ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၅၄။ ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတ် (၃-၁-၄)


တိကနိပါတ်-သင်္ကပ္ပဝဂ်

၄။ ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတ်

သိန္ဓောမြင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဘုတွာ တိဏပရိဃာသံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုဏ္ဍကသိန္ဓဝဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အရှင်သာရိပုတ္တရာ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏ ထိုစကားကို ချဲ့ဦးအံ့၊ တရံရောအခါ သဗ္ဗညူမြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ ဝါဆိုတော်မူပြီး၍ ဒေသစာရီ ကြွတော်မူ၍ တဖန် ပြန်လာသည်ရှိသော် လူတို့သည် အာဂန္တုကတို့အား ပူဇော်ခြင်းကိုပြုကုန်အံ့ဟု ဘုရားအမှူးရှိသော သင်္ဃာတို့အား အလှူကြီးကိုပေးကြကုန်၏ ကျောင်း၌ တပါးသော ဓမ္မဃောသကရဟန်းကိုထား၏။ ထိုရဟန်းသည် အကြင်အကြင်သူတို့သည် အကြင်မျှလောက်သော ရဟန်းတို့ကို အလိုရှိကုန်၏။ ထိုသူတို့အား ထိုမျှလောက်သော ရဟန်းတို့ကို စီရင်၍ ပေး၏။

ထိုအခါ တယောက်သော ဆင်းရဲစွာသော မိန်းမအိုသည် တပါးစာကို စီရင်၍ ထိုထိုသူတို့အား ရဟန်းတို့ကိုစီရင်၍ ပေးကုန်သည်ရှိသော် နေမြင့်သောအခါ၌ ဓမ္မဃောသက ရဟန်း ၏အထံသို့ သွား၍ အကျွန်ုပ်အား တပါးသော ရဟန်းကို ပေးပါကုန်လော့ဟု ဆို၏။ ထိုရဟန်းသည်ကား ခပ်သိမ်းသော ရဟန်းတို့ကိုစီရင်၍ ပေးအပ်ကုန်ပြီ၊ အရှင်သာရိပုတ္တရာ မထေရ်သည်ကား ကျောင်း၌လျှင်ရှိ၏။ အရှင်သာရိပုတ္တရာအား ဆွမ်းကို လှူချေလော့ဟု ဆို၏။ ထိုမိန်းမအိုသည် ကောင်းပြီဟူ၍ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ ဇေတဝန် ကျောင်းတော် တံခါးမုခ်၌ ရပ်၍ အရှင်သာရိပုတ္တရာမထေရ် လာသောကာလ၌ ရှိခိုး၍ လက်မှသပိတ်ကိုယူ၍ အိမ်သို့ ပင့်ဆောင်၍ နေစေ၏။ တယောက်သော မိန်းမအိုသည် အရှင်သာရိပုတ္တရာမထေရ်ကို မိမိအိမ်သို့ ပင့်ဆောင်၍ နေစေသတတ်ဟု များစွာကုန်သော သဒ္ဓါတရားနှင့်ပြည့်စုံကုန်သော အမျိုးတို့သည် ကြားကုန်၏။ ထိုအမျိုးတို့တွင် ပသေနဒီကောသလမင်းသည် ထိုအကြောင်းကိုကြား၍ ထိုမိန်းမအိုအား ပုဆိုး ဥစ္စာ ထောင်ထုပ်နှင့်တကွ သိမ်မွေ့ကောင်းမြတ်သော ဘောဇဉ်တို့ကို အရှင်အား လုပ်ကျွေးသည်ရှိသော် ဤအဝတ်ကိုဝတ်၍ ဤအသပြာတို့ကို သုံးဆောင်၍ လုပ်ကျွေးပါဟု ဆို၍ ပို့စေ၏။ ပသေနဒီ ကောသလမင်း ပို့စေသကဲ့သို့ ထို့အတူ မဟာအနာထပိဏ် စူဠအနာထပိဏ် ဝိသာခါ သီတင်းသည်မကြီးတို့သည်လည်း ပို့စေကုန်၏။ တပါးကုန်သော အမျိုးတို့သည် မိမိတို့၏အစွမ်းအားလျော်စွာ တရာ နှစ်ရာစသည်တို့၏ အစွမ်းအားဖြင့် အသပြာတို့ကို ပေးစေကုန်၏။ ဤသို့ တရက်ခြင်းသာလျှင် ထိုမိန်းမအိုသည် တသိန်းသောအသပြာကို ရ၏။ အရှင်သာရိပုတ္တရာသည်ကား ထိုမိန်းမအိုသည် လှူအပ်သော ယာဂုကိုလျှင်သောက်၍ ထိုမိန်းမအိုသည် စီရင်အပ်သော ခဲဘွယ်ဘောဇဉ်ကိုသာလျှင် ဘုဉ်းပေး၍ အနုမောဒနာပြု၍ မိန်းမအိုကို သောတာပတ္တိဖိုလ်၌ တည်စေ၍ ကျောင်းသို့သာလျှင် ကြွသွားတော်မူ၏။

တရားသဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ အရှင်သာရိပုတ္တရာ မထေရ်သည် အိုမင်းပြီးသော အိမ်ရှင်မကို ဆင်းရဲမှလွတ်စေ၏။ အိုမင်းပြီးသော အိမ်ရှင်မသည်လှူအပ်သော အာဟာရကို မရွံမရှာ ဘုဉ်းပေးတော်မူ၏ဟု အရှင်သာရိပုတ္တရာမထေရ်၏ ကျေးဇူးစကားကို ပြောဆိုကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ၌ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်းဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေး ပါကုန်၏ဟု နားတော်လျှောက်သည် ရှိသော် ရဟန်းတို့ သာရိပုတ္တရာသည် ယခုအခါ၌သာလျှင် ထိုမိန်းမ၏ကိုးကွယ်ရာ ဖြစ်သည်မဟုတ်၊ ယခုအခါ၌သာလျှင် ထိုမိန်းမအိုသည် ပေးအပ်သော အာဟာရကို မရွံမရှာ စားသည်မဟုတ်၊ ရှေး၌လည်း စားဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဥတ္တရာပထ မြင်းကုန်သည်အမျိုး၌ ဖြစ်၏။ ဥတ္တရာပထဇနပုဒ်မှ ငါးရာကုန်သော မြင်းကုန်သည်တို့သည် မြင်းတို့ကို ဗာရာဏသီပြည်သို့ ဆောင်၍ ရောင်းကုန်၏။ တယောက်သော မြင်းကုန်သည်လည်း မြင်းငါးရာတို့ကိုယူ၍ ဗာရာဏသီပြည်ခရီးသို့ သွား၏။ ဗာရာဏသီပြည်၏ ခရီးအကြားမှ မနီးလွန်း မဝေးလွန်းသော အရပ်ဝယ် တခုသော နိဂုံးသည် ရှိ၏။ ထိုနိဂုံး၌ ရှေးသရောအခါ များစွာသော စည်းစိမ်ရှိသော သူဌေးသည် ဖြစ်ဘူး၏။ ထိုသူဌေး၏ အိမ်သည်ကြီး၏။ အမျိုးသည်တမူကား အစဉ်သဖြင့် ကုန်ခြင်းသို့ရောက်၏။ တယောက်သော မိန်းမအိုသည်သာလျှင် ကြွင်း၏။ ထိုမိန်းမအိုသည် ထိုအိမ်၌ နေ၏။ ထိုအခါ ထိုမြင်းကုန်သည်သည် ထိုနိဂုံးသို့ရောက်၍ အခ ပေးအံ့ဟု ဆို၍ ထိုမိန်းမအို၏အိမ်၌ နေရာကိုယူ၍ မြင်းတို့ကို တင့်အပ်ရာအရပ်၌ထား၏။ ထိုနေ့၌လည်း တခုသောအာ ဇာနည်မြင်းမအား သားဖွားခြင်းသည် ဖြစ်၏။ ထိုမြင်းကုန်သည်သည် နှစ်ရက် သုံးရက်တို့ပတ်လုံး နေ၍ မြင်းတို့ကို အားယူစေ၍ မင်းကို ဖူးမြင်အံ့ဟု မြင်းတို့ကိုယူ၍သွား၏။ ထိုအခါ ထိုမြင်းကုန်သည်ကို မိန်းမအိုသည် အိမ်၌ တည်းနေခကို ပေးလော့ဟု ဆို၍ မိခင် ကောင်းပြီ ပေးအံ့ဟု ဆိုသည်ရှိသော် အမောင် အခပေးသည်ရှိသော် ဤမြင်းငယ်ကို ပေးလော့ဟု ဆို၏။ မြင်းကုန်သည်သည် မိန်းမအိုဆိုတိုင်း မြင်းငယ်ကိုပေး၍ သွား၏။ မိန်းမအိုသည် ထိုမြင်းငယ်၌ သားကဲ့သို့ ချစ်ခြင်းကိုဖြစ်စေ၍ ဆန်ခွဲ ထမင်းချိုး, စားငုတ်မြက်တို့ကို ပေး၍ မြင်းငယ်ကို လုပ်ကျွေး၏။

