ချစ်စရာ သူငယ်ချင်းများ -ဆရာ

From Wikisource
Jump to navigation Jump to search
ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၃၇) ချစ်စရာ သူငယ်ချင်းများ (ကျောင်းသားကိုင်သို့)
339288ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၇) ချစ်စရာ သူငယ်ချင်းများ (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၇)

ချစ်စရာ သူငယ်ချင်းများ

သင်ယူမှုဦးတည်ချက် ။ ။ သူငယ်ချင်းများနှင့်ချစ်ခင်ပျော်ရွှင်စွာ နေထိုင်တတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ကလေးများ ချစ်ချစ်ခင်ခင် ဆော့ကစားနေပုံနှင့် ရန်ဖြစ်နေသော ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများအား ရုပ်ပုံကိုပြပြီး “သားတို့၊ သမီးတို့ ဒီပုံနှစ်ပုံကို ဘယ်လို မြင်သလဲ” ဟုမေး၍ စာသင်ချိန်ကို စတင်ပါ။

[သတိပြုရန် 1][သတိပြုရန် 2]

֍“ဒီနှစ်ပုံထဲမှာ ဘယ်ပုံက ကြည့်လို့ကောင်းသလဲ၊ ဘယ်ပုံကို ကြည့်ရတာ ပျော်သလဲ” စသည်ဖြင့် မေးမြန်းပြီး သူငယ်ချင်းအချင်းချင်း ချစ်ချစ်ခင်ခင် ကစားနေကြလျှင် ပျော်ရွှင်စရာကောင်းကြောင်း၊ ဆရာများနှင့် အားလုံးလည်း စိတ်ချမ်းသာကြောင်း ပြောပြပါ။

֍ထို့နောက် အောက်ပါမေးခွန်းများကို ဆက်မေးပါ။

-သားတို့၊ သမီးတို့မှာ သူငယ်ချင်းရှိလား။
-သူငယ်ချင်း ဘယ်နှယောက်ရှိသလဲ။
-သားတို့၊ သမီးတို့ရဲ့ သူငယ်ချင်းတွေကို ချစ်သလား။
-ဘာကြောင့် ချစ်သလဲ/ဘာကြောင့် မုန်းသလဲ။
-သားတို့၊ သမီးတို့ သူငယ်ချင်းတွေကို ဘာတွေ ကူညီဖူးလဲ။
-သားတို့၊ သမီးတို့ရဲ့ သူငယ်ချင်းတွေကရော ဘာတွေ ပြန်ကူညီကြသလဲ။ စသော မေးခွန်းများကို အသုံးပြုပြီး ကလေးများနှင့် ပျော်ရွှင်စွာ အမေးအဖြေ ပြုလုပ်ပါ။

֍ကလေးများက “ကျောင်းကား အတူတူ စီးရလို့ချစ်တယ်”၊ “ထမင်းအတူတူ စားရလို့ ချစ်တယ်”၊ “အိမ်သာသွားရင် အဖော်လိုက်ပေးလို့ ချစ်တယ်”၊ “ကစားစရာ အရုပ် လေးတွေ ပေးလို့ ချစ်တယ်”၊ “မုန့်ဝေစားလို့ ချစ်တယ်” စသည်ဖြင့် အမျိုးမျိုး ဖြေကြ ပါလိမ့်မည်။

֍“အနိုင်ကျင့်လို့ မုန်းတယ်”စသော အဖြေများ ပြောကြားလာလျှင် ဆရာက ပါးနပ်စွာ ဖြေကြားပေးရမည်။

ကလေးများ၏ အဖြေပေါ်မူတည်၍ ဆရာက လိုအပ်သလို ဖြည့်စွက်ပြောကြားပြီး အောက်ပါမေးခွန်းများကို ဆက်၍မေးပါ။

-သားတို့၊ သမီးတို့ ဘေးမှာ ထိုင်နေတဲ့သူငယ်ချင်း စာအုပ်မေ့ကျန်ခဲ့ရင် ဘယ်လို လုပ်ပေးမလဲ။
-ခဲတံမပါခဲ့ရင် ဘယ်လိုလုပ်ပေးမလဲ။

֍သူငယ်ချင်းတွေကို ပစ္စည်းငှားဖူးတဲ့သူ ရှိလား စသည်ဖြင့် ဆက်လက်မေးမြန်းပြီး ကလေးများကို သူငယ်ချင်းများအပေါ် ချစ်ခင်စိတ်ဖြစ်အောင်၊ တစ်ဦးနှင့်တစ်ဦး ကူညီလိုစိတ်ဖြစ်အောင် နှိုးဆော်ပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ချစ်စုဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

