တိပလ္လတ္ထမိဂဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၆။ တိပလ္လတ္ထမိဂဇာတ်

ဧကကနိပါတ်-သီလဝဂ်

၆။ တိပလ္လတ္ထဇာတ်

ဆိုဆုံးမလွယ်ခြင်း သိက္ခာပုဒ်ကို စောင့်ရှောက်ခြင်း၏အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် မိဂံ တိပလ္လတ္ထံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤတိပလ္လတ္ထဇာတ်ကို ကောသမ္ဗီပြည် ဆီးတောကျောင်း၌ သီတင်းသုံးနေတော်မူစဉ် အကျင့်သိက္ခာပုဒ်ကို အလိုရှိသော ရာဟုလာမထေရ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ တရံရောအခါ သဗ္ဗညူမြတ်စွာဘုရားသည် အာဠဝီပြည် အဂ္ဂါဠဝစတေီ၌ သီတင်းသုံးနေတော်မူသည်ရှိသော် များစွာကုန်သော သီတင်းသည်ယောက်ျား သီတင်းသည်မိန်းမ ရဟန်းယောက်ျား ရဟန်းမိန်းမတို့သည် တရားနာအံ့သောငှာ ကျောင်းတော်သို့ လာကုန်၏။ နေ့အခါ တရားနာခြင်းသည် ဖြစ်၏။ ညကာလရောက်လတ်သည်ရှိသော်ကား သီတင်းသည်မိန်းမ ရဟန်းမိန်းမတို့သည် ပြန်သွားကုန်၏။ ထိုအခါမှစ၍ ညဉ့်၌ တရားနာခြင်းသည် ဖြစ်၏။ တရားနာသည်၏ အဆုံး၌ မထေရ်ဖြစ်ကုန်သော ရဟန်းတို့သည် မိမိတို့၏နေရာသို့ သွားကုန်၏။ ပဉ္စင်းငယ် သာမဏေတို့သည်ကား သီတင်းသည်တို့နှင့်တကွ အထူးဆည်းကပ်ရာ စရပ်၌ အိပ်ကုန်၏။ ထိုပဉ္စင်းငယ် သာမဏေတို့သည် အိပ်ပျော်လတ်သော် အချို့သော သူတို့သည် သရုတ်သရက်မြည်သော ထွက်သက်ဝင်သက်ရှိကုန်သည်ဖြစ်၍ ကျီးသံကဲ့သို့ မြည်ကုန်သည်ဖြစ်၍ သွားတို့ကို ကြိတ်ကုန်လျက် အိပ်ကုန်၏။ အချို့သောသူတို့သည် အတန်ငယ်အိပ်၍ ထကုန်၏။ ထိုရဟန်းတို့၏ ဖောက်ပြန်သော အခြင်းအရာကို မြင်ကုန်၍ မြတ်စွာဘုရားအား လျှောက်ကုန်၏။

