ဂန္ဓတိန္ဒုကဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၂၀။ ဂန္ဓတိန္ဒုကဇာတ် (၁၀)


တိံသနိပါတ်

၁၀။ ဘဏ္ဍုတိန္ဒုကဇာတ်

ပြည့်ရှင်မင်းတို့ အဂတိလေးပါး မလိုက်စားသင့်ခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အပ္ပမာဒေါ အမတံ ပဒံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘဏ္ဍုတိန္ဒုကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ပသေနဒီ ကောသလမင်းကြီးအား ဆုံးမတော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုမင်းအား ဆုံးမတော်မူခြင်းကို အောက်၌ ချဲ့အပ်ပြီးသလျင်ကတည်း။ အထူးကား

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကပ္ပိလတိုင်း ဥတ္တရ ပဉ္စာလပြည်၌ ပဉ္စာလမည်သော မင်းသည် အဂတိလေးပါးသို့ လိုက်ခြင်း၌တည်လျက် အဓမ္မဖြင့် မေ့လျော့သည်ဖြစ်၍ မင်းပြု၏။ ထိုအခါ ထိုမင်း၏ မှူးမတ်အစရှိသော အလုံးစုံသော သူတို့သည် တရား မစောင့်ကုန်သည်လျှင် ဖြစ်ကုန်၏။ အခွန်အတုတ်ဖြင့် နှိပ်စက်အပ်ကုန်သော တိုင်းပြည်၌နေသော သူတို့သည် သားမယားတို့ကို ယူ၍ တော၌ သမင်တို့ကဲ့သို့ သွားကုန်၏။ ရွာတည်ရာ၌ ရွာမည်သည် မဖြစ်၊ လူတို့သည် မင်းသံတမန်မှ ကြောက်ကုန်သောကြောင့် နေ့အခါ အိမ်၌နေခြင်းငှါ မတတ်နိုင်ကုန်၊ အိမ်တို့ကို ဆူးခက်တို့ဖြင့် ခြံရံ၍ ညဉ့်၌နေ၍ အရုဏ်တက်သောအခါကလျှင် တောသို့ ပြေးဝင်ရကုန်၏။ နေ့၌ မင်းသံတမန်တို့သည် လုယက်ကုန်၏။ ညဉ့်၌ ခိုးသူတို့သည် လုယက်ကုန်၏။

ထိုအခါ ဘုရားလောင်းသည် မြို့ပ၌ တည်ပင်စောင့်နတ် ဖြစ်၏။ နှစ်တိုင်းနှစ်တိုင်း မင်း၏အထံမှ အဘိုးတထောင်ထိုက်သော ပူဇော်သက္ကာရကို ရ၏။ ထိုဘုရားလောင်း တည်ပင်စောင့်နတ်သည် ဤသို့ကြံ၏။ ဤမင်းသည် မေ့လျော့သည်ဖြစ်၍ မင်းပြု၏။ အလုံးစုံသော တိုင်းပြည်ကို ဖျက်ဆီး၏။ ငါ့ကိုထား၍ ငါမှတပါးသော မင်းကို သင့်တင့်သော အကျင့်၌ ယှဉ်စေခြင်းငှါ စွမ်းနိုင်သော သူမည်သည် မရှိ၊ ငါ့အား ကျေးဇူးလည်း ရှိပေ၏။ နှစ်တိုင်း နှစ်တိုင်း အဘိုးတထောင်ထိုက်ဖြင့် ပူဇော်ပေ၏။ ထိုမင်းကို ဆုံးမအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုတည်ပင်စောင့်နတ်သည် ညဉ့်အဘို့၌ မင်း၏ ကြက်သရေရှိသော တိုက်ခန်းသို့ ဝင်၍ ဦးခေါင်းရင်း နံပါး၌ ရပ်လျက် အရောင်ကိုလွှတ်၍ ကောင်းကင်၌ တည်၏။

မင်းသည် ထိုဘုရားလောင်းကို တက်သစ်သော နေလုလင်ကဲ့သို့ ထွန်းတောက်ပသည်ကို မြင်၍ သင်သည် အဘယ်သူနည်း၊ အဘယ်အကြောင်းကြောင့် ဤအရပ်သို့ လာသနည်းဟု မေး၏။ ထိုဘုရားလောင်းသည် မင်း၏စကားကို ကြား၍ မြတ်သောမင်းကြီး- ငါသည် တည်ပင်စောင့် နတ်တည်း၊ ရှင်မင်းကြီးအား အဆုံးအမကို ပေးအံ့ဟု ကြံ၍ လာ၏ဟု ဆိုလတ်သော် အဘယ်မည်သော အဆုံးအမကို ငါ့အား သင်ပေးအံ့နည်းဟု မေးသည် ရှိသော် မြတ်သောမင်းကြီး- ရှင်မင်းကြီးသည် မေ့လျော့သည်ဖြစ်၍ မင်းပြု၏။ ထို့ကြောင့် ရှင်မင်းကြီး၏ အလုံးစုံသော တိုင်းပြည်သည် လုယက်ဖျက်ဆီးသည်ဖြစ်၍ ပျက်စီး၏။ ပြည့်ရှင်မင်း မည်သည်ကား မေ့လျော့သဖြင့် မင်းပြုသည်ရှိသော် အလုံးစုံသော တိုင်းပြည်၏အရှင်မဖြစ်ရာ၊ ပစ္စုပ္ပန် မျက်မှောက်၌လည်း ပျက်စီးခြင်းသို့ ရောက်၍ တမလွန်၌မူကား ငရဲကြီး၌ ဖြစ်ကုန်၏။ ထိုပြည့်ရှင်မင်းတို့သည် မမေ့မလျော့ကုန်သည်ရှိသော် ထိုမင်း၏ တိုင်းပြည်တွင်း၌ နေကုန်သော သူတို့သည်၎င်း, ပြည်ပ၌ နေကုန်သော သူတို့သည်၎င်း မမေ့မလျော့ကုန်သည်သာလျှင် ဖြစ်ကုန်၏။ ထို့ကြောင့် ပြည့်ရှင်မင်းသည် အတိုင်းထက်အလွန် မမေ့မလျော့သည် ဖြစ်ရာ၏ဟု ဆို၍ တရားဟော လိုရကား-

၃၃၂။ အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မိယီန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
။ လ။
၃၄၂။ ဥပဿုတိံ မဟာရာဇ၊ ရဋ္ဌေ ဇနပဒေ စရ။
တတ္ထ ဒိသွာ စ သုတွာ စ၊ တတော တံ ပဋိပဇ္ဇသိ။

ဟူသော ဤတဆယ့်တဂါထာတို့ကို ဆို၏။

၃၃၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အပ္ပမာဒေါ၊ မမေ့မလျော့ခြင်းသည်။ အမတံ-အမတဿ၊ သေခြင်းကင်းသော အမြိုက်နိဗ္ဗာန်၏။ ပဒံ၊ အကြောင်းတည်း။ ပမာဒေါ၊ မေ့လျော့ခြင်းသည်။ မစ္စုနော၊ အဖန်တလဲလဲ သေခြင်း၏။ ပဒံ၊ အကြောင်းတည်း။ အပ္ပမတ္တာ၊ မမေ့မလျော့ကုန်သော သူတို့သည်။ န မီယိန္တိ၊ မသေသည် မည်ကုန်၏။ ယေ၊ အကြင်သူတို့သည်။ ပမတ်တာ၊ မေ့လျော့ကုန်၏။ တေ၊ ထိုမေ့လျော့သော သူတို့သည်။ မတာ ယထာ၊ သေသည်နှင့်တူကုန်၏။

