ပူတိဂတ္တတိဿတ္ထေရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး စိတ္တဝဂ် by အရှင်ဓမ္မဿာမီဘိဝံသ
၇။ ပူတိဂတ္တတိဿတ္ထေရဝတ္ထု

၇။ ပူတိဂတ္တတိဿမထေရ်ဝတ္ထု

အစိရံ ဝတယံ ကာယောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် ပူတိဂတ္တတိဿ မထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သာဝတ္ထိပြည်၌နေသော အမျိုးသားတစ်ယောက်သည် မြတ်စွာဘုရား၏အထံတော်၌ တရားတော်မြတ်ကို ကြားနာရ၍ သာသနာတော်၌ ရင်ပေး၍ (မြတ်သောစိတ်ကို သာသနာတော်၌ထား၍ ဟူလို။) ရဟန်းပြုလေ၏။ ထိုအမျိုးသား ပဉ္စင်းအဖြစ်ကို ရသည်ရှိသော် တိဿမထေရ် အမည်ရှိလေ၏။ ထိုတိဿမထေရ်သည် ကမ္မဋ္ဌာန်းကို အားထုတ်လျက် စင်္ကြံသွားလေ့ရှိ၏။ ကာလများစွာ အလွန်သွားသည်ရှိသော် ထိုတိဿမထေရ်၏ကိုယ်တွင် အနာရောဂါ ဖြစ်ပေါ်လေ၏။ မုန်ညင်းစေ့ ပမာဏရှိသော အဖုငယ်တို့သည် ပေါက်ကုန်၏။ ထိုအဖုငယ်တို့သည် အစဉ်အားဖြင့် ပဲနောက်စေ့, ပဲစဉ်းငုံစေ့မျှ, ကလောစေ့မျှ, သျှစ်သျှားသီးမျှ, ဥသျှစ်သီးမျှ အတိုင်းအရှည် ရှိကုန်သည်ဖြစ်၍ ပေါက်ကွဲကြလေကုန်၏။ ကိုယ်အလုံးသည် အပေါက်အပေါက်ရှိသည်ဖြစ်၍ ပူတိဂတ္တတိဿမထေရ်ဟူ၍သာလျှင် မထေရ်၏အမည် ထင်ရှားခဲ့လေ၏။ ထိုမှ နောက်အဖို့၌ ပူတိဂတ္တတိဿမထေရ်ကြီး၏ကိုယ်၌ အရိုးတို့သည် ကျိုးကုန်သည်ဖြစ်၍ လုပ်ကျွေးသမှု ပြုစုသုတ်သင်ခြင်းငှာ မရသောအနေ ဖြစ်ခဲ့လေ၏။ ဝတ်ရုံသောသင်္ကန်းသည် ပြည်,သွေးအလိမ်းလိမ်း ကပ်ခြင်းရှိသည်ဖြစ်၍ ဇာလပူဝ-မည်သော ( ကွန်ယက်နှင့်တူသော ) မုန့်နှင့်တူလေ၏။ အတူနေသော သဒ္ဓိဝိဟာရိက တပည့် စသည်တို့သည်လည်း ပြုစုသုတ်သင်ခြင်းငှာ မတတ်နိုင်ကုန်ရကား စွန့်ပစ်ကာ ထားကြကုန်၏။ ထိုပူတိဂတ္တ တိဿမထေရ်သည် ကိုးကွယ်ရာ မရှိသည်ဖြစ်၍ အိပ်လျက်နေရလေ၏။

