ဂိဇ္ဈဇာတ် -၁

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၆၄။ ဂိဇ္ဈဇာတ် (၂-၂-၄)


ဒုကနိပါတ်-သန္ထဝဝဂ်

၄။ ဂိဇ္ဈဇာတ်

မိဘလုပ်ကျွေးသော လင်းတ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ယံ နု ဂိဇ္ဈော ယောဇနသတံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဂိဇ္ဈဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တပါးသောမိဘတို့ကို လုပ်ကျွေးသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ဝတ္ထုသည် သုဝဏ္ဏသာမ ဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့၊ အထူးကား သဗ္ဗညူမြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း သင်သည် လူတို့ကိုမွေးမြု၏ဟု ငါကြားတော်မူသည် မှန်သလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း သင်သည် အဘယ်သူတို့ကို မွေးမြူသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား မိဘတို့ကို မွေးမြူပါ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း ကောင်းစွ ကောင်းစွဟု ထိုရဟန်းအား ကောင်းချီးပေးတော်မူ၍ ရဟန်းတို့ ဤရဟန်းကို သင်တို့သည် မကဲ့ရဲ့ကြကုန်လင့်၊ ရှေးပညာရှိတို့သည်လည်း ကျေးဇူးကိုသိသည်၏ အစွမ်းအားဖြင့် အဆွေမတော်ကုန်သော သူတို့အားလည်း ကျေးဇူး ဆပ်ခြင်းကို ပြုကုန်၏။ မိဘတို့အား မွေးမြူခြင်းသည်ကား ဤရဟန်း၏ ဝန်ဖြစ်ပေသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည်ဂိဇ္ဈကုဋ်တောင်ဝယ် လင်းတမျိုး၌ဖြစ်၍ မိဘတို့ကို မွေးမြု၏။ ထိုအခါ တပါးသောကာလ၌ သည်းထန်စွာသော လေနှင့်တကွသော မိုဃ်းရွာခြင်းသည် ဖြစ်၏။ လင်းတတို့သည် လေလာလျက် ရွာသောမိုဃ်းကို သည်းခံအံ့သောငှါ မတတ်နိုင်ကုန်သည်ဖြစ်၍ ချမ်းခြင်းတည်းဟူသောဘေးကြောင့် ဗာရာဏသီပြည်သို့ သွားကုန်၍ မြို့တံခါးတိုင်၏ အနီး၌၎င်း ကျုံး၏အနီး၌၎င်း ချမ်းအေးခြင်းကြောင့် တုန်ယင်ကုန်လျက် နေကြကုန်၏။ ထိုအခါ၌ ဗာရာဏသီသူဌေးသည် မြို့မှထွက်၍ မြစ်သို့ ရေချိုးအံ့သောငှါ သွားသည်ရှိသော် ထိုလင်းတတို့ ပင်ပန်းကုန်သည်တို့ကိုမြင်၍ တခုသော မိုဃ်းမစုတ်ရာအရပ်၌ စည်းဝေးစေပြီးလျှင် မီးကိုညှိစေ၍ မိမိအား မှီဝဲခစားကုန်သောသူတို့ကို သုသာန်သို့စေလိုက်၍ နွားသားတို့ကိုဆောင်စေ၍ ထိုလင်းတတို့ကိုစားစေ၍ အစောင့်အရှောက်ကိုထား၏။ လင်းတတို့သည် လေနှင့်တကွ ရွာသောမိုဃ်းသည် ငြိမ်းလတ်သည်ရှိသော် ခံ့သောကိုယ်ရှိကုန်သည်ဖြစ်၍ ဂိဇ္ဈကုဋ်တောင်သိုသာလျှင် ပျံကြကုန်၏။ ထိုလင်းတတို့သည် ထိုတောင်၌သာလျှင်စည်းဝေးကုန်၍ အချင်းတို့ ဗာရာဏသီ သူဌေးသည် ငါတို့အား ကျေးဇူးပြုအပ်၏။ ပြုဘူးသော ကျေးဇူးရှိပေသော သူအားလည်း ကျေးဇူးမည်သည်ကို ပြုခြင်းငှါ အပ်၏။ ထို့ကြောင့် ဤနေ့မှစ၍ သင်တို့တွင် အကြင်လင်းတသည် အကြင်အဝတ်ကို၎င်း အကြင်တန်ဆာကို၎င်း ရအံ့၊ ထိုလင်းတသည် ထိုအဝတ်တန်ဆာကို ဗာရာဏသီ သူဌေး၏ အိမ်အထက် ကောင်းကင်ပြင်၌ ချအပ်၏ဟု တိုင်ပင်ကုန်၏။

