နိဂမဝါသိတိဿတ္ထေရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး အပ္ပမာဒဝဂ် by အရှင်ဓမ္မဿာမီဘိဝံသ
၉။ နိဂမဝါသိတိဿတ္ထေရဝတ္ထု

၉။ နီဂမဝါသီ တိဿမထေရ်ဝတ္ထု

အပ္ပမာဒရတောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် နိဂမဝါသီ (နိဂုံးနေ) တိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရောင့်ရဲလွယ်သောရဟန်းဖြစ်၍ ဘုရား ချီးမွမ်းတော်မူခြင်း

သာဝတ္ထိပြည်မှ မနီးမဝေးသောအရပ်တွင် တစ်ခုသော နိဂုံးရွာ၌ ပင်ကိုဖြစ်၍ ကြီးပွားခြင်းရှိသော အမျိုးသားတစ်ယောက်သည် ဘုရားသာသနာတော်၌ ရဟန်းပြု၍ ပဉ္စင်းအဖြစ်ကို ရပြီးသည်ရှိသော် “နိဂမဝါသီ တိဿမထေရ်မည်သော ရဟန်းသည် အလိုနည်း၏၊ ရောင့်ရဲလွယ်၏၊ ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏၊ အားထုတ်အပ်သော လုံ့လ ဝီရိယရှိ၏” ဤသို့သော ဂုဏ်ကျေးဇူးဖြင့် အထူးထင်ရှား ကျော်စောလေ၏။ ထိုနိဂမဝါသီ တိဿမထေရ်သည် အမြဲမပြတ် မိဘဆွေမျိုးရှိရာ ရွာ၌သာလျှင် ဆွမ်းအလို့ငှာ လှည့်လည်လေ့ရှိ၏။ အနာထပိဏ်သူဌေးစသော သူတို့သည် အလှူကြီးကိုပေးသော်လည်းကောင်း၊ ပသေနဒီကောသလမင်းကြီးသည် အသဒိသအလှူကြီးကို ပေးသော်လည်းကောင်း သာဝတ္ထိပြည်သို့ ကြွလာတော်မမူလေ၊ အခြားသောရဟန်းတို့က “ဤနိဂမဝါသီ တိဿမထေရ်သည် ထကြွလုံ့လ လွန်စွာသော ဥဿာဟကို ဖြစ်စေ၍ အဆွေအမျိုးတို့နှင့် ရောနှောဆက်ဆံလျက်နေ၏။ အနာထပိဏ်သူဌေးစသော သူတို့သည် ကြီးစွာသော အလှူဒါနကြီးတို့ကို ပြုကုန်သော်လည်းကောင်း၊ ပသေနဒီ ကောသလမင်းကြီးသည် အသဒိသအလှူကို ပြုသော်လည်းကောင်း ကြွလာတော်မမူ”ဟူသော စကားကို ဖြစ်စေ၍ ဘုရားရှင်အား လျှောက်ကြားကုန်၏။

ဘုရားရှင်လည်း ထိုနိဂမဝါသီ တိဿမထေရ်ကို ခေါ်စေတော်မူ၍ “ရဟန်း- သင်သည် ဤသို့ပြုဘိသောဟူသည် မှန်သလော”ဟု မေးတော်မူ၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုရားတပည့်တော်အား ဆွေမျိုးတို့နှင့် ရောနှောဆက်ဆံခြင်းဟူသည် မရှိရပါ၊ ဘုရားတပည့်တော်သည် ဤဆွေမျိုးဖြစ်သော လူတို့ကိုမှီ၍ စားလောက်ရုံမျှသော အစာအာဟာရကို ရပါ၏၊ ကြမ်းတမ်းသည်မူလည်းဖြစ်စေ၊ မွန်မြတ်သည်မူလည်းဖြစ်စေ “မျှတလောက်သောဆွမ်းကို ရသည်ရှိသော် တစ်ဖန် ဆွမ်းအာဟာရကို ရှာမှီးခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု နှလုံးပြု၍ မသွားဘဲသာ နေပါသည်၊ ဆွေမျိုးတို့နှင့်ကား ရောနှောဆက်ဆံခြင်းမည်သည် မရှိရပါဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည်လည်း ပင်ကိုသဘောအားဖြင့်ပင် ထိုရဟန်း၏အလိုကို သိတော်မူပြီး ဖြစ်ရကား “ချစ်သားရဟန်း- ကောင်းစွ ကောင်းစွ”ဟု ထိုရဟန်းအား ကောင်းချီးပေးတော်မူ၍ “ချစ်သား ရဟန်း- သင်သည် ငါကဲ့သို့သောဆရာကိုရ၍ အလိုနည်းသဖြင့် ရောင့်ရဲလွယ်သောသူ ဖြစ်သည်ကား အံ့ဖွယ်မရှိသေး၊ ဤအလိုနည်းခြင်းသည် ငါဘုရား၏ အနွယ်အလာ အစဉ်အဆက်တည်း”ဟု မိန့်တော်မူပြီးလျှင် ရဟန်းတို့သည် တောင်းပန်အပ်သည်ရှိသော် လွန်လေပြီးသောအတိတ်ကို ဆောင်တော်မူလေ၏။

