မဟာဗုဒ္ဓဝင်/နိဒါန်း

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
နိဒါန်း

(က)

နိုင်ငံတော်ဗုဒ္ဓသာသန

မဟာဗုဒ္ဓဝင်

နိဒါန်း

**********

နမော ဗုဒ္ဓါယ

(သိဒ္ဓမ်)

ကီဒိသော တေ မဟာဝီရ၊

အဘိနီဟာရော နရုတ္တမ။

ကမှိ ကာလေ တယာ ဓီရ၊

ပတ္ထိတာ ဗောဓိမုတ္တမာ။

     မဟာဝီရ၊ သမ္မပ္ပဓာန ကိစ္စဆင့်ပွါး လေးထွေပြားသည့် ကြီးမားသော လုံ့လဝီရိယလည်း ရှိတော်မူပေထသော။ နရုတ္တမ၊ လူတို့ထက်မြတ် နတ်တို့ထက်သာ ဗြဟ္မာတို့ထက်ကဲလွန် အမွန်ခေါင်ဖူး သုံးလူ့မှူးဘုရား..။ တေ၊ အရှင်ဘုရား၏။ အဘိနီဟာရော၊ နရက်ဘဝဂ် သွက်သွက်လှိုက်ခုန် သောင်းတိုက်တုန်သား ဘုန်းဂုဏ်တော်အား လွန်ကြီးမားသည့် ဘုရားဖြစ်ရန် ဆုပန်တော်မူခဲ့ခြင်းကို။ ကီဒိသော၊ ဘယ်သို့ရှုအပ် မှတ်ရပါမည်နည်းဘုရား။ ဓီရ၊ သဗ္ဗညုတ ဉာဏသခင် သုံးလူ့ရှင်ဘုရား...။ တယာ၊ အရှင်ဘုရားသည်။ ကမှိ ကာလေ၊ ဘယ်ကပ်ကမ္ဘာ ဘယ်ချိန်ခါ၌။ ဥတ္တမာ ဗောဓိ၊ ပစ္စေကဗောဓိ သာဝကဗောဓိတို့ထက် အဓိပတိဥက္ကဌ် မြတ်ထွတ်လှစွာ သမ္မာသမ္ဗောဓိဆုကြီးကို။ ပတ္ထိတာ၊ စိတ်တော်ညွတ်ကာ ရလိုပါဟု ပန်ထွာ တောင့်တအပ်ခဲ့ပါသနည်းဘုရား။



(ခ)

     ဤအမေးပုစ္ဆာ ပြဿနာသံကား လွန်ခဲ့သော နှစ်ပေါင်း (၂၅၄၈)နှစ် မဟာသက္ကရာဇ် (၁၀၄)ခု ရတုဝသန္တအကုန် ကဆုန်လပြည့်ကျော် (၁)ရက်နေ့က ကပိလ၀တ် နေပြည်တော်၏အထက် ကောင်းကင်ယံမှ ထွက်ပေါ်လာသောအသံ ဖြစ်လေသည်။ ဤပြဿနာသံ၏ ဖြစ်ပေါ်ဟန်သရုပ်ကို အကျဉ်းချုပ် ဖော်ပြပေအံ့။

     သဗ္ဗညူဗုဒ္ဓ အမည်ရသော သုံးလောကထွတ်ထား မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူသည့် မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ရှေးဦးစွာသော ပဌမဝါကို ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောအရပ်၌ ဝါကပ်တော်မူ၍ ထိုနှစ် ဝါတွင်းမှာ ပဉ္စဝဂ္ဂီ မထေရ်ငါးဦးတို့နှင့်တကွ ယသသူဌေးသားအမှူးပြုသော သူငယ်ချင်း ငါးကျိပ်လေးယောက်တို့ကို အရဟတ္တဖိုလ်ပေါက် ချီးမြှောက်တော်မူပြီးလျှင် ဝါကျွတ်သောအခါ ရဟန္တာခြောက်ကျိပ်တို့ကို လမ်းခရီး တကြောင်းတကြောင်းမှာ ရဟန္တာတပါးတပါးသာကြွ၍ စ-လယ်-အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံသော တရားစကား ဟောကြားပြသ သာသနာပြုကြရန် စီမံ စေလွှတ်တော်မူပြီးသော် ကိုယ်တော်မြတ်တပါးတည်း ဥရုဝေလ ကဿပညီနောင် ရှင်တထောင်တို့ကို ချေချွတ်ရန် ဥရုဝေလ တောမြိုင်ဝသို့ ဒေသစာရီ ကြွချီတော်မူခဲ့လေသည်။

     မြတ်စွာဘုရားသည် ဥရုဝေလတောသို့အသွား လမ်းခရီးအကြား၌ ကပ္ပါသိကတောအုပ်သို့အရောက် မိန်းမပျောက်ရှာကြသည့် ဘဒ္ဒဝဂ္ဂီ နောင်ညီမင်းသား သုံးကျိပ်တို့ကို တရားဟော၍ အောက်မဂ် အောက်ဖိုလ်တို့၌ တည်စေတော်မူပြီးခါ ဧဟိဘိက္ခု ရဟန်းအဖြစ်သို့အရောက် ချီးမြှောက်တော်မူခဲ့ပြီး တပါးတည်း ချီကြွ၍ ဥရုဝေလတောအုပ်သို့ရောက်လျှင် တပည့်ရသေ့ အခြံအရံ ငါးရာတို့နှင့်တကွ ဥရုဝေလကဿပ ရသေ့ဆရာကြီးအား ပြာဋိဟာတန်းခိုး အမျိုးပေါင်း (၃၅၀၀)ကျော်ပြ၍ မိစ္ဆာအယူမှလွတ်မြောက် ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ရောက်အောင် ချီးမြှောက်တော်မူလေသည်။ ထို့နောက် တပည့်ရသေ့ အခြံအရံ သုံးရာနှင့်တကွ



(ဂ)

နဒီကဿပ ဆရာရသေ့ တပည့်ရသေ့ အခြံအရံ နှစ်ရာနှင့်တကွ ဂယာကဿပ ဆရာရသေ့တို့ကို အစဉ်အတိုင်း မိစ္ဆာအယူမှလွတ်မြောက် ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ရောက်အောင် ချီးမြှောက်တော်မူပြီးလျှင် ထိုရသေ့ညီနောင် ရှင်တထောင်တို့အား ဂယာသီသကျောက်ဖျာ၌ အာဒိတ္တပရိယာယသုတ် ဒေသနာဖြင့် အရဟတ္တဖိုလ်၌ တည်စေပြီးသောအခါ ထိုရဟန္တာတထောင် ခြံရံလျက် ရာဇဂြိုဟ်ပြည်သို့ ဒေသစာရီ ကြွချီတော်မူလေသည်။

     ရာဇဂြိုဟ်ပြည်သို့ ရောက်သည့်နေ့မှာပင် ဘုရင်ဗိမ္ဗိသာရမင်းတရားနှင့်တကွ ပုဏ္ဏားသူကြွယ်ပေါင်း တသိန်းတသောင်းတို့ကို သောတာပတ္တိဖိုလ်သို့ ရောက်အောင်၎င်း၊ ပုဏ္ဏားသူကြွယ်ပေါင်း တသောင်းတို့ကိုကား သရဏဂုံတည်သူ ဥပါသကာအဖြစ်သို့ ရောက်အောင်၎င်း ချီးမြှောက်တော်မူ၍၊ နောက်တနေ့တွင် ဘုရင် ဗိမ္ဗိသာရမင်းတရား ဤဘုရားသာသနာဝယ် အစစွာလက်မွန် မြေငလျင်တုန်လှုပ်စေလျက် ဝေဠုဝန်အရာမ်ကြီး မြှောက်ချီးကြည်ဖြူ လှူဒါန်းသည်ကို ခံတော်မူ၍ ထိုအချိန်မှအစပြုကာ ရောက်လာ ရောက်လာကြသော အဂ္ဂသာဝက မဟာသာဝက ပကတိသာဝကအလျာ ကျွတ်ထိုက်သူ ဗိုလ်ပါတို့အား တရားအမြိုက်ဆေး တိုက်ကျွေး ဝေငှနေတော်မူစဉ်…

     ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ယောက်ျားဗိုလ်ပါ အခြံအရံ တထောင်စီ တထောင်စီဖြင့် အမတ်ကိုးယောက်တို့ကို ကိုးခေါက်ကိုးကြိမ်တိုင် အပင့်လွှတ်ရောက်သော်လည်း တယောက်မျှ သတင်းမပြန် ရဟန္တာချည်းဖြစ်ကြ၍ ဒသမမြောက် ဆယ်ကြိမ်သို့ အရောက်တွင်ကား ဖွားဘက်တော် ကာဠုဒါယီ အတွင်းဝန်အမတ်ကြီးကို ရှေးနည်းအတူ ပင့်စေတော်မူသဖြင့် အခြံအရံ လူတထောင်နှင့်တကွ ကာဠုဒါယီ အမတ် ရဟန္တာဖြစ်လတ်၍ သမာပတ်ချမ်းသာဖြင့် အခါကိုကုန်စေကာ ဟေမန္တဥတုလွန်မြောက် နွေဦးသို့ ရောက်လတ်သော် ခြောက်ဆယ့်လေးဂါထာတို့ဖြင့် သာယာညွတ်ပျောင်း နေပြည်တော်သို့



(ဃ)

ကြွတော်မူရန်အကြောင်းကို တောင်းပန်လျှောက်ထားရကား တပေါင်းလပြည့်ကျော် တရက်နေ့မှ အစပြုကာ တနေ့ တနေ့လျှင် တယူဇနာကျ ရဟန္တာနှစ်သောင်း ခြံရံကာလျက် တာရာယှက်သန်း လပြည့်ဝန်း ကဲ့သို့ စက်ပန်းတော်နှစ်လီ အ-တုရိတဒေသစာရီ ကြွချီတော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၄-ခုနှစ်အကြုံ ကဆုန်လပြည့်ကျော် တရက်နေ့တွင် ကပိလ၀တ် နေပြည်တော်သို့ ဆိုက်ရောက်တော်မူလေသည်။

     ထိုနေ့မှာပင် သာကီဝင်မင်းအပေါင်းတို့သည် ရှေးက ကြိုတင် တိုင်ပင်စီမံပြီးဖြစ်သည့်အတိုင်း ဘုရားအမှူးရှိသော သံဃာတော်ကို နိဂြောဓာရုံကျောင်းတော်သို့ ကြီးစွာသော အခမ်းအနားဖြင့် ပင့်ဆောင်ပို့သ လိုက်ပါကြလေသည်။ ကျောင်းတော်သို့ ရောက်သောအခါ ဘုရားမြတ်စွာသည် ရဟန္တာနှစ်သောင်း ခြံရံလျက် ဗုဒ္ဓါသန ဘုရာ့နေရာထက်ဝယ် ငြိမ်သက်စွာ သီတင်းသုံးနေတော်မူလေသည်။ သာကီဝင်မင်းတို့သည်ကား ဇာတိမာန် ခက်ထန်ကြသဖြင့် “သိဒ္ဓတ္ထမင်းသားသည် ငါတို့အောက် အသက်အရွယ် ငယ်သူဖြစ်သည်၊ ငါတို့၏ ညီငယ်, တူငယ်, မြေးငယ်မျှသာ ဖြစ်သည်”ဟု ကြံစည်တွေးတောလျက် အသက်ငယ်သော မင်းသားတို့ကို “အမောင်တို့ ရှိခိုးကြ၊ အမောင်တို့နောက်မှ ငါတို့က ထိုင်နေမည်” မာန်ဖီသောစကား အချင်းချင်း ပြောကြားကြလေသည်။

     မြတ်စွာဘုရားသခင်သည် သာကီဝင်မင်းတို့၏ ဇာတိမာန်ပြင်းပြ အတွင်းစိတ်ဆန္ဒကို သိမြင်တော်မူပြီးခါ “ဤ ငါ၏ဆွေမျိုး မာနအိုးတို့သည် ကိုယ်ကျိုးမပြီး အချည်းနှီး အိုမင်းကြသည်ကို စိုးစဉ်းမျှ မသိကြကုန်၊ ဘုရားမည်သည် ဤသို့ သဘောရှိစွာ့တကား၊ ဘုရားရှင်တို့၏ အားအစွမ်းမည်သည် ဤသို့ သဘောရှိစွာ့တကားဟု လားလားမျှ မသိကြကုန်၊ ကိုင်း... ယခုအခါ ငါဘုရားသည် ဘုရားတို့ခွန်အား စွမ်းပကားကို ထင်ရှားဖော်ပြကာ ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကိုလည်း ပြပေအံ့၊ အဇဋာပြင် မိုးကောင်းကင်၌ စကြဝဠာပေါင်း တိုက်တသောင်းကျယ်ပြန့်သော



(င)

ရတနာစင်္ကြံတော်ကြီး ဖန်ဆင်းပြီးလျှင် ထိုရတနာစင်္ကြံ၌ စုန်ဆန်တုံ့ခေါက် စင်္ကြံလျှောက်၍ ရောက်ဆိုက်လာသမျှ ဝေနေယျအား အဇ္ဈာသယကိုကြည့်ကာ ဓမ္မဒေသနာမိုး စွေဖြိုးရွာသွန်းပေအံ့”ဟု ကြံစည် ဆုံးဖြတ်တော်မူလျှင်ပင် စကြဝဠာတိုက်တသောင်းမှ နတ်ဗြဟ္မာအပေါင်းတို့ ကောင်းချီးကြွေးကြော် သာဓုခေါ်ကြလေကုန်သည်။

     ထိုအခါ မြတ်စွာဘုရားသည် ကြံစည်တော်မူပြီးသည့် အခြားမဲ့မှာပင် ဩဒါတကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထဈာန်သမာပတ်ကို ဝင်စား၍၊ ထိုသမာပတ်မှ ထတော်မူပြီးခါ “စကြဝဠာပေါင်း တိုက်တသောင်းအနှံ့ အလင်းရောင်ပြန့်စေသတည်း”ဟု ခိုင်ဖြီးစိတ်သန် အဓိဋ္ဌာန်တော်မူသည်နှင့် တပြိုင်နက် အဓိဋ္ဌာန်ချက်အတိုင်း စကြဝဠာတိုက်တသောင်း အလင်းရောင် လွှမ်းမွမ်းညောင်း၍ လူပေါင်းများစွာ နတ်ဗြဟ္မာတို့ ကြည်သာရွှင်လန်း ဝမ်းမြောက်ကြကုန်စဉ် အဘိညာဉ် စတုတ္ထဈာန်ဖြင့် မိုးယံသို့ ပျံတက်၍ (၁) အထက်နှင့်အောက် (၂) ရှေ့နောက်ရူပကာ (၃) ဝဲယာနှစ်ဖော် မျက်စိတော် (၄) နားတော် (၅) နှာတော် (၆) ပခုံးတော် (၇) လက်တော် (၈) နံပါးတော် (၉) ခြေတော် (၁၀) လက်ချောင်း ခြေချောင်းတော်နှင့် အကြား အကြား (၁၁) တဆူတဆူသော မွေးညင်းတော် (၁၂) တခုတခုသော မွေးညင်းတွင်းတော် ဤဆယ့်နှစ်ဖော်သော ဌာနအစုတို့၌ ခု-မီးအလျှံ ခု-ရေအယဉ်၊ ခု-ရေအယဉ် ခု-မီးအလျှံ အပြန်ပြန်ပြောင်းလွဲ ဖူးတိုင်းဖူးတိုင်း အဆင်ကွဲစေလျက် အံ့အဲ၍မဝ ချီးပ၍မဆိတ် သာကီဝင်မင်းတို့၏ ဦးထိပ်၌ တရိပ်ရိပ်တဖုံဖုံ ကိုယ်တော်မြတ်၏ ခြေတော်မှုန်ကို တသုန်သုန်တဖွဲဖွဲ ကြဲချသည့်ပမာ များစွာလူနတ် ပရိသတ်တို့အလယ်၌ ယမိုက်ပြာဋိဟာကို ကောင်းစွာလှလှ ပြသတော်မူပြီး၍-

