ငါသည် သင့်ကို အစောကြီးကပင် ရှာဖွေ လှည့်လည်နေပါသည်။ ဤဇမ္ဗူဒီပါကျွန်းအပြင်၌ ငါ့သမီးနှင့် ရုပ်ရည်အဆင်း တူညီသော မိန်းမဟူ၍ တယောက်မျှမရှိ၊ သင်နှင့် ရုပ်ရည်အဆင်း တူညီသော ယောက်ျားလည်း ဤဇမ္ဗူဒီပါကျွန်းအပြင်၌ မရှိချေ။ ငါ့သမီးကို သင့်အား လုပ်ကျွေးပြုစု ယုယရန် ပေးလိုပါ၏။ ထိုငါ့သမီးကို သင် ယူပါလော့”–

ဟူ၍ တိုက်ရိုက်တဲ့တိုး ရိုးရိုးပင် ပြောလေတော့၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် မာဂဏ္ဍီပုဏ္ဏားကြီးကို-

“အိုပုဏ္ဏားကြီး.. ငါဘုရားသည် ငါ့ကိုဖြားယောင်းရန် လာရောက်ကြကာ အနီး၌ ရပ်တည်ကြလျက် အထူးထူး အပြားပြား ချစ်တင်းစကား ပြောကြားကြသည့် ဝသဝတ္တီ မိုးရပ်နေ မြတ်သောအဆင်းကို ဆောင်ကြသည့် မာရ်နတ်မင်းသမီး သုံးယောက်တို့ကိုသော်မှလည်း အလိုမရှိခဲ့ချေ။



၇၂၂

ဤသင့်သမီး မာဂဏ္ဍီကိုကား အဘယ်မှာလျှင် ငါယူလိုအံ့နည်း (=မယူလိုသည်သာတည်း)”-

ဟု မိန့်တော်မူ၍-

ဒိသွာန တဏှံ အရတိံ ရဂဉ္စ၊

နာဟောသိ ဆန္ဒော အပိ မေထုနသ္မိံ။

ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ၊

ပါဒါပိ နံ သမ္ဖုသိတုံ န ဣစ္ဆေ။

တဏှဉ္စ = တဏှာမည်သော မာရ်နတ်မင်းသမီးကို၎င်း။ အရတိဉ္စ = အရတိမည်သော မာရ်နတ်မင်းသမီးကို၎င်း။ ရဂဉ္စ = ရဂါမည်သော မာရ်နတ်မင်းသမီးကို၎င်း။ ဒိသွာန = အဇပါလမည်လျှင်း ပညောင်ရင်းဝယ် ရုပ်ဆင်းတန်တန် ပြုလုပ်ဖန်၍ ငါ့ထံနီးမှောက် (အပိုင်စီးမည်ဟု) လာရောက်သည်ကို မျက်မှောက်ထင်ထင် တွေ့မြင်ရပါလျက်။ မေထုနသ္မိံ = အလိုတူသူ ထိုနှစ်လူတို့ ကြည်ဖြူယုယ ပြုလုပ်ကြသား မေထုနခေါ်မှန်း အကျင့်သွမ်း၌။ ဆန္ဒော အပိ = ကာယကံမြောက် ကျင့်ဆောက်ဖို့ကား မဆိုထားဘိ လိုလားတောင့်တ တဏှာဆန္ဒမျှပင်သော်လည်း။ (မေ = ဘုရားဘုန်းဝှန် ငါ့သန္တာန်၌။ ထည့်)။ နာဟောသိ = တစိုးတစိ ဥပါဒ်ဖြစ်ပွါးခြင်း မရှိခဲ့ချေ။ မုတ္တကရီသပုဏ္ဏံ = ကျင်ငယ်ကျင်ကြီး ရွံစဖွယ်အသီးသီးတို့ ယိုစီးမလောက်ပေ ပြည့်လျှမ်း၍နေသော။ ဣဒံ = ဤမာဂဏ္ဍီသူငယ်မ၏ ဝဏ္ဏမည်လျှင်း ရုပ်အဆင်းကို။ ဒိသွာန = မြင်ရ၍ကား။ ဆန္ဒော = လိုချင်တောင့်တ တဏှာဆန္ဒသည်။ ကိမေဝ အဟောသိ = အဘယ်မှာလျှင် အာသာစွန်းငြိ ဖြစ်တုံဘိလိမ့်နည်း။ နံ = ထိုမာဂဏ္ဍိယ သူငယ်မကို။ ပါဒါပိ = ခြေဖြင့်လည်း။ သမ္ဖုသိတုံ = ပေါင်းဖက်ရန် ထိရုံကလေးမျှ ထိခြင်းငှါ။ န ဣစ္ဆေ = ဝတ္ထုနှင့်ကိလေသာ နှစ်ဖြာသောကာမ ငါ့သန္တာန်ဝယ် ကင်းပသဖြင့် မတောင့်တဧကန် အလိုမရှိမှန်လှပေ၏။-



၇၂၃

ဟူသော ဤဂါထာကို မာဂဏ္ဍီပုဏ္ဏားကြီးအား ပြောကြားသည့်အနေမဟုတ်ပဲ အခြားသူ တဦးတယောက်နှင့် ပြောကြားသကဲ့သို့ ရွတ်ဆို ဟောကြားတော်မူလေ၏။

မာဂဏ္ဍီသူငယ်မ ရန်ငြိုးဖွဲ့ခြင်း

     မာဂဏ္ဍီပုဏ္ဏေးသမီးသည် “ငါ့ကို အလိုမရှိလျှင် “မလိုချင်”ဟူ၍သာ ရိုးသားစွာ ပြောဆိုသင့်၏၊ ယခုမူကား ဤရဟန်းဂေါတမသည် ငါ့ကိုယ်ကို ကျင်ကြီးကျင်ငယ် ရွံစဖွယ်အပြည့် ရှိနေသည်ကို ဖွင့်ဟပြောဆိုကာ ခြေဖြင့်သော်မှလည်း မတို့ထိလိုဟု ရက်ရက်စက်စက် ပစ်ပစ်ခါခါ ပြောဆိုဘိ၏။ ရှိစေဦး၊ ငါ အထွတ်အထိပ်သို့ ရောက်ရှိလျှင် ဤရဟန်းဂေါတမ၏ သေဖို့ရန် အခွင့်အပေါက်ကိုသာ ရှာကြံကြည့်ရှုမည်”ဟူ၍ အကြံမှားကာ မြတ်စွာဘုရားရှင်အပေါ်၌ အာဃာတ(=ရန်ငြိုး) ဖွဲ့ထားလေတော့၏။

မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံတို့ အနာဂါမ်တည်ပြီးနောက်

ရဟန္တာဖြစ်ကြခြင်း

     မြတ်စွာဘုရားရှင်သည် မာဂဏ္ဍီသူငယ်မ၏ ရန်ငြိုးဖွဲ့မှုကို ဂရုမမူပဲ စရိုက်အား သင့်လျော်သည်ကို ချင့်မြှော်ထောက်ထား၍ မာဂဏ္ဍီပုဏ္ဏားကြီးအား တရားဟောတော်မူလေ၏။ (မာဂဏ္ဍီပုဏ္ဏားကြီးအား ဟောကြားအပ်သော တရားတော်ကို သုတ္တနိပါတ်ပါဠိတော် ပိဋကတ်မြန်မာပြန် မာဂဏ္ဍိယသုတ်မှ ထုတ်ဆောင် မှတ်သားရာ၏)။ မာဂဏ္ဍိယသုတ္တန် ဒေသနာနိဂုံး ဆုံးလတ်သောအခါ မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံ နှစ်ဦးလုံးပင် အနာဂါမိဖိုလ်၌ တည်ကြပြီးလျှင် (=အနာဂါမ်အရိယာ ဖြစ်ကြပြီးလျှင်) “ယခုအခါ ငါတို့၏အဖို့ရာ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေခြင်းဖြင့် အကျိုးမရှိတော့ပြီ”ဟု ဆင်ခြင်စဉ်းစားကြကာ မိမိတို့၏သမီး မာဂဏ္ဍီသူငယ်မကို ဖထွေး (=အဖေ၏ညီ)ဖြစ်သူ မာဂဏ္ဍီထံ အပ်နှံကြ၍ နှစ်ဦးလုံးပင် ရဟန်းပြုကြပြီး ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်ကြသဖြင့် အာသဝေါကုန်ခန်း ရဟန္တာဖြစ်ကြလေ သတည်း။



၇၂၄

ကောသမ္ဗီပြည် ကျောင်းတိုက်ကြီးသုံးတိုက်ကို

အလှူခံတော်မူခြင်း

     မြတ်စွာဘုရားရှင်သည်လည်း မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံတို့ကို ချေချွတ်တော်မူပြီးနောက် အစဉ်သဖြင့် ခရီးဒေသစာရီ ကြွချီတော်မူခဲ့ရာ များစွာသော ရဟန်းအပေါင်း ခြံရံလျက် ကောသမ္ဗီပြည်သို့ ရောက်တော်မူလေ၏။

     သူဌေးသုံးဦးတို့သည် မြတ်စွာဘုရားရှင် ကြွလာတော်မူကြောင်း သတင်းကောင်းစကား ကြားသိကြရလေသော် ကြီးကျယ်ခမ်းနားစွာ မြတ်စွာဘုရားရှင် အမှူးပြုသော သံဃာတော်ကို ခရီးဦးကြိုဆိုကြကာ ကျောင်းတိုက်သို့အရောက် ပင့်ဆောင်ကြပြီးလျှင် ကျောင်းတိုက်သို့ ရောက်သောကာလ ထိခြင်းငါးမျိုးဖြင့် ရိုသေမြတ်နိုး ရှိခိုးကြလျက် အပြစ်လွတ်ရာအရပ်၌ ထိုင်နေကြပြီးလျှင် “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တပည့်တော်များသည် ဤကျောင်းတိုက်ကြီး သုံးတိုက်တို့ကို အရှင်ဘုရားတို့ကို ရည်ညွှန်း၍ ဆောက်လုပ်အပ်ပါကုန်ပြီ၊ ဘုန်းတော် ကြီးသော မြတ်စွာဘုရား.. စတုဒိသာသံဃာအား ချီးမြှောက်ခြင်းအကျိုးငှါ ထိုကျောင်းတိုက်ကြီး သုံးတိုက်တို့ကို ကရုဏာရှေးရှူ အလှူခံတော်မူပါကုန်ဘုရား”ဟူ၍ လျှောက်ထားကြလေကုန်၏။ မြတ်စွာဘုရားရှင်သည် ထိုသူဌေးသုံးဦးတို့ လျှောက်ထား တောင်းပန်ချက်အရ ထိုကျောင်းတိုက်ကြီး သုံးတိုက်ကို အလှူခံတော်မူလေ၏။ သူဌေးတို့သည်လည်း မြတ်စွာဘုရားရှင်ကို နက်ဖြန် ကောင်းမှုကုသိုလ်အလို့ငှါ ပင့်ဖိတ်ကြ၍ ရိုသေမြတ်နိုး ရှိခိုးကြပြီးလျှင် မိမိတို့အိမ်သို့ ပြန်ကြလေကုန်၏။

(ဤမှနောက်၌ ရှင်မခုဇ္ဈတ္တရာ, သာမာဝတီမိဖုရား, မာဂဏ္ဍီမိဖုရားတို့အကြောင်းကို ဆက်လက်ရေးသားရန် ဖြစ်သော်လည်း ခုဇ္ဈတ္တရာနှင့် သာမာဝတီတို့အကြောင်းကို သံဃရတနာအခဏ်းသို့ရောက်မှ ရေးသားပါမည်။ မာဂဏ္ဍီမိဖုရား အကြောင်းကိုကား ဓမ္မပဒအဋ္ဌကထာ မြန်မာပြန်မှ ထုတ်နုတ် မှတ်သားကုန်ရာ၏။ ဤကျမ်း ဤအခဏ်း၌ကား မရေးလျှင် မထင်ရှားမည့် အချက်မျှကိုသာ အကျဉ်းဖော်ပြပါအံ့)။



၇၂၅

     မြတ်စွာဘုရားရှင်သည် ဖော်ပြရာပါအတိုင်း သူဌေးသုံးဦးတို့ ဆောက်လုပ်လှူဒါန်းအပ်သော ကျောင်းတိုက်ကြီး သုံးတိုက်ကို အလှူခံတော်မူပြီးလျှင် နဝမမြောက်ဝါကို ထိုကောသမ္ဗီပြည်၌ပင် ကပ်ဆို သီတင်းသုံးတော်မူလေသည်။

မာဂဏ္ဍီမိဖုရား၏ မကောင်းမှု

     ထိုသို့ မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်၌ ဝါကပ်ဆိုတော်မူသော အချိန်တွင် မာဂဏ္ဍီ သူငယ်မကား ဥဒေနမင်း၏ မိဖုရားကြီးတဦး ဖြစ်ရှိနေလေပြီ၊ ထင်ရှားစေဦးအံ့.. မာဂဏ္ဍီပုဏ္ဏားကြီး ဇနီးမောင်နှံတို့ သမီးမာဂဏ္ဍီ သူငယ်မကို ဖထွေးဖြစ်သူ စူဠမာဂဏ္ဍီပုဏ္ဏားထံ အပ်နှံ၍ ရဟန်းပြုသွားကြပြီးနောက် ဥဒေနမင်းသည် စူဠမာဂဏ္ဍီပုဏ္ဏားနှင့် တိုင်ပင်ပြောဆို၍ မာဂဏ္ဍီသူငယ်မကို မင်း၏ အာနုဘော်ဖြင့် ရွှေနန်းတော်သို့ ဆောင်ယူကာ အဘိသိက်သွန်းဖျန်း၍ မောင်းမငါးရာနှင့်တကွ ထိုမာဂဏ္ဍီမိဖုရားအား အသီးအခြား နေထိုင်ရန် အဆောင်တော်ပြာသာဒ်ကို ပေးအပ်လေသည်၊ သို့ဖြစ်၍ မာဂဏ္ဍီသူငယ်မသည် မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်၌ နဝမဝါ ကပ်ဆိုတော်မူသော အချိန်တွင် ဥဒေနမင်း၏ မိဖုရားကြီးတဦး ဖြစ်နေလေပြီ။

     ထိုမာဂဏ္ဍီမိဖုရားသည် မြတ်စွာဘုရားရှင် ကောသမ္ဗီပြည်သို့ ကြွရောက်တော်မူလာပြီဖြစ်ကြောင်း သတင်းစကား ကြားသိရလျှင်ပင် ရှေးက ရန်ငြိုးဖွဲ့ခဲ့သည့်အတိုင်း အစုတ်စုတ်အပြတ်ပြတ် အငတ်ငတ်အမူးမူး သေသောက်ကြူးများကို ခေါ်စေပြီးလျှင် ထိုသူတို့အား တံစိုးလက်ဆောင်ပေး၍ “သင်တို့သည် ရဟန်းဂေါတမကို ဤနည်း ဤနည်းဖြင့် ဆဲရေးကြလော့”ဟု သင်ကြားပြောဆိုကာ လွှတ်လိုက်လေ၏။

     သူဌေးသုံးဦးတို့ ပင့်ဖိတ်လျှောက်ထားချက်အရ မြတ်စွာဘုရားရှင် သံဃာတော်အပေါင်း ခြံရံတော်မူလျက် ကောသမ္ဗီပြည်တွင်းသို့ ဆွမ်းဘုဉ်းပေးရန် ကြွတော်မူသောအခါ မာဂဏ္ဍီမိဖုရား ခိုင်းစေထားသည့် သေသောက်ကြူးတို့သည် အခြံအရံ ရဟန်းသံဃာနှင့်



၇၂၆

တကွသော မြတ်စွာဘုရားရှင်ကို အထူးထူး အပြားပြား ဆဲရေးစကား ပြောကြားကြလေကုန်၏။

     အရှင်အာနန္ဒာသည် မြတ်စွာဘုရားရှင်ကို “ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ဤသို့သဘောရှိသော အဆဲရေးခံရသည့်မြို့၌ မနေကြပါနှင့်စို့၊ အခြားမြို့သို့ သွားကြပါကုန်စို့”ဟူ၍ လျှောက်ထားလေသော် မြတ်စွာဘုရားရှင်သည် “ချစ်သားအာနန္ဒာ.. မြတ်စွာဘုရားတို့မည်သည် လောကဓံရှစ်ပါးတို့ကြောင့် ဖောက်ပြန်တုန်လှုပ်ခြင်း အလျှင်းမရှိကြကုန်၊ ဤယခု ဆဲရေးသော အသံသည်လည်း ခုနစ်ရက်ကို မလွန်နိုင်လတ္တံ့၊ ဆဲရေးသူတို့အပေါ်မှာသာ ကျရောက်ပေလိမ့်မည်၊ သင်ချစ်သားသည် ထွေရာလေးပါး အကြံများ၍ မနေပါလင့်”ဟု မိန့်တော်မူလေ၏။ (ဤကား အင်္ဂုတ္တိုရ်အဋ္ဌကထာ၏ အကျဉ်းဖွင့်ပြချက်တည်း။ ထို အကြောင်းအရာ အကျယ်ကို ဓမ္မပဒအဋ္ဌကထာ၊ ၂၊၂၃-နာဂဝဂ်၊ အတ္တဒဏ္ဍဝတ္ထုအဖွင့် စာမျက်နှာ ၃ဝ၈-မှ ထုတ်နုတ် မှတ်သားကုန်ရာ၏)။

သူဌေးသုံးဦးတို့၏ ထူးချွန်သောစေတနာ

     ကောသမ္ဗီပြည် သူဌေးသုံးဦးတို့သည် ကြီးစွာသော ပူဇော်သက္ကာရမှုဖြင့် မြတ်စွာဘုရားရှင်ကို မြို့တွင်းသို့ ပင့်ဆောင်ကြပြီးလျှင် ကြီးစွာသော အလှူဒါနကို ပေးလှူကြလေကုန်၏။ (မြတ်စွာဘုရားရှင်သည် သူဌေးသုံးဦးတို့ ဆောက်လုပ် လှူဒါန်းအပ်သော ကျောင်းတိုက်ကြီး သုံးတိုက်တို့၌ အလှည့်အလည် သီတင်းသုံး နေထိုင်တော်မူလေသည်၊ ယနေ့ ဃောသိတာရုံကျောင်းတိုက်၌ သီတင်းသုံးလျှင် နောက်တနေ့၌ ဃောသကသူဌေးအိမ်သို့ ဆွမ်းစားကြွတော်မူသည်။ ယနေ့ ကုက္ကုဋာရုံကျောင်း၌ သီတင်းသုံး နေထိုင်တော်မူလျှင် နောက်တနေ့ ကုက္ကုဋသူဌေးအိမ်သို့ ဆွမ်းစားကြွတော်မူသည်။ ယနေ့ ပါဝါရိကမ္ဗဝနကျောင်းတိုက်၌ သီတင်းသုံး နေထိုင်တော်မူလျှင် နောက်ကနေ့ ပါဝါရိကသူဌေးအိမ်သို့ ဆွမ်းစားကြွတော်မူသည်။ ။(ဓမ္မပဒ-ဋ္ဌ၊ ၁၊ ၁၃၃-၄)။



