နန္ဒဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၉။ နန္ဒဇာတ်

ဧကကနိပါတ်-ကုလာဝကဝဂ်

၉။ နန္ဒဇာတ်

တခုသောအရပ်၌ ရိုသေကျိုးနွံလျက် တခုသောအရပ်၌ ဆန့်ကျင်ဘက် ဖြစ်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလူကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် မညေ သောဝဏ္ဏယောရာသိ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနန္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ နေတော်မူစဉ် အရှင်သာရိပုတ္တရာမထေရ်၏ အတူနေတပည့်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုရဟန်းသည် ဆုံးမလွယ်သောစကားရှိ၏။ ဆုံးမခြင်းငှါ ခံ့၏။ ရှင်သာရိပုတ္တရာမထေရ်အား ကြီးစွာသောအားထုတ်ခြင်းဖြင့် ကျေးဇူးကိုပြု၏။ နောက်မှ တပါးသောအခါ၌ အရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားကိုပန်၍ ဒေသစာရီသွားသည်ရှိသော် ဒက္ခိဏာဂိရိဇနပုဒ်သို့ ရောက်၏။ ထိုရဟန်းသည် ဒက္ခိဏာဂိရိ ဇနပုဒ်သို့ ရောက်သောကာလ၌ မာနဖြင့် ခိုင်မာသည်ဖြစ်၍ အရှင်သာရိပုတ္တရာမထေရ်၏ စကားကိုမလိုက်နာ၊ ငါ့သျှင် သင်သည် ဤမည်သောအမှုကို ပြုပါလောဟု ဆိုသည်ရှိသော်ကား အရှင်သာရိပုတ္တရာ၏ ဆန့်ကျင်ဘက်သည်ဖြစ်၏။ အရှင်သာရိပုတ္တရာသည် ထိုရဟန်း၏ အလိုကိုမသိ၍ ရှင်သာရိပုတ္တရာမထေရ်သည် ထိုအရပ်၌ ဒေသစာရီသွား၍ တဖန် ဇေတဝန်ကျောင်းသို့ ပြန်ခဲ့၏။ ထိုရဟန်းသည်လည်း အရှင်သာရိပုတ္တရာမထေရ်၏ ဇေတဝန်ကျောင်းသို့ လာသောအခါမှစ၍ တဖန် ထိုသို့ သဘောရှိသည်သာလျှင်ဖြစ်၏။ အရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားအား အရှင်ဘုရား အကျွန်ုပ်၏ တယောက်သောတပည့်သည် တခုသောအရပ်၌ တရာဖြင့်ဝယ်သော ကျွန်ကဲ့သို့ဖြစ်၏။ တခုသော အရပ်၌ကား ဤတပည့်ရဟန်းသည် မာနဖြင့်ခိုင်မာသည်ဖြစ်၍ ဤမည်သောအမှုကိုပြုဟု ဆိုသည်ရှိသော် ဆန့်ကျင်ဘက် ဖြစ်၏ဟု ကြားလျှောက်၏။ မြတ်စွာဘုရားသည် သာရိပုတ္တရာ ဤရဟန်းသည် ယခုသာလျှင် ဤသို့သဘောရှိသည် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် တခုသောအရပ်သို့ ရောက်သည်ရှိသော် တရာသောဥစ္စာဖြင့်ဝယ်သော ကျွန်ကဲ့သို့ဖြစ်၏။ တခုသောအရပ်သို့ ရောက်သည်ရှိသော် ဆန့်ကျင်ဘက်ရန်သူ ဖြစ်ဘူး၏ဟု မိန့်တော်မူ၍ ရှင်သာရိပုတ္တရာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်င်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တယောက်သော သူကြွယ်မျိုး၌ ဖြစ်၏။ ဘုရားလောင်း၏ အဆွေခင်ပွန်းဖြစ်သော တယောက်သောသူကြွယ်သည် မိမိသည် အသက်ကြီး၏။ ထိုသူကြွယ်၏ မယာကား ပျိုသေး၏။ ထိုသူကြွယ်ကိုမှီ၍ သားကိုရ၏။ ထိုသူကြွယ်အိုသည် ဤမိန်းမသည် ပျို၏။ ငါလွန်သဖြင့် တစုံတယောက်သော ယောက်ျားကိုယူ၍ ဤဥစ္စာကိုဖျက်ဆီးရာ၏။ ငါ့သားအားမပေးရာ၊ ငါသည် ဥစ္စာကို မြေ၌မြှုပ်ရမူကားကောင်း၏ဟု ကြံ၏။ ကြံပြီး၍ အိမ်၌ နန္ဒမည်သောကျွန်ကိုခေါ်၍ တောသို့သွား၍ တခုသောအရပ်၌ ဥစ္စာကိုမြှုပ်၍ နန္ဒအား အမောင်နန္ဒ ဤဥစ္စာကို ငါလွန်သဖြင့် သားအားကြားရစ်လော၊ ထိုငါ့သားအား မစွန့်ရစ်လင့်ဟုကြား၍ ဆုံးမ၍သေ၏။ ထိုသူကြွယ်၏ သားသည်လည်း အစဉ်သဖြင့် အရွယ်ရောက်သည်ဖြစ်၏။ ထိုအခါ သူကြွယ်သား၏အမိသည် ချစ်သား သင်၏အဘသည် နန္ဒကျွန်ကိုခေါ်၍ ဥစ္စာကိုမြုပ်၏။ ထိုဥစ္စာကို ဖြစ်စေလောဟု ဆို၏။

