စတုဒွါရဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၃၉။ စတုဒွါရဇာတ် (၁)

ငါးရာငါးဆယ်ဇာတ်ဝတ္ထု

မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

စတုတ္ထတွဲ

ဒသကနိပါတ်

၁။ စတုဒွါရဇာတ်

မိဘကို ပုတ်ခတ်ခြင်းကြောင့် သင်ဓုန်းစက်၌ ခံရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် စတုဒွါရမိဒံ နဂရံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစတုဒွါရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆုံးမခက်သော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုကို နဝကနိပါတ် ပထမဇာတ်၌ ထင်စွာဖြစ်ခဲ့ပြီ။

ဤဒသကနိပါတ် စတုဒွါရဇာတ်၌ကား သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း... သင်သည် ဆုံးမခက်သောဟူသည် မှန်သလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီး အရှင်ဘုရား... မှန်ပေ၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း... သင်သည် ရှေး၌လည်း ဆုံးမခက်သည်၏ အဖြစ်ကြောင့် ပညာရှိတို့၏ စကားကို မနာယူ၍ သင်ဓုန်းစက်ကို ဆောင်ဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကဿပဘုရား လက်ထက်တော်ဝယ် ဗာရာဏသီပြည်၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးအား မိတ္တဝိန္ဒက မည်သော တစ်ယောက်သော သားသည် ဖြစ်၏။

ထိုမိတ္တဝိန္ဒက၏ မိဘတို့သည် သောတာပန်ဖြစ်ကုန်၏။ မိတ္တဝိန္ဒကသည်ကား သီလမရှိ၊ သဒ္ဓါတရားလည်း မရှိ၊ ထိုအခါ ထိုမိတ္တဝန္ဒကကို နောက်အဖို့၌ အဖသေလွန်သည်ရှိသော် ဥစ္စာကိုစီရင်သောအမိသည် အမောင် သင်သည် ရခဲသော လူ၏အဖြစ်ကို ရ၏။ အလှူ ပေးလော့၊ သီလဆောက်တည်လော့၊ ဥပုသ်စောင့်လော့၊ တရားနာလော့ ဟု ဆို၏။ မိခင် အကျွန်ုပ်အား အလှူပေးခြင်း အစရှိသည်တို့ဖြင့် အလိုမရှိ၊ အကျွန်ုပ်ကို မိခင်သည် တစ်စုံတစ်ခုသော စကားကို မဆိုလင့်၊ အကျွန်ုပ်သည် အလိုရှိတိုင်း ပြုအံ့ ဟု မိတ္တဝိန္ဒကသည် ဆို၏။

ဥပုသ်စောင့်ခိုင်း၍

ဤသို့ ဆိုငြားသော်လည်း ထိုမိတ္တဝိန္ဒကကို လပြည့်ဥပုသ်နေ့ဖြစ်သော တစ်နေ့သ၌ အမိသည် အမောင် ယနေ့ မှတ်အပ်သော မြတ်သော ဥပုသ်နေ့တည်း၊ ယနေ့ ဥပုသ် ဆောက် တည်၍ ကျောင်းသို့သွား၍ ခပ်သိမ်းသော ညဉ့်ပတ်လုံး တရားကို နာ၍ လာလော့၊ သင့်အား ငါသည် တစ်ထောင်သော ဥစ္စာကိုပေးအံ့ ဟု အမိသည် ဆို၏။ မိတ္တဝိန္ဒကသည် ကောင်းပြီဟု ဥစ္စာ၌ တပ်စွန်းသဖြင့် ဥပုသ်ဆောက်တည်၍ နံနက်စာစား၍ ကျောင်းသို့သွား၍ နေ့ကိုလွန်စေ၍ ညဉ့်အခါ အကြင်သို့ သဘောရှိသော အရပ်၌ နေသည်ရှိသော် တစ်ပုဒ်သော တရားသည်လည်း နား၌မတည်။ ထိုသို့ သဘောရှိသော တစ်ခုသောအရပ်၌ လျောင်းသဖြင့် အိပ်ပျော်၍ တစ်ဖန် မိုးသောက်သောနေ့၌ စောစောကလျှင် မျက်နှာသစ်၍ အိမ်သို့ သွားလေ၏။

