ကိုယ်ကျင့်အဘိဓမ္မာ/အဋ္ဌမအခန်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
အဋ္ဌမအခန်း

အဋ္ဌမအခန်း

[ဤ အခန်း၌ စုတေခါနီး အဖြစ်အပျက်ပါသည်။]

ပြခဲ့သော အခန်းများဝယ် လူသတ္တဝ၌ ဖြစ်သင့်သော စိတ်နေစိတ်ထားနှင့် ပြုသင့်သော ကံများကို ပြခဲ့ပါပြီ။ ထိုသို့ စိတ်ကောင်း စိတ်ဆိုး အမျိုးမျိုး ဖြစ်နေကြယင်းပင် ဥစ္စာ စီးပွား ချစ်သူများနှင့် ကွေကွင်းဖို့ သေမင်းငင်သဖြင့် မသေချင်ပဲလည်း သေမြဲ ဓမ္မတာ သေပေါက် သေဝသို့ အသေခံ ရောက်ကြရရှာတော့မည်။ သို့ဖြစ်၍ စုတေခါနီး အရေးကြီးပုံကို ကိုယ်စီကိုယ်ငှ သတိပြုကြဖို့ ဆက်လက် ညွှန်ပြပါဦးမည်။

သေခြင်းအကြောင်း ၄-ပါး

၁-အသက်တမ်း ကုန်ခြင်း၊ ၂-ကံအစွမ်း ကုန်ခြင်း၊ ၃-အသက်တမ်း ကံအစွမ်း ၂-မျိုးလုံး ကုန်ခြင်း၊ ၄-ဥပစ္ဆေဒက ကံက သတ်ဖြတ်ခြင်း၊ ဤသို့ သတ္တဝါတို့ စုတေရခြင်း အကြောင်း ၄-မျိုး ရှိ၏။ ဥပမာ-ဆီမီးငြိမ်းရာ၌ ၁-ဆီကုန် ခန်းခြင်း၊ ၂-မီးစာ ကုန်ခြင်း၊ ၃-ဆီနှင့် မီးစာ ၂-မျိုးလုံး ကုန်ခန်းခြင်း၊ ၄-ဆီနှင့်မီးစာ ရှိသေးသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ သို့မဟုတ် တမင် ငြိမ်းသတ်ခြင်းဟု အကြောင်း ၄-မျိုး ရှိသကဲ့သို့တည်း။

အသက်တမ်း ကုန်၍ စုတေရပုံ

ထိုထို ဘုံဘဝ၌ သတ်မှတ်ထားအပ်သော အသက်တမ်း ရှိ၏။ ဤလူ့ဘုံ၌ တက်ကပ် အခါဝယ် တဖြည်းဖြည်း တက်၍ အသချေင်္ တိုင်အောင် အသက်တမ်း ရှိ၏။ ဆုတ်ကပ် အခါ၌ကား တဖြည်းဖြည်း ဆုတ်ကာ ၁၀-နှစ်တမ်း တိုင်အောင် အသက်တမ်း ရှိ၏။ ဘုရားရှင် လက်ထက်တော်၌ အသက် တရာတမ်းဟု ဆို၏။ ယခု ၇၅-နှစ် တမ်းဟု ခန့် မှန်းကြသည်။ သင့်တော်ရုံ ကံပါလာသူတို့သည် သတ်မှတ် ထားအပ်သော အသက်တမ်းကို မလွန်နိုင်ကြ။ အလွန် ကံထူးသူ “ရသာယန” စသော ဆေးကောင်း ရှိသူတို့သာ အသက်တမ်းကို လွန်နိုင်ကြ ပေသည်။ ဘုရား လက်ထက်တော်၌ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ၊ ကျောင်းအမ ဝိသာခါတို့လည်း အသက် ၁၂၀-ရှည်ကြ၏။ အရှင်ဗာကုလသည် အသက် ၁၆၀-ရှည်၏။ ထိုပုဂ္ဂိုလ်များကား အလွန် ကံထူး ပါသူများတည်း။ ထိုသို့ ကံအထူးလည်းမပါ၊ သာမန်လောက် ကံကလည်း အသက်တမ်းကို လွန်အောင် မဆောင်တော့ပဲ ၇၅-နှစ်တမ်း၌ ၇၅-နှစ်ပြည့်၍ စုတေရခြင်းကို “အသက်တမ်း ကုန်၍ စုတေရခြင်းဟု ခေါ်၏။ မီးစာ ရှိသေးသော်လည်း ဆီကုန်၍ မီးငြိမ်းခြင်းနှင့် တူ၏။

ကံကုန်ခြင်းကြောင့် စုတေရပုံ

ဘဝ တခုကို စီမံလိုက်သော ကံသည် ပဋိသန္ဓေတည်နေသည့် အချိန်မှစ၍ မိမိ၏ သတ္တိ မကုန်သေးသမျှ ဘဝ မပြတ်အောင် (မသေအောင်) အစဉ်တစိုက် အမြဲ ဖန်တီးလျက် ရှိ၏။ ထိုမူလ စီမံလိုက်သော ကံ၏အစွမ်းကို အားပေးကူညီသော အခြားကံများလည်း ရှိနေသေး၏။ ထိုမူလ စီမံလိုက်သော ကံနှင့် အားပေး ကူညီကြသော ကံတို့၏ အစွမ်းသတ္တိ ကုန်လျှင် အသက်တမ်းက မကုန်သေးသော်လည်း ဧကန်မုချ စုတေကြရတော့သည်။ ၇၅-နှစ်တမ်း၌ ကံစွမ်းက အသက် ၅၀-လောက်သာ ရှိလျှင် ၅၀-အရွယ်မှာပင် စုတေကြရသည်-ဟူလို။ ဥပမာဆီမကုန်သေးသော်လည်း မီးဇာ ကုန်လျှင် ဧကန် မီးငြိမ်းရသကဲ့သို့တည်း။ ဤကဲ့သို့ အသက်တမ်း မကုန်သေးပဲ ကံအစွမ်း ကုန်ခြင်းကြောင့် စုတေရမှုကို “ကံကုန်ခြင်းကြောင့် စုတေခြင်း”ဟု ခေါ်သည်။