“သူငယ်ချင်းတွေကိုချစ်တဲ့ ချစ်စုဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်း သား တို့၊ သမီးတို့ကို ပြောပြမယ်”ဟု အစပျိုးပြီးနောက် အောက်ပါ “ချစ်စု” ဇာတ်လမ်းကို ပြောပြပါ။

ချစ်စု

အလွန်ချစ်စရာကောင်းတဲ့ ချစ်စုဆိုတဲ့ ကလေးမလေးတစ်ယောက် အကြောင်းကို ပြောပြမယ်နော်။ သူက ပထမတန်းကျောင်းသူလေးတစ်ယောက် ဖြစ်ပါတယ်။ ချစ်စု လေးဟာ တနင်္ဂနွေနေ့တိုင်း ဓမ္မစကူးလ်သွားရတာကို အလွန်ပျော်တယ်။ မနက်မိုးလင်း လို့ မနက်တ စားပြီးတာနဲ့ သနပ်ခါးတွေ ဖွေးနေအောင် လိမ်းပြီး ဓမ္မစကူးလ်သွားဖို့ ပြင်ဆင်နေတတ်တယ်။

ဓမ္မစကူးလ်သွားချိန်နီးပြီဆိုတာနဲ့ “ချစ်စုရေ ... သွားတော့မယ်ဟေ့”လို့ သူငယ်ချင်း တွေက အိမ်ရှေ့ကနေ လှမ်းလှမ်းခေါ်တတ်တယ်။ သူငယ်ချင်းတွေအသံ ကြားတာနဲ့ ချစ်စုလေးဟာ မေမေပြင်ပေးတဲ့ ထမင်းဘူးလေးကို ယူ၊ လွယ်အိတ်ကို လွယ်ပြီး သူငယ်ချင်းတွေနဲ့အတူတူ ကျောင်းသွားပါတော့တယ်။

[သတိပြုရန် 3]

ချစ်စုလေးတို့ ကျောင်းရောက်ပြီး မကြာခင်မှာပဲ ကျောင်းတက်ခေါင်းလောင်း ထိုး လေ့ရှိပါတယ်။ ချစ်စုတို့ သူငယ်ချင်းတွေဟာ ခုံတန်းရှည်တစ်ခုမှာ အတူတူ ထိုင်ကြ တယ်။ ချစ်စုတို့ သူငယ်ချင်းတွေဟာ တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှလည်း ရန်မဖြစ်ကြဘူး။ တစ်ယောက်ကို တစ်ယောက်လည်း အမြဲတမ်း အကူအညီတွေ ပေးတတ်တယ်။ တစ်ခါတလေ ချစ်စုရဲ့ သူငယ်ချင်း မိုမိုလေးက ခဲဖျက်မပါခဲ့လို့ ခဏငှားပါဆိုလို့ ငှားပေးပါတယ်။ တစ်ခါတလေ မှာတော့ ချစ်စုလေးဟာ ပေတံ မေ့ကျန်နေတတ်တယ်။ အဲဒီအခါမျိုးမှာဆိုရင် ချစ်စုရဲ့ သူငယ်ချင်းတွေက ငှားပေးကြပါတယ်။

နေ့လယ် ထမင်းစားချိန်ရောက်ရင်လည်း ချစ်စုတို့ သူငယ်ချင်းတစ်စုဟာ ထမင်း ဘူးလေးတွေ ဖွင့်ပြီး အတူတူ စားကြပါတယ်။ ပြီးရင် ချစ်စုတို့ သူငယ်ချင်းတစ်စုဟာ တူတူပုန်းတမ်း ကစားကြတယ်။ ပြေးတမ်းလိုက်တမ်းလည်း ကစားကြတယ်။ အဲဒီလို ကစားရလို့ ချစ်စုတို့ သူငယ်ချင်းတွေဟာ အလွန်ပျော်ကြတယ်။ တစ်ခါတလေ ချစ်စုတို့ ကစားရင်း မတော်တဆထိခိုက်မိတာ၊ နာကျင်သွားတာတွေ ရှိပါတယ်။ အဲဒီလို ဖြစ်ရင်လည်း ချစ်စုတို့ သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်မဆိုးကြ ဘူး။ အလွန်ကို ချစ်စရာကောင်းတဲ့ သူငယ်ချင်းတစ်စု ဖြစ်ပါတယ်။

