စူဠဟံသဇာတ် -၂

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၃၃။ စူဠဟံသဇာတ် (၁)

အသီတိနိပါတ်

၁။ စူဠဟံသဇာတ်

တပည့်လိမ္မာကြောင့် ဆရာသေဘေးမှလွတ်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သုမုခအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠဟံသဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်အာနန္ဒာ မထေရ်မြတ်၏ မြတ်စွာဘုရားကိုယ်တော်အား အသက်ကိုစွန့်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားသည် မှန်၏။ ဒေဝဒတ်သည် ဘုရားသခင်ကို သတ်စိမ့်သောငှာ စေလွှတ်ကုန်သော လေးသမားတို့တွင် အလုံးစုံသော လေးသမားတို့၏ရှေးဦးစွာ လွှတ်အပ်သော လေးသမားသည်လာလတ်၍ အရှင်ဒေဝဒတ်... အကျွန်ုပ်သည် ဘုရားသခင်ကိုသတ်ခြင်းငှာ မတတ်နိုင်ပါ၊ ဘုရားသခင်သည် ကြီးသောတန်ခိုးရှိ၏။ ကြီးသော အာနုဘော်ရှိ၏ဟု ဆိုလတ်သော် ဒေဝဒတ်သည် ဤသို့ဆို၏။ ဒါယကာမသင့်၊ သင်သည် ရဟန်းဂေါတမကို မသတ်လင့်လော့၊ ငါသည်ပင်လျှင် ရဟန်းဂေါတမကို သတ်အံ့ဟုဆို၍ သဗ္ဗညူ ဘုရားသခင်သည် ဂိဇ္ဈကုဋ်တောင်၏ အနောက်အရပ်ဝယ် စင်္ကြံကြွမူသည်ရှိသော် ဂိဇ္ဈကုဋ်တောင်သို့ တက်လတ်၍ ယန္တရားအဟုန်ဖြင့် ကြီးစွာသောကျောက်ကိုယူ၍ ဤကျောက်ဖြင့် ရဟန်းဂေါတမကို သတ်အံ့ဟုကြံ၍ လှိမ့်၏။ တောင်ထွတ်နှစ်ခုတို့သည် တကွလာလတ်ကုန်၍ ထိုကျောက်ကို ခံလင့်ကုန်၏။ ထိုကျောက်မှ ကျောက်ချပ်လွှာသည် ကွာ၍ ဘုရားသခင့် ခြေမတော်ကိုခတ်မိ၍ သွေးကိုဖြစ်စေ၏။ ကြီးစွာသော ဝေဒနာတို့သည် ဖြစ်ကုန်၏။ ဇီဝကသည် ဘုရားသခင်ခြေတော်ကို ဓားငယ်ဖြင့်ခွဲ၍ မကောင်းသောသွေးကို ထုတ်ပြီးလျှင် ပုပ်သော အသားတော်ကိုပယ်၍ ဖန်ဆေးသဖြင့် ဆေးလိမ်းကျံ၍ အနာမရှိသည်ကိုပြု၏။ သဗ္ဗညူ မြတ်ဘုရားသည် ရှေ့နေ့ကဲ့သို့လျှင် ရဟန်းအပေါင်း ခြံရံလျက် တင့်တယ်လှစွာသော ဘုရား၏စံပယ်ခြင်းဖြင့် ကြွတော်မူ၏။

နာဠာဂီရိဆင်နှင့်တိုက်

ထိုအခါ ဘုရားသခင်ကိုမြင်၍ ဒေဝဒတ်သည် ကြံ၏။ ဂေါတမ၏ အဆင်း၏ တင့်တယ်ခြင်းအစုသို့ ရောက်သောကိုယ်ကို မြင်သည်ရှိသော် တစ်စုံတစ်ယောက်သော လူဖြစ်သောသူသည် ချဉ်းကပ်ခြင်းငှာ မတတ်နိုင်၊ အဇာတသတ်မင်းကြီး၏ နာဠာဂိရိအမည်ရှိသော ဆင်တော်သည် အလွန်ကြမ်းကြုတ်၏။ ခက်ထန်၏။ လူကို သတ်တတ်၏။ ဘုရားဂုဏ်ကျေးဇူး, တရားဂုဏ်ကျေးဇူး, သံဃာဂုဏ်ကျေးဇူးတို့ကိုမသိ၊ ထိုနာဠာဂိရိ ဆင်တော်သည် ဂေါတမကို အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့ဟု ကြံ၍ ထိုဒေဝဒတ်သည် သွား၍ အဇာတသတ်မင်းကြီးအား ထိုအကြောင်းကို ကြား၏။ အဇာတသတ်မင်းသည် ကောင်းပြီဟု ဝန်ခံ၍ ဆင်ထိန်းကိုခေါ်စေပြီးလျှင် အချင်းဆင်ထိန်း... နက်ဖြန် နာဠာဂိရိ ဆင်တော်ကို ယစ်အောင်ပြု၍ နံနက်စောစောကလျှင် ရှင်ဂေါတမနှင့် ခရီးရင်ဆိုင် လွှတ်လော့ဟု ဆို၏။ ဒေဝဒတ်သည်လည်း ထိုဆင်ထိန်းကို ဒါယကာ... သင်သည် တစ်ပါးသောနေ့၌ ထိုဆင်တော်ကို အဘယ်မျှလောက်သော သုရာကို တိုက်သနည်းဟု မေးသည်ရှိသော် အရှင်ဘုရား... ရှစ်ဖောင်းအိုးကို တိုက်ပါ၏ဟု ဆိုလတ်သော် ထိုသို့တိုက်ပြီးကား နက်ဖြန် သင်သည် ထိုနာဠာဂိရိ ဆင်တော်ကို တစ်ဆယ့်ခြောက်ဖောင်းအိုးကိုတိုက်၍ ရဟန်းဂေါတမ ဆွမ်းခံသွားသောခရီးသို့ ရှေးရှုလွှတ်လော့ ဟု ဆို၏။

ထိုဆင်ထိန်းသည် ကောင်းပြီဟု ဝန်ခံ၏။ အဇာတသတ်မင်းကြီးသည် နက်ဖြန် နာဠာဂိရိ ဆင်တော်ကို သုရာယစ်သည်ကိုပြု၍ မြို့၌ လွှတ်ကုန်လတ္တံ့၊ မြို့သူအပေါင်းတို့သည် နံနက်စောစောကလျှင် အလုံးစုံသော ပြုဖွယ်ကိစ္စတို့ကို ပြုကုန်၍ ခရီးလမ်းမသို့ မသွားကြကုန်လင့်ဟု မြို့၌ စည်လည်စေတော်မူ၏။ ဒေဝဒတ်သည်လည်း နန်းတော်မှဆင်းခဲ့၍ ဆင်တင်းကုပ်သို့သွားပြီးလျှင် ဆင်ထိန်းတို့ကိုခေါ်၍ အချင်းတို့... ငါတို့သည် မြင့်သောအရာ၌ ရှိသောသူကို နိမ့်သောအရာ၌လည်းကောင်း, နိမ့်သောအရာရှိသောသူကို မြင့်သောအရာ၌လည်းကောင်း တည်စေခြင်းငှာ တတ်နိုင်ကုန်၏။ သင်တို့သည် စည်းစိမ်ချမ်းသာကို အကယ်၍ အလိုရှိကုန်အံ့၊ နက်ဖြန် နံနက်စောစောကလျှင် နာဠာဂိရိဆင်တော်ကို ထက်လှစွာသော တစ်ဆယ့်ခြောက်လုံးသော အရက်ကိုတိုက်၍ ဂေါတမလာသောအခါ လှံမချွန်းတောင်းတို့ဖြင့် ထိုးဖောက်ကုန်လျက် အမျက်ထွက်စေပြီးလျှင် ဆင်တင်းကုပ်ကို ချိုးဖျက်စေ၍ ရဟန်းဂေါတမ သွားသောခရီးကို ရှေ့ရှုလွှတ်၍ ဂေါတမကို အသက်ကုန်ခြင်းသို့ ရောက်စေကုန်လော့ဟု ဆို၏။ ထိုဆင်ထိန်းတို့သည် ကောင်းပြီဟု ဝန်ခံကုန်၏။ ထိုအကြောင်းသည် အလုံးစုံသော ရာဇဂြိုဟ်ပြည်၌ နှံ့၏။

ဘုရား, တရား, သံဃာ၌ မြတ်နိုးကုန်သော ဒါယကာတို့သည် ထိုစကားကို ကြားကုန်၍ ဘုရားသခင်သို့ ကပ်ကုန်ပြီးလျှင် အရှင်ဘုရား... ဒေဝဒတ်သည် အဇာတသတ်မင်းကြီးနှင့်တကွ တပေါင်းတည်းဖြစ်၍ နက်ဖြန် အရှင်ဘုရားတို့ ကြွရောက်တော်မူသောခရီး၌ နာဠာဂိရိဆင်တော်ကို လွှတ်ပါလတ္တံ့၊ နက်ဖြန် ဆွမ်းခံကြွတော် မမူပါလင့်၊ ဤဝေဠုဝန် ကျောင်းတော်၌သာလျှင် နေတော်မူပါကုန်၊ အကျွန်ုပ်တို့သည် ကျောင်းတော်၌သာလျှင် ဘုရားအမှူးရှိသော ရဟန်းသံဃာအား ဆွမ်းလုပ်ကျွေးပါကုန်အံ့ဟု လျှောက်ကုန်၏။ သဗ္ဗညူ မြတ်ဘုရားသည်လည်း နက်ဖြန် ဆွမ်းခံမသွားအံ့ဟု မိန့်တော်မမူဘဲ ငါဘုရားသည် နက်ဖြန် နာဠာဂိရိဆင်ကြမ်းကို ဆုံးမတော်မူသဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူ၍ တိတ္ထိတို့ကိုနှိမ်နင်းလျက် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ မသွားမူ၍လျှင် ရဟန်းအပေါင်းခြံရံလျက် မြို့မှထွက်၍ ဝေဠုဝန်ကျောင်းသို့သာလျှင် ငါလာအံ့၊ ရာဇဂြိုဟ်ပြည်၌နေကုန်သော လူအပေါင်းတို့သည်လည်း များစွာကုန်သော ဆွမ်းခွက်တို့ကို ယူခဲ့ကုန်၍ ဝေဠုဝန်ကျောင်းသို့လျှင် လာလတ်ကြကုန်လတ္တံ့၊ နက်ဖြန် ကျောင်းတော်၌သာလျှင် ဆွမ်းဘုဉ်းပေးခြင်း ဖြစ်လတ္တံ့ဟု ဤအကြောင်းဖြင့် ထိုသူတို့အား သည်းခံတော်မူ၏။ ထိုပြည်သူတို့သည် ဘုရားသခင်သည်းခံတော်မူခြင်းကို သိကုန်လျှင် ဆွမ်းခွက်တို့ကို ဆောင်ယူခဲ့ကုန်၍ ဝေဠုဝန်ကျောင်းတော်၌သာလျှင် အလှူပေးကြကုန်အံ့ဟု ဖဲကြလေကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ပထမယာမ်၌ တရားဟောတော်မူ၍ မဇ္ဈိမယာမ်၌ ပြဿနာကို ဖြေတော်မူ၍ ပစ္ဆိမယာမ်ပထမအစု၌ ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ ကျိန်းအိပ်တော်မူခြင်းကို ကျိန်းအိပ်တော်မူပြီးလျှင် ဒုတိယအစု၌ ဖလသမာပတ်ဖြင့် လွန်စေတော်မူ၍ တတိယအစု၌ မဟာကရုဏာသမာပတ်ကို ဝင်စားတော်မူ၍ ကျွတ်ထိုက်ကုန်သော သတ္တဝါတို့ကို ကြည့်တော်မူသည်ရှိသော် နာဠာဂီရိဆင်ကြမ်းကို ဆုံးမတော်မူသဖြင့် ရှစ်သောင်းလေးထောင်ကုန်သော သတ္တဝါတို့ အကျွတ်တရားရမည်ကို မြင်တော်မူ၍ ထိုညဉ့်သည် လင်းလတ်သော် ပြုအပ်ပြီးသော ကိုယ် လက်သုတ်သင်ခြင်း ကိစ္စရှိတော်မူသည်ဖြစ်၍ အရှင်အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ အာနန္ဒာ... ယနေ့ ရာဇဂြိုဟ်ပြည်၏ ထက်ဝန်းကျင်ဖြစ်ကုန်သော တစ်ဆယ့်ရှစ်ရပ်ကုန်သော ကျောင်းတိုက်ကြီးတို့၌ အလုံးစုံကုန်သော ရဟန်းတို့အား ဘုရားနှင့်တကွ ရာဇဂြိုဟ်ပြည်သို့ ဝင်စိမ့်သောငှာ ကြားချေလော့ဟု မိန့်တော်မူ၏။

အရှင်အာနန္ဒာမထေရ်သည် ဘုရားသခင် မိန့်တော်မူတိုင်း ပြု၏။ အလုံးစုံကုန်သော ရဟန်းတို့သည်လည်း ဝေဠုဝန်ကျောင်းတော်၌ စည်းဝေးကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်း ခြံရံလျက် ရာဇဂြိုဟ်ပြည်သို့ ဝင်တော်မူ၏။ ဆင်ထိန်းတို့သည် ဒေဝဒတ်ဆုံးမတိုင်း ကျင့်ကုန်၏။ များစွာသော အစည်းအဝေးသည် ဖြစ်၏။

သဒ္ဓါတရားနှင့် ပြည့်စုံကုန်သော လူတို့သည် ယနေ့ ဘုရားတည်းဟူသော ဆင်မြတ်အား တိရစ္ဆာန်ဖြစ်သောဆင်နှင့် စစ်ထိုးခြင်း ဖြစ်လတ္တံ့သတတ်၊ နှိုင်းယှဉ်စရာ ဥပမာမရှိသော ဘုရား၏ တင့်တယ်စံပယ်ခြင်းဖြင့် နာဠာဂိရိဆင်ကြမ်းကို ဆုံးမတော်မူသည်ကို ကြည့်ကြကုန်အံ့ဟု ကြံ၍ ပြာသာဒ်ရှည်, ပြာသာဒ်ဦးပြည်း အိမ်အမိုး အစရှိသည်တို့ကို တက်၍တည်ကုန်၏။

မသဒ္ဓါ မကြည်ညိုကုန်သော မိစ္ဆာအယူရှိကုန်သော သူတို့သည်ကား နာဠာဂိရှိဆင်တော်သည် အလွန်ကြမ်းကြုတ်၏။ ခက်ထန်၏။ လူကိုသတ်တတ်၏။ ဘုရားအစရှိသည်တို့၏ ဂုဏ်ကျေးဇူးကို မသိ၊ ထိုနာဠာဂိရိဆင်တော်သည် ယနေ့ ရွှေအဆင်းတူသော အဆင်းရှိသော ရဟန်းဂေါတမကို ဖျက်ဆီး၍ အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့၊ ယနေ့ ငါတို့ရန်သူ၏ပျက်စီးခြင်းကို မြင်ရကုန်လတ္တံ့ဟုကြံ၍ ပြာသာဒ်ထက် အစရှိသည်တို့၌ တည်ကုန်၏။

နာဠာဂီရိ ဆင်သည်လည်း ဘုရားသခင် ကြွတော်မူလတ်သည်ကိုမြင်လျှင် လူတို့ကိုခြိမ်းခြောက်လျက် အိမ်တို့ကို ဖျက်ဆီးပြီး၍ လှည်းတို့ကို မှုန့်မှုန့်ညက်ညက်ကျေစေလျက် နှာမောင်းကိုမြှောက်၍ နားရွက်အမြီးတို့ကို ထောင်လျက် တောင်ကြီးကဲ့သို့လွှမ်းမိုး၍ အကြင်အရပ်၌ ဘုရားသခင် ရှိတော်မူ၏။ ထိုအရပ်သို့ ရှေးရှုပြေးလာ၏။ ထိုနာဠာဂိရိဆင် လာလတ်သည်ကိုမြင်၍ ရဟန်းတို့သည် သဗ္ဗညူ မြတ်စွာဘုရားကို ဤသို့သောစကားကို နားတော်လျှောက်ကုန်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား... နာဠာဂိရိဆင်သည် ကြမ်းတမ်း၏။ ခက်ထန်၏။ လူကို သတ်တတ်၏။ ဤအရပ်သို့ ကြွတော်မမူပါလင့်။ စင်စစ်သော်ကား ဤနာဠာဂိရိဆင်သည် ဘုရားအစရှိသည်၏ ဂုဏ်ကျေးဇူးကိုမသိပါ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား... အရှင်ဘုရားသည် နောက်သို့ ဆုတ်တော်မူပါ၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အရှင်ဘုရား... အရှင်ဘုရားသည် နောက်သို့ ဆုတ်တော်မူပါလော့ဟု နားတော် လျှောက်ကြကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့... သင်တို့သည် မကြောက်ကြကုန်လင့်၊ ငါဘုရားသည် နာဠာဂီရိဆင်ကြမ်းကို ဆုံးမခြင်းငှာ စွမ်းနိုင်တော်မူ၏ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသောအခါ အရှင်သာရိပုတ္တရာ မထေရ်သည် ဘုရားသခင်ကို တောင်းပန်၏ ဘုန်းတော်ကြီးသော အရှင်ဘုရား အဖအားဖြစ်သော ကိစ္စမည်သည်ကား သားကြီး၏ ဝန်တည်း၊ အကျွန်ုပ်သည်လျှင် ထိုနာဠာဂီရိဆင်ကြမ်းကို ဆုံးမပါအံ့ဟု တောင်းပန်၏။ ထိုအခါ အရှင်သာရိပုတ္တရာမထေရ်ကို သဗ္ဗညူမြတ်စွာဘုရားသခင်သည်

သာရိပုတ္တရာ... ဘုရားအားတော်မည်သည်ကား တစ်ပါးတည်း၊ သာဝကတို့အားလည်း တစ်ပါးတည်း၊ သင်သည် ရပ်လေဟု တားမြစ်တော်မူ၏။

အရှင်သာရိပုတ္တရာ မထေရ်အတူ များသောအားဖြင့် ရှစ်ကျိပ်ကုန်သော သာဝကတို့သည်လည်း တောင်းပန်ကြကုန်၏။ သဗ္ဗညူမြတ်ဘုရားသည် အလုံးစုံသော သာဝကတို့ကို တားမြစ်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာ

မထေရ်သည် သဗ္ဗညူမြတ်ဘုရားသခင်၌ အားကြီးစွာသော ချစ်ခြင်းရှိသည်ဖြစ်၍ သည်းခံခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ဆင်သည် ငါ့ကို ရှေးဦးစွာ သတ်ပါစေဟု ဘုရားသခင့်အကျိုးငှာ မိမိအသက်ကိုစွန့်သဖြင့် သွား၍ ဘုရားသခင့်ရှေ့တော်၌ ရပ်၏။ ထိုအခါ အရှင်အာနန္ဒာကို ဘုရားသခင်သည် အာနန္ဒာ. ဖဲလေလော့၊ ငါဘုရားရှေ့တော်၌ သင် မရပ်လင့်ဟု မိန့်တော်မူ၏။ ထိုအခါ အရှင်အာနန္ဒာ မထေရ်သည် ဘုရားသခင်ကို ဤသို့ နားတော်လျှောက်ပြန်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား... ဤနာဠာဂိရိဆင်သည် ကြမ်းတမ်း၏။ ခက်ထန်၏။ လူကို သတ်တတ်၏။ ကမ္ဘာလောင်မီးနှင့်တူ၏။ ရှေးဦးစွာ အကျွန်ုပ်ကိုသတ်စေ၍ နောက်မှ အရှင်ဘုရားထံတော်သို့ လာပစေလော့ဟု အရှင်အာနန္ဒာသည် နားတော်လျှောက်၏။ သုံးကြိမ်မြောက်အောင် မြစ်တော်မူသော်လည်း ထိုရှေ့တော်၌သာလျှင် ရပ်၏။ နောက်သိုမဆုတ်။ ထိုအခါ မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်ကို တန်ခိုးတော်၏အစွမ်းဖြင့် နောက်သို့ ဆုတ်စေတော်မူ၍ ရဟန်းတို့၏အလယ်၌ ချထားတော်မူ၏။

