တရားရတနာ

From Wikisource
Jump to navigation Jump to search
မိရိုးဖလာလွန် ဗုဒ္ဓဘာသာ  (၁၉၇၅ ခုနှစ်)  by ဆရာသောင်းလွင် (ဘီအေ)
တရားရတနာ

တရားရတနာ

အခန်း-၃

မေး။ ။ ဘုရားရှင် လေးဆယ့်ငါးဝါအတွင်း ဟောတော်မူခဲ့တဲ့ ဒေသနာတော်တွေကို ဘာဖြစ်လို့ တရားလို့ ခေါ်သလဲ။

ဖြေ။ ။ ဘုရားရှင်ဟောခဲ့တဲ့ ဒေသနာတော်တွေဟာ မျက်နှာလိုက်ခြင်း၊ ဘက်လိုက်ခြင်းမရှိဘဲ ပုဂ္ဂိုလ်မရွေး၊ လူမျိုးမရွေး မိမိရဲ့ ပင်ကိုယ်သဘောတရားအတိုင်း ဖြောင့်ဖြောင့်မတ်မတ် ဆောင်ရွက်တတ်လို့ ဓမ္မတရားလို့ ခေါ်တယ်။ လောဘ ဒေါသတရားတွေဟာ ဘယ်ပုဂ္ဂိုလ် ဘယ်ဒေသမှာပဲဖြစ်ဖြစ် လိုချင်တယ်၊ ကြမ်းတမ်းတယ်၊ အဲဒီ လောဘ ဒေါသရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှဟာ လူပဲဖြစ်ဖြစ်၊ နတ်ပဲဖြစ်ဖြစ် ဆင်းရဲသားပဲဖြစ်ဖြစ်၊ သူဌေးသားပဲဖြစ်ဖြစ် အပါယ်ငရဲကျရောက်ရမယ်။

အလားတူပဲ ဒါန သီလမှုတွေကို လူပဲ လုပ်လုပ်၊ နတ်ပဲလုပ်လုပ်၊ သူဌေးပဲ လုပ်လုပ်၊ ဆင်းရဲသားပဲ လုပ်လုပ် ကောင်းကျိုးခံစားရမယ်။ လူချမ်းသာ နတ်ချမ်းသာကို ရမယ်။ အဲဒီလို ပုဂ္ဂိုလ် ဒေသမရွေး မျက်နှာမလိုက် မိမိရဲ့ မူလသဘောအတိုင်း ဆောင်ရွက်တတ်လို့ တရားလို့ ခေါ်တယ်။

မေး။ ။ ဘုရားရှင်ဟောခဲ့တဲ့ တရားတွေကို ဘာဖြစ်လို့ ပိဋကသုံးပုံလို့ ခေါ်သလဲ။

ဖြေ။ ။ ပိဋကဆိုတာက တောင်း၊ ခြင်းတောင်းလို့ အဓိပ္ပာယ်ရတယ်။ ဘုရားရှင်ဟောခဲ့တဲ့ တရားတော်တွေကို တူရာ တူရာ စုပေါင်းပြီး တောင်းထဲကို ထည့်လိုက်မယ်ဆိုရင် သုတ္တန်တရားတွေက တစ်တောင်း၊ ဝိနည်းတရားတွေက တစ်တောင်း၊ အဘိဓမ္မာတရားတွေက တစ်တောင်းဆိုပြီး ၃-တောင်းပဲ ရတယ်။ အမျိုးတူရာ စုပေါင်းထားတဲ့ တရားသုံးမျိုးကို ပိဋကသုံးပုံလို့ ခေါ်တယ်။

မေး။ ။ သုတ္တန်တရားဆိုတာက ဘယ်လိုတရားမျိုးလဲ။

ဖြေ။ ။ သုတ္တန်တရားဆိုတာက ကာလ ဒေသ အကြောင်းအရာအခြေအနေ ပုဂ္ဂိုလ်အခြေအနေကိုကြည့်ပြီး ဟောတဲ့တရားမျိုး ဖြစ်တယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်ကို ဟောတဲ့တရားဟာ ထိုပုဂ္ဂိုလ်နဲ့ ဟပ်ချင်မှ ဟပ်တယ်။ ပိဋကအာဂုံဆောင် ရှင်ပေါဋ္ဌိလရဟန်းကြီးကို တုစ္ဆ = မဂ်ဖိုလ်မရတဲ့ အလကားရဟန်းလို့ ဘုရားရှင်က ကဲ့ရဲ့တာကို ပုံစံယူပြီး ပိဋကသင်ဖို့မလိုဘူး၊ တရားအားထုတ်တာသာ ဘုရားအလိုကျ ဖြစ်တယ်လို့ ပြောဆိုထင်မြင်တာမျိုးတွေ ရှိတယ်။ ဘုရားကို သိပ်ကြည်ညိုနေတဲ့ ဝက္ကလိကို ဘုရားရှင်က ငါဘုရားရဲ့ ခန္ဓာကိုယ် အပုပ်ကောင်ကြီး ကြည့်နေဖို့ မလိုဘူးလို့ ဟောတယ်။ ရှင်ဝက္ကလိ၊ ရှင်ပေါဋ္ဌိလတို့က ပဋိပတ်အဆင့်တက်ဖို့ လိုနေလို့ သတိပေးတာ ဖြစ်တယ်။ ကိုယ်က ရှင်ဝက္ကလိ ရှင်ပေါဋ္ဌိလတို့လို သဒ္ဓါတရားမျိုးတောင် မရောက်သေးဘဲနဲ့ ဘုရားရှိခိုးဖို့မလို၊ စာသင်ဖို့မလိုဘူးလို့ ပြောလို့ မရဘူး။ ဆိုလိုတာက သုတ္တန်တရားဆိုတာ ပုဂ္ဂိုလ်အခြေအနေအရ ဟောတာဖြစ်လို့ ရှေ့နောက်ညှိနှိုင်းယူရတယ်။