၂-မျိုးလုံး ကုန်၍ စုတေရပုံ

တချို့ သတ္တဝါတို့ကား အသက်တမ်းလည်း မကုန်၊ ကံစွမ်းလည်း ကုန်ခြင်းကြောင့် စုတေကြရသည်။ ဆီလည်းကုန်၊ မီးစာလည်း ကုန်ခြင်းကြောင့် မီးငြိမ်းရခြင်းနှင့် တူ၏။ ထို့ကြောင့် ၇၅-နှစ်တမ်း၌ ၇၅-နှစ် လောက် နေဖို့ရန် ကံပါသူ၏ ၇၅-နှစ် ပြည့်၍ စုတေရမှုကို “အသက်တမ်း ကံအစွမ်း ၂-မျိုးစုံ ကုန်ခြင်းကြောင့် စုတေရခြင်း”ဟု ခေါ်သည်။ ဤပြခဲ့သော အကြောင်း ၃-ပါးတို့တွင် တပါးပါးကြောင့် စုတေခြင်းကို “ကာလ မရဏ =သေချိန် ကျ၍ သေရခြင်း” ဟုလည်း ခေါ်သည်။

ဥပစ္ဆေဒကံကြောင့် စုတေရပုံ

တချို့ သတ္တဝါတိုကား သက်တမ်းလည်း မကုန်သေး၊ ကံအစွမ်းလည်း မကုန်သေး၊ တစုံတရာ အနှောင့်အယှက် မရှိလျှင် အတော်ကြာအောင် နေနိုင်သေး၏။ သို့သော် ရှေးရှေးဘဝက ဖြစ်စေ၊ ယခုဘဝမှာ ဖြစ်စေ ပြုမိသော အကုသိုလ်ကံက အခွင့်ရသဖြင့် တနည်းနည်းနှင့် သေရတော့၏။ ဥပမာ--မီးစာ ဆီ ၂-မျိုးလုံး မကုန်သေးပဲ လေပြင်းတိုက်ခတ်မှု၊ တမင် ငြိမ်းသတ်မှုတို့ကြောင့် မီးငြိမ်းခြင်းမျိုးကဲ့သို့တည်း။ ထိုကဲ့သို့ သေရခြင်းကို “ဥပစ္ဆေဒက ကံ၏ သတ်ဖြတ်မှုကြောင့် သေရခြင်း”ဟု ခေါ်သည်။ [ဥပစ္ဆေဒက=ကပ်၍ သတ်ဖြတ်တတ်သော ကံ။]

ဥပစ္ဆေဒက ကံနှင့် သေရသူများ

အရှင်မောဂ္ဂလ္လာန်သည် ရှေးက အမိကို သတ်ခဲ့ဘူး၏။ အရှင်မောဂ္ဂလ္လာန် ဘဝ၌ ထိုကံ အခွင့်ရသဖြင့် ခိုးသား ငါးရာ၏ အသတ်ကို ခံပြီးမှ ပရိနိဗ္ဗာန် စံရလေသည်။ ဗိမ္ဗိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်ဝယ် ဖိနပ်စီးခဲ့ဘူး၏။ ဗိမ္မသာရမင်း ဘဝ၌ ထိုကံက အခွင့်ရသဖြင့် ခြေဖဝါးကို ဓားခွဲခံလျက် နတ်ရွာ စံရလေသည်။ သာမာဝတီ အမှူးရှိသော နန်းတွင်းသူတို့သည် ရှေးက ပစ္စေကဗုဒ္ဓါကို သမာပတ်ဝင်စားနေစဉ် အလောင်းတော် ထင်၍ မီးရှို့ရာ၊ သမာပတ်မှ ထသောအခါ အသက်ရှိသေးကြောင်းကို သိလျက်ပင် မိမိတို့ အမှုပေါ်မည် စိုး၍ ထပ်မံ မီးတိုက်ခဲ့ဘူး၏။ ထိုကံက အခွင့်ရသဖြင့် မီးလောင်၍ ဘဝဆုံးကြရလေ၏။ ဤကား ရှေးဘဝက ပြုခဲ့သော အကုသိုလ်ကံ အခွင့်ရသဖြင့် သတ်ဖြတ်ခံရသူ များတည်း။

ယခုဘဝမှာပင် ဂုဏ်ကြီးသူများကို အကြီးအကျယ် စော်ကားမိ၍ ထိုကံက သတ်ဖြတ်သော ဝတ္ထုများလည်း ရှိသေး၏။ “ဒုဿီ” မည်သော မာရ်နတ်သည် ကဿပ ဘုရားရှင်၏ လက်ျာတော်ရံ အဂ္ဂသာဝက အရှင်၏ ဦးခေါင်းတော်ကို ကျောက်ခဲဖြင့် ပေါက်လေ၏။ “နန္ဒ” မည်သော နတ်ဘီလူးကား အရှင်သာရိပုတြာ၏ ရိတ်ပြီးခါစ ဦးခေါင်း ပြောင်ပြောင်ကို လက်ဖြင့် ခေါက်၏။ ကလာဗုမင်းမှာ အလောင်းတော် ခန္တီဝါဒီရသေ့ကို သေလောက်အောင် နှိပ်စက်ခိုင်း၏။ ထိုနတ်၊ ဘီလူး၊ မင်းတို့၏ ထိုဘဝ၌ ပြုအပ်သော ကံသည် ထိုဘဝမှာပင် အခွင့်ရ၍ မြေမျို စေလေသည်။ ဤသို့ စသည်ဖြင့် အမိ အဖ ဂုဏ်ကြီးသော ဆရာသမားတို့ကို စော်ကားသူ့ကိုသည် ထိုကဲ့အတွက် အသက်တမ်းစေ့အောင် မနေကြရပဲ လတ်တလော သေရတတ်လေသည်။ ဤဥပစ္ဆေဒကကံ တခုခုကြောင့် သေရခြင်းကိုပင် “အကာလ မရဏ=သေဖို့ရန် အချိန်မကျသေးပဲ သေရခြင်း”ဟု ခေါ်သည်။