ဘုရားရှင်တို့အားမည်သည်လည်း နှစ်ကြိမ် လောကကို ကြည့်ရှုခြင်းသည် မစွန့်အပ်သည် ဖြစ်ပေ၏။ နံနက်စောစောအခါ လောကကို ကြည့်ရှုတော်မူသည်ရှိသော် စကြဝဠာအနားရေးမှစ၍ ဂန္ဓကုဋီသို့ရှေးရှု ဉာဏ်တော်ကိုပြု၍ ကြည့်ရှုတော်မူကြကုန်၏။ ညချမ်းအခါ ကြည့်ရှုတော်မူသည်ရှိသော် ဂန္ဓကုဋိတိုက်မှစ၍ အပသို့ရှေးရှု ဉာဏ်တော်ကိုပြု၍ ကြည့်ရှုတော်မူကြကုန်၏။ ထိုအခါ၌ကား မြတ်စွာဘုရား၏ ဉာဏ်တည်းဟူသော ကွန်ယက်အတွင်း၌ ပူတိဂတ္တတိဿ မထေရ်ကြီးသည် ထင်လာလေ၏။ ဘုရားရှင်သည် ထိုပူတိဂတ္တတိဿ မထေရ်၏ အရဟတ္တဖိုလ်သို့ ရောက်အံ့သော ဥပနိဿယအကြောင်းကို မြင်တော်မူ၍ “ဤရဟန်းကို သဒ္ဓိဝိဟာရိက တပည့်စသော ရဟန်းတို့သည် စွန့်လွှတ်အပ်ပြီ၊ ယခုအခါ ငါဘုရားကို ဖယ်ထား၍ တစ်ပါးသော ကိုးကွယ်ရာသည် မရှိပြီ”ဟု (ဆင်ခြင်တော်မူပြီးသော်) ဂန္ဓကုဋိတိုက်မှ ထွက်တော်မူ၍ ကျောင်းစဉ် ဒေသစာရီ လှည့်လည်ကာ ကြွတော်မူသကဲ့သို့ မီးတင်းကုပ်သို့ ကြွသွားတော်မူသဖြင့် အိုးကိုဆေးတော်မူ၍ မီးဖိုခုံလောက်သို့ တင်ပြီးလျှင် ရေပူသည်တိုင်အောင် ဆိုင်းငံ့တော်မူလျက် မီးတင်းကုပ်၌ပင် နေတော်မူလေ၏။ ရေပူသည့်အဖြစ်ကို သိတော်မူလျှင် ကြွသွားတော်မူ၍ အရှင်ပူတိဂတ္တ တိဿမထေရ်၏ လျောင်းရာ ညောင်စောင်းစွန်း၌ ဆွဲကိုင်တော်မူလေ၏။

ထိုအခါ ရဟန်းတို့သည် “မြတ်စွာဘုရား- ဖဲတော်မူပါ၊ တပည့်တော်တို့ ကိုင်ပါအံ့ဘုရား”ဟု လျှောက်ကြကုန်လျက် ညောင်စောင်းကိုယူ၍ မီးတင်းကုပ်သို့ ယူဆောင်ကြလေကုန်၏။ ထိုအခါ ဘုရားရှင်သည် ရေစကျင်း (ရေအင်တုံ)ကို ဆောင်ယူစေ၍ ရေနွေးလောင်းထည့်ပြီးလျှင် ထိုရဟန်းတို့ကို ပူတိဂတ္တတိဿမထေရ်၏ ကိုယ်ရုံသင်္ကန်းကို ခွာယူစေပြီး ရေနွေးဖြင့်နယ်၍ နေပူစာ၌ လှန်းစေပြီးမှ ပူတိဂတ္တတိဿမထေရ်အနီး၌ ရပ်၍ ကိုယ်ကို ရေနွေးဖြင့် ဆွတ်ကာပွတ်ကာ ရေချိုးစေတော်မူ၏။ ထိုရဟန်း ရေချိုးပြီးသောအဆုံး၌ နေစာလှန်းသော ကိုယ်ရုံသင်္ကန်းသည် ခြောက်သဖြင့် ထိုခြောက်သောသင်္ကန်းကို ဝတ်စေ၍ တစ်ဖန် ဝတ်ထားသော သင်းပိုင်သင်္ကန်းကို ရေနွေးဖြင့် ဆွတ်နယ်စေ၍ နေလှန်းစေတော်မူ၏။ ထိုရဟန်း၏ကိုယ်၌ ရေပေါက်ပြတ်စဲကာမျှ၌ ထိုလှန်းသော သင်းပိုင်သင်္ကန်းလည်း ခြောက်လေ၏။ ထိုရဟန်းသည် သင်္ကန်းတစ်ထည်ဝတ် တစ်ထည်ရုံလျက် ပေါ့ပါးသောကိုယ်ရှိလျက် တည်ကြည်သောစိတ်ရှိသဖြင့် ညောင်စောင်း၌ အိပ်၏။ မြတ်စွာဘုရားလည်း ထိုပူတိဂတ္တတိဿရဟန်း၏ ဦးခေါင်းရင်း၌ ရပ်တော်မူ၍ “ချစ်သားရဟန်း- သင်၏ဤကိုယ်သည် ကင်းသော ဝိညာဉ်ရှိလတ်သော် ကျေးဇူးဥပကာရ ဘာမျှမရှိဘဲ ဖွဲထင်းပွေးကဲ့သို့ (ဖွဲထင်းပွေး-ဟူသည်ကား အဖြောင့်, အကောက်ဖြစ်သော သစ်သားအဆောက်အဦဖြင့် အသုံးမဝင်၍ စွန့်ပစ်အပ်သော အခေါင်းရှိသောသစ်တုံး၊ ဆွေးသောသစ်တုံး၊ အနှစ်မရှိသောသစ်တုံး၊ အဖုအထစ်အမြစ်ဆုံဖြစ်သော သစ်တုံးတည်း။) မြေပြင်၌ အိပ်ရလတ္တံ့”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၄၁] အစိရံ ဝတယံ ကာယော၊ ပထဝိံ အဓိသေဿတိ။
ဆုဒ္ဓေါ အပေတဝိညာဏော၊ နိရတ္ထံဝ ကလိင်္ဂရံ။

