စိတ္တသမ္ဘူတဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၉၈။ စိတ္တသမ္ဘူတဇာတ် (၂)

ဝီသတိနိပါတ်

၂။ စိတ္တသမ္ဘူတဇာတ်

သုံးလေးဘဝခြားသော်လည်း မြဲမြံစွာ ချစ်ကျွမ်းဝင်ခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူလျက် အရှင်မဟာကဿပ၏ ချစ်နှစ်သက်စွာ နေကုန်သော သဒ္ဓိဝိဟာရိက တပည့်နှစ်ယောက်တို့ကို အကြောင်းပြု၍ သဗ္ဗံ နရာနံ သဖလံ သုစိဏ္ဏံ ဤသို့ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစိတ္တသမ္ဘူတဇာတ်ကို ဟောတော်မူ၏။

ထိုစကားကို အကျယ်ချဲ့ဦးအံ့၊ ထိုရဟန်းနှစ်ယောက်တို့သည် အချင်းချင်းဝေဘန်၍သာ သုံးဆောင် စားသောက်ကုန်သည် အလွန် အကျွမ်းဝင်ကုန်သည် ဖြစ်ကုန်၏။ ဆွမ်းအလို့ငှါ သွားသော်လည်း အတူတကွ သွားကုန်၏။ အတူတကွ လာကုန်၏။ ကင်းကွာ၍ ဖြစ်ခြင်းငှာ မတတ်နိုင်ကုန်၊ တရားသဘင်၌ ရဟန်းတို့သည် ထိုရဟန်းငယ် နှစ်ယောက်တို့၏ အကျွမ်းဝင်ခြင်းကို ချီးမွမ်းကုန်လျက် နေကုန်၏။ ဘုရားသခင်သည် ကြွတော်မူလာ၍ ရဟန်းတို့ ယခု ငါလာတော်မူသောအခါ၌ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု ရွှေနားတော် လျှောက်လတ်သော် ရဟန်းတို့- ဤရဟန်းငယ် နှစ်ယောက်တို့၏ တခုသောကိုယ်အဖြစ်၌ တဘဝတည်းဝယ် အကျွမ်းဝင်သော အဖြစ်သည်အံ့ဘွယ်မရှိသေး၊ ရှေးပညာရှိတို့သည် သုံးဘဝ လေးဘဝ ခြားခြင်းတို့သို့ ရောက်ကုန်သော်လည်း အဆွေခင်ပွန်းတို့၏ အဖြစ်ကို မစွန့်ကုန်သည်သာတည်းဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့- လွန်လေပြီးသောအခါ အဝန္တိတိုင်း ဥဇ္ဇေနီပြည်ဝယ် အဝန္တိမည်သောမင်းသည် မင်းပြု၏။ ထိုအခါ ဥဇ္ဇေနီပြည်အပ၌ ဒွန်းစဏ္ဍားရွာငယ်သည် ရှိ၏။ ဘုရားလောင်းသည် ထိုဒွန်းစဏ္ဍား ရွာငယ်၌ ဖြစ်၏။ တယောက်သော သတ္တဝါသည် ထိုဘုရားလောင်း၏ မိထွေးသားဖြစ်၏။ ထိုသူငယ်နှစ်ယောက်တို့တွင် တယောက်သည် စိတ္တမည်၏။ တယောက်သည် သမ္ဘူတမည်၏။ ထိုနှစ်ယောက်သော သူငယ်တို့သည်လည်း အရွယ်သို့ ရောက်ကုန်သည်ရှိသော် ဒွန်းစဏ္ဍား အမျိုးအနွယ်ကို ဖွပ်ဆေးတတ်သော အတတ်ကို သင်ကုန်၍ တနေ့သ၌ နှစ်ယောက်သောသူတို့သည် ဥဇ္ဇေနီပြည်တံခါး၌ အတတ်ကို ပြကြကုန်အံ့ဟုဆို၍ တယောက်သည် မြောက်တံခါး၌ အတတ်ကိုပြ၏။ တယောက်သည် အရှေ့တံခါး၌ အတတ်ကိုပြ၏။ ထိုဥဇ္ဇေနီပြည်၌လည်း နှစ်ယောက်ကုန်သော ဒိဋ္ဌမင်္ဂလိကာမည်သော မိန်းမတို့သည် ရှိကုန်၏။ တယောက်ကား သူဌေးသ္မီး၊ တယောက်ကား ပုရောဟိတ်သ္မီးတည်း။ များစွာသော ခဲဘွယ်ဘောဇဉ်တို့ကို၎င်း, ပန်း နံ့သာ အစရှိသည်တို့ကို၎င်း ယူစေ၍ ဥယျာဉ်ကစားခြင်းကို ကစားကုန်အံ့ဟု တယောက်သည် မြောက်တံခါးဖြင့် ထွက်၏။ တယောက်သည် အရှေ့တံခါးဖြင့် ထွက်၏။

ထိုသတို့သမီးတို့သည် ထိုအတတ်ကို ပြကုန်သော ဒွန်းစဏ္ဍားသားတို့ကို မြင်၍ ဤသူတို့ကား အဘယ်သူတို့နည်းဟု မေး၍ ဒွန်းစဏ္ဍားသားတို့ဟူ၍ ကြား၍ မမြင်အပ် မမြင်ကောင်း မမြင်သင့် မမြင်ထိုက်သည်နှင့် ယှဉ်သော သူတို့ကို မြင်ရလေစွတကားဟု နံ့သာရေဖြင့် မျက်စိတို့ကို ဆေး၍ ပြန်ကုန်၏။ လူများတို့သည် ဟယ်- မကောင်းစွာသော ဒွန်းစဏ္ဏားယုတ်တို့- သင်တို့ကိုမှီ၍ ငါတို့သည် အဘိုးမကျကုန်သော သေစာ ထမင်း အစရှိသည်တို့ကို မရကုန်ဟု ထိုညီနောင် နှစ်ယောက်တို့ကို ပုတ်ခတ်ကုန်၍ အကျိုးမဲ့သော ပျက်စီးခြင်းသို့ ရောက်စေကုန်၏။

ထိုညီနောင် နှစ်ယောက်တို့သည် အမှတ်သညာ သတိရကုန်သည်ရှိသော် ထကုန်၍ တယောက်သည် တယောက်၏ အထံသို့ သွား၍ နှစ်ယောက်သော ညီနောင်တို့သည် တခုသောအရပ်၌ တွေ့ကြကုန်၍ အချင်းချင်း ထိုဆင်းရဲ ငြိုငြင်ခြင်းကို ကြား၍ ငိုလျက် မြည်တမ်းကုန်၍ အဘယ်သို့ ပြုအံ့နည်းဟု ကြံ၍ ငါတို့အား အမျိုးကိုမှီ၍ ဤဆင်းရဲသည် ဖြစ်၏။ ဒွန်းစဏ္ဍားအမှုကို ပြုခြင်းငှါ မတတ်နိုင်ကုန်အံ့ဟု အမျိုးကိုဖုံးလွှမ်း၍ ပုဏ္ဏားလုလင်၏ အသွင်ဖြင့် တက္ကသိုလ်ပြည်သို့သွား၍ အတတ်ကိုသင်ကုန်အံ့ဟု ဆုံးဖြတ်ခြင်းကိုပြု၍ ထိုတက္ကသိုလ်ပြည်သို့ ရောက်၍ အတတ်သင် အတွင်းတပည့်တို့သည် ဖြစ်ကုန်၍ ဒိသာပါမောက္ခ ဆရာကြီးအထံ၌ အတတ်ကို သင်ကုန်၏။ ဇမ္ဗူဒိပ်ကျွန်းအပြင်၌ ကျော်ကြား၏။ နှစ်ယောက်သော သူတို့တွင် စိတ္တသုခမိန်အား အတတ်သည် အပြီးသို့ရောက်၏။

