ခန္တီဝါဒီဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၁၃။ ခန္တီဝါဒီဇာတ် (၄-၂-၃)

စတုက္ကနိပါတ် - ပုစိမန္ဒဝဂ်

၃။ ခန္တီဝါဒီဇာတ်

မတုပနိုင်သောခန္တီ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော တေ ဟတ္ထေ စ ပါဒေ စ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခန္တီဝါဒီဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် တပါးသော အမျက် ထွက်တတ်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ (ပစ္စုပ္ပန်ဝတ္ထုကို အောက်၌ ဆိုအပ်ပြီ) သဗ္ဗညူ မြတ်စွာဘုရားသည်ကား ထိုရဟန်းကို ရဟန်း အဘယ့်ကြောင့် သင်သည် အမျက်မထွက်အပ်သော ဘုရားသာသနာ၌ ရဟန်းပြု၍ အမျက်ထွက်ခြင်းကို ပြုဘိသနည်း၊ ရှေးပညာရှိတို့သည် ကိုယ်၌အထောင်မျှလောက်သော ပုတ်ခတ်ခြင်းဖြင့် ပုတ်ခတ်ကုန်သော်၎င်း၊ လက်ခြေနားနှာခေါင်းတို့ကို ဖြတ်ကုန်သော်၎င်း၊ သူတပါးအား အမျက်ထွက်ခြင်းကို မပြုကုန်ဟုဆို၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ကလာဗုမည်သော မင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် ကုဋေရှစ်ဆယ် ကြွယ်ဝသော ပုဏ္ဏားမျိုး၌ဖြစ်၍ ကုဏ္ဍလမည်သော လုလင်ဖြစ်၍ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်သို့ သွား၍ ခပ်သိမ်းသော အတတ်ပညာတို့ကိုသင်၍ ဥစ္စာကိုဖြစ်စေ၍ မိဘလွန်သဖြင့် ဥစ္စာစုကိုကြည့်၍ ဤဥစ္စာတို့ကို ငါ၏ ဆွေမျိုးတို့သည် မယူမူ၍သာလျှင် သွားကုန်၏။ ငါသည်ကား ထိုဥစ္စာကို ယူ၍သွားခြင်းငှာ သင့် ၏ဟု ခပ်သိမ်းသော ဥစ္စာတို့ကို ရွေးချယ်စီစစ်သော လှူဒါန်းခြင်း၏ အစွမ်းအားဖြင့် အကြင်သူသည် အကြင်ဥစ္စာကို ဆောင်၏။ ထိုသူအား ထိုဥစ္စာကိုလှူ၍ ဟိမဝန္တာသို့ဝင်၍ ရသေ့ ရဟန်း ပြု၍ သစ်သီး ကြီးငယ်တို့ဖြင့် မျှတလျက် ကြာမြင့်စွာနေ၍ ချဉ် ဆား မှီဝဲအံ့သောငှါ လူ့ပြည်သို့လာ၍ အစဉ်သဖြင့် ဗာရာဏသီပြည်သို့ ရောက်၍ မင်း၏ ဥယျာဉ်၌နေ၍ နက်ဖြန် မြို့၌ ဆွမ်းခံလတ်သော် စစ်သူကြီးအိမ်တံခါးသို့ ရောက်၏။ စစ်သူကြီးသည် ဘုရားလောင်း၏ ဣရိယာပုထ်တို့၌ ကြည်ညို၍ အိမ်သို့ပင့်၍ မိမိဘို့စီရင်သော ဘောဇဉ်ကို ကျွေး၍ ဝန်ခံခြင်းကို ယူစေ၍ ထိုမင်း၏ ဥယျာဉ်၌သာလျှင် နေစေ၏။