၃၃၃။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မဒါ၊ အနာကင်းသောမာန်, အရွယ်ကောင်းသောမာန်, အသက်ရှည်မာန်ယစ်ခြင်းကြောင့်။ ပမာဒေါ၊ မေ့လျော့ခြင်းသည်။ ဇာယေထ၊ ဖြစ်ရာ၏။ ပမာဒါ၊ မေ့လျော့ခြင်းကြောင့်။ ခယော၊ အမျိုး, ဥစ္စာ, အသက်ကုန်ခြင်းသည်။ ဇာယတေ၊ ဖြစ်ရာ၏။ ခယာ၊ ဥစ္စာအခြံအရံ ကုန်ခြင်းကြောင့်။ ပဒေါသာ၊ အပြစ်တို့သည်။ ဇာယန္တိ၊ ဖြစ်ကုန်၏။ ဘရတ၊ ဘရတ အမည်ရှိသော။ ဥသဘ၊ မင်းမြတ်။ တသ္မာ၊ ထို့ကြောင့်။ မာ ပမာဒေါ၊ မမေ့မလျော့လင့်။

၃၃၄။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ ဗဟူ၊ များစွာကုန်သော။ ပမာဒိနော၊ မေ့လျော့ခြင်း ရှိကုန်သော။ ခတ္တိယာ၊ မင်းတို့သည်။ အတ္ထံ၊ အစီးအပွားကို၎င်း။ ရဋ္ဌံ၊ တိုင်းပြည်ကို၎င်း။ ဇိဏ္ဏာ ဝိနဋ္ဌာ၊ ဖျက်ဆီးသည် မည်ကုန်၏။ အထော၊ ထိုမြို့။ ဂါမိနောပိ၊ ရွာစားတို့သည်၎င်း။ ဂါမာ၊ ရွာ၌နေသော သူတို့သည်၎င်း။ ဇိဏ္ဏာ၊ ယုတ်ကုန်၏။ ပမာဒိနော၊ မေ့လျော့ခြင်း ရှိကုန်သော။ အနာဂါရာ၊ ရဟန်းတို့သည်။ ဇိဏ္ဏာ၊ ရဟန်းအကျင့်မှ ယုတ်ကုန်၏။ အဂါရိနော၊ လူတို့သည်။ ဇိဏ္ဏာ၊ ဥစ္စာစည်းစိမ်မှ ယုတ်ကုန်၏။

၃၃၅။ ရဋ္ဌဝဍ္ဎန၊ ပြည်တိုင်းကား၏ အစီးအပွားကို ဆောင်တော်မူတတ်သော။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပမတ္တဿ၊ မေ့လျော့သော။ ခတ္တိယဿ၊ ပြည့်ရှင်မင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းပြည်၌။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဘောဂါ၊ စည်းစိမ်တို့သည်။ ဝိနဿန္တိ၊ ပျက်စီးကုန်၏။ တံ၊ ထိုမေ့လျော့ခြင်းကို။ ရညော၊ ပြည့်ရှင်မင်း၏။ အဃံ၊ ဆင်းရဲခြင်း၏ အကြောင်းဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။

၃၃၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အတိဝေလံ၊ အပိုင်းအခြားကိုလွန်၍။ တွံ၊ ရှင်မင်းကြီးသည်။ ယံ ပမဇ္ဇသိ၊ အကြင်မေ့လျော့၏။ ဧသော၊ ဤသို့မေ့လျော့ခြင်းသည်။ န ဓမ္မော၊ ရှေးမင်းတို့၏ အကျင့်သဘော မဟုတ်။ တေ၊ အရှင်မင်းကြီး၏။ ဣဒ္ဓံ၊ ထမင်းအဖျော်စသည်နှင့် ပြည့်စုံသော။ ဖီတံ၊ ရွှေငွေစသည်ဖြင့် ကြွယ်ဝသော။ နံ ဇနပဒံ၊ ထိုဇနပုဒ်ကို။ စောရာ၊ ခိုးသူတို့သည်။ ဝိဓံသယန္တိ၊ လုယက်ဖျက်ဆီးကုန်၏။

၃၃၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တေ၊ အရှင်မင်းကြီး၏။ ပုတ္တာ၊ သားတို့သည်။ ပဝေဏိ ပါလကာ၊ အစဉ်အဆက်ကို စောင့်နိုင်ကုန်သည်။ န ဘဝိဿန္တိ၊ မဖြစ်ကုန်လတ္တံ့။ ဟိရညနိဓာနိယာ၊ ရွှေတိုက်တို့သည်။ န ဘဝိဿန္တိ၊ မဖြစ်ကုန်လတ္တံ့။ ရဋ္ဌံ ဝါ၊ တိုင်းပြည်၌မူလည်း။ ဝိလုပ္ပမာနမှိ၊ လုယက်ဖျက်ဆီးသည်ရှိသော်။ သဗ္ဗဘောဂေဟိ၊ အလုံးစုံသော စည်းစိမ် ဥစ္စာတို့မှ။ တွံ၊ ရှင်မင်းကြီးသည်။ ဇိယျသိ၊ ယုတ်၏။

၃၃၈။ ခတ္တိယ၊ ရေမြေ့အရှင်။ သဗ္ဗဘောဂါ၊ အလုံးစုံသော စည်းစိမ်မှ။ ပရိဇိဏ္ဏံ၊ ယုတ်သောသူကို။ ရာဇာနံ ဝါပိ၊ မင်းပင် ဖြစ်ငြားသော်လည်း။ ဉာတိမိတ္တာ စ၊ အဆွေအမျိုး အဆွေခင်ပွန်းတို့သည်၎င်း။ သုဟဇ္ဇာ စ၊ ချစ်သော သူတို့သည်၎င်း။ တံ၊ ထိုဥစ္စာစည်းစိမ် ပျက်စီးသောမင်းကို။ မန္နိယံ၊ သိအပ်၏ဟူ၍။ န မညန္တိ၊ မအောက်မေ့ကုန်။

၃၃၉။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တမေဝ၊ ထိုမင်းကိုလျှင်။ ဥပဇီဝန္တာ၊ မှီ၍ အသက်မွေးကုန်သော။ ဟတ္ထာရောဟာ၊ ဆင်စီး သူရဲတို့သည်၎င်း။ အနီကဋ္ဌာ၊ မင်းကြီး သက်တော် စောင့်တို့သည်၎င်း။ ရထိကာ၊ ရထားစီးသူရဲတို့သည်၎င်း။ ပတ္တိကာရကာ၊ ခြေသည်သူရဲတို့သည်၎င်း။ တံ၊ ထိုမင်းဆင်းရဲကို။ မန္နိယံ၊ သိအပ်၏ဟူ၍။ န မညန္တိ၊ မအောက်မေ့ကုန်။

၃၄၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အသံဝိဟိတကမ္မန္တံ၊ မစုံစမ်း မဆင်ခြင်ဘဲ အမှုကို ပြုတတ်သော။ ဗာလံ၊ မိုက်စွာသော။ ဒုမ္မတိမန္တိနံ၊ အလွန်မသိသော။ ဒုမ္မေဓံ၊ ပညာနည်းသော။ ရာဇာနံ၊ မင်းကို။ သိရီ၊ ဘုန်းကြက်သရေသည်။ ဇဟာတိ၊ စွန့်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဥရဂေါ၊ မြွေသည်။ ဇိဏ္ဏံ၊ ဟောင်းလေပြီးသော။ တစံ၊ အရေကို။ ဇဟတိ ဣဝ၊ စွန့်သကဲ့သို့တည်း။