     အရှေ့အနောက် စကြဝဠာတိုက်တသောင်း လွန်မြောက်အောင် အံ့လောက်ညီးညီး ရတနာစင်္ကြံတော်ကြီး ဖန်ဆင်းကာ လူးလာစုန်ဆန် စင်္ကြံတော်ကြွချီလတ်၍ လူနတ်တို့အလိုဆန္ဒ



(စ)

အဇ္ဈာသယနှင့် လိုက်လျောအောင် များစွာသောတရားမိုး စွေဖြိုး ရွာသွန်းတော်မူနေစဉ်၊ အရှင်သာရိပုတြာ မဟာထေရ်မြတ်သည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေတော်မူရင်းက ထိုအခြင်းအရာကို ကောင်းစွာ မြင်တော်မူလတ်၍ “ဘုရားထံမြတ် ယခုပင် ငါဆည်းကပ်၍ အရပ်ရပ်စုံအလင် အလောင်းတော်တို့၏ လုပ်ငန်းစဉ် ဗုဒ္ဓဝင်ဒေသနာတရား ဟောကြားတော်မူရန် လျှောက်ထား တောင်းပန်မည်”ဟု အကြံတော်ဖြစ်ရှိ၍ မိမိနှင့် အတူနေ မထေရ်ငါးရာ ရဟန္တာတို့ကို မကြာမနှေး ခဏခြင်း စည်းဝေးစေ၍-“ဧထ သဗ္ဗေ ဂမိဿာမ = လာကြ ငါတို့အလုံးစုံ သွားကြစို့၊ ဘုရားထံမှောက် သွားရောက် ဖူးမြော်ပြီးလျှင် ဗုဒ္ဓဝင်စံရှေး အတိတ်က ကျင့်စဉ်အရေးကို မေးမြန်း လျှောက်ထားကြစို့”ဟု နှစ်လိုကြည်ရွှန်း တိုက်တွန်းနှိုးဆော် အပါခေါ်၍ ဝါယော်မုန်တိုင်း အဟုန်ဂိုဏ်းဖြင့်လည်း ပုံနှိုင်း၍မရ အလွန်ပင် လျင်မြန်လှသော ဣဒ္ဓိဝိဓအဘိညာဉ်ဖြင့် ကောင်းကင်မှကြွချီကာ မြတ်စွာထံမှောက် ခဏခြင်း ဆိုက်ရောက်၍ ချီမြှောက်လက်အုပ် ပျပ်တုပ်ကော်ရော် ပူဇော်ညွတ်နူး ရှိပန်ဖူးပြီးလျှင် ရှေးဦးအစ ဖော်ပြရာပါ “ကီဒိသော တေ မဟာဝီရ၊ အဘိနီဟာရော နရုတ္တမ… ” အစရှိသော ဂါထာတို့ဖြင့် မြတ်စွာဘုရား၏ ရှေးရှေးဘုရားရှင်တို့ထံ ဘုရားဆုပန် နိယတဗျာဒိတ်ခံတော်မူခဲ့ပုံများနှင့် ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဘယ်သို့ဘယ်ပုံ ဖြည့်ကျင့်တော်မူခဲ့သည်များကို အကျယ်ဟောကြားတော်မူရန် အရှင်သာရိပုတြာ မထေရ်မြတ် တောင်းပန်လျှောက်ထား မေးမြန်းအပ်လေသည်။

     ထိုအခါ မြတ်စွာဘုရားသည် ရတနာစင်္ကြံ၌ သီတင်းသုံးနေတော်မူစဉ်ပင် “ပီတိပါမောဇ္ဇဇနနံ၊ သောကသလ္လဝိနောဒနံ....” အစရှိသော နှစ်ဂါထာတို့ဖြင့် “နှစ်သက် ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ် သောကငြောင့်တံသင်းကို ပယ်ရှင်းတတ် လူ နတ် နိဗ္ဗာန် သုံးတန်သော သမ္ပတ္တိချမ်းသာကို ရစေတတ်သည့် ဗုဒ္ဓဝင်ဒေသနာကို ရိုသေစွာ နာကြားကြကုန်။ ထိုသို့ နာကြားကြပြီးလျှင် မာန်မာနကို ပယ်ရှားတတ် သောကကို ပယ်ဖျောက်တတ်



(ဆ)

သံသရာမှ လွတ်မြောက်စေတတ်၍ ခပ်သိမ်းသော ဒုက္ခ၏ ကုန်ဆုံးခြင်းကို ပြုတတ်သည့် ဗုဒ္ဓဝင်ဒေသနာတော်လာ ငါဘုရား၏ ကျင့်စဉ်လမ်းကို ကြိုးပမ်း ကျင့်ကြံကြကုန်”ဟူ၍ လူနတ်ဗြဟ္မာ သတ္တဝါတို့အား ကရုဏာပြဋ္ဌာန်း တိုက်တွန်းတော်မူပြီးလျှင် (နိဒါန်းနှင့်တကွ) ဂါထာပေါင်း (၁၀၇ဝ) လေးဘာဏဝါရ = သံဂါယနာတင်သောအခါ လေးကြိမ်လေးသုတ် ရွတ်ဆိုရသည့် ပမာဏရှိသော ဗုဒ္ဓဝင်ဒေသနာကို ကရုဏာရှေ့သွား ဟောကြားတော်မူအပ်လေသည်။

ဗုဒ္ဓ၀င်အဋ္ဌကထာ

     အရှင်မဟာကဿပ အစရှိသော ပဌမ ဒုတိယ တတိယ သံဂါယနာတင် ရဟန္တာအရှင်မြတ်တို့ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ်အတွင်း ထည့်သွင်းသင်္ဂြိုဟ် သံဂါယနာတင်အပ်သည့် ဤဗုဒ္ဓဝင်ပါဠိတော်၏ အဖွင့်သံဝဏ္ဏနာ နှစ်ဆယ့်ခြောက်ဘာဏဝါရ ပမာဏရှိသော အဋ္ဌကထာကို “မဓုရတ္ထဝိလာသိနီ”ဟူသော အမည်ဖြင့် သီဟိုဠ်ကျွန်း အနုရာဓမြို့အရှေ့ စောဠတိုင်း ကာဝီရပဋ္ဋန သင်းဘောဆိပ်ကျောင်းတိုက်၌ သီတင်းသုံးတော်မူသည့် “အရှင်ဗုဒ္ဓဒတ္တ”မထေရ်သူမြတ် ပြုစီရင်တော်မူအပ်လေသည်။

