နိဂြောဓဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၄၅။ နိဂြောဓဇာတ် (၇)


ဒသကနိပါတ်

၇။ နိဂြောဓဇာတ်

သူ့ကျေးဇူးကို မသိခြင်းကြောင့် ပျက်စီးခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န ဝါဟမေတံ ဇာနာမိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနိဂြောဓဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားကို ချဲ့ဦးအံ့၊ တစ်နေ့သ၌ ရဟန်းတို့သည် ငါ့ရှင်ဒေဝဒတ် မြတ်စွာဘုရားသည် သင့်အား များစွာ ကျေးဇူးပြုတော်မူ၏။ ထိုစကားသည် မှန်၏။ သင်သည် မြတ်စွာဘုရားကို မှီ၍ သာမဏေ အဖြစ်ကို လည်းကောင်း, ပဉ္စင်း အဖြစ်ကိုလည်းကောင်း ရ၏။ ပိဋကတ် သုံးပုံဖြစ်သော ဘုရားစကားတော်ကိုသင်၍ ဈာန်ကိုဖြစ်စေ၏။ သင့်အား ပစ္စည်းလေးပါးတို့ကို ရခြင်းသည်လည်း မြတ်စွာဘုရား၏ ဥစ္စာသာလျှင်တည်း ဟု ရဟန်းတို့သည် ဆိုအပ်ကုန်သည်ရှိသော် မြက် သစ်ရွက်မျှကို မြှောက်၍ သာလျှင် ဤမျှသည်လည်း ရဟန်းဂေါတမသည် ငါ့အား ပြုအပ်သောကျေးဇူးကို ငါမမြင် ဟု ဆိုသည်ရှိသော် တရားသဘင်၌ ရဟန်းတို့သည် စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌သာလျတင် ကျေးဇူးကို မသိတတ်သညမဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် ကျေးဇူးကိုမသိတတ်သည် အဆွေခင်ပွန်းကို ပြစ်မှားတတ်သည် ဖြစ်ဖူးပြီဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည် ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်၌ မဂဓမင်းသည် မင်းပြု၏။ ထိုအခါ ရာဇဂြိုဟ်ပြည် သူဌေးသည် မိမိသားဖို့ ဇနပုဒ်သူဌေး၏ သမီးကို ဆောင်ယူ၏။ ထိုသူဌေးသမီးသည် မြုံ၏။ ထိုသို့ မြုံသည်ရှိသော် သူဌေးသမီးအား နောက်အဖို့၌ လာဘသက္ကာရသည် ယုတ်၏။ ငါတို့သား၏အိမ်၌ အမြုံမနေသည်ရှိသော် အမျိုးအနွယ်သည် အသို့ ပွားလတ္တံ့နည်း ဟု အကြင်အခြင်းဖြင့် ဆိုသည်ရှိသော် သူဌေးသမီးသည် ကြား၏။ ထိုအခြင်းဖြင့်လည်း စကားကို ဖြစ်စေကုန်၏။

ကိုယ်ဝန်ရှိဟန်ဆောင်

ထိုသူဌေးသမီးသည် ထိုသို့သောစကားကို ကြား၍ ထိုသို့ ဆိုကြသည်ဖြစ်စေ၊ ကိုယ်ဝန်ဆောင် အမူအရာကိုပြု၍ ထိုသူတို့ကို လှည့်စားအံ့ ဟုကြံ၍ မိမိအကျိုးစီးပွးကို ဆောင်သော အထိန်းကို မိခင် ကိုယ်ဝန်ဆောင် မိန်းမတို့မည်သည်ကား အသို့လျှင် ပြုရကုန်သနည်း ဟု ကိုယ်ဝန်ဆောင်သော မိန်းမတို့ကို မေး၍ ဥတုလာသောကာလ ဥတုခံအနှီးထည့်၍ ချဉ်သော အရသာတို့ကို အလိုရှိတတ်ကုန်သည်ဖြစ်၍ လက်ခြေတို့ကို ဖောဖောရှိသော ကာလ၌ လက်ဖမိုး ခြေဖမိုးတို့ကို ထုခတ်စေ၍ အသားဖောဖောရှိသည်ကို ပြု၏။ နေ့တိုင်းနေ့တိုင်း ပုဆိုးနွမ်း ရစ်ပတ်သဖြင့်လည်း ဝမ်းကြီးသောအသွင်ကို ပြ၏။ သားမြတ်တို့ကို မည်းသောအဆင်း ရှိသည်တို့ကိုပြု၏။ ကိုယ်လက်သုတ်သင်သော ကိစ္စကိုပြုသော်လည်း အထိန်းမကိုထား၍ တစ်ပါးသော မိန်းမတို့၏ မြင်ရာအရပ်၌မပြု၊ ဤသို့လှည့်စား၏။