သမ္ဘူတသုခမိန်အား အတတ်သည် အပြီးသို့ မရောက်သေး။

ထိုအခါ တနေ့သ၌ ရွာသားတယောက်သည် ပုဏ္ဏားတို့ ဗေဒင်သင်ရွတ်သော အလှူကိုပြုအံ့ဟု ဆရာကို ပင့်ဘိတ်၏။ ထိုညဉ့်၌သာလျှင် မိုဃ်းကြီးသည်းထန်စွာ ရွာ၍ ခရီး၌ ချောင်းမြောင်း အစရှိသည်တို့ကို ပြည့်စေ၏။ ဆရာသည် နံနက်ကလျှင် စိတ္တသုခမိန်ကို ခေါ်စေ၍ အမောင်- ငါသည် သွားအံ့သောငှါ မတတ်နိုင်၊ သင်သည် လုလင်နှင့်တကွသွား၍ မင်္ဂလာစီးပွား အကြောင်းကို ဟော၍ သင်တို့သည် ရအပ်သည်ကို သုံးစား၍ ငါတို့သည် ရအပ်သောအဘို့ကို ဆောင်ခဲ့လော့ဟု ဆိုလတ်သော် ထိုစိတ္တသုခမိန်သည် ကောင်းပြီဟု ဝန်ခံ၍ လုလင်တို့ကိုယူ၍ သွား၏။ အကြင်မျှလောက်သော ကာလပတ်လုံး လုလင်တို့သည် ရေလည်းချိုးကုန်၏။ မျက်နှာတို့ကိုလည်း သပ်ကုန်၏။ ထိုမျှလောက်သော ကာလပတ်လုံး လူတို့သည် နို့ဃနာကိုခူး၍ အေးစေသတည်းဟု ထားကုန်၏။

လုလင်တို့သည် ထို့နို့ဃနာသည် မအေးမီလျှင် လာကုန်၍ နေကုန်၏။ လူတို့သည် အလှူရေစက်ကို ချ၍ ထိုလုလင်တို့၏ရှေ့၌ နို့ဃနာခွက်တို့ကို ထားကုန်၏။ သမ္ဘူတသည် တပ်မက်မောသော သဘောရှိသကဲ့သို့ ဖြစ်၍ အေး၏ဟူသော အမှတ်ဖြင့် နို့ဃနာခဲကို ချီ၍ ခံတွင်း၌ထား၏။ ထိုနို့ဃနာသည် ထိုသမ္ဘူတ၏ ခံတွင်းကို ရဲရဲပြောင်ပြောင် လောင်လေ၏။ ထိုသမ္ဘူတသည် တုန်လှုပ်လျက် သတိကိုမထားနိုင်၍ စိတ္တပဏ္ဍိတသုခမိန်ကို ကြည့်၍ ဒွန်းစဏ္ဍား ဘာသာဖြင့်သာလျင် ခဠု ခဠု = လောင်ခဲ့ပြီ၊ လောင်ခဲ့ပြီဟု ဆို၏။ ထိုစိတ္တသုခမိန်သည်လည်း ထိုသမ္ဘူတအတူလျှင် သတိကိုမထားမူ၍ ဒွန်းစဏ္ဏား ဘာသာဖြင့်လျှင် နိဂ္ဂလ နိဂ္ဂလ = ထွေးလော့ ထွေးလော့ဟု ဆို၏။

လုလင်တို့သည် အချင်းချင်းကြည့်၍ ဤဘာသာကား အဘယ်မည်သော ဘာသာနည်းဟု ဆိုကုန်၏။ စိတ္တသုခမိန်သည် မင်္ဂလာကိုရွတ်၏။ ပုဏ္ဏားလုလင်တို့သည် အပသို့ထွက်၍ အစု အစု ပြုကုန်၍ ထိုထိုအရပ်၌နေ၍ ဘာသာကို သုတ်သင်သည်ရှိသော် ဒွန်းစဏ္ဍားဘာသာဟု သိ၍ ဟယ်- ယုတ်မာစွာသော ဒွန်းစဏ္ဍားတို့- ဤမျှလောက်သော ကာလပတ်လုံး ပုဏ္ဏားဟူ၍ ဆိုပြီးလျှင် လှည့်ပတ် ဖျားယောင်းကုန်၏ဟု ထိုညီနောင် နှစ်ယောက်တို့ကိုလည်း ပုတ်ခတ် ထောင်းထုကုန်၏။ ထိုအခါ တယောက်သော သူတော်ကောင်းသည် ဖဲကြကုန် ဆုတ်ကြကုန်ဟု ပုတ်ခတ် ထောင်းထုသော သူတို့ကို တားမြစ်၍ ဤအပြစ်သည် သင်တို့၏အမျိုး အပြစ်တည်း၊ သွားကြကုန်လော့၊ တစုံတခုသောအရပ်၌ ရဟန်းပြု၍ အသက်မွေးကြလေကုန်ဟုဆို၍ ထိုနှစ်ယောက်တို့ကို လွှတ်လိုက်၏။ လုလင်တို့လည်း ထိုညီနောင်နှစ်ယောက်တို့၏ ဒွန်းစဏ္ဍားအဖြစ်ကို ဆရာအား ကြားကုန်၏။

ထိုညီနောင် နှစ်ယောက်တို့လည်း တောသို့ဝင်၍ ရသေ့ရဟန်းပြု၍ မမြင့်မီလျှင် ထိုဘဝမှ စုတေကုန်၍ နေရဉ္ဇရာမြစ်နား၌ သမင်မဝမ်းဝယ် ဖြစ်ကုန်၏။ ထိုညီနောင် နှစ်ယောက်တို့သည် အမိဝမ်းမှ ဖွားမြင်သောအခါမှစ၍ အတူတကွသာလျှင် သွားကုန်၏။ ကင်းကွာခြင်းငှါ မတတ်နိုင်ကုန်၊ ထိုသမင်နှစ်ခုတို့သည် တနေ့သ၌ အစာကိုယူ၍ တခုသော သစ်ပင်ရင်း၌ ဦးခေါင်းချင်းထိကာ။ ချိုချင်းယှက်ကာ နှုတ်သီးချင်းတင်ကာ ကပ်ငြိကုန်လျက် စားမြုံ့ပြန်ကုန်၍ တည်သည်တို့ကို မြင်၍ မုဆိုးတယောက်သည် လှံမကိုပစ်ချ၍ တပြိုင်နက်သာလျှင် သေစေ၏။ ထိုသမင်ဘဝမှ စုတေကုန်၍ နမ္မဒါမြစ်နား၌ ဝန်လိုငှက်အမျိုးဝယ် ဖြစ်ကုန်၏။ ထို ဝန်လိုငှက်ဘဝ၌လည်း ထိုညီနောင် နှစ်ခုတို့သည် ကြီးခြင်းသို့ ရောက်ကုန်သည်ရှိသော် အစာကိုယူ၍ ဦးခေါင်းချင်းယှက်ကာ နှုတ်သီးချင်းယှက်ကာ လည်ချင်းကပ်ငြိ၍ တည်သည်တို့ကိုမြင်၍ တယောက်သော ကုတ်ညွတ်ကွင်းထောင်သော မုဆိုးသည် တပြိုင်နက်သာလျှင် ဖွဲ့၍သတ်၏။ ထိုဝန်လိုငှက်အဖြစ်မှ စုတေကုန်၍ စိတ္တသုခမိန်သည် ကောသမ္ဗီပြည်၌ ပုရောဟိတ်၏သား ဖြစ်၏။ သမ္ဘူတသုခမိန်သည် ဥတ္တရာပဉ္စာလရာဇ်မင်း၏ သားဖြစ်၏။ ထိုသူနှစ်ယောက်တို့သည် အမည်မှည့်သော နေ့မှစ၍ မိမိတို့၏ဘဝကို အောက်မေ့နိုင်ကုန်၏။ သမ္ဘူတသုခမိန်သည် အခြားမဲ့ အောက်မေ့ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ လေးခုမြောက်သော ဒွန်းစဏ္ဍားဘဝကိုသာလျှင် အောက်မေ့နိုင်၏။ ထိုစိတ္တသုခမိန်သည် တဆယ့်ခြောက်နှစ်မြောက်သောအခါ၌ တောထွက်၍ ဟိမဝန္တာဝင်၍ ရသေ့ရဟန်းပြုလျက် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၍ ဈာန်ချမ်းသာဖြင့် ကာလကို လွန်စေလျက် နေ၏။

