ကိုယ်ကျင့်အဘိဓမ္မာ/သတ္တမအခန်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
သတ္တမအခန်း

သတ္တမအခန်း

ကံနှင့် စပ်၍ အရပ်ရပ် မှတ်ဖွယ်ပါသည်။

ကံဆိုတာ ဘာလဲ

“ကမ္မ” ဟူသော ပါဠိ စကားကို မြန်မာလို “ကံ”ဟု ခေါ်၏။ ထို“ကံ” ဟူသော စကားကို တမျိုးထပ်၍ မြန်မာပြန်လျှင် “အမှု”ဟု ခေါ်ပြန်သည်။ ထိုအမှုကား ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု အားဖြင့် ၃-မျိုး ကွဲပြား၏။ “ကိုယ်မှု” ဟူသည် လက် ခြေ စသော ကိုယ်အင်္ဂါဖြင့် ပြုရသော လုပ်ငန်း ကိစ္စစုတည်း။ ဥပမာ-သူ့အသက်ကို ကိုယ်တိုင်သတ်ခြင်း၊ အလှူဒါနကို ကိုယ်တိုင်ပြုခြင်း စသည်တည်း။

“နှုတ်မှု” ဟူသည် နှုတ်ဖြင့် ပြောဆို ပြုလုပ်ရသော ကိစ္စတည်း။ ဥပမာ“ဟို အကောင် သတ်လိုက်၊ ဆွမ်းလောင်းလိုက်ပါ” စသည်ဖြင့် စေခိုင်း တိုက်တွန်းမှု၊ လိမ်လည်မှု၊ တရားဟောပြောမှု စသည်တည်း။ “စိတ်မှု” ဟူသည် ကိုယ်လည်း မလှုပ်၊ နှုတ်လည်း မပါ၊ စိတ်ထဲ၌သာ စဉ်းစား ကြံစည် စိတ်ကူးမှုတည်း။ ဥပမာ-“ဟိုလူ့ ပစ္စည်းတွေဟာ ငါ့ပစ္စည်းတွေဖြစ်လျှင် သိပ်ကောင်း မှာပဲ” စသည်ဖြင့် မကောင်း ကြံခြင်း၊ သူတပါးကို သနားကြင်နာခြင်း၊ ချမ်းသာစေလိုခြင်း၊ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများခြင်း စသည်များတည်း။

အမှုသည်ကို ရှာဖွယ်

ထိုကိုယ်မှု နှုတ်မှု စိတ်မှုများသည် စိတ်ကို မလှုံ့ ဆော်ရပဲ ဘာသိဘာသာ ဖြစ်နေသည် မဟုတ်။ သူ့အသက်ကို သတ်ရာ၌ လက်က ဓားကို ကိုင်မိအောင်၊ ထိုဓားကို လူတယောက် အပေါ်သို့ ရောက်အောင် ပြုလုပ်နိုင်သော အမှုသည် လက်သည် တရားကား ရှိရသေးသည်။ နှုတ်ဖြင့် ပြောရာ၌လည်း စကားသံ တလုံးချင်း ပေါ်လာအောင် ပြုလုပ်နိုင်သော အမှုသည် လက်သည်တရား ရှိသည်။ အိပ်ပျော်နေတုန်းအခါ စိတ်တွေများစွာ ဖြစ်နေသော်လည်း မည်သည့် စိတ်အမှုမျှ မဖြစ်။ ထို့ကြောင့် ကိုယ်မှု နှုတ်မှု စိတ်မှုတို့၌ ပကတိစိတ်မှ ထူးခြား၍ သတ္တိထက်သော တရားတမျိုး ရှိပေလိမ့်မည်။ လောက၌့အမှု တစုံတရာ ပေါ်လျှင် လက်သည် ရှာရသကဲ့သို့၊ ထို့အတူ ဤ ကိုယ်မှ နှုတ်မှု စိတ်မှုများကို ဖြစ်ပေါ်အောင် ပြုလုပ်နိုင်သော အမှုသည် လက်သည် တရားကို ရှာသင့်ပေသည်။

စေတနာသည် အမှုသည် စေတနာသည်ကံ

ထို ကိုယ်မှ နှုတ်မှု စိတ်မှုများ ဖြစ်အောင် လှုံ့ ဆော် ပေးသော တရား အတွင်းသန္တာန်၌ ဖြစ်နေသော စိတ် စေတသိက် အထဲမှာပင် ဗျာပါရ လွန်ကဲသော စေတနာ စေတသိက်တည်း။ ထို့ကြောင့် စေတနာ စေတသိက်သည် ထိုကိုယ်မှု နှုတ်မှု စိတ်မှုကို ဖြစ်အောင် လှုံ့ဆော်တတ်သော အမှုသည် လက်သည် တရားတည်း။ ထိုအမှု “ကံ”များကို အထမြောက်အောင် ဖန်တီးတတ်သောကြောင့် (အကျိုးအမှု၏ ကံ ဟူသော နာမည်ကို အကြောင်းရင်း စေတနာအပေါ်မှာ တင်စား၍) စေတနာ စေတသိက်ကိုပင် “ကံတရား”ဟု ခေါ်ရသည်။ [စိတ် စေတသိက် အများတွင် စေတနာက သတ္တိလွန်ကဲပုံ၊ ထိုစေတနာကိုပင် အမှုသည် လက်သည် တရားဟု စွဲချက်တင်ပုံကို စေတနာ စေတသိက် အခန်းတုန်းကလည်း ပြုပြီးဖြစ်၍ ထိုအခန်းနှင့် တွဲဘက်ကြည့်ပါ။]