သားတစ်ယောက်ကောက်ရခြင်း

ထိုသူဌေးသမီး၏ လင်သည်လည်း ကိုယ်ဝန် အစောင့်အရှောက်ကို ပေး၏။ ဤသို့လျှင် ကိုးလတို့ပတ်လုံး လင်အိမ်၌နေပြီး၍ ယခုအခါ ဇနပုဒ်၌ အဖအိမ်သို့သွား၍ သားဖွားအံ့ ဟု ယောက္ခမ ယောကျ်ားသူ ယောက္ခမမိန်းမသူတို့ကို ပန်ကြားပြီးလျှင် ရထားစီး၍ မွားစွာသော အခြံအရံဖြင့် ရာဇဂြိုဟ်ပြည်မှ ထွက်ခဲ့၍ ခရီးသို့သွား၏။ ထိုသူဌေးသမီး၏ ရှေ့မှကား လှည်း ကုန်သည် တစ်ဦးသည်သွား၏။ လှည်းကုန်သည်သည် နေ၍သွားသော အရပ်သို့ သူဌေးသမီးသည် နံနက်စာ စားပြီးသောအခါ၌ ရောက်၏။ ထိုအခါ တစ်နေ့သ၌ ထိုလှည်း၌ ဆင်းရဲစွာသော တစ်ယောက်သော မိန်းမသည် ညဉ့်အခါ တစ်ခုသော ပညောင်ပင်ရင်း၌ သားကိုဖွား၍ နံနက်စောစောကလျှင် လှည်းသွားသည်ရှိသော် ငါသည် လှည်းနှင့်ကင်း၍ သွားခြင်းငှာ မတတ်နိုင်လတ္တံ့၊ ထိုသို့ လှည်းနှင့်ကင်း၍ သွားခြင်းငှာ မတတ်နိုင်သောကြောင့် စင်စစ်လျှင် အသက်ရှည်သည်ရှိသော် သားကိုရခြင်းငှာ တတ်ကောင်း၏ ဟု ပညောင်ပင်ရင်း၌ အချင်းကိုလည်းကောင်း ကိုယ်ဝန် အညစ်အကြေးကိုလည်းကောင်း ခင်း၍ သားငယ်ကိုစွန့်၍ လှည်းနှင့်တကွ လိုက်လေ၏။ သူငယ်အားလည်း နတ်တို့သည် စောင့်ရှောက်ကုန်၏။ ထိုစကားသည် မှန်၏။ ထိုသူငယ်သည် ဟုတ်ဟုတ်ငြားငြား သူငယ်မဟုတ်၊ ဘုရားလောင်းလျှင်တည်း၊ ထိုသို့ ဘုရားလောင်း ဖြစ်ငြားသော်လည်း ထိုဘုရားလောင်းသည် ထိုဘဝ၌ ထိုသို့သဘောရှိသော သူဆင်းရဲမဝမ်း၌ ပဋိသန္ဓေကိုယူ၏။

ရာဇဂြိုဟ်သို့ ပြန်ခဲ့ပြီ

သူဌေးသမီးသည် နံနက်စာ စားသောအခါ၌ ထိုအရပ်သို့ ရောက်၍ ကိုယ်လက်သုတ်သင်ခြင်း ကိစ္စကို ပြုအံ့ဟု ထိုအထိန်းနှင့်တကွ ပညောင်ပင် ရင်းသို့ သွားသည်ရှိသော် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သူငယ်ကိုမြင်၍ မိခင် အကျွန်ုပ်တို့၏ ကိစ္စသည် ပြီးပြီ ဟု ပုဆိုးနွမ်းကိုပယ်၍ ဝမ်းရင်ခွင်အရပ်ကို သွေးဖြင့်လည်းကောင်း၊ ကိုယ်ဝန်အညစ်အကြေးဖြင့်လည်းကောင်း လိမ်းကျံ၍ မိမိ၏ သားဖွားသောအဖြစ်သို့ ကြားစေ၏။ ထိုခ၌ပင်လျှင် သူဌေးသမီးကို တင်းတိမ်ဖြင့် ကာရံ၍ အလွန်နှစ်သက် ရွှင်လန်းသည်ဖြစ်၍ ပရိသတ်နှင့်တကွ ရာဇဂြိုဟ်ပြည်သို့ သတင်းစကားကို စေလိုက်၏။ ထိုအခါ သူဌေးသမီး၏ ယောက္ခမမိန်းမသူ ယောက္ခမယောကျ်ားသူတို့သည် သားဖွားပြီးသော ကာလမှစ၍ သင့်မိဘအိမ်၌ အဘယ်ပြုလတ္တံ့နည်း၊ ဤငါတို့ ရာဇဂြိုဟ်ပြည်သို့သာလျှင် လာခဲ့လော့ဟု စေလိုက်ကုန်၏။ ထိုသူဌေးသမီးသည် တစ်ဖန် ပြန်လည်ခဲ့၍ ရာဇဂြိုဟ်ပြည်သို့သာလျှင် ဝင်၏။

မိတ်ဆွေ ၃-ယောက် ပညာသင်

ထိုရာဇဂြိုဟ်ပြည်၌ သူဌေးသမီးကို လက်ခံ၍ သူငယ်၏အမည်ကို မှည့်ကုန်သည်ရှိသော် ပညောင်ပင်ရင်း၌ ဖွားသည်၏အဖြစ်ကြောင့် နိဂြောဓ သတို့သားဟူသော အမည်ကို မှည့်ကုန်၏။ ထိုနေ့၌ပင်လျှင် သူဌေးငယ်၏ ချွေးမသည် သားဖွားခြင်းငှာ မိဘအိမ်သို့သွားသည်ရှိသော် ခရီးအကြားဝယ် တစ်ခုသောသစ်ခက်အောက်၌ သားကိုဖွား၏။ ထိုသူငယ်အားလည်း သာခသတို့သား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုနေ့၌ပင်လျှင် ထိုသူဌေးကို မှီ၍နေသော အပ်လျှိုသမား၏ မယားသည်လည်း ပုဆိုးနွမ်းအတွင်း၌ သားငယ်ကို ဖွား၏။ ထိုသူငယ်ကို ပေါဋ္ဌိကဟူသော အမည်ကို မှည့်ကုန်၏။ သူဌေးကြီးသည် နှစ်ယောက်ကုန်သော သူငယ်တို့ကို နိဂြောဓသတို့သား ဖွားသောနေ့၌ပင်လျှင် ဖွားကုန်၏ ဟု စေလိုက်၍ နိဂြောဓသကိုသားနှင့်သာလျှင် တကွ ကြီးစေ၏။ ထို သုံးယောက်ကုန်သော သူငယ်တို့သည် တစ်ပေါင်းတည်း ကြီးကုန်၍ အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်သို့သွား၍ ပညာသင်ကုန်၏။ သူဌေးသားနှစ်ယောက်တို့သည် ဆရာအား နှစ်ထောင်သောဥစ္စာတို့ကို ပေးကုန်၏။ နိဂြောဓသတို့သားသည် ပေါဋ္ဌိကအား မိမိ၏ အထံ၌ အတတ်ကို သင်စေ၏။ ထိုသုံးယောက်ကုန်သော သူတို့သည် သင်ပြီးသောအတတ် ရှိကုန်သည်ဖြစ်၍ ဆရာကို ပန်ကြား၍ ဆရာအထံမှ ထွက်ခဲ့သည်ရှိသော် ဇနပုဒ်သို့ညလှည့်လည်ခြင်းကို လှည့်လည်ကုန်အံ့ ဟု အစဉ်သဖြင့် လာကြ၍ ဗာရာဏသီရောက်၍ တစ်ခုသောနတ်ကွန်း၌ အိပ်ကုန်၏။

