ဆွမ်း ရေချမ်း ဆီမီးကပ်လှူခြင်း

From Wikisource
Jump to navigation Jump to search
မိရိုးဖလာလွန် ဗုဒ္ဓဘာသာ  (၁၉၇၅ ခုနှစ်)  by ဆရာသောင်းလွင် (ဘီအေ)
ဆွမ်း ရေချမ်း ဆီမီးကပ်လှူခြင်း

ဆွမ်း ရေချမ်း ဆီမီး ကပ်လှူခြင်း

အခန်း-၉

မေး။ ။ ဗုဒ္ဓဘာသာတွေရဲ့ နေ့စဉ်လုပ်ငန်းမှာ ဘုရားရှိခိုးပြီး ဘာလုပ်ပါသလဲ။

ဖြေ။ ။ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ရွတ်ဖတ်ပူဇော် ရှိခိုးပြီးတဲ့အခါ မနက်စောစော အရုဏ်တက်ချိန်ဆိုရင် ဆွမ်း ရေချမ်း ပန်းနဲ့ ဆီမီး ကပ်လှူပူဇော်ပါတယ်။ ညအိပ်ရာဝင် ဘုရားရှိခိုးပြီးရင်တော့ ပန်း ဆီမီးနဲ့ ရေချမ်းပဲ ဆက်ကပ်ပါတယ်။

မေး။ ။ ရုပ်ပွားဆင်းတုတော်နဲ့ စေတီတော်တွေဟာ ဆွမ်း သစ်သီးနဲ့ ရေချမ်းတွေကို တကယ် မဘုဉ်းပေး မသုံးဆောင်ပဲ ဘာကြောင့် လှူဒါန်း ဆက်ကပ်နေကြပါသလဲ။

ဖြေ။ ။ ရုပ်ပွားဆင်းတုတော်တွေနဲ့ စေတီတော်တွေဟာ လူတွေ ဆက်ကပ်ပူဇော်တဲ့ ဆွမ်း သစ်သီး ရေချမ်းတွေကို တကယ်မသုံးဆောင်တာ မှန်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကလဲ ရုပ်ပွားဆင်းတုတော်တွေနဲ့ စေတီတော်ကို ဆက်ကပ်လှူဒါန်းတာ မဟုတ်ပါဘူး။ အဲဒီ ရုပ်ပွားဆင်းတုတော်တွေက ကိုယ်စားပြုထားတဲ့ သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းဆက်ကပ်ခြင်းသာ ဖြစ်ပါတယ်။ သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်း ကိုးကွယ်ဆည်းကပ်မှုဟာ ဗုဒ္ဓသရဏဂုံ ဖြစ်သလို သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းဆည်းကပ်တဲ့ ဆွမ်း ရေချမ်း အလှူဟာလဲ အလှူဒါနမြောက်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာတွေဟာ ဆွမ်းတော်တင်ကြခြင်း ဖြစ်ပါတယ်။

မေး။ ။ ဘုရားဆွမ်းတော်တင်တဲ့ အစဉ်အလာဟာ ပိဋကတ်ထဲမှာ ပါရှိပါသလား။

ဖြေ။ ။ ဘုရားရှင်ကို ဆွမ်းတော် ရေတော်ကပ်တာနဲ့ ပတ်သက်လို့ ပိဋကတ်ပါဠိတော်မှာ မတွေ့ရပါဘူး။ ပရိနိဗ္ဗာန်စံပြီးတဲ့ ဘုရားရှင်ကို ရည်စူး၍ ဓာတုစေတီ စသည်ကို ပစ္စည်းလေးပါးနဲ့ ပူဇော်တာဟာ ဘုရားရှင်ကို ပူဇော်ရာရောက်တယ်လို့ အင်္ဂုတ္တိုရ်အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊ သမေစိတ္တေ သမံ ဖလံ = သက်တော်ထင်ရှား ဘုရားရှင်နဲ့ ပရိနိဗ္ဗာန်စံပြီး ဘုရားရှင်ကို ထပ်တူထပ်မျှ ကြည်ညိုလေးစားတဲ့ စိတ်စေတနာနဲ့ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုဟာ တူမျှတဲ့ အကျိုးကိုပေးတယ်လို့ ဝိမာနဝတ္ထု ပါဠိတော်မှာလဲ ပြဆိုထားပါတယ်။

မေး။ ။ ဘုရားရှင်ဟာ ပရိနိဗ္ဗာန်စံသွားတာ မှန်ရင် ပူဇော်မှုကို မသာယာနိုင်၊ မသာယာသော ဘုရားရှင်အား ပြုအပ်သော ကုသိုလ်သည် အကျိုးတစ်စုံတစ်ရာ မရနိုင်ဘူးလို့ တိတ္ထိတွေက ပြောနေကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးပါလို့ မိလိန္ဒမင်းကြီးက ရှင်နာဂသိန်ကို မေးတယ်။

ဖြေ။ ။ ရှင်နာဂသိန်က မင်းကြီး၊ ဘုရားရှင်ဟာ သက်တော်ထင်ရှားရှိစဉ်ကပင် ပူဇော်မှုတွေကို မသာယာဘူး။ ဗောဓိပင်နဲ့ ရွှေပလ္လင်မှာကတည်းက သာယာတပ်မက်မှုကို ပယ်စွန့်ခဲ့ပြီးပြီ။ အခု ပရိနိဗ္ဗာန်စံသွားပြီဆိုမှတော့ သာယာတပ်မက်မှုဟာ ပိုဆိုးတာပေါ့။ မသာယာသည်ဖြစ်တဲ့ မြတ်စွာဘုရားရဲ့ ဓာတ်တော်တွေကို တည်မှီရာပြုပြီး ဘုရားရှင် ဉာဏ်တော်ရတနာကို အာရုံပြုကာ ကုသိုလ်ကောင်းမှု ပြုခြင်းဖြင့် လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ရရှိနိုင်ပါတယ်။

ဥပမာပြရရင် တောက်လောင်နေတဲ့ မီးပုံကြီးဟာ မြက် ထင်း စတဲ့ လောင်စာတွေကို မသာယာပါဘူး။ မသာယာတဲ့ မီးပုံကြီးကို မြက် ထင်း စတဲ့ လောင်စာတွေကို ထည့်ပြီး အဲဒီမီးတောက်နဲ့ ထမင်း ဟင်း စသည် ချက်ပြုတ်ကာ အကျိုးရှိအောင် လုပ်နိုင်ကြသလို မသာယာတဲ့ ဘုရားရှင်မှာ ပြုလုပ်တဲ့ ပူဇော်မှုဟာလဲ အကျိုးရှိနိုင်ပါတယ်။

နန္ဒကဘီလူးဟာ ရှင်သာရိပုတ္တရာကို ပြစ်မှားတယ်။ ရှင်သာရိပုတ္တရာက စိတ်မဆိုးဘူး။ ဒါပေမယ့် နန္ဒကဘီလူးဟာ မြေမျိုခံရတယ်။ ဒီလို မြေမျိုခံရတာကိုလဲ ရှင်သာရိပုတ္တရာက ဝမ်းမသာဘူး။ နန္ဒကဘီလူး မြေမျိုခံရတာဟာ အပြစ်မှားခံရတဲ့ ရှင်သာရိပုတ္တရာရဲ့ သာယာမှု မသာယာမှုအပေါ် မူတည်တာ မဟုတ်ဘူး။ ပြုလုပ်တဲ့သူရဲ့ စေတနာပေါ်မှာသာ တည်တယ်။ နန္ဒကဘီလူး စေတနာ မကောင်းတော့ မကောင်းတဲ့အကျိုး ရရှိသလိုပဲ။ မသာယာတဲ့ ဘုရားရှင်မှာ ပြုတဲ့ ပူဇော်မှုကောင်းမှု ကုသိုလ်ဟာလဲ လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာအကျိုးကို ခံစားရမယ်လို့ ရှင်နာဂသိန်ဟောပါတယ်။ အဲဒီအချက်ကိုကြည့်ရင် ဆင်းတုစေတီတော်မှာ ဆွမ်း ရေချမ်း ကပ်လှူတာဟာ ဘုရားရှင် သုံးဆောင်သည်ဖြစ်စေ မသုံးဆောင်သည်ဖြစ်စေ ဆက်ကပ်လှူဒါန်းတဲ့သူရဲ့ စေတနာဟာ ထက်သန်ရင့်သန်သလောက် အကျိုးကို ရရှိခံစားနိုင်တယ်လို့ ယုံကြည်နိုင်ပါတယ်။

