ကုက္ကုဋဇာတ် -၃

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၄၈။ ကုက္ကုဋဇာတ် (၁၀)


ဒသကနိပါတ်

၁၀။ ကုက္ကုဋဇာတ်

ကိုယ်ကျိုးသက်သက်ရှာသော မိတ်ဆွေတုကို မပေါင်းသင့်ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် နာသ္မသေ ကတပါပမှိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုက္ကုဋဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ မြတ်စွာဘုရားကို သတ်ခြင်းငှာ လုံ့လပြုခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုစကားသည် မှန်၏။ တရားသဘင်၌ ရဟန်းတို့သည် ဒေဝဒတ်၏ ကျေးဇူးမဲ့ဖြစ်သောစကားကို ဖြစ်စေကုန်၏။ ငါ့ရှင်တို့ ဒေဝဒတ်သည် လေးသမားတို့ကိုလွှတ်ခြင်း အစရှိသည်ဖြင့် မြတ်စွာဘုရားအား သတ်ခြင်းငှာသာလျှင် အကြောင်းပြု၏ ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ... ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် ငါ့ကိုသတ်ခြင်းငှာ လုံ့လပြုသည် မဟုတ်သေး၊ ရှေး၌လည်း ဤဒေဝဒတ်သည် သတ်ခြင်းငှာ လုံ့လပြုဖူးသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ကောသမ္ဗီပြည်၌ ကောသမ္ဗကမည်သော မင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် တစ်ခုသော ဝါးတောဝယ် ကြက်မျိုး၌ ဖြစ်၍ များစွာသော ကြက်အပေါင် ခြံရံလျက် တော၌နေ၏။

ကြက်များ စွန်စား၍ကုန်

ထိုဘုရားလောင်း ကြက်မင်း၏ မနီးမဝေးသော အရပ်၌ တစ်ခုသောစွန်သည် နေ၏။ ဥပါယ်တံမျဉ်ဖြင့် တစ်ခု တစ်ခုသော ကြက်ကိုယူ၍ စားသည်ရှိသော် ဘုရားလောင်းကြက်မင်းကိုထား၍ ကြွင်းသော ကြက်အပေါင်းကို စား၏။ ဘုရားလောင်း ကြက်မင်း တစ်ခုသည်သာလျင် ကြွင်းသည်ဖြစ်၏။

ကြက်မင်းကို ဖြားယောင်းပုံ

ထိုဘုရားလောင်းကြက်မင်းသည် မမေ့မလျော့ ထွက်သင့်သောအခါ၌သာလျှင် အစာကိုယူပြီးလျှင် တောသို့ ဝင်၍နေ၏။ ထိုစွန်သည် ဘုရားလောင်းကို ဖမ်းယူအံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ တစ်ခုသော ဥပါယ်တံမျဉ်ဖြင့် ဖျားယောင်း၍ ဖမ်းယူအံ့ ဟု ကြံ၍ ထိုဘုရားလောင်း ကြက်မင်း၏ မနီးမဝေးသော အရပ်ဝယ် တစ်ခုသောသစ်ခက်၌ နား၍ အဆွေကြက်မင်း... သင်သည် ငါ့ကို အဘယ့်ကြောင့် ကြောက်သနည်း၊ ငါသည် သင်နှင့်တကွ အကျွမ်းဝင်ခြင်းကို ပြုလိုပါ၏။ ဤမည်သောအရပ်၌ ပြည့်စုံသောအစာ ရှိ၏။ ထိုအရပ်၌ နှစ်ယောက်ကုန်သော ငါတို့သည် အစာကိုယူ၍ အချင်းချင်း ချစ်သောနေခြင်းဖြင့် နေကြကုန်အံ့ ဟု ဆို၏။ ထိုအခါ စွန်ကို ဘုရားလောင်းကြက်မင်းသည် အချင်းစွန် သင်နှင့်တကွ ငါ၏ အကျွမ်းဝင်ခြင်းသည် မရှိ၊ သင်သည် သွားလေတော့ ဟု ဆို၏။ အဆွေကြက်မင်း ငါသည် ရှေး၌ မကောင်းမှုကို ပြုမိသည်၏ အဖြစ်ကြောင့် သင်ကြက်မင်းသည် မယုံ၊ ဤနေ့မှစ၍ ဤသို့သဘောရှိသော မကောင်းမှုကို မပြုအံ့ ဟု ဆို၏။