ဘုန်းတော်ကြီးသော သဗ္ဗညူမြတ်စွာဘုရားသည် အကြင် ရဟန်းသည်ကား လူသာမဏေနှင့် တမိုးတရံတည်းသော ကျောင်း အိပ်ရာနေရာ၌ အတူတကွ အိပ်ငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ်သင့်၏ဟု သိက္ခာပုဒ်ကိုပညတ်တော်မူပြီး၍ ကောသမ္ဗီပြည်သို့ ကြွတော်မူ၏။ ထိုကောသမ္ဗီပြည်၌ ရဟန်းတို့သည် အရှင်ရာဟုလာကို ငါ့သျှင် ရာဟုလာ မြတ်ဘုရားသည် သိက္ခာပုဒ်ကို ပညတ်တော်မူအပ်ပြီ၊ ယခု ငါ့သျှင်အိပ်ရာနေရာကို ငါ့သျှင်သိလော့ဟု ဆိုကုန်၏။ ရှေး၌တမူကား ထိုရဟန်းတို့သည် မြတ်စွာဘုရား၌ ရိုသေသဖြင့်၎င်း ထိုရှင်ရာဟုလာ၏ သိက္ခာပုဒ်ကို အလိုရှိသည်၏အဖြစ်ကို စွဲ၍၎င်း မိမိနေရာအရပ်သို့ လာသော အရှင်ရာဟုလာကို အလွန်ချီးမြှောက်ကုန်၏။ ညောင်စောင်းငယ်ကိုခင်း၍ ခေါင်းအုံးစိမ့်သောငှာ သင်္ကန်းကို ပေးကြကုန်၏။ ထိုနေ့၌တမူကား သိက္ခာပုဒ်မှကြောက်ခြင်းကြောင့် နေရာအရပ်ကိုလည်း မပေးကုန်၊ ရာဟုလာ အရှင်မြတ်သည်လည်း ငါ၏အဘဟူ၍ မြတ်စွာဘုရားအထံတော်သို့၎င်း, ငါ၏ဥပဇ္ဈာယ်ဟု အရှင်သာရိပုတ္တရာအထံသို့၎င်း, ငါ၏ သရဏဂုံဆရာဟု အရှင်မောဂ္ဂလာန်အထံသို့၎င်း, ငါ၏ဘထွေးဟု အရှင်အာနန္ဒာမထေရ်၏ အထံသို့၎င်း, မသွားမူ၍ ဗြဟ္မဗိမာန်သို့ဝင်သော ဗြဟ္မာကဲ့သို့ ဘုရားသုံးဆောင်တော်မူသော ဝစ္စကုဋိတော်သို့ဝင်၍ အိပ်နေခြင်းကိုပြု၏။ ထိုစကားသည် သင့်၏။ မြတ်စွာဘုရားတို့၏ အသုံးအဆောင်ကုဋိသည် ကောင်းစွာ ပိတ်အပ်သော တံခါးရှိ၏။ နံ့သာ အမွှေးအကြိုင်တို့ဖြင့် အပြေအပြစ် ပြုအပ်သော မြေရှိ၏။ နံ့သာ ပန်းဆိုင်းတို့ကို ထက်ဝန်းကျင် ဆွဲအပ်၏။ ခပ်သိမ်းသော ညဉ့်ပတ်လုံး ထွန်းအပ်သောဆီမီးရှိ၏။ ရာဟုလာ အရှင်မြတ်သည်တမူကား ထိုဝစ္စကုဋိ၏ ဤဆိုအပ်ပြီးသော ပြည့်စုံခြင်းကိုစွဲ၍ ထိုဝစ္စကုဋိတော်၌ အိပ်နေခြင်းကိုပြုသည်မဟုတ်၊ ရဟန်းတို့သည်ကား အိပ်ရာနေရာအရပ်ကို သိလေလောဟု ဆိုအပ်သည်၏အဖြစ်ကြောင့် အဆုံးအမတော်၌ ရိုသေသဖြင့် သိက္ခာပုဒ်ကို အလိုရှိသည်၏ အဖြစ်ကြောင့် ထိုဝစ္စကုဋိတော်၌ အိပ်နေခြင်းကိုပြု၏။