မေး။ ။ ဝိနည်းပိဋကဆိုတာက ဘာလဲ။

ဖြေ။ ။ ဝိနည်းပိဋကဆိုတာက ရဟန်းတော်တွေ လိုက်နာကျင့်ကြံဖို့ ဘုရားရှင်ပညတ်ထားတဲ့ ဘုရားဥပဒေတွေ ဖြစ်တယ်။ ဘုရားရှင်ရဲ့ သာသနာတော်ဟာ အရှည်တည်တံ့ဖို့အတွက် သံဃာ့အဖွဲ့ကို ဘုရားရှင် ဖွဲ့စည်းခဲ့တယ်။ ဒီသံဃာ့အဖွဲ့ဟာ သာမန်လူတွေထက် နေထိုင်သွားလာ ကျင့်ကြံမှု ပစ္စည်းအဆင်မြင့်ဖို့ လိုတယ်။ အဲဒီလို အဆင့်မြင့်မှလဲ လူတွေရဲ့ ပစ္စည်းလေးပါးကို အလွယ်တကူ ခံယူရရှိကာ စားဝတ်နေရေး ဒုက္ခကင်းပြီး စာပေပရိယတ် သင်ကြားပို့ချ၊ တရားဟော၊ မဂ်ဖိုလ်ရအောင်လဲကျင့်၊ မဂ်ဖိုလ်ရအောင်လဲ တရားပြသနိုင်မယ်။ သာသနာတော် အရှည်တည်တံ့ရေးမှာ ရဟန်းတော်တွေရဲ့ အကျင့်သိက္ခာ စင်ကြယ်ဖို့ဟာ အရေးပါတဲ့အတွက် သံဃာ့အဖွဲ့ကြီးရဲ့ ကျင့်ဝတ် ဝိနည်းဥပဒေတွေကို ပညတ်ခဲ့တယ်။ ဒီဝိနည်းဥပဒေတွေကို ဝိနည်းပိဋကလို့ ခေါ်ခြင်းဖြစ်တယ်။

ပါရာဇိကဏ်၊ ပါစိတ်၊ မဟာဝါ၊ စူဠဝါ၊ ပရိဝါဆိုပြီး ဝိနည်းငါးကျမ်း ရှိတယ်။

မေး။ ။ အဘိဓမ္မာပိဋကဆိုတာက ဘာလဲ။

ဖြေ။ ။ အဘိဓမ္မာပိဋကဆိုတာက သုတ္တန်ဝိနည်းတွေထက် ထူးကဲလေးနက်တဲ့ တရားတော်တွေလို့ ဆိုလိုတယ်။ အဘိဓမ္မာက ပုဂ္ဂိုလ် နေရာဒေသတွေကို လုံးဝမကြည့်ဘဲ မဖောက်မပြန် မှန်ကန်တိကျတဲ့ တရားတွေကိုသာ ဟောတယ်။ လောဘဆိုရင် ခွေးလောဘ၊ လူလောဘ၊ နတ်လောဘ အတူတူပဲ၊ လိုချင်တဲ့သဘောရှိပြီး အပါယ်ငရဲကို ရောက်စေတတ်တာချည်းပဲ၊ သူဌေးကလှူလှူ၊ ဆင်းရဲသားကလှူလှူ၊ လူကလှူလှူ၊ နတ်ကလှူလှူ တရားကိုယ်အားဖြင့်တော့ စေတနာတစ်ခုတည်းပဲ။ အခုလို ပရမတ္ထတရားတွေကို ဟောပြတဲ့ ဒေသနာကို အဘိဓမ္မာပိဋကလို့ ခေါ်တယ်။

ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဆိုပြီး အဘိဓမ္မာ ၇-ကျမ်းရှိတယ်။

မေး။ ။ နိကာယ်ငါးရပ်ဆိုတာက ဘာလဲ။

ဖြေ။ ။ နိကာယ်ဆိုတာက ပါဠိဘာသာ နိကာယက တစ်ဆင့်ပြောင်းခေါ်တဲ့ မြန်မာအမည်ဖြစ်တယ်။ အဲဒီပါဠိရဲ့ မြန်မာအဓိပ္ပာယ်ကတော့ အစုအပေါင်း ပေါင်းချုပ်လို့ ဆိုလိုတယ်။ ဒီဃနိကာယ်၊ မဇ္ဈိမနိကာယ်၊ သံယုတ္တနိကာယ်၊ အင်္ဂုတ္တရနိကာယ်၊ ခုဒ္ဒကနိကာယ်ဆိုပြီး နိကာယ်ငါးရပ် ရှိတယ်။

ဒီဃနိကာယ်ဆိုတာက သုတ်ရှည်တွေကို စုပေါင်းထားတဲ့ သုတ်ရှည်ပေါင်းချုပ်ကျမ်း ဖြစ်တယ်။ ဒီဃနိကာယ် ၃-ကျမ်း ရှိတယ်။

သုတ်လတ်တွေကို စုပေါင်းထားတဲ့ သုတ်လတ်ပေါင်းချုပ်ကို မဇ္ဈိမနိကာယ်လို့ ခေါ်တယ်။ မဇ္ဈိမနိကာယ် ၃-ကျမ်း ရှိတယ်။

စပ်ရာစပ်ရာ တရားတွေကို စုပေါင်းထားတဲ့ တရားပေါင်းချုပ်ကို သံယုတ္တနိကာယ်လို့ ခေါ်တယ်။ သံယုတ္တနိကာယ် သုံးကျမ်းရှိတယ်။

တစ်ခု တစ်ခု တိုးသွားတဲ့တရားတွေကို စုပေါင်းထားတဲ့ တစ်ခုတိုး တရားပေါင်းချုပ်ကျမ်းကို အင်္ဂုတ္တရနိကာယ်လို့ ခေါ်တယ်။ တစ်ပါးစုတရား၊ နှစ်ပါးစုတရား … ၁၁-ပါးစုတရားဆိုပြီး အင်္ဂုတ္တိုရ် ၁၁-ကျမ်းရှိတယ်။ စာအုပ်အဖြစ်တော့ ၃-အုပ်ရှိတယ်။

