တစ္ဆသူကရဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၉၂။ တစ္ဆသူကရဇာတ် (၉)


ပကိဏ္ဏကနိပါတ်

၉။ တစ္ဆကသူကရဇာတ်

ဓနုဂ္ဂဟတိဿမထေရ်၏ စစ်ဆင်နည်းသုံးမျိုး အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယဒေသမာနာ ဝိစရိမှ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ တစ္ဆကသူကရဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထေရ်အိုနှစ်ပါးတို့ကို အကြောင်း ပြု၍ ဟောတော်မူ၏။

ထိုစကားကို ချဲ့ဦးအံ့၊ မဟာကောသလ မင်းကြီးသည် ဗိမ္ဗိသာရမင်းအား သ္မီးတော်ကို ပေးသည်ရှိသော် သ္မီးတော် ရေချိုးကသယ်မှုန့်ဘိုး အလို့ငှာ ကာသိရွာကို ပေးတော်မူ၏။ ပသေနဒီ ကောသလမင်းသည် အဇာတသတ်မင်းသည် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီးသော် ထိုရွာကို လု၏။ ထိုပသေနဒီ ကောသလမင်းကြီး, အဇာတသတ် မင်းတို့သည် ထိုရွာအလို့ငှါ စစ်ထိုးကြကုန်သည်ရှိသော် ရှေးဦးစွာ အဇာတသတ်မင်းသည် အောင်၏။ ကောသလမင်းသည် ရှုံးခြင်းသို့ ရောက်သည်ဖြစ်၍ အမတ်တို့ကိုမေး၏။ အမတ်တို့ အဘယ်သို့သော အကြောင်းဖြင့် အဇာတသတ်မင်းကို ဖမ်းရကုန်အံ့နည်းဟု မေး၏။ မြတ်သောမင်းကြီး ရဟန်းတို့မည်သည်ကား အတိုင်အပင်၌ အလွန်လိမ္မာကုန်၏။ သူလျှိုတို့ကို စေတော်မူ၍ ကျောင်း၌ ရဟန်းတို့၏ စကားကို စုံစမ်းခြင်းငှါ သင့်၏ဟု တင်လျှောက်ကြကုန်၏။ ကောသလမင်းသည် ကောင်းပြီဟု ဝန်ခံ၍ သင်တို့သည် နားထောင်၍ လာလှည့်ကုန်၊ ကျောင်းသို့ သွား၍ ပုန်းကွယ်လျက် အရှင်မြတ်တို့စကားကို စုံစမ်းကြကုန်လော့ဟု ဆို၍ သူလျှိုတို့ကို စေတော်မူ၏။

ဇေတဝန်ကျောင်းတော်၌လည်း များစွာကုန်သော မင်းချင်းယောက်ျားတို့သည် ရဟန်းပြုကုန်၏။ ထိုများစွာကုန်သော ရဟန်းအပေါင်းတို့တွင် နှစ်ပါးကုန်သော မထေရ်အိုတို့သည် အစွန်ဖြစ်သော သစ်ရွက်မိုးသောကျောင်း၌ နေကုန်၏။ ထိုမထေရ်နှစ်ပါးတို့တွင် တပါးကား ဓနုဂ္ဂဟတိဿထေရ် မည်၏။ တပါးကား မန္တိဒတ္တထေရ် မည်၏။ ထိုမထေရ်နှစ်ပါးတို့သည် ညဉ့်သုံးယံပတ်လုံး အိပ်ကုန်ပြီး၍ မိုးသောက်ထအခါ၌ နိုးကုန်၏။ ထိုမထေရ်နှစ်ပါးတို့တွင် ဓနုဂ္ဂဟတိဿမထေရ်သည် မီးကိုညှိ၍ အရှင်မန္တိဒတ္တဟု ခေါ်၏။ အရှင်ဘုရား အသို့နည်းဟု မေးသည်ရှိသော် အရှင်ဘုရားတို့သည် အိပ်ပျော်ကုန်သေးသလောဟု မေး၏။ အရှင်ဘုရား မပျော်ပြီဟု ဆို၍ အသို့ပြုရအံ့နည်းဟု ဆိုသည်ရှိသော်၊ အရှင်ဘုရား ဤကောသလမင်းသည် မိုက်စွတကား၊ တအိုးမျှလောက်သော ထမင်းကိုသာလျှင် စားခြင်းငှါ သိ၏ဟု ဆို၏။ အသို့ပါနည်း အရှင်ဘုရားဟု ဆိုသည်ရှိသော် မိမိဝမ်းမှဖြစ်သော သားမျှလောက်သော အဇာတသတ်မင်းကို ရှုံးဘိ၏ဟု ဆို၏။ အရှင်ဘုရား အသို့ပြုခြင်းငှါ သင့်မည်နည်းဟု မေး၏။ အရှင်ဒတ္တ စစ်ဆင်ခြင်းမည်သည်ကား သကဋဗျူဟာ, စက္ကဗျူဟာ, ပဒုမဗျူဟာ၏ အစွမ်းဖြင့် စစ်ဆင်ခြင်းသည် သုံးပါးအပြားရှိ၏။ ထိုသုံးပါးသော စစ်ဆင်ခြင်းတို့တွင် တူဖြစ်သော အဇာတသတ်မင်းကို ဖမ်းယူလိုသည်ရှိသော် သကဋဗျူဟာ စစ်ဆင်ခြင်းကို ဆင်၍ ဖမ်းယူခြင်းငှါ သင့်၏။ ဤအမည်ရှိသော တောင်ကွေ့၌ နံပါးနှစ်ဘက်တို့၌ မင်းချင်းတို့ကိုထား၍ ရှေ့မှဗိုလ်စုကို ပြသဖြင့် အတွင်းသို့ ဝင်သောအဖြစ်ကိုသိလျှင် ဟစ်ကြွေးကြော်ငြာ၍ မြှုံး၌ဝင်မှားသော ငါးကဲ့သို့ လက်သို့ရောက်သည်ကိုပြု၍ ထိုအဇာတသတ်မင်းကို ဖမ်းယူသည်ရှိသော် တတ်နိုင်၏ ဆို၏။