မေး။ ။ ဘုရားကို ဆွမ်းတော် ရေတော်ကပ်တဲ့ အစဉ်အလာဟာ ဘယ်တုန်းက စခဲ့သလဲ။

ဖြေ။ ။ အထက်ပုစ္ဆာမှာ ဖြေဆိုခဲ့တဲ့အတိုင်း ဘုရားရှင်ကို ဆွမ်း၊ ရေချမ်း စသည်နဲ့ ပူဇော်တဲ့ အလေ့အကျင့်ဟာ မိလိန္ဒပဥှာကျမ်း မရေးခင်ကတည်းက ရှိနေတယ်လို့ ယူဆနိုင်တယ်။ မိလိန္ဒပဥှာကျမ်းကို သာသနာတော် သက္ကရာဇ် ၅၀၀ (ခရစ်နှစ်မစခင် နှစ် ၁၀၀) ခန့်က ပြုစုခဲ့တယ်။

ဘာသာကိုးကွယ်မှု သမိုင်းကို ပြန်ကြည့်တဲ့အခါ ကမ္ဘာ့အစောဆုံး ဘာသာရေးဖြစ်တဲ့ နတ်ကိုးကွယ်မှုမှာ နတ်တွေကို ထမင်း၊ ဟင်း၊ စားသောက်ဖွယ် အရက်သေစာတွေနဲ့ ပူဇော်ပသခဲ့တာကို တွေ့ရတယ်။ သုဇာတာသူဌေးသမီးရဲ့ ဂဏာနို့ဆွမ်းဟာ ဘုရားရှင်အတွက် စီမံချက်လုပ်တာမဟုတ်ဘဲ ညောင်ပင်စောင့် ရုက္ခစိုးနတ်မင်းကြီးအတွက် ပူဇော်ပသတာ ဖြစ်တယ်။ ဘုရားရှင်မပွင့်မီ ဝေဒခေတ်မှာ ဗြဟ္မဏပုဏ္ဏားတွေဟာ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်၊ ဝက် စတဲ့ သတ္တဝါတွေကိုသတ်ပြီး ယဇ်ပူဇော်နေကြတယ်။ ဝေဒလေးပုံမှာပါတဲ့ ယဇုဝေဒဟာ ယဇ်ပူဇော်နည်းတွေကို ပြတဲ့ကျမ်းဖြစ်တယ်။ နတ်ကိုးကွယ်မှု၊ ဗြဟ္မဏတွေရဲ့ ယဇ်ပူဇော်မှုကို အတုယူပြီး ဘုရားဆင်းတုတော် စေတီတော်ကို ဆွမ်း၊ ရေချမ်း ဆက်ကပ်မှုဟာ ဗုဒ္ဓဘာသာ အစပိုင်းလောက်တုန်းကတည်းက ရှိခဲ့မယ်လို့ ယူဆနိုင်တယ်။

ပြီးတော့ ဗုဒ္ဓဘာသာတွေဟာ သံဃာတော်တွေကို ဆွမ်းကပ်ရတယ်။ ဆွမ်းကပ်တော့ ပါဠိတော်တွေမှာ ဗုဒ္ဓပမုခသံဃာ = ဘုရားအမှူးရှိတဲ့ သံဃာတွေကို ဆွမ်းဆက်ကပ်တယ်လို့ ပါတဲ့အတွက် သံဃာတော်တွေ ဆွမ်းကပ်တဲ့အခါမှာလဲ သက်တော်ထင်ရှား ဘုရားရှင်လို ရည်မှန်းပြီး ဆွမ်း၊ ရေချမ်း ဆက်ကပ်တဲ့ အစဉ်အလာဟာ ဘုရားပရိနိဗ္ဗာန်စံပြီးစက စတင်လာခဲ့တယ်လို့ ယူဆရပါတယ်။

မြန်မာနိုင်ငံမှာတော့ ထေရဝါဒသာသနာ မထွန်းကားမီ တောင်သူကြီးမင်းခေါ် ပုပ္ပားစောရဟန်းမင်း လက်ထက် ဘုရားမမည်၊ နတ်မမည် ရုပ်တုကြီးကို ထုလုပ်ကိုးကွယ်ပြီး ည၊ နံနက် အစားအစာနဲ့ အရက်သေစာတွေ ပူဇော်တယ်လို့ တွေ့ရတော့ အရည်းကြီးသာသနာမှာလဲ ဆွမ်းတော်ကပ်တဲ့ အစဉ်အလာရှိပြီးလို့ယူဆရတယ်။ မနူဟာမင်းခံတွင်းက မီးတောက်နေတာကို ဆွမ်းတော်စွန့်ပြီး အစာတွေကျွေးခြင်းဖြင့် ဘုန်းနိမ့်အောင် လုပ်ခဲ့တယ်ဆိုတော့ ထေရဝါဒ ဗုဒ္ဓဘာသာအစကပင် ဆွမ်းတော်ကပ်တဲ့ အစဉ်အလာ ရှိခဲ့တယ်လို့ ယူဆနိုင်တယ်။

မေး။ ။ ဘုရားရှင်ကို ဆွမ်း ရေချမ်း ကပ်လှူတဲ့အကြောင်း အဋ္ဌကထာတွေမှာ ပြပါသလား။

ဖြေ။ ။ ပြပါတယ်။ ဥပရိပဏ္ဏာသ အဋ္ဌကထာမှာ ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးတဲ့နောက် ဘုရားအမှူးရှိသော သံဃာတော်အား ဆွမ်းကပ်လို့ ရပါသလားလို့ မေးပြီး “ရပါတယ်။ နေရာကိုခင်းပြီး ဆင်းတုတော်ကိုချကာ ရဟန်းတော်တွေ ဆွမ်းမကပ်ခင် ဘုရားရှင်ကို ဆွမ်းတစ်ပွဲ ကပ်ရမယ်။ ပြီးမှ သံဃာတော်ကို ကပ်ရမယ်လို့ ပြထားပါတယ်။ အဲဒီဆွမ်းပွဲကို ဘုရားဆင်းတု၊ စေတီ၊ ဝတ်ကြီးဝတ်ငယ်ပြုရတဲ့ ရဟန်းရှိရင် အဲဒီရဟန်းကို ကပ်ရမယ်၊ မရှိဘူးဆိုရင် သံဃာတော်တွေကို ပြန်ကပ်နိုင်တယ်” လို့ ပြထားတယ်။

ဝိနည်းမဟာဝဘ စီဝရက္ခန္ဓက အဋ္ဌကထာမှာ စေတီရုပ်ပွားတော်ရှေ့မှာ ဆွမ်းစသည်ထားပြီး ဘုရားရှင်တို့အား လှူဒါန်းပါ၏ ပြောလှူရမယ်။ လှူပြီးတဲ့ ဆွမ်းတော်ပွဲကို ဘုရားဝတ်ကြီး ဝတ်ငယ်ပြုတဲ့ လူ၊ ရဟန်းက စားနိုင်တယ်။ အမြဲဝတ်ပြုသူ မရှိရင် တံမြက်လှဲခြင်းစတဲ့ ဝတ်တစ်ခုခုကို ပြုလုပ်ပြီး ဆွမ်းတော်ပွဲကို စားနိုင်တယ်လို့ ပြထားတယ်။

ဒီအဋ္ဌကထာမှာ ၂-ခုအရ စေတီ၊ ရုပ်ပွားတော်ကို ဆွမ်းတော်တင်ကောင်းတယ်။ ဆွမ်းတော်ပွဲကျကို ဝတ်တစ်ခုခုပြုပြီး စားကောင်းတယ်လို့ မှတ်ပါ။

မေး။ ။ ဆွမ်းတော်တင်တဲ့အခါ အချို့ဗုဒ္ဓဘာသာတွေဟာ ဟင်းနဲ့မတင်ဘဲ ဘာကြောင့် သစ်သီး၊ အချိုအချဉ်တွေနဲ့သာ တင်သလဲ။ သားငါး ဟင်းတွေနဲ့တင်ရင် အပြစ်ရှိပါသလား။

ဖြေ။ ။ သားငါး ဟင်းတွေနဲ့ တင်လို့ အပြစ်မရှိပါဘူး။ တင်ကောင်းပါတယ်။ ဘုရားရှင်ဟာ သက်တော်ထင်ရှားရှိစဉ်က သားငါးဟင်းလျာတွေကို ဘုဉ်းပေးသုံးဆောင်ပါတယ်။ ရဟန်းတွေကိုလဲ ထူးခြားတဲ့ အသား (၁၀)မျိုးကလွဲရင် ကျန် အသားဟင်းတွေကို ဘုဉ်းပေးသုံးဆောင်ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် ဟိန္ဒူဗြဟ္မဏတွေရဲ့ အသက်သတ်လွတ်စားတဲ့ စနစ်ဟာ မြန်မာလူမျိုးတွေဆီ ကူးစက်လာတယ်။ သက်သတ်လွတ် စားရာက သက်သတ်လွတ် ဆွမ်းတော်တင်မှု အစဉ်အလာ ဖြစ်လာခဲ့တယ်။