ဆင်ကို ဆုံးမတော်မူခြင်း

ထိုခဏ၌ မိန်းမတစ်ယောက်သည် နာဠာဂိရိဆင်ကိုမြင်လျှင် သေဘေးမှကြောက်သည်ဖြစ်၍ ခါးပိုက်ဖြင့်ချီခဲ့သော သားငယ်ကို နာဠာဂိရိဆင်၏လည်းကောင်း၊ ဘုရားသခင်၏ လည်းကောင်း အလယ်ကြား၌စွန့်၍ ပြေးလေ၏။ နာဠာဂိရိဆင်သည် ထိုမိန်းမကိုလိုက်ပြီးလျှင် ပြန်လည်၍ သူငယ်အထံသို့ သွား၏။ ထိုအခါ သူငယ်သည် သည်းစွာသောအသံဖြင့် ငိုမြည်တမ်း၏။ သဗ္ဗညူ မြတ်ဘုရားသခင်သည် နာဂီရိဆင်ကို ရည်မှတ်တော်မူ၍ ထိုနာဠာဂီရိဆင်ကိုပင်လျှင် မေတ္တာဖြင့်နှံ့စေ၍ သာယာသော ဗြဟ္မာမင်း၏အသံနှင့်တူသော အသံတော်ကို မြှောက်တော်မူ၍ အို... နာဠာဂီရိဆင်... သင့်ကို တစ်ဆယ့်ခြောက်လုံးသော သုရာတို့ကိုသောက်စေ၍ ယစ်ခြင်းကိုပြုကုန်သည်ရှိသော် တစ်ပါးသောသူကို ဤဆင်သည် ဖမ်းလတ္တံ့ဟုကြံ၍ မပြုကုန်၊ စင်စစ်သော်ကား ငါဘုရားကို ဖမ်းယူလတ္တံ့ဟု ကြံ၍ ပြုကုန်၏။ အကြောင်းမဟုတ်သည်၌ သလုံးမြင်းခေါင်း အစရှိသည်တို့ကို ပင်ပန်းစေလျက် သင်မသွားလင့်၊ ဤ ငါဘုရားအထံသို့ လာလှည့်ဟု ခေါ်တော်မူ၏။

ထိုနာဠာဂိရိဆင်သည် ဘုရားသခင့်စကားတော်ကို ကြားလျှင် မျက်စိတို့ကိုဖွင့်၍ ဘုရားသခင့် အဆင်းတော်၏ တင့်တယ်ခြင်း အသရေကိုကြည့်၍ ထိတ်လန့်ခြင်းကို ရရကား ဘုရားသခင့်တန်ခိုးတော်ကြောင့် သုရာယစ်ခြင်း ပြေသည်ဖြစ်၍ နှာမောင်းကိုချသဖြင့် နားရွက်တို့ကို တွဲလျားချလျက်သွား၍ ဘုရားသခင့်ခြေတော်ရင်း၌ ဝပ်၏။ ထိုအခါ နာဠာဂိရိဆင်ကို ဘုရားသခင်သည် နာဠာဂိရိ... သင်သည် တိရစ္ဆာန်ဖြစ်သော ဆင်တည်း၊ ငါကား ဘုရားတည်းဟူသော ဆင်တည်း၊ ဤနေ့မှစ၍ မကြမ်းတမ်းလင့်၊ မခက်ထန်လင့်၊ လူတို့ကိုမသတ်လင့်၊ ခပ်သိမ်းသော သတ္တဝါတို့၌ မေတ္တာစိတ်ကို အဖန်တလဲလဲ ပွားစေလော့ ဟု မိန့်တော်မူလျက် လက်ယာလက်ကို ဆန့်တော်မူ၍ ဦးကင်း၌ သုံးသပ်တော်မူလျက် ဆုံးမတော်မူလိုရကား -

မာ ကုဉ္ဇရ နာဂမာသဒေါ၊
ဒုက္ခော ဟိ ကုဉ္ဇရ နာဂမာသဒေါ။
န ဟိ နာဂဟတဿ ကုဉ္ဇရ၊
သုဂတိ ဟောတိ ဣတော ပရံ ယတော။
မာ စ မဒေါ မာ စ ပမာဒေါ၊
န ဟိ ပမတ္တာ သုဂတိံ ဝဇန္တိ တေ။
တွညေဝ တထာ ကရိဿသိ။
ယေန တွံ သုဂတိံ ဂမိဿသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

နာဂ၊ တောင်နှင့်တူသော။ ကုဉ္ဇရ၊ ဆင်မင်း။ မာ မာသဒေါ၊ သူတစ်ပါးကို မညှဉ်းဆဲ မနှိပ်စက်လင့်။ ကုဉ္ဇရ၊ နှာမောင်းရှိသော။ နာဂ၊ ဆင်မင်း။ မာသဒေါ၊ သူတစ်ပါးကို နှိပ်စက်ညှဉ်းဆဲခြင်းသည်။ ဒုကျခော ဟိ၊ ဆင်းရဲခြင်း၏ အကြောင်းသာလျှင်တည်း။ နာဂ၊ တောင်ကဲ့သို့ ကြီးမြင့်သော။ ကုဉ္ဇရ၊ ဆင်မင်း။ ဟိ၊ ထိုစကားသည် မှန်၏။ ဟတဿ၊ သူတစ်ပါးကို နှိပ်စက် ညှဉ်းဆဲသောသူအား။ ဣတော၊ ဤပစ္စုပ္ပန်ဘဝမှ။ ပရံ၊ ဘဝတစ်ပါးသို့။ ယတော၊ ပြောင်းသွားသည် ရှိသော်။ သုဂတိံ၊ သုဂတိဘဝသို့ လားရသည်။ န ဟောတိ၊ မဖြစ်။

နာဂ၊ နာဠာဂိရိဆင်မင်း။ တွံ၊ သင်သည်။ မာစ မဒေါ၊ မာန်လည်း မယစ်လင့်။ မာ စ ပမာဒေါ၊ မေ့လည်း မမေ့မလျော့သင့်။ ဟိ၊ ထိုစကားသည် မှန်၏။ ပမတ္တာ၊ မေ့လျော့ကုန်သော။ တေ၊ ထိုသူတို့သည်။ သုဂတိံ၊ နတ်ရွာသို့။ နညဝဇန္တိ၊ မသွားကုန်။ ယေန၊ အကြင်ကောင်းမှုဖြင့်။ တွံ၊ သင်သည်။ သုဂတိံ၊ နတ်ရွာသို့။ ဂမိဿသိ၊ သွားရလတ္တံ့။ တေန၊ ထိုကောင်းမှုကို။ တွညေဝ၊ သင်သည်သာလျှင်။ တထာ၊ ထိုအခြင်းဖြင့်။ ကရိဿသိ၊ ပြုလော့။

ဤသို့ မိန့်တော်မူ၍ တရားဟောတော်မူလျှင် ထိုနာဠာဂိရိဆင်၏ ကိုယ်အလုံးသည် ပီတိဖြင့် မပြတ်တွေ့၏။ ထိုနာဠာဂိရိဆင်သည် အကယ်၍ တိရစ္ဆာန်မဖြစ်အံ့၊ သောတာပတ္တိဖိုလ်ကို ရလတ္တံ့သတတ်၊ လူတို့သည် ထိုတန်ခိုးပြာဋိဟာကို မြင်ရကုန်၍ ပဲ့တင်ထပ်စေကုန်၏။ လက်ပန်းပေါက်ခတ်ကုန်၏။ ကောင်းစွာဖြစ်သော ဝမ်းမြောက်ခြင်း ရှိကုန်သည်ဖြစ်၍ အထူးထူးသော တန်ဆာတို့ကို ပစ်ကြကုန်၏။ ထိုရွှေငွေအစရှိသော ရတနာတန်ဆာတို့သည် နာဠာဂီရိဆင်ကို ဖုံးအုပ်မိကုန်၏။ ထိုအခါမှစ၍ နာဠာဂိရိဆင်သည် ဓနပါလဆင်ဟူ၍ တွင်၏။ ထိုဓနပါလဆင်ကြမ်းကို ဆုံးမတော်မူသော အစည်းအဝေး၌ကား ရှစ်သောင်းလေးထောင်ကုန်သော သတ္တဝါတို့သည် အမြိုက်နိဗ္ဗာန်တည်းဟူသော အဖျော်ကို သောက်ရကုန်၏။ သဗ္ဗညူ မြတ်နာဘုရားသခင်သည် ဓနပါလဆင်ကို ငါးပါးသီလတို့၌ တည်စေတော်မူ၏။ ထိုဓနပါလဆင်သည် နှာမောင်းဖြင့် ဘုရားသခင့်ခြေတော်၌ မြေမှုန့်တို့ကိုယူ၍ ဦးခေါင်းထက်၌ ကြဲမြှောက်သဖြင့် ရိုသေတုပ်ဝပ်လျက် နောက်ဆုတ်သွားသဖြင့် မြင်ကောင်းသောအရပ်၌ တည်လျက် သဗ္ဗညူ မြတ်စွာဘုရားကို ရှိခိုး၍ ပြန်လာသဖြင့် ဆင်တင်းကုပ်သို့ ဝင်၏။ ထိုအခါမှစ၍ ယဉ်ကျေးသော ဆင်တကာတို့ထက် အထူးသဖြင့် ယဉ်ကျေးသည်ဖြစ်၍ တစ်စုံတစ်ယောက်သောသူကို မညှဉ်းဆဲပြီ။

ဘုရားသခင်သည် နှလုံးတော်အလိုပြီးခြင်းသို့ ရောက်တော်မူသည်ဖြစ်၍ အကြင်သူတို့သည် အကြင်ဥစ္စာကို ပစ်ကြဲအပ်၏။ ထိုဥစ္စာသည် ထိုသူတို့အားသာလျှင် ဖြစ်စေသတည်းဟု အဓိဋ္ဌာန်တော်မူ၍ ယနေ့ ငါဘုရားသည် ကြီးစွာသော တန်ခိုးပြာဋိဟာကို ပြုတော်မူအပ်ပြီ၊ ဤ

ရာဇဂြိုဟ်မြို့၌ ဆွမ်းအလို့ငှာ သွားခြင်းသည် မသင့်လျော်ပြီဟု နှလုံးသွင်းတော်မူ၍ တိတ္ထိတို့ကိုနှိမ်နင်းတော်မူသဖြင့် ရဟန်းအပေါင်းခြံရံလျက် ရန်ကိုအောင်မြင်ခြင်းသို့ရောက်သော မင်းကဲ့သို့ ရာဇဂြိုဟ်မှထွက်တော်မူခဲ့ပြီးလျှင် ဝေဠုဝန်ကျောင်းတော်သို့သာလျှင် ကြွတော်မူ၏။

ရာဇဂြိုဟ်မြို့သူ အပေါင်းတို့သည် များစွာသော ဆွမ်း အဖျော် ခဲဖွယ် ဘောဇဉ် စားဖွယ် သောက်ဖွယ်တို့ကိုယူခဲ့၍ ဝေဠုဝန်ကျောင်းတော်သို့ သွားကုန်၍ ကြီးစွာသောအလှူကို ဖြစ်စေကုန်၏။ ထိုဓနပါလဆင်ကို ဆုံးမတော်မူသောနေ့ ညချမ်းအခါ၌ တရားသဘင်ကိုပြည့်စေ၍ နေကုန်သော ရဟန်းတို့သည် စကားကို ဖြစ်စေကုန်၏။ အဘယ်သို့ ဖြစ်စေကုန်သနည်းဟူမူကား ငါ့ရှင်တို့ အရှင်အာနန္ဒာမထေရ်သည် သဗ္ဗညူမြတ်စွာဘုရားသခင့်အကျိုးငှာ မိမိအသက်ကိုစွန့်သဖြင့် ပြုနိုင်ခဲသောအမှုကို ပြုပေ၏။ နာဠာဂီရိဆင်ကိုမြင်၍ ဘုရားသခင်သည် သုံးကြိမ်မြစ်တော်မူသော်လည်း မဆုတ်နစ်၊ ငါ့ရှင်တို့ အရှင်အာနန္ဒာမထေရ်သည်အံ့ဖွယ်ရှိစွ၊ ပြုနိုင်ခဲ့သော အမှုကို ပြုပေ၏ဟု အရှင်အာနန္ဒာမထေရ်အား ချီးမွမ်းပြောပခြင်းစကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် အာနန္ဒာ၏ ဂုဏ်ကျေးဇူးစကားသည် ဖြစ်၏ဟု သိတော်မူလျှင် ထိုအရပ်သို့ ငါဘုရားသည် သွားအပ်၏ဟု ကြံတော်မူ၍ ဂန္ဓကုဋိတော်မှ ထွက်ကြတော်မူခဲ့သဖြင့် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော် လျှောက်ကုန်လတ်သော် ရဟန်းတို့ ယခုအခါ၌သာလျှင် အာနန္ဒာသည် ငါဘုရား၏အကျိုးငှာ မိမိအသက်ကို စွန့်သည်မဟုတ်သေး၊ ရှေး၌လည်း အာနန္ဒာသည် တိရစ္ဆာန်အမျိုး၌ပင် ဖြစ်သော်လည်း ငါဘုရား၏အကျိုးငှာ မိမိအသက်ကို စွန့်ဖူးပြီဟု မိန့်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ မဟိံသကတိုင်း သာဂလမြို့၌ သာဂလအမည်ရှိသော မင်းသည် တရားနှင့်အညီ မင်းပြု၏။ ထိုအခါ မြို့မှမနီးမဝေးသော တစ်ခုသောမုဆိုးရွာ၌ တစ်ယောက်သောမုဆိုးသည် ကျော့ကွင်းတို့ဖြင့် ငှက်တို့ကိုထောင်ပြီးလျှင် မြို့၌ရောင်းချ၍ အသက်မွေး၏။ သာဂလမြို့မှလည်း မနီးမဝေးသောအရပ်၌ အဝန်း တစ်ဆယ့်နှစ်ယူဇနာရှိသော ငါးပါးသာအဆင်းရှိသော ပဒုမ္မာကြာဖြင့် ဖုံးလွှမ်းအပ်သော မာနုဿိယအမည်ရှိသော အိုင်သည် ရှိ၏။ ထိုမာနုဿိယ ပဒုမ္မာအိုင်၌ အထူးထူး အပြားပြားရှိကုန်သော များစွာကုန်သော ငှက်အပေါင်းတို့သည် သက်ကုန်၏။ ထိုငှက်မုဆိုးသည် ထိုမာနုဿိယ ပဒုမ္မာအိုင်၌ အဘယ်ငှက်ဟူ၍ မမှတ်ဘဲ ကျော့ကွင်းကိုထောင်၏။ ထိုအခါ၌ ဓတရဋ္ဌ ဟင်္သာမင်းသည် ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သာအပေါင်း ခြံရံလျက် စိတ္တကုဋ်တောင်ဝယ် ရွှေဂူ၌ နေတော်မူ၏။ ထိုဟင်္သာမင်းအား သုမုခ အမည်ရှိသော ဟင်္သာစစ်သူကြီးသည် ရှိ၏။ ထိုအခါ တစ်နေ့သ၌ ထိုဟင်္သာအပေါင်းမှ နှစ်ကောင် သုံးကောင်ကုန်သော ရွှေဟင်္သာတို့သည် မာနုဿိယအမည်ရှိသော ပဒုမ္မာအိုင်သို့ သွားကုန်သော် များစွာသောအစာရှိသော ထိုမာနုဿိယ ပဒုမ္မာအိုင်၌ အလိုရှိတိုင်း ကျက်စားကုန်၍ ဝ, ကုန်လတ်သော် စိတ္တကုဋ်တောင်သို့သွား၍ ဓတရဋ္ဌ ရွှေဟင်္သာမင်းအား ကြားလျှောက်ကုန်၏။ မြတ်သောမင်းကြီး... လူ့ပြည်ခရီး၌ မာနုဿိယအမည်ရှိသော ပဒုမ္မာအိုင်သည် ပြည့်စုံသော ကျက်စားရာရှိ၏။ ထိုအိုင်၌ အစာကိုယူခြင်းငှာ သွားကြကုန်အံ့ ဟု လျှောက်ကြကုန်၏။

ဟင်္သာမင်း ကျော့ကွင်းမိပြီ

ထိုဘုရားလောင်း ဓတရဋ္ဌ ဟင်္သာမင်းသည် လူ့ပြည် မည်သည်ကား ဘေးဘျမ်းနှင့်တကွ ဖြစ်၏။ ရွံရှာဖွယ်ရှိ၏။ သင်တို့သည် မနှစ်သက်ကြကုန်လင့်ဟု ပယ်တော်မူသော်လည်း ထိုဟင်္သာတို့သည် အဖန်တလဲလဲ လျှေက်ဆိုအပ်သည်ဖြစ်၍ သင်တို့သည် အကယ်၍ နှစ်သက်ကုန်အံ့၊ သွားကြကုန်အံ့ ဟု အခြံအရံနှင့်တကွ ထိုအိုင်သို့ သွားတော်မူ၏။ ထိုဘုရားလောင်း ဓတရဋ္ဌ ဟင်္သာမင်းသည် ကောင်းကင်မှ သက်သည်ရှိသော် ခြေကို ကျော့ကွင်း၌ သွင်းလျက်သာလျှင် သက်၏။ ထိုအခါ ဘုရားလောင်း ဟင်္သာမင်းခြေကို ကျော့ကွင်းသည် သံပြားဖြင့်ငင်သကဲ့သို့ ဖွဲ့၍ယူ၏။ ထိုအခါ ကျော့ကွင်းကို ဖြတ်အံ့ ဟု ကြံ၍ ငင်သော ဘုရားလောင်း၏ ရှေးဦးစွာအကြိမ်၌ အရေသည်ပြတ်၏။ နှစ်ကြိမ်မြောက်ငင်ရာ၌ အသားသည်ပြတ်၏။ သုံးကြိမ်မြောက်ငင်ရာ၌ အကြောသည်ပြတ်၏။ ကျော့ကွင်းသည် အရိုးကိုထိ၍ တည်၏။ သွေးသည် ယိုစီး၏။ သည်းစွာသော ဝေဒနာတို့သည် ဖြစ်ကုန်၏။

ထိုဘုရားလောင်းသည် ငါသည် ကျော့ကွင်းမိသော မြည်သံကို အကယ်၍ မြည်ငြားအံ့၊ ငါ၏ ဆွေမျိုးတို့သည် ထိတ်လန့်ကုန်သည်ဖြစ်၍ အစာကိုမယူကုန်မူ၍ ဆာမွတ်သော ကိုယ်ရှိသည်ဖြစ်၍ ပြေးလွှားကုန်လတ်သော် အားနည်းသည်၏အဖြစ်ကြောင့် မဟာသမုဒ္ဒရာ၌ ကျကုန်လတ္တံ့ ဟု ကြံတော်မူ၏။ ကြံပြီး၍ ဘုရားလောင်းသည် သည်းစွာသောဝေဒနာကို သည်းခံတော်မူ၍ ဆွေမျိုးဖြစ်ကုန်သော ဟင်္သာတို့၏ အလိုရှိတိုင်းစားပြီး၍ ကစားသောအခါ၌ သည်းစွာသောအသံဖြင့် ကျော့ကွင်းမိသော

အသံကို မြည်တော်မူ၏။ ထိုမြည်သံကို ကြားကုန်လျှင် ဟင်္သာတို့သည် သေဘေးမှကြောက်ကုန်သဖြင့် အစုအစုဖြစ်၍ စိတ္တကုဋ်တောင်သို့ရှေးရှု ပျံသွားကြလေကုန်၏။