၇၂၇

     သူဌေးသုံးဦးတို့ တဦးလျှင် တလှည့်စီ အလှူကြီး ပေးလှူကြ၍ တလလွန်မြောက်သောအခါ သူဌေးသုံးဦးတို့၏ စိတ်သန္တာန်ဝယ်-

“ဘုရားရှင်တို့မည်သည် အလုံးစုံသော လူအပေါင်းကို သနားစောင့်ရှောက် ချီးမြှောက်တော်မူကြရန် ပွင့်ထွန်းတော်မူကြခြင်းဖြစ်သည်။ အခြားလူများအားလည်း ကုသိုလ်ကောင်းမှု ပြုလုပ်ကြရန် အခွင့်ပေးကြကုန်အံ့”–

ဟူ၍ အကြံအစည် ဖြစ်ရှိလာလေသည်။ ထို့နောက် သူဌေးသုံးဦးတို့သည် ကောသမ္ဗီ ပြည်သူပြည်သားတို့အားလည်း ကုသိုလ်ကောင်းမှု ပြုလုပ်ကြရန် အခွင့်ပေးကြလေကုန်၏။ ထိုအချိန်မှစ၍ မြို့သူမြို့သား လူအများတို့သည်လည်း လမ်းအလိုက် ရပ်ကွက်အလိုက် အသင်းအဖွဲ့အလိုက် ကြီးစွာသော အလှူဒါနကို ပေးလှူကြလေကုန်၏။

သံဃဝိဝါဒါဓိကရုဏ်း ကြီးစွာဖြစ်ခြင်း

     မြတ်စွာဘုရားရှင် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်းတိုက်၌ ကိန်းအောင်းမွေ့လျော် သီတင်းသုံး နေထိုင်တော်မူသောအခါ ဝိနည်းဆောင်ရဟန်း, သုတ္တန်ဆောင်ရဟန်း ဤရဟန်းနှစ်ပါးတို့သည် တခုသောကျောင်း၌ နေထိုင်ကြကုန်၏။ ထိုရဟန်းနှစ်ပါးတို့အနက် သုတ္တန်ဆောင်ရဟန်းသည် တနေ့သ၌ ဝစ္စကုဋီသို့ ဝင်ပြီးသော် သန့်သက်ရေခွက်၌ ရေကြွင်းရေကျန်ကိုထား၍ အမှတ်တမဲ့ ထွက်ခဲ့လေ၏။ ဝိနည်းဆောင်ရဟန်းသည် နောက်မှ ဝစ္စကုဋီသို့ ဝင်လတ်သော် ထိုရေကြွင်းရေကျန်ကို တွေ့မြင်ရ၍ ဝစ္စကုဋီမှ ထွက်ခဲ့ပြီးလျှင် သုတ္တန်ဆောင်ရဟန်းကို “ငါ့ရှင်.. ဤသန့်သက်ရေကြွင်းကို သင် ထားခဲ့သလော”ဟု မေးလေ၏။ “အိမ်း.. ဟုတ်ပေသည် ငါ့ရှင်..”ဟု သုတ္တန်ဆောင်ရဟန်းက ရိုးသားစွာ ဝန်ခံလတ်သည်တွင် ဝိနည်းဆောင် ရဟန်းသည် “အသို့နည်း ငါရှင်သည် ဤသန့်သက်ရေကြွင်းကို ထားရာ၌ အာပတ်သင့်သည်ကို မသိဘူးလော”ဟု မေးလေ၏။



၇၂၈

“အိမ်း.. မသိပါ ငါ့ရှင်..”ဟု သုတ္တန်ဆောင်ရဟန်းက ဆိုလေသော် ဝိနည်းဆောင်ရဟန်းသည် “ငါ့ရှင်.. သန့်သက်ရေကြွင်းကို ခွက်အတွင်းထားခဲ့ရာ၌ အာပတ်သင့်၏”ဟု ပြောဆိုလေ၏။ “အာပတ်သင့်လျှင် ဒေသနာကြားပါမည် ငါ့ရှင်..”ဟု သုတ္တန်ဆောင်ရဟန်းက ဆိုလေသော် ဝိနည်းဆောင်ရဟန်းသည် “ငါ့ရှင်.. အကယ်၍ သင်သည် စေတနာမရှိပဲ မေ့လျော့သဖြင့် ပြုမိခဲ့လျှင် အာပတ်မသင့်ပါ”ဟူ၍ ပြောဆိုလေ၏။ ထိုသို့ ပြောဆိုသည့်အတွက် သုတ္တန်ဆောင်ရဟန်းသည် သန့်သက်ရေကြွင်း ထားခဲ့ခြင်းကြောင့် သင့်ရောက်သော ဒုက္ကဋ်အာပတ်၌ အာပတ်မသင့်ဟု အယူရှိလေတော့၏။

(ဤ၌။ ။ဝိနည်းဆောင်ရဟန်းက “စေတနာမရှိ သတိမေ့၍ သန့်သက်ရေကြွင်းထားရာ၌ အာပတ်မသင့်မှု တဖက်လည်း ဖြစ်သင့်သည်”ဟု ယူဆမှတ်ထင်ကာ “အာပတ်မသင့်ပါ”ဟူ၍ ပြောဆိုလေသည်။ စင်စစ်မူ စေတနာရှိ၍ဖြစ်စေ, မရှိမူ၍ဖြစ်စေ သန့်သက်ရေကြွင်း ထားရှိခဲ့လျှင် ဒုက္ကဋ်အာပတ်သင့်သည်သာ ဖြစ်၏)။

     ဝိနည်းဆောင် ရဟန်းသည်လည်း မိမိ၏တပည့်များကို “ဤသုတ္တန်ဆောင် ရဟန်းသည် အာပတ်သင့်လျက်လည်း ဘာမှမသိ”ဟူ၍ ရှုတ်ချစကား ပြောကြားလေ၏၊ ထိုဝိနည်းဆောင်ရဟန်း၏ တပည့်တို့သည် သုတ္တန်ဆောင်ရဟန်း၏ တပည့်များကို တွေ့မြင်လျှင် “သင်တို့၏ ဥပဇ္ဈာယ်ဆရာသည် အာပတ်သင့်၍လည်း အာပတ်သင့်မှန်းမသိ”ဟု ကဲ့ရဲ့စကား ပြောကြားကြလေကုန်၏။ သုတ္တန်ဆောင်ရဟန်း၏ တပည့်များက မိမိတို့ဆရာထံ သွားရောက်၍ ထိုအကြောင်းကို လျှောက်ထားကြလေကုန်သော် သုတ္တန်ဆောင်ရဟန်းသည် “ဤဝိနည်းဆောင်ရဟန်းကား ရှေးတုန်းကတော့ အာပတ်မသင့်ဟု ပြောပြီးမှ ယခု အာပတ်သင့်၏ဟု ပြောပြန်၏၊ ဤဝိနည်းဆောင်ရဟန်းသည် မုသားစကား ပြောကြားဘိ၏”ဟု ပြန်လည်ချေပသည့်စကား ပြောကြားလေ၏။

     သုတ္တန်ဆောင်ရဟန်း၏ တပည့်များသည် သွားကြ၍ “သင်တို့၏ ဥပဇ္ဈာယ်ဆရာ = ဝိနည်းဆောင်ရဟန်းသည် မုသားစကား



၇၂၉

ပြောကြားသူဖြစ်၏”ဟု ပြောကြကာ ဤနည်းဖြင့် အချင်းချင်း အငြင်းစကား တိုးပွါးစေကြလေကုန်၏။ ထို့နောက် ဝိနည်းဆောင်ရဟန်းသည် အပင်းအသင်း အခွင့်အပေါက်ကိုရ၍ သုတ္တန်ဆောင်ရဟန်းအား “အာပတ္တိယာ အဒဿနေ ဥက္ခေပနီယကံ = အာပတ်သင့်သည်ကို အာပတ်သင့်၏ဟု မရှုခြင်းကြောင့် သံဃာက စွန့်ပယ်သော ဝိနည်းကံကို” ပြုလေတော့၏။

     ဥက္ခေပနီယကံ အပြုခံရသော သုတ္တန်ဆောင်ရဟန်းသည်လည်း ဗဟုသုတ-စသော ဂုဏ်နှင့် ပြည့်စုံသူဖြစ်ရကား အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သော ရဟန်းတို့ထံ ချဉ်းကပ်ပြီးလျှင် “ငါ့ရှင်တို့.. ထိုအမှုကား အာပတ်မသင့်သောအမှုသာ ဖြစ်၏၊ အာပတ်သင့်သောအမှု မဟုတ်ပါ။ ငါလည်း အာပတ်မသင့်သူသာ ဖြစ်၏။ အာပတ်သင့်သူ မဟုတ်။ (ငါ့ကို သူတို့က ဥက္ခေပနီယကံ ပြုကြသော်လည်း စင်စစ်မှာ) ဥက္ခေပနီယကံ ပြုအပ်သူ မမည်ချေ၊ အဓမ္မမှုဖြင့် ဥက္ခေပနီယကံ အပြုခံရခြင်းဖြစ်သည်။ အရှင်တို့သည် တပည့်တော်၏ ဓမ္မဝိနယ အပင်းအသင်းများ ဖြစ်ကြပါကုန်”ဟု ပြောဆိုသောကြောင့် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူ ရဟန်းအပင်းအသင်းကို ရရှိလေသည်၊ ဇနပုဒ် ကျေးလက်နယ်ပယ်၌ နေကြသည့် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူ ရဟန်းတို့ထံသို့လည်း ထို့အတူပင် တမန်စေလွှတ်ကာ ပြောကြားသောကြောင့် ဇနပုဒ် ကျေးလက်နယ်ပယ်၌ နေကြသည့် အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူ ရဟန်းအပင်းအသင်းကိုလည်း ရရှိပြန်လေ၏။

     ထို့နောက် ဥက္ခိတ္တာနုဝတ္တကရဟန်း (=ဥက္ခေပနီယကံ အပြုခံရသည့် သုတ္တန်ဆောင်ရဟန်း၏ နောက်လိုက် တပည့်ရဟန်း)များသည် ဥက္ခေပကရဟန်း (=ဥက္ခေပနီယကံ ပြုကြသော ရဟန်း)များထံ သွားရောက်ကြ၍ ဥက္ခေပကရဟန်းတို့ကို “ငါ့ရှင်တို့.. ထိုအမှုကား အာပတ်မသင့်သော အမှုသာ ဖြစ်၏။ အာပတ်သင့်သောအမှု မဟုတ်ပါ။ ဤသုတ္တန်ဆောင် ရဟန်းသည်လည်း အာပတ်မသင့်သူသာ ဖြစ်၏။ အာပတ်သင့်သူ မဟုတ်ပါ။ (ငါတို့ဆရာကို ငါ့ရှင်တို့က ဥက္ခေပနီယကံ



၇၃၀

ပြုကြသော်လည်း စင်စစ်မှာ) ဥက္ခေပနီယကံ ပြုအပ်သူ မမည်ချေ။ အဓမ္မမှုဖြင့် ဥက္ခေပနီယကံ အပြုခံရခြင်းသာ ဖြစ်၏”ဟူ၍ ချေပ ပြောဆိုကြလေသည်။

     ထိုအခါ ဥက္ခေပကရဟန်းတို့သည် ဥက္ခိတ္တာနုဝတ္တက ရဟန်းတို့ကို “ငါ့ရှင်တို့.. ထိုအမှုကား အာပတ်သင့်သောအမှုသာ ဖြစ်၏၊ အာပတ်မသင့်သောအမှု မဟုတ်။ ထိုသုတ္တန်ဆောင် ရဟန်းသည်လည်း အာပတ်သင့်သူသာ ဖြစ်၏၊ အာပတ်မသင့်သူ မဟုတ်။ ထိုသုတ္တန်ဆောင်ရဟန်းသည် ဥက္ခေပနီယကံ ပြုအပ်သူ မည်သည်သာ ဖြစ်၏၊ ပြုအပ်သူ မမည်သည် မဟုတ်။ ဓမ္မမှုဖြင့် ဥက္ခေပနီယကံ အပြုခံရခြင်း ဖြစ်သည်။ အရှင်တို့.. အရှင်တို့သည် ထိုဥက္ခိတ္တကရဟန်းကို အတုလိုက်ကာ မကျင့်ကြပါလင့်၊ ထိုရဟန်းနောက် ကောက်ကောက်လိုက်ကာ မခြံရံကြပါကုန်လင့်”ဟူ၍ ပြောဆိုကြကုန်၏။ ထိုသို့ ပြောဆိုအပ်ကုန်ပါသော်လည်း ထိုဥက္ခိတ္တာနုဝတ္တက ရဟန်းတို့သည် ရှေးနည်းအတူပင် သုတ္တန်ဆောင် ဥက္ခိတ္တကရဟန်းကို အတုလိုက်ကာ ကျင့်မြဲကျင့်ကြကုန်၏။ အစဉ်တစိုက် နောက်ကလိုက်ကာ ခြံရံမြဲ ခြံရံကြလေကုန်၏။

မြတ်စွာဘုရားရှင် နှစ်ဖက်သို့ပင် ကြွရောက်၍

တရားဟောတော်မူခြင်း

     ထိုအခါ မထင်မရှား ရဟန်းတပါးသည် မြတ်စွာဘုရားရှင်ထံမှောက်သို့ သွားရောက်ဆည်းကပ်ကာ ရိုသေစွာ ရှိခိုးပြီးနောက် သင့်လျောက်ပတ်ရာ၌ ထိုင်နေပြီးသော် ရှေးဖော်ပြရာပါ အကြောင်းအရာ အလုံးစုံကို မြတ်စွာဘုရားအား လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် “ရဟန်းသံဃာကား ကွဲပြားလေပြီ၊ ရဟန်းသံဃာကား ကွဲပြားလေပြီ”ဟု အရေးကြီးသည့်စကား နှစ်ကြိမ်တိုင် မိန့်ကြားတော်မူပြီးလျှင် နေရာတော်မှထ၍ ဥက္ခေပကရဟန်းတို့ထံ ကြွရောက်တော်မူကာ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူလေ၏။

(“ရဟန်းသံဃာကား ကွဲပြားလေပြီ၊ ရဟန်းသံဃာကား ကွဲပြားလေပြီ”ဟူသော ဤစကားရပ်၌ ထိုအချိန်ဝယ် သံဃာကား ကွဲပြားပြီး



၇၃၁

မဟုတ်သေးချေ။ ထိုသို့ ဖြစ်သော်လည်း ဥပမာအားဖြင့် မိုးရွာသောအခါ ကောက်စပါးများ ဧကန်ပင် မှည့်ကြ ရင့်ကြမည်ဖြစ်သည်ကို အစွဲပြု၍ “ယခုအခါ ကောက်စပါးများ မှည့်ကြ ရင့်ကြပြီ”ဟု ပြောဆိုသကဲ့သို့ ထို့အတူပင် ဤယခု အငြင်းပွါးမှုဟူသော အကြောင်းကြောင့် နောက်အချိန်၌ သံဃာသင်းကွဲမည်ကို အစွဲပြု၍ “ရဟန်းသံဃာကား ကွဲပြားလေပြီ၊ ရဟန်းသံဃာကား ကွဲပြားလေပြီ”ဟု မိန့်ဆိုတော်မူခြင်းဖြစ်သည်။)

     ထိုင်နေတော်မူပြီးလျှင် မြတ်စွာဘုရားရှင်သည် ဥက္ခေပကရဟန်းတို့ကို-

“ရဟန်းတို့.. သင်တို့သည် “ငါသိသည် ငါတတ်သည်”ဟု အထင်ကြီးကာ သာမန်အကြောင်းဝတ္ထုကြောင့် အခြားရဟန်းတပါးကို ဥက္ခေပနီယကံ ပြုထိုက်သည် (=နှင်ထုတ်ထိုက်သည်)ဟူ၍ မမှတ်ကြကုန်လင့်၊

ရဟန်းတို့.. ရဟန်းတပါးပါးသည် အာပတ်သင့်လျက် ထိုအာပတ်၌ အာပတ်မဟုတ်ဟု အယူရှိ၏။ အခြားသော ရဟန်းတို့ကမူကား ထိုအာပတ်၌ အာပတ်သင့်၏ဟု အယူရှိကုန်၏။ ရဟန်းတို့.. ထိုအာပတ်သင့်၏ဟု အယူရှိသော ရဟန်းတို့သည် အာပတ်မဟုတ်ဟု အယူရှိသော ထိုရဟန်းကို ‘ဤအရှင်သည် အကြားအမြင်များသူ ပါဠိတော်ကို နှုတ်တက်ရသူ ဓမ္မဝိနယနှင့် ပါတိမောက်ကို ဆောင်သူ ပညာရှိသူ ကျွမ်းကျင်လိမ္မာသူ ရှက်တတ်သူ သံသယကုက္ကုစ္စရှိသူ သိက္ခာသုံးပါးကို လိုလားသူဖြစ်သည်၊ ငါတို့သည် ဤရဟန်းကို အာပတ်ကိုမရှုခြင်းကြောင့် နှင်ထုတ်မှုတည်းဟူသော ဥက္ခေပနီယကံကို ပြုလုပ်၍ (၁) ဤရဟန်းနှင့်အတူ ဥပုသ်မပြုပဲ ဤရဟန်းနှင့်ကင်း၍ (ခွဲ၍)သာ ဥပုသ်ပြုခဲ့လျှင် သံဃာ၏ မျက်မှောက်မျက်ကွယ် ငြင်းခုံခြင်း ထိပါးနှောက်ယှက် ဆန့်ကျင်ဖက်စကား ပြောကြားခြင်း သံဃာ၏ ကွဲပြားခြင်း ကွဲပြားအံ့သော အရေးအခင်း ဖြစ်ပေါ်ခြင်း သံဃာ၏ ခြားနားခြင်း သီးခြားပြုခြင်းများ ဖြစ်ပေါ်လာလိမ့်မည်’ဟု အကယ်၍ သိကုန်ငြားအံ့၊ ရဟန်းတို့..