သမ္ဘူတသည်လည်း အဖလွန်သဖြင့် ထီကိုဆောင်းစေ၍ ရွှေထီးရွှေနန်း သိမ်းမြန်းသော မင်္ဂလာနေ့၌သာလျှင် လူများအလယ်၌ မင်္ဂလာသီချင်းကိုပြု၍ ဥဒါန်းကျူးသည်၏အစွမ်းဖြင့် နှစ်ဂါထာတို့ကို ရွတ်၏။ ထိုမင်းကြီး သီသော ဂါထာကို ကြား၍ ငါတို့သခင် မင်းကြီး၏ မင်္ဂလာသီချင်းတည်းဟု မောင်းမတို့သည်၎င်း, စောင်းသမားတို့သည်၎င်း ထိုသီချင်းကိုသာလျှင် သီကြကုန်၏။ အစဉ်သဖြင့် မင်း၏ချစ်အပ်သော သီချင်းတည်းဟု အလုံးစုံသော မြို့နေလူတို့သည် ထိုသီချင်းကိုသာလျှင် သီကြကုန်၏။ စိတ္တသုခမိန်သည်လည်း ဟိမဝန္တာအရပ်၌ နေလျက်လျှင် ငါ့ညီသမ္ဘူတသည် ထီးဆောင်းမင်းအဖြစ်ကို ရပြီလော, မရသေးလောဟု စုံစမ်းလတ်သော် မင်းပြုရသောအဖြစ်ကိုသိ၍ ငါ ယခုအခါ၌ သွားသော်လည်း မင်းသစ်ဖြစ်သော ငါ့ညီသမ္ဘူတကို သိစေခြင်းငှါ မတတ်နိုင်ရာချေဟု ကြံ၍ အနှစ်ငါးဆယ်တို့ပတ်လုံး မသွားဘဲ မင်းအား သားသမီးတို့ဖြင့် ပွားစီးသောအခါ၌ တန်ခိုးဖြင့် ကြွတော်မူ၍ ဥယျာဉ်၌ဆင်းသက်၍ မင်္ဂလာကျောက်ဖျာ၌ ရွှေဆင်းတုကဲ့သို့ နေတော်မူ၏။

ထိုခဏ၌ သူငယ်တယောက်သည် မင်း၏ ထိုသီချင်းကို သီလျက် ထင်းတို့ကိုခွေ၏။ စိတ္တသုခမိန်သည် ထိုသူငယ်ကို ခေါ်၏။ ထိုသူငယ်သည် လာ၍ ထိုရသေ့ကို ရှိခိုး၍ တည်၏။ ထိုအခါ ထိုသူငယ်ကို ဆို၏။ သင်သည် ထိုငါလာသောအခါမှစ၍ ဤသီချင်းကိုသာလျှင် သီ၏။ အသို့နည်း၊ တပါးသောသီချင်းကို မသိသလောဟု မေးသည်ရှိသော် အရှင်ဘုရား- တပါးသော သီချင်းကို သိပါ၏။ ထိုသို့ပင် သိသော်လည်း ဤသီချင်း နှစ်ဂါထာတို့သည် မင်း၏ နှစ်သက်တော်မူသော သီချင်းတို့တည်း၊ ထို့ကြောင့် ဤသီချင်းတို့ကိုသာလျှင် အကျွန်ုပ် သီပါ၏ဟု ဆို၏။ မင်း၏သီချင်းကို အတုလိုက်၍ သိနိုင်သောသူသည် ရှိ၏လောဟု မေးလတ်သော် အရှင်ဘုရား- မရှိပါဟု လျှောက်၏။ သင်သည် အတုလိုက်၍သီခြင်းငှါ တတ်နိုင်အံ့လောဟု မေးလျှင် အရှင်ဘုရား- သိပါသည်ရှိသော် သီခြင်းငှါ တတ်နိုင်ပါ၏ဟု ဆို၏။ ထိုသို့ တတ်နိုင်လျှင် သင်သည် မင်းသည် သီချင်း နှစ်ဂါထာတို့ကို သီကုန်သည်ရှိသော် ဤသုံးခုမြောက်သော ဂါထာကိုဆို၍ သီလော့ဟု သီချင်းကိုပေး၍ မင်း၏အထံသို့ သွား၍ သီလေ၊ မင်းသည် သင့်အား ကြည်ညို၍ ကြီးစွာသော စည်းစိမ်ဥစ္စာကို ပေးလတ္တံ့ ဟု မိန့်တော်မူ၍ လွှတ်လိုက်၏။

ထိုသူငယ်သည်လည်း အမိထံသို့သွား၍ မိမိကိုယ်ကို တန်ဆာဆင်စေ၍ မင်းအိမ်တံခါးသို့သွား၍ သူငယ်တယောက်သည် မင်းတို့နှင့်တကွ အတုလိုက်၍ သီချင်းကို သီလိုပါသတတ်ဟု မင်းအား လျှောက်ကြားစေ၍ လာစေဟု ဆိုပေသော် သွား၍ ရှိခိုးလျက်နေ၏။ ချစ်သား- သင်သည် အတုလိုက်၍ သီချင်း သီလိမ့်သတတ်လောဟု မေးသည်ရှိသော် အရှင်မင်းကြီး- ဪ ဟုတ်မှန်ပါ၏။ အလုံးစုံသော မင်းပရိသတ်တို့ကို စုဝေးစေကုန်လော့ဟု ပရိသတ်ကို စုဝေးစေပြီး၍ မင်းကိုဆို၏။ အရှင်မင်းကြီး- အရှင်မင်းကြီးတို့သည် ရှေးဦးစွာ အရှင်မင်းကြီးတို့၏ သီချင်းကို သီတော်မူလော့၊ အကျွန်ုပ်သည် နောက်မှ နောက်မှ အတုလိုက်၍ သီချင်းကို သီပါအံ့ဟု လျှောက်ဆိုလတ်သော် မင်းသည် ရှေးဦးစွာ သီချင်းကို သီလိုရကား-

၂၄။ သဗ္ဗံ နရာနံ သဖလံ သုစိဏ္ဏံ၊
န ကမ္မုနာ ကိဉ္စိ နု မောဃ မတ္ထိ။
ပဿာမိ သမ္ဘူတံ မဟာနုဘာဝံ၊
သကမ္မုနာ ပုညဖလူပပန္နံ။
၂၅။ သဗ္ဗံ နရာနံ သဖလံ သုစိဏ္ဏံ၊
န ကမ္မနာ ကိဉ္စိ နု မောဃ မတ္ထိ။
ကစ္စိ နု စိတ္တဿပိ ဧဝမေဝ၊
ဣဒ္ဓေါ မနော တဿ ယထာပိ မယှံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၄။ ဘော၊ အိုအချင်းတို့။ နရာနံ၊ လူတို့အား။ သုစိဏ္ဏံ၊ ကောင်းစွာကျင့်အပ်သော။ သဗ္ဗံ၊ အလုံးစုံသော ကောင်းမှုသည်။ သဖလံ၊ အကျိုးရှိ၏။ ကမ္မုနာ၊ ကောင်းမှုကြောင့်။ ကိဉ္စိ နု၊ စိုးစဉ်းမျှ။ မောဃံ၊ အကျိုးမဲ့သည်။ န အတ္ထိ၊ မရှိ။ သ ကမ္မုနာ၊ မိမိအမှုဖြင့်။ ပုညဖလူပပန္နံ၊ ကောင်းမှု၏ အစွမ်းကြောင့် ဖြစ်သော။ မဟာနုဘာဝံ၊ ကြီးသော တန်ခိုးရှိသော။ သမ္ဘူတံ၊ သမ္ဗူတအမည်ရှိသော ငါ့ကို။ ပဿာမိ၊ ငါမြင်ရ၏။

၂၅။ နရာနံ၊ လူတို့အား။ သုစိဏ္ဏံ၊ ကောင်းစွာကျင့်အပ်သော။ သဗ္ဗံ၊ အလုံးစုံသော ကောင်းမှုသည်။ သဖလံ၊ အကျိုးရှိ၏။ ကိဉ္စိ နု၊ စိုးစဉ်း အနည်းငယ်မျှ။ မယှံ၊ ငါ့အား။ မနော၊ စိတ်သည်။ ဣဒ္ဓေါ ယထာပိ၊ ပြည့်စုံသကဲ့သို့လည်း။ ဧဝမေဝ၊ ဤအတူလျှင်။ ကစ္စိ၊ အသို့နည်း။ တဿ စိတ္တသပိ၊ ထိုနောင်တော် စိတ္တအားလည်း။ မနော၊ နှလုံးသည်။ ဣဒ္ဓေါ နု၊ ပြည့်စုံပါလေ၏လော။

ထိုမင်း၏ သီချင်းအဆုံး၌ သူငယ်သည် သီချင်းကို သီလိုရကား-

၂၆။ သဗ္ဗံ နရာနံ သဖလံ သုစိဏ္ဏံ၊
န ကမ္မုနာ ကိဉ္စိ နု မောဃ မတ္ထိ။
စိတ္တံပိ ဇာနာဟိ တထေဝ ဒေဝ၊
ဣဒ္ဓေါ မနော တဿ ယထာပိ တုယှံ၊

