တုဏ္ဍိလဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၈၈။ တုဏ္ဍိလဇာတ် (၆-၂-၃)


ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၃။ တုဏ္ဍိလဇာတ်

ရဲရင့်ခြင်းကြောင့် သေဘေးမှလွတ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် နဝဆန္နကေ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတုဏ္ဍိလဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သေဘေးကို ကြောက်တတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် သာဝတ္ထိပြည်၌နေသော အမျိုးသားသည် ဖြစ်သတတ်။ ထိုအမျိုးသားသည် ရဟန်းပြု၍ သေဘေးကို ကြောက်တတ်၏။ အနည်းငယ်လည်းဖြစ်သော သစ်ခက်လှုပ်ခြင်း လှင်ကန်ကျခြင်းကိုလည်းကောင်း, ငှက်သံ အခြေလေးချောင်းရှိသော သားတို့၏အသံကိုလည်းကောင်း၊ ထိုသို့သဘောရှိသော တစ်ပါးသောအသံကိုလည်းကောင်း ကြား၍ သေဘေးကို ကြောက်သည်ဖြစ်၍ ဝမ်းသို့ဝင်သကဲ့ကို တုန်လှုပ်လျက် သွား၏။ ရဟန်းတို့သည် တရား သဘင်၌ ငါ့ရှင်တို့ ဤမည်သော ရဟန်းသည် အနည်းငယ်လည်းဖြစ်သော အသံကိုကြား၍ မြည်တမ်းလျက် ပြေး၏။ ဤသတ္တဝါတို့အား သေခြင်းသည်သာလျှင် မြဲ၏။ အသက်သည် မမြဲ၊ အသင့်အားဖြင့် နှလုံးသွင်းခြင်းကို ပြုအပ်သည် မဟုတ်တုံလော ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာလတ်တော်မူ၍ ရဟန်းတို့ ... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤ မည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ထိုရဟန်းကို ခေါ်တော်မူ၍ ရဟန်း သင်သည် သေဘေးကို ကြောက်တတ်သောဟူသည် မှန်သလော ဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... မှန်ပေ၏ ဟု ထိုရဟန်းသည် ဝန်ခံသည်ရှိသော် ရဟန်းတို့... ဤရဟန်းသည် ယခုအခါ၌သာလျှင် သေဘေးကို ကြောက်တတ်သည် မဟုတ်သေး၊ ရှေး၌လည်း သေဘေးကို ကြောက်တတ်သည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဝက်မဝမ်း၌ ပဋိသန္ဓေယူ၍ ဝက်မသည် ကိုယ်ဝန်ရင့်လတ်သော် နှစ်ခုကုန်သော ဝက်ငယ်တို့ကို ဖွား၏။ ထိုဝက်မသည် တစ်နေ့သ၌ သားငယ်တို့ကိုယူ၍ တစ်ခုသော ချုံအတွင်း၌ ဝပ်၏။

ဝက်ငယ် နှစ်ကောင်

ထိုအခါ ဗာရာဏသီ မြို့တံခါး၌နေသော တစ်ယောက်သော မိန်းမအိုသည် ဝါခင်းမှ တောင်းပြည့်အောင် ဝါကိုယူ၍ တောင်ဝှေးဖြင့် မြေကိုထောက်၍ လာ၏။ ဝက်မသည် ထိုအသံကိုကြား၍ သေဘေးကိုကြောက်သဖြင့် သားငယ်နှစ်ခုတို့ကို စွန့်၍ပြေး၏။ မိန်းမအိုသည် ဝက်ငယ်တို့ကိုမြင်၍ သားအမှတ်ကိုပြု၍ တောင်း၌ထည့်၍ အိမ်သို့ ဆောင်၍ အကြီးအား မဟတုဏ္ဍိလ ဟူသော အမည်, အငယ်အား စူဠတုဏ္ဍိလ ဟူသောအမည်ကို မှည့်၍ ထိုဝက်ငယ်တို့ကို သားငယ်ကဲ့သို့ မွေး၏။ ထိုဝက်ငယ်တို့သည် နောက်အဖို့၌ ကြီးကုန်၍ ပြည့်ဖြိုးသော ကိုယ်ရှိကုန်၏။