ဒီလိုနဲ့ စာမေးပွဲတွေဖြေပြီး ကျောင်းပိတ်တော့ ချစ်စုလေးဟာ စာသင်ကျောင်းနဲ့ ဓမ္မစကူးလ်က သူငယ်ချင်းတွေကို မတွေ့ ရတော့ဘူး။ ချစ်စုလေးဟာ တစ်ယောက် တည်းနေရတော့ သူငယ်ချင်းတွေကို လွမ်းနေတော့တယ်။ နေ့တိုင်းနေ့တိုင်း စာသင် ကျောင်းနဲ့ ဓမ္မစကူးလ်တွေ မြန်မြန်ပြန်ဖွင့်ပြီး သူငယ်ချင်းတွေနဲ့ အမြန်ဆုံး ပြန်တွေ့ ရပါ စေလို့ ဆုတောင်းနေပါတော့တယ်။

֍ချစ်စုအကြောင်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

[သတိပြုရန် 4][သတိပြုရန် 5]

-သားတို့၊ သမီးတို့ရော ဘယ်လိုကျောင်းသွားသလဲ။
-သူငယ်ချင်းတွေနဲ့အတူတူ လမ်းလျှောက်သွားသွား၊ ကျောင်းကားနဲ့ အတူတူ သွားသွား သားတို့၊ သမီးတို့ ပျော်သလား။
-သားတို့၊ သမီးတို့ရော ကျောင်းမှာ ဘယ်လိုထိုင်သလဲ၊ ခုံတန်းရှည်လား၊ တစ်ယောက် တစ်ခုံလား။
-သားတို့၊ သမီးတို့ ပစ္စည်းမေ့ကျန်ခဲ့ရင် ငှားပေးတဲ့ သူငယ်ချင်းရှိလား။
-သားတို့၊ သမီးတို့ရော သူငယ်ချင်းကို ငှားပေးဖူးသလား။
-သားတို့၊ သမီးတို့ရော သူငယ်ချင်းတွေနဲ့ ထမင်းတူတူစားကြသလား။ ကစားရင် တစ်ယောက်နဲ့တစ်ယောက် ထိမိလို့ တိုက်မိလို့ နာတာတွေရှိသလား။
-ထိမိတိုက်မိလို့ နာတာတွေရှိရင် တစ်ယောက်နဲ့ တစ်ယောက် စိတ်ဆိုးကြသလား။
-ကလေးတို့ရော သူငယ်ချင်းမရှိရင်၊ ကစားဖို့ အဖော်မရှိရင် ပျင်းမလား၊ ပျော်မလား။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ချစ်စုဇာတ်လမ်းပါ သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို သင့်လျော်သလို အုပ်စု (၂) စု သို့မဟုတ် (၃) စု ဖွဲ့ပါ။

֍ထို့နောက် ချစ်စုဇာတ်လမ်းပါ သရုပ်ဖော်ပုံများအတိုင်း သဏ္ဌာန်တူ (ရုပ်သေ) သရုပ် ဆောင်ခြင်းဖြင့် အုပ်စုအလိုက် ယှဉ်ပြိုင်ပါစေ။

֍ကလေးများ ရုပ်ပုံအတိုင်း သရုပ်ဖော်ပုံ တူ/မတူကို ကလေးများအားလုံးက ဝိုင်းဝန်း ကူညီပြောဆိုပေးပါ။

֍ကလေးများအားလုံး သရုပ်ဖော်ပြီးပါက

-“သူငယ်ချင်းတွေဆိုတာ အတူတူကစားရင်း ရန်မဖြစ်ရဘူး၊ ချစ်ချစ်ခင်ခင် ကစားရမယ်၊ အနိုင်မကျင့်ရဘူး၊ စိတ်ဆိုးရင် မဆဲရဘူး၊ ယဉ်ယဉ်ကျေးကျေး ပြောရမယ်၊ ဆရာပြောတာ နားထောင်ရမယ်၊ ဒါမှ လူလိမ္မာဖြစ်မယ်နော်၊ ပြောစကား နားထောင်ရင် စာတွေ အများကြီးတတ်မယ်” စသည်ဖြင့် ဆရာက ဆုံးမစကားပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ သူငယ်ချင်းကောင်း ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါကဗျာကို ဟန်အမူအရာ၊ အသံနေအသံထားဖြင့် ရွတ်ဆိုကြပါစေ။