ထိုအခါ နောက်အဘို့၌ ဘုရားလောင်းသည် မြင်းငါးရာတို့ကို ယူ၍ သွားလတ်သော် ထိုအိမ်၌ တည်နေခြင်းကို ပြု၏။ ဆန်ခွဲစားသော သိန္ဓောမြင်းငယ်၏နေရာ အရပ်မှ အနံ့နံ၏။ တခုသော မြင်းသည်လည်း အိမ်သို့ မဝင်ဝံ့၊ ဘုရားလောင်းသည် မိခင် ဤအိမ်၌ တခုသောမြင်းသည် ရှိသလောဟု မေး၏။ အမောင် တပါးသောမြင်းကား မရှိ၊ ငါသည် သားပြု၍ တခုသော မြင်းငယ်ကိုမွေး၏။ ထိုမြင်းငယ်သည် ရှိ၏ဟု ဆို၏။ မိခင် ထိုမြင်းငယ်သည် အဘယ်မှာနည်းဟု မေး၏။ အမောင် အစာစားအံ့သောငှာ သွား၏ဟု ဆို၏။ မိခင် အဘယ်အခါ၌ လာသနည်းဟု မေးသည်ရှိသော် အမောင် ညချမ်းသောအခါ လာလတ္တံ့ဟု ဆို၏။ ဘုရားလောင်းသည် ထိုမြင်းငယ်၏ လာခြင်းကို မျှော်လျှက် မြင်းတို့ကို အပ၌ထား၍လျှင် နေ၏။ သိန္ဓောမြင်းငယ်သည်လည်း ကျက်စား၍ ညချမ်းအခါ၌လျှင် လာ၏။ ဘုရားလောင်းသည် ဆန်ခွဲကိုစားသော သိန္ဓောမြင်းငယ်ကို မြင်၍ လက္ခဏာတို့ကို ဆင်ခြင်၍ သိန္ဓောမြင်းငယ်သည် အဘိုးမပြတ်နိုင်အောင် ထိုက်သော မြင်းတည်းဟု သိ၍ မိန်းမအိုအား အဘိုးကိုပေး၍ ယူခြင်းငှါ သင့်၏ဟု ကြံ၍ သိန္ဓောမြင်းငယ်သည်လည်း အိမ်သို့ဝင်၍ မိမိနေရာအရပ်၌ နေ၏။ ထိုခဏ၌ ထိုမြင်းတို့သည် အိမ်သို့ဝင်ခြင်းငှာ တတ်နိုင်ကုန်၏။