မင်းချင်း သူလျှိုတို့သည် ထိုစကားကိုကြား၍ မင်းအား တင်လျှောက်ကုန်၏။ ကောသလမင်းကြီးသည် များစွာသော စစ်သည်ဗိုလ်ပါဖြင့် မြို့မှထွက်ပြီးလျှင် ထိုရဟန်းအိုဆိုတိုင်းပြု၍ အဇာတသတ်ကို ဖမ်းယူပြီးလျှင် ခြေကျဉ်း အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့၍ နှစ်ရက်သုံးရက် နှိပ်စက်သည်ကို ပြုသဖြင့် တဖန် ဤသို့သဘောရှိသော အမှုကို မပြုလင့်ဟု ခြိမ်းချောက်သဖြင့်လွှတ်၍ ဝဇိရင်္ကုမည်သော သ္မီးတော်ကို ထိုအဇာတသတ်မင်းအား ပေး၍ များစွာသော အခြံအရံဖြင့် လွှတ်လိုက်၏။ ကောသလမင်းအား ဓနုဂ္ဂဟတိဿ မထေရ်၏ အစီအရင်ဖြင့် အဇာတသတ်မင်းကို ဖမ်းမိ၏ဟု ရဟန်းတို့အလယ်၌ စကားသည်ဖြစ်၏။ တရားသဘင်၌လည်း ထိုစကားကိုပင် ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဤဓနုဂ္ဂဟတိဿမထေရ်သည် စစ်ဆင်ခြင်းငှါ လိမ္မာသည်မဟုတ်သေး၊ ရှေး၌လည်း လိမ္မာဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီမြို့၏ ဒွါရဂါမ၌နေသော တယောက်သော လက်သမားသည် သစ်အလို့ငှာ တောသို့သွား၍ တွင်း၌ကျသော ဝက်ငယ်တခုကို မြင်၍ အိမ်သို့ဆောင်ခဲ့ပြီးလျှင် ထိုဝက်ငယ်အား တစ္ဆကသူကရဟူသော အမည်ကိုမှည့်၍ မွေးကျွေး၏။ ထိုဝက်သည် လက်သမားအား ကျေးဇူးပြုသည်ဖြစ်၏။ နှုတ်သီးဖြင့် သစ်တို့ကိုလှန်၍ ပေး၏။ အစွယ်ဖြင့်ရစ်၍ မျဉ်းကြိုးကိုငင်၏။ နှုတ်သီးဖြင့်ကိုက်၍ ပဲခွပ် ဆောက်တို့ကိုလည်း ဆောင်၏။ ထိုဝက်သည် ကြီးခြင်းသို့ရောက်သည်ရှိသော် ခွန်အားကြီးသည်။ ကြီးသော ကိုယ်ရှိသည် ဖြစ်၏။ ထိုအခါ လက်သမားသည်လည်း ထိုဝက်၌ သားကဲ့သို့ ချစ်ခြင်းကို ဖြစ်စေ၍ ဤငါတို့အိမ်၌နေသော ဤဝက်ကို တစုံတယောက်သော သူသည် ညှဉ်းဆဲရာ၏ဟု ကြံ၍ တော၌ လွှတ်၏။ ထိုဝက်သည် ကြံ၏။ ငါသည် ဤတော၌ တကောင်တည်း နေခြင်းငှါ မတတ်နိုင်လတ္တံ့၊ အဆွေ အမျိုးတို့ကိုရှာ၍ ထိုအဆွေအမျိုးတို့ဖြင့် ခြံရံလျက် နေအံ့ဟု ကြံ၍ ထိုဝက်သည် တောအုပ်၌ ဝက်တို့ကို ရှာလတ်သော် များစွာသော ဝက်တို့ကိုမြင်လျှင် နှစ်သက်သည်ဖြစ်၍-

၁၆၀။ ယဒေသမာနာ ဝိစရိမှ၊ ပဗ္ဗတာနိ ဝနာနိ စ။
အနွေသံ ဝိပုလေ ဉာတိံ၊ တေ မေ အဓိဂတာ မယာ။
၁၆၁။ ဗဟုစိဒံ မူလဖလံ၊ ဘက္ခော စာယံ အနပ္ပကော။
ရမ္မာ စိမာ ဂိရီ နဇ္ဇော၊ ဖာသုဝါသော ဘဝိဿတိ။
၁၆၂။ ဣဓေဝါဟံ ဝသိဿာမိ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
အပ္ပေါဿုက္ကော နိရာသင်္ကီ၊
အသောကော အကုတော ဘယော။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၁၆၀။ ယံ ဉာတိံ၊ အကြင် ဆွေမျိုးအပေါင်းကို။ ဧသမာနာ၊ ရှာကုန်သော ငါတို့သည်။ ပဗ္ဗတာနိ စ၊ တောင်တို့သို့၎င်း။ ဝနာနိ စ၊ တောတို့သို့၎င်း။ ဝိစရိမှ၊ လှည့်လည်ကုန်ပြီ။ ဝိပုလေ၊ များစွာကုန်သော။ ဉာတီ၊ အဆွေအမျိုးတို့ကို။ အနွေသံ- အနွေသန္တော၊ ရှာလျက်။ ဝိစရိမှ၊ လှည့်လည်ကုန်ပြီ။ ဣဒါနိ၊ ယခုအခါ၌။ တေ ဣမေ၊ ထိုအဆွေအမျိုးတို့ကို။ မယာ၊ ငါသည်။ အဓိဂတာ၊ ရအပ်ကုန်ပြီ။

၁၆၁။ ဣဒံ မူလဖလဉ္စ၊ ဤ သစ်မြစ်သစ်သီးသည်လည်း။ ဗဟု၊ များစွာ၏။ အယံ ဘက္ခော စ၊ ဤအစာသည်လည်း။ အနပ္ပကော၊ အတိုင်း အရှည် မရှိ။ ဣမာ၊ ဤသို့ သဘောရှိကုန်သော။ ဂိရီ စ၊ တောင်တို့သည်၎င်း။ နဇ္ဇော- နဒိယော စ၊ မြစ်တို့သည်၎င်း။ ရမ္မာ၊ မွေ့လျော်ဘွယ် ရှိကုန်၏။ ဖာသုဝါသော၊ ချမ်းသာစွာ နေရခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။

၁၆၂။ အဟံ၊ ငါသည်။ ဣဓေဝ၊ ဤအရပ်၌ သာလျှင်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ အပ္ပေါဿုက္ကော၊ ကြောင့်ကြမဲ့။ နိရာသင်္ကီ၊ ရွံရှာခြင်း မရှိသည်ဖြစ်၍။ အသောကော၊ စိုးရိမ်ခြင်း မရှိသည် ဖြစ်၍။ အကုတော ဘယော၊ ဘေးမရှိသည်ဖြစ်၍။ ဝသိဿာမိ၊ နေအံ့။