သေချိန် မကျပဲ သေရသူများ

သတ္တဝါတို့၏ သန္တာန်၌ ရှေးက မကောင်းမှုကံကလေးတွေ ကိုယ်စီကိုယ်ငှ အများအပြား ပါရှိကြလေ၏။ ထိုကံများသည် မိမိတို့ချည်းသက်သက် သေကြေအောင် မသတ်ဖြတ် နိုင်သော်လည်း သတိမရှိ၊ ဉာဏ်မရှိ၍ (အစဉ်းစား အဆင်ခြင်၊ အမြော်အမြင် မရှိ၍) အစားမတတ်၊ အသွားမတတ်၊ အနေအထိုင် မတတ်သူများကို ဘေးဥပဒ် ရောက်အောင် ထိုဘေးဖြင့် သေကြေပျက်စီးအောင်ကား တတ်နိုင်ကြပေသည်။ ရှေးရှေးက သူတပါးကို အငတ် ထားခဲ့ဘူးခြင်း၊ မြွေနှင့် တိုက်ခြင်း၊ အဆိပ် ခတ်ခြင်း၊ တုတ် ဓား စသည်တို့ဖြင့် ရိုက်သတ်ခြင်း၊ ရေနှစ်သတ်ခြင်း၊ မီးတိုက် သတ်ခြင်း စသည်ဖြင့် သူတပါး သေအောင် တနည်းနည်းဖြင့် ပြုခဲ့သူသည် ထိုကံများ အခွင့်ရသော ဘဝဝယ် ထမင်းငတ်၍ သေတတ်၊ ရေငတ်၍သေတတ်၊ မြွေကိုက်၍ သေတတ်၊ အဆိပ်မိ၍ သေတတ်၊ လက်နက်ဖြင့် သေတတ်၊ ရေနစ်၍ သေတတ်၊ မီးလောင်၍ သေတတ်လေသည်။

သူတပါးကို တနည်းနည်းဖြင့် နှိပ်စက် သတ်ဖြတ်ခဲ့ဘူးသူသည် ယခုဘဝ၌ လေနာခြင်း၊ သလိပ်ရောဂါရှိခြင်း၊ ပန်းနာရှိခြင်း၊ နူနာရှိခြင်း၊ မကျန်းမမာခြင်း စသည်ဖြင့် ညှိုးနွမ်း ပင်ပန်းစွာ အသက်ရှည်နေရသည့်ပြင် ထိုရောဂါဖြင့်ပင် သေရတတ်၏။ ဤသို့ စသည်ဖြင့် ရှေးကံကလေးတွေသည် (ဆင်ခြင် စဉ်းစား သတိထားတတ်သူတို့၌ နှိပ်စက်ခွင့် သတ်ဖြတ်ခွင့် မရသော်လည်း) အစဉ်းစား အဆင်ခြင် မရှိသူကိုကား မကျန်းမာအောင် သေကြေအောင် နှိပ်စက်ဖို့ရန် နှောင့်နှေးမည် မဟုတ်ချေ။ ထို့ကြောင့် “အသက်ဉာဏ်စောင့်။ အသွားမတော် တမုဟုတ်၊ အစားမတော် တလုတ်။ ကျားရဲရာ ကြမ္မာမရိုးသာ (ကျားထနေသော တောသို့ သွားလျှင် ကျားကိုက်ခံရမှာပဲ။ ကျားကိုက်ခံရတာကို ကံကြမ္မာဟု မရိုးမစွဲပါနှင့်။) ကံယုံပြီး မီးပုံမဆင်းနဲ့၊ မီးပုံထဲဆင်းလျှင် ကံကောင်းနေသော်လဲ မီးလောင်မှာပဲ” စသည်ဖြင့် လူကြီးသူမတို့ ပြောဆိုခဲ့ကြပေသည်။

ထိုစကားတို့၌ လူကြီးများ၏ ဆိုလိုရင်းကား..လူတိုင်းမှာပင် မကောင်းကျိုး ပေးဖို့ရန် အကုသိုလ်ကံများ (ရှေးဘဝများစွာက တမျိုး ၂-မျိုး စသည် ပြုခဲ့မိ ကြသဖြင့်) ကိုယ်စီကိုယ်ငှ ရှိကြပေ၏။ သို့သော် ထိုကံများသည် အလွန် သတ္တိ မထက်လျှင် သူတို့ဘာသာ အကျိုးပေးခွင့်သာအောင် မတတ်နိုင်ကြပါ။ အဆင်ခြင် အစဉ်းစား မရှိသူများ၌သာ အသွားအလာ၊ အစားအသောက်၊ အနေအထိုင် မတက်သည့်အတွက် ထိုကံများကို အကျိုးပေးခွင့် ရကြပါသည်။ သို့ဖြစ်၍ အသက်ရှည်ကြာ အနာကင်းမှုကို ဂရုစိုက်ခြင်း မရှိလျှင် ဥပစ္ဆေဒကကံ ကလေးတွေ အခွင့်သာ၍ (အသက်တမ်း မစေ့ခင်၊ ထိုဘဝကို စီမံလိုက်သော ကံကလည်း မကုန်သေးခင်) သေရမည့်အရေးကား မည်သူမျှ မဝေးကြောင်းကို နောက်နှောင်း လူများအတွက် လေးနက်စွာ သတိပေးထားခြင်း ဖြစ်သည်။

အချုပ်ကား-သတ္တဝါတို့ သေဖို့ရာ “အသက်ကုန်ခြင်း၊ ကံကုန်ခြင်း၊ အသက် ကံ ၂-မျိုးလုံး ကုန်ခြင်း၊ ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်း”ဟု အကြောင်း ၄-ပါး ရှိ၏။ ထိုတွင် ဥပစ္ဆေဒကကံများ အခွင့်သာ၍ (အခွင့်သာအောင် အနေအထိုင်၊ အစားအသောက်၊ အသွားအလာ မတတ်ကြ၍) သေချိန် မကျပဲ သေရသူတွေ ယခုကာလ၌ ပေါများလှ၏။ ထို့ကြောင့် မိမိကိုယ်ကို အသက်တမ်းစေ့ နေနိုင်အောင် အသက်ကို အသိဉာဏ်ဖြင့် စောင့်ရှောက်ကြပါဟု ဆိုလိုသည်။