ဟူသော ဤဂါထာကို ဆို၏။

၂၉။ ဒေဝ၊ အရှင်မင်းကြီး။ နရာနံ၊ လူတို့အား။ သုစိဏ္ဏံ၊ ကောင်းစွာကျင့်အပ်သော။ သဗ္ဗံ၊ အလုံးစုံသော ကောင်းမှုသည်။ သ ဖလံ၊ အကျိုးရှိ၏။ ကမ္မုနာ၊ ကောင်းသောအမှုဖြင့်။ ကိဉ္စိ နု၊ စိုးစဉ်းမျှ။ မောဃံ၊ အချည်းစည်း အကျိုးမဲ့သည်။ န အတ္ထိ၊ မရှိ။ တုယှံ၊ ရှင်မင်းကြီးအား။ မနော၊ စိတ်နှလုံးသည်။ ဣဒ္ဓေါ ယထာပိ၊ ပြည့်စုံသကဲ့သို့လည်း။ တထေဝ၊ ထို့အတူလျှင်။ တဿပိ၊ ထိုနောင်တော် စိတ္တအားလည်း။ မနော၊ စိတ်နှလုံးသည်။ ဣဒ္ဓေါ၊ ပြည့်စုံ၏။ ဣတိ၊ ဤသို့။ စိတ္တံပိ၊ နောင်တော်စိတ္တကိုလည်း။ ဇာနာဟိ၊ သိတော်မူလော့။

ထိုသူငယ်သီသော သီချင်းသံကိုကြား၍ မင်းကြီးသည် လေးခုမြောက်သော သီချင်းကို သီလိုရကား-

၂၇။ ဘဝံ နု စိတ္တော သုတမညတော တေ၊
ဥဒါဟု တေ ကောစိ နံ ဧတဒက္ခာ။
ဂါထာ သုဂီတာ န မမတ္ထိ ကင်္ခါ။
ဒဒါမိ တေ ဂါမဝရံ သတဉ္စ။

ဟူသော ဤဂါထာကို ဆို၏။

၂၇။ ဒါရက၊ သူငယ်။ ဘဝံ၊ သင်သည်။ စိတ္တော နု၊ စိတ္တပင်လော။ ဥဒါဟု၊ ထိုသို့မဟုတ်။ တေ၊ သင်သည်။ အညတော၊ တပါးမှ။ သုတံ၊ ကြားသလော။ ဥဒါဟု၊ ထိုသို့မဟုတ်။ တေ၊ သင့်အား။ ကောစိ၊ တစုံတယောက်သော သူသည်။ နံ ဧတံ၊ ထို အကြောင်းကို။ အက္ခာ၊ ကြားသလော။ ဂါထာ၊ ဂါထာတို့ကို။ သုဂီတာ၊ ကောင်းစွာ သီအပ်၏။ မမ၊ ငါ့အား။ ကင်္ခါ၊ ယုံမှားခြင်းသည်။ န အတ္ထိ၊ မရှိ။ တေ၊ သင့်အား။ သတံ၊ တရာသော။ ဂါမဝရဉ္စ၊ ရွာမြတ်ကိုလည်း။ ဒဒါမိ၊ ငါဆုပေး၏။

ထို့နောင်မှ သူငယ်သည် ထိုအကြောင်းကို ကြားလိုရကား-

၂၈။ န စာဟံ စိတ္တော သုတ မညတော မေ၊
ဣသိ စ မေ ဧတမတ္ထံ အသံသိ။
ဂန္တွာန ရညော ပဋိဂါဟိ ဂါထံ၊
အပိ နု တေ ဝရံ အတ္တမနော ဒဒေယျ။

ဟူသော ဤဂါထာကို ဆို၏။

၂၈။ ဒေဝ၊ အရှင်မင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ န စိတ္တော၊ စိတ္တမဟုတ်။ မေ၊ အကျွန်ုပ်သည်။ အညတော၊ သူတပါးမှ။ သုတံ၊ အဆင့်ကြား၏။ ဣသိ စ၊ ရသေ့သည်လျှင်။ မေ၊ အကျွန်ုပ်အား။ ဧတမတ္ထံ၊ ဤအကြောင်းကို။ အသံသိ၊ ကြား၏။ ဂန္တွာန၊ သွား၍။ ရညော၊ မင်း၏။ ဂါထံ၊ ဂါထာကို။ ပဋိဂါဟိ၊ အတုလိုက်၍ သီချေ။ တေ၊ သင့်အား။ အပိ နု၊ စင်စစ်။ အတ္တမနော၊ နှစ်လို ဝမ်းမြောက်သည်ဖြစ်၍။ ဝရံ၊ ဆုကို။ ဒဒေယျ၊ ပေးရာ၏။

ထိုစကားကိုကြား၍ မင်းကြီးသည် ထိုရသေ့ကား ငါ၏ နောင်တော်ဖြစ်သော စိတ္တဖြစ်လတ္တံ့၊ ယခုအခါသွား၍ ထိုနောင်တော်စိတ္တကို ဖူးမြင်အံ့ဟု မင်းချင်းတို့ကို စေခိုင်းလိုရကား-

၂၉။ ယောဇေန္တု ဝေ ရာဇရထေ၊ သုကတေ စိတ္တသိဗ္ဗနေ။
ကစ္ဆံ နာဂါနိ ဗန္ဓထ၊ ဂီဝေယျံ ပဋိမုဉ္စထ။
၃၀။ အာဟညန္တု ဘေရိ မုဒိင်္ဂသင်္ခေ၊
သီဃာနိ ယာနာနိ စ ယောဇယန္တု။
အဇ္ဇေဝ ဟံ အဿမံ တံ ဂမိဿံ၊
ယတ္ထေဝ ဒက္ခိဿ မိသိံ နိသိန္နံ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၂၉။ ဘောန္တော၊ အို အမတ်အပေါင်းတို့။ သုကတေ၊ ကောင်းစွာပြုအပ်ကုန်သော။ စိတ္တသိဗ္ဗနေ၊ ဆန်းကြယ်စွာ စပ်အပ်ကုန်သော။ ရာဇရထေ၊ မင်းစီးထိုက်သော မင်္ဂလာရထားတို့ကို။ ဝေ၊ ကောင်းမွန်စွာ။ ယောဇေန္တု၊ ကကြလေကုန်။ နာဂါနိ၊ မင်းစီးဆင်တို့ကို။ ကစ္ဆံ ဗန္ဓထ၊ မြဲမြံစွာ ရွှေကြိုး ရွှေကတင် ဖွဲ့ကြကုန်။ ဂီဝေယျံ၊ လည်ရွဲတန်ဆာကို။ ပဋိမုဉ္စထ၊ စွပ်ကြကုန်။

၃၀။ ဘေရီမုဒိင်္ဂသင်္ခေ စ၊ စည်ကြီး, မုရိုးစည် ခရုသင်းတို့ကိုလည်း။ အာဟညန္တု၊ တီးမှုတ်ကြလေကုန်။ သီဃာနိ၊ ပေါ့ပါးလျင်မြန် ထက်သန်ကုန်သော။ ယာနာနိ စ၊ ယာဉ်တို့ကိုလည်း။ ယောဇယန္တု၊ ကကြလေကုန်။ ယတ္ထေဝ၊ အကြင် အဿမပိုဒ်၌သာလျှင်။ နိသိန္နံ၊ နေသော။ ဣသိံ၊ ရသေ့ကို။ ဒက္ခိဿံ၊ ငါမြင်ရလတ္တံ့။ တံ အဿမံ၊ ထိုအဿမပိုဒ်ကို။ အဇ္ဇေဝ၊ ယခုသာလျှင်။ အဟံ၊ ငါသည်။ ဂမိဿံ၊ သွားအံ့။

ထိုသမ္ဘူတမင်းသည် ဤသို့ဆို၍ ရထားကို တက်စီး၍ လျင်မြန်စွာ သွား၍ ဥယျာဉ်တံခါး၌ ရထားကိုထား၍ စိတ္တ သုခမိန်သို့ ကပ်၍ ရှိခိုးလျက် တင့်အပ်သောအရပ်၌ နေ၍ နှစ်သက်သော စိတ်ရှိသည်၏ အဖြစ်ကို ဆိုလိုရကား-

၃၁။ သုဒ္ဓလာဘော ဝတ မေ အဟောသိ၊
ဂါထာ သုဂီတာ ပရိသာယမဇ္ဈေ။
သွာဟံ ဣသိံ သီလဝတူပပန္နံ၊
ဒိသွာ ပတီတော သုမနောဟမသ္မိ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁။ မေ၊ ငါသည်။ ပရိသာယမဇ္ဈေ၊ ပရိသတ်၏ အလယ်၌။ ယာ ဂါထာ၊ အကြင်ဂါထာကို။ သုဂီတာ၊ ကောင်းစွာ သီအပ်၏။ အယံ၊ ဤကောင်းစွာ သီအပ်သော ဂါထာကို။ မေ၊ ငါသည်။ သုလဒ္ဓလာဘော၊ ကောင်းစွာရတော်သည်။ အဟောသိ ဝတ၊ ဖြစ်စွာ့တကား။ ယော အဟံ၊ အကြင်ငါသည်။ သီလဝတူပပန္နံ၊ သီလအကျင့်နှင့် ပြည့်စုံသော။ ဣသိံ၊ ရသေ့ကို။ ဒိသွာ၊ မြင်၍။ ပတီတော၊ အလွန်နှစ်သက်၏။ အဟံ၊ ငါသည်။ သုမနော၊ ဝမ်းမြောက်သည်။ အသ္မိ၊ ဖြစ်၏။