မထင်မရှားဖြစ်သော စိတ်များ

မိမိစိတ် ဖြစ်ပုံကို မိမိကိုယ်တိုင် စဉ်းစားကြည့်သောအခါ စိတ်များ တချို့ စိတ်၏ ဖြစ်ပုံသည် ထင်ရှား၏။ တချို့ စိတ်၏ ဖြစ်ပုံကား မထင်ရှားချေ၊ အိပ်ပျော်နေသော အခါ၌ စိတ်အစဉ်သည် ဖြစ်မြဲ ဖြစ်နေ၏။ သို့သော် ဖြစ်ပုံကား မထင်ရှားချေ။ နိုးသော အခါမှာလည်း အမှတ်တမဲ့ မြင်ရ၊ ကြားရ၊ နံရ၊ ထိရသောအခါ စိတ်ဖြစ်ပုံ မထင်ရှား။ စိတ်ဖြင့် တွေးမိတွေးရာကို တွေး၍ ငေးမိငေးရာ နေသောအခါလည်း စိတ်ဖြစ်ပုံ မထင်ရှား။ ထိုသို့ မထင်မရှား ဖြစ်သောအခါ၌ ကုသိုလ်ဇော အကုသိုလ်ဇော စိတ် စေတနာတွေ ဖြစ်ပေါ်နေသော်လည်း ထိုဇောစေတနာများကြောင့် မည်သည့် ကံ တခုမျှ အထမမြောက်။ ဤသို့လျှင် မည်သည့် ကံ တခုမျှ အထမမြောက်ပဲ အမှတ်တမဲ့ မသိမသာ ဖြစ်သော ဇောစေတနာများလည်း တနေ့အဖို့မှာ အတော်များ ဖြစ်ကြသည်။

ထင်ရှားသော အကုသိုလ် စေတနာ

သူတပါး သတ်ဖို့ ကြံစည်သောအခါ၌ ဒေါသဇော စိတ်စေတနာသည် လွန်စွာ ထင်ရှား၏။ သတ်ဖို့ရာ လွန်စွာဗျာပါရ များနေ၏။ ကာမမှုကို မတရား ကြံစည်လိုသော အခါ၌လည်း လောဘဇော စေတနာ လွန်စွာ ဗျာပါရ များရလေ၏။ အတွင်းဇော စေတနာက ဗျာပါရ များနေမှုကြောင့်ပင် အပြင်ပ ကိုယ်ခန္ဓာကြီးလည်း ထကြွ လှုပ်ရှား၍ ဗျာပါရ များရလေသည်။ ဤသို့လျှင် ကိုယ်မှု နှုတ်မှု စိတ်မှု မကောင်းတခုခု အထင်အရှား ဖြစ်ရာ၌လည်း အတွင်းက ဆိုင်ရာ အကုသိုလ် စေတနာတွေ ဗျာပါရ များနေပုံ၊ ရိုးရိုးအခါ ဖြစ်သော စိတ်ဇောများနှင့် မတူပဲ ထက်ထက်မြက်မြက်ရှိကြပုံကို သတိထား၍ စဉ်းစားလျှင် အကုသိုလ်ဇော စေတနာများ၏ ဖြစ်ပုံမှာ လွန်စွာ ထင်ရှားလေသည်။

ထင်ရှားသော ကုသိုလ် စေတနာများ

လှူဒါန်း ပေးကမ်း နေရသော အခါ၊ ဥပုသ် သီလ စေတနာများ

(ဆောက်တည် နေရသောအခါ၊ လူကြီး သူမကို ပြုစုလုပ် နေရသောအခါ၊ တရားစကားကို ပြောဆို ကြားနာ နေရသော အခါ၊ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်း နေရသောအခါ၊ မကောင်းမှု အကုသိုလ်မှ ရှောင်ကြဉ်သောအခါ၌ ကုသိုလ်စေတနာတွေ လွန်စွာ တက်တက်ကြွကြွ ရှိ၏။ ထိုကုသိုလ်များ အထမြောက်ဖို့ရာ လွန်စွာ ဗျာပါရ အားကြီးလေ၏။ ထိုဇောစေတနာတွေက ဗျာပါရ များရခြင်းကြောင့် ကိုယ် လက် နှုတ်များလည်း အချို့ ကုသိုလ်ကိစ္စ၌ လှုပ်လှုပ်ရှားရှား ဗျာပါရများလျက် ရှိလေသည်။