ထိုအခါမှစ၍ လင်းတတို့သည် လူတို့၏ အဝတ်တန်ဆာတို့ကို နေပူ၌လှန်းစဉ် မေ့လျော့ခြင်းကို ကြည့်ကုန်၍ စွန်တို့သည် သားတစ်ကို ထိုးယူချီကုန်သကဲ့သို့ ထို့အတူ အဆောတလျင်ချီကုန်၍ ဗာရာဏသီသူဌေး၏အိမ်အထက်ကောင်းကင်၌ ချကုန်၏။ ထိုဗာရာဏသီသူဌေးသည် လင်းတတို့၏ ဆောင်ခဲ့သည်၏အဖြစ်ကိုသိ၍ အလုံးစုံကုန်သော အဝတ်တန်ဆာတို့ကို အသီးအသီးသာလျှင်ထား၏။ ပြည်သူတို့သည် မြတ်သောမင်းကြီး လင်းတတို့သည် မြို့ကိုဖျက်ဆီးကုန်၏ဟု မင်းအား ကြားလျှောက်ကုန်၏။ မင်းသည် တခုသောလင်းတကို ဖမ်းကြကုန်ဦးလော့၊ အလုံးစုံသော ဝတ်စား တန်ဆာတို့ကို ဆောင်စေအံ့ဟုဆို၍ ထိုထိုအရပ်၌ ကွင်းတို့ကို၎င်း ကွန်တို့ကို၎င်း ထောင်စေ၏။ အမိအားလုပ်ကျွေးသောလင်းတကို မိ၏။ ထိုအမိအားလုပ်ကျွေးသော လင်းတကိုယူကုန်၍ မင်းအား ပြကုန်အံ့ဟု သွားကုန်၏။ ဗာရာဏသီသူဌေးသည်ကား မင်းခစားရာသို့သွားသည်ရှိသော် ထိုလူတို့ လင်းတကိုယူ၍ သွားကုန်သည်တို့ကိုမြင်၍ အချင်းတို့ ဤလင်းတကို မသတ်ပါကုန်လင့်ဟု ဆို၍ ထိုလင်းတကိုယူ၍ သွားကုန်သောသူတို့နှင့် အတူတကွသာလျှင် လိုက်၏။ လူတို့သည် လင်းတကို မင်းအား ပြကုန်၏။ ထိုအခါ၌ ထိုလင်းတကို မင်းသည် အိုလင်းတ သင်တို့သည် မြို့ကိုဖျက်ဆီးကုန်၍ အဝတ်အစရှိသည်တို့ကို ယူကုန်သလောဟု မေး၏။ မြတ်သောမင်းကြီး ယူပေကုန်၏ဟု ဆို၏။ အို လင်းတ သင်တို့သည် ထိုဝတ်စား တန်ဆာတို့ကို အဘယ်သူအား ပေးအပ်ကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ဗာရာဏသီသူဌေးအား ပေးကုန်၏ဟု ဆို၏။ အဘယ်ကြောင့် ဗာရာဏသီသူဌေးအား ပေးအပ်ကုန်သနည်းဟု မေး၏။ မြတ်သောမင်းကြီး ထိုဗာရာဏသီသူဌေးသည် အကျွန်ုပ်တို့အား အသက်ကို ပေးအပ်၏။ ကျေးဇူးရှိသောသူကို ကျေးဇူးတုံ့ပြုအံ့သောငှါ အပ်၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပေးကုန်၏ဟု ဆို၏။ ထိုအခါ၌ ထိုဘုရားလောင်းကို မင်းသည် အို လင်းတ လင်းတတို့သည်ကား ယူဇနာတရာထက်၌တည်ကုန်၍ သားကောင်ကိုမြင်ကုန်လျက် အဘယ့်ကြောင့် သင်သည် မိမိအကျိုးငှါ ထောင်အပ်သော ကွင်းကို မမြင်သနည်းဟု ဆိုလိုရကား-

