ဂူထပါဏဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၂၇။ ဂူထပါဏဇာတ် (၂-၈-၇)


ဒုကနိပါတ်-ကာသာဝဝဂ်

၇။ ဂူထပါဏဇာတ်

ချေးပိုး နှင့် ဆင်ပြောင်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သူရော သူရေန သင်္ဂမ္မ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဂူထပါဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် မထင်ရှားသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုကာလ၌ ဇေတဝန် ကျောင်းတော်မှ သုံးဂါဝုတ် ယူဇနာခွဲရှိသော အရပ်၌ တခုသော နိဂုံးရွာသည် ရှိ၏။ ထိုနိဂုံးရွာ၌ များစွာကုန်သော စာရေးတံဆွမ်း လဆန်းပက္ခ လဆုတ်ပက္ခ လှူအပ်သော ဆွမ်းတို့သည် ရှိကုန်၏။ ထိုရွာ၌ တယောက်သော ပြဿနာကို မေးတတ်သော ငတုံးသည် နေ၏။ ထိုငတုံးသည် သလာကဘတ် ပက္ခိကဘတ်တို့၏ အကျိုးငှါ သွားကုန်သော ပဉ္စင်းငယ်တို့ကို၎င်း သာမဏေတို့ကို၎င်း၊ အချို့ကုန်သော ပဉ္စင်းသာမဏေတို့ကို ခဲကုန်စဉ်၊ အချို့ကုန်သော ပဉ္စင်းသာမဏေတို့ကို သောက်ကုန်စဉ်၊ အချို့ကုန်သော ပဉ္စင်းသာမဏေတို့ကို စားကုန်စဉ် ပြဿနာကိုမေး၍ ဖြေအံ့သောငှါ မစွမ်းနိုင်ကုန်သည်ရှိသော် ရှက်စေ၏။ ထိုပဉ္စင်းသာမဏေတို့သည် ငတုံးမှကြောက်ခြင်းကြောင့် သလာကဘတ် ပက္ခိကဘတ်တို့၏ အကျိုးငှါ ထိုရွာသို့ မသွားကြကုန်၊ ထိုအခါ တနေ့သ၌ တပါးသောရဟန်းသည် စာရေးတံချရာသို့သွား၍ အရှင်ဘုရားတို့ ဤအမည်ရှိသောရွာ၌ သလာကဘတ်သည်၎င်း ပက္ခိကဘတ်သည်၎င်း ရှိသလောဟုမေး၍ ငါ့သျှင် ရှိ၏။ ထိုသို့ရှိသော်လည်း ထိုရွာ၌ တယောက်သော ငတုံးသည် ပြဿနာကိုမေးသတတ်၊ ဖြေအံ့သောငှါ မတတ်နိုင်ကုန်သော ရဟန်းသာမဏေတို့ကို ဆဲရေး၏။ ငတုံးမှ ကြောက်သောကြောင့် တစုံတယောက်သော ရဟန်းသာမဏေသည် သွားအံ့သောငှါမဝံ့ဟု ဆိုသည်ရှိသော် အရှင်ဘုရားကို ထိုရွာ၌ဆွမ်းတို့ကို ငါ့သို့ရောက်စေကုန်လော့ ငါသည် ထိုငတုံးကိုဆုံးမ၍ မာနမရှိသည်ကိုပြု၍ ထိုအခါမှစ၍ သင်တို့ကို မြင်၍ ပြေးအောင်ပြုခဲ့အံ့ဟု ဆို၏။ ရဟန်းတို့သည် ကောင်းပြီဟု ဝန်ခံ၍ ထိုရဟန်းသို့ ထိုရွာ၌ ဆွမ်းတို့ကို ရောက်စေကုန်၏။

ထိုရဟန်းသည် ထိုရွာသို့သွား၍ ရွာတံခါး၌ သင်္ကန်းကို ရုံ၏။ ထိုရဟန်းကိုမြင်၍ ငတုံးသည် ကြမ်းသောဆိတ်ကဲ့သို့ လျင်မြန်စွာ ကပ်လာတည့်၍ ရဟန်း ငါ၏ပြဿနာကို ဖြေလော့ဟု ဆို၏။ ဒါယကာ ရွာ၌ ဆွမ်းခံ၍ ယာဂုကိုယူ၍ ဆွမ်းစားစရပ်သို့ အကြင်မျှလောက် လာခြင်းသည်ရှိ၏။ ထိုမျှလောက်သောအခွင့်ကို ပေးဦးလော့ဟု ဆို၏။ ထိုငတုံးသည် ထိုရဟန်းသည် ယာဂုကိုယူ၍ ဆွမ်းစားစရပ်သို့ လာသော်လည်း ထို့အတူသာလျှင်ဆို၏။ ထိုရဟန်းသည်လည်း ထိုငတုံးကို ငါ့အား ယာဂုကို သောက်စိမ့်သောငှါ အခွင့်ပေးဦးလော့၊ ဆွမ်းစားစရပ်ကို တံမြက်လှည်းအံ့သော အခွင့်ပေးဦးလော့၊ စာရေးတံဆွမ်းကို ဆောင်အံ့သောငှါ ငါ့အား အခွင့်ပေးဦးလော့ဟု ဆို၍ စာရေးတံဆွမ်းကို ဆောင်ခဲ့၍ ထိုငတုံးကိုပင်လျှင် သပိတ်ကို ကိုင်စေ၍ လာလော့ ပြဿနာကိုမေးလတ်သော် လျောက်ပတ်သောအခါကို သိသည်ဖြစ်၍ ဖြေအံ့ဟု ရွာတံခါးအပသို့ ဆောင်၍ သင်္ကန်းကို ခေါက်၍ ပခုံး၌တင်၍ ထိုငတုံး၏လက်မှ သပိတ်ကိုယူ၍ ရပ်၏။