တရားအတိုတွေကို စုပေါင်းထားတဲ့ တရားအတိုပေါင်းချုပ်ကို ခုဒ္ဒကနိကာယ်လို့ ခေါ်တယ်။ ဒီခုဒ္ဒကနိကာယ်ထဲမှာ ဝိနည်းငါးကျမ်းလဲ ပါတယ်။ အဘိဓမ္မာ ၇-ကျမ်းလဲ ပါတယ်။ သုတ္တန်ပိဋကထဲက သုတ္တနိပါတ်စတဲ့ သုတ္တန် ၁၁-ကျမ်းလဲ ပါတယ်။ ခုဒ္ဒကနိကာယ်မှတပါး ကျန်နိကာယ် လေးရပ်ဟာလဲ သုတ္တန်ပိဋကတွေသာ ဖြစ်တယ်။

မေး။ ။ အများပြောနေကြတဲ့ သုတ်သုံးကျမ်းဆိုတာ ဘာလဲ။

ဖြေ။ ။ အမှန်မှာတော့ သုတ္တန် ၂၃-ကျမ်းရှိပါတယ်။ စာသင်သား ရဟန်းတော်တွေဟာ သုတ္တန်ကျမ်းတွေကို အကုန်အစင် သင်ယူနိုင်ဖို့ မလွယ်ကူတဲ့အတွက် သုတ် ၂၃-ကျမ်းထဲက အစဆုံး ဒီဃနိကာယ် ၃-ကျမ်းကိုပဲ သင်ရိုးသုတ္တန် ပိဋကသုံးကျမ်းလို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် သုတ်သုံးကျမ်းဆိုတာ သင်ရိုးပိဋကသုံးပုံမှာပြတဲ့ ဒီဃနိကာယ် ၃-ကျမ်းကို ခေါ်တယ်လို့ မှတ်ပါ။ အမှန်တော့ သုတ္တန်ပိဋကဟာ ၂၃-ကျမ်း ရှိပါတယ်။

မေး။ ။ ပိဋကသုံးပုံ ဗေဒင်လေးပုံ အကုန်တတ်တယ်ဆိုရာမှာ ဗေဒင်လေးပုံဆိုတာ ဘာလဲ။

ဖြေ။ ။ ဗေဒင်လေးပုံဆိုတာက ဘုရားဟော တရားတော် မဟုတ်ပါဘူး။ ဘုရားမပွင့်မီက အိန္ဒိယပြည်မှာရှိနေတဲ့ ဟိန္ဒူဘာသာရေး ကျမ်းကြီးတွေ ဖြစ်ပါတယ်။ သာမ၊ ယဇု၊ ဣသျှု၊ အာထဗ္ဗဏဆိုတဲ့ ဝေဒကျမ်းကြီး လေးကျမ်းကို မြန်မာတွေက ဗေဒင်လေးပုံလို့ ခေါ်တာ ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ်မစမီ နှစ်ပေါင်း ၁၀၀၀ ကျော်လောက်က အိန္ဒိယပြည်ထဲကို ဝင်လာခဲ့တဲ့ အာရိယန်လူမျိုးတွေက အဆင့်ဆင့် အာဂုံဆောင်လာခဲ့တဲ့ အိန္ဒိယပြည်ရဲ့ အစောဆုံး ဟိန္ဒူဘာသာရေးကျမ်းတွေ ဖြစ်ပါတယ်။

မေး။ ။ သာသနာဆိုတာ ဘာလဲ၊ သာသနာ ဘယ်နှစ်မျိုး ရှိသလဲ။

ဖြေ။ ။ သာသနာဆိုတာ အဆုံးအမ သွန်သင်ညွှန်ကြားချက်လို့ ဆိုတယ်။ ဗုဒ္ဓဘာသာ ဆိုတာက ဘုရားရှင်ရဲ့ အဆုံးအမ သြဝါဒလို့ ဆိုလိုတယ်။ သာသနာဟာ သုံးပါးရှိတယ်။

၁။ ပိဋကသုံးပုံ နိကာယ်ငါးရပ်ကို သိအောင် သင်အံလေ့ကျက်တာကို ပရိယတ္တိသာသနာလို့ ခေါ်တယ်။

၂။ ဘုရားရှင် ဟောတော်မူတဲ့အတိုင်း စျာန် မဂ်ဖိုလ်တရားကို ရရာရကြောင်း ကျင့်ကြံအားထုတ်တာကို ပဋိပတ္တိသာသနာလို့ ခေါ်တယ်။

၃။ မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ ၉-ပါးကို သိရှိခံစားရတာကို ပဋိဝေဓသာသနာလို့ ခေါ်တယ်။

မေး။ ။ စာပေပရိယတ် သင်ကြားနည်း ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ သုံးနည်းရှိပါတယ်။

၁။ အလဂဒ္ဒုပမာ မြွေအလမ္ပာယ်ဆရာနှင့် တူသော စာသင်နည်းဆိုတာက မြွေအလမ္ပာယ်ဆရာဟာ မြွေဆေးပြီးတယ်ဆိုပြီး မြွေကို ခေါင်းတို့ အမြီးတို့လုပ်ရာ မြွေက ကိုက်လိုက်တော့ သေရသလို စာပေကျမ်းဂန်တွေကို သင်တဲ့လူဟာ သူတစ်ပါးကို ဟိုမေး ဒီမေး ဒုက္ခပေးဖို့ ရည်ရွယ်ချက်နဲ့ သင်တာမျိုးဖြစ်တယ်။