ဝက်တို့သည် ထိုတစ္ဆကသူကရဝက်၏ စကားကို ကြားကုန်၍-

၁၆၃။ အညံ လေဏံ ပရိယေသ၊ သတ္တု နော ဣဓ ဝိဇ္ဇတိ။
သော တစ္ဆ သူကရေ ဟန္တိ၊ ဣဓာဂန္တွာ ဝရံဝရံ။

ဟူသော ဤဂါထာကို ဆိုကုန်၏။

၁၆၃။ တစ္ဆ၊ အဆွေ တစ္ဆက။ အညံ၊ တပါးသော။ လေဏံ၊ ပုန်းကွယ်ရာကို။ ပရိယေသ၊ ရှာလော့။ ဣဓ၊ ဤအရပ်၌။ နော၊ ငါတို့အား။ သတ္တု၊ ရန်သူသည်။ ဝိဇ္ဇတိ၊ ရှိ၏။ သော၊ ထိုရန်သူသည်။ ဣဓ၊ ဤအရပ်သို့။ အဂန္တွာ၊ လာလတ်၍။ ဝရံဝရံ၊ ဆူနိုးရာရာကုန်သော။ သူကရေ၊ ဝက်တို့ကို။ ဟန္တိ-ဟနတိ၊ သတ်၏။

ထိုဝက်တို့၏ စကားကို ကြား၍ တစ္ဆကသူကရဝက်သည် ဤအရပ်၌ ငါတို့ရန်သူသည် အဘယ်နည်းဟု မေး၍ ထိုရန်သူကို မိမိအား ကြားစေလိုရကား-

၁၆၄။ ကော နုမှာကံ ဣဓ သတ္တု၊ ကော ဉာတီ သုသမာဂတေ။
ဒုပ္ပဓံသေ ပဓံသေတိ၊ တ့ မေ အက္ခာဟိ ပုစ္ဆိတာ။

ဟူသော ဤဂါထာကို ဆို၏။

၁၆၄။ ဘော၊ အချင်းတို့။ ဣဒ၊ ဤအရပ်၌။ အမှာကံ၊ ငါတို့၏။ သတ္တု၊ ရန်သူသည်။ ကော နု၊ အဘယ်နည်း။ ကော၊ အဘယ်ရန်သူသည်။ ဒုပ္ပဓံသေ၊ ဖျက်ဆီးနိုင်ခဲကုန်သော။ သုသမာဂတေ၊ ကောင်းစွာ အညီအညွတ် စည်းဝေးကုန်သော။ ဉာတီ၊ ဆွေမျိုးတို့ကို။ ပဓံသေတိ၊ ဖျက်ဆီးသနည်း။ တံ၊ ထိုရန်သူကို။ မေ၊ ငါ့အား။ ပုစ္ဆိတာ၊ မေးအပ်သော သင်တို့သည်။ အက္ခာဟိ-အာစိက္ခထ၊ ကြားကြကုန်လော့။

ဝက်တို့သည် တစ္ဆကဝက်အား ရန်သူကို ကြားလိုရကား-

၁၆၅။ ဥဒ္ဓဂ္ဂရာဇိ မိဂရာဇာ၊ ဗလီ ဒါဌာဝုဓော မိဂေါ။
သော တစ္ဆ သူကရေ ဟန္တိ၊ ဣဓာဂန္တွာ ဝရံဝရံ။

ဟူသော ဤဂါထာကို ဆိုကုန်၏။

၁၆၅။ တစ္ဆ၊ အဆွေ တစ္ဆကဝက်။ ဥဒ္ဓဂ္ဂရာဇိ၊ အထက်သို့တက်သော နီသော အရေးအကြောင်းရှိသော။ ဗလီ၊ ခွန်အားကြီးသော။ ဒါဌာဝုဓော၊ အစွယ်ဟူသော လက်နက်ရှိသော။ မိဂေါ၊ သားမျိုးဖြစ်သော။ မိဂရာဇာ၊ သားတို့၏ မင်းဖြစ်သော။ သော၊ ထိုကျားသည်။ ဣဓ၊ ဤအရပ်သို့။ အာဂန္တွာ၊ လာလတ်၍။ ဝရံ ဝရံ၊ ဆူနိုးရာရာကုန်သော။ သူကရေ၊ ဝက်တို့ကို။ ဟန္တိ-ဟနတိ၊ သတ်၏။

ထိုစကားကို ကြား၍ တစ္ဆကဝက်သည် ဝက်အပေါင်းတို့အား နှစ်သိမ့်စေလိုရကား-

၁၆၆။ န နော ဒါဌာ န ဝိဇ္ဇန္တိ၊ ဗလံ ကာယေ သမောဟိတံ။
သဗ္ဗေ သမဂ္ဂါ ဟုတွာန၊ ဝသံ ကာဟာမ ဧကကံ။

ဟူသော ဤဂါထာကို ဆို၏။

၁၆၆။ ဘောန္တော သူကရာ၊ အိုဝက်အပေါင်းတို့။ နော၊ ငါတို့အား။ ဒါဌာ၊ အစွယ်တို့သည်။ န ဝိဇ္ဇန္တိ၊ မရှိကုန်သည်ကား။ ၊ မဟုတ်ကုန်။ ဝိဇ္ဇန္တိ ဧဝ၊ ရှိကုန်သည်သာတည်း။ ကာယေ၊ ကိုယ်၌။ သမောဟိတံ၊ ကောင်းစွာတည်သော။ ဗလံ၊ အားသည်။ အတ္တိ၊ ရှိ၏။ သဗ္ဗေ၊ အလုံးစုံသော ငါတို့သည်။ သမဂ္ဂါ၊ ညီညွတ်ကုန်သည်။ ဟုတွာန၊ ဖြစ်ကုန်၍။ ဧကကံ၊ တကောင်တည်းသော ကျားကို။ ဝသံ၊ ငါတို့အလိုသို့ လိုက်သည်ကို။ ကာဟာမ၊ ပြုကုန်အံ့။

ဝက်အပေါင်းတို့သည် တစ္ဆက ဝက်မင်းစကားကို နှစ်သက်ကုန်သည်ဖြစ်၍ ညီညွတ်ကြသဖြင့် တစ္ဆကဝက်မင်းအား ဝန်ခံခြင်းကို ပေးကုန်လိုရကား-