ငွေတစ်ထောင် ပေး

မိတ္တဝိန္ဒက၏ အမိသည်ကား ယနေ့ သားသည် တရားနာ၍ စောစောကလျှင် တရားဟောမထေရ်ကို ပင့်၍ လလတ္တံ့ ဟု ယာဂု ခဲဖွယ် ဘောဇဉ်ကို စီရင်၍ နေရာခင်း၍ မိတ္တဝိန္ဒက၏ လာခြင်းကို မျှော်လတ်သော် တစ်ယောက်တည်းသာ လာသော မိတ္တဝိန္ဒကိုမြင်၍ အမောင် တရားဟော မထေရ်ကို အမောင်သည် မပင့်ခဲ့သလောဟု ဆို၍ အကျွန်ုပ်အား တရားဟောမထေရ်ဖြင့် အလိုမရှိဟု ဆိုလတ်သော် ထိုသို့တပြီးကား ယာဂုကို သောက်လော့ ဟု ဆို၏။ မိတ္တဝိန္ဒကသည် မိခင် သင်တို့သည် တစ်ထောင်သော ဥစ္စာကို ပေးအံ့ ဟု ဝန်ခံအပ်၏။ ရှေးဦးစွာ ငါ့အား တစ်ထောင်သော ဥစ္စာကို ပေးဦးလော့၊ ငါသည် နောက်မှ ယာဂုကို သောက်အံ့ ဟု ဆို၏။ ချစ်သား ယာဂုကို သောက်ဦးလော့၊ နောက်မှပေးအံ့ ဟု အမိသည် ဆို၏။ တစ်ထောင်သော ဥစ္စာကို ယူ၍သာလျှင် ယာဂုကို သောက်အံ့ဟု မိတ္တဝိန္ဒကသည် ဆို၏။ ထိုအခါ မိတ္တဝိန္ဒက၏ အမိသည် ဥစ္စာထောင်ထုပ်ကို ရှေ့၌ထား၏။ မိတ္တဝိန္ဒကသည် ယာဂုကိုသောက်၍ ဥစ္စာထောင်ထုပ်ကိုယူ၍ ကုန်သွယ်ခြင်းကိုပြုလျက် မကြာမြင့်မီလျှင် တစ်သိန်း နှစ်သောင်းသော ဥစ္စာကို ဖြစ်စေ၏။

အမိကို တွန်းထိုး၍သွား

ထိုအခါ မိတ္တဝိန္ဒကအား ငါသည် လှေတည်ထောင်၍ ကုန်ရောင်းခြင်းကို ပြုအံ့ ဟူသော အကြံသည် ဖြစ်၏။ ဖြစ်ပြီး၍ မိတ္တဗိန္ဒကသည် လှေကိုဖြစ်စေ၍ မိခင် အကျွန်ုပ်သည် လှေဖြင့်ကုန်သွယ်ခြင်းကို ပြုအံ့ဟု ဆို၏။ ထိုအခါ မိတ္တဝိန္ဒကကို အမိသည် အမောင် သင်ကား တစ်ယောက်တည်းသော သားတည်၊ ဤအိမ်၌ ဥစ္စာသည်များ၏။ သမုဒ္ဒရာသည် များသောအပြစ်ရှိ၏။ သင် မသွားလင့်ဟု မြစ်၏။ ထိုမိတ္တဝိန္ဒကသည် မိခင် ကျွန်ုပ်သွားအံ့၊ ကျွန်ုပ်ကို မိခင်သည် တားခြင်းငှာ မတတ်ကောင်း ဟု ဆို၍ အမောင် သင့်ကို ငါတားအံ့ဟု အမိသည် လက်၌ ကိုင်သည်ရှိသော် လက်ကိုလွတ်စေ၍ အမိကိုပုတ်ခတ်၍ လဲစေပြီးလျှင် အန္တရာယ်ကိုပြု၍ လှေဖြင့် သမုဒ္ဒရာသို့သွား၏။