သက်သတ်လွတ် ဆွမ်းတော်တင်တဲ့ အခြားအကြောင်းတစ်ခုကတော့ ဗုဒ္ဓမပွင့်မီနဲ့ ဗုဒ္ဓခေတ်မှာ အချို့ဗြဟ္မဏတွေဟာ ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ ဆိတ် စတဲ့ သတ္တဝါတွေကို ရာနဲ့ ထောင်နဲ့ ချီသတ်ပြီး ယဇ်ပူဇော်ပွဲကြီးတွေ (အလှူကြီးတွေ) ပေးနေကြတယ်။ ဒါကို ဘုရားရှင်က အကြီးအကျယ် ရှုတ်ချဟောပြောခဲ့တယ်။ ဒီလို သားကောင်တွေကို အထူးစပါယ်ရှယ်သတ်ပြီး ပြုလုပ်တဲ့ ယဇ်ပူဇော်ပွဲသဘော သက်ရောက်သွားမှာစိုးလို့ သက်သတ်လွတ်ဆွမ်းတော်တင်ကြတာလဲ ဖြစ်ပါတယ်။ ဘုရားကိုးဆူ ပူဇော်ပွဲတွေနဲ့ ရပ်ကွက်တစ်ခုလုံး စုလုပ်ကြတဲ့ ဆွမ်းတော်ကြီးတင် ပွဲတော်တွေမှာလဲ ယဇ်ပူဇော်ပွဲ ဆန်သွားမှာစိုးလို့ သက်သတ်လွတ် မုန့်နဲ့ အသီးအနှံတွေကို တင်ကြတာ ဖြစ်ပါတယ်။

ဆွမ်းတော်ပွဲအတွက် ကြက်ဘဲကောင်လုံးကြော်မျိုး သီးသန့်စီမံတင်တာမဟုတ်ဘဲ နေ့စဉ် စားဦးစားဖျား တင်တဲ့အခါမှာတော့ အသားငါး ဟင်းတွေနဲ့ပဲ တင်နိုင်ပါတယ်။ အသားငါးနဲ့ တင်တဲ့လူတွေလဲ အများပဲ ရှိကြပါတယ်။

မေး။ ။ ရုပ်ပွားဆင်းတုတော်တွေ စေတီတော်တွေကို ဆွမ်းတော်တင်၊ ရေချမ်းကပ်လို့ အကျိုးတစ်စုံတစ်ရာ ရနိုင်ပါသလား။

ဖြေ။ ။ ရနိုင်ပါတယ်။ အခုသိပ္ပံခေတ် ရုပ်ဝါဒီတွေအမြင်မှာတော့ ရုပ်ပွားဆင်းတု စေတီတွေရှေ့မှာ ဆွမ်းတော် ရေတော် တင်လှူထားတာဟာ အဓိပ္ပာယ်မရှိဘူးလို့ မြင်နေတတ်ကြတယ်။ ဆွမ်းတော်တင်တယ် ရေချမ်းကပ်တယ်ဆိုတာက အလှူဒါနပြုခြင်းပါပဲ။ အလှူဒါနဆိုတာက အလှူခံပုဂ္ဂိုလ်က စားသုံးတယ် မစားသုံးဘူးပေါ်မှာ အခြေမခံပါဘူး၊ အလှူရှင်ရဲ့ ပေးလှူတဲ့ စေတနာဟာ အဓိကပါပဲ။ ဒီဒါနစေတနာဟာလဲ ပေးလှူဆဲ ပစ္စည်းဝတ္ထုပေါ်မှာ တွယ်တာ တပ်မက်နေတဲ့ လောဘကို တိုက်ဖျက်ခြင်းသဘောသာ ဖြစ်ပါတယ်။ ဘုန်းကြီးတစ်ပါးကို သင်္ကန်းလှူရာမှာ ဒီဘုန်းကြီးက ဒီသင်္ကန်းကိုဝတ်မှ အလှူမြောက်တာ မဟုတ်ပါဘူး။ သေတ္တာထဲမှာပဲ သိမ်းထားထား အခြားသူတစ်ယောက်ကိုပဲ ပေးပေး မူလလှူတဲ့ လူအဖို့တော့ ဒါနကုသိုလ်ရသလို ရုပ်ပွားတော်က မသုံးဆောင်ပေမယ့် တပ်မက်စွဲလမ်းမှု တဏှာကို ချိုးနှိမ်ပြီး စွန့်လွှတ်ပြီးဖြစ်တဲ့အတွက် ဒါနကုသိုလ်ဖြစ်တယ်လို့ မှတ်နိုင်ပါတယ်။

အလှူဒါနရဲ့ အင်္ဂါ ၄ -ပါးမှာ ပေးလှူလိုတဲ့လူရဲ့ စေတနာ၊ ပေးလှူစရာ ပစ္စည်းဝတ္ထု၊ ထိုပစ္စည်းကို အလှူခံမည့် အလှူခံပုဂ္ဂိုလ်၊ တကယ်ပေးလှူခြင်း၊ ဒီလေးပါးပြည့်စုံရင် အလှူမြောက်ပါတယ်။ အခု ဆွမ်းတော် ရေတော်ကပ်ရာမှာလဲ ဒီလေးပါးစုံတဲ့အတွက် အလှူဒါနမြောက်ပြီး လူနတ်နိဗ္ဗာန် သုံးတန်သော အကျိုးတရားတွေကို ရနိုင်တယ်လို့ ယုံကြည်ပြီး ဆွမ်းရေချမ်း လှူဒါန်းနိုင်ကြပါစေ။

မေး။ ။ ဆွမ်းတော်တင်ပြီး ပြန်စွန့်တဲ့ အစားအသောက်တွေကိုစားရင် ဘုန်းနိမ့်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။ ။ ဆွမ်းတော်တင်ပြီးသား စားရင် ဘုန်းနိမ့်တယ်ဆိုတာ မဟုတ်ပါဘူး။ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာမှာလဲ အခိုင်အမာ မတွေ့ရပါဘူး။ ဒါပေမယ့် ဆွမ်းတော်တင်ပဲဖြစ်ဖြစ်၊ အခြား ဘုရားပိုင်ပစ္စည်း တစ်ခုခုကိုပဲဖြစ်ဖြစ် လူတိုင်းတော့ အလွယ်တကူ ယူငင်စားသုံးလို့ မရပါဘူး။ ဘုရားကျောင်းဆောင်၊ ဘုရားဝင်း၊ ရင်ပြင်တော် စသည်မှာ တံမြက်လှည်းခြင်းစတဲ့ ဗုဒ္ဓဝေယျာဝစ္စ တစ်ခုခုကို လုပ်ပြီးမှသာ ဘုရားလှူထားတဲ့ ပစ္စည်းကို စားရမယ်။ သုံးရမယ်။ တကယ်လို့ ရဟန်းတစ်ပါး၊ ဥပုသ်စောင့်တဲ့ လူတစ်ယောက်ဟာ မွန်းတည့်ခါနီးမှာ ဘုရားလှူထားတဲ့ ဆွမ်း၊ သစ်သီးကို စားဖို့ကြုံနေရင် တံမြက်စည်းလှည်းပြီးမှ စားမယ်ဆိုရင်လဲ မွန်းလွဲသွားမယ်ဆိုရင် ဆွမ်း၊ သစ်သီးကိုစားပြီးမှ ဗုဒ္ဓဝေယျာဝစ္စ ပြုပါမယ်လို့ စိတ်မှာ နှလုံးသွင်းပြီးမှ စားရမယ်။ စားပြီးတော့လဲ ဗုဒ္ဓဝေယျာဝစ္စကို လုပ်ရမယ်လို့ အဋ္ဌကထာမှာ ဘုရားပစ္စည်း စားသုံးနည်းကို ဖွင့်ပြထားပါတယ်။

ဒီအဋ္ဌကထာ အဖွင့်ကိုကြည့်ရင် ဘုရားပစ္စည်းကို လူတိုင်း မစားသုံးကောင်းဘူး။ ဗုဒ္ဓဝေယျာဝစ္စ တစ်ခုခုကို လုပ်ပြီးမှ စားသုံးကောင်းတယ်လို့ မှတ်နိုင်ပါတယ်။ ဘုန်းကြီးပစ္စည်း ကျောင်းပစ္စည်း ထိုနည်းလည်းကောင်းပါပဲ။