၁၆၇။ ဟဒယင်္ဂမံ ကဏ္ဏသုခံ၊ ဝါစံ ဘာသတိ တစ္ဆက။
ယောပိ ယုဒ္ဓေ ပလာယေယျ၊ တမ္ပိ ပစ္ဆာ ဟနာမသေ။

ဟူသော ဤဂါထာကို ဆိုကုန်၏။

၁၆၇။ တစ္ဆက၊ တစ္ဆကဝက်မင်း။ တွံ၊ သင်သည်။ ဟဒယင်္ဂမံ၊ နှလုံးသို့ သက်ဝင်သော။ ကဏ္ဏသုခံ၊ နား၌ ချမ်းသာသော။ ဝါစံ၊ စကားကို။ ဘာသသိ၊ ဆိုပေ၏။ ယောပိ၊ အကြင်ဝက်သည်ကား။ ယုဒ္ဓေ၊ စစ်ထိုးရာ၌။ ပလာယေယျ၊ ပြေးရာ၏။ တမ္ပိ၊ ထိုပြေးသော ဝက်ကိုလျှင်။ မယံ၊ ငါတို့သည်။ ပစ္ဆာ၊ နောက်အခါ၌။ ဟနာမသေ၊ သတ်ပါကုန်အံ့။

တစ္ဆကဝက်သည် အလုံးစုံသော ဝက်တို့ကို တူသော စိတ်ရှိသည်တို့ကို ပြု၍ မေး၏။ အချင်းတို့ အဘယ်အခါ၌ ငါတို့ရန်သူဖြစ်သော ကျားသည် လာလတ္တံ့နည်းဟု မေး၏။ အရှင်တစ္ဆကဝက်မင်း ယနေ့ နံနက်ကလျှင် ဝက်တစီးကို ယူ၍ သွား၏။ နက်ဖြန် နံနက်ခါလျှင် လာလတ္တံ့ဟု ဆိုကုန်၏။ ထိုတစ္ဆက ဝက်မင်းသည် စစ်ထိုးခြင်း၌ အလွန်လိမ်မာ၏။ ဤအရပ်၌ တည်သည်ရှိသော် ရန်သူတို့ အောင်ခြင်းငှါ မတတ်နိုင်ဟု ဘူမိနက်သန် မြေကြန်အတတ်ကို တတ်၏။ ထို့ကြောင့် တခုသောအရပ်ကို မှတ်၍ ညဉ့်၌သာလျှင် ဝက်တို့ကို အစာကိုယူစေ၍ မိုးသောက်အားကြီးသောအခါမှစ၍ စစ်ထိုးခြင်းမည်သည်ကား သကဋဗျူဟာဆင်ခြင်း အစရှိသည်၏အစွမ်းဖြင့် သုံးပါးအပြားရှိ၏ဟု ဆို၍ ပဒုမဗျူဟာဆင်နည်းကို စီရင်၏။

အလယ်အရပ်၌ နို့စို့ဖြစ်ကုန်သော ဝက်ငယ်တို့ကိုထား၏။ ထိုဝက်ငယ်တို့ကို ရံ၍ ထိုဝက်ငယ်တို့၏ အမိတို့ကိုထား၏။ ထိုသားအမိ ဝက်ငယ်တို့ကို ရံ၍ ဝက်မပျိုတို့ကိုထား၏။ ထိုဝက်မပျိုတို့၏ အကြား၌ မုလေးငုံကဲ့သို့ အစွယ်ရှိသော ဝက်ပျိုတို့ကိုထား၏။ ထိုဝက်ပျို၏အကြား၌ ဝက်အိုတို့ကိုထား၏။ ထိုဝက်အိုတို့ပြင်မှ ထိုထိုအရပ်တို့၌ ဆယ်စီးစု နှစ်ဆယ်စု သုံးဆယ်စုကို ပြု၍ ဗိုလ်စုတို့ကိုထား၏။ မိမိအကျိုးငှါ တခုသောတွင်းကို ပြု၍ ကျားကို ကျစိမ့်သောငှါ မန်းနှင့်တူသော လိုဏ်ကိုပြု၍ တူးစေ၏။ တွင်းနှစ်တွင်းတို့၏ အကြား၌ မိမိနေရာအလို့ငှါ မြေပလ္လင်ကို ပြုစေ၏။ ထိုတစ္ဆကဝက်မင်းသည် အားအစွမ်းနှင့် ပြည့်စုံကုန်သော ဝက်သူရဲကောင်းတို့ကို ယူ၍ ထိုထိုအရပ်တို့၌ ဝက်တို့ကို နှစ်သိမ့်စေလျက် လှည့်လည်၏။ ထိုတစ္ဆကဝက်မင်းသည် ဤသို့ စီရင်စဉ်လျှင် နေထွက်၏။

ထိုအခါ ကျားမင်းသည် ရသေ့စဉ်းလဲ ကျောင်းမှထွက်၍ တောင်ထိပ်အပြင်၌ ရပ်၏။ ထိုကျား ရပ်လာသည်ကို သိကုန်၍ ဝက်တို့သည် ငါတို့ရန်သူ လာလတ်ပြီဟု ဆိုကုန်၏။ မကြောက်ကြကုန်လင့်၊ ဤကျားသည် အကြင်အမှုကို ပြု၏။ ထိုအလုံးစုံသော အမှုကို အတုလိုက်သည်ဖြစ်၍ ပြုကြကုန်လော့ဟု ဆို၏။ ကျားသည် ကိုယ်ကိုခါ၍ နောက်သို့ဆုတ်သကဲ့သို့ပြုလျက် ကျင်ငယ်ကို စွန့်၏။ ဝက်တို့သည်လည်း ထို့အတူလျှင် ပြုကုန်၏။ ကျားသည် ဝက်တို့ကို ကြည့်၍ ကျယ်သောအသံကို မြည်၏။ ထိုဝက်တို့သည်လည်း ထိုကျားပြုတိုင်းလျှင် ပြုကုန်၏။ ထိုကျားသည် ထိုဝက်တို့၏ အမူအရာကိုမြင်၍ ကြံ၏။ ဤဝက်တို့သည် ရှေးနှင့်မတူကုန်၊ ယနေ့ ငါ၏ရန်သူဖြစ်သော အကြီးအမှူးသည်လည်း ရှိရာ၏။ ယနေ့ ငါသည် ထိုဝက်တို့၏အထံသို့ သွားခြင်းငှါ မသင့်ဟု သေဘေးဖြင့် ကြောက်ရကား ပြန်၍ ရသေ့စဉ်းလဲအထံသို့သွား၏။ ထိုအခါ ထိုရသေ့စဉ်းလဲသည် လက်ချည်းလာသော ထိုကျားကိုမြင်၍ မေးလိုရကား-

