ပုစိမန္ဒဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၁၁။ ပုစိမန္ဒဇာတ် (၄-၂-၁)

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၁။ ပုစိမန္ဒဇာတ်

တမာပင်ရုက္ခစိုဝ်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဥဋ္ဌေဟိ စောရ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပုစိမန္ဒဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်မဟာ မောဂ္ဂလ္လာန် မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် ရာဇဂြိုဟ်ပြည်ကို အမှီပြု၍ တောကုဋိ၌ သီတင်းသုံးနေသည်ရှိသော် တယောက်သော ခိုးသူသည် မြို့တံခါး ရွာဝယ် တခုသောအိမ်၌ အစပ်ကိုဖြတ်၍ ဥစ္စာနှစ်ကို ယူ၍ပြေး၍ အရှင်မဟာမောဂ္ဂလာန် မထေရ်၏ ကုဋိပရိဝုဏ် အရံတွင်းသို့ဝင်၍ ဤ၌ ငါ၏ အစောင့် အရှောက်သည် ဖြစ်လတ္တံ့ဟု အရှင်မဟာမောဂ္ဂလ္လာန် မထေရ်၏ ကျောင်းဦး၌ အိပ်၏။ အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် ခိုးသူ ကျောင်းဦး၌ အိပ်သောအဖြစ်ကို သိ၍ ထိုခိုးသူ၌ ရွံရွာခြင်းကိုပြု၍ ခိုးသူနှင့်တကွ ရောနှောခြင်းမည်သည်ကား မအပ်ဟု ထွက်၍ ဤကျောင်း၌ မအိပ်လင့်ဟု နှင်ထုတ်၏။ ခိုးသူသည် ထိုကျောင်းမှ ထွက်၍ ခြေရာကိုဖျက်၍ ပြေး၏။ လူတို့သည် မီးရှူးကိုယူ၍ ခိုးသူ၏ခြေရာသို့ လိုက်သဖြင့် ထိုကျောင်းသို့လာ၍ ထိုခိုးသူ၏ လာရာအရပ် ရပ်ရာအပ် ထိုင်ရာအရပ် အိပ်ရာအရပ် အစရှိသည်တို့ကို မြင်၍ ခိုးသူသည် ဤကျောင်းမှ လာ၏။ ဤ၌ ရပ်၏။ ဤ၌ ထိုင်၏။ ဤ၌ အိပ်၏။ ဤအရပ်မှ ပြေး၏။ ငါတို့သည် မမြင်ဟု ထိုမှ ဤမှသွား၍ မမြင်၍လျှင် ပြန်ကုန်၏။ နက်ဖြန် အရှင်မဟာမောဂ္ဂလ္လာန် မထေရ်သည် နံနက်အခါ ရာဇဂြိုဟ်ပြည်၌ ဆွမ်းခံ၍ ဆွမ်းခံရာမှ ဖဲခဲ့သည်ရှိသော် ဝေဠုဝန် ကျောင်းတော်သို့သွား၍ ထိုအကြောင်းကို မြတ်စွာဘုရားအား ကြားလျှောက်၏။ မောဂ္ဂလ္လာန် သင်သည်လျှင် ရွံရှာအပ်သည် နှင့် ယှဉ်သောသူကို ရွံရှာခြင်းပြုသည် မဟုတ်သေး၊ ရှေးပညာရှိတို့သည်လည်း ရွံရှာခြင်းကို ပြုဘူးကုန်သည် သလျှင်ကတည်းဟု မိန့်တော်မူ၍ အရှင်မဟာ မောဂ္ဂလ္လာန် မထေရ်သည် တောင်း ပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် မြို့၏ သုသာန်တော၌ တမာပင်စောင့်နတ် ဖြစ်၏။ ထိုအခါ တနေ့သ၌ မြို့တံခါးရွာ၌ ပြုအပ်ပြီးသော အမှုရှိသော ခိုးသူသည် သုသာန်တောသို့ ဝင်၏။ ထိုအခါ ထိုသုသာန်၌ တမာပင် ညောင်ဗုဒ္ဓဟေပင် ဟူကုန်သော သစ်ပင်ကြီး နှစ်ပင်တို့သည် ရှိကုန်၏။ ခိုးသူသည် တမာပင်ရင်း၌ ဥစ္စာထုပ်ကိုထား၍ အိပ်၏။ ထိုကာလ၌ ခိုးသူတို့ကို ဖမ်း၍ တမာသားတံကျင်၌ လျှိုကုန်၏။ ထိုအခါ တမာပင်စောင့်နတ်သည် ဤအရပ်သို့ လူတို့သည် လာကုန်၍ ဤခိုးသူကို ဖမ်းကုန်သည်ရှိသော် ဤတမာပင်၏ အခက်ကိုဖြတ်၍ တံကျင်ပြု၍ ထိုခိုးသူကို လျှိုကုန်ရာ၏။ ဤသို့ ပြုသည်ရှိသော် တမာပင်သည် ပျက်စီးလတ္တံ့၊ ယခုငါသည် ခိုးသူကို ဤတမာပင်မှ နှင်ထုတ်အံ့ဟု ကြံ၏။ ကြံပြီး၍ ထိုတမာပင်စောင့် နတ်သည် ထိုခိုးသူနှင့်တကွ စကားပြောလိုရကား-