ကြက်မင်း၏တရားများ

ငါ့အား သင်ကဲ့သို့သော မကောင်းမှုကိုပြုသော အဆွေခင်ပွန်းဖြင့် အလိုမရှိ၊ သင်သည် သွားလေလော့ဟု သုံးကြိမ်မြောက်အောင် ပယ်၍ ဤမျှလောက်ကုန်သော အကြောင်းတို့နှင့် ပြည့်စုံသော သတ္တဝါနှင့်တကွ အကျွမ်းဝင်ခြင်း မည်သည်ကို ပြုခြင်းငှာ မသင့် ဟု တောအုပ်ကို ပဲ့တင်ထပ်စေလျက် နတ်တို့သည် ကောင်းချီးပေးကုန်သည် ရှိသော် တရားတော်ကို ဖြစ်စေလိုသည်ဖြစ်၍-

၁၀၄။ နာသ္မသေ ကတပါပမှိ၊ နာသ္မသေ အလိကဝါဒိနေ။
နာသ္မသေ အတ္တတ္ထပညာမှိ၊ အတိသန္တေပိ နာသ္မသေ။
၁၀၄။ ဘဝန္တိ ဟေကေ ပုရိသာ၊ ဂေါမှိပိပါသိကဇာတိကာ။
ဃသန္တိ မညေ မိတ္တာနိ၊ ဝါစာယ န စ ကမ္မုနာ၊
၁၀၆။ သုက္ခဉ္ဇလိပဂ္ဂဟိတာ၊ ဝါစာယ ပလိဂုဏ္ဌိတာ။
မနုဿဖေဂ္ဂူ နာသီဒေ၊ ယသ္မိံ နတ္ထိ ကတညုတာ။
၁၀၇။ န ဟိ အညညစိတ္တာနံ၊ ဣတ္ထီနံ ပုရိသာန ဝါ။
နာနာဝိကတွာ သံသဂ္ဂံ၊ တာဒိသမ္ပိ စ နာသ္မသေ။
၁၀၈။ အနရိယကမ္မမောက္ကန္တံ၊ အထေတံ သဗ္ဗဃာတိနံ။
နိသိတံဝ ပဋိစ္ဆန္နံ၊ တာဒိသမ္ပိ စ နာသ္မသေ။
၁၀၉။ မိတ္တရူပေနိဓေကစ္စေ၊ သာခလျေန အစေတသာ။
ဝိဝိဓေဟိ ဥပါယန္တိ၊ တာဒသမ္ပိ စ နာသ္မသေ။
၁၁၀။ အာမိသံ ဝါ ဓနံဝါပိ၊ ယတ္ထ ပဿတိ တာဒိသော။
ဒုဗ္ဘိံ ကရောတိ ဒုမ္မေဓော၊ တဉ္စ ဟန္တွာန ဂစ္ဆတိ။

ဟူသော ဤခုနစ်ဂါထာတို့ကို ဆို၏။

အကျွမ်းမဝင်အပ်သူများ

၁၀၄။ ဘောန္တော ဒေဝတာယော၊ အိုနတ်များတို့။ ကတပါပမှိ၊ မကောင်းမှုကိုပြုသောသူ၌။ နာသ္မသေ၊ အကျွမ်းမဝင်ရာ။ အလိကဝါဒိနေ၊ မုသားဆိုလေ့ရှိသောသူ၌လည်း။ နာသ္မသေ၊ အကျွမ်းမဝင်ရာ။ အတ္တတ္ထပညမှိ၊ မိမိအကျိုးကိုသာ အလိုရှိ၍ ဆည်းကပ်ခစားလာသော သူ၌လည်း။ နာသ္မသေ၊ အကျွမ်းမဝင်ရာ။ အတိသန္တေပိ၊ မိမိကိုယ်၌ ဂုဏ်မရှိဘဲလျက် ဂုဏ်ရှိသကဲ့သို့ ပြုသောသူ၌လည်း။ နာသ္မသေ၊ အကျွမ်းမဝင်ရာ။

၁၀၅။ ဂေါပိပါသိတဇာတိကာ၊ ရေငတ်သောနွားနှင့် တူကုန်သော။ ဧကေ၊ အချို့ကုန်သော။ ပုရိသာ၊ ယောက်ျားတို့သည်။ ဘဝန္တိ ဟိ၊ ရှိသည်ဖြစ်ကုန်၏။ ဝါစာယ၊ နှုတ်ဖြင့်သာလျှင်။ မိတ္တာနိ မညေ၊ အဆွေခင်ပွန်းကိုကဲ့သို့။ ဃသန္တိ၊ စပ်ကုန်၏။ ကမ္မုနာ စ၊ ကိုယ်ဖြင့်ကား။ န ဃသန္တိ၊ မစပ်ကုန်။ တေသုပိ၊ ထိုနှုတ်ဖြင့်သာလျှင် အဆွေ ခင်ပွန်း ဖွဲ့တတ်သော သူတို့၌လည်း။ နာသ္မသေ၊ အကျွမ်းမဝင်ရာ။