ထိုအရပ်၌လည်း ထိုရဟန်းကို ထိုငတုံးသည် ရဟန်း ငါ၏ပြဿနာကို ဖြေလောဟု ဆို၏။ ထိုအခါ၌ ထိုငတုံးကို ထိုရဟန်းသည် သင်၏ ပြဿနာကို ဖြေအံ့ဟု ဆို၍ တချက်တည်းဖြင့်သာလျှင် လဲစေ၍ အရိုးတို့ကို ကြေစေဘိသကဲ့သို့ သတ်ပုတ်၍ ခံတွင်း၌ မစင်ကိုထည့်၍ ယခုအခါ၌ ဤနေ့မှစ၍ ဤရွာသို့လာသော ရဟန်းကို တစုံတခုသော ပြဿနာကို မေးသောကာလ၌ သိစေအံ့ဟု ခြိမ်းချောက်၍ သွား၏။ ထိုငတုံးသည် ထိုအခါမှစ၍ ရဟန်းတို့ကို မြင်လျှင်ပြေး၏။ နောက်အဘို့၌ ထိုရဟန်း၏ ထိုအမူအရာသည် ရဟန်းသင်္ဃာ၌ ထင်ရှားသည် ဖြစ်၏။ ထိုအခါ တနေ့သ၌ ရဟန်းတို့သည် တရား သဘင်ဝယ် ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းသည် ငတုံး၏ခံတွင်း၌ မစင်ကိုထည့်၍ သွားသတတ်ဟု စကားကို ဖြစ်စေ၏။ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူလတ်သော် ဤ မည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျောက်သည်ရှိသော် ရဟန်းတို့ ထိုရဟန်းသည် ယခုအခါ၌သာလျှင် ထိုငတုံးကို မစင်ကို စားစေသည် မဟုတ်သေး၊ ရှေး၌လည်း စားစေဘူးသလျင်ကတည်းဟုမိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ အင်္ဂတိုင်း မဂဓတိုင်း၌ နေကုန်သော သူတို့သည် တဦးသည် တဦး၏ တိုင်းသွားကုန်လတ်သော် တနေ့သ၌ ထိုတိုင်းနှစ်တိုင်း၏သီမန္တရိက်၌ တခုသောအိုင်ကို မှီကုန်၍ သုရာကို သောက်ကုန်၍ ငါးအမဲကို စားကုန်၍ စောစောကလျင် လှည်းတို့ကို က, ကုန်၍ သွားကုန်၏။ ထိုသူတို့သည် သွားသောကာလ၌ တခုသော မစင်စားသော ပိုးသည် မစင်နံ့နံသောကြောင့် လာလတ်၍ ထိုသူတို့၏ သောက်ရာအရပ်၌ စွန့်အပ်သော သုရာကိုမြင်၍ ချင်ခြင်းကြောင့်သောက်၍ ယစ်သည်ဖြစ်၍ မစင်ပုံသို့ တက်၏။ ထိုပိုးသည် တက်လတ်သော် မစင်စိုသည် အတန်ငယ်ညွတ်၏။ ထိုမစင်ပိုးသည် ငါ့ကို ခံအံ့သောငှာ မစွမ်းနိုင်ဟု ကြုံးဝါး၏။ ထိုခဏ၌သာလျှင် အမုန်ယစ်သော ဆင်ပြောင် တစီးသည် ထိုအရပ်သို့ လာလတ်၍ မစင်နံ့ နံခြင်းကြောင့် စက်ဆုပ်ရွံရှာ၍ ဖဲ၏။ ထိုမစင်ပိုးသည် ထိုဆင်ပြောင်ကြီးကိုမြင်၍ ဤဆင်ပြောင်ကြီးသည် ငါမှ ကြောက်သောကြောင့် ပြေး၏ဟု အမှတ်ရှိသည်ဖြစ်၍ ဤဆင်ပြောင်ကြီးနှင့်တကွ စစ်ထိုးခြင်းကို ပြုအံ့သောငှါသင့်၏ဟု နှလုံးသွင်း၍ခေါ်လိုရကား-