စုတေခါနီး အရေးကြီးပုံ

ပြခဲ့သောအကြောင်းများတွင် တပါးပါးကြောင့် လူတယောက် စုဖို့ရာ အချိန်နီးကပ်လာလျှင် မစုတေမီ နာရီဝက်လောက်မှစ၍ စိတ်ကောင်း ကောင်းရဖို့ အရေးကြီး၏။ စုတေသည့် တိုင်အောင် ကုသိုလ်ဇောများ စောနေလျှင် ဧကန် မုချ သုဂတိဘဝသို့ ရောက်ရမည်။ စုတေခါနီးဝယ် အကုသိုလ်ဇောများ စောနေလျှင် ဧကန် အပါယ်ဘုံသို့ ရောက်ရတော့မည်။ သို့ဖြစ်၍ မြင်းအပြေးပြိုင်ရာတွင် ပန်းဝင်ခါနီး၌ အရေး အကြီးဆုံး ဖြစ်သကဲ့သို့၊ နောက်တဖန် ဘဝကောင်းရဖို့ စုတေခါနီး၌ အရေးကြီး လှပေသည်။ ထိုစုတေခါနီး၌ စိတ်ကောင်း မကောင်းမှာလည်း ထိုအခါ ထင်လာသော အာရုံနှင့် သက်ဆိုင်ကြလေသည်။

ထင်လာတတ်သော အာရုံ ၃-မျိုး

စုတေခါနီး၌ ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟု အာရုံ ၃-မျိုးတွင် တမျိုးမျိုး ထင်လာတတ်၏။ “ကံ”ဆိုသည်မှာလည်း ကုသိုလ် အကုသိုလ် စေတနာတည်း။ “ကမ္မ နိမိတ်” ဆိုသည်ကား ထိုကုသိုလ် အကုသိုလ်ပြုစဉ်က တွေ့ကြုံ သုံးစွဲခဲ့ရသော အရာဝတ္ထုများတည်း။ “ဂတိနိမိတ်”ဆိုသည်မှာ စုတေပြီးနောက် ရောက်ရမည့် ဂတိ၌ (ဘဝ၌) ကြုံရမည့် အရာဝတ္ထုတည်း။

ကံ အာရုံ ထင်လာပုံ

သေချိန်မရောက်ခင် စက္ကန့်အနည်းငယ်က ဖြစ်စေ၊ နာရီဝက် တနာရီ စသည် ကွာခြားသောအခါက ဖြစ်စေ၊ ရက်ပေါင်း-လပေါင်းများစွာ ကွာခြားသော အခါက ဖြစ်စေ၊ ဘဝပေါင်း ကမ္ဘာပေါင်း များစွာ ကွာခြားသောအခါက ဖြစ်စေ ပြုခဲ့သော ကံအမျိုးမျိုးသည် နောက်ဘဝ သစ်တွင် ပဋိသန္ဓေ အကျိုးပေးခွင့် ကြုံလာလျှင်သေခါနီး လောလောဆယ် ထင်လာတတ်၏။ ထိုသို့ ထင်လာရာဝယ် ရှေးက ဒါန သီလ စသော ကုသိုလ်ကံဖြစ်လျှင် ထိုကံကို ပြန်၍ အမှတ်ရသောအားဖြင့် ထင်လာခြင်း၊ ယခုလောလောဆယ် လှူနေရသလို ဥပုသ်စောင့်နေရသလို အိပ်မက် မက်သလို အနေအားဖြင့် ထင်လာခြင်းဟု ၂-မျိုး ရှိသည်။ အကုသိုလ် ကံများတွင်လည်း ပါဏာတိပါတမှု ဖြစ်လျှင် ထိုကံကို ပြန်၍ အမှတ်ရခြင်း တမျိုး၊ ယခုပင် သတ်ဖြတ်၍ နေရသလို ထင်ခြင်း တမျိုးဟု ၂-မျိုး ရှိသည်။ ဤနည်းအတိုင်းပင် အခြားသော ကုသိုလ် အကုသိုလ်ကံ ထင်လာပုံကိုလည်း ချဲ့ထွင်ကြည့်ပါလေ။

ကမ္မနိမိတ် အာရုံ ထင်လာပုံ

အကုသိုလ်ကံ ပြုခဲ့ကြသူတို့မှာ ပါဏာတိပါတ ဖြစ်လျှင် သတ်ဖြတ်စဉ်အခါက အသုံးပြုခဲ့သော ဓား၊ တုတ်၊ သေနတ်၊ ပိုက်ကွန်၊ လေး၊ မြား၊ လှံ စသော လက်နက်များ ထင်လာတတ်၏။ နွားသတ်သမား တယောက်၌ကား နွားများကို သတ်ပြီးနောက် အသားတွေ ခွါ၍ စုပုံထားသော အရိုးပုံကြီး ထင်လာသတဲ့။ အဒိန္နာဒါနမှု ကာမမှု စသည်များကို ပြခဲ့ကြသူမှာလည်း မကောင်းနှင့်ဆိုင်ရာ ကံအာရုံများ ထင်လာပုံကို ချဲ့ထွင် ကြည့်ကြပါလေ။

