ပဏ္ဏကဇာတ် -၁

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၀၁။ ပဏ္ဏကဇာတ် (၇-၁-၆)

သတ္တကနိပါတ် - ကုက္ကုဝဂ်

၆။ ပဏ္ဏကဇာတ်

ကြီးကျယ်သောရောဂါကို ပညာဖြင့်ကုစားခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ပဏ္ဏကံ တိခိဏဓာရံ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤပဏ္ဏကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလော ဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... မှန်ပေ၏ဟု နားတော်လျောက်သည်ရှိသော် "အဘယ်သူသည် ငြီးငွေ့စေအပ်သနည်း ဟု မေးတော်မူ၍ မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော်လျောက်သည်ရှိသော် "ရဟန်း... ဤမိန်းမသည် သင်၏ အကျိုးမဲ့ကို ပြုတတ်၏။ ရှေး၌လည်း သင်သည် ဤမိန်းမကိုမှီ၍ စိတ်၌မှီသော ရောဂါသည် နှိပ်စက်အပ်သည်ရှိသော် ပညာရှိတို့ကိုမှီ၍ အသက်ကိုရအပ်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ မဒ္ဒဝမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ ဖြစ်၏။ ထိုဘုရားလောင်းအား သေနကကုမာရဟူသော အမည်ကိုမည့်၏။ ထိုဘုရားလောင်းသည် အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းကုန်သော အတတ်တို့ကို သင်၍ ဗာရာဏသီပြည်သို့ တစ်ဖန်ပြန်၍ မဒ္ဒဝမင်း၏ အကျိုးအကြောင်းကို ဆုံးမတတ်သော အမတ်ဖြစ်၏။ သေနကပညာရှိသည် ပညာရှိ၏ ဟူ၍ မြို့အလုံး၌ လ, ကဲ့သို့လည်းကောင်း နေ, ကဲ့သို့လည်းကောင်း ထင်ရှား၏။

မိဖုရားကိုပေးလိုက်ပြီ

ထိုအခါ မဒ္ဒဝမင်း၏ ပုရောဟိတ်သားသည် မင်းအား ခစားအံ့သောငှာ လာလတ်သော် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော မြတ်သောအဆင်းကို ဆောင်သော မင်း၏ မိဖုရားကိုမြင်၍ တပ်သောစိတ် ရှိသည်ဖြစ်၍ အိမ်သို့သွား၍ အာဟာရကို ဖြတ်၍ အိပ်၏။ အဆွေခင်ပွန်းတို့သည် မေးအပ်သည်ရှိသော် ထိုအကြောင်းကိုကြား၏။ မင်းသည်လည်း ပုရောဟိတ်သားသည် မထင်၊ ထိုပုရောဟိတ်သားသည် အဘယ်မှာနည်း ဟု မေးလတ်သော် ထိုအကြောင်းကိုကြား၍ ပုရောဟိတ်သားကို ခေါ်စေ၍ ငါသည် သင့်အား ဤမိဖုရားကို ခုနစ်ရက်ပတ်လုံး ပေးအံ့။ ခုနစ်ရက် သင့်အိမ်၌ထား၍ ရှစ်ရက်မြောက်၌ ဆောင်ခဲ့လော့ဟု ဆို၏။ ပုရောဟိတ်သားသည် ကောင်းပြီဟု ဝန်ခံ၍ မိဖုရားကို အိမ်သို့ဆောင်၍ ထိုမိဖုရားနှင့်တကွ မွေ့လျော်၍ အချင်းချင်း တပ်သောစိတ် ရှိသည်ဖြစ်၍ တစ်စုံတစ်ယောက်သောသူကို မသိစေမူ၍ မြတ်သောတံခါးဖြင့် ပြေး၍ တစ်ပါးသောမင်း၏ နိုင်ငံသို့ သွားကြကုန်၏။ တစ်စုံတစ်ယောက်သော သူသည် သွားရာအရပ်ကိုမသိ၊ လှေသွားသော လမ်းကဲ့သို့ဖြစ်၏။

