သိမ်နှင့်စပ်သော သိမှတ်ဖွယ်ရာများ

From Wikisource
Jump to navigation Jump to search
ပိဋကတ်တော်လာသိမ်နှင့်စပ်သောသိမှတ်ဖွယ်ရာများကိုလေ့လာတင်ပြခြင်း  (Dagon University Research Journal 2018, Vol.8) 
by စုစုလှိုင် (ဒေါက်တာ၊ လ/ထ ကထိက၊ အရှေ့တိုင်းပညာဌာန)

စာတမ်းအကျဉ်း[edit]

သိမ်ဟူသည် သာသနာတော်အတွက် ရေသောက်မြစ်ဖြစ်သည်သာမက အသက်သွေး ကြောအဖြစ် လည်း တည်ရှိနေသောအရာဖြစ်ပါသည်။ စစ်မှန်သော ရဟန်းသံဃာများ ပေါ်ထွက်လာရန်အတွက် စစ်မှန်သော သိမ်ပေါ်ပေါက်လာရန်မှာ လွန်စွာအရေးကြီးပါ သည်။ ထိုသို့ရဟန်းစစ်၊ ရဟန်းမှန်များ ပေါ်ပေါက်လာမှသာလျှင် ဗုဒ္ဓသာသနာ တော်ကြီးမှာလည်း အဓွန့်ရှည်စွာ တည်တံ့နိုင်မည်ဖြစ်ပါ သည်။ “သဒ္ဒါမှာလိင် ဝိနည်းမှာ သိမ်” ဆိုသည့်အတိုင်း သဒ္ဒါ၌လိင်သည် အရေးကြီးသကဲ့သို့ ဝိနည်း၌ သိမ်သည်လည်း လွန်စွာအရေးကြီးပါသည်။ သိမ်၏အောင်မြင်မှု၊ မအောင်မြင်မှု၊ မှန်မှု၊ မမှန်မှုကိုလိုက်၍ အကျိုးအပြစ်များစွာဖြစ်နိုင်ပါသည်။ အောင်မြင်သောသိမ်၌ ပြုသမျှ ကံကြီး၊ ကံငယ်တို့သည်သာ အောင်မြင်ထမြောက်ခြင်းရှိ၍ သိမ်စစ်၊ သိမ်မှန်၌ ရဟန်းခံသူတို့သည်သာ ရဟန်းစစ်၊ ရဟန်းမှန်ဖြစ်နိုင်ပါသည်။ ဤစာတမ်းတွင် သိမ်နှင့်ပတ်သက်သော ဗဟုသုတဖြစ်ဖွယ် များကို လက်လှမ်းမီသရွေ့တင်ပြထားပါသည်။ သိမ်အမျိုးအစားများ၊ သိမ်ပျက်ဖြစ်ရသည့် အကြောင်း၊ နိမိတ်များ၊ သိမ်သမုတ်ရခြင်းနှင့် သိမ်နုတ်ရခြင်းအကြောင်းတို့ကို လေ့လာတင်ပြထား ပါသည်။ ထို့ကြောင့်ဤစာတမ်းကို ဖတ်ရှုရခြင်းဖြင့် သိမ်နှင့်ပတ်သက်သော အကြောင်းအရာ ဗဟုသုတများကို တစေ့တစောင်း သိရှိနိုင်မည်ဟု ထင်မြင်မိပါသည်။

နိဒါန်း[edit]

သိမ်ဟုဆိုလိုက်သည်နှင့် အပြင်ပန်းမှကြည့်လျှင် ဘုန်းကြီးကျောင်းတွင်းရှိ ပန္နက်တိုင်များ နှင့်ရှိနေသော အဆောက်အအုံတစ်ခုဖြစ်သည်ဟု ယူဆနိုင်သော်လည်း ထိုကဲ့သို့သော အဆောက်အဦး မျိုးမဟုတ်ပါ။ သာမန်အတိုင်းအတာ၊ အကျယ်အဝန်းမျှလောက်နှင့် တည်ဆောက်၍ မရပါ။ သိမ်တစ်ခု တည်ဆောက်ရာတွင် မည်သည့်သိမ်အမျိုးအစားဖြစ်ကြောင်း၊ မည်သို့သောနိမိတ်ကိုထားမည်ဖြစ် ကြောင်း၊ အကျယ်အဝန်း မည်မျှထားရမည်ဖြစ်ကြောင်းတို့ကို စေ့စပ်သေချာစွာ ပြုလုပ် ဆောင်ရွက် မှသာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။ သိမ်ကို ယေဘုယျအားဖြင့် ဗဒ္ဓသိမ် (ဉတ်ကမ္မဝါ စာဖြင့် ဖွဲ့အပ်သော) နှင့် အဗဒ္ဓသိမ် (ဉ တ် ကမ္မဝါစာဖြင့်မဖွဲ့အပ်သော) ဟူ၍နှစ်မျိုးခွဲခြားထားသော်လည်း ထိုမှတစ်ဆင့်ပွားကာ သိမ်အမျိုးမျိုးထပ်မံခွဲခြားထားပါသည်။

ရည်ရွယ်ချက်[edit]

သိမ်နှင့်စပ်သော မှတ်သားဖွယ်ရာများကို တင်ပြရခြင်းဖြင့် မိမိ၏ပတ်ဝန်းကျင်တွင် သိမ်ဟု ဆိုလိုက်သည်နှင့် သာမာန်အဆောက်အဦးတစ်ခုကဲ့သို့ မမြင်ဘဲ သာသနာတော်အတွက်သာမက ရဟန်းတို့အတွက် လွန်စွာမှအရေးပါသည့် အရာတစ်ခုဖြစ်သည့်အကြောင်း သိရှိနုင်စေရန်ရည်ရွယ် ပါသည်။

အသုံးပြုသည့်အချက်အလက်နှင့်နည်းလမ်း[edit]

ဤစာတမ်းတွင် ပိဋကတ်တော်လာ အချက်အလက်များနှင့် ပညာရှင်အသီးသီး တို့ပြုစုထား သောကျမ်းများကို အခြေခံကာ၊ ပါဠိကျမ်းဂန်တတ်ပညာရှင်များကို မေးမြန်း၍ အချက်အလက်များကို ရှာဖွေစုစည်းထားပါသည်။ ၎င်းအချက်အလက်များကို ံ ျအသမင နသိ ညိနျခမငစငလန နသိ နည်းစနစ်တို့ဖြင့် ဆန်းစစ်လေ့လာ တင်ပြထားပါသည်။

တွေ့ရှိချက်များ[edit]

‘သိမ်’ ဟူသည် အပိုင်းအခြား၊ စည်းဟု အဓိပ္ပါယ်ရပါသည်။ သိမ်ဟူသည့် စကားလုံးသည် ပါဠိစကားလုံး ‘သီမာ”[1] မှ ဆင်းသက်လာပါသည်။ သိမ်သည် သာသနာတော်၏ ရေသောက်မြစ်ကြီး သဖွယ်ဖြစ်ပါသည်။ သိမ်ဟူသည် ရှိသမျှရဟန်းတော်များ တစ်စုတဝေးတည်း အညီအညွတ်ပေါင်းစု၍ ကံကြီး၊ ကံငယ်ဆောင်ရာ နယ်တစ်ခုအဖြစ် သီးခြားသတ်မှတ်ထားသော နေရာပင်ဖြစ်သည်။ ရဟန်း တော်တို့ချည်းသာ ပြုလုပ်ဆောင်ရွက်ရသော ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ကထိန် သင်္ကန်းပေးခြင်းစသော ကိစ္စများကို သာသနာတော် အသုံးအနှုန်းအားဖြင့် “ကံကြီး ကံငယ်” ဟုခေါ် သည်။ ထိုကံကြီးကံငယ်တို့တွင် တစ်ခုခုကို ဆောင်ရွက်လိုသောအခါ ရဟန်းတော်တို့ သိမ်အတွင်း စုဝေးကြရသည်။ ထိုသို့စုဝေးရာ၌ တစ်ပါးနှင့်တစ်ပါး နှစ်တောင့်ထွာထက် မဝေးစေဘဲ ထိုင်နေခြင်း၊ စည်းဝေးခြင်းကိုပင် “ကာယသာမဂ္ဂီ” ပေးသည်ဟုခေါ်သည်။ ကိုယ်ဖြင့်ညီညွတ်မှု၊ သဘောတူ ကျေနပ်မှု ကို ပြသသည်။