၂။ နိဿရဏတ္ထ = လွတ်မြောက်ရေးအတွက် သင်နည်းဆိုတာက စာပေကျမ်းဂန်ကို တတ်အောင် သင်တယ်။ တတ်ပြီးတော့ မိမိကိုယ်တိုင်လဲ ဝဋ်ဒုက္ခက ကင်းလွတ်အောင် ကျင့်မယ်။ သူတစ်ပါးကိုလဲ ဝဋ်ဒုက္ခမှ ကင်းအောင်ကျင့်ဖို့ ညွှန်ကြားပြသမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်ကြားနည်းမျိုး ဖြစ်တယ်။

၃။ ဓမ္မဘဏ္ဍာဂါရိက = တရားဘဏ္ဍာစိုး စာသင်နည်းဆိုတာက ရဟန္တာအရှင်မြတ်တွေဟာ မဂ်ဖိုလ်နိဗ္ဗာန်ရပြီး ဖြစ်ပေမယ့် တရားတော်တွေ မပျောက်မပျက်ရအောင် ထိန်းသိမ်းတဲ့အနေနဲ့ သင်ကြားခြင်းမျိုး ဖြစ်တယ်။

အဲဒီသုံးမျိုးထဲက နံပါတ် ၂၊ နိဿရဏတ္ထ စာသင်နည်းမျိုး သင်ဖို့၊ သင်ပြီးရင် ကိုယ်တိုင်လဲကျင့်၊ သူတစ်ပါးကိုလဲ ကျင့်အောင် ဟောပြောပြသဖို့ လိုတယ်။

မေး။ ။ ပိဋကသုံးပုံ အာဂုံဆောင်ပြီး စာချနေတဲ့ ဆရာတော်ဦးပေါဋ္ဌိလကို ဘုရားရှင်က ဘာဖြစ်လို့ တုစ္ဆ = အလကား အသုံးမကျတဲ့ ရဟန်းလို့ ဆိုပါသလဲ။

ဖြေ။ ။ ပရိယတ်စာပေ တတ်မြောက်တယ်ဆိုတာက သာသနာရဲ့ ပထမအဆင့်ပဲ ရှိသေးတယ်။ သိတဲ့အတိုင်း ကျင့်ခြင်းဆိုတဲ့ ပဋိပတ် လက်တွေ့လုပ်ငန်းကို လုပ်ဖို့လိုတယ်။ လက်တွေ့ ကျင့်ကြံအားထုတ်မှ ပဋိဝေဓဆိုတဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရမယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို ရဖို့ဆိုတာက ဗုဒ္ဓဘာသာရဲ့ အထွတ်အထိပ် ပန်းတိုင်ပဲ၊ ပန်းတိုင်ရောက်အောင် မသွားဘဲ လမ်းတစ်ဝက်မှာ ရပ်နေတဲ့ ဆရာတော် ဦးပေါဋ္ဌိလကို ဘုရားရှင်က ကဲ့ရဲ့တော်မူခြင်း၊ သတိပေးတော်မူခြင်း ဖြစ်တယ်။

ပရိယတ်သာတတ်ပြီး ပဋိပတ်မကျင့်တဲ့သူဟာ နွားတွေကို အငှားကျောင်းတဲ့ နွားကျောင်းသားနဲ့ တူတယ်။ နွားကျောင်းသားဟာ နွားမတွေကို အစာကျွေး ရေတိုက်ရပေမယ့် နွားနို့ကိုတော့ မသောက်ရဘူး။ နွားရှင်ကသာ နွားနို့ကိုသောက်ရတယ်။ ဒါကြောင့် နွားအငှားကျောင်းသူ မဖြစ်စေဘဲ ကိုယ့်နွားကိုယ်ကျောင်းပြီး ကိုယ်တိုင်နွားနို့ညှစ်စားသူ ဖြစ်စေဖို့အတွက် သိအောင်လဲသင်၊ သိတဲ့အတိုင်းလဲ ကျင့်ကြံအားထုတ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ ဗုဒ္ဓဘာသာပန်းတိုင်ကို ရောက်အောင် သွားကြဖို့ လိုပါတယ်။

မေး။ ။ စာချအကျော် ဦးပေါဠိလကို ဘုရားရှင် ကဲ့ရဲ့ခဲ့တာကို ထောက်ပြပြီး ပဋိပတ်ကျင့်ဖို့သာ လိုတယ်။ ပရိယတ်သင်ဖို့ မလိုဘူးလို့ တချို့ပဋိပတ်သမားတွေက ပြောတာ မှန်ပါသလား။

ဖြေ။ ။ မမှန်ပါဘူး။ သာသနဿ ဟိ ပရိယတ္တိမူလံ။ သာသနာတော်သုံးရပ်မှာ ပရိယတ္တိသာသနာဟာ အခြေခံ ပင်ရင်းအကျဆုံးပဲလို့ အဋ္ဌကထာဆရာ ပြပါတယ်။ ရွှေအိုးကို မြေမှာမြှုပ်ထားမှန်း သိပေမယ့် ဘယ်နေရာမှာ မြှုပ်ထားတယ်၊ ရှိတယ်ဆိုတာကို ညွှန်ပြတဲ့ သိုက်စာမရှိရင် ဒီရွှေအိုးကို မရနိုင်ပါဘူး။ ရွှေတိဂုံဘုရား ရှိမှန်းသိပေမယ့် ဘယ်လမ်းက သွားရမယ်လို့ လမ်းမသိဘဲ ခြေဦးတည့်ရာ စွပ်သွားလို့ ရွှေတိဂုံဘုရားကို မရောက်နိုင်ပါဘူး။ ရေကြောင်း လေကြောင်းဆိုင်ရာ အတတ်ပညာတွေ မတတ်ဘဲ ကက်ပတိန်၊ ပိုင်းလော့တွေဟာ မိမိရောက်ချင်တဲ့မြို့ကို သင်္ဘော လေယာဉ်ပျံနဲ့ ရောက်အောင် မသွားနိုင်ပါဘူး။