သူယုတ် စာရေးတံမဲကျ

လှေသည် ခုနစ်ရက်မြောက်သောနေ့၌ မိတ္တဝိန္ဒကကို မှီ၍ သမုဒ္ဒရာအပြင်၌ မတုန်မလှုပ်တည်၏။ သူယုတ်မာစာရေးတံ ချခြင်းကို ပြုလတ်သော် မိတ္တဝိန္ဒက၏ လက်၌သာလျှင် စာရေးတံ သုံးကြိမ်ကျ၏။ ထိုအခါ မိတ္တဝိန္ဒကအား ဖောင်ကိုပေး၍ ဤသူကို အမှီပြု၍ များစွာသောသူတို့သည် မပျက်စီးစေကုန်သတည်းဟု မိတ္တဝိန္ဒကကို သမုဒ္ဒရာအပြင်၌ ပစ်ကုန်၏။ ထိုခဏ၌ လှေသည် လျင်မြန်သောအဟုန်ဖြင့် သမုဒ္ဒရာသို့ပြေး၏။

ပြိတ္တာမတို့နှင့်ညား

မိတ္တဝိန္ဒကသည်လည်း ဖောင်၌အိပ်၍ တစ်ခုသော ကျွန်းငယ်သို့ရောက်၏။ ထိုကျွန်းငယ်၌ ဖလ်ဗိမာန်ဝယ် လေးယောက်ကုန်သော ဝေမာနိက ပြိတ္တာမတို့ကိုမြင်၍ ထိုပြိတ္တာမတို့သည် ခုနစ်ရက် ဆင်းရဲကို ခံစားရကုန်၏။ ခုနစ်ရက် ချမ်းသာကို ခံစားရကုန်၏။ ထိုဝေမာနိက ပြိတ္တမတို့နှင့်တကွ ခုနစ်ရက် နတ်စည်းစိမ်ကို ခံစားရ၏။ ထိုအခါ မိတ္တဝိန္ဒကကို ဝေမာနိက ပြိတ္တာမတို့သည် ဆင်းရဲကို ခံအံ့သောငှာ သွားလိုကုန်သည်ရှိသော် အရှင်အကျွန်ုပ်တို့သည် ခုနစ်ရက်မြောက်သောနေ့၌ လာကုန်အံ့၊ အကြင်မျှလောက် အကျွန်ုပ်တို့သည် မလကုန်သေး၊ ထိုမျှလောက် မငြီးငွေ့သည်ဖြစ်၍ ဤဗိမာန်၌လျှင် နေလင့်လော့ ဟု ဆို၍ သွားကုန်၏။

မိတ္တဝိန္ဒကသည် တဏှာအလိုသို့ လိုက်၍ ထိုဖောင်၌လျှင် အိပ်၍ တစ်ဖန် သမုဒ္ဒရာအပြင်ဖြင့် သွားလတ်သည်ရှိသော် တစ်ခုသော ကျွန်းငယ်သို့ရောက်၍ ငွေဗိမာန်၌ ရှစ်ယောက်သော ဝေမာနိကပြိတ္တာမတို့ကို မြင်၍ ဤသို့ ရှေးနည်းဖြင့်လျှင် တစ်ခုသောကျွန်းငယ်၌ ပတ္တမြားဗိမာန်ဝယ် တစ်ကျိပ် ခြောက်ယောက်သော ဝေမာနိက ပြိတ္တာမတို့ကိုမြင်၍ တစ်ပါးသော ကျွန်းငယ်၌လျှင် ရွှေဗိမာန်ဝယ် သုံးကျိပ်နှစ်ယောက်ကုန်သော ဝေမာနိက ပြိတ္တာမတို့ကိုမြင်၍ ထိုဝေမာနိက ပြိတ္တာမတို့နှင့်တကွ နတ်စည်းစိမ်ကို စံစား၍ ထိုပြိတ္တာမတို့သည်လည်း ဆင်းရဲခံအံ့သောငှာ သွားသောကာလ၌ တစ်ဖန် သမုဒ္ဒရာအပြင်ဖြင့် သွားလတ်သည်ရှိသော် တစ်ခုသောတံတိုင်းဖြင့် ခြံရံအပ်သော လေးခုသော တံခါးရှိသော မြို့ကို မြင်၏။