၄၁။ ဥဋ္ဌေဟိ စောရ ကိံ သေသိ၊
ကော အတ္ထော သုပနေန တေ။
မာ တံ ဂဟေသုံ ရာဇာနော၊
ဂါမေ ကိဗ္ဗိသကာရကံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၁။ စောရ၊ ခိုးသူ။ ဥဋ္ဌေဟိ၊ ထလော့။ ကိံ၊ အဘယ်ကြောင့်။ သေသိ၊ အိပ်သနည်း။ တေ၊ သင့်အား။ သုပနေန၊ အိပ်ခြင်းဖြင့်။ ကော အတ္ထော၊ အဘယ်အကျိုးရှိအံ့နည်း။ ဂါမေ၊ ရွာ ၌။ ကိဗ္ဗိသကာရကံ၊ ကြမ်းကြုတ်သော အမှုကိုပြုသော။ တံ၊ သင့်ကို။ ရာဇာနော၊ မင်းချင်း ယောက်ျားတို့သည်။ မာ ဂဟေသုံ၊ မဖမ်းစေကုန်လင့်။

ဤသို့ ထိုခိုးသူကိုဆို၍ မင်းချင်းယောက်ျားတို့သည် သင့်ကို မဖမ်းကုန်မီ တပါးသော အရပ်သို့ သွားလေဟု ကြောက်စေ၍ ပြေးစေး၏။ ခိုးသူ ပြေးသည်ရှိသော် ညောင်ဗုဒ္ဓဟေပင်စောင့် နတ်သည်-

၄၂။ ယံ နု စောရံ ဂဟေဿန္တိ၊ ဂါမေ ကိဗ္ဗိသကာရကံ။
ကိံ တတ္ထ ပုစိမန္ဒဿ၊ ဝနေ ဇာတသ တိဋ္ဌတော။

ဟူသော နှစ်ခြမြောက်သောဤဂါထာကို ဆို၏။

၄၂။ ဂါမေ၊ ရွာ၌။ ကိဗ္ဗိသကာရကံ၊ ခိုးသောအမှုကို ပြုသော။ စောရံ၊ ခိုးသူကို။ ယံ ဂဟေဿန္တိ၊ အကြင် ဖမ်းခြင်းကို ပြုကုန်လတ္တံ့။ တတ္ထ၊ ထိုခိုးသူကို ဖမ်းသည်ရှိသော်။ ဝနေ၊ တော၌။ ဇာတဿ၊ ဖြစ်ထသော။ တိဋ္ဌတော၊ တည်ထသော။ ပုစိမန္ဒဿ၊ တမာပင်စောင့် နတ်အား။ ကိံ နု၊ အသို့ ဖြစ်သနည်း။