ထိုအခါ တနေ့သ၌ ကလာဗုမင်းသည် သုရာယစ်လျက် လိမ္မာကုန်သော ကချေသည်တို့ဖြင့် ခြံရံလျက် များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့သွား၍ မင်္ဂလာကျောက်ဖျာ၌ အိပ်ရာခင်းစေ၍ တယောက်သော ချစ်နှစ်သက်သော မိန်းမ၏ ရင်ခွင်၌ အိပ်၏။ သီချင်း တီးမှုတ်ခြင်း၊ ကခြင်းတို့၌ လိမ္မာကုန်သော ကချေသည် မိန်းမတို့သည် သီချင်း အစရှိသည်တို့ကို ဖြစ်စေကုန်၏။ သိကြား နတ်မင်း၏ စည်းစိမ်ကဲ့သို့ ကြီးစွာသော စည်းစိမ်သည် ဖြစ်၏။ မင်းသည် အိပ်ပျော်ခြင်းသို့ ရောက်၏။ ထိုအခါ ထိုမိန်းမတို့သည် အကြင်မင်း၏အကျိုးငှာ ငါတို့သည် သီချင်း အစရှိသည်တို့ကို ဖြစ်စေကုန်၏။ ထိုမင်းသည် အိပ်ပျော်ခြင်းသို့ ရောက်၏။ သီချင်း တီးမှုတ်ခြင်းတို့ဖြင့် အဘယ်ပြုအံ့နည်းဟု တီးမှုတ်မျိုးတို့ကို ထိုထိုသော အရပ်၌သာလျင် စွန့်၍ ဥယျာဉ်၌ လှည့်လည်ကုန်လျက် အပွင့်အသီး အရွက်နု အစရှိသည်တို့သည် ဖြားယောင်းအပ်ကုန်သည် ဖြစ်၍ ဥယျာဉ်၌ မွေ့ လျော်ကုန်၏။

ထိုအခါ ဘုရားလောင်းသည် ထိုဥယျာဉ်၌ ကောင်းစွာပွင့်သော အင်ကြင်းပင်ရင်း၌ ရဟန်းချမ်းသာဖြင့် လွန်စေလျက် အမုန်ယစ်သော ဆင်ကဲ့သို့ နေ၏ ထိုဥယျာဉ်၌ လှည့်လည်ကုန်သော ထိုမိန်းမတို့သည် ဘုရားလောင်းကို မြင်၍ ရှင်မတို့ ထိုသစ်ပင်ရင်း၌ ရဟန်းသည် နေ၏။ မင်းနိုးသည့်တိုင်အောင် ရဟန်းအထံ၌ တစုံတခုသော တရားကိုနာလျက် နေကုန်အံ့ဟု သွား၍ ရှိခိုး၍ ခြံရံလျက် နေကုန်၍ အကျွန်ုပ်တို့အား ဟောအပ်သော တစုံတခုသောတရားကို ဟောပါလောဟု ဆိုကုန်၏။ ဘုရားလောင်းသည် ထိုမိန်းမတို့အား တရားဟော၏။ ထိုအခါ ထိုချစ်နှစ်သက်သော မိန်းမသည် ကိုယ်ကိုလှုပ်၍ မင်းကို နိုးစေ၏။ မင်းသည် နိုးလတ်သော် ထိုမိန်းမတို့ကို မမြင်၍ ထိုအယုတ်မတို့သည် အဘယ်သို့သွားကုန်သနည်းဟုမေး၏။ မြတ်သောမင်းကြီး ထိုမိန်းမတို့သည်သွား၍ တယောက်သော ရသေ့ကို ခြံရံ၍ နေကုန်၏ဟု ဆိုကုန်၏။ ထိုကလာဗုမင်းသည် အမျက် ထွက်၍ သန်လျက်ကိုကိုင်၍ ထိုရသေ့စဉ်းလဲကို သတ်အံ့ဟု လျင်မြန်စွာ သွား၏။