ကုသိုလ်ကံ ပြုခဲ့ကြသူတို့တွင်လည်း ဒါနပြုရာ၌ ကျောင်း ဘုရား တည်ဆောက် ကိုးကွယ်သူဖြစ်လျှင် ကျောင်းအာရုံ၊ ဘုရားအာရုံ၊ ကျောင်းနှင့်စပ်၍ လှူခဲ့သော သင်္ကန်း၊ ဆွမ်း၊ ဆေး အာရုံ၊ ဘုရားနှင့်စပ်၍ လှူခဲ့သော ပန်း၊ ဆီမီး၊ အမွှေးတိုင် စသော အာရုံများ ထင်လာတတ်၏။ ဥပုသ်စောင့်သုံးခဲ့သူ၊ ကမ္မဋ္ဌာန်းထိုင်ခဲ့သူ ဖြစ်လျှင် ဥပုသ်နှင့်စပ်ဆိုင်သော စိပ်ပုတီး၊ စင်ကြယ်သော အဝတ်အစား၊ ကမ္မဋ္ဌာန်းကျောင်း၊ စိပ်ပုတီး စိပ်ရာ သစ်ပင်ရိပ် စသော နေရာများ ထင်လာ တတ်၏။ အပစာယန၊ ဝေယျာဝစ္စ စသော ကုသိုလ်များ၏ အာရုံလည်း ထိုက်သလို ထင်လာတတ်ကြသည်။

ဂတိနိမိတ် အာရုံ ထင်လာပုံ

စုတေခါနီး၌ ဘဝသစ်ဝယ် တွေ့ကြုံရမည့် အာရုံများလည်း အာရုံ ထင်လာပုံ တင်ကြို၍ ထင်လာတတ်၏။ နတ်ပြည်ရောက်မည့်သူ ဖြစ်လျှင် နတ်သမီးတွေ၊ ဘုံဗိမာန်၊ ဥယျာဉ် စသည် ထင်လာတတ်၏။ လူ့ပြည်ရောက်မည့်သူ ဖြစ်လျှင် အမိဝမ်းရေ၏ နီနီရဲရဲအဆင်း ထင်လာတတ်၏။ ငရဲသွားရမည့်သူ ဖြစ်လျှင် ငရဲမီး၊ ငရဲထိန်း၊ ခွေးကြီး စသည် ထင်လာတတ်၏။ ပြိတ္တာဖြစ်မည့်သူ ဖြစ်လျှင် တောကြီး၊ တောင်ကြီး၊ မြစ်ရေ၊ သမုဒ္ဒရာကမ်း စသည်ဖြင့် မိမိ နေထိုင်ရမည့် အရပ် ဒေသ အလိုက် ထင်လာတတ်၏။

မျက်နှာအနေအထားနှင့် ဂတိမှန်းဆဖွယ်

စုတေခါနီး၌ မျက်နှာ အနေ အထား ကြည့်ပါ။ ကြည်ကြည်လင်လင် ရှိလျှင် အာရုံကောင်း ထင်နေပြီဖြစ်၍ သုဂတိ သွားရလိမ့်မည်ဟု မှန်းဆနိုင်သည်။ မျက်နှာ အနေ ညှိုးငယ်လျှင်၊ သို့မဟုတ် ကြမ်းတမ်းသော အမူအရာ ဖြစ်နေလျှင် မကောင်းသောအာရုံ ထင်နေပြီဖြစ်၍ ဧကန်မုချ ဒုဂ္ဂတိသို့ သွားရတော့မည်ဟု မှန်းဆနိုင်ပေသည်။ [တချို့ကား ရှေးက ခံစားခဲ့သော ကာမဂုဏ်ကြောင့် ပြုံးနေပေလိမ့်မည်။ ထိုအပြုံးကား ကောင်းသော ပြုခြင်း မဟုတ်ပါ။]

ယောင်ယမ်းပုံဖြင့် မှန်းဆဖွယ်

တချို့ စုတေခါနီး၌ ညင်ညင်သာသာ မရှိပဲ ပြောလား ဆိုလား၊ ယောင်လား ယမ်းလား လုပ်၏။ ရှေးတုန်းက ရဟန္တာ ရှင်သောဏ၏ ခမည်းတော်သည် ငယ်ရွယ်စဉ်က မုဆိုးကြီးဖြစ်၍ ကြီးမှ ရဟန်းပြု၏၊ စုတေခါနီးသော် (မိနစ် အတော်ဝေးဝေး ကပင်) ခွေးကြီးတွေက သူ့ကို ကိုက်တော့မည့်ဟန် ထင်နေသဖြင့် “သားရဲ့ ချောက်ပါတဲ့၊ ချောက်ပါတဲ့”ဟု အော်သတဲ့။

အရှင်သောဏ က “ဦးပဉ္စင်းကြီးမှာ ငရဲနိမိတ် ထင်နေပါပကော”ဟု တွေးတော၍ ချက်ချင်း ပန်းတွေကို ရှာပြီးလျှင် ဘုရား ရင်ပြင်တော်မှာ ပန်းမွေ့ရာခင်း၍ ဦးပဉ္စင်းကြီးကို ခုတင်နှင့်တကွ ယူသွားပြီး “ဦးပဉ္စင်းကြီး.. ကြည်ညိုလိုက်၊ ကြည်ညိုလိုက်။ ဦးပဉ္စင်းကြီးအတွက် ပန်းတွေလှူထားတယ်” ဟု ပြောသောအခါ သတိရလာ၍ ဘုရား အာရုံပြုလျက် ပန်းများကို လှူဒါန်းနေစဉ် မျောမေ့သွားပြန်ရာ၊ နတ်သမီးတွေ ထင်လာသဖြင့် “ဟဲ ..သားရဲ့--နေရာ ဖယ်ပေးလိုက်ပါ၊ နေရာဖယ်ပေးလိုက်ပါ။ သားရဲ့ မိထွေးတွေ လာနေတယ်”ဟု ယောင်ပြန်လေရာ “အင်း..နတ်ပြည် ဂတိ နိမိတ် ထင်လာပေါ့ကိုး”ဟု အောက်မေ့တုန်းမှာပင် ဦးပဉ္စင်းကြီး ဘဝဆုံး၍ နတ်ပြည်ရောက် သွားလေသည်။

