စူဠဓမ္မပါလဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၅၈။ စူဠဓမ္မပါလဇာတ် (၅-၁-၈)


ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၈။ စူဠဓမ္မပါလဇာတ်

လက်ခြေကို ဖြတ်သော်လည်း မငိုကြွေးသော ဘုရားအလောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဟမေဝ ဒူသိယာ ဘူနဟတာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠဓမ္မပါလဇာတ်ကို ဝေဠုဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်သည် သဗ္ဗညူမြတ်စွာဘုရားအား သတ်အံ့သောငှာ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

တစ်ပါးသောဇာတ်တို့၌ ဒေဝဒတ်သည် ဘုရားလောင်းကို ထိတ်လန့်စေခြင်းကိုလည်း ပြုအံ့သောငှာ မတတ်နိုင်၊ ဤစူဠဓမ္မပါလဇာတ်၌ကား ဘုရားလောင်း၏ ခုနစ်လရှိသောကာလ၌ လက်ခြေ ဦးခေါင်းတို့ကို ဖြတ်စေ၍ သန်လျက်ပန်း မည်သည်ကို ပြုစေ၏။ ဒဒ္ဒရဇာတ်၌လည်း လည်ကိုကိုင်၍ သတ်၍ ခုံလောက်၌ အသားကို ချက်၍ စား၏။ ခန္တိဝါဒီ ဇာတ်၌လည်း နှစ်ခုသော ကြိမ်တို့ဖြင့် အချက်တစ်ထောင် ရိုက်ခတ်ခြင်းတို့ဖြင့် ရိုက်ခတ်၍ လက် ခြေ, နား နှာခေါင်းတို့ကို ဖြတ်စေ၍ မောင်းတို့၌ ကိုင်စေ၍ ငင်ထုတ်စေ၍ ပက်လက်အိပ်၍ ရင်၌ ခြေဖြင့်ကျောက်၍ သွား၏။ ဘုရားလောင်းသည် ထိုနေ့၌ အသက်ကုန်ခြင်းသို့ရောက်၏။ စူဠနန္ဒိယဇာတ်၌လည်းကောင်း၊ မဟာကပိဇာတ်၌လည်းကောင်း ဘုရားလောင်းကို သေစေ၏။ ဤအတူလျှင် ဘုရားဖြစ်သောကာလ၌လည်း အခါလေးမြင့် သတ်အံ့သောငှာ လုံ့လပြု၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုအခါ ရဟန်းတို့သည် တစ်နေ့သတရားသဘင်ဝယ် ငါ့ရှင်တို့ ဒေဝဒတ်သည် ဘုရားအား သတ်အံ့သောငှာလျှင် လုံ့လပြု၏။ ဘုရားကိုသတ်အံ့ဟု လေးသမားတို့ကို စေ၏။ ကျောက်ကိုလှိမ့်၏။ နာဠာဂိရိဆင်ကို လွှတ်၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့... ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ ဒေဝဒတ်သည် ယခုအခါ၌ သာလျှင် ငါ့အား သတ်အံ့သောငှာ လုံ့လပြုသည်မဟုတ်သေး၊ ရှေး၌လည်း လုံ့လပြုသည်သာလျှင်ကတည်း၊ ယခုအခါ၌ကား ထိတ်လန့်ခြင်းမျှကိုလည်း ပြုအံ့သောငှာ မတတ်နိုင်၊ ရှေး ဓမ္မပါလမင်းသား ဖြစ်သောကာလ၌ မိမိသားဖြစ်သော ငါ့ကို အသက်ကုန်ခြင်းသို့ ရောက်စေ၍ သန်လျက်ပန်း ပြုဖူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗရာဏသီပြည်၌ မဟာပတာပ မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုမင်း၏ စန္ဒာဒေဝီအမည်ရှိသော မိဖုရားကြီးဝမ်း၌ ဖြစ်၏။ ဓမ္မပါလ ဟူသော အမည်ကို မှည့်၏။ ထိုဓမ္မပါလမင်းသားကို ခုနစ်လရှိသော ကာလ၌ မယ်တော်သည် နံ့သာရေဖြင့် ရေချိုး၍ ကစားစေလျက် နေ၏။ မင်းသည် မိဖုရားနေရာ အရပ်သို့ သွား၏။ မိဖုရားသည် သားကို ကစားစေလျက် သား၌ ချစ်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ မင်းကိုမြင်၍လည်း နေရာမှ မထ။ မင်းသည် မိဖုရားကား ယခုကပင်လျှင် သားကိုမှီ၍ မာနကိုပြု၏။ ငါ့ကို တစ်စုံတစ်ခုမျှ မမှတ်၊ သားကြီးသည်ရှိသော်ကား ငါ၌ လူဟူသော အမှတ်ကိုမျှ မပြုလတ္တံ့၊ ယခုပင်လျှင် ထိုမင်းသားကို သတ်အံ့ဟု ကြံပြီး၍ မင်းသည် ပြန်လည်၍ မင်း၏နေရာ၌ နေ၍ မိမိ အစီအရင်ဖြင့် လာစေ ဟု ခိုးသူသတ်ကို ခေါ်စေ၏။