ထိုအခါ အမျက်ထွက်လျက် လာလတ်သော မင်းကို မြင်၍ ထိုမိန်းမတို့တွင် အလွန်အကျွမ်း ဝင်ကုန်သော မိန်းမတို့သည် သွား၍ မင်း၏ လက်၌ သန်လျက်ကိုယူ၍ မင်းကို အမျက်ငြိမ်းစေကုန်၏။ ထိုကလာဗုမင်းသည် လာလတ်၍ ဘုရားလောင်း၏အထံ၌ တည်၍ ရဟန်း သင်သည် အဘယ်ဝါဒရှိသနည်းဟု ဆို၏။ မြတ်သောမင်းကြီး ခန္တိဝါဒရှိ၏ဟု ဆို၏။ ထိုခန္တိမည်သည်ကား အဘယ်နည်းဟု မေး၏။ ဆဲရေးကုန်သောသူတို့၌၎င်း ပုတ်ခတ်ကုန်သော သူတို့၌၎င်း အမျက်မထွက်သော အဖြစ်သည် ခန္တိမည်၏ဟု ဆို၏။ မင်းသည် ယခု သင့်အား ခန္တိရှိသည်၏ အဖြစ်ကို သိအံ့ဟု ဆို၍ ခိုးသူသတ်ကို ခေါ်စေ၏။ ခိုးသူသတ်သည် မိမိစာရိတ္တအားဖြင့် ပုဆိန် အဆူးတပ်သောကြိမ်ကို ယူ၍ ဖန်ရည်ဆိုးအဝတ်ကို ဝတ်လျက် ပန်းနီပန်လျက် လာ၍ မင်းကို ရှိခိုးလျက် အရှင်မင်းကြီး အဘယ်အမှုကို ပြုရအံ့နည်းဟု ဆို၏။ ဤခိုးသူဖြစ်သော ရသေ့ပျက်ကို ဆွဲငင်၍ မြေ၌လဲစေ၍ အဆူးတပ်သောကြိမ်ကို ကိုင်၍ ရှေ့နောက် နံပါးနှစ်ဘက် ဟူကုန်သော လေးမျက်နှာတို့၌ အချက်နှစ်ထောင် ရိုက်ခြင်းတို့ကို ပေးလော့ဟု ဆို၏။ ခိုးသူသတ်သည် မင်းဆိုတိုင်းပြု၏။ ဘုရားလောင်း၏ အပေါ်ရေ အတွင်းရေ စုတ်၏။ အသားသည် ပြတ်၏။ သွေးသည် ယို စီး၏။

မင်းသည် တဖန် ရဟန်း သင်ကား အဘယ်ဝါဒ ရှိသနည်းဟု ဆို၏။ မြတ်သောမင်းကြီး ခန္တီဝါဒရှိ၏။ သင်မင်းကြီးသည် ငါ၏ ခန္တီကား အရေကြား၌ ရှိ၏ဟု ထင်၏။ ငါ၏ခန္တိသည် အရေးကြား၌ ရှိသည်မဟုတ်၊ သင်မင်းကြီးသည် ခန္တိကို မြင်ခြင်းငှါ မတတ်ကောင်း၊ မြတ်သောမင်းကြီး ငါ၏ခန္တိသည် စိတ်အတွင်း၌ တည်၏ဟု ဆို၏။ ခိုးသူသတ်သည် တဖန် မြတ်သောမင်းကြီး အသို့ ပြုရအံ့နည်းဟု မေး၏။ ဤရသေ့စဉ်းလဲ လက်နှစ်ဘက်တို့ကို ဖြတ်လော့ဟု ဆို၏။ ခိုးသူသတ်သည် ပုဆိန်ကိုယူ၍ စဉ်းတီတုံး၌ လက်နှစ်ဘက်တို့ကို ထားစေ၍ ဖြတ်၏။ ထို့နောက် ခြေတို့ကို ဖြတ်လော့ဟု ဆို၏။ ခြေတို့ကိုလည်း ဖြတ်၏။ ဖြတ်အပ်ကုန်ပြီးသော လက်စွန်း ခြေစွန်းတို့မှ ချိပ်ရည်ကဲ့သို့သော သွေးသည် ယိုစီး၏။ တဖန်လည်း မင်းသည် ရဟန်း သင်သည် အဘယ်ဝါဒ ရှိသနည်းဟု မေး၏။ မြတ်သောမင်းကြီး ငါသည် ခန္တိဝါဒရှိ၏။ သင်မင်းကြီးသည်ကား ငါ၏ခန္တိသည် လက်စွန်း ခြေစွန်းတို့၌ ရှိ၏ဟု ထင်မှတ်၏။ ဤငါ၏ ခန္တိသည် လက်စွန်းခြေစွန်းတို့၌ မရှိ၊ နက်နဲသောအရပ်၌ တည်၏ဟု ဆို၏။ မင်းသည် ရသေ့၏ နား၊ နှာခေါင်းတို့ကို ဖြတ်လော့ဟု ဆို၏။ ခိုးသူသတ်သည် နား, နှာခေါင်းကို ဖြတ်၏။ ကိုယ်အလုံးမှ သွေးယိုစီး၏။ တဖန် ရဟန်း သင်သည် အဘယ်ဝါဒရှိသနည်းဟု မေး၏။ မြတ်သောမင်းကြီး ခန္တိဝါဒရှိ၏ဟု ဆို၏။ သင်မင်းကြီးသည် ရသေ့၏ ခန္တိကား နား, နှာခေါင်းအစွန်းတို့၌ တည်၏ဟု မမှတ်လင့်၊ ငါ၏ခန္တိသည် နက်နဲသော စိတ်အတွင်း၌ တည် ၏ဟု ဆို၏။ မင်းသည် ရသေ့စဉ်းလဲ သင့်ခန္တိကို သင်သည်လျှင် ရွက်ဆောင်၍ နေလော့ဟု ဆို၍ ဘုရားလောင်း၏ရင်ကို ခြေဖြင့်ကျောက်၍ သွား၏။