ဘုန်းနိမ့်တယ်ဆိုတဲ့ အယူအဆကတော့ ရာဇဝင်အရ သထုံမနူဟာမင်းကို အနော်ရထာမင်းစော ခေါ်ဆောင်ဖမ်းဆီးလာပြီးနောက် မနူဟာမင်း စကားပြောတဲ့အခါ အာခံတွင်းက မီးတောက်မီးလျှံ ထွက်နေတယ်။ အာဏာစက်ရှိနေတယ်။ ဒါကြောင့် အာဏာစက် ညံ့သွားအောင် ဘုရားဆွမ်းတော်တင်ကို စွန့်ပြီးတော့ ကျွေးတော့မှ အာခံတွင်းက မီးတောက်များ ပျောက်သွားတယ်၊ အာဏာစက် ညံ့သွားတယ်လို့ ဆိုတယ်။ ဒီရာဇဝင်စကားအရ ဆွမ်းတော်တင်စားရင် ဘုန်းနိမ့်တယ်လို့ ပြောစမှတ် ပြုနေကြတာပဲ ဖြစ်တယ်။

မေး။ ။ စုန္ဒရဲ့ ဝက်ပျိုသားဟင်းကို ဘုရားရှင် ဘုဉ်းပေးပြီးတဲ့အခါမှာ ဘုရားရှင်က ဘယ်သူမှ မစားစေဘဲ မြေထဲထူးမြှုပ်ဖို့ အမိန့်ရှိတာဟာ ဘုရားရှင်စားပြီးသား အခြားပုဂ္ဂိုလ် မစားကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား။

ဖြေ။ ။ မဟုတ်ပါဘူး။ ဘုရားရှင်စားပြီးသား အခြားသူ မစားကောင်းဘူးလို့ မဟုတ်ပါဘူး။ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူခါနီးတဲ့အခါ နောက်ဆုံး ဘုဉ်းပေးတဲ့ ဆွမ်းဖြစ်တဲ့အတွက် နတ်တွေက နတ်သြဇာတွေ ထည့်ထားပါတယ်။ နတ်သြဇာတွေပါတဲ့ အာဟာရကို ရဟန်းရှင်များ လူအများစားသုံးခဲ့ရင် အစာကြေနိုင်ဖို့ မရှိပါဘူး။ ဒါကို သိတော်မူတဲ့ ဘုရားရှင်က ကျန်တဲ့ဟင်းတွေ အားလုံးကို မြေကျင်းထဲ တူးမြှုပ်ခိုင်းတာ ဖြစ်ပါတယ်။ တချို့က ဘုရားရှင်စားပြီးသားဖြစ်လို့ မစားကောင်းဘူးလို့ ပြောဆိုကြပါတယ်။ ဘုရားရှင်ရဲ့ အလိုတော်ဆန္ဒအရ နတ်သြဇာတွေကြောင့် မကြေညက်မှာ စိုးလို့ဆိုတာကို သေသေချာချာမသိကြလို့ ဖြစ်ပါတယ်။ အခု ဆွမ်းတော်ပွဲကိုတော့ ဘုရားရှင်ကိုယ်တိုင်ကလဲ စားသုံးတာမဟုတ်လို့ နတ်သြဇာတွေ ထည့်ဖို့လဲ မရှိပါဘူး။ ဒါကြောင့် အဋ္ဌကထာဆရာ အဖွင့်အတိုင်း ဗုဒ္ဓဝေယျာဝစ္စ တစ်ခုခု ပြုလုပ်ပြီး စားကောင်းတယ်လို့ ယူဆသင့်ပါတယ်။

မေး။ ။ ကိုယ်တင်တဲ့ ဆွမ်းတော်ပွဲကို ကိုယ်ပြန်ပြီး စွန့်စားတာဟာ ကောင်းသလား။ မစားတာက ကောင်းသလား။

ဖြေ။ ။ ကိုယ့်ဆွမ်းတော် ကိုယ်ပြန်စွန့်ပြီး မစားတာက ကောင်းပါတယ်။ စားရင် ဘုန်းနိမ့်မှာစိုးလို့ မဟုတ်ပါဘူး။ ပရိစ္စာဂလက္ခဏံ ဒါနံ - အလှူဒါနဆိုတာ လှူဖွယ်ဝတ္ထုကို နှမြောတွယ်တာမှု ငဲ့ကွက်မှု မရှိဘဲ လွတ်လွတ် စွန့်ကြဲလှူဒါန်းခြင်း လက္ခဏာရှိရတယ်။ ဆွမ်းတော် တင်တယ်ဆိုတာက နာမည်လောက်ပဲ၊ ပြီးတော့ ငါပဲစွန့်စားမှာပဲဆိုတဲ့ အသိဝင်ရောက်လာတတ်တယ်။ ဒီအခါမှာ ကိုယ်တင်တဲ့ ဆွမ်းတော်ရဲ့ လှူဖွယ်ကို လုံးဝ အာလယပြတ် မစွန့်လွှတ်နိုင်တဲ့အတွက် ဒါနအမြတ်စား မဖြစ်နိုင်ဘူး။

လုံးဝလွတ်လွတ် ပေးလှူစွန့်လွှတ်တဲ့ ဒါနလက္ခဏာမြောက်ဖို့အတွက် ဒီဆွမ်း၊ ဒီမုန့်၊ ဒီသစ်သီးကို ဘုရားရှင်ကို ဆက်ကပ်မယ်။ ဆွမ်းတော်စွန့်ပြီးရင် ကုသိုလ်အဆင့် ပွားဖို့အတွက် အခြားပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ကျီးငှက် တိရစ္ဆာန်တွေကို ပေးလှူစွန့်ကြဲမယ်လို့ စိတ်မှာ ထားသင့်တယ်။ ဒီပစ္စည်းဝတ္ထုပေါ်မှာ တပ်မက်စွဲလန်းမှုကို လုံးဝကင်းစင်ဖို့အတွက် အခြားသူတစ်ဦးတစ်ယောက်ကို ထပ်ဆင့် ပေးလှူလိုက်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ့်အိမ်မှာ ဆွမ်းတော်ပွဲစွန့်တာဖြစ်လို့ အခြားအလှူခံပုဂ္ဂိုလ် အလွယ်မတွေ့ဘူးဆိုရင် အဖိုးတန် မွန်မြတ်တဲ့ စားသောက်ဖွယ်တွေလဲ ဖြစ်နေတယ်ဆိုရင် ကိုယ့်အိမ်က ကလေး၊ အိမ်နီးနားချင်းက ကလေးတွေကို ဝေခြမ်းပေးသင့်ပါတယ်။

မေး။ ။ ဆွမ်းတော်ပွဲ စွန့်ပြီးသားကို ရဟန်းသံဃာတော်ကို ပေးလှူလို့ ကောင်းပါသလား။

ဖြေ။ ။ လှူချင်ရင်တော့ လှူနိုင်ပါတယ်။ ဥပရိဏ္ဏာသ အဋ္ဌကထာမှာ ဘုရားဆင်းတုတော် လှူပြီးသားဆွမ်းကို ဘုရားဝတ်ကြီးဝတ်ငယ် ပြုတဲ့ ရဟန်း၊ ဒါမှမဟုတ် ရဟန်းသံဃာတော်များကို လှူဒါန်းနိုင်တယ်လို့ ဖွင့်ထားပါတယ်။ ဒါပေမယ့် သိပ်တော့ မကောင်းပါဘူး။ ဆွမ်းတော်ကပ်လိုက်တယ် ဆိုကတည်းက ဒီပစ္စည်းဟာ ဘုရားပစ္စည်း ဖြစ်သွားပါပြီ။ ဘုရားပစ္စည်းကိုယူပြီး ကိုယ်က လှူတာဖြစ်တဲ့အတွက် စေတနာဟာ သိပ်ထက်ထက်သန်သန် ရှိမှာ မဟုတ်ပါဘူး။ တကယ်လို့ သံဃာတော်တွေကိုလဲ လောင်းလှူချင်တယ်ဆိုရင် မူလကတည်းက သတ်သတ် စီမံခဲ့သင့်ပါတယ်။ ဒါမှလဲ ကိုယ်ပိုင်ပစ္စည်းနဲ့ သံဃာတော်ကို လှူဒါန်းပူဇော်ရာ ရောက်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဆွမ်းတော်ပွဲစွန့်ပြီး ဘုန်းကြီးလှူလိုက် သူတောင်းစားတွေပေးလိုက်ဆိုရင် ဘုန်းကြီးနဲ့ သူတောင်းစား အတူတူထားရာ ရောက်သည့်အတွက် အကျိုးလဲ သိပ်ထူးမှာ မဟုတ်ဘူး။ ဘာသာခြားတွေရဲ့ အမြင်မှာလဲ သံဃာတော်တွေနဲ့ သူတောင်းစားတွေဟာ အတူတူပဲလို့ မှတ်ထင်သွားစရာ ရှိတဲ့အတွက် ဆွမ်းတော်ပွဲစွန့်ပြီး သံဃာတော်များကို မလောင်းလှူတာ ပိုပြီးကောင်းပါတယ်။

မေး။ ။ ဆွမ်းတော်ပွဲစွန့်ပြီး သူတောင်းစားတွေကို ပေးတဲ့အစဉ်အလာဟာ ဘယ်တုန်းက စတင်ခဲ့ပါသလဲ။