ခန္ဓာအစဉ်၌ ကံ၏သတ္တိ ကျန်ရှိရစ်ပုံ

ထိုကဲ့သို့ အထင်အရှား ဖြစ်နေကြသော ကုသိုလ်အကုသိုလ် ဇော စေတနာကို “ကံ”ဟု ခေါ်၏။ ထိုကံ တရားတို့သည် ထုံးစံအတိုင်း ချုပ်ပျောက်ကြသော်လည်း ပြီးပြီးပျောက်ပျောက် ချုပ်သွားကြသည် မဟုတ်၊ မိမိတို့၏ ကံစွမ်း သတ္တိကို ခန္ဓာ အစဉ်မှာ မြှုပ်ထားလျက် ချုပ်သွားကြလေသည်။ ဆိုလိုရင်းကား-ခန္ဓာကိုယ်၌ စိတ်တခုပြီးတခု ဖြစ်ရာဝယ် သတ္တိနည်းသော စိတ်တို့သည် ချုပ်ပြီးနောက်၌ သူတို့၏ အစွမ်းသတ္တိ တစုံတရာ မကျန်ရစ်တော့။ သတ္တိ ထက်မြက်သော ဇောစေတနာတို့၏ သတ္တိကား ခန္ဓာအစဉ်မှာ ကျန်ရစ်ကြလေသည်။ ဥပမာ-မထက်မြက် မထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ သူတို့၏ အရှိန်အဝါသည် သားသမီး အပေါ်၌ သိသိသာသာ မကျန်ရစ်တော့ပဲ ထက်မြက် ထင်ရှားသော မိဘတို့ ကွယ်လွန်သောအခါ၌သာ သူတို့၏ အရှိန် အဝါသည် သားသမီးတို့မှာ သိသိသာသာ ကျန်ရစ်သကဲ့သို့တည်း။

ခန္ဓာအစဉ်၌ ကံသတ္တိများ လိုက်ပါပုံ

အသီး သီးသော သစ်ပင်မျိုး၌ အသီး သီးစေ ခန္ဓာအစဉ်၌ တတ်သော ဓာတ်သတ္တိ အမြဲ ပါရှိသည်။ သစ်ပင် ပေါက်ခါစ၌လည်း ပါရှိ၏။ အညွန့် အခက် အရွက် ထွက်သောအခါ ပင်လုံးနှင့်တကွ ထိုအသီးနှင့် အသီး၏ အစေ့မှာလည်း ပါရှိ၏။ ထိုအစေ့ ရင့်၍ မြေ၌ချပြီး စိုက်ပျိုးသောအခါ၌လည်း အသီး သီးစေတတ်သော ဓာတ်သတ္တိ ပါရှိ၏။ ထိုဓာတ် သတ္တိသည် “ဘယ်လိုအရာ”ဟု ခွဲခြားမရသော်လည်း ထိုသစ်ပင်အမျိုးတို့၏ အစဉ်အဆက်မှာ သီးစေတတ်သော ဓာတ်သတ္တိ တမျိုးကား ဧကန် ပါရှိသကဲ့သို့၊ ထို့အတူ ရုပ်တခုပြီးတခု နာမ်တခုပြီး တခု ဆက်၍ဆက်၍ ဖြစ်ပျက်နေကြရာ၌ အသစ်ဖြစ်သော ရုပ်နာမ်ခန္ဓာအစဉ်ဝယ် ချုပ်လေပြီးသော ထိုစေတနာ ကံတရား၏ သတ္တိလည်း အမြဲလိုက်ပါလျက် ရှိသည်။ စုတိစိတ် အခိုက်မှာလည်း ကံ၏သတ္တိတွေ အများအပြား ရှိနေသည်။ စုတေပြီးနောက် ဘဝအသစ် ပဋိသန္ဓေ ခဏ၌လည်း ကံ၏ သတ္တိတွေ ပါရှိ၏။ ထို့နောက် တဘဝလုံးနှင့် ထိုဘဝ၏ စုတိ၊ ထို့နောက် တဖန် ပဋိသန္ဓေ ခဏ၌လည်း ရုပ် နာမ်ခန္ဓာ အစဉ်မှာ (ဘယ်လိုအရာမျိုးဟု အထင်အရှား အထည် ဝတ္ထုကို ခွဲခြား မရသော်လည်း) အကျိုး မပေးရသေးသော ကံ၏ သတ္တိတွေ လိုက်ပါ တည်ရှိလေသည်။ (ကံ၏ သတ္တိ ဟူသည် အထည်ကိုယ် အထင်အရှား မဟုတ်၊ သတ္တိမျှသာ ဖြစ်ကြောင်းကို သတိပြုပါ။)