အကြား အကြား၌လည်း ရဟန်းတို့သည် အဝေးမှလာလတ်သော အရှင်ရာဟုလာကို မြင်ကုန်၍ အရှင်ရာဟုလာကို စုံစမ်းအံ့သောငှါ တံမြက်ဆုပ် တံမြက်ချေးစွန့်သော တောင်းတို့ကို အပသိုပစ်ကုန်၍ အရှင်ရာဟုလာရောက်သည်ရှိသော် ငါ့သျှင်တို့ ဤတံမြက်ဆုပ် တံမြက်ချေး စွန့်အပ်သော တောင်းများကို အဘယ်သူသည် စွန့်ပစ်သနည်းဟု ဆိုကုန်၏။ အချို့သော ရဟန်းတို့သည် အရှင်ရာဟုလာသည် ဤခရီးဖြင့် သွားသတည်းဟု ဆိုကုန်လတ်သော် အရှင်ရာဟုလာသည်လည်း အရှင်ဘုရားတို့ အကျွန်ုပ်သည် ဤအမှုကို မသိဟု မဆိုမူ၍လျှင် ထိုတံမြက်ဆုပ် တံမြက်ချေးစွန့်တောင်းများကို သိုမှီးသိမ်းဆည်း၍ အရှင်ဘုရားတို့ အကျွန်ုပ်အား သည်းခံတော်မူပါကုန်ဟု ကန်တော့၍ သွား၏။ ဤသို့လျှင် အရှင်ရာဟုလာ သိက္ခာပုဒ်ကို အလိုရှိ၏။ ထိုအရှင်ရာဟုလာသည် ဤသို့ သိက္ခာပုဒ်ကို အလိုရှိသည်၏ အဖြစ်ကိုသာလျှင်စွဲ၍ ထိုဝစ္စကုဋိတော်၌ အိပ်ခြင်းကို ပြု၏။ ထိုအခါ သဗ္ဗညူမြတ်ဘုရားသည် အရုဏ်မတက်မီလျှင် ဝစ္စကုဋိတံခါး၌ရပ်၍ ချောင်းညံ့၏။ ရှင်ရာဟုလာသည်လည်း ချောင်းညံ့၏။ ဤသူကား အဘယ်သူနည်းဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ် ရာဟုလာပါတည်းဟု ထွက်၍ ရှိခိုး၏။ ရာဟုလာ သင်သည် ဤ၌ အဘယ့်ကြောင့် အိပ်သနည်းဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အိပ်ရာအရပ် မရှိသောကြောင့် အိပ်ရသည်ဖြစ်၏။ ရှေး၌ ရဟန်းတို့သည် အကျွန်ုပ်အား ထောက်ပံ့ကုန်၏။ ယခုအခါ မိမိတို့၏ အာပတ်သင့်ခြင်းမှကြောက်ခြင်းကြောင့် အကျွန်ုပ်အား နေရာအရပ်ကို မပေးကုန်၊ အကျွန်ုပ်သည် ဤအရပ်ကား သူတပါးတို့နှင့် မစပ်သော အရပ်တည်းဟု ဤအိမ်၌ အိပ်၏ဟု အရှင်ရာဟုလာသည် နားတော်လျှောက်၏။ ထိုအခါ မြတ်စွာဘုရားအား ရာဟုကိုစင်လျက် ရဟန်းတို့သည် ဤသို့ စွန့်သေး၏။ တပါးသော အမျိုးသားတို့ကို ရှင်ပြုကုန်၍ အသို့ပြုကုန်လတ္တံ့နည်းဟု ဓမ္မသံဝေဂသည် ဖြစ်တော်မူ၏။

ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် စောစောကလျှင် ရဟန်းတို့ကိုစည်းဝေးစေ၍ သာရိပုတ္တရာ ယနေ့ အဘယ်မှာ ရာဟုလာ အိပ်၏ဟူ၍ ရာဟုလာ၏ အိပ်ရာအရပ်ကို သိ၏လောဟု အရှင်သာရိပုတ္တရာမထေရ်ကို မေးတော်မူ၏။ ဘုန်းတော်ကြီးသောအရှင်ဘုရား မသိပေဟုနားတော်လျှောက်၏။ သာရိပုတ္တရာ ယနေ့ ရာဟုလာသည် ဝစ္စကုဋိ၌ အိပ်၏။ သာရိပုတ္တရာ ရာဟုလာကို သင်တို့သည် ဤသို့ စွန့်ကုန်လတ်သော် တပါးကုန်သော အမျိုးသားတို့ကို ရှင်ပြုကုန်၍ အသို့ပြုကုန်လတ္တံ့နည်း၊ ဤသို့ စွန့်အပ်သည်ရှိသော် ဤသာသနာတော်၌ ရှင်ပြုကုန်၍ တည်ရာမရကုန်သည် ဖြစ်ကုန်လတ္တံ့၊ ယခုနေ့မှစ၍ လူသာမဏေတို့ကို တရက် နှစ်ရက် မိမိအထံ၌ အိပ်စေ၍ သုံးရက်မြောက်၌ လူသာမဏေတို့၏ အိပ်ရာနေရာအရပ်ကိုသိ၍ အပ၌ အိပ်စေကြကုန်လော၊ ဤသို့ အနုပညတ်ကို ပြုတော်မူ၍ တဖန် သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ စည်းဝေးကုန်လျက် အရှင်ရာဟုလာ၏ ကျေးဇူးစကားကို ပြောဆိုကြကုန်၏။ အဘယ်သို့ ပြောဆိုကြကုန်သနည်းဟူမူကား ငါ့သျှင်တို့ အရှင်ရာဟုလာသည် သင်၏နေရာကို သိလေလောဟု ဆိုအပ်သည်ရှိသော် ငါ ဘုရားသားတည်း၊ သင်တို့သည်သာလျှင် ငါတို့ကျောင်းမှ ထွက်ကြကုန်လောဟု တယောက်သော ရဟန်းကိုလည်း မဆိုမူ၍ ဝစ္စကုဋီ၌ အိပ်နေခြင်းကို ပြု၏။ ဤအရှင်ရာဟုလာသည် စင်စစ်သဖြင့် သိက္ခာပုဒ်ကို အလွန်လျှင် အလိုရှိ၏။ ဤအရှင်ရာဟုလာကို ကြည့်ကြပါကုန်လောဟု ကျေးဇူးကို ပြောကြကုန်၏။

ဤသို့ ထိုရဟန်းတို့သည် အရှင်ရာဟုလာ၏ ဂုဏ်ကျေးဇူးကို ပြောဆိုလတ်ကုန်သော် သဗ္ဗညူမြတ်စွာဘုရားသည် တရားသဘင်သို့ ကြွတော်မူလာ၍ တန်ဆာဆင်အပ်သော တရားဟောပလ္လင်၌ နေတော်မူ၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အရှင်ရာဟုလာ၏ သိက္ခာကို အလိုရှိသောစကားဖြင့် စည်းဝေးပါကုန်၏။ တပါးသောစကားဖြင့် မစည်းဝေးပါကုန်ဟု လျှောက်ကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့ ရာဟုလာကား ယခုအခါ၌သာလျှင် သိက္ခာကို အလိုရှိသည် မဟုတ်သေး၊ ရှေးတိရစ္ဆာန်မျိုး၌ ဖြစ်သောအခါ၌လည်း သိက္ခာကို အလိုရှိသည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ရာဇဂြိုဟ်ပြည်၌ တယောက်သော မဂဓမင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် သမင်မျိုး၌ဖြစ်၍ သမင်အပေါင်းခြံရံလျက် တော၌ နေ၏။ ထိုအခါ ဘုရားလောင်း၏ နှမသည် မိမိသားငယ်ကို ဆောင်ခဲ့၍ မောင်ကြီး ဤသမင်ကား မောင်ကြီး၏ တူတည်း၊ ဤသမင်အား မိဂမာယာကို မောင်ကြီး သင်ပါဟုဆို၏။ ဘုရားလောင်းသည် ကောင်းပြီဟု ဝန်ခံ၍ တူချစ် သင်သွာလေဦး၊ ဤမည်သောအခါမှ လာ၍သင်လှည့်လော့ဟု ဆို၏။ ထိုသမင်သည် ဦးရီးမှာသောအခါကို မလွန်စေမူ၍ ဦးရီးအထံသို့ ဆည်းကပ်၍ မိဂမာယာကို သင်၏။ မိဂမာယာကို သင်ပြီးသော် ထိုသမင်သည် တနေ့သ၌ တောဝယ် ကျက်စားလတ်သော် ကျော့ကွင်းမိ၍ မိသောအသံကို မြည်၏။ သမင်အပေါင်းသည် ပြေး၍ သင့်သားကို ကျော့ကွင်းမိ၏ဟု အမိသမင်မကိုပြော၏။ ထိုသမင်မသည် မောင့်အထံသို့သွား၍ မောင်ကြီးတူကို မောင်ကြီးသည် မိဂမာယာကို သင်ပါ၏လောဟု မေး၏။ ဘုရားလောင်းသည် နှမ သင်သည် သား၏တစုံတခုသော ဘေးဘျမ်းကိုမစိုးရိမ်လင့်၊ သင့်သားသည် မိဂမာယာကို ကောင်းစွာ သင်အပ်လေပြီ၊ ယခုပင် သင့်ကို ရွှင်စေလျက် လာလတ္တံ့ဟု ဆို၍-