ထိုမင်းသွားသည်ရှိသော် စစ်သူကြီးသည် ဘုရားလောင်း၏ကိုယ်မှ သွေးကိုသုတ်၍ လက် နား နှာခေါင်းအစွန်းတို့ကို ပုဆိုးအိတ်ထောင်၌ ထည့်၍ ဘုရားလောင်းကို ဖြည်းညှင်းစွာ ထိုင်စေ၍ ရှိခိုးပြီးသော် တင့်အပ်စွာနေ၍ အရှင်ဘုရား အရှင်ဘုရားတို့သည် အမျက်ထွက်လိုကုန် သည်ရှိသော် အရှင်ဘုရားတို့၌ အပြစ်ပြုသော မင်းအား သာလျှင် အမျက်ထွက်ပါ ကုန်လော့၊ တပါးသော တိုင်းသားပြည်သူတို့အား အမျက်မထွက်ပါကုန်လင့်ဟု တောင်းပန်လိုရကား-

၄၉။ ယော တေ ဟတ္ထေ စ ပါဒေ စ၊
ကဏ္ဏနာသဉ္စ ဆေဒယိ။
တဿ ကုဇ္ဈ မဟာဝီရ၊
မာ ရဋ္ဌံ ဝိနသာ ဣဒံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၉။ မဟာဝီရ၊ ကြီးသောလုံ့လရှိသော ရှင်ရသေ့။ ယော၊ အကြင်မင်းသည်။ တေ၊ သင်၏။ ဟတ္ထေ စ၊ လက်တို့ကို၎င်း။ ပါဒေ စ၊ ခြေတို့ကို၎င်း။ ကဏ္ဏနာသဉ္စ၊ နားနှာခေါင်းကို၎င်း။ ဆေဒယိ၊ ဖြတ်၏။ တဿ၊ ထိုမင်းအား။ ကုဇ္စျ၊ အမျက်ထွက်လော့။ ဣဒံ ရဋ္ဌံ၊ ဤတိုင်းကို။ မာ ဝိနသာ၊ မဖျက်ဆီးပါလင့်။

ထိုစကားကိုကြား၍ ဘုရားလောင်းသည်-

၅၀။ ယာ မေ ဟတ္ထေ စ ပါဒေ စ၊
ကဏ္ဏနာသဉ္စ ဆေဒယိ။
စိရံ ဇီဝတု သော ရာဇာ၊
န ဟိ ကုဇ္ဈန္တိ မာဒိသာ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၅၀။ ယော ရာဇာ၊ အကြင်မင်းသည်။ မေ၊ ငါ၏။ ဟတ္ထေ စ၊ လက်တို့ကို၎င်း။ ပါဒေ စ၊ ခြေတို့ကို၎င်း။ ကဏ္ဏနာသဉ္စ၊ နား, နှာခေါင်းကို၎င်း။ ဆေဒယိ၊ ဖြတ်၏။ သော ရာဇာ၊ ထိုမင်းသည်။ စိရံ၊ ကြာမြင့်စွာ။ ဇီဝတု၊ အသက်ရှည်စေ သတည်း။ မာဒိသာ၊ ငါနှင့်တူသော ပညာရှိတို့သည်။ န ဟိ ကုဇ္ဈန္တိ၊ အမျက်မထွက်ကုန်သလျှင်ကတည်း။