ဖြေ။ ။ ရှေးရှေးမြန်မာတွေဟာ ဘုရားစေတီတည်ပြီးရင် အဲဒီဘုရားကို ပြုပြင်မွမ်းမံဖို့အတွက် ဥယျာဉ်တွေ လယ်တွေကို လှူဒါန်းခဲ့ပါတယ်။ ဘုရားရဲ့ ဝေယျာဝစ္စဆောင်ရွက်ဖို့ ကပ္ပိယ (ဘုရားကျွန် ကျောင်းကျွန်) တွေကို လှူဒါန်းခဲ့ပါတယ်။ ဘုရားပိုင်ဥယျာဉ်၊ လယ်ယာကထွက်တဲ့ အခွန်အကောက်တွေကို ဘုရားပြင်ဆင်ဖို့နဲ့ ဘုရားကျွန် ကျောင်းကျွန်တွေရဲ့ စားဝတ်နေရေးအတွက် ခွဲဝေသုံးစွဲရပါတယ်။ ဘုရားရှင်ကို လှူပြီးတဲ့ ဆွမ်းတော်ပွဲကို ဘုရားဝေယျာဝစ္စပြုလုပ်တဲ့ ဘုရားကျွန် ယခုခေတ်အခေါ် သူတောင်းစားတွေကို စွန့်ကြဲခြင်းဖြစ်တယ်။

တစ်နည်းအားဖြင့်တော့ ယခုခေတ် သူတောင်းစားတွေဟာ ဘုရားဝေယျာဝစ္စကို မဆောင်ရွက်ကြတော့ဘူး။ ဘုရားကျွန်အဖြစ် ဘယ်ဘုရင်အမိန့်နဲ့မှ လှူဒါန်းထားတာလဲ မဟုတ်ကြပါဘူး။ သူတောင်းစားတွေဟာ ဆင်းရဲသူတွေဖြစ်လို့ သနားကြင်နာစိတ်နဲ့ အဖိုးတန် မွန်မြတ်တဲ့ အစားတွေ စားသောက်ကြပါစေလို့ စွန့်ကြဲပေးကမ်းတာလဲ ဖြစ်နိုင်တယ်။ ဒီလိုဆင်းရဲသူတွေ စားခွင့်ရအောင် စားခွင့်ကြုံအောင်လဲ ဆွမ်းတော်ပွဲတွေကို ရိုးရိုးလူတွေ မစားကောင်းဘူးလို့ ကရုဏာရှင် မြန်မာကြီးများက ပရိယာယ်နဲ့ ပြောခဲ့တာလဲ ဖြစ်နိုင်ပါတယ်။ အခုလို ရှေးခေတ် ဘုရားကျွန် ယခုခေတ် သူတောင်းစားတွေ စားတာများတော့ ဆွမ်းတော်ပွဲ စားတဲ့လူဟာ ဘုရားကျွန် သူတောင်းစားနဲ့ တစ်တန်းတည်း ဖြစ်သွားတယ်။ ဘုန်းနိမ့်သွားတယ်လို့ ထင်မြင်ယူဆ ပြောဆိုကြတာလဲ ဖြစ်နိုင်ပါတယ်။

မေး။ ။ ဆွမ်းတော်ကြီးတင်တယ်ဆိုတာ ဘာလဲ။

ဖြေ။ ။ ဆွမ်းတော်ကြီး တင်တယ်ဆိုတာ ရွာဦးဘုရား ရပ်ကွက်ဓမ္မာရုံမှာ တစ်ရွာလုံး တစ်ရပ်ကွက်လုံး စုပေါင်းပြီး ပွဲလမ်းသဘင် အခမ်းအနားနဲ့ ပြုလုပ်တဲ့ ဆွမ်းတော်တင်အလှူ ဖြစ်ပါတယ်။ နေ့စဉ် အိမ်မှာတင်တာထက် ကြီးကျယ်တယ်။ တစ်နှစ်မှာ တစ်ကြိမ် အထူးစပယ်ရှယ် ပြုလုပ်တာဖြစ်လို့ ဆွမ်းတော်တင်ပွဲတွေဟာ ကြီးပါတယ်။ ငှက်ပျောဖီးလိုက်၊ သဘောင်္၊ နာနတ်၊ ကျွဲကော၊ ပန်းသီး၊ နို့ဆီဘူး၊ မုန့်သေတ္တာစတဲ့ အဖိုးတန် မွန်မြတ်တဲ့ ဆွမ်းတော်ပွဲတွေနဲ့ တင်ကြပါတယ်။ အများအားဖြင့် ဆွမ်းတော်ကြီးတင်ပွဲနဲ့ သံဃာတော်များ ဆွမ်းကြီးလောင်းပွဲ (ဆွမ်းဆန်စိမ်းလောင်းလှူပွဲ)ကို ပူးတွဲကျင်းပလေ့ ရှိကြပါတယ်။

မေး။ ။ နေ့စဉ် ဆွမ်းတော်တင်မှုဟာ မြန်မာ့ယဉ်ကျေးမှုကို ဘယ်လောက် အထောက်အကူ ပြုပါသလဲ။

ဖြေ။ ။ ဘုရားရှင်ဟာ အမြတ်ဆုံးအလှူခံပုဂ္ဂိုလ်၊ အချိန်မရွေး လှူဒါန်းနိုင်တဲ့ အလှူခံပုဂ္ဂိုလ် ဖြစ်ပါတယ်။ လောင်းလှူတဲ့ပစ္စည်း အဆင်သင့်ဖြစ်တဲ့အခါ အလှူခံ သံဃာတော်ကို တွေ့ချင်မှ တွေ့ပါမယ်။ အချိန်မှန် ရုံးတက်ရတဲ့ မြို့ကလူတွေဟာ သံဃာတော်ကို ဆွမ်းလောင်းတဲ့ဝတ်ကို နေ့စဉ်ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘုရားရှင်ဟာ အနီးကပ်ဆုံးနဲ့ အမြင့်မြတ်ဆုံး အလှူခံ ဖြစ်ပါတယ်။ မြန်မာတွေဟာ နေ့စဉ် ဆွမ်းတော်တင် အလှူဝတ်တစ်ခုကို ပြုနေခြင်း၊ စွန့်ပြီး ဆွမ်းတော်ပွဲကို ယုတ်စွအဆုံး ကျီး၊ ငှက်၊ ခွေးတွေကို စွန့်ကြဲ ကျွေးမွေးနေခြင်းဖြင့် မြန်မာတွေ အလှူအတန်း ရက်ရော အပေးအကမ်းများပြီး တစ်ဖက်သားကို ကူညီချင်တဲ့ အမျိုးသားစိတ်ဓာတ် ကိန်းအောင်းလာခြင်း ဖြစ်တယ်။ ကမ္ဘာက ချီးကျူးအသိအမှတ်ပြုရတဲ့ အလောင်းတော်ရဲ့ စိတ်ထားလဲဖြစ်တဲ့ အဖိုးတန် မြန်မာ့အမျိုးသား စိတ်ဓာတ်ဟာ နေ့စဉ် အိပ်ရာထချိန်မှာ မှန်မှန်ပြုလုပ်ခဲ့တဲ့ ဆွမ်းတော်တင်ဝတ်က စခဲ့တယ်ဆိုရင် မမှားပါဘူး။ ဒါကြောင့် သီးသန့်ဝယ်ယူ ရှာဖွေထားတဲ့ သစ်သီး၊ မုန့်၊ ပဲ၊ ယို စတဲ့ အသက်သတ်လွတ်ဖြစ်စေ၊ နေ့စဉ် စားဦးစားဖျား ဆွမ်း၊ ဆွမ်းဟင်းများဖြင့် ဖြစ်စေ နေ့စဉ် မှန်မှန် ဆွမ်းတော်တင်ခြင်းဖြင့် ဘုရားရှင်ကို ဆွမ်း၊ ရေချမ်းလှူတဲ့ ကုသိုလ်ကိုလဲ ရယူနိုင်ကြပါစေ၊ ပေးကမ်းလှူဒါန်း ကူညီလိုတဲ့ မြန်မာ့အမျိုးသား စိတ်ဓာတ်ကို တည်ဆောက်ပျိုးထောင် နိုင်ကြပါစေ။