ဝက်ငယ်ကို ရောင်းပြီ

ဤဝက်တို့ကို ငါတို့အား အဖိုးဖြင့် ပေးကုန်လော့ ဟု ဆိုသည်ရှိသော် မိန်းမအိုသည် ဤဝက်တို့သည် ငါ၏သားငယ်တို့တည်းဟု ဆို၍ တစ်စုံတစ်ယောက်သောသူအား မပေး။ ထိုအခါ တစ်ခုသော ပွဲသဘင်ကာလ၌ သေသောက် ကြူးသူတို့သည် သေကိုသောက်ကုန်၏။ အသားကုန်သည်ရှိသော် အသားကို ဘယ်မှာရှာရလတ္တံ့နည်းဟု စုံစမ်းကုန်လတ်သော် သူအိုမ၏အိမ်၌ ဝက်တို့ရှိသောအဖြစ်ကို သိ၍ အဖိုးကိုယူ၍ အိမ်သို့သွား၍ မိခင် အဖိုးကိုယူ၍ ငါတို့အား တစ်ခုသောဝက်ကို ပေးပါ ဟု ဆိုကုန်၏။ ထိုသူအိုမသည် အမောင်တို့ ဤဝက်တို့သည် ငါ့သားတို့တည်း။ အဖိုးဖြင့် အလိုမရှိ ဟု ပယ်၏။ သေ သောက် ကြူးတို့သည် မိခင် ဝက်တို့မည်သည်ကား လူတို့၏သား မဖြစ်ကုန်၊ ထိုဝက်တို့ကို ပေးလော့ ဟု အဖန်တလဲလဲ တောင်းသော်လည်း မရ၍ သူအိုမကို သေသောက်စေ၍ ယစ်သောကာလ၌ မိခင်... ဝက်တို့ဖြင့် အသို့ပြုအံ့နည်း၊ အဖိုးကိုယူ၍ ရိက္ခာပြုလော့ ဟု သူအိုမ၏ လက်၌ အသပြာတို့ကို ထားကုန်၏။ သူအိုမသည် အသပြာတို့ကိုယူ၍ အမောင်တို့ မဟာတုဏ္ဍိလကို ပေးခြင်းငှာ မတတ်ကောင်း၊ စူဠတုဏ္ဍိလကို ယူကြကုန်လော့ ဟု ဆို၏။