ရောင့်ရဲလွယ်သော ကျေးမင်းဝတ္ထု

လွန်လေပြီးသောအခါ ဟိမဝန္တာ တောအုပ်ဝယ် ဂင်္ဂါမြစ်ကမ်းမှာ တစ်ခုသော ရေသဖန်းတော၌ အထောင်မက များစွာသော ကျေးငှက်တို့သည် နေကြလေကုန်၏။ ထိုကျေးငှက်တို့တွင်လည်း ကျေးမင်းတစ်ခုသည် မိမိနေသောသစ်ပင်၏အသီးတို့ ကုန်တုံးခဲ့သော်လည်း ဤသစ်ပင်၌ အညွန့်, အရွက်, အခေါက်, အကာ အစရှိသည်သည် ကြွင်းသေး၏။ ထိုထို အညွန့်, အခေါက် အစရှိသည်ကိုစား၍ ဂင်္ဂါမြစ်၌ ရေကိုသောက်လျက် အလွန် အလိုနည်းသည် ရောင့်ရဲလွယ်သည်ဖြစ်၍ တစ်ပါးသောအရပ်သို့ မသွား၊ ထိုကျေးမင်း၏ အလိုနည်းခြင်း၊ ရောင့်ရဲလွယ်ခြင်း အစရှိသော ဂုဏ်ကျေးဇူးတို့ကြောင့် သိကြားမင်း၏နေရာဘုံသည် တုန်လှုပ်ခြင်းဖြစ်လေ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိသော် ထိုအကြောင်းကိုမြင်၍ ထိုကျေးမင်းကို စူးစမ်းအံ့သောငှာ မိမိ၏အာနုဘော်ဖြင့် ရေသဖန်းပင်ကို ခြောက်သွေ့စေ၏။ ရေသဖန်းပင်သည်လည်း အငုတ်မျှသာကျန်သည်ဖြစ်၍ အပြတ်ပြတ် အပေါက်ပေါက်ဖြစ်ပြီးလျှင် လေလာသည်ရှိသော် လက်ဖြင့် ခေါက်အပ်သကဲ့သို့ အသံမြည်လျက် တည်လေ၏။ ထိုရေသဖန်းပင်အပေါက်တို့မှ အမှုန့်တို့သည် ထွက်ခဲ့ကုန်၏။ ကျေးမင်းသည် ထိုအမှုန့်တို့ကိုစား၍ ဂင်္ဂါမြစ်၌ ရေကိုသောက်ပြီးလျှင် တစ်ပါးသောအရပ်သို့ မသွားမူ၍ လေ,နေပူတို့ကို မရေတွက်ဘဲ (ဂရုမစိုက်ဘဲ) ရေသဖန်းပင်ငုတ်ထက်၌သာလျှင် နေ၏။ သိကြားမင်းလည်း ထိုကျေးမင်း၏ လွန်စွာ အလိုနည်းသည့်အဖြစ်ကိုသိသဖြင့် “အဆွေခင်ပွန်းတို့၌ ကျင့်ရာသောကျေးဇူးကို ဟောပြောစေ၍ ထိုကျေးမင်းအား ဆုကိုပေးလျက် ရေသဖန်းပင်ကို လွန်စွာ ချိုမြိန်သော အရသာရှိသော အသီးရှိသည်ကို ပြုပြီးမှ ပြန်လာပေအံ့”ဟု ကြံ၍ မိမိသည် တစ်ကောင်သော ဟင်္သာမင်းယောင်ဆောင်၍ အသုရာနတ်မင်း၏ သမီးဖြစ်သော သုဇာတာကို ရှေ့သွားပြု၍ ရေသဖန်းပင်တောသို့သွားပြီးလျှင် မနီးမဝေးသောအရပ်၌ သစ်ပင်တစ်ခု၏အခက်၌ နားနေလျက် ထိုကျေးမင်းနှင့်တကွ စကားပြောဆိုလိုရကား ဤဂါထာကို ဆိုလေ၏။

