ကေဠိသီလဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၀၂။ ကေဠိသီလဇာတ် (၂-၆-၂)

ဒုကနိပါတ်-နတံဒဠှဝဂ်

၂။ ကေဠိသီလဇာတ်

ကစားသန်သောမင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဟံသာ ကောဉ္စာ မယူရာ စ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကေဠိသီလဇာတ်ကို ဇေတဝန် ကျောင်းတော် သီတင်းသုံး နေတော်မူစဉ် အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။ ရှည်သောသက်တော်ရှိသော ထိုလကုဏ္ဍကဘဒ္ဒိယမထေရ်သည် မြတ်စွာဘုရား သာသနာတော်၌ ထင်ရှားကျော်စောသည် ဖြစ်၏။ သာယာသော အသံရှိသည် ဖြစ်၏။ သာယာစွာသောတရားကို ဟောတတ်သည်ဖြစ်၏။ ပဋိသမ္ဘိဒါကို ရသည်ဖြစ်၏။ ရဟန္တာကြီးဖြစ်၏။ အသီတိမဟာထေရ်တို့၏အတွင်း၌ တည်သည်ဖြစ်၏။ ပမာဏအားဖြင့်သော်ကား ငယ်၏။ ကွ၏။ ငယ်သောသာမဏေသည် ကစားအံ့သောငှါ သွားသကဲ့သို့ ဖြစ်၏။ ထိုလကုဏ္ဍကဘဒ္ဒိယမထေရ်သည် တနေ့သ၌ မြတ်စွာဘုရားကိုရှိခိုး၍ ဇေတဝန်ကျောင်း တံခါးမုတ်သို့သွားစဉ် ဇနပုဒ်မှလာကုန်သော သုံးကျိပ်အတိုင်း အရှည်ရှိကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားကို ရှိခိုးကုန်အံ့ဟူ၍ ဇေတဝန်ကျောင်းတော်သို့ ဝင်ကုန်သည်ရှိသော် ကျောင်းတံခါးမုတ်၌ မထေရ်ကိုမြင်ကုန်၍ ဤသူကားသာမဏေတည်းဟူသောအမှတ်ဖြင့် မထေရ်ကို သင်္ကန်းစွန်း၌ဆွဲကုန်လျက် လက်တို့ကိုဆွဲကုန်လျက် ဦးခေါင်းကိုကိုင်ကုန်၍ နှာခေါင်း၌ သုံးသပ်ပြီးလျှင် နားတို့ကိုင်လှုပ်ကုန်၍ လက်ဆော့ခြင်းကို ပြုကုန်လျက် သပိတ် သင်္ကန်းကိုသိုမှီးကုန်၍ မြတ်စွာဘုရားသို့ ကပ်ကုန်ပြီးလျှင် ရှိခိုးလျက် နေကုန်၍ မြတ်စွာဘုရားသည် သာယာစွာ ပဋိသန္ထာရကို ပြုတော်မူသည်ရှိသော် အရှင်ဘုရား အရှင်ဘုရားတို့၏ တပည့်တော်ဖြစ်သော သာယာစွာသော တရားကိုဟောတတ်သော တပါးသော လကုဏ္ဍကဘဒ္ဒိယအမည်ရှိသော မထေရ်သည် ရှိသတတ်၊ ထိုမထေရ်သည် ယခုအခါ အဘယ်အရပ်၌ နေသနည်းဟု လျှောက်ကုန်၏။ ရဟန်းတို့ သင်တို့သည် ဖူးမြင်လိုကုန်သလောဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား ဖူးမြင်လိုပါကုန်၏ဟု နားတော်လျှောက်ကုန်၏။ ရဟန်းတို့ သင်တို့သည် ကျောင်းတံခါးမုတ်၌ အကြင်မထေရ်ကို မြင်ကုန်၍ သင်္ကန်းစွန်းအစရှိသည်တို့၌ ဆွဲကုန်လျက် လက်ဆော့ခြင်းကို ပြုကြကုန်၍ လာကြကုန်၏။ ထိုမထေရ်သည် လကုဏ္ဍကဘဒ္ဒိယ မထေရ်တည်းဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏။ အရှင်ဘုရား ဤသို့သဘောရှိသော တောင်းအပ်ပြီးသော ပတ္ထနာရှိသော ကုသိုလ်ကံနှင့်ပြည့်စုံသော သာဝကသည် အဘယ်အကြောင်းကြောင့် ဘုန်းတန်ခိုးနည်းသနည်းဟု ရဟန်းတို့သည်လျှောက်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ မိမိသည် ပြုအပ်သော မကောင်းမှုကံကိုအမှီပြု၍ ဘုန်းတန်ခိုးနည်းသည် ဖြစ်၏ဟု မိန့်တော်မူ၍ ထိုရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားမင်းဖြစ်၏။ ထိုအခါ၌ ဗြဟ္မဒတ်မင်းအား ကိုယ်ခန္ဓာ ဟောင်းမြင်းသော အိုခြင်းရောက်ပြီးသော ဆင်ကို၎င်း မြင်းကို၎င်း နွားကို၎င်း မြင်စိမ့်သောငှါ မတတ်ကောင်း၊ မင်းသည် ကစားတတ်သော အလေ့ရှိသည်ဖြစ်၍ ထိုသို့ သဘောရှိသော ဆင်အို မြင်းကို အစရှိသည်တို့ကိုမြင်လျှင် လိုက်စေ၏။ လှည်းအိုကို မြင်၍ ဖျက်စေ၏။ မိန်းမအိုကို မြင်၍လည်း ခေါ်စေ၍ ဝမ်း၌တွန်း၍ လဲစေ၏။ တဖန် ထပြန်စေ၍ ထိတ်လန့်စေ၏။ ယောက်ျားအိုတို့ကိုမြင်၍ ကျွမ်းသမားတို့ကဲ့သို့ မြေ၌ကျွမ်းထိုးခြင်း အစရှိသည်တို့ဖြင့် ကစားခြင်းကို ကစားစေ၏။ မမြင်သည်ရှိသော် ဤမည်သောအိမ်၌ သူအိုသည် ရှိ၏။ ဤသို့ ကြား၍လည်း ခေါ်၍ ကစား၏။ လူတို့သည် ရှက်ကုန်သည်ဖြစ်၍ မိမိတို့၏ မိဘတို့ကို တိုင်းတပါးတို့သို့ ပို့ကုန်၏။ အမိကိုလုပ်ကျွေးသောတရားသည်၎င်း အဘကိုလုပ်ကျွေးသောတရားသည်၎င်း ပြတ်၏။ မင်းခစားတို့သည် ကစားလေ့ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏။ သေတိုင်း သေတိုင်းကုန်သော သူတို့သည် အပါယ်လေးဘုံတို့ကို ပြည့်စေကုန်၏။ နတ်၏ပရိသတ်တို့သည် ယုတ်ကုန်၏။