၇၃၂

သံဃာကွဲပြားအံ့သည်ကို အလေးဂရုပြုကြသော ရဟန်းတို့သည် ထိုအာပတ်မဟုတ် (=အာပတ်မသင့်)ဟု အယူရှိသောရဟန်းကို အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်မှုတည်းဟူသော ဥက္ခေပနီယကံကို မပြုလုပ်သင့်။

ရဟန်းတို့.. ရဟန်းတပါးပါးသည် အာပတ်သင့်လျက် ထိုအာပတ်၌ အာပတ်မဟုတ် (=အာပတ်မသင့်)ဟု အယူရှိ၏၊ အခြားသော ရဟန်းတို့ကမူကား ထိုအာပတ်၌ အာပတ်ဟုတ်၏ (=အာပတ်သင့်၏)ဟု အယူရှိကုန်၏။ ရဟန်းတို့.. ထိုအာပတ်သင့်၏ဟု အယူရှိသော ရဟန်းတို့သည် အာပတ်မဟုတ်ဟု အယူရှိသော ထိုရဟန်းကို ‘ဤအရှင်သည် အကြားအမြင်များသူ ပါဠိတော်ကို နှုတ်တက်ရသူ ဓမ္မဝိနယနှင့် ပါတိမောက်ကို ဆောင်သူ ပညာရှိသူ ကျွမ်းကျင်လိမ္မာသူ ရှက်တတ်သူ သံသယကုက္ကုစ္စရှိသူ သိက္ခာသုံးပါးကို လိုလားသူဖြစ်သည်။ ငါတို့သည် ဤရဟန်းကို အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်မှုတည်းဟူသော ဥက္ခေပနီယကံကို ပြုလုပ်၍ (၂) ဤရဟန်းနှင့်အတူ ပဝါရဏာမပြုကြပဲ ဤရဟန်းနှင့်ကင်း၍ (ခွဲ၍)သာ ပဝါရဏာပြုကြလျှင်၊ (ပေယျာလ)၊

(၃) ဤရဟန်းနှင့်အတူ သံဃကံကိုမပြုကြပဲ ဤရဟန်းနှင့် ကင်း၍ (ခွဲ၍)သာ သံဃကံကို ပြုကြလျှင်-

(၄) ဤရဟန်းနှင့်အတူ နေရာ၌ မထိုင်ကြပဲ ဤရဟန်းနှင့် ကင်း၍ (ခွဲ၍)သာ နေရာ၌ ထိုင်ကြလျှင်-

(၅) ဤရဟန်းနှင့်အတူ ယာဂုသောက်ရာ၌ မထိုင်ကြပဲ ဤရဟန်းနှင့် ကင်း၍(ခွဲ၍)သာ ယာဂုသောက်ရာ၌ ထိုင်ကြလျှင်-

(၆) ဤရဟန်းနှင့်အတူ ဆွမ်းစားစရပ်၌ မထိုင်ကြပဲ ဤရဟန်းနှင့် ကင်း၍(ခွဲ၍)သာ ဆွမ်းစားစရပ်၌ ထိုင်ကြလျှင်-



၇၃၃

(၇) ဤရဟန်းနှင့်အတူ တမိုးတရံတည်းသောကျောင်း၌ မနေကြပဲ ဤရဟန်းနှင့် ကင်း၍ (ခွဲ၍)သာ တမိုးတရံတည်းသောကျောင်း၌ နေကြလျှင်-

(၈) ငါတို့သည် ဤရဟန်းနှင့်အတူ ထေရ်စဉ်ဝါလိုက် ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပေးခြင်းကို မပြုကြပဲ ဤရဟန်းနှင့် ကင်း၍ (ခွဲ၍)သာ ထေရ်စဉ်ဝါလိုက် ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပေးခြင်းကို ပြုကြလျှင် သံဃာ၏ မျက်မှောက်မျက်ကွယ် ငြင်းခုံခြင်း ထိပါးနှောက်ယှက် ဆန့်ကျင်ဖက်စကား ပြောကြားခြင်း သံဃာ၏ကွဲပြားခြင်း ကွဲပြားအံ့သော အရေးအခင်း ဖြစ်ပေါ်ခြင်း သံဃာ၏ ခြားနားခြင်း သီးခြားပြုခြင်းများ ဖြစ်ပေါ်လာလိမ့်မည်’ဟု အကယ်၍ သိကုန်ငြားအံ၊ ရဟန်းတို့.. သံဃာကွဲပြားအံ့သည်ကို အလေးဂရုပြုကြသော ရဟန်းတို့သည် ထိုအာပတ်မဟုတ် (=အာပတ်မသင့်)ဟု အယူရှိသော ရဟန်းကို အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်မှုတည်းဟူသော ဥက္ခေပနီယကံကို မပြုလုပ်သင့်”-

ဟူ၍ သံဃညီညွတ်ရေးတရား ဟောကြားတော်မူလေသည်။ ထို့နောက် မြတ်စွာဘုရားရှင်သည် ဥက္ခေပကရဟန်းတို့အား ဤအကြောင်းကို ဟောကြားတော်မူပြီးလျှင် နေရာတော်မှထ၍ ဥက္ခိတ္တာနုဝတ္တကရဟန်း (ကံပြုခံရသော သုတ္တန်ဆောင်ရဟန်း၏ နောက်လိုက်ရဟန်း)များထံသို့ ကြွရောက်တော်မူကာ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူပြီးလျှင် ထိုကံပြုခံရသော ရဟန်း၏တပည့် နောက်လိုက်ရဟန်းတို့ကို-

“ရဟန်းတို့.. သင်တို့သည် အာပတ်သင့်ပါလျက် ‘ငါတို့ အာပတ်မသင့်ကြ၊ ငါတို့ အာပတ်မသင့်ကြ’ဟု နှလုံးသွင်းကြကာ အာပတ်ကို မကုစားရဟု မမှတ်ကြကုန်လင့်၊



၇၃၄

ရဟန်းတို့.. ရဟန်းတပါးပါးသည် အာပတ်သင့်လျက် ထိုအာပတ်၌ အာပတ်မဟုတ် (=အာပတ်မသင့်)ဟု အယူရှိ၏။ အခြားသော ရဟန်းတို့ကမူကား ထိုအာပတ်၌ အာပတ်ဟုတ်၏ (=အာပတ်သင့်၏)ဟု အယူရှိကုန်၏။ ရဟန်းတို့.. အာပတ်မသင့်ဟု အယူရှိသော ထိုရဟန်းသည် အာပတ်သင့်၏ဟု အယူရှိသော ထိုရဟန်းတို့ကို ‘ဤအရှင်တို့သည် အကြားအမြင်များသူများ ပါဠိတော်ကို နှုတ်တက်ရသူများ ဓမ္မဝိနယနှင့် ပါတိမောက်ကို ဆောင်သူများ ပညာရှိသူများ ကျွမ်းကျင်လိမ္မာသူများ ရှက်တတ်သူများ သံသယကုက္ကုစ္စရှိသူများ သိက္ခာသုံးပါးကို လိုလားသူများဖြစ်ကြသည်။ ငါ့အတွက်ကြောင့်ဖြစ်စေ သူတပါးတို့အတွက်ကြောင့်ဖြစ်စေ ချစ်ခြင်း မုန်းခြင်း ကြောက်ခြင်း မသိခြင်းများကြောင့် မလားအပ်သည်သို့ လားခြင်းငှါ (=အဂတိလေးပါး လိုက်စားခြင်းငှါ) မထိုက်ကြချေ။ ငါ့ကို ဤရဟန်းတို့သည် အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်မှုတည်းဟူသော ဥက္ခေပနီယကံကို ပြုလုပ်ကြ၍—

(၁) ငါနှင့်အတူ ဥပုသ်မပြုကြပဲ ငါနှင့်ကင်း၍ (ခွဲ၍)သာ ဥပုသ်ပြုကြလျှင်၊ (ပေယျာလ)၊

(၂) ငါနှင့်အတူ ပဝါရဏာ မပြုကြပဲ ငါနှင့်ကင်း၍ (ခွဲ၍)သာ ပဝါရဏာ ပြုကြလျှင်-

(၃) ငါနှင့်အတူ သံဃကံကို မပြုကြပဲ ငါနှင့်ကင်း၍ (ခွဲ၍)သာ သံဃကံကို ပြုကြလျှင်-

(၄) ငါနှင့်အတူ နေရာ၌ မထိုင်ကြပဲ ငါနှင့်ကင်း၍ (ခွဲ၍)သာ နေရာ၌ ထိုင်ကြလျှင်-

(၅) ငါနှင့်အတူ ယာဂုသောက်ရာ၌ မထိုင်ကြပဲ ငါနှင့်ကင်း၍ (ခွဲ၍)သာ ယာဂုသောက်ရာ၌ ထိုင်ကြလျှင်-

(၆) ငါနှင့်အတူ ဆွမ်းစားစရပ်၌ မထိုင်ကြပဲ ငါနှင့်ကင်း၍ (ခွဲ၍)သာ ဆွမ်းစားစရပ်၌ ထိုင်ကြလျှင်-



၇၃၅

(၇) ငါနှင့်အတူ တမိုးတရံတည်းသော ကျောင်း၌ မနေကြပဲ ငါနှင့်ကင်း၍ (ခွဲ၍)သာ တမိုးတရံတည်းသော ကျောင်း၌ နေကြလျှင်-

(၈) ဤရဟန်းတို့သည် ငါနှင့်အတူ ထေရ်စဉ်ဝါလိုက် ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပေးခြင်းကို မပြုကြပဲ ငါနှင့်ကင်း၍ (ခွဲ၍)သာ ထေရ်စဉ်ဝါလိုက် ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း အရိုအသေပေးခြင်းကို ပြုကြလျှင်-

သံဃာ၏ မျက်မှောက် မျက်ကွယ် ငြင်းခုံခြင်း ထိပါးနှောက်ယှက် ဆန့်ကျင်ဖက်စကား ပြောကြားခြင်း သံဃာ၏ကွဲပြားခြင်း ကွဲပြားအံ့သော အရေးအခင်း ဖြစ်ပေါ်ခြင်း သံဃာ၏ ခြားနားခြင်း သီးခြားပြုခြင်းများ ဖြစ်ပေါ်လာလိမ့်မည်’ဟု အကယ်၍ သိငြားအံ့။ ရဟန်းတို့.. သံဃာကွဲပြားအံ့သည်ကို အလေးပြုသော ရဟန်းသည် တပါးသော ရဟန်းတို့ကို ယုံကြည်သောအားဖြင့်လည်း အာပတ်ကို ဒေသနာကြားရမည်-

ဟူ၍ သံဃညီညွတ်ရေးတရား ဟောကြားတော်မူပြီးလျှင် နေရာတော်မှထ၍ ဖဲကြွတော်မူလေ၏။

(ဤ၌ အထူးမှတ်ဖွယ်ကား.. သုတ္တန်ဆောင်ရဟန်းသည် ရှေ့ပိုင်း၌ ဝိနည်းဆောင်ရဟန်း ပြောကြားချက်အရ “အကယ်၍ အာပတ်သင့်လျှင် ဒေသနာကြားပါမည်”ဟု ရိုးသားစွာပင် ဝန်ခံခဲ့လေသည်၊ နောက်ပိုင်း မှာလည်း “စေတနာမရှိ သတိမေ့၍ ပြုလုပ်ခြင်း ဖြစ်သည့်အတွက် အာပတ်မသင့်”ဟု ဝိနည်းဆောင်ရဟန်း ပြောကြားချက်အရပင် “စေတနာမရှိ သတိမေ့၍ ငါပြုလုပ်မိခြင်းဖြစ်သည်။ သို့အတွက် ဝိနည်းဆောင်ရဟန်း ပြောကြားသည့်အတိုင်း ငါ့မှာ အာပတ်မသင့်”ဟု ရိုးသားစွာပင် မှတ်ထင်ရှာခြင်းဖြစ်လေသည်။ ထို့ကြောင့် (ရိုးသားစွာပင် ဝန်ခံခြင်း ရိုးသားစွာပင် အာပတ်မသင့်ဟု မှတ်ထင်ရှာခြင်းကြောင့်) ဥက္ခေပနီယကံ (နှင်ထုတ်သည့်ကံ) ပြုသောရဟန်းများကို “သင်တို့သည် အကြောင်းမလုံလောက်ပဲ ထိုသုတ္တန်ဆောင်ရဟန်းကို ဥက္ခေပနီယကံ ပြုအပ်ချေပြီ”ဟူ၍ မြတ်စွာဘုရားရှင်က မိန့်ကြားတော်မူခဲ့လျှင်



၇၃၆

ထိုကံပြုသော ရဟန်းတို့သည် မြတ်စွာဘုရားအပေါ်၌ “မြတ်စွာဘုရားရှင်သည် ထိုသုတ္တန်ဆောင် ရဟန်းတို့၏ အပင်းအသင်းဖြစ်သည်”ဟု ရန်ငြိုးဖွဲ့ကာ အကုသိုလ်ပွါး အပါယ်သို့ လားရောက်ကုန်လေရာ၏။

တဖန် ကံအပြုခံရသော ရဟန်းတို့ဖက်အတွက်လည်း သုတ္တန်ဆောင်ရဟန်းသည် သန့်သက်ရေကြွင်း ထားရှိခြင်းတည်းဟူသော ဝတ္ထုကို သိ၍သာ ပြုလုပ်ခြင်းဖြစ်၍ ဒုက္ကဋ်အာပတ် သင့်ရောက်လေသည်၊ ထိုသို့ သင့်ရောက်ပါလျက် ထိုသုတ္တန်ဆောင်ရဟန်း၏ တပည့်များက အဓမ္မကံ ဖြစ်သည်ဟူ၍ ပြောဆိုကြခြင်းမှာလည်း မိမိတို့၏ ဆရာအပေါ်မှာ ဆန္ဒာဂတိလိုက်၍သာ ပြောကြားနေကြခြင်းဖြစ်သည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ထိုကံပြုခံရသော (သုတ္တန်ဆောင်ရဟန်းနှင့် ၎င်း၏ တပည့်)ရဟန်းများကို “သင်၏ဆရာသည် အာပတ်သင့်သူ ဖြစ်သည်။ သင်တို့သည်လည်း ဆန္ဒာဂတိသို့ လိုက်စားနေကြသည်”ဟူ၍ မိန့်ကြားတော်မူခဲ့လျှင်လည်း ထိုကံအပြုခံရသော ရဟန်းတို့သည် မြတ်စွာဘုရားရှင်အပေါ်၌ “မြတ်စွာဘုရားရှင်သည် ထိုဝိနည်းဆောင်ရဟန်းတို့၏ အပင်းအသင်းဖြစ်သည်”ဟု ရန်ငြိုးဖွဲ့ကာ အကုသိုလ်ပွါး အပါယ်သို့ လားရောက်ကုန်လေရာ၏။

ထို့ကြောင့် မြတ်စွာဘုရားသည် နှစ်ပက္ခရှိ ရဟန်းတို့ကို အပြစ်တင်ပြစကား မဟောကြားပဲ ဖော်ပြရာပါအတိုင်း သံဃညီညွတ်ရေးတရားကိုသာ နှစ်ဖက်သော ရဟန်းတို့အား ဟောကြားတော်မူပြီးလျှင် နေရာတော်မှ ထ၍ ကြွသွားတော်မူသည်ဟု အထူးမှတ်ယူရာ၏)။

နာနာသံဝါသ ၂-မျိုးနှင့် သမာနသံဝါသ ၂-မျိုးတို့ကို

ဟောကြားတော်မူခြင်း

     ထိုအခါ၌ ဥက္ခိတ္တာနုဝတ္တက ရဟန်းတို့သည် ထိုကျောင်း၌ပင် သိမ်အတွင်း၌ ဥပုသ်ပြုကြကုန်၏။ သံဃကံကို ပြုကြကုန်၏။ ဥက္ခေပကရဟန်း (=ဥက္ခေပနီယကံ ပြုကြသော ရဟန်း)တို့ကား သိမ်အပသို့ သွားရောက်၍ ဥပုသ်ပြုကြကုန်၏၊ သံဃကံကို ပြုကြကုန်၏။

     ထိုအခါ ဥက္ခေပကရဟန်းတို့အသင်းထဲမှ ရဟန်းတပါးသည် မြတ်စွာဘုရားရှင်ထံတော်သို့ သွားရောက်ချဉ်းကပ်ကာ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးနောက် သင့်လျောက်ပတ်ရာ အရပ်၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားရှင်ကို-



၇၃၇

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. ထိုဥက္ခိတ္တာနုဝတ္တကရဟန်း (=ကံအပြုခံရသော ရဟန်း)တို့သည် ထိုကျောင်း၌ပင် သိမ်အတွင်း၌ ဥပုသ်ပြုကြပါကုန်၏။ အခြားသံဃကံကို ပြုကြပါကုန်၏။ တပည့်တော်တို့ ဥက္ခေပကရဟန်းများကား သိမ်အပသို့ သွားရောက်၍ ဥပုသ်ပြုကြပါကုန်၏၊ အခြားသံဃကံကို ပြုကြပါကုန်၏”-

ဟူ၍ လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ထိုရဟန်းကို-

“ချစ်သားရဟန်း.. ထိုဥက္ခိတ္တာနုဝတ္တက ရဟန်းတို့သည် ငါဘုရား ပညတ် ဟောကြားအပ်သည့် ဉတ်ကမ္မဝါအတိုင်း ထိုကျောင်း၌ပင် သိမ်အတွင်း၌ ဥပုသ်ပြုကြကုန်ငြားအံ့၊ အခြားသော သံဃကံကို ပြုကြကုန်ငြားအံ့၊ ထိုရဟန်းတို့ပြုအပ်သော ထိုကံများသည် ဓမ္မိကကံများသာ ဖြစ်ကုန်လိမ့်မည်။

ချစ်သားရဟန်း.. သင်ချစ်သားတို့ (ဥက္ခေပကရဟန်းများ)သည် ထိုကျောင်း၌ပင် သိမ်အတွင်း၌ ဥပုသ်ပြုကြကုန်ငြားအံ့၊ အခြားသော သံဃကံကို ပြုကြကုန်ငြားအံ့၊ သင်ချစ်သားတို့ ပြုအပ်သော ထိုကံများသည်လည်း ဓမ္မိကကံများသာ ဖြစ်ကုန်လိမ့်မည်။

ထိုသို့ ဖြစ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်း ဟူမူကား.. ထိုဥက္ခိတ္တာနုဝတ္တက ရဟန်းတို့သည် သင်တို့နှင့် ပေါင်းသင်းမှု (=သံဝါသ)မတူကြပဲ သင်တို့ကလည်း ထိုဥက္ခိတ္တာနုဝတ္တက ရဟန်းတို့နှင့် ပေါင်းသင်းမှု (=သံဝါသ) မတူကြသောကြောင့် ဖြစ်သည်။