၃၄၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သုသံဝိဟိတကမ္မန္တံ၊ မကောင်းမှုကို မပြုသော။ ကာလုဋ္ဌာယီ၊ သင့်သောအခါ၌ လုံ့လပြုလေ့ရှိသော။ အတန္ဒိတံ၊ မပျင်းမရိသော။ ရာဇာနံ၊ မင်းတို့အား။ သ ဥသဘာ၊ ဥသဘနှင့် တကွကုန်သော။ ဂါဝေါ၊ နွားတို့သည်။ အဘိဝဍ္ဎန္တိ ဣဝ၊ ပွားကုန်သကဲ့သို့။ သဗ္ဗေ၊ အလုံးစုံကုန်သော။ ဘောဂါ၊ စည်းစိမ်ဥစ္စာတို့သည်။ ဝဍ္ဎန္တိ၊ ပွားများကုန်၏။

၃၄၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဥပဿုတိ၊ ပြည်သူတို့အနီးသို့ ကပ်၍ နားထောင်လျက်။ ရဋ္ဌေ၊ တိုင်းပြည်၌၎င်း။ ဇနပဒေ၊ ဇနပုဒ်၌၎င်း။ စရ၊ ကြွတော်မူလော့။ တတ္ထ၊ ထိုပြည်ရွာဇနပုဒ်၌။ ဒိသွာ စ၊ မြင်၍၎င်း။ သုတွာ စ၊ ကြား၍၎င်း။ တတော၊ ထိုမြင်ရာ ကြားရာမှ။ တွံ၊ ရှင်မင်းကြီးသည်။ ပဋိပဇ္ဇသိ၊ ကျင့်ရပါလတ္တံ့။

ဤသို့ဘုရားလောင်းသည် တဆယ့်တဂါထာတို့ဖြင့် မင်းကို ဆုံးမ၍ မင်းကြီး- သွားချေ၊ ကြာမြင့်ခြင်းကို မပြုမူ၍ စုံစမ်းလော့၊ တိုင်းပြည်ကို မဖျက်ဆီးလင့်ဟု ဆို၍ မိမိနေရာ ဗိမာန်သို့လျှင် သွား၏။ ထိုမင်းသည်လည်း ဘုရားလောင်းစကားကို ကြားရလျှင် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ မိုးသောက်သောနေ့၌ တိုင်းပြည်ကို မှူးမတ်တို့အား အပ်နှင်းခဲ့၍ ပုရောဟိတ်နှင့်တကွ စောစောကလျှင် အရှေ့တံခါးမဖြင့် မြို့မှထွက်၍ တယူဇနာရှိသော အရပ်သို့ ရောက်၏။ ထိုအရပ်၌ တခုသောရွာဝယ် နေသော လူအိုသည် တောအုပ်မှ ဆူးခက်ကို ဆောင်ယူခဲ့၍ အိမ်တံခါးကို ဆို့ပိတ်ပြီးလျှင် သားမယားကို ယူ၍ တောသို့ဝင်၍ ညအခါ၌ မင်းချင်း တမန်တို့သည် သွားကုန်သည်ရှိသော် မိမိအိမ်သို့ ပြန်လာခဲ့၍ အိမ်တံခါး၌ ဆူးစူးသည်ဖြစ်၍ ဆောင့်ကြောင့် ထိုင်၍ ဆူးကို နုတ်လျက် မင်းကို ကျိန်ဆဲလိုရကား-

၃၄၃။ ဧဝံ ဝေဒေတု ပဉ္စာလော၊ သင်္ဂါမေ သရမပ္ပိတော။
ယထာဟမဇ္ဇ ဝေဒေမိ၊ ကဏ္ဋကေန သမပ္ပိတော။

ဟူသော ဤဂါထာကို ဆို၏။

၃၄၃။ အဇ္ဇ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ ကဏ္ဋကေန၊ ဆူးဖြင့်။ သမပ္ပိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။ ဝေဒေမိ ယထာ၊ ဆင်းရဲခံရသကဲ့သို့။ ဧဝံ၊ ဤအတူ။ သင်္ဂါမေ၊ စစ်မြေအရပ်၌။ သရမပ္ပိတော၊ မြှားစူးသည်ဖြစ်၍။ ပဉ္စာလော၊ ပဉ္စာလမင်းသည်။ ဝေဒေတု၊ ဆင်းရဲ ခံရပါစေသတည်း။

ထိုလူအို၏ ထိုဆဲရေးခြင်းသည် ဘုရားလောင်း အာနုဘော်ကြောင့် ဖြစ်၏။ (ဘုရားလောင်း တည်ပင်စောင့်နတ်သည် ပူးဝင်သည်ဖြစ်၍ ထိုလူအိုသည် ဆဲရေး၏ဟု သိအပ်၏။ ) ထိုအခါ၌ကား မင်းသည်၎င်း ပုရောဟိတ်သည်၎င်း မထင်ရှားသော အသွင်ဖြင့် ထိုလူအို၏ အနီး၌လျှင် ရပ်ကုန်၏။ ထိုလူအို၏ စကားကိုကြား၍ ပုရောဟိတ်သည်-

၃၄၄။ ဇိဏ္ဏော ဒုဗ္ဗလစက္ခူသိ၊ န ရူပံ သာဓု ပဿသိ။
ကိံတတ္ထ ဗြဟ္မဒတ္တဿ၊ ယန္တံမဂ္ဂေယျ ကဏ္ဋကော။

ဟူသော ဤဂါထာကို ဆို၏။

၃၄၄။ မဟလ္လက၊ လူအို။ တွံ၊ သင်သည်။ ဇိဏ္ဏော၊ အိုသည်ဖြစ်၍။ ဒုဗ္ဗလစက္ခု၊ မျက်စိအမြင်နည်းသည်။ အသိ၊ ဖြစ်၏။ ရူပံ၊ ရူပါရုံကို။ သာဓု၊ ကောင်းစွာ။ န ပဿသိ၊ သင်မမြင်။ တေန၊ ထိုသို့ ကောင်းစွာ မမြင်သောကြောင့်။ တံ၊ သင့်ကို။ ကဏ္ဋကော၊ ဆူးသည်။ ယံ မဂ္ဂေယျ၊ အကြင်စူးရာ၏။ တတ္ထ၊ ထိုသို့ဆူးစူးရာ၌။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်းအား။ ကိံ၊ အဘယ်အပြစ်ရှိသနည်း။

လူအိုသည် ထိုပုဏ္ဏားအား မင်း၏အပြစ်ကို ကြားလို၍-

၃၄၅။ ဗဟွေတ္ထ ဗြဟ္မဒတ္တဿ၊
သောဟံ မဂ္ဂေသ္မိ ဗြာဟ္မဏ။
အရက္ခိတာ ဇနပဒါ၊ အဓမ္မဗလိနာ ဟတာ။
၃၄၆။ ရတ္တိဉှိ စောရာ ခါဒန္တိ၊ ဒိဝါ ခါဒန္တိ တုဏ္ဍိယာ။
ရဋ္ဌသ္မိံ ကူဋရာဇဿ၊ ဗဟု အဓမ္မိကော ဇနော။
၃၄၇။ ဧတာဒိသေ ဘယေ ဇာတေ၊
ဘယဋ္ဋာ တာတ မာဏဝါ။
နိလ္လေဏကာနိ ကြုဗ္ဗန္တိ၊
ဝနေ အာဟရိတွာ ကဏ္ဋကံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၃၄၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သော အဟံ၊ ထိုငါသည်။ မဂ္ဂေ၊ ဆူးရှိသောခရီး၌။ ပတိတော၊ လဲသည်။ အသ္မိ၊ ဖြစ်၏။ ဧတ္ထ၊ ဤငါ့ကို ဆူးစူးရာ၌။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်းအား။ ဗဟု၊ အပြစ်များစွာ၏။ ဇနပဒါ၊ ဇနပုဒ် ပြည်ရွာတို့ကို။ အရက္ခိတာ၊ မစောင့်ရှောက်ပါကုန်။ အဓမ္မဗလိနာ၊ မတရားသော အခွန်အတုတ်ဖြင့်။ ဟတာ၊ နှိပ်စက်ညှဉ်းဆဲ၏။