ဒါကြောင့် သိုက်စာနဲ့တူတဲ့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း မြေပုံနဲ့တူတဲ့ ပရိယတ္တိစာပေကို မသင်လို့ မရပါဘူး။ ကမ္မဋ္ဌာန်းဆရာတွေဟာလဲ ပရိယတ္တိစာပေထဲမှာ ပါတဲ့အတိုင်း လေ့လာပြီးမှ တရားပြနေကြခြင်း ဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင် မလေ့လာနိုင်ပေမယ့် လေ့လာနေတဲ့ ရဟန်းတော်တွေကို အထင်မသေးသင့်ပါဘူး။ ရဟန်းရှင်တွေ အဆက်ဆက် သင်အံဆောင်ရွက်ခဲ့လို့ တို့ဟာ ဗုဒ္ဓဘာသာတရားတွေကို သိခွင့်ရပါလား၊ ပဋိပတ်တွေကို လမ်းမှန်အတိုင်း ကျင့်နိုင်ပါလားလို့ နှလုံးသွင်းပြီး ပရိယတ်စာပေ သင်အံနေတဲ့ ရဟန်းသံဃာတော်တွေကို တတ်နိုင်သမျှ ထောက်ပံ့အားပေးသင့်ပါတယ်။

မေး။ ။ ပရိယတ္တိမသင်ဘဲ ဆရာကောင်းထံ နည်းခံပြီး ပဋိပတ်တရား အားထုတ်ရင် မဂ်ဖိုလ်ရနိုင်ပါသလား။

ဖြေ။ ။ ရနိုင်ပါတယ်။ လူတွေက အခြေခံစရိုက် အမျိုးမျိုးရှိတဲ့အတွက် ကမ္မဋ္ဌာန်း ၄၀ ဟောထားပေမယ့် တကယ်တော့ အဲဒီ ၄၀ ထဲက တစ်ခုတည်းကို စွဲစွဲမြဲမြဲ ကျင့်ရုံနဲ့ သမာဓိရနိုင်ပါတယ်။ သမာဓိအားကောင်းလာလို့ ဝိပဿနာကိုကူးလိုက်ရင် မဂ်ဖိုလ်ကို ရနိုင်ပါတယ်။

မေး။ ။ နည်းကောင်းတစ်ခုကိုယူပြီး အားထုတ်ရုံနဲ့ မဂ်ဖိုလ်ကို ရနိုင်တယ်ဆိုရင် ပရိယတ္တိစာပေကို အပင်ပန်းခံပြီးသင်ဖို့ လိုပါသေးသလား။

ဖြေ။ ။ လိုပါတယ်။ အိမ်တစ်အိမ်ပေါ်ကို တက်တဲ့အခါ နောက်ဆုံးလှေကားထစ်ကို နင်းပြီး အိမ်ပေါ်ကို ရောက်ရတယ်။ အောက်ဆုံးနဲ့ အလယ်လှေကားထစ်တွေကနေပြီး အိမ်ပေါ်လှမ်းတက်လို့ မရဘူး။ ဒီလိုဖြစ်လို့ အောက်ဆုံးလှေကားထစ် အလယ်လှေကားထစ်တွေဟာ အိမ်ပေါ်ရောက်ဖို့ မလိုအပ်ဘူးလို့ မဆိုနိုင်ပါဘူး။ အောက်ဆုံးထစ် အလယ်ထစ်တွေမရှိရင် အပေါ်ဆုံးလှေကားထစ်ကို ဘယ်လိုရောက်မလဲ။

လူတွေဟာ သရက်ပင်ကို မစားကြဘူး။ ဒါပေမယ့် သရက်ပင်ကို ဒုက္ခခံမစိုက်ဘဲနဲ့ သရက်သီး ဘယ်ကရမလဲ။ သရက်ပင်ရှိမှသာ သရက်သီး ရမှာပေါ့။ သရက်ပင်ကို ကိုယ်တိုင်မစိုက်ဘဲ ဝယ်စားလဲရတာပဲလို့ ပြောနိုင်တယ်။ သရက်သီးဝယ်တယ်ဆိုတာ သရက်ပင်စိုက်တဲ့လူကို အဖိုးအခ ပေးနေရတာပဲဖြစ်တယ်။ အခု ကမ္မဋ္ဌာန်းဆရာကို ပစ္စည်းလေးပါး လှူဒါန်းပူဇော်နေတာ ပရိယတ်အားထုတ်နေတဲ့ သံဃာတော်တွေကို လှူဒါန်းထောက်ပံ့နေတာဟာ သရက်ဥယျာဉ်ပိုင်ရှင်ကို သရက်သီးဖိုး ပေးနေရခြင်းပဲ ဖြစ်တယ်။

ဒါကြောင့် ပဋိပတ်သမားတွေဟာ ပရိယတ်ကို မပစ်ပယ်ပါနဲ့။ ကိုယ်တိုင် စိုက်နိုင်သလောက်စိုက်၊ မစိုက်နိုင်ရင် စိုက်နေတဲ့ပုဂ္ဂိုလ်တွေ စိုက်အားရှိအောင် ပစ္စည်းလေးပါးနဲ့ ထောက်ပံ့အားပေးကြဖို့ အထူးလိုအပ်ပါတယ်။

မေး။ ။ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံဟာ ဘုရားရှင်ကိုယ်စား ဖြစ်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ မှန်ပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင်က ဒီတိုင်းပဲ မိန့်ကြားခဲ့ပါတယ်။ မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံခါနီးမှာ ညီတော် အာနန္ဒာဟာ ငိုကြွေးပူဆွေးနေပါတယ်။ အဲဒီအခါမှာ ဘုရားရှင်က “ချစ်သား အာနန္ဒာ၊ ငါဘုရား ပရိနိဗ္ဗာန် စံသွားရင် သင်တို့မှာ ဆရာမရှိတော့ပြီ ဆိုပြီး အားငယ်နေပါသလား။ အားမငယ်နဲ့။ ငါဘုရား မရှိပေမယ့် ငါဟောခဲ့တဲ့ သုတ် အဘိဓမ္မာနဲ့ ဝိနည်းတရားတွေဟာ ငါဘုရားရဲ့ကိုယ်စား သင်တိုရဲ့ဆရာ ဖြစ်ပေလိမ့်မယ်”လို့ ဟောခဲ့ပါတယ်။