ငရဲပန်းကို နတ်ပန်းထင်

များစွာကုန်သော ငရဲသူသတ္တဝါတို့သည် ဆင်းရဲကိုခံရာ အရပ်ဖြစ်သော ဥဿဒငရဲသည် မိတ္တဝိန္ဒကအား တန်ဆဆင်အပ်သော မြိုကဲ့သို့ဖြစ်၍ ထင်သတတ်၊ ထိုမိတ္တဝိန္ဒကသည် ဤမြို့သို့ဝင်၍ ငါသည် မင်းဖြစ်အံ့ ဟု ကြံ၍ သင်ဓုန်းစက်ကို ဦးခေါင်း၌ရွက်၍ မကောင်းမှုကိုခံရသော ငရဲသူ သတ္တဝါကို မြင်၏။

ထိုအခါ ငရဲသူသတ္တဝါတို့၏ ဦးခေါင်း၌ သင်ဓုန်းစက်သည် မိတ္တဝိန္ဒကအား ပဒုမာကဲ့သို့ဖြစ်၍ ထင်၏။ ရင်၌ ငါးပါးသော အင်္ဂါရှိသော အနှောင် အဖွဲ့သည် ရင်လွှမ်းတန်ဆာကဲ့သို့ဖြစ်၍ ထင်၏။ ဦးခေါင်းမှ ယိုစီးသော သွေးသည် စန္ဒကူး နံ့သာ ပျောင်းကဲ့သို့ ဖြစ်၏။ ငိုကြွေးသော အသံသည် သာယာသော သီချင်းသံကဲ့သို့ ဖြစ်၍ထင်၏။

သင်ဓုန်းစက်ကိုတောင်း

မိတ္တဝိန္ဒကသည် ထိုငရဲသူသတ္တဝါတို့၏ အထံသို့သွား၍ အိုယောကျ်ား သင်သည် တင့်တယ်ထွန်းပသော ပဒုမာကို ဆောင်အပ်၏။ ထိုပဒုမာကို ငါ့အား ပေးလော့ဟု ဆို၏။ အချင်း ဤဝတ္ထုကား ပဒုမာမဟုတ်၊ ဤဝတ္ထုသည် သင်ဓုန်းစက်တည်း ဟု ငရဲသူသတ္တဝါတို့သည် ဆို၏။ မိတ္တဝိန္ဒကလည်း အိုယောက်ျား သင်သည် ငါ့အားမပေးလိုသည်၏အဖြစ်ကြောင့် ဤသို့ဆို ဟု ဆို၏။ ငရဲသူ သတ္တဝါသည်လည်း ငါ၏ကံသည် ကုန်သည်ဖြစ်လတ္တံ့၊ ဤယောက်ျားသည်လည်း ငါကဲ့သို့ အမိကို ပုတ်ခတ်၍ လာသည် ဖြစ်ရာ၏။ ထိုယောကျ်ားအား ငါသည် သင်ဓုန်းစက်ကို ပေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအခါ မိတ္တဝိန္ဒကကို ငရဲသူသတ္တဝါသည် အို ယောက်ျား... သင်သည် ဤဝတ္ထုကို ယူလော့ ဟု ဆို၍ သင်ဓုန်းစက်ကို မိတ္တဝိန္ဒက၏ ဦးခေါင်းသို့ ပစ်အပ် ထိုသင်ဓုန်းစက်သည် မိတ္တဝိန္ဒက၏ ဦးခေါင်းသို့ကျ၏။