ထိုသမ္ဘူတမင်းသည် စိတ္တသုခမိန်အား မြင်သောအခါမှ စ၍ နှစ်လိုဝမ်းမြောက်ခြင်းသို့ ရောက်သည်ဖြစ်၍ ငါ့နောင်တော်အား ရာဇပလ္လင်ကို ခင်းကြကုန်ဟု ဤသို့စသော အစီအရင်တို့ကို စေခိုင်းလိုရကား-

၃၂။ အာသနံ ဥဒကံ ပဇ္ဇံ၊ ပဋိဂ္ဂဏှာတု နော ဘဝံ။
အဂ္ဃေ ဘဝန္တံ ပုစ္ဆာမ၊ အဂ္ဃံ ကုရုတု နော ဘဝံ။

ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။

၃၂။ ဘန္တေ၊ ရှင်ရသေ့။ ဘဝံ၊ ရှင်ရသေ့သည်။ နော၊ အကျွန်ုပ်တို့၏။ အာသနံ၊ နေရာကို၎င်း။ ဥဒကံ၊ သောက်ရေ သုံးဆောင်ရေကို၎င်း။ ပဇ္ဇံ၊ ခြေနယ်ဆီကို၎င်း။ ပဋိဂ္ဂဏှာတု၊ ခံတော်မူလော့။ အဂ္ဃေ၊ ဧည့်သည်တို့အား လှူအပ်သည်နှင့်ယှဉ်သော အလှူ၌။ ဘဝန္တံ၊ ရှင်ရသေ့ကို။ ပုစ္ဆာမ၊ ပန်လျှောက်ပါကုန်၏။ ဘဝံ၊ ရှင်ရသေ့သည်။ နော၊ အကျွန်ုပ်တို့၏။ အဂ္ဃံ၊ ဧည့်သည်တို့အား လှူအပ်သည်နှင့် ယှဉ်သော အလှူကို။ ကုရုတု၊ ခံတော်မူလော့။

ဤသို့ သာယာနာပျော်ဘွယ်ရှိသော စကား ပြောဟောခြင်းကိုပြု၍ မင်း၏အဖြစ်ကို အလယ်၌ ခွဲ၍ ပေးလိုရကား-

၃၃။ ရမ္မဉ္စ တေ အာဝသထံ ကရောန္တု၊
နာရီဂဏေဟိ ပ္ပရိစာရယဿု။
ကရောဟိ ဩကာသ မနုဂ္ဂဟာယ၊
ဥဘောပိ မံ ဣဿရိယံ ကရောမ။

ဟူသော ဤဂါထာကို ဆို၏။

၃၃။ ဘောန္တော၊ အို ပြည်ကြီး၏စီးပွားကို များစွာပြုလေ့ရှိသော အမတ်တို့။ တေ၊ သင်အမတ်တို့သည်။ ရမ္မံ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။ အာဝသထံ၊ ကျောင်းနေရာကို။ ကရောန္တု၊ ဆောက်လုပ်ကြလေကုန်။ တွံ၊ ရှင်ရသေ့သည်။

နာရီဂဏေဟိ၊ မိန်းမအပေါင်းတို့ဖြင့်။ ပရိစာရယဿု၊ စံပယ် မွေ့လျော်လော့။ အနုဂ္ဂဟာယ၊ ကာမဂုဏ်ဖြင့် ချီးမြှောက်စိမ့်သောငှာ။ ဩကာသံ၊ အခွင့်ကို။ ကရောဟိ၊ ပြုတော်မူလော့။ ဥဘောပိ၊ နှစ်ယောက်သော ငါတို့သည်လည်း။ ဣမံ ဣဿရိယံ၊ ဤစည်းစိမ်ကို။ ကရောမ၊ ခံစားကုန်အံ့။

ထိုသမ္ဘူတ၏ စကားကိုကြား၍ စိတ္တသုခမိန်သည် တရားဟောလိုရကား-

၃၄။ ဒိသွာ ဖလံ ဒုစ္စရိတဿ ရာဇ။
အထော သုစိဏ္ဏဿ မဟာဝိပါကံ။
အတ္တာနမေဝ ပ္ပဋိသံယမိဿံ၊
န ပတ္ထယေ ပုတ္တပသုံ ဓနံ ဝါ။
၃၅။ ဒသေဝိမာ ဝဿဒသာ၊ မစ္စာနံ ဣဓ ဇီဝိတံ။
အပ္ပတ္တညေဝ တံ ဩဓိံ၊ နဠော ဆိန္နောဝ သုဿတိ။
၃၆။ တတ္ထ ကာ နန္ဒိ ကာ ခိဍ္ဍာ၊ ကာ ရတိ ကာဓနေသိနာ။
ကိံ မေ ပုတ္တေဟိ ဒါရေဟိ၊ ရာဇ မုတ္တောသ္မိ ဗန္ဓနာ။
၃၇။ သော ဟမေတံ ပဇာနာမိ၊ မစ္စု မေ နပ္ပမဇ္ဇတိ။
အန္တကေနာဓိပန္နဿ၊ ကာ ရတိ ကာ ဓနေသိနာ။
၃၈။ ဇာတိ နရာနံ အဓမာ နရိန္ဒ၊
စဏ္ဍာလယောနီ ဒွိပဒါ ကနိဋ္ဌာ။
သကေဟိ ကမ္မေဟိ သုပါပကေဟိ၊
စဏ္ဍာလဂဗ္ဘေ အဝသိမှ ပုဗ္ဗေ။
၃၉။ စဏ္ဍာလာ ဟုမှ အဝန္တီသု၊ မိဂါ နေရဉ္ဇရံ ပတီ။
ဥက္ကုသာ နမ္မဒါ တီရေ၊ တျဇ္ဇ ဗြာဟ္မဏ ခတ္တိယာ။

ဟူသော ဤဘက်ဂါထာတို့ကို ဆို၏။

၃၄။ ရာဇ၊ ရန်သူတို့ကို အောင်သောမင်းကြီး။ ဒုစ္စရိတဿ၊ မကောင်းသော အကျင့်၏။ ဖလံ၊ အကျိုးကို၎င်း။ အထော၊ ထိုမှတပါး။ သုစိဏ္ဏဿ၊ ကောင်းသောအကျင့်၏။ မဟာဝိပါကံ၊ ကြီးမြတ်သော အကျိုးကို၎င်း။ ဒိသွာ၊ မြင်၍။ အတ္တာနမေဝ၊ မိမိကိုယ်ကိုသာလျှင်။ ပဋိသံယမိဿံ၊ သီလသံယမဖြင့် ငါစောင့်အံ့။ ပုတ္တံ ဝါ၊ သားကို၎င်း။ ပသုံ ဝါ၊ ကျွဲ, နွား, ဆင်, မြင်းကို၎င်း။ ဓနံ၊ ဥစ္စာကို၎င်း။ န ပတ္ထယေ၊ မတောင့်တ

၃၅။ ရာဇ၊ မင်းမြတ်။ ဝဿဒသာ၊ ဆယ်နှစ် ဆယ်နှစ် ပိုင်းခြားအပ်သော ဒသကတို့သည်။ ဣမာဒသေဝ၊ ဤမန္ဒဒသကစသော ဆယ်ပါးတို့သည်သာတည်း။ ဣဓ၊ ဤလူ့ရွာ၌။ မစ္စာနံ၊ သတ္တဝါတို့၏။ ဇီဝိတံ၊ အသက်သည်။ တံ ဩဓိံ၊ ထိုမန္ဒာဒသကစသော အပိုင်းအခြားသို့။ အပ္ပတ္တညေဝ၊ မရောက်မီလျှင်။ ဆိန္နော၊ နှုတ်ဖြတ်အပ်သော။ နဠော၊ ကျူသည်။ သုဿတိ ဣဝ၊ ခြောက်သကဲ့သို့။ သုဿတိ၊ ခြောက်တပ်၏။