သန္တိ ရုက္ခာ ဟရိပတ္တာ၊ ဒုမာနေကဖလာ ဗဟူ။
ကသ္မာ နု သုက္ခေ ကောဠာပေ၊ သုဝဿ နိရတော မနော။

သုဝရာဇ၊ ကျေးမင်း။ ဟရိပတ္တာ၊ စိမ်းသော အရွက်ရှိကုန်သော။ ရုက္ခာ၊ သစ်ပင်တို့သည်လည်းကောင်း။ အနေကဖလာ၊ များသော အသီးရှိကုန်သော။ ဗဟူ၊ များစွာကုန်သော။ ဒုမာ၊ သစ်ပင်တို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ ကသ္မာ နု၊ အဘယ့်ကြောင့်လျှင်။ ကောဠာပေ၊ အငုတ်မျှသာဖြစ်သော။ သုက္ခေ၊ ရေသဖန်းပင်ခြောက်၌။ သုဝဿ၊ ကျေးမင်း၏။ မနော၊ စိတ်သည်။ နိရတော၊ မွေ့လျော်လေဘိသနည်း။

ဘုရားရှင်သည် ဤတရားဒေသနာကို ဆောင်တော်မူ၍ “ထိုအခါ သိကြားမင်းသည် အာနန္ဒာ ဖြစ်လေ၏။ ကျေးမင်းကား ငါဘုရားသာလျှင်တည်း”ဟု မိန့်တော်မူ၍ “ချစ်သားရဟန်းတို့- ဤသို့ အလိုနည်းခြင်းမည်သည်ကား ငါဘုရား အနွယ်အလာတည်း၊ ငါဘုရား အစဉ်အဆက်တည်း၊ ငါ့သား နိဂမဝါသီ တိဿအား ငါကဲ့သို့သော ဆရာကို ရခြင်းကြောင့် အလိုနည်းသည်၏ အဖြစ်သည်ကား အံ့ဖွယ်မရှိလှသေး။ ရဟန်းမည်သည်ကား နိဂမဝါသီ တိဿရဟန်းကဲ့သို့လျှင် အလိုနည်းခြင်းသည် ဖြစ်ရာ၏။ ဤသို့ သဘောရှိသော ရဟန်းသည် သမထ,ဝိပဿနာ တရားတို့မှလည်းကောင်း၊ မဂ်ဖိုလ်တို့မှလည်းကောင်း ဆုတ်ယုတ်ခြင်းငှာ မထိုက်၊ စင်စစ်ကား နိဗ္ဗာန်နှင့် နီးကပ်သည်သာလျှင် ဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၃၂] အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿီဝါ။
အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနဿေဝ သန္တိကေ။

အပ္ပမာဒရတော၊ မမေ့မလျော့ခြင်းဖြင့် အလွန် မွေ့လျော်ခြင်းရှိသော။ ပမာဒေ၊ မေ့လျော့ခြင်း၌။ ဘယဒဿီဝါ၊ ဘေးရန်ဟု ရှုလေ့ရှိသော။ ဘိက္ခု၊ ရဟန်းသည်။ ပရိဟာနာယ၊ သမထ ဝိပဿနာ မဂ်ဖိုလ်တို့မှ ဆုတ်ယုတ်ခြင်းငှာ။ အဘဗ္ဗော၊ မထိုက်။ အညဒတ္ထု၊ စင်စစ်သော်ကား။ နိဗ္ဗာနဿေဝ၊ နိဗ္ဗာန်နှင့်သာလျှင်။ သန္တိကေ၊ နီး၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ နိဂမဝါသီ တိဿမထေရ်သည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ များစွာသော တစ်ပါးသောသူတို့သည်လည်း သောတာပန်စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော ဒေသနာတော် ဖြစ်တော်မူလေ၏။

နိဂမဝါသီ တိဿမထေရ်ဝတ္ထုပြီး၏။