ထိုအခါ ဗာရာဏသီမင်းသည် သေ၍ ခုနစ်ရက်ရှိပြီ၊ နက်ဖြန် ဖုဿရထားကို လွှတ်ကုန်အံ့ ဟု ဗာရာဏသီပြည်သို့ စည်ကို လည်စေကုန်၏။ ထိုအဆွေခင်ပွန်းသုံးယောက်တို့သည်ဘအိပ်ကြကုန်သည်ရှိသော် ပေါဋ္ဌိကသည် မိုးသောက်ထအခါ၌ ထ၍ နိဂြောဓသတို့သား၏ ခြေတို့ကို ဆုပ်နယ်လျက် နေ၏။

ကြက်တို့ ရန်ဖြစ်ကြပုံ

ထိုနတ်ကွန်း သစ်ပင်၌ နေကြသော ကြက်တို့တွင် အထက်၌နေသော ကြက်သည် အောက်၌ နေသော ကြက်၏ ကိုယ်ထက်၌ ကျင်ကြီးကို ချ၏။ ထိုအခါ အထက်၌ နေသောကြက်ကို အောက်၌နေသော ကြက်သည် အဘယ်သူသည် ကျင်ကြီးကို ချအပ်သနည်း ဟုဆို၏။ အဆွေ အမျက်မထွက်လင့်၊ ငါသည်မသိ၍ ချမိ၏ ဟုဆို၏။ အချင်း သင်သည် ငါ၏ကိုယ်ကို ကျင်ကြီးချရာ အရပ်ဟူ၍ အောက်မေ့သလော၊ ငါ၏ ပမဏကို သင်မသိသလော ဟုဆို၏။

ထိုသို့ဆိုသောအခါ အောက်ကြက်ကို အထက်ကြက်သည် အချင်း မသိ၍ ငါသည် ချမိ၏ ဟု ဆိုပါသော်လည်း သင်သည် အမျက် ထွက်သလျှင်ကတည်း၊ သင်၏ ပမာဏသည် အဘယ်နည်း ဟုဆို၏။ အချင်း... အကြင်သူသည် ငါ့ကို သတ်၍ အသားကိုစားအံ့၊ ထိုသူသည် နံနက်စောစောကလျှင် တစ်ထောင်သော ဥစ္စာကို ရလတ္တံ့၊ ထို့ကြောင့် ငါသည် မာန်ထောင်လွှားခြင်းကို ပြု၏ ဟုဆို၏။ ထိုအခါ အောက်ကြက်ကို အထက်ကြက်သည် အချင်း နံနက်စောစောက တစ်ထောင်သော ဥစ္စာကို ရစေတတ်သော အစွမ်းသတ္တိမျှဖြင့် သင်သည် မာန်ထောင်လွှားခြင်းကို ပြုသလော၊ ငါ့ကိုကား သတ်၍ ဆူဖြိုးသော အသားကို အကြင်သူသည် စားအံ့၊ ထိုသူသည် နံနက်စောစောကလျှင် မင်းဖြစ်အံ့၊ အကြင်သူသည် မဆူမခြောက် အလယ်ဖြစ်သော အသားကိုစား၏။ ထိုသူသည် စစ်သူကြီးအရာကို ရလတ္တံ့။ အကြင်သူသည် အရိုး၌ကပ်သော အသားကိုစားအံ့၊ ထိုသူသည် ဘဏ္ဍာစိုး ဖြစ်လတ္တံ့ ဟုဆို၏။

မိတ်ဆွေ ၃-ယောက် ကြက်သားစားကြ

ပေါဋ္ဌိကသည် ထိုကြက်နှစ်ခု၏ စကားကိုကြား၍ ငါတို့အား တစ်ထောင်သော ဥစ္စာဖြင့် အဘယ်အကျိုးရှိကုန်အံ့နည်း။ မင်းအဖြစ်သည်သာလျှင် မြတ်၏ ဟု ဖြည်းဖြည်း သစ်ပင်ထက်သို့တက်၍ အထက်၌ အိပ်သောကြက်ကို ဖမ်းပြီးလျှင် သတ်၍ မီးကျီး၌ကင်ပြီးလျှင် ဆူသောအသားကို နိဂြောဓအား ပေး၏။ အလယ်အသားကို သာခအား ပေး၏။ အရိုး၌ ကပ်သော အသားကို မိမိ စား၏။ စားကြပြီးလျှင် အဆွေ နိဂြောဓ သင်သည် ယနေ့ မင်းဖြစ်လတ္တံ့၊ အဆွေ သာခ သင်သည် စစ်သူကြီးဖြစ်လတ္တံ့၊ ငါသည်ကား ဘဏ္ဍာစိုး ဖြစ်လတ္တံ့ ဟုဆို၍ အသို့သော အကြောင်းဖြင့် သင်သိသနည်း ဟု မေးအပ်သည်ရှိသော် ပေါဋ္ဌိကသည် ထိုအကြောင်းတို့ကို ကြား၏။