၃၄၆။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ ရတ္တိံ၊ ညဉ့်၌။ စောရာ၊ ခိုးသူတို့သည်။ ခါဒန္တိ၊ လုယက်ကုန်၏။ ဒိဝါ၊ နေ့၌။ တုဏ္ဍိယာ၊ အခွန်တောင်းသော မင်းချင်းတို့သည်။ ခါဒန္တိ၊ လုယက်ဖျက်ဆီးကုန်၏။ ကူဋရာဇဿ၊ စဉ်းလဲစဉ်းစား ယုတ်မာသော မင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းနိုင်ငံ၌။ အဓမ္မိကော၊ တရားမစောင့်သော။ ဇနော၊ လူသည်။ ဗဟု၊ များစွာ၏။

၃၄၇။ တာတ၊ ချစ်သား ပုဏ္ဏား။ ဧတာဒိသေ၊ ဤသို့သဘောရှိသော။ ဘယေ၊ ဘေးသည်။ ဇာတေ၊ ဖြစ်လတ်သောကြောင့်။ ဘယဋ္ဋာ၊ ကြောက်ခြင်းဖြင့် နှိပ်စက်အပ်ကုန်သော။ မာဏဝါ၊ လူတို့သည်။ ဝနေ၊ တော၌။ ကဏ္ဍကံ၊ ဆူးကို။ အာဟရိတွာ၊ ဆောင်ယူကုန်၍။ နိလ္လေဏကာနိ၊ ပုန်းအောင်းရာတို့ကို။ ကြုဗ္ဗန္တိ၊ ပြုကြရကုန်၏။

ထိုလူအိုစကားကို ကြား၍ မင်းသည် ပုရောဟိတ်ကို ခေါ်၍ ဆရာ- လူအိုသည် သင့်သောစကားကို ဆိုပေ၏။ ငါတို့၏ အပြစ်သာလျှင်တည်း၊ လာလှည့် ပြန်ကြကုန်အံ့၊ တရားနှင့်အညီ မင်းပြုအံ့ဟု ဆို၏။ ဘုရားလောင်း တည်ပင်စောင့် နတ်သည် ပုရောဟိတ်ကိုယ်၌ ပူးဝင်၍ မြတ်သောမင်းကြီး- ရှေ့သို့သွား၍ စုံစမ်းကုန်အံ့ဟု ဆို၏။ ထိုမင်းနှင့် ပုရောဟိတ်တို့သည် ထိုရွာမှ တပါးသောရွာသို့ သွားကုန်သည်ရှိသော် ခရီးအကြား၌ တယောက်သော မိန်းမအို၏ အသံကို ကြားကုန်၏။ ဆင်းရဲစွာသော ထိုမိန်းမအိုသည် အရွယ်ရောက်သော သမီးနှစ်ယောက်တို့ကို စောင့်ရှောက်လျက် ထိုသမီးတို့ကို တောသို့ မသွားစေမူ၍ မိမိသည် တောမှ ထင်းတို့ကို၎င်း, ဟင်းရွက်တို့ကို၎င်း ဆောင်ယူ၍ သမီးတို့ကို မွေးကျွေးသတတ်၊ ထိုမိန်းမအိုသည် ထိုနေ့၌ ချုံတခုသို့တက်၍ ဟင်းရွက်ကို ခူးသည်ရှိသော် လိမ့်လျက် မြေ၌ကျလျှင် မင်းကို သေခြင်းဖြင့် ဆဲရေးလိုရကား-

၃၄၈။ ကဒါဿု နာမ ယံ ရာဇာ၊ ဗြဟ္မဒတ္တော မရိဿတိ။
ယဿ ရဋ္ဌမှိ ဇိယျန္တိ၊ အပ္ပတိကာ ကုမာရိကာ။

ဟူသော ဤဂါထာကို ဆို၏။

၃၄၈။ ယဿ ရညော၊ အကြင် ဗြဟ္မဒတ်မင်း၏။ ရဋ္ဌမှိ၊ တိုင်းနိုင်ငံ၌။ ကုမာရိကာ၊ သတို့သမီးတို့သည်။ အပ္ပတိကာ၊ လင်မရှိကုန်သည်ဖြစ်၍။ ဇိယျန္တိ၊ အိုရကုန်၏။ တာ၊ ထို ငါ့သမီး နှစ်ယောက်တို့သည်။ သသာမိကာ၊ လင်ရှိကုန်သည်။ အဿု- ဘဝန္တိ၊ အကယ်၍ ဖြစ်ကုန်အံ့။ မံ၊ ငါ့ကို။ ပေါသေယျုံ၊ မွေးမြူကုန်ရာ၏။ ဗြဟ္မဒတ္တော၊ ဗြဟ္မဒတ် အမည်ရှိသော။ အယံ ရာဇာ၊ ဤမင်းသည်။ ကဒါ၊ အဘယ်အခါ၌။ မရိဿတိ နာမ၊ သေပါလတ္တံ့နည်း။

ဤသို့ ဘုရားလောင်း၏ အာနုဘော်ဖြင့် ထိုမိန်းမအိုသည် ဆဲရေး၏။ ထိုသို့ ဆဲရေးသောအခါ ထိုမိန်းမအိုကို ပုရောဟိတ်သည် တားမြစ်လိုရကား-

၃၄၉။ ဒုဗ္ဗာသိတဉှိ တေ ဇမ္မိ၊ အနတ္ထပဒကောဝိဒေ။
ကုဟိံ ရာဇာ ကုမာရီနံ၊ ဘတ္တာရံ ပရိယေသတိ။

ဟူသော ဤဂါထာကို ဆို၏။

၃၄၉။ အနတ္ထပဒကောဝိဒေ၊ အကြောင်းအရာ မဟုတ်သည်၌ လိမ်မာသော။ ဇမ္မိ၊ သူယုတ်မ။ တေ၊ သင်သည်။ ဒုဗ္ဘာသိတံ၊ မကောင်းသော စကားကို။ ဝုတ္တံ၊ ဆိုဘိ၏။ ဟိ- သစ္စံ၊ မှန်၏။ ရာဇာ၊ မင်းသည်။ ကုမာရီနံ၊ သတို့သမီးတို့၏။ ဘတ္တာရံ၊ လင်ကို။ ကုဟိံ၊ အဘယ်အရပ်၌။ ပရိယေသတိ၊ ရှာ၍ ပေးရမည်နည်း။

ထိုစကားကို ကြား၍ မိန်းမအိုသည် ပုရောဟိတ်ပုဏ္ဏားအား အကြောင်းကို ကြားလိုရကား-

၃၅၀။ န မေ ဒုဗ္ဘာသိတံ ဗြဟ္မေ၊ ကောဝိဒတ္ထပဒေ အဟံ။
အရက္ခိတာ ဇနပဒါ၊ အဓမ္မဗလိနာ ဟတာ။
၃၅၁။ ရတ္တိဉှိ စောရာ ခါဒန္တိ၊ ဒိဝါ ခါဒန္တိ တုဏ္ဍိယာ။
ရဋ္ဌသ္မိံ ကူဋရာဇဿ၊ ဗဟု အဓမ္မိကော ဇနော။
ဒုဇ္ဇီဝေ ဒုဗ္ဘရေ ဒါရေ၊
ကုတော ဘတ္တာ ကုမာရိယော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၃၅၁။ ဗြဟ္မေ၊ ပုဏ္ဏား။ မေ၊ ငါသည်။ ဒုဗ္ဘာသိတံ၊ မကောင်းသောစကားကို။ န ဝုတ္တံ၊ မဆို။ အဟံ၊ ငါသည်။ ကောဝိဒတ္ထပဒေ၊ အကြောင်းအရာ၌ လိမ်မာ၏။ တဿ၊ ထိုမင်းသည်။ ဇနပဒါ၊ ဇနပုဒ်ပြည်ရွာတို့ကို။ အရက္ခိတာ၊ မစောင့်ရှောက်ပါကုန်။ အဓမ္မဗလိနာ၊ အဓမ္မဖြစ်သော အခွန်အတုတ်ဖြင့်။ ဟတာ၊ နှိပ်စက်ညှဉ်းဆဲ၏။