၁၆။ ပါဏာတိပါတာ ဝိရတော နု အဇ္ဇ၊
အဘယံ နု တေ သဗ္ဗဘူတေသု ဒိန္နံ။
ဒါဌာ နု တေ မိဂဝဓာယ န သန္တိ၊
ယော သံဃပ္ပတ္တော ကပဏောဝ ဈာယသိ။

ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။

၁၆၈။ ဘော ဗျဂ္ဃ၊ အိုကျား။ အဇ္ဇ၊ ယနေ့။ တွံ၊ သင်သည်။ ပါဏာတိပါတာ၊ သူ့ အသက်သတ်ခြင်းမှ။ ဝိရတော နု၊ ကြဉ်ရှောင်သလော။ သဗ္ဗဘူတေသု၊ ခပ်သိမ်းသော သတ္တဝါတို့အား။ အဘယံ၊ ဘေးမဲ့ကို။ တေ၊ သင်သည်။ ဒိန္နံ နု၊ ပေးလေသလော။ ယော တွံ၊ အကြင် သင်သည်။ သံဃပ္ပတ္တော၊ ဝက်အပေါင်းသို့ ရောက်လျှက်။ ကပဏောဝ၊ အထီးကျန်သော သူကဲ့သို့။ ဈာယသိ၊ ကြံမှိုင်၏။ တေ၊ သင့်အား။ မိဂဝဓာယ၊ သားတို့ကို သတ်ခြင်းငှါ။ ဒါဌာ၊ အစွယ်တို့သည်။ န သန္တိ နု၊ မရှိကုန်သလော။

ထို့နောင်မှ ကျားသည် မိမိပြန်ခဲ့ရသော အကြောင်းကို ရသေ့အား ကြားလိုရကား-

၁၆၉။ န မေ ဒါဌာ န ဝိဇ္ဇန္တိ၊
ဗလံ ကာယေ သမောဟိတံ။
ဉာတီ စ ဒိသွာန သာမဂ္ဂီ ဧကတော၊
တသ္မာ စ ဈာယာမိ ဝနမှိ ဧကကော။
၁၇၀။ ဣမဿုဒံ ယန္တိ ဒိသောဒိသံ ပုရေ။
ဘယဋ္ဋိတာ လေဏဂဝေသိနော ပုထု။
တေ ဒါနိ သင်္ဂမ္မ ဝသန္တိ ဧကတော၊
ယတ္ထဋ္ဌိတာ ဒုပ္ပသဟဇ္ဇ တေ မယာ။
၁၇၁။ ပရိနာယကသမ္ပန္နယ၊
သဟိတာ ဧကစာရိနော။
တေ မံ သမဂ္ဂါ ဟိံသေယျုံ၊
တသ္မာ နေသံ န ပတ္ထယေ။

ဟူသော ဤ သုံးဂါထာတို့ကို ဆို၏။

၁၆၉။ တာပသ၊ ရှင်ရသေ့။ မေ၊ ငါ့အား။ ဒါဌာ၊ အစွယ်တို့သည်။ န ဝိဇ္ဇန္တိ၊ မရှိကုန်သည်ကား။ ၊ မဟုတ်ကုန်။ ဝိဇ္ဇန္တိ ဧဝ၊ ရှိကုန်သည်သာတည်း။ ကာယေ၊ ဝက်အပေါင်း၌။ ဗလံ၊ ဗိုလ်ပါသည်။ သမောဟိတံ၊ စုဝေး၏။ ဧကတော၊ တပေါင်းတည်း။ သာမဂ္ဂီ၊ ညီညွတ်ကုန်သော။ ဉာတီ၊ အဆွေအမျိုးတို့ကို။ ဒိသွာန၊ မြင်၏။ တသ္မာ စ၊ ထိုသို့ ညီညွတ်သည်ကို မြင်သောကြောင့်ကား။ ဧကကော၊ တကောင်တည်း။ ဝနမှိ၊ တော၌။ ဈာယာမိ၊ ကြံမှိုင်၏။

၁၇၀။ ဣမေ၊ ဤဝက်တို့သည်။ ပုရေ၊ ရှေး၌။ မံ၊ ငါ့ကို။ ဒိသွာ၊ မြင်ကုန်၍။ ဒိသောဒိသံ၊ ထိုထိုအရပ်သို့။ ယန္တိ၊ ပြေးသွားကုန်၏။ ဘယဋ္ဋိတာ၊ ကြောက်ခြင်းဖြင့် နှိပ်စက်အပ် ကုန်သည် ဖြစ်၍။ ပုထု၊ အသီး အသီး။ လေဏံ၊ ပုန်းအောင်းရာကို။ ဂဝေသိနော၊ ရှာကြကုန်၏။ တေ၊ ထိုဝက်တို့သည်။ ဒါနိ-ဣဒါနိ၊ ယခုအခါ၌။ ဧကတော၊ တပေါင်းတည်း။ သင်္ဂမ္မ၊ စုရုံးကုန်၍။ ဝသန္တိ၊ နေကုန်၏။ ယတ္ထ၊ အကြင်အရပ်၌။ ဌိတာ၊ တည်ကုန်သော။ တေ၊ ထိုဝက်တို့ကို။ မယာ၊ ငါသည်။ အဇ္ဇ၊ ယနေ့။ ဒုပ္ပသဟာ၊ မနှိပ်စက်ဝံ့ချေ။

၁၇၁။ ပရိနာယကသမ္ပန္နာ၊ အကြီးအမှူးနှင့် ပြည့်စုံ ကုန်သည် ဖြစ်၍။ သဟိတာ၊ ပေါင်းစုကုန်လျှက်။ ဧကစာရိနော၊ တကွနက် သွားကြကုန်၏။ တေ၊ ထိုဝက်တို့သည်။ သမဂ္ဂါ၊ အညီအညွတ်။ မံ၊ ငါ့ကို။ ဟိံသေယျုံ၊ ညှဉ်းဆဲကုန်ရာ၏။ တသ္မာ၊ ထို့ကြောင့်။ နေသံ၊ ထိုဝက်တို့ကို။ အဟံ၊ ငါသည်။ န ပတ္ထယေ၊ မတောင့်တပြီ။