ဘုရားရှင် ဟောတော်မူခဲ့တဲ့အတိုင်း ယခု သာသနာ ၂၅၀၀-ကျော်လာသည်အထိ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံကပဲ ဘုရားရှင်ကိုယ်စား ဆောင်ရွက်နေတဲ့အတွက် သာသနာတော်ဟာ အခုအချိန်အထိ တည်တံ့နေခြင်း ဖြစ်ပါတယ်။

မေး။ ။ ဗုဒ္ဓဘာသာတွေအတွက် အဓိက အားကိုးရာက ဘာလဲ။

ဖြေ။ ။ ဗုဒ္ဓဘာသာတွေရဲ့ အဓိက အားကိုးရာက တရားတော်နဲ့ ကိုယ့်ကိုယ်ကို ဖြစ်ပါတယ်။ သံယုတ်၊ သုတ်မဟာဝါ၊ သုတ်ပါထေယျ၊ အပါဒါန်၊ ဓမ္မပဒပါဠိတော်တွေမှာ အတ္တဒီပါ ဘိက္ခဝေ ဝိဟရထ၊ အတ္တသရဏာ မာ အညသရဏာ၊ ဓမ္မဒီပါ ဘိက္ခဝေ ဝိဟရထ ဓမ္မသရဏာ၊ မာ အညသရဏာ တရားတော်နဲ့ ကိုယ့်ကိုယ်ကိုသာ ကျွန်းကြီးသဖွယ် မှီခိုအားထားကြ၊ အားကိုးကြ၊ အခြား ဘာကိုမှ ဘယ်သူ့ကိုမှ အားမကိုးကြနဲ့လို့ ဟောထားပါတယ်။ တရားကိုသိအောင်လုပ်ပြီး ကိုယ်တိုင် ကျင့်ကြံကြလို့ ဆိုလိုတယ်။

ဒီနေရာမှာ ဂဏမောဂ္ဂလာန်နဲ့ ဘုရားရှင်ရဲ့ အမေးကို သိဖို့လိုတယ်။

ဂဏမောဂ္ဂလာန် - မြတ်စွာဘုရား၊ ဘုရားရှင်ရဲ့ တပည့်သာဝက အားလုံးဟာ တရားထူး ရကြပါသလား။

ဘုရားရှင် - အားလုံးတရားထူး မရကြပါဘူး။ ရသူလဲရှိ၊ မရသူလဲ ရှိပါတယ်။

ဂဏမောဂ္ဂလာန် - ဘယ့်နှယ်လဲ ဘုရားရှင်ကိုယ်တိုင် ဟောကြား ပြသနေပါလျက် ဘာဖြစ်လို့ အားလုံး တရားထူး မရပါသလဲ။

ဘုရားရှင် - ဒီကိစ္စမှာ သင့်ကိုပဲ ငါပြန်မေးဦးမယ်။ သာဝတ္ထိပြည် သွားချင်တဲ့ လူနှစ်ယောက်က ဘယ်လမ်းက သွားရမလဲလို့ သင့်ကို လာမေးရင် သင်က လမ်းမှန်ကို ညွှန်ပြမယ်။ တစ်ယောက်ကတော့ သင်ညွှန်တဲ့ လမ်းအတိုင်းသွားတယ်။ တစ်ယောက်ကတော့ သင်ညွှန်တဲ့ လမ်းအတိုင်း မသွားဘူး။ နှစ်ယောက်စလုံး သာဝတ္ထိပြည်ကို ရောက်ပါ့မလား။

ဂဏမောဂ္ဂလာန် - နှစ်ယောက်လုံး မရောက်ပါ၊ တပည့်တော် ညွှန်တဲ့အတိုင်း သွားသူသာ ရောက်ပါမယ်။ ကျန်တစ်ယောက်ကတော့ မရောက်ပါဘူး။

ဘုရားရှင် - အေး ထိုနည်းအတူပဲ၊ ငါဘုရား ညွှန်ကြား ပြသတဲ့အတိုင်း လိုက်နာကျင့်ကြံသူသာ တရားထူးကို ရပြီး မလိုက်နာ မကျင့်ကြံသူကတော့ တရားထူး မရပါဘူး။ ငါဘုရားက လမ်းမှန် ညွှန်ပြသူသာ ဖြစ်တယ်၊ ငါဘုရား ညွှန်ကြားတဲ့အတိုင်း မလိုက်နာသူတွေ အဖို့တော့ ငါဘုရားကော ဘာတတ်နိုင်မှာတုန်း။

ဂဏမောဂ္ဂလာန် - ဗုဒ္ဓမြတ်စွာဟာ ကယ်တင်ရှင်မဟုတ်၊ လမ်းမှန်ညွှန်ပြသူသာ ဖြစ်ကြောင်း၊ လမ်းမှန်အတိုင်း လိုက်နာ မလိုက်နာ ဆိုတာက လူသားရဲ့ တာဝန်ဖြစ်ကြောင်း သဘောပေါက်ပါပြီဘုရား။

အထက်ပါ ဘုရားရှင်နဲ့ ဂဏမောဂ္ဂလာန် မေးဖြေပုံကို သဘောပေါက်ရင် တရားတော်နှင့် ကိုယ့်ကိုယ်ကိုသာ အားကိုးစရာ ဖြစ်တယ်ဆိုတာ သဘောပေါက်ကြပါလိမ့်မယ်။