မေး။ ။ ဇနီးဖြစ်သူ ဆွမ်းတော်တင်လျှင် ခင်ပွန်းဖြစ်သူ ကုသိုလ်ရပါသလား။

ဖြေ။ ။ မရပါဘူး။ ယောက်ျားတွေ အထူးသတိပြုစရာကောင်းတဲ့ အချက်ပါပဲ။ အချို့ကတော့ ယောက်ျားဖြစ်သူ ရှာထားတဲ့ ပစ္စည်းနဲ့ လှူဒါန်းတာ ဖြစ်တဲ့အတွက် မိန်းမလှူရင် ယောက်ျားလဲ ကုသိုလ်ရတယ်လို့ ထင်နေကြပါတယ်။ ပစ္စည်ကို ဘယ်သူရှာတယ် ဘယ်သူပိုင်တယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ သေလို့ သပိတ်သွတ်တဲ့အခ သေသူပိုင်တဲ့ ပစ္စည်းနဲ့လှူလို့ သေသူ ကုသိုလ်မရပါဘူး။ သာဓုခေါ်နိုင်တဲ့ ပြိတ္တာဘဝရောက်လို့ သာဓုခေါ်နိုင်တဲ့နေရာမှာ ရောက်နေလို့ သာဓုခေါ်မှသာ သာဓုခေါ်တဲ့အကျိုး ပတ္တာနုမောဒန ကုသိုလ်သာရပြီး အကျိုးခံစားရတယ်လို့ ကျမ်းဂန်မှာပြပါတယ်။ ဒါကိုကြည့်ရင် သူ့ပစ္စည်းကိုလှူလို့ သူကုသိုလ်ရတာ မဟုတ်ပါဘူး။ အလှူခံပုဂ္ဂိုလ်၊ လှူဖွယ်ပစ္စည်း၊ ပေးလှူတဲ့စေတနာ၊ ပေးလှူခြင်းဆိုတဲ့ဒါန၊ အင်္ဂါလေးပါးရှိပါတယ်။ ဒါနမှာ အရေးအကြီးဆုံးဖြစ်တဲ့ စေတနာမရှိတဲ့အတွက် ကုသိုလ်မရခြင်း ဖြစ်ပါတယ်။

မေး။ ။ တစ်အိမ်သားလုံး ကုသိုလ်ရအောင် ဆွမ်းတော် ဘယ်လိုတင်မလဲ။

ဖြေ။ ။ ဆွမ်းတော်ပွဲကိုတော့ ဇနီး၊ သမီး၊ မိခင် တစ်ယောက်ယောက်က ဦးစွာချက်ပြုတ် ပြင်ဆင်ရမှာပဲ။ ပြင်ဆင်ပြီးရင် တစ်ယောက်က ဦးစွာ ဘုရားရှေ့မှာ လက်နှစ်ဖက်နဲ့ ဘုန်းကြီးဆွမ်းကပ်သလို ကပ်ပြီး ဂုဏ်ကိုးပါးရှင် သက်တော်ထင်ရှား မြတ်ဘုရားအား ဆက်ကပ်ပါ၏၊ နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေသတည်းလို့ ဆိုပြီး ကပ်ရမယ်။ ကျန်အိမ်သားတွေကလဲ ဘုရားရှိခိုးတော့မယ်ဆိုရင် မရှိခိုးခင် အထက်ပါအတိုင်း ဆိုပြီး ဆွမ်းတော်ပွဲကို ကိုင်မြှောက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဆက်ကပ်ရမယ်။ အဲဒီလို လူတိုင်း ကိုယ်ထိလက်ရောက် ကပ်မှ လူတိုင်း ကုသိုလ်ရမယ်။

မေး။ ။ ဘုရားကို ဆွမ်းတော်၊ ရေတော် ဘယ်လိုကပ်ပါသလဲ။

ဖြေ။ ။ အလုပ်ကိစ္စများလို့ အချိန်မရဘူးဆိုရင် အထက်မှာဖြေခဲ့သလို ဂုဏ်ကိုးပါးရှင် သက်တော်ထင်ရှား မြတ်ဘုရားအား ဆက်ကပ်ပါ၏၊ နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါရစေသတည်းလို့ ဆိုပြီး ကပ်နိုင်တယ်။ အချိန်ရရင်တော့ ရှိခိုးပြီးမှ အောက်ပါ အစဉ်အလာ ဆွမ်းတော်ကပ်ကို ဆိုပြီး ကပ်ရမယ်။

အစဉ်အလာ ဆွမ်းတော်ကပ်[edit]

အရဟတာဒိ နဝဂုဏေဟိ- အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်။ သမန္နာဂတံ- ပြည့်စုံတော်မူသော။ နာထံ- လူနတ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော။ ဗုဒ္ဓံ- သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာဘုရားကို။ ဥဒ္ဒိဿ- ရည်မှတ်၍။ စေတိယဿ- ဓာတုစေတီ။ ဓမ္မစေတီ။ ဥဒ္ဒိဿစေတီ။ ပရိဘောဂစေတီတော်မြတ်အား။ ဝဏ္ဏဂန္ဓရသသမ္ပန္နံ- အဆင်း အနံ့ အရသာနှင့် ပြည့်စုံသော။ ဣမံ ပိဏ္ဍပါတ ခါဒနီယ ဘောဇနိယံ- ဤဆွမ်းခဲဖွယ် ဘောဇဉ်အရသာကို။ ဒေမိ- ကပ်လှူပါ၏။ မေ- အကျွန်ုပ်၏။ ဣဒံပုညံ- ဤကောင်းမှုသည်။ အာသဝက္ခယံ- အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို။ ဝဟံ- ရွက်ဆောင်နိုင်သည်။ ဟောတု- ဖြစ်ပါစေသတည်း။

အစဉ်အလာ ရေတော်ကပ်[edit]

အရဟတာဒိ နဝဂုဏေဟိ- အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်။ သမန္နာဂတံ- ပြည့်စုံတော်မူသော။ နာထံ- လူနတ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော။ ဗုဒ္ဓံ- သက်တော်ထင်ရှား သဗ္ဗညု မြတ်စွာဘုရားကို။ ဥဒ္ဒိဿ- ရည်မှတ်၍။ စေတိယဿ- ဓာတုစေတီ။ ဓမ္မစေတီ။ ဥဒ္ဒိဿစေတီ။ ပရိဘောဂ စေတီတော်မြတ်အား။ သီတလံ- အေးမြတ်လှစွာသော။ ဣမံ ပါနိယပရိဘောဇနိယံ- ဤသောက်တော်ရေ၏။ ဣဒံပုညံ- ဤကောင်းမှုသည်။ အာသဝက္ခယံ- အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို။ ဝဟံ- ရွက်ဆောင်နိုင်ကြသည်။ ဟောတု- ဖြစ်ပါစေသတည်း။

ဆွမ်းတော်ကပ်တစ်မျိုး[edit]

ဗုဒ္ဓဿနေန ပူဇေမိ၊ မောစနတ္ထာယ ဝဋ္ဋတော။

ဝိမုတ္တော ခုမ္ပိပါသေဟိ၊ လဘာမိ ပရမံ သုခံ။

ဘန္တေ- အရှင်ဘုရား။ အဟံ- တပည့်တော်သည်။ ဝဋ္နတော- သံသရာဝဋ်ဆင်းရဲမှ။ မောစနတ္ထာယ- ထွက်မြောက်ပါရခြင်း အကျိုးငှာ။ ဗုဒ္ဓဿ- သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရားအား။ အနေန- ဤဆွမ်းခဲဖွယ်ဘောဇဉ်ဖြင့်။ ပူဇေမိ- ကပ်လှူပူဇော်ပါ၏။ အနေန- ဤကောင်းမှုကြောင့်။ အဟံ- တပည့်တော်သည်။ ခုမ္ပိပါသေဟိ- ငတ်မွတ်ခေါင်းပါးခြင်း ဘေးအပေါင်းတို့မှ။ ဝိမုတ္တော- ကင်းလွတ်သည်ဖြစ်၍။ ပရမံ- မြတ်လှစွာသော။ သုခံ- နိဗ္ဗာန်ချမ်းသာကို။ လဘာမိ- ရလိုပါ၏ အရှင်ဘုရား။

ရေတော်ကပ် တစ်မျိုး[edit]

ဗုဒ္ဓဿာနေန ပူဇေမိ၊ မောစနတ္ထာယ ဝဋ္ဋတော။

ဒကဂ္ဂမဂ္ဂသိဉ္စန္တော၊ လဘာမိ ပရမံ သုခံ။

ဘန္တေ- အရှင်ဘုရား။ အဟံ- တပည့်တော်သည်။ ဝဋ္ဋတော- သံသရာဝဋ်ဆင်းရဲမှ။ မောစနတ္ထာယ- ထွက်မြောက်ပါရခြင်း အကျိုးငှာ။ ဗုဒ္ဓဿ- သစ္စာလေးပါး တရားအပေါင်းကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရားအား။ အနေန- ဤသော်တော်ရေ သုံးတော်ရေဖြင့်။ ပူဇေမိ- ကပ်လှူပူဇော်ပါ၏။ အနေန- ဤကောင်းမှုကြောင့်။ အဟံ- တပည့်တော်သည်။ ဒကဂ္ဂမဂ္ဂသိဉ္စန္တော- ကိလေသာတည်းဟူသော ပူပန်ခြင်းကို အရဟတ္တမဂ်ရေစင်ဖြင့် သွန်းလောင်းရသည်ဖြစ်၍။ ပရမံ- မြတ်လှစွာသော။ သုခံ- နိဗ္ဗာန်ချမ်းသာကို။ လဘာမိ- ရပါလို၏ အရှင်ဘုရား။