နာနာနာသံဝါသကတရား ၂-မျိုး

ချစ်သားရဟန်း.. နာနာသံဝါသက (=ပေါင်းသင်းမှု မတူကြသူများ) ဖြစ်အံ့သော အရာတို့ကား (၁) မိမိသည်ပင်



၇၃၈

မိမိကိုယ်ကို ပေါင်းသင်းမှု မတူသူဖြစ်အောင်(နာနာနာသံဝါသက ပုဂ္ဂိုလ်ဖြစ်အောင်) ပြုလုပ်ခြင်း၊ (၂) ညီညွတ်သော သံဃာတော်က ထိုရဟန်းကို အာပတ်ကို မရှုခြင်းကြောင့်ဖြစ်စေ, အာပတ်ကို မကုစားခြင်းကြောင့်ဖြစ်စေ, မိစ္ဆာအယူကို မစွန့်ခြင်းကြောင့်ဖြစ်စေ နှင်ထုတ်မှု (=ဥက္ခေပနီယ)ကံ အပြုခံရခြင်း ဤ၂-ပါးတို့ ဖြစ်သည်။

သမာနသံဝါသကတရား ၂-မျိုး

ချစ်သားရဟန်း.. သမာနသံဝါသက (=ပေါင်းသင်းမှု တူကြသူများ) ဖြစ်အံ့သော အရာတို့ကား (၁) မိမိသည်ပင် မိမိကိုယ်ကို ပေါင်းသင်းမှု တူသူဖြစ်အောင် (သမာနသံဝါသက ပုဂ္ဂိုလ်ဖြစ်အောင်) ပြုလုပ်ခြင်း၊ (၂) ညီညွတ်သော သံဃာတော်က ထိုပြုလုပ်ပြီးသော နှင်ထုတ်မှု (=ဥက္ခေပနီယ)ကံကို ငြိမ်းစေ၍ သံဃာ့ဘောင်သို့ ထိုရဟန်းကို တဖန်ပြန်၍သွင်းသည့် (ဩသာရဏီယ)ကံကို ပြုလုပ်ခြင်း၊ ဤ၂ -ပါးတို့ဖြစ်သည်-

ဟူ၍ နာနာသံဝါသကတရား ၂-မျိုး သမာနသံဝါသကတရား ၂-မျိုးတို့ကို ဟောကြားတော်မူလေ၏။

(ဤ၌။ ။မိမိသည်ပင် မိမိကိုယ်ကို နာနာသံဝါသကပုဂ္ဂိုလ်ဖြစ်အောင် ပြုလုပ်ခြင်း, သမာနသံဝါသက ပုဂ္ဂိုလ်ဖြစ်အောင် ပြုလုပ်ခြင်း ဟူသည်မှာ.. နှင်ထုတ်မှု = ဥက္ခေပနီယကံပြုသော ဓမ္မဝါဒီရဟန်းတို့၏ အပင်းအသင်း, ကံအပြုခံရသော အဓမ္မဝါဒီရဟန်းတို့၏ အပင်းအသင်းဟူ၍ နှစ်သင်းနှစ်ပက္ခရှိရာ အကြင်ရဟန်းသည် အဓမ္မဝါဒီရဟန်းတို့၏ အပင်းအသင်း၌ နေထိုင်လျက်ဖြစ်စေ, ဓမ္မဝါဒီရဟန်းတို့၏ အပင်းအသင်း၌ နေထိုင်လျက်ဖြစ်စေ နှစ်သင်းနှစ်ပက္ခ၌ ရှိကြသော ရဟန်းတို့၏ အယူဝါဒကို ကြားနာပြီးလျှင် ဤကံပြုခံရသော ရဟန်းတို့ကား အဓမ္မဝါဒီရဟန်းတို့ဖြစ်သည်။ ကံပြုသော ရဟန်းတို့ကား ဓမ္မဝါဒီရဟန်းတို့ ဖြစ်သည်ဟု စိတ်ကို ဖြစ်စေလျှင် ထိုရဟန်းသည် မိမိသည်ပင် မိမိကိုယ်ကို (အဓမ္မဝါဒီရဟန်းတို့နှင့်) နာနာသံဝါသက ပုဂ္ဂိုလ်ဖြစ်အောင် ပြုလုပ်သည်မည်၍ (ဓမ္မဝါဒီရဟန်းတို့နှင့်ကား) သမာနသံဝါသက ပုဂ္ဂိုလ်ဖြစ်အောင် ပြုလုပ်သည်မည်၏။ ။ဝိ-ဋ္ဌ ၃၊ မျက်နှာ ၄၃၂-မှ)။



၇၃၉

သံဃာချင်း စိတ်ဝမ်းကွဲပြားရာ၌ နေထိုင်ပုံကို

ဟောတော်မူခြင်း

     ထိုအခါ ရဟန်းတို့သည် ရွာတွင်း ဆွမ်းစားစရပ်၌ ငြင်းခုံမှု ခိုက်ရန်မှု ဆန့်ကျင်ဖက်စကား ပြောကြားမှုကို ပြုကြကုန်၏။ အချင်းချင်း မသင့်လျော်သော ကာယကံမှု ၀စီကံမှုများကို ပြုကုန်၏၊ လက်ရောက် ကျူးလွန်မှုကိုလည်း ပြုကြကုန်၏။ လူတို့က ကဲ့ရဲ့ရှုတ်ချ၍ လဇ္ဇီရဟန်းကောင်းတို့က ထိုအကြောင်းကို မြတ်စွာဘုရားရှင်အား လျှောက်ထားကြသဖြင့် မြတ်စွာဘုရားရှင်သည် ထိုရဟန်းတို့ကို ခေါ်ယူစစ်ဆေး မေးမြန်းတော်မူပြီးနောက် ထိုရဟန်းတို့ကို ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် ထိုအခါအား လျောက်ပတ်သော တရားကို ဟောကြားတော်မူ၍ ရဟန်းတို့ကို-

“ချစ်သားရဟန်းတို့.. သံဃာချင်း စိတ်ဝမ်းကွဲ၍ မတရားသောအမှုကို ပြုလုပ်ကာ ညီညွတ်မှု မဖြစ်လတ်သော် ‘ဤမျှဆိုလျှင် အချင်းချင်း မလျော်သော ကာယကံမှု ၀စီကံမှုတို့ကို ပြုနိုင်လိမ့်မည်မဟုတ်၊ လက်ရောက်ကျူးလွန်မှုကိုလည်း ပြုနိုင်လိမ့်မည်မဟုတ်’ဟု နေရာ၌ ထိုင်နေရမည်။ (=သံဃာချင်း စိတ်ဝမ်းလည်းကွဲ မတရားမှုများကိုလည်း အပြိုင်အဆိုင်ပြု၍ လုံးဝ ညီညွတ်မှုကို မရနိုင်ခဲ့သော် သံဃာအစဉ်အတန်း နှစ်တန်းပြုလုပ်၍ တဖက်နှင့် တဖက် မလျော်သော ကာယကံမှု မပြုနိုင်လောက်အောင် မလျော်သော ဝစီကံမှု မပြောဆိုနိုင်လောက်အောင် လက်ရောက်ကျူးလွန်မှု မပြုနိုင်လောက်အောင်ပင် ဥပစာကိုလွှတ်၍ (=ဝေးခြား၍) နေထိုင်ရမည်ဟု ဆိုလိုသည်။)

ချစ်သားရဟန်းတို့.. သံဃာချင်း စိတ်ဝမ်းကွဲသော်လည်း တရားသောအမှုကို ပြုလုပ်ကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်လတ်သော် တနေရာခြား ထိုင်နေရမည်-

ဟူ၍ သံဃာချင်း စိတ်ဝမ်းကွဲပြားရာ၌ နေထိုင်ပုံကို ဟောကြားတော်မူ၏။



၇၄၀

ဒီဃာဝုဝတ္ထုကို ဟောတော်မူခြင်း

     ထိုအခါ ရဟန်းတို့သည် သံဃာ့အလယ်၌ ငြင်းခုံမှု ခိုက်ရန်မှု ထိပါးနှောက်ယှက် ဆန့်ကျင်ဖက်စကား ပြောကြားမှုကို ပြုလုပ်ကြကာ အချင်းချင်း နှုတ်လှန်ထိုးလျက် နေကြကုန်၏၊ ရဟန်းတို့သည် ထိုအဓိကရုဏ်းကို ငြိမ်းစေရန် မတတ်နိုင်ပဲ ရှိကုန်၏။ ထိုအခါ ရဟန်းတပါးသည် မြတ်စွာဘုရားရှင် ထံတော်မှောက်သို့ သွားရောက်ချဉ်းကပ်ကာ မြတ်စွာဘုရားရှင်ကို ရိုသေမြတ်နိုး ရှိခိုးပြီးနောက် သင့်လျောက်ပတ်ရာအရပ်၌ ထိုင်နေပြီးလျှင် မြတ်စွာဘုရားရှင်ကို ထိုအကြောင်း လျှောက်ထား၍ ထိုရဟန်းများထံ ကြွရောက်တော်မူရန် တောင်းပန် လျှောက်ထားသဖြင့် ဘုရားကိုယ်တိုင် ကြွရောက်တော်မူကာ ခင်းထားအပ်သော နေရာ၌ ထိုင်နေတော်မူလျက် ထိုရဟန်းတို့ကို-

“ချစ်သားရဟန်းတို့.. မသင့်လျော်ဘူး = မတော်ဘူး၊ ငြင်းခုံမှုကို မပြုကြကုန်လင့်၊ ခိုက်ရန်မှုကို မပြုကြကုန်လင့်၊ ထိပါးနှောက်ယှက် ဆန့်ကျင်ဖက်စကား ပြောကြားမှုကို မပြုကြကုန်လင့်”-

ဟူ၍ မိန့်တော်မူ၏။ ထိုအခါ မြတ်စွာဘုရားရှင်၏အကျိုးကို လိုလားသော ဥက္ခိတ္တာနုဝတ္တက အဓမ္မဝါဒီ ရဟန်းတပါးသည် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တရားရှင်ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဆိုင်းငံ့တော်မူပါလော့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်မြတ်ဘုရားသည် မျက်မှောက်ချမ်းသာရေးကိုသာ အားထုတ်တော်မူကာ ကြောင့်ကြမဲ့ နေတော်မူပါလော့၊ အကျွန်ုပ်တို့သည် ထိုငြင်းခုံခြင်း ခိုက်ရန်ပြုခြင်း ထိပါးနှောက်ယှက် ဆန့်ကျင်ဖက်စကား ပြောခြင်းဖြင့် ထင်ရှားကြပါလိမ့်မည်”–

ဟူ၍ လျှောက်ထားလေ၏။



၇၄၁

     မြတ်စွာဘုရားရှင်သည် နှစ်ကြိမ်မြောက်လည်း ထိုရဟန်းတို့ကို ရှေးနည်းအတူ မိန့်တော်မူ၏။ ဥက္ခိတ္တာနုဝတ္တက အဓမ္မဝါဒီရဟန်းကလည်း ထို့အတူပင် နှစ်ကြိမ်မြောက် တားမြစ်လျှောက်ထားပြန်၏။

(ဤ၌။ ။ဥက္ခိတ္တာနုဝတ္တက အဓမ္မဝါဒီရဟန်းသည် မြတ်စွာဘုရားရှင်အပေါ်၌ အကျိုးလိုလားသူဖြစ်၏၊ ထိုရဟန်း၏အလိုမှာ “ဤနှစ်ပက္ခရှိ ရဟန်းတို့သည် ဒေါသအမျက် ခြောင်းခြောင်းထွက်ကြသဖြင့် မြတ်စွာဘုရားရှင်၏ စကားတော်ကို နာယူကြလိမ့်မည် မဟုတ်ကုန်၊ မြတ်စွာဘုရားရှင်သည် ဤရဟန်းတို့ကို ဆုံးမလျက် ပင်ပန်းတော်မမူပါစေလင့်”ဟူ၍ ဖြစ်လေသည်၊ ထို့ကြောင့်ပင် နှစ်ကြိမ်တိုင်တိုင် တောင်းပန် မြစ်တားလေသည်။

မြတ်စွာဘုရားရှင်သည်ကား “ထိုနှစ်ပက္ခရှိ ရဟန်းများသည် ယခုအချိန်တွင် ဒေါသအမျက် ခြောင်းခြောင်းထွက်နေကြသဖြင့် မနာယူကြသော်လည်း နောက်အခါ၌မူ အမှတ်ရ၍ ခိုက်ရန်ငြင်းခုံမှုမှ ရှောင်ကြဉ်ကြလိမ့်မည်”ဟု သိမြင်ဆင်ခြင်တော်မူကာ ထိုရဟန်းများကို သနားတော်မူသဖြင့် အတိတ်ဖြစ်ရပ် ဒီဃာဝုဝတ္ထုဇာတ်ကို ဟောကြားတော်မူလေသည်)။

ဒီဃာဝုဝတ္ထု

     ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ရဟန်းတို့.. ရှေး၌ဖြစ်ဘူး အကြောင်းထူးကား.. ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော ကာသိမင်းသည် ကြွယ်ဝ၍ များသော ဥစ္စာစည်းစိမ်ရှိ၏၊ ရဲမက်ဗိုလ်ပါ ဆင်မြင်းရထား များလှ၏။ ကျယ်ပြန့်သော တိုင်းနိုင်ငံ ပြည့်လျှံသော ဘဏ္ဍာတိုက် ကျီကြရှိသူလည်း ဖြစ်၏။ ဒီဃီတိအမည်ရှိသော ကောသလမင်းသည်ကား ဆင်းရဲ၍ နည်းပါးသော ဥစ္စာစည်းစိမ်ရှိ၏၊ ရဲမက်ဗိုလ်ပါ ဆင်မြင်းရထား နည်းပါးလှ၏၊ ငယ်သော တိုင်းနိုင်ငံ မပြည့်လျှံသော ဘဏ္ဍာတိုက် ကျီကြရှိသူလည်း ဖြစ်၏။

     ရဟန်းတို့.. ထိုအခါ ဗြဟ္မဒတ်မည်သော ကာသိမင်းသည် ဆင်, မြင်း, ရထား, ခြေသည်အားဖြင့် အင်္ဂါလေးပါးရှိသော



၇၄၂

စစ်တပ်ကြီးကို ပြင်ဆင်၍ ဒီဃီတိကောသလမင်းထံသို့ ရှေးရှုချီတက်လာလေ၏။

အားမတန် မာန်ကိုလျော့

     ရဟန်းတို့.. ဒီဃီတိကောသလမင်းသည် ထိုသတင်းကို ကြားသိလေလျှင် “ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် ကြွယ်ဝ၍ များသော ဥစ္စာစည်းစိမ်ရှိ၏၊ ရဲမက်ဗိုလ်ပါ ဆင်မြင်းရထား များလှ၏။ ကျယ်ပြန့်သော တိုင်းနိုင်ငံ ပြည့်လျှံသော ဘဏ္ဍာတိုက် ကျီကြရှိသူလည်း ဖြစ်၏၊ ငါတမူကား ဆင်းရဲ၍ နည်းပါးသော ဥစ္စာစည်းစိမ်ရှိ၏၊ ရဲမက်ဗိုလ်ပါ ဆင်မြင်းရထား နည်းပါးလှ၏၊ ငယ်သောတိုင်းနိုင်ငံ မပြည့်လျှံသော ဘဏ္ဍာတိုက် ကျီကြရှိသူလည်း ဖြစ်၏၊ ငါသည် ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းက တကြိမ်မျှ စစ်ထိုးသည်ကိုပင် ခံနိုင်စွမ်းမရှိချေ၊ ငါသည် စောစောကပင် မြို့မှ ထွက်ပြေးနှင့်ရမူ ကောင်းလေစွာ့”ဟု ကြံစည်ပြီးလျှင် မိဖုရားကြီးကို ခေါ်ယူ၍ စောစောကပင် မြို့တော်မှ ထွက်ပြေးနှင့်လေ၏။

     ရဟန်းတို့.. ထိုအခါ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် ဒီဃီတိကောသလမင်း၏ ရဲမက်ဗိုလ်ပါ ဆင် မြင်းရထားနှင့် ဇနပုဒ်ကို၎င်း, ဘဏ္ဍာတိုက်နှင့် ကျီကြကို၎င်း အလွယ်ဖြင့် အောင်မြင်သိမ်းပိုက်ကာ စိုးမိုးအုပ်ချုပ် မင်းပြုလုပ်နေလေ၏။ ရဟန်းတို့.. ထိုအခါ ဒီဃီတိကောသလမင်းသည် မိဖုရားကြီးနှင့်တကွ ဗာရာဏသီပြည်ဖက်သို့ ထွက်ခဲ့ကြ၍ အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်လေလျှင် မြို့တော်၏ အစွန်အဖျား အိုးထိန်းသည်၏အိမ် (=အိုးဖုတ်သည့်တဲ)၌ မထင်ရှားသော အသွင်ဖြင့် ပရိဗိုဇ်ရဟန်း၏ အဝတ်ကို ဝတ်လျက် နေလေ၏။

ဒီဃာဝုကိုယ်ဝန်ရှိ၍ ချင်ခြင်းတပ်ခြင်း

     ရဟန်းတို့.. ထို့နောက်အခါ ဒီဃီတိကောသလမင်း၏ မိဖုရားကြီးသည် မကြာမီပင် ကိုယ်ဝန်ရှိ၍ ထိုမိဖုရားကြီးအား (၁) နေထွက်ချိန်တွင် အင်္ဂါလေးပါးရှိသော စစ်တပ်ကြီး စစ်ဝတ်တန်းဆာ



၇၄၃

အပြည့်အစုံ ဆင်ယင်ကာ ညီညွတ်သောမြေအပြင်၌ ရပ်တည်နေသည်ကို ကြည့်ရှုရန် အလိုရှိခြင်း (=ကြည့်လိုခြင်း)၊ (၂) သန်လျက်ဆေးသော ရေကို သောက်မျိုရန် အလိုရှိခြင်း (=သောက်လိုခြင်း) ဤချင်ခြင်း ၂-ပါး ဖြစ်ပွါးလာလေသည်။ ရဟန်းတို့.. ထိုအခါ မိဖုရားကြီးသည် ဒီဃီတိကောသလမင်းကို မိမိမှာ ကိုယ်ဝန်ရှိကြောင်းနှင့် ဖော်ပြရာပါ ချင်ခြင်းနှစ်ပါး ဖြစ်ပွါးကြောင်းကို လျှောက်ထားလေလျှင် ဒီဃီတိကောသလမင်းသည် “အိုမိဖုရား.. ဆင်းရဲနေကြသော ငါတို့အဖို့ရာ သင်မိဖုရား ကြည့်လို သောက်သုံးလိုသည့် စစ်တပ်ကြီးနှင့် သန်လျက်ဆေးသော ရေသည် အဘယ်မှ ရနိုင်မည်နည်း”ဟူ၍ ပြောဆိုလေ၏။ မိဖုရားကြီးသည် “အရှင်မင်းကြီး.. ကျွန်တော်မသည် ဖော်ပြရာပါ စစ်တပ်ကြီးနှင့် သန်လျက်ဆေးသောရေကို မမြင်ရ မသောက်သုံးရပါလျှင် သေရပါလိမ့်မည်”ဟူ၍ လျှောက်ထားလေ၏။