ခိုးသူ သတ်သည် ဖန်ရည်စွန်းသောအဝတ်ကို ဝတ်လျက် နီသောပန်းကို ပန်လျက် ပုဆိန်ကို ပခုံး၌ထား၍ စဉ်းတီတုံးကိုယူ၍ မင်းအထံသို့ လာ၍ မင်းကိုရှိခိုး၍ အရှင်မင်းကြီး အဘယ်ကို ပြုရအံ့နည်းဟုဆို၍ ရပ်၏။ အသရေရှိသော အိပ်ရာတိုက်ခန်းသို့သွား၍ ဓမ္မပါလကို ဆောင်ချေဟု ဆို၏။ မိဖုရားသည်လည်း မင်းသည် အမျက်ထွက်၍ ပြန်လည်သော အဖြစ်ကိုသိ၍ ဘုရားလောင်းကို ရင်၌အိပ်စေ၍ ငိုလျက်နေ၏။ ခိုးသူသတ်သည် သွား၍ မိဖုရားကို ကျောက်၌ ပုတ်ခတ်၍ လက်မှ မင်းသားကိုယူ၍ မင်း၏အထံသို့ သွား၍ အရှင်မင်းကြီး... အဘယ်သို့ ပြုရအံ့နည်းဟု ဆို၏။ မင်းသည် တစ်ခုသောပျဉ်ကို ဆောင်စေ၍ ရှေ့မှချ၍ ပျဉ်၌ ဓမ္မပါလကို အိပ်စေလော့ဟု ဆို၏။ စန္ဒာဒေဝီသည် သား၏နောက်မှ ငိုလျက် လိုက်၏။ တစ်ဖန် ခိုးသူသတ်သည် အရှင်မင်းကြီး... အသို့ပြုရအံ့နည်း ဟု ဆို၏။ ဓမ္မပါလ၏ လက်တို့ကို ဖြတ်လော့ ဟု ဆို၏။ စန္ဒာဒေဝီသည် မြတ်သောမင်းကြီး ခုနစ်လလျှင်ရှိသော ငယ်သေးသော ကျွန်ုပ်သားသည် တစ်စုံတစ်ခုကို မသိ၊ သားအား အပြစ်သည် မရှိ၊ ထိုအပြစ်သည် ဖြစ်လတ်သော် အကျွန်ုပ်သာ ဖြစ်ရာ၏။ ထိုကြောင့် အကျွန်ုပ်၏ လက်တို့ကို ဖြတ်လော့ဟု ပြလိုရကား-

၄၄။ အဟမဝ ဒူသိယာ ဘူနဟတာ၊ ရညော မဟာပတာပဿ။
ဧတံ မုဉ္စတု ဓမ္မလံ၊ ဟတ္ထေ မေ ဒေဝ ဆေဒေဟိ။

ဟူသော ရှေးဦးသော ဤဂါထာကို ဆို၏။

၄၄။ အဟမေဝ၊ အကျွန်ုပ်သည်သာလျှင် မဟာပတာပဿ ရညော၊ မဟာပတာပမင်း၏။ ဒူသိယာ၊ အပြစ်ကိုပြု၏။ ဘူန ဟတာ၊ အစီးအပွားကို ဖျက်ဆီး၏။ ဒေဝ၊ မင်းကြီး။ ဧတံ ဓမ္မပါလံ၊ ဤဓမ္မပါလကို။ မုဉ္စတု၊ လွှတ်လော့။ မေ၊ အကျွန်ုပ်၏။ ဟတ္ထေ၊ လက်တို့ကို။ ဆေဒေဟိ၊ ဖြတ်စေလော့။