ဘုရားလောင်းသည် နှစ်ရက် သုံးရက် နေ၍ မြင်းတို့ကို အားယူစေပြီး၍ သွားအံ့ဟု ပြင်ဆင်လတ်သည်ရှိသော် မိခင် မြင်းငယ်၏အဘိုးကို ယူ၍ အကျွန်ုပ်အား မြင်းငယ်ကို ပေးလော့ဟု ဆို၏။ အမောင် မြင်းကုန်သည် သင် အသို့ဆိုသနည်း၊ သားကိုရောင်းစားသော မိန်းမမည်သည် ရှိသလာဟု မိန်းမအိုသည် ဆို၏။ မိခင် သင်သည် ဤမြင်းငယ်ကို အဘယ်အစာကို စားစေ၍ ကျွေးမွေးသနည်းဟု ဘုရားလောင်းသည် မေး၏။ အမောင်မြင်းကုန်သည် ဆန်ခွဲထမင်းချိုး စားငုတ်မြက်တို့ကို စားစေ၍ ဆန်ခွဲယာဂုကို သောက်စေ၍ ကျွေးမွေး၏ဟု မိန်းမအိုဆို၏။ မိခင် ကျွန်ုပ်သည် ဤမြင်းငယ်ကိုရသော် ထမင်းကို စားစေအံ့၊ မြင်းနေရာအထက် ပုဆိုးဗိတာန်ကို ကြက်၍ အင်းပျဉ်အပေါ်၌ ထားအံ့ဟု ဘုရားလောင်းဆို၏။ အမောင်မြင်းကုန်သည် ဤသို့ပြုစုမူကား သားသည် ချမ်းသာခံရလတ္တံ့၊ သားကိုယူ၍ သွားလော့ဟု ဆို၏။ ထိုအခါ ဘုရားလောင်းသည် သိန္ဓောမြင်းငယ်၏ အခြေလေးချောင်း အမြီး နှုတ်သီးတို့၌ ခြောက်ထောင်သော အသပြာတို့ကိုထား၍ မိန်းမအိုကို အဝတ်သစ်ဝတ်စေ၍ သိန္ဓောမြင်းငယ်၏ရှေ့၌ ရပ်စေ၏။ သိန္ဓောမြင်းငယ်သည် မျက်စိတို့ကိုဖွင့်၍ အမိကို ကြည့်လျက် မျက်ရည်ယို၏။ မိန်းမအိုသည်လည်း သိန္ဓောမြင်းငယ်၏ ကျောက်ကို သုံးသပ်၍ ချစ်သား ငါသည် သားမွေးကျိုးကို ရပြီ၊ ငါ့သား လိုက်လေတော့ဟု ဆို၍ ပေး၏။ သိန္ဓောမြင်းငယ်သည် လိုက်၏။ ဘုရားလောင်းသည် နက်ဖြန် သိန္ဓောမြင်းငယ်၏ ထမင်းအစာကို စီရင်၍ သိန္ဓော မြင်းငယ်သည် မိမိ၏ကိုယ်အစွမ်းကို သိသလော၊ ထိုသို့မဟုတ် မသိသလော၊ ထိုသိန္ဓောမြင်းငယ်ကို စုံစမ်းအံ့ဟု မြင်းစားကျင်း၌ ဆန်ခွဲယာဂုကို လောင်း၍ ပေး၏။ သိန္ဓောမြင်းငယ်သည် ထိုဘောဇဉ်ကို ငါမစား၊ ယာဂုကို သောက်ခြင်းငှါ ငါအလိုမရှိဟု ဆို၏။ ဘုရားလောင်းသည် သိန္ဓောမြင်းငယ်အား စုံစမ်းလိုသောအားဖြင့်-

၁၀။ ဘုတွာ တိဏပရိဃာသံ၊ ဘုတွာ အာစာမကုဏ္ဍကံ။
ဧတံ တေ ဘောဇနံ အာသိ၊ ကသ္မာ ဒါနိ န ဘုဉ္ဇသိ။

ဟူသော ပဌမဂါထာကို ဆို၏။

၁၀။ အဿပေါတက၊ မြင်းငယ်။ တွံ၊ သင်သည်။ တိဏပရိဃာသံ၊ စားကြွင်းမြက်ကို။ ဘုတွာ၊ စား၍။ အာစာမကုဏ္ဍကံ၊ ထမင်းချိုး ဆန်ခွဲညှာကို။ ဘုတွာ၊ စား၍။ ဝဍ္ဎိတော၊ ကြီး၏။ ဧတံ၊ ဤဆန်ခွဲယာဂုဘောဇဉ်သည်။ တေ၊ သင်၏။ ဘောဇနံ၊ အစာသည်။ အာသိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ်ကြောင့်။ ဒါနိ-ဣဒါနိ၊ ယခု။ ဧတံ၊ ဤဆန်ခွဲယာဂုကို။ န ဘုဉ္စသိ၊ မစားသနည်း။

ဤသို့ဆိုသော ထိုစကားကို ကြား၍ သိန္ဓောမြင်းငယ်သည်-

၁၁။ ယတ္ထ ပေါသံ န ဇာနန္တိ၊ ဇာတိယာ ဝိနယေန ဝါ။
ဗဟု တတ္ထ မဟာဗြဟ္မေ၊ အပိ အာစာမကုဏ္ဍကံ။

၁၂။ တွဉ္စ ခေါမံ ပဇာနာသိ၊ ယာဒိသာယံ ဟယုတ္တမော။
ဇာနန္တော ဇာန မာဂမ္မ၊ န တေ ဘက္ခာမိ ကုဏ္ဍကံ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၁။ မဟာဗြဟ္မေ၊ မြတ်သောကုန်သည်ကြီး။ ယတ္ထ၊ အကြင်အရပ်၌။ ဇာတိယာ ဝါ၊ အမျိုးအားဖြင့်၎င်း။ ဝိနယေန ဝါ၊ အကျင့်အားဖြင့်၎င်း။ ပေါသံ၊ မွေးခြင်းငှါ။ ဝါ၊ မွေးအပ်သော ဥစ္စာကို။ န ဇာနန္တိ၊ မသိကုန်။ တတ္ထ၊ ထိုအရပ်၌။ ဗဟု၊ များစွာ။ အာစာမကုဏ္ဍကံ၊ ထမင်းချိုးဆန်ခွဲကို။ အပိ၊ စင်စစ်။ ဘက္ခာမိ၊ ငါစား၏။