၁၀၆။ ဘောန္တော၊ အိုနတ်များတို့။ ယေ နရာ၊ အကြင် သူတို့သည်။ သုက္ခဉ္ဇလိပဂ္ဂဟိတာ၊ အချည်းနှီးသောလက်အုပ်ကို ချီကုန်၍။ ဝါစာယ၊ နှုတ်ဖြင့်သာလျှင်။ ပလိဂုဏ္ဌိတာ၊ ဤမည်သော ဥစ္စာကိုပေးအံ့ ဤမည်သော အမှုကိုပြုအံ့ဟု ဖုံးလွှမ်း၍ ဆိုတတ်ကုန်၏။ တေသုပိ၊ ထိုသူတို့၌လည်း။ နာသ္မသေ၊ အကျွမ်းမဝင်ရာ။ မနုဿဖေဂ္ဂူ၊ ဟိရီဩတ္တပ္ပတည်းဟူသော အနှစ်သာရမှကင်းသော အဟိရိက အနောတ္တပ္ပ တည်းဟူသော အကာသာရှိသောသူတို့ကိုလည်း။ နာသီဒေ၊ မဆည်းကပ်ရာ။ ယသ္မိံ၊ အကြင်သူ၌။ ကတညုတာ၊ ပြုသော သူ့ကျေးဇူးကို သိသောအဖြစ်သည်။ နတ္ထိ၊ မရှိ။ တသ္မိမ္ပိ၊ ထိုသူ့ကျေးဇူးကို မသိသော သူ၌လည်း။ နာသ္မသေ၊ အကျွမ်းမဝင်ရာ။

၁၀၇။ ဘောန္တော၊ အိုနတ်များတို့။ အညညစိတ္တာနံ၊ မုန်းလွယ် ချစ်လွယ်သော စိတ်ရှိကုန်သော။ ဣတ္ထီနံ ဝါ၊ မိန်းမတို့အားလည်းကောင်း။ ပုရိသာနံ ဝါ၊ ယောကျ်ားတို့အားလည်းကောင်း။ နာသ္မသေ၊ အကျွမ်းမဝင်ရာ။ ယောပိ၊ အကြင်သူသည်လည်း။ နာနာ၊ အထူးထူးသော အကြောင်းဖြင့်။ သံသဂ္ဂံ၊ ရောနှောသည်ကို။ အာဝိကတွာ၊ ထင်စွာပြု၍။ အန္တရာယံ၊ အန္တရာယ်ကို။ ကရောတိ၊ ပြုတတ်၏။ တာဒိသမ္ပိ စ၊ ထိုသို့ အန္တရာယ်ပြုရအောင် ပေါင်းယှဉ်လာသော သူကိုလည်း။ နာသ္မသေ၊ အကျွမ်းမဝင်ရာ။

၁၀၈။ ဘောန္တော၊ အိုနတ်များတို့။ အနရိယကမ္မံ၊ သူတော်မဟုတ် သူယုတ်တို့၏ အမှုသို့။ ဩက္ကန္တံ၊ သက်ဝင်သော။ အထေတံ၊ မြဲမြံခိုင်ခံ့သော စကားမရှိသော။ ပဋိစ္ဆန္နံ၊ အဝတ်ပုဆိုးတို့ဖြင့် ဖုံးလွှမ်းအပ်သော။ နိသိတံဝ၊ ထက်စွာ သန်လျက်နှင့်တူသော။ သဗ္ဗဃာတိနံ၊ ခပ်သိမ်းသော သတ္တဝါတို့ကို ညှဉ်းဆဲတတ်သော။ တာဒိသမ္ပိ၊ ထိုသို့ သဘောရှိသော သူကိုလည်း။ နာသ္မသေ၊ အကျွမ်းမဝင်ရာ။