အမြော်အမြင်ကြီးမားသည့် ပုရောဟိတ်မိတ်စစ်ကြီး

     ထိုအချိန်၌ကား ဒီဃီတိကောသလမင်း၏ သူငယ်ချင်းသည် ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်း၏ ပုရောဟိတ်ပုဏ္ဏားကြီးဖြစ်၍ နေလေသည်။ ရဟန်းတို့.. ထိုအခါ ဒီဃီတိကောသလမင်းသည် မိမိ၏သူငယ်ချင်း ထိုပုရောဟိတ်ပုဏ္ဏားကြီးထံသို့ သွားရောက်ပြီးလျှင် “အိုအဆွေ.. သင်၏မိတ်ဆွေမ- မိဖုရားကြီးသည် ကိုယ်ဝန်ရှိပါ၏၊ ထိုမိဖုရားကြီးအား (၁) နေထွက်ချိန်တွင် အင်္ဂါလေးပါးရှိသော စစ်တပ်ကြီး စစ်ဝတ်တန်းဆာ အပြည့်အစုံ ဆင်ယင်ကာ ညီညွတ်သောမြေအပြင်၌ ရပ်တည်နေသည်ကို ကြည့်ရှုလိုခြင်း၊ (၂) သန်လျက်ဆေးသောရေကို သောက်သုံးလိုခြင်း ဤချင်ခြင်း ၂-ပါး ဖြစ်ပွါးလာလေသည်”ဟု ပြောဆိုလေသော် ပုရောဟိတ်ပုဏ္ဏားကြီးသည် “အရှင်မင်းမြတ်.. ထိုသို့ဖြစ်လျှင် အကျွန်ုပ်တို့သည်လည်း မိဖုရားကြီးကို ကြည့်ရှုလိုပါကုန်၏”ဟု ပြန်ကြားပြောဆိုလေ၏။

     ရဟန်းတို့.. ထိုအခါ ဒီဃီတိကောသလမင်း၏ မိဖုရားကြီးသည် (ပုရောဟိတ်ပုဏ္ဏားကြီး လိုလားတောင့်တချက်အရ)



၇၄၄

ပုရောဟိတ်ပုဏ္ဏားကြီးအထံသို့ သွားရောက်လေ၏။ ပုရောဟိတ် ပုဏ္ဏားကြီးသည် မိဖုရားကြီး လာနေသည်ကို အဝေးကပင် မြင်၍ နေရာမှ ထပြီးလျှင် လက်ဝဲတဖက် ပခုံးထက်၌ အပေါ်ရုံကို စံပယ်တင်ကာ မိဖုရားကြီးရှိရာဖက်သို့ လက်အုပ်ချီလျက် “အချင်းတို့.. ကောသလတိုင်းရှင် ဘုရင်မင်းမြတ်သည် မယ်တော်ဝမ်းတိုက်၌ ကိန်းပိုက်သန္ဓေ တည်နေလေပြီတကား၊ အချင်းတို့.. ကောသလတိုင်းရှင် ဘုရင်မင်းမြတ်သည် မယ်တော်ဝမ်းတိုက်၌ ကိန်းပိုက်သန္ဓေ တည်နေလေပြီတကား”ဟု သုံးကြိမ်တိုင်တိုင် ဥဒါန်းကျူးရင့်ပြီးလျှင်- “ရှင်မိဖုရားကြီး.. ဝမ်းမြောက်တော်မူပါလော့၊ နေထွက်ချိန်တွင် အင်္ဂါလေးပါးရှိသော စစ်တပ်ကြီး စစ်ဝတ်တန်းဆာ အပြည့်အစုံ ဆင်ယင်ကာ ညီညွတ်သောမြေအပြင်၌ ရပ်တည်နေသည်ကို ကြည့်ရှုရပါလိမ့်မည်၊ သန်လျက်ဆေးသော ရေကိုလည်း သောက်ရပါလိမ့်မည်”ဟူ၍ ဝန်ခံစကား ပြောကြားလေ၏။

     ရဟန်း.. ထိုအခါ ပုရောဟိတ်ပုဏ္ဏားကြီးသည် ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းထံသို့ ချဉ်းကပ်ပြီးလျှင် “အရှင်မင်းကြီး.. လျှောက်တင်လတ္တံ့သောအတိုင်း နိမိတ်တို့သည် ထင်လာပါကုန်၏၊ နက်ဖြန် နေထွက်သောအချိန်တွင် အင်္ဂါလေးပါးရှိသော စစ်တပ်ကြီးသည် စစ်ဝတ်တန်းဆာ အပြည့်အစုံဆင်ယင်ကာ ညီညွတ်သောမြေအပြင်၌ ရပ်တည်ပါစေလော့၊ သန်လျက်တို့ကိုလည်း ဆေးကြောပါကုန်စေလော့”ဟူ၍ လျှောက်ထားလေသော် ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် “အချင်းတို့.. ပုရောဟိတ်ပုဏ္ဏားကြီး လျှောက်ထား ပြောဆိုသည့်အတိုင်း ရွက်ဆောင် ပြုလုပ်ကြရမည်”ဟူ၍ မင်းချင်းများကို မိန့်ကြားစေခိုင်းလေ၏။

     ရဟန်းတို့.. ဒီဃီတိကောသလမင်း၏ မိဖုရားကြီးသည် (ပုရောဟိတ်ပုဏ္ဏားကြီး စီစဉ်ပေးချက်အရ) နေထွက်ချိန်တွင် အင်္ဂါလေးပါးရှိသော စစ်တပ်ကြီး စစ်ဝတ်တန်းဆာ အပြည့်အစုံဆင်ယင်ကာ ညီညွတ်သော မြေအပြင်၌ ရပ်တည်နေသည်ကို ကြည့်ရှုရလေပြီ၊ သန်လျက်ဆေးသော ရေကိုလည်း သောက်သုံးရလေပြီ။ ရဟန်းတို့.. ထိုအခါ ဒီဃီတိကောသလမင်း၏ မိဖုရားကြီးသည်



၇၄၅

ကိုယ်ဝန်ရင့်ခြင်းသို့ ရောက်ရှိကာ သားကို ဖွားမြင်လေ၏။ ထိုမင်းသား၏ အမည်ကို “ဒီဃာဝု”ဟူ၍ မှည့်ခေါ်ကြလေကုန်၏။

     ရဟန်းတို့.. ဒီဃာဝုမင်းသား သိကြားလိမ္မာသော အရွယ်သို့ ရောက်သောအခါ ဒီဃီတိကောသလမင်း၏ စိတ်သန္တာန်ဝယ် “ဤကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် ငါတို့၏အပေါ်မှာ များစွာသော အကျိုးမဲ့ကို ပြုလုပ်သူဖြစ်ချေသည်၊ ဤမင်းသည် ငါတို့၏ ရဲမက်ဗိုလ်ပါ ဆင်မြင်းရထားနှင့် ဇနပုဒ်ကို၎င်း ဘဏ္ဍာတိုက်နှင့် ကျီကြကို၎င်း တိုက်ဖျက်လုယက်အပ်လေပြီ၊ ဤမင်းသည် အကယ်၍ ငါတို့ကို သိသွားလျှင် ငါတို့သုံးယောက်လုံးကိုပင် သတ်စေလိမ့်မည်၊ ငါသည် သားတော်ဒီဃာဝုကို (ငါတို့နှင့်ခွဲကာ) မြို့ပြင်၌ နေစေရမူ ကောင်းလေစွာ့”ဟု အကြံအစည် ဖြစ်ပြီးလျှင် သားတော် ဒီဃာဝုကို (မိမိတို့နှင့်ခွဲကာ) မြို့ပြင်၌ နေစေလေသည်။ ရဟန်းတို့.. ထိုအခါ ဒီဃာဝုမင်းသားသည် မြို့ပြင်၌နေလျက် မကြာမြင့်မီပင် ခပ်သိမ်းသော အတတ်ပညာများကို သင်ကြားတတ်မြောက်လေ၏။

ကျေးဇူးကန်းသော ဆေတ္တာသည်

     ရဟန်းတို့.. ထိုအခါ ဒီဃီတိကောသလမင်း၏ ဆေတ္တာသည်သည် ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းထံ၌ ဝင်ထွက်ခစား သွားလာနေထိုင်ဆဲဖြစ်၏။ ရဟန်းတို့.. ဒီဃီတိကောသလမင်း၏ ထိုဆေတ္တာသည်(ဟောင်း)သည် ဗာရာဏသီပြည်၏ အစွန်အဖျား အိုးထိန်းသည်၏အိမ် (=အိုးဖုတ်သည့်တဲ)၌ မထင်မရှားသော အသွင်အပြင်ဖြင့် ပရိဗိုဇ်ရဟန်း၏အဝတ်ကို ဝတ်ဆင်လျက်နေသော မိဖုရားကြီးနှင့်တကွ ဒီဃီတိကောသလမင်းကို မြင်လေလျှင် ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းထံသို့ သွားရောက်၍ “အရှင်မင်းကြီး.. ဒီဃီတိကောသလမင်းသည် မိဖုရားနှင့်တကွ ဤဗာရာဏသီပြည်၏ အစွန်အဖျား အိုးထိန်းသည်၏အိမ် (=အိုးဖုတ်သည့်တဲ)၌ မထင်မရှားသောအသွင်ဖြင့် ပရိဗိုဇ်ရဟန်း၏ အဝတ်ကို ဝတ်ဆင်လျက် နေပါ၏”ဟူ၍ လျှောက်ထားလေ၏။



၇၄၆

ရဟန်းတို့.. ထိုအခါ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် “အချင်းတို့.. ထိုသို့ဖြစ်လျှင် ဒီဃီတိကောသလမင်းကို မိဖုရားနှင့်တကွ (ရှေ့တော်မှောက်သို့) ခေါ်ဆောင်ခဲ့ကြလော့”ဟု မင်းချင်းတို့အား အမိန့်ပေးသဖြင့် မင်းချင်းများသည်လည်း (ဗြဟ္မဒတ်မင်း၏ အမိန့်အတိုင်း) ဒီဃီတိကောသလမင်းကို မိဖုရားကြီးနှင့် တကွ ဗြဟ္မဒတ်မင်းထံသို့ ခေါ်ဆောင်ခဲ့ကြလေကုန်၏။

     ရဟန်းတို့.. ထိုအခါ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် မင်းချင်းတို့ကို “အချင်းတို့.. ထိုသို့ဖြစ်လျှင် ဒီဃီတိကောသလမင်းကို မိဖုရားနှင့်တကွ မြဲမြံသောကြိုးဖြင့် လက်ပြန် အတင်းအကြပ် တုပ်နှောင်၍ သင်ဓုန်းဖြင့် ခေါင်းတုံးရိတ်ပြီးလျှင် အသံကွဲအက် ပြင်းထန်သော ထက်စည်ကိုတီးကာ လမ်းတခုမှ လမ်းတခုသို့ လမ်းဆုံတခုမှ လမ်းဆုံတခုသို့ လှည့်လည်ယူဆောင်လျက် တောင်တံခါးဖြင့် ထွက်စေ၍ (ထုတ်ဆောင်၍) မြို့၏ တောင်မျက်နှာ၌ လေးပိုင်းဖြတ်၍ ခုတ်သတ်ပြီးလျှင် အသားစုတို့ကို အရပ်လေးမျက်နှာတို့၌ ပစ်ကုန်လော့”ဟူ၍ အမိန့်ပေး အာဏာထားလေသည်။ ရဟန်းတို့.. ထိုမင်းချင်းယောက်ျားတို့သည် ဗြဟ္မဒတ်မင်း၏ အမိန့်ကို နာခံကြ၍ မိဖုရားကြီးနှင့်တကွ ဒီဃီတိကောသလမင်းကို မြဲမြံသောကြိုးဖြင့် လက်ပြန် အတင်းအကြပ် တုပ်နှောင်၍ သင်ဓုန်းဖြင့် ခေါင်းတုံးရိတ်ပြီးလျှင် အသံကွဲအက် ပြင်းထန်သော ထက်စည်ကိုတီးကာ လမ်းတခုမှ လမ်းတခုသို့ လမ်းဆုံတခုမှ လမ်းဆုံတခုသို့ (ရိုက်နှက်ပုတ်ခတ်ကြကာ) လှည့်လည် ယူဆောင်ကြလေကုန်၏။

ကောသလမင်း၏ ရန်ငြိမ်းကြောင်း ဩဝါဒစကား

     ရဟန်းတို့.. ထိုအခါ ဒီဃာဝုမင်းသားသည် “ငါကား မယ်တော် ခမည်းတော်တို့ကို မဖူးမြော်ရသည်မှာ ကြာလှပြီ၊ ငါသည် မယ်တော်ခမည်းတော်ကို ဖူးမြော်ရမူ ကောင်းလေစွာ့”ဟု ကြံစည်၍ ဗာရာဏသီပြည်အတွင်းသို့ ဝင်သည်ရှိသော် မယ်တော် ခမည်းတော် မင်းနှစ်ဖော်ကို မင်းချင်းယောက်ျားများက



၇၄၇

မြဲမြံသောကြိုးဖြင့် လက်ပြန် အတင်းအကြပ် တုပ်နှောင်၍ သင်ဓုန်းဖြင့် ခေါင်းတုံးရိတ်ပြီးလျှင် အသံကွဲအက် ပြင်းထန်သော ထက်စည်ကို တီးကြကာ လမ်းတခုမှ လမ်းတခုသို့ လမ်းဆုံတခုမှ လမ်းဆုံတခုသို့ (ရိုက်နှက်ပုတ်ခတ်ကြကာ) လှည့်လည် ယူဆောင်ကြသည်တို့ကို ပက်ပင်းတွေ့မြင်ရ၍ သောကကို အောင့်အည်းချုပ်တီးကာ မယ်တော် ခမည်းတော်တို့ရှိရာသို့ ချဉ်းကပ်လာရောက်လေ၏။

     ရဟန်းတို့.. ဒီဃီတိကောသလမင်းသည် ဒီဃာဝုမင်းသား လာလတ်သည်ကို အဝေးမှပင် မြင်လေလျှင် ဒီဃာဝုမင်းသားကို ပါးနပ်လိမ္မာစွာ-

“ချစ်သား ဒီဃာဝု.. သင်သည် အရှည်ကိုလည်း မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်။

ချစ်သား ဒီဃာဝု.. ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းနိုင်ကုန်။

ချစ်သား ဒီဃာဝု.. ရန်တုံ့မမူမှသာ ရန်တို့သည် ငြိမ်းကုန်၏”-

ဟူ၍ အဆုံးအမ ရန်ငြိမ်းကြောင်း ဩဝါဒစကားလေးခွန်းကို မြွက်ညွှန်း မိန့်ဆိုလေ၏။ ရဟန်းတို့.. ဤကဲ့သို့ (ဒီဃီတိကောသလမင်းက ဩဝါဒစကား) ပြောကြားအပ်သည်ရှိသော် မင်းချင်းယောက်ျား ထိုလူများသည် ဒီဃီတိကောသလမင်းကို-

ဤဒီဃီတိကောသလမင်းသည် ရူးသွပ်၍ ယောင်ယမ်းပြောဆို၏၊ ဤကောသလမင်း၏သား ဒီဃာဝုကား အဘယ်သူနည်း၊ ဤဒီဃီတိကောသလမင်းသည် အဘယ်သူ့ကိုများ ‘ချစ်သားဒီဃာဝု.. သင်သည် အရှည်ကိုလည်း မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သား ဒီဃာဝု.. ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းနိုင်ကုန်၊ ချစ်သားဒီဃာဝု.. ရန်တုံ့မမူမှသာ ရန်တို့သည် ငြိမ်းကုန်၏’ဟူ၍ ပြောဆိုဘိသနည်း”-

ဟူ၍ အထင်လွဲစကား ပြောကြားကြလေကုန်၏။ ထိုအခါ ဒီဃီတိကောသလမင်းသည် မင်းချင်းယောက်ျား ထိုလူများကို-



၇၄၈

“အချင်းတို့.. ငါသည် ရူးသွပ်၍ ယောင်ယမ်းပြောဆိုသည် မဟုတ်ပါ၊ စင်စစ်သော်ကား ပညာရှိသူသည် ငါ့စကား၏ အနက်အဓိပ္ပါယ်ကို သိပေလိမ့်မည်”-

ဟူ၍ ဖြေရှင်းပြောဆိုလေ၏။

     ရဟန်းတို့.. နှစ်ကြိမ်မြောက်လည်း ဒီဃီတိကောသလမင်းသည် သားတော် ဒီဃာဝုကို ရည်ညွှန်း၍ ရှေးနည်းအတူ ဩဝါဒစကား မြွက်ကြားသောအခါမှာလည်း မင်းချင်းယောက်ျားတို့သည် ထို့အတူပင် အထင်လွဲစကား ပြောကြားကြသဖြင့် ဤနည်းအတူပင် ဖြေရှင်း ပြောဆိုလေသည်။ သုံးကြိမ်မြောက်လည်း ဒီဃီတိကောသလမင်းသည် သားတော် ဒီဃာဝုကို ရည်ညွှန်း၍ ရှေးနည်းအတူ ဩဝါဒစကား မြွက်ကြားသော အခါမှာလည်း မင်းချင်းယောက်ျားတို့သည် ထို့အတူပင် အထင်လွဲစကား ပြောကြားကြသဖြင့် ဤနည်းအတူပင် ဖြေရှင်း ပြောဆိုရလေသည်။

     ရဟန်းတို့.. ထိုအခါ မင်းချင်းယောက်ျား ထိုလူများသည် မိဖုရားကြီးနှင့်တကွ ဒီဃီတိကောသလမင်းကို လမ်းတခုမှ လမ်းတခုသို့ လမ်းဆုံတခုမှ လမ်းဆုံတခုသို့ (ရိုက်နှက်ပုတ်ခတ်ကြကာ) လှည့်လည် ယူဆောင်ကြ၍ တောင်တံခါးဖြင့် ထွက်စေ၍ (=ထုတ်ဆောင်၍) မြို့၏ တောင်မျက်နှာ၌ လေးပိုင်းဖြတ်၍ ခုတ်သတ်ပြီးလျှင် အသားစုတို့ကို အရပ်လေးမျက်နှာတို့၌ စွန့်ပစ်ကြကာ အစောင့်အနေချထား၍ မြို့တွင်းသို့ ပြန်လည် ဖဲသွားကြလေကုန်၏။