သူငယ်ချင်းကောင်း

အစာစားလည်း အတူတူ၊
ကစား အတူတူ။
လဲကျသူကို ထူလို့ပေး၊
သူငယ်ချင်းကောင်းလေး။
နွေးနွေးထွေးထွေး ချစ်ချစ်ခင်၊
ကူညီကြပါလျှင်။
ဘေးရန်ကင်းစင် ထာဝရ၊
တို့များ ပျော်ရွှင်ကြ

֍ကဗျာရွတ်ပြီးပါက အောက်ပါအတိုင်း ပျော်ရွှင်စွာ ကစားပါ။

֍ဆရာက ရှေ့မှ စာသားများကို ရွတ်ဆိုပါ။ ထိုရွတ်ဆိုသော စာသားများအတိုင်း ကလေးများက အမူအရာ လိုက်လုပ်ပါစေ။ ဥပမာ ချစ်စုတို့ သူငယ်ချင်းတွေ တစ်ယောက်ကိုတစ်ယောက် လက်အုပ်ချီနှုတ်ဆက်လိုက်ကြတယ် . (ကလေးများ အားလုံး အနီးရှိသူငယ်ချင်းများနှင့် လက်အုပ်ချီနှုတ်ဆက်ကြရန်)။ ချစ်စုတို့ သူငယ် ချင်းတွေ လက်တွဲပြီး လမ်းလျှောက်ရအောင် (ကလေးများက လက်တွဲပြီး မိမိတို့၏ နေရာအသီးသီးတွင် လမ်းလျှောက်နေကြရန်)။ ချစ်စုတို့ သူငယ်ချင်းတွေ တစ်ယောက်ပခုံး တစ်ယောက်ဖက်ထားကြတယ် (ကလေးများအားလုံး ပခုံးဖက် ထားကြရန်)။ ချစ်စုတို့ သူငယ်ချင်းတွေ တစ်ယောက်ပခုံးကိုတစ်ယောက် နှိပ်ပေး ကြတယ် (ကလေးများအားလုံး မိမိရှေ့ရှိ သူငယ်ချင်းပခုံးကို နှိပ်ပေးရန်) စသည်ဖြင့် အချိန်အပေါ်မူတည်၍ ဆရာက တီထွင်ပြောကြားပေးပါ။

֍ထို့နောက် ကဗျာကို ထပ်မံရွတ်ဆိုစေပြီး အောက်ပါအတိုင်း ဆုမွန်ကောင်းတောင်း ပေးပါ။

“ဆရာတို့ ဗုဒ္ဓဘုရားရှင်ဟာ ... ချစ်ချစ်ခင်ခင်နေတဲ့လူတွေကို သဘောကျတယ်။ သားတို့၊ သမီးတို့အားလုံး သူငယ်ချင်းတွေနဲ့ အတူတူ ကစားရင် ရန်မဖြစ်တဲ့၊ အနိုင် မကျင့်တဲ့၊ ချစ်ချစ်ခင်ခင် ကစားတတ်တဲ့ ဘုရားရှင်ချစ်တဲ့ ကလေးတွေ ဖြစ်ကြပါ စေ” ဟု ဆုမွန်ကောင်းတောင်းပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးများအားလုံး ပြောပြခွင့်ပေးရန် ဖြစ်သည်။ ကလေးများ ပြောပြသော အကြောင်းအရာများထဲမှ သူငယ်ချင်း၏ အမူအကျင့်များ ရှိပါက ဆရာက မှတ်သားထားပါ။
  2. အကယ်၍ အနိုင်ကျင့်သည့် သူငယ်ချင်းရှိသည်ဟု ပြောလာသည့် ကလေးရှိလျှင် ကြိုက်သလား စသည်ဖြင့်မေး၍ တခြားသူအားလည်း အနိုင်မကျင့်သင့်ကြောင်း ပြောကြားပါ။
  3. ကျေးရွာဖြစ်လျှင် ချစ်စုတို့ကဲ့သို့ အတူတူ သွားလေ့ရှိသော်လည်း မြို့ဖြစ်လျှင် ကျောင်းကားဖြင့် သွားလေ့ရှိကြပါသည်။
  4. ကလေးများ လွတ်လပ်စွာ ဖြေဆိုပါစေ။
  5. နာသွားလျှင်လည်း ကစားရင်း မတော်တဆဖြစ်သော ကြောင့် စိတ်မဆိုးရကြောင်း ကလေးများ သိပါစေ။ သူငယ်ချင်းဆို သည်မှာ ပျော်ရွှင်မှုပေးနိုင် ကြောင်း သိပါစေ။