၃၅၁။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ ရတ္တိံ၊ ညဉ့်အခါ၌။ စောရာ၊ ခိုးသူတို့သည်။ ခါဒန္တိ၊ လုယက်ဖျက်ဆီးကုန်၏။ ဒိဝါ၊ နေ့အခါ၌။ တုဏ္ဍိယာ၊ အခွန်တောင်းသော မင်းချင်းတို့သည်။ ခါဒန္တိ၊ လုယက် ဖျက်ဆီးကုန်၏။ ကူဋရာဇဿ၊ စဉ်းလဲစဉ်းစား ယုတ်မာသော မင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းကား ပြည်ရွာ၌။ အဓမ္မိကော၊ တရားမစောင့်သော။ ဇနော၊ လူသည်။ ဗဟု၊ များစွာ၏။ ဒုဇ္ဇီဝေ၊ မကောင်းသဖြင့် အသက်မွေးခြင်းရှိသော တိုင်းကားပြည်ရွာ၌။ ဒါရေ၊ သားမယားတို့ကို။ ဒုဗ္ဘရေ၊ မွေးနိုင်ခဲသည်ရှိသော်။ ကုမာရိယော၊ သတို့သမီးတို့သည်။ ဘတ္တာ၊ လင်ကို။ ကုတော၊ အဘယ်မှာ။ လဘိဿန္တိ၊ ရနိုင်ကုန်အံ့နည်း။

ထိုမင်းပုဏ္ဏားတို့သည် မိန်းမအိုစကားကို ကြားကုန်လျှင် မိန်းမအိုသည် သင့်သောစကားကို ဆိုပေ၏ဟု ထိုအရပ်မှ တပါးသောအရပ်သို့ သွားကုန်သည်ရှိသော် တယောက်သော လယ်ထွန်သောသူ၏ အသံကို ကြားကုန်၏။ လယ်ထွန်သော ထိုသူ၏ သာလိယမည်သော နွားကြီးသည် ထွန်သွားဖြင့် ခတ်မိသည်ဖြစ်၍ လဲသတတ်၊ ထိုလယ်ထွန်ယောကျ်ားသည် မင်းကို ဆဲရေးလိုသည် ဖြစ်၍-

၃၅၂။ ဧဝံ သယတု ပဉ္စာလော၊
သင်္ဂါမေ သတ္တိယာ ဟတော။
ယထာယံ ကပဏော သေတိ၊
ဟတော ဖာလေန သာလိယော။

ဟူသော ဤဂါထာကိုဆို၏။

၃၅၂။ သာလိယော၊ သာလိယ အမည်ရှိသော နွားသည်။ ဖာလေန၊ ထွန်သွားဖြင့်။ ဟတော၊ ခတ်မိသည်ဖြစ်၍။ ကပဏော၊ ဆင်းရဲစွာ။ သေတိ ယထာ၊ လဲသကဲ့သို့။ ဧဝံ၊ ဤငါ့အတူ။ ပဉ္စာလော၊ ပဉ္စာလမင်းသည်။ သင်္ဂါမေ၊ စစ်မြေ၌။ သတ္တိယာ၊ လှံမဖြင့်။ ဟတော၊ ထိုးမိသည်ဖြစ်၍။ သယတု၊ လဲပါစေသတည်း။

ထိုသို့ ကျိန်ဆဲသောအခါ ပုရောဟိတ်သည် ထိုလယ်ထွန်သော ယောက်ျားကို တားမြစ်လိုရကား-

၃၅၃။ အဓမ္မေန တုဝံ ဇမ္မ၊ ဗြဟ္မဒတ္တဿ ကုဇ္ဈသိ။
ယောတွံ သပသိ ရာဇာနံ၊ အပရဇ္ဈိတွာ အတ္တနော။

ဟူသော ဤဂါထာကို ဆို၏။

၃၅၃။ ဇမ္မ၊ လူယုတ်။ ယော တွံ၊ အကြင်သင်သည်။ အတ္တနော၊ မိမိအား။ အပရဇ္ဈိတွာ၊ မပြစ်မှားဘဲလျက်။ ရာဇာနံ၊ မင်းကို။ သပသိ၊ ကျိန်ဆဲ၏။ သော တုဝံ၊ ထိုသင်သည်။ အဓမ္မေန၊ အကြောင်းမဟုတ်သဖြင့်။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်းအား။ ကုဇ္ဈသိ၊ အမျက်ထွက်ဘိ၏။

ထိုပုရောဟိတ် စကားကို ကြား၍ လယ်ထွန်သော ယောက်ျားသည် ထိုပုရောဟိတ်အား မင်း၏ အပြစ်ကို ပြဆိုလိုရကား-

၃၅၄။ ဓမ္မေန ဗြဟ္မဒတ္တဿ၊ အဟံ ကုဇ္ဈာမိ ဗြာဟ္မဏ။
အရက္ခိတာ ဇနပဒ၊ အဓမ္မဗလိနာ ဟတာ။
၃၅၅။ ရတ္တိဉှိ စောရာ ခါဒန္တိ၊ ဒိဝါ ခါဒန္တိ တုဏ္ဍိယာ။
ရဋ္ဌသ္မိံ ကူဋရာဇဿ၊ ဗဟု အဓမ္မိကော ဇနော။
၃၅၆။ သာ နူန ပုန ရေ ပက္ကာ၊ ဝိကာလေ ဘတ္တ မာဟရိ။
ဘတ္တဟာရိံ အပေက္ခန္ဓော၊
ဟတော ဖာလေန သာလိယော။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၃၅၄။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ ဓမ္မေန၊ ဟုတ်မှန်သော သဘောဖြင့်။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်းအား။ ကုဇ္ဈာမိ၊ အမျက် ထွက်၏။ တဿ၊ ထိုမင်းသည်။ ဇနပဒါ၊ ဇနပုဒ်ရွာတို့ကို။ အရက္ခိတာ၊ မစောင့်ရှောက်ကုန်။ အဓမ္မဗလိနာ၊ အဓမ္မဖြစ်သော အခွန်အတုတ်ဖြင့်။ ဟတာ၊ နှိပ်စက် ညှဉ်းဆဲ၏။

၃၅၅။ ဟိ-သစ္စံ၊ ထိုမင်း တရားမစောင့်ဟု ဆိုသောစကားသည် မှန်၏။ ရတ္တိံ၊ ညဉ့်၌။ စောရာ၊ ခိုးသူတို့သည်။ ခါဒန္တိ၊ လုယက်ဖျက်ဆီးကုန်၏။ ဒိဝါ၊ နေ့၌။ တုဏ္ဍိယာ၊ အခွန်တောင်းသော မင်းချင်းတို့သည်။ ခါဒန္တိ၊ လုယက်ဖျက်ဆီးကုန်၏။ ကူဋရာဇဿ၊ ယုတ်မာသော မင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းနိုင်ငံ၌။ အဓမ္မိကော၊ တရားမစောင့်သော။ ဇနော၊ လူသည်။ ဗဟု၊ များစွာ၏။