ကြောက်၍ အဖမ်းမခံ

ထိုစူဠတုဏ္ဍိလသည် အဘယ်မှာနည်း ဟု မေး၏။ တစ်ခုသော ချုံ၌ ရှိ၏ ဟု ဆို၍ သေ သောက်ကြူးသူတို့သည် အဖိုးဖြင့် ထမင်းခွက်ကို ဆောင်စေကုန်၏။ သူအိုမသည် အဖိုးဖြင့် ထမင်းကို ယူ၍ တံခါးဝ၌ တည်သော ဝက်စားကျင်းကို ပြည့်စေ၍ စားကျင်းအနီး၌ တည်၏။ သုံးကျိပ် အတိုင်းအရှည်ရှိသော သေသောက်ကြူးတို့သည်လည်း ကျော့ကွင်းလက်စွဲကုန်လျက် ထိုအရပ်၌လျှင် တည်ကုန်၏။ သူအိုမသည် ချစ်သားစူဠတုဏ္ဍိလ၊ လာလော့ဟု စူဠတုဏ္ဍိလအား အသံပြု၏။ မဟာတုဏ္ဍိလသည် ထိုအသံကြား၍ ဤမျှလောက်သော ကာလပတ်လုံး ငါ၏ အမိသည် စူဠတုဏ္ဍိလအား အသံမပေးစဖူး၊ ငါ့ကိုသာလျှင် ရှေးဦးစွာ ခေါ်၏။ ယနေ့ ငါတို့အား မချွတ် သေဘေးဖြစ်လတ္တဟု သိ၍ မဟာတုဏ္ဍိလသည် ညီကိုခေါ်၍ ညီထွေး စူဠတုဏ္ဍိလ... အမိသည် သင့်ကိုခေါ်၏။ သွားချေ။ ရှေးဦးစွာ စုံစမ်းချေလော့ ဆို၏။ စူဠတုဏ္ဍိလသည် ချုံမှထွက်၍ ထမင်းစားကျင်း၏ အနီး၌ လူတို့၏ တည်သောအဖြစ်ကို သိ၍ ယနေ့ ငါ့အား သေဘေး ရောက်ပြီဟု ဘေးဖြင့် ကြောက်သည်ဖြစ်၍ တုန်လှုပ်လျက် အစ်ကိုအထံသို့ လာ၍ ခိုင်ခံ့စွာ တည်အံ့သောငှာ မတတ်နိုင်၍ တုန်လှုပ်လျက်လဲ၏။ မဟာတုဏ္ဍိလသည် စူဠတုဏ္ဍိလကိုမြင်၍ ညီထွေး စူဠတုဏ္ဍိလ... သင်သည် ယခု လဲ၏။ ပြေးဝင်ရာအရပ်ကို ကြည့်၏။ အဘယ်အကြောင်းကြောင့် ထိုအမှုကို ပြုသနည်း ဟု မေး၏။ စူဠတုဏ္ဍိလသည် မိမိမြင်သော အကြောင်းကို ဆိုလို၍-

၈၉။ နဝဆန္နကေဒါနိ ဒိယျတိ၊
ပုဏ္ဏာ ယံ ဒေါဏိ သုဝါမိနီ ဌိတာ။
ဗဟုကေ ဇနေ ပါသပါဏိကေ၊
နော စ ခေါ မေ ပဋိဘာတိ ဘုဉ္ဇိတုံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၈၉။ ဘာတိက၊ နောင်တော်။ ဣဒါနိ၊ ယခုအခါ၌။ နဝဆန္နကေ၊ သစ်သော အစာတို့ဖြင့်ပြည့်သော ဝက်စားကျင်းကို။ ဒိယျတိ၊ ပေးအပ်၏။ အယံ ဒေါဏိ၊ ဤစားကျင်းသည်။ ပုဏ္ဏာ၊ စင်ကြယ်သော အစာတို့ဖြင့်ပြည့်၏။ သုဝါမိနီ၊ ငါတို့၏ အမိသည်လည်း။ ဌိတာ၊ စားကျင်း၏အနီး၌ တည်၏။ ပါသပါဏိကေ၊ လက်၌ ကျော့ကွင်းရှိသော။ ဗဟုကေ၊ များစွာသော။ ဇနေ၊ လူအပေါင်းသည်လည်း။ ဌိတော၊ စားကျင်း၏ အနီး၌ တည်၏။ ဣဒံ ဘတ္တံ၊ ဤအစာကို။ ဝါ၊ ဤအစာသည်။ ဘုဉ္ဇိတုံ၊ စားခြင်းငှာ။ မေ၊ ငါအား။ နော စ ခေါ ပဋိဘာတိ၊ နှစ်သက်ခြင်းကို မဖြစ်စေ။

သီလကို ဆောက်တည်ပါ

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ညီထွေး စူဠတုဏ္ဍိလ ဤအရပ်၌လျှင် ဝက်တို့ကိုမွေးသော ငါတို့၏ အမိသည် အကြင်အကျိုးငှာ မွေး၏။ ထိုအကျိုးသည် ယနေ့ အပြီးသို့ ရောက်ပြီ၊ သင်သည် မစိုးရိမ်လင့် ဟု သာယာသော အသံဖြင့် ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟောလိုသည်ဖြစ်၍-