ဘုရင်ရောဂါရ

မင်းသည် မြို့၌ စည်လည်စေ၍ အထူးထူး အပြားပြားသော အခြင်းအရာအားဖြင့် ရှာစေသော်လည်း မိဖုရား၏ သွားရာအရပ်ကို မသိ။ ထိုအခါ ထိုမင်းအား မိဖုရားကိုမှီ၍ စိုးရိမ်ခြင်း ကြီးစွာဖြစ်၏။ ပူသောနှလုံး ရှိသည်ဖြစ်၍ သွေးယို၏။ ထိုအခါမှစ၍ ထိုမင်း၏ဝမ်းမှ သွေးထွက်၏။ ကြီးစွာသော အနာဖြစ်၏။ ကြီးမြတ်ကုန်သော မင်း၏ ဆေးသမားတို့သည် ဆေးကုအံ့သောငှာ မတတ်နိုင်ကုန်။

ဇာတ်လမ်းဖြင့်ဆေးကုပုံ

ဘုရားလောင်းသည် ဤမင်းအား အနာမရှိ၊ မယားကို မမြင်ရခြင်းကြောင့် စိတ်၌မှီသော ရောဂါသည် ဖြစ်၏။ ထိုမင်းကို ဥပါယ်ဖြင့်ကုအံ့ ဟု အာယုရမည်သော အမတ်, ပုက္ကုသမည်သော အမတ်ပညာရှိတို့ကိုခေါ်၍ မင်းအား မိဖုရားကို မမြင်ရခြင်းကြောင့်ဖြစ်သော စိတ်၌မှီသော ရောဂါကိုထား၍ တစ်ပါးသောရောဂါသည် မရှိ။ စင်စစ် ငါတို့အား ကျေးဇူးများ၏။ ထို့ကြောင့် ထိုမင်းကို ကုကြကုန်အံ့၊ မင်းရင်ပြင်၌ ပွဲသဘင်ပြု၍ သန်လျက်ကို မျိုခြင်းငှာ တတ်ကုန်သော သူတို့ကို သန်လျက်မျိုစေ၍ မင်းကို ခြင်္သေ့ခံသော လေသာပြတင်း၌ထား၍ ပွဲကိုကြည့်စေကုန်အံ့၊ မင်းသည် သန်လျက်မျိုးသောသူကို မြင်၍ သန် လျက်မျိုခြင်းထက် တစ်ပါးသော အလွန်ခက်ခဲသော အမှုသည် ရှိသေးသလောဟု ပြဿနာကို မေးလတ္တံ့။ အဆွေအာယုရ... သင်သည် ဤအမည်ရှိသာဥစ္စာကိုပေအံ့ဟု ဆိုခြင်းသည် ဤသန်လျက်ကို မျိုခြင်းထက် ခဲခက်၏ဟု ဖြေလော့၊ ထို့နောင်မှ အဆွေပုက္ကုသ... သင့်ကိုမေးလတ္တံ့၊ ထိုအခါ မင်းအား မြတ်သောမင်းကြီး ထိုဥစ္စာကို ပေးအံ့ဟုဆို၍ မပေးသောသူ၏ ထိုစကားသည် အကျိုးမရှိသည် ဖြစ်၏။ အချို့ကုန်သော သူတို့သည် ထိုစကားကိုမှီ၍ အသက်မမွေးကုန်၊ အကြင်သူတို့သည် ထိုစကားအား လျောက် ပတ်သည်ကို ပြုကုန်၏။ ဝန်ခံတိုင်းသော ဥစ္စာကို ပေးကုန်၏။ ဤသို့ပေးခြင်းသည် ထိုပေးအံ့ဟု ဆိုသောစကားထက် အလွန်ခက်ခဲ၏ ဟု ဖြေလော့၊ ဤထက်အလွန် ပြုအပ်သောအမှုကို ငါသိအံ့ဟု ဆို၍ သဘင်ကိုပြုစေ၏။