ထိုသုံးယောက်သော သူတို့သည်လည်း နံနက်စာစားချိန် ကာလ၌ ဗာရာဏသီမြို့သို့ ဝင်၍ ပုဏ္ဏားတစ်ယောက်၏ အိမ်၌ ထောပတ်သကာနှင့် ရောသော ဃနာထ မင်းကို စားပြီးလျှင် မြို့မှထွက်၍ မင်း၏ ဥယျာဉ်သို့ ဝင်ကုန်၏။ နိဂြောဓသတို့သားသည် မင်္ဂလာကျောက်ဖျာ အပြင်၌ အိပ်၏။ သာခ, ပေါဋ္ဌိက နှစ်ယောက်တို့သည် အပ၌ အိပ်ကုန်၏။

ဖုဿရထားဆိုက်ပြီ

ထိုအခါ မင်းမြောက်တန်ဆာ ငါးပါးတို့ကို ရထားနှင့်တင်၍ ဖုဿရထားကို လွှတ်ကုန်၏။ (ထိုဖုဿရထား လွှတ်သော အခြင်းအရာ၏ အကျယ်ဖြစ်သော စကားသည် မဟာဇနက ဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ) ဖုဿရထားသည် ဥယျာဉ်သို့သွားပြီးလျှင် လည်၍ တက်တော်မူလော့ ဟူသော အစီအရင် ရှိသည်ဖြစ်၍ ရပ်၏။

ပုရောဟိတ်ပုဏ္ဏားသည် မင်္ဂလာဥယျာဉ်တော်၌ ဘုန်းရှိသောသူသည် ဖြစ်ရာ၏ ဟု ဥယျာဉ်တော်သို့ဝင်၍ နိဂြောဓ သတို့သားကို ခြေဖျား၌ ပုဆိုးတို့ကိုဖွင့်၍ ခြေတို့၌ လက္ခဏာတို့ကို ဆင်ခြင်လျှင် ဗာရာဏသီပြည်၌ မင်းအဖြစ်ကို ထားဘိဦး၊ ဇမ္ဗူဒိပ်ကျွန်း အလုံးကို အစိုးရသော ဧကရာဇ်မင်း ဖြစ်ခြင်းငှာ ထိုက်၏ ဟု အလုံးစုံသော တီးမှုတ်မျိုးတို့ကို တီးမှုတ်စေ၏။ နိဂြောဓ သတို့သားသည် နိုး၍ မျက်နှာမှ ပုဆိုးကိုဖွင့်၍ လူများတို့ကို ကြည့်ပြီးလျှင် ပြန်၍ လျောင်းလျက် အတန်ငယ်သော ကာလကိုလွန်စေ၍ ကျောက်ဖျာအပြင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၏။ ထိုအခါ နိဂြောဓသတို့သားကို ပုရောဟိတ်ပုဏ္ဏားသည် ပုဆစ်တုပ်၍ အရှင်မင်းကြီး ဗာရာဏသီပြည်သည် အရှင်မင်းကြီး၏ လက်တော်သို့ ရောက်၏ ဟု နားတော်လျှောက်လျှင် "ကောင်းပြီဟု မိန့်လတ်သော် ထိုကျောက်ဖျာ အပြင်၌သာလျှင် ရတနာအစု၌ထား၍ အဘိသိက် သွန်း၏။ ထိုနိဂြောဓသတို့သည် မင်းအဖြစ်သို့ရောက်လျှင် သာခ သတို့သားအား စစ်သူကြီး အရာကိုပေး၍ များလှစွာသော ပူဇော်သက္ကာရဖြင့် ဗာရာဏသီမြို့သို့ ဝင်တော်မူ၏။ ပေါဋ္ဌက သတို့သားသည်လည်း မင်းစသော ပြည်သူအပေါင်းတို့နှင့် တကွသာလျှင် လိုက်၏။ ဘုရားလောင်းသည် မင်းအဖြစ်သို့ ရောက်သည်မှစ၍ မင်းကျင့်တရား ဆယ်ပါးနှင့်အညီသာလျှင် မင်းပြု၏။

မိဘတို့ကိုခေါ်ခြင်း

ထိုဘုရားလောင်းသည် တစ်နေ့သ၌ မယ်တော် ခမည်းတော်တို့ကို အောက်မေ့၍ စစ်သူကြီးကို ငါသည် မိဘတို့နှင့်ကင်း၍ နေခြင်းငှာ မတတ်နိုင်၊ များစွာသော အခြံအရံဖြင့်သွား၍ ငါတို့၏ ခမည်းတော်မယ်တော်တို့ကို ဆောင်ချေလော့ ဟု ဆို၏။

ထိုသာခ စစ်သူကြီးသည် ငါ့အား ထိုမင်းကြီး မယ်တော်ခမည်းတော်တို့၏ နေရာအရပ်၌ ပြုဖွယ်ကိစ္စအမှုသည် မရှိဟု ပယ်၏။ ထို့နောင်မှ ပေါဋ္ဌိကကို စေ၏။ ပေါဋ္ဌိကသည် ကောင်းပြီဟု ထိုမင်းကြီး မယ်တော်ခမည်းတော်တို့၏ အထံသို့ သွား၍ နိဂြောဓ မင်းကြီး၏ မယ်တော် ခမည်းတော်တို့ကို အရှင်သူဌေးတို့၏ သားတော်သည် ဗာရာဏသီပြည်၌ မင်းဖြစ်ပြီ၊ လာတော်မူကုန်၊ သွားကုန်အံ့ဟုဆို၏။ ထိုမယ်တော် ခမည်းတော်တို့သည် အမောင် ငါတို့အား စည်းစိမ်ဟူသော အတိုင်းအရှည်မရှိပြီ၊ သားတော်ထံသို့ သွားသဖြင့် မသင့်ပြီ ဟု ပယ်ကုန်၏။ သာခစစ်သူကြီး၏ မိဘတို့ကိုလည်း ဆို၏။ ထိုသာခစစ်သူကြီးမိဘတို့သည်လည်း လိုက်ခြင်းငှာ အလို မရှိကုန်။ မိမိ၏ အမအဖတို့ကိုဆို၏။ ချစ်သား ငါတို့သည် အပ်ချုပ်သမား အမှုဖြင့်သာလျှင် အသက်မွေးပါကုန်အံ့၊ သားအထံသို့ လိုက်ခြင်းငှာ မသင့် ဟု ပယ်ကုန်၏။