၉၀။ တသသိ ဘမသိ လေဏမိစ္ဆသိ၊
အတ္တာဏောသိ ကုဟိံ ဂမိဿသိ။
အပ္ပေါသုက္ကော ဘုဉ္ဇ တုဏ္ဍိလ၊
မံသတ္ထာယ ဟိ ပေါသိတာမှသေ။
၉၁။ ဩဂဟ ရဟဒံ အကဒ္ဒမံ၊
သဗ္ဗံ သေဒမလံ ပဝါဟယ။
ဂဏှာဟိ နဝံ ဝိလေပနံ၊
ယဿ ဂန္ဓော န ကဒါစိ ဆိဇ္ဇတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၉၀။ တာတ တုဏ္ဍိလ၊ ညီထွေး စူဠတုဏ္ဍိလ။ တွံ၊ သင်သည်။ တသသိ၊ လန့်၏။ ဘမသိ၊ လည်၏။ လေဏံ၊ ပုန်းအောင်းရာကို။ ဣစ္ဆသိ၊ အလိုရှိ၏။ အတ္တာဏော၊ ကိုးကွယ်ရာမရှိသည်။ အသိ၊ ဖြစ်၏။ ကုဟိံ၊ အဘယ်သို့။ ဂမိဿသိ၊ သွားလတ္တံ့နည်း။ အပ္ပေါသုက္ကော၊ ကြောင့်ကြမဲ့။ ဘုဉ္ဇ၊ စားလော့။ မံသတ္ထာယ ဟိ၊ အသား၏အကျိုးငှာသာလျှင်။ ပေါသိတာမှသေ၊ မွေးအပ်ကုန်၏။

၉၁။ အကဒ္ဒမံ၊ ညွန်မရှိသော။ ရဟဒံ၊ ရေကန်သို့။ ဩဂဟ၊ သက်လော့။ သဗ္ဗံ၊ အလုံးစုံသာ။ သေဒမလံ၊ အညစ်အကြေးကို။ ပဝါဟယ၊ ဆေးလော့။ ယဿ၊ အကြင် နံ့သာပျောင်း၏။ ဂန္ဓော၊ အနံ့သည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ န ဆိဇ္ဇတိ၊ မပြတ်။ နဝံ၊ အသစ်ဖြစ်သော။ တံ ဝိလေပနံ၊ ထိုနံ့သာပျောင်းကို။ ဂဏှာဟိ၊ ယူလော့။

ဆယ်ပါးသော ပါရမီတို့ကို ဆင်ခြင်၍ မေတ္တာပါရမီကို ရှေ့ထား၍ ရှေးဦးစွာ ဂါထာပုဒ်ဖြင့် ရွတ်သည်သာလျှင် ဖြစ်သော ဘုရားလောင်း၏ အသံသည် အလုံးစုံ တစ်ဆယ့်နှစ်ယူဇာရှိသော ဗာရာဏသီပြည်ကို လွှမ်း၍သွား၏။ ကြားတိုင်း ကြားတိုင်သော ခဏပင်လျှင် အိမ်ရှေ့မင်း အစရှိကုန်သော သူတို့ကို အစပြု၍ ဗာရာဏသီပြည်၌ နေကုန်သော သူတို့သည် လာကုန်၏။ မလာကုန်သော သူတို့သည်လည်း အိမ်၌နေလျက်သာလျှင် နာကုန်၏။ မင်း၏ ပရိသတ်တို့သည် ချုံတို့ကို ဖျက်ဆီး၍ မြေကိုညီညွတ်စွာပြု၍ သဲတို့ကို ကြဲကုန်၏။ သေသောက်ကြူးတို့အား သုရာယဇ်ခြင်းသည် ပြေ၏။ ကျော့ကွင်းတို့ကို စွန့်ကုန်၍ တရားနာကုန်လျက်သာလျှင် တည်ကုန်၏။ သူအိုမအားလည်း သုရာယစ်ခြင်းသည် ပြေ၏။ ဘုရားလောင်းသည် လူအပေါင်း၏ အလယ်၌ စူဠတုဏ္ဍိလအား ဓမ္မဒေသနာကို အားထုတ်၏။