ငရဲခံရပြီ

ထိုခဏ၌ မိတ္တဝိန္ဒကသည် ထိုဝတ္ထုကို သင်ဓုန်းစက် ဟု သိ၍ သင်၏ သင်ဓုန်းစက်ကို သင်ယူလော့ ဟု ဝေဒနာသို့ ရောက်သည်ဖြစ်၍ ငိုကြွေး၏။ ငရဲသူသတ္တဝါသည်လည်း ကွယ်လေ၏။

ကျွန်ုပ်မှာ ဘာအပြစ်ရှိ

ထိုအခါ ဘုရားလောင်းသည် ရုက္ခစိုးနတ်ဖြစ်၍ များစွာသော အခြံအရံတို့ဖြင့် ဥဿဒငရဲသို့ ဒေသစာရီ လှည့်လည်သည်ရှိသော် ထိုအရပ်သို့ ရောက်၏။ မိတ္တဝိန္ဒကသည် ဘုရားလောင်းကို မြင်၍ ရှင်နတ်မင်း... သင်ဓုန်းစက်သည် ကျည်ပွေ့သည် နှမ်းတို့ကို ကြိတ်ဘိသကဲ့သို့ အကျွန်ုပ်ကို ကြိတ်၏။ အကျွန်ုပ်သည် အဘယ်မကောင်းမှုကို ပြုအပ်သနည်းဟု မေးလို၍ -

။ စတုဒွါရမိဒံ နဂရံ၊ အယသံ ဒဠှပါကာရံ။
ဩရုဒ္ဓပဋိရုဒ္ဓေါသ္မိ၊ ကိံ ပါပံ ပကတံ မယာ။
။ သဗ္ဗေ အပိဟိတာ ဒွါရာ၊ ဩရုဒ္ဓေါသ္မိ ယထာ ဒိဇော။
ကိမာဓိကရဏံ ယက္ခ၊ စက္ကာဘိနိဟတော အဟံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁။ ယက္ခ၊ အရှင်နတ်မင်း။ ဣဒံ နဂရံ၊ ဤမြို့သည်။ စတုဒွါရံ၊ တံခါးလေးခုရှိ၏။ အယသံ၊ သံဖြင့်ပြီးသော။ ဒဠှပါကာရံ၊ မြဲမြံသော တံတိုင်းရှိ၏။ အဟံ၊ အကျွန်ုပ်ကို။ ဩရုဒ္ဓပဋိရုဒ္ဓေါ၊ အတွင်း၌ထား၍ ထက်ဝန်းကျင်မှ တံတိုင်းဖြင့် ရံအပ်သည်။ အသ္မိ၊ ဖြစ်၏။ မယာ၊ အကျွန်ုပ်သည်။ ကိံ ပါပံ၊ အဘယ်မကောင်းမှုကို။ ပကတံ၊ ပြုအပ်သနည်း။

၂။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဒွါရာ၊ တံခါးတို့ကို။ အပိဟိတာ၊ ပိတ်အပ်ကုန်သော။ ဒိဇော ယထာ၊ ငှက်ကဲ့သို့။ အဟံ၊ အကျွန်ုပ်ကို။ ဩရုဒ္ဓေါ၊ ထက်ဝန်းကျင်မှ ပိတ်အပ်သည်။ အသ္မိ၊ ဖြစ်၏။ ကိံ အဓိကရဏံ၊ အဘယ်အကြောင်းကြောင့်။ အဟံ၊ အကျွန်ုပ်ကို။ စက္ကာဘိနိဟတော၊ သင်ဓုန်းစက်သည် နှိပ်စက် အပ်သနည်း။