၁၆။ မိဂံ တိပလ္လတ္ထမနေကမာယံ၊
အဋ္ဌက္ခုရံ အဍ္ဎရတ္တာပပါယိံ။
ဧကေန သောတေန ဆမာဿသန္တော
ဆဟိ ကလာဟိတိဘောတိ ဘာဂိနေယျော။

ဟူသော ဤဂါထာကို ဆို၏။

၁၆။ ဘောတိ၊ အိုနှမ။ အဟံ၊ ငါသည်။ တိပလ္လတ္ထံ၊ နံပါးနှစ်ဘက်တို့ဖြင့် အိပ်ခြင်း အနှောင့်အိပ်ခြင်း၏ အစွမ်းအားဖြင့် သုံးပါးသောအခြင်းအရာတို့ဖြင့် အိပ်ခြင်းရှိထသော။ အနေကမာယံ၊ များသော လှည့်ပတ်ခြင်းရှိထသော။ အဋ္ဌက္ခုရံ၊ ခွါရှစ်ခုတို့နှင့် ပြည့်စုံ ထသော။ အဍ္ဎရတ္တာပပါယိံ၊ ညဉ့်ဦးယံကို လွန်၍ သန်းခေါင်ယံမှ တောကလာ၍ ရေကိုသောက်လေ့ရှိထသော။ တနည်းကား။ သန်းခေါင်ယံ၌သာလျှင် ရေကို သောက်လေ့ရှိထသော။ မိဂံ၊ တူ သမင်ကို။ မိဂမာယံ၊ မိဂမာယာကို။ ဥဂ္ဂဏှာပေသိံ၊ သင်စေပြီ။ ကထံ၊ အသို့သင်သနည်းဟူမူကား။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ဘာဂိနေယျော၊ တူသမင်သည်။ ဧကေန သောတေန၊ မြေ၌ ကပ်သော တဘက်သော နားနှာခေါင်းဖြင့်သာ။ ဆမာယံ၊ မြေ၌။ အဿသန္တော၊ ထွက်သက်ကို ဖြစ်စေလျက်။ ဆဟိ၊ အခြေလေးဘက်တို့ကိုဆန့်၍ နံပါးတဘက်ဖြင့်အိပ်ခြင်း ခွါတို့ဖြင့် မြေကိုယက်ခြင်း လျှာကို တွဲလျားကျစေခြင်း, ဝမ်းကို ဖူးဖူးရောင်စေခြင်း ကျင်ကြီး ကျင်ငယ်ကိုလွှတ်ခြင်း ထွက်သက် ဝင်သက်လေကိုချုပ်ခြင်းဟု ဆိုအပ်ကုန်သော ခြောက်ပါးကုန်သော။ ကလာဟိ၊ အဘို့တို့ဖြင့်။ တနည်းကား- ဆဟိ၊ ခြေဖြင့် မြေကိုယူ၍ရှေ့ရှုပြင်ခြင်း တွန်းခြင်း နံပါးနှစ်ဘက်တို့၌လွန့်ယက်ရာကိုဖြစ်စေခြင်း ဝမ်းကိုအထက်သို့ တက်စေခြင်း အောက်သို့ ရှိူက်စေခြင်းဟူသော ခြောက်ပါးကုန်သော။ ကလာဟိ၊ အဘို့တို့ဖြင့်။ လုဒ္ဒကံ၊ မုဆိုးကို။ အတိဘောတိ၊ လွှမ်းမိုးနိုင်၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ မိဂမာယံ၊ မိဂမာယာကို။ ဥဂ္ဂဏှာပေသိံ၊ သင်စေပြီ။