ထိုသို့စည်းဝေး၍ ကံပြုသောအခါ အစွန်ဆုံးရဟန်းမှ အပြင်ဘက်နှစ်တောင့်ထွာ အရပ်အတွင်း သို့ လူဝတ်ကြောင် သာမဏေစသူတို့မဝင်လာစေရပါ။ ဝင်လာခဲ့လျှင် ပြုဆဲကံမပျက်သော်လည်း ကံပြုသော ရဟန်းတော်တို့ အာပတ်သင့်သည်။ ထို့ကြောင့်ကံပြုနေစဉ် အဆိုပါပုဂ္ဂိုလ်များ မဝင်လာ စေရန် အရေးကြီးသည်။ ထို့ပြင် ကံပြုနေသော သံဃာ၏နှစ်တောင့်ထွာအရပ်၏ အပြင်ဘက် သိမ်နယ် ပယ်အတွင်း တစ်နေရာရာတွင် ရဟန်းတစ်ပါးနှင့် တစ်ပါးမှအထက် ဝင်မလာစေရန် အရေးကြီး ပါသည်။ ထိုသို့ရှိနေလျှင် “ကာယသမဂ္ဂီ” ကို မပေးသဖြင့် ပြုသောကံကို သဘောမတူရာရောက် သဖြင့် ပြုဆဲကံပျက်နိုင်ပါသည်။ ‘သဒ္ဒါမှာလိင် ဝိနည်းမှာသိမ်’ ဆိုသည့်အတိုင်း သဒ္ဒါ၌ လိင်သည် အရေးကြီးသကဲ့သို့ ဝိနည်း၌သိမ်သည်လည်း လွန်စွာအရေးကြီးလှပါသည်။ ယင်းသိမ ၏ အောင်မြင်မှု၊ မအောင်မြင်မှု၊ မှန်မှု၊ မမှန်မှုကိုလိုက်၍ အကျိုးအပြစ်များစွာ ဖြစ်နိုင်ပါသည်။

အောင်မြင်သောသိမ်၌ ပြုသမျှ ကံကြီးကံငယ်တို့သည်သာ အောင်မြင်ထမြောက်ခြင်းရှိ၍ သိမ်စစ်၊သိမ်မှန်၌ ရဟန်းခံသော သူတို့သည်သာ ရဟန်းစစ်၊ ရဟန်းမှန် ဖြစ်နိုင်ပါသည်။ ရဟန်းစစ်၊ ရဟန်းမန်တို့ကို ကိုးကွယ် ဆည်းကပ်ခွင့်ရမှလည်း လောက၊ သံသရာနှစ်ဖြာအကျိုး တိုးပွားခြင်းသို့ ရောက်နိုင်ပါသည်။

မအောင်မြင်သောသိမ်၌ ပြုသမျှကံကြီး၊ ကံငယ်တို့သည်ကား အောင်မြင်ထမြောက်ခြင်းမရှိ၊ သိမ်စစ်သိမ်မှန်မဟုတ်သော သိမ်တု၌ ရဟန်းတုသာဖြစ်နိုင်သည်။ ရဟန်းတုများကို ရဟန်းစစ် အမှတ်ရှိလျက် ကိုးကွယ်ဆည်းကပ်သူတို့မှာလည်း လောက၊ သံသရာနှစ်ဖြာအကျိုး တိုးပွားဖွယ် မရှိ၊ ဆုတ်ယုတ်ဖွယ်အတိသာ ရှိပေသည်။

သို့ဖြစ်၍ သက်ရှိသတ္တဝါများ၏ခန္ဓာ၌ အသက်သွေးကြောသည် အရေးကြီးဆုံးဖြစ်၍ အသက် သွေးကြောရပ်တန့်သွားလျှင် မည်သည့်ကိစ္စကိုမျှ မဆောင်ရွက်နိုင်တော့ဘဲ ရပ်စဲသားမည်ဖြစ်သည်။

သိမ်ဟူသော အသက်သွေးကြော လည်ပတ်ရှင်သန်နေရမှ သာသနာအဆက်မပြတ် ကြာရှည်တည်တံ့ နိုင်မည်ဖြစ်၍ သိမ်ပျက်လျှင် သာသနာလည်းပျက်မည်သာ ဖြစ်ပါသည်။ သိမ်သမုတ်ရသည်မှာလည်း အောက်ပါအချက်များကြောင့် သမုတ်ရခြင်းဖြစ်ပါသည်။

  • (၁) နေရာဒေသအလိုက် သံဃာအားလုံးစည်းလုံးညီညွတစွာ သံဃာ့ကိစ္စကို ဆောင်ရွက်နိုင်စေရန်။
  • (၂) သံဃာအားလုံး စည်းလုံးညီညွတ်စွာ သာသနာကိစ္စများကို တိုင်ပင်ဆွေးနွေးဆုံးဖြတ်ကြစေရန်။
  • (၃) သံဃာများလိုက်နာရမည့် ဝိနည်းစည်းကမ်းများကို နားလည်သိရှိနိုင်ကြစေရန်။
  • (၄) နားလည်သိရှိသည့်အတိုင်း လိုက်နာကျင့်သုံးအားထုတ်နိုင်ကြစေရန်။
  • (၅) လိုက်နာကျင့်သုံးအားထုတ်သဖြင့် သာသနာတော်တည်တံ့ပြန်ပွားထွန်းကားစေရန် ရည်သန်၍ သိမ်ကို ခွင့်ပြုတော်မူပါသည်။[2]

သိမ်နှင့်ပတ်သက်၍ ကလျာဏီကျောက်စာကို ရေးထိုးခဲ့သော ရာမာဓိပတိဘွဲ့ခံ ဓမ္မစေတီ မင်းကြီးသည်လည်း ဤသို့အကြံအစည်ဖြစ်ခဲ့ပါသည်။ “ဘုရားသခင်သာသနာတောသည် ပဉ္စင်းခံခြင်း နှင့်စပ်သည်။ ပဉ္စင်းခံခြင်းသည်လည်း သိမ်၏ပြည့်စုံခြင်း၊ ပရိသတ်၏ ပြည့်စုံခြင်း၊ ဝတ္ထု၏ ပြည့်စုံခြင်း၊ ဉတ်၏ပြည့်စုံခြင်း၊ ကမ္မဝါစာ၏ပြည့်စုံခြင်းတည်းဟူသော ပြည့်စုံခြင်းငါးပါးရှိမှ ကံမြောက်သည်။ ထိုငါးပါးတို့တွင် အပြစ်ကင်းသော ပဉ္စင်းလောင်း၊ ဌာန်ကရိဏ်းပြည့်စုံစွာ ရွတ်နိုင်သော ဆရာတို့ ရကောင်းသောကြောင့်၊ ဝတ္ထု၊ ဉတ်၊ ကမ္မဝါစာတို့သည် ပြည့်စုံလွယ်သည်။ သိမ်၊ ပရိသတ်နှစ်ပါး တို့၏ ပြည့်စုံခြင်းကိုသိနိုင်ခြင်းမှာ ခဲယဉ်းလှပေသည်။”[3]

သိမ်အမျိုးအစားများ[edit]

သိမ်သည်အကျဉ်းအားဖြင့် နှစ်မျိုးနှစ်စား ရှိပါသည်။ ယင်းတို့သည် လေးပါး(သို့) လေး ပါးထက်များသော ရဟန်းတော်တို့ စုပေါင်း၍ ဉတ်ကမ္မဝါစာဖတ်ပြီး သမုတ်ရသောသိမ်နှင့် ဉတ် ကမ္မဝါစာဖတ်၍ မသမုတ်ရဘဲ အလိုလိုသိမ်ဖြစ်နေသော သိမ်တို့ဖြစ်ပါသည်။ ထိုနှစ်မျိုးတွင် ပထမအမျိုးအစားကို “ဗဒ္ဓသိမ်” (ဉ တ်ကမ္မဝါစာဖြင့် ဖွဲ့အပ်သောသိမ်) ဟုခေါ်၍ ဒုတိယအမျိုးအစား ကို “အဗဒ္ဓသိမ်” (ဉ တ်ကမ္မဝါစာဖြင့် မဖွဲ့အပ်သောသိမ်) ဟုခေါ်သည်။[4]