၁၀၉။ ဘောန္တော၊ အိုနတ်များတို့။ ဣဓ၊ ဤလောက၌။ ဧကစ္စေ၊ အချို့သောသူတို့သည်။ သာခလျေန၊ စကားသာပြေပြစ်၍။ အစေတသာ၊ စိတ်မပါသော။ မိတ္တရူပေန၊ အဆွေခင်ပွန်း သဘောဖြင့်။ ဝိဝိဓေဟိ ဥပါယေဟိ၊ အထူးထူး အပြားပြားသော အကြောင်းတို့ဖြင့်။ ဩကာသပေက္ခာ၊ အခွင့်ကိုသာ ရှာကုန်လျက်။ ဥပ့ယန္တိ၊ ကပ်ကုန်၏။ တာဒိသမ္ပိ၊ ထိုသို့ သဘောရှိသော အဆွေခင်ပွန်းယောင်ပြု၍ အခွင့်ကို ရှာတတ်သော သူကိုလည်း။ နာသ္မသေ၊ အကျွမ်းမဝင်ရာ၊

၁၁၀။ ဘောန္တော၊ အိုနတ်များတို့။ ယောညနရော၊ အကြင်သူသည်။ ယတ္ထ၊ အကြင် အဆွေခင်ပွန်းအိမ်၌။ အာမိသံ ဝါ၊ ထမင်း ခဲဖွယ်ကိုလည်းကောင်း။ ဓနံ ဝါပိ၊ ထိုမှတစ်ပါးသော ဥစ္စာကိုလည်းကောင်း။ ပဿတိ၊ မြင်၏။ တဒိသော၊ ထိုသို့သဘောရှိသော။ ဒုမ္မေဓော၊ ပညာမဲ့သော သူသည်။ တံ၊ ထိုအဆွေခင်ပွန်း ဥစ္စာကို။ ဒုဗ္ဘိံ ကရောတိ၊ ပြစ်မှား၏။ တဉ္စ၊ ထိုအဆွေခင်ပွန်းကိုလည်း။ ဟန္တွာန၊ ဖျက်ဆီး၍။ ဂစ္ဆတိ၊ သွားတတိ၏။ တာဒိသမ္ပိ၊ ထိုသို့ မြင်မြင်သမျှကို လိုချင်တတ်သော သူကိုလည်း။ နာသ္မသေ၊ အကျွမ်းမဝင်ရာ။

ဤခုနစ်ဂါထာတို့ကို ဘုရားလောင်းကြက်မင်းသည် ဟော၏။

လိုက်နာဖွယ်ရာများ

၁၁၁။ မိတ္တရူပေန ဗဟဝေါ၊ ဆန္နံ သေဝန္တိ သတ္တဝေါ။
ဇဟေ ကာပုရိသေ ဧတေ၊ ကုက္ကုဋောဝိယ သေနကံ။
၁၁၂။ ယောစ ဥပ္ပတ္တိတံ အတ္ထံ၊ န ခိပ္ပ မနုဗုဇ္ဈတိ။
အမိတ္တဝသမနွေတိ၊ ပစ္ဆာ စ မနုတပ္ပတိ။
၁၁၃။ ယော စ ဥပ္ပတိတံ အတ္ထံ၊ ခိပ္ပမဝ နိဗောဓတိ။
မုစ္စတေ သတ္တုသမ္ဗာဓာ၊ ကုက္ကုဋောဝိယ သေနကာ။
၁၁၄။ တံ တဒိသံ ကူဋမိဝေါဍ္ဍတံဝနေ၊
အဓမ္မိကံ နိစ္စဝိဓံသကာရိနံ။
အာရာ ဝိဝဇ္ဇေယျ နရော ဝိစက္ခဏော၊
သေနံ ယထာ ကုက္ကုဋော ဝံသကာနနေ။

ဟူသော ဤလေးဂါထာတို့သည် တရားမင်း ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဟောတော်မူအပ်ကုန်သော ဂါထာတို့တည်း။

နှုတ်ချိုမိတ်ဆွေခိုး

၁၁၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ဆန္နာ၊ စကားဖြင့် ဖုံးလွှမ်း၍ ပျူငှာ ပြုတတ်ကုန်သော။ ဗဟဝေါ၊ များစွာကုန်သော။ သတ္တဝေါ၊ ရန်သူတို့သည်။ မိတ္တရူပေန၊ အဆွေခင်ပွန်းအတုဖြင့်။ သေဝန္တိ၊ မှီဝဲဆည်းကပ်လာကုန်အံ့။ ကာပုရိသေ၊ ယောကျ်ားယုတ် ဖြစ်ကုန်သော။ ဧတေ၊ ထိုအဆွေခင်ပွန်းတုတို့ကို။ ဇဟေ-ဇဟထ၊ စွန့်ကုန်ရာ၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ သေနကံ၊ သေကြောင်းကြံသော စွန်ကို။ ကုက္ကဋော၊ ကြက်မင်းသည်။ ဇဟတိ ဝိယ၊ စွန့်သကဲ့သိုတည်း။