မင်းသည် ခိုးသူသတ်ကို ကြည့်၏။ မြတ်သော မင်းကြီး... အဘယ်သို့ ပြုရအံ့နည်း ဟု ခိုးသူသတ်သည် ဆို၏။ ကြာမြင့်ခြင်းကို မပြုမူ၍ လက်တို့ကို ဖြတ်လော့ ဟု ဆို၏။ ထိုခဏ၌ ခိုးသူသတ်သည် ထက်စွာသော ပုဆိန်ကိုယူ၍ မင်းသား၏ လက်နှစ်ဖက်ကို နုစွာသောဝါးမှ ပေါက်သော အညှောက်တို့ကိုကဲ့သို့ ဖြတ်၏။ မင်းသားသည် လက်တို့ကို ဖြတ်အပ်ကုန်သည်ရှိသော် မျက်ရည်မယို၊ မငိုမူ၍လျှင် ခန္တီမေတ္တာကို ရှေ့ထား၍ သည်းခံ၏။ စန္ဒာဒေဝီသည်ကား ဖြတ်အပ်သော လက်စွန်းကိုယူ၍ ခါးပိုက်၌ထား၍ သွေးလိမ်းသည်ဖြစ်၍ ငိုလျက်သွား၏။ တစ်ဖန် သူသတ်သည် မြတ်သောမင်းကြီး ... အဘယ်သို့ ပြုရအံ့နည်းဟု မေး၏။ ခြေနှစ်ဖက်တို့ကို ဖြတ်လော့ ဟု ဆို၏။ ထိုစကားကို ကြား၍ စန္ဒဒေဝီသည်-

၄၅။ အဟမေဝ ဒူသိယာ ဘူနဟတာ၊ ရညော မဟာပတာပဿ။
ဧတံ မုဉ္စတု ဓမ္မပါလံ၊ ပါဒေ မေ ဒေဝ ဆေဒေဟိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၅။ ဒေဝ၊ မင်းကြီး။ အဟမေဝ၊ အကျွန်ုပ်သည်သာလျှင်။ မဟာပတာပဿ ရညော၊ မဟာပတာပမင်း၏။ ဒူသိယာ၊ အပြစ်ကိုပြု၏။ ဘူနဟတာ၊ အစီးအပွားကို ဖျက်ဆီး၏။ ဧတံ ဓမ္မပါလံ၊ ဤဓမ္မပါလကို။ မုဉ္စတု၊ လွှတ်လော့။ မေ၊ အကျွန်ုပ်၏။ ပါဒေ၊ ခြေတို့ကို။ ဆေဒေဟိ၊ ဖြတ်စေလော့။

မင်းသည်လည်း တစ်ဖန် ခိုးသူသတ်ကို စေ၏။ ခိုးသူ သတ်သည် ခြေနှစ်ဖက်တို့ကိုလည်း ဖြတ်၏။ စန္ဒာဒေဝီသည် ခြေတို့ကိုလည်း ခါးပိုက်၌ထား၍ သွေးလိမ်းကျံသည် ဖြစ်၍ ငိုလျက် အရှင်မဟာတာပမင်း လက်ခြေပြတ်ကုန်သော သားတို့ကို အမိသည် လုပ်ကျွေးအပ်ကုန်၏။ ကျွန်ုပ်သည် အခစားပြု၍ ကျွန်ုပ်သားကို လုပ်ကျွေးအံ့၊ ကျွန်ုပ်အား ဤသားကို ပေးလော့ဟု ဆို၏။ ခိုးသူသတ်သည် မင်းကြီး အကျွန်ုပ်ကိစ်စ ပြီးပြီလောဟု မေး၏။ မပြီးသေး ဟု ဆို၏။ မြတ်သောမင်းကြီး- အဘယ်သို့ ပြုရအံ့နည်းဟု ဆို၏။ ဓမ္မပါလ၏ ဦးခေါင်းကို ဖြတ်လော့ဟု ဆို၏။ ထိုစကားကိုကြား၍ စန္ဒာဒေဝီသည်-