ဗုဒ္ဓဝင်ဝတ္ထုတော်ကြီး

     ရတနာပူရ စတုတ္ထ မြို့တည်နန်းတည် ဘကြီးတော်မင်းတရားလက်ထက် “အာဒိစ္စဝံသာဘိဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ ငါးခုန်ရွာလျှင် ဖွားရာဇာတိရှိသော ပဌမငါးခုန်ဆရာတော်ဘုရားကြီးသည် ဗုဒ္ဓဝါဒီ မြန်မာပြည်ဖွား အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ရှေးဆိုအပ်ပြီးသည့် နှစ်သက် ဝမ်းမြောက်ခြင်း၊ သောကငြိမ်းအေးခြင်းစသော အကျိုးတို့ကို ရရှိစေရန် ရည်သန်တောင့်တတော်မူ၍ (ပါဠိတချက်၊ မြန်မာတချက် အနက်ပြန် ရှေးနိဿယများ ထင်ရှားရှိပြီးဖြစ်ရကား) နိဿယအသွား ရေးသားတော်မမူပဲ ပါဠိတော်နှင့် အဋ္ဌကထာ နှစ်ဖြာရောစပ်၍ အရေးကြီးသော ပါဠိဂါထာ နိဿယတို့ကိုပါ



(ဇ)

ကြားညှပ်လျက် ဗုဒ္ဓဝင်ဝတ္ထု စကားပြေသွား ရေးသားတော်မူခဲ့လေသည်။

     ထိုဗုဒ္ဓဝင် စကားပြေကျမ်းကြီးကို လွန်ခဲ့သော (၂၅)နှစ်ခန့် (မြန်မာသက္ကရာဇ် ၁၂၉၇-ခု၊ ခရစ်သက္ကရာဇ် ၁၉၃၅-ခုနှစ်) က ရန်ကုန်မြို့ ဇမ္ဗူ့မိတ်ဆွေပိဋကတ်ပုံနှိပ်တိုက်မှ “မဟာဗုဒ္ဓဝင် ဝတ္ထုတော်ကြီး”ဟူသော အမည်ဖြင့် ရိုက်နှိပ်ခဲ့ရာ ပဌမတွဲ ဒုတိယတွဲ တတိယတွဲဟူ၍ သုံးတွဲ (သုံးအုပ်) ရှိလေသည်။

သုဓမ္မဝတီဗုဒ္ဓ၀င်ကျမ်း

     ဇမ္ဗူ့မိတ်ဆွေတိုက်မှ မဟာဗုဒ္ဓဝင် ဝတ္ထုတော်ကြီး ရိုက်နှိပ်ပြီး၍ မကြာမြင့်မီ ရန်ကုန်မြို့ သုဓမ္မဝတီပိဋကတ်ပုံနှိပ်တိုက်မှလည်း အယ်ဒီတာဆရာကြီး ဦးထွန်းစိန် တအုပ်တည်းနှင့် ကျမ်းအပြီး ကာရန်မိရေးသားအပ်သည့် “သုဓမ္မဝတီဗုဒ္ဓဝင်ဝတ္ထုတော်ကြီး” ပေါ်ထွက်လာပြန်လေသည်။

နိုင်ငံတော်ဗုဒ္ဓသာသန မဟာဗုဒ္ဓဝင်ကျမ်း

     ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ဆောက်၍ ဤယခု ဆဋ္ဌသံဂါယနာခေတ်သို့ ရောက်သောအခါ မြန်မာနိုင်ငံတော် ဝန်ကြီးချုပ် ဦးနုသည် ဆဋ္ဌသံဂါယနာ မဟာဓမ္မသဘင်အတွက် ရှင်ဖက်လူဖက် ဤနှစ်ဖက်တို့မှ ထိုက်သက်ရာတာဝန် ပုဗ္ဗဘာဂပရိကံ အတန်တန်ကို အားသွန်ဆောင်ရွက်နေကြဆဲဖြစ်သည်ကို နစ်နစ်နောနော တွေးတောဆင်ခြင်၍ ဗုဒ္ဓဝင်ပါဠိတော် အဋ္ဌကထာတို့ကို အရင်းခံပဓာနထားပြီးလျှင် ဗုဒ္ဓမြတ်စွာ၏ အကြောင်းအရာမှန်လျှင် အစုံလင်ဆုံးသော ဗုဒ္ဓဝင်ကျမ်းကြီးတဆူ ဆဋ္ဌသံဂါယနာခေတ်တွင် အသစ်ပေါ်ထွန်းလာရန် ရည်သန်ရိုးရင်း နှလုံးသွင်းဆန္ဒဖြင့် လွန်ခဲ့သော (၁၃၁၃)ခုနှစ်က မိမိနေအိမ်အတွင်း ဘုရားဝတ်ရုံတော်ကျောင်းအသစ် ဖွင့်လှစ်၍ ရုပ်ပွါးတော်တို့ကို အနေကဇာတင်သော အခမ်းအနားတွင် ဘုန်းကြီးအား ဖော်ပြရာပါ ဗုဒ္ဓဝင်ကျမ်းကြီးတဆူ ရေးသားရန် တောင်းပန် လျှောက်ထားခဲ့လေသည်။



(ဈ)

     ထိုအခါ ဘုန်းကြီးက “မကြာမီကျင်းပမည့် ဆဋ္ဌသံဂါယနာ မဟာဓမ္မသဘင်၌ တိပိဋကဓရ ပုဂ္ဂိုလ်တပါးအဖြစ် ပါဝင်၍ ခန့်အပ်သော တာဝန်ကို အားသွန်ကြိုးပမ်း ထမ်းဆောင်ရေးအတွက် ဆဋ္ဌသံဂါယနာအမှီ တိပိဋကဓရအဖြစ်ရောက်အောင် အားထုတ်ရန်အရေး ရှိနေပါသေးသည်”ဟု အကြောင်းပြ၍ မဟာဗုဒ္ဓဝင်ကျမ်း ရေးသားရန်ကို ငြင်းဆန်ခဲ့ပေသည်။ မှန်၏… ထိုအချိန်က ဘုန်းကြီးမှာ ဝိနည်းပိဋကကိုသာ ပြန်ဆိုရေးဖြေပြီး အောင်မြင်သေး၍ အဘိဓမ္မာပိဋကကို ပြန်ဆိုရေးဖြေမည့်ဆဲဆဲ ဖြစ်ပေသည်။

ဆရာအဆက်ဆက်

     နိုင်ငံတော်ဝန်ကြီးချုပ်၏ မဆုတ်နစ်သောအာသီသ မလျော့သော ဇွဲလုံ့လဖြင့် ဤမဟာဗုဒ္ဓဝင်ကျမ်း ပေါ်ထွက်ရန် စီမံမှုကြောင့် ရှေးဦးစွာ မေဓာဝီ ဆရာကြီးဦးဆိုင် နာယကအဖြစ် ဆောင်ရွက်၍ တဝက်တပြက်မျှ လ-ပိုင်းကာလဖြင့် ရေးသားစီစဉ်၍ မပြီးမီ၊ ထိုဆရာကြီးလက်မှ တဖန် မဟာပညာဗလ ပဌမကျော် ဆရာကြီး ဦးကြီးဖေ နာယကအဖြစ် ဆောင်ရွက်ရပြန်လေသည်။ ထိုဆရာကြီးလက်မှလည်း ရှေးနည်း၎င်း တဆင့်ကူးပြောင်း၍ (အမ်၊အေ)မဟာဝိဇ္ဇာဘွဲ့ရ အဂ္ဂမဟာပဏ္ဍိတ ဆရာကြီး ဦးလင်းလက်သို့ ရောက်ရှိကာ ထိုဆရာကြီး ဦးစီးရေးသားသဖြင့် တနှစ်ခွဲခန့်အကြာ (သုမေဓကထာမှစ၍ ကဿပဗုဒ္ဓဝင် အဆုံးထိ) ပဌမတွဲ တအုပ်စာခန့်အပြီးတွင် ဆရာကြီး ဦးလင်း နေတစင်းကား ဂုဏ်သတင်းမျှ အကြွင်းရ၍ တ-သ-နှမြောဖွယ် ကွယ်ဝင်ခဲ့လေပြီ...။