ကံပြုသူ၌ ကံအကျိုးတိုက်ရိုက် ရပုံ

ပြခဲ့သော စကားစဉ်အရ သတ္တဝါတို့ တဘဝမှ တဘဝ ပြောင်းကြရသော်လည်း ရှေးဘဝက မိမိ၏ အဝိဇ္ဇာ တဏှာ ကံစွမ်းအတွက် နောက်ဘဝ အသစ်၌ ဖြစ်ရသောကြောင့် နောက်ဘဝ ဖြစ်သူသည် သူများမဟုတ် မိမိပင်တည်း။ ပြုခဲ့သမျှသော စေတနာ ကံတရားတို့သည် ချုပ်ပျောက်သွားသော်လည်း ထိုကံ၏ အရှိန်သတ္တိတွေ အကျိုး မပေးရသေးသမျှ မပျောက်မပျက် လိုက်ပါလျက်ရှိသောကြောင့် မိမိပြုသော ကုသိုလ်ကံ၏ သတ္တိသည် မိမိသန္တာန်မှာ (လူသွားရာသို့ လူရိပ် လိုက်ပါသလို) မိမိကို စောင့်ရှောက်ရန် အမြဲ လိုက်ပါနေ၏။ မိမိပြုအပ်သော အကုသိုလ်ကံ၏ သတ္တိများလည်း(လှည်း၌ တပ်အပ်သော နွား၏နောက်သို့ လှည်းဘီးပါသကဲ့သို့) မိမိကို နှိပ်စက်ဖို့ရန် အမြဲ လိုက်ပါနေ၏။ မိမိပြုအပ်သော အကုသိုလ်ကံ၏ အကျိုးကို မိမိသာ တိုက်ရိုက်ရသောကြောင့် “ဒီဘဝ ဒီကိုယ်စံ၊ နောက်ဘဝ နောက် ကိုယ် ခံလိမ့်မည်”ဟု တချို့က ပြောကြသော်လည်း နောက်ဘဝ နောက်ကိုယ်မှာ သူများ မဟုတ်၊ မိမိပင် ဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်ကြပါကုန်။

ကုသိုလ် ကံတူအကျိုးပေး

ဇာတ်တော်များ၌ ကံတူ အကျိုးပေးပုံတွေ များစွာ ပါရှိ၏။ ရှေးရှေးက စိတ်တူကိုယ်တူပြုခဲ့သော ကံတို့သည် နောင်အခါလည်း အတူ အကျိုးပေးတတ်ကြ၏။ ဒါန အတူပြုခြင်း၊ သီလအတူ ဆောက်တည်ခြင်း၊ ထိုကဲ့သို့ အတူတကွ ပြုခွင့်မရသော အခါ၌လည်း တယောက်ပြုနေသည်ကို တယောက်က သဘောကျခြင်း(အိမ့်ရှင်က ပစ္စည်းရှာ၍ အိမ်သူက ထိုပစ္စည်းဖြင့် ကုသိုလ်ပြုသည်ကို ဝမ်းမြောက်ခြင်း) ဤသို့ စသော ကုသိုလ်များကို “ကံတူ”ဟု ဆိုလိုသည်။ ထိုကဲ့သို့ ကံတူ ပြုရာ၌ ပညာရှိ သူတော်ကောင်းချင်း ဖြစ်လျှင် တယောက်စကား တယောက်နားထောင်ကာ မခွဲမခွါ နေလိုသော သမ္မာဆန္ဒဖြင့် တယောက်နှင့်တယောက် ငဲ့ညှာသော တဏှာဆန္ဒများလည်း ကုသိုလ်၏ ရှေ့အဖို့ နောက်အဖိုမှာ မကင်းပဲ ရှိတတ်၏။ ထိုကုသိုလ်ကံ အကျိုးပေးသောအခါ သမ္မာဆန္ဒ တဏှာဆန္ဒ အလိုကျအောင် ထိုသူ ၂-ယောက်တို့ အတူ တွေ့ဆုံရတတ်၊ အတူ အကျိုးခံစားရတတ် ပေသည်။ ဤအရာမျိုးကို “ကံတူ အကျိုးပေး”ဟု ခေါ်သည်။

ထိုကဲ့သို့ တယောက်နှင့်တယောက် ငဲ့ညာမှုဆန္ဒ ပြင်းပြလှသော ကုသိုလ်ရှင်တို့သည် သံသရာထဲ၌ ပါရမီဖြည့်ဘက် အဖြစ်ဖြင့် ကျင်လည်ကာ တပျော်တပါး အလောင်းတော်များ ဖြစ်ရပုံကိုလည်း ဘုရားရှင်နှင့် ယသော်ဓရာ မိဖုရား၊ ရှင်မဟာကဿပနှင့်မယ်ဘဒ္ဒါ၊ မဟာကပ္ပိနမင်းနှင့်အနော်ဇာတို့အပြင် မကင်းရာ မကင်းကြောင်းဖြစ်၍ ပါလာကြသော ရှင်သာရိပုတြာ၊ ရှင်မောဂ္ဂလ္လာန်၊ ရှင်အနုရုဒ္ဓါ၊ ရှင်ရာဟုလာ၊ ခေမာထေရီ၊ ဥပ္ပလဝဏ်ထေရီ၊ မိထွေးတော် ဂေါတမီး သုဒ္ဓေါဒန မဟာရာဇာတို့၏ ဝတ္ထုကြောင်းဖြင့် ကောင်းကောင်းကြီး ယုံကြည်သင့်ကြပေသည်။

