ဒွိတ္တိံသမဟာပုရိသလက္ခဏာဒီပနီကဗျာ

From Wikisource
Jump to navigation Jump to search
ဒွိတ္တိံသမဟာပုရိသလက္ခဏာဒီပနီကဗျာ
by မဟာဗုဒ္ဓဝင်

သုတ်ပါထေယျ လက္ခဏာသုတ် ဟောထုတ်ဖွင့်ချဲ့ သုံးဆယ်နှစ်ဖြာ လက္ခဏာကို စကြာမင်းဖျား စောဘုရားတို့ ကံအားလျှော်ညီ ရကြောင်းသီပိမ့်။ အတီရှေးက ကုသလ၌ မြဲစွဲဆောက်တည် ခဲ့ဘူးသည်ကြောင့် သက်ရှည်ဆင်းဝါ ချမ်းသာစိုးရ ခြွေရံခံလျက် ရူပသဒ္ဒါ ဂန္ဓာ ရသ ဖောဋ္ဌဗ္ဗဖြင့် လွတ်ထဆယ်မည် နတ်ဖြစ်သည်နောက် လူ့ပြည်ရောက်လည်း မမောက်မခွက် မွတ်မွတ်ညက်ညက်သား မြေထက်ဖဝါး နင်းချသွားသော် ပြားပြားညီတိ သုပတိဋ္ဌိတ ပါဒလက္ခဏာ ဖြစ်ပေါ်လာ၍ ကင်းကွာရန်သူ တွင်းပဟူ၏၊

(၁)။ ဗိုလ်လူအများ ချမ်းသာပွားဘို့ ဆီးတားဘေးကျမ်း ခြံရံပန်းလျက် လှူဒါန်းသည့်တာ နတ်ဖြစ်ရာမူ ပုဒ်တိုင်းတူပြီ ဤလူတို့ဘောင် ကန့်တထောင်နှင့် ရုပ်ရောင်ပီပြင် စက်ဝန်းထင်၍ စက္ကင်္ကိတ ပါဒလက္ခဏာ ပြည့်စုံလာလျက် ခြွေရံတက်၏၊

(၂)။ သူ့သတ်မသတ် ကောင်းမှုမြတ်ကြောင့် ရှည်လတ်ပဏှိ၊ အင်္ဂုလိနှင့် ဖြောင့်ဘိကိုယ်မှာ မိုးဗြဟ္မာသို့ လက္ခဏာသုံးပါး ပေါ်ထင်ရှား၍ ရှည်လျားအသက်။

(၃)။ ရသာမြတ်ကို လှူဆက်ဘူးလေ ကောင်းမှုတွေကြောင့် လက်ခြေ ပခုံး လည်လုံးဖွံ့ထုတ်။ သတ္ထုဿဒါ လက္ခဏနှင့် ရသာလာဘ်ရ။

(၄)။ သင်္ဂဟဝတ္ထု ချီးမြှောက်မှုကြောင့် မုဒုပျောင်းညက် ကွန်ရက်ယှက်သို့ ခြေလက်ဖဝါး နှစ်ပါးပြည့်လျှံ ခြွေရံမကွဲ ထံပါးမြဲ၏၊

(၅)။ ခဲပလူပေါင်း ချမ်းသာကြောင်းကိုကျိုးကြောင်းပြလျက် ဟောဖော်မြွက်ကြောင့် ဖမျက်မြင့်ခေါင် သရေဆောင်သည် ကော့ထောင်မွေးဖျား နှစ်ပါးရလတ် သူ့ထက်မြတ်၏၊

(၆)။ အတတ်ပညာ ပြစ်မဲ့ရာကို လျင့်စွာတတ်စေ၊ ပို့ချပေလို့ ဧဏီဇင်္ယံ သလုံးလှ၍ ဘောဂလျင်စွာ ပြည့်စုံလာ၏၊

(၇)။ ပညာလိုရွေ့ မေးမြန်းလေ့ကြောင့် သိမ့်မွှေ့ကိုယ်ရေ ဉာဏ်မိုးစွေ၏၊

(၈)။ ချုပ်နေမာန်မျက်။ သဒ္ဓါတက်၍ လှူဆက်ချောနု ခင်းရုံမှုကြောင့် ရွှေတုအဆင်း ချောလွန်းမင်းသည့် အခင်းကိုယ်ရုံ ပေါများထုံ၏၊