၄၆။ အဟမေဝ ဒူသိယာ ဘူနဟတာ၊ ရညော မဟာပတာပဿ။
ဧတံ မုဉ္စတု ဓမ္မပါလံ၊ သီသံ မေ ဒေဝ ဆေဒေဟိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၄၆။ ဒေဝ၊ မင်းကြီး။ အဟမေဝ၊ အကျွန်ုပ်သည်သာလျှင်။ မဟာပတာပဿ ရညော၊ မဟာပတာပ မင်း၏။ ဒူသိယာ၊ အပြစ်ကိုပြု၏။ ဘူနဟတာ၊ အစီးအပွားကို ဖျက်ဆီး၏။ ဧတံ ဓမ္မပါလံ၊ ဤဓမ္မပါလကို။ မုဉ္စတု၊ လွှတ်လော့။ မေ၊ အကျွန်ုပ်၏။ သီသံ၊ ဦးခေါင်းကို။ ဆေဒေဟိ၊ ဖြတ်စေလော့။

မယ်တော်ငိုပွဲ နှလုံးကွဲ

ဤသို့ဆိုပြီး၍လည်း မိမိ၏ဦးခေါင်းကို ညွှတ်၍ ခံ၏။ တစ်ဖန် ခိုးသူသတ်သည် မြတ်သောမင်းကြီး၊ အဘယ်သို့ ပြုရအံ့နည်းဟု ဆို၏။ သန်လျက်သွားဖြင့် ဓမ္မပါလကို ခံ၍ သန်လျက်ပန်း မည်သည်ကို ပြုလော့ဟု ဆို၏။ ခိုးသူသတ်သည် မင်းသားကိုယ်ကို ကောင်းကင်သို့ပစ်၍ သန်လျက်သွားဖြင့် ခံ၍ သန်လျက်ပန်း မည်သည်ကိုပြု၍ မြတ်သော ပြာသာဒ်အပြင်၌ ဖရိုဖရဲ ကြဲ၏။ စန္ဒာဒေဝီ မိဖုရားသည် ဘုရားလောင်း၏ အသားကို ခါးပိုက်၌ထား၍ မြတ်သောပြာသာဒ်အပြင်၌ ငိုလျက်-

၄၇။ န ဟိ နူနိမဿ ရညော၊ မိတ္တာမစ္စာ စ ဝိဇ္ဇရေ သုဟဒါ။
ယေ န ဝဒန်တိ ရာဇာနံ၊ မာ ဃာတယိ ဩရသံ ပုတ္တံ။
၄၈။ န ဟိ နူနိမဿ ရညော၊ ဉာတီမိတ္တာ စ ဝိဇ္ဇရေ သုဟုဒါ။
ယေ န ဝဒန်တိ ရာဇာနံ၊ မာ ဃာတယိ အတြဇံ ပုတ္တံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၄၇။ ယေ ဇနာ၊ အကြင် အဆွေခင်ပွန်း အမှူး အမတ် နှလုံးနူးညံ့ကုန်သော သူတို့သည်။ ရာဇာနံ၊ မင်းကို။ ဒေဝ၊ မင်းကြီး။ ဩရသံ ပုတ္တံ၊ ရင်၌ ဖြစ်သော သားကို။ မာ ဃာတယိ၊ မသတ်လင့်ဟူ၍။ န ဝဒန္တိ၊ မဆိုမမြစ်ကြကုန်။ ဣမဿ ရညော၊ ဤမဟာပတာပ မင်းအား။ မိတ္တာ၊ မြဲမြံသော အဆွေခင်ပွန်းလည်း ဖြစ်ကုန်သော။ အမစ္စာ စ၊ အမတ်လည်းဖြစ်ကုန်သော။ သုဟဒါ စ၊ နူးညံ့သော နှလုံးရှိသည်လည်း ဖြစ်ကုန်သော။ တေ ဇနာ၊ထိုလူတို့သည်။ န ဟိ ဝိဇ္ဇရေ နူန၊ မရှိကုန်ယောင်တကား။