ထိုသိမ်နှစ်မျိုးတွင် ထပ်မံ၍ ဗဒ္ဓသိမ်သည် (၁) ခဏ္ဍသိမ်၊ (၂) သမာနသံဝါသသိမ်၊ (၃) အဝိပ္ပဝါသသိမ်ဟု သုံးမျိုးကွဲပြားပြီး အဗဒ္ဓသိမ်တွင်လည်း (၁) ဂါမသိမ်၊ (၂) ဥဒကုက္ခေပသိမ်၊ (၃) သတ္တဗ္ဘန္တရသိမ်ဟူ၍ သုံးမးကွဲပြားပါသည်။[5]

ဗဒ္ဓသိမ်[edit]

ဗဒ္ဓသိမ်ဟူသည် (၁၁)ပါးသော သိမ်ပျက်တို့ကို လွန်မြောက်စေ၍ နိမိတ္တသမ္ပတ္တိ၊ ကမ္မဝါ စာသမ္ပတ္တိဖြစ်အောင်ပြုကာ နိမိတ်အချင်းချင်းစပ်အောင်ကြား၍ ကမ္မဝါစာဖြင့် သမုတ်အပ်၊ ဖွဲ့အပ် သော အပိုင်းအခြားဖြင့် သမုတ်သော သိမ်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ယင်းဗုဒ္ဓသမ်သည် ဂါမ သိမ်ပေါ်တွင် သမုတ်ရသောသိမ်ဖြစ်ပါသည်။[6]

ခဏ္ဍသိမ်[edit]

ကျောင်းတိုက်ဟူသော ဝိဟာရသိမ်အတွင်းမှ (ဝါ) ဂါမခေတ်တစ်ခုအတွင်း (နိဂမခေတ်တစ် ခုအတွင်း = နဂရခေတ်တစ်ခုအတွင်း) စသည်မှ တစ်စိတ်တစ်ပိုင်းသော မြေအရပ်ကို ပိုင်းခြား သတ်မှတ်၍ ဗဒ္ဓသိမ်သမုတ်နည်းအတိုင်း ကမ္မဝါစာဖြင့် ဖွဲ့အပ်သမုတ်အပ်သောသိမ် ဖြစ်ပါသည်။

သမာနသံဝါသကသိမ်[edit]

ရဟန်းတို့အဖို့ တူသောကံကြီးကံငယ်ပြုခြင်းရှိရာဖြစ်သောသိမ်၊ သိမ်မှန်လျှင် ဗဒ္ဓဖြစ်စေ၊ အဗဒ္ဓ ဖြစ်စေ သမာနသံဝါသကဖြစ်ပါသည်။[7]

အဝိပ္ပဝါသသိမ်[edit]

ဗဒ္ဓဖြစ်သော သမာနသံဝါသကသိမ်ပေါ်၌ထပ်၍ သမုတ်အပ်သောသိမ်၊ သိမ်သမုတ်သောအခါ သမာနသံဝါသကသိမ်ကို အရင်သမုတ်ရသည်။ နောက်မှ ထိုသိမ်ကိုပင်ထပ်၍ အဝိပ္ပဝါသ သိမ်သမုတ် ရသည်။[8]

ဤတွင် သိမ်နှင့်စပ်သော အဆုံးအဖြတ်များစာအုပ်တွင် ဗဒ္ဓသိမ်ကို (၃)မျိုးခွဲခြားထားခြင်း မဟုတ်ဘဲ(၂)မျိုးသာခွဲခြားပြသထားကြောင်း တွေ့ ရပါသည်။ ယင်းမှာ- (၁) မဟာသိမ်နှင့် (၂) ခဏ္ဍ သိမ်ဟူ၍ ဖြစ်ပါသည်။ မဟာသိမ်ဟူသည် တစ်ကျောင်းတိုက်လုံးကိုဖြစ်စေ။ ဂါမခေတ်တစ် ခေတ်လုံး ကိုဖြစ်စေ၊ မြို့နယ်တစ်နယ်လုံးကိုဖြစ်စေ၊ အလွန်ဆုံးသုံးယူဇနာပမာဏတိုင်အောင် ကျယ်ဝန်းစွာသော အပိုင်းအခြား သတ်မှတ်ထားရှိကာ ဗဒ္ဓသိမ်သမုတ်နည်းအတိုင်း ကမ္မဝါစာဖြင့် သမုတ် အပ်ဖွဲ့အပ်သော သိမ်ဖြစ်သည်။[9] ခဏ္ဍသိမ်အဓိပ္ပါယ်ဖွင့်ဆိုချက်သည် အထက်တွင်ဖော်ပြထားသည့် အတိုင်းပင်ဖြစ်ပါ သည်။ သမာနသံဝါသသိမ်၊ အဝိပ္ပဝါသသိမ်ဆိုသည့် အမည်များသည် မဟာသိမ်၊ ခဏ္ဍသိမ်နှစ်မျိုး လုံး၌ပင် ကမ္မဝါစာအလိုက် အသုံးဝင်မှု အကျိုးသက်ရောက်မှုအရ ရအပ်သောအမည်များ ဖြစ်သည်။[10] ထို့ပြင်ခဏ္ဍသိမ်ကိုပင် ကမ္မဝါစာလိုက်၍(အသုံးဝင်မှု အကျိုးသက်ရောက်မှုကိုလိုက်၍) သမာနသံဝါသ သိမ်ဟုလည်းကောင်း၊ အဝိပ္ပဝါသသိမ်ဟုလည်းကောင်း ခေါ်ကြောင်း၊ နာမည်သာ ကွဲပြားပြီး သိမ်မှာ တစ်ခုတည်းသာဖြစ်ကြောင်း[11] ဖော်ပြထားချက်ကိုလည်း လေ့လာတွေ့ ရှိရပါသည်။

အဗဒ္ဓသိမ်[edit]

ကမ္မဝါစာဖြင့် မဖွဲ့အပ် မသမုတ်အပ်ဘဲ သူ့အလိလိုသိမ် အရာမြောက်သော (ရဟန်းတော်တို့ နှင့် အတူတကွစုပေါင်း၍ ဥပုသ်စသော သံဃာ့ကံကို ဆောင်ရွက်နိုင်ရာဖြစ်၍ သိမ်ဖြစ်သော) သိမ် ဖြစ်သည်။

ဂါမသိမ်[edit]

တစ်ခုသောဂါမခေတ်(နိုဂမခေတ်-နဂရခေတ်) အပိုင်းအခြားနယ်ပယ်ဖြစ်ပါသည်။ “ဂါမသိမ်” ဟူသောစကားမှာ “ဂါမသီမာ"[12]ဟူသော ပါဠိစကားမှလာသော စကားဖြစ်၏။ အနက်မှာ “ရွာအပိုင်း အခြား” ဖြစ်၏။ ရွာအပိုင်းအခြားဆိုသည်မှာ လူတို့နေထိုင်ရာ ရွာသက်သက် (စည်းရိုးအတွင်း)သာမက ထိုရွာပိုင်ဆိုင်ရာကုန်းမြေများ၊ လယ်ယာစသည်များပါဝင်သည်။ ထိုကုန်း မြေလယ်ယာစသည်များ အပါ အဝင် ရွာအရပ်ကိုပင် ဤသိမ်ဆိုင်ရာ၌ ‘ဂါမဟုလည်းကောင်း၊ ‘ဂါမခေတ်’ဟုလည်းကောင်း၊ ‘ဂါမသိမ်”ဟုလည်းကောင်းခေါ်သည်။ အချုပ်အားဖြင့်ဆိုလျှင် အစိုးရတို့က ရွာတစ်ရွာနယ်မြေဟု သတ်မှတ်ထား သောအရပ်ကို ဂါမသိမ်တစ်ခုဟုခေါ်ရသည်။ ရွာအပိုင်း အခြား၊ နိဂုံး(ရွာကြီး)အပိုင်းအခြား၊ မြို့အပိုင်း အခြားအားလုံးကို “ဂါမ-ဂါမသိမ်-ဂါမခေတ်” ဟု ဆိုအပ်သည်။ ထိုအရပ်တို့သည် ဉတ်ကမ္မဝါစာဖြင့် မသမုတ်ရဘဲ အလိုလိုသိမ်ဖြစ်နေသော အရပ်များဖြစ်သည်။ ဤသို့ဖြင့် အဆိုပါဂါမသိမ်တို့တွင် ရဟန်းတော်တို့သည် တစ်စုတည်း ပေါင်းစု၍ ဥပုသ်ပြုခြင်း၊ ရဟန်းခံခြင်းစသော သံဃာ့ကံများကို ဆောင်ရွက်နိုင်ကြသည်။[13] သို့သော် ထိုဂါမသိမ်အတွင်းရှ မြစ်၊ ဆားငန်ချောင်း၊ ဇာတဿရ (အလိုလို ဖြစ်သော) အိုင်တို့ကို ဂါမသိမ်ဟုမခေါ်ရပါ။[14]