သကိစ္စေ အသမတ္တေဝ၊ သဉ္ဇဟန္တိ ဗဟူ ဇနာ။

ယထာလဒ္ဓံ ဘဝံ သာယံ၊ ပုထုဇ္ဇနာန ဓမ္မတာ။

ဘုန်းကြီးထံ တာဝန်ကျရောက်ခြင်း

     ၁၃၁၆-ခုနှစ် နတ်တော်လဆန်း (၁၁)ရက်၊ ၁၉၅၄-ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့တွင် ဆရာကြီး ဦးလင်း နေတစင်းကွယ်ခဲ့ပြီးနောက် လေးရက်မြောက်သောနေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်၏



(ည)

တိုက်တွန်း တောင်းပန်ချက်အရ ဘုန်းကြီး၏ ရဟန်းဒါယကာ လောကုတ္တရာခမည်းတော် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ ဥက္ကဋ္ဌ ဆဋ္ဌသံဂါယနာဦးစီး သတိုးသီရိသုဓမ္မ သူဌေးကြီး ဆာဦးသွင်ကိုယ်တိုင် လာရောက်၍ နိုင်ငံတော် ဝန်ကြီးချုပ်က ဗုဒ္ဓဝင်ကျမ်းကြီး ဦးစီးရေးသားရန် လာရောက်တောင်းပန်လျှင် မငြင်းဆန်ဖို့ အကြောင်း လျှောက်ထားပြီးနောက် ၁၃၁၆-ခုနှစ် ပြာသိုလပြည့်နေ့ (၈-၁-၅၅)တွင် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ဘုန်းကြီး ခေတ္တနေထိုင်သည့် သာသနရိပ်သာအတွင်း ဓမ္မရိပ်သာစရပ်သို့ လာရောက်ပြီးလျှင်…

(၁) ဗုဒ္ဓဝင်ကျမ်းကြီးကို ဦးစီးရေးသားရန်၊ ထိုသို့ ရေးသားရာ၌ ဗုဒ္ဓ၏ အကြောင်းအရာမှန်က အပ်ကျသည်မျှ မကျန်ရအောင် ရေးသားရန်၊ စာတအုပ်နှင့်မပြီးလျှင် နှစ်အုပ် နှစ်အုပ်နှင့်မပြီးလျှင် လေးအုပ် ရှစ်အုပ်စသည် ဖြစ်ပါစေ၊ အကြောင်းအရာ စုံလင်ရန်ကိုသာ အဓိကထား၍ ရေးသားတော်မူပါ။

(၂) ထိုသို့ ရေးသားရာ၌ လူကြီး လူရွယ် လူငယ်တို့နှင့်တကွ ဘာသာခြားများပါ ဗုဒ္ဓ၏အကြောင်းကို နားလည် စိတ်ဝင်စားအောင် ရေးသားတော်မူပါ။

(၃) ဆရာတော်ရေးသားလျှင် ရှင်ရောလူပါ အားလုံး လက်ခံနိုင်ဖွယ်ရာရှိကြောင်း…

တောင်းပန်လျှောက်ထားလေသည်။

     ၁၃၁၃-ခုနှစ်က တကြိမ်၊ ၁၃၁၅-ခုနှစ်က တကြိမ်၊ ယခု ၁၃၁၆-ခုနှစ်တွင်လည်း ခမည်းတော် ဒါယကာကြီးကို တိုက်တွန်း၍ တကြိမ်၊ ကိုယ်တိုင်လာရောက်၍ တကြိမ် ဤသို့ အကြိမ်ကြိမ် တိုက်တွန်း တောင်းပန်အပ်သဖြင့် ငြင်းဆန်ခြင်းငှါ မထိုက်တော့ပဲ ဘုန်းကြီးသည် ဖော်ပြရာပါ ပြာသိုလပြည့်နေ့ နံနက် (၈)နာရီ အချိန် “ကောင်းပါပြီ ဒါယကာကြီး… ပါဠိတော်သံဂါယနာတင်



(ဋ)

ကိစ္စပြီးလျှင် မိမိတတ်သိသမျှ မခိုမကပ် ဦးစီးရေးသားပါမည်”ဟု တင်းတင်းပင် ဝန်ခံလိုက်ပြီးနောက် ဝန်ကြီးချုပ် ပြန်၍သွားသောအခါ…

ယံ ဟိ ကယိရာ တံ ဟိ ၀ဒေ၊

ယံ န ကယိရာ န တံ ၀ဒေ။

အကရောန္တံ ဘာသမာနံ၊

ပရိဇာနန္တိ ပဏ္ဍိတာ။

မလုပ်မပြော၊ လုပ်မှပြော၊ သဘောစင်လှဓစ။

အပြောသာချဲ့၊ အလုပ်မဲ့၊ ကဲ့ရဲ့မလွတ်ချေ။--

ဟူ၍ မိမိကိုယ်ကို မိမိ သတိပေး မှတ်ချက်ချခဲ့လေသည်။

နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့မှ တောင်းပန်ပြန်ခြင်း

     နိုင်ငံတော်ဝန်ကြီးချုပ်ထံ ဝန်ခံပြီးနောက် ရက်များမကြာမီပင် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့မှလည်း ဗုဒ္ဓဝင် ဦးစီးနာယကအဖြစ် ရွက်ဆောင်ရန် တောင်းပန် လျှောက်ထားလေသည်။ ထိုအခါ ဘုန်းကြီးက မိမိလိုလားချက်ဖြစ်သည့် (၁) စေတနာဝန်ထမ်းအဖြစ်ဖြင့်သာ ဆောင်ရွက်ရလျှင်၎င်း၊ (၂) ရုံးကိစ္စအဝဝ ဘုန်းကြီးနှင့် မပတ်သက်စေလျှင်၎င်း၊ (၃) မိမိတတ်သမျှ စာပေကိစ္စတွင်သာ ဦးစီးခွင့်ရလျှင်၎င်း ဤအချက်သုံးချက်ကို အဖွဲ့ကသဘောတူပါလျှင် လက်ခံပြီးဟူ၍ မှတ်ယူစေလိုကြောင်း ပြန်ကြားခဲ့လေသည်။ မကြာမီ ရက်အတွင်းမှာပင် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့မှ အလုပ်ကိစ္စအတွက် တာဝန်ရှိကြသော အယ်ဒီတာချုပ် ဆရာ ဦးဘမှီ၊ ဗုဒ္ဓဝင်အယ်ဒီတာ ဆရာထွန်း၊ ဗုဒ္ဓဝင်အယ်ဒီတာ ဆရာဦးဘသန်းတို့ ရောက်ရှိလာကြပြီး ဆရာတော်၏ လိုလားချက် သုံးချက်အတိုင်း အဖွဲ့က သဘောတူပါကြောင်း လျှောက်ထားကြလေသည်။ ထိုအခါ ဘုန်းကြီးက ဆရာထွန်း၊ ဆရာဦးဘသန်း နှစ်ဦးတို့အား “အနာယကာ ဝိနဿန္တိ၊ နဿန္တိ ဗဟုနာယကာ = ဦးစီးနာယကမရှိသော အလုပ်များလည်း ပျက်စီးတတ်သည်၊