မေး။ ။ ဘုရားရှင်နဲ့ သံဃာတော်တွေကို ဘာဖြစ်လို့ ကိုးကွယ်နေကြသလဲ။

ဖြေ။ ။ ဒီနေရာမှာ ကိုးကွယ်နဲ့ အားကိုးဆိုတဲ့ မြန်မာစကားနှစ်လုံးကို ကွဲကွဲပြားပြား သိဖို့လိုတယ်။ အားကိုးတယ်ဆိုတာက သူ့ဆီမှာ တစ်စုံတစ်ရာရဖို့ မျှော်မှန်းတာ ဖြစ်တယ်။ ကိုးကွယ်တယ်ဆိုတာက သူ့ရဲ့ ကျေးဇူးဂုဏ်တွေကို အောက်မေ့ပြီး အလေးအမြတ်ပြုတာ ပူဇော်တာဖြစ်တယ်။

လူတွေ အားကိုအားထားပြုရတဲ့ တရားတွေဟာ ဘုရားရှင်ရဲ့ ဟောကြားချက်တွေ ဖြစ်တယ်။ ဒီတရားမှန်တွေကို ဟောပြောပြသခဲ့တဲ့ ကျေးဇူးရှင်ဖြစ်လို့ အဲဒီကျေးဇူးဂုဏ်တွေကို အောက်မေ့ပြီး အလေးအမြတ်ပြုခြင်း ပူဇော်ကိုးကွယ်ခြင်း ဖြစ်တယ်။ ဘုရားရှင်ဟောခဲ့တဲ့ တရားတွေဟာ သံဃာတော်တွေသာ အဆက်ဆက် မဆောင်ရွက်ခဲ့ဘူးဆိုရင် အခုသာသနာ ၂၅၀၀-ကျော်အထိ တည်တံ့နေမှာ မဟုတ်ဘူး။ ဘုရားရှင်ရဲ့ တရားတော်တွေ အရှည်တည်တံ့အောင် သင်အံလေ့ကျက် ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်နေတဲ့ ကျေးဇူးဂုဏ်တွေကို အောက်မေ့ပြီး သံဃာတော်တွေကို ကိုးကွယ်ရခြင်း ပူဇော်ရခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ရတနာသုံးပါးအနက်က ဘုရားရတနာနဲ့ သံဃာရတနာဟာ ကိုးကွယ်ရာ ပူဇော်ရာသာ ဖြစ်တယ်။ အားကိုးရာ မဟုတ်ဘူး။ တရားရတနာကတော့ ပူဇော်ရာလဲဟုတ်တယ်၊ အားထားရာ ပူဇော်ရာလဲ ဟုတ်တယ်၊ အားထားရာ လက်တွေ့ကျင့်ကြံ အားထုတ်ရာလဲ ဟုတ်တယ်လို့ ခွဲခြားနားလည်ရမယ်။

မေး။ ။ ဓမ္မံ ပူဇေမိမှာ ဘာတွေကို ဘာ့ကြောင့် ဓမ္မ = တရားလို့ ခေါ်သလဲ။

ဖြေ။ ။ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် - ၄-ပါး၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်ဆိုတဲ့ ဖိုလ်လေးပါး၊ တပ်မက်စွဲလမ်းတတ်တဲ့ တဏှာကုန်ခန်းရာ နိဗ္ဗာန်နဲ့ နိကာယ်ငါးရပ် ပိဋကတ်သုံးပုံဆိုတဲ့ ပရိယတ္တိ ဓမ္မတွေကို ပါဠိလို ဓမ္မ၊ မြန်မာလို တရားလို့ ခေါ်တယ်။

ဒီ မဂ်ဖိုလ် နိဗ္ဗာန် တစ်ခုခုကို ရရှိထားတဲ့ ပုဂ္ဂိုလ်နဲ့ ပရိယတ္တိ ဓမ္မက္ခန်ကို သင်အံနေတဲ့ပုဂ္ဂိုလ်ကို အပါယ်လေးပါးသို့ မကျအောင် ဆောင်ထား ဆွဲထားနိုင်တဲ့ အတွက်ကြောင့် အဲဒီတရား ၁၀-ပါးကို ပါဠိလို ဓမ္မ၊ မြန်မာလို တရားလို့ ခေါ်တယ်။

မေး။ ။ သတ္တဝါတွေကို အပါယ်လေးပါး မကျအောင် တရားတော် ၁၀-ပါးက ဘယ်လိုဆောင်ထားပါသလဲ။

ဖြေ။ ။ အပါယ်လေးပါး ကျတော့မယ့် သတ္တဝါတွေကို တရားတော်တွေက အတင်းဆွဲထားတာ မဟုတ်ပါဘူး။ အပါယ်လေးပါးကို ကျရောက်စေနိုင်တဲ့ ကိလေသာခေါ် တရားဆိုး တရားညစ်တွေ ရှိတယ်။ မဂ်တရားလေးပါးက အဲဒီ ကိလေသာ တရားဆိုးတွေကို လုံးဝဖြစ်ခွင့်မရအောင် အကြွင်းမဲ့ ပယ်ဖျက်ပစ်တယ်။ အပါယ်လေးပါးကို ရောက်စေနိုင်တဲ့ အကြောင်း ကိလေသာတွေကို ဖျက်ဆီး ပယ်သတ်ပစ်လို့ အပါယ်မကျတော့တာကိုပဲ တရားတွေက အပါယ်မကျအောင် ဆောင်တယ်လို့ ခေါ်တာပါပဲ။

မေး။ ။ မဂ်တရား ဖိုလ်တရားကသာ အပါယ်မကျအောင် တားဆီးနိုင်ပါသလား။ အခြားကုသိုလ်တွေက မတားဆီးနိုင်ဘူးလား။