၃၅၆။ ရေ၊ ဟယ် ပုဏ္ဏား။ သာ၊ ထိုထမင်းပို့သော မိန်းမသည်။ ပုန၊ တဖန်။ ပက္ကာ နူန၊ ထမင်းချက်ပြန်ရသည်ထင်၏။ ဝိကာလေ၊ အခါမဟုတ်သည်၌။ ဘတ္တံ၊ ထမင်းကို အာဟရိ၊ ပို့လာ၏။ ဘတ္တဟာရိံ၊ ထမင်းပို့လာသောသူကို။ အပေက္ခန္တော၊ ကြည့်မျှော်ရသည်ဖြစ်၍။ သာလိယော၊ ငါ့နွား သာလိယကို။ ဖာလေန၊ ထွန်သွားဖြင့်။ ဟတော၊ ခတ်မိ၏။

ထိုမင်းနှင့် ပုရောဟိတ်တို့သည် လယ်ထွန်သော ယောက်ျားစကားကို ကြားလျှင် သင့်သောစကားကို ဆိုပေသည်ဟု ဆို၍ ရှေ့သို့သွား၍ တခုသောရွာ၌ နေကုန်၏။ မိုးသောက်သောနေ့၌ စောစောကလျှင် တခုသော နွားမစဉ်းလဲသည် နို့ညှစ်သောသူကို ခြေဖြင့် ကျောက်ကန်၍ နို့ရည်အိုးနှင့်တကွ လိမ့်၍ လဲစေ၏။ ထို့နို့ညှစ်သောသူသည် ဗြဟ္မဒတ်မင်းကို ကျိန်ဆဲလိုရကား-

၃၅၇။ ဧဝံ ဟညတု ပဉ္စာလော၊
သင်္ဂါမေ အသိနာ ဟတော။
ယထာဟမဇ္ဇ ပဟတော၊ ခီရဉ္စ မေ ပဝဋ္ဋိတံ။

ဟူသော ဤဂါထာကို ဆို၏။

၃၅၇။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါ့ကို။ ပဟတော ယထာ စ၊ နွားမကန်သကဲ့သို့၎င်း။ မေ၊ ငါ၏။ ခီရံ၊ နိုရည်အိုးသည်။ ပဝဋိတံ ယထာ စ၊ လိမ့်သကဲ့သို့၎င်း။ ဧဝံ၊ ဤအတူ။ သင်္ဂါမေ၊ စစ်မြေ၌။ အသိနာ၊ သန်လျက်ဖြင့်။ ဟတော၊ ခုတ်ဖြတ်အပ်သည်ဖြစ်၍။ ပဉ္စာလော၊ ပဉ္စာလမင်းသည်။ ဟညတု၊ သေပါစေသတည်း။

ထိုစကားကို ကြား၍ ပုရောဟိတ်သည် နို့ညှစ်သော ယောက်ျားစကားကို တားမြစ်လိုရကား-

၃၅၈။ ယံ ပသု ခီရံ ဆဍ္ဍေသိ၊ ပသုပါလဉ္စ ဟိံသတိ။
ကိံ တတ္ထ ဗြဟ္မဒတ္တဿ၊ ယံ နော ဂရဟတေ ဘဝံ။

ဟူသော ဤဂါထာကို ဆို၏။

၃၅၈။ ဘော ပုရိသ၊ အို ယောက်ျား။ ပသု၊ နွားမသည်။ ခီရံ၊ နို့ရည်ကို။ ယံ ဆဍ္ဍေသိ၊ အကြင်စွန့်၏။ ပသုပါလဉ္စ၊ နွားကျောင်းသားကိုလည်း။ ယံ ဟိံသတိ၊ အကြင် ကျောက်ကန်၏။ တတ္ထ၊ ထို့နိုရည်စွန့်ရာ နွားကန်ရာ၌။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်းအား။ ကိံ ဒေါသော၊ အဘယ်အပြစ်ရှိသနည်း။ ဘဝံ၊ သင်သည်။ ယံ ဂရဟတေ၊ အကြင်ကဲ့ရဲ၏။ ဧတံ ဂရဟံ၊ ထိုသို့ ကဲ့ရဲ့ခြင်းသည်။ နော ယုတ္တံ၊ မသင့်။

ပုရောဟိတ်ပုဏ္ဏားသည် ဤဂါထာဖြင့် ဆိုသည်ရှိသော် ထို့နိုညှစ်သော ယောက်ျားသည် ပုဏ္ဏားအား မင်း၏အပြစ်ကို ပြလိုရကား-

၃၅၉။ ဂါရယှော ဗြဟ္မေ ပဉ္စာလော၊
ဗြဟ္မဒတ္တဿ ရာဇိနော။
အရက္ခိတာ ဇနပဒါ၊ အဓမ္မဗလိနာ ဟတာ။
၃၆၀။ ရတ္တိဉှိ စောရာ ခါဒန္တိ၊ ဒိဝါ ခါဒန္တိ တုဏ္ဍိယာ။
ရဋ္ဌသ္မိံ ကူဋရာဇဿ၊ ဗဟု အဓမ္မိကော ဇနော။
၃၆၁။ စဏ္ဍာ အာကဋနာ ဂါဝီ၊ ယံ ပုရေ န ဒုဟာမသေ။
တံ ဒါနိ အဇ္ဇ ဒေါဟာမ၊ ခီရကာမေ ဟုပဒ္ဒုတာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၃၅၉။ ဗြဟ္မေ၊ ပုဏ္ဏား။ ပဉ္စာလော၊ ပဉ္စာလမင်းကို။ ဂါရယှော၊ ကဲ့ရဲ့အပ်၏။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်အမည်ရှိသော။ ရာဇိနော၊ ပဉ္စာလမင်းသည်။ ဇနပဒါ၊ ဇနပုဒ်ပြည်ရွာတို့ကို။ အရက္ခိတာ၊ မစောင့်ရှောက်အပ်ကုန်။ အဓမ္မဗလိနာ၊ မတရားသော အခွန်အတုတ်ဖြင့်။ ဟတာ၊ ညှဉ်းဆဲအပ်ကုန်၏။

၃၆၀။ ဟိ-သစ္စံ၊ ထိုစကားသည် မှန်၏။ ရတ္တိံ၊ ညဉ့်၌။ စောရာ၊ ခိုးသူတို့သည်။ ခါဒန္တိ၊ လုယက်ဖျက်ဆီးကုန်၏။ ဒိဝါ၊ နေ့၌။ တုဏ္ဍိယာ၊ အခွန်တောင်းသော မင်းချင်းတို့သည်။ ခါဒန္တိ၊ လုယက် ဖျက်ဆီးကုန်၏။ ကူဋရာဇဿ၊ ယုတ်မာစွာသောမင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းကားပြည်ရွာ၌။ အဓမ္မိကော၊ တရားမစောင့်သော။ ဇနော၊ လူသည်။ ဗဟု၊ များ၏။

၃၆၁။ ယံ ဂါဝီ၊ အကြင်နွားမသည်။ စဏ္ဍာ၊ ကြမ်းကြုတ်၏။ အာကဋနာ၊ ပြေးတတ်သော အလေ့ရှိ၏။ တံ ဂါဝီ၊ ထိုနွားမကို။ ပုရေ၊ ရှေး၌။ မယံ၊ ငါတို့သည်။ န ဒုဟာမသေ၊ နိုမညှစ်ကုန်။ အဇ္ဇ၊ ယခုအခါ၌ကား။ ခီရကာမေဟိ၊ နို့ရည်ကို အလိုရှိကုန်သော အခွန်တောင်း မင်းချင်းတို့သည်။ ဥပဒ္ဒုတာ၊ နှိပ်စက်အပ်ကုန်သည်ဖြစ်၍။ မယံ၊ ငါတို့သည်။ ဒေါဟာမ၊ နို့ညှစ်ရကုန်၏။