မေး။ ။ ဘုရားရှင်ကို ဆီမီးပူဇော်တဲ့ အစဉ်အလာ ဘယ်တုန်းက စခဲ့သလဲ။

ဖြေ။ ။ ဘုရားရှင်ကို ဆီမီးပူဇော်တဲ့ အစဉ်အလာဟာ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ရှိခဲ့ပုံပေါ်ပါတယ်။ မီးပူဇော်လို့ အကျိုးရပုံတွေကို ဝိမာနဝတ္ထု အပဒါန် ပါဠိတော်တွေမှာ ပြထားပါတယ်။ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်ကို ဖူးမြော်ဖို့ ပရိသတ်ဟာ ညဘက်မှာ လာတာလဲ ရှိပါတယ်။ ဒီအခါမှာ ဂန္ဓကုဋီကျောင်းတော်မှာ မီးပူဇော်ထားဖို့ လိုပါမယ်၊ ညဘက်လာတဲ့အခါ ပရိသတ်ဟာ မီးပူဇော်ကြမှာပါပဲ။ ဘုရားရှင် တာဝတိံသာမှာ အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားပြီး သင်္ကဿနဂိုရ်ပြည်ကို ပြန်ဆင်းတဲ့အခါမှာ မြို့သူမြို့သားတွေက ဆီမီးရောင်စုံ ထွန်းညှိပူဇော် ကြိုဆိုကြတယ်။ သီတင်းကျွတ်မီးထွန်းပွဲတော်ဟာ သင်္ကဿနဂိုရ် မီးထွန်းပွဲက စခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဘုရားဆီမီး ပူဇော်တဲ့ အလေ့ဟာ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က စခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

မေး။ ။ ဆင်းတုစေတီမှာ ဘာဖြစ်လို့ ဆီမီးပူဇော်ရသလဲ။

ဖြေ။ ။ ဆင်းတုစေတီဟာ ညမှောင်ထဲမှာ ရှိနေရင် သက်တော်ထင်ရှား ဘုရားရှင်ကို အာရုံထဲမှာ မှန်းဆပြီး ပူဇော်လို့ မရပါဘူး။ အမှောင်ထုဟာ ကြောက်ရွံ့စိတ်ကို ဖြစ်စေသလို အလင်းရောင်ဟာ ကြည်နူးလန်းဆန်းမှုကို ဖြစ်စေပါတယ်။ ဆင်းတုတော်စေတီကို လင်းလင်းထင်းထင်းမှာ စူးစိုက်ကြည့်ရှု ဖူးမြော်ပြီးမှ သက်တော်ထင်ရှား ဂုဏ်ကိုးပါးရှင် ဘုရားသခင်ကို စိတ်မှာမှန်းဆ ကြည်ညိုရန် လွယ်ကူတဲ့အတွက် ဘုရားရှင်ကို ဆီမီးနဲ့ ပူဇော်ကြခြင်း ဖြစ်ပါတယ်။

မေး။ ။ တန်ခိုးကြီးဘုရားတွေမှာ မနက်ခင်း၊ နေ့ခင်း အလင်းရောင်ရှိချိန်မှာ မီးထွန်းပူဇော်တာ ကုသိုလ်ရရှိပါသလား။

ဖြေ။ ။ အလှူခံ၊ လှူဖွယ်ပစ္စည်း၊ လှူလိုသောစေတနာ၊ လှူခြင်းဆိုတဲ့ ဒါနအင်္ဂါလေးချက်နဲ့ ပြည့်စုံတဲ့အတွက် ကုသိုလ်ရသင့်သလောက်တော့ ရဖို့ရှိပါတယ်။ ဒါပေမယ့် ဆီမီးထွန်းတဲ့ ရည်ရွယ်ချက်က အမှောင်ခွင်း အလင်းဆောင်ဖို့ အလင်းရောင်ရမှ ဆင်းတုစေတီကို ဖူးမြော်ကြည်ညိုဖို့ ဖြစ်တယ်။ အလင်းရောင် ရှိချိန်မှာ ဖယောင်းတိုင်ထွန်း ပူဇော်တော့ အလင်းရောင်ဟာ ပိုမလာဘူး။ ဒါကြောင့် မနက်ညအမှောင်ထုရှိတဲ့ အခါမှာသာ ဖယောင်းတိုင်နဲ့ လျှပ်စစ်မီးညှိထွန်း ပူဇော်သင့်ပါတယ်။ အလင်းရောင်ရှိချိန်မှာ ဘုရားရောက်လို့ ဆီမီးကိုလဲ ပူဇော်ချင်တယ်ဆိုရင်တော့ မီးပူဇော်ရန်ဆိုတဲ့ အလှူခံသေတ္တာထဲ လှူခဲ့တာ ပိုကောင်းပါတယ်။ ဒါမှမဟုတ်လဲ အမှောင်နည်းနည်းရှိတဲ့ ဓမ္မာရုံထဲ၊ ဂူထဲကဘုရားမှာ ညှိထွန်းပူဇော်ရင် ပိုကောင်းပါတယ်။

အစဉ်အလာဆီမီးပူဇော်ပုံ[edit]

မေး။ ။ ဘုရားရှင်ကို ဖယောင်းတိုင် လျှပ်စစ်မီးပူဇော်ပုံ ဖော်ပြပါ။

ဖြေ။ ။ အရဟတာဒိနဝဂုဏေဟိ- အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်။ သမန္နာဂတံ- ပြည့်စုံတော်မူသော။ နာထံ- လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူသော။ ဗုဒ္ဓံ- သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို။ ဥဒ္ဒိဿ- ရည်မှတ်၍။ စေတိယဿ- ဓာတုစေတီ။ ဓမ္မစေတီ။ ဥဒ္ဒိဿစေတီ။ ပရိဘောဂစေတီတော်မြတ်အား။ ပဘာဝဏ္ဏေဟိ- အရောင်အဆင်းတို့ဖြင့်။ အန္ဓကာရံ- အမိုက် အမှောင်ကို။ ဝိနာသနံ- ပယ်ဖျောက်တတ်သော။ ဣဒံဒီပဇာလံ- ဤဆီမီးလျှံကို။ ပူဇေမိ- ကပ်လှူပူဇော်ပါ၏။ မေ- အကျွန်ုပ်၏။ ဣဒံပုညံ- ဤကောင်းမှုသည်။ အာသဝက္ခယံ- အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ်။ ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို။ ဝဟံ- ရွက်ဆောင်နိုင်သည်။ ဟောတု- ဖြစ်ပါစေသတည်း။

မေး။ ။ ဘုရားရှင်ကို ဘာပြုလို့ ပန်းကပ်လှူကြပါသလဲ။

ဖြေ။ ။ ပန်းရဲ့အလှ ပန်းရဲ့ ရနံ့ဟာ မြင်ရ ရှူရှိုက်ရသူတွေရဲ့ စိတ်နှလုံးကို ရွှင်ပျလန်းဆန်းစေတယ်။ ဒါကြောင့် ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှု မြင့်မားတဲ့ လူမျိုးမှန်ရင် သူတို့ရဲ့ ဧည့်ခန်းကို ပန်းတွေနဲ့ အလှအပ ပြုပြင်ထားကြတယ်။ ပန်းဥယျာဉ်တွေ စိုက်ပျိုးလေ့ ရှိကြတယ်။ ဗုဒ္ဓဘာသာတွေဟာ စိတ်ရွှင်ပျလန်းဆန်းဖို့အတွက် ဘုရားရှင်ကို လေးစားပူဇော်ဖို့အတွက် ပန်းကိုပူဇော်ကြတယ်။

ပန်းဟာ အလွယ်ကူဆုံး လှူဖွယ်ဝတ္ထု ဖြစ်တယ်။ အချိန်အခါ မရွေးဘဲ လှူဒါန်းပူဇော်နိုင်တဲ့ ပစ္စည်းဖြစ်တယ်။ ဆွမ်းဆိုရင် နံနက်ပိုင်း၊ နေ့လည်ပိုင်း ကပ်လှူလို့ရတယ်။ ဆီမီးဆိုရင်လဲ မနက်နဲ့ ညအမှောင်ထု ရှိချိန်မှသာ ထွန်းညှိပူဇော်လို့ ရတယ်။ ပန်းကတော့ မနက်၊ နေ့၊ ည အချိန်အခါမရွေး ပူဇော်လို့ရတဲ့ လှူဖွယ်ဖြစ်တယ်။ ဒါကြောင့် ဘုရားရှင်ကို ပန်းကပ်လှူဒါန်းကြခြင်း ဖြစ်ပါတယ်။