၁၂။ ယာဒိသော၊ အကြင်သို့သဘောရှိသော။ အယံ ဟယော၊ ဤမြင်းသည်။ ဥတ္တမော၊ မြင်းမြတ်တည်း။ ဣတိ၊ ဤသိုး။ တွဉ္စ၊ သင်သည်လည်း။ ခေါ၊ စင်စစ်။ မံ၊ ကို။ ပဇာနာသိ၊ သိ၏။ ဇာနန္တော၊ အစွမ်းကိုသိသော ငါသည်။ ဇာနံ၊ အစွမ်းကိုသိသော သင့်ကို။ အာဂမ္မ၊ စွဲ၍။ တေ၊ သင်၏။ ကုဏ္ဍကံ၊ ဆန်ခွဲယာဂုကို။ န ဘက္ခာမိ၊ မစားအံ့။

သင်သည် ဆန်ခွဲယာဂုကို စားစေလိုသဖြင့် အသပြာ ခြောက်ထောင်တို့ကိုပေး၍ ငါ့ကို မဝယ်၊ ဤသို့ဆိုသော် ထိုစကားကို ကြား၍ ဘုရားလောင်းသည် သင့်ကို စုံစမ်းအံ့သောငှါ ငါသည် ထိုအမှုကို ပြု၏။ အမျက်မထွက်လင့်ဟု ဆို၍ ထိုသိန္ဓောမြင်းငယ်ကို ကောင်းသော ဘောဇဉ်ကို စားစေလျက် ယူ၍ မင်းယင်ပြင်ဝယ် တခုသောအရပ်၌ မြင်းငါးရာတို့ကိုထား၍ တခုသောအရပ်၌ ဆန်းကြယ်သော တင်းတိမ်ကို ကာရံ၍ အောက်၌ အခင်းကိုခင်း၍ အထက်၌ ပုဆိုးဗိတာန်ကြက်၍ သိန္ဓောမြင်းငယ်ကိုထား၏။