ထိုသမင်ငယ်သည်လည်း ကျော့ကွင်းမိလတ်သော် မတုန်မလှုပ်မူ၍လျှင် လကျ်ာနံပါးဖြင့် လက်ခြေတို့ကိုဆန့်လျက် အိပ်၏။ ခြေတို့၏ အနီးအရပ်၌ ခွါတို့ဖြင့် ကန်၍ မြက်တို့ကို ကွာကျွတ်စေ၍ ကျင်ကြီး ကျင်ငယ်ကိုစွန့်၍ ဦးခေါင်းကိုကျစေ၍ လျှာကို ထွက်စေ၍ ကိုယ်ကို တံတွေးလိမ်းကျံသည်ကို ပြု၍ လေကိုယူသဖြင့် ဝမ်းကို ဖူးဖူးရောင်အောင်ပြု၍ မျက်စိတို့ကိုလည်စေ၍ အောက် နား နှာခေါင်းဖြင့် ထွက်သက် ဝင်သက် လေကို သွားလာစေလျက် အထက် နား နှာခေါင်းက ထွက်သက် ဝင်သက်လေကို ချုပ်စေ၍ ကိုယ်အလုံးကို တောင့်မာစွာပြု၍ သေဟန်ကိုပြု၏။ ယင်ညိုတို့သည်လည်း ထိုသမင်ကို အုံကုန်၏။ ထိုထိုအရပ်၌ ကျီးတို့သည် နားကုန်၏။ မုဆိုးသည် လာလတ်၍ ဝမ်းကို လက်ဖြင့်ခတ်၍ စောစောကလျှင် မိသည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ယခု ပုပ်လေပြီဟု ထိုသမင်၌မိသော ကြိုးတို့ကိုဖြေ၍ ယခု ဤ၌ပင်လျှင် ဤသမင်ကိုဖျက်၍ အသားကိုယူ၍ သွားအံ့ဟု သင်္ကာကင်း၍ သစ်ခက် သစ်ရွက်တို့ကို ယူအံ့သောငှါ အားထုတ်၏။ သမင်ငယ်သည် အခြေလေးဘက်တို့ဖြင့် ရပ်၍ ကိုယ်ကိုခါလျက် လည်ကိုဆန့်လျက် ကြီးစွာသော လေကြောင့်ဖြစ်သော တိမ်ကဲ့သို့ မြန်လှစွာသော အဟုန်ဖြင့် အမိထံသို့ ပြေး၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည်လည်း ရဟန်းတို့ ရာဟုလာသည် ယခုသာလျှင် သိက္ခာကိုအလိုရှိသည် မဟုတ်သေး၊ ရှေး၌လည်း သိက္ခာကို အလိုရှိသည်သာလျှင်တည်းဟု ဤဓမ္မဒေသနာကို ဆောင်၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ရာဟုလာသည် ထိုအခါ တူသမင်ငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ အမိ သမင်မ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဦးရီးသမင် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဆုံးမသည့်ခါ၊ လိုက်နာပါ၊ ပမာရာဟုလာ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော တိပလ္လတ္ထဇာတ်သည် ပြီး၏။

*****