စစ်သူကြီးသုမုခ ပြန်လာခြင်း

ထိုဟင်္သာတို့ ပျံသွားကုန်သည်ရှိသော် သုမုခအမည်ရှိသော ဟင်္သာစစ်သူကြီးသည် အသို့နည်း၊ စင်စစ်လျှင် ဤဘေးသည် ငါတို့သခင် အရှင်မင်းမြတ်အား ဖြစ်လေသလော့၊ ထိုဘေးကို သိအောင်ပြုအံ့ ဟု ကြံ၍ လျင်မြန်စွာ ပျံသွားသဖြင့် ရှေ့ကသွားသော ဟင်္သာအပေါင်း၌ ဘုရားလောင်းကို မမြင်လျှင် အလယ်ကသွားသော ဟင်္သာအပေါင်း၌ စုံစမ်းရှာဖွေ၏။ ထိုအလယ် ဟင်္သာအပေါင်း၌လည်း ထိုဘုရားလောင်းကို မမြင်၍ နောက်ကသွားသော ဟင်္သာအပေါင်း၌ စုံစမ်းရှာဖွေပြန်၏။ ထိုဟင်္သာအပေါင်း၌လည်း မမြင်၍ မချွတ်လျှင် ထိုဘေးသည် ငါတို့သခင် အရှင်မင်းမြတ်အားသာလျှင် ဖြစ်၏ ဟု ပြန်လည်ခဲ့သဖြင့် လာလတ်သော် ကျော့ကွင်း၌မိသော သွေးအလိမ်း အလိမ်းကပ်လျက် ဆင်းရဲနာကျင်စွာ ညွန်ပျောင်းအပြင်၌နေသော ဘုရားလောင်းကို မြင်၍ အရှင်မင်းမြတ် ကြောက်တော်မမူလင့်၊ အကျွန်ုပ်သည် အသက်ကိုစွန့်၍ အရှင်မင်းမြတ်တို့ကို ကျော့ကွင်းမှ လွတ်ပါစေအံ့ ဟု ဆိုလျက်လျှင် ကောင်းကင်မှသက်လတ်၍ ဘုရားလောင်းကို နှစ်သိမ့်စေလျက် ညွန်ပျောင်း အပြင်၌နေ၏။

ဟင်္သာမင်း နှင်လွှတ်

ထိုသို့ နေသာအခါ ဘုရားလောင်းသည် စစ်သူကြီး သုမုခကို စုံစမ်းတော်မူလိုရကား-

။ သုမုခ အနုပစိနန္တာ၊ ပက္ကမန္တံ ဝိဟင်္ဂမာ။
ဂစ္ဆ တုဝမ္ပိ မာ ကင်္ခိ၊ နတ္ထိ ဗဒ္ဓေ သဟာယတာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆိုတော်မူ၏။

၁။ သုမုခ၊ အမောင် သုခ။ အနုပစိနန္တာ၊ ချစ်ခင်သဖြင့် မကြည့်ကုန်မူ၍။ ဝိဟင်္ဂမာ၊ ဆွေမျိုးဖြစ်ကုန်သော ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သာတို့သည်။ မံ၊ ငါ့ကို။ ဆဍ္ဍေတွာ၊ စွန့်ခဲ့ကုန်၍။ ပက္ကမန္တိ၊ ပျံသွားလေကုန်၏။ ဗဒ္ဓေ၊ ကျော့ကွင်းမိသော ငါ၌။ သဟာယတာ၊ အဆွေခင်ပွန်းဖြစ်သော အပေါင်းအဖော်မည်သည်။ နတ္ထိ၊ မရှိ။ တုဝမ္ပိ၊ သင်သည်လည်း။ ဂစ္ဆ၊ သွားလော့။ မာ ကင်္ခိ၊ ငါ့ထံ၌နေခြင်းကို အလိုမရှိလင့်။

စစ်သူကြီး ငြင်းဆန်ပုံ

ထိုစကားကိုကြား၍ စစ်သူကြီးသုမုခသည် ဟင်္သာမင်းကိုစွန့်၍ မိမိမသွားလိုသောအကြောင်းကို ဟင်္သာမင်းအား ပြန်တင်လျှောက်လိုရကား-

။ ဂစ္ဆေဝါဟံ န ဝါ ဂစ္ဆေ၊ န တေန အမရော သိယံ။
သုခိတံ တံ ဥပါသိတွာ၊ ဒုက္ခိတံ တံ ကထံ ဇဟေ။
။ မရဏံ ဝါ တယာ သဒ္ဓိံ၊ ဇီဝိတံ ဝါ တယာ ဝိနာ။
တဒေဝ မရဏံ သေယျော၊ ယဉ္စေဇီဝေ တယာ ဝိနာ။
။ နေသ ဓမ္မော မဟာရာဇ၊ ယံ တံ ဧဝံ ဂတံ ဇဟေ။
ယာ ဂတိ တုယှံသာ မယှံ၊ ရုစ္စတေ ဝိဟဂါဓိပ။

ဟူသော ဤ သုံးဂါတာတို့ကို ဆို၏။

၂။ မဟာရာဇ၊ မြတ်သော မင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ ဂစ္ဆေဝါ၊ သားမူလည်း သွားအံ့။ န ဂစ္ဆေ ဝါ၊ မသွားဘဲမူလည်းနေအံ့။ တေန၊ ထိုအရှင်မင်းကြီးကိုစွန့်၍ သွားသဖြင့်။ အမရောပိ၊ မသေပဲ နေရသည်လည်း။ န သိယံ၊ မဖြစ်လတ္တံ့။ သုခိတံ၊ ချမ်းသာသော။ တွံ၊ အရှင်မင်းကြီးကို။ ဥပါသိတွာ၊ မှီဝဲဆည်းကပ်ပြီး၍။ ဒုက္ခိတံ၊ ဆင်းရဲသော။ တံ၊ အရှင်မင်းကြီးကို။ ကထံ၊ အဘယ့်ကြောင့်။ ဇဟေ၊ စွန့်ရအံ့နည်း။

၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တယာ၊ အရှင်မင်းကြီးနှင့်။ သဒ္ဓိံ၊ တကွ။ မဏံ ဝါ၊ သေခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ တယာ၊ အရှင်မင်းကြီးနှင့်။ ဝိနာ၊ ကင်း၍။ ဇီဝိတံ၊ သက်ရှည်ခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ ဣမေသု ဒွီသု၊ ဤနှစ်ပါးတို့တွင်။ တယာ၊ အရှင်မင်းကြီးနှင့်။ သဒ္ဓိံ၊ ကွ။ တဒေဝမရဏံ၊ ထိုသေခြင်းသည်လျှင်။ သေယျော၊ အထူးသဖြင့် မြတ်၏။ တယာ၊ အရှင်မင်းကြီးနှင့်။ ဝိနာ၊ ကင်း၍။ ယံ ဇီဝေ၊ အကြင် အသက်ရှည်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ တံ ဇီဝိတံ၊ ထိုအရှင်မင်းကြီးနှင့်ကင်း၍ အသက်ရှည်ခြင်းသည်။ န သေယျော၊ မမြတ်။

၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယံ- ယေန၊ အကြင့်ကြောင့်။ ဧဝံ၊ ဤသို့။ ဂတံ၊ ကျေးဇူးပြုအပ်သော။ တံ၊ အရှင်မင်းကြီးကို။ ဇဟေ၊ စွန့်ငြားအံ့။ ဧသ-ဧသော၊ ဤသို့ ချမ်းသာသောအခါ မှီဝဲ၍ ဆင်းရဲသောအခါ စွန့်ခြင်းသည်။ န ဓမ္မော၊ သူတော်ကောင်း သဘောမဟုတ်။ ဝိဟဂါဓိပ၊ ဟင်္သာမင်း။ တုယှံ၊ အရှင်မင်းကြီး၏။ ယာ ဂတိ၊ အကြင်ဖြစ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ သာ ဂတိ၊ ထိုဖြစ်ခြင်းကို။ မယှံ၊ အကျွန်ုပ်သည်။ ရုစ္စတေ၊ နှစ်သက်အပ်၏။

အဘယ်ကြောင့် သေလိုသနည်း

ထိုသို့ သုမုခစစ်သူကြီး တင်လျှောက်သောစကားကို ကြား၍ ရွှေဟင်္သာမင်းသည် အမောင် သုမုခ... သင့်အသက်ကိုစွန့်၍ ငါ့အသက်ကိုရှင်ခြင်းသည် အကြောင်းမရှိ၊ ကန်းလေပြီးသောသူသည် လင်းစေလို၍ ဆီမီးတန်ဆောင် အထောင်မက ထွန်းငြားပါသော်လည်း အလင်းမဖြစ်နိုင်သကဲ့သို့ သင့်အသက်ကို စွန့်ခြင်း၏ အကျိုးအထူးကို ငါမမြင်ဟု မိန့်တော်မူ၍ ထိုအကြောင်းကို သုမုခအား ကြားတော်မူလိုရကား-

။ ကာ နု ပါသေန ဗဒ္ဓဿ၊ ဂတိ အညာ မဟာနသာ။

သာ ကထံ စေတယာနဿ၊ မုတ္တဿ တဝ ရုစ္စတိ။

။ ကံ ဝါ တွံ ပဿသေ အတ္ထံ၊ မမ တုယှဉ္စ ပက္ခိမ။

ဉာတီနံ ဝါ ဝသိဋ္ဌာနံ၊ ဥဘိန္နံ ဇီဝိတက္ခယေ။

။ ယံ န ကဉ္စနဒေပိဉ္ဆ၊ အန္ဓေန တမသာ ဂတံ။

တာဒိသေ သဉ္စဇံ ပါဏံ၊ ကမတ္ထ မဘိဇောတယေ။

ဟူသော ဤ သုံးဂါထာတို့ကို ဆို၏။

၅။ သုမုခ၊ အမောင် သုမုခ။ ပါသေန၊ ကျော့ကွင်းဖြင့်။ ဗဒ္ဓဿ၊ ဖွဲ့မိသောငါ့အား။ မဟာနသာ၊ စဖိုအိမ်မှ။ အညာ၊ တစ်ပါးသော။ ဂတိ၊ လားရာသည်။ ကာ နု အတ္ထိ၊ အတီမှာရှိအံ့နည်း။ စေတယာနဿ၊ ကျော့ကွင်းမိသည်ကို သိသောစိတ်ရှိသော။ မုတ္တဿ၊ ကျော့ကွင်းမှ လွတ်သော။ တဝ၊ သင်သည်။ ကထံ၊ အဘယ့်ကြောင့်။ သာ၊ ထိုစဖိုအိမ်သို့ ငါသွားရသည်ကို။ ရုစ္စတိ၊ နှစ်သက်ဘိသနည်း။

၆။ ပက္ခိမ၊ အတောင်ရှိသော။ သုမုခ၊ အမောင်သုခ။ ဥဘိန္နံ၊ နှစ်ယောက်ကုန်သော ငါတို့သည်။ ဇီဝိတက္ခယေ၊ အသက်ကုန်ခြင်း၌။ မမဉ္စ၊ ငါ၏လည်းကောင်း။ တုယှဉ္စ၊ သင်၏ လည်းကောင်း။ အဝသိဋ္ဌာနံ၊ ငါတို့မှ ကြွင်းကုန်သော။ ဉာတီနံ၊ ဆွေမျိုးတို့သည်လည်းကောင်း။ ကံ ဝါ အတ္ထံ၊ အဘယ်အကျိုးကိုလျှင်။ တွံ၊ သင်သည်။ ပဿသေ၊ မြင်ဘိသနည်း။

၇။ ကဉ္စနဒေပိဉ္ဆ၊ ရွှေအဆင်းနှင့်တူသော အတောင်နှစ်ဖက်ရှိသော။ သုမုခ၊ အမောင် သုမုခ။ တာဒိသေ၊ ထိုသို့သဘောရှိသော လုံ့လပြု၍ အကျိုးမရှိသောအရာ၌။ ပါဏံ၊ မိမိအသက်ကို။ သဉ္စဇံ၊ စွန့်သောသင်သည်။ ကံ အတ္ထံ၊ အဘယ်အကျိုးကို။ အဘိဇောတယေ၊ ပြနိုင်အံ့နည်း။ ယံ- ယေန၊ အကြင့်ကြောင့်။ အန္ဓေန၊ သူကန်းသည်။ တမသာ၊ အမိုက်တိုက်၌။ နဂတံ၊ ဆီမီးထွန်းသော်လည်း မထွန်းသည်နှင့် တူ၏။

တရားရှိသူ တရားကစောင့်

ထို့နောင်မှ သုမုခသည် မိမိအသက်ကိုစွန့်ရာ၌ အကျိုးကို ဘုရားလောင်းအား ပြလိုရကား-

။ ကထံ နု ပတတံ သေဋ္ဌ၊ ဓမ္မေ အတ္ထံ န ဗုဇ္ဈသိ။
ဓမ္မော အပစိတော သန္တော၊ အတ္ထံ ဒဿေတိ ပါဏိနံ။
။ သောဟံ ဓမ္မံ အပေက္ခာနော၊ ဓမ္မာ စတ္ထံ သမုဋ္ဌိတံ။
ဘတ္တိဉ္စ တယိ သမ္ပဿံ၊ နာဝ ကင်္ခါမိ ဇီဝိတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၈။ ပတတံ၊ ပျံတတ်သော ငှက်အပေါင်းတို့ထက်။ သေဋ္ဌ၊ အထူးသဖြင့် မြတ်တော်မူသော ဟင်္သာမင်း။ တွံ၊ အရှင်မင်းကြီးသည်။ ဓမ္မေ၊ ကျင့်အပ်သော တရား၌။ ကထံ၊ အဘယ့်ကြောင့်။ အတ္ထံ၊ အကျိုးကို။ န ဗုဇ္ဈသိ နု၊ မသိသနည်း။ မယာ၊ အကျွန်ုပ်သည်။ သန္တော၊ ထင်ရှားရှိသော။ ဓမ္မော၊ ကျင့်အပ်သော တရားကို။ အပစိတော၊ ပူဇော်အပ်၏။ ဓမ္မော၊ ကျင့်အပ်သော ကုသိုလ်တရားသည်။ ပါဏိနံ၊ သတ္တဝါတို့၏။ အတ္ထံ၊ အစီးအပွားကို။ ဒဿေတိ၊ ပေးတတ်၏။

၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သော အဟံ၊ ထိုအကျွန်ုပ်သည်။ ဓမ္မံ၊ ကျင့်အပ်သော တရားကို။ အပေက္ခာနော၊ ရှုသည်ဖြစ်၍။ ဓမ္မာ၊ ကျင့်အပ်သော ကုသိုလ်တရားကြောင့်။ သမုဋ္ဌိတံ၊ ဖြစ်သော။ ယံ အတ္ထဉ္စ၊ အကြင် အကျိုးစီးပွားသည်လည်းကောင်း။ တယိ၊ အရှင်မင်းကြီး၌။ ယံ ဘတ္တိံ စ၊ အကြင်ချစ်ခြင်းသည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုအကျိုးကို။ သမ္ပဿံ-သမ္မဿန္တော၊ ရှုသည်ဖြစ်၍။ ဇီဝိတံ၊ အကျွန်ုပ်အသကျကို။ နာဝကင်္ခါမိ၊ အလိုမရှိ။

မိတ်ဆွေအစစ်

ထိုစကားကိုကြား၍ ဘုရားလောင်း ရွှေဟင်္သာမင်းသည် သဘောအားဖြင့် ချီးမွမ်းတော်မူသဖြင့် သုမုခကို မှာထား၍ တစ်ပါးသောအရပ်သို့ သွားစေလိုရကား-

၁၀။ အဒ္ဓါ ဧသော သတံ ဓမ္မော၊
ယော မိတ္တော မိတ္တမာပဒေ။
န စဇေ ဇီဝိတဿာပိ၊ ဟေတုဓမ္မမအနုဿရံ။
၁၁။ သွာယံ ဓမ္မော စ တေ စိဏ္ဏော၊
ဘတ္တိ စ ဝိဒိတာ မယိ။
ကာမံ ကရဿု မယှေတံ၊ ဂစ္ဆေဝါနုမတော မယာ။
၁၂။ အပိ တွေဝံ ဂတေ ကာလေ၊
ယံ ခဏ္ဍံ ဉာတိနံ မယာ။
တယာ တံ ဗုဒ္ဓိသမ္ပန္နံ၊ အဿ ပရမသံဝုတံ။

ဟူသော ဤ သုံးဂါထာတို့ကို ဆို၏။

၁၀။ သုမုခ၊ အမောင်သုမုခ။ ယော မိတ္တော၊ အကြင် အဆွေခင်ပွန်းသည်။ ဓမ္မံ၊ အဆွေခင်ပွန်း ကျင့်ဝတ်တရားကို။ အနုဿရံ- အနုဿရန္တော၊ အောက်မေ့သည်ဖြစ်၍။ ဇီဝိတဿာပိ၊ အသက်၏လည်း။ ဟေတု၊ အကြောင်းကြောင့်။ အာပဒေ၊ ဘေးရန်ရှိလတ်သော်။ မိတ္တံ၊ အဆွေ ခင်ပွန်းကို။ န စဇေ၊ မစွန့်။ တဿ မိတ္တဿ၊ ထိုအဆွေ ခင်ပွန်း၏။ ဧသော၊ ဤသို့ ဘေးရန်ရှိသောအခါ အဆွေ ခင်ပွန်းကို မစွန့်ခြင်းသည်။ အဒ္ဓါ၊ စင်စစ်။ သတံ၊ သူတော်ကောင်းတို့၏။ ဓမ္မော၊ သဘောပေတည်း။

၁၁။ သုမုခ၊ အမောင်သုမုခ။ တေ၊ သင်သည်။ သွာယံ ဓမ္မော စ၊ ထို အဆွေခင်ပွန်းကျင့်ဝတ် တရားကိုလျှင်။ စိဏ္ဏော၊ ကျင့်လိုအံ့။ မယိ၊ ငါ၌၊ ဘတ္တိ စ၊ ချစ်ခြင်းကိုလည်း။ ဝိဒိတာ၊ သိအံ့။ မယှံ၊ ငါ၏။ ကာမံ၊ အလိုရှိအပ်သော။ ဧတံ၊ ဤငါ့စကားကို။ ကရဿု၊ လိုက်နာလော့။ မယာ၊ ငါသည်။ အနုမတော ဧဝ၊ ခွင့်ပြုသည်သာလျှင်တည်း။ တွံ၊ သင်သည်။ ဂစ္ဆ၊ သွားလေလော့။

၁၂။ သုမုခ၊ အမောင် သုမုခ။ အပိတု၊ စင်စစ်သဖြင့်ကား။ ဧဝံ ဂတေ၊ ဤသို့ဖြစ်သော။ ကာလေ၊ အခါ၌။ မယာ၊ ငါသည်။ ဉာတီနံ၊ အဆွေ အမျိုးတို့အား။ ယံ ခဏ္ဍံ၊ အကြင် အပိုင်းအခြားကို။ ကတံ၊ ပြုအပ်ပြီ။ တံ ခဏ္ဍ၊ ထို အပိုင်းအခြားကို။ တယာ၊ သင်သည်။ ဗုဒ္ဓိသမ္ပန္နံ၊ ပညာနှင့်ပြည့်စုံသည် ဖြစ်၍။ ပရမသံဝုတံ၊ လွန်စွာ စောင့်ရှောက်သည်။ အဿု၊ ဖြစ်လော့။

ဤသို့ ဘုရားလောင်း ရွှေဟင်္သာမင်းနှင့် စစ်သူကြီး သုမုခတို့ မှာထားပြောဆိုကြစဉ် ငှက်ဆိုးသည် မြင်လေ၏။ ရွှေဟင်္သာမင်းတို့သည်လည်း ရန်သူဖြစ်သောမုဆိုးကို ကြည့်ကြကုန်၍ ဆိတ်ဆိတ်နေသဖြင့် မတုန်လှုပ်ကြကုန်။

ဘာကြောင့် မပျံသနည်း

ငှက်မုဆိုးသည် ဟင်္သာမင်းတို့အထံသို့ လျင်မြန်စွာ လာလတ်သဖြင့် ချဉ်းကပ်၍ နှစ်ကောင်လုံးကိုပင် မိသလော ဟု ကြံစည် တွေးတောလျက် ရွှေဟင်္သာတို့ကို မေးလေ၏။

ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၁၃။ ဣစ္စေဝံ မန္တယန္တာနံ၊ အရိယာနံ အရိယဝုတ္တိနံ။
ပစ္စဒိဿထ နေသာဒေါ၊ အာတုရာနမိဝန္တကော။
။ လ။
၂၀။ ကိံနု တျာဟံ ဒိဇော ဟောတိ၊ မုတ္တောဗဒ္ဓံ ဥပါသသိ။
ဩဟာယ သကုဏာ ယန္တိ၊ ကိံဧကော အဝဟီယသိ။

ဟူသော ဤရှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ဣစ္စေဝံ၊ ဤသို့လျှင်။ အရိယဝုတ္တီနံ၊ မြတ်သော အကျင့်ရှိကုန်သော။ အရိယာနံ၊ မြတ်သော ငှက်မင်းနှစ်ပါးတို့၏။ မန္တယန္တာနံ၊ တိုင်ပင် ပြောဟောကုန်စဉ်။ အာတုရာနံ၊ ရောဂါနှိပ်စက်ကုန်သော သူတို့အား။ အန္တကော၊ သေမင်းသည်။ ပစ္စဒိဿတိ ဣဝ၊ ထင်လာသကဲ့သို့။ နေသာဒေါ၊ ငှက်မုဆိုးသည်။ ပစ္စဒိဿထ၊ ထင်လာ၏။