မင်းသည် လာလတ်၍ မြင်းကိုကြည့်လျက်၍ ဤမြင်းကို အဘယ့်ကြောင့် အသီးထားသနည်းဟု မေး၏။ မြတ်သောမင်းကြီး ဤမြင်းကား သိန္ဓောမြင်းတည်း၊ ဤမြင်းတို့တွင် ထူးသော မြင်းတည်းဟု လျှောက်လတ်သော် အချင်းမြင်းကုန်သည် သိန္ဓောမြင်းသည် ကောင်းသလောဟုမေး၏။ ဘုရားလောင်းသည် မြတ်သောမင်းကြီး ကောင်း၏ဟု ဆို၍ မြင်း၏ လျင်မြန်ခြင်းကို ကြည့်လို၏ဟု ဆိုလတ်သော် ထိုမြင်းကို က၍ တက်စီး၍ မြတ်သောမင်းကြီး ကြည့်တော်မူလော့ဟုဆို၍ လူတို့ကိုရှားစေ၍ မင်းယင်ပြင်၌ မြင်းကို မောင်းနှင်၏။ အလုံးစုံသော မင်းယင်ပြင်သည် မြင်းအစဉ်ဖြင့် ခြံရံဘိသကဲ့သို့ ဖြစ်၏။ တဖန် ဘုရားလောင်းသည် မြတ်သောမင်းကြီး သိန္ဓောမြင်းငယ်၏ လျင်မြန်ခြင်းကို ကြည့်တော်မူလော့ဟု လွှတ်ပြန်၏။ တယောက်သောသူသည်လည်း သိန္ဓောမြင်းငယ်ကို မမြင် သည်ဖြစ်၏။ တဖန် နီသောအဝတ်ကို ရင်၌ပတ်၍ လွှတ်ပြန်၏။ နီသောအဝတ်ကိုသာလျှင် မြင်ကုန်၏။ ထို့နောင်မှ ထိုသိန္ဓောမြင်းကို မြို့တွင်းဝယ် တခုသော ဥယျာဉ်ရေကန် အပြင်၌ လွှတ်၏။ ထိုရေကန်၌ပြေးသော သိန္ဓောမြင်း၏ ခွါဖျားတို့ကိုလည်း ရေတို့သည် မစွတ်ကုန်၊ ပဒုမာကြာရွက်တို့၏ အပေါ်သို့ ပြေးသည်ရှိသော် တခုသောပဒုမာကြာရွက်ကိုလည်း ရေ၌မနစ်စေ၊ ဤသို့ ထိုမြင်း၏ လျင်မြန်ခြင်းနှင့် ပြည့်စုံခြင်းကို ပြပြီး၍ မြင်းမှ ဆင်းသက်၍ လက်ခုပ်တီး၍ လက်ဝါးအပြင်ကိုပြ၏။ မြင်းသည်လာလတ်၍ အခြေ လေးဘက်တို့ကို တပေါင်းတည်းပြု၍ လက်ဝါးအပြင်၌ ရပ်၏။ ထိုအခါ ဘုရားလောင်းသည် မင်းကို မြတ်သောမင်းကြီး ဤမြင်းငယ်သည် ခပ်သိမ်းသော အခြင်းအရာအားဖြင့် လျင်မြန်ခြင်းကို ပြသည်ရှိသော် သမုဒ္ဒရာအဆုံးရှိသော တိုင်းသည် လျင်မြန်ခြင်းအဟုန်ကို ချထားခြင်းငှါ မလောက်ဟု မင်းကို ဆို၏။ မင်းသည် ထိုမြင်း၏ လျင်မြန်ခြင်းကိုမြင်၍ ဘုရားလောင်းအား ထက်ဝက်သော ပြည်ကိုပေး၍ သိန္ဓောမြင်းငယ်ကိုလည်း အဘိသိက်သွန်း၍ မင်္ဂလာမြင်း ပြု၏။

ထိုမင်္ဂလာမြင်းကို မင်းသည် ချစ်မြတ်နိုး၏။ မင်္ဂလာမြင်းအား ပူဇော် သက္ကာရများ၏။ မင်း၏ တန်ဆာဆင်အပ်သော နေရာတိုက်ခန်းကဲ့သို့ မြင်း၏ နေရာသည် ဖြစ်၏။ လေးပါးသော နံ့သာမျိုးတို့ဖြင့် မြေကို လိမ်းကျံကုန်၏။ နံ့သာဆိုင်း ပန်းဆိုင်းတို့ကို ဆွဲကုန်၏။ အထက်၌ ရွှေကြယ်စီ ဗိတာန်ကြက်၏ ထက်ဝန်းကျင်မှ ဆန်းကြယ်သော တင်းတိမ်ဖြင့် ကာရံ၏။ အမြဲ နံ့သာဆီတို့ဖြင့် ဆီမီးကို ထွန်းကုန်၏။ မင်္ဂလာမြင်း၏ ကျင်ကြီးကျင်ငယ်သွားရာ အရပ်၌လည်း ရွှေအိုးကို ခံထားကုန်၏။ အမြဲလျှင် မင်းစားသော ဘောဇဉ်ကိုသာလျှင် စားစေ၏။ ထိုမင်္ဂလာမြင်း ရောက်သောကာလမှစ၍ ဇမ္ဗူဒိပ်အလုံး၌ မင်းအဖြစ်သည် ဗာရာဏသီမင်း၏ လက်သို့ရောက်သည်သာလျှင် ဖြစ်၏။ ဗာရာဏသီမင်းသည် ဘုရားလောင်း၏ အဆုံးအမ၌ တည်၍ အလှူပေးခြင်းအစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်သို့လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြသည်၏အဆုံး၌ များစွာကုန်သော ရဟန်းတို့သည် သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်ကြကုန်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ သူအိုမသည် ထိုအခါ သူအိုမဖြစ်ဘူးလေပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ သိန္ဓောမြင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ ဗာရာဏသီမင်း ဖြစ်ဘူးလေပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ မြင်းကုန်သည် ဖြစ်ဘူးလေပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အမယ်အိုကပ်၊ ပိဏ္ဍပါတ်၊ ထေရ်မြတ် သုံးဆောင်သည်

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ကုဏ္ဍကသိန္ဓဝဇာတ်သည် ပြီး၏။

*****