သတ္တဗ္ဗန္တရသိမ်[edit]

လူသူအရောက်အပေါက်သွားလာ သုံးဆောင်ရာမဟုတ်သော တောအရပ်၊ တံငါသည်တို့ နေ့ချင်းပြန် မသွားလာနိုင်သော သမုဒ္ဒရာအလယ်ကျွန်းစသော အရပ်တို့၏ အလယ်၌ စုဝေးတည် နေသော သံဃာ၏အစွန်မှ ပတ်ပတလည် ( ၇)အဗ္ဘန္တရ[15]ပမာဏရှိသော အရပ်အပိုင်းအခြားနယ်ပယ် ဖြစ်ပါသည်။

ဥဒကုက္ခေပသိမ်[edit]

ဥဒကုက္ခေပ (သို့) ရေသိမ်သည် ရေတစ်ကျ သဲတစ်ကျဖြင့် ပိုင်းခြားအပ်သောအရပ် အပိုင်း အခြားနယ်ပယ်ဖြစ်ပါသည်။ ဤကဲ့သို့သော ရေသိမ်မျိုးသည် မြစ်၊ သမုဒ္ဒရာ၊ ဇာတဿရ အိုင်တို့တွင် ရရှိနိုင်ပါသည်။ ဥဒကုကေပသိမ်သည် ဂါမသိမ်၊ သတ္တက္ကန္တရသိမ်တို့ကဲ့သို့ ကမ္မဝါစာဖြင့် မဖွဲ့အပ်၊ မသမုတ်အပ်သော အဗဒ္ဓသိမ်ဖြစ်ပါသည်။ ၎င်းနှင့်စပ်၍ မြတ်စွာဘုရားသည် ဝိနည်းမဟာဝါ ပါဠိတော် တွင် မြစ်၊ သမုဒ္ဒရာ၊ ဇာတဿရအိုင်တို့၌ သိမ်သမုတ်နေစရာမလို သံဃာ့ကံများကို ဆောင်ရွက်နိုင် ကြောင်း မိန့်တော်မခဲ့ပါသည်။ ဥဒကုက္ခေပသိမ်ပြုလုပ်ပုံမှာ ကြွေအံကစားသော သူတို့သည် သစ်သား လုံးကို ပစ်သကဲ့သို့ အားအလယ်အလတ်ရှိသော ယောက်ျားသည် သံဃာ့ပရိသတ် အစွန်မှနေလျက် ရေကိုဖြစ်စေ၊ သဲကိုဖြစ်စေလက်ဖြင့်ယူ၍ စွမ်းအားရှိသလောက် အားကုန်သံဃာ့ပရိသတ်၏ ပတ်ပတ် လည် အရပ်တို့၌ ပစ်လိုက်ရသည်။ ထိုသ ပစ်လိုက်သော ရေ (သို့) သဲကျရာအရပ်သည် ဥဒကုက္ခေ ပသိမ်တစ်ခုဖြစ်သည်။ ဤတွင် ပရိသတ် များလျှင်များသလောက် ဥဒကုက္ခေပသိမ်သည် ကျယ်ဝန်း သွားနိုင်ပါသည်။[16]

သိမ်ပျက်ဖြစ်ရသည့်အကြောင်း (သိမ်ပျက်များအကြောင်း)[edit]

သာသနာတော် အဓွန့်ရှည်စွာတည်တံ့ရန် သိမ်သည်အရေးကြီးသော အခန်းကဏ္ဍတစ်ခု အဖြစ်ပါဝင်နေသည့်အတွက် အောင်မြင်သော သိမ်ဖြစ်ရန်မှာလည်း အလွန်ပင်အရေးကြီးလှပါသည်။ အောင်မြင်သောသိမ်တွင်လည်း အမျိုးအစားခွဲခြားထားသကဲ့သို့ မအောင်မြင်သောသိမ် (သိမ်ပျက်) တွင် လည်း အမျိုးအစား(၁၁)မျိုး ရှိပါသည်။ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။


(၁) အတိခုဒ္ဒက =ငယ်လွန်းသောသိမ်

(၂) အတိမဟတီ =ကြီးလွန်းသောသိမ်

(၃) ခဏ္ဍနိမိတ္တ =နိမိတ်ကျိုးသောသိမ်

(၄) ဆာယာနိမိတ္တ =အရိပ်ကိုနိမိတ်ပြုလုပ်သောသိမ်

(၅) အနိမိတ္တ =နိမိတ်လုံးဝမရှိသောသိမ်

(၆) ဗဟိသီမေဋ္ဌိတသမ္မတ =သိမ်ပ၌တည်၍သမုတ်အပ်သောသိမ်

(၇) နဒိယာသမ္မတ =မြစ်၌သမုတ်အပ်သောသိမ်

(၈) သမုဒ္ဒေသမ္မတ =သမုဒ္ဒရာ၌သမုတ်အပ်သောသိမ်

(၉) ဇာတဿရေသမ္မတ =ဇာတဿရအိုင်၌သမုတ်အပ်သောသိမ်

(၁၀) သီမာယ သီမံ သမ္ဘိန္နန္တေနသမ္မတ =မိမိသိမ်ဖြင့်သူတစ်ပါးသိမ်ကိုစပ်၍ သမုတ်အပ်သောသိမ်

(၁၁) သီမာယ သီမံ အဇ္ဈောတ္ထရန္တေန သမ္မတ =မိမိသိမ်ဖြင့် သူတစ်ပါးသိမ်ကို လွှမ်းမိုး၍ သမုတ် အပ်သောသိမ်”[17] တို့ဖြစ်ပါသည်။

အောင်မြင်သောသိမ်[edit]

အောင်မြင်သောသိမ်ဆိုသည်မှာ သမ္ပတ္တိ(၃)ပါးနှင့် ပြည့်စုံသောသိမ်ကို ဆိုလိုပါသည်။ ထိုသမ္ပတ္တိ (၃)ပါးတွင် တစ်ပါးပါးချို့တဲ့ခဲ့လျှင်အောင် မြင်သောသိမ်မဟုတ်နိုင်ပါ။

ယင်း(၃)ပါးမှာ-

(၁) နိမိတ္တသမ္ပတ္တိ- နိမိတ်တို့နှင့်ပြည့်စုံခြင်း

(၂) ပရိသသမ္ပတ္တိ = ပရိသတ်၏ပြည့်စုံခြင်း

(၃) ကမ္မဝါစာသမ္ပတ္တိ = ကမ္မဝါစာ၏ပြည့်စုံခြင်းတို့ဖြစ်ပါသည်။ [18]

နိမိတ္တသမ္ပတ္တိ (နိမိတ်တို့ နှင့်ပြည့်စုံခြင်း)[edit]

ဤတွင် နိမိတ္တသမ္ပတ္တိကို ဆက်လက်ရှင်းလင်းဖော်ပြပါမည်။ နိမိတ်(နိမိတ္တ)ဟူသည တစ်စုံ တစ်ခုကို အမှတ်အသားအဖြစ် အသုံးပြုအပ်သော အရာဝတ္ထုဖြစ်သည်။ သိမ်ကိုသိရန် ယင်း၏အပိုင်း အခြားကိုသတ်မှတ်ထားသောအရာဝတ္ထု(သို့)သိမ်၏နယ်ခြားအမှတ်အသားကိုလည်းခေါ်သည်။ မြတ်စွာ ဘုရားရှင် ခွင့်ပြုထားသော နိမိတ်များသည်(၈)မျိုးရှိသည်။ ယင်းတို့မှာ-တောင်နိမိတ်၊ ကျောက်နိမတ်၊ တောနိမိတ်၊ သစ်ပင်နိမိတ်၊ လမ်းနိမိတ်၊ တောင်ပို နိမိတ်၊ မြစ်နိမိတ်၊ ရေနိမိတ်တို့ဖြစ်ကြသည်။[19]