ထိုစကားကိုကြား၍ စူလတုဏ္ဍိလသည် ငါ့အစ်တို့သည် ဤသို့ဆို၏။ ငါတို့၏အနွယ်၌ ရေကန်သို့သက်၍ ကိုယ်မှ ချွေးအညစ်အကြေးကို လျှော်ခြင်းသည်လည်းကောင်း၊ နံ့သစ်ကို ယူခြင်းသည်လည်းကောင်း တစ်စုံ တစ်ခုသော ကာလသည် မရှိ၊ အဘယ်ကိုရည်၍ အစ်တို့သည် ငါ့ကို ဤသို့ ဆိုသနည်းဟု မေးလိုရကား-

၉၂။ ကတမော ရဟဒေါ အကဒ္ဒမော၊
ကိံသု သေဒမလန္တိ ဝုစ္စတိ။
ကတမဉ္စ နဝံ ဝိလေပနံ၊
ယဿ ဂန္ဓော န ကဒါစိ ဆိဇ္ဇတိ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၉၂။ အကဒ္ဒမော၊ ညွန်မရှိသော။ ရဟဒေါ၊ ရေကန်ဟူသည်။ ကတမော၊ အဘယ်နည်း။ ကိံသု၊ အဘယ်ကိုလျှင်။ သေဒမလန္တိ၊ ချွေး အညစ်အကြေး ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်သနည်း။ ယဿ၊ အကြင်နံ့သာပျောင်း၏။ ဂန္ဓော၊ အနံ့သည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ န ဆိဇ္ဇတိ၊ မပြတ်။ နဝံ၊ အသစ်ဖြစ်သော။ တံ ဝိလေပနံ၊ ထိုနံသာပျေားင်းသည်။ ကတမံ၊ အဘယ်နည်း။

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ညီထွေး စူဠတုဏ္ဍိလ... ထိုသို့တပြီးကား ချသော နားရှိသည်ဖြစ်၍ နာလော့ ဟု ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟောလိုရကား-

၉၃။ ဓမ္မော ရဟဒေါ အကဒ္ဒမော၊
ပါပံ သေဒမလန္တိ ဝုစ္စတိ။
သီလဉ္စ နဝံ ဝိလေပနံ၊
တဿ ဂန္ဓော န ကဒါစိ ဆိဇ္ဇတိ။
၉၄။ နန္ဒန္တိ သရီရဃာတိနော၊
န စ နန္ဒန္တိ သရီရဓာရိနော။
ပုဏ္ဏယ စ ပုဏ္ဏမာသိယာ၊
ရမမာနာဝ ဇဟန္တိ ဇီဝိတံ။

ဟူသော ဤဂါထာတို့ကို ဟော၏။

၉၃။ တာတ စူဠတုဏ္ဍိလ၊ ညီထွေး စူဠတုဏ္ဍိလ။ ဓမ္မော၊ နိဗ္ဗာန်တရားကို။ အကဒ္ဒမော၊ ကိလေသာ ညွန်မရှိသော။ ရဟဒေါ၊ ရေကန်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ပါပံ၊ မကောင်းမှုကို။ သေဒမလန္တိ၊ ချွေး အညစ်အကြေး ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ သီလဉ္စ၊ သီလကိုလည်း။ နဝံ၊ အသစ်ဖြစ်သော။ ဝိလေပနံ၊ နံ့သာပျောင်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တဿ၊ ထိုသီလ၏။ ဂန္ဓော၊ အနံ့သည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ န ဆိဇ္ဇတိ၊ မပြတ်။

၉၄။ သရီရဃာတိနော၊ သတ္တဝါကို သတ်ကုန်သော သူတို့သည်။ နန္ဒန္တိ၊ နှစ်သက်ကုန်၏။ သရီရဓာရိနော၊ ကိုယ်ကို ဆောင်ကုန်သော သူတို့သည်။ န စ န္ဒန္တိ၊ မနှစ်သက်ကုန်။ ပုဏ္ဏာယ၊ ပြည့်ထသော။ ပုဏ္ဏမာသိယာ၊ လပြည့်နေ့၌။ ရမမနာဝ၊ မွေ့လျော် ကုန်လျက်လျှင်။ သီလာစာရသမ္ပန္နာ၊ သီလအကျင့်နှင့် ပြည့်စုံသော သူတို့သည်။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ကုန်၏။