တိဿ၊ ပူတိဂတ္တတိဿရဟန်း။ အယံ ကာယော၊ အလျားတလံ အနံတစ်ထွာ ကေသာအစ ဒွတ္တိံသအစုဖြစ်သော ဤခန္ဓာကိုယ်သည်။ ဆုဒ္ဓေါ၊ စွန့်ပစ်အပ်သည်ဖြစ်၍။ အပေတဝိညာဏော၊ ကင်းသော ဝိညာဉ်ရှိသည်ဖြစ်၍။ နိရတ္ထံ၊ တစ်စုံတစ်ခု ကျေးဇူးဥပကာရ မရှိသော။ ကလိင်္ဂရံ၊ ဖွဲ့ထင်းပွေးကဲ့သို့။ အစိရံ၊ မကြာမြင့်မီ။ ပထဝိံ၊ မြေအပြင်၌။ အဓိသေဿတိ ဝတ၊ အိပ်ရလိမ့်မည်တကား။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ပူတိဂတ္တတိဿမထေရ်သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ များစွာသော တစ်ပါးသောသူတို့သည်လည်း သောတာပန် စသည်တို့ ဖြစ်ကြလေကုန်၏။ မထေရ်သည်လည်း ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုတော်မူလေ၏။ ဘုရားရှင်သည် ထိုပူတိဂတ္တတိဿ မထေရ်၏ အလောင်းကောင် သင်္ဂြိုဟ်ခြင်းအမှုကို ပြုစေပြီးလျှင် ဓာတ်တော်တို့ကိုယူ၍ စေတီတည်စေတော်မူလေ၏။

ငှက်ခတ်မုဆိုးကြီးဖြစ်စဉ် ပြုအပ်သော မကောင်းမှု, ကောင်းမှုတို့ကို ဟောတော်မူခြင်း

ထိုအခါ ရဟန်းတို့သည် ဘုရားရှင်ကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ပူတိဂတ္တတိဿမထေရ်သည် အဘယ်ဘုံဘဝ၌ ဖြစ်ပါသနည်း”ဟု မေးလျှောက်ကြသည်ရှိသော် “ချစ်သားရဟန်းတို့- ပရိနိဗ္ဗာန်ပြုလေပြီ”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား- ဤသို့သဘောရှိသော အရဟတ္တဖိုလ်၏အကြောင်း ဥပနိဿယနှင့်ပြည့်စုံသော ရဟန်းအား အဘယ့်ကြောင့် ကိုယ်ပုပ်ရပါသနည်း၊ အဘယ့်ကြောင့် အရိုးကျိုးရပါသနည်း၊ ထိုရဟန်း၏ အရဟတ္တဖိုလ်သို့ ရောက်ကြောင်း ဥပနိဿယ ကုသိုလ်ကံကား အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်ကြပြန်သဖြင့် ဘုရားရှင်သည် “ချစ်သားရဟန်းတို့- ဤအလုံးစုံကား မိမိပြုအပ်သော ကံကြောင့်သာလျှင် ထိုရဟန်းအား ဖြစ်ရလေ၏”ဟု မိန့်တော်မူပြန်လေ၏။ “မြတ်စွာဘုရား- ထိုရဟန်းပြုအပ်သော ကံကား အဘယ်ပါနည်းဘုရား”ဟု လျှောက်ကြပြန်သည်ရှိသော် “ချစ်သား ရဟန်းတို့- ထိုသို့ဖြစ်မူ နာကြကုန်လော့၊ ဤပူတိဂတ္တတိဿမထေရ်သည် ကဿပဘုရားရှင်၏ လက်ထက်တော်အခါ၌ ငှက်ခတ်မုဆိုးဖြစ်၍ များစွာသောငှက်တို့ကို သတ်ဖြတ်လျက် အစိုးရသောသူကို ခစားလုပ်ကျွေးလေ၏။ ထိုအစိုးရသောသူအား ဆက်သ၍ ကြွင်းကျန်သောငှက်တို့ကို ရောင်း၏။ ရောင်း၍ကြွင်းကျန်သော ငှက်တို့ကို “သတ်၍ထားလျှင် ပုပ်ကုန်သည် ဖြစ်လတ္တံ့”ဟု ကြံလျက် ပျံခြင်းငှာ မတတ်နိုင်အောင် ငှက်တို့၏ မြင်းခေါင်း ဒူးရိုး အတောင်ရိုးတို့ကို ချိုး၍ စုပုံကာထားလေပြီးလျှင် တစ်ဖန် မိုးသောက်ရောက်သောအခါ ထိုငှက်တို့ကို ရောင်းပြန်၏။ အလွန်များသောငှက်တို့ကို ရသောအခါ မိမိအကျိုးငှာလည်း ချက်စေ၏။