ဂတိနိမိတ် ထင်ပုံ တမျိုး

တချို့ စုတေခါနီး လားရာဂတိ၌ တွေ့ကြုံရမည့် အရာဝတ္ထုတို့ကို တိုက်ရိုက်ပင် မျက်စိဖြင့် တွေ့ရ၏။ “ရေဝတီ” မည်သော မိန်းမသည် ဘုရား ကျောင်းဒါယကာ နန္ဒိယ သူကြွယ်၏ ဇနီးတည်း။ နန္ဒိယ သူကြွယ်က သဒ္ဓါတရား ရှိသလောက် ရေဝတီမှာ သဒ္ဓါတရား ကင်းမဲ့၏။ ဗုဒ္ဓဘာသာဟူ၍ပင် မဆိုထိုက်။ ရဟန်းတော်များကို ဆဲရေးတတ်၏။ နန္ဒိယ သူကြွယ်က ရှေးဦးစွာ စုတေ၍ နတ်ပြည်၌ဖြစ်ပြီးနောက်၊ ရေဝတီ သေချိန်ရောက်သော် ငရဲမှ ငရဲထိန်း ၂-ဦး လာရောက်၍ အတင်းဆွဲယူကာ နတ်ပြည်သို့ ခေါ်သွား၍ နန္ဒိယ၏ စည်းစိမ်ကို ပြပြီးမှ ငရဲသို့ အတင်းဆွဲချသွားသတဲ့။

ဘုရား လက်ထက်တော်တုန်းက “ဓမ္မိက” ဥပသကာသည် ဥပါသကာ ပေါင်းများကို ခေါင်းဆောင်၍ သူတော်ကောင်း အဖြစ်ဖြင့် နေထိုင်၏။ စုတေခါနီးလေသော် ရဟန်းတော်များ၏ တရားကို နာစဉ် နတ်ပြည် ၆-ထပ်မှ နတ်ရထား ၆-စင်းတို့ ကောင်းကင်၌ တည်လျက် “သူ့ရထား တင်မည်။ ငါ့ရထား တင်မည်”ဟု ပြောဆိုနေသံကို တရားနာ နေရသော ဓမ္မိက ဥပါသကာသည် မြင်လည်းမြင်ရ၊ ကြားလည်းကြားရ၏။ ထို့နောက် မကြာမီပင် စုတေ၍ တုသိတာနတ်ရထား၌ နတ်သားအဖြစ်ဖြင့် ပါသွားလေသည်။

မြေမျိုသူကား အဝီစိက မီးအရှိန်သည် လူ့ပြည် တိုင်အောင် ဟပ်သဖြင့် မီးပူအကို မသေခင်က တွေ့ရလေသည်။ ဤသို့လျှင် စုတေခါနီး ဂတိနိမိတ် ထင်လာပုံ အမျိုးမျိုး ရှိ၏။ ယခုကာလ တချို့ စုတေခါနီး၌ကား တီးသံ မှုတ်သံနှင့် အမွှေးအကြိုင်များကို အနီးအပါး လူအများပင် ကြားရ မွှေးရ၏။ ဤ ဂတိနိမိတ်နှင့်အကွ ပြခဲ့သော ကံ ကံနိမိတ်တို့သည် များသောအားဖြင့် အကျိုးပေးခွင့်ရသော ကံအစွမ်းကြောင့် ထင်လာသည်ဟု မှတ်ပါ။

သေခါနီး ပြုပြင်ပေးရပုံ

မကျန်းမာခြင်း စသည်ဖြင့် ဖြည်းဖြည်းသက်သာ သေရသော အချို့လူတို့ စုတေခါနီး ကာလ၌ ဆရာသမားကောင်း၊ ဆွေကောင်း မျိုးကောင်း များက အာရုံကောင်း ထင်လာဖို့ရာ ပြုပြင်ပေးကြရမည်။ လူမမာသည် ယခု ရောဂါမှ လွတ်နိုင်တော့မည် မထင်လျှင် လူမမာ၏ အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်းအောင် ပြုပြင်ရမည်။ ဘုရားကို ရည်စူး၍ ပန်းများကို ရေမွှေးကောင်းကောင်း ဆွတ်ဖျန်းလျက် လှူဒါန်း ပူဇော်ထားရမည်။ ညဉ့်အခါ ဖြစ်လျှင် ဆီမီးတွေ ထိန်လင်းအောင် ညှိထွန်းထားရမည်။

ဂိလာနကိုလည်း “ပန်းတွေ၊ ဆီမီးတွေ (အမေ့အတွက်၊ အဖေ့အတွက်) ပူဇော်ထားပါသည်။ ကြည်ညိုဝမ်းမြောက်ပါ”ဟု ပြောရမည်။ အရွတ် အဖတ် ကောင်းကောင်းနှင့် ဓမ္မစကြာ စသော တရားစာကို ရွတ်ဖတ်ရမည်။ ထိုသို့ ပူဇော် ရွတ်ဖတ်မှုကို စုတေခါနီး မိနစ် အနည်းငယ် အချိန်ကျမှ မဟုတ်ပဲ ရက်အတော်ကြာကပင် ကြိုတင်၍ ပြုရမည်။ ဂိလာနကလည်း အားမငယ်ရ၊ ပြုစုသူ ဆွေမျိုးများကလည်း ဝမ်းမနည်းရ။ ထိုကဲ့သို့ ပြုပြင်ခံနေရသူမှာ ထိုပန်း ဆီမီး အမွှေးနံ့ တရားသံကို လည်းကောင်း၊ ဘုရားသံကို လည်းကောင်း အာရုံပြုကာ ရက်အတော်ကြာ အချိန်အတော်ကြာအောင် ကုသိုလ်တွေ အထုံရနေပါလိမ့်မည်။

ထို့နောက် စုတေချိန် နီးကပ်လာသောအခါ ပန်း ဆီမီး အမွှေး တရားသံတို့ကလည်း ရှိတုန်း၊ မျက်စိ နားတို့ကိုလည်း မြင်တုန်း ကြားတုန်း ဖြစ်လျှင် ထိုအာရုံ တခုခု မပျောက်ခင်မှာပင် စုတေစိတ် ကျရောက်တတ်၏။ ထိုအခါ ထိုပန်း ဆီ မီး စသည်တို့ကို ပူဇော်သော ကုသိုလ်ကံက ဧကန် အကျိုးပေးမည်။ သုဂတိ ဘဝသို့ ဧကန် မုချ ရောက်ရတော့မည်။ ဤသို့ အာရုံ တိုက်ရိုက်ရှိတုန်း စုတေနိုင်အောင် ဆိုင်ရာ ဆွေမျိုးများမှာ ပြုပြင်ဖို့ တာဝန် ရှိသည်ကို လူတိုင်း သတိပြုသင့်သည်။ အရှင်သောဏ၏ ဖခင် ရဟန်းကြီးမှာ အရှင်သောဏ တည်းဟူသော သားကောင်းက ပြုပြင်ပေးမှုကြောင့် ငရဲနိမိတ်များ ကွယ်ပျောက်၍ နတ်ပြည်နိမိတ်များ ထင်လာရသည်။