၂၇။ ယံ နု ဂိဇ္ဈော ယောဇနသတံ၊ ကုဏပါနိ အဝေက္ခတိ။
ကသ္မာ ဇာလဉ္စ ပါသဉ္စ၊ အာသဇ္ဇာပိ န ဗုဇ္စျသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၇။ ဘော ဂိဇ္ဈ၊ အို လင်းတ။ ဂိဇ္ဈော နု-ဂိဇ္ဈော နာမ၊ လင်းတ မည်သည်ကား။ ယောဇနသတံ၊ ယူဇနာ တရာကို။ အတိက္ကမိတွာ၊ လွန်၍။ ဌိတာနိ၊ တည်ကုန်သော။ ကုဏပါနိ၊ သား ကောင်ပုပ်တို့ကို။ အဝေက္ခတိ၊ မြင်၏ဟူသတတ်။ တွံ၊ သင်သည်။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှ။ ဩဍ္ဍိတံ၊ ထောင်အပ်သော။ ဇာလဉ္စ၊ ကွန်သို့၎င်း။ ပါသဉ္စ၊ ကျော့ကွင်းသို့၎င်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ ကသ္မာ၊ အဘယ့်ကြောင့်။ န ဗုဇ္စျသိ၊ မသိဘိသနည်း။

လင်းတသည် ထိုမင်း၏ စကားကို ကြား၍-

၂၈။ ယဒါ ပရာဘဝေါ ဟောတိ၊ ပေါသော ဇီဝိတသင်္ခယော။
အထ ဇာလဉ္စ ပါသဉ္စ၊ အာသဇ္ဇာပိ န ဗုဇ္စျတိ။

ဟူသော နှစ်ခုရှိ၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၂၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယဒါ၊ အကြင်အခါ၌။ ယော ပေါသော၊ အကြင်သတ္တဝါသည်။ ပရာဘဝေါ၊ ပျက်စီးလိုသည်။ ဇီဝိတသင်္ခယော၊ အသက်ကုန်လိုသည်။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုအခါ၌။ သော ပေါသော၊ ထိုသတ္တဝါသည်။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှါ။ ဩဍ္ဍိတံ၊ ထောင်အပ်သော။ ဇာလဉ္စ၊ ကွန်သို့၎င်း။ ပါသဉ္စ၊ ကျော့ကွင်းသို့၎င်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ န ဗုဇ္စျတိ၊ မသိ။

မင်းသည် လင်းတ၏စကားကိုကြား၍ သူဌေးကြီး လင်းတတို့သည် သင်၏အိမ်သို့ ပုဆိုးအဝတ်အစရှိသည်တို့ကို ဆောင်အပ်ကုန်၏ဟူသည် မှန်သလောဟု သူဌေးကို မေး၏။ အရှင်မင်းကြီး မှန်ပေ၏ဟု လျှောက်၏။ သူဌေးကြီး ထိုအဝတ်တန်ဆာတို့ကို အဘယ်၌သင်ထားအပ်သနည်းဟု မေး၏။ အရှင်မင်းကြီး အကြင် အထည်ဝတ်စာ တန်ဆာသည် အကြင်သူတို့၏ ဥစ္စာဖြစ်၏။ ထိုဝတ်စားတန်ဆာကို ထိုဥစ္စာရှင်တို့အား ပေးအံ့ဟု နှလုံးသွင်း၍ အကျွန်ုပ်သည် အလုံးစုံကုန်သော ဝတ်စားတန်ဆာတို့ကို အသီးအသီး ထားအပ်ကုန်၏ဟု လျောက်၏။ မင်းသည် ဤလင်းတကို လွှတ်ကုန်လော့ဟုဆို၍ လွှတ်စေ၍ သူဌေးကြီးကို ဥစ္စာတို့ကို အလုံးစုံကုန်သောဥစ္စာရှင်တို့အား ပေးစေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဟောတော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ မိဘတို့ကို လုပ်ကျွေးသောရဟန်းသည် သောတာပတ္တိဖိုလ်၌တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်း ဟူမူကား ရဟန်းတို့ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဗာရာဏသီ သူဌေးကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ အမိကိုလုပ်ကျွေးသော လင်းတ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မိဘဟူက လုပ်ကျွေးရ၊ ဗုဒ္ဓ ချီးမွမ်းရှာ

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဂိဇ္စျဇာတ်သည် ပြီး၏။

*****