(၉)။ မဆုံကွဲနေ မျိုးမိတ်ဆွေကို ရှာဖွေစပ်ပေး ကုသိုလ်ရေးကြောင့်- ဖုံးမြှေးအိမ်ရေ သိုရှိလေ၍ သားထွေပေါလှ ထောင်မကတည့်။

(၁၀)။ ဗလအလျောက် ရွေးနုတ်ကောက်၍ ချီးမြာက်စိုးစံ ကုသိုလ်ကံကြောင့် အလံကိုယ်တူ မညွတ်မူ၍ ကိုယ်ယူဒူဝန်း နှစ်ပါးထွန်းလျက် ပြည့်မွန်ဥစ္စာ ကောင်းကျိုးလာ၏၊

(၁၁)။ သတ္တဝါအများ ကျိုးစီးပွားကို လိုလားမမေ့ ကုသိုလ်လေ့ကြောင့် ခြင်္သေ့ရှေ့ကိုယ် ကဲနှစ်ကိုယ်နှင့် ပြည့်မိုးကောပြင် လည်လုံးလှ သုံးပါးရ၍ ဘောဂရွှေငွေ မယုတ်လေတည်း။

(၁၂) သဗ္ဗေသတ္တာ ချစ်ကြင်နာ၍ ချမ်းသာစေလို မဖျက်ဖြိုတိ လည်ချိုစုနှောင် ရသာဆောင့်တည့် ခုနှစ်ထောင် အကြောဖျား တည်ဆုံငြား၍ နာဖျားကင်းကွေ အစာကြေ၏၊

(၁၃)။ မစွေဖြောင့်စွာ ချစ်မေတ္တာဖြင့် မျက်လွှာဖွင့်လျက် ရှုကြည့်တွက်ကြောင့်-မည်းနက်ရွှင်ပြုံး မျက်လုံး မျက်မွှေး ဒွေလက္ခဏာ များချစ်ကြ၏၊

(၁၄)။ ပြုကြကုသိုလ် ကံထိုထို၌ လူဗိုလ်ရှေ့ဦး ဆောင်ခဲ့ဘူးလို့-နဖူးသင်္ကျစ် ပေါ်ဖြစ်လက္ခဏာ- ဟောတိုင်းပါ၍ သတ္တဝါအများ ကျင့်လိုက်စား၏၊

(၁၅)။ မုသားရှောင်ကွင်း ဆိုခဲ့ခြင်းကြောင့်- မွေးတွင်းတစ်တွင်း မွေးတစ်ပင်နှင့် လဲသွင်ဖြူတုံ မျက်မှောင်ဆုံမှာ ဥဏ္ဏလုံမွေး အမှတ်ဒွေးတည်း- ကျန်ကျေးဗိုလ်ထု လိုတိုင်းပြု၏၊

(၁၆)။ ပိသုဏာပယ် ကုသိုလ်ကယ်လို့- လေးဆယ်ပြည့်မြဲ သွားမကျဲဟု နှစ်တွဲလက္ခဏာ- ခြွေရံမှာလည်း ညီညာကြည်အေး လုံးတထွေးတည်း။

(၁၇)။ ဆဲရေးဆိုမည်၊ ရှောင်ခဲ့သည်ကြောင့်- ပါးရှည်ပြန့်လျှာ သံဗြဟ္မာသုတို့ လက္ခဏာနှစ်ပါး-ဆိုစကားကို အများယူကြ။

(၁၈)။ ထိုးဇတ်ပြသို့ သမ္ဖဖျင်းစွေ့ ရှောင်ကြည်လေကြောင့်- ခြင်္သေ့မေးဟူ ပြည့်ဝန်းမူလျက် ရန်သူဝေးကွာ မဖျက်လာတည်း။

(၁၉)။ မိစ္ဆာဇီဝ ရှောင်ခဲ့ရလို့- ညီမျှသွားတော် စွယ်တော်ဖြူစင် နှစ်ပါးအင်နှင့် သန့်စင်ခြွေရွေ ပြည့်စုံပေ၏၊

(၂၀)။ ဆိုလေသမျှ ဒွတ္တိံသဟု ကြီးလှလက္ခဏာ ပြည့်စုံလာမူ လူရွာထင်ရှား စကြာဘွားနှင့် ဘုရားသော်လျှင် ဖြစ်မြဲပင်ဟု ဗေဒင်တတ်များ ဟောမြွက်ထားသည် အများနည်းယူ ကျင့်ဘွယ်ကောင်းသတည်း။