၁၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒီဃရတ္တံ၊ ရှည်မြင့်သော နေ့ညဉ့်ပတ်လုံး။ ဟိတာ၊ အချင်းချင်း အကျိုးစီးပွားကို ဆောင်ကုန်သော။ တေ ဒိဇာ၊ ထိုရွှေဟင်္သာမင်း နှစ်ပါးတို့သည်။ သတ္တုံ၊ ရန်သူဖြစ်သောမုဆိုးကို။ အဘိသဉ္စိက္ခ၊ ကြည့်ကုန်၍။ တုဏှီမာသိတ္ထ၊ ဆိတ်ဆိတ်နေကုန်၏။ ဥဘယော၊ ဟင်္သာ နှစ်ပါးတို့သည်။ အာသနာ၊ နေရာမှ။ န စ ပစ္စေသုံ၊ မတုန်မလှုပ်ကုန်။

၁၅။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော တတော၊ ထိုထို အရပ်မှ။ သမုဍ္ဍေန္တ၊ ကောင်းကင်သို့ ပျံတက်ကုန်သော။ ဓတရဋ္ဌေ စ၊ ဓတရဋ္ဌရွှေဟင်္သာတို့ကိုလျှင်။ ဒိသွာန၊ မြင်လတ်၍။ ဒိဇသတ္တု၊ ငှက်မုဆိုးသည်။ ဒိဇာဓိပေ၊ ဟင်္သာမင်းတို့သို့။ ဝေဖဂန၊ လျင်စွာ။ အဘိက္ကမထ၊ ရောက်လေ၏။

၁၆။ ဘိက္ခဝေ၊ ရဟန်းတို့။ သော စ နေသာဒေါ၊ ထို ငှက်မုဆိုးသည်လည်း။ ဝေဂေန၊ လျင်စွာ။ အဘိက္ကမ္မ၊ ရောက်တည့်လာ၍။ ပရမေ၊ မြတ်ကုန်သော။ ဒိဇေ၊ ဟင်္သာမင်းတို့သို့။ အာသဇ္ဇ၊ ချဉ်းကပ်၍။ ဗဒ္ဓါ၊ နှစ်ကောင်ကိုပင် မိလေသလော။ ဣတိ၊ ဤသို့။ ဝိစိန္တယံ-ဝိစိန္တယန္တော၊ စုံစမ်းလျက်။ ပစ္စကမိတ္ထ၊ ဖြည်းဖြည်းသာသာ သွားလေ၏။

၁၇။ ဧကံ ဝါ၊ တစ်ကောင်ကိုသာလျှင်။ ဗဒ္ဓံ၊ ကျော့ကွင်းမိသည်ဖြစ်၍။ အာသီနံ၊ နေ၏။ ပုနာပရံ၊ ဟင်္သာမင်း တစ်ကောင်ကို။ အဗဒ္ဓဉ္စ၊ ကျော့ကွင်းလည်း မမိ။ ဗဒ္ဓံ၊ ကျော့ကွင်းမိသော ဟင်္သာမင်းသို့။ အာသဇ္ဇ၊ ကပ်၍။ အာဒီနဝံ၊ အပြစ်ကို။ ပေက္ခာနံ၊ ရှုကြည့်လျက်။ အာသီနံ၊ နေ၏။

၁၈။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော၊ ထို့နောင်မှ။ သော၊ ထိုငှက်မုဆိုးသည်။ ဝိမတောယေဝ၊ နှစ်ကောင်ကိုပင် မိလေသလောဟု တွေးတောယုံမှားရှိသည်ဖြစ်၍လျှင်။ ပဏ္ဍရေ၊ ရွှေအဆင်းနှင့် တူကုန်သော။ ပဝဍ္ဎကာယေ၊ ကြီးသောကိုယ် ရှိကုန်သော။ အာသီနေ၊ ညွန်ပျောင်း၌ နေကုန်သော။ ဒိဇသင်္ဃဂဏာဓိပေ၊ ငှက်အပေါင်းတို့၏ အရှင်ဖြစ်ကုန်သော ဟင်္သာမင်းတို့ကို။ အဇ္ဈဘာသထ၊ ဤသို့ မေးလေ၏။

၁၉။ ပက္ခိ၊ ဟင်္သာမင်း။ ယံ ယေန၊ အကြင့်ကြောင့်။ မဟတာ၊ ကြီးစွာသော။ ပါသေန၊ ကျော့ကွင်းဖြင့်။ ဗဒ္ဓေါ၊ မိသော ဟင်္သာမင်းသည်ကား။ ဒိသံ၊ အရပ်တစ်ပါးသို့။ ဂန္တုံ၊ သွားခြင်းငှာ။ န ကုရုတေ၊ မပြုနိုင်မူကား သင့်တန်စေ။ အဗဒ္ဓေါ၊ ကျော့ကွင်းမမိသော ဟင်္သာမင်းသည်ကား။ ဒိသံ၊ အရပ်တစ်ပါးသို့။ ဂန္တုံ၊ သွားခြင်းငှာ။ ကုရုတေ နု၊ ပြုနိုင်၏ မဟုတ်လော။ အထ၊ ထိုသို့ဖြစ်လျက်။ ကသ္မာ၊ အဘယ့်ကြောင့်။ အဗဒ္ဓေါ၊ ကျော့ကွင်းမမိသော။ ဗလီ၊ ကြီးသော ခွန်အားရှိသော။ တွံ၊ သင်သည်။ န ဂစ္ဆသိ၊ မသွားဘိသနည်း။

၂၀။ အယံ ဒိဇော၊ ဤရွှေဟင်္သာသည်။ တေ၊ သင်နှင့်။ ကိန္နု ဟောဟိ၊ အသို့တော်ကြသနည်း မုတ္တော၊ ကျော့ကွင်းမမိသော သင်သည်။ ဗဒ္ဓံ၊ ကျော့ကွင်းမိသော ရွှေဟင်္သာသို့။ ဥပါသသိ၊ ဆည်းကပ်၏။ သကုဏာ၊ သင်မှ တစ်ပါးသော ဟင်္သာတို့သည်။ ဩဟာယ၊ စွန့်၍။ ယန္တိ၊ ပျံသွားကုန်၏။ ကိံ၊ အဘယ်ကြောင့်။ ဧကော၊ သင်တစ်ယောက်တည်း။ အဝဟီယသိ၊ ကျန်ရစ်ဘိသနည်း။

မိတ်ဆွေကို မစွန့်ကောင်း

ထိုသို့ မေးသောအခါ သုမုခသည် ဘုရားလောင်း ဟင်္သာမင်းကိုစွန့်၍ မိမိ မသွားသောအကြောင်းကို မုဆိုးအား ကြားလိုရကား-

၂၁။ ရာဇာ မေ သော ဒိဇာမိတ္တ၊ သခါ ပါဏသမောစ မေ။
နေဝ နံ ဝိဇဟိဿာမိ၊ ယာဝ ကာလဿ ပရိယာယံ။

ဟူသော ဤဂါထာကို ဆို၏။

၂၁။ ဒိဇာမိတ္တ၊ အဆွေမုဆိုး။ ဧသော၊ ဤရွှေဟင်္သာသည်။ မေ၊ ငါ၏။ ရာဇာ၊ အရှင်မင်းတည်း။ မေ၊ ငါ၏။ ပါဏသမော၊ အသက်နှင့်တူသော။ သခါ၊ အဆွေခင်ပွန်းတည်း။ ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ကာလဿ၊ သေခြင်း၏။ ပရိယာယံ၊ အလှည့်သည်။ အတ္ထိ၊ ရှိ၏။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ နံ၊ ထိုရွှေဟင်္သာမင်းကို။ နေဝ ဝိဇဟိဿာမိ၊ ငါ မစွန့်အံ့။

ကျော့ကွင်းကို မမြင်သလော

ထိုစကားကိုကြား၍ မုဆိုးသည် ငှက်တို့၏အရှင်ဟင်္သာမင်းဖြစ်လျက် မိမိအလို့ငှာ ထောင်အပ်သော ကျော့ကွင်းကို အဘယ့်ကြောင့် မသိသနည်းဟု ဆို၍ ထိုသုမုခအား မေးလိုရကား-

၂၂။ ကထံ ပနာယံ ဝိဟင်္ဂေါ၊ နာဒ္ဒသ ပါသမောဍ္ဍိတံ။
ပဒံ ဟေတံ မဟန္တာနံ၊ ဗောဒ္ဓုမရဟန္တိ အာပဒံ။

ဟူသော ဤဂါထာကို ဆို၏။

၂၂။ သမ္မဟံသ၊ အဆွေဟင်္သာမင်း။ အယံ ဝိဟင်္ဂေါ၊ ဤဟင်္သာမင်းသည်။ မဟန္တာနံ၊ အခြံအရံများသာသူ ပညာကြီးသော သူတို့တွင်။ ဧကော၊ တစ်ယောက်ဖြစ်ပါလျက်။ ကထံ ပန၊ အဘယ့်ကြောင့်လျှင်။ ဩဍ္ဍိတံ၊ မိမိအလို့ငှာ ထောင်အပ်သော။ ပါသံ၊ ကျော့ကွင်းကို။ နာဒ္ဒသ၊ မမြင်လေသနည်း။ ဟိ-သစ္စံ၊ မှန်၏။ တေ၊ သင်၏။ ရာဇာ၊ အရှင်မင်းသည်။ အာပဒံ၊ ဘေးရန်ဖြစ်ခြင်း၏ အကြောင်းဟူ၍။ ဗောဒ္ဓုံ၊ သိခြင်းငှာ။ အရဟတိ၊ ထိုက်ပါ၏။

ပျက်စီးချင်က မမြင်ကြ

သုမုခသည် ထိုမုဆိုးစကားကို ဖြေလိုရကား-

၂၃။ ယဒါ ပရာဘဝေါ ဟောတိ၊
ပေါသော ဇီဝိတသင်္ခယေ။
အထ ဇာလဉ္စ ပါသဉ္စ၊ အာသဇ္ဇာပိ န ဗုဇ္ဈတိ။

ဟူသော ဤဂါထာကို ဆို၏။

၂၃။ သမ္မ၊ အဆွေမုဆိုး။ ယဒါ၊ အကြင်အခါ၌။ ယော ပေါသော၊ အကြင်သတ္တဝါသည်။ ဇီဝိတသင်္ခယေ၊ အသက်ကုန်ခြင်းကြောင့်။ ပရာဘဝေါ၊ ပျက်စီးလိုသည်။ ဟောတိ၊ ဖြစ်အံ့။ အထ၊ ထိုသို့ ပျက်စီးလိုသောအခါ၌။ သော ပေါသော၊ ထိုသတ္တဝါသည်။ ဇာလဉ္စ၊ ပိုက်ကွန်သို့လည်းကောင်း။ ပါသဉ္စ၊ ကျော့ကွင်းသို့ လည်းကောင်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ န ဗုဇ္ဈတိ၊ မသိပြီ။

မုဆိုးသည် ထိုသူမုခဖြေဆိုသော စကားကို ဝန်ခံလိုရကား-

၂၄။ အပိတွေဝ မဟာပည၊ ပါသာ ဗဟုဝိဓာ တထာ။
ဂုယှမာသဇ္ဇ ဗဇ္ဈန္တိ၊ အထေဝံ ဇီဝိတက္ခယေ။

ဟူသော ဤဂါထာကို ဆို၏။

၂၄။ မဟာပည၊ ကြီးသောပညာရှိသော ဟင်္သာမင်း။ အပိတွေဝ၊ စင်စစ်လျှင်။ ဗဟုဝိဓာ၊ များသော အပြားရှိကုန်သော။ ပါသာ၊ ကျော့ကွင်းတို့ကို။ မယာ၊ ငါသည်။ တထာ၊ ထို့အတူ ထောင်အပ်၏။ အထ၊ ထိုသို့ ငါထောင်သော ကျော့ကွင်း၌။ ဧဝံ၊ ဤသို့။ ဇီဝိတက္ခယေ၊ အသက်သေလိုသည်ရှိသော်။ ဂုယှံ၊ လျှို့ဝှက်အပ်သော ကျော့ကွင်းသို့။ အာသဇ္ဇ၊ ရောက်လာကုန်၍။ ဗဇ္ဈန္တိ၊ ဖွဲ့မိကုန်၏။

ချမ်းသာပေးပါ

ဤသို့ ထိုသုမုခသည် စကားပြောဟောသဖြင့် မုဆိုးကို စိတ်နူးညံ့သည်ကိုပြု၍ ဘုရားလောင်း၏အသက်ကို တောင်းလိုရကား-

၂၅။ အပိ နာယံ တယာ သဒ္ဓိံ၊ သံဝါသဿ သုခုဒြယော။
အပိနော အနုမညာသိ၊ အပိနော ဇီဝိတံ ဒဒေ။

ဟူသော ဤဂါထာကို ဆို၏။

၂၅။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ အယံ၊ ဤရွှေဟင်္သာမင်းသည်။ တယာ၊ သင်နှင့်။ သဒ္ဓိံ၊ တကွ။ သံဝါသဿ၊ ပေါင်းဖော်သဖြင့်။ သုခုဒြယော၊ ချမ်းသာသော အကျိုးရှိသည်။ အပိ နု၊ စင်စစ်လျှင်။ ဟောတိ၊ ဖြစ်၏။ နော၊ ငါတို့အား။ အပိနုမညာသိ၊ အခွင့်ပြုပါလော့။ နော၊ ငါတို့၏။ ဇီဝိတံ၊ အသက်ကို။ အပိ ဒဒေ၊ ပေးပါလော့။

စစ်သူကြီးကိုလွှတ်ပြီ

မုဆိုးသည် ထိုသုမုခ၏ သာယာာသော တရားစကားဖြင့် ဖွဲ့သည်ဖြစ်၍ သုမုခကို လွှတ်လိုရကား-

၂၆။ န စေဝ မေ တွံ ဗဒ္ဓေါသိ၊ နပိ ဣစ္ဆာမိ တေ ဝဓံ။
ကာမံ ခိပ္ပမိတော ဂန္တာ၊ ဇီဝ တွံ အနိဃော စိရံ။

ဟူသော ဤဂါထာကို ဆို၏။

၂၆။ သမ္မဟံသ၊ အဆွေဟင်္သာ။ တွံ၊ သင်သည်။ ပါသေ၊ ကျော့ကွင်း၌။ ဗဒ္ဓေါ၊ ဖွဲ့မိသည်။ န စေဝ အသိ၊ မဖြစ်သလျှင်ကတည်း။ တေ၊ သင်အား။ ဝဓံ၊ သတ်ခြင်းကို။ နပိ ဣစ္ဆာမိ၊ ငါ အလိုမရှိ။ ဣတော၊ ဤအရပ်မှ။ ခိပ္ပံ၊ လျင်စွာ။ ကာမံ၊ အလိုရှိရာသို့။ ဂန္တာ၊ သွား၍။ တွံ၊ သင်သည်။ အနီဃော၊ ဆင်းရဲမရှိသည်ဖြစ်၍။ စိရံ၊ မြင့်ရှည်စွာ။ ဇီဝ၊ အသက်ရှင်လေလော့။

ဟင်္သာမင်းကို လွှတ်ပါ

ထို့နောင်မှ သုမုခသည် မိမိအား လွှတ်သည်ကို အလိုမရှိ၊ ဘုရားလောင်းကိုသာလျှင် လွှတ်စိမ့်သောငှာ သာယာစွာသောစကားကို ပြောဆိုသဖြင့် အကြောင်းနှင့်တကွ တောင်းပန်ပြန်လိုရကား-

၂၇။ နေဝါဟမေတ မိစ္ဆာမိ၊ အညတြေတဿ ဇီဝိတာ။
သစေ ဧကေန တုဋ္ဌောသိ၊ မုဉ္စေတံ မံ စ ဘက္ခယ။
၂၈။ အာရောဟပရိဏာဟေန၊
တုလျာသ္မာ ဝယသာ ဥဘော။
န တေ လာဘေန ဇီဝတ္ထိ၊ ဧတေန နိမိနာ တုဝံ။
၂၉။ တဒိင်္ဃ သမပေက္ခဿု၊ ဟောတု ဂိဒ္ဓိ တဝမှသု။
မံ ပုဗ္ဗေ ဗဒ္ဓ ပါသေန၊ ပစ္ဆာ မုဉ္စ ဒိဇာဓိပံ။
၃၀။ တာဝဒေဝ စ တေ လာဘော၊
ကတဿ ယာစနာယ စ။
မိတ္တိ စ ဓတရဋ္ဌေဟိ၊ ယာဝ ဇီဝါယ တေ သိယာ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၂၇။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ အဟံ၊ ငါသည်။ ဧတေဿ၊ ထိုရွှေဟင်္သာမင်း၏။ ဇီဝိတာ၊ အသက်ရှင်ခြင်းကို။ အညတြ၊ ထား၍။ ဧတံ၊ ဤ ငါ၏အသက်ရှင်ခြင်းကို။ နေဝ ဣစ္ဆာမိ၊ အလိုမရှိသည်သာတည်း။ သစေ၊ အကယ်၍။ တွံ၊ သင်သည်။ ဧကေန၊ ဟင်္သာတစ်ကောင်ဖြင့်။ တုဋ္ဌော၊ ရောင့်ရဲသည်။ အသိ၊ ဖြစ်ပါအံ့။ ဧတံ၊ ထိုဟင်္သာမင်းကို။ မုဉ္စ၊ လွှတ်ပါ။ မံ စ၊ ငါ့ကိုသာလျှင်။ ဘက္ခယ၊ စားတော်မူလော့။

၂၈။ တာတ၊ ဖခင်မုဆိုး။ အာရောဟပရိဏာဟေန၊ လုံးရပ်သဏ္ဌာန်အားဖြင့် လည်းကောင်း။ ဝယသာ၊ အရွယ်အားဖြင့် လည်းကောင်း။ ဥဘော၊ နှစ်ယောက်ကုန်သော ငါတို့သည်။ တုလျာသ္မာ၊ တူကုန်၏။ တေ၊ သင် ဖခင်မုဆိုးအား။ ဟံသရာဇဿ၊ ဟင်္သာမင်း၏။ ဇီဝံ၊ အသက်ကို။ လာဘေန၊ ရခြင်းကို။ န အတ္ထိ၊ အလိုမရှိအံ့။ တုဝံ၊ သင်သည်။ ဧတေန၊ ထို ဟင်္သာမင်းနှင့်။ မံ၊ ငါ့ကို။ နိမိနာဟိ၊ ဖလှယ်ပါလော့။

၂၉။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ တံ၊ သင့်ကို။ ဣင်္ဃ၊ တိုက်တွန်းပါ၏။ အမှေ၊ အကျွန်ုပ်တို့ကို။ သမပေက္ခဿု၊ အမျှရှုပါလော့။ အမှေသု၊ အကျွန်ုပ်တို့၌။ တဝ၊ သင့်အား။ ဂိဒ္ဓိ၊ တပ်မက်မောခြင်းသည်။ ဟောဟု၊ ဖြစ်အံ့။ မံ၊ အကျွန်ုပ်ကို။ ပုဗ္ဗေ၊ ရှေးဦးစွာ။ ပါသေန၊ ကျော့ကွင်းဖြင့်။ ဗန္ဓ၊ ဖွဲ့ပါလော့။ ဒီဇာဓိပံ၊ ရွှေဟင်္သာမင်းကို။ ပစ္ဆာ၊ နောက်မှ။ မုဉ္စ၊ လွှတ်တော်မူပါလော့။

၃၀။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ ယာ ယာစနာ စ၊ အကြင်ငါ၏ တောင်းပန်ခြင်းသည်လည်း။ အတ္ထိ၊ ရှိ၏။ သာ ယာစနာ၊ ထို တောင်းပန်ခြင်းကို။ ကတာ၊ ပြုအပ်သည်။ အဿ၊ ဖြစ်၏။ ဓတရဋ္ဌေဟိ၊ ဓတရဋ္ဌ ရွှေဟင်္သာမင်းတို့နှင့်။ မိတ္တိ စ၊ အဆွေခင်ပွန်းသည်လည်း။ အဿ၊ ဖြစ်ရာ၏။ ယာဝ၊ အကြင်မျှလောက်။ တေ၊ သင့်အား။ ဇီဝါယ၊ အသက်ရှည်ခြင်းငှာ။ သိယာ၊ ဖြစ်ရာ၏။ တာဝဒေဝ၊ ထိုမျှလောက်။ တေ၊ သင်၏။ ဇီဝံ၊ အသက်ကို။ လာဘော၊ ရပါစေလော့။