အကုသိုလ်ကံတူအကျိုးပေး

အကုသိုလ် အရာမှာလည်း စိတ်တူ သဘောတူပြုလျှင် ကံတူ အကျိုးပေးပင် ဖြစ်၏။ ရှေးက ဇနီးမောင်နှံ ၂-ဦးသည် လှေပျက်၍ လူမရှိသော ကျွန်းငယ်တခုသို့ ရောက်သွားသည်။ ထိုနေရာ၌ အစာ မရသဖြင့် ငှက်ကလေးများကို သတ်၍ စားကြရ၏။ ထိုမကောင်းမှုအတွက် ငရဲကျပြီးနောက် ဘုရား လက်ထက်၌ ဥတေနမင်း၏ သားတော် ဗောဓိမင်းသားနှင့်မိဖုရား ဖြစ်လာကြသော်၊ ရှေးက ငှက်ကလေး တွေကို သတ်စားမိခဲ့သော ကံကြောင့် သားသမီးမရပဲ ရှိလေသည်။

ငှက်ကလေးများကို သတ်စားတုန်းဝယ် မိန်းမက သဘော မတူခဲ့လျှင် မိန်းမအတွက် သားသမီး ရထိုက်၏။ ယောက်ျားက သဘော မကျလျှင် ယောက်ျားအတွက် သားသမီး ရထိုက်၏။ ထိုသူ ၂-ယောက်မှာ စိတ်တူကိုယ်တူ သတ်ခဲ့သောကြောင့် သားသမီး မရပဲ ရှိလေသည်။ ဤသို့ စသည်ဖြင့် စိတ်တူ ကိုယ်တူ ပြုခဲ့သော အကုသိုလ်ကံများ၏ ကံတူအကျိုးပေးတတ်ပုံကို သတိထား၍ တယောက်က အကုသိုလ် ပြုလိုလျှင် သဘောမတူပဲ တားမြစ်ဖို့ သတိပြုသင့်ကြ ပေသည်။

“အကုသိုလ် နှင့်၊ ကုသိုလ် နှစ်ပါး၊ ကံတရားကား၊ မယားပြုရာ၊ စိတ်မပါလျှင်၊ လင်မှာ မရ၊ လင်ပြုကလည်း၊ မယား အိမ်သူ၊ စိတ်မတူသော် မှတ်ယူမှန်စွာ၊ မရရာဘူး”-မဃဒေဝ လင်္ကာ။

ကုသိုလ်ကံ အကျိုးပေး အာနိသင်

လောက၌ ဆရာတပည့်တစု၊ မိသားတစုံ၊ ဆွေမျိုးတစု စသည်ဖြင့် အစုအဖွဲ့ရှိတတ်လေရာ၊ တယောက်ယောက်၏ ကုသိုလ်ကံ အကျိုးကို အစုအဖွဲ့ ပါဝင်သူများလည်း ထိုက်တန်သလောက် ခံစားရ၏။ သီဟိုဠ်ကျွန်း ဘာတိကမင်း လက်ထက်၌ နွားသားစားသူများကို ဖမ်းဆီး၍ ဒဏ်တပ်လေရာ ဒဏ်ငွေမဆောင်နိုင်ကြသဖြင့် နန်းတော်တွင်း၌ အမှိုက် သုတ်သင်သူများ ပြုထားလေ၏။ ထိုသူတို့ အထဲမှာ အဆင်းလှသူကလေး တယောက်ကို ရှင်ဘုရင် မြင်၍ ထိုသူ့ကို နန်းတွင်းမှာ “သာမာဒေဝီ” ဟူသော ဘွဲ့အမည်ဖြင့် အကျွမ်းတဝင် ထားပြီးနောက်၊ သူ့ကို အကြောင်းပြု၍ သူ၏ ဆွေမျိုးများကိုလည်း အပြစ်မှ လွတ်စေပြီးလျှင် ချမ်းသာစွာ အသက်မွေး နိုင်လောက်အောင် ချီးမြှောက် မ စလေသည်။ ဤကား တယောက် ကုသိုလ်ကြောင့် ဆွေမျိုးများ၌ အကျိုးရပုံတည်း။ [ဤနေရာဝယ် “ဆွေမျိုးများမှာလဲ ကုသိုလ်ရှိလို့ပေါ့”ဟု ပြောစရာ ရှိ၏။ သို့သော် ထိုဆွေမျိုးများ၌ရှိသော ကုသိုလ်ကံမှာ သာမာဒေဝီ မပါလျှင် အကျိုးပေးနိုင်လောက်သော အခြေအနေ မရှိချေ။]