(ဌ)

ဦးစီးနာယက ဩဇာပေးသူများသော အလုပ်များလည်း ပျက်စီးတတ်သည်၊ သို့ဖြစ်၍ ဗုဒ္ဓဝင်ကျမ်း ရေးသားခြင်းလုပ်ငန်း မပျက်စီးရအောင် ဘုန်းကြီး နာယကအဖြစ် လက်ခံလိုက်ခြင်း ဖြစ်ပေသည်။ ဆရာတို့နှစ်ဦးသည် ဆရာကြီးဦးလင်းလက်ထက်က မာတိကာအစီအစဉ်အတိုင်း တာဝန်ခွဲဝေ၍ ရေးသားမြဲ ရေးသားကြပါ။ သံဂါယနာပြီးစီးလျှင် ဘုန်းကြီး အချောသတ်ကိုင်ပါမည်”ဟု ပြောဆို၍ နာယကအဖြစ်ကို လက်ခံ စတင်ခဲ့လေသည်။

ဝန်ကြီးချုပ်၏ တောင်းပန်စာ

     ခိုင်ရာသံစွဲ မြဲရာတွင် သံပတ်သကဲ့သို့ နောက်ထပ်၍ တဖန် ဝန်ကြီးချုပ်ထံမှ တောင်းပန်လျှောက်ကြားစာ အခိုင်အမာ ရောက်ရှိလာပြန်သည်မှာ--

နိုင်ငံတော်ဝန်ကြီးချုပ်၏

တောင်းပန်လျှောက်ကြားစာ (မူရင်းအတိုင်း)

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ဝန်ကြီးချုပ်

နေ့စွဲ၊

၊၁၉၅၅-ခု ဒီဇင်္ဘာလ (၂၈)ရက်၊ အတိတ်သာသနာတော်နှစ် ၂၄၉၉-ခု၊ မြန်မာသက္ကရာဇ် ၁၃၁၇-ခု နတ်တော်လဆန်း ၁၄ ရက်။

တောင်းပန်လျှောက်ကြားစာ

ဘုရားတပည့်တော် ရိုသေလေးမြတ်စွာ လျှောက်ကြား တောင်းပန်အပ်ပါသည် “ဗုဒ္ဓသာသန ဝိသိဋ္ဌ တိပိဋကဓရ မဟာတိပိဋကကောဝိဒနှင့် ဝိစိတ္တသာရာဘိဝံသ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက” ဘွဲ့တံဆိပ်တော်ရ အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော်မြတ်ဘုရား၊



(ဍ)

ဗုဒ္ဓေါ ဗုဒ္ဓေါတိ ဃောသော အတိဒုလ္လဘတရော-ဟူ၍ အရှင်မဟာဗုဒ္ဓဃောသ အဋ္ဌကထာဆရာကြီးသည် မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ထုတ်ဖော်ချီးကျူး အထူးရှိခိုးခြင်း ပြုတော်မူခဲ့ပါသောကြောင့် ဤကမ္ဘာလောကကြီး အတွင်း၌ “မြတ်စွာဘုရား မြတ်စွာဘုရား”ဟူသော အသံမျှကိုပင် ကြားရဖို့ရန် အလွန်ခဲယဉ်းသည် ဟူ၍၎င်း၊ “မြတ်စွာဘုရား မြတ်စွာဘုရား”ဟူ၍ နှုတ်ဖြင့် ရွတ်ဆိုနိုင်ဖို့ရန်မှာလည်း အလွန်ခက်ခဲသည် ဟူ၍၎င်း သိကြရပါသည်။

ဤအရာ၌ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တို့ ရွတ်ဆိုကြသော “မြတ်စွာဘုရား မြတ်စွာဘုရား”ဟူသော အသံကို ဗုဒ္ဓဘာသာဝင်မဟုတ်သော ပုဂ္ဂိုလ်တို့သည် အလွယ်တကူ ကြားသိကြရသော်လည်း မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို မသိနားမလည်ကြသောကြောင့် ကောင်းစွာ ကြားရသည်ဟု မဆိုနိုင်ပါ။

ဥပမာအားဖြင့်- ဤကမ္ဘာလောကကြီးအတွင်း၌ စကြာမင်းတို့သာ သုံးဆောင်ထိုက်သော မနောမယ ပတ္တမြားရတနာကြီးကို တွေ့မြင်ကြည့်ရှုကြကုန်သော သူတို့အနက် ဤပတ္တမြားရတနာကြီး၏ ထူးခြားပုံ လွန်ကဲမြင့်မြတ်ပုံတို့ကို မသိကြကုန်သောသူတို့သည် သာမည ကျောက်ရတနာမျိုးကဲ့သို့ သဘောထားကြပါလိမ့်မည်၊ ဤပတ္တမြားရတနာကြီး၏ ထူးခြားပုံ လွန်ကဲမြင့်မြတ်ပုံတို့ကို စုံလင်စွာ သိကြကုန်သော သူတို့မှာမူကား အားရနှစ်ခြိုက်စွာ တစိမ့်စိမ့်ကြည့်လျက် လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါလိမ့်မည်။

ဤအလားတူပင်လျှင် ထိုမနောမယ ပတ္တမြားရတနာကြီးထက် အတိုင်းမသိ အပရိမာဏ ဆဆလွန်ကျူး၍ အထူးသဖြင့် မြင့်မြတ်တော်မူသော ဘုန်းတော် ကံတော်



(ဎ)

ဉာဏ်တော် တန်းခိုးတော်အနန္တတို့၏အရှင် သဗ္ဗညု မြတ်စွာဘုရားသခင် တည်းဟူသော အတုလ ရတနာတော်ကြီး၏ အကြောင်းအရာကို သိရှိနားလည်ကြပါကုန်မူကား ဗုဒ္ဓသာသနာတော်ကြီးကို မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငှါ၎င်း ကြည်ညိုပြီးသော သူတို့အားလည်း အတိုင်းထက်အလွန် သဒ္ဓါတရား တိုးပွါးခြင်းငှါ၎င်း ကောင်းစွာ ဖြစ်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။

သို့ဖြစ်ပါသောကြောင့်- လောကသုံးပါး၌ အတုမရှိ လွန်ကဲမြင့်မြတ်တော်မူသော ဘုန်းတော် ကံတော် ဉာဏ်တော် တန်းခိုးတော်အနန္တတို့၏အရှင် သဗ္ဗညုမြတ်စွာဘုရားသခင်၏ အကြောင်းအရာ အဋ္ဌုပ္ပတ်တော် အစဉ် ဗုဒ္ဓဝင်ကျမ်းတော်ကြီးကို သိလို နားလည်လို သိနားလည်စေလိုကြပါသောကြောင့် အကောင်းမွန်ဆုံး အပြည့်စုံဆုံး အစေ့စပ်ဆုံးဖြစ်သော ဗုဒ္ဓဝင်ကျမ်းကြီးကို ဖန်တီး စီရင်တော်မူရန် တောင်းပန် လျှောက်ထားအပ်ပါသည်ဘုရား။