ထိုမင်းနှင့် ပုရောဟိတ်တို့သည် ဤနိုညှစ်ယောက်ျားသည် အသင့်ကိုသာလျှင် ဆိုပေ၏ဟု ထိုရွာမှထွက်ခဲ့ပြီးလျှင် ခရီးသို့သက်၍ မြို့သို့ ရှေးရှုသွားကြကုန်၏။ တခုသောရွာ၌ အခွန်တောင်းသော မင်းသံတမန်တို့သည် သန်လျက်အိမ်အလို့ငှာ တခုသော ပြောက်ကျားသော အမွေးအရေရှိသော နွားငယ်ကိုသတ်၍ အရေကို ယူကုန်၏။ နွားငယ်၏ အမိဖြစ်သော နွားမသည် သား၌စိုးရိမ်သဖြင့် မြက်ရေတို့ကို မစားမသောက်၊ ငိုမြည်တမ်းလျက် လှည့်လည်၏။ ထိုနွားမကို မြင်၍ ရွာသူသားငယ်တို့သည် မင်းကို ကျိန်ဆဲလိုကုန်ရကား-

၃၆၂။ ဧဝံ ကန္ဒတု ပဉ္စာလော၊ ဝိပုတ္တော ဝိပ္ပသုက္ခတု။
ယထာယံ ကပဏာ ဂါဝီ၊ ဝိပုတ္တာ ပရိဓာဝတိ။

ဟူသော ဤဂါထာကို ဆိုကုန်၏။

၃၆၂။ အယံ ဂါဝီ၊ ဤနွားမသည်။ ကပဏာ၊ ဆင်းရဲသည်ဖြစ်၍။ ဝိပုတ္တာ၊ သားငယ်မှ ကင်းသည်ဖြစ်၍။ ပရိဓာဝတိ ယထာ၊ ထိုမှဤမှ ငိုမြည်တမ်းလျက် ပြေးသွားရသကဲ့သို့။ ဧဝံ၊ ဤအတူ။ ပဉ္စာလော၊ ပဉ္စာလမင်းသည်။ ဝိပုတ္တော၊ သားနှင့်ကင်းသည်ဖြစ်၍။ ကန္ဒတု၊ ငိုရပါစေသတည်း။ ဝိပ္ပသုက္ခတု၊ သားနှင့်ကင်းလျက် ခြောက်တပ်ပါစေသတည်း။

ထို့နောင်မှ ပုရောဟိတ်သည် သူငယ်တို့ ကျိန်ဆဲရာ၌ အကြောင်းကို မေးလိုရကား-

၃၆၃။ ယံ ပသု ပသုပါလဿ၊ သမ္ဘမေယျ ရဝေယျ၊ ဝါ။
ကောနွီဓ အပရာဓတ္ထိ၊ ဗြဟ္မဒတ္တဿ ရာဇိနော။

ဟူသော ဤဂါထာကို ဆို၏။

၃၆၃။ တာတာ၊ အမောင်တို့။ ပသု၊ နွားမသည်။ ပသုပါလဿ၊ နွားကျောင်းသားသည်။ ရက္ခန္တဿေဝ၊ ကျောင်းစဉ်ပင်လျှင်။ ယံ သမ္ဘမေယျ ဝါ၊ အကြင် ပြေးမူလည်း ပြေးရာ၏။ ယံ ရဝေယျ ဝါ၊ အကြင် မြည်တမ်းမူလည်း မြည်တမ်းရာ၏။ ဣဓ၊ ဤသို့ နွားမပြေးရာ မြည်တမ်းရာ၌။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ် အမည်ရှိသော။ ရာဇိနော၊ ပဉ္စာလမင်းအား။ ကော အပရာဓော၊ အဘယ်အပြစ်သည်။ အတ္ထိ နု၊ ရှိမည်နည်း။

ထို့နောင်မှ ရွာသူသားငယ်တို့သည် ပုဏ္ဏားအား မင်း၏အပြစ်ကို ပြလိုကုန်ရကား-

၃၆၄။ အပရာဓော မဟာဗြဟ္မေ၊ ဗြဟ္မဒတ္တဿ ရာဇိနော။
အရက္ခိတာ ဇနပဒါ၊ အဓမ္မဗလိနာ ဟတာ။
၃၆၅။ ရတ္တိဉှိ စောရာ ခါဒန္တိ၊ ဒိဝါ ခါဒန္တိ တုဏ္ဍိယာ။
ရဋ္ဌသ္မိံ ကူဠရာဇဿ၊ ဗဟု အဓမ္မိကော ဇနော။
ကထံနု အသိကောသတ္ထာ၊ ခီရပါ ဟညတေ ပဇာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆိုကုန်၏။

၃၆၄။ မဟာဗြဟ္မေ၊ ပုဏ္ဏားကြီး။ ဗြဟ္မဒတ္တဿ၊ ဗြဟ္မဒတ်မင်းအား။ အပရာဓော၊ အပြစ်သည်။ ဗဟု၊ များစွာ၏။ ရာဇိနော၊ မင်းသည်။ ဇနပဒါ၊ ပြည်ရွာဇနပုဒ်တို့ကို။ အရက္ခိတာ၊ မစောင့်ရှောက်အပ်ကုန်။ အဓမ္မဗလိနာ၊ မဟုတ်မမှန် အဓမ္မဖြစ်သော အခွန်အတုတ်ဖြင့်။ ဟတာ၊ နှိပ်စက်ညှဉ်းဆဲကုန်၏။

၃၆၅။ ဟိ-သစ္စံ၊ ထိုမင်း တရားမစောင့်ဟု ငါတို့ဆိုသော စကားသည် မှန်၏။ ရတ္တိံ၊ ညဉ့်၌။ စောရာ၊ ခိုးသူတို့သည်။ ခါဒန္တိ၊ လုယက်ဖျက်ဆီးကုန်၏။ ဒိဝါ၊ နေ့၌။ တုဏ္ဍိယာ၊ အခွန်တောင်းသော မင်းချင်းတို့သည်။ ခါဒန္တိ၊ လုယက် ဖျက်ဆီးကုန်၏။ ကူဋရာဇဿ၊ စဉ်းလဲစဉ်းစား ယုတ်မာသောမင်း၏။ ရဋ္ဌသ္မိံ၊ တိုင်းပြည်၌။ အဓမ္မိကော၊ တရားမစောင့်သာ။ ဇနော၊ လူသည်။ ဗဟု၊ များစွာ၏။ ကထံ၊ အဘယ့်ကြောင့်။ အသိကောသတ္ထာ၊ သန်လျက်အိမ် အလို့ငှါ။ ခီရပါ၊ နို့စို့သားဖြစ်သော။ ပဇာ၊ နွားသားငယ်ကို။ အဓမ္မသေဝကေဟိ၊ သူယုတ်တို့ အကျင့်ကို မှီဝဲလေ့ရှိကုန်သော မင်းချင်းတို့သည်။ ဟညတေ၊ သတ်အပ်လေသနည်း။

ထိုမင်းနှင့် ပုရောဟိတ်တို့သည် အမောင်တို့သည် ကောင်းစွာလျှင် အကြောင်းကို ဆိုပေကုန်၏ဟု ဆို၍ သွားကြကုန်၏။ ထိုသို့ သွားသောအခါ ခရီးအကြား၌ တခုသော ခြောက်တပ်သော ရေကန်၌ ကျီးတို့သည် နှုတ်သီးတို့ဖြင့် ထိုးဆိတ်ကုန်လျက် ဖားတို့ကို စားကုန်၏။ ဘုရားလောင်း တည်ပင်စောင့်နတ်သည် ထိုမင်းနှင့် ပုရောဟိတ်တို့သည် ထိုအရပ်သို့ ရောက်ကုန်သည်ရှိသော် မိမိအာနုဘော်ဖြင့် ဖားကို-