အကုသိုလ်ကံ အကျိုးပေး အဖျားခတ်ပုံ

အကုသိုလ်ကံ အကျိုးများလည်း ကုသိုလ်ကဲ့သို့ အဖျား ခတ်တတ် သေး၏။ ကဿပဘုရားရှင် လက်ထက်တော်ဝယ် သူကြွယ် တယောက်၏ ကျောင်းဘုန်းကြီးဖြစ်သော ရဟန်းတပါးသည် သီလရှိသော သူတော်ကောင်း ပေတည်း။ သို့သော် အာဂန္တု ရဟန္တာကို ကျောင်းဒကာ သူကြွယ်က ကြည်ညို သည်ကို သည်းမခံနိုင်သော ကုလမစ္ဆရိယကြောင့် နံနက်စောစော သူကြွယ်အိမ်သို့ ဆွမ်းစား သွားခါနီး၌ အာဂန္တု ကိုယ်တော် မနိုးအောင် ခေါင်းလောင်းကို လက်ဖျားဖြင့် တောက်၍ သွားလေသည်။ အိမ်ရောက်၍ သူကြွယ်က အာဂန္တု ကိုယ်တော်ကို မေးလေသော် “ဒါယကာ၍ ကိုယ်တော်ဟာ အင်မတန် အအိပ် ကြီးတယ်၊ ခေါင်းလောင်းထိုးတာတောင် မနိုးလို့ ထားခဲ့တယ်”ဟု ပြောလေသည်။ [ထိုစကားသည် မစ္ဆရိယအသံပါသော စကားတည်း။

ပါးနပ်သော ကျောင်းဒကာက သူ့ဘုန်းကြီး၏ စိတ်ထားကို ရိပ်မိ၏။ ထို့ကြောင့် ကျောင်းဘုန်းကြီးအား ဆွမ်းကပ်ပြီးနောက် “အာဂန္တုကိုယ်တော်အား လှူပါလေ”ဟု မှာ၍ သပိတ်ထဲ၌ ဆွမ်းထည့် ပေးလိုက်လေသည်။ ကျောင်းဘုန်းကြီးသည် သဘောမကျ။ “သည်လို ဆွမ်းကောင်း စားနေရလျှင် ငါ့ကျောင်းက ဆွဲချသော်လဲ သွားတော့မှာ မဟုတ်ဘူး”ဟု ကျောင်း၌ ဆက်၍နေမည် စိုးသော အာဝါသမစ္ဆရိယ၊ မိမိထက် သာသည်ကို မနာလိုသော ဣဿာတို့ကြောင့် ထည့်ပေးလိုက်သော ဆွမ်းကို လမ်းမှာ သွန်ပစ်လေသည်။ [ဤနေရာ၌ ဆွမ်းသွန်ပစ်ခဲ့ပုံ အပြစ်ကြီးကိုပါ သတိပြုပါ။]

အာဂန္တု အရှင်မြတ်လည်း ကျောင်းဘုန်းကြီး၏ စိတ်ဓာတ်ကို သိတော်မူ၍ စောစောကပင် ကောင်းကင်ခရီးဖြင့် လိုရာအရပ်သို့ ကြွနှင့်ပြီး ဖြစ်သောကြောင့် ကျောင်းသို့ ရောက်၍ ရှာဖွေသောအခါ အာဂန္တုကိုယ်တော်ကို မတွေ့မှ နောင်တ တဖန် ပူပန်မှု ကုက္ကုစ္စဖြင့် စိတ်ထဲ၌ ပူလောင်နေရကား စိတ်ရော ကိုယ်ပါ သွေ့ခြောက်လျက် မကြာမီ စုတေပြီးနောက် ငရဲသို့ ရောက်ရလေသည်။

ထိုငရဲမှ တက်ပြီးနောက် ဘီလူးဘဝ ၅၀၀၊ ခွေးဘဝ ၅၀၀-တို့၌ အစာ ဝအောင် မရသည်သာ များလေ၏။ ထိုကဲ့သို့ ဆင်းဆင်းရဲရဲဖြင့် ကျင်လည်ခဲ့ရာ၊ ငါတို့ ဘုရားရှင် လက်ထက်တော်၌ အိမ်ခြေတထောင်ရှိသော တံငါသည်ရွာဝယ် တံငါသည်မ ဝမ်း၌ ပဋိသန္ဓေ နေရလေသည်။ ထိုသူ ပဋိသန္ဓေ နေသည်ကစ၍ တံငါများ ငါးအရနည်းရုံသာမက တရွာလုံး မင်းဒဏ် ၇-ကြိမ် ခံရ၊ ၇-ကြိမ် မီးလောင်ခံရလေသည်။