ဘုရင်ပွဲတော်ကြည့်

ထိုနောက်မှ ထိုသုံးယောက်ကုန်သော ပညာရှိတို့သည်လည်း မင်း၏အထံသို့ သွား၍ မြတ်သော မင်းကြီး... မင်းရင်ပြင်၌ ပွဲသဘင်သည် ဖြစ်၏။ ထိုပွဲသဘင်ကို ကြည့်ကုန်သော သူတို့အား ဒုက္ခသည်လည်း သုခဖြစ်၏။ ကြွတော်မူလော့၊ သွားကုန်အံ့ ဟု မင်းကိုဆောင်၍ ခြင်္သေ့ခံသော လေသာပြတင်းကိုဖွင့်၍ ပွဲသဘင်ကို ကြည့်စေကုန်၏။ များစွာကုန်သော လူတို့သည် မိမိတို့သည် တတ်သောအတတ်ကို ပြကုန်၏။ တစ်ယောက်သော ယောကျ်ားသည်ကား သုံးဆယ့်သုံးလက်သစ်ရှိသော ထက်စွာသော အသွားရှိသော သန်လျက်ကို မျို၏။

သန်လျက်ကို မျိုဖိုခက်

မင်းသည် ထိုယောက်ျားကိုမြင်၍ ဤယောက်ျားသည် သန်လျက်ကိုမျို၏။ ဤသန်လျက်ကို မျိုခြင်းထက် ခက်ခဲသော အမှုသည် ရှိသေးသလောဟု ပညာရှိတို့ကို မေးအံ့ ဟု ကြံ၍ အာယုရကို မေးလိုရကား-

၃၉။ ပဏ္ဏကံ တိခိဏဓာရံ၊ အသိံ သမ္ပန္နပါယိနံ။
ပရိသာယံ ပုရိသော ဂိလတိ၊ ကိံ ဒုက္ကရတရံ တတော။
ယဒညံ ဒုက္ကရံ ဌာနံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ရှေးဦးစွာ ဤဂါထာကို ဆို၏။

၃၉။ ပဏ္ဍိတ၊ ပညာရှိ။ ပဏ္ဏကံ၊ ပဏ္ဏကတိုင်း၌ဖြစ်သော။ တိခိဏဓာရံ၊ ထက်စွာသော အသွားရှိသော။ သမ္ပန္နပါယိနံ၊ သူတစ်ပါတို့၏သွေးကို သောက်တတ်သော။ အသိံ၊ သန်လျက်ကို။ ပုရိသော၊ ယောက်ျားသည်။ ပရိသာယံ၊ ပရိသတ်တို့၏ အလယ်၌။ ဂိလတိ၊ မျို၏။ တတော၊ ထိုသန်လျက်ကို မျိုခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခက်ခဲသော အကြောင်းသည်။ အတ္ထိ ကိံ၊ ရှိသလော။ အညံ၊ တစ်ပါးသော။ ဒုက္ကရံ၊ ခက်ခဲသော။ ယံဌာနံ၊ အကြင်အကြောင်းသည်။ အတ္ထိ၊ ရှိအံ့။ တံဌာနံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့၊

ပေးမယ်ပြောတာ ပိုခက်

ထိုအခါ မင်းအား အာယုရအမတ်သည် ထိုအကြောင်းကို ဖြေလိုသည်ဖြစ်၍-

၄၀။ ဂိလေယျ ပုရိသော လောဘာ၊ အသိံ သမ္ပန္နပါယိနံ။
ယော စ ဝဇ္ဇာ ဒဒါမီတိ၊ တံ ဒုက္ကတရံ တတော။
သဗ္ဗညံ သုကရံ ဌာနံ၊ ဧဝံ ဇာနာဟိ မဒ္ဒဝ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၀။ မဒ္ဒဝ၊ မဒ္ဒဝ အနွယ်ဖြစ်သော မင်းကြီး။ ပုရိသော၊ ယောကျ်ားသည်။ လောဘာ၊ လောဘကြောင့်။ သမ္ပန္နပါယိနံ၊ သူတစ်ပါးတို့၏သွေးကို သောက်တတ်သော။ အသိံ၊ သန်လျက်ကို။ ဂိလေယျ၊ မျိုရာ၏။ ယော စ၊ အကြင်သူသည်လည်း။ ဒဒါမီတိ၊ ပေးအံ့ဟူ၍။ ဝဇ္ဇာ၊ ဆိုရာ၏။ တံ၊ ထိုပေးအံ့ဟုဆိုသောစကားသည်။ တတော၊ ထိုသန်လျက်ကို မျိုခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခက်ခဲ၏။ အညံ၊ တစ်ပါးသော။ သဗ္ဗံ၊ အလုံးစုံသော။ ဌာနံ၊ အကြောင်းသည်။ သုကရံ၊ လွယ်၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။