ဟင်္သာမင်းကိုပါ လွှတ်ပြီ

ဤသို့ဆိုလျှင် မုဆိုးသည် စစ်သူကြီးသုမုခတရားစကားဖြင့် ဆီ၌ချအပ်သော ဝါဂွမ်းစိုင်ကဲ့သို့ နူးညံ့သောစိတ် ရှိသည်ဖြစ်၍ ဘုရားလောင်း ရွှေဟင်္သာမင်းကို ထိုစစ်သူကြီး သုမုခအား မြတ်သောပေးခြင်းကို ပေးလိုရကား-

၃၁။ ပဿန္တု နော မဟာသံဃာ၊
တယာ မုတ္တံ ဣတော ဂတံ။
မိတ္တာမစ္စာ စ ဘစ္စာ စ၊ ပုတ္တဒါရာ စ ဗန္ဓဝါ။
၃၂။ န စ တေ တာဒိသာ မိတ္တာ၊ ဗဟူနံ ဣဓ ဝိဇ္ဇတိ။
တထာ တွံ ဓတရဋ္ဌဿ၊ ပါဏသာဓာရဏော သခါ။
၃၃။ သော တေ သဟာယံ မုဉ္စာမိ၊
ဟောတု ရာဇာ တဝါနုဂေါ။
ကာမံ ခိပ္ပမိတော ဂန္တာ၊ ဉာတိမဇ္ဈေ ဝိရောစထ။

ဟူသော ဤသုံးဂါထာကို ဆို၏။

၃၁။ သမ္မဟံသ၊ အဆွေဟင်္သာမင်း။ တယာ၊ သင်သည်။ မုတ္တံ၊ လွတ်စေအပ်သည်ဖြစ်၍။ ဣတော၊ ဤအရပ်မှ။ ဂတံ၊ သွားလေ၍။ မဟာသံဃာ စ၊ များစွာသော ဆွေမျိုး ဟင်္သာ အပေါင်းတို့သည်လည်းကောင်း။ မိတ္တာ စ၊ အဆွေခင်ပွန်းတို့သည်လည်းကောင်း။ အမစ္စာ စ၊ အမတ်တို့သည်လည်းကောင်း။ ဘစ္စာ စ၊ ကျွန်တို့သည်လည်းကောင်း။ ပုတ္တဒါရာစ၊ သားမယားတို့သည်လည်းကောင်း။ ဗန္ဓဝါ စ၊ အဆွေခင်ပွန်း မည်ကာမျှဖြစ်သော သူတို့သည်လည်းကောင်း။ ပဿန္တု၊ ဖူးမြင်စေကုန်လော့။

၃၂။ သမ္မဟံသ၊ အဆွေဟင်္သာမင်း။ တွံ၊ သင်သည်။ ဓတရဋ္ဌဿ၊ ဓတရဋ္ဌ ရွှေဟင်္သာမင်း၏။ ပါဏသာဓာရဏော၊ အသက်နှင့် ဆက်ဆံသော။ သခါ၊ အဆွေခင်ပွန်းသည်။ အသိ ယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထို့အတူ။ ဣဓ၊ ဤလောက၌။ ဗဟူနံ၊ များစွာကုန်သော သူတို့အား။ ဧတာဒိသာ၊ ထိုသင်နှင့်တူကုန်သော။ မိတ္တာ၊ အဆွေခင်ပွန်းတို့သည်။ န စ ဝိဇ္ဇတိ- န စ ဝိဇ္ဇန္တိ၊ မရှိကုန်သလျှင်ကတည်း။

၃၃။ သော အဟံ၊ ထိုငါသည်။ တေ၊ သင်၏။ သဟာယံ၊ အဆွေခင်ပွန်းဖြစ်သော ဟင်္သာမင်းကို။ မုဉ္စာမိ၊ လွှတ်အံ့။ ရာဇာ၊ ရွှေဟင်္သာမင်းသည်။ တဝ၊ သင်၏။ အနုဂေါ၊ အလိုသို့လိုက်သည်။ ဟောတု၊ ဖြစ်လေလော့။ ဣတာ၊ ဤအရပ်မှ။ ကာမံ၊ အလိုရှိရာသို့။ ခိပ္ပံ၊ လျင်စွာ။ ဂန္တာ၊ သွား၍။ တုမှေ၊ သင်ဟင်္သာမင်းနှစ်ပါးတို့သည်။ ဉာတိမဇ္ဈေ၊ ဆွေမျိုးတို့၏အလယ်၌။ ဝိရောစထ၊ တင့်တယ်ကြလေကုန်လော့။

ဤသို့သော စကားကိုဆို၍ မုဆိုးသားသည် မေတ္တာစိတ်ဖြင့် ဘုရားလောင်းသို့ကပ်ပြီးလျှင် ကျော့ကွင်းကိုဖြတ်၍ ပိုက်ဖက်သဖြင့် အိုင်မှထုတ်ဆောင်၍ အိုင်နား၌ နုပျိုသော နေဇာမြက်အပြင်ဝယ် နေစေ၍ ဘုရားလောင်းခြေဝယ် မိသောကျော့ကွင်းကို နူးညံ့သောစိတ်ဖြင့် အသာဖြည်၍ အဝေးသို့ ပစ်လိုက်ပြီးလျှင် ဘုရားလောင်း၌ အားကြီးစွာသော ချစ်ခြင်းကို ဖြစ်စေ၏။ မေတ္တာစိတ်ဖြင့် ရေကိုဆောင်ယူ၍ သွေးကိုဆေးသဖြင့် အဖန်တလဲလဲ ဆုပ်နယ်၏။ ထိုမုဆိုးသား၏ မေတ္တာစိတ် အာနုဘော်ဖြင့် ဘုရားလောင်းခြေ၌ အကြောသည် အကြောချင်း, အသားသည် အသားချင်း, အရေသည် အရေချင်း ဆက်မိကြ၏။ ထိုခဏ၌လျှင် ဘုရားလောင်းခြေသည် အသားနုတက်သည်။ ကောင်းသော အရေရှိသည်။ ကောင်းစွာပေါက်ရောက်သော အမွေးရှိသည် ဖြစ်၏။ ကျော့ကွင်းမမိသောခြေနှင့် အထူးမရှိသည်သာလျှင်တည်း။ ဘုရားလောင်းသည် ချမ်းသာသည်ဖြစ်၍ ပြကတော့အားဖြင့်လျှင် နေတော်မူ၏။

မုဆိုးကို ဆုပေး၍

ထိုသို့နေသော စစ်သူကြီးသုမုခသည် မိမိကိုယ်ကိုမှီ၍ ဘုရားလောင်းရွှေဟင်္သာမင်း ချမ်းသာသာအဖြစ်ကို မြင်ရလျှင် ကောင်းစွာဖြစ်သော ဝမ်းမြောက်ခြင်းဖြစ်ရကား မုဆိုးအား ချီးမွမ်းခြင်းကို ပြု၏။ ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်-

၃၄။ သောပတီတော ပမုတ္တေန၊ ဘတ္တုနာ ဘတ္တုဂါရဝေါ။
အဇ္ဈာဘာသထ ဝက္ကင်္ဂေါ၊ ဝါစံ ကဏ္ဏသုခံ ဘဏံ။
၃၅။ ဧဝံ လုဒ္ဒက နန္ဒဿု၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ယထာဟမဇ္ဇ နန္ဒာမိ၊ မုတ္တံ ဒိသွာ ဒိဇာဓိပံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၃၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘတ္တုနာ၊ မိမိအရှင်ရွှေဟင်္သာမင်းသည်။ ပမုတ္တေန၊ ကျော့ကွင်းမှ လွတ်သောကြောင့်။ ဝက္ကင်္ဂေါ၊ ကောက်သောလည်ရှိသော။ ဘတ္တုဂါရဝေါ၊ အရှင်ကို ရိုသေလေ့ရှိသော။ သော၊ ထိုစစ်သူကြီး သုမုခသည်။ ပတီတော၊ ဝမ်းမြောက်သည် ဖြစ်၍။ ကဏ္ဏသုခံ၊ နားချမ်းသာသော။ ဝါစံ၊ စကားကို။ ဘဏံ-ဘုဏန္တော၊ ပြောဟောလျက်။ အဇ္ဈဘာသထ၊ ဤသို့ဆိုလေ၏။

၃၅။ လုဒ္ဒက၊ အဆွေဆိုး။ အဇ္ဇ၊ ဤအခါ၌။ အဟံ၊ ငါသည်။ မုတ္တံ၊ ကျော့ကွင်းမှလွတ်သော။ ဒိဇာဓိပံ၊ ရွှေဟင်္သာမင်းကို။ ဒိသွာ၊ မြင်ရ၍။ နန္ဒာမိ ယထာ၊ နှစ်သက်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ တွံ၊ သင်အဆွေမုဆိုးသည်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ နန္ဒဿု၊ နှစ်သက်ပါစေသတည်း။

မင်းကြီးထံ ပို့စေခြင်း

ဤသို့ ချီးမွမ်းခြင်းကို ပြုပြီး၍ စစ်သူကြီး သုမုခသည် မိမိရွှေဟင်္သာမင်းအား ဤသို့ လျှောက်၏။ မြတ်သောမင်းကြီး ဤမုဆိုးသည် အကျွန်ုပ်တို့အား ကျေးဇူးပြုပေ၏။ ထိုစကားသည် မှန်၏။ ဤမုဆိုးသည် အကျွန်ုပ်တို့စကားကို မလိုက်နာမူ၍ ဟင်္သာဖြစ်ကုန်သော အကျွန်ုပ်တို့ကို ပင်ပန်းစေသည်တို့ကိုပြု၍ ပြည့်ရှင်မင်းတို့အား ဆက်သည်ရှိသော် များစွာသောဥစ္စာကို ရပေရာ၏။ သတ်၍ အသားကိုရောင်းချသည်ရှိသော် အဖိုးကိုလည်း ရပေရာ၏။ စင်စစ်သဖြင့် မိမိအသက်ကို မကြည့်မူ၍ အကျွန်ုပ်တို့စကားကို နာယူပေ၏။ ဤမုဆိုးကို မင်း၏အထံသို့ ဆောင်ယူ၍ ချမ်းသာစွာ အသက်မွေးရသည်ကို ပြုကြကုန်အံ့ဟု ကြားလျှောက်၏။ ဘုရားလောင်းသည် ဝန်ခံတော်မူ၏။ သုမုခသည် မိမိတို့ဘာသာဖြင့် ဘုရားလောင်းနှင့်တကွ တိုင်ပင်ပြောဆိုပြီး၍ တစ်ဖန် လူ့ဘာသာဖြင့် မုဆိုးကိုခေါ်၍ အဆွေမုဆိုး... သင်သည် အဘယ်အကျိုးငှာ ကျော့ကွင်းကိုထောင်ဘိသနည်းဟု မေး၍ ဥစ္စာအကျိုးငှာ ထောင်၏ ဟု ပြောဆိုလတ်သော် ဤသို့ ဥစ္စာအလို့ငှာ ထောင်သည်ရှိသော် ငါတို့ကိုဆောင်ယူ၍ မြို့သို့ဝင်ပြီးလျှင် မင်းအား ပြလော့၊ သင့်အား များစွာသောဥစ္စာကို ပေးအံ့ဟု ဆို၍ မုဆိုးအား အကြောင်းကို ကြားလိုရကား-

၃၆။ ဧဟိ တံ အနုသိက္ခာမိ၊ ယထာ တွမပိ လစ္ဆသေ။
လာဘံ တဝါယံ ဓတရဋ္ဌော၊ ပါပံ ကိဉ္စိ န ဒက္ခတိ။
၃၇။ ခိပ္ပမန္တေပုရံ နေတွာ၊
ရညော ဒဿေဟိ နော ဥဘော။
အဗဒ္ဓေ ပကတိဘူတေ၊
ကာဇေ ဥဘယတော ဌိတေ။
၃၈။ ဓတရဋ္ဌာ မဟာရာဇ၊ ဟံသာဓိပတိနော ဣမေ။
အယံဟိ ရာဇာ ဟံသာနံ၊ အယံ သေနာပတီတရော။
၃၉။ အသံသယံ ဣမံ ဒိသွာ၊ ဟံသာရာဇံ နရာဓိပေါ။
ပတီတော သုမနော စိတ္တော၊
ဗဟုံ ဒဿတိ တေ ဓနံ။

ဟူသော လေးဂါထာတို့ကို ဆို၏။

၃၆။ သမ္မ လုဒ္ဒက၊ အဆွေမုဆိုး။ ဧဟိ၊ လာလှည့်။ ယထာ၊ အကြင်အခြင်းဖြင့် ငါ ဆုံးမသည်ရှိသော်။ တွံ၊ သင်သည်။ အပိ၊ စင်စစ်။ လာဘံ၊ လာဘ်ကို။ လစ္ဆသေ၊ ရလတ္တံ့။ တထာ၊ ထိုအခြင်းဖြင့်။ တံ၊ သင့်ကို။ အနုသိက္ခာမိ၊ ငါဆုံးမအံ့။ အယံ ဓတရဋ္ဌော၊ ဤ ဓတရဋ္ဌ ရွှေဟင်္သာမင်းသည်။ တဝ၊ သင့်အား။ ကိဉ္စိ၊ အနည်းငယ်သော။ ပါပံ၊ ယုတ်မာခြင်းကို။ န ဒက္ခတိ၊ မရှု။

၃၇။ သမ္မ၊ အဆွေမုဆိုး။ ခိပ္ပံ၊ လျင်စွာ။ အန္တေပုရံ၊ မင်း၏နန်းတော်သို့။ ဂန္တာ၊ သွား၍။ အဗဒ္ဓေ၊ မဖွဲ့အပ်ကုန်သော။ ပကတိဘူတေ၊ ပကတိဖြစ်၍ ဖြစ်ကုန်သော။ ကာဇေ၊ ထမ်းပိုး၌။ ဥဘယတော၊ အစွန်းနှစ်ဖက်မှ။ ဌိတေ၊ တည်ကုန်သော။ ဥဘော၊ နှစ်ပါးကုန်သော။ နော၊ ငါတို့ကို။ ရညော၊ မင်းအား။ ဒဿေဟိ၊ ပြလော့။

၃၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမေ၊ ဤရွှေဟင်္သာတို့သည်။ ဓတရဋ္ဌာ၊ ဓတရဋ္ဌမျိုးဖြစ်ကုန်သော။ ဟံသာဓိပတိနော၊ ဟင်္သာမင်းတို့တည်း။ ဟိ-သစ္စံ၊ မှန်၏။ အယံ၊ ဤရွှေဟင်္သာသည်။ ဟံသာနံ၊ ဟင်္သာတို့၏။ ရာဇာ၊ မင်းတည်း။ ဣတရော၊ ဤရွှေဟင်္သာမှတစ်ပါးသော။ အယံ၊ ဤရွှေဟင်္သာသည်။ သေနာပတိ၊ စစ်သူကြီးတည်း။

၃၉။ သမ္မ၊ အဆွေမုဆိုး။ နရာဓိပေါ၊ သင်တို့၏ အရှင်မင်းသည်။ ဣမံ ဟံသရာဇံ၊ ဤ ငါတို့အရှင်ရွှေဟင်္သာမင်းကို။ ဒိသွာ၊ မြင်ရသည်ရှိသော်။ အသံသယံ၊ ယုံမှားမဲ့။ ပတီတော၊ နှစ်သက်သည်ဖြစ်၍။ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍။ စိတ္တော၊ ပီတိဖြင့်ပြည့်သော ရွှင်သောစိတ်ရှိသည်ဖြစ်၍။ တေ၊ သင့်အား ဗဟုံ၊ များစွာသော။ ဓနံ၊ ဥစ္စာကို။ ဒဿတိ၊ ပေးလတ္တံ့။

ငါတို့ကိုဆောင်ယူ၍ မင်းအားပြလော့ ဟု သုမုခဆိုသည်ကား ဘုရားလောင်း ရွှေဟင်္သာမင်း၏ ပညာအစွမ်းကို ပြခြင်းငှာလည်းကောင်း, မိမိ၏ အဆွေခင်ပွန်းသဘောကို ထင်ရှားပြခြင်းငှာလည်းကောင်း, မုဆိုးအား ဥစ္စာရခြင်းငှာလည်းကောင်း, သာဂလမင်းအား သီလတို့၌ တည်စိမ့်သောငှာ လည်းကောင်း, ဤလေးပါးသော အကြောင်းတို့ကြောင့် ဤသို့ ဆို၏။

မင်းကြီးထံ ပြလေသော်

ဤသို့ စစ်သူကြီးသုမုခ ဆိုလတ်သော် မုဆိုးသည် အရှင်အရှင်တို့သည် မင်းအားပြခြင်းကို နှစ်သက်တော်မမူပါလင့်၊ မင်းတို့မည်သည်ကား တုန်လှုပ်သော စိတ်ရှိကုန်၏။ အရှင်တို့ကို ပင်ပန်းစေသည်တို့ကိုမူလည်း ပြုကုန်ရာ၏။ သတ်မူလည်း သတ်ကုန်ရာ၏ဟု ဆိုသည်ရှိသော် အဆွေမုဆိုး... သင် မကြောက်လင့်၊ ငါသည် သင်ကဲ့သို့ ခက်ထန်ကြမ်းတမ်းသော သတ္တဝါတို့၏သွေးကို သောက်တတ်သော မုဆိုးကိုစင်လျက် တရားစကားဖြင့် နူးညံ့သည်ကိုပြု၍ ငါ၏ခြေသို့ ဝပ်စေနိုင်သေး၏။ မင်းတို့မည်သည်ကား ဘုန်းကံနှင့် ပြည့်စုံကုန်၏။ ပညာလည်း ကြီးကုန်၏။ ကောင်းသောစကား မကောင်းသော စကားတို့ကို သိတတ်ကုန်၏။ ငါတို့ကို မင်းအား လျင်စွာပြလော့ဟု ဆိုသည်ရှိသော် ထိုသို့ဖြစ်သော်ကား အကျွန်ုပ်အား အမျက် မထွက်ပါကုန်လင့်၊ အကျွန်ုပ်သည် မချွတ်လျှင် အရှင်တို့အလိုအားဖြင့် ဆောင်ယူပါအံ့ဟု ဆို၍ ရွှေဟင်္သာနှစ်ကောင်တို့ကိုလည်း ထမ်းပိုးသို့တင်၍ မင်းအိမ်သို့သွား၍ မင်းအား ပြသဖြင့် မင်းသည် မေးအပ်သည်ရှိသော် ဟုတ်မှန်တိုင်း တင်လျှောက်၏။

ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၄၀။ တဿ တံ ဝစနံ သုတွာ၊ ကမ္မုနာ ဥပပါဒယိ။
ခိပ္ပမန္တေပုရံ ဂန္တွာ၊ ရညော ဟံသေ အဒဿယိ။
အဗဒ္ဓေ ပကတီဘူတေ၊
ကာဇေ ဥဘယတော ဌိတေ။
။ လ။
၅၆။ ဥပါယနဉ္စ တေ ဒေဝ၊ နာညံ ပဿာမိ ဧဒိသံ။
သဗ္ဗသာကုဏိကာ ဂါမေ၊ တွံ ပဿ မနုဇာဓိပ။

ဟူသော ဤတစ်ဆယ့်ခုနစ်ဂါထာတို့ကို ဟောတော်မူ၏။

၄၀။ ဘိက္ခဝေ၊ ရဟန်းတို့။ တဿ၊ ထိုသုမုခ၏။ တံ ဝစနံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ လုဒ္ဒေါ၊ မုဆိုးသည်။ ကမ္မုနာ၊ ကိုယ်မှုဖြင့်။ ဥပပါဒယိ၊ ပြည့်စုံစေ၏။ ခိပ္ပံ၊ လျင်စွာ။ အန္တေပုရံ၊ မင်း၏ နန်းတော်သို့။ ဂန္တွာ၊ သွား၍။ ရညော၊ သာဂလမင်းအား။ အဗဒ္ဓေ၊ မဖွဲ့မချည်ကုန်သော။ ပကတိဘူတေ၊ ပကတိဖြစ်၍ ဖြစ်ကုန်သော။ ကာဇေ၊ ထမ်းပိုး၌။ ဥဘယတော၊ အစွန်းနှစ်ဖက်မှ။ ဌိတေ၊ တည်ကုန်သော။ ဟံသေ၊ ဟင်္သာမင်း နှစ်ကောင်တို့ကို။ အဒဿယိ၊ ပြလေ၏။