ထိုသူကြွယ်သားသည် တနေ့သ၌ နန္ဒကျွန်ကို ဦးရီး ငါ၏အဘသည် မြှုပ်ထားအပ်သော တစုံတခုဥစ္စာသည် ရှိသလောဟုမေး၏။ အရှင်ရှိ၏ဟု ဆို၏။ အဘယ်မှာ မြှုပ်ထားသနည်းဟု မေး၏။ အရှင်တော၌မြှုပ်ထားအပ်သည်ဟုဆို၏။ ထိုသို့တပြီးကား ငါတို့သွားကုန်အံ့ဟု ပေါက်တူး တောင်းကိုယူ၍ ဥစ္စာမြှုပ်ရာအရပ်သို့ သွားကုန်၍ ဦးရီး ဥစ္စာအဘယ်မှာနည်းဟု ဆို၏။ နန္ဒသည် တက်၍ ဥစ္စာထက်၌ရပ်၍ ဥစ္စာကိုမှီ၍ မာန်ကိုဖြစ်စေ၍ ဟယ်ကျွန်မသား အစေအပါး ဤအရပ်၌ သင်၏ ဥစ္စာသည် အဘယ်မှာရှိသနည်းဟု သတို့သားကိုဆဲရေး၏။ သတို့သားသည် နန္ဒ၏ ကြမ်းကြုတ်သောစကားကို မကြားသကဲ့သို့ပြု၍ ထိုသို့တပြီးကား ငါတို့သည် သွားကြကုန်အံ့ဟု နန္ဒကိုခေါ်၍ ပြန်ခဲ့၏။

