တိရီဋဝစ္ဆဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၅၉။ တိရီဋဝစ္ဆဇာတ် (၃-၁-၉)

တိကနိပါတ်-သင်္ကပ္ပဝဂ်

၉။ တိရီဋဝစ္ဆဇာတ်

ရသေ့နှင့်မင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နယိမဿ ဝိဇ္ဇာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ တိရီဋဝစ္ဆဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်အာနန္ဒာ မထေရ်အား ကောသလမင်း၏ မိဖုယားငါးရာလက်မှ ပုဆိုးငါးရာ, ကောသလမင်း၏လက်မှ ပုဆိုးငါးရာအားဖြင့် ပုဆိုးတထောင်ရခြင်းဝတ္ထုကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် အောက် ဒုကနိပါတ် သတ္တမမြောက် ဂုဏဇာတ်၌ လာပြီးသလျှင်ကတည်း။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ ဖြစ်၍ အမည်မှည့်သောနေ့၌ တိရီဋဝစ္ဆ သတို့သားဟူသော အမည်ကို မှည့်၏။ ထိုတိရီဋဝစ္ဆသတို့သားသည် အစဉ်သဖြင့် အရွယ်သို့ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ခပ်သိမ်းသော အတတ်တို့ကိုသင်၍ အိမ်၌ နေသဖြင့် မိဘတို့သည် သေလွန်ခြင်းကြောင့် သံဝေဂရသောစိတ်ရှိရကား တောထွက်၍ ရသေ့ရဟန်းပြုပြီးလျှင် တောသစ်မြစ် သစ်သီး အာဟာရတို့သည်ဖြစ်၍ နေ၏။ တိရီဋဝစ္ဆရသေ့သည် တော၌နေစဉ် ဗာရာဏသီမင်း၏ ပစ္စန္တရစ်ကို ခိုးသူတို့ ဖျက်ဆီး၏။ ဗာရာဏသီမင်းသည် ပစ္စန္တရစ်သို့ သွား၍ စစ်ထိုးလတ်သော် ရှုံး၏။ သေဘေးမှ ကြောက်ရကား မြတ်သော ဆင်ကျောက်ကုန်း၌စီးလျက် တခုသောအရပ်မျက်နှာဖြင့် ပြေး၍ တော၌ သွားသည်ရှိသော် နံနက်အခါ၌ တိရိဋဝစ္ဆရသေ့၏ သစ်သီးကြီးငယ်အကျိုးငှါ သွားစဉ် ကျောင်းသို့ ဝင်၏။ ထိုမင်းသည် ရသေ့တို့၏ နေရာ အရပ်တည်းဟု ဆင်မှဆင်း၍ လေ, နေပူဖြင့် ပင်ပန်းရကား ရေငတ်သည်ဖြစ်၍ သောက်ရေအိုးကို ကြည့်လတ်သော် မမြင်၍ စင်္ကြံဦး၌ ရေတွင်းကို မြင်၏။ ရေခတ်အံ့သောငှာ ကြိုးအိုးတို့ကို မမြင်၍ ရေငတ်ခြင်းကို သည်းခံအံ့သောငှါ မတတ်နိုင်ရကား ဆင်၏ ဝမ်း၌ ပတ်သော ကြိုးကိုယူပြီး၍ ဆင်ကို ရေတွင်းနား၌ထား၍ ထိုဆင်၏ခြေ၌ ကြိုးကိုဖွဲ့၍ ကြိုးဖြင့် ရေးတွင်းသို့ သက်၍ ကြိုးမမှီလတ်သော် တက်၍ အပေါ်ရုံပုဆိုးကို ကြိုးစွန်းဖြင့် ဆက်၍ တဖန် သက်လေ၏။ ထိုသို့ပြုငြားသော်လည်း မမှီသည်သာလျှင်ဖြစ်၏။ ထိုမင်းသည် ခြေဖျားတို့ဖြင့် ရေကိုထိ၍ အလွန်မွတ်သိပ်ရကား ရေငတ်ခြင်းကို ဖျောက်၍ သေခြင်းသည် ကောင်းသော သေခြင်းဖြစ်၏ဟု ကြံလျက် ရေတွင်းသို့ဆင်း၍ အလိုရှိတိုင်း သောက်၏။ တဖန် တက်အံ့သောငှါ မတတ်နိုင်ရကား ထိုရေတွင်း၌ တည်၏။ ဆင်သည်လည်းကောင်းစွာ သင်အပ်သော ဆင်ဖြစ်သောကြောင့် တပါးသို့ မသွားမူ၍ မင်းကို ကြည့်လျက် နေ၏။ ဘုရားလောင်းသည် ညချမ်းသောအခါ၌ သစ်သီးကြီးငယ်တို့ကို ဆောင်ခဲ့၍ လာလတ်သော် ဆင်ကိုမြင်၍ မင်းလာသည်ဖြစ်လတ္တံ့၊ ချပ်ပိန်ညိုဝတ်သော ဆင်သည်သာလျှင် ထင်၏။ အကြောင်းအသို့နည်းဟု ဆင်၏အနီးသို့ သွား၏။ ဆင်သည်လည်း ဘုရားလောင်း လာသောအဖြစ်ကိုသိ၍ တင့်အပ်လျောက်ပတ်သော အရပ်၌ တည်၏။ ဘုရားလောင်းသည် ရေတွင်း ကမ်းနားသို့ သွား၍ မင်းကို မြင်၍ မြတ်သောမင်းကြီး မကြောက်လင့်ဟု ဆို၍ လှေကားကိုဖွဲ့၍ မင်းကို တက်စေ၍ မင်းကိုယ်ကို ဆုပ်နယ်၍ ဆီဖြင့်လိမ်း၍ သစ်သီးကြီးငယ်တို့ကို စားစေ၍ ဆင်၏ ချပ်တန်ဆာကို ဖြေ၏။ မင်းသည် နှစ်ရက် သုံးရက် အပင်ပန်းဖြေ၍ ဘုရားလောင်းကို မိမိအထံသို့ လာစိမ့်သောငှါ ဝန်ခံစေ၍ သွား၏။ မင်း၏ဗိုလ်တို့သည် မြို့၏အနီး၌ သစ်တပ်တည်၍ နေကုန်လျက် မင်းလာသည်ကိုမြင်၍ ခြံရံ၏။ မင်းသည် မြို့သို့ဝင်၍နေလတ်၏။