စစ်သူကြီးကျေးဇူးကန်းပုံ

ထိုပေါဋ္ဌိကသည် မိဘတို့၏ စိတ်ကိုမရ၍ ဗာရာဏသီပြည်သို့သာလျှင် တစ်ဖန်ပြန်၍ သာခစစ်သူကြီး၏ အိမ်၌ ခရီးပင်ပန်းခြင်းကိုဖျောက်၍ "နောက်မှ အဆွေဖြစ်သော နိဂြောဓ မင်းကြီးကို ဖူးမြင်အံ့ ဟု ကြံ၍ ထိုသာခစစ်သူကြီး၏ အိမ်တံခါးကို သွား၍ သင်၏အဆွေဖြစ်သော ပေါဋ္ဌိကသည် လာသတတ်ဟု သာခစစ်သူကြီးအားလျောက်ပါချေလော့ဟု တံခါးစောင့်ကိုဆို၏။ ထိုတံခါးစောင့်သည် ပေါဋ္ဌိက ဆိုတိုင်းပြု၏။ စစ်သူကြီးသာခသည်ကား ငါ့အား မင်းအဖြစ်ကို မပေးမူ၍ အဆွေနိဂြောဓအား ပေး၏ဟု ထိုပေါဋ္ဌိက၌ ရန်ငြိုးဖွဲ့၏။ ထိုစစ်သူကြီး သာခသည် ပေါဋ္ဌိက လာ၏ဟူသော စကားကိုကြားရလျှင် အမျက်ထွက်သည်ဖြစ်၍ လာလတ်၍ အဘယ် သူသည် ဤပေါဋ္ဌိက၏ အဆွေနည်း၊ အရူးတည်း။ ကျွန်မသားတည်း၊ ထိုကျွန်မသားကို ဖမ်းကြကုန် ဟုဆို၍ လက် ခြေပုဆစ် ဒူး တံတောင်တို့ဖြင့် ထောင်းခတ် သတ်ပုတ်စေပြီးလျှင် လည်၌ ကိုင်၍ နှင်ထုတ်စေ၏။

မင်းကြီးအား တိုင်ကြား

ထိုပေါဋ္ဌိကသည် ကြံ၏။ အဘယ်သို့ကြံသနည်းဟူမူကား သာခသည် ငါ့ထံမှ စစ်သူကြီးအရာကို ရပါလျက် သူ့ကျေးဇူးကိုမသိ၊ အဆွေ ခင်ပွန်းကို ပြစ်မှားတတ်၏။ ငါကဲ့သို့သော ကျေးဇူးရှင်ကို ထောင်းခတ် သတ်ပုတ်စေ၍ နှင်ထုတ်၏။ ငါ့အဆွေ နိဂြောဓ မင်းကြီးသည်ကား ပညာရှိ၏။ သူ့ကျေးဇူးကို သိတတ်၏။ သူတော်ကောင်းတည်း၊ ထိုနိဂြောဓမင်းကြီး၏ အထံသို့သာလျှင် သွားအံ့ဟု ဤသို့ကြံ၏။ ကြံပြီး၍ ပေါဋ္ဌိကသည် မင်းအိမ်တံခါးသို့သွား၍ အရှင်မင်းကြီး အဆွေဖြစ်သော ပေါဋ္ဌိကသည် တံခါး၌ ရပ်၏ ဟု မင်းကြီးအား ကြားလျှောက်စေ၏။

မင်းသည် ခေါ်စေ၍ ထိုပေါဋ္ဌိက၏ လာလတ်သည်ကိုမြင်လျှင် နေရာမှ ထပြီးလျှင် ခရီးဦး ကြိုဆိုလျက် စကားဟောပြခြင်း ပဋိသန္ထာရကိုပြု၍ မုတ်ဆိတ်ပြုပြင်ခြင်း စသည်တို့ကို ပြုပြင်စေပြီးလျှင် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်သော သုံးဆောင်အပ်ပြီးသော မြတ်သောအရသာနှင့်ပြည့်စုံသော အရသာရှိသော ဘောဇဉ်ရှိသော ထိုပေါဋ္ဌိကနှင့်တကွ ချမ်းသာစွာ နေပြီးသော် မယ်တော် ခမည်းတော်တို့၏ အကြောင်းကိုမေး၍ နေပြည်တော်သို့ မလိုက်သော အဖြစ်ကို ကြားတော်မူ၏။