မေး။ ။ ဘုရားပန်းကပ်တဲ့ အစဉ်အလာဟာ ဘယ်တုန်းက စခဲ့သလဲ။

ဖြေ။ ။ ဘုရားပန်းကပ်တဲ့ အစဉ်အလာဟာ ဘုရားသက်တော်ထင်ရှား ရှိစဉ်ကတည်းက စခဲ့တယ်။ ဘုရားကျောင်းတော် သွားတဲ့အခါ ဂန္ဓမာလာဒိ ဟတ္ထေဟိ = ပန်းနံ့သာ လက်စွဲကုန်လျက် ဆိုတဲ့ စကားလုံးမျိုး ပါဠိတော်မှာ တွေ့ရတယ်။

ကလိင်္ဂဗောဓိဇာတ်မှာ လူတွေက ဘုရားရှင်ကို ပူဇော်ဖို့ ပန်းနံ့သာတွေ ယူဆောင်ပြီး လာကြတယ်။ ဘုရားရှင်ကို မတွေ့ရတော့ ပန်းနံ့သာတွေကို စွန့်ပစ်ပြီး ပြန်ကြတယ်လို့ ဆိုတယ်။ ဒါကြောင့် ဘုရားပန်းလှူတဲ့ အစဉ်အလာဟာ ဘုရားရှင်လက်ထက် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ရှိနေပြီလို့ ဆိုရပါမယ်။

မေး။ ။ ဘုရားရှင်အား ပန်းဘယ်လို ဆက်ကပ်ကြပါသလဲ။

ဖြေ။ ။ မြန်မာလိုအကျဉ်းချုပ် ကပ်လှူပူဇော်မယ်ဆိုရင်တော့ “ဂုဏ်တော်ကိုးပါးရှင် ဘုရားသခင်အား လှပမွှေးကြိုင်သော ဤပန်းဖြင့် လှူဒါန်းပူဇော်ပါ၏၊ ဤကောင်းမှုသည် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေသတည်း” ဆိုပြီး ကပ်နိုင်တယ်။

အစဉ်အလာ ပန်းကပ်ပုံ[edit]

အရဟတာဒိ နဝဂုဏေဟိ- အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်။ သမန္နာဂတံ- ပြည့်စုံတော်မူသော။ နာထံ- လူနတ်တို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော။ ဗုဒ္ဓံ- သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို။ ဥဒ္ဒိဿ- ရည်မှတ်၍။ စေတိယဿ- ဓာတုစေတီ။ ဓမ္မစေတီ။ ဥဒ္ဒိဿစေတီ။ ပရိဘောဂစေတီမြတ်အား ဝဏ္ဏ ဂန္ဓ သမ္ပန္န- အဆင်းအနံ့နှင့် ပြည့်စုံသော။ ဣမံပုပ္ဖံ- ဤပန်းကို။ ပူဇေမိ- ပူဇော်ပါ၏။ မေ- အကျွန်ုပ်၏။ ဣဒံပုညံ- ဤကောင်းမှုသည်။ အာသဝက္ခယံ- အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို။ ဝဟံ- ရွက်ဆောင်နိုင်သည်။ ဟောတု- ဖြစ်ပါစေသတည်း။

မေး။ ။ အမွှေးတိုင်ပူဇော်တဲ့ အစဉ်အလာဟာ ကျမ်းဂန်မှာ ရှိခဲ့ပါသလား။

ဖြေ။ ။ ရှိပါတယ်၊ အထက်ပါ ပန်းပူဇော်ခန်းမှာ ပြခဲ့တဲ့အတိုင်း ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က ဘုရားကျောင်းတော် သွားကြတဲ့လူတွေဟာ ပန်းနံ့သာ ယူသွားကြတယ်လို့ ဆိုတယ်။ နံ့သာဆိုတာက ရေမွှေး၊ နံ့သာဖြူ၊ ကရမက်၊ သနပ်ခါးခဲ၊ ပရုပ်မွှေး၊ ကတိုးစတဲ့ အခဲနံ့သာ။ နံ့သာဖြူကရမက်ကို မီးရှို့ပူဇော်ခြင်း၊ အမွှေးတိုင် မီးရှို့ပူဇော်ခြင်းစတဲ့ အခိုးနံ့သာတို့ ကိုးမျိုးရှိတဲ့အနက် ကိုးမျိုးစလုံးကို ဘုရားရှင်လက်ထက်က ပူဇော်ခဲ့ကြမယ်လို့ ယူဆရတယ်။

အပဒါန် ပါဠိတော် ဂန္ဓဓူပိယ ထေရအပဒါန်နဲ့ ဂန္ဓပူဇက ထေရအပဒါန်မှာ နံ့သာခဲလှူခဲ့ရလို့ ကမ္ဘာများစွာ အပါယ်မလားခြင်းဆိုတဲ့ အကျိုးခံစားရတယ်လို့ ဟောထားပါတယ်။ ဗောဓိပင်ကို နံ့သာရေ လောင်းလှူရကျိုး၊ ဘုရားရှင်ကို နံ့သာရေမွှေးဖြင့် လောင်းလှူပူဇော်ရကျိုးကို ဟောထားပါတယ်။ ဂန္ဓဓူပိယ ထေရအပဒါန်မှာတော့ နံ့သာအခိုးလှူရလို့ အပါယ်မလားဘဲ စကြဝတေးမင်း အကြိမ်ကြိမ်ဖြစ်ခြင်းစတဲ့ အကျိုးခံစားရတယ်လို့ ဟောထားပါတယ်။ ဒါကြောင့် အခုခေတ် အမွှေးနံ့သာ လှူတဲ့အစဉ်အလာဟာ ဘုရားရှင်လက်ထက်တော်မှာ ရှိခဲ့ပါတယ်လို့ သိရပါတယ်။

မေး။ ။ ဘုရားရှိခိုးစာအုပ်တွေမှာ အမွှေးတိုင်ဆက်ကပ်ပုံဆိုရိုး ဘာကြောင့် မပါရှိသလဲ။

ဖြေ။ ။ ဘုရားရှင်ကို အမွှေးတိုင်ဆက်ကပ်တဲ့ အလေ့ဟာ မူလက တရုတ်လူမျိုး၊ ကုလားလူမျိုးတွေရဲ့ အလေ့အကျင့် ဖြစ်ပါတယ်။ မြို့မှာ တရုတ်ကုလားနဲ့ နီးနီးကပ်ကပ်နေကြတဲ့ မြန်မာတချို့ကတဆင့် အမွှေးတိုင်ကပ်လှူတဲ့ အလေ့ဟာ မြန်မာတွေဆီ ကူးစက်လာပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဦးရေနဲ့စာရင် အမွှေးတိုင်လှူတဲ့ဦးရေဟာ အတော်နည်းပါးသေးတယ်။ တောရွာတွေမှာဆို လုံးဝမရှိသလောက်ပါပဲ။ ဒါကြောင့် ရှေးက မြန်မာဘုရားရှိခိုးစာအုပ်တွေမှာ အမွှေးတိုင်ကပ်ပုံ ဆိုရိုးမပါတာ ဖြစ်ပါတယ်။

မေး။ ။ အမွှေးတိုင် ဘယ်လိုကပ်ရမလဲ။

ဖြေ။ ။ အစဉ်အလာ ပန်း ရေချမ်းကပ်ပုံကို နည်းယူပြီး အောက်ပါအတိုင်း ကပ်နိုင်ပါတယ်။

အမွှေးတိုင် ကပ်လှူပုံ[edit]

အရဟတာဒိ နဝဂုဏေဟိ- အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်။ သမန္နာဂတံ- ပြည့်စုံတော်မူသော။ နာထံ- လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူသော။ ဗုဒ္ဓံ- သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို။ ဥဒ္ဒိဿ- ရည်မှတ်၍။ စေတိယဿ- ဓာတုစေတီ။ ဓမ္မစေတီ။ ဥဒ္ဒိဿစေတီ။ ပရိဘောဂစေတီတော်မြတ်အား။ ဂန္ဓသမ္ပန္နံ- မွှေးပျံ့သင်းကြိုင် ရနံ့လှို်င်သော။ ဂန္ဓဓုမံ- ဤအမွှေးတိုင်ကို။ ပူဇေမိ- ပူဇော်ပါ၏။ မေ- အကျွန်ုပ်၏။ ဣဒံပုညံ- ဤကောင်းမှုသည်။ အာသဝက္ခယံ- အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို။ ဝဟံ- ရွက်ဆောင်နိုင်သည်။ ဟောတု- ဖြစ်ပါစေသတည်း။

++++++++++++++++++++++++++++++++