၄၁။ ရညာ၊ သာဂလမင်းသည်။ ပုဋ္ဌော၊ မေးအပ်သော မုဆိုးသည်။ မဟာရာဇ၊ မင်းမြတ်။ ဣမေ၊ ဤရွှေဟင်္သာတို့သည်။ ဓတရဋ္ဌာ၊ ဓတရဋ္ဌမျိုး ဖြစ်ကုန်သော။ ဟံသာဓိပတိနော၊ ဟင်္သာမင်းတို့တည်း။ ဟိ-သစ္စံ၊ မှန်ပါ၏။ အယံ၊ ဤ ရွှေဟင်္သာသည်။ ဟံသာနံ၊ ဟင်္သာတို့၏။ ရာဇာ၊ မင်းတည်း။ ဣတရော၊ ဤဟင်္သာမင်းမှ တစ်ပါးသော။ အယံ၊ ဤရွှေဟင်္သာသည်။ သေနာပတိ၊ စစ်သူကြီးတည်း။ ဣတိ၊ ဤသို့။ အာဟ၊ တင်လျှောက်၏။

၄၂။ လုဒ္ဒက၊ မုဆိုး။ ကထံ ပန၊ အသို့မူ၍လျှင်။ ဣမေ ဝိဟင်္ဂါ၊ ဤရွှေဟင်္သာတို့သည်။ တဝ၊ သင်၏။ ဟတ္ထတ္တံ၊ လက်သို့။ အာဂတာ၊ ရောက်ကုန်သနည်း။ ကထံ၊ အသို့လျှင်။ တွံ၊ သင်သည်။ မဟန္တာနံ၊ များစွာကုန်သော ဟင်္သာတို့၏။ ဣဿရေ၊ အစိုးရသော မင်းတို့ကို။ ဣဓ၊ ဤအရပ်၌။ အဇ္ဈဂါ၊ ရသနည်း။

၄၃။ ဇနာဓိပ၊ လူတို့ကို အစိုးရတော်မူသော။ မဟာရာဇ၊ အရှင်မင်းမြတ်။ ယံယံ၊ အကြင် အကြင်သို့ သဘောရှိသော။ အာယတနံ၊ ငှက်အပေါင်းတို့၏ စုဝေးရာသည်။ အတ္ထိ၊ ရှိပါ၏။ ဒိဇာနံ၊ ငှက်တို့၏။ ပါဏရောဓနံ၊ အသက်သေခြင်းကို ပြုတတ်သော။ ပါသံ၊ ကျော့ကွင်းကို။ မညေ၊ အကျွန်ုပ်ကွံမိ၏။ တေသု တေသု၊ ထိုထိုသို့ သဘောရှိကုန်သော။ ပလ္လလေသု၊ ညွန်ပျောင်းတို့၌။ မေ၊ အကျွန်ုပ်၏။ ဝိဟိတာ၊ ထောင်အပ်ကုန်သော။ ပါသာ၊ ကျော့ကွင်းတို့သည်။ သန္တိ၊ ရှိကုန်၏။

၄၄။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ပါသံ၊ ကျော့ကွင်းသို့။ အာသဇ္ဇ၊ ရောက်၍။ ဟံသရာဇာ၊ ရွှေဟင်္သာမင်းသည်။ အဗဇ္ဈထ၊ မိလေ၏။ တံ၊ ထို ကျော့ကွင်းမိသော ရွှေဟင်္သာမင်းကို။ အဗဒ္ဓေါ၊ ကျော့ကွင်းမမိသော စစ်သူကြီးသည်။ ဥပါသိနော၊ ကပ်လျက်နေ၏။ အယံ၊ ဤရွှေဟင်္သာ စစ်သူကြီးသည်။ မမံ၊ အကျွန်ုပ်ကို။ အဇ္ဈဘာသထ၊ တောင်းပန်စကားဆို၏။

၄၅။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဘတ္တုရတ္ထေ၊ အရှင့် အကျိုးတော်၌။ ပရက္ကမန္တော၊ လုံ့လပြုလျက်။ ဓမ္မယုတ္တော၊ ကျင့်ဝတ်တရားနှင့်ယှဉ်သော။ ဝိဟင်္ဂမော၊ ဟင်္သာစစ်သူကြီးသည်။ အနရိယေဟိ၊ သူယုတ်တို့သည်။ သုဒုက္ကရံ၊ အလွန် ပြုနိုင်ခဲသော။ ဥတ္တမံ၊ မြတ်သော။ ဘာဝံ၊ မိမိအလိုကို။ ဒဟတေ၊ ပြပေတတ်၏။

၄၆။ မဟာရာဇ၊ မင်းမြတ်။ ဇီဝိတာရဟော၊ အသက်ရှည်ခြင်းငှာထိုက်သော။ အယံ၊ ဤဟင်္သာစစ်သူကြီးသည်။ အတ္တနော၊ မိမိ၏။ ဇီဝိတံ၊ အသက်ကို။ စဇိတွာန၊ စွန့်၍။ အနုတ္ထုနန္တော၊ အရှင့်ကျေးဇူးကို ချီးမွမ်းလျက်။ အာသိနော၊ မိမိအရှင်ဟင်္သာမင်းထံ၌ နေလာ၍။ ဘတ္တု၊ မိမိအရှင်၏။ ဇီဝိတံ၊ အသက်ကို။ ယာစိတ္ထ၊ တောင်းပန်၏။

၄၇။ မဟာရာဇ၊ အရှင်မင်းမြတ်။ တဿ၊ ထိုရွှေဟင်္သာ စစ်သူကြီး၏။ တံ ဝစနံ၊ ထိုစကားကို။ သုတွာ၊ ကြားရ၍။ အဟံ၊ အကျွန်ုပ်သည်။ ပသာဒံ၊ ကြည်ညိုခြင်းကို။ အဇ္ဈဂါ၊ ရ၏။ တတော၊ ထိုသို့ ကြည်ညိုသောကြောင့်။ နံ၊ ထိုရွှေဟင်္သာမင်းကို။ ပါသာ၊ ကျော့ကွင်းမှ။ ပမုဉ္စိ၊ လွှတ်၏။ သုခေန စ၊ ချမ်းသာသဖြင့် လည်း။ အနုညာသိံ၊ အကျွန်ုပ် ခွင့်ပြုခဲ့ပါပြီ။

၄၈။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဘတ္တုနာ၊ မိမိအရှင်ရွှေဟင်္သာမင်းသည်။ ပမုတ္တေန၊ ကျော့ကွင်းမှ လွတ်သည်ရှိသော်။ ဘတ္တုဂါရဝေါ၊ အရှင်ကို ရိုသေတတ်သော။ သော ဝက္ကင်္ဂေါ၊ ထိုရွှေဟင်္သာစစ်သူကြီးသည်။ ပတီတော၊ နှစ်သက် ဝမ်းမြောက်သည်ဖြစ်၍။ ကဏ္ဏသုခံ၊ နား၌ ချမ်းသာသော။ ဝါစံ၊ စကားကို။ ဘဏံ-ဘဏန္တော၊ ပြောဟောလျက်။ အဇ္ဈဘာသထ၊ ဤသို့ ဆို၏။

၄၉။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ အဇ္ဇ၊ ဤအခါ၌။ အဟံ၊ ငါသည်။ မုတ္တံ၊ ကျော့ကွင်းမှလွတ်သော။ ဒိဇာဓိပံ၊ ရွှေဟင်္သာမင်းကို။ ဒိသွာ၊ မြင်ရ၍။ နန္ဒာမိ ယထာ၊ နှစ်သက်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တွံ၊ သင်သည်။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဉာတိဘိ၊ အဆွေအမျိုးတို့နှင့်။ သဟ၊ တကွ။ နန္ဒဿု၊ နှစ်သက်ပါလေလော့။

၅၀။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ ဧဟိ၊ လာလှည့်။ တံ၊ သင့်ကို။ အနုသိက္ခာမိ၊ ငါဆုံးမအံ့။ ယထာ၊ အကြင်အခြင်းဖြင့် ဆုံးမသည်ရှိသော်။ တွံ၊ သင်သည်။ အပိ၊ စင်စစ်။ လာဘံ၊ လာဘ်ကို။ လစ္ဆသေ၊ ရလတ္တံ့။ တထာ၊ ထိုအခြင်းဖြင့်။ အနုသိက္ခာမိ၊ ငါဆုံးမအံ့။ အယံ ဓတရဋ္ဌော၊ ဤဓတရဋ္ဌ ရွှေဟင်္သာမင်းသည်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ တဝ၊ သင်၏။ ပါပ၊ မကောင်းခြင်းကို။ န ဒက္ခသိ၊ မရှု။

၅၁။ သမ္မလုဒ္ဒက၊ အဆွေမုဆိုး။ ခိပ္ပံ၊ လျင်စွာ။ အန္တေပုရံ၊ မင်း၏ နန်းတော်သို့။ ဂန္တွာ၊ သွား၍။ အဗဒ္ဓေ၊ မဖွဲ့မချည်အပ်ကုန်သော။ ပကတိဘူတေ၊ ပကတိသဘော၌ တည်သည်ဖြစ်၍ ဖြစ်ကုန်သော။ ကာဇေ၊ ထမ်းပိုး၌။ ဥဘယတော၊ အစွန်းနှစ်ဖက်မှ။ ဌိတေ၊ တည်ကုန်သော။ ဥဘော၊ နှစ်ပါးကုန်သော။ နော၊ ငါတို့ကို။ ရညော၊ မင်းအား။ ဒဿေဟိ၊ သင်ပြလော့။

၅၂။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဣမေ၊ ဤရွှေဟင်္သာတို့သည်။ ဓတရဋ္ဌာ၊ ဓတရဋ္ဌမျိုးဖြစ်ကုန်သော။ ဟံသာဓိပတိနော၊ ဟင်္သာမင်းတို့တည်း။ ဟိ-သစ္စံ၊ မှန်၏။ အယံ၊ ဤရွှေဟင်္သာသည်။ ဟံသာနံ၊ ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သာတို့၏။ ရာဇာ၊ မင်းတည်း။ ဣတရော၊ ဤဟင်္သာမင်းမှ တစ်ပါးသော။ အယံ၊ ဤရွှေဟင်္သာသည်။ သေနာပတိ၊ စစ်သူကြီးတည်း။

၅၃။ နရာဓိပေါ၊ လူတို့အရှင်ဖြစ်သော။ ရာဇာ၊ မင်းသည်။ ဣမံ ဟံသရာဇံ၊ ဤရွှေဟင်္သာမင်းကို။ ဒိသွာ၊ မြင်ရသည်ရှိသော်။ ပတီတော၊ နှစ်သက်သည်ဖြစ်၍။ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍။ စိတ္တော၊ ရွှင်လန်းသောစိတ် ဖြစ်သည်ဖြစ်၍။ အသံသယံ၊ ယုံမှားမဲ့။ တေ၊ သင့်အား။ ဗဟုံ၊ များစွာသော။ ဓနံ၊ ဥစ္စာကို။ ဒဿတိ၊ ပေးလတ္တံ့။

၅၄။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဧဝံ၊ ဤသို့ဆိုသော။ ဧတဿ၊ ထိုစစ်သူကြီး သုမုခ၏။ ဝစနာ၊ စကားကြောင့်။ မယာ၊ အကျွန်ုပ်သည်။ ဣမေ ဥဘော၊ ဤရွှေဟင်္သာနှစ်ကောင်တို့ကို။ အာနီတာ၊ ဆောင်အပ်၏။ ဧတ္ထေဝ၊ ဤမာနုဿိယအိုင်၌ပင်လျှင်။ မယာ၊ အကျွန်ုပ်သည်။ ဟိ-သစ္စံ၊ အကယ်၍လျှင်။ ဣမေ ဥဘော၊ ဤရွှေဟင်္သာနှစ်ကောင်တို့ကို။ အနုမတာ၊ ခွင့်ပြုအပ်ကုန်သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။

၅၅။ မဟာရာဇ၊ အရှင်မင်းမြတ်။ ဧဝံ၊ ဤသို့။ ဂတော၊ ရောက်လာသော။ ပက္ခီ၊ အတောင်ရှိသော။ သော အယံ ဒိဇော၊ ထိုရွှေဟင်္သာစစ်သူကြီးသည်။ ပရမဓမ္မိကော၊ လွန်မြတ်သော တရားကိုစောင့်ပေ၏။ ဟိ-သစ္စံ၊ မှန်၏။ သော၊ ထိုရွှေဟင်္သာစစ်သူကြီးသည်။ မာဒိသဿ၊ အကျွန်ုပ်ကဲ့သို့သော။ လုဒ္ဒဿ၊ မုဆိုးအား။ မဒ္ဒဝံ၊ နူးညံ့သည်၏အဖြစ်ကို။ ဇနယေယျာထ၊ ဖြစ်စေနိုင်၏။

၅၆။ မနုဇာဓိပ၊ လူတို့အရှင်ဖြစ်တော်မူသော။ ဒေဝ၊ အရှင်မင်းမြတ်။ တေ၊ အရှင်မင်းမြတ်အား။ ဧဒိသံ၊ ဤရွှေဟင်္သာမင်း နှစ်ပါးနှင့်တူသော။ အညံ၊ ရွှေဟင်္သာမင်းနှစ်ပါးမှ တစ်ပါးသော။ ဥပါယနဉ္စ၊ ပဏ္ဏာလက်ဆောင်ကိုလည်း။ န ပဿာမိ၊ မမြင်ဖူးပါ။ သဗ္ဗသာကုဏိကဂါမေပိ၊ အလုံးစုံသော ငှက်မုဆိုးတို့ရွာ၌လည်း။ အညံ၊ ရွှေဟင်္သာမင်းနှစ်ပါးမှ တစ်ပါးသော ပဏ္ဏာလက်ဆောင်ကို။ န ပဿာမိ၊ အကျွန်ုပ်မမြင်ဖူးပါ။ တွံ၊ အရှင်မင်းမြတ်သည်။ ပဿ၊ ရှုတော်မူပါလော့။

ဟင်္သာမင်းနှင့် မင်းကြီးတို့ စာဆိုကြပုံ

ဤသို့ ထိုမုဆိုးသည် ရပ်လျက်သာလျှင် စစ်သူကြီးသုခ၏ ဂုဏ်ကျေးဇူးကို မင်းအား တင်လျှောက်၏။ ထို့နောင်မှ မင်းသည် ရွှေဟင်္သာမင်းအား မြတ်သောသူတို့အားသာလျှင် ထိုက်သောနေရာကို, စစ်သူကြီးသုမုခအား ရွှေအင်းပျဉ်ကို ပေးစေပြီးလျှင် ထိုနေရာ၌နေကုန်သော ရွှေဟင်္သာမင်းနှစ်ပါးတို့ကို ရွှေခွက်တို့ဖြင့် ပေါက်ပေါက် တင်လဲ အစရှိသည်တို့ကို ကျွေးမွေးစေ၍ စားသောက်ခြင်းကိစ္စပြီးလတ်သော် လက်အုပ်ချီ၍ ဘုရားလောင်း ရွှေဟင်္သာမင်းကို တရားဟောစိမ့်သောငှာ တောင်းပန်၍ ရွှေနေရာ၌ နေတော်မူ၏။ ထိုမင်းသည် တောင်းပန်အပ်သည်ဖြစ်၍ ဘုရားလောင်း ရွှေဟင်္သာမင်းသည် ရှေးဦးစွာ အစေ့အစပ်စကား ပြောဟောခြင်းကို ပြုတော်မူ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၅၇။ ဒိသွာ နိသိန္နံ ရာဇာနံ၊ ပီဌေ သောဝဏ္ဏယေ သုဘေ။
အဇ္ဈဘာသထ ဝက္ကင်္ဂေါ၊ ဝါစံ ကဏ္ဏသုခံ ဘဏံ။
။ လ။
၆၃။ အထာ မေ သာဒိသီ ဘရိယာ၊
အဿဝါ ပိယဘာဏီနီ။
ပုတ္တရူပယသူပေတာ၊ မမ ဆန္ဒဝသာနုဂါ။

ဟူသော ဤခုနစ်ဂါထာတို့ကို ဟောတော်မူ၏။

၅၇။ ဘိက္ခဝေ၊ ရဟန်းတို့။ သောဝဏ္ဏယေ၊ ရွှေဖြင့်ပြီးသော။ သုဘေ၊ တင့်တယ်စွာသော။ ပီဌေ၊ အင်းပျဉ်၌။ နိသိန္နံ၊ နေသော။ ရာဇာနံ၊ သာဂလမင်းကို။ ဒိသွာန၊ မြင်၍။ ဝက္ကင်္ဂေါ၊ ရွှေဟင်္သာမင်းသည်။ ကဏ္ဏသုခံ၊ နား၌ ချမ်းသာသော။ ဝါစံ၊ စကားကို။ ဘဏံ- ဘဏန္တော၊ ပြောဟောလို၍။ အဇ္ဈဘာသထ၊ ဤသို့ဆို၏။

၅၈။ နရသေဋ္ဌ၊ လူတကာတို့ထက် မြတ်တော်မူသော။ မန္ဒိရိဿရ၊ ရွှေနန်းရှင်။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်မင်းကြီးအား။ ကုသလံ နု၊ အနာကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ ဘောတော၊ အရှင်မင်းကြီးအား။ အနာမယံ၊ ဆင်းရဲကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ ဣဒံ ရဋ္ဌံ၊ ဤမဟိံသက တိုင်းပြည်တော်သည်။ ဖီတံ၊ ဝပြောသာယာပါ၏လော။ တွံ၊ အရှင်မင်းကြီးသည်။ ဓမ္မေန၊ တရားနှင့်အညီ။ အနုသာသသိ၊ ဆုံးမတော်မူပါ၏လော။

၅၉။ ဟံသ၊ ရွှေဟင်္သာမင်း။ မေ၊ ငါအား။ ကုသလဉ္စေဝ၊ အနာလည်း ကင်းပေ၏။ ဟံသ၊ ရွှေဟင်္သာမင်း။ အထော၊ ထိုမှတပါး။ အနာမယံ၊ ဆင်းရဲလည်းကင်းပေ၏။ အထော၊ ထိုမှတပါး။ ဣဒံ ရဋ္ဌံ၊ ဤငါတို့မဟိံသကတိုင်းသည်။ ဖီတံ၊ ဝပြောသာယာပေ၏။ အဟံ၊ ငါသည်။ ဓမ္မေန၊ တရားနှင့်အညီ။ အနုသာသိ၊ ဆုံးမပါ၏။

၆၀။ ဘူနာထ၊ သတ္တဝါတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူထသော။ ဘူပါလ၊ ရေမြေ့ရှင်။ ကစ္စိ၊ အသိနည်း။ ဘောတော၊ အရှင်မင်းကြီးအား။ အမစ္စေသု၊ မှူးတော် မတ်တော်တို့၌။ ကောစိ၊ တစ်စုံတစ်ခုသော။ ဒေါသော၊ အပြစ်သည်။ န ဝိဇ္ဇတိ၊ မရှိ ကင်းပါ၏လော။ ကစ္စိ၊ အသို့နည်း။ တေ အမစ္စာ၊ ထိုမှူးမတ်တို့သည်။ တဝ၊ အရှင်မင်းကြီး၏။ အတ္ထေသု၊ အကျိုးစီးပွားတော်တို့၌။ ဇီဝိတံ၊ အသက်ကို။ နာဝကင်္ခန္တိ နု၊ အလိုမရှိပါကုန်၏လော။ (မှူးမတ်တို့သည် အသက်ကိုစွန့်၍ အရှင်မင်းကြီးအမှုတော်ကို ထမ်းပါကုန်၏လော ဟု ဆိုလိုသည်။)