မိခင်ကို ကြောက်ကန်တွန်းထိုးခဲ့

ထိုအခါ နတ်သားသည် မိတ္တဝိန္ဒကအား အကြောင်းကို ဆိုအံ့သောငှာ-

။ လဒ္ဓါ သတသဟဿာနိ၊ အတိရေကာနိ ဝီသတိ။
အနုကမ္ပကာနံ ဉာတီနံ၊ ဝစနံ သမ္မ နာကရိ။
။ လင်္ဃိံ သမုဒ္ဒံ ပက္ခန္ဒိ၊ သာဂရံ အပ္ပသိဒ္ဓိကံ။
စတုဗ္ဘိ အဋ္ဌဇ္ဈဂမာ၊ အဋ္ဌာဟိပိ စ သောဠသ။
။ သောဠာဟိ စ ဗာတ္တိံသ၊ အတြိစ္ဆံ စက္ကမာသဒေါ။
ဣစ္ဆာဟတဿ ပေါသဿ။ စက္ကံ ဘမတိ မတ္ထကေ။
။ ဥပရိဝိသာလာ ဒုပ္ပုရာ၊ ဣစ္ဆာ ဝိသဋဂါမိနီ။
ယေ စ တံ အနုဂိဇ္ဈန္တိ၊ တေ ဟောန္တိ စက္ကဓာရိနော။
။ ဗဟုဘဏ္ဍံ အဝဟာယ၊ မဂ္ဂံ အပ္ပဋိဝေက္ခိယ။
ယေသံ စေတံ အသင်္ခါတံ၊ တေ ဟောန္တိ စက္ကဓာရိနော။
။ ကမ္မံ သမေက္ခေ ဝိပုလံ စ ဘောဂံ၊
ဣစ္ဆံ န သေဝေယျ အနတ္ထသံဟိတံ။
ကရေယျ ဝါကျံ အနုကမ္ပကာနံ၊
တံ တာဒိသံ နာတိဝတ္တေယျ စက္ကံ။

ဟူသော ဤခြောက်ဂါထာတို့ကို ဆို၏။

၃။ သမ္မ၊ အချင်း မိတ္တဝိန္ဒက။ တွံ၊ သင်သည်။ အတိရေကာနိ ဝီသတိ သဟဿာနိ၊ နှစ်သောင်း အလွန်ရှိကုန်သော။ သတသဟဿာနိ၊ တစ်သိန်းသော ဥစ္စာတို့ကို။ လဒ္ဓါ၊ ရ၍။ အနုကမ္ပကာနံ၊ အစဉ် သနားကုန်သော။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ဝစနံ၊ စကားကို။ နာကရိ၊ မလိုက်နာ။

၄။ လင်္ဃိံ၊ လှေကို တံပိုးအဟုန်ဖြင့် ခုန်စေခြင်းငှာ စွမ်းနိုင်သော။ သာဂရံ၊ ရတနာတို့၏ တည်ရာဖြစ်သော။ အပ္ပသိဒ္ဓိကံ၊ နည်းသော ပြီးစီးခြင်းရှိသော။ သမုဒ္ဒံ၊ သမုဒ္ဒရာသို့။ ပက္ခန္ဒိ၊ သွား၏။ စတုဗ္ဘိ၊ လေးယောက်ကုန်သော ဝေမာနိက ပြိတ္တာမတို့မှ။ အဋ္ဌ၊ ရှစ်ယောက်ကုန်သော ဝေမာနိက ပြိတ္တာမတို့ကို။ အဇ္ဈဂမာ၊ ရ၏။ အဋ္ဌာဟိပိ စ၊ ရှစ်ယောက်ကျန်သော ဝေမာနိက ပြိတ္တာမတို့မှလည်း။ သောဠသ၊ တစ်ကျိပ်ခြောက်ယောက်ကုန်သော ဝေမာနိကပြိတ္တမတို့ကို။ အဇ္စျဂမာ၊ ရ၏။