သိကြားမင်းသည် အသစ်ဖြစ်ကုန်သော နတ်သားတို့ကို မမြင်သည်ဖြစ်၍ အကြောင်း အသို့ရှိသနည်းဟု ဆင်ခြင်သည်ရှိသော် ထိုအကြောင်းကိုသိ၍ ထိုဗြဟ္မဒတ်မင်းကို ဆုံးမအံ့ဟု လူအို၏သဏ္ဌာန်ကို ဖန်ဆင်း၍ လှည်းအို၌ ရက်တက်အိုးနှစ်လုံးတို့ကိုတင်၍ နှစ်ကောင်သောနွားအိုတို့ကို က၍ တပါးသော ပွဲလမ်းသဘင်နေ့၌ ဗြဟ္မဒတ်မင်းသည် တန်ဆာဆင်အပ်သောဆင်ကို တက်စီးပြီးလျှင် တန်ဆာဆင်အပ်သော မြို့ကို လက်ျာရစ် လှည့်လည်ခြင်းကို ပြုလတ်သော် ဟောင်းနွမ်းသောအဝတ်ကို ဝတ်ဆင်ယင်လျက် ထိုလှည်းအိုကို မောင်းနှင်လျက် ဗြဟ္မဒတ်မင်းကြီး၏ ရှေ့ရှုသွား၏။ ဗြဟ္မဒတ်မင်းကြီးသည် ထိုလှည်းအိုကိုမြင်၍ ထိုလှည်းအိုကို ပယ်ကြကုန်လော့ဟု ဆို၏။ လူတို့သည် မင်းမြတ် အဘယ်မှာနည်း၊ အကျွန်ုပ်တို့သည် မမြင်ကုန်ဟု ဆိုကုန်၏။ သိကြားသည် မိမိ၏ အာနုဘော်အားဖြင့် မင်းအားသာလျှင် ပြ၏။ ထိုအခါ၌ ထိုအရပ်သို့ အများရောက်လတ်သည်ရှိသော် ထိုလှည်းအိုကို ထိုမင်း၏ အထက်အဘို့ဖြင့်နှင်လျက် မင်း၏ဦးခေါင်းထက်၌ တလုံးသော ရက်တက်အိုးကိုခွဲ၍ ပြန်လည်လတ်သည်ရှိသော် နှစ်ခုမြောက်သော ရက်တက်အိုးကို ခွဲ၏။ ထိုအခါ၌ ထိုမင်း၏ ဦးခေါင်းမှစ၍ ထိုမှဤမှ ရက်တက်ရည်သည် စီး၏။ ထိုမင်းသည် ထိုသို့ရက်တက်ရည် စီးခြင်းကြောင့် ငြီးငွေ့၏။ ရှက်၏။ စက်ဆုပ် ရွံရှာ၏။ ထိုအခါ၌ ထိုမင်း၏ ထိုပင်ပန်းဆင်းရဲ သည်၏အဖြစ်ကိုသိ၍ သိကြားသည် လှည်းကိုကွယ်စေ၍ သိကြား၏ကိုယ်ကို ဘန်ဆင်း၍ ဝရဇိန်လက်နက်စွဲလျက် ကောင်းကင်၌ တည်၍ ယုတ်မာသော တရားမစောင့်သောမင်း သင်သည် မအိုလတ္တံ့လော၊ သင်၏ကိုယ်ကို အိုခြင်းသည် မညှဉ်းဆဲလတ္တံ့လော၊ သင်သည်ကစားလေ့ရှိသည်ဖြစ်၍ သူအိုတို့အား နှိပ်စက်ညှဉ်းဆဲသောအမှုကို ပြု၏။ တယောက်တည်းသော သင့်ကိုမှီကုန်၍ ထိုအမှုကို ပြုကုန်ကြသဖြင့် သေတိုင်း သေတိုင်းကုန်သော သူတို့သည် အပါယ်တို့ကို ပြည်စေကုန်၏။ လူတို့သည် မိဘတို့ကို လုပ်ကျွေးအံ့သောငှါ မရကုန်၊ သင်သည် ဤအမှုမှ အကယ်၍ မကြဉ်အံ့၊ ဤဝရဇိန်လက်နက်ဖြင့် ဦးခေါင်းကို ခွဲအံ့၊ ဤနေ့မှစ၍ ထိုအမှုကို မပြုလင့်၊ ဤသို့ ခြိမ်းချောက်၍ မိဘတို့၏ ကျေးဇူးကို ဟော၍ ကြီးကုန်သောသူတို့အား အရိုအသေပြုသော ကောင်းမှု၏ အကျိုးဆက်ကိုပြ၍ ဆုံးမပြီးလျှင် တာဝတိံသာနတ်ပြည်သို့ ပြန်သွား၏။ မင်းသည် ထိုအခါမှစ၍ ထိုသို့သဘောရှိသောအမှုကို ပြုအံ့သောစိတ်ကိုလည်း မဖြစ်စေ။ မြတ်စွာဘုရားသည် ဤလွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