၃၆။ တတ္ထ တသ္မိံ ဧဝံ သုဿမာနေ ဇီဝိတေ၊ ထိုအသက်သည် ကျူကဲ့သို့ ခြောက်တပ်လွယ်သည် ဖြစ်ပါလျက်။ နန္ဒီ၊ ကာမဂုဏ်ငါးပါး၌ နှစ်သက်ခြင်းသည်။ ကာ၊ အဘယ်အကျိုးရှိအံ့နည်း။ ခိဍ္ဍာ၊ မြူးတူးခြင်းသည်။ ကာ၊ အဘယ်အကျိုး ရှိအံ့နည်း။ ရတိ၊ ကာမဂုဏ်၌ မွေ့လျော်ခြင်းသည်။ ကာ၊ အဘယ်အကျိုး ရှိအံ့နည်း။ ဓနေသိနာ၊ ဥစ္စာကို ရှာမှီးခြင်းသည်။ ကာ၊ အဘယ်အကျိုးရှိအံ့နည်း။ ပုတ္တေဟိ၊ သားသ္မီးတို့ဖြင့်၎င်း။ ဒါရေဟိ၊ မယားတို့ဖြင့်၎င်း။ မေ၊ ငါ့အား။ ကိံ၊ အဘယ်ပြုအံ့နည်း။ ရာဇာ၊ မင်းမြတ်။ အဟံ၊ ငါသည်။ ဗန္ဓနာ၊ သားမယားဟူသော အနှောင်အဖွဲ့မှ။ မုတ္တော၊ လွတ်သည်။ အသ္မိ၊ ဖြစ်၏။

၃၇။ ရာဇ၊ မင်းမြတ်။ အန္တကေန၊ သေမင်းသည်။ အဓိပန္နဿ၊ နှိပ်စက်အပ်သော။ မေ၊ ငါ့အား။ မစ္စု၊ သေမင်းသည်။ နပ္ပမဇ္ဇတိ၊ မမေ့မလျော့။ သော အဟံ၊ ထိုငါသည်။ ဧတံ၊ ဤသေမင်း မမေ့မလျော့သော အကြောင်းကို။ ပဇာနာမိ၊ သိ၏။ တသ္မာ၊ ထိုသို့ သိသောကြောင့်။ ရတိ၊ ကာမဂုဏ်၌ မွေ့လျော်ခြင်းသည်။ ကာ၊ အဘယ်အကျိုးရှိအံ့နည်း။ ဓနေသိနာ၊ ဥစ္စာကို ရှာမှီးခြင်းဖြင့်။ ကာ၊ အဘယ်အကျိုးရှိအံ့နည်း။

၃၈။ နရိန္ဒ၊ မင်းမြတ်။ နရာနံ၊ လူတို့အား။ ဇာတိ၊ အမျိုးသည်။ အဓမာ၊ ယုတ်မာ၏။ စဏ္ဍာလယောနိ၊ ဒွန်းစဏ္ဍာ အမျိုးသည်။ ဒွိပဒါကနိဋ္ဌာ၊ အခြေနှစ်ချောင်းရှိသော လူတို့တွင် အယုတ်ဆုံးတည်း။ သုပါပကေဟိ၊ အလွန်ယုတ်မာကုန်သော။ သကေဟိ ကမ္မေဟိ၊ မိမိတို့ ပြုအပ်သော မကောင်းမှုတို့ကြောင့်။ ပုဗ္ဗေ၊ ရှေး၌။ စဏ္ဍာလဂဗ္ဘေ၊ ဒွန်းစဏ္ဍားဝမ်း၌။ အဝသိမှ၊ ငါတို့နေရဘူးကုန်ပြီ။

၃၉။ နရိန္ဒ၊ လူတို့အရှင်သခင် မင်းမြတ်။ အဝန္တီသု၊ အဝန္တိတိုင်းတို့၌။ စဏ္ဍာလာ၊ ဒွန်းစဏ္ဏားတို့သည်။ အဟုမှ၊ ငါတို့ဖြစ်ဘူးကုန်ပြီ။ နေရဉ္ဇရံပတီ၊ နေရဉ္ဇရာ မြစ်ကမ်းနား၌။ မိဂါ၊ သမင်တို့သည်။ အဟုမှ၊ ငါတို့ဖြစ်ဘူးကုန်ပြီ။ နမ္မဒါတီရေ၊ နမ္မဒါမြစ်နား၌။ ဥက္ကုသာ၊ ဝန်လိုငှက်တို့သည်။ အဟုမှ၊ ငါတို့ ဖြစ်ဘူးကုန်ပြီ။ အဇ္ဇ၊ ယခုအခါ၌။ တေမယံ၊ ထိုငါတို့နှစ်ယောက်သည်။ ဗြာဟ္မဏခတ္တိယာ၊ ပုဏ္ဏားမျိုး မင်းမျိုးတို့သည်။ ဟောမ၊ ဖြစ်ကုန်၏။

ဤသို့ ထိုသမ္ဘူတမင်းအား လွန်လေပြီးသော သူယုတ်ဘဝတို့ကိုပြ၍ ယခုအခါ၌ ဤမင်းအဖြစ်၏ အာယုသင်္ခါရနည်းသော တိုသောအဖြစ်ကို ပြ၍ ကုသိုလ်ကောင်းမှုတို့၌ အားထုတ်ခြင်းကို ဖြစ်စေလိုရကား-

၄၀။ ဥပနီယတိ ဇီဝိတ မပ္ပမာယု၊
ဇရူပနီတဿ န သန္တိ တာဏာ။
ကရောဟိ ပဉ္စာလ မမေဝ ဝါကျံ၊
မာကာသိ ကမ္မာနိ ဒုခုဒြယာနိ။
၄၁။ ဥပနီယတိ ဇီဝိတ မပ္ပမာယု၊
ဇရူပနီတဿ န သန္တိ တာဏာ။
ကရောဟိ ပဉ္စာလ မမေဝ ဝါကျံ၊
မာကာသိ ကမ္မာနိ ဒုခပ္ဖလာနိ။
၄၂။ ဥပနီယတိ ဇီဝိတ မပ္ပမာယု၊
ဇရူပနီတဿ န သန္တိ တာဏာ။
ကရောဟိ ပဉ္စာလ မမေဝ ဝါကျံ၊
မာကာသိ ကမ္မာနိ ရဇဿိရာနိ။
၄၃။ ဥပနီယတိ ဇီဝိတ မပ္ပမာယု၊
ဝဏ္ဏာ ဇရာ ဟန္တိ နရဿ ဇိယျတော။
ကရောဟိ ပဉ္စာလ မမေဝ ဝါကျံ။
မာကသိ ကမ္မာနိ နိရယူပပတ္တိယာ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၄၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဇီဝိတံ၊ ဇီဝိတိန္ဒြေသည်။ မရဏံ၊ သေခြင်းသို့။ ဥပနီယတိ၊ ကပ်တတ်၏။ အာယု၊ အသက်သည်။ အပ္ပံ၊ တိုလှစွာ၏။ ဇရူပနီတဿ၊ အိုခြင်းသည် သေမင်း၏အနီးသို့ ဆောင်အပ်သောသူအား။ ပုတ္တာဒယော၊ သားသမီး အစရှိသည်တို့သည်။ တာဏာ၊ စောင့်ရှောက်နိုင်ကုန်သည်။ န သန္တိ၊ မရှိကုန်။ ပဉ္စာလ၊ ပဉ္စာလမင်း။ မမေဝ၊ ငါ၏ သာလျှင်။ ဝါကျံ၊ ဆုံးမစကားကို။ ကရောဟိ၊ လိုက်နာလော့။ ဒုခုဒြယာနိ၊ ဆင်းရဲ၏ ပွားကြောင်းဖြစ်ကုန်သော။ ကမ္မာနိ၊ မကောင်းမှုတို့ကို။ မာ အကာသိ၊ မပြုလင့်။

၄၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဇီဝိတံ၊ ဇီဝိတိန္ဒြေသည်။ မရဏံ၊ သေခြင်းသို့။ ဥပနီယတိ၊ ကပ်တတ်၏။ အာယု၊ သတ္တဝါတို့၏ အသက်သည်။ အပ္ပံ၊ တိုလှ၏။ ဇရူပနီတဿ၊ အိုခြင်းသည် သေမင်း၏အနီးသို့ ဆောင်အပ်သော သူအား။ ပုတ္တာဒယော၊ သားသမီးအစရှိသော သူတို့သည်။ တာဏာ၊ စောင့်ရှောက်နိုင်ကုန်သည်။ န သန္တိ၊ မရှိကုန်။ ပဉ္စာလ၊ ပဉ္စာလမင်း။ မမေဝ၊ ငါသာလျှင်။ ဝါကျံ၊ စကားကို။ ကရောဟိ၊ လိုက်နာလော့။ ဒုခပ္ဖလာနိ၊ ဆင်းရဲသောအကျိုးကို ပေးတတ်ကုန်သော။ ကမ္မာနိ၊ မကောင်းမှုတို့ကို။ မာ အကာသိ၊ မပြုပါလင့်။