၅။ သောဠသာဟိ စ၊ တစ်ကျိပ်ခြောက်ယောက်ကုန်သော ဝေမာနိက ပြိတ္တာမတို့မှလည်း။ ဗာတ္တိံသ၊ သုံးကျိပ်နှစ်ယောက်ကုန်သော ဝေမာနိက ပြိတ္တာမတို့ကို။ အဇ္ဈဂမာ၊ ရ၏။ အတြိစ္ဆော၊ အလွန်အလိုကြီးသော သင်သည်။ မာတုပဟရဏ အကုသသ နိဿန္ဒေန၊ အမိကိုပုတ်ခတ်သော အကုသိုလ်ကံ၏ အကျိုးဖြင့်။ စက္ကံ၊ သင်ဓုန်းစက်သို့။ အာသဒေါ၊ ရောက်၏။ ဣစ္ဆာဟတဿ၊ အလိုသည် နှိပ်စက်အပ်သော။ ပေါသဿ၊ ယောကျ်ားဖြစ်သော သင်၏။ မတ္ထကေ၊ ဦးခေါင်းထက် ၌။ စက္ကံ၊ သင်ဓုန်းစက်သည်။ ဘမတိ၊ လည်၏။

၆။ ယေ စ၊ အကြင်သူတို့သည်လည်း။ ဥပရိဝိသာလာ၊ အထက်ကျယ်ထသော။ ဒုပ္ပူရာ၊ ပြည့်နိုင်ခဲသော။ ဣစ္ဆာဝိသဋဂါမိနီ၊ အလိုရှိရာသို့ လိုက်သော။ တံ၊ ထိုတဏှာကို။ အနုဂိဇ္ဈန္တိ၊ အဖန် တလဲလဲ တပ်စွန်းကုန်၏။ တေ၊ ထိုသူတို့သည်။ စက္ကဓာရိနော၊ သင်ဓုန်းစက်ကို ဆောင်ရကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

၇။ တွံ၊ သင်သည်။ ဗဟုဘဏ္ဍဉ္စ၊ များသော ဥစ္စာကိုလည်း။ ဩဟာယ၊ စွန့်၍။ မဂ္ဂံ၊ ခရီးကို။ အပ္ပဋိဝေက္ခိယ၊ မဆင်ခြင်မူ၍။ ဂစ္ဆတိ၊ သွား၏။ ယေသံ စ၊ အကြင်သူတို့သည်လည်း။ အသင်္ခါတံ၊ မဆင်ခြင်ကုန်မူ၍။ ဧတံမဂ္ဂံ၊ ထိုခရီးသို့။ ဂစ္ဆန္တိ၊ သွားကုန်၏။ တေ စ၊ ထိုသူတို့သည်လည်း။ စက္ကဓာရိနော၊ သင်ဓုန်းစက်ကို ဆောင်ရကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

၈။ ကမ္မံ၊ အမှုကို။ သမေက္ခေ၊ ဆင်ခြင်ရာ၏။ ဝိပုလံ၊ ပြန့်ပြောသော။ ဘောဂဉ္စ၊ စည်းစိမ်ဥစ္စာကိုလည်း။ သမေက္ခေ၊ ဆင်ခြင်ရာ၏။ အနတ္ထသံဟိတံ၊ အကျိုးမဲ့နှင့်စပ်သော။ ဣစ္ဆံ၊ အလိုကို။ န သေဝေယျ၊ မမှီဝဲရာ။ အနုကမ္ပကာနံ၊ အစဉ်သနားကုန်သော မိဘတို့၏။ ဝါကျံ၊ စကားကို။ ကရေယျ၊ လိုက်နာရာ၏။ တာဒိသံ၊ ထိုသဘောရှိသော သူကို။ တံ စက္ကံ၊ ထိုသင်ဓုန်းစက်သည်။ နာတိဝတ္တေယျ-န အတိ ဝတ္တေယျ၊ မနှိပ်စက် မလွှမ်းမိုးရာ။

ကျွန်ုပ်ဘယ်လောက်ကြာ ခံရမလဲ

မိတ္တဝိန္ဒကသည် ထိုစကားကိုကြား၍ ဤနတ်သားသည် ငါပြုသောအမှုကို အမှန်အားဖြင့် သိ၏။ ဤနတ်သားသည် ငါ၏ ဆင်းရဲမှ လွတ်အံ့သော ကာလအတိုင်းအရှည်ကိုလည်း သိလတ္တံ့၊ ထိုနတ်သားကို မေးအံ့ ဟု ကြံ၍-