ထို့နောက် စဉ်းစားတတ်သူ လူကြီးများက “ငါတို့ရွာ၌ ကံဆိုးသူရှိလိမ့်မည်။ ရွာကို တဝက်စီ ခွဲကြစို့”ဟု ပြော၍ တဝက်စီ ခွဲကြရာ ထိုကိုယ်ဝန်ပါသော ဘက်၌ ရှေးနည်းတူ ဆင်းရဲပြန်သစ် ထပ်၍ ထပ်၍ ခွဲကြရာ၊ နောက်ဆုံး၌ ထိုကိုယ်ဝန်ရှိသော မိဘတို့ တအိမ်သာ သီးခြား ဖြစ်နေလေသည်။ ထိုသို့ သီးခြား ဖြစ်ရပြီးနောက် မိခင်မှာ ဆင်းရဲစွာ ဖွားမြင်ပြီးလျှင် သွားလာနိုင်သောအခါ ခွက်ကလေးကို ကလေးလက် အပ်၍ မိခင် ထွက်ပြေးလေသည်။ ကလေး ငယ်လည်း ထိုခွက်ကလေးဖြင့် တောင်းရမ်း စားသောက်၍ ၇-နှစ် အရွယ်သို့ ရောက်သောအခါ အရှင်သာရိပုတ္တာနှင့် တွေ့သဖြင့် ရှင်ပြုပေး ပြီးနောက် “လောသကတိဿ” မည်သော ရဟန်းဖြစ်၍ တရားကို အားထုတ်စေရာ (ရှေး ရဟန်းဘဝတုန်းက သီလရှိသော ပုဂ္ဂိုလ် ဖြစ်သည့်အတွက်) ရဟန္တာ ဖြစ်လေသတည်း။

ထိုသို့ ရဟန္တာ ဖြစ်သော်လည်း တနေ့မျှ ဆွမ်းဝအောင် မဘုဉ်းပေးရရှာ။ ပရိနိဗ္ဗာန် စံမည့်နေ့၌ အရှင်သာရိပုတြာ ခေါ်၍ ဆွမ်းခံ အတူ သွားရာ အရှင်သာရိပုတြာပင် ဆွမ်းမရတော့ချေ။ ထို့နောက် ထိုရဟန်းကို ပြန်လွှတ်၍ တပါးတည်း ဆွမ်းခံမှ ဆွမ်းရလေသတဲ့။ အရှင်သာရိပုတြာလည်း အိမ်တအိမ်၌ ဆွမ်းဘုဉ်းပေးပြီးလျှင် ထိုရဟန်းအတွက် အိမ်က လူများကို ထိုရဟန်းအထံသို့ ဆွမ်းပို့ လွှတ်လိုက်ရာ လွှတ်လိုက်သူများက သတိမေ့ပြီး လမ်းမှာ ချစားကြလေသည်။ ထိုရဟန်းထံသို့ ဆွမ်းမရောက်ကြောင်း အရှင်သာရိပုတြာ ပြန်လာမှ သိရလေလျှင် ကောသလမင်းထံ စတုမဓူကို အလှူခံ၍ (သပိတ် လွှတ်ပေးလျှင် သပိတ်ပါ ကွယ်မည် စိုးသောကြောင့်) သပိတ်ကို အရှင်သာရိပုတ္တရာ ကိုယ်တိုင် ကိုင်၍ ကျွေးမှ ထိုစတုမဓူကို အဝ ဘုဉ်းပေး၍ ပရိနိဗ္ဗာန် စံလေသည်။

မှတ်ချက်

ဤ ဝတ္ထု၌ ကဿပ ဘုရားရှင် သာသနာတော်က ပြုခဲ့သော မကောင်းမှုတို့ကြောင့် သူတယောက်တွင်မက တရွာလုံး မကောင်းကျိုး ခံစားရပုံ၊ အရှင်သာရိပုတ္တာသည်ပင် သူနှင့် တွဲ၍ ဆွမ်းခံဝင်ရာ ဆွမ်းမရပုံတို့မှာ တယောက်၏ မကောင်းမှုက အခြားသက်ဆိုင်သူများကိုလည်း ကံအရှိန် ခတ်တတ်ကြောင်း ညွှန်ပြသည့် သက်သေ သာဓကတို့ ပေတည်း။ ထို့ကြောင့် မိမိ၏ သံသရာ စခန်း၌ ဖြောင့်တန်းဖို့ အရေးကို မျှော်တွေးမိသူ ဟူသမျှသည် ယခုဘဝ၌ တွေ့ရှိသူ လူယုတ်မာများကို ဆွေမျိုး ဉာတိပင် ဖြစ်နေသော်လည်း မကင်းစကောင်း၍ မပစ်ပယ်နိုင် စေကာမူ ထိုကဲ့သို့ လူမျိုးကို စိတ်အားဖြင့် ဝေးနိုင်သမျှ ဝေးအောင် ရှောင်မှသာ ဘဝအဆက်ဆက်၌ ထိုသူနှင့် ကင်းပြတ်၍ လွတ်လပ်သော သူတော်စင်များ ဖြစ်နိုင်ကြပေလိမ့်မည်။