ဘုရားလောင်းသည်လည်း လခွဲလွန်သဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ ဥယျာဉ်သို့ဝင်၍ နက်ဖြန် ဆွမ်းခံသွားလျက် မင်းအိမ်တံခါးသို့ ရောက်၏။ မင်းသည် လေသွန်တံခါးမကို ဖွင့်၍ မင်းယင်ပြင်သို့ ကြည့်လတ်သော် ဘုရားလောင်းကို မြင်သဖြင့် သိ၍ ပြာသာဒ်မှ ဆင်းလျက် ရှိခိုး၍ ကောင်းစွာ ဆောက်အပ်သော ထီးဖြူရှိသော ရာဇပလ္လင်၌ နေစေ၍ မိမိဘို စီရင်အပ်သော အာဟာရကို ဘုဉ်းပေးစေ၍ မိမိသည်လည်း စား၍ ဥယျာဉ်သို့ ပင့်ဆောင်၍ ဥယျာဉ်၌ ဘုရားလောင်းကို ကျောင်း စင်္ကြံ ညဉ့်သန့်ရာ နေ့သန့်ရာ အရပ်တို့ကို ပြုစေ၍ ခပ်သိမ်းသော ရဟန်း ပရိက္ခရာတို့ကို လှူ၍ ဥယျာဉ်စောင့်ကို အပ်၍ ရှိခိုး၍ ဖဲလေ၏။ ထိုအခါမှစ၍ ဘုရားလောင်းသည် မင်းအိမ်၌သာလျှင် ဆွမ်းစား၏။ များစွာသော လာဘ်ပူဇော်သက္ကာရရှိ၏။