အာယုရ ပညာရှိ စကားကိုကြား၍ သန် လျက်ကို မျိုခြင်းထက် ဤအမည်ရှိသော ဥစ္စာကို ပေးအံ့ ဟု ဆိုခြင်းသည် ခဲခက်၏။ ငါသည်လည်း ပုရောဟိတ်သားအား မိဖုရားကို ပေးအံ့ဟု ဆို၏။ စင်စစ် ငါသည် အလွန် ခဲခက်သည်ကို ပြုအပ်၏ ဟု စုံစမ်းဆင်ခြင်လျှင် မင်း၏နှလုံး၌ စိုးရိမ်ခြင်းသည် အတန်ငယ် ခေါင်းပါးခြင်းသို့ ရောက်၏။

မင်းသည် ထို့နောင်မှ သူတစ်ပါးအား ဤဥစ္စာကို ပေးအံ့ဟု ဆိုသောစကားထက် အလွန် ခဲခက်သော တစ်ပါးသော အမှု ရှိသေးသလောဟုကြံ၍ ပုက္ကုသ ပညာရှိနှင့် တကွ စကားပြောလိုရကား-

၄၁။ ဗျာကာသိ အယုရော ပဉှံ၊ အတ္ထံ ဓမ္မဿ ကောဝိဒေါ။
ပုက္ကုသံ ဒါနိ ပုစ္ဆာမိ၊ ကိံ ဒုက္ကရတရံ တတော။
ယဒညံ ဒုက္ကရံ ဌာနံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၄၁။ ဓမ္မဿ၊ တရား၌။ ကောဝိဒေါ၊ လိမ္မာသော။ အာယုရော၊ အာယုရသည်။ ပဉှံ-ပဉှဿ၊ ပြဿနာ၏။ အတ္ထံ၊ အနက်ကို။ ဗျာကာသိ၊ ဖြေ၏။ ဒါနိ၊ ယခု။ ပုက္ကုသံ၊ ပုက္ကုသကို။ ပုစ္ဆာမိ၊ မေးအံ့။ တတော၊ ထိုပေးအံ့ဟုဆိုအပ်သော စကားထက်။ ဒုက္ကရတရံ၊ အလွန်ခဲ့ခက်သော အကြောင်းသည်။ အတ္ထိ ကိံ၊ ရှိသလော။ အညံ၊ တပါးသော။ ဒုက္ကရံ၊ ခဲခက်သော။ ယံ ဌာနံ၊ အကြင် အကြောင်းသည်။ အတ္ထိ၊ ရှိအံ့။ တံ ဌာနံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။

အပိုင်ပေးတာ သာပြီးခက်

ထိုအခါ မင်းအားဖြေလိုသည်ဖြစ်၍ ပုက္ကုသ ပညာရှိသည်-

၄၂။ န ဝါစမုပဇီဝန္တိ၊ အဖလံ ဂိရမုဒီရိတံ။
ယော စ ဒတွာ အဝါကယိရာ၊ တံ ဒုက္ကရတရံ တတော။
သဗ္ဗညံ သုကရံ ဌာနံ၊ ဧဝံ ဇာနာဟိ မဒ္ဒဝ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၄၂။ မဒ္ဒဝ၊ မဒ္ဒဝအနွယ်ဖြစ်သော မင်းကြီး။ ယေ၊ အကြင်သူတို့သည်။ အဖလံ၊ အကျိုးမရှိသော ဂိရံ၊ မြွက်အပ်သော။ ဥဒီရိတံ၊ ဆိုအပ်သော။ ဝါစံ၊ စကားကို။ န ဥပဇီဝန္တိ၊ မှီ၍ အ သက်မမွေးကုန်။ ယော စ၊ အကြင်သူသည်လည်း။ ဒတွာ၊ ပေးပြီး၍။ အဝါကယိရာ၊ မတပ်စွန်းရာ။ တံ၊ ထိုပေးခြင်းသည်။ တတော၊ ထိုဥစ္စာကို ပေးအံ့ဟု ဆိုသော စကားထက်။ ဒုက္ကရတရံ၊ အလွန်ခဲခက်၏။ အညံ၊ တစ်ပါးသော။ သဗ္ဗံ၊ အလုံးစုံသော။ ဌာနံ၊ အကြောင်းသည်။ သုကရံ၊ လွယ်၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။