ဤသို့ ဘုရားလောင်းသည် သာယာသော အသံဖြင့် သဗ္ဗညူ ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟော၏။ လူအပေါင်းတို့သည် လက်ချောင်းတို့ကို ခါကုန်၏။ ပုဆိုး ဦးရစ်ပစ်ခြင်းတို့ကို ဖြစ်စေကုန်၏။ ကောင်းချီးပေးသော အသံသည် ကောင်းကင်၌ ပြည့်၏။

မင်းကြီး ကယ်မပြီ

ဗာရာဏသီမင်းသည် ဘုရားလောင်းအား မင်းအဖြစ်ဖြင့် ပူဇော်၍ သူအိုမအား စည်းစိမ်ကိုပေး၍ ဝက်နှစ်ခုတို့ကိုလည်း ယူ၍ နံ့သာရေဖြင့်ချိုး၍ နံ့သာ အစရှိသည်တို့ဖြင့် လိမ်း၍ လည်တို့၌ ပတ္တမြားရတနာတို့ကို ဆင်၍ မြို့သို့ ဆောင်၍ သားအရာ၌ထား၍ များစွာသော အခြံအရံဖြင့် လုပ်ကျွေး၏။ ဘုရားလောင်းဝက်မင်းသည် ပဉ္စသီတို့ကိုပေး၏။ ခပ်သိမ်းကုန်သော ဗာရာဏသီပြည်၌ နေကုန်သော သူတို့သည်လည်း ပဉ္စသီတို့ကို စောင့်ကုန်၏။ ဘုရားလောင်းသည်လည်း ထိုသူတို့အား ပက္ခနေ့တို့၌ တရား ဟော၏။ တရားဆုံးဖြတ်ရာ အရပ်၌နေ၍ တရားဆုံးဖြတ်၏။ ထိုဘုရားလောင်းသည် ထင်ရှားရှိစဉ် ကောက်ကျစ် စဉ်းလဲသော တရားကို ပြုသောသူတို့မည်သည် မဖြစ်ကုန်။ နောက်အဖို့၌ မင်းသည် သေ၏။ ဘုရားလောင်းသည် ထိုမင်း၏ အလောင်းကို ပူဇော်ခြင်း၊ သင်္ဂြိုဟ်ခြင်းကို ပြုစေ၍ အဆုံးအဖြတ်တို့ကို ပေ၌ရေးစေ၍ ဤစာကိုကြည့်၍ တရား ဆုံးဖြတ်ကြလော့ ဟု ဆို၍ လူအများအား တရား ဟော၍ မမေ့မလျော့ခြင်းဖြင့် ဆုံးမ၍ ခပ်သိမ်းကုန်သောလူတို့၏ ငိုကုန်စဉ် စူဠတုဏ္ဍိလနှင့်တကွ တောသို့ ဝင်၏။ ထိုအခါ ဘုရားလောင်း၏ အဆုံးအမသည် အနှစ်ခြောက်သောင်း တည်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ သေဘေးကို ကြောက်တတ်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ သေဘေးကို ကြောက်တတ်သော ရဟန်းသည် ထိုအခါ စူဠတုဏ္ဍိလဖြစ်ပြီ၊ ယခုအခါ ဘုရားပရိသတ်တို့သည် ထိုအခါ ပရိသတ် ဖြစ်ကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ မဟာတုဏ္ဍိလ ဖြစ်ပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ညွန်မရှိမှန်၊ ထိုရေကန်၊ နိဗ္ဗာန်အမည်သာ

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော တုဏ္ဍိလဇာတ်သည် ပြီး၏။

*****