၄၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဇီဝိတံ၊ ဇီဝိတိန္ဒြေသည်။ မရဏံ၊ သေခြင်းသို့။ ဥပနီယတိ၊ ကပ်တတ်၏။ အာယု၊ သတ္တဝါတို့၏ အသက်သည်။ အပ္ပံ၊ နည်းလှစွာ၏။ ဇရူပနီတဿ၊ အိုခြင်းသည် သေမင်း၏အနီးသို့ ဆောင်အပ်သောသူအား။ ပုတ္တာဒယော၊ သားသမီး အစရှိသောသူတို့သည်။ တာဏာ၊ စောင့်ရှောက်နိုင်ကုန်သည်။ န သန္တိ၊ မရှိကုန်။ ပဉ္စာလ၊ ပဉ္စာလမင်း။ မမေဝ၊ ငါ၏သာလျှင်။ ဝါကျံ၊ စကားကို။ ကရောဟိ၊ လိုက်နာလော့။ ရဇဿိရာနိ၊ ကိလေသာမြူဖြင့် ပြည့်သော ဦးခေါင်းရှိကုန်သော။ ကမ္မာနိ၊ မကောင်းမှုတို့ကို။ မာ အကာသိ၊ မပြုပါလင့်။

၄၃။ မဟာရာဇ၊ မြက်သောမင်းကြီး။ ဇီဝိတံ၊ ဇီဝိတိန္ဒြေသည်။ မရဏံ၊ သေခြင်းသို့။ ဥပနီယတိ၊ ကပ်တတ်၏။ အာယု၊ သတ္တဝါတို့၏ အသက်သည်။ အပ္ပံ၊ နည်းလှစွာ၏။ ဇိယျတော၊ အိုသော။ နရဿ၊ လူ၏။ ဝဏ္ဏံ၊ ကိုယ်အဆင်းကို။ ဇရာ၊ အိုခြင်းသည်။ ဟန္တိ-ဟနတိ၊ သတ်တတ်၏။ ပဉ္စာလ၊ ပဉ္စာလမင်း။ မမေဝ၊ ငါ၏သာလျှင်။ ဝါကျံ၊ ဆုံးမစကားကို။ ကရောဟိ၊ နားထောင်လော့။ နိရယူပပတ္တိယာ၊ ငရဲ၌ ဖြစ်စေခြင်းငှါ။ ကမ္မာနိ၊ မကောင်းမှုတို့ကို။ မာ အကာသိ၊ မပြုပါလင့်။

ဘုရားလောင်းသည် တရားဟောတော်မူသည်ရှိသော် မင်းကြီးသည် နှစ်သက်ရကား-

၄၄။ အဒ္ဓါဟိ သစ္စံ ဝစနံ တဝေတံ၊
ယထာ ဣသိ ဘာသတိ ဧဝမေတံ။
ကာမာ စ မေ သန္တိ အနပ္ပရူပါ၊
တေ ဒုစ္စဇာ မာဒိသကေန ဘိက္ခု။
၄၅။ နာဂေါ ယထာ ပင်္ကမဇ္ဈေ ဗျသန္နော၊
အဟံ ထလံ နာဘိသမ္ဘောတိ ဂန္တုံ။
ဧဝံ ပဟံ ကာမပင်္ကေ ဗျသန္နော၊
န ဘိက္ခုနော မဂ္ဂမနုဗ္ဗဇာမိ။
၄၆။ ယထာပိ မာတာ စ ပိတာ စ ပုတ္တံ၊
အနုသာသရေ ကိန္တိ သုခီ ဘဝေယျ။
ဧဝံပိ မံ တွံ အနုသာသ ဘန္တေ၊
ယထာ စိရံ ပေစ္စ သုခီ ဘဝေယျ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၄၄။ ဣသိ၊ ရှင်ရသေ့။ တွံ၊ ရှင်ရသေ့သည်။ ယထာ၊ အကြင်အခြင်းဖြင့်။ ယံ ဝစနံ၊ အကြင်စကားကို။ ဘာသတိ၊ ဆို၏။ ဧဝံ တထာ၊ ထိုအခြင်းဖြင့်။ တဝ၊ သင်၏။ ဧတံ ဝစနံ၊ ဤစကားသည်။ အဒ္ဓါ၊ မချွတ်။ သစ္စံဟိ-သစ္စံဧဝ၊ မှန်သည်သာတည်း။ ဘိက္ခု၊ ရှင်ရသေ့။ မေ၊ အကျွန်ုပ်အား။ အနပ္ပရူပါ၊ အတိုင်းမသိ များကုန်သော။ ကာမာ စ၊ ကာမဂုဏ်တို့သည်ကား။ သန္တိ၊ ရှိကုန်၏။ မာဒိသကေန၊ အကျွန်ုပ်ကဲ့သို့သော သူသည်။ တေ၊ ထိုကာမဂုဏ်တို့ကို။ ဒုစ္စဇာ၊ စွန့်နိုင်ခဲကုန်၏။

၄၅။ ဘန္တေ၊ အရှင်ဘုရား။ နာဂေါ၊ ဆင်ပြောင်သည်။ ပင်္ကမဇ္ဈေ၊ ညွန်အိုင်၏ အလယ်၌။ ဗျသန္နော ယထာ၊ နစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ အဟံပိ၊ အကျွန်ုပ်သည်လည်း။ ကာမပင်္ကေ၊ ကာမဂုဏ်တည်းဟူသော ညွန်ပျောင်း၌။ ဗျသန္နော၊ နစ်၏။ အဟံ၊ အကျွန်ုပ်သည်။ ထလံ၊ ကာမဂုဏ်တည်းဟူသော ညွှန်ပျောင်းမှ ထွက်မြောက်ရာ ကြည်းကုန်းသို့။ ဂန္တုံ၊ သွားခြင်းငှါ။ နာဘိသမ္ဘောတိ၊ မစွမ်းနိုင်။ ဘိက္ခုနော၊ ရဟန်း၏။ မဂ္ဂံ၊ ဩဝါဒ အနုသာသနီ တည်းဟူသော ခရီးလမ်းမကို။ န အနုဗ္ဗဇာမိ၊ မလိုက်နိုင်ပါ။

၄၆။ မာတာ စ၊ အမိသည်၎င်း။ ပိတာ စ၊ အဖသည်၎င်း။ ပုတ္တံ၊ သားသ္မီးကို။ ကိံ၊ အသို့မူ၍။ သုခီ၊ ချမ်းသာနှင့် ပြည့်စုံသည်။ ဘဝေယျ၊ ဖြစ်ပါအံ့နည်း။ ဣတိ၊ ဤသို့။ အနုသာသရေ ယထာ၊ ဆုံးမကုန်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ ဘန္တေ၊ အရှင်ဘုရား။ တွံပိ၊ အရှင်ဘုရားသည်လည်း။ ယထာ၊ အကြင်အခြင်းဖြင့် ဆုံးမသည်ရှိသော်။ ပေစ္စ၊ တမလွန်ဘဝ၌။ စိရံ၊ ကြာမြင့်စွာ။ သုခီ၊ ချမ်းသာသည်။ ဘဝေယျ၊ ဖြစ်ရာ၏။ တထာ၊ ထိုအခြင်းဖြင့်။ မံ၊ အကျွန်ုပ်ကို။ အနုသာသ၊ ဆုံးမပေ၏။