ထိုဘုရားလောင်းကို သည်းမခံနိုင်ကုန်သော အမတ်တို့သည် ဤသို့သဘောရှိသော ပူဇော်သက္ကာရကို ရသည်ရှိသော် အဘယ်မည်သော တယောက်သော သူရဲကောင်းသည်လည်း အဘယ်မည်သောအမှုကို မပြုဘဲရှိအံ့နည်းဟု ဆို၍ အိမ်ရှေ့မင်းသို့ကပ်၍ အရှင်မင်းမြတ် အကျွန်ုပ်တို့၏မင်းသည် တပါးသောရသေ့ကို အလွန်လျှင် မြတ်နိုး၏။ ထိုရသေ့၌ မင်းသည် အဘယ်မည်သောအမှုကို မြင်သနည်း၊ အရှင်တို့သည်လည်း မင်းနှင့် ပြောဆိုပါကုန်ဦးလော့ဟု ဆိုကုန်၏။ အိမ်ရှေ့ မင်းသည် ကောင်းပြီဟု ဝန်ခံ၍ အမတ်တို့နှင့်တကွ မင်းသို့ကပ်၍-

၂၅။ နယိမဿ ဝိဇ္ဇာမယမတ္ထိကိဉ္စိ၊
န ဗန္ဓဝေါ နော ပန တေ သဟာယော။
အထ ကေန ဝဏ္ဏေန တိရီဋဝစ္ဆော၊
တေဒဏ္ဍိကော ဘုဉ္ဇတိ အဂ္ဂပိဏ္ဍံ။

ဟူသော ရှေးဦးစွာသော ဤဂါထာတို့ကို ဆို၏။

၂၅။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမဿ၊ ဤတိရီဋဝစ္ဆရသေ့အား။ ကိဉ္စိ၊ တစုံတခုသော။ ဝိဇ္ဇာမယံ၊ အတတ်ဖြင့်ပြီးသော အမှုသည်။ န အတ္ထိ၊ မရှိ။ တေဒဏ္ဍိကော၊ တောင်ဝှေးသုံးခွကိုင်၍ သွားသော။ တိရိဋဝစ္ဆော၊ တိရီဋဝစ္ဆ ရသေ့သည်။ တေ၊ သင်မင်းကြီး၏။ န ဗန္ဓဝေါ၊ အဆွေအမျိုးလည်း မဟုတ်။ တေ၊ သင်မင်းကြီး၏။ နော ပန သဟာယော၊ ကစားဘက် အဆွေခင်ပွန်းလည်း မဟုတ်။ အထ၊ ထိုသို့ဖြစ်လျက်။ ကေန ဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။ အဂ္ဂပိဏ္ဍံ၊ ထမင်းဦးကို။ ဘုဉ္ဇတိ၊ စားရသနည်း။

ထိုစကားကို ကြား၍ မင်းသည် သားကို ခေါ်၍ အမောင် ပစ္စန္တရစ်သို့သွား၍ စစ်ထိုးရာမှရှုံးသော ငါ၏ နှစ်ရက် သုံးရက် မလာသောအဖြစ်ကို အောက်မေ့မိ၏လောဟု ဆို၍ အောက်မေ့မိ၏ဟု ဆိုလတ်သော် ထိုအခါ ငါသည် ဤရသေ့ကိုမှီ၍ အသက်ကို ရ၏ဟု အလုံးစုံသော အကြောင်းကိုကြား၍ အမောင် ငါ၏ အသက်ကို ပေးသောသူသည် ငါ၏အထံသို့ ရောက်သည်ရှိသော် မင်းအဖြစ်ကို ပေးသော်လည်း ထိုရသေ့ပြုသော ကျေးဇူးအားလျော်စွာ ပေးခြင်းငှါ မတတ်နိုင်သေးဟုဆို၍-

၂၆။ အာပါသု မေ ယုဒ္ဓပရာဇိတဿ၊
ဧကဿ ကတွာ ဝိဝနသ္မိံ ဃောရေ။
ပသာရယီ ကိစ္ဆဂတဿ ပါဏိံ၊
တေနူဒတာရိံ ဒုခသမ္ပရေတော။