၆၁။ ဟံသ၊ ရွှေဟင်္သာမင်း။ အထောပိ၊ ထိုမှတပါးလည်း။ မေ၊ ငါ့အား။ အမစ္စေသု၊ မှူးတော် မတ်တော်တို့၌။ ကောစိ၊ တစ်စုံတစ်ခုသော။ ဒေါသော၊ အပြစ်သည်။ န ဝိဇ္ဇတိ၊ မရှိပေ။ အထောပိ၊ ထို့မှတပါးလည်း။ မေ၊ ငါ၏။ တေ၊ ထိုမှူးမတ်တို့သည်။ မမ၊ ငါ၏။ အတ္ထေသု၊ အကျိုးစီးပွား အမှုကိစ္စတို့၌။ ဇီဝိတံ၊ မိမိတို့အသက်ကို။ နာဝကင်္ခန္တိ၊ အလိုမရှိကြပေကုန်။

(မိမိတို့အသက်ကိုစွန့်၍ ငါ၏အမှုတော်ကို ထမ်းရွက်ကြပေ၏ဟု ဆိုလိုသည်။)

၆၂။ ဘာရဓ၊ ပြည်ကြီးဝန်ကို ရွက်ဆောင်တော် မူတတ်သော။ ဘူပါလ၊ ရေမြေ့ရှင်။ ကစ္စိ၊ အသို့နည်း။ တေ၊ အရှင်မင်းကြီး၏။ သာဒိသီ၊ ဇာတ်အမျိုး အနွယ် တူကုန်သော။ ဘရိယာ၊ မိဖုရားတို့သည်။ အဿဝါ၊ လင်ဖြစ်သော အရှင်မင်းကြီး စကားတော်ကို နားထောင်ပါကုန်၏လော။ ပိယာဘာဏိနီ၊ ချစ်ဖွယ်သောစကားကို ပြောဆိုပါကုန်၏လော။ ပုတ္တရူပယသူပေတာ၊ သားသမီး အရောင် အဆင်း အခြံအရံနှင့် ပြည့်စုံကြပါကုန်၏လော။ တဝ၊ အရှင်မင်းကြီး၏။ ဆန္ဒဝသာနုဂါ၊ အလိုဆန္ဒသို့ လိုက်ကြပါကုန်၏လော။

၆၃။ ဟံသ၊ ရွှေဟင်္သာမင်း။ အထော၊ ထိုမှတပါး။ မေ၊ ငါ၏။ သာဒိသီ၊ ဇာတ်အမျိုးအနွယ် တူကုန်သော။ ဘရိယာ၊ မိဖုရားတို့သည်။ အဿဝါ၊ လင်ဖြစ်သော ငါ၏စကားကို နားထောင်ကြပေကုန်၏။ ပိယဘာဏိနီ၊ ချစ်ဖွယ်သောစကားကိုလည်း ပြောဆိုကြပေကုန်၏။ ပုတ္တရူပယသူပေတာ၊ သားသမီး အရောင်အဆင်း အခြံအရံနှင့်လည်း ပြည့်စုံကြပေကုန်၏။ မမ၊ ငါ၏။ ဆန္ဒဝသာနုဂါ၊ အလိုဆန္ဒသို့လည်း လိုက်ကြပေကုန်၏။

ဤသို့ ဘုရားအလောင်းဟင်္သာမင်းသည် စကားပြောဟောခြင်းကိုပြုတော်မူသည်ရှိသော် တစ်ဖန် သာဂလမင်းသည် ထိုဘုရားလောင်း ရွှေဟင်္သာမင်းနှင့်တကွ စကားပြောခြင်းကို ပြုလိုရကား-

၆၄။ ဘဝန္တံ ကစ္စိ နု မဟာ-သတ္တုဟတ္ထတ္တတံ ဂတော။
ဒုက္ခမာပဇ္ဇိ ဝိပုလံ၊ တသ္မိံ ပဌမမပဒေ။
။ လ။
၇၀။ သွာဂတဉ္စေဝိဒံ ဘဝတံ၊ ပတီတော စသ္မိ ဒဿနာ။
ဧသော စာပိ ဗဟုံ ဝိတ္တံ၊ လဘတံ ယာဝဒိစ္ဆတိ။

ဟူသော ဤခုနစ်ဂါထာတို့ကို ဆို၏။

၆၄။ ဒိဇာဓိပ၊ ငှက်တို့အရှင်ဖြစ်သော။ ဟံသရာဇ၊ ရွှေဟင်္သာမင်း။ ကစ္စိ၊ အသို့နည်း။ ဘဝန္တံ၊ ရွှေဟင်္သာမင်းသည်။ မဟာသတ္တု၊ ကြီးစွာသောရန်သူ၏။ ဟတ္ထတ္တတံ၊ လက်သို့။ အာဂတော နု၊ ရောက်သည်မဟုတ်လော။ တသ္မိံ အာပဒေ၊ ထိုဘေးရန်ကြောင့်။ ပဌမံ၊ ရှေးဦးစွာ။ ဝိပုလံ၊ ကြီးစွာသော။ ဒုက္ခံ၊ ဆင်းရဲသို့။ အာပဇ္ဇိ နု၊ ရောက်သည် မဟုတ်လော။

၆၅။ ဟံသရာဇ၊ ရွှေဟင်္သာမင်း။ ကစ္စိ၊ အသို့နည်း။ အာယန္တော၊ ယန္တရားထောင်တတ်သော မုဆိုးသည်။ အပတိတွာန၊ ပြေးလာတည့်၍။ ဒဏ္ဍေန၊ ငှက်ခတ်လှင်ကန်ဖြင့်။ သမပေါထယိ၊ ပုတ်ခတ်၏။ တာဝဒေ၊ ထိုသို့မိသောခဏ၌လျှင်။ ဧဝံ၊ ဤသို့ ပုတ်ခတ်ခြင်းသည်။ ဇမ္မာနံ၊ ယုတ်မာကုန်သော။ ဧတေသံ၊ ထိုငှက်ခတ်မုဆိုးတို့၏။ ပါကတိကံ၊ သဘောအလေ့သည်။ ဘဝတိ၊ ဖြစ်၏။

၆၆။ ဘူပါလ၊ ရေမြေ့ရှင် ဖြစ်တော်မူသော။ မဟာရာဇ၊ မင်းမြတ်။ ဧဝံ၊ ဤသို့မိန့်တော်မူတိုင်း။ အာပဒိယာ၊ ဘေးရန်သည်။ သတိပိ၊ ရှိသော်လည်း။ ခေမံ၊ ဘေးမရှိသည်။ အသိ၊ ဖြစ်ပေ၏။ သတ္တူဝ၊ ရန်သူနှင့်တူသော မုဆိုးလက်သို့။ သမပဇ္ဇထ၊ ရောက်ရ၏။ ဧဝံ၊ ဤသို့ ရောက်ရသော်လည်း။ အယံ၊ ဤမုဆိုးသည်။ အသ္မာသု၊ အကျွန်ုပ်တို့၌။ ကိဉ္စိ၊ တစ်စုံတစ်ခုသော ဆင်းရဲကိုမျှ။ န စ အကာသိ၊ မပြုစေသည်သာတည်း။

၆၇။ မဟာရာဇ၊ မင်းမြတ်။ နေသာဒေါ၊ မုဆိုးသည်။ ပစ္စဂမိတ္ထ၊ စုံစမ်း၍ ကပ်လာ၏။ ပုဗ္ဗေဝ၊ ရှေးဦးစွာကလျှင်။ အဇ္ဈဘာသထ၊ နူးညံ့သောစကားကို ဆိုပေ၏။ တဒါ၊ ထိုသို့ နူးညံ့သောစကားကို ဆိုသောအခါ၌။ ပဏ္ဍိတော၊ ပညာရှိသော။ အယံ သုမုခေါယေဝ၊ ဤ စစ်သူကြီးသုမုခသည်လျှင်။ ပစ္စဘာသထ၊ စကားတုံ့ပြောဆို၏။

၆၇။ မဟာရာဇ၊ မင်းမြတ်။ အထ၊ ထိုအခါ၌။ တဿ၊ ထိုစစ်သူကြီး သုမုခ၏။ တံ ဝါစံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ အယံ နေသာဒေါ၊ ဤမုဆိုးသည်။ ပသာဒံ၊ ကြည်ညိုခြင်းသို့။ အဇ္ဈဂါ၊ ရောက်ပေ၏။ တတော၊ ထိုသို့ ကြည်ညိုခြင်းသို့ ရောက်သောကြောင့်။ မံ၊ အကျွန်ုပ်ကို။ ပါသာ၊ ကျော့ကွင်းမှ။ ပါမုစိ၊ လွှတ်ပေ၏။ သုခေန စ၊ ချမ်းသာစွာလည်း။ အနုညာသိ၊ ခွင့်ပြုပေ၏။

၆၉။ မဟာရာဇ၊ မင်းမြတ်။ ဧတဿ၊ ဤမုဆိုးအား။ ဓနံ၊ ဥစ္စာကို။ ဣစ္ဆတာ၊ ရခြင်းငှာ အလိုရှိသောကြောင့်။ သုမုခေနေဝ၊ သုမုခသည်ပင်လျှင်။ ဣဒဉ္စ၊ ဤအကြံကိုလည်း။ ဧတဒတ္ထာယ၊ ထိုမုဆိုးအား ဥအလို့ငှာ။ စိန္တိတံ၊ ကြံအပ်၏။ ဧဝံ၊ ဤသို့ ကြံ၍။ ဘောတော၊ အရှင်မင်းကြီး၏။ သကာသေ၊ အထံတော်သို့။ အာဂမနံ၊ လာပါကုန်၏။

၇၀။ ဟံသရာဇ၊ ရွှေဟင်္သာမင်း။ ဘဝတံ၊ ရွှေဟင်္သာမင်းတို့၏။ ဣဒံ၊ ဤလာခြင်းသည်။ သွာဂတဉ္စေဝ၊ ကောင်းသော လာခြင်းသည်သာတည်း။ တေ၊ ရွှေဟင်္သာမင်းအား။ ဒဿနာ၊ ဖူးမြင်ရခြင်းကြောင့်။ အဟံ၊ ငါသည်။ ပတီတော၊ ဝမ်းမြောက်သည်။ အသ္မိ၊ ဖြစ်ပါ၏။ ဧသော စာပိ၊ ဤမုဆိုးသည်လည်း။ ယာဝ၊ အကြင်မျှလောက်သော ဥစ္စာကို။ ဣစ္ဆသိ၊ အလိုရှိ၏။ တာဝ၊ ထိုမျှလောက်။ ဗဟုံ၊ များစွာသော။ ဝိတ္တံ၊ ဥစ္စာကို။ လဘတံ-လဘတု၊ ရပါစေအံ့။

မုဆိုးအား ဆုချီးမြှင့်ခြင်း

ဤသို့သောစကားကို ပြောဆိုပြီးလျှင် သာဂလမင်းသည် အမတ်တစ်ယောက်ကို ကြည့်၍ အရှင်မင်းမြတ်... အဘယ်ကို ပြုရအံ့နည်းဟု တင်လျှောက်လတ်သော် ဤမုဆိုးကို ဆံမုတ်ဆိတ်တို့ကို ပြုပြင်ပြီးလျှင် ရေချိုး၍ နံ့သာလိမ်းသဖြင့် ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်၍ ဆောင်ယူခဲ့လော့ ဟု မိန့်တော်မူ၏။ ထိုအမတ်သည် သာဂလမင်း မိန့်ဆိုတော်မူတိုင်းပြု၍ ဆောင်ယူခဲ့သောထိုမုဆိုးအား တစ်နှစ်တစ်နှစ်၌ အခွန်တစ်သိန်းထွက်သော ရွာကို လည်းကောင်း, လမ်းနှစ်ခုရှိသော ကြီးစွာသောအိမ်ကိုလည်းကောင်း မြတ်သောရထားကိုလည်းကောင်း တစ်ပါးသော များစွာသော ရွှေငွေတို့ကိုလည်းကောင်း ပေးစေတော်မူ၏။ ထိုအကြောင်းကို ပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်-

၇၁။ သန္တပ္ပယိတွာ နေသ၁ဒံ၊ ဘောဂေဟိ မနုဇာဓိပေါ။
အဇ္ဈဘာသထ ဝက္ကင်္ဂေါ၊ ဝါစံ ကဏ္ဏသုခံ ဘဏံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၇၁။ ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ မနုဇာဓိပေါ၊ လူတို့အရှင်ဖြစ်သော။ ရာဇာ၊ သာဂလမင်းမြတ်သည်။ ဘောဂေဟိ၊ စည်းစိမ်ချမ်းသာတို့ဖြင့်။ နေသာဒံ၊ မုဆိုးကို။ သန္တပ္ပယိတွာ၊ ရောင့်ရဲစေပြီး၍။ ဟံသရာဇာနံ၊ ရွှေဟင်္သာမင်းကို။ အဇ္ဈဘာသထ၊ ဆိုလေ၏။ ဝက္ကင်္ဂေါ စ၊ ရွှေဟင်္သာမင်းသည်လည်း။ ကဏ္ဏသုခံ၊ နား၌ ချမ်းသာသော။ ဝါစံ၊ စကားကို။ ဘဏံ-ဘဏန္တော၊ ပြောဟောလျက်။ အဇ္ဈဘာသထ၊ ဆိုလေ၏။

ဟင်္သာမင်းအား နန်းအပ်ပြီး

ထိုအခါ ဘုရားလောင်း ရွှေဟင်္သာမင်းသည် သာဂလမင်းအား တရားဟောတော်မူ၏။ ထိုသာဂလမင်းသည် ဘုရားလောင်း၏ တရားစကားကို ကြားရလျှင် အလွန်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ တရားဟောပေတတ်သော ထိုရွှေဟင်္သာမင်းအား ပူဇော်သက္ကာရကို ပြုအံ့ဟုကြံ၍ ထီးဖြူကိုပေးသဖြင့် မင်းအဖြစ်ကို ဆောင်နှင်းလိုရကား-

၇၂။ ယံ ခလု ဓမ္မ မာဓီနံ၊ ဝသော ဝတ္တတိ ကိဉ္စနံ။
သဗ္ဗတ္ထိဿရိယံ ဘဝတံ၊ ပသာသထ ယဒိစ္ဆထ။
၇၃။ ဒါနတ္ထံ ဥပဘောတ္တုံ ဝါ၊ ယံ စညံ ဥပကပ္ပတိ။
ဧတံ ဒဒမိ ဝေါ ဝိတ္တံ၊ ဣဿရိယံ ဝိဿဇာမိ ဝေါ။

ဟူသော ဤ နှစ်ဂါထာတို့ကို ဆို၏။

၇၂။ ဟံသရာဇ၊ ရွှေဟင်္သာမင်း။ ခလု၊ စင်စစ်။ ယံ-ယတ္ထ၊ အကြင်အရပ်၌။ ဓမ္မံ၊ ရာဇဓံဆယ်ပါးသည်။ အာဓီနံ၊ တည်၏။ မမ၊ ငါ၏။ ဝသော၊ အာဏာသည်။ ဝတ္တတိ၊ တည်၏။ နံ ဌာနံ၊ ထိုအာဏာတည်ရာအရပ်သည်။ ကိဉ္စိနံ၊ အနည်းငယ်သာတည်း။ သဗ္ဗတ္ထိဿရိယံ၊ အလုံးစုံသော စည်းစိမ်ချမ်းသာသည်။ ဘဝတံ၊ အရှင်ရွှေဟင်္သာမင်းတို့အားသာလျှင်။ အတ္ထု၊ ဖြစ်စေသတည်း။ ယံ၊ အကြင်အမှုကို။ ဣစ္ဆထ၊ အလိုရှိတော်မူကုန်၏။ တံ၊ ထိုအလိုတော်ကို။ ပသာသထ၊ ဆုံးမတော်မူပါလော့။

၇၃။ ဟံသရာဇ၊ ဟင်္သာမင်း။ ဒါနတ္ထံ ဝါ၊ အလှူအလို့ငှာ လည်းကောင်း။ ဥပဘောတ္တုံ ဝါ၊ သုံးဆောင်ခြင်းငှာလည်းကောင်း။ အညံ၊ တစ်ပါးသော။ ယံ ဝိတ္တဉ္စ၊ အကြင်ဥစ္စာကိုလည်းကောင်း။ တုမှာကံ၊ ရွှေဟင်္သာမင်းတို့အား။ ဥပကပ္ပဟိ-ရုစ္စတိ၊ နှစ်သက်တော်မူ၏။ ဧတံ ဝိတ္တံ၊ ထိုဥစ္စာကို။ ဝေါ၊ သင် ရွှေဟင်္သာမင်းတို့အား။ ဒဒါမိ၊ ပေး၏။ အဟံ၊ ငါသည်။ ဝေါ၊ သင် ရွှေဟင်္သာမင်းတို့အား။ ဣဿရိယံ၊ အလုံးစုံသောစည်းစိမ်ကို။ ဝိဿဇာမိ၊ စွန့်လွှတ်ပါ၏။

စစ်သူကြီး စကားဆိုခြင်း

ထိုအခါ ဘုရားလောင်းရွှေဟင်္သာသည် သာဂလမင်းသည်ပေးအပ်သော ထီးဖြူကို ထိုသာဂလမင်းအားသာလျှင် တစ်ဖန် ပေးတော်မူပြန်၏။ သာဂလမင်းသည်လည်း ရှေးဦးစွာ ရွှေဟင်္သာမင်းတရားစကားကို ငါသည် ကြားနာရပေပြီ၊ မုဆိုးသည်ကား ဤစစ်သူကြီးသုမုခသည် တရားစကားရှိ၏ဟု အလွန်လျှင် ချီးမွမ်းပြောဆို၏။ ဤစစ်သူကြီး သုမုခ၏ တရားကိုလည်း နာခံအံ့ဟု ကြံ၍ သာဂလမင်းသည် ထိုစစ်သူကြီးသုမုခနှင့်တကွ စကားပြောလိုကား-

၇၄။ ယထာ စ မျာယံ သုမုခေါ၊
အဇ္ဈဘာသေယျ ပဏ္ဍိတော။
ကာမသာ ဗုဒ္ဓိသမ္ပန္နော၊ တံ မျာဿ ပရမပ္ပိယံ။

ဟူသော အခြားမရှိသော ဤဂါထာကို ဆို၏။

၇၄။ ယထာ စ- ယဒိ၊ အကယ်၍လည်း။ ကာမသာ၊ မိမိ အလိုအားဖြင့်။ ဗုဒ္ဓိသမ္ပန္နော၊ ဉာဏ်ပညာနှင့်ပြည့်စုံသော။ ပဏ္ဍိတော၊ ပညာရှိသော။ အယံ သုမုခေါ၊ ဤစစ်သူကြီး သုခသည်။ မေ၊ ငါ့အား။ ယံ၊ အကြင်စကားကို။ အဇ္ဈဘာသေယျ၊ ပြောဆိုရာ၏။ တံ၊ ထိုပြောဆိုသော စကားကို။ မေ၊ ငါသည်။ ပရမပ္ပိယံ၊ အလွန်နှစ်သက်သည်။ အဿ၊ ဖြစ်ရာ၏။

ထို့နောင်မှ စစ်သူကြီး သုခသည် ထိုမင်းအား ပြောဆိုလိုရကား-

၇၅။ အဟံ ခလု မဟာရာဇ၊ နာဂရာဇာရိဝန္တရံ။
ပဋိဝတ္တုံ န သက္ကောမိ၊
န မေ သော ဝိနယော သိယာ။
၇၆။ အမှာကဉ္စေ သော သေဋ္ဌော၊ တွဉ္စ ဥတ္တမသတ္တဝေါ။
ဘူမိပါလော မနုဿိန္ဒော၊ ပူဇာ ဗဟူဟိ ဟေတုဘိ။
၇၇။ တေသံ ဥဘိန္နံ ဘဏတံ၊ ဝတ္တမာနေ ဝိနိစ္ဆယေ။
နန္တရံ ပတိဝတ္တဗ္ဗံ၊ ပေဿေန မနုဇာဓိပ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၇၅။ မဟာရာဇ၊ မြတ်သောမင်းကြီး အဟံ၊ အကျွန်ုပ်သည်။ ခလု၊ စင်စစ်သဖြင့်။ အန္တရံ၊ ပချုပ်တွင်းသို့။ ပဝိဋ္ဌော၊ ဝင်သော။ နာဂရာဇာဝ၊ နဂါးမင်းကဲ့သို့။ ပဋိဝတ္တုံ၊ စကား တုံ့ပြန်ဆိုခြင်းငှာ။ န သက္ကောမိ၊ မဝံ့ပါ။ ဧဝံ၊ ဤသို့ စကားတုံ့ ပြာချေသည်ရှိသော်။ သော၊ ထိုရွှေဟင်္သာမင်းသည်။ မေ၊ ငါ့အား။ ဝိနယော၊ ဆုံးမသည်။ န သိယာ၊ မဖြစ်ရာ။