ယင်း(၈)မျိုးတွင် မည်သည့်နိမိတ်မဆို အဆင်သင့်ရရာ၊ ရရာနိမိတ်ကို သိမ်နိမိတ်ပြုနိုင်ပါ သည်။ အရပ်(၄)မျက်နှာဖြစ်စေ၊ (၈) မျက်နှာဖြစ်စေ နိမိတ်တို့ကို သတ်မှတ်ရာတွင် သစ်ပင်နိမိတ် တစ်မျိုးတည်း၊ ရေနိမိတ်တစ်မျိုးတည်းစသည်ဖြင့် တစ်မျိုးတည်းကိုလည်း သတ်မှတ်နိုင်သည်။ အရှေ့ အရပ်၌သစ်ပင်၊ တောင်အရပ်၌တော၊ အနောက်အရပ်၌တောင်၊ မြောက်အရပ်၌ရေ၊ ဤသို့နိမိတ် အမျိုးမျိုးရော၍လည်း သတ်မှတ်နိုင်သည်။ ထို့ကြောင့် ယထာလဒ္ဓါနိ - ရရာ နိမိတ်များ” ဟူ၍ ဖော်ပြ ထားသည်ကိုလည်း တွေ့ရှိရပါသည်။[20]

နိမိတ်ထားရာတွင်လည်း နှစ်ခုတည်းထား၍မရပါ။ နှစ်ခုတည်းထားလျှင် အလျားလိုက်ဖြစ်၍ ဘေးဘက်မှသိမ်၏ အပိုင်းအခြားကို မသိနိုင်ပါ။ သုံးခုထားလျှင် သုံးထောင့်သိမ်ဖြစ်နိုင်သည်။ ထို့ကြောင့် နိမိတ်သုံးခုမှစ၍ အထက်လိုသလောက် နိမိတ်များများထားနိုငသည်။ ယခုကာလတွင် အရပ်ရှစ်မျက်နှာဝယ် နိမိတ်ရှစ်ခုထားလေ့ရှိကြပါသည်။[21]

ပရိသသမ္ပတ္တိ (ပရိသတ်၏ပြည့်စုံခြင်း)[edit]

ပရိသတ်၏ပြည့်စုံခြင်းဆိုသည်မှာ သိမ်သမုတ်ရာ၌ လိုအပ်သော သံဃာအရေအတွက်ပြည့်စုံ၍ ပရိသတ်နှင့်ဆိုင်သော ချွတ်ယွင်းချက်မရှိအောင် ပြုလုပ်မှုကိုဆိုလိုပါသည်။ သိမ်သမုတ်ကံသည် အနည်းဆုံး ရဟန်း(၄)ပါးဖြင့် ပြုအပ်သော (စတုဝဂ္ဂကရဏီယ)ကံဖြစ်၏။ ထို့ကြောင့် အနည်းဆုံး ရဟန်း(၄)ပါးရှိလျှင် လိုအပ်သော သံဃာအရေအတွက် ပြည့်သည့်အတွက် ကိစ္စပြီးနိုင်ပါသည်။ သို့ရာတွင် ... လက်တွေ့ ဆောင်ရွက်သောအခါ ပကတတ်ရဟန်း(ကံပြုရာတွင်ပါဝင်နိုင်သောရဟန်း) အဖြစ်ကို စင်စစ်သရန်မလွယ်ကူသောကြောင့် စိတ်ချစေရန်လေးပါးထက်ပို၍ ကံဆောင်ရန် ပင့်ကြ ရသည်။ တတ်နိုင်လျှင် တတ်နိုင်သလောက် ရဟန်း ၂၀၊ ၃၀ မှ ၁ဝဝ၊ ၁ဝဝဝ အထိပင့်၍ သိမ်သမုတ် ကြသည်ကို တွေ့ရသည်ဟု သိမ်သင်တန်းစာအုပ်တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါ သည်။ [22]

ကမ္မဝါစာသမ္ပတ္တိ (ကမ္မဝါစာ၏ ပြည့်စုံခြင်း)[edit]

ကမ္မဝါစာ၏ ပြည့်စုံခြင်းဆိုသည်မှာ ဝိနည်းမဟာဝါ ပါဠိတော် ဥပေါသထက္ခန္ဓက၌ ဟော တော်မူအပ်သော သမာနသံဝါသကသီမာ သမ္မုတိကမ္မဝါစာ၊ အဝိပ္ပဝါသသီမာ သမ္မုတိကမ္မဝါစာတို့ကို ဉတ်ကမ္မဝါစာ အပြစ်ဒေါသတို့မှ ကင်းစင်စေလျက် ရွတ်ဖတ်ခြင်းဖြစ်ပါသည်။[23] သို့ပါသောကြောင့် ဉတ်ကမ္မဝါစာ၏ အပြစ်ဒေါသတို့မှ ကင်းစင်လျက် ဉတ်ကမ္မဝါစာဖတ်၍ သမုတ်သော သိမ်သည် ကမ္မဝါစာ၏ ပြည့်စုံခြင်းနှင့်ယှဉ်သောသိမ်ဖြစ်ပါသည်။

သိမ်သမုတ်ရခြင်းအကြောင်း[edit]

ရွာအပိုင်းအခြားစသော ဂါမသိမ်သည် အလိုလိုသိမ်ဖြစ်နေခဲ့သော် ရဟန်းတော်တို့သည် အဘယ်ကြောင့် ထိုဂါမသိမ်အတွင်း၌ ဗဒ္ဓသိမ်တို့ကို သမုတ်ကြသည်မှာ သံဃာတော်များ ကံကြီး ကံငယ်ပြုသောအခါ ကျယ်သည်ဖြစ်စေ ကျဉ်းသည်ဖြစ်စေ သိမ်တစ်ခုအတွင်းရှိ ရဟန်းတော်အားလုံး ကံပြုရာအရပ်သို့ စုဝေးလာရောက်ကြရသည်။ မလာရောက်နိုင်သူရှိနေပါက ကံပြုခြင်းကို သဘော တူကြောင်း ဆန္ဒပေးလိုက်ရသည်။ ဆန္ဒမပေးပါက သိမ်နယ်၏အပြင်ဘက်သို့ ထွက်နေရမည်။ ဤသို ဆန္ဒလည်းမပေး၊ စည်းဝေးရာသို့လည်း မလာရောက် သိမ်အပြင်ဘက်သို့လည်း ထွက်မနေသော ရဟန်းတစ်ပါးမျှပင် ရှိနေခဲ့သော် အခြားသံဃာအားလုံးစုဝေး၍ ပြုအပ်သောကံသည် အချည်းနှီး ဖြစ်သည်။

ဤသို့ဂါမသိမ်တစ်ခုအတွင်းရှိ သံဃာတို့ကို စုဝေးရန်မှာ တစ်ကျောင်း၊ နှစ်ကျောင်းမျှသာ ရှိသော ရွာငယ်တို့၌ ဖြစ်နိုင်စရာရှိသော်လည်း ကျောင်းများစွာရှိသော ရွာကြီး၊ မြို့ကြီးတို့၌ ဖြစ်နိုင် ရန်မလွယ်ကူပါ။ ထို့ပြင် ကံပြုနေစဉ်အတွင်း ကျယ်ဝန်းလှသော ဂါမသိမ်အပိုင်းအခြား အတွင်းသို့ ပြင်ပမှရဟန်းများ ဝင်ရောက်မလာရန် စောင့်ရှောက်တားဆီးရသည်မှာလည်း ဖြစ်နိုင်စရာမရှိသော အလုပ်ဖြစ်ပါသည်။ ရွာထက်ကြီးသော နိဂုံး၊ မြို့တို့တွင်မူ မဖြစ်နိုင်ဟုဆိုရပါမည်။ ယင်းသို့ ဂါမသိမ် သည် မသမုတ်ရဘဲ သိမ်ဖြစ်နေသော်လည်း သံဃာများစွာရှိသော ဂါမသိမ်တို့၌ သံဃာသိမ်းရန် မလွယ်ကူသောကြောင့်လည်းကောင်း၊ ယခုခေတ်ကဲ့သို့ မော်တော်ကား၊ မီးရထားစသော ယာဉ်တို့ဖြင့် ခရီးအသွားအလာများသောအခါတွင် ဂါမသိမ်အတွင်းသို့ ပြင်ပမှ ရဟန်းများ ဝင်ရောက်မလာစေဖို့ တားဆီးစောင့်ရှောက်ရန် မဖြစ်နိုင်သောကြောင့်လည်းကောင်း၊ လက်တွေ့အားဖြင့်မူ ဂါမသိမ်မှာ စိတ်ချလက်ချ သံသယကင်းရှင်းစွာဖြင့် ကံပြု နိုင်သောနေရာ မဟုတ်ပေ။