ထိုစကားကို ကြား၍ တမာပင်စောင့် နတ်သည် -

၄၃။ န တွံ အဿတ္ထ ဇာနာသိ၊ မမ စောရဿ စန္တရံ။
စောရံ ဂဟေတွာ ရာဇာနော၊ ဂါမေ ကိဗ္ဗိသကာရကံ။
အပ္ပေန္တိ နိမ္ဗသူလသ္မိံ၊ တသ္မိံ မေ သင်္ကတေ မနော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၄၃။ အဿတ္ထ၊ ညောင်ဗုဒ္ဓဟေပင်စောင့်နတ်။ တွံ၊ သင်သည်။ မမ စ၊ ငါ၏၎င်း။ စောရဿ စ၊ ခိုးသူ၏၎င်း။ အန္တရံ၊ တပေါင်းတည်း မနေသင့်သော အကြောင်းကို။ န ဇာနာသိ၊ မသိ။ ဂါမေ၊ ရွာ၌။ ကိဗ္ဗိသကာရကံ၊ ခိုးမှုကို ပြုသော။ စောရံ၊ ခိုးသူကို။ ရာဇာနော၊ မင်းချင်း ယောက်ျားတို့သည်။ ဂဟေတွာ၊ ဖမ်းကုန်၍။ နိမ္ဗသူလသ္မိံ၊ တမာသား တံကျင်၌။ အပ္ပေန္တိ၊ လျှိုကုန်၏။ တသ္မိံ၊ ထိုသို့ပြုခြင်း၌။ မေ၊ ငါ၏။ မနော၊ စိတ်သည်။ သင်္ကတေ၊ ရွံရှာ၏။

ဤသို့ ရုက္ခစိုဝ်းနတ်တို့၏ အချင်းချင်း ပြောဆိုကုန်စဉ်လျှင် ဥစ္စာရှင်တို့သည် မီးရှူးကိုင်ကုန်လျှက် ခြေရာသို့လျှောက်သောအားဖြင့် လာကုန်၍ ခိုးသူ၏အိပ်ရာ အရပ်ကို မြင်ကုန်၍ အချင်းတို့ ယခုပင်လျှင် ခိုးသူထ၍ ပြေး၏။ ငါတို့သည် ခိုးသူကို မရအပ်၊ အကယ်၍ ရကုန်အံ့၊ ဤတမာပင်၏ တံကျင်၌ ခိုးသူကိုလျှို၍ တမာခက်၌ ဆွဲ၍ သွားကြကုန်အံ့ဟု ဆို၍ ထိုမှဤမှလိုက်၍ ခိုးသူကိုမမြင်ရလျှင် သွားကုန်၏။ ထိုသူတို့၏ စကားကိုကြား၍ ညောင်ဗုဒ္ဓဟေပင်စောင့်နတ်သည်-

၄၄။ သင်္ကေယျ သင်္ကိတဗ္ဗာနိ၊
ရက္ခေယျာနာဂတံ ဘယံ။
အနာဂတဘယာ မီရော၊
ဥဘော လောကေ အဝေက္ခတိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၄၄။ ဓီရော၊ ပညာရှိသည်။ သင်္ကိတဗ္ဗာနိ၊ ရွံရှာအပ်သည်တို့ကို။ သင်္ကေယျ၊ ရွံရှာရာ၏။ အနာဂတံ ဘယံ၊ လာလတ္တံ့သော ဘေးကို။ ရက္ခေယျ၊ ကိုတင်၍ စောင့်ရှောက်ရာ၏။ အနာဂတဘယာ၊ လာလတ္တံ့သော ဘေးဖြင့်။ ဥဘော လောကေ၊ နှစ်ပါးသော လောကတို့ကို။ အဝေက္ခတိ၊ ကြည့် မျှော်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ညောင်ဗုဒ္ဓဟေပင်စောင့်နတ် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ တမာပင်စောင့်နတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရွှံရှာသင့်သူ၊ ရွံရှာမူ၊ ထိုသူဘေး မရောက်

ရှေးဦးစွာသော ပုစိမန္ဒဇာတ်သည် ပြီး၏။

*****