၃၆၆။ ဧဝံ ခဇ္ဇတု ပဉ္စာလော၊
ဟတော ယုဒ္ဓေ သပုတ္တကော။
ယထာဟမဇ္ဇ ခဇ္ဇမှိ၊ ဂါမိကေဟိ အရညဇော။

ဟူသော ဤဂါထာဖြင့် မင်းကို ကျိန်ဆဲစေ၏။

၃၆၆။ ဂါမိကေဟိ၊ ရွာ၌နေကုန်သော ကျီးတို့သည်။ အရညဇော၊ တော၌ဖြစ်သော။ အဟံ၊ ငါ့ကို။ အဇ္ဇ၊ ယခုအခါ၌။ ခဇ္ဇော၊ ခဲအပ်သည်။ အမှိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ယုဒ္ဓေ၊ စစ်ထိုးရာ၌။ ဟတော၊ သတ်အပ်သည်ဖြစ်၍။ သပုတ္တကော၊ သားနှင့်တကွသော။ ပဉ္စာလော၊ ပဉ္စာလမင်းကို။ ကာကဂိဇ္ဈေဟိ၊ ကျီး, လင်းတတို့သည်။ ခဇ္ဇတု၊ ခဲပါလေစေသတည်း။

ထိုဖား ကျိန်ဆဲသံကို ကြား၍ ပုရောဟိတ်သည် ထိုဖားနှင့်တကွ စကားပြောလိုရကား-

၃၆၇။ န သဗ္ဗဘူတေသု ဝိဓေန္တိ ရက်ခံ၊
ရာဇာနော မဏ္ဍုက မနုဿလောကေ။
နေတ္တာဝတာ ရာဇာ အဓမ္မစာရီ၊
ယံ တာဒိသံ ဇီဝမဒေယျုံ ဓင်္ကာ။

ဟူသော ဤဂါထာကို ဆို၏။

၃၆၇။ ဘော မဏ္ဍုက၊ အို ဖား။ ရာဇာနော၊ မင်းတို့သည်။ မနုဿလောကေ၊ လူ့ပြည်၌။ သဗ္ဗဘူတေသု၊ အလုံးစုံသော သတ္တဝါတို့၌။ ရက်ခံ၊ အစောင့်အရှောက်ကို။ န ဝိဓေန္တိ၊ မစီရင်ကုန်။ ယံ တာဒိသံ၊ အကြင် သင်ကဲ့သို့သော ဖားကို။ ဇီဝံ၊ အရှင်ပင်လျှင်။ ဓင်္ကာ၊ ကျီးတို့သည်။ အဒေယျုံ၊ စားကုန်ရာ၏။ ဧတ္တာဝတာ၊ ဤသို့ သင်ကဲ့သို့သော ဖားကို ကျီးစားကာမျှဖြင့်။ ရာဇာ၊ မင်းကို။ န အဓမ္မစာရီ၊ တရားကိုမကျင့်ဟု မဆိုသာချေ။

ထိုပုရောဟိတ်စကားကို ကြား၍ ဖားသည် ပုရောဟိတ်အား ထိုအကြောင်းကို ပြဆိုလိုရကား-

၃၆၈။ အဓမ္မရူပေါ ဝတ ဗြဟ္မစာရီ၊
အနပ္ပိယံ ဘာသတိ ခတ္တိယဿ။
ဝိလုပ္ပမာနာယ ပုထုပ္ပဇာယ၊
ပူဇေသိ ရာဇံ ပရမပ္ပမာဒံ။
၃၆၉။ သစေ ဣမံ ဗြဟ္မေ သုရဇ္ဇကံ သိယာ၊
ဖီတံ ရဋ္ဌံ ပူရိတံ ဝိပ္ပသန္နံ။
ဘုတွာ ဗလိံ အပိဏ္ဍဉ္စ ကာကာ၊
န မာဒိသံ ဇိဝ မဒေယျုံ ဓင်္ကာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၃၆၈။ ဗြဟ္မစာရီ၊ မြတ်သော အကျင့်ရှိသော ပုဏ္ဏား။ တွံ၊ သင်သည်။ ခတ္တိယဿ၊ မင်းယုတ်၏။ အနပ္ပိယံ၊ ချစ်ဘွယ်သောစကားကို။ ဘာသသိ၊ ပြောဆိုဘိ၏။ အဓမ္မရူပေါဝတ၊ တရားမစောင့်သည်နှင့် တူစွတကား။ ပုထုပ္ပဇာယ၊ များစွာသော သတ္တဝါကို။ ဝိလုပ္ပမာနာယ၊ လုယက်ဖျက်ဆီးသည်ဖြစ်၍။ ပရမပ္ပမာဒံ၊ အလွန်မေ့လျော့သော။ ရာဇံ၊ မင်းကို။ ပူဇေသိ၊ ချီးမွမ်းဘိ၏။

၃၆၉။ ဗြဟ္မေ၊ ပုဏ္ဏား။ ဣမံ၊ ဤတိုင်းပြည်သည်။ သုရဇ္ဇကံ၊ ဝပြောသာယာသော ပြည်သည်။ သစေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ ဣမံ ရဋ္ဌံ၊ ဤတိုင်းသည်။ ဖီတံ၊ ဝပြောစည်ပင်သည်။ ပူရိတံ၊ ပြည့်စုံသော ကောက်ရှိသည်။ ဝိပ္ပသန္နံ၊ အထူးသဖြင့် ကြည်ညိုဘွယ်ရှိသည်။ သစေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။ ကာကာ၊ မနှစ်သက်ဘွယ်သော အသံကို ပြုတတ်ကုန်သော။ ဓင်္ကာ၊ ကျီးတို့သည်။ ဗလိံ၊ ပူဇော်ပသရာ၌။ အဂ္ဂပိဏ္ဍံ၊ မြတ်သောထမင်းဆိုင်ကို။ ဘုတွာ၊ စားရကုန်သည်ရှိသော်။ မာဒိသံ၊ ငါကဲ့သို့သော ဖားကို။ ဇီဝံ၊ အရှင်လတ်လတ်။ န အဒေယျုံ၊ မစားကုန်ရာ။

ဤသို့ ခြောက်ပါးသော ဌာနတို့၌ ကျိန်ဆို ဆဲရေးခြင်းသည် ဘုရားလောင်း အာနုဘော်ကြောင့်သာလျှင် ဖြစ်၏။ ထိုဖား၏ စကားကို ကြား၍ မင်းနှင့်ပုရောဟိတ်တို့သည် တော၌နေသော တိရစ္ဆာန်ဖြစ်သော ဖားကိုအစပြု၍ အလုံးစုံသော သူတို့သည် ငါတို့ကိုသာလျှင် ကျိန်ဆို ဆဲရေးကုန်၏ဟု ဆိုကုန်၍ ထိုအရပ်မှ မြို့နန်းသို့ လာလတ်ကုန်ပြီးလျှင် တရားနှင့်အညီ မင်းပြု၍ ဘုရားလောင်း အဆုံးအမ၌ တည်ကုန်လျက် ဒါနအစရှိသော ကောင်းမှုတို့ကို ပြုကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ကောသလမင်းကြီးအား ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ မြတ်သောမင်းကြီး- ပြည့်ရှင်မင်းတို့ မည်သည်ကား အဂတိလေးပါးသို့ လိုက်ခြင်းကိုစွန့်၍ တရားနှင့်အညီ မင်းပြုရာ၏ဟု မိန့်တော်မူ၍ မြတ်သောမင်းကြီး- ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ တည်ပင်စောင့်နတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ဂတိလိုက်စား၊ အုပ်ချုပ်ငြား၊ ပျက် ထိုပြည်မှာ

"ဆယ်ခုမြောက်ဖြစ်သော ဘဏ္ဍုတိန္ဒုကဇာတ်သည် ပြီး၏။