ထိုစကားကို ကြား၍ ရသေ့စဉ်းလဲသည် ကျားအား အားထုတ်ခြင်းကို ဖြစ်စေလိုရကား-

၁၇၂။ ဧကောဝ ဣန္ဒော အသုရေ ဇိနာတိ၊
ဧကောဝ သေနော ဟန္တိ ဒိဇေ ပသယှ။
ဧကောဝ ဗျဂ္ဃေါ မိဂသံဃပ္ပတ္တော၊
ဝရံဝရံ ဟန္တိ ဗလဉှိ တာဒိသံ။

ဟူသော ဤဂါထာကို ဆို၏။

၁၇၂။ သမ္မ ဗျဂ္ဃ၊ အဆွေကျား။ ဣန္ဒော၊ သိကြားမင်းသည်။ ဧကောဝ၊ တယောက်တည်းလျှင်။ အသုရေ၊ အသုရာတို့ကို။ ဇိနာတိ၊ အောင်၏။ သေနော၊ သိန်းသည်။ ဧကောဝ၊ တကောင်းတည်းလျှင်။ ဒိဇေ၊ ငှက်အပေါင်းတို့ကို။ ပသယှ၊ နှိပ်စက်၍။ ဟန္တိ-ဟနတိ၊ သတ်နိုင်၏။ ဗျဂ္ဃေါ၊ ကျားသည်။ ဧကောဝ၊ တစီးတည်းလျှင်။ မိဂသံဃပ္ပတ္တော၊ ဝက်အပေါင်းသို့ ရောက်သည်ဖြစ်၍။ ဝရံဝရံ၊ ဆူနိုးရာရာကို။ ဟန္တိ- ဟနတိ၊ သတ်နိုင်၏။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ တဿ၊ ထိုဝက်အပေါင်းကို သတ်နိုင်သောကျား၏။ ဗလံ၊ ခွန်အားသည်။ တာဒိသံ၊ သင်ကဲ့သို့ပင်တည်း။

ထို့နောင်မှ ကျားသည် ထိုရသေ့စဉ်းလဲစကားကို ပယ်လိုသည်ဖြစ်၍-

၁၇၃။ န ဟေဝ ဣန္ဒော န သေနော၊ နာပိ ဗျဂ္ဃေါ မိဂါဓိပေါ။
သမဂ္ဂေ သဟိတေ ဉာတီ၊ န ဗျဂ္ဃေါ ကုရုတေ ဝသေ။

ဟူသော ဤဂါထာကို ဆို၏။

၁၇၃။ ဘော ဇဋိလ၊ အို ရသေ့။ သမဂ္ဂေ၊ ညီညွတ်ကုန်သော။ သဟိတေ၊ တပေါင်းတည်းဖြစ်ကုန်သော။ ဉာတီ၊ အဆွေအမျိုးတို့ကို။ ဣန္ဒော၊ သိကြားမင်းသည်။ နဟေဝ ဇိနာတိ၊ မအောင်နိုင်။ သေနော၊ သိန်းသည်။ န ဟေဝ ဇိနာတိ၊ မအောင်နိုင်။ မိဂါဓိပေါ၊ သားတို့၏ မင်းဖြစ်သော။ ဗျဂ္ဃေါပိ၊ ကျားသည်လည်း။ နာပိ ဇိနာတိ၊ မအောင်နိုင်။ ဗျဂ္ဃေါ၊ ကျားသည်။ ဝသေ၊ မိမိအလိုသို့ လိုက်သည်တို့ကို။ န ကုရုတေ၊ မပြုနိုင်။

ရသေ့စဉ်းလဲသည် တဖန် ထိုကျားကို အားထုတ်ပြန်စေလိုရကား-

၁၇၄။ ကုမ္ဘီလကာ သကုဏိကာ၊ သံဃိနော ဂဏစာရိနော။
သမ္မာဒမာနာ ဧကဇ္ဈံ၊ ဥပ္ပတန္တိ ဍိယန္တိ စ။
၁၇၅။ တေသဉ္စ ဍိယမာနာနံ၊ ဧကေတ္ထ အပသက္ကတိ။
တဉ္စ သေနော နိတာဠေတိ၊ ဝေယျဂ္ဃိယေဝသာ ဂတိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၇၄။ ဘော ဗျဂ္ဃ၊ အိုကျား။ သံဃိနော၊ အပေါင်းအစုရှိကုန်သော။ ဂဏစာရိနော၊ ပေါင်း၍သွားကုန်သော။ ကုမ္ဘီလကာ၊ ကုမ္ဘီလက အမည်ရှိကုန်သော။ သကုဏိကာ၊ ငှက်တို့သည်။ သမ္မာဒမာနာ၊ ဝမ်းမြောက်ဝမ်းသာ။ ဧကံ၊ တပေါင်းတည်း။ ဥပ္ပတန္တိ၊ ပျံကုန်၏။ ဍိယန္တိ စ၊ ကောင်းကင်၌လည်း သွားကုန်၏။

၁၇၅။ ဧတ္ထ၊ ထိုသို့ပျံသွားရာ၌။ ဍိယမာနာနံ၊ ကောင်းကင်၌ ပျံသွားကုန်သော။ တေသဉ္စ၊ ထိုငှက်တို့တွင်လည်း။ ဧကော၊ တခုသော ငှက်ငယ်သည်။ အပသက္ကတိ၊ တခုသောနံပါးဖြင့် အသီးအခြား သွား၏။ တဉ္စ၊ တခုသောနံပါးဖြင့် အသီးအခြားသွားသော ငှက်ငယ်ကိုလျှင်။ သေနော၊ သိန်းသည်။ နိတာဠေတိ၊ ဖမ်းယူ၏။ သာ ဂတိ၊ ထိုဖြစ်ခြင်းသည်။ ဝေယျဂ္ဃိယေဝ၊ ကျား၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းလျှင်တည်း။

ဤသို့သော စကားကိုဆို၍ ကျားမင်း သင်သည် မိမိအစွမ်းကို မသိ၊ မကြောက်လင့်၊ သက်သက် သင်သည် မြည်လျက် ပြေးဝင်သည်ရှိသော် နှစ်ခုမျှသော ဝက်သည်လည်း တပေါင်းတည်း သွားနိုင်ကုန်သည် မဖြစ်လတ္တံ့၊ အားထုတ်ဦးလော့ဟု ဆို၏။ ထိုကျားသည် ရသေ့စဉ်းလဲဆိုတိုင်း ပြု၏။