ဒဏ်ခံရတတ်ပုံ

တချို့ အကုသိုလ်ကံများသည် ကံပြုသူက အစောင့်အရှောက် အနေအထိုင် ကောင်းလှ၍ ထိုသူကို တိုက်ရိုက် ထိခိုက်အောင် မတတ်နိုင်လျှင် ထိုသူနှင့် ဆက်သွယ်သော မိဘ၊ ဆရာ၊ သား၊ သမီး၊ ကျေးကျွန်နှင့် တပည့်၊ ဒကာ၊ ဒကာမများကို ထိခိုက်စေတတ်၏။ ထိုကဲ့သို့ တစုံ တယောက်ကို ထိခိုက်သွားလျှင် “ဒဏ်ခံသွားရှာသည်”ဟု ပြောစမှတ်ပြုကြ၏။ ထိုသို့ သက်ဆိုင်သူက ဒဏ်ခံသွားသောအခါ အကုသိုလ်ကံရှင်မှာလည်း စိတ်ဒုက္ခ ရောက်ရသောကြောင့် တနည်းအားဖြင့် ကံပြုသူကိုလည်း ညှဉ်းဆဲပြီး ပင်ဖြစ်လေသည်။ [လင်္ကာ၌ “ဇနမ” ဟူသည် ဖြစ်ပုံတည်း။ ပါပ+ဂြဟ= မကောင်းသော ဂြိုဟ်၊ “ဂြိုဟ်စီး မကောင်း” ဟူလို။]

“အခံ ပုည၊ ရှိကြသူမှာ၊ ဇာတာ မူလ၊ ဇနမ၌၊ ပါပ ဂြဟ၊ စီးနင်း ကျလည်း၊ ကိုယ်မှတပါး၊ ခြွေရံများနှင့်၊ ကျွဲ နွား မျှသာ၊ ပျက်စီးရာ၏၊ ကိုယ်မှာ ချမ်းမြေ့၊ ဘေး မတွေ့ဘူး”-မဃဒေဝ လင်္ကာ။

ကံချင်းတူလျက် မျက်နှာလိုက်

လောက၌ အလွန် ဖြူစင်သော သူတော်ကောင်း တမျိုး၊ သူယုတ်မာ တမျိုးဟု ၂-မျိုး ခွဲရာ၏။ ထိုသူ ၂-မျိုးသည် သာမန် အကုသိုလ်ကံ တခုကို ကိုယ်စီကိုယ်ငှ ပြုမိကြသော်လည်း သူတော်ကောင်း၌ ထိုကံအကျိုးပေးခွင့်မရ၊ များစွာသောကောင်းမှုတို့က ထိုကံကို ဖုံးလွှမ်းလိုက်ကြ၏။ ယုတ်မာသူ၌ကား ထိုသို့ ကာကွယ်ဖို့ရန် အားကိုး လောက်သော ကုသိုလ်ကံ မရှိရကား ထိုအနည်းငယ်သော အကုသိုလ်ကံသည်ပင် အထင်အရှား အကျိုးပေးနိုင်လေတော့သည်။ ဥပမာ-တညဉ့်သ၌ သဌေးသားသည် အိမ်တအိမ်မှ ကြက်ကို ခိုး၏။ ဘိန်းစားလည်း ကြက်တကောင် ခိုး၏။ ကြက်ရှင်က သိ၍ လိုက်ရှာသောအခါ ကြက်တကောင်ကို သဌေးသားအထံ၌ တွေ့၏။ သဌေးသားကို သူခိုးဟု မစွပ်စွဲဝံ့သည့်ပြင် ချော့ချော့မော့မော့နှင့် တောင်းယူရ၏။ ဘိန်းစားကိုကား ဂါတ်တိုင်၍ ထောင်ချသကဲ့သို့တည်း။ ဥပမာ တနည်းသော်-ဆား တပိဿာကို ဧရာဝတီမြစ်ထဲ၌ ချသော် ရေ၏ အရသာ မပျက်သကဲ့သို့၊ ကုသိုလ်ကံများစွာ ရှိသူ၌ အကုသိုလ်ကလေးအတွက် မကောင်းကျိုးအရသာ မပေါ်နိုင်တော့ပြီ။ ထိုဆားတပိဿာကို သောက်ရေအိုး တလုံးထဲ၌ ထည့်လိုက်လျှင် သောက်ရေတွေ အကုန်ပျက်တော့၏။ ထို့အတူ အနည်းငယ် ကုသိုလ် ရှိသူ၌ အထိုက်အလျောက် အကုသိုလ် ဖြစ်လျှင် ထိုရှိရင်း ကုသိုလ်ကလေးများ၏ သတ္တိပင် ပျက်ပြားတတ်လေသည်။

ဤသို့လျှင် ကာမာဝစရ ကုသိုလ် အကုသိုလ် ကံသည် “မျက်နှာကြီးရာ ဟင်းဖတ်ပါ” တတ်ရကား၊ များစွာသော ကုသိုလ်တွေကို အနည်းငယ်သော အကုသိုလ်က မနှောင့်ယှက် နိုင်ပါသော်လည်း အနည်းငယ် ကုသိုလ်ကို အနည်းငယ် အကုသိုလ်ကပင် နှောင့်ယှက်နိုင်သောကြောင့် သူတော်ကောင်း ဘက်တွင် ပါဝင်လက်စ ရှိသူတို့သည် ကုသိုလ်အလွန်များအောင် ထူထောင်နိုင် ကြပါစေသား။