၇၆။ ဘာရဓ၊ ပြည်ကြီးဝန်ကို ရွက်ဆောင်တော်မူတတ်သော။ ဘူပါလ၊ ရေမြေ့ရှင်။ သော၊ ထိုရွှေဟင်္သာမင်းသည်။ အမှာကဉ္စေ၊ အကျွန်ုပ်တိုထကျလည်း။ သေဋ္ဌော၊ မြတ်တော်မူပေ၏။ မနုဿိန္ဒော၊ လူတို့ကိုအစိုးရတော်မူသော။ ဘူမိပါလော၊ ရေမြေ့ရှင်ဖြစ်တော်မူသော။ တွဉ္စ၊ အရှင်မင်းကြီးသည်လည်း။ ဥတ္တမသတ္တဝေါ၊ မြတ်သော ပုဂ္ဂိုလ်ပေတည်း။ ဗဟူဟိ ဟေတူဘိ၊ များစွာသော အကြောင်းတို့ဖြင့်။ ပူဇာ၊ ပူဇော်ထိုက်ပေကုန်၏။

၇၇။ မနုဇာဓိပ၊ လူတို့အရှင်ဖြစ်တော်မူသော။ ရာဇိန္ဒ၊ မင်းများနတ်။ ဘဏတံ-ဘဏန္တာနံ၊ ပြောဆိုတော်မူကြကုန်သော။ တေသံ ဥဘိန္နံ၊ ထိုမင်းနှစ်ပါးတို့၏။ ဝိနိစ္ဆယေ၊ အဆုံးအဖြတ်သည်။ ဝတ္တမာနေ၊ ဖြစ်သည်ရှိသော်။ အန္တရံ၊ မင်းနှစ်ပါးတို့၏ အကြား၌။ ပေဿေန၊ အမှုကြီးငယ်ကို ရွက်ဆောင်ရသောသူသည်။ န ပတိဝတ္တဗ္ဗံ၊ စကားတုံ့ မဆိုရာ။

မင်းကြီး ကျေနပ်ပြီ

သာဂလမင်းသည် ထိုစစ်သူကြီး သုမုခစကားကိုကြားရလျှင် အလွန် နှစ်သက်တော်မူ၏။ မုဆိုးကိုလည်း ချီးမွမ်းတော်မူ၏။ စစ်သူကြီးသုမုမုခမှ တစ်ပါးသော သင်ကဲ့သို့သော သာာသောတရားစကားကို ဟောတော်မူတတ်သော ပုဂ္ဂိုလ်မည်သည် မဖြစ်ရာဟုဆို၍ ထိုသုမုခစစ်သူကြီးအား ချီးမွမ်းလိုရကား-

၇၈။ ဓမ္မေန ကိရ နေသာဒေါ၊
ပဏ္ဍိတော အဏ္ဍဇော ဣတိ။
နဟေဝ အကတတ္တဿ၊
နရော ဧတာဒိသော သိယာ။
၇၉။ ဧဝံ အဂ္ဂပကတိမာ၊ ဧဝံ ဥတ္တမသတ္တဝေါ။
ယာဝတတ္ထိ မယာ ဒိဋ္ဌာ၊ နာညံ ပဿာမိ ဧဒိသံ။
၈၀။ တုဋ္ဌောသ္မိ ဝေါ ပကတိယာ၊ ဝါကျေန မဓုရေန စ။
ဧသော စာပိ မမစ္ဆန္ဒော၊ စိရံ ပဿေယျ ဝေါ ဥဘော။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၇၇။ သမ္မဟံသ၊ အဆွေဟင်္သာ။ အဏ္ဍဇော၊ ရွှေဟင်္သာသည်။ ပဏ္ဍိတော၊ ပညာရှိပေ၏။ ဣတိ၊ ဤသို့။ နေသာဒေါ၊ မုဆိုးသည်။ ဓမ္မေန၊ ဟုတ်မှန်သောအကြောင်းဖြင့်။ ဝဒတိ ကိရ၊ ဆိုပေသတတ်။ ဟိ-သစ္စံ၊ မှန်၏။ အကတတ္တဿ၊ သူ့ကျေးဇူးကို မသိသောသူအား။ ဧတာဒိသော၊ ဤသုခစစ်သူကြီးနှင့်တူသော။ နရော၊ ပညာရှိသည်။ န သိယာ၊ မဖြစ်ရာသလျှင်ကတည်း။

၇၉။ ဧဝံ၊ ဤသို့သောအပြားအားဖြင့်။ သုမုခေါ၊ သုမုခသည်။ အဂ္ဂပကတိမာ၊ မြတ်သောသဘော ရှိပေ၏။ ဧဝံ၊ ဤသို့သောအပြားအားဖြင့်။ ဥတ္တမသတ္တဝေါ၊ ပုဂ္ဂိုလ်မြတ်ပေတည်း။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်ရဖူးကုန်သော။ ယာဝတာ၊ အကြင်မျှလောက်ကုန်သော သတ္တဝါတို့သည်။ အတ္ထိ- သန္တိ၊ ရှိကုန်၏။ တာဝတာ-တတ္တကေသု၊ ထိုမျှလောက်ကုန်သော သတ္တဝါတို့တွင်။ ဧဒိသံ၊ ဤစစ်သူကြီးသုမုခနှင့်တူသော။ အညံ၊ တစ်ပါးသောသူကို။ နပဿာမိ၊ မမြင်စဖူး။

၈၀။ သမ္မဟံသ၊ အဆွေဟင်္သာမင်း။ ဝေါ၊ သင်တို့၏။ ပါကတိယာ စ၊ ပြကတေ့ သဘောကြောင့်လည်းကောင်း။ မဓုရေန၊ သာယာစွာသော။ ဝါကျေန စ၊ တရားစကားကြောင့် လည်းကောင်း။ အဟံ၊ ငါသည်။ တုဋ္ဌော၊ နှစ်သက်လှသည်။ အသ္မိ၊ ဖြစ်၏။ စီရံ၊ မြင့်ရှည်စွာသော ကာလပတ်လုံး။ ဥဘော၊ နှစ်ခုကုန်သော။ ဝေါ၊ သင်ရွှေဟင်္သာမင်းတို့ကို။ အဟံ၊ ငါသည်။ ပဿေယျ၊ မြင်ချင်ပါ၏။ ဧသော စာပိ၊ ဤသို့ ရှည်မြင့်စွာသော ကာလပတ်လုံး မြင်ချင်ခြင်းသည်။ မေ၊ ငါ၏။ ဆန္ဒော၊ အလိုတည်း။

ဟင်္သာမင်း ပြန်ခွင့်တောင်းခြင်း

ထိုနောက်မှ ဘုရားလောင်းသည် သာဂလမင်းကို ချီးမွမ်းတော်မူလိုရကား -

၈၁။ ယံ ကိစ္စံ ပရမေ မိတ္တေ၊ ကတမသ္မာသု တံ တယာ။
ပတ္တာ နိဿံသယံ တျာမှာ၊ ဘတ္တိရသ္မာသု ယာ တဝ။
၈၂။ အဒုဉ္စ နူန သုမဟာ၊ ဉာတိသံဃဿ မန္တရံ။
အဒသနေန အသ္မာကံ၊ ဒုက္ခံ ဗဟူသု ပက္ခီသု။
၈၃။ တေသံ သောကဝိဃာတာယ၊
တယာ အနုမတာ မယံ။
တံ ပဒက္ခိဏတော ကတွာ၊ ဉာတိံ ပဿေမုရိန္ဒမ။
၈၄။ အဒ္ဓါဟံ ဝိပုလံ ပီတိံ၊ ဘဝတံ ဝိန္ဒာမိ ဒဿနာ။
ဧသော စာပိ မဟာ အတ္ထော၊
ဉာတိဝိသာသနာ သိယာ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၈၁။ အရိန္ဒမ၊ ရန်သူကို ဆုံးမတော်မူတတ်သော။ ရာဇိန္ဒ၊ မင်းများနတ်။ ယံ ကိစ္စံ၊ အကြင်အမှုကို။ ပရမေ၊ မြတ်သော။ မိတ္တေ၊ အဆွေ ခင်ပွန်း၌။ ကတံ၊ ပြုအပ်၏။ တံကိစ္စံ၊ ထိုမြတ်သောအဆွေခင်ပွန်း၌ ပြုအပ်သော အမှုကို။ တယာ၊ သင်သည်။ အသ္မာသု၊ ငါတို့၌။ ကတံ၊ ပြုပေ၏။ တဝ၊ သင်မင်းကြီးအား။ အသ္မာသု၊ ငါတို့၌။ ယာ ဘတ္တိ၊ အကြင် အဆွေခင်ပွန်းအဖြစ်သည်။ အတ္ထိ၊ ရှိ၏။ တာယ ဘတ္တိယာ၊ ထိုအဆွေခင်ပွန်း၏အဖြစ်သည်။ တေ၊ အရှင်မင်းကြီးနှင့်။ နိဿံသယံ၊ မချွတ်။ ပတ္တာ၊ ရောက်ကုန်သည်။ အမှာ၊ ဖြစ်ကုန်၏။

၈၂။ အရိန္ဒမ၊ ရန်သူတို့ကို ဆုံးမတော်မူတတ်သော။ ဘူပါလ၊ ရေမြေ့ရှင်။ နူနစ၊ စင်စစ်သော်ကား။ သုမဟာ ဉာတိသံဃဿ၊ အလွန်များစွာသော ဆွေမျိုးအပေါင်း၏။ အဒုံ၊ ဤအမည်ရှိသော။ အန္တရံ၊ ပျက်စီးခြင်းသည်။ အတ္ထိ၊ ရှိ၏။ အသ္မာကံ၊ ငါတို့ကို။ အဒဿနေန၊ မမြင်ရသောကြောင့်။ ဗဟူသု၊ မြားစွာကုန်သော။ ပက္ခီသု၊ ဟင်္သာတို့၌။ ဒုက္ခံ၊ ဆင်းရဲခြင်းသည်။ ဥပ္ပန္နံ၊ ဖြစ်လေ၏။

၈၃။ အရိန္ဒမ၊ ရန်သူကို ဆုံးမတော်မူတတ်သော။ မဟာရာဇ၊ မင်းမြတ်။ တေသံ၊ ထိုဆွေမျိုးဖြစ်ကုန်သော ရွှေဟင်္သာတို့၏။ သောကဝိဃာတာယ၊ စိုးရိမ်ခြင်းကို ဖျောက်အံ့သောငှာ။ တယာ၊ သင်မင်းကြီးသည်။ အနုမတာ၊ ခွင့်ပြုအပ်ကုန်သော။ မယံ၊ ငါတို့သည်။ တံ၊ အရှင်မင်းကြီးကို။ ပဒက္ခိဏတော၊ လက်ယာရစ်လည်သောအားဖြင့်။ ကတွာ၊ ပြု၍။ ဉာတိံ၊ ဆွေမျိုးအပေါင်းကို။ ပဿေမု၊ မြင်ချင်ပါကုန်၏။

၈၄။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် မြတ်တော်မူသော။ နရာသဘ၊ လူများသေဌ်နင်း ပြည့်ရှင်မင်း။ အဒ္ဓါ၊ စင်စစ်လျှင်။ ဘဝတံ၊ သင်မင်းမြတ်ကို။ ဒဿနာ၊ မြင်ရခြင်းကြောင့်။ ဝိပုလံ၊ များစွာသော။ ပီတိံ၊ နှစ်သက်ခြင်းကို။ အဟံ၊ ငါသည်။ ဝိန္ဒာမိ၊ ရပေ၏။ ယာ ဉာတိဝိဿာသနာ၊ အကြင်ဆွေမျိုးကို ဆုံးမခြင်းသည်။ သိယာ၊ ရှိသည်ဖြစ်ရာ၏။ ဧသောစာပိ၊ ဤဆွေမျိုးတို့ကို ဆုံးမခြင်းသည်လည်း။ မဟာအတ္ထော၊ အကျိုးစီးပွား များပါ၏။

ဤသို့ ချီးမွှမ်းပြောဆိုသည်ရှိသော် သာဂလမင်းသည် ထိုရွှေဟင်္သာတို့၏ သွားခြင်းကို ခွင့်ပြုတော်မူ၏။

ဟင်္သာမင်းတို့ ပြန်ကြပြီ

ဘုရားအလောင်းသည်လည်း သာဂလမင်းအား ငါးပါးအပြားရှိသော ဒုဿီလအမှု၌ အပြစ်ကိုလည်းကောင်း, သီလ၏ အကျိုးအာနိသင်ကိုလည်းကောင်း ဟောတော်မူ၍ ဤသီလကို စောင့်ရှောက်တော်မူ၍ တရားနှင့်အညီ မင်းပြုတော်မူလော့၊ လေးပါးသော သင်္ဂဟဝတ္ထုတို့ဖြင့် လူအပေါင်းကို သင်္ဂြိုဟ်တော်မူလော့ ဟု ဆုံးမတော်မူခဲ့ပြီးလျှင် စိတ္တကုဋ်တောင်သို့သာလျှင် ကြွတော်မူလေ၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၈၅။ ဣဒံ ဝတွာ ဓတရဋ္ဌော၊ ဟံသရာဇာ နရာဓိပံ။
ဥတ္တမံ ဇဝမနွယ၊ ဉာတိသံဃံ ဥပါဂမုံ။
၈၆။ တေ အရောဂေ အနုပ္ပတ္တေ၊ ဒိသွာန ပရမေ ဒိဇေ။
ကေကာတိ မကရုံ ဟံသာ၊ ပုထုသဒ္ဒေါ အဇာယထ။
၈၇။ တေ ပတီတာ ပမုတ္တေန၊ ဘတ္တုနာ ဘတ္တုဂါရဝါ။
သမန္တာ ပရိကိရိံသု၊ အဏ္ဍဇာ လဒ္ဓပစ္စယာ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

၈၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ဓတရဋ္ဌော၊ ဓတရဋ္ဌအမျိုး ဖြစ်သော။ ဟံသရာဇာ၊ ရွှေဟင်္သာမင်းသည်။ နရာဓိပံ၊ လူတို့သခင်ဖြစ်သော ပြည့်ရှင်မင်းကို။ ဣဒံ၊ ဤစကားကို။ ဝတွာ၊ ဆို၍။ ဥတ္တမံ၊ မြတ်သော။ ဇဝံ၊ လျင်မြန်ခြင်းကို။ အနွာယ၊ စွဲ၍။ ဒွေ ဟံသရာဇာနော၊ ရွှေဟင်္သာမင်းနှစ်ပါးတို့သည်။ ဉာတိသံဃံ၊ ဆွေမျိုးအပေါင်းသို့။ ဥပါဂမုံ၊ ကပ်လေကုန်၏။

၈၆။ ဘိက္ခဝေ၊ ရဟန်းတို့။ ပရမေ၊ မြတ်ကုန်သော။ အရောဂေ၊ အနာကင်းသည်ဖြစ်၍။ အနုပ္ပတ္တေ၊ စိတ္တကုဋ်တောင်သို့ ရောက်တော်မူကုန်သော။ တေ ဒိဇေ၊ ထိုရွှေဟင်္သာမင်း နှစ်ပါးတို့ကို။ ဒိသွာန၊ မြင်ကုန်သောကြောင့်။ ဟံသာ၊ ဆွေမျိုးဖြစ်သော ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သာတို့သည်။ ကေကာတိ၊ ကေကာ-ဟူသော အသံကို။ အကရုံ၊ မြည်ကြကုန်၏။ ပုထုသဒ္ဒေါ၊ များစွာသော အသံသည်။ အဇာယထ၊ ဖြစ်လေ၏။

၈၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ဘတ္တုနာ၊ အရှင်ဖြစ်သော ရွှေဟင်္သာမင်းသည်။ ပမုတ္တေန၊ ရန်သူလက်မှ လွတ်သည်ရှိသော်။ ပတီတာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍။ ဘတ္တုဂါရဝါ၊ အရှင်ကို ရိုသေတတ်ကုန်သော။ တေ အဏ္ဍဇာ၊ ထို ဆွေမျိုးဖြစ်ကုန်သော ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သာတို့သည်။ လဒ္ဓပစ္စယာ၊ ရအပ်သော ကိုးကွယ်ရာ ရှိကုန်သည်ဖြစ်၍။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ပရိကိရိံသု၊ ခြံရံကုန်၏။

ဟင်္သာတို့ ဆုတောင်း

ဤသို့ ခြံရံကုန်ပြီး၍ကား ထိုဟင်္သာတို့သည် အရှင်မင်းကြီး အဘယ်သို့သော အကြောင်းဖြင့် လွတ်တော်မူသနည်းဟု လျှောက်ကြကုန်၏။ ဘုရားလောင်းသည် သုမုခစစ်သူကြီးကိုမှီ၍ လွတ်သာအဖြစ်ကိုလည်းကောင်း၊ သာဂလမင်း, မုဆိုးတို့သည် ပြုအပ်သောအမှုကိုလည်းကောင်း ပြောဆိုတော်မူ၏။ ထိုသို့ ဘုရားလောင်း ရွှေဟင်္သာမင်း ပြောဆိုသောစကားကို ကြားရလျှင် ဟင်္သာအပေါင်းသည် အလွန်နှစ်သက်သည်ဖြစ်၍ သုမုခ စစ်သူကြီးသည်လည်းကောင်း သာဂလမင်းသည်လည်းကောင်း မုဆိုးသားသည်လည်းကောင်း ချမ်းသာစွာ ရှိကုန်သည်ဖြစ်၍ မြင့်ရှည်စွာ အသက်ရှည်ကြပါစေကုန်သတည်း ဟု ဆုတောင်းဆုယူမှု ပြုကြကုန်၏။ ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည် -

၈၈။ ဧဝံ မိတ္တဝတံ အတ္ထာ၊ သဗ္ဗေ ဟောန္တိ ပဒက္ခိဏာ။
ဟံသာ ယထာ ဓတရဋ္ဌာ၊ ဉာတိသံဃံ ဥပါဂမုံ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၈၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဓတရဋ္ဌာ၊ ဓတရဋ္ဌမျိုး ဖြစ်ကုန်သော။ ဟံသာ၊ ရွှေဟင်္သာမင်းနှစ်ပါးတို့သည်။ ဉာတိသံဃံ၊ ဆွေမျိုးအပေါင်းသို့။ ဥပါဂမုံ ယထာ၊ ချမ်းသာစွာ ကပ်ရကုန်သကဲ့သို့။ ဧဝံ တထာ၊ ထို့အတူ။ မိတ္တဝတံ၊ အဆွေခင်ပွန်းကောင်းရှိသော သူတို့အား။ ပဒက္ခိဏာ၊ ချမ်းသာကို ဖြစ်စေတတ်ကုန်သော ကြီးပွားခြင်းနှင့် ယှဉ်ကုန်သော။ သဗ္ဗေ၊ အလုံးစုံကုန်သော။ အတ္ထာ၊ အကျိုးစီးပွားတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်ဘုရားသည် ဤစူဠဟံသဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ယခုသာလျှင် အာနန္ဒာသည် ငါဘုရားအကျိုးငှာ မိမိအသက်ကို စွန့်သည်မဟုတ်သေး၊ ရှေးအခါ၌လည်း အာနန္ဒာသည် ဘုရား၏ အကျိုးငှာ မိမိအသက်ကို စွန့်ဖူးပြီ ဟု မိန့်တော်မူ၍ ယခုအခါ ဆန္နမထေရ်သည် ထိုအခါ မုဆိုးဖြစ်ဖူးပြီ၊ ယခုအခါ သာရိပုတြာသည် ထိုအခါ သာဂလမင်း ဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ရွှေဟင်္သာစစ်သူကြီး သုမုခ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သာအပေါင်းတို့ ဖြစ်ဖူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကိုးသောင်း ခြောက်ထောင်ကုန်သော ဟင်္သားအပေါင်းတို့၏အရှင်ဓတရဋ္ဌရွှေဟင်္သာမင်း ဖြစ်ဖူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ကျေးဇူးရှင်တွက်၊ စွန့်အသက်၊ တိုးတက်ချမ်းသာရာ

ရှေးဦးစွာသော စူဠဟံသဇာတ် ပြီး၏။

*****