ဒီဃာဝုမင်းသား၏ လိမ္မာသောအစီအမံ

     ရဟန်းတို့.. ထိုအခါ ဒီဃာဝုမင်းသားသည် ဗာရာဏသီပြည်တွင်းသို့ ဝင်ပြီးလျှင် သေအရက်ကို ယူဆောင်ခဲ့၍ အစောင့်လူများကို တိုက်ကျွေးလေသည်။ အစောင့်လူများ မူးယစ်၍ တိမ်းလဲသောအခါ ဒီဃာဝုမင်းသားသည် ထင်းများကို စုရုံး၍ ထင်းပုံပြုပြီးလျှင် မယ်တော် ခမည်းတော်တို့၏ (အပိုင်းပိုင်းပြတ်နေသော) ဥတုဇရုပ်ကလာပ်ကို ထင်းပုံထက်သို့တင်ကာ မီးသင်္ဂြိုဟ်ပြီးလျှင်



၇၄၉

လက်အုပ်ချီမိုးလျက် ထင်းပုံကို သုံးကြိမ် (=သုံးပတ်) လက်ျာရစ်လှည့်လေ၏။

ဗြဟ္မဒတ်မင်း ပြင်းစွာထိတ်လန့်ခြင်း

     ထိုအချိန်၌ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် ရွှေနန်းတော် ပြာသာဒ်အထက်ထပ်၌ နေထိုင်ရင်းက ဒီဃာဝုမင်းသား လက်အုပ်ချီမိုးလျက် ထင်းပုံကို သုံးကြိမ် (=သုံးပတ်) လက်ျာရစ် လှည့်နေသည်ကို မြင်လတ်၍ “ထိုလူသည်ကား ဒီဃီတိကောသလမင်း၏ မိဆွေမျိုးသော်၎င်း, သားချင်းသော်၎င်း ဧကန်စင်စစ် ဖြစ်ပေလိမ့်မည်၊ ဩ.. ထိုသူကား ငါ့အား အကျိုးမဲ့ကို ပေးမည့်သူပေတကား၊ ငါ့အား မည်သူတဦးတယောက်ကမျှ လာရောက်၍ မလျှောက်မထား နေအားဘိပေ၏”ဟူ၍ ကြံစည်စဉ်းစားမိကာ ပြင်းထန်စွာ ထိတ်လန့်လေ၏။

ဒီဃာဝုမင်းသား ဆင်ထိန်းအမှုထမ်းခြင်း

     ရဟန်းတို့.. ထို့နောက် ဒီဃာဝုမင်းသားသည် တောသို့ သွားပြီးလျှင် အလိုရှိတိုင်း (=အားရအောင်) ငိုကြွေးမြည်တမ်းပြီးနောက် မျက်ရည်ကို သုတ်သိမ်း၍ ဗာရာဏသီပြည်တွင်းသို့ ဝင်ရောက်ကာ နန်းတော်၏အနီး ဆင်တင်းကုပ်သို့သွား၍ ဆင်ဆရာကို “ဆရာ.. အကျွန်ုပ်သည် ဆင်အတတ်ကို သင်လိုပါသည်”ဟု ပြောဆိုတောင်းပန် လေ၏။ ဆင်ဆရာသည်လည်း “အမောင်.. ထိုသို့ ဆင်အတတ်ကို သင်ယူလိုလျှင် သင်ယူလော့”ဟု ပြောဆိုခွင့်ပြုလေ၏။

     ရဟန်းတို့.. ထိုအခါ ဒီဃာဝုမင်းသားသည် ညဉ့်မိုးသောက်ယံအခါ၌ စောစောထ၍ ဆင်တင်းကုပ်၌ (ထိုင်နေကာ) သာယာသောအသံဖြင့် သီချင်းကို သီဆိုလေ၏။ စောင်းကိုလည်း တီးလေ၏။ ရဟန်းတို့.. ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် ညဉ့်မိုးသောက်ယံအခါ၌ စောစောထ၍ ဆင်တင်းကုပ်၌ သာယာစွာသောအသံဖြင့် (ဒီဃာဝုမင်းသား၏) သီချင်းဆိုသောအသံ စောင်းတီးသောအသံကို ကြားရ၍ မင်းချင်းယောက်ျား လူအများကို



၇၅၀

“အချင်းတို့.. ညဉ့်မိုးသောက်ယံအခါ၌ စောစောထ၍ ဆင်တင်းကုပ်၌ နေထိုင်ကာ သာယာသောအသံဖြင့် သီချင်းကိုလည်း သီဆို စောင်းကိုလည်း တီးခတ်သူကား အဘယ်သူနည်း”ဟု မေးလေ၏။ မင်းချင်းယောက်ျား လူအများက “အရှင်မင်းကြီး.. ညဉ့်မိုးသောက်ယံအခါ၌ စောစောထ၍ ဆင်တင်းကုပ်၌ နေထိုင်ကာ သာယာစွာသောအသံဖြင့် သီချင်းကိုလည်း သီဆို စောင်းကိုလည်း တီးခတ်သူကား ဤအမည်ရှိသော ဆင်ဆရာ၏တပည့် လုလင်ပျိုဖြစ်ပါသည်”ဟု လျှောက်ထားကြလေသော် ဗြဟ္မဒတ်မင်းသည် “အချင်းတို့.. ထိုသို့ဖြစ်လျှင် ထိုလုလင်ပျိုကို (ငါ့ထံသို့) ခေါ်ဆောင်ခဲ့ကြကုန်လော့”ဟု မိန့်ကြားစေခိုင်းလေ၏။

ဒီဃာဝုမင်းသား အတွင်းတော်အမှုထမ်းဖြစ်ခြင်း

     ရဟန်းတို့.. မင်းချင်းယောက်ျား ထိုလူများသည် “ကောင်းပါပြီ အရှင်မင်းကြီး..”ဟု ဝန်ခံစကား လျှောက်ထားကြ၍ ဒီဃာဝုမင်းသားကို ဗြဟ္မဒတ်မင်းထံသို့ ခေါ်ဆောင်ကြလေကုန်၏။ မင်းကြီးသည် ဒီဃာဝုမင်းသားကို “အမောင်လုလင်ပျို.. ညဉ့်မိုးသောက်ယံအခါ၌ စောစောထ၍ ဆင်တင်းကုပ်၌ သာယာစွာသော အသံဖြင့် သီချင်းလည်း သီဆို စောင်းကိုလည်း တီးခတ်သူသည် အမောင်ပင် ဖြစ်သလော”ဟု မေးတော်မူ၍ ဒီဃာဝုမင်းသားက ဟုတ်မှန်ကြောင်း ဝန်ခံလေလျှင် မင်းကြီးသည် “အမောင်လုလင်ပျို.. ထိုသို့ဖြစ်လျှင် အမောင်သည် သီချင်းကို သီဆိုလော့၊ စောင်းကိုလည်း တီးခတ်လော့”ဟု တဖန် စေခိုင်းတော်မူပြန်လေ၏။

     ရဟန်းတို့.. ထိုအခါ ဒီဃာဝုမင်းသားသည် “ကောင်းပါပြီ အရှင်မင်းကြီး..”ဟု ဝန်ခံစကား ပြောကြား၍ ဗြဟ္မဒတ်မင်းကြီး နှစ်သက်အားရလောက်အောင် သာယာစွာသောအသံဖြင့် သီချင်းကိုလည်း သီဆို၏၊ စောင်းကိုလည်း တီးခတ်လေ၏။ မင်းကြီးသည် အလွန် နှစ်သက်အားရလှသဖြင့် “အမောင်လုလင်ပျို.. အမောင်သည် ငါ့ကို လုပ်ကျွေးခစားလော့”ဟု ဆိုလေသော် ဒီဃာဝုမင်းသားသည် “ကောင်းပါပြီ



၇၅၁

အရှင်မင်းကြီး..”ဟု ဝန်ခံစကား ပြောကြားပြီးနောက် (၁) ရှေးဦး ထခြင်း၊ (၂) နောက်မှအိပ်ခြင်း၊ (၃) အဘယ်အမှုကို ပြုရပါမည်နည်းဟု အမြဲတစေ နာယူလျက်ရှိနေခြင်း၊ (၄) မင်းကြီး နှစ်လိုဖွယ်ကို ပြုလေ့ရှိခြင်း၊ (၅) ချစ်ဖွယ်စကား ပြောကြားလေ့ရှိခြင်း = ဤအင်္ဂါ ၅-ချက်နှင့် ပြည့်စုံစွာ ဗြဟ္မဒတ်မင်းကြီးအား ခစားပြုစု လုပ်ကျွေးသဖြင့် ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းကြီးသည် မကြာမြင့်မီပင် ဒီဃာဝုမင်းသားကို အတွင်းလူယုံတော်ရာထူး၌ (=သက်တော်စောင့်ရာထူး၌) နှင်းအပ်ခန့်ထားလေ၏။

ဒီဃာဝုမင်းသား ခမည်းတော်၏စကားကို

လေးစားလိုက်နာခြင်း

     ရဟန်းတို့.. ထိုမှနောက် တနေ့သောအခါ၌ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် ဒီဃာဝုမင်းသားကို “အမောင်လုလင်ပျို.. ရထားကို က-လော့၊ သမင်တောသို့ သွားကုန်အံ့”ဟု ဆိုလေ၏။ ဒီဃာဝုမင်းသားသည် “ကောင်းပါပြီ အရှင်မင်းကြီး..”ဟု ဝန်ခံကာ ရထားကို က-ပြီးလျှင် “အရှင်မင်းကြီး.. အရှင်မင်းကြီး၏(အတွက်) ရထားကို က-ပြီးပါပြီ။ ယခုအခါ သွားရန်အချိန်ကို အရှင်မင်းကြီးသည် သိတော်မူပါ၏ (=သွားရန်မှာ အရှင်မင်းကြီး၏ အလိုအတိုင်းပင် ဖြစ်ပါသည်)”ဟု လျှောက်ထားလေသော် ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းကြီးသည် ရထားကိုစီးနင်းကာ စစ်တပ်အခြံအရံဖြင့် တောကစားရန် ထွက်ကြွတော်မူခဲ့လေ၏။

     ဒီဃာဝုမင်းသားသည် မင်းကြီး စီးနင်းလိုက်ပါလာသော ရထားကို စစ်တပ်နှင့်ကွဲကွာသွားအောင် မောင်းနှင်လေ၏။ ရဟန်းတို့.. ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် အဝေးသို့ရောက်သောအခါ ဒီဃာဝုမင်းသားကို “အမောင်လုလင်ပျို.. ထိုသို့ စစ်တပ်နှင့် ငါတို့ ဝေးကွာခဲ့ရကား ရထားကိုချွတ်လော့၊ ငါသည် ပင်ပန်းလှ၏၊ လျောင်းစက်ဦးအံ့”ဟု ဆိုလေလျှင် ဒီဃာဝုမင်းသားသည် မင်းကြီး၏ အမိန့်အတိုင်း



၇၅၂

ရထားကို ချွတ်ပြီးလျှင် မြေအပြင်၌ ထက်ဝယ်(= တင်ပလ္လင်)ဖွဲ့ခွေ ထိုင်နေလေ၏။ ရဟန်းတို့.. ထိုအခါ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် ဒီဃာဝုမင်းသား၏ ရင်ခွင်ထက်၌ ဦးခေါင်းကိုချ၍ အိပ်လေသော် အလွန်ပင်ပန်း နွမ်းနယ်လှရကား ခဏအတွင်းမှာပင် အိပ်ပျော်ခြင်းသို့ ရောက်လေ၏။

     ရဟန်းတို့.. ထိုသို့ မင်းကြီး အိပ်ပျော်သောအခါ ဒီဃာဝုမင်းသား၏ စိတ်သန္တာန်ဝယ်-

“ဤကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည်ကား ငါတို့၏အပေါ်မှာ များစွာသော အကျိုးမဲ့ကို ပြုလုပ်ခဲ့သူ ဖြစ်ချေသည်၊ ဤမင်းသည် ငါတို့၏ ရဲမက်ဗိုလ်ပါ ဆင်မြင်းရထားနှင့် ဇနပုဒ်ကို၎င်း, ဘဏ္ဍာတိုက်နှင့် ကျီကြကို၎င်း တိုက်ဖျက်လုယက်အပ်လေပြီ၊ ဤမင်းသည်ပင် ငါ၏ မယ်တော် ခမည်းတော်တို့ကိုလည်း သတ်အပ်ခဲ့ကုန်ပြီ၊ ဤအခါကား ငါရန်တုံ့မူ (=လက်စားချေ)ရမည့် အခါပေတည်း”-

ဟု အကြံအစည် ဖြစ်ရှိကာ သန်လျက်အိမ်မှ သန်လျက်ကို ဆွဲထုတ်လေ၏။ ရဟန်းတို့.. ထိုအခါ ဒီဃာဝု မင်းသား၏ စိတ်သန္တာန်ဝယ် ဆက်၍တဖန် အကြံဖြစ်ပြန်သည်မှာ-

“ခမည်းတော်မင်းတရားသည် သေခါနီးအခါ၌ ငါ့ကို ‘ချစ်သားဒီဃာဝု.. သင်သည် အရှည်ကိုလည်း မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သားဒီဃာဝု.. ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းနိုင်ကုန်၊ ချစ်သားဒီဃာဝု.. ရန်တုံ့မမူမှသာ ရန်တို့သည် ငြိမ်းကုန်၏’ဟု ပြောဆို မှာထားတော်မူခဲ့လေသည်။ ငါသည် ခမည်းတော်၏စကားကို လွန်ဆန်ခြင်းငှါ မသင့်လျော်”-

ဟု ကြံစည်ပြီးလျှင် သန်လျက်အိမ်အတွင်းသို့ သန်လျက်ကို တဖန်ပြန်၍ သွင်းလိုက်လေ၏။



၇၅၃

     ရဟန်းတို့.. နှစ်ကြိမ်မြောက်၎င်း, သုံးကြိမ်မြောက်၎င်း ရှေးနည်းအတူ ရန်တုံ့မူရန် အကြံဖြစ်ပေါ်၍ သန်လျက်အိမ်မှ သန်လျက်ကို ထုတ်ပြီးလျှင် ထို့အတူပင် ခမည်းတော်မင်းတရား မှာထားတော်မူခဲ့သည်ကို သတိရ၍ တဖန် သန်လျက်အိမ်အတွင်းသို့ သန်လျက်ကို သွင်းပြန်လေသည်။

     ရဟန်းတို့.. ထိုအခါ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် ကြောက်ရွံ့ထိတ်လန့် စိတ်မသန့်ပဲ တဖျပ်ဖျပ်တုန်လှုပ်လျက် အဆောတလျင် အိပ်ရာမှထလေ၏။ ရဟန်းတို့.. ထိုအခါ ဒီဃာဝုမင်းသားသည် ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းကို “အရှင်မင်းကြီး.. သင်မင်းကြီးသည် အဘယ့်ကြောင့် ကြောက်ရွံ့ထိတ်လန့် စိတ်မသန့်ပဲ တဖျပ်ဖျပ်တုန်လှုပ်လျက် အဆောတလျင် အိပ်ရာမှ ထဘိသနည်း”ဟု မေးမြန်းလေသော် ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် “အမောင်လုလင်ပျို.. ယခုအခါ အိပ်မက်ထဲ၌ ငါ့ကို ဒီဃီတိကောသလမင်း၏ သားဖြစ်သော ဒီဃာဝုမင်းသားက သန်လျက်ဖြင့် လိုက်သောကြောင့် ငါသည် ကြောက်ရွံ့ထိတ်လန့် စိတ်မသန့်ပဲ တဖျပ်ဖျပ်တုန်လှုပ်လျက် အဆောတလျင် အိပ်ရာမှထပေ၏”ဟု ဖြေကြား ပြောဆိုလေ၏။

     ရဟန်းတို့.. ထိုအခါ ဒီဃာဝုမင်းသားသည် လက်ဝဲလက်ဖြင့် ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်း၏ ဦးခေါင်းကို ဆွဲကိုင်၍ လက်ျာလက်ဖြင့် သန်လျက်ကို အိမ်မှဆွဲထုတ်ကာ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းကို “အရှင်မင်းကြီး.. ဒီဃီတိကောသလမင်း၏ သားဖြစ်သော ဒီဃာဝုမင်းသားဟူသည်မှာ (အခြားသူမဟုတ်) အကျွန်ုပ်ပင်တည်း၊ သင်မင်းကြီးသည် အကျွန်ုပ်တို့၏(အပေါ်မှာ) များစွာသော အကျိုးမဲ့ကို ပြုခဲ့သူဖြစ်ချေသည်၊ သင်မင်းကြီးသည် ငါတို့၏ ရဲမက်ဗိုလ်ပါ ဆင်မြင်းရထားနှင့် ဇနပုဒ်ကို၎င်း ဘဏ္ဍာတိုက်နှင့် ကျီကြကို၎င်း တိုက်ဖျက် လုယက်အပ်လေပြီ။ သင်မင်းကြီးသည်ပင် ငါ၏ မယ်တော် ခမည်းတော်တို့ကိုလည်း သတ်အပ်ခဲ့ကုန်ပြီ၊ ဤအခါကား ငါရန်တုံ့မူ (=လက်စားချေ)ရမည့် အခါပေတည်း” ဟူ၍ ပြောဆိုလေ၏။



၇၅၄

     ရဟန်းတို့.. ထိုအခါ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် ဒီဃာဝုမင်းသား၏ ခြေတို့၌ ဦးခိုက်၍ ဒီဃာဝုမင်းသားကို “ချစ်သားဒီဃာဝု.. ငါ့အား အသက်ကို (ချမ်းသာ)ပေးပါလော့၊ ချစ်သားဒီဃာဝု.. ငါ့အား အသက်ကို (ချမ်းသာ)ပေးပါလော့”ဟု ပြောဆိုလေ၏။ ထိုအခါ ဒီဃာဝုမင်းသားက “အကျွန်ုပ်သည် အရှင်မင်းကြီး၏အသက်ကို (ချမ်းသာ)ပေးခြင်းငှါ အဘယ်မှာ တတ်နိုင်ပါအံ့နည်း၊ အရှင်မင်းကြီးကသာလျှင် အကျွန်ုပ်အား အသက်ကို (ချမ်းသာ)ပေးနိုင်ရာပါ၏”ဟု ပြောဆိုလေသော် ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် “ချစ်သားဒီဃာဝု.. ထိုသို့ဖြစ်လျှင် သင်ချစ်သားကလည်း ငါ့အား အသက်ကို (ချမ်းသာ)ပေးပါလော့၊ ငါကလည်း သင်ချစ်သားအား အသက်ကို (ချမ်းသာ)ပေးပါ၏”ဟု ပြောဆိုလေ၏။ ရဟန်းတို့.. ထိုအခါ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းနှင့် ဒီဃာဝုမင်းသားတို့သည် အချင်းချင်း (တယောက်သည်တယောက်)အား အသက်ကို (ချမ်းသာ)ပေးကြလေကုန်၏၊ လက်ကိုလည်း ဆွဲကိုင်ကြကာ ချစ်ကြည်မှုကို ပြုကြလေကုန်၏၊ (အချင်းချင်း) မပြစ်မှားရန် ကတိသစ္စာ ကျိန်ဆိုမှုကိုလည်း ပြုကြလေကုန်၏။