စစ်သူကြီး သာခသည်လည်း ပေါဋ္ဌိကသည် ငါ့ကို မင်း၏အထံ၌ အချစ်ပျက်အောင် လျှောက်ရာ၏။ ထို့ကြောင့် ငါသည် သွားသည်ရှိသော် တစ်စုံတစ်ခုသော စကားကိုဆိုခြင်းငှာ မတတ်နိုင်လတ္တံ့ ဟု နှလုံးသွင်း၍ ထိုမင်းအိမ်သို့ သွားလေ၏။ ပေါဋ္ဌိကသည် ထိုစစ်သူကြီးသာခ၏ မျက်မှောက်၌သာလျှင် မင်းကိုခေါ်၍ အရှင်မင်းကြီး အကျွန်ုပ်သည် ခရီးပင်ပန်း၍ သာခ၏ အိမ်သို့သွား၍ အပန်းဖြေပြီးလျှင် အရှင်မင်းကြီး အထံတော်သို့ လာပါအံ့ဟု နှလုံးသွင်း၍ လာ၏။ အကျွန်ုပ်ကို သာခသည်ထိုသူကို ငါမသိ ဟု ဆိုပြီးလျှင် ထောင်းခတ်သတ်ပုတ်စေ၍ လည်၌ ကိုင်၍ နှင်ထုတ်စေ၏။ မြတ်သောမင်းကြီး ထိုစကားကို ယုံတော်မူလော့ဟု ဆို၍-

၇၂။ နဝါဟမေတံ ဇာနာမိ၊ ကောဝါယံ ကဿ ဝါတိ ဝါ။
ယထာ သာခေါ ဝဒိ ဧဝံ၊ နိဂြောဓ ကိန္တိ မညသိ။
၇၃။ တတော ဂလဝိနီတေန၊ ပုရိသာ နီဟရိံသု မံ။
ဒတွာ မုခပဟာရာနိ၊ သာခဿ ဝစနံ ကရာ။
၇၄။ ဧကာဒိသံ ဒုမ္မတိနာ၊ အကတညုနာ ဒုဗ္ဘိနာ။
ကထံ အနရိယ့ သာခေန၊ သခိနာ တေ ဇနာဓိပ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၇၂။ နိဂြောဓ၊ နိဂြောဓ မင်းမြတ်။ အယံ၊ ဤသူကား။ ကော၊ အဘယ်သူနည်း။ ဣတိ ဝါ၊ ဤသို့လည်ကောင်း။ ကဿ ဝါ၊ အဘယ်သူ၏လည်း။ သဟာယော၊ အဆွေခင်ပွန်းနည်း။ ဣတိ၊ ဤသို့လည်းကောင်း။ ဧတံ၊ ထိုသူကို။ အဟံ၊ ငါသည်။ န ဇာနာမိ၊ မသိ။ ဣတိ ဝါ၊ ဤသို့လည်းကောင်း။ ဝဒိ၊ ဆို၏။ ဝတွာ၊ ဆို၍။ သာခေါ၊ သာခသည်။ အစရိ ယထာ၊ ကျင့်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ တွံပိ၊ အရှင်မင်းကြီးသည်လည်း။ ကိန္တိ၊ အသို့လျှင်။ မညသိ၊ အောက်မေ့တော်မူသနည်း။

၇၃။ ဇနာဓိပ၊ လူတို့သေဌ်နင်း ပြည့်ရှင်မင်း ဖြစ်တော်မူသော။ နိဂြောဓ၊ နိဂြောဓမင်းမြတ်။ တတော၊ ထိုထောင်းခတ်သတ်ပုတ် စေပြီးသည်မှ။ သာခဿ၊ သာခ၏။ ဝစနံကရာ၊ စကားကို လိုက်နာကုန်သော။ ပုရိသာ၊ ယောက်ျားတို့သည်။ မံ၊ အကျွန်ုပ်ကို။ မုခပဟရာနိ ဒတွာ၊ နှုတ်လှံထိုးကုန်၍။ ဂလဝိနီတေန၊ လည်ကို ကိုင်သဖြင့်။ နီဟရိံသု၊ ငင်ထုတ်ကုန်၏။

၇၄။ ဇနာဓိပ၊ လူတို့သေဌ်နှင်း ပြည့်ရှင်မင်း။ ဒုမ္မတိနာ၊ ပညမရှိသော။ အကတညာနာ၊ သူ့ကျေးဇူးကို မသိတတ်သော။ ဒုဗ္ဘိနာ၊ အဆွေခင်ပွန်းတို့၏ အစီးအပွားကို ဖျက်တတ်သော အလေ့ရှိသော။ တေ၊ အရှင်မင်းမြတ်၏။ သခိနာ၊ အဆွေခင်ပွန်းဖြစ်သော။ သာခေန၊ သာခသည်။ ဧတာဒိသံ၊ ထိုသို့သဘောရှိသော။ အနရိယံ၊ သူတော်မဟုတ် သူယုတ်တို့၏အကျင့်ကို။ ကတံ၊ ပြု အပ်ပြီ။

စစ်သူကြီးကို ဆုံးမပြီ

ထိုပေါဋ္ဌိက စကားကိုကြား၍ နိဂြောဓမင်းကြီးသည်-

၇၅။ နဝါဟမေတံ ဇာနာမိ၊ နပိ မေ ကောစိ သ့သတိ။
ယံ မေ တွံ သမ္မ အက္ခာသိ၊ သာခေန ကရဏံကတံ။
၇၆။ သခီနံ သာဇီဝကရော၊ မမ သာခဿ စူဘယံ။
တွံ နောသိဿရိယံ ဒါတာ၊ မနုဿေသု မဟန္တတံ။
တယာမာ လဗ္ဘိတာ ဣဒ္ဓိ၊ ဧတ္ထမေ နတ္ထိ သံသယော။
၇၇။ ယထာပိ ဗီဇမဂ္ဂိမှိ၊ ဍယှတိ န ဝိရူဟတိ။
ဧဝံ ကတံ အသပ္ပုရိသေ၊ နဿတိ န ဝိရူဟတိ။
၇၈။ ကတညုမှိ စ ပေါသမှိ၊ သီလဝန္တေ အရိယဝုတ္တိနေ။
သုခေတ္တ ဝိယ ဗီဇာနိ၊ ကတံ တမှိ န နဿတိ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၇၅။ သမ္မ၊ အဆွေ ပေါဋ္ဌိက။ ဧတံ၊ ထိုသူကို။ အဟံ၊ ငါသည်။ န ဇာနာမိ၊ မသိ။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ သာခေန၊ သာခသည်။ ကာရဏံ၊ တွန်းငင် ထောင်းခတ်သတ်ပုတ် ညှဉ်းဆဲခြင်းကို။ ကတံ၊ ပြုအပ်၏။ ဣတိ၊ ဤသို့။ ယံ ဝစနံ၊ အကြင်စကားကို။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ အက္ခာသိ၊ ကြားလျှောက်၏။ တံ ဝစနံ၊ ထိုစကားကို။ ကောစိ၊ တစ်စုံတစ်ယောက်သောသူသည်။ မေ၊ ငါ့အား။ နပိ သံသတိ၊ ပြောလည်း မပြော။