တဖန် နှစ်ရက် သုံးရက်တို့ကိုလွန်စေ၍ သွားပြန်၏။ နန္ဒသည် ထို့အတူသာလျင် ဆဲရေး၏။ သတို့သားသည် နန္ဒနှင့်တကွ ကြမ်းကြုတ်သောစကားကို မဆိုမူ၍လျှင် ပြန်ခဲ့၍ ဤကျွန်သည် ဤအရပ်မှစ၍ ဥစ္စာကိုကြားအံ့ဟုဆို၍ သွား၏။ သွားပြီး၍ကား ငါ့ကိုဆဲရေး၏။ ထိုဆဲရေးရာ၌ အကြောင်းကို ငါမသိ၊ ငါ့အဘ၏ အဆွေ ခင်ပွန်းဖြစ်သော သူကြွယ်သည် ရှိသလျှင်ကတည်း၊ ထိုသူကြွယ်ကို မေး၍ ငါသိအံ့ဟု နှလုံးသွင်း၍ ဘုရားလောင်း၏ အထံသို့သွား၍ အလုံးစုံသောအကြောင်းကိုကြား၍ ဘခင် အကြောင်းအသို့နည်းဟု မေး၏။ ဘုရားလောင်းသည် ချစ်သား အကြင်အရပ်၌တည်လျက် နန္ဒသည် သင့်ကိုဆဲရေး၏။ ထိုအရပ်၌လျှင် သင့်အဘ၏ ဥစ္စာသည်ရှိ၏။ ထို့ကြောင့် အကြင်အခါ၌ နန္ဒသည် သင့်အားဆဲရေး၏။ ထိုအခါ၌ ဟယ်ကျွန် လာလောဟု နန္ဒကိုငင်၍ ပေါက်တူးကိုယူ၍ ထိုအရပ်ကိုတူး၍ အမျိုး၏ဥစ္စာကိုထုတ်၍ ကျွန်ကိုချီရွက်စေ၍ ဥစ္စာကိုဆောင်ခဲ့လောဟု ဆိုလို၍-

၃၉။ မညေ သောဝဏ္ဏယောရာသိ၊ သောဝဏ္ဏမာလာ စ နန္ဒကော။
ယတ္ထ ဒါသော အာမဇာတော၊ ဌိတော ထုလ္လာနိ ဂဇ္ဇတိ။

ဟူသော ဤဂါထာကို ဆို၏။

၃၉။ တာတ၊ ချစ်သား။ ယတ္ထ၊ အကြင်အရပ်၌။ အာမဇာတော၊ အိမ်ကျွန်မသားဖြစ်သော။ နန္ဒကော၊ နန္ဒမည်သော။ ဒါသော၊ ကျွန်သည်။ ဌိတော၊ ရပ်လျက်။ ထုလ္လာနိ၊ ကြမ်းကြုတ်ကုန်သော စကားတို့ကို။ ဂဇ္ဇတိ၊ ဆို၏။ တတ္ထေဝ၊ ထိုအရပ်၌လျှင်။ သောဝဏ္ဏယောရာသိ စ၊ ရတနာတို့၏ အစုသည်၎င်း။ သောဝဏ္ဏမာလာ စ၊ ရွှေပန်းသည်၎င်း။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ မညေ-မညာမိ၊ ငါထင်၏။

ဤသို့ ဘုရားလောင်းသည် သတို့သားအား ဥစ္စာဆောင်ခြင်း၏အကြောင်းကို ကြား၏။ သတို့သားသည် ဘုရားလောင်းကို ရှိခိုး၍ အိမ်သို့သွား၍ နန္ဒကိုခေါ်၍ ဥစ္စာမြှုပ်ရာအရပ်သို့သွား၍ ဘုရားလောင်းဆုံးမတိုင်းကျင့်၍ ထိုဥစ္စာကိုဆောင်၍ ဥစ္စာကိုဖြစ်စေ၍ ဘုရားလောင်း၏ အဆုံးအမ၌တည်၍ ဒါနရှိသော ကောင်းမှုကိုပြု၍ အသက်၏အဆုံး၌ ကံအားလျော်စွာ လား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤရဟန်းသည် ရှေး၌လည်း ဤသို့သဘောရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ သာရိပုတ္တရာ၏ အတူနေတပည့်သည် ထိုအခါ နန္ဒဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသောသူကြွယ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆုံးမလွယ်လျှက်၊ ဥစ္စာဘက်၊ ဆိုခက်နိုင်သည်သာ

ကိုးခုမြောက်သော နန္ဒဇာတ်သည် ပြီး၏။

*****