ဤဗုဒ္ဓဝင်ကျမ်းကြီးတွင် တပည့်တော်တို့ အဓိကလိုလားသော အချက်ကြီးတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁) ပါဠိ အဋ္ဌကထာ ဋီကာ အနု မဓု ယောဇနာ ဂဏ္ဌိ ဝိနိစ္ဆယ ဂန္ထန္တရ အဝဝတို့၌ လာရှိသည့်အတိုင်း သေးငယ်သည်ဟူ၍၎င်း တိမ်မြုပ်သည်ဟူ၍၎င်း နက်နဲသည်ဟူ၍၎င်း ခက်ခဲသည်ဟူ၍၎င်း အစရှိသည်ဖြင့် တစိုးတစိမျှ မချန်မလှပ် မကြွင်းမကျန် ပါဝင်စေလိုခြင်း၊

(၂) ဂေါတမမြတ်စွာဘုရားသခင် ဝါတော် လေးဆယ့်ငါးဝါပတ်လုံး ဟောကြားတော်မူခဲ့သော သုတ် အဘိဓမ္မာ ဝိနည်းပိဋကတ် တရားတော်တို့ကို အသီးအသီး တသုတ်စီ တသုတ်စီ စသည်ဖြင့် လိုရင်းအကျဉ်းချုပ်ကို ရေးသားစီရင်၍ ပြည့်ဝစုံလင်အောင် ထည့်သွင်း ပါဝင်စေလိုခြင်း၊

(၃) ရှေးက ပေါ်ပေါက်ခဲ့ပြီးသော ဗုဒ္ဓဝင်ကျမ်းစာ အစောင်စောင်တို့ထက် သာလွန်ပြည့်စုံ ကုံလုံစေ့စပ်၍ ဖတ်နာမဝ ကြည်ညိုအားရဘို့ ကောင်းလှသော ဗုဒ္ဓဝင်ကျမ်းကြီး ဖြစ်စေလိုခြင်း၊



(ဏ)

(၄) ဂေါတမမြတ်စွာဘုရား သာသနာတော် အနှစ် “နှစ်ထောင့်ငါးရာ”သို့ရောက်သော အချိန်အခါက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အရှင်မြတ်တပါး စီရင်တော်မူခဲ့သော မဟာဗုဒ္ဓဝင်ကျမ်းကြီး ဖြစ်သောကြောင့် နောင်လာနောက်သား လူအများတို့၏ ပစ္စုပ္ပန်တမလွန် နိဗ္ဗာန်အကျိုးစီးပွါးအလို့ငှါ အနာဂတ် သာသနာတော် နှစ်ပေါင်း နှစ်ထောင့်ငါးရာတိုင်အောင် သာသနကျောက်တိုင် မော်ကွန်းကြီးအဖြစ်ဖြင့် ပြညွှန်း စိုက်ထောင်ထားစေလိုခြင်း..

ဤအချက်ကြီးတို့နှင့် ပြည့်စုံကြွယ်ဝသော မဟာဗုဒ္ဓဝင် ကျမ်းထူး ကျမ်းမြတ်ကြီးကို နောင်လာနောက်သား လူအများတို့၏အကျိုးငှါ ငဲ့ညှာထောက်ထား သနားတော်မူသည်ကို အကြောင်းပြု၍ ယထာဗလ ယထာထာမ ဉာဏဝရဇိန် မြှောက်ချိန်လှစ်ဖွင့် ချီးမြှင့်ရေးသား စီရင်ပေးသနားတော်မူပါမည့်အကြောင်း တောင်းပန်လျှောက်ကြားအပ်ပါသည် ဆရာတော် အရှင်သူမြတ်ဘုရား။



(တ)

ဆရာကြီး ဦးလင်း၏ ဉာဏ်တံခွန်

     ဖော်ပြရာပါ နိုင်ငံတော်ဝန်ကြီးချုပ်၏ လျှောက်ကြားစာနှင့် မိမိ၏ ဝန်ခံချက်တို့အရ ဘုန်းကြီးသည် ၁၃၁၈-ခုနှစ် ပါဠိသံဂါယနာအောင်ပွဲကြီးနှင့် သာသနာ ၂၅၀၀-ပွဲကြီးများ ပြီးစီးသွား၍ မဟာဗုဒ္ဓဝင်ကို စတင်၍ အချောသတ် စီစဉ်သောအခါ ဆရာကြီး ဦးလင်း အသက်ထင်ရှားရှိစဉ်က ဦးစီးရေးသားခဲ့သည့် ပဌမတွဲ တအုပ်စာ စာမျက်နှာ ၇၀၀-ကျော်ရှိ စာမူများမှာ ဆရာကြီး၏ တသက်တာတွင် ပညာတံခွန် အဆုံးသတ်လွှင့်တင်ခဲ့သည့်ပမာ “အလွန်တရာကျယ်ပွါး၊ မှတ်သားဖွယ်တွေ ပြည့်နှက်၊ လူသာမန်တို့ အသိခက်သည့်” လေးနက်သော အဓိပ္ပါယ်များ ပါရှိသည်ကို တွေ့ရပေသည်။

     မှန်၏... ဆရာကြီး ဦးလင်းသည် ဤမဟာဗုဒ္ဓဝင်ကျမ်းကို ရှေးဦးစွာ စီစဉ်သောအခါ ဗုဒ္ဓဝင်စာသားမျှ အဓိကထား အကျဉ်းအားဖြင့် ရေးသားခဲ့ရာ အဘိယာစက = တောင်းပန်ရင်းပုဂ္ဂိုလ်ဖြစ်သူ နိုင်ငံတော်ဝန်ကြီးချုပ်က “ကျယ်ချင်သမျှ ကျယ်ပါစေ ဆရာကြီး... ကျွန်တော်များ သိရမည့် ဗုဒ္ဓမြတ်စွာ၏ အကြောင်းအရာ မှန်သမျှ အပ်ကျသည်ကိုပင် မချန်ထား နောက်သားတို့အလို့ငှါ အစွမ်းရှိသမျှ ရေးသားတော်မူပါ”ဟု ထပ်၍တဖန် တောင်းပန်သဖြင့် စီမံပြီးသမျှ အကျဉ်းစာသား အလုံးစုံပယ်ရှား၍ ဆရာကြီးသည် ဣရိယာပုထ် လေးပါးလုံး ဗုဒ္ဓဝင်စိတ်ဖြင့်သာ အချိန်ကို ကုန်ဆုံးစေလျက် ရုံးသို့ရောက်၍ အလုပ်ခွင်ဝင်သောခါမှာလည်း စားပွဲပေါ်သို့ တတောင်နှစ်ဖက်ကို အစုံလိုက်တင်ထောက် တခါတခါတွင် (တောက်)ခေါက် အားရလောက်အောင် လက်သီးနှစ်ဖက်ကိုဆုပ်လျက် မျက်စိကိုမှိတ် အံကိုကြိတ်ပြီးလျှင် စိတ်ပါလက်ပါ နှုတ်မြွက်၍ လက်ရေးတိုစာရေးကို အားလပ်ခွင့်မပေးပဲ ရေးသားစေခဲ့ကြောင်း (ထိုစဉ်က ဆရာကြီး၏ အပါးတော်မြဲ) ယခု ဗုဒ္ဓဝင်အယ်ဒီတာ ဆရာထွန်း လျှောက်ထားသဖြင့် ကောင်းစွာ သိရှိရပေသည်။



(ထ)