၄၈။ ယေ ဇနာ၊ အကြင် အဆွေခင်ပွန်း အဆွေ အမျိုး နှလုံးနူးညံ့ကုန်သော သူတို့သည်။ ရာဇာနံ၊ မင်းကို။ ဒေဝ၊ မင်းကြီး အတြဇံ၊ မိမိမှဖြစ်သော။ ပုတ္တံ၊ သားကို။ မာ ဃာတယိ၊ မသတ်လင့် ဟူ၍။ န ဝဒန္တိ၊ မဆိုမမြစ်ကြကုန်။ ဣမဿ ရညော၊ ဤ မဟာပတာပမင်းအား။ မိတ္တာ စ၊ အဆွေခင်ပွန်းလည်း ဖြစ်ကုန်သော။ ဉာတီ စ၊ အဆွေမျိုးလည်း ဖြစ်ကုန်သော။ သုဟဒါ စ၊ နူးညံသော နှလုံးရှိသည်လည်း ဖြစ်ကုန်သော။ တေ ဇနာ၊ ထိုလူတို့သည်။ န ဟိ ဝိဇ္ဇရေ နူန၊ မရှိကုန်ယောင်တကား။

စန္နာဒေဝီသည် ဤနှစ်ဂါထာတို့ကို ဆိုပြီး၍ လက်နှစ်ဖက်တို့ဖြင့် ရင်သားကို မ, လျက်-

၄၉။ စန္ဒနသာရာနုလိတ္တာ၊ ဗာဟာ ဆိဇ္ဇန္တိ ဓမ္မပါလဿ။
ဒါယာဒဿ ပထဗျာ။ ပါဏာ မေ ဒေဝ ရုဇ္ဈန္တိ။

ဟူသော ဤဂါထာကို ဆို၏။

၄၉။ ပထဗျာ၊ အဘဥစ္စာဖြစ်သော မြေအပြင်၌။ ဒါယာဒဿ၊ အမွေခံဖြစ်သော။ ဓမ္မပါလဿ၊ ဓမ္မပါလ၏။ စန္ဒနသာရာနုလိတ္တာ၊ စန္ဒကူးနှစ်ဖြင့် လိမ်းကျံအပ်ကုန်သော။ ဗာဟာ၊ မောင်းတို့သည်။ ဆိဇ္ဇန္တိ၊ ပြတ်ကုန်၏။ ဒေဝ၊ မင်းကြီး။ မေ၊ အကျွန်ုပ်၏။ ပါဏာ-ပါဏံ၊ အသက်သည်။ ရုဇ္စျန္တိ- ရုဇ္စျတိ၊ ချုပ်၏။

ဤသို့ ငိုကြွေးသော စန္ဒာဒေဝီမိဖုရား၏ နှလုံးသည် မီးလောင်သော ဝါးတော၌ ဝါးကဲ့သို့ ကွဲ၏။ ထိုမိဖုရားသည် ထိုအရပ်၌ပင်လျင် အသက်ကုန်ခြင်းသို့ ရောက်၏။

မင်းကြီးမြေမျိုခံရ

မင်းသည်လည်း ပြဿဒ်အမြင့်မှ မြေသို့ကျ၏။ ထိုနောက်မှ ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော မြေသည် မဟာပတာပမင်း၏ ကျေးဇူးမဲ့ကို ဆောင်အံ့သောငှာ မတတ်နိုင်ရကား နှစ်ဖြာကွဲ၍ ဟင်းလင်းအပြင်ကို ပေး၏။ အဝီစိမှ မီးလျှံသည် တက်၍ အမျိုးပေးသော ကမ္ဗလာဖြင့် ခြုံသကဲ့သို့ပြု၍ မဟပတပမင်းကိုယူ၍ အဝီစိ၌ ပစ်ချ၏။

စန္ဒာဒေဝီမိဖုရားနှင့် ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်ကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ မဟာပတာပမင်းဖြစ်ဖူးပြီ၊ ယခုအခါ မဟာပဇာပတိဂေါတမီသည် ထိုအခါ စန္ဒာဒေဝီမိဖုရား ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဓမ္မပါလမင်းသား ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကာမကိုစွဲ၊ သားကိုမဲ၊ အလွဲပြုမိ အဝီစီ

ရှစ်တို့၏ ပြည့်ကြောင်းဖြစ်သော စူဠဓမ္မပါလဇာတ်သည် ပြီး၏။

*****