။ ကီဝစိရံ နု မေ ယက္ခ၊ စက္ကံ သိရသိ ဌဿတိ။
ကတိ ဝဿသဟဿာနိ၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော ကိုးခုမြောက်သော ဤဂါထာကိုဆို၏။

၉။ ယက္ခ၊ ရှင်နတ်မင်း။ စက္ကံ၊ သင်ဓုန်းစက်သည်။ ကီဝစိရံ၊ ဘယ်မျှကြမြင့်စွာလျှင်။ မေ၊ ငါ၏။ သိရသိ၊ ဦးခေါင်း၌။ ဌဿတိ၊ တည်လတ္တံ့နည်း။ ကတိဝဿသဟဿာနိ၊ အဘယ်မျှသော နှစ်အထောင်တို့ပတ်လုံး။ ဌဿတိ၊ တည်လတ္တံ့နည်း။ ပုစ္ဆိတော၊ မေးအပ်သော အရှင်နတ်မင်းသည်။ မေ၊ ငါ့အား။ တံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ကြားလော့။

သင့်အကုသိုလ်ကံ မကုန်သရွေ့

ထိုအခါ ဘုရားလောင်းသည် မိတ္တဝိန္ဒကား ဆိုလို၍-

၁၀။ အတိသရော ပစ္စသရော၊ မိတ္တဝိန္ဒ သုဏောဟိ မေ။
စက္ကံ တေ သိရသိ မာဝိဒ္ဓံ၊ န တံ ဇီဝံ ပမောက္ခသိ။

ဟူသော ဆယ်ခုမြောက်သော ဤဂါထာကို ဆို၏။

၁၀။ မိတ္တဝိန္ဒ၊ မိတ္တဝိန္ဒက။ မေ၊ ငါ၏။ ဝစနံ၊ စကားကို။ တွံ၊ သင်သည်။ သုဏောဟိ၊ နာလော့။ တွံ၊ သင်သည်။ အတိသရော၊ အလွန်ကြမ်းကြုတ်သော အမှုကို ပြုအပ်သည်၏အဖြစ်နှင့် အတိုင်း အရှည်မရှိသော ကာလပတ်လုံး အလွန်ကြီးသော ဆင်းရဲကို အောက်မေ့ရလတ္တံ့။ ပစ္စသရော၊ အဖန်တလဲလဲ အလွန်ကြီးသော ဆင်းရဲကို အောက်မေ့ရလတ္တံ့။ တေ၊ သင်၏။ သိရသိ၊ ဦးခေါင်း၌။ စက္ကံ၊ သင်ဓုန်းစက်သည်။ အာဝိဒ္ဓံ၊ အိုးထိန်းစက်ကဲ့သို့ လည်၏။ တံ၊ ထိုသင်ဓုန်းစက်ကို။ တွံ၊ သင်သည်။ ဇီဝံ၊ ကံ၏အကျိုး မကုန်သရွေ့ကာလပတ်လုံး အသက်ရှည်လျက်။ န မောက္ခသိ၊ မလွတ်စေနိုင်လတ္တံ့။

နတ်သားသည် ဤစကားကိုဆို၍ မိမိနေရာအရပ်သို့လျှင် သွား၏။ မိတ္တဝိန္ဒကသည်လည်း ကြီးစွာသော ဆင်းရဲကို ခံရ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒသနာကို ဆောင်တော်မူ၍ ယခုအခါ ဆုံးမခက်သော ရဟန်းသည် ထိုအခါ မိတ္တဝိန္ဒကဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ နတ်မင်း ဖြစ်ပြီ ဟု ဇာတ်တ်ကို ပေါင်းတော်မူ၏။

ချစ်ခင်သနား၊ မိဘအား၊ စကားနားထောင်ရာ

ရှေးဦးစွာသော စတုဒွါရဇာတ်သည် ပြီး၏။

*****