     ရဟန်းတို့.. ထိုသို့ မင်းနှင့် မင်းသား နှစ်ဦးသားတို့ တယောက်သည် တယောက်အား အသက်(ချမ်းသာရေး) ပေးကြလျက် လက်ကို ဆွဲကိုင်ကြကာ ကတိသစ္စာ ကျိန်ဆိုမှု ပြုပြီးသောအခါ၌ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် ဒီဃာဝုမင်းသားကို “ချစ်သားဒီဃာဝု.. ထိုသို့ဖြစ်လျှင် ရထားကို က-လော့၊ ပြန်ကြကုန်အံ့”ဟု ဆိုလေသော် ဒီဃာဝုမင်းသားသည် “ကောင်းပါပြီ အရှင်မင်းကြီး..”ဟု မင်းကြီး၏စကားကို ဝန်ခံ၍ ရထားကို က-ပြီးလျှင် “အရှင်မင်းကြီး.. အရှင်မင်းကြီး၏(အတွက်) ရထားကို က-ပြီးပါပြီ၊ ယခုအခါ သွားရန်အချိန်ကို အရှင်မင်းကြီးသည် သိတော်မူပါ၏ (=သွားရန်မှာ အရှင်မင်းကြီး၏ အလိုအတိုင်းပင် ဖြစ်ပါသည်)”ဟု လျှောက်ဆိုလေ၏။



၇၅၅

ပြည်တော်သို့ ပြန်ဝင်ခြင်း

     ရဟန်းတို့.. ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် ရထားထက်သို့ တက်ရောက် စီးနင်းမိသည်ရှိသော် ဒီဃာဝုမင်းသားသည် ရထားကို မကြာမီပင် စစ်တပ်နှင့် ပေါင်းဆုံမိအောင် မောင်းနှင်လေ၏။ ရဟန်းတို့.. ထိုအခါ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ် မင်းသည် စစ်တပ်ကြီး ခြံရံကာ ဗာရာဏသီပြည်သို့ဝင်၍ အမတ် ပရိသတ်တို့ကို စည်းဝေးစေပြီးလျှင် (ညီလာခံသဘင်၌) “အချင်းတို့ .. ဒီဃီတိကောသလမင်း၏ သားဖြစ်သူ ဒီဃာဝုမင်းသားကို ယခုအခါ တွေ့ရှိကြလျှင် အဘယ်သို့ ပြုကြမည်နည်း”ဟု မေးမြန်းလေ၏။

     (ထိုအခါ) အချို့သောအမတ်တို့က “အရှင်မင်းကြီး.. အကျွန်ုပ်တို့သည် လက်တို့ကို ဖြတ်ပါကုန်အံ့၊ (အချို့ကမူ) အရှင်မင်းကြီး.. အကျွန်ုပ်တို့သည် ခြေတို့ကို ဖြတ်ပါကုန်အံ့၊ (အချို့ကမူ) အရှင်မင်းကြီး.. အကျွန်ုပ်တို့သည် လက်ခြေတို့ကို ဖြတ်ပါကုန်အံ့၊ (အချို့ကမူ) အရှင်မင်းကြီး.. အကျွန်ုပ်တို့သည် နားတို့ကို ဖြတ်ပါကုန်အံ့၊ (အချို့ကမူ) အရှင်မင်းကြီး.. အကျွန်ုပ်တို့သည် နှာခေါင်းကို ဖြတ်ပါကုန်အံ့၊ (အချို့ကမူ) အရှင်မင်းကြီး.. အကျွန်ုပ်တို့သည် နားနှာခေါင်းကို ဖြတ်ပါကုန်အံ့၊ (အချို့ကမူ) အရှင်မင်းကြီး.. အကျွန်ုပ်တို့သည် ဦးခေါင်းကို ဖြတ်ပါကုန်အံ့”ဟူ၍ (အသီးအသီး) မင်းလိုလိုက် မင်းကြိုက်စကား ပြောကြားကြလေကုန်၏။ ထိုအခါ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ် မင်းတရားသည်-

“အချင်းတို့.. ဒီဃီတိကောသလမင်း၏ သားဖြစ်သူ ဒီဃာဝုမင်းသားဟူသည်မှာ ဤသူပင် ဖြစ်တော့သည် (မင်းသားကို လက်ဖြင့်ညွှန်း၍ ပြောသည်)၊ ဤဒီဃာဝုမင်းသားကို တစုံတခုသောအမှုကို ပြုရန် မရတော့ပြီ၊ ဤဒီဃာဝုမင်းသားကလည်း ငါ့အား အသက်ကို (ချမ်းသာ)ပေးအပ်ပြီ၊ ငါကလည်း ဤဒီဃာဝုမင်းသားအား အသက်ကို (ချမ်းသာ)ပေးအပ်ပြီ”—

ဟူ၍ ကျေညာပြောဆိုလေ၏။



၇၅၆

ဒီဃာဝုမင်းသား ရန်ငြိမ်းကြောင်းတရားကို

ဟောကြားရှင်းပြခြင်း

     ရဟန်းတို့.. ထို့နောက် ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် ဒီဃာဝုမင်းသားကို-

“ချစ်သားဒီဃာဝု.. သင်၏ ဖခမည်းတော်သည် သေခါနီးအခါ၌ (၁)‘ချစ်သားဒီဃာဝု.. သင်သည် အရှည်ကိုလည်း မကြည့်လင့်၊ (၂) အတိုကိုလည်း မကြည့်လင့်၊ (၃) ချစ်သားဒီဃာဝု.. ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းနိုင်ကုန်၊ (၄) ချစ်သားဒီဃာဝု.. ရန်တုံ့မမူမှသာ ရန်တို့သည် ငြိမ်းနိုင်ကုန်၏’ဟု မှာထားခဲ့၏။ သင်၏ ဖခမည်းတော်သည် အဘယ်ကိုရည်၍ မှာထားခဲ့ပါသနည်း”-

ဟု မေးမြန်းလေ၏။ ထိုအခါ ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ်မင်းကြီးကို-

(၁) အရှင်မင်းကြီး.. အကျွန်ုပ်၏ ဖခမည်းတော်သည် သေခါနီးအခါ၌ “အရှည်ကို မကြည့်လင့်”ဟု ပြောဆို မှာထားခဲ့သည်မှာ “ရှည်မြင့်စွာ ရန်ကို မပြုလင့်”ဟု ပြောဆို မှာထားခဲ့ခြင်း ဖြစ်ပါသည်။ အရှင်မင်းကြီး ဤအဓိပ္ပါယ်ကိုရည်၍ အကျွန်ုပ်၏ ဖခမည်းတော်သည် သေခါနီးအခါ၌ “အရှည်ကိုမကြည့်လင့်”ဟု ပြောဆို မှာထားခဲ့ပါ၏။

(၂) အရှင်မင်းကြီး.. အကျွန်ုပ်၏ ဖခမည်းတော်သည် သေခါနီးအခါ၌ “အတိုကိုလည်း မကြည့်လင့်”ဟု ပြောဆို မှာထားခဲ့သည်မှာ “အဆွေခင်ပွန်းတို့နှင့် အချိန်တိုတောင်း လျင်မြန်စွာ မိတ်မပျက်စေလင့်”ဟု ပြောဆို မှာထားခဲ့ခြင်း ဖြစ်ပါသည်။ အရှင်မင်းကြီး.. ဤအဓိပ္ပါယ်ကိုရည်၍ အကျွန်ုပ်၏ ဖခမည်းတော်သည် သေခါနီးအခါ၌ “အတိုကိုလည်း မကြည့်လင့်”ဟု ပြောဆို မှာထားခဲ့ပါ၏။



၇၅၇

(၃-၄) အရှင်မင်းကြီး.. အကျွန်ုပ်၏ ဖခမည်းတော်သည် သေခါနီးအခါ၌ “ချစ်သားဒီဃာဝု.. ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းနိုင်ကုန်၊ ချစ်သားဒီဃာဝု.. ရန်တုံ့မမူမှသာ ရန်တို့သည် ငြိမ်းကုန်၏”ဟု ပြောဆိုမှာ ထားခဲ့သည်ကား “အရှင်မင်းကြီးသည် အကျွန်ုပ်၏ မယ်တော် ခမည်းတော်တို့ကို သတ်သူဖြစ်သည်ဟု အောက်မေ့ကာ အကျွန်ုပ်က အရှင်မင်းကြီးကို အကယ်၍ သတ်ဖြတ်ခဲ့လျှင် အရှင်မင်းကြီး၏အကျိုးကို လိုလားသောသူတို့က အကျွန်ုပ်ကို သတ်ဖြတ်ကုန်လေရာ၏၊ (တဖန်) အကျွန်ုပ်၏အကျိုးကို လိုလားသော သူတို့က ထိုသူတို့ကို သတ်ဖြတ်ကုန်ပြန်ရာ၏။ ဤသို့ အပြန်အလှန် လက်စားချေ သတ်ဖြတ်နေကြလျှင် ထိုရန်သည် အဘယ်နည်းဖြင့်မျှ မငြိမ်းနိုင်ရာ။

ယခုအခါ၌မူ အရှင်မင်းကြီးက အကျွန်ုပ်အား အသက်ကို (ချမ်းသာ)ပေးအပ်ပါပြီ၊ အကျွန်ုပ်ကလည်း အရှင်မင်းကြီးအသက်ကို (ချမ်းသာ)ပေးအပ်ပါပြီ၊ ဤသို့ အချင်းချင်း အသက်ကို ချမ်းသာပေးကြကာ ရန်တုံ့မမူ သဖြင့် ထိုရန်သည် အပြီးတိုင် ငြိမ်းအေးသွားပါပြီ။ အရှင်မင်းကြီး.. ဤအဓိပ္ပါယ်ကိုရည်၍ အကျွန်ုပ်၏ ဖခမည်းတော်သည် သေခါနီးအခါ၌ “ချစ်သားဒီဃာဝု.. ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းနိုင်ကုန်၊ ချစ်သားဒီဃာဝု.. ရန်တုံ့မမူမှသာ ရန်တို့သည် ငြိမ်းကုန်၏”ဟု ပြောဆိုမှာထားခဲ့ပါ၏”-

ဟူ၍ ခမည်းတော် မှာထားခဲ့သည့် ရန်ငြိမ်းကြောင်းတရားကို ဟောကြားရှင်းပြလေ၏။

     (ဤတရားသဘောကို ရည်ရွယ်၍ ရှေးပညာရှိ သူတော်ကောင်းတို့သည်—

၁။ ရန်စကို မရှည်စေလင့်၊

၂။ မိတ်စကို မတိုစေလင့်၊



၇၅၈

၃။ ရန်မမူလိုမှ ရန်ပြိုသည်။

၄။ ရန်လိုလျှင် ရန်ပိုတတ်သည်-

ဟူ၍ ဓမ္ဗူပဒေသစကား ထားခဲ့ကြလေသည်။)

ဒီဃာဝုမင်းသား ဖခမည်းတော်၏ ထီးနန်းအမွေကို

တဖန်ပြန်၍ ရရှိခြင်း

     ရဟန်းတို့.. ထိုသို့ ဒီဃာဝုမင်းသား ရန်ငြိမ်းကြောင်းတရားကို ဟောကြားရှင်းပြသောအခါ ကာသိတိုင်းရှင် ဘုရင်ဗြဟ္မဒတ်မင်းသည် “အချင်းတို့.. အံ့ဖွယ်ရှိစွာ့တကား၊ အချင်းတို့ မဖြစ်စဘူး အထူးဖြစ်စွာ့တကား၊ အကျဉ်းချုပ်အားဖြင့် ဖခမည်းတော် မှာထားခဲ့သောစကား၏ အဓိပ္ပါယ်ကို အကျယ်ဖြန့်ချိ သိသူဖြစ်ရကား ဤဒီဃာဝုမင်းသားသည် အလွန်လျှင် ပညာရှိစွာ့ကား”ဟု ချီးမွမ်းစကား ပြောကြားပြီးလျှင် (ဒီဃာဝု၏ဖခင် ဘုရင်ဒီဃီတိ ကောသလမင်း၏ ဥစ္စာဖြစ်သည့် ရဲမက်ဗိုလ်ပါ ဆင်မြင်းရထားနှင့် ဇနပုဒ်ကို၎င်း, ဘဏ္ဍာတိုက်နှင့် ကျီကြကို၎င်း ဒီဃာဝုမင်းသားအား ပြန်၍ ပေးအပ်သည့်ပြင် အရွယ်သို့ ရောက်ပြီးသော သမီးကိုလည်း ပေးလေ၏။

ဗုဒ္ဓ၏ ဩဝါဒတော်

     ရဟန်းတို့.. တုတ်ဓားလက်နက်ကို ဆောင်ယူကြကုန်သော ထိုမင်းတို့အားသော်မှလည်း ဤသို့သဘောရှိသော သည်းခံခြင်း, နှစ်သက်ကျေနပ်ခြင်းသည် ဖြစ်တုံဘိသေး၏၊ ရဟန်းတို့.. သင်တို့သည် ဤသို့ အစ အလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား ဟောကြားအပ်သည့် တရားသဖြင့် ဆုံးမရာ ဤငါဘုရားသာသနာ၌ ရဟန်းအဖြစ်သို့ ကပ်ရောက်ကြသူများဖြစ်လျက် သည်းမခံကြလျှင် မနှစ်သက် မကျေနပ်ကြလျှင် ထိုသို့ (အချင်းချင်း) သည်းမခံခြင်း, မနှစ်သက် မကျေနပ်ခြင်းသည် ဤသာသနာတော်၌ တင့်တယ်နိုင်ပါမည်လော၊ (=မတင့်တယ်နိုင်သည်သာ)ဟု မြတ်စွာဘုရားရှင်သည် လေးနက်သော ဩဝါဒစကား မိန့်ကြားတော်မူပြီးလျှင် တတိယအကြိမ်မြောက်လည်း-



၇၅၉

“ချစ်သားရဟန်းတို့.. မသင့်လျော်ဘူး = မတော်ဘူး၊ ငြင်းခုံမှုကို မပြုကြကုန်လင့်၊ ခိုက်ရန်မှုကို မပြုကြကုန်လင့်၊ ထိပါးနှောက်ယှက် ဆန့်ကျင်ဖက်စကား ပြောကြားမှုကို မပြုကြကုန်လင့်”-

ဟူ၍ နောက်ဆုံးအကြိမ် မိန့်တော်မူသော အခါမှာလည်း ရှေးဖော်ပြရာပါ ဥက္ခိတ္တာနုဝတ္တက အဓမ္မဝါဒီရဟန်းသည် မြတ်စွာဘုရားရှင်ကို-

“ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. တရားရှင် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဆိုင်းငံ့တော်မူပါလော့၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား.. အရှင်မြတ်ဘုရားသည် မျက်မှောက်ချမ်းသာရေးကိုသာ အားထုတ်တော်မူကာ ကြောင့်ကြမဲ့ နေတော်မူပါလော့၊ အကျွန်ုပ်တို့သည် ထိုငြင်းခုံခြင်း, ခိုက်ရန်ပြုခြင်း, ထိပါး နှောက်ယှက် ဆန့်ကျင်ဖက်စကား ပြောကြားခြင်းဖြင့် ထင်ရှားကြပါလိမ့်မည်”-

ဟူ၍ ရှေးနည်းအတူပင် တောင်းပန်မြစ်တား လျှောက်ထားပြန်လေ၏။

     ထိုအခါ မြတ်စွာဘုရားရှင်သည် “မဂ်ဖိုလ်မရ ကိစ္စမပြီး အချည်းနှီးသော ဤယောက်ျား (သတ္တဝါ)တို့သည် ကုန်ခန်းသော သဘောရှိကုန်၏၊ (=ဆုံးမ၍ မရတော့ကုန်ဟု ဆိုလိုသည်)။ ဤရဟန်းတို့ကို သိစေရန် (=အသိတရား ရစေရန်) မလွယ်ကုန်”ဟု နှလုံးပိုက်တော်မူလျက် နေရာမှထကာ ဖဲခွါ ကြွသွားတော်မူလေ၏။

ဒီဃာဝုဝတ္ထု ပြီး၏။

(အမှာ။ ။ဤဒီဃာဝုဝတ္ထုကို ဝိနည်းမဟာဝါပါဠိတော် ကောသမ္ဗကက္ခန္ဓကမှ ထုတ်နုတ် ရေးသားအပ်ပါသည်။ ဤဒီဃာဝုဝတ္ထုကား ပဉ္စကနိပါတ် ဒီဃီတိကောသလဇာတ်၌၎င်း, နဝကနိပါတ် ကောသမ္ဗိယဇာတ်၌၎င်း ဂါထာပိုဒ်တို့ဖြင့် လာရှိသေး၏၊ အလိုရှိသော သုတေသီ



၇၆၀

ပုဂ္ဂိုလ်မြတ်တို့သည် ထိုနိပါတ် ထိုဇာတ်တို့ကိုလည်း ကြည့်ရှု မှတ်သားကုန်ရာ၏)။

ဂါထာဒသက ဩဝါဒဒေသနာ

     ထို့နောက် မြတ်စွာဘုရားရှင် နံနက်အချိန်၌ ကောသမ္ဗီပြည်အတွင်းသို့ ဆွမ်းခံကြွဝင်တော်မူ၍ ဆွမ်းကိစ္စ ပြီးဆုံးလတ်သောအခါ ဆွမ်းခံရာမှ ဖဲကြွတော်မူခဲ့၍ အိပ်ရာနေရာကို သိုမှီးသိမ်း ဆည်းတော်မူပြီးလျှင် ကိုယ်တော်တိုင်ပင် သပိတ်သင်္ကန်းကို ယူဆောင်တော်မူ၍ (ခရီးသွားအံ့ဆဲဆဲ) သံဃာ့အလယ်၌ ရပ်တည်တော်မူလျက်သာလျှင် ဤဆိုလတ္တံ့သော ဆယ်ဂါထာ ဩဝါဒဒေသနာကို ဟောကြားတော်မူလေသည်။