ကြိုတင် မကြည့်ပြစ်

၁၁၂။ ယော စ၊ အကြင်သူသည်လည်း။ ဥပ္ပတိတံ၊ ဖြစ်လတ္တံ့သော။ အတ္ထံ၊ အကျိုးစီးပွားကို။ ခိပ္ပံ၊ လျင်မြန်စွာ။ န အနုဗုဇ္ဈတိ၊ မသိ။ သော၊ ထိုဖြစ်လတ္တံ့သော အကျိုးကို မသိသောသူသည်။ အမိတ္တဝသံ၊ ရန်သူလက်သို့။ အနွေတိ၊ ရောက်တတ်၏။ ပစ္ဆာ စ၊ နောက်ကာလ၌လည်း။ အနုတပ္ပတိ၊ နောင်တပူပန်ရတတ်၏။

ကြိုတင် မြင်ကျိုး

၁၁၃။ ယော စ၊ အကြင်သူသည်ကား။ ဥပ္ပတိတံ၊ ဖြစ်လတ္တံ့သော။ အတ္ထံ၊ အကျိုးကို။ ခိပ္ပမေဝ၊ လျင်စွာလျှင်။ နိဗောဓတိ၊ သိ၏။ သော၊ ထိုဖြစ်လတ္တံ့သော အကျိုးကို သိသူသည်။ သတ္တုသမ္ဗာဓာ၊ ရန်သူလက်မှ။ မုစ္စတေ၊ လွတ်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ကုက္ကုဋော၊ ကြက်မင်းသည်။ သေနကာ၊ ရန်သူဖြစ်သော စွန်လက်မှ။ မုစ္စတေ ဝိယ၊ လွတ်သကဲ့သို့တည်း။

အကျိုးဖျက်သူ မပေါင်းထိုက်

၁၁၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ဝနေ၊ တော၌။ ဩဍ္ဍိတံ၊ မုဆိုးသည်ထောင်အပ်သော။ ကူဋံ၊ စဉ်းလဲသော ကျော့ကွင်းကို။ မိဂေါ၊ သမင်သည်။ ဝိဝဇ္ဇေတိ ဣဝ၊ ရှောင်ကြဉ်သကဲ့သို့။ တာဒိသံ၊ ထိုမုဆိုးသည် ထောင်အပ်သော ကျော့ကွင်းနှင့်တူသော။ အဓမ္မိကံ၊ တရားကို မကျင့်သော။ နိစ္စဝိဓံသကာရိနံ၊ အမြဲလျှင် အကျိုးစီးပွားကို ဖျက်ဆီးတတ်သော။ တံ နရံ၊ ထိုသို့သောသူကို။ ဝိစက္ခဏော၊ ပညာအမြော်အမြင်ရှိသော။ နရော၊ လူသည်။ အာရာ၊ ဝေးစွာ။ ဝိဝဇ္ဇေယျ၊ ကြဉ်ဖဲရာ၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဝံသာကာနနေ၊ ငါးတ၌။ ကုက္ကုဋော၊ ကြက်မင်းသည်။ သေနံ၊ အကျိုးစီးပွားကို ဖျက်ဆီးတတ်သော စွန်ကို။ ဝိဝဇ္ဇေတိ ယထာ၊ ကြဉ်ဖဲသကဲ့သို့တည်း။

စွန်ယုတ်ပြေးပြီ

ထိုဘုရားလောင်းကြက်မင်းသည် ထိုဂါထာတို့ကို ဆိုပြီးလျှင် စွန်ကိုခေါ်၍ ဤအရပ်၌ အသင်သည် အကယ်၍ နေအံ့၊ သင့်အား ပြုအပ်သောအမှုကို သိရအံ့ ဟု ခြိမ်းခြောက်၏။ စွန်သည် ထိုအရပ်မှ ပြေး၍ တစ်ပါးသော အရပ်သို့ သွားလေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့... ဤသို့လျှင် ဒေဝဒတ်သည် ရှေး၌လည်း ငါ့ကို သတ်ခြင်းငှာ လုံ့လပြုဖူး၏ ဟု မိန့်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ ယခုအခါ ဒေဝဒတ်သည် ထိုအခါ စွန်ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ကြက်မင်းဖြစ်ဖူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှုတ်ချိုလှည့်စား၊ ထိုသူများ၊ ရှောင်ရှားကြရာသည်

ဆယ်ခုမြောက်သော ကုက္ကုဋဇာတ်သည် ပြီး၏။

*****