မင်းသည် ဥယျာဉ်မှထွက်၍ ဘုရားလောင်း၏ မြင်ကောင်းသော အရပ်ကို လွန်သောကာလ၌လျှင် ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော ဤမြေကြီးသည် ကစီဖြင့်ဖွဲ့အပ်သော ပုဆိုးကဲ့သို့ ကွဲ၍ အဝီစိမှ မီးလျှံသည် ထွက်၍ မင်းကို အမျိုးပေးသော ကမ္ဗလာနီဖြင့် ရုံဘိသကဲ့သို့ရုံ၍ ယူ၏။ ထို ကလာဗုမင်းသည် ဥယျာဉ်တံခါး၌ သာလျှင် မြေသို့ဝင်၍ အဝီစိငရဲကြီး၌ တည်၏။ ဘုရားလောင်းသည်လည်း ထိုနေ့၌ပင်လျှင် သေလွန်၏။ မင်း၏ ပရိသတ်တို့သည်၎င်း၊ ပြည်သားတို့ သည်၎င်း နံ့သာ, ပန်း အခိုး အထုံ လက်စွဲကုန်လျက် လာလတ်ကုန်၍ ဘုရားလောင်း၏ အလောင်းကို သင်္ဂြိုဟ်ကုန်၏။

အချို့သော ဆရာတို့သည်ကား ဘုရားလောင်းသည် တဖန် ဟိမဝန္တာသို့ သွား၏ဟု ဆို၏။ ထိုစကားသည်ကား မဟုတ်။

သဗ္ဗညူ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၅၁။ အဟူ အတီတမဒ္ဓါနံ၊ သမဏော ခန္တိဒီပနော။
တံ ခန္တိယာယေဝ ဌိတံ၊ ကာသိရာဇာ အဆေဒယိ။

၅၂။ တဿ ကမ္မဖရုသဿ၊ ဝိပါကော ကဋုကော အဟု။
ယံ ကာသိရာဇာ ဝေဒေသိ၊ နိရယမှိ သမပ္ပိတော။

ဟူသော နှစ်ဂါထာတို့ကို ဟောတော်မူ၏။

၅၁။ အတီတမဒ္ဓါနံ၊ လွန်လေပြီးသောအခါ၌။ ခန္တိဒီပနော၊ သည်းခံခြင်းနှင့် ပြည့်စုံသော။ သမဏော၊ ရဟန်းသည်။ အဟု၊ ဖြစ်ပြီ။ ခန္တိယာယေဝ၊ သည်းခံခြင်း၌သာလျှင်။ ဌိတံ၊ တည်သော။ တံ၊ ထိုရဟန်းကို။ ကာသိရာဇာ၊ ကာသိမင်းသည်။ အဆေဒယိ၊ ဖြတ်စေ၏။

၅၂။ ကာသိရာဇာ၊ ကာသိမင်းသည်။ ယံ ကမ္မံ၊ အကြင်မကောင်းမှု ကံကို။ အကာသိ၊ ပြု၏။ တဿ ကမ္မဖရုသဿ၊ ထိုကြမ်းကြုတ်သော မကောင်းမှုကံ၏။ ကဋုကော၊ ဆင်းရဲစွာသော။ ဝိပါကော၊ အကျိုးသည်။ အဟု၊ ဖြစ်၏။ ကာသိရာဇာ၊ ကာသိမင်းသည်။ နိရယမှိ၊ ငရဲ၌။ သမပ္ပိတော၊ တည်၍။ ဝေဒေသိ၊ ဆင်းရဲခံစား၏။

အချို့သော ဆရာတို့သည်ကား ဘုရားလောင်း၏ လက် ခြေ, နား, နှာခေါင်းတို့သည် တဖန် စပ်ပြန်ကုန်၏ဟု ဆိုကုန်၏။ ထိုစကားသည်လည်း မဟုတ်သလျှင် ကတည်း။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ တပါးကုန်သော များစွာကုန်သောရဟန်းတို့သည် သောတာပတ္တိဖိုလ် အစရှိသည်တို့သို့ ရောက်ကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ ဒေဝဒတ်သည် ထိုအခါ ကလာဗုမည်သောမင်းဖြစ်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ စစ်သူကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ခန္တီဝါဒီရသေ့ ဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဒေါသကိုပယ်၊ သည်းခံကွယ်၊ အေးနယ်ရောက်မည်မှတ်

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ခန္တီဝါဒီဇာတ်သည် ပြီး၏။

*****