၁၀၃။ ဟံသာ ကောဉ္စာ မယူရာ စ၊ ဟတ္ထယော ပသဒါမိဂါ။
သဗ္ဗေ သီဟဿ ဘာယန္တိ၊ နတ္ထိ ကာယသ္မိံ တုလျတာ။

၁၀၄။ ဧဝမေဝ မနုဿေသု၊ ဒဟရော စေပိ ပညဝါ။
သော ဟိ တတ္ထ မဟာ ဟောတိ။ နေဝ ဗာလော သရီရ ဝါ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၁၀၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာယသ္မိံ၊ ကိုယ်၌။ တုလျတာ၊ နှိုင်းယှဉ်အပ်သည်၏ အဖြစ်သည်။ ယသ္မာ၊ အကြင်ကြောင့်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထိုကြောင့်။ ဟံသာ စ၊ ဟင်္သာတို့သည်၎င်း။ ကောဉ္စာ စ၊ ကြိုးကြတို့သည်၎င်း။ မယူရာ စ၊ ဥဒေါင်းတို့သည်၎င်း။ ဟတ္ထယော စ၊ ဆင်တို့သည်၎င်း။ ပသဒါ၊ ချေဟုဆိုအပ်ကုန်သော။ မိဂါ စ၊ သားတို့သည်၎င်း။ တနည်း ပသဒါ စ၊ ချေတို့သည်၎င်း။ မိဂါစ၊ ဆိုအပ်ပြီးသည်မှ ကြွင်းကုန်သော သားတို့သည်၎င်း။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည်။ သီဟဿ၊ ခြင်္သေ့မှ။ ဘာယန္တိ၊ ကြောက်ကုန်၏။

၁၀၄။ ဧဝမေဝ၊ ဤအတူသာလျှင်။ မနုဿသု၊ လူတို့တွင်။ ယော၊ အကြင်သူသည်။ ဒဟရောပိ၊ ငယ်သော်လည်း။ ပညဝါ၊ ပညာရှိသည်။ စေ ဟောတိ၊ အကယ်၍ ဖြစ်အံ့။ သော ဟိ၊ ထိုသူသည်သာလျှင်။ တတ္ထ၊ ထိုလူတို့၌။ မဟာ၊ ကြီးသည်။ ဟောတိ၊ ဖြစ်၏။ ဗာလော၊ ပညာမရှိသောသူသည်။ သရီရဝါ၊ ကိုယ်ကြီးသော်လည်း။ မဟာနာမ၊ ကြီးသောမည်သည်။ နေဝ ဟောတိ၊ မဖြစ်သလျှင်ကတည်း။ တသ္မာ၊ ထို့ကြောင့်။ တုမှေ၊ သင်တို့သည်။ လကုဏ္ဍကဘဒ္ဒိယော၊ လကုဏ္ဍကဘဒ္ဒိယသည်။ သရီရေနေ၊ ကိုယ်အားဖြင့်။ ခုဒ္ဒကော၊ ငယ်၏။ ဣတိ၊ ထို့ကြောင့်။ တံ၊ ထိုလကုဏ္ဍကဘဒ္ဒိယကို။ ဉာဏေနပိ၊ ဉာဏ်အားဖြင့်လည်း။ ခုဒ္ဒကောတိ၊ ငယ်၏ဟူ၍။ မာ မညိတ္ထ၊ မမှတ်ကြကုန်လင့်။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူပြီးလျှင် ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကိုပြတော်မူသည်၏ အဆုံး၌ ထိုရဟန်းတို့တွင် အချို့ကုန်သော ရဟန်းတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သောရဟန်းတို့သည် သကဒါဂါမ်ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် အနာဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော ရဟန်းတို့သည် ရဟန္တာဖြစ်ကုန်၏ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ရဟန်းတို့ ထိုသို့အိုမင်းကုန်သော သူတို့အား ကစားလေ့ရှိဘူးသည်၏ အဖြစ်ကြောင့် ယခုအခါ၌ သူတပါးတို့၏ ကစားခြင်း တည်ရာဖြစ်သော ထိုသို့သဘောရှိသော လကုဏ္ဍကဘဒ္ဒိယသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဘယ်သူမပြု၊ မိမိမှု၊ ကြည့်ရှုဆင်ခြင်ရာ

နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကေဠိသီလဇာတ်သည် ပြီး၏။

*****