ဒီဃီတိကောသလဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၇၁။ ဒီဃီတိကောသလဇာတ် (၅-၃-၁)


ပဉ္စကနိပါတ် - အဒ္ဓဝဂ်

၁။ ဒီဃီတိကောသလဇာတ်

မိဘတို့၏ စကားကို နားထောင်အပ်ကြောင်း

ဟောတော်မူရာဋ္ဌာန

နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဧဝံ ဘူတဿ တေ ရာဇ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဒီဃီတိကောသလဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတဉ်မူစဉ် ကောသမ္ဗီပြည်သား ဖြစ်ကုန်သော ခိုက်ရန်ဖြစ်ကြကုန်သော ရဟန်းတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုကောသမ္ဗီရဟန်းတို့သည် ဇေတဝန် ကျောင်းတော်သို့ လာ၍ ကန်တော့သောကာလ၌ သဗ္ဗညူမြတ်စွာဘုရားသည် ထိုကောသမ္ဗီရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့... သင်တို့သည် ငါ၏ရင်မှဖြစ်သော သားဖြစ်ကုန်၏။ သားတို့မည်သည်ကား အဖသည် ပေးအပ်သော အဆုံး အမကို ဖျက်ဆီးခြင်းငှာ မသင့်၊ သင်တို့သည်ကား ငါ၏ အဆုံးအမကို မလိုက်နာကုန်၊ ရှေးပညာရှိတို့သည် မိမိ၏ မိဘတို့ကို သတ်၍ ပြည်ကိုယူ၍ တည်ကုန်သော, တော၌ မိမိလက်သို့ ရောက်သော ရန်သူတို့ကိုလည်း မိဘတို့သည် ပေးအပ်သော အဆုံးအမကို ဖျက်ဆီးအံ့သောငှာ မသင့်၊ အဆုံး အမကို မဖျက်ဆီးကုန်အံ့ဟု နှလုံးသွင်း၍ မဖျက်ဆီးကုန် ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... (ဤဒီသီတိာသူလဇာတ်၌ကား နှစ်ပါးကုန်သော ပစ္စုပ္ပန်ဝတ္ထု, အတိတ်ဝတ္ထုတို့သည်လည်း သံဃဘေဒကက္ခန္ဓက၌ အကျယ်အားဖြင့် ထင်ဖြစ်လတ္တံ့)

မိဘစကား နားထောင်ပုံ

ထိုဒီဃာဝုမင်းသားသည် တော၌ မိမိပေါင်ပေါ်၌ အိပ်သော ဗာရာဏသီမင်း၏ ဦးသျှောင်ကိုကိုင်၍ ယခု မိဘကိုသတ်သော ရန်သူ၏ ဥသျှောင်၌ ဆွဲကိုင်၍ အပိုင်းပိုင်းပြု၍ ဖြတ်အံ့ ဟု သန်လျက်ကို မိုးလတ်သော် ထိုခဏ၌ မိဘတို့သည် ပေးအပ်သော အဆုံးအမကို အောက်မေ့၍ အသက်ကို စွန့်ရသော်လည်း မိဘတို့၏ အဆုံးအမကို မဖျက်အံ့၊ စင်စစ်မူကား မင်းကို ခြိမ်းခြောက်အံ့ ဟု ကြံ၍-

၁၁၀။ ဧတံ ဘူတဿ တေ ရာဇ၊ အာဂတဿ ဝသေ မမ။
အတ္ထိ နု ကောစိ ပရိယာယော၊ ယော တံ ဒုက္ခာ ပမောစယေ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၁၀။ ရာဇ၊ မင်းကြီး။ မမ၊ ငါ၏။ ဝသေ-ဝသံ၊ နိုင်ငံလက်တွင်းသို့။ အာဂတဿ၊ ရောက်သော။ ဧဝံ ဘူတဿ၊ ဤသို့ဖြစ်သော။ တေ၊ သင်မင်းကြီးအား။ ယော၊ အကြင်အကြောင်းသည်။ တံ၊ သင်မင်းကြီးကို။ ဒုက္ခာ၊ ဆင်းရဲမှ။ ပမောစယေ၊ လွတ်စေရာ၏။ ကောစိ၊ တစ်စုံတစ်ခုသော။ သော ပရိယာယော၊ ထိုအကြောင်းသည်။ အတ္တိ နု၊ ရှိသလော။

ထို့နောင်မှ မင်းသည် -

၁၁၁။ ဧဝံ ဘူတဿ မေ တာတ၊ အာဂတဿ ဝသေ တဝ။
နတ္ထိ နော ကောစိ ပရိယာယော၊ ယော မံ ဒုက္ခာ ပမောစယေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၁၁။ တာတ၊ အမောင်။ တဝ၊ သင်၏။ ဝသေ- ဝသံ၊ နိုင်ငံလက်တွင်းသို့။ အာဂတဿ၊ ရောက်သော။ ဧဝံ ဘူတဿ၊ ဤသို့ဖြစ်သော။ မေ၊ ငါ့အား။ ယော၊ အကြင်အကြောင်းသည်။ မံ၊ ငါ့ကို။ ဒုက္ခာ၊ ဆင်းရဲမှ။ ပမောစယေ၊ လွတ်စေရာ၏။ ကောစိ၊ တစ်စုံတစ်ခုသော။ သော ပရိယာယော၊ ထိုအကြောင်းသည်။ နတ္ထိ၊ မရှိ။