ပုထုသဒ္ဒေါ သမဇနော၊

န ဗာလော ကောစိ မညထ။

သံဃသ္မိံ ဘိဇ္ဇမာနသ္မိံ၊

နာညံ ဘိယျော အမညရုံ။ (၁)

     (အယံ ဘိက္ခုဂဏော = ကိုယ်ကြမ်း နှုတ်ကြမ်း ဤရဟန်းအပေါင်းသည်။ ထည့်)။ ပုထုသဒ္ဒေါ = နှုတ်တဖောင်ဖောင် ကျယ်လောင်သော အသံရှိ၏။ သမဇနော = စိတ်ထားမဖြူ တူသောသူချည်းသာလျှင်ဖြစ်၏။ (တတ္ထ = ထိုရဟန်းအပေါင်း၌။ ထည့်)။ ကောစိ = တပါးမျှလည်း။ ဗာလော = အသိဉာဏ်ခေါင်းပါး ငါမိုက်စွာ့တကားဟူ၍။ န မညထ = မသိမမြင် မထင်ဘိချေ။ ဘိယျော = ထို့ပြင်လည်း။ သံဃသ္မိံ = သံဃာတော်သည်။ ဘိဇ္ဇမာနသ္မိံ = မကျေမချမ်း စိတ်ဝမ်းကွဲပြားသည်ရှိသော်။ အညံ = ငါ့ကြောင့်သံဃာ ကွဲခဲ့စွာဟု တဖြာထပ်လောင်း အခြားအကြောင်းကိုလည်း။ န အမညရုံ = မသိမမြင် မထင်ကြကုန်။

ပရိမုဋ္ဌာ ပဏ္ဍိတာဘာသာ၊

ဝါစာဂေါစရဘာဏိနော။

ယာဝိစ္ဆန္တိ မုခါယာမံ၊

ယေန နီတာ န တံ ဝိဒူ။ (၂)



၇၆၁

     (ဣမေ ဘိက္ခူ = ကိုယ်ကြမ်း နှုတ်ကြမ်း ဤရဟန်းတို့သည်။ ထည့်)။ ပရိမုဋ္ဌာ = သတိလွတ်ကင်း မေ့လျော့ခြင်းကြီး မေ့လျော့ကြကုန်လျက်။ ပဏ္ဍိတာဘာသာ = ပညာရှိယောင် တူစွာဆောင်ကြကုန်သည်ဖြစ်၍။ ဝါစာဂေါစရာ = ခိုက်ရန်ဖြစ်ပွါး ထိုစကားလျှင် ကျက်စားရာအာရုံ ရှိကြကုန်၏။ (ကမ္မဋ္ဌာန်းအာရုံ မရှိကြကုန်ဟု ဆိုလိုသည်)။ ယာဝ ဣစ္ဆန္တိ = မရှက်မကြောက် အလိုရှိကြသလောက်ပင်။ မုခါယာမံ = ခံတွင်းကိုဖွင့်ကြ၍။ ဘာဏိနော = ရန်တွေ့စကား ပြောကြားကြကုန်၏။ (ရဟန်းတပါးမျှ သံဃာကို ရိုသေသောအားဖြင့် နှုတ်ပိတ်မှုကို မပြုချေဟု ဆိုလိုသည်)။ ယေန ကလဟေန = ခိုက်ရန်ငြင်းပွါး အကြင် ဒေါသတရားသည်။ နီတာ = အရှက်မဲ့သူအဖြစ်သို့ရောက်အောင် (ထိုရဟန်းတို့ကို) ဆောင်အပ်ကုန်၏။ တံ ကလဟံ = ခိုက်ရန်ငြင်းပွါး ထိုဒေါသတရားကို။ န ဝိဒူ = “ဤသို့လျှင်တိ အပြစ်ရှိ”ဟု မသိမြင်ကြကုန်။

အက္ကောစ္ဆိ မံ အဝဓိ မံ၊

အဇိနိ မံ အဟာသိ မေ။

ယေ စ တံ ဥပနယှန္တိ၊

ဝေရံ တေသံ န သမ္မတိ။ (၃)

     ယေ စ = အမှတ်မထင် အကြင်သူတို့သည်လည်း။ “(အယံ = ဤသူသည်)။ မံ = ငါ့ကို။ အက္ကောစ္ဆိ = ဆဲရေးစကား ပြောကြားခဲ့ဘူးပြီး။ (အယံ = ဤသူသည်)။ မံ = ငါ့ကို။ အဝဓိ = နှိပ်စက်ကလူ ပြုမူဘူးပြီး။ (အယံ = ဤသူသည်)။ မံ = ငါ့ကို။ အဇိနိ = လွှမ်းမိုးသဖြင့် အနိုင်ကျင့်ဘူးလေပြီ။ (အယံ = ဤသူသည်)။ မေ = ငါ၏။ (ဓနံ = ဥစ္စာကို)၊ အဟာသိ = ခိုးဆောင်ဘူးလေပြီ”။ (ဣတိ = ဤသို့ နှလုံးပိုက်၍)။ တံ = ထိုခိုက်ရန်ဖြစ်ပွါး ဒေါသတရားကို။ ဥပနယှန္တိ = မပြေနိုင်ပဲ ထပ်တလဲလဲဖွဲ့၍ နေကုန်၏။ တေသံ = ထိုသူတို့၏။ ဝေရံ = ရန်သည်။ န သမ္မတိ = ကမ္ဘာဆုံးတိုင် မငြိမ်းအေးနိုင်။



၇၆၂

အက္ကောစ္ဆိ မံ အဝဓိ မံ၊

အဇိနိ မံ အဟာသိ မေ။

ယေ စ တံ နုပနယှန္တိ၊

ဝေရံ တေသူပသမ္မတိ။ (၄)

     ယေ စ = အမှတ်မထင် အကြင်သူတော်စင်တို့သည်ကား။ “( အယံ = ဤသူသည်)။ မံ = ငါ့ကို။ အက္ကောစ္ဆိ = ဆဲရေးစကား ပြောကြားခဲ့ဘူးပြီ။ (အယံ = ဤသူသည်)။ မံ = ငါ့ကို။ အဇိနိ = နှိပ်စက်ကလူ ပြုမူဘူးပြီ။ (အယံ = ဤသူသည်)။ မံ = ငါ့ကို။ အဇိနိ = လွှမ်းမိုးသဖြင့် အနိုင်ကျင့်ဘူးလေပြီ။ (အယံ = ဤသူသည်)။ မေ = ငါ၏။ (ဓနံ = ဥစ္စာကို)။ အဟာသိ = ခိုးဆောင်ဘူးလေပြီ”။ (ဣတိ = ဤသို့ နှလုံးပိုက်၍)။ တံ = ထိုခိုက်ရန်ဖြစ်ပွါး ဒေါသတရားကို။ နုပနယှန္တိ = ကံကိုဆင်ခြင် စိတ်မဝင်စား သတိမထားပဲ ထပ်ပွါး၍ မဖွဲ့ကြကုန်။ တေသု = နှလုံးကြည်လင် ထိုသူတော်စင်တို့၌။ ဝေရံ = ကျိုးမဲ့လိုလား ရန်တရားသည်။ ဥပသမ္မတိ = လောင်စာကင်းဖဲ မီး၏နဲလျှင် ငြိမ်းစဲပျောက်ပြယ်လေ၏။

န ဟိ ဝေရေန ဝေရာနိ၊

သမ္မန္တီဓ ကုဒါစနံ။

အဝေရေန စ သမ္မန္တိ၊

ဧသ ဓမ္မော သနန္တနော။ (၅)

     ဣဓ = ဤလောက၌။ ဝေရာနိ = ကျိုးမဲ့လိုလား ရန်တရားတို့သည်။ ဝေရေန = ကျိုးမဲ့လိုမှု ရန်တုံ့ပြုသဖြင့်။ ကုဒါစနံ = ကာလသုံးတန် တရံတခါမျှ။ န ဟိ သမ္မန္တိ = မစင်ဖြင့် မစင်ကို ဆေးသကဲ့သို့ ငြိမ်းအေးခြင်းသဘော မရှိကုန်။ အဝေရေန စ = ရန်တုံ့မပွါး ခန္တီမေတ္တာတရားဖြင့်သာလျှင်။ သမ္မန္တိ = ရေကြည်ဖြင့် မစင်ကို ဆေးသကဲ့သို့ ငြိမ်းအေး ပျောက်ပြယ်ကြကုန်၏။ ဧသ-ဧသော ဓမ္မော = ဤခန္တီမေတ္တာ နှစ်ပါးဖြင့် ရန်တရား၏ ငြိမ်းအေးမှုသဘောသည်။ သနန္တနော = ရှေး၌ဖြစ်သော။



၇၆၃

ဓမ္မော = ဘုရားမြတ်စွာ ပစ္စေကာတို့ သွားရာလမ်းကြောင်း တရားကောင်းပေတည်း။

ပရေ စ န ဝိဇာနန္တိ၊

မယမေတ္ထ ယမာမသေ။

ယေ စ တတ္ထ ဝိဇာနန္တိ၊

တတော သမ္မန္တိ မေဓဂါ။ (၆)

     ဧတ္ထ = ဤပရိသတ်များကြွယ် သံဃာ့အလယ်၌။ ပရေ စ = ပညာခေါင်းပါး ခိုက်ရန်မှု ပြုကြသော ရဟန်းများတို့သည်။ “မယံ = ငါတို့သည်။ ယမာမသေ = သေမင်းထံပါး အချိန်တိုင်းသွား၍ နေရကုန်၏”ဟု။ န ဝိဇာနန္တိ = ပညာမျက်စိ ပိတ်မရှိ၍ မသိမြင်ကြကုန်။ တတ္ထ = ထိုပရိသတ်များကြွယ် သံဃာ့အလယ်၌။ ယေ စ = အကြင် ဉာဏ်ရည်တောက်လျှမ်း ပညာရှိရဟန်းတို့သည်ကား။ ဝိဇာနန္တိ = သေမင်းထံပါး ငါတို့သည် အချိန်တိုင်း သွားရကုန်၏ဟု ပိုင်းခြားထင်ထင် မရဏဿတိဝင်၍ သိမြင်ကြကုန်၏။ တတော = ထိုသို့ သိခြင်းကြောင့်။ မေဓဂါ = ခိုက်ရန်အတင်း ငြင်းခုံခြင်းတို့သည်။ သမ္မန္တိ = သမ္မာပဋိပတ် ကျင့်ကြံလတ်သဖြင့် ကင်းပြတ်ချုပ်ငြိမ်းကြလေကုန်၏။

အဋ္ဌိစ္ဆိန္နာ ပါဏဟရာ၊

ဂဝါဿဓနဟာရိနော။

ရဋ္ဌံ ဝိလုမ္ပမာနာနံ၊

တေသံပိ ဟောတိ သင်္ဂတိ။

ကသ္မာ တုမှာက နော သိယာ။ (၇)

     ယေ = အကြင်မင်းတို့သည်။ အဋ္ဌိစ္ဆိန္နာ = မိဖတို့၏အရိုးကို ရိုက်ချိုး ဖြတ်တောက်ကြကုန်၏။ ပါဏဟရာ = ဒေါသမာန်ဝင် အသက်ဆုံး စီရင်ကြကုန်၏။ ဂဝါဿဓနဟာရိနော = နွားမြင်းဥစ္စာ ရတနာကို မညှာလုယက် တိုက်ဖျက်ယူငင်ကြကုန်၏။ ရဋ္ဌံ = ခမည်းတော်ပိုင်စံ တိုင်းနိုင်ငံကို။ ဝိလုမ္ပမာနာနံ = အနိုင်အထက် လုယက်ကြကုန်သော။ တေသံ = ရန်သူမှန်လျှင်း မင်းတို့အားသော်မှလည်း။



၇၆၄

သင်္ဂတိ = စေ့စပ်ပေါင်းသင်း ငြိမ်းချမ်းခြင်းသည်။ ဟောတိ = ဖြစ်နိုင်တုံသေး၏။ တုမှာကံ = ငါဘုရား၏ တရားရင်နှစ် ဖွားမြင်လစ်သည့် သားချစ်မှန်တောင်း သင် ရဟန်းအပေါင်းတို့အား။ သင်္ဂတိ = စေ့စပ်ပေါင်းသင်း ငြိမ်းချမ်းခြင်းသည်။ ကသ္မာ = အဘယ့်ကြောင့်။ နော သိယာ = မဖြစ်နိုင်ပဲ ရှိအံ့နည်း။ သိယာ ဧဝ = ဧကန်စင်စစ် ဖြစ်နိုင်သည်သာတည်း။

သစေ လဘေထ နိပကံ သဟာယံ

သဒ္ဓိံ စရံ သာဓုဝိဟာရိ ဓီရံ။

အဘိဘုယျ သဗ္ဗာနိ ပရိဿယာနိ၊

စရေယျ တေနတ္တမနော သတီမာ။ (၈)

     သတိမာ = သတိရှိသောသူသည်။ သဒ္ဓိံ စရံ = အတူတကွ ဓမ္မမိတ်တော် တရားကျင့်ဖော်ဖြစ်သော။ သာဓုဝိဟာရိံ = သုံးပါးသိက္ခာ ကျင့်သမ္မာဖြင့် ကောင်းစွာနေလေ့ရှိသော။ ဓီရံ = မြဲမြံခိုင်ခံ့ တည်တံ့သော သမာဓိရှိသော။ နိပကံ = လျင်မြန်ထက်မြက် ရင့်ကျက်သော ပညာရှိသော။ သဟာယံ = သွားဖက်လာဖော် အဆွေတော်ကို။ သစေ လဘေထ = အကယ်၍ ရငြားအံ့။ တေန = ထိုတရားကျင့်ဖော် အဆွေတော်နှင့်။ အတ္တမနော = နှစ်လိုအားရမ်း ဝမ်းမြောက်သော စိတ်နှလုံးရှိသည်ဖြစ်၍။ သဗ္ဗာနိ ပရိဿယာနိ = ခြင်္သေ့သစ်ကျား အစရှိသော အပြင်ရန်, လောဘ ဒေါသ မောဟ အစရှိသော အတွင်းရန် အတန်တန်တို့ကို။ အဘိဘုယျ = လွှမ်းမိုးနှိပ်စက်၍။ စရေယျ = လှည့်လည်ကျက်စား တရားအားထုတ်ရာ၏။

နော စေ လဘေထ နိပကံ သဟာယံ၊

သဒ္ဓိံ စရံ သာဓုဝိဟာရိ ဓီရံ။

ရာဇာဝ ရဋ္ဌံ ဝိဇိတံ ပဟာယ၊

ဧကော စရေ မာတင်္ဂရညေဝ နာဂေါ။ (၉)

     (သတိမာ = သတိရှိသောသူသည်။ လိုက်စေ)။ သဒ္ဓိံစရံ = အတူတကွ ဓမ္မမိတ်တော် တရားကျင့်ဖော်ဖြစ်သော။



၇၆၅

သာဓုဝိဟာရိံ = သုံးပါးသိက္ခာ ကျင့်သမ္မာဖြင့် ကောင်းစွာ နေလေ့ရှိသော။ ဓီရံ = မြဲမြံခိုင်ခံ့ တည်တံ့သော သမာဓိရှိသော။ နိပကံ = လျင်မြန်ထက်မြက် ရင့်ကျက်သော ပညာရှိသော။ သဟာယံ = သွားဖက်လာဖော် အဆွေတော်ကို။ နော စေ လဘေထ = အကယ်၍ မရငြားအံ့။ ရဋ္ဌံ ဝိဇိတံ = မိမိပိုင်စံ တိုင်းနိုင်ငံကို။ ပဟာယ = ပယ်စွန့်၍။ ပဗ္ဗဇိတော = ရှင်ရဟန်းပြုသော။ ရာဇာဝ = မဟာဇနကမင်း, အရိန္ဒမမင်းကဲ့သို့၎င်း။ မာတင်္ဂေါ = မာတင်အမျိုးဖြစ်သော။ နာဂေါ၀ = အားအန်ခိုင်ဖြီး ဆင်ပြောင်ကြီးကဲ့သို့၎င်း။ ဧကော = အဖော်မမှီး တကိုယ်ထီးဖြစ်၍။ အရညေ = လူသူမနီး တောမြိုင်ကြီး၌။ စရေ—စရေယျ = လှည့်လည်ကျက်စား တရားအားထုတ်ရာ၏။

ဧကဿ စရိတံ သေယျော၊

နတ္ထိ ဗာလေ သဟာယတာ။

ဧကော စရေ န စ ပါပါနိ ကယိရာ၊

အပ္ပေါဿုက္ကာ မာတင်္ဂရညေဝ နာဂေါ။ (၁၀)

     ဧကဿ = အဖော်မမှီး တကိုယ်ထီး။ စရိတံ = လှည့်လည်ကျက်စား တရားအလုပ် အားထုတ်ရခြင်းသည်။ သေယျော = ချီးမွမ်းအပ် မြတ်လှပေ၏။ ဗာလေ = သူမိုက်၌။ သဟာယတာ = သူငယ်ချင်းဟူ၍ အသိဉာဏ် သဒ္ဓါ နှစ်ပါးတို့ဖြစ်ကြောင်း ကောင်းမြတ်သော သီလ သမာဓိ ပညာ သိက္ခာတရားအစုသည်။ နတ္ထိ = တစိုးတစိ မရှိချေ။ မာတင်္ဂေါ = မာတင်အမျိုးဖြစ်သော။ နာဂေါ = အားအန်ခိုင်ဖြီး ဆင်ပြောင်ကြီးသည်။ အရညေ = လူသူမနီး တောမြိုင်ကြီး၌။ အပ္ပေါဿုက္ကာ = ကြောင့်ကြမဲ့။ စရေ—စရတိ ဣဝ = လှည့်လည်ကျက်စား သွားလာနေထိုင်၏သို့။ ဧကော = အဖော်မရှီး တကိုယ်ထီး။ စရေ—စရေယျ = လှည့်လည်ကျက်စား တရားအလုပ် အားထုတ်နေထိုင်ရာ၏။ ပါပါနိ = ယုတ်မာညစ်ကျု မကောင်းမှုတို့ကို။ န စ ကယိရာ = မပြုကျင့်ရာ။



၇၆၆

     မြတ်စွာဘုရားရှင်သည် သံဃာ့အလယ်၌ ရပ်တော်မူရင်းကပင် ဤဆယ်ဂါထာ တရားဒေသနာတို့ကို ဟောတော်မူ၍ အဖော်မပါ ကိုယ်တော်မြတ် တပါးတည်းသာ “ဗာလကလောဏက”ရွာသို့ ကြွသွားတော်မူလေ၏။

ဤတွင် အခဏ်း ၂၇-ပြီး၏။

**********

ဤတွင်ရွေ့ကား မဟာဗုဒ္ဓဝင် တတိယတွဲတည်း။