ထိုစကားကိုကြား၍ ငါသည် ပုရောဟိတ်သားအား မိဖုရားကို ပေးအံ့ဟု ရှေးဦးစွာ ဆိုသည်နှင့်လျော်စွာ မိဖုရားကို ပေး၏။ စင်စစ် ငါသည် အလွန် ခက်ခဲသည်ကို ပြု၏ ဟု ကြံသောမင်းအား စိုးရိမ်ခြင်းသည် အလွန်ခေါင်းပါး၏။

ဘယ်ကိစ္စ ခဲယဉ်းသလဲ

ထို့နောင်မှ သေနက သုခမိန်မှတစ်ပါး အလွန် ပညာရှိသောသူမည်သည် မရှိ၊ ဤပြဿနာကို သေနတသုခမိန်အား မေးအံ့ဟု မင်းအား အကြံသည် ဖြစ်၏။ ထို နောင်မှ သေနကသုခမိန်ကို မေးလိုရကား-

၄၃။ ဗျာကာသိ ပုက္ကုသော ပဉှံ၊ အတ္ထံ ဓမ္မဿ ကောဝိဒေါ။
သေနကံ ဒါနိ ပုစ္ဆာမိ၊ ကိံ ဒုက္ကရတရံ တတော။
ယဒညံ ဒုက္ကရံ ဌာနံ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၄၃။ ဓမ္မဿ၊ တရား၌။ ကောဝိဒေါ၊ လိမ္မာသော။ ပုက္ကုသော၊ ပုက္ကုသသည်။ ပဉှံ-ပဉှဿ၊ ပြဿနာ၏။ အတ္ထံ၊ အနက်ကို။ ဗျာကာသိ၊ ဖြေ၏။ ဒါနိ၊ ယခု။ သေနကံ၊ သေနကကို။ ပုစ္ဆာမိ၊ ငါမေးအံ့။ တတော၊ ထိုသန်လျက်ကိုမျိုခြင်း, ပေးအံ့ဆိုခြင်း, ပေးခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခဲခက်သော အကြောင်းသည်။ အတ္ထိ ကိံ၊ ရှိသလော။ အညံ၊ တစ်ပါးသော။ ဒုက္ကရံ၊ ခက်ခဲသော။ ယံ ဌာနံ၊ အကြင်အကြောင်းသည်။ အတ္ထိ၊ ရှိအံ့။ တံ ဌာနံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။

ပေးပြီးမှ နောင်တမဖြစ်စေလင့်

ထိုအခါ မင်းအား ဖြေလိုသည်ဖြစ်၍ သေနကအမတ်သည်-

၄၄။ ဒဒေယျ ပုရိသော ဒါနံ၊ အပ္ပံ ဝါ ယဒိ ဝါ ဗဟုံ။
ယော စ ဒတွာ နာနုတပ္ပေ၊ တံ ဒုက္ကရတရံ တတော။
သဗ္ဗညံ သုကရံ ဌာနံ၊ ဧဝံ ဇာနာဟိ မဒ္ဒဝ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၄။ မဒ္ဒဝ၊ မဒ္ဒဝအနွယ်ဖြစ်သောမင်းကြီး။ ပုရိသော၊ ယောကျ်ားသည်။ အပ္ပံ ဝါ၊ နည်းသည်လည်းဖြစ်သော။ ယဒိ၊ ထိုမြို့။ ဗဟုံ ဝါ၊ များသည်လည်းဖြစ်သော။ ဒါနံ၊ အလှူကို။ ဒဒေယျ၊ လှူရာ၏။ ယော စ၊ အကြင်သူသည်လည်း။ ဒတွာ၊ လှူပြီး၍။ နာနုတပ္ပေ၊ နောင်တ တစ်ဖန် မပူပန်။ တံ၊ ထိုနောင်တတစ်ဖန် မပူပန်ခြင်းသည်။ တတော၊ ထိုပေးခြင်းထက်။ ဒုက္ကရတရံ၊ အလွန်ခဲခက်၏။ အညံ၊ တစ်ပါးသော။ သဗ္ဗံ၊ အလုံးစုံသော။ ဌာနံ၊ အကြောင်းသည်။ သုကရံ၊ လွယ်၏။ ဧဝံ၊ ဤသို့။ ဇာနာဟိ၊ သိတော်မူလော့။