ရန်ကိုရန်ချင်း မတုံ့နှင်းလင့်

ထို့နောင်မှ ဘုရားလောင်းသည်-

၁၁၂။ နာညံ သုစရိတံ ရာဇ၊ နာညံ ရာဇ သုဘာသိတံ။
တာယတေ မရဏကာလေ၊ ဧဝမေဝိတရံ ဓနံ။
၁၁၃။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။
၁၁၄။ အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။
၁၁၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၁၂။ ရာဇ၊ မင်းကြီး။ မရဏာလေ၊ သေအံ့သော ကာလ၌။ ဧဝမေဝ၊ ဤသို့လျှင်။ ဣတရံ၊ ဤအဆုံးအမမှ တစ်ပါးသော။ ဓနံ၊ ဥစ္စာသည်။ တာယတေ၊ စောင့်၏။ သုစရိတံ၊ မိဘတို့သည် ပေးအပ်သော အဆုံးအမဟူသော သုစရိုက်ကို။ ထပေတွာ၊ ထား၍။ အညံ၊ တစ်ပါးသော။ တံ ဓနံ၊ ထိုဥစ္စာကို။ န ပဿာမိ၊ ငါ မမြင်။ သုဘာသိတံ၊ မိဘတို့သည် ပေးအပ်သော အဆုံးအမဟူသော ကောင်းသော စကားကို။ ဌပေတွာ၊ ထား၍။ အညံ၊ တစ်ပါးသော။ တံ ဓနံ၊ ထိုဥစ္စာကို။ န ပဿာမိ၊ ငါမမြင်။

၁၁၃။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ဆောင်ပြီ ဣတိ၊ ဤသို့။ ယေ စ၊ အကြင် သူတို့သည်လည်း။ တံ ဝေရံ၊ ထိုရန်ကို။ ဥပနယှန္တိ၊ ဖွဲ့ကုန်၏။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ န သမ္မတိ၊ မငြိမ်း။

၁၁၄။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်း ဆဲပြီ။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ မေ၊ ငါ၏။ သန္တကံ၊ ဥစ္စာကို။ အဟာသိ၊ ဆောင်ပြီ ဣတိ၊ ဤသို့။ ယေစ၊ အကြင် သူတို့သည်လည်း။ တံ၊ ထိုရန်ကို။ န ဥပနယှန္တိ၊ မဖွဲ့ကုန်။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ ဥပသမ္မတိ၊ ငြိမ်း၏။

၁၁၅။ ဟိ သစ္စံ၊ မှန်၏။ ဣဓ လောကေ၊ ဤလောက၌။ ဝေရေန၊ ရန်တုံ့မူသဖြင့်။ ဝေရာနိ၊ ရန်တို့သည်။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။ န သမ္မတိ၊ မငြိမ်းကုန်။ အဝေရေန စ၊ ရန်တုံ့ မပြုသဖြင့်ကား။ ဝေရာနိ၊ ရန်တို့သည်။ သမ္မန္တိ၊ ငြိမ်းကုန်၏။ ဧသဓမ္မော၊ ဤရန်မပြုသဖြင့်လည်း ရန်ငြိမ်းခြင်း သဘောသည်။ သနန္တနော၊ ရှေး၌ဖြစ်သော သဘောတည်း။

သမီးပေး၍ မင်းမြှောက်ပြီ

ဘုရားလောင်းသည် ဤသို့ဆိုပြီး၍ မြတ်သော မင်းကြီး... အကျွန်ုပ်သည် သင်မင်းကြီး၌ မပြစ်မှား၊ သင်မင်းကြီးသည် အကျွန်ုပ်ကို သတ်မည်လောဟု မေး၍ သန်လျက်ကို ပေး၏။ မင်းသည်လည်း အမောင်... ငါသည်လည်း သင်၌ မပြစ်မှားအံ့ ဟု ကျိန်စာရွက်ခြင်းကိုပြု၍ ဘုရားလောင်းနှင့်တကွ မြို့သို့သွား၍ အမတ်တို့အားပြ၍ ဤသူသည် သေလေသော ကောလမင်း၏သား ဒီဃာဝုမင်းသား မည်၏။ ဤဒီဃာဝုမင်းသားသည် ငါ့အား အသက်ကို ပေး၏။ ဤဒီဃာဝုမင်းသားအား တစ်စုံတစ်ခုပြုခြင်းငှာ မရအပ်ဟု ဆို၍ မိမိသမီးကိုပေး၍ အဖဥစ္စာဖြစ်သော မင်းအဖြစ်၌ တည်စေ၏။ ထိုအခါမှစ၍ နှစ်ပါးကုန်သော မင်းတို့သည်လည်း ညီညွတ်ကုန်သည် ဖြစ်၍ မင်းအဖြစ်ကို ပြုကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ မြတ်သော မင်းမျိုးတို့သည် ထိုအခါ မယ်တော် ခမည်းတော်တို့ ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဒီဃာဝုမင်းသား ဖြစ်ပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ရန်ကို ရန်ချင်း၊ မတုံနှင်း၊ ငြိမ်းခြင်း ရမြဲသာ

ရှေးဦးစွာသော ဒီဃီတိကောသလဇာတ်သည် ပြီး၏။

*****