ထို့ကြောင့် သံဃာအသိမ်းရလွယ်၍ စိတ်ချလက်ချ ကံပြုနိုင်ရန် အလို့ငှာ ကျယ်ဝန်းလှသော ဂါမသိမ်ထဲ၌ ဗဒ္ဓသိမ်များကို သမုတ်ကြရခြင်းဖြစ်ပါသည်။ ဗဒ္ဓသိမ် သမုတ်ထားသောအခါ ဂါမသိမ် တစ်ခုလုံးအတွင်းရှိ ရဟန်းများကို သိမ်းစရာမလိုတော့ဘဲ သမုတ်ထားသည့်နေရာ အတွင်းမှာသာ သံဃာကို သိမ်းရမည်ဖြစ်သဖြင့် လွယ်ကူစေနိုင်ပါသည်။ ဗဒ္ဓသိမ်အပြင်ဘက် ဂါမသိမ်၌ တည်သော ရဟန်းက ဗဒ္ဓသိမ်အတွင်း၌ ပြုသောကံကို မပျက်စေနိုင်တော့ပါ။ ကံပြုနေစဉ်အတွင်း အခြားရဟန်း များလည်း ဝင်ရောက်လာစရာ မရှိတော့၍ နယ်နိမိတ်တို့၌ အစောင့်အရှောက်ထားရသည့် တာဝန် လည်း ပေါ့သွားနိုင်သည်။ သံဃာ့ကံများကို စိတ်အေးချမ်းသာစွာ သံသယကင်းရှင်းစွာဖြင့် အောင်အောင်မြင်မြင်ပြုနိုင်ရန် အလို့ငှာလည်းကောင်း၊ ဆိုခဲ့ပြီးတာဝန်များ ဒုက္ခများမှ ကင်းလွတ်ခွင့် ရစေရန်လည်းကောင်း၊ ဂါမ သိမ်ပေါ်၌ ဗဒ္ဓသိမ်များကို သမုတ်ကြရခြင်းဖြစ်ရာ ထိုသို့သမုတ်ခြင်းမှာ အကျိုးလည်းရှိ၊ ကျေးဇူးလည်း များသော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။

သိမ်နုတ်ခြင်း[edit]

သိမ်သမုတ်လိုသော မြေအရပ်အတွင်း၌ သိမ်ဟောင်းတစ်ခုခုရှိနေခဲ့လျှင် အသစ်သမုတ်သည့် သိမ်မှာ မအောင်မြင်တော့ပေ၊ သိမ်သစ်သမုတ်မည့်မြေအတွင်း သိမ်ဟောင်းမှ မြေအားလုံးသော် လည်းကောင်း၊ အယုတ်ဆုံးအားဖြင့် ရဟန်းလေးပါး ကံပြုလောက်ရုံ အရပ်သော်လည်းကောင်း ပါရှိနေခဲ့ပြီး သိမသစ်သမုတ်လျှင် ထိုသိမ်ကို “လွှမ်းမိုး၍ သမုတ်အပ်သောသိမ်” ဟုခေါ်သည်။ ရဟန်း လေးပါး နေလောက်ရုံအရပ်မှ အောက်တစ်ဆံခြည်မျှပင်ဖြစ်စေ လွှမ်းမိုး၍သိမ်သစ်သမုတ်လျှင် ဤသည် ကို “စပ်၍သမုတ်အပ်သောသိမ်” ဟုခေါ်သည်။ ထိုသိမ်နှစ်မျိုးလုံးပင် မအောင်မြင်သော သိမ်များဖြစ်၍ သိမ်ပျက်များဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် နဂိုရှိရင်းစွဲသိမ်များ ပျက်မသွားကြဘဲ တည်မြဲတိုင်း တည်နေကြသောကြောင့်ဖြစ်သည်။

သိမ်သစ်သမုတ်မည့်နေရာတွင် ... ရှေးကသိမ်ဟောင်းများ မရှိဟုသံသယကင်းလောက်အောင် အတိအကျသိရလျှင် သိမ်ကိုနုတ်ရန်ပင်မလို၊ သမုတ်လိုသောနေရာ၌ သိမ်ကိုသမုတ်လိုက်ရန်သာ ဖြစ်သည်။ သို့သော်ဂေါတမဘုရားရှင်၏ သာသနာတော် ၂၅ဝဝကျော်အတွင်း မိမိတို့သိမ်သစ်သ မုတ်မည့်နေရာတွင် ရှေးမည်သည့်အခါကမှ သိမ်မသမုတ်ခဲ့ဖူးသောမြေနေရာသည် ရှိပါမည်နည်း။ သို့အတွက် ရှေးကသမုတ်ခဲ့ဖူးသော သိမ်ဟောင်းများရှိခဲ့သော် ထိုသိမ်ဟောင်းများ ကျွတ်လွတ်သွား၍ သန့်ရှင်းသောမြေဖြစ်ရန်အတွက် သိမ်နုတ်ရခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လိုက်ခြင်းအတွက် မိမိ သိမ်သမုတ်မည့်နေရာတွင် သိမ်ဟောင်းမရှိခဲ့လျှင်လည်း မြေသည်သန့်ရှင်းစင်ကြယ် သွားမည်ဖြစ်ပြီး သံသယကင်းရှင်းရခြင်းအကျိုးကို ရရှိနိုင်ပါသည်။

သိမ်နုတ်ရာတွင် အကြောင်းနှစ်ပါးရှိပါသည်။ (၁) ငယ်သောသိမ်ကို အဆောက်အအုံ တိုးချဲ့ လိုသဖြင့် သိမ်ကြီးပြုရန်နုတ်ခြင်း၊ (၂) ပကတိအားဖြင့် ကြီးကျယ်သောသိမ်ကို အခြားရဟန်းတို့အား ကျောင်းဆောက်ရန် နေရာပေးလိုသဖြင့် သိမ်ကိုချုံးရန်၊ ကျဉ်းရန် နုတ်ခြင်းဟူ၍ဖြစ်ပါသည်။ သမုတ်ပြီး သော သိမ်သည် သိမ်နုတ်ကမ္မဝါစာဖြင့် ရဟန်းများ နုတ်ခြင်းဖြင့်လည်းပျက်သည်။ သာသနာတော် ကွယ်ခြင်းကြောင့်လည်း ပျက်သည်ဟူ၍ သိမ်ပျက်ခြင်းအကြောင်းသည် နှစ်ပါးရှိပါသေးသည်။[24] သိမ်နုတ်ရာတွင်လည်း အထပ်ထပ်နုတ်ရန်နှင့် ပို၍နုတ်ရန်လည်း လိုအပ်ပါသည်။ သိမ်နုတ်ရာတွင် လည်း အင်္ဂါနှစ်ချက်ရှိပါသည်။ တစ်ချက်သည် နုတ်မည့်သိမ်ပေါ်၌ အနည်းဆုံးရဟန်း လေးပါးစုဝေး ခြင်းဖြစ်ပြီး နောက်တစ်ချက်မှာ သိမ်နုတ်အံ့ဟု နှလုံးသွင်း၍ ကမ္မဝါစာဖတ်ခြင်းဖြစ်သည်။[25] မဟာဝါ ဘာသာဋီကာတွင်လည်း သိမ်နုတ်ခြင်းနှင့်ပတ်သက်၍လည်း သိမ်အသစ်သမုတ်လိုလျှင် “ရှေးကသိမ်ဟောင်းရှိခဲ့သော်”ဟု ကြံဆ၍ သိမ်သမုတ်မည့် နေရာတွင် ရဟန်းလေးပါး ထိုင်ရုံသာ ညောင်စောင်း ကွက်ချ၍လည်းကောင်း၊ ညောင်စောင်းကွက်မချဘဲလည်းကောင်း အချင်းချင်းမထိစေဘဲ (ထိလျှင် သိမ်နှစ်ခုရှိခဲ့သော် ရောယှက်မည်စိုးသောကြောင့်) မတ်မတ်ရပ်ကာ သိမ်နုတ်ကမ္မဝါစာကို ကိုယ်စီ ရွတ်ကာ သိမ်နုတ်လေ့ရှိကြသည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။[26] ဤသည်တို့မှာ သိမ်နုတ် ခြင်းနှင့် ပတ်သက်သည့်အချက်အလက်များကို လက်လှမ်းမီသရွေ့ တင်ပြဖော်ထုတ်ထားခြင်း ဖြစ်ပါ သည်။