မင်းကြီးရောဂါ ပျောက်လေပြီ

မင်းသည် ဘုရားလောင်း၏စကားကိုကြား၍ "ငါသည် မိမိစိတ်ဖြင့်လျှင် ပုရောဟိတ်သားအား မိဖုရားကိုပေးပြီး၍ မိမိစိတ်ကို ခိုင်စိမ့်သောငှာ မတတ်နိုင်၊ စိုးရိမ်ပင်ပန်း၏။ ငါ့အား ဤသို့ စိုးရိမ်ပင်ပန်းခြင်းသည် မလျောက်ပတ်၊ ထိုမိဖုရားသည် ငါ၌ ချစ်ခြင်းသည် အကယ်၍ဖြစ်အံ့၊ ဤစည်းစိမ်ကို စွန့်၍မပြေးရာ၊ ငါ၌ ချစ်ခြင်းကိုမပြုမူ၍ ပြေးသော မိဖုရားဖြင့် ငါ့အား အဘယ်ပြုအံ့နည်းဟု ကြံသော မင်းအား ပဒုမာရွက်မှ ရေပေါက်ကဲ့သို့ အလုံးစုံသော စိုးရိမ်ခြင်းသည် လျှောကျ၍ကင်း၏။ ထိုခဏ၌လျှင် မင်း၏ ဝမ်းသွေးသွန်ခြင်းသည် ရပ်၏။ မင်းသည် ရောဂါမရှိ ချမ်းသာသည်ဖြစ်၍ ဘုရားလောင်းအား ချီးမွမ်းလိုသည်ဖြစ်၍-

၄၅။ ဗျာကာသိ အယုရော ပဉှံ၊ အထော ပုက္ကုသ ပေါရိသော။
သဗ္ဗေ ပဉှေ အတိဘောတိ၊ ယထာ ဘာသတိ သေနကော။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၄၅။ အာယုရော၊ အာယုရ အမတ်သည်။ ပဉှံ၊ ပြဿနာကို။ ဗျာကာသိ၊ ဖြေ၏။ အထော၊ ထို့နောင်မှ။ ပုက္ကုသပေါရိသော၊ ပုက္ကုသယောက်ျားသည်။ ပဉှံ၊ ပြဿနာကို။ ဗျာကာသိ၊ ဖြေ၏။ ဘာသိတော၊ သေနကပညာရှိဆိုသောစကားသည်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ပဉှေ၊ ပြဿနာတို့ကို။ အတိဘောတိ၊ လွှမ်းမိုး၍တည်၏။ ယထာ၊ အကြင်အခြင်းဖြင့်။ သေနကော၊ သေနက ပညာရှိသည်။ ဘာသတိ၊ ဆို၏။ တထေဝ၊ ထိုအခြင်းဖြင့်လျှင်။ ဟောတိ၊ ဖြစ်၏။

ဘုရားလောင်းအား ဤဂါထာဖြင့် ချီးမွမ်း၍ နှစ်သက်သည် ဖြစ်၍ များစွာသော ဥစ္စာကို ပေး၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ထိုရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းဆောင်မူသနည်း ဟူမူကား- ယခုအခါ မယားဟောင်းသည် ထိုအခါ မိဖုရားကြီး ဖြစ်ပြီ။ ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ မောဂ္ဂလာန်သည် ထိုအခါ အာယုရ ပညာရှိဖြစ်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ပုက္ကုသပညာရှိ ဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သေနက ပညာရှိဖြစ်ပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စိတ်ကြောင့်ဖြစ်လာ၊ ထိုရောဂါ၊ ကုပါ စိတ်နှင့်ပင်

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ပဏ္ဏကဇာတ်သည် ပြီး၏။

*****