ပဋိသန္ဓေစိတ် ဖြစ်ပုံ

စုတိစိတ် ဖြစ်ပြီးနောက် ဘဝသစ်၌ ပဋိသန္ဓေစိတ် ဖြစ်၏။ စုတိစိတ်နှင့် ပဋိသန္ဓေစိတ်တို့သည် ချက်ချင်း ဆက်၏။ စုတိစိတ်နှင့် ပဋိသန္ဓေစိတ်တို့ အလယ်မှာ အချိန်ကာလ အကြား ကလေးမျှ မခြားတော့ချေ။ ဘဝအသစ် ရောက်ဖို့ရာ ထိုမျှလောက်ပင် မြန်လှ၏။ လူ့ပြည်မှ စုတေ၍ နတ်ပြည် ရောက်သူ ဖြစ်ဖြစ်၊ ငရဲ ရောက်သူ ဖြစ်ဖြစ် စုတေ ပြီးသည်နှင့် တပြိုင်နက် ပဋိသန္ဓေစိတ် ဆက်ကာ ဆိုင်ရာ ဘဝသစ်၌ ခန္ဓာအသစ် ထူထောင်မိလေသည်။

မိစ္ဆာအယူ ၂-မျိုး

တဘဝ မှ တဘဝသို့ ပြောင်းရွှေ့ရာ၌ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ ၂-မျိုး လုံးမှ လွတ်ကင်း၍ သမ္မာဒိဋ္ဌိ အယူ ဖြစ်အောင် သတိထားရမည်။ ထိုဒိဋ္ဌိ ၂-မျိုးတွင် “ဘဝဟောင်း ရုပ်နာမ် ခန္ဓာအိမ်၌ အသက်ကောင်ကလေး ရှိ၏။ ထိုအသက်ကောင်ကလေး သည်ပင် ခန္ဓာအိမ် အသစ်လဲကာ ဘဝသစ်၌ ပြောင်းရွှေ့၍ ဖြစ်၏” ဟူသော အယူသည် သဿတဒိဋ္ဌိတည်း။ [သဿတ=မပြတ်မစဲ အသက်ကောင်ကလေး မြဲ၏ ဟူ၍+ ဒိဋ္ဌိ=ယူမှားခြင်း။] “ဘဝဟောင်းက ရုပ် နာမ်ခန္ဓာ အားလုံးသည် (သူတို့ ထင်သော အသက်ကောင်နှင့်တကွ) ဘဝသစ်၌ လုံးဝ အဆက်အစပ် မရှိတော့။ သတ္တဝါတယောက်သေလျှင် ဘဝဟောင်းက အရာဝတ္ထုတွေ အားလုံး ပြတ်စဲ၏။ ဘဝသစ်၌ ထာဝရဘုရား၏ ဖန်ဆင်းမှုကြောင့် အခြား သတ္တဝါတယောက်သာ အသစ်ဖြစ်တန်လျှင် ဖြစ်ရသည်”ဟု ယူသော အယူသည် ဥစ္ဆေဒဒိဋ္ဌိ မည်၏။ [ဥစ္ဆေဒ=တဘဝတုံးလျှင် တဘဝ၏ ရုပ် နာမ်တွေ အားလုံး ပြတ်၏၊ နောက်ထပ် ဆက်သွယ်ခြင်း မရှိဟု+ဒိဋ္ဌိ= ယူမှားခြင်း။

သမ္မာအယူ

သတ္တဝါတို့၌ အဝိဇ္ဇာ၊ တဏှာ၊ ကံ၊ ဤတရား ၃-ပါးသည် ဘဝသစ်၌ ဖြစ်ဖို့ရာ အချုပ်အခြာတည်း၊ သေခါနီး၌ အဝိဇ္ဇာသည် ဘဝသစ်၌ ရုပ် နာမ် ခန္ဓာတို့၏ အပြစ်ကို မမြင်အောင် ဖုံးထား၏။ တဏှာက ထိုဘဝသစ်ကို တပ်မက် ခင်မင်လျက် ရှိ၏။ မကောင်းဆိုးရွား ကြောက်မက်ဖွယ် ဂတိနိမိတ် ထင်လာစေကာမူ ထိုနိမိတ်တို့မှ လွတ်လပ်သော ဘဝကို ရလိမ့်မည်ဟု ထင်၏။ ထိုသို့ အဝိဇ္ဇာ ဖုံးထားသဖြင့် အပြစ် မမြင်နိုင်ပဲ တဏှာက ညွတ်ကိုင်း စွဲလမ်းရာ ဘဝအသစ်၌ ကံအစွမ်းကြောင့် သန္ဓေဟု ခေါ်သော ရုပ် နာမ် တရားများ ရှေးဦးစွာ စတည်မိကြလေသည်။