အချုပ်အားဖြင့်ဆိုသော် သိမ်ဟူသည် သာသနာတော်အတွက် ရေသောက်မြစ်ဖြစ်သည် သာမက အသက်သွေးကြောအဖြစ်လည်း တည်ရှိနေသောအရာဖြစ်ပါသည်။ စစ်မှန်သော ရဟန်းသံဃာများ ပေါ်ထွက်လာရန်အတွက် စစ်မှန်သောသိမ်ပေါ်ပေါက်လာရန်မှာ လွန်စွာအရေးကြီးပါသည်။ ထိုသို ရဟန်းစစ်၊ ရဟန်းမှန်များ ပေါ်ပေါက်လာမှသာလျှင် ဗုဒ္ဓသာသနာတော်ကြီးမှာလည်း အဓွန့်ရှည်စွာ တည်တံ့နိုင်မည်ဖြစ်ပါသည်။

သိမ်ကိုယေဘုယျအားဖြင့် ဗဒ္ဓသိမ် (ဉတ်ကမ္မဝါစာဖြင့်ဖွဲ့အပ်သော)နှင့် အဗဒ္ဓသိမ် (ဉတ် ကမ္မ ဝါစာဖြငမဖွဲ့အပ်သော)ဟူ၍ နှစ်မျိုးခွဲခြားထားသော်လည်း ထိုမှတစ်ဆင့်ပွားကာ သိမ်အမျိုးမျိုး ထပ်မံ ခွဲခြားထားကြောင်းလည်း တွေ့ ရှိရပါသည်။ သိမ်သမုတ်ရာတွင် မြေပြင်ပေါ်၌သာမဟုတ် မြစ်၊ သမုဒ္ဒရာ နှင့် ဇာတဿရအိုင်တို့၌လည်း သမုတ်နိုင်ပြီး ယင်းသို့ရေ၌သမုတ်သောသိမ်ကို ရေသိမ်ဟုခေါ်ပါ သည်။ ထိုသို့သမုတ်ရာတွင်လည်း နိမိတ်များထား၍ သမုတ်ရပါမည်။ သိမ်သမုတ်သည့်အခါ နိမိတ် (၈)မျိုးမှ ကြိုက်ရာတစ်ပါးထဲသော်လည်းကောင်း၊ ထောင့်တစ်ခုကို နိမိတ်တစ်မျိုးစီပြု၍လည်း သတ်မှတ်ပြီး သမုတ်နိုင်ပါသည်။

ထိုကဲ့သို့သိမ်သမုတ်သည့်အတွက် သိမ်တစ်ခုအတွင်း ရဟန်းသံဃာများ စုပေါင်း၍ ယင်းသိမ် အတွင်း၌ သာသနာ့ကိစ္စများကို စည်းလုံးညီညွတ်စွာဖြင့် တိုင်ပင်ဆွေးနွေးပြီး ဥပုသ်ပြုခြင်း၊ ရဟန်း ခံခြင်း၊ ပဝါရဏာပြုခြင်းစသည့် သံဃာ့ကံများကို ဆောင်ရွက်နိုင်သောကြောင့် အကျိုးများလှပါသည်။

သိမ်သမုတ်ရာတွင် အထူးဂရုပြုဆောင်ရွက်ရသကဲ့သို့ သိမ်နုတ်ရာတွင်လည်း အထူးဂရုပြု ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အဆောက်အအုံတစ်ခုကို ဖျက်ပစ်လိုက်သကဲ့သို့ လွယ်လွယ်နှင့် လုပ်ဆောင်၍မရပေ။ သိမ်နုတ်ခြင်းကို သေချာစွာမဆောင်ရွက်ပါက မူလကသိမ်ဟောင်း၏ အာနိ သင်သည် မပြယ်နိုင်သဖြင့် အသစ်ထပ်မံသမုတ်လိုက်သော သိမ်သစ်သည်လည်း အောင်မြင်နိုင်မည် မဟုတ်ပါ။ ပျက်ခြင်းအဖြစ်သို့သာ ရောက်နိုင်ပါသည်။ ထိုသို့သိမ်နုတ်ရာတွင်လည်း အထပ်ထပ် နုတ်ရန်နှင့် ပို၍နုတ်ရန်လိုအပ်ပါသည်။ အထပ်ထပ်နုတ်ရမည်ဟု ဆိုခြင်းသည် သိမ်နုတ်ရာတွင် တစ်ကြိမ်တစ်ခါမျှသာ မနုတ်ဘဲ သိမ်သစ်မြေနေရာအတွင်းရှိ နေရာအနှံ့အပြားတွင် အထပ်ထပ် နုတ်ရခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သိမ်ဟောင်းသည် မည်သည့်နေရာတွင် ရှိသည်ဟု အမှန်မသိရလျှင် မှန်းဆ၍နုတ်ရသောကြောင့် သိမ်နုတ်ကမ္မဝါစာဖတ်သည့်အခါ တစ်နေရာတွင် သိမ်ဟောင်းကို သေချာစွာမိ၍ ထိုသိမ်ဟောင်းကျွတ်လွတ်သွားပြီဟု စိတ်ချလက်ချမှတ်ယူနိုင်ရန် အထပ်ထပ်နုတ်ရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ နေရာအနှံ့အပြားကို အထပ်ထပ်နုတ်လိုက်သောအခါ သိမ်သစ်မြေနေရာ၌ သိမ်ဟောင်းရှိခဲ့လျှင် ကောင်းစွာကျွတ်လွတ်သွားပြီဟု သံသယကင်းကင်းဖြင့် သိမ်သစ်ကို သမုတ်နိုင်မည်ဖြစ်ပါသည်။ ပို၍နုတ်ရမည်ဆိုသည်မှာလည်း သိမ်ဟောင်း၏ မြေနေရာကို အတိအကျသိလျှင် ထိုထက်ပို၍ ညောင်စောင်းတစ်ခုစာ (သို့) နှစ်ခစာအပိုထား၍ နုတ်သင့်ကြောင်း ဖော်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်။

အောင်မြင်သောသိမ်တွင်လည်း အမျိုးအစားများစွာရှိသကဲ့သို မအောင်မြင်သောသိမ် (သိမ်ပျက်)တွင်လည်း အမျိုးအစား(၁၁)မျိုးရှိပါသည်။ ထို့ကြောင့် မိမိသမုတ်သောသိမ်သည် သိမ်ပျက်မဖြစ်စေရန်လည်း အထူးဂရုပြုရမည်ဖြစ်ပါသည်။ သိမ်အချင်းချင်းစပ်၍ သမုတ်လျှင် သိမ်ပျက်ဖြစ်နိုင် သော်လည်း ရောယှက်ကောင်း၊ စပ်ကောင်းသည့်သိမ်များအား ဖော်ပြထားသည်ကိုလည်း တွေ့ရှိရပါ သည်။ ရောယှက်စပ်ကောင်းသည်ဆိုတိုင်း မိမိစိတ်ကြိုက်သိမ်များကို ရောစပ်၍မရနိုင်ပါ။ အဘယ် ကြောင့်ဆိုသော် မရောယှက်ကောင်း၊ မစပ်ကောင်းသော သိမ်များကိုလည်း ဖော်ပြထားသောကြောင့် ဖြစ်ပါသည်။

နိဂုံးသုံးသပ်ချက်[edit]

သိမ်ဆိုသည်မှာ သာမန်အဆောက်အဦးကို ခေါ်ဆိုခြင်းမဟုတ်ဘဲ သံဃာနှင့်ပတ်သက်သော ကိစ္စများဆောင်ရွက်ရန် ဝိနည်းနှင့်အညီ တိကျသေချာစွာ ဆောက်လုပ်ထားသော အဆောက်အဦး တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။ ထိုမျှသာမက သိမ်သည် ရဟန်းစစ်၊ ရဟန်းမှန်များ ပေါ်ထွက်လာ စေရန် အဓိကလိုအပ်သောအရာဖြစ်ကြောင်း သိရှိရပေသည်။

ကျေးဇူးတင်လွှာ[edit]

ဤစာတမ်းဖြစ်မြောက်ရေးအတွက် တိုက်တွန်းအားပေးလျက်ရှိသော ဒဂုံတက္ကသိုလ်၊ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာဝင်းနိုင်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာမကြီး ဒေါက်တာ တင်သန်းမြင့် (ပါမောက္ခ၊ ဌာနမှူး၊ အရှေ့တိုင်းပညာဌာန၊ ဒဂုံတက္ကသိုလ်)၊ အရှေ့တိုင်းပညာဌာန ရှိဆရာ၊ ဆရာမများနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးတို့အား ကျေးဇူးတင်ရှိပါသည်။