ထိုအခါ တစ်နေ့သ၌ ငှက်မုဆိုးအား အရသာနှင့်ပြည့်စုံသော ဘောဇဉ်ချက်ပြုတ်သည်ရှိသော် ရဟန္တာတစ်ပါးသည် ဆွမ်းအလို့ငှာ ကြွလာတော်မူ၍ ထိုငှက်မုဆိုးအိမ်တံခါး၌ ရပ်တန့်လာ၏။ ထိုငှက်မုဆိုးသည် ရဟန္တာထေရ်အရှင်ကိုမြင်၍ စိတ်ကိုကြည်ညိုစေပြီးလျှင် “ငါသည် များစွာသောငှက်တို့ကိုသတ်၍ စားအပ်ကုန်၏။ အရှင်မြတ်သည်လည်း ငါ၏အိမ်တံခါး၌ ရပ်တန့်တော်မူလာ၏။ အိမ်တွင်း၌လည်း အရသာနှင့်ပြည့်စုံသော ဘောဇဉ်ရှိ၏။ ဤအရှင်မြတ်အား ဆွမ်းလှူပေအံ့”ဟု ရည်စူးကာ မထေရ်မြတ်၏ သပိတ်တော်ကိုယူ၍ ပြည့်စေသဖြင့် ဆွမ်းကို လှူဒါန်းပြီးလျှင် ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးလျက် “အရှင်ဘုရား- ဤကုသိုလ် အကျိုးဆက်ကြောင့် အရှင်မြတ်ဘုရားတို့ မြင်အပ်,သိအပ်သော တရားမြတ်၏ အထွတ်အထိပ်သို့ တပည့်တော် ရောက်ရပါလို၏ဘုရား”ဟု ဆုတောင်းလေ၏။ မထေရ်လည်း “ဤသို့ တောင်းသောအတိုင်း ဖြစ်ပါစေသတည်း”ဟု ဝမ်းမြောက်ဝမ်းသာ အနုမောဒနာ ပြုတော်မူ၏။ (ဤသို့အားဖြင့် အတိတ်စကားကို ဆောင်တော်မူ၍) “ချစ်သားရဟန်းတို့- ထိုအခါ ပြုအပ်သောကံအစွမ်းဖြင့် အလုံးစုံသည် တိဿရဟန်းအား ဖြစ်ရလေပြီ။ ငှက်တို့၏အရိုးကိုချိုးခဲ့ဖူးသော မကောင်းမှုကံ၏ အကျိုးဆက်ကြောင့် ထိုတိဿအား ကိုယ်သည်လည်း အပုပ်ဖြစ်၏။ အရိုးတို့သည်လည်း ကျိုးကုန်၏။ ရဟန္တာသခင် အရှင်မြတ်အား အရသာနှင့်ပြည့်စုံသော ဆွမ်းဘောဇဉ်ကို လှူဒါန်းခဲ့ဖူးသော ကောင်းမှုကံ၏ အကျိုးဆက်ကြောင့် ရဟန္တာအဖြစ်ကို ရောက်လေ၏”ဟု အတိတ်ကိုဆောင်၍ ဟောကြားတော်မူလေ၏။

ပူတိဂတ္တတိဿမထေရ်ဝတ္ထု ပြီး၏။