ဤသို့ ဘဝသစ်၌ ပဋိသန္ဓေ ရုပ်နာမ်တို့သည် ဘဝဟောင်းက အဝိဇ္ဇာ၊ တဏှာ၊ ကံ ဟူသော အကြောင်းကြောင့် ဖြစ်ရကား “ဘဝဟောင်းနှင့် မဆက်စပ်ပဲ ဘဝသစ်၌ (ထာဝရဘုရား စသူတို့၏ ဖန်ဆင်းမှုကြောင့်) အသစ်ဖြစ်ရ၏” ဟူသော ဥစ္ဆေဒဒိဋ္ဌိလည်း မမှန်။ “ဘဝဟောင်းက အသက်ကောင် ကလေးသည် ဘဝသစ်၌ ပြောင်းရွှေ့၍ ဖြစ်၏”ဟု ယူသော သဿတဒိဋ္ဌိလည်း အမှားပင်။ ဘဝအဟောင်းက ရုပ် နာမ်တို့ ပြောင်းရွှေ့ သွားဖို့ကို မဆိုထားဘိ၊ တဘဝတည်းမှာပင် တနေရာ၌ ဖြစ်သော ရုပ်နာမ်တို့သည် တခြား နေရာရောက်အောင် မပါနိုင်ကြ။ ဖြစ်ပြီးလျှင် ချက်ချင်း ပျက်ရ၏။ အသက်ကောင် ဆိုသော အရာမှာ နဂိုကပင် မရှိချေ။

ထို့ကြောင့် ထိုဥစ္ဆေဒဒိဋ္ဌိ သဿတဒိဋ္ဌိ ၂-မျိုးလုံး မဖြစ်စေပဲ ဘဝသစ်ဝယ် ပဋိသန္ဓေ ရုပ် နာမ်တို့ ပထမ ဖြစ်ပေါ်ရာ၌ ရှေးရှေးဘဝဟောင်းက အဝိဇ္ဇာ တဏှာ ကံ ဟူသော အကြောင်းကြောင့် တမျိုးတဖုံ ရုပ်သစ် နာမ်သစ် ဖြစ်ရသည် ဟူသော အယူသာလျှင် သမ္မာအယူ (အယူမှန်)ဟု မှတ်ပါ။ ဥပမာ-တောင်၏ အနီးအပါး၌ ဟစ်အော်သော အသံသည် တောင်နံရံကို ထိခိုက်သောအခါ ပဲ့တင်သံဟု ခေါ်သော အသံတမျိုး ဖြစ်ပေါ်လာ၏။ ထိုပဲ့တင်သံ ဟူသည် မူလ အော်သော လူ၏ အသံလည်း မဟုတ်၊ လူ့အသံနှင့် ကင်း၍ သူ့ဘာသာ ဖြစ်ပေါ်လာသော အသံလည်း မဟုတ်သကဲ့သို့တည်း။ [မီးတိုင်တခုမှ မီးကူးယူရာ၌ ဒုတိယ မီးတိုင်၏ မီးသည် ပထမ မီးတိုင်က မီးလည်း မဟုတ်၊ ပထမ မီးတိုင်က မီးနှင့် အဆက်အသွယ် မကင်းပုံကိုလည်း ဥပမာ ပြုကြပါကုန်။]

ဤ စကားစဉ် အရ၊ ရှေးကံ ကောင်းလျှင် ယခုဘဝ ရုပ်နာမ် ကောင်း၏။ ရှေးကံ ညံ့လျှင် ယခုဘဝ ရုပ် နာမ် ညံ့၏။ “ဤဘဝ၌ အကောင်း အဆိုး အမျိုးမျိုးကိုတွေ့ရသည်မှာ ရှေးဘဝက ပြုအပ်သောကံ၊ ဤဘဝ ဉာဏ် ဝီရိယတို့ကြောင့် ဖြစ်၏”ဟု မှတ်ပါ။

နိဂုံး

ဤမျှသော စကားအစဉ်ဖြင့် စုတေခါနီး၌ အဖြစ်အပျက်ကို ပြဆိုချက်များ ပြီးဆုံးပြီ။ “စုတေ” ဆိုသော်လည်း စုတေရုံဖြင့် ပြီးရသေးသည်မဟုတ်၊ ဘဝအသစ်၌ တမျိုးဖြစ်ဖို့ရာ စုတေပေးရခြင်း ဖြစ်သောကြောင့် အသစ်ဘဝ၌ အဖြစ် လှဖို့ အရေးသည် ယခု သေရေးထက်ပင် အရေးကြီး၏။ စုတေခါနီး၌ စိတ်ကောင်းရှိအောင် ပြုပြင်ဖို့မှာလည်း မိမိကိုယ်တိုင်က သက်သာသော ရောဂါကို ရ၍ အနီးအပါး မိတ်ကောင်း ဆွေကောင်း (ပြုပြင်ပေးတတ်သူ)လည်း ရှိမှ ပြုပြင်ခွင့် ရနိုင်မည်။ ထို့ကြောင့် သေခါနီးကျမှ ပြုပြင်လိုက်မည်ဟု အားခဲသော်လည်း အကြောင်းညီညွှတ်ဖို့ မလွယ်ကူသောကြောင့် မသေမီ ရှေးမဆွကပင် ယခုဘဝ နေရေး သေရေးနှင့် နောက်ဘဝ အဆက်ဆက်ဝယ် နိဗ္ဗာန်အထိ အရေးကို အရှည်ကြီး မြော်မြင်၍ သူတော်စင် ဖြစ်နေမှသာ အရာရာ စိတ်ချ ဖွယ်ရှိပေသတည်း။

သေရေး နေရေး၊ အရှည်အေးဖို့၊ လေးလေးနက်နက်၊ ဤအချက်ကို ကွက်ကွက်ကွင်းကွင်း၊ ရေးရခြင်းကြောင့်၊ ခပင်း လူပေါင်း၊ အနေကောင်း၍၊ အဟောင်းအဖြစ်၊ စွန့်တုံလစ်က၊ အသစ်ဘဝ အဖြစ်လှစေ၊ ငါ့အနေမူ၊ မသေမီရှေး၊ အတော်ဝေးက၊ နောင်ရေးဆင့်ဆင့်၊ မျှော်ခေါ်ချင့်လျက်၊ အသင့်စုဆောင်း၊ နိဗ္ဗူအောင်းဖို့၊ အကောင်း ပါရမီ၊ စုံပြည့်ညီသား၊ အလီလီပွား၊ ရင်းသူများလည်း၊ ငါ့အားနည်းတူ၊ စုံအောင်ယူသည်။ နိဗ္ဗူထုတ်ချောက်၊ ရောက်ရန်သောဝ်။

စုတေခါနီး ဖြစ်ပျက်ပုံ ပြီးပြီ။