၇၆။ သမ္မ၊ အဆွေ ပေါဋ္ဌိက။ တွံ၊ သင်သည်။ မမ စ၊ ငါ့အားလည်းကောင်း။ သာခဿ စ၊ သာခအားလည်းကောင်း။ ဣတိ၊ ဤသို့။ ဥဘယံ-ဥဘယေသံ၊ နှစ်ယောက်ကုန်သော။ သခီနံ၊ အဆွေ ခင်ပွန်းတို့အား။ သာဇီဝကရော၊ ချမ်းသာသဖြင့် အသက်မွေးကြောင်းကို ပြုတတ်သည်။ အသိ၊ ဖြစ်ပေ၏။ တွံ၊ သင်သည်။ နော၊ ငါတို့နှစ်ယောက်အား။ မနုဿေသု၊ လူတို့၌။ မဟန္တတံ၊ မြတ်သော အဖြစ်ဟု ဆိုအပ်သော။ ဣဿရိယံ၊ မင်းစည်းစိမ်ကို။ ဒါတာ၊ ပေးတတ်သောသူသည်။ အသိ၊ ဖြစ်ပေ၏။ သမ္မ၊ အဆွေ ပေါဋ္ဌိက။ ဣမာ ဣဒ္ဓိ၊ ဤမင်းစည်းစိမ်တို့ကို။ အမှေဟိ၊ ငါတို့သည်။ တယာ၊ သင့်အထံမှသာလျှင်။ လဗ္ဘိတာ၊ ရအပ်ကုန်၏။ ဧတ္ထ၊ ဤမင်းစည်းစိမ်ကိုရရာ၌။ မေ၊ ငါအား။ သံသယော၊ ယုံမှားခြင်းသည်။ နတ္ထိ၊ မရှိ။

၇၇။ အဂ္ဂမှိ၊ မီး၌။ ဗီဇံ၊ ထည့်အပ်သော မျိုးစေ့သည်။ ဍယှတိ ယထာပိ၊ ပြာဖြစ်လေဘိသကဲ့သို့လည်းကောင်း။ န ဝိရူဟတိ ယထာပိ၊ အပင်မပေါက်နိုင်သကဲ့သို့လည်းကောင်း။ တထာ၊ ထို အတူ။ အသပ္ပုရိသေ၊ သူ့ကျေးဇူးကို မသိတတ်သော သူယုတ်မာ၌။ ကတံ၊ ပြုအပ်သော ကျေးဇူးသည်။ နဿတိ၊ ပျောက်၏။ န ဝိရူဟတိ၊ အကျိုးမရောက်။

၇၈။ ကတညုမှိ၊ သူ့ကျေးဇူးကို သိတတ်သော။ အရိယဝုတ္တိနေ၊ မြတ်သော အကျင့်ရှိသော။ သီလဝန္တေ၊ သီလရှိသော။ ပေါသမှိ စ၊ ယောကျ်ား၌ကား။ ကတံ၊ ပြုအပ်သော ကျေးဇူးသည်။ ဝိရူဟတိ၊ များစွာသော အကျိုးရောက်၏။ သုခေတ္တေ၊ ချိုင့်ဝှမ်းသော လယ်ကောင်း၌။ ဗီဇာနိ၊ စိုက်ပျိုးအပ်ကုန်သော မျိုးစေ့တို့သည်။ ဝိရူဟန္တိ ဝိယ၊ အပင်ပေါက်ကုန်သကဲ့သို့။ န နဿန္တိ ဝိယ၊ မပျောက်ကုန်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ တမှိ၊ ထိုသူ့ကျေးဇူးကို သိတတ်သော ပုဂ္ဂိုလ်၌။ ကတံ၊ ပြုအပ်သော ကျေးဇူးသည်။ န နဿတိ၊ မပျောက်။

ဒဏ်ပေးလိုက်ပုံ

ဤသို့သော စကားကိုဆို၍ နိဂြောဓ မင်းကြီးသည် ဤမျှလောက်သော စကားကို ဆိုသည်ရှိသော် စစ်သူကြီး သာခသည် ထိုမင်း၏ ရှေ့တော်၌သာလျှင် တည်၏။ ထိုအခါ နိဂြောဓ မင်းကြီးသည် စစ်သူကြီး သာခကို သာခ... သင်သည် ဤပေါဋ္ဌိကကို သိပြီလောဟု မေးတော်မူ၏။ ထိုသာခသည် ဆိတ်ဆိတ်နေသည် ဖြစ်၏။ ထိုအခါ နိဂြောဓ မင်းကြီးသည် ထိုသာခအား ဒဏ်ကို ပေးတော်မူလိုရကား-