ဘုရားလောင်းသည် ထိုမင်းအား တရားဟောလိုရကား-

၄၇။ နော စေ တုဝံ ဥဿာဟသေ ဇနိန္ဒ၊
ကာမေ ဣမေ မာနုသကေ ပဟာတုံ။
ဓမ္မံ ဗလိံ ပဋ္ဌပယဿု ရာဇ။
အဓမ္မကာရော စ တေ မာဟု ရဋ္ဌေ။
၄၈။ ဒူတာ ဝိဓာဝန္တု ဒိသာ စတဿော၊
နိမန္တကာ သမဏဗြာဟ္မဏာနံ။
တေ အန္နပါနေန ဥပဋ္ဌဟဿု။
ဝတ္ထေန သေနာသနပစ္စယေန စ။
၄၉။ အန္နေန ပါနေန ပသန္နစိတ္တော၊
သန္တပ္ပယ သမဏဗြာဟ္မဏေ စ။
ဒတွာ စ ဘုတွာ စ ယထာနုဘာဝံ၊
အနိန္ဒိတော သဂ္ဂမုပေတိ ဌာနံ။
၅၀။ သစေ စ တံ ရာဇမဒေါ သဟေယျ၊
နာရီဂဏေဟိံ ပ္ပရိစာရယန္တံ။
ဣမမေဝ ဂါထံ မနသိကရောဟိ၊
ဘာသေဟိ စေ နံ ပရိသာယ မဇ္ဈေ။
၅၁။ အဗ္ဘောကာသေ သယော ဇန္တု၊ ဝဇန်တြာ ခီရပါယိတော။
ပရိကိဏ္ဏော သုဝါနေဟိ၊ သွဇ္ဇ ရာဇာတိ ဝုစ္စတိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၄၇။ ဇနိန္ဒ၊ မင်းမြတ်။ တုဝံ၊ သင်သည်။ မာနုသကေ၊ လူ၌ ဖြစ်ကုန်သော။ ဣမေ ကာမေ၊ ဤကာမဂုဏ်တို့ကို။ ပဟာတုံ၊ ပယ်ခြင်းငှါ။ နော စေ ဥဿာဟသေ၊ အကယ်၍ မစွမ်းနိုင်သည် ဖြစ်အံ့။ ဧဝံ၊ ဤသို့ မစွမ်းနိုင်သည်ရှိသော်။ ဓမ္မံ၊ တရားနှင့်လျော်သော။ ဗလိံ၊ အခွန်အတုတ်ကို။ ပဋ္ဌပယဿု၊ ကောက်ခံတော်မူလော့။ ရာဇ၊ မင်းမြတ်။ ရဋ္ဌေ၊ တိုင်းနိုင်ငံ၌။ အဓမ္မကာရော စ၊ မတရားသောအမှုကို ပြုခြင်းသည်လည်း။ တေ၊ ရှင်မင်းကြီးအား။ မာ အဟု၊ မဖြစ်စေလင့်။

၄၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သမဏဗြာဟ္မဏာနံ၊ တရားစောင့်ကုန်သော ရဟန်းပုဏ္ဏားတို့အား။ နိမန္တကာ၊ ပင့်ဘိတ်တတ်ကုန်သော။ ဒူတာ၊ တမန်တို့ကို။ စတဿောဒိသာ၊ အရပ်လေးမျက်နှာတို့သို့။ ဝိဓာဝန္တု၊ ဥဒဟို သွားစေကုန်လော့။ တေ၊ ထိုရဟန်းပုဏ္ဏားတို့ကို။ အန္နပါနေန၊ ထမင်းအဖျော်ဖြင့်၎င်း။ ဝတ္ထေန စ၊ အဝတ်သင်္ကန်းဖြင့်၎င်း။ သေနာသနပစ္စယေန စ၊ ကျောင်း ပစ္စည်းဖြင့်၎င်း။ ဥပဋ္ဌဟဿု၊ လုပ်ကျွေးလော့။

၄၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အန္နေန စ၊ ထမင်းဖြင့်၎င်း။ ပါနေနစ၊ အဖျော်ဖြင့်၎င်း။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ သမဏဗြာဟ္မဏေ စ၊ တရားစောင့်သော ရဟန်း ပုဏ္ဏားတို့ကိုလည်း။ သန္တပ္ပယ၊ ရောင့်ရဲစေလော့။ ယထာနုဘာဝံ၊ အစွမ်းသတ္တိရှိသည်အား လျော်စွာ။ ဒတွာ စ၊ ပေးလှူ၍၎င်း။ ဘုတွာ စ၊ သုံးဆောင် စားသောက်၍၎င်း။ အနိန္ဒိတော၊ မကဲ့ရဲ့အပ်သည်ဖြစ်၍။ သဂ္ဂံ ဌာနံ၊ နတ်ရွာဌာနသို့။ ဥပေတိ၊ ကပ်ရလတ္တံ့။

၅၀။ ရာဇ၊ မင်းမြတ်။ နာရီဂဏေဟိ၊ မိန်းမအပေါင်းတို့သည်။ ပရိစာရယန္တံ၊ စမ္ပယ်ကွန့်မြူးသော။ တံ၊ ရှင်မင်းကြီးကို။ သစေ ဧဝ၊ အကယ်၍ သာလျှင်။ မဒေါ၊ မာန်ယစ်ခြင်းသည်။ သဟေယျ၊ နှိပ်စက်ငြားအံ့။ ဣမမေဝ ဂါထံ၊ ဤဆိုလတ္တံ့သော ဂါထာကိုသာလျှင်။ မနသိကရောဟိ၊ နှလုံးသွင်းလေလော့။ ဧနံ၊ ထိုဂါထာကို။ ပရိသာယ၊ ပရိသတ်၏။ မဇ္ဈေ၊ အလယ်၌။ ဘာသေဟိ၊ ရွတ်လေလော့။

၅၁။ အဗ္ဘောကာသသယော၊ မြက်မိုးအိမ်မျှ မရှိသည်၏ အဖြစ်ကြောင့် လွင်တီးကောင်၌ အိပ်ရသော။ ယော ဇန္တု၊ အကြင်သတ္တဝါသည်။ ဝဇန္တျာ၊ အမိ ဒွန်းစဏ္ဍာမသည် ထင်းခွေ ဟင်းရွက်ခူး သွားသည်ရှိသော်။ သုနခိယာ၊ ခွေးမ၏။ ခီရပါယိတော၊ နို့ကိုရသည်ဖြစ်၍။ သုဝါနေဟိ၊ နို့စို့ဘက် ခွေးငယ်တို့ဖြင့်။ ပရိကိဏ္ဏော၊ ပြွမ်းလျက်နေရ၏။ ဝါ၊ ခြံရံလျက်နေရ၏။ သော ဇန္တု၊ ထိုသူကို။ အဇ္ဇ၊ ယခုအခါ၌။ ရာဇာတိ၊ မင်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ဤသို့ ဘုရားလောင်းသည် ထိုသမ္ဘူတမင်းအား အဆုံးအမကိုပေး၍ ငါသည် သင့်အား အဆုံးအမကို ပေးအပ်ပြီ၊ ယခုအခါ၌ သင်သည် ရဟန်းပြုလိုလျှင် ပြုလေ၊ မပြုလိုလျှင် နေလေ၊ မိမိသည်သာလျှင် မိမိကံအကျိုးကို ခံရလတ္တံ့ဟု မိန့်တော်မူ၍ ကောင်းကင်၌ပျံ၍ ထိုမင်း၏ ဦးခေါင်းထက်၌ ခြေမှုန့်မြူကို ချသကဲ့သို့ ဟိမဝန္တာသို့သာလျှင် ကြွတော်မူ၏။ မင်းသည်လည်း ဦးခေါင်းထက်၌ မြေမှုန့်ချသော ထိုဘုရားလောင်းကိုမြင်၍ ထိတ်လန့်ခြင်း ရှိသည်ဖြစ်၍ သားကြီးအား တိုင်းပြည်ကိုပေးခဲ့၍ ဗိုလ်စုကို ပြန်စေပြီးလျှင် ဟိမဝန္တာသို့ ရှေ့ရှုသွားလေ၏။ ဘုရားလောင်းသည် ထိုသမ္ဘူတမင်း၏ လာခြင်းကိုသိ၍ ရသေ့အပေါင်း ခြံရံလျက် ခရီးဦးကြိုဆို၍ ထိုသမ္ဘူတမင်းကို ခေါ်၍ သွားပြီးလျှင် ရဟန်းပြု၍ ကသိုဏ်းပရိကံကို ကြား၏။ ထိုသမ္ဘူတသည် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေ၏။ ဤသို့လျှင် ထိုသူနှစ်ယောက်တို့သည် ဗြဟ္မာ့ပြည်သို့ လဲလျောင်းကုန်၏။

ဇာတ်ပေါင်း... ဘုရားသခင်သည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့- ပညာရှိတို့သည် ဤသို့ သုံးဘဝ လေးဘဝ ခြားခြင်းတို့သို့ ရောက်ကုန်သော်လည်း မြဲမြံစွာ ချစ်နှစ်သက်၍ အကျွမ်းဝင်သည်သတည်းဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ထိုအခါ သမ္ဘူတသုခမိန်သည် ရှင်အာနန္ဒာ ဖြစ်လာ၏။ စိတ္တသုခမိန်သည်ကား ငါဘုရားဖြစ်လာ၏။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကောင်းကျိုးလိုလား၊ မိတ်ဆွေအား၊ စိတ်ထား မပြောင်းရာ

နှစ်ခုမြောက်သော စိတ္တသမ္ဘူတဇာတ်သည် ပြီး၏။

*****