ထိုအကြောင်းကို ထင်စွာ ပြလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၇၆။ ဥဿာဟိတော ဇဋိလေန၊ လုဒ္ဒေနာမိသစက္ခုနာ။
ဒါဌီ ဒဌီသု ပက္ခန္ဒိ၊ မညမာနော ယထာ ပုရေ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၇၆။ ဘိက္ခဝေ၊ ရဟန်းတို့။ လုဒ္ဒေန၊ ကြမ်းကြုတ်စွာသော။ အာမိသစက္ခုနာ၊ အစာအာမိသကို ရှုကြည့်လေ့ရှိသော။ ဇဋိလေန၊ ရသေ့စဉ်းလဲသည်။ ဥဿာဟိတော၊ တိုက်တွန်း နှိုးဆော်အပ်သော။ ဒါဌီ၊ အစွယ်ဟူသော လက်နက်ရှိသော ကျားသည်။ ဒါဌီသု၊ အစွယ်ရှိသော ဝက်တို့၌။ ပုရေ ယထာ၊ ရှေးအခါကဲ့သို့။ မညမာနော၊ ထင်မှတ်၍။ ပက္ခန္ဒိ၊ ပြေးဝင်၏။

ထိုကျားသည် သွား၍ တောင်အပြင်၌ တည်သတတ်၊ ဝက်တို့သည် အရှင်တစ္ဆကဝက်မင်း ကျားခိုးသူသည် လာပြန်ပြီဟု တစ္ဆကဝက်အား ကြားကုန်၏။ ထိုတစ္ဆကဝက်မင်းသည် မကြောက်ကြကုန်လင့်ဟု ထိုဝက်အပေါင်းတို့ကို နှစ်သိမ့်စေပြီးလျှင် ထ၍ တွင်းနှစ်တွင်းတို့၏ အကြား မြေပလ္လင်၌ တည်၏။ ကျားသည် အဟုန်ကို ဖြစ်စေ၍ တစ္ဆကဝက်မင်းသို့ ရည်လျက် ပြေးလာ၏။ တစ္ဆကဝက်မင်းသည် ပြန်လည်၍ နောက်သို့ မျက်နှာပြုလျက် ရှေ့တွင်း၌ ဆင်း၏။ ကျားသည်လည်း အဟုန်ကို တန့်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ သွားသဖြင့် မန်းနှင့်တူသော မြေလိုဏ်ရှိသော တွင်း၌ကျ၍ လက်အုပ်ချီသကဲ့သို့ ဖြစ်၍ တည်၏။ တစ္ဆကဝက်မင်းသည် လျင်မြန်စွာ ထလတ်၍ ထိုကျား၏ ပေါင်ကြား၌ အစွယ်ကိုချ၍ နှလုံးကျောက်ကပ် တိုင်အောင် ခွဲ၍ အသားကိုစားလျက် နှုတ်သီးဖြင့်ကိုက်၍ တွင်းပ၌ချပြီးလျှင် ဤကျွန်ကို ယူကြကုန်လော့ဟု ဆို၏။ ရှေးဦးစွာ လာလတ်ကုန်သော ဝက်တို့သည် တကြိမ်သာလျှင် နှုတ်သီးစွတ်လောက်ရုံမျှသော ကျားသားကို ရကုန်၏။ နောက်မှလာသော ဝက်တို့သည် ကျားသားသည် အဘယ်သို့ သဘောရှိကုန်သနည်းဟု ဆိုကုန်၏။

တစ္ဆက ဝက်မင်းသည် တွင်းမှတက်ပြီးလျှင် ဝက်တို့ကို ကြည့်၍ အသို့နည်း၊ နှစ်သက်ကြကုန်၏လောဟု ဆို၏။ အရှင်ရှေးဦးစွာ ဤကျားတခုကို ဖမ်းအပ်၏။ တပါးလည်းဖြစ်သော တယောက်သော ကျား၏ကျွန်သည်ကား ရှိသေး၏ဟု ဆိုကုန်၏။ ထိုကျား၏ကျွန်သည် အဘယ်မည်သော သူနည်းဟု မေးသည်ရှိသော် ကျားသည် ဆောင်ခဲ့တိုင်း ဆောင်ခဲ့တိုင်းသော အသားကို စားရသော ရသေ့စဉ်းလဲသည် ရှိ၏ဟု ဆိုကုန်၏။ ထိုသို့တပြီးကား လာကြကုန်၊ ထို ရသေ့စဉ်းလဲကို ဖမ်းကြကုန်အံ့ဟု ဆို၍ ထိုဝက်တို့နှင့်တကွ လျင်မြန်စွာ ပြေးသွား၏။ ရသေ့စဉ်းလဲသည်လည်း အဆွေကျားမင်းသည် ကြာမြင့်စွဟုကြံ၍ ထိုကျားလာလတ္တံ့သော ခရီးသို့ ကြည့်လတ်သော်သော ဝက်တို့လာလတ်သည်ကို မြင်၍ ဤဝက်တို့သည် ကျားကိုသတ်ပြီး၍ ငါ့ကို သတ်ခြင်းငှါ လာကုန်ယောင်တကားဟု ကြံ၍ ပြေးသဖြင့် တခုသော ရေသဖန်းပင်သို့ တက်၏။ ဝက်တို့သည် သစ်တပင်သို့ တက်၏ဟု ဆိုကုန်လတ်သော် အဘယ်သစ်ပင်နည်းဟု မေး၍ ရေသဖန်းပင်တည်းဟု ဆိုကုန်လျှင် ထိုသို့တပြီးကား မစိုးရိမ်ကြကုန်လင့်၊ ယခုအခါ ထိုရသေ့စဉ်းလဲကို ဖမ်းကုန်အံ့ဟု ဆို၍ ဝက်ပျိုတို့ကိုခေါ်စေ၍ သစ်ပင်ရင်းမှ မြေမှုန့်ကို ယက်စေ၏။ ဝက်မတို့ကို ခံတွင်းပြည့်အောင်ပြု၍ ရေကိုဆောင်စေ၏။ အစွယ်ရှည်သော ဝက်တို့ကို ထက်ဝန်းကျင်မှ အမြစ်တို့ကို ဖြတ်စေ၏။ အောက်သို့ ဖြောင့်ဖြောင့်သွားသော အမြစ်တမြစ်သာလျှင် တည်၏။ ထို့နောင်မှ ကြွင်းကုန်သော ဝက်တို့ကို သင်တို့သည် ဖဲကြကုန်ဟု ဆို၍ ဖဲစေပြီးလျှင် ပုဆစ်တုပ်၍ အစွယ်ဖြင့် ထိုအမြစ်ကို ဖြတ်၏။ ပုဆိန်ဖြင့် ပေါက်သကဲ့သို့ ပြတ်၍ သစ်ပင်သည်လဲ၍ သစ်ပင်မှကျသော ထိုရသေ့စဉ်းလဲကို ကျစဉ်ပင်လျှင်ခံ၍ အသားကို စားကြကုန်၏။ ထိုအံ့ဘွယ်သရဲကို မြင်၍ ရုက္ခစိုးနတ်သည်-