ဖြေ။ ။ မဂ်လေးပါးထဲမှာ တစ်ပါးပါးကို ရတဲ့လူဟာ အပါယ်လေးဘုံကို ဘယ်နည်းနဲ့မှ မကျနိုင်တော့ပါဘူး။ ဒါကြောင့် မဂ်တရားက အပါယ်တံခါးကို တကယ်ပိတ်နိုင်တယ်လို့ မှတ်ရပါမယ်။

ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေကလဲ အပါယ်လေးပါး မကျရောက်အောင် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်ရောက်အောင် ပို့ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တွေဟာ ကိလေသာတွေကို ခဏတဖြုတ်သာ ပယ်သတ်ထားနိုင်တဲ့အတွက် အခွင့်သင့်ရင် ကိလေသာတရားဆိုးတွေက ဝင်ရောက်လာနိုင်ပါတယ်။ အဲဒီကိလေသာ တရားဆိုးတွေက အားကောင်းနေတဲ့သူအဖို့ ဒါန၊ သီလ ကုသိုလ်တွေရှိပေမယ့် အပါယ်ကို လုံးဝမရောက်ဘူးလို့ အာမမခံနိုင်ပါဘူး။ လောကီကုသိုလ်တွေက စိတ်မချရသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတွေကိုသာ ဓမ္မလို့ပြခြင်း ဖြစ်ပါတယ်။

မေး။ ။ တရားတော်ကို ဘုရားရှင်ကိုယ်တိုင်က အလေးအမြတ် ပူဇော်ရတယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ မှန်ပါတယ်။ ဘုရားရှင်ဟာ သစ္စာလေးပါးကို ဆရာမရှိဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထွင်းသိမြင်ပြီး ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့အခါ ဘုရားရှင်က ရိုသေလေးစားရမယ့် ပုဂ္ဂိုလ်တစ်ယောက်မှ မရှိတော့ဘူး။ တစ်စုံတစ်ခုကို အလေးမပြုဘဲနေရတာ ပေါ့ပေါ့လျှံလျှံ ဖြစ်နေတဲ့အတွက် “ငါရိုသေ လေးစားရမယ့် ပုဂ္ဂိုလ်တော့ မရှိတော့ဘူး။ ငါသိပြီးတဲ့ တရားတွေကိုပဲ ရိုသေလေးစား မြတ်နိုးပူဇော်နေရင် ကောင်းမှာပဲ” လို့ အကြံတော်ဖြစ်ပြီး ဘုရားရှင်ဟာ တရားတော်ကို ရိုသေလေးစား မြတ်နိုးပူဇော်နေပါတယ်။

မေး။ ။ ဘုရားရှင်ဟာ တရားတော်တွေကို ဘယ်လိုပူဇော်ပါသလဲ။

ဖြေ။ ။ ဘုရားရှင်ဟာ တရားတော်တွေကို ဆွမ်း၊ ပန်း၊ ရေချမ်း စတဲ့ ပစ္စည်းဝတ္ထုတွေနဲ့ ကပ်လှူပူဇော်တာ မဟုတ်ပါဘူး။ လက်အုပ်ချီမိုး ရှိခိုးဝတ်ချပြီးတော့ ကန်တော့တာလဲ မဟုတ်ပါဘူး။ တရားတော်တွေကို ထပ်တလဲလဲ ဆင်ခြင်အောက်မေ့တယ်။ တရားတော်တွေက အစ၊ အလယ်၊ အဆုံး ကောင်းခြင်းသုံးပါးနဲ့ ပြည့်စုံတယ် စသည်ဖြင့် ချီးကျူးထောပနာပြုတယ်။ တရားတော်ကို ရိုသေလေးစား မြတ်နိုးနေတယ်။ အဲဒီလို ချီးမွမ်းခြင်း လေးစားမြတ်နိုးခြင်းကိုပဲ ဘုရားရှင်က တရားတော်ကို ပူဇော်တယ်လို့ ခေါ်တာပဲ။

မေး။ ။ ဗုဒ္ဓဘာသာတွေဟာ ဘုရားရှင်ကို ဆွမ်း၊ ရေ၊ ပန်း၊ ဆီမီးတွေနဲ့ ပူဇော်တယ်။ ကျင့်ဝတ်ပဋိပတ်နဲ့ ပူဇော်တယ်။ သံဃာတော်တွေကို ပစ္စည်းလေးပါးနဲ့ ပူဇော်တယ်။ တရားတော်ကို ဘယ်လိုပူဇော်ရမလဲ။

ဖြေ။ ။ ဒီမေးခွန်းမျိုးကို ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်မှာ ပုဏ္ဏားတစ်ယောက်က မေးဖူးတယ်။ အဲဒီတော့ ဘုရားရှင်က တရားတော်ကို ပူဇော်ချင်ရင် တရားတော်တွေကို သင်အံဆောင်ရွက် တတ်သိတဲ့ ပုဂ္ဂိုလ်ကို ပူဇော်ရမယ်လို့ ဟောတယ်။ ဒါကြောင့် သံဃာတော်တစ်ပါးကို ပူဇော်လိုက်တာဟာ ဒီသံဃာတော်ရဲ့ အကျင့်သီလကို ပူဇော်ရာလဲရောက်တယ်။ ဒီသံဃာတော်ရဲ့ သန္တာန်မှာ ကိန်းဝပ်နေတဲ့ တရားတော်ကို ပူဇော်ရာလဲ ရောက်တယ်။ တရားတော်တွေဟာ ဘုရားကိုယ်စား ဖြစ်တယ်ဆိုတော့ ဘုရားရှင်ကိုလဲ ပူဇော်ရာရောက်တယ်။ ဒါကြောင့် သံဃာတစ်ပါးကို ရှိခိုးပူဇော်တာဟာ ရတနာသုံးပါးကို တစ်ပြီုင်တည်း ရှိခိုးပူဇော်ရာ ရောက်တယ်လို့ မှတ်နိုင်ပါတယ်။

+++++++++++++++++++++++++++++++++++