၂၇။ ဧတဿ ကိစ္စေန ဣဓာနုပတ္တော၊
ဝေသာယိနော ဝိသယာ ဇီဝလောကေ။
လာဘာရဟော တာတ တိရီဋဝစ္ဆော၊
ဒေထဿ ဘောဂံ ယဇထဉ္စ ယညံ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၂၆။ တာတ၊ ချစ်သား။ အာပါသု၊ ဘေးရန်တို့ကြောင့်။ ယုဒ္ဓပရာဇိတဿ၊ စစ်ထိုးခြင်းမှရှုံးသော။ ဧကဿ၊ အဘော်မရှိ တယောက်တည်းသာဖြစ်သော။ ကိစ္စဂတဿ၊ ရေတွင်းသို့ကျ၍ ပင်ပန်းခြင်းသို့ရောက်သော။ မေ၊ ငါ့အား။ အယံ၊ ဤရသေ့သည်။ ဃောရေ၊ ကြမ်းကြုတ်သော။ ဝိဝနသ္မိံ၊ ရေမရှိသောတော၌။ ကတွာ၊ သနားခြင်းကိုပြု၍။ ပါဏိံ၊ ရေတွင်းမှ ဆယ်အံ့သောငှာ ဝီရိယနှင့်ယှဉ်သော လက်ကို။ ပသာရယီ၊ ကောင်းစွာဖြန့်ကမ်း၏။ တေန ကာရဏေန၊ ထိုရှင်ရသေ့လက်လှမ်းခြင်းဟူသော အကြောင်းကြောင့်။ အဟံ၊ ငါသည်။ ဒုခသမ္ပရေတော၊ ဒုက္ခသည် ဝန်းရံအပ်လျက်လည်း။ ဥဒတာရိံ၊ အထက်သို့တက်နိုင်၏။

၂၇။ ဧတဿ၊ ထိုတိရိဋဝစ္ဆ ရသေ့၏။ ကိစ္စေန၊ ထုတ်ဆယ်သော ကိစ္စအာနုဘော်ဖြင့်။ ဝေသာယိနော၊ ယမမင်း၏။ ဝိသယာ၊ နိုင်ငံမှ။ ဣဓ ဇီဝလောကေ၊ ဤလူ့ပြည်သို့။ အနုပတ္တော၊ တဖန် လာရောက်ပြန်သည်။ အမှိ၊ ဖြစ်၏။ တိရိဋဝစ္ဆော၊ တိရီဝစ္ဆရသေ့သည်။ လာဘာရဟော၊ ပစ္စည်းလေးပါးဟူသောလာဘ်ကို ခံထိုက်၏။ အဿ၊ ထိုတိရီဋဝစ္ဆရသေ့အား။ ဘောဂံ၊ အသုံးအဆောင်ကို။ ဒေထ၊ လှူကြကုန်လော့။ ယညဉ္စ၊ ယဇ်ကိုလည်း။ ယဇထ၊ ပူဇော်ကြကုန်လော့။

ဤသို့ မင်းသည် ကောင်းကင်ပြင်၌ လပြည့်ဝန်းကို ထင်စေဘိသကဲ့သို့ ဘုရားလောင်း၏ ဂုဏ်ကျေးဇူးကို ပြသည်ရှိသော် ဘုရားလောင်း၏ ဂုဏ်ကျေးဇူးသည် အလုံးစုံသောသူ၌ ထင်သည်ဖြစ်၏။ ဘုရားလောင်းအား လာဘသက္ကာရသည်လည်း အလွန်များသည် ဖြစ်၏။ ထိုအခါမှစ၍ အမတ်တို့ သည်၎င်း အိမ်ရှေ့မင်းသည်၎င်း တပါးသော အမှတ်မရှိသော သူသည်၎င်း မင်းကိုဆိုခြင်းငှာ မဝံ့သည်ဖြစ်၏။ မင်းသည် ဘုရားလောင်း၏ အဆုံးအမ၌တည်၍ အလှူပေးခြင်းအစရှိကုန်သော ကောင်းမှုတို့ကိုပြုကုန်၍ နတ်ပြည်ကို ပြည့်စေ၏။ ဘုရားလောင်းသည်လည်း အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ရှေးပညာရှိတို့သည်လည်း ကျေးဇူး၏ အစွမ်းအားဖြင့် ပြုဘူးကုန်၏ဟူ၍ ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အသက်သခင်၊ ကျေးဇူးရှင်၊ အစဉ်ပူဇော်ချစ်

ကိုးခု၏ပြည့်ကြောင်းဖြစ်သော တိရိဋဝစ္ဆဇာတ်သည် ပြီး၏။

*****