၁၇၇။ သာဓု သမ္ဗဟုလာ ဉာတီ၊ အပိ ရုက္ခာ အရညဇာ။
သူကရေဟိ သမဂ္ဂေဟိ၊ ဗျဂ္ဃေါ ဧကာယနေ ဟတော။

ဟူသော ဤဂါထာကို ဆို၏။

၁၇၇။ သမ္ဗဟုလာ၊ အစည်းအာရုံး များကုန်သော။ ဉာတီ၊ အဆွေအမျိုးတို့သည်။ သာဓု၊ ကောင်းကုန်၏။ အရညဇာ၊ တော၌ ဖြစ်ကုန်သော။ ရုက္ခာ အပိ၊ သစ်ပင်တို့သော်လည်း။ သမ္ဗဟုလာ၊ အစည်းအာရုံး များကုန်မူ။ သာဓု၊ ကောင်းကုန်၏။ သမဂ္ဂေဟိ၊ ညီညွတ်ကုန်သော။ သူကရေဟိ၊ ဝက်တို့သည်။ ဧကာယနေ၊ အပေါင်းအဖော်မရှိ တစည်းတည်းသွားရာ၌။ ဗျဂ္ဃေါ၊ ကျားကို။ ဟတော၊ သတ်အပ်၏။

နှစ်ယောက်ကုန်သော ထိုကျား, ရသေ့စဉ်းလဲတို့အား သတ်သောအဖြစ်ကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၇။ ဗြာဟ္မဏဉ္စေဝ ဗျဂ္ဃဉ္စ၊ ဥဘော ဟန္တွာ သူကရာ။
အာနန္ဒိနော ပမောဒိတာ၊ မဟာနာဒံ ပနာဒိသုံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၇၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဗြာဟ္မဏဉ္စေဝ၊ ပုဏ္ဏားမျိုး ဖြစ်သော ရသေ့စဉ်းလဲကို၎င်း။ ဗျဂ္ဃဉ္စ၊ ကျားကို၎င်း။ ဣတိ၊ ဤသို့။ ဥဘော၊ နှစ်ယောက်ကုန်သူတို့ကို။ သူကရာ၊ ဝက်တို့သည်။ ဟန္တွာန၊ သတ်ကုန်ပြီး၍။ အာနန္ဒိနော၊ အလွန်နှစ်သက်ကုန်သည် ဖြစ်၍။ ပမောဒိတာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍။ မဟာနာဒံ၊ ကျယ်စွာသော အသံကို။ ပနာဒိသုံ၊ မြည်ကြကုန်၏။

တဖန် တစ္ဆကဝက်မင်းသည် ထိုဝက်တို့ကို မေးပြန်၏။ သင်တို့အား တပါးသော ရန်သူတို့သည် ရှိကန်သေးသလောဟု မေး၏။ ဝက်တို့သည် အရှင်မရှိပါပြီဟု ဆိုကုန်၍ ထိုတစ္ဆကဝက်မင်းကို အဘိသိက်သွန်း၍ ငါတို့၏ မင်းပြုကုန်အံ့ဟု ရေကိုရှာလတ်ကုန်သော် ထိုရသေ့စဉ်းလဲ၏ ရေသောက်သော ခရုသင်းကိုမြင်၍ လကျ်ာရစ်လည်သော ထိုခရုသင် ရတနာကို ရေဖြင့်ပြည့်စေပြီးလျှင် ဆောင်ခဲ့၍ တစ္ဆကဝက်မင်းကို ရေသဖန်းပင်ရင်း၌ပင်လျှင် အဘိသိက် သွန်းကြကုန်၏။ အဘိသိက်ရေကို သွန်းစေသော ဝက်မကိုလျှင် မိဖုယားကြီး ပြုကုန်၏။

ထိုအခါမှစ၍ ရေသဖန်းပင်ရင်း၌ နေစေ၍ လကျာရစ် ခရုသင်းဖြင့် အဘိသိက်သွန်းခြင်း အစီအရင်သည် ဖြစ်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည်-

၁၇၉။ တေ ဥဒုမ္ဗရမူလသ္မိံ၊ သူကရာ သုသမာဂတာ။
တစ္ဆကံ အဘိသိဉ္စိံသု၊ တွံ နော ရာဇာသိ ဣဿရော။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၁၇၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သုသမာဂတာ၊ ကောင်းစွာ အညီအညွတ် ဖြစ်ကုန်သော။ တေ သူကရာ၊ ထိုဝက်တို့သည်။ ဥဒုမ္ဗရမူလသ္မိံ၊ ရေသဖန်းပင်ရင်း၌။ တစ္ဆကံ၊ တစ္ဆကဝက်ကို။ တွံ၊ သင်သည်။ နော၊ ငါတို့ကို။ ဣသရော၊ အစိုးရသော။ ရာဇာ၊ မင်းသည်။ အသိ၊ ဖြစ်တော်မူလော့။ ဣတိ၊ ဤသို့။ အဘိသိဉ္စိံသု၊ အဘိသိက် သွန်းကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤဓနုဂ္ဂဟတိဿ မထေရ်သည် စစ်ဆင်ခြင်း၌ လိမ်မာသည် မဟုတ်သေး၊ ရှေး၌လည်း စစ်ဆင်ခြင်း၌ လိမ်မာဘူးသည် သာတည်းဟု မိန့်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ ရသေ့စဉ်းလဲ ဖြစ်ဘူးပြီ၊ ယခုအခါ ဓနုဂ္ဂဟတိဿမထေရ်သည် ထိုအခါ တစ္ဆကသူကရဝက်မင်း ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရုက္ခစိုးနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ညီညာပေါင်းစု၊ တိုင်ပင်ပြု၊ ရမှု အောင်ကြောင်းသာ

ကိုးခုမြောက်သော တစ္ဆကသူကရဇာတ်သည် ပြီး၏။

*****