ရည်ညွှန်းကိုးကားသည့်ကျမ်းများ[edit]

၁။ ပရိဝါရပါဠိ၊ ၁၉၉၃။ ရန်ကုန်။ သာသနာရေးဦးစီးဌာန။

၂။ ပါစိတ္တိယပါဠိ၊ ၁၉၉၃။ ရန်ကုန်။ သာသနာရေးဦးစီးဌာန။

၃။ ပါရာဇိကပါဠိ၊ ၁၉၉၃။ ရန်ကုန်။ သာသနာရေးဦးစီးဌာန။

၄။ မဟာဝဂ္ဂပါဠိ၊ ၁၉၉၃။ ရန်ကုန်။ သာသနာရေးဦးစီးဌာန။

၅။ ကုမာရ၊ အရှင်။ (၂၀၀၃)။ သိမ်နှင့်စပ်သောအဆုံးအဖြတ်များ။ ရန်ကုန်။ ယုံကြည်ချက်စာပေ။

၆။ ဇနကာဘိဝံသ၊ အရှင်။ (၁၉၈၁)။ ကင်္ခါဘာသာဋီကာ၊ တွဲ-၁။ ရန်ကုန်။ တိုးတက်ရေး ပုံနှိပ်တိုက်။

၇။ ဇနကာဘိဝံသ၊ အရှင်။ (၁၉၉၄)။ မဟာဝါဘာသာဋီကာ၊ တွဲ-၁။ ရန်ကုန်။ တိုးတက်ရေးပုံနှိပ်တိုက်။

၈။ မိုင်းခိုင်ဆရာတော်။ (၁၃၃၃)။ တိပိဋကဝိနိစ္ဆယ။ ရန်ကုန်။ ကာယသုခပုံနှိပ်တိုက်။

၉။ မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း။ (၁၉၇၃)။ မြန်မာ့စွယ်စုံကျမ်း၊ တွဲ-၈။ ရန်ကုန်။ စာပေဗိမာန်ပုံနှိပ်တိုက်။

၁၀။ သီလာနန္ဒဘိဝံသ၊ အရှင်။ (၂၀၀၂)။ သိမ်သင်တန်း။ ရန်ကုန်။ ကျောက်စိမ်းပုံနှိပ်တိုက်။

၁၁။ သောဘိတစာရ၊ အရှင်။ (၁၉၈၉)။ သိမ်မျိုးစုံဘာသာဋီကာ။ ရန်ကုန်။ ခေတ်စာပေ။

၁၂။ ဟုတ်စိန်၊ ဦး။ (၁၉၅၄)။ ပါဠိ-မြန်မာ အဘိဓာန်။ ရန်ကုန်။ ပြည်ထောင်စုမြန်မာနိုင်ငံ ပုံနှိပ်တိုက်။

၁၃။ အဂ္ဂမဟာပဏ္ဍိတ၊ ဆရာတော်၊ ကျွန်းရွာတောရ။ (၁၉၈၃)။ သိမ်မျိုးစုံမဟာဋီကာကျမ်းနှင့် ဥပုသ်ပဝါရဏာမဟာဋီကာကျမ်း။ ရန်ကုန်။ သာသနာရေးဦးစီးဌာန။

၁၄။ အဂ္ဂမဟာပဏ္ဍိတ၊ ဆရာတော်၊ မဟာစည်။ (၂၀၁၆)။ ဝိသုဒ္ဓိမဂ္ဂမြန်မာပြန်၊ တွဲ-၃။ ရန်ကုန်။ စွယ်တော်ပုံနှိပ်တိုက်။

  1. ဟုတ်၊ ဓာန်၊ ၁၀၄၀ ( လူသီ + မာ) = အပိုင်းအခြား၊ စည်း
  2. သိမ်နှင့်စပ်သောအဆုံးအဖြတ်များ၊ ၁၄၆-၁၄၇
  3. ကလျာဏီကျောက်စာ၊ မြန်၊ ၅၇
  4. မြန်မာ့စွယ်စုံကျမ်း၊ တွဲ-၁၃၊ ၄၀၁။ ကင်္ခါ၊ ဋ္ဌ၊ ၉ဝ။ သိမ်နှင့်စပ်၊ ၇၉၊ ၈၀။
  5. သိမ်သင်တန်း၊ ၃။ သိမ်နှင့်စပ်သောအဆုံးအဖြတ်များ၊ ၇၉။ ကင်္ခါ၊ ဋ္ဌ၊ ၉ဝ။
  6. သိမ်သင်တန်းး၊ ၃။
  7. ယင်း၊ ၂၃၅
  8. ယင်း
  9. သိမ်နှင့်စပ်၊ ၈၀-၈၁
  10. ယင်း၊ ၈၀-၈၁
  11. ခဏ္ဍသီမာ သမာနသံဝါသသီမာ အဝိပ္ပဝါသသီမာတိ တဿာယေဝ (ဗဒ္ဓသီမာယ ဧဝ) ပဘေဒေါ။ ကင်္ခါ၊ ဋ္ဌ၊ ၉ဝ
  12. ဂါမသီမာ ဟူသောပုဒ်၏တိုက်ရိုက်အနက်မှာ ရွာအပိုင်းအခြား' ဖြစ်သော်လည်း ဤအရာ၌ရွာအပိုင်းအခြားသာမကဘဲ နိဂုံးအပိုင်းအခြား၊ မြို့အပိုင်းအခြား တို့ကိုလည်း ဂါမသိမ်ဟုခေါ်သည်။ ဝိ၊ ဋ္ဌ၊ ၃၊ ၃၃။ သိမ်သင်တန်း၊ ၄
  13. ဝိနယာလင်္ကာရ၊ ပ၊ ၃၄၈
  14. ဝိမတိ၊ ဒု၊ ၁၅၇။ သိမ်သင်တန်း၊ ၃
  15. အဗ္ဘန္တရတစ်ခုတွင် (၂၈)တောင်ပမာဏရှိပါသည်။ မြန်မာ့စွယ်စုံကျမ်း၊ တွဲ-၁၃၊ ၄ဝ၁။ ဝိ၊ ၂၊ မြန်၊ ၂၆၃။ ဝိ၊ ဋ္ဌ၊ ၃၊ ၃၃
  16. ဝိ၊ ၃၊ ၁၅ဝ။ ဝိ၊ ဋ္ဌ၊ ၃၊ ၃၃၄။ ကင်္ခါ၊ ဋ္ဌ၊ ၉ဝ-၉၁။
  17. ဝိ၊ ၅၊ ၃၈၁။ ဝိ၊ ဋ္ဌ၊ ၄၊ ၂၄၈။ ကင်္ခါ၊ ဋ္ဌ၊ ၈၇-၈၈။
  18. ကင်္ခါ၊ ဋ္ဌ၊ ၈၇
  19. ဝိ၊ ၃၊ မြန်၊ ၂၅၃။ ကင်္ခါဘာဋီ၊ ၄၅
  20. တသ္မိံ တသ္မိံ ဒိသာဘာဂေယထာလဒ္ဓါနိ။ ကင်္ခါဘာဋီ၊ ၄၅
  21. ကင်္ခါဘာဋီ၊ ပ၊ ၄၅-၄၆
  22. သိမ်သင်တန်း၊ ၆၄
  23. ကမ္မဝါစာအပြစ်မျိုး(၅)ပါးမှာ - (၁) ဝတ္ထုကိုမသုံးသပ်ခြင်း (၂) သံဃာကိုမသုံးသပ်ခြင်း (၃) ပုဂ္ဂိုလ်ကိုမသုံးသပ်ခြင်း (၄) ကမ္မဝါစာ၏ပုဒ်အက္ခရာတို့ကို မရွတ်ဖတ်ခြင်း (၅) ဉတ်မပါဘဲရတ်ဖတ်ခြင်း တို့ဖြစ်ပါသည်။ ဝိနည်းပရိဝါ၊ ပါ၊ ၃၈၁။ သုတေသနသရုပ်ပြအဘိဓာန်၊ ၁၂၅
  24. ကင်္ခါဘာဋီ၊ ပအုပ်၊ ၂၆၂
  25. သိမ်သင်တန်း၊ ၉
  26. မဟာဝါဘာဋီ၊ ၃၄၁