ဤမဟာဗုဒ္ဓဝင်ကျမ်း စီစဉ်ပုံ

     ဆိုအပ်ပြီးသည့် လွန်စွာကျယ်ပွါး မှတ်သားဖွယ်ပြည့်နှက် အဓိပ္ပါယ်နဲနက်လှသည့် ဆရာကြီး၏ တသက်တာ ပညာတံခွန် အဆုံးသတ်လွှင့်တင်ခဲ့သည့် စာမူတည်းဟူသော ဗဟုသုတဘဏ်တိုက်ကြီးကို မူလအစီအစဉ်အတိုင်း ရိုက်နှိပ်စေပါက ဗုဒ္ဓဝင်စာတော်ဖတ် ပရိသတ်တို့၏ဉာဏ်တွင် အဖတ်ခက် အမှတ်ခက် ရောယှက်ရှုပ်ထွေးလေရာသောကြောင့်--

(၁) ဗုဒ္ဓဝင်စာသားကို သီးခြားစီစဉ်ခြင်း၊

(၂) ဗုဒ္ဓုပ္ပါဒဒုလ္လဘအခဏ်း (၂)ကို အသစ်ပြင်ဆင် စီစဉ်ရေးသား၍ နာယကဆရာတော်များ၏ သဘောတူညီချက် ရပြီးမှ မူအတည်ဖြစ်စေခြင်း၊

(၃) ပကိဏ္ဏကခဏ်း = ဘုရားဆုပန် ပုဂ္ဂိုလ်တိုင်း လိုက်နာသိရှိ ဖြည့်ကျင့်ရမည့် အကြောင်းအရာ အပြည့်အစုံတို့ကို အသစ်ထည့်သွင်းရေးသားခြင်း၊

(၄) ဗုဒ္ဓဝင်စာသားကို သီးခြားစီစဉ်၍ အဓိပ္ပါယ်အဆုံးအဖြတ် မှတ်သားဖွယ်တို့ကို “အနုဒီပနီ”ဟူသော အမည်ဖြင့် ပဌမတွဲ အပိုင်း (၁)၏ နောက်ဆက်တွဲအဖြစ် အပြည့်အစုံ ဖော်ပြခြင်း၊

(၅) အယူအမှတ် ခဲခက်မည့် စာသုံးဝေါဟာရ အချို့တို့ကို သိလွယ်သော မြန်မာဝေါဟာရသို့ ပြောင်းလဲ ပြန်ဆိုခြင်း--

စသည်ဖြင့် ဤမဟာဗုဒ္ဓဝင်ကျမ်းကို စီစဉ်ရေးသားအပ်ပေသည်။

     ဤ မဟာဗုဒ္ဓဝင်ကျမ်းကို နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ စာပုံနှိပ်တိုက်တွင် စက်တင်ပုံနှိပ်သည့်အခါ မဟာပညာဗလ ပါဠိပါမောက္ခ စာပြင်မှူးချုပ် ဆရာကြီးဆရာဉာဏ်က (ပရု)ကြည့်ရှု၍ ကြပ်မစောင့်ရှောက်ကြောင်း။



(ဒ)

တိုက်တွန်းချက်

     ဗုဒ္ဓဝင်စာတော်ဖတ် ပရိသတ်အပေါင်း သူတော်ကောင်းတို့... ဤမဟာဗုဒ္ဓဝင်ကျမ်း ထွက်ပေါ်လာပုံနိဒါန်းကို ဖော်ပြအပ်ပြီးလေပြီ၊ ဤမဟာဗုဒ္ဓဝင်ကျမ်းကြီးကား ဗုဒ္ဓဝင်ပါဠိတော် အဋ္ဌကထာ စသည်တို့နှင့် ဘာသာစကား ပါဠိနှင့် မြန်မာမျှသာ ကွဲပြား၍ အဓိပ္ပါယ်အနက်သွားမှာ တသားတည်း ဖြစ်ချေသည်။

     ဗုဒ္ဓဝင်စာတော်ဖတ် ပရိသတ်အပေါင်း သူတော်ကောင်းတို့အား မြတ်စွာဘုရား ဟောကြားတော်မူအပ်သည့်- (၁) နှစ်သက်ဝမ်းမြောက်ခြင်းအကျိုး၊ (၂) သောကငြိမ်းအေးခြင်းအကျိုး (၃) လူ နတ် နိဗ္ဗာန် သုံးတန်သော သမ္ပတ္တိအကျိုးတို့ကို ပေးစွမ်းနိုင်မည်ဧကန် အမှန်ပင်ဖြစ်သောကြောင့် ယခုအခါ ထိုအကျိုးတရားတို့ကို ကိုယ်စီကိုယ်င ခံစားသုံးဆောင်နိုင်ကြရန် ဥယျောဇဉ် ဂါထာညွှန်း (ကြည့်ရှု နာယူ မှတ်သားရန်) တိုက်တွန်း၍ ဤမဟာဗုဒ္ဓဝင်ကျမ်းနိဒါန်းကို အဆုံးသတ်တော့မည်…

ပါတုဘူတော မဟာဗုဒ္ဓ-

ဝံသော ဗုဒ္ဓတ္ထဒီပကော။

ဗုဒ္ဓဝါဒီနမတ္ထာယ၊

တံ နိသာမေထ သာဓဝေါ။

သာဓဝေါ = ကိုယ်ကျိုးသူကျိုး ဤနှစ်မျိုးကို သည်ပိုးပြီးစေ ရွက်ဆောင်ပေသဖြင့် စိတ်နေပျော့ပျောင်း အိုသူတော်ကောင်းတို့...။ ဗုဒ္ဓဝါဒီနံ = ဗုဒ္ဓဝါဒ လက်ကိုင်ရှိကြသည့် သပ္ပုရိသအပေါင်း သူတော်ကောင်းတို့၏။ အတ္ထာယ = နှလုံးစိတ်ဝမ်း ရွှင်လန်းခြင်းစသော အကျိုးငှါ။ ဗုဒ္ဓတ္ထဒီပကော = ဗုဒ္ဓပရမေ သုံးလူ့ဆွေ၏ သုမေဓာဘဝ ထိုကစ၍ အဓိကာရ = (အထိကရ) ကုသိုလ်ထူး ဆည်းပူးစဉ်လာ ကြောင်းအရာကို ထင်စွာလှလှ ပြတတ်ပေထသော။ မဟာဗုဒ္ဓဝံသော = နိုင်ငံတော်



(ဓ)

ဗုဒ္ဓသာသန၏ ဆဋ္ဌသံဂါယနာ ဖွားဖက်တော်အဝင်အပါ မဟာဗုဒ္ဓဝင် မည်တွင်သာဆန်း စာတော်ကျမ်းသည်။ ပါတုဘူတော = ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ ဓမ္မဉ္စရ မြိုက်ဗီဇကို ပျိုးချစေသား လယ်မြေအလားလျှင် ထင်ရှားထွက်ပေါ်ခဲ့လေပြီ။ တံ = တသ္မာ = ထို့ကြောင့်။ တံ = ထိုမဟာဗုဒ္ဓဝင် မည်တွင်သာဆန်း စာတော်ကျမ်းကို။ တုမှေ = ဗောဓိမျိုးမှန် လေးမဂ်ဉာဏ်ကို ရင့်သန်လိုတောင်း သင်သူတော်ကောင်းတို့သည်။ နိသာမေထ = ဝမ်းမြောက်ခြင်းအစ နိဗ္ဗာန်ကျအောင် ဖလဆက်စည် ပွါးလိမ့်မည်ဟု ယုံကြည်သမှု ဉာဏ် စက္ခုဖြင့် ကြည့်ရှုဖတ်ကြား မှတ်သား နာယူကြပါကုန်လော့။


ဦးဝိစိတ္တသာရာဘိဝံသ

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက

၁၃၂၂-ခုနှစ်၊ ဝါဆိုလဆန်း (၇) ရက်နေ့။