၇၉။ ဣမံ ဇမ္မံ နေကတိကံ၊ အသပ္ပုရိသစိန္တိတံ။
ဟနန္တု သာခံ သတ္တီဟိ၊ နာဿ ဣစ္ဆာမိ ဇီဝိတံ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၇၉။ ဘော အမစ္စာ၊ အိုအမတ်တို့။ ဇမ္မံ၊ ယုတ်မာသော။ နေကတိကံ၊ စဉ်းလဲစဉ်းစား မာယာ လှည့် ပတ်တတ်သော။ အသပ္ပုရိသစိန္တိတံ၊ သူတော်မဟုတ် သူယုတ်တို့၏ အကြံကိုသာ ကြံတတ်သော။ ဣမံ သာခံ၊ ဤသာခကို။ သတ္တီဟိ၊ လှံသေး လှံမတို့ဖြင့်။ ဟနန္တု၊ ထိုးသတ်ကြကုန်။ အဿ၊ ထိုသာခအား။ ဇီဝိတံ၊ အသက်ရှင်ခြင်းကို။ အဟံ၊ ငါသည်။ န ဣစ္ဆာမိ၊ အလိုမရှိ။

စစ်သူကြီးအရာ ကျပြီ

ထိုစကားကို ကြား၍ ပေါဋ္ဌိကသည် ဤသူကား ငါ့ကိုမှီ၍ မပျက်စီးပါစေလင့် ဟု ကြံ၍-

၈၀။ ခမတဿ မဟရာဇ၊ ပါဏာ န ပဋိအာနယာ။
ခမ ဒေဝ အသပ္ပုရိသဿ၊ နာဿ ဣစ္ဆာမဟံ ဝဓံ။

ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။

၈၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အဿ၊ ထိုသူယုတ်မာအား။ ခမတံ-ခမတု၊ သည်းခံတော်မူပါလော့။ ပါဏာ၊ အ သက်ကို။ န ပဋိအာနယာ၊ တစ်ဖန် ဆောင်ခြင်းငှာ မတတ်ကောင်း။ ဒေဝ၊ ရှင်မင်းကြီး။ အသပ္ပုရိသဿ၊ သူတော်ကောင်းတို့၏ ဆန့်ကျင်ဘက် ရန်သူဖြစ်သော သူယုတ်မာအား။ ခမ၊ သည်းခံတော်မူပါလော့။ ဒေဝ၊ မင်းကြီး။ အဿ၊ ထိုသူယုတ်မာ သာခအား။ ဝဓံ၊ သတ်ခြင်းကို။ အဟံ၊ အကျွန်ုပ်သည်။ န ဣစ္ဆာမိ၊ အလိုမရှိပါ။

နိဂြောဓမင်းကြီးသည် ပေါဋ္ဌိက၏ စကားကို ကြား၍ သာခအား ငါသည် သည်းခံ၏။ စစ်သူကြီး အရာကိုကား ပေါဋ္ဌိကအားလျှင် ပေးလို၏။ ထိုပေါဋ္ဌိကသည် အလိုမရှိ၊ ထိုစစ်သူကြီးအရာကို အလိုမရှိသည်ရှိသော် ပေါဋ္ဌိကအား အလုံးစုံသော စစ်သည်တို့ကို စီရင်ခြင်းငှာထိုက်သော ဘဏ္ဍာစိုးအရာကို ပေးတော်မူ၏။ ရှေးမင်းတို့ လက်ထက်၌လည်း ထိုသို့သော အရာအထူးမည်သည် မဖြစ်ဘူးသတတ်၊ ထိုနိဂြောဓမင်း လက်ထက်မှစ၍ ဖြစ်၏။ နောက်အဖို့၌ ဘဏ္ဍာစိုးဖြစ်သော ပေါဋ္ဌိကသည် သားသမီးတို့ဖြင့် ကြီးပွား စည်ပင်သည် ဖြစ်၍ မိမိ၏ သားသမီးတို့အား အဆုံးအမ ပေးသည်၏ အစွမ်းဖြင့်-

၈၁။ နိဂြောဓမေဝ သေဝေယျ၊ န သာခ မုပသံဝသေ။
နိဂြောဓသ္မိံ မတံ သေယျော၊ ယဉ္စေ သာခသ္မိ ဇီဝိတံ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဆို၏။

၈၁။ တာတ၊ ချစ်သား ချစ်သမီးတို့။ သာခသ္မိံ၊ သာခအထံ၌။ ယံ ဇီဝိတံ၊ အကြင် အသက်ရှည်ခြင်းသည်။ စေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ တတော၊ ထိုသာခအထံ၌ အသက်ရှည်သောထက်။ နိဂြောဓသ္မိံ၊ နိဂြောဓမင်းကြီး၏ အထံ၌။ မတံ၊ သေခြင်းသည်သာလျှင်။ သေယျော၊ မြတ်လှစွာ၏။ တသ္မာ၊ ထို့ကြောင့်။ နိဂြောဓမေဝ၊ နိဂြောဓ မင်းကြီးကိုသာလျှင်။ သေဝေယျ၊ မှီဝဲခစားဆည်းကပ်ရာ၏။ သာခံ၊ သာခကို။ န ဥပသံဝသေ၊ မမှီဝဲ မဆည်းကပ်လင့်။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ ရဟန်းတို့ ... ဤသို့လျှင် ဒေဝဒတ်သည် ရှေး၌လည်း သူ့ကျေဇူးကို မသိသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား-ရဟန်းတို့ ယခုအခါ ဒေဝဒတ်သည် ထိုအခါ သာခဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ပေါဋ္ဌိကဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ ဗာရာဏသီပြည့်ရှင် နိဂြောဓမင်းကြီး ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးရှင်များ၊ ကျေးစွပ်ငြား၊ ထင်ရှားပျက်စီးမည်

ခုနစ်ခုမြောက်သော နိဂြောဓဇာတ်သည် ပြီး၏။

*****