၁၅၃။ သူရော သူရေန သင်္ဂမ္မ၊ ဝိက္ကန္တေန ပဟာရိနာ။
ဧဟိ နာဂ နိဝတ္တဿု၊ ကိံနု ဘီတော ပလာယသိ။
ပဿန္တု အင်္ဂမာဂဓာ၊ မမ တုယှဉ္စ ဝိက္ကမံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၅၃။ ဘော နာဂ၊ အို ဆင်ပြောင်။ သူရော၊ ရဲရင့်သောသင်သည်။ ဝိက္ကန္တေန၊ ကြီးသော လုံ့လရှိထသော။ ပဟာရိနာ၊ စစ်ထိုးခြင်းငှါ စွမ်းနိုင်ထသော။ သူရေန၊ ရဲရင့်သောငါနှင့်။ သဒ္ဓိံ၊ တကွ။ သင်္ဂမ္မ၊ ဆိုင်မိကြ၍။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ အသင်္ဂါမေတွာ၊ စစ်မထိုးဘဲ။ ဂစ္ဆတိ၊ သွားဘိသနည်း။ ဧကပဟာရောပိ၊ တကြိမ်သော ထိုးခြင်းကိုလည်း။ ဒါတဗ္ဗော နနု၊ ပေးအပ်သည် မဟုတ်လော။ နာဂ၊ ဆင်ပြောင်။ ဧဟိ၊ လာလှည့်ဦး။ နိဝတ္တဿု၊ ပြန်ခဲ့ဦး။ ဘီတော၊ ကြောက်သည်ဖြစ်၍။ ပလာယသိ ကိံနု၊ ပြေးသလော။ မမ စ၊ ငါ၏၎င်း။ တုယှဉ္စ၊ သင်၏၎င်း။ ဝိက္ကမံ၊ လုံ့လကို။ အင်္ဂမာဂဓာ၊ အင်္ဂတိုင်းသား မဂဓတိုင်းသားတို့သည်။ ပဿန္တု၊ မြင်စေကုန်သတည်း။

ထိုဆင်သည် နားထောင်၍ ထိုမစင်ပိုး၏ စကားကို ကြား၍ ထိုမစင်ပိုး၏အထံသို့ သွား၍ ထိုမစင်ပိုးကို ခြိမ်းမောင်းလိုရကား-

၁၅၄။ န တံ ပါဒါ ဝဓိဿာမိ၊ န ဒန္တေဘိ န သောဏ္ဍိယာ။
မီဠှေန တံ ဝဓိဿာမိ၊ ပူတိ ဟညတု ပူတိနာ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၁၅၄။ ဂူထပါဏ၊ မစင်ပိုး။ တံ၊ သင့်ကို။ ပါဒါ-ပါဒေဟိ၊ ခြေတို့ဖြင့်။ န ဝဓိဿာမိ၊ ငါမသတ်အံ့။ ဒန္တေဘိ၊ အစွယ်တို့ဖြင့်လည်း။ န ဝဓိဿာမိ၊ ငါမသတ်အံ့။ သောဏ္ဍိယာ၊ နှာမောင်းဖြင့်။ န ဝဓိဿာမိ၊ ငါမသတ်အံ့။ မိဠှေန၊ မစင်ဖြင့်သာလျှင်။ တံ၊ သင့်ကို။ ဝဓိဿာမိ၊ သတ်လိုက်အံ့။ ပူတိ၊ မစင်ပိုးသည်။ ပူတိနာ၊ မစင်ဖြင့်။ ဟညတု၊ သေစေသတည်း။

ဤသို့ မစင်ပိုးသည် မစင်ဖြင့်သာလျှင် သေစေသတည်းဟု ဆို၍ ထိုမစင်ပိုး၏ထိပ်ထက်၌ ကြီးစွာသော ထိုမစင်တုံးကို ချလိုက်၍ ကျင်ငယ်ကို စွန့်လိုက်၍ ထိုအရပ်၌လျှင် ထိုမစင်ပိုးကို အသက်ကုန်ခြင်းသို့ ရောက်စေ၍ ကြိုးကြာသံနှင့်တူသော ဆင်သံကို ဟီလျက် တောသို့ဝင်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ငတုံးသည် ထိုအခါ မစင်ပိုးဖြစ်ဘူးပြီ၊ ယခုအခါ ထိုရဟန်းသည် ထိုအခါ ဆင်ပြောင်ကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ထိုအကြောင်းကို မျက်မှောက်ပြုခဲ့ရသော ထိုတောအုပ်၌ နေသောနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

အံ့မတုသင့်၊ ဖက်ပြိုင်လင့်၊ ဘေးနှင့် လက်ငင်းတွေ့

